22 December 2010
မနက်ဖန်တိုင်းကို...
လျှောက်နေရင်းနဲ့..ဘဝကတဖြည်းဖြည်း..
အေးစက်ခါးသက်လာပြန်တယ်....
ပျော်ရွှင်မှု့ဆိုတာလိုက်ရှာနေရင်းနဲ့
တယောက်တည်းတဖြည်းဖြည်းအထီးကျန်လာတယ်...
နွေးထွေးမှု့နောက်လိုက်ရင်းနဲ့
တိတ်ဆိတ်ခြင်းတွေနဲ့နေသားကျလာတယ်..
တခါတခါကိုယ့်ကိုကိုယ်ပြန်မေးမိတယ်..
ငါဘယ်ရောက်နေလဲ..လို့
အိမ်မက်လိုလို..ပျော်စရာလေးတွေဆုပ်ကိုင်ရင်းနဲ့
တညပြီးတည..ဖြတ်သန်းလို့
မနက်တွေကိုမေ့ထားမိတယ်...
တခါတခါညရောက်ချင်လွန်းလို့..
နေ့တွေတောင်မရှိစေချင်တော့ဘူးလေ...
အိမ်မက်ဆိုတာနိုးလာတဲ့အချိန်မှာ
မရှိတော့ဘူးဆိုတာသေချာနေပေမဲ့...
အိမ်မက်တွေကိုမနိုးတမ်းမက်ဖို့လည်း
သတ္တိမရှိပြန်ဘူး.....
ငါ...ဘာကိုကြောက်နေရတာလဲ....
ဘဝရဲ့လိုအပ်ချက်ကဘာလဲ
သေချာမသိသလိုလို..သိသလိုလိုနဲ့
ဖြတ်သန်းလာတာ..မှတ်တိုင်ပေါင်းတောင်
မနည်းတော့ဘူးလေ...
မရင့်ကျက်သေးဘူးလား...ခံစားလွယ်နေတုန်းဘဲလား
ဒီအရွယ်မှာဘာတွေပိုင်ဆိုင်နေသင့်သလဲ...
ငွေလား...ရွှေတွေလား...နိုင်ငံခြားပိုက်ဆံတွေလား..
တိုက်တွေလား...ကားလား...မိသားစုဘဝလေးတခုလား
နွေးထွေးမှု့ပေးမဲ့ရင်ခွင်တခုလား..ချစ်စရာကောင်းတဲ့ Baby လေးတွေလား
တခါတခါကိုယ့်ဘာသာပြန်မေးမိပြန်တယ်...
ငါ..ဘာကိုလိုအပ်နေတာလဲ....
အချစ်နဲ့ပတ်သက်လာရင်လူတိုင်းကခံစားလွယ်တယ်ဆိုဘဲ
ဒီအချစ်ဆိုတာကြီးကြောင့်ဘဲခံစားလာရတာအရမ်းများနေပြီ
နှလုံးသားကစကားပြောတတ်၇င်ပြောလိမ့်မယ်...
ထပ်မချစ်ပါနဲ့တော့လားဆိုပြီးတော့...လေ
မျက်လုံးတွေကလည်းပြောလိမ့်မယ်...
ထပ်မငိုပါရစေနဲ့တော့ဆိုပြီးပေါ့..
တခါတခါပြန်မေးမိပြန်တယ်..
ငါ့..ခံစားချက်တွေအရမ်းများနေပြန်ပြီလား....
ကြယ်ကြွေတာမြင်ရင်ဆုတောင်းပါတဲ့...
အဲဒီဆုတောင်းပြည့်လိမ့်မယ်တဲ့...
ငယ်ငယ်ကခဏခဏဆုတောင်းခဲ့ဖူးတယ်...
တခါတလေ..မျက်ရည်တောင်ကျလို့ပေါ့
ရိုးရိုးဆုတောင်းတာနဲ့စာရင်မျက်ရည်ကျပြီး
ဆုတောင်းတော့ဘုရားကများသနားပြီး..
ဆုတောင်းတွေပြည့်စေမယ်ထင်လို့...
ထင်သလိုဖြစ်မလာတဲ့အခါ.........
ဆုတောင်းခြင်းဆိုတာတွေကို..စွန့်လွှတ်လိုက်တယ်..
ဘယ်တော့မှဆုမတောင်းတော့ဘူး...
မတောင်းဘဲပြည့်လာမဲ့ဆုမျိုးဘဲလိုချင်မိတော့တယ်....
ကိုယ့်ဘာသာပြန်မေးမိပြန်တယ်...
ငါ..အတ္တများကြီးနေပြီလား...
သီချင်းတွေနားထောင်ရင်းနဲ့ဆောင်းဦးလှိုင်ရဲ့
သူငယ်ချင်းများ...ဆိုတဲ့သီချင်းနားထောင်မိရင်
" ဒီသီချင်းနားထောင်မိတာနဲ့နယ်မြို့ကလေး(ဘားအံ)မှာကျန်ခဲ့တဲ့
သူငယ်ချင်းတွေကိုအရမ်းပြန်သတိရမိတယ်လို့"
ပြောဖူးတဲ့...သူကိုစူးစူးနစ်နစ်သတိရမိတယ်
တခါတလေရင်ဘတ်ထဲကတောင်အောင့်လာသလိုလိုဘဲ....
တယောက်တနေရာမဆုံနိုင်အောင်
ဝေးသွားလည်းဖြူစင်စွာနဲ့ချစ်နေမယ်လို့ပြောခဲ့ဖူးတဲ့
ကတိတွေ...ကိုပြန်သတိရမိတယ်...
မျက်ရည်ကျခဲ့တဲ့ညတွေ...ပြုံးရီခဲ့တဲ့ညတွေ...
ဖြစ်စေချင်တဲ့ဆန္ဒတွေကိုမမောတမ်းမှာခဲ့ရတဲ့ညတွေ..
အချိန်တွေကြာလာပေမဲ့လည်း...ဟောင်းမသွားသေးပါလား
အဲလိုအခါမျိုးဆိုကိုယ့်ဘာသာပြန်မေးမိပြန်တယ်..
ငါ့ရင်ဘတ်တွေအောင့်နေလားမသိဘူးလို့....
မိုးတွေအရမ်းရွာနေတဲ့အခါ..မိုးရေထဲထီးတချောင်းနဲ့
အလုပ်သွားရတဲ့အခါ...
ဆောင်းတွင်းဘက်အရမ်းချမ်းနေတဲ့အခါ...
အနွေးထည်တင်းတင်းဆွဲစေ့လို့
လက်နှစ်ဘက်ကိုအနွေးထည်အိတ်ထဲထည့်လို့
အလုပ်သွားရတဲ့အခါ..နေမကောင်းဖြစ်နေပေမဲ့လည်း
အားတင်းပြီးအလုပ်သွား၇တဲ့အခါ....
ကိုယ့်ဘာသာကြည့်ပြီးပြန်မေးမိပြန်တယ်..
ငါ..ဘာအတွက်ငွေရှာနေရတာလဲလို့.....
ီဒီလိုနဲ့ဘဲနေ့တွေရက်တွေဖြတ်သန်းရင်း..နေ့တွေညတွေဖြတ်သန်းရင်းနဲ့
စိတ်တိုင်းမကျတာတွေကိုထွေးပိုက်ရင်းနဲ့...
အားငယ်တလှည့်..စိတ်ပျက်တလှည့်..ပျော်တလှည့်ငိုတလှည့်နဲ့
လျှောက်လှမ်းခဲ့တဲ့ခရီးလည်းမိုင်တွေမနည်းတော့ဘူး...
အမှတ်တရတွေသိမ်းဆည်းထားမိတဲ့...စာမျက်နှာပေါင်းလဲမနည်းတော့ဘူး
ရင်ထဲမှာရခဲ့တဲ့ဒဏ်ရာတွေလည်းမနည်းတော့ဘူး...
တဖြည်းဖြည်းအေးစက်လာတဲ့ညတွေ..တိတ်ဆိတ်လာတဲ့ညတွေမှာတယောက်တည်း
ရှင်သန်နေထိုင်ရင်းနဲ့...ခါးသက်သက်ခံစားမှု့တွေကိုဘဲခံစားနေရင်းနဲ့
မှုန်ဝါးဝါးအလင်းရောင်တခုတလေများတွေ့လေမလား...
ခပ်နွေးနွေးလက်လေးတဘက်များတွေ့လေမလား
တီးတိုးစကားသံလေးများကြားလေမလား...
မေးခွန်းပေါင်းများစွာ...ကိုယ့်ဘာသာပြန်မေးလိုက်မိတယ်...
ငါ..ဘာဖြစ်နေတာလဲ...
ငါဘာအတွက်ရှင်သန်နေတာလဲ
ငါအခုလုပ်နေတာတွေကဘယ်သူ့အတွက်လဲ
ငါ..ဘာအတွက်ခံစားနေမိတာလဲ...
မဆုံးနိုင်တဲ့မေးခွန်းတွေ..အထပ်ထပ်အခါခါ..ပြန်မေးရင်းနဲ့
မနက်ဖန်တိုင်းကိုမဲ့ပြုံးပြုံးရင်းနဲ့..စိန်ခေါ်ပစ်လိုက်တယ်...
blackroze..
22.12.2010 AM 3:32
30 November 2010
အချစ်ခရေ..ရနံ

ခရေ..ရနံ
ပွင့်ရယ်သေးပေမဲ့
မွှေးရနံကကြွယ်..
နေညိုချိန်..ရွှေအဆင်း
သက်တန့်ဖြာလင်း
ညနေခင်းမယ်...
ခရေရယ်..ရနံသင်းပါလို့
လေပြည်ရယ်...
ဆောင်ယူသွားပေသမို့
ခရေပွင့်လေးတွေ
ကြွေကာခုန်ဆင်း..
ဒီမြေတလင်းဝယ်...
လဲကာလျောင်းရပေမဲ့.....
ရနံရယ်....မပြယ်ရှာဘူး...
ကြိုင်ကာ...မွှေးနေဆဲ.......။။။
အချစ်ရနံ...
တွေ့ဆုံချိန်ရယ်...
နည်းပေမဲ့..
သံယောဇဉ်ရယ်...ကြွယ်
ညတွေထဲမယ်
ချစ်သူအဆင်းက...
လမင်းနဲ့မှားပါလို့
မေတ္တာရနံလေး
သင်းလှတယ်....
ချစ်သူခြွေချ...
အပြုံးလေးများ
်ကောက်ကာသိမ်းလို့
ခရေပမာ..
စီကာကုံးလိုက်ချင်ပါရဲ့...
ဒီအချစ်ခရေကုံး
သေချာသိမ်းလို့
မေ့တဘဝလုံး
ထုံမွှေးချင်ပါရဲ့လေ........။။။။
(30.11.2010 am 4:12 )
(ပုံလေးတွေကိုတော့ www.google.com ကနေရှာထားတာပါ)
29 November 2010
ည

မှောင်မဲရမယ်..
အေးစက်ရမယ်..
တိတ်ဆိတ်ရမယ်..တဲ့...
ဒါမှ...ညဆိုတာပီပြင်တာတဲ့လေ.....
ငါ့အတွက်တော့
ည..ဆိုတာ...
သတ်မှတ်ချက်တွေ
အကန့်အသတ်တွေ...
ပညတ်ချက်တွေ..
မလိုပါဘူး...
မှောင်မဲတဲ့...ည
ဖြစ်နေပါစေ...
လရောင်လေးလဲ
မတမ်းတမိပါဘူး....
အေးစက်တဲ့ညဖြစ်နေပါစေ...
နွေးထွေးစေဖို့...
ရင်ခွင်တစ်စုံကိုလည်း
မမျှော်လင့်ခဲ့ပါဘူး....
တိတ်ဆိတ်တဲ့...ည
ဖြစ်နေပါစေ...
သီချင်းသံတွေကိုလည်း
အိမ်မက်မမက်ချင်ပါဘူး...
ငါ့အတွက်တော့...
ည..ဆိုတာ....
ရင်ထဲကစကားလုံးတွေ
ခံစားချက်တွေ...
ဝေဒနာတွေ...
နာကျင်မှု့တွေ...
ဖွင့်ဟမိသမျှ
သိမ်းဆည်းပေးတဲ့...
စာမျက်နှာတစ်ခု
ဖြစ်ဖို့ဘဲလိုတယ်....
ခံစားရတာတွေများလို့
ရင်ဘတ်ကြီးထဲမှာတောင်
ကဗျာတွေ.....
ဗလာဖြစ်နေလေရဲ့........
( 29.11.2010 AM 4:30)
ပုံကိုတော့google ကနေယူသုံးတာပါ
11 November 2010
သီချင်းညအိမ်မက်...
အဓိပ္ပါယ်ရှိတဲ့ည..
အိမ်မက်မမက်ချင်လို့
မအိပ်မိအောင်
ကြိုးစားနေရင်းနဲ့
ဒီသီချင်းသံတွေကြားမှာ..
အိပ်ချင်လာမိတယ်.
အိမ်မက်တွေရယ်..
အဝေးဆုံးမှာသာနေပေးပါ....
မနိုးထချင်တဲ့
အိမ်မက်လေးမို့...
တရေးနိုးဆိုတာတောင်...
မခံစားချင်လို့...
အိမ်မက်လေးရယ်..
အစကထဲက
မမက်ပါရစေနဲ့..........၊၊၊၊၊
(11.11.2010 AM 1:57 )
20 October 2010
အမှတ်တရပုံရိပ်တစ်ခု
ကျမ ဒီနိုင်ငံကို စရောက်စကပေါ့ မနက်အလုပ်ချိန် 8နာရီကနေညနေ 53း0ထိ အဲဒီအလုပ်မှာစလုပ်ပါတယ်
မနက်တိုင်6းနာရီ အိပ်ယာကထရပါတယ် 7နာရီဆို အိမ်ကထွက်ရပါတယ် အလုပ်က မနက်8နာရီတက်မှာ
ဆိုတော့ နောက်ကျလို့ မဖြစ်ပါဘူး အမြဲတမ်းကားမှတ်တိုင်မှာ ကျမနဲ့ ရွယ်တူ ကောင်မလေးတယောက်နဲ့
ဆုံနေကြပါ ကျမစိတ်ထင် သူ့ကိုလဲကျမလိုဘဲ မြန်မာပြည်ကလာတယ်လို့ ထင်ပါတယ် နေ့တိုင်းတွေ့ နေကြ
ဆိုတော့ မျက်မှန်းတန်းမိလာပါတယ် တွေ့ရင်ပြုံးပြ နှုတ်ဆက်နေကြပါ ကျမလဲသူ့ ကိုစကားသွားမပြောဖြစ်
သလို သူကလဲ လာမပြောပါဘူး ဒါပေမဲ့ ကျမရောက်ပြီးလို့ သူမရောက်သေးရင် သူ့ကိုမျှော်မိတတ်သလို
သူရောက်ပြီး ကျမ မရောက်သေးရင်လည်း သူကလည်း မျှော်နေမိတာတဲ့လေ (နောက်တော့ သူပြန်ပြောပြတာပါ)..။။ အဲလိုနဲ့လနဲနဲကြာလာတော့ ကျမကဘဲစခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် တစ်မနက် ကားဂိတ်မှာ တွေ့တာနဲ့ ကျမကဘဲစပြီး မြန်မာလို နှုတ်ဆက်လိုက်မိပါတယ် အဲမှာသူက နားမလည်ဘူး ဆိုပြီးခေါင်းခါပြတယ် တော်တော်အားနာ သွားမိတယ် ။
ကျမကသူ့ ကိုမြန်မာလို့ ထင်နေတာလေ အဲဒါနဲ့ တရုတ်လိုဘဲ ဘယ်ကလဲလို့ မေးလိုက်ပါတတ် သူကဗီယက်နမ်က လာတာတဲ့လေ ကျမကိုလည်း ဘယ်ကလာတာလဲလို့ ပြန်မေးပါတယ် ကျမက မြန်မာပြည်က လာတာလို့ ဖြေလိုက်ပါတယ် ။ ကျမနဲ့သူနဲ့ စတွေ့ပုံလေးက ရိုးစင်းပါတယ် နောက်တော့ဖုန်းနံပါတ် အပြန်အလှန်ပေးရင်းနဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်သွားကြပါတယ်..။။(တိုက်ဆိုင်တာက သူကလဲအဲနေ့မှာ ကျမကိုစကားစပြောမယ်လို့ စဉ်းစားထားတာတဲ့လေ)။ သူကဗီယက်နမ် ဟနွိုင်းကလာတာပါ ကျမနဲ့သူတနေရာစီပါ ဒါပေမဲ့ ရေစက်ရှိတယ်ဘဲ ပြောမလားမသိပါဘူး မြန်မာသူငယ်ချင်းတွေ ထက်တောင် သူနဲ့ပိုခင်ပါတယ် နောက်တော့အလုပ်မတူပေမဲ့ သူအားတဲ့ရက် ကျမအားတဲ့ရက် အပြင်ထွက်လည်နဲ့ ကျမရဲ့ အခင်ဆုံး သူငယ်ချင်း တယောက် ဖြစ်လာခဲ့ပါတယ် တယောက်ခံစားချက် ကိုတယောက နားထောင်ပေးခဲ့ကြပါတယ် ကျမရဲ့အကြောင်းကို မိသားစုကလွဲရင်သူအသိဆုံးပါ (မိသားစုဝင်တွေမသိတဲ့ ဒိုင်လျှိုကိစ္စလေးတွေလည်း သူသိပါတယ် ဟီးးးး.. :P..) သူ့အကြောင်းလည်း သူပြီးရင် ကျမအသိဆုံးပါကျမတို့ နှစ်ယောက်ကြားမှာ ဖုံးကွယ်တာ ထိန်ချန်တာ မရှိပါဘူး ပွင့်လင်းစွာ ပြောနေတိုင်ပင်နေကြပါ ကျမသူ့ ကိုတကယ်ချစ်ပါတယ် တကယ်ခင်ပါတယ် တကယ်သံယောဇဉ် ရှိပါတယ် သူလဲကျမနဲ့ ထပ်တူနေမှာပါ..။။
ကျမစိတ်ညစ်စရာ ကိစ္စတိုင်း သူနားထောင်ပေးသလို သူ့ကိစ္စတိုင်းလည်း ကျမဝိုင်းခံစားပေးနေကြပါ သူရောကျမရော တနေ့မှာခွဲရမှာပါ သူလဲတချိန် သူ့ဗီယက်နမ်ပြန်မှာလေ ကျမလဲတချိန်မှာ ကျမအရမ်းပြန်ချင်တဲ့နေရာ တခုစီပြန်လာခဲ့မှာမို့လို့ပါ လူဆိုတာရေစက်ပါဘဲ သူအမြဲပြောနေကြပါါ""ငါတို့နှစ်ယောက်က မတူတဲ့ နေရာတခုစီက လာခဲ့ကြတယ် အခုဒီကျွန်းလေး သေးသေးလေးမှာ လာဆုံတယ်ဘယ်သူကကြိုသိမလဲ ဒီလိုဆုံမယ် ဒီလိုခင်သွားမယ်လို့ နောက်တော့လည်း မတူတဲ့နေရာနှစ်ခုစီကိုဘဲငါတို့ ပြန်ရမှာတဲ့ "" ဟုတ်ပါတယ်................
တနေ့သောအိမ်ပြန်ချိန်မှာ..ခွဲရမှာပါ အဲဒီအချိန်လေးကို ကြိုစဉ်းစားမိပြန်တော့လည်း ကျမစိတ်မကောင်း ဖြစ်မိတယ်။။
ဒီနိုင်ငံမှာရှိတြဲ့မန်မာ အချင်းချင်းက တယောက်ကိုတယောက် အဆင်းတွန်းနေကြပါ အလုပ်တူရင်ပိုဆိုးပါတယ်လေ ပြောရရင် မြန်မာပြည်ကလာတယ် ဆိုတိုင်းယုံလိုက်လို့မရပါဘူး ကျမကိုယ်တွေ့ နော်ကျမခံစားခဲ့ဖူးတယ်အဲကတည်းက မြန်မာပြည်က လာတယ်ဆိုရင် ယုံယုံကြည်ကြည် မပေါင်းရဲတာအမှန်ပါ ။ အခုပေါင်းနေတဲ့ မြန်မာသူငယ်ချင်း တွေလည်းရှိပါတယ် ခင်လဲခင်ပါတယ် ယုံကြည်ရတဲ့သူတွေရှိသလို ပါးပါးလေး ပေါင်းရတဲ့ သူတွေလည်းရှိတယ် ရောက်စကတော့ အသက်လည်း ငယ်သေးတော့ မြန်မာက လာတာဆိုတာနဲ့ အားကိုးတကြီးနဲ့ပေါ့လေ ကိုယ့်နိုင်ငံက လာတဲ့သူအချင်းချင်း ကူညီမှာဘဲ ဆိုတဲ့အတွေးတွေနဲ့ပါ
(တကယ်ကူညီတတ်တဲ့ သူများလည်းရှိမှာပါ ကျမအဲလို လူတွေနဲ့မဆုံမိတာနေမှာပါ) ခုတော့လည်းစာတတ်သွားပါပြီလေ တကယ်ပြောတာပါ စင်ကာပူတို့ USတို့ ဂျပန်တို့မှာတော့ ဘယ်လိုလဲမသိဘူး ထိုင်ဝမ်မှာတော့ မြန်မာအချင်းချင်းသိပ်မယုံရဘူး ကျမကတော့ Lesson ပေးတာခံလိုက်ရဖူးတဲ့ သူဆိုတော့ nowayပါဘဲ လူတိုင်းကိုမယုံရဲပါဘူး အဲလိုလူတွေထဲမှာ ကျမသူငယ်ချင်းက ဖြူစင်ပါတယ် သူကလည်းပြောပါတယ် သူလဲ ဗီယက်နမ် သူငယ်ချင်းတွေထက် ကျမကိုပိုခင်တယ်တဲ့..။
ကျမတို့ နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး လွတ်လပ်ခြင်း ပွင့်လင်းခြင်းတွေဘဲ ရှိတာပါဒါပေမဲ့ မမြင်ရတဲ့ကြိုးလေးတစ်ချောင်း ရှိတယ်လို့ ကျမခံစားမိတယ် အဲဒီကြိုးလေးကပါးပါးလေး
မျှင်မျှင်လေး တကယ်ကို သေးသေးလေးပါ သေးငယ်လွန်းပေမဲ့.. ခိုင်ခံတယ်.. ဖြူစင်တယ်
အရောင်တွေဆိုး ထားတာမရှိဘူး ။ ကျမကိစ္စတစ်ခုကြောင့် အရမ်းစိတ်ညစ် ဝမ်းနည်းခဲ့ရတုန်းက
ကျမကိုနားလည်စွာနဲ့ သူ့ ရင်ခွင်မှာ ကျမကိုပေးငိုခဲ့ပါတယ် ။ကျမတရုတ်လို ဗလုံးဗထွေးပြောတဲ့စကားတွေ
သူနားလည်လား မလည်လား ကျမမသိပါဘူး ကျမရင်ထဲ ခံစားနေရတာတွေကိုဘဲ ဖွင့်ဟနေမိတာပါ
သူ့ရှေ့မှာ မျက်ရည်ပေါက်ပေါက်ကျနေတဲ့ ကျမကိုသူ့ ရင်ခွင်မှာပေးငိုခဲ့ပါတယ် အရမ်းဝမ်းနည်းနေတဲ့
အချိန်မှာခိုလှုံစရာရင်ခွင်တစ်ခု တကယ်ဘဲ လိုအပ်တယ်ဆိုတာ ကျမအဲဒီအချိန်မှာ သေချာသိလိုက်ပါတယ်။
သူစိတ်ညစ် ဝမ်းနည်းတဲ့အခါမှာလည်း ကျမသူ့အတွက် ရင်ဘတ်တစ်စုံငှားပေးခဲ့ပါတယ် သူ့ခံစားချက်တွေ
အခက်အခဲတွေကို အချိန်ပေးပြီးနားထောင်ပေး ခံစားပေးခဲ့ပါတယ် သူ့ကိုကျမရင်ခွင်မှာပေးငိုခဲ့ပါတယ်..။။။
ကျမမြန်မာလို ပြောနေရင် သူနားထောင်ပြီး လိုက်ပြောတတ်ပါတယ် (သူပြောတာပီသားဘဲ) ကျမကိုသူဗီယက်နမ် စကားသင်ပေးဖူးပါတယ် ကျမကတော့သင်ပေးပြီးတာနဲ့ မေ့ပစ်လိုက်တာပါဘဲ နောက်နေ့သူဗီယက်နမ်လို ပြောရင်ကျမက ဟင် ဘာလဲ မသိဘူး လုပ်နေကြပါ တကယ်လဲမေ့ပါတယ် အဲ ဒါပေမဲ့ ချစ်တယ်ဆိုတာကို ဗီယက်နမ်လိုဘယ်လို ပြောလဲဆိုတာတော့ မမေ့ပါဘူး မှတ်မိပါတယ်..:P သိချင်သူများ မေးလို့ရပါတယ်း) သူကအကျီဝယ်ရင် အရောင်တောက်တောက် လင်းနေမှကြိုက်တာ ကျမကတော့ အရောင်ဖျော့ဖျော့လေး ခပ်မှိန်မှိန်အရောင်လေးတွေ ပိုသဘောကျတတ်ပါတယ် ညဈေးတူတူသွားရင် သူကဟိုဟာလေးလှတယ် ဒီဟာလေးလှတယ်ဆိုပြီး ကျမကိုအတင်းဝယ်ခိုင်းနေကြ သူနဲ့ဆင်တူဝတ်ရအောင်ပါ ။ကျမကလဲသူဝယ်သမျှ မလှဘူးဆိုပြီး လိုက်ဖျက်နေကြပါ. ကျမက Jean ဘောင်းဘီကြိုက်ပါတယ် သူကjeanလုံးဝ မကြိုက်ပါဘူး ကျမကအကျီဆိုရင်နဲနဲပွပွ လွင့်လွင့်လေး ကြိုက်ပါတယ် သူက ဟိုပေါ်ဒီပေါ် ကြိုက်ပါတယ် ဖိနပ်ဆိုရင် ကျမကအပါးလေးတွေ စီးရတာကြိုက်တယ် သူကနဲနဲလေး မြင့်မှစီးတာပါ ကျမတို့နှစ်ယောက် လမ်းတူတူထွက်ရင် ကျမကခပ်ရိုးရိုး ပုံစံပေါက်နေပြီး သူကတော့ ခေတ်ဆန်ဆန် ပုံစံပေါက်ပါတယ် ကျမက နင်ကအမိုက်စား ပုံစံဖြစ်နေပြီး ငါကပုံတုံးနေတယ်လို့ ပြောရင် သူကနင်သေချာမှတ်ထား ယောက်ကျားလေးတွေက တချို့ကဟိုပေါ်ဒီပေါ် ဝတ်တာကို သဘောကျတဲ့သူရှိသလို တချို့ကဘာမှမပေါ်ဘဲ လုံလုံခြုံခြုံဝတ်တာကို သဘောကျတဲ့ သူတွေလည်းရှိတယ်ဟ နင်ရောငါရော50%စီပါဟာ လို့ ပြန်ပြောတတ် ပါတယ် (ကဲ..ဒီPost လေးဖတ်မိတဲ့ အမျိုးသားများ ဖြေပေးခဲ့ကြပါ သူပြောတာဟုတ်လားလို့..:P)..၊။
အစားအသောက်နဲ့ ပတ်သက်ရင်တော့ ကြိုက်တာခြင်းတူပါတယ် သူရောကျမရော. Pizza မကြိုက်ဘူး
MCdonalds kfc မကြိုက်ပါဘူး hotpot ကြိုက်တာခြင်းတူပါတယ် hotpot စားရင်သူကပုဇွန်မစားဘဲ
ကျမကိုဘဲပေးပါတယ် ကျမကြိုက်မှန်းသိလို့ပါ (ချစ်စရာကောင်းတဲ့သူငယ်ချင်းပါ) ကျမကသူ့ အတွက်
ကော်ဖီစပ်ပေးနေကြပါ ကျမဘာသာ စိတ်ကူးတည့်ရာ လျှောက်ထည့်ထားတဲ့ ကော်ဖီကိုသူကြိုက်ပါတယ်
အကြိုက်ချင်းတွေ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကျမတို့နှစ်ယောက် သူငယ်ချင်းတွေပါ ကျမဒီနိုင်ငံ
ရောက်ပြီး ပထမဆုံးသူငယ်ချင်း ကသူပါဘဲ အရင်းနှီးဆုံး သူငယ်ချင်းကလဲ သူပါဘဲ......။။။။
ကျမတနေ့ မြန်မာပြည်ပြန်တဲ့အခါ တော်တော်စိတ်မကောင်း ဖြစ်ရပါလိမ့်မယ် ကျမဘဝမှာသူ့ လိုသူငယ်ချင်း
နောက်ထပ် တယောက်ရဖို့ ဆိုတာမသေချာပါဘူး သူအရင်ကျမကိုထားခဲ့မလား ကျမကဘဲသူ့ ကိုခွဲခဲ့ရမလား
မသေချာလှတဲ့ အနာဂတ်ကို မမှန်းဆချင်ပါဘူး ကျမဘယ်နေရာဘဲ ရောက်နေနေ သူဘယ်နေရာဘဲ
ရောက်နေနေ သူဟာကျမအတွက်တော့ အကောင်းဆုံးသူငယ်ချင်းပါ ။သူ့အတွက်လည်း ကျမအကောင်းဆုံး
သူငယ်ချင်းဖြစ်အောင် နေမှာပါ တကယ်လို့များ ကျမတို့နှစ်ယောက် အချိန်တန် အိမ်ပြန်လို့ ခွဲကြတဲ့အခါမှာ
သူ့ရင်ထဲမှာ ကျမပုံရိပ်လေး ရှိနေမယ်ထင်ပါတယ် ကျမရင်ထဲမှာလည်း သူ့ပုံရိပ်လေး ထင်ကျန်နေမှာပါ..။။
(မှန်ကန်သော စကားပါ အဲဒီပုံရိပ်လေးက တသက်လုံး အတွက်ပါ...) ။။။။။
ကျမရဲ့သူငယ်ချင်းလေး 氏辛သို့အမှတ်တရဖြစ်ပါစေ...။။
(19.10.2010 AM 3:37)
16 October 2010
ထားရစ်ခဲ့သူပျော်ပါစေ..
ပျော်အောင်အိပ်လည်း...
ကြောင်တောင်မျက်လုံး....
မှိတ်မရခဲ့...
ဒီခြုံစောင်ထဲ...
ခွေကာကွေးနေ
ဖမ်းဆုပ်မရတဲ့...
စိတ်အလျဉ်က
လွင့်လွင့်ပြေးလေ..
တွေတွေဝေဝေ
မှိုင်မှိုင်ဆွေးလို့......
လွန့်လွန့်လူးလိမ့်
အိပ်ပျက်ရ၏......။။
ပြတင်းမှလှမ်းကြည့်
လမင်းဆီသို့...
မျှော်ရည်မှန်းရာ
အရိပ်ထင်လို့...
ဒီပုံရိပ်လေး
ချစ်သူလေလား..
လိုရာဆွဲတွေး..
စိတ်အစဉ်က...
အလွမ်းနဲ့လုံးပန်း
နှလုံးနွမ်းရ၏....
ညနေအိုဆည်းဆာ
တိမ်ရိပ်သာလို့
လေပြည်လေလား
အသာတိုးဝှေ့
သစ်ရွက်ခြောက်ကြွေ
လေအဝေ့မှာ...
ရှတိုက်လွင့်မျော..
တေးသံဆင့်ချို..
ချစ်သူဆိုငြား
စကားလေလား...
ထင်ယောင်ထင်မှား
တွေးမိတခဏပျော်လိုက်မိ၏
အချစ်နှင့်ပျိုးသည့်
သည်ဇာတ်လမ်း
ချစ်စိတ်ပြေရာ..
လမ်းခုလတ်မှာ
အလွမ်းဇာတ်ပြောင်းလို့
ခံစားခက်ခက်
သည်းကြွေပျက်မိ..
မျက်ရည်စို့လာ..
အငိုလွယ်ပြီး
အရှိုက်ခက်၏...။။
ဝင်သက်ထွက်သက်
ပင့်သက်တိုင်းမှာ..
နွမ်းလျရှိုက်ဖို
စိတ်ညှိုးရော်လို့
ကိုယ်ချစ်သည့်စိတ်
ကိုယ်ပြန်တွေးမိ...
တကိုယ်တည်းရှက်အားပိုရသည်....။။
ပြန်မဆုံဝေးပြီမို့
တမြင်မြင်..
မြင်ယောင်မှန်းမိပါလို့
တွေးမိရင်ဖြင့်
ရင်ထဲကမချိသာ
သြော်...............
ချန်ထားခဲ့သူ.
နောက်ဆံမတင်းလေအာင်
ဘုရားထံပါး .....ဆန္ဒရှိသလို
ဆုတောင်းလိုက်မည်
ထားရစ်ခဲ့သူပျော်ပါစေ..........။။
(16.10.2010 AM 3:19 )
11 October 2010
ရိုးသားစွာ လိမ်ညာခြင်း...
ဒီမေးခွန်းကို ကိုယ့်ဘာသာပထမဦးဆုံး ဖြေပါရစေ....
လိမ်ဖူးပါတယ်...ညာဖူးပါတယ်...တခါမှမလိမ်ဖူးလို့ ပြောတဲ့သူဟာ..လူလိမ်ပါဘဲ............။။
ဒီလောကကြီးထဲမှာ..မလိမ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါဘဲလေ...ကိုယ်ရဲ့လိမ်ညာမှု့ဟာ
သူတစ်ပါးကိုမထိခိုက်ဘူးဆိုရင် ဒါဟာဆိုးရွာနိမ့်ကျတဲ့ လိမ်ညာမှု့လို့ရောသတ်မှတ်သင့်ပါသလား?
ကျမအမြင်ပေါ့လေ မသတ်မှတ်သင့်ပါဘူး လူဆိုတာ လောကရဲ့အလိုကျ လှုပ်ရှားရုန်းကန်နေရတဲ့
အရုပ်လေးတွေပါ ဒါကြောင့်တခါတရံမှာ လိမ်ညာဖို့လိုအပ်နေတယ်ဆိုရင် မဖြစ်မနေလိမ်ညာရပါလိမ့်မယ်..။
ကျမကိုယ့်ဘာသာကိုယ်ဘဲဥပမာထားပြီးပြောပါရစေ...
ငယ်ငယ်တုန်းကလူကြီးတွေက သင်ပေးတယ် လူကြီးတွေကိုမလိမ်ရဘူးနော် ငရဲကြီးလိမ့်မယ်တဲ့
အဲတုန်းကတကယ်ကြောက်ခဲ့ပါတယ် ငရဲကြီးရင်စာအုပ်တွေမှာပါသလို ရေနွေးပူတွေထဲအနှစ်ခံရမယ်
ဆီပူအိုးထဲထည့်ကြော်ခံရမယ်.. တကယ်ကိုယုံခဲ့ပါတယ် လိမ်လိုက်မိတာနဲ့ချက်ချင်းဘဲ
ဆီပူအိုးထဲ အထည့်ခံရတော့မယ်ဆိုတဲ့အတွေးတွေနဲ့ပါ နည်းနည်းကြီးလာတော့ သိလာတယ်..။
ငရဲကြီးတယ်ဆိုဘာလဲ တကယ်တော့.....မကောင်းတာကိုလုပ်ရင် မကောင်းတာပြန်ဖြစ်လိမ့်မယ်
ဆိုတဲ့အဓိပ္ပါယ်ပါဘဲ မကောင်းတာလုပ်မိရင် မကောင်းတာပြန်ဖြစ်မယ်ဆိုတာမှန်ပေမဲ့
ကျမတို့လူသားတွေကတော့ ကောင်းတာတွေကြီးဘဲ....ရွေးလုပ်နေတာမဟုတ်ပါဘူးလေ..။
မရည်ရွယ်ဘဲ လိမ်ညာမိသွားတာတွေ....ရှိတတ်ပါတယ်..ဒါပေမဲ့ တခါတလေကျတော့လည်း....
ရည်ရွယ်ချက်ရှိရှိကို လိမ်ညာလိုက်ရတာတွေလဲ.....ရှိခဲ့ဖူးပါတယ် ..။
ကျမတို့အရွယ်မှာ လူတိုင်းမဖြူစင်နိုင်တော့ပါဘူးလေ ကိုယ်ကအေ၇ာင်ဆိုးတာမဟုတ်ပေမဲ့လည်း
သူများတွေက အရောင်လာဆိုးတာခံလိုက်ရလို့ ကာလာဝင်နေတဲ့  သူတွေအများကြီးပါ ...
လောကကြီးကလည်း တခါတရံမှာ မဖြစ်ချင်တာတွေကို အတင်းဖြစ်ခိုင်းပြီး အရောင်တွေ
စွန်းထင်းအောင်လုပ်တတ်ပါသေးတယ် ..။
ငယ်ငယ်ကတခုလောက်များ လိမ်ထားမိရင် စိတ်ထဲမလုံပါဘူး
အမေကတချက်လောက် စိုက်ကြည့်လိုက်ရင်ဘဲ အမေသိနေပြီလား မသိဘူးလေ ဆိုပြီး
ကြောက်လိုက်တာ ....
အခုအရွယ်မှာတော့ အင်မတန်မှကိုပိရိစွာ...သေသပ်စွာ ပါးပါးလေးဖြစ်အောင် ပညာတွေတတ်နေပါပြီ
ဒါလောကကြီးကသင်ပေးလိုက်တာတွေပါဘဲ ...မဖြစ်ချင်တာတွေဖြစ်ရတာလဲ ဘဝပါဘဲ
ဖြစ်ချင်တာတွေမဖြစ်ရတာလဲ ဘဝပါ ...ရည်ရွယ်ချက်လဲမရှိ မထင်မှတ်ဘဲ လိမ်လိုက်မိတယ်
ဆိုပါတော့ သူ့အတွက်လည်းထိခိုက်မှု့မရှိဘူး ကိုယ့်အတွက်လည်း ထိခိုက်မှု့မရှိတဲ့ လိမ်ညာမှု့ကို
အပြစ်ရှိတဲ့ လိမ်ညာမှု့လို့ပြောနိုင်ပါသလား ......
သိချင်နေတာတော့ကြာပါပြီ ကိုယ့်ဘာသာကိုလည်း အဖြေမထုတ်တတ်ဘူး......
တခါတလေမှာ လိမ်ညာတာမဟုတ်တော့ဘဲ.....ကာကွယ်တဲ့အနေနဲ့မုသားပြောလိုက်ရတဲ့ အခါတွေလည်း
ရှိတတ်ပါတယ်....ဘဝအခြေအနေပေါ်မူတည်ပြီး..အနေအထားအမျိုးမျိုးပြောင်းလဲသွားတာပါ....။။
ခုနေခါကျမကိုလိမ်ဖူးလား ? ညာဖူးလား မေးခဲ့ရင် လိမ်ဖူးတယ် ညာဖူးတယ်လို့
အမှန်အတိုင်းဖြေမှာပါ ....နောက်ထပ်ရောလိမ်ဦးမလား ..ညာဦးမလားမေးရင်...
အခြေအနေအရလို့ပြန်ပြောမှာပါ.......။။။
သူတပါးကိုထိခိုက်မှု့မရှိတဲ့......ရိုးသားစွာလိမ်ညာမိခြင်းကို အပြစ်တခုလို့ယူဆသင့်ပါသလား....?????
ဖတ်မိတဲ့သူများဖြေပေးခဲ့ကြပါဦး.....။။။။။။
(11.10.2010 AM- 2:57 )
space bar ခြားထားတယ်..ဘာလို့များစာလုံးတွေကပြန်ပြန်စေ့သွားလည်းမသိဘူး
ခြားလို့ရတဲ့နေရာတွေကမတရားကျယ်နေပြီး..မရတဲ့နေရာကျတော့လည်း မပြောလိုက်ချင်ပါဘူး
ကုသိုလ်ကံကလဲနော်...Blog ရေးတာချင်းတူတာတောင်ကျမအဖြစ်ကspace bar ခြားလို့မရတဲ့အဖြစ်
ကျမကိုသင်ပေးတဲ့ ဆရာလဲတော်တော်ကိုစိတ်ညစ်နေလောက်ပြီလေ :(
02 October 2010
အပျိုကြီးမမ....

ပထမတယောက်က...ကျမရဲ့seniorမမပါ..ကျမအလုပ်စဝင်တုန်းကကျမကိုသင်ပေးခဲ့တဲ့ကျမရဲ့ဆရာမပါ..
ဒုတိယတယောက်ကတော့...ကျမနဲ့ဟိုတခါကွိုင်နဲနဲပူသွားတဲ့...မမကြီးပါဘဲ
တရုတ်လိုဆိုရင်တော့(領班)ပေါ့လေ...
အဲ...အင်္ဂလိပ်လိုတော့ပြောရမယ်ဆိုရင်..စူပါဗိုက်ဆာလို့ဘဲဘာသာပြန်ရမှာပေါ့လေ...သူပါဘဲ...........
နောက်ဆုံးတယောက်ကတော့...ကျမအခုပြောချင်တဲ့...မမကြီးပါဘဲ..သူသိသူတတ်သူသာလျှင်အတော်ဆုံး
ဆိုတဲ့မူကို...သူ့ဘာသာကိုင်စွဲထားတဲ့...အပျိုကြီးပါဘဲ...
.
သူ့စီမှာတပည့်ခံရတဲ့....ကျမသူငယ်ချင်းလဲမစားသာပါဘူး..သူပြောသမျှခေါင်းညိတ်...ပုတ်သင်ညိုဘဝကို
နေ့ချင်းပြောင်းခံလိုက်ရသလိုပါဘဲတဲ့လေ...ထမင်းစားရင်လည်းသူဝတ်တဲ့အကျီကအမေရိကားက
ဝယ်လာတာတွေ.... သူ့အကိုတွေယောင်းမတွေက အမေရိကားမှာ အများကြီးရှိတာ.... အသီးစားရင်အသားအရေလှတယ်....သူ့အသားအရေလှတာ သူအသီးများများစားလို့ပေါ့ အစရှိသဖြင့်....သူ့အသားအရည်ကဘယ်လိုလှပဆိုပြည်တာ.....အစရှိသဖြင့်ပါ...
(အသီးစားရင်အသားအရေလှတယ်လို့ပြောတာကိုလက်ခံပါတယ် နောက်ဆက်တွဲပါလာတာတွေကိုတော့ တမျိုးပေါ့လေ)
အဆိုးဆုံးကတော့သူ့ဘာသာကိုယ်ရည်သွေးပြောတာကိုအားးနာပါးနာနဲ့လက်ခံပေးလို့ရပါတယ်....
သူတပါးကိုဝေဖန်ရေးလုပ်တာကိုတော့ ကျမတို့သူငယ်ချင်းတွေလက်မခံချင်ပါဘူး အထူးသဖြင့် ဟိုလူကဘယ်လို ဒီလူကဘယ်လိုဆိုပြီးစပြောရာကနေ နောက်ဆုံးမှာတော့ သူသာလျှင်အတော်ဆုံး သူသာလျှင်အသိဆုံး ဆိုတာနဲ့ပြီးသွားတာများတယ်ဆိုပါတော့ ...
မြန်မာစကားပုံကြားဖူးကြမှာပေါ့...မချစ်သော်လည်းအောင့်ခါနမ်း ဆိုတာလေ ကျမတို့ကတော့
အောင့်ပြီးနမ်းရတာများလွန်းလို့ အင်မတိအင်မတန်မှကို စိတ်ညစ်နေမိကြောင်းပါ....
တခါတခါ ဟိုဘဲလေးကအမိုက်စား ဒီဘဲလေးကအမိုက်စား...ဆိုတာလေးတွေကလည်း ညဘက်ကြားကားဆွဲသလိုကြားဖြတ်အစီအစဉ်အနေနဲ့ ပါလာသေးတာသိတယ်မှတ်လား...
(ဟင်းးဟင်းးးးဟင်းးး) အဲလိုအခါမျိုးများဆိုရင်လေ..........ကျမကတော့မရီမိအောင်နှုတ်ခမ်းကိုက် လျှာတွေကိုက်ယုံတင်မကဘူး ဘေးနားကသူငယ်ချင်းတွေလိုအပ်တယ်ဆိုရင်
ခုံအောက်ကနေ ပေါင်ကိုဆွဲဆိတ်ပေးရပါတယ်...အင်းးးးးးးး Jeanဘောင်းဘီတွေဝတ်တာများတော့ ဆွဲဆိတ်ပေးရတဲ့လူလဲမသက်သာဘူးရှင်...လက်တော်တော်နာတာ...တခါတခါ မရီမိအောင်
ထိန်းနေရင်းကနေ.....ခွီးးးးးးးခနဲအသံထွက်မိလို့ထမင်းသီးသလိုလို ဘာလိုလိုလုပ်လိုက်ရတာလဲ ရှိပါ့တော်...
တခါတခါတော့လည်းသူပြောပြတဲ့.....အကြောင်းတွေကနားထောင်လို့ကောင်းပါတယ်....ကျမတို့အလုပ်က အရာရှိတွေက....အရင်ကဘယ်သူကဘယ်လို....ဆိုတာမျိုးပေါ့....အဲဒါလည်းပြောရရင်တော့အတင်းပါဘဲလေ ....ဒါပေမဲ့ဒီအတင်းကတော့ကျမတို့အားလုံးသိချင်တဲ့ သတင်းဟောင်းလေး
တွေပါဘဲ ..လူတွေကသူ့ကိုဘယ်လိုမြင်လဲ.... သူသိလားမသိလားတော့မသိပါဘူး..သူ့အတွေးထဲမှာ
သူကတော့ဆရာမကြီးပါဘဲလေ....အပြင်မှာလည်းစကပ်ကြီးတကားကားနဲ့ဆိုပါတော
့ ရတာမလို...လိုတာမရလို့တကိုယ်တည်းအပျိုကြီးဖြစ်နေတဲ့သူလို့တော့မြင်တာဘဲရှင်...
သူကတော့ငါသိငါတတ်ဆိုတဲ့မူဝါဒကြီးကိုတွင်တွင်စွဲကိုင်လို့..နေ့ရက်တွေကိုဖြတ်သန်းရင်း..
ထမင်းစားချိန်တွေမှာ ကျမတို့သူငယ်ချင်း4လေးယောက်ကိုနှိပ်စက်ရင်း...ဟီးးဟီးးးဟီးးး..
အင်းးးးးးးးးးးးးး ဒီလိုနဲ့ဘဲတနေ့ပြီးတနေ့ကျော်ဖြတ်လာတာအခုဆိုရင်ဒီအလုပ်မှာကျမတနှစ်တောင်ပြည့်တော့မယ်....
သူနဲ့ထမင်းတူတူစားရင်းမကြီးချောရေးဖူးတဲ့ဒီပိုစ့်လေးကိုအမြဲသွားသွားသတိရမိတတ်ပါတယ်...
မုသားမပါလင်္ကာမချောလို့ဘဲသဘောထားပြီးဆက်ဆံပြောဆိုနေရတာပါဘဲ.....
နောက်အပျိုကြီးအကြောင်းကတော့နောက်တခေါက်ပေါ့နော်..ခုတော့အိပ်ချင်နေပြီလေ.........၊။။။။။။။
(စာရိုက်ရင်ခုထိ space bar ခြားလို့မရတာကလည်းဆိုးပါ့နော် ..ကျမကဘဲအသုံးမကျလွန်းတာလားမသိပါဘူး)
(2.10.2010 AM-3:41 )
27 September 2010
ဒီနေ့လုပ်ဖြစ်တာလေးတွေ...
ဒီနေ့တနင်္ဂနွေနေ့...ကျမနားရက်ကလည်းဒီလထဲမှာတနင်္ဂနွေဆိုတော့ အဆင်ပြေတာပေါ့
အပြင်ထွက်တယ်ဆိုပါတော့ .....မနက်ပိုင်းကို...ယိုးဒယားဆိုင်မှာထမင်းသွားစားပါတယ်..
ဓါတ်ပုံရိုက်မလို့ပါဘဲ...ဒါပေမဲ့.. အစားငမ်းနေတာနဲ့မရိုက်ဖြစ်လိုက်ဘူးပေါ့နော်......
အဲတော့..ကိုယ့်ဘာသာကိုယ်ဘဲ..ယိုးဒယားဟင်းတွေကိုမျက်စိထဲမြင်ယောင်ကြည့်ကြပါလို့..
ညနေဘက်ကိုစကိတ်ကွင်းလည်းရောက်ခဲ့တယ်......စကိတ်ကွင်းမှာရှိတဲ့ရှားရှားပါးပါး
မြေနီလမ်းလေးပါ.......အင်မတန်တွေ့ရခဲပါတယ်...ဘောင်းဘီတိုဝတ်ထားတဲ့သူတွေသာ
မပါဘူးဆိုရင် တောင်တွေဝိုင်းနေတဲ့နယ်မြို့လေးတစ်မြို့က.....မြေနီလမ်းလေးလို့ထင်မိမှာ...
အခုလက်ရှိအနေအထားလေးပေါ့..ဒီနေ့ရိုက်ခဲ့တာပါ...ရာသီဥတုကတော့..အခုဆို
့ကိုယ့်ဘက်ပါချင်နေပြီလေ........မှိုင်းညှို့ညှို့လေးပေါ့နော်..အေးတော့မအေးသေးပါဘူး
ဒါပေမဲ့ကျမကတော့အဲလိုအချိန်ဆို..ရန်ကုန်မှာတုန်းကကျိုက်ထီးရိုးဘုရားသွားဖူးခဲ့ရတာကို
အရမ်းပြန်လွမ်းမိတတ်ပါတယ်.....အခုလိုမှိုင်းညှို့ညှို့ဆိုရင်...ကျိုက်ထီးရိုးဘုရားမှာညနေဘက်
ကျီးကန်းပါးစပ်ဘက်သွားပြီး....အကြော်ဆိုင်တွေမှာထိုင်...ဟိုးးးးးးးးးးးအဝေးးးးးးးးးကပြပြလေး
လှမ်းမြင်ရနေတဲ့....ကျောက်ထပ်ကြီးဘုရားတို့....တောင်တွေအဆင့်ဆင့်ကိုကြည့်ရင်းးးး
အကြော်ထိုင်စားခဲ့ရတဲ့အရသာမျိုး..ပြန်လွမ်းမိတတ်ပါတယ်...ခုဆိုသူငယ်ချင်းတွေလည်း
တယောက်တနေရာစီ...ကွဲကုန်လို့တချို့ဆိုအဆက်အသွယ်တောင်မရှိကြတော့ပါဘူးလေ...
ပြန်စဉ်းစားရင်တော့..အတိတ်ကပုံရိပ်လေးတွေကလွမ်းစရာလေးတွေပေါ့.....ကျမကဘဲ
ခံစားချက်ကြီးလို့လားမသိပါဘူးလေ...ကျမသူငယ်ချင်းတွေလည်း..ကျမလိုဘဲပြန်သတိရ
ကြမှာပါနော်.....
ဒါလေးးကတော့စကိတ်ကွင်းပါဘဲ...ကျမအခုရောက်နေတဲ့...နိုင်ငံက...တောင်တွေကြားထဲမှာ
မြို့တည်ထားတဲ့နိုင်ငံပါ....ငလျင်တော့နဲနဲလား...များများလား...မသိပါဘူး..ကြောက်ရပါတယ်.
အင်းးးးးးး...တနင်္ဂနွေတနေ့တော့ကုန်သွားပြန်ပြီပေါ့နော်....နောက်အပါတ်ကျရင်တော့ဘယ်သွား
ဖြစ်မလည်းမသိသေးပါဘူး...ခုတော့မနက်ဖန်အလုပ်တက်ဖို့အားမွေးလိုက်ပါဦးမယ်....ဟူးးးးးးးးးးးးးးး
မျှော်လင့်ချက်တွေအိမ်မက်တွေတကယ်ဖြစ်လာမဲ့နေ့ကိုစောင့်မျှော်ရင်းနဲ့
အိမ်ပြန်ရမဲ့အချိန်တွေကိုစောင့်မျှော်ရင်းနဲ့......
အဲလိုနဲ့ဘဲ...တနေ့ပြီးတနေ့......... !!!!!!!!!!!
(27.9.2010 AM ....2:22 )
ပုံလေးတွေကိုချဲ့ပြီးကြည့်ချင်ရင် click လုပ်လိုက်နော်...
26 September 2010
လွတ်လပ်သောအထီးကျန်ခြင်း..

တကိုင်းထဲမှာ
နားခဲ့ဖူးတယ်..
တိမ်ပြာမိုးတဲ့
ကောင်းကင်ထဲလည်း
တူတူပျံသန်းခဲ့ဖူးတယ်...
လေချိုသွေးတဲ့
ညခင်းထဲလည်း
ချစ်တေးသံစဉ်
ဆိုခဲ့ဖူးတယ်...
နောက်ဆုံးတနေ့
ငှက်လေးတကောင်က
အဝေးကိုပျံသန်းသွားဖို့
ဆုံးဖြတ်ခဲ့တယ်...
..............................
ကျန်ခဲ့မဲ့...
ငှက်ကလေးက...
လွတ်လပ်သွားတာလား..
အထီးကျန်သွားမှာလား...........!!!!!!!!
(26.9.2010... AM 2:26 )
ပုံလေးကိုဒီနေရာလေးကယူထားတာပါ...
17 September 2010
ဧည့်သည်

မဖိတ်ခေါ်ဘဲရောက်လာခဲ့ကြတယ်..
မနှင်ဘဲနဲ့လည်းပြန်သွားတတ်ကြတယ်..
လောကရင်ခွင်ထဲ
အူဝဲဆိုတဲ့...ငိုသံလေးနဲ့
ခရီးစဉ်တစ်ခုကိုအစပြုခဲ့တယ်..
ဘဝဟာရထားတစ်စင်းဆိုရင်
အမှတ်တရပုံရိပ်လေးတွေဟာ...
ဘူတာစဉ်လေးတွေပေါ့...
မီးရထားကြီးခုတ်မောင်းလို့
ဘူတာလေးတွေမှာ...ရပ်နားလို့...
တဘူတာပြီး..တဘူတာ...
ဖြတ်သန်းရင်း
ခရီးအစ...ခရီးအလယ်....
ခရီးအဆုံးထိရောက်အောင်
ခရီးနှင်နေဆဲ....
ပုံရိပ်လေးတွေလည်း
တခုပြီးတခုပြောင်းသွားတယ်..
ဝမ်းသာခြင်းတွေ
ငိုကြွေးခြင်းတွေ
ကြည်နူးခြင်းတွေ
ခံစားမှု့အရောင်တွေစုံလိုက်တာ...
ဖြစ်ချင်တာလည်းမဖြစ်ရ
မဖြစ်ချင်တာလည်းဖြစ်ခဲ့ရ
ဒီဘဝ..ဒီလောကထဲ.....
မီးရထားကြီးကတော့မှန်မှန်ခုတ်မောင်းနေဆဲ...
အချိန်တွေရယ်...
တရွေ့ရွေ့တိုက်စားလို့
ရထားကြီးလဲခရီးဆုံးရောက်ဖို့နီးလာတယ်
သြော်..နောက်ဆုံးဘူတာလေးတောင်
လှမ်းမြင်နေရပါရောလား...
အစကတော့ဝိုးတိုးဝါးတား
နောက်တော့ထင်ထင်ရှားရှား....
ဟော..နောက်ဆုံးဘူတာထဲတောင်
ဝင်လာပါရောလား...
လမ်းတလျှောက်လုံး
မောကြီးပန်းကြီးခုတ်မောင်းလာတဲ့
မီးရထားကြီးလည်း....
တဖြည်းဖြည်းအရှိန်တွေလျော့လို့
နောက်ဆုံးမှာရပ်တန့်သွားလေရဲ့.....
ခုတော့လည်းအရာအားလုံး
တိတ်..ဆိတ်..ငြိမ်..သက်..သွား..တယ်...
အချိန်တန်အိမ်ပြန်ရတဲ့
ဒီလောကကြီးထဲ
ကျမတို့အားလုံးဟာဧည့်သည်တွေပါလား....
blackroze
12 September 2010
အချစ်=အပြစ်

နေ့လေးတွေနှောင်းလို့
ညလေးတွေကြွေခဲ့လေရဲ့
ခံစားချက်လေးတွေလည်း
ရက်စွဲလေးအတိုင်းပေါ့
ပြောင်းပြောင်းသွားတယ်
အချစ်လေးတွေလည်း....
ဟောင်းဟောင်းသွားတယ်
ထင်ပါရဲ့လေ..............
................................
မချစ်ဖူးခင်တုန်းကတော့
အချစ်ရူးလေးပါ...
ချစ်ဖူးသွားတော့လည်း
ရူးနေရဆဲပါဘဲ....
သန်းကောင်ကျော်
ညနက်နက်တွေထဲ
အချစ်ကြောင့်..........
အိပ်ရေးပျက်ဖူးတယ်......
လရောင်မဲ့ကြယ်ရောင်နည်းတဲ့
ညတွေမှာလည်း
မျက်ရည်ကျရင်း...
တိတ်တိတ်လေးတမ်းတဖူးတယ်
ခဏခဏချစ်မိ
အပြစ်ရှိလေသလား...
မေ့အား...ခံစားစေဖို့
ဖန်တီးလေရော့သလား...
ချစ်မိတတ်တဲ့စိတ်အစဉ်ကို
ပြင်ကာထားလိုက်တော့မယ်
ဒီအချစ်......
ဝေးဝေးမှာထားလို့
မျက်နှာလွှဲလိုက်ချင်ပါရဲ့
ခုတော့....
ချစ်သူကပြောသွားလေရဲ့
သူ့မှာချစ်သူရှိနေပြီတဲ့.....................။။။။။။။
(12.9.2010 AM 2:38 )
07 September 2010
တနေ့သောအိမ်ပြန်ချိန်...

အဖေအမေတို့ကညီလေးတွေညီမလေးတွေ...မွေးပေးတော့မောင်နှမဆိုတဲ့ခေါင်းစဉ်အောက်မှာ...
အဖေါ်ရှိလာတယ်...ကျောင်းတက်တော့သူငယ်ချင်းဆိုပြီးကစားဖေါ်တွေကျောင်းသွားဖေါ်တွေ
ရှိလာပြန်တယ်လေ..တွေ့ဆုံလာခြင်းရဲ့နောက်ကွယ်မှာ...ခွဲခွာခြင်းဆိုတာကပ်ရက်ပါလာ
တာဘဲနော်..မခွဲချင်ပေမဲ့လည်းခွဲခဲ့ရတယ်...မကွဲချင်ပေမဲ့လည်းကွဲခဲ့ရတယ်......
ငယ်ငယ်တုန်းကကျောင်းသွားဖေါ်တွေနဲ့..ကစားဖေါ်တွေနဲ့....အချိန်တန်တော့..အိမ်ပြောင်း..
ကျောင်းပြောင်းမိဘတွေကဝန်ထမ်းဆိုရင်တာဝန်ကျရာပြောင်းလို့...သူငယ်ချင်းတွေနဲ့ကွဲကုန်တာပါဘဲ..
အရွယ်လေးရောက်လာတော့ချစ်သူဆိုတာလေးတွေရှိလာပြန်ရော..နောက်တော့လည်း
အယူအဆမတူလို့....လမ်းခွဲခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ...တယောက်တကွဲစီဖြစ်ကုန်တာဘဲ...
တခါတလေတော့လည်းး...ကိုယ်နဲ့ပတ်သက်ခဲ့ဖူးတဲ့သူတွေ...ဘယ်တွေရောက်လို့ဘာတွေများ
လုပ်နေကြမလဲလို့လည်း.....အတွေးနယ်ချဲ့မိပါရဲ့လေ..အရင်ကပတ်သက်ခဲ့ဖူးတဲ့...သူငယ်ချင်းတွေ
သေချာပြောရမယ်ဆိုရင်....10တန်းတုန်းကသူငယ်ချင်းတွေဆို....အခုထိပြန်မတွေ့ဖြစ်ကြတော့ဘူး...
10တန်းအောင်တော့...တက္ကသိုလ်မတက်ခင်သင်တန်းတွေတက်ရင်းနဲ့....နောက်ထပ်သူငယ်ချင်း
အသစ်တွေထပ်ရပြန်ရော...တက္ကသိုလ်လဲတက်ရော...မေဂျာတူသူငယ်ချင်းတွေ..ရှိလာပြန်ရော...
အဲလိုနဲ့ဘဲ...တွေ့လိုက်ခင်လိုက်..နောက်တော့ကွဲသွားလိုက်ကြနဲ့လေ.....ပြန်စဉ်းစားမိရင်တော့
လွမ်းမိတယ်...အရင်တုန်းကဘယ်သူငယ်ချင်းနဲ့ဘယ်နေရာတူတူသွားခဲ့တာဆိုတဲ့...
အမှတ်တရတွေကတော့..အဲဒီသူငယ်ချင်းနဲ့မတွေ့ဖြစ်တော့ပေမဲ့....ရင်ထဲမှာယခုထက်တိုင်..
အမှတ်တရရှိနေဆဲပါ.....မောင်နှမတွေလည်း...ဘယ်လောက်များများနောက်တော့
ကိုယ့်ဘဝနဲ့ကိုယ်...ယုံကြည်ရာစွဲကိုင်လို့...ကိုယ့်လမ်းကိုယ်လျှောက်တဲ့အခါ....
တကွဲတပြားစီဖြစ်ကုန်တာပါဘဲလေ...အရင်ကဆို...မောင်နှမဝမ်းကွဲတွေအများကြီးနဲ့....
တဝုန်းဝုန်းတရုံးရုံးနဲ့ပျော်စရာကြီး...ခုတော့လည်းအားလုံး...တနေရာစီမှာ..
.ရပ်တည်ရုန်းကန်လို့..ဘဝအမောတွေကိုယ်စီနဲ့......
တချိန်တခါကဆိုတာကို...ပြန်လည်တမ်းတနေယုံကလွဲလို့....
ဘယ်တော့မှပြန်မရနိုင်တော့တာအသေအချာပေါ့...
ကျမအခုခင်မိတဲ့သူတွေလည်းတနေ့မှာအိမ်ပြန်ကြမှာပါလေ... အချိန်တန်တော့အိမ်ပြန်ကြတာပါဘဲလေ...
တယောက်နဲ့တယောက်မတွေ့ဖူးပေမဲ့...အွန်လိုင်းမှာခင်မင်ခွင့်ရခဲ့ကြတယ်...တယောက်နဲ့တယောက်
ရင်နှီးစွာကူညီပေးခဲ့ကြတယ်...ဒါတွေကအမှတ်တရတွေပါဘဲလေ...(တချိန်မှာပေါ့...)
ကျမပြောတဲ့..အချိန်တန်လို့အိမ်ပြန်သွားကြတဲ့အခါမှာ...ကျန်ခဲ့တဲ့ပုံရိပ်လေးတွေက..
(ကျမအတွက်ပေါ့...)အမှတ်တရဖြစ်စေမှာအသေအချာပါဘဲလေ ...အိမ်ပြန်သွားကြတဲ့သူတွေကတော့...တာဝန်တွေ...အမိန့်တွေကြားမှာ...
ကျမကိုမေ့ကောင်းမေ့နေပါလိမ့်မယ်....လူဆိုတာအိမ်မက်ထဲမှာဘဲရှင်သန်နေလို့မရဘူးလေ...
တကယ့်လက်တွေ့ဘဝထဲမှာလည်းရှင်သန်ရဦးမှာကိုး...ကျမကတော့အိမ်မပြန်နိုင်သေးတဲ့သူဆိုတော့
သူတို့ကိုသတိရနေမိမှာအသေအချာပါဘဲ...သူတို့ကူညီခဲ့ဖူးတာလေးတွေ...(ကျမကိုအားပေးခဲ့တာတွေ)ကျမအမြဲတမ်းသတိရနေမှာပါ... ကျမညဘက်အွန်လိုင်းလာမိတိုင်း..သူတို့ကိုသတိရနေမိမှာပါ....
ကျမအားလုံးကိုကျေးဇူးတင်ပါတယ်...ကျမနေမကောင်းဖြစ်လို့စာတွေရေးမိတိုင်း..လာအားပေးတဲ့သူတွေ
ကျမစာရေးတိုင်းလာဖတ်ပေးကြတဲ့.ကျမခင်မင်ရတဲ့မောင်နှမတွေအားလုံးကိုကျမကျေးဇူးတင်ပါတယ်...
တခါမှမတွေ့ဘူးမမြင်ဘူးပေမဲ့...ကျမအားလုံးကိုရင်ထဲကနေ....စစ်မှန်စွာနဲ့ခင်ပါတယ်.....
ကျမအတွက်လည်း....တနေ့သောအိမ်ပြန်ချိန်ဆိုတာ..ရှိလာမှာပါနော်.........။။။။။။။
(7.9.2010 AM 3:08)
06 September 2010
ပုံရိပ်ဟောင်း
ဆောင်းတစ်ညနေမှာ
မင်းနဲ့နှစ်ယောက်ထဲ
လက်ချင်းတွဲလို့
အင်းလျားလမ်းထက်
လျှောက်ခဲ့ဖူးတယ်.....
ခေမရဌ်မှာ
မျက်နှာချင်းဆိုင်
ချစ်စကားခွန်းတုံ့ ဆိုခဲ့ဖူးတယ်....
မြူနှင်းရောတဲ့
မှုံရီရီညနေလေးမှာ
ကန်ဘောင်ထက်
လှိုင်းပုတ်သံနားဆင်လို့
မင်းရင်ခွင်မှာ ခိုခဲ့ဖူးတယ်......
နေလုံးပြပြ
မမြင်ရတော့တဲ့
ညနေအို...ဆည်းဆာချိန်လေး
မကုန်ဆုံးခင်တခဏ
မင်းမျက်နှာလေး ကြည့်လို့
အချစ်သီချင်း..သံစဉ်ချိုတွေ
နှစ်ယောက်အတူ
ဆိုညည်းဖူးတယ်.......
အရမ်းလှတဲ့
ညနေလေးတွေ
ရှိခဲ့ပါရဲ့
အပြုံးတစ်ခုရဲ့
ညှို့ငင်မှု့အောက်.....
အဖန်ဖန်အခါခါ.....ကျရှုံးလို့........
နှောင်ကြိုးထဲက
ဘ၀တစ်ခုမှာ....
ပျော်နေခဲ့ဖူးတယ်....
နှင်းတခါဝေ
မိုးတခါစွေ
ရွက်တခါကြွေလို့
ဒီသုံးရာသီ
တစ်ပတ်လည်လေသောအခါ
ူဖြည်မှန်း မသိ
ပြေသွားရှာတဲ့
နှောင်ကြိုးပြေ ကြား
နှလုံးသား..
အပိုင်းအစ
ပြန်ကောက်ရင်း......နဲ့
သံစဉ်မချို
ဆည်းဆာမလှ
ဆောင်းတစ်ညမှာ
အင်းလျားလမ်းက
ပုံရိပ်ဟောင်းများ
တစ်ယောက်ထဲ.....
ပြန်ရှာနေမိတယ်.....။။။။။။။။။
(7.9.2010 AM 2း25 )
ဟိုးအရင်ကရေးဖူးတဲ့ကဗျာလေးတပုဒ်ပါ
အခုမှစိတ်ကူးပေါက်လို့တင်လိုက်တာပါ...
05 September 2010
ဒီညအတွက်ခံစားချက် :P
ဒီလိုနဲ့တညပြီးတညကုန်သွားတာဘဲ
ယောင်ချာချာဖြစ်နေတဲ့ညတွေပါ..
ဘာရေးရမှန်းလဲမသိ..ဘာမှလဲခံစားလို့မရ...
ကျမဒီညစာရေးဖို့ကြိုးစားပါတယ်..
ဒါပေမဲ့အရမ်းအိပ်ချင်နေပြီလေ..
နောက်ဆုံးတော့မျက်စိကိုအရှုံးပေးလိုက်ပါတယ်..
သွားအိပ်ပြီနော်...
လောကကြီးမှာ...အဖြစ်ချင်ဆုံးအရာတခုကိုပြောပါဆိုရင်
(အခုနေခါ)
ကျမပြောမိမှာက...အရမ်းအိပ်ငိုက်နေပါတယ်...ဆိုတာပါဘဲ
နောက်နေ့တွေထပ်ကြိုးစားပါဦးမယ်...စာရေးဖို့ပါ...
ကျမစိတ်ထဲမှာအခုတလော..ဟာလာဟင်းလင်းကြီးဖြစ်နေသလိုဘဲ
ဘာမှမရှိတော့သလိုဘဲ...
အဲဒါဘဲကောင်းပါတယ်နော်...
အားလုံးဘဲ...Goodnight ပါ...
ကျမအတွက်နွေးထွေးတဲ့အိပ်ယာလေးစီသို့သွားပါတော့မယ်... :P
(5.9.2010 AM 3:57)
21 August 2010
အိမ်မက်မျက်ရည်..
ခေါ်နေသံလား
စကားပြောနေသံလား
မသဲကွဲလိုက်တာလေ
ထပ်ပြီးတော့အားစိုက်နားထောင်မိတယ်..
အသံလေးကခပ်တိုးတိုးပါဘဲ
ဟိုးအဝေးကြီးကနေလာတဲ့အသံလေး..
ကျမနားတွေဘာဖြစ်ကုန်ပြီလဲ
စိတ်ကိုအတည်ငြိမ်ဆုံးထားလို့
အဲဒီအသံလေးကိုဘဲ
နားစွင့်နေမိတယ်...
ခေါ်သံပါလား..
တယောက်ယောက်က
လှမ်းခေါ်နေတာမျိုး....
အသံကဝဲနေသလိုဘဲ
တိုင်းရင်းသားသံတခုခုဝဲနေတာဘဲ
ကရင်သံဝဲနေတာများလား......
သူဘာပြောနေတာပါလိမ့်
ကျမကိုလှမ်းခေါ်နေတာဘဲ
" ချစ် " ဆိုပြီးလှမ်းခေါ်လိုက်တာများလား
ရင်ထဲမှာလှိုက်ခနဲ
ဖြစ်သွားတဲ့ခံစားချက်နဲ့အတူ
ရုတ်တရက်မျက်လုံးဖွင့်ကြည့်လိုက်မိတယ်....
သြော်.......................
..............................
အိမ်မက်..မက်နေတာပါလား...
.............................
မျက်ရည်တွေကဘာလို့ကျလာတာပါလိမ့်နော်..
မ..ငို..ချင်..ပါ...ဘူး...ဆို...မှ...လေ........ ။။။။
(21.8.2010 am 00:44 )
13 August 2010
ပြောင်းလဲခြင်း
တောင်မဝေခွဲတတ်တော့ပါဘူးလေ သေချာတာကတော့ စိတ်ထဲတနုံနုံဖြစ်နေတာပါဘဲ …
အဖြစ်ကတော့ဒီနေ့အလုပ်သွားတော့ မနက်ပိုင်းsec (1)က မမကပြောသွားပါတယ် ..
device name -7143 ကို Test လုပ်နေတဲ့ computer က ပြသာနာနည်းနည်းရှိနေတယ်တဲ့
ကွန်ပြူတာကိုစစ်ခိုင်းထားတယ်တဲ့….လာစစ်တဲ့ကောင်လေးတွေက ကွန်ပြူတာကဘာမှပြသာနာ
မရှိဘူးတဲ့ စက်ကိုစစ်ပါတဲ့ ကျမလဲစက်ပြင်တဲ့ကောင်လေးကိုခေါ်ကြည့်ခိုင်းတာပေါ့…..
စက်ပြင်တဲ့ ကောင်လေးကလဲ ကွန်ပြူတာကဖြစ်နေတာတဲ့ စက်ကအိုကေပါတယ်တဲ့
နောက်ဆုံးတော့ကွန်ပြူတာသမားက ပိုအငြင်းသန်လို့ အနိုင်ရသွားပါတယ်…စက်ပြင်တဲ့
ကောင်လေးကပြင်ပါတော့တယ် ကျမအလုပ်တက်ပြီးလို့တစ်နာရီလောက်ရှိနေပါပြီ…
ကျမစူပါဗိုက်ဆာကိုသွားပြောပါတယ်…7143 က Run လို့မရဘူးနော်… ပြင်နေတယ်လို့
သူကလဲ “ အေး “ တဲ့… ပြီးပြီပေါ့ သူသိနေတာဘဲလေ ထမင်းသွားမစားခင်ထပ်သွားပြောသေးတယ်
် “ မအိုကေသေးဘူးနော်’’ လို့ သူကလဲ
“ OK ” တဲ့….သူသိတယ်ပေါ့ ကျမတာဝန်ကျေပါတယ် ကျမလုပ်ပေးရတဲ့အပိုင်းကို
သေချာသွားပြောတာဘဲလေ အလုပ်ဆင်းခါနီးအထိ ပြင်တာမပြီးသေးတာနဲ့ ကျမလဲ
ထပ်သွားပြောလိုက်တယ်…ခုချိန်ထိအောင် “ ပြင်နေဆဲပါလို့ ” အဲမှာစတွေ့တာပါဘဲ
တနေ့လုံးစက်ပြင်နေတာဘာလို့ သူ့ကိုလာမပြောသလဲတဲ့လေ ..ကျမသူ့ကိုသွားပြောတာ
၃ခေါက်တိတိပါ ..သူဘာလို့မသိဘူးလို့ပြောရတာလဲ ကျမကိုဘာလို့လာမပြောဘူးလို့
ပြောရတာလဲ ကျမသွားပြောတဲ့အကြိမ်တိုင်း သူဘာလို့ “ အေး ” လို့ပြန်ပြောရတာလဲ
ကျမလဲ “ နင့်ကိုလာပြောတာ၃ခေါက်တောင်မှလေ ..နင်ဘဲ အိုကေဆို ..ခုမှ မသိဘူး
ဘာဖြစ်လို့ ပြောရတာလဲ ” လို့ပြန်မေးလိုက်ပါတယ် …တနေ့လုံးစက်ကိုပြင်နေတာလားတဲ့
( ခုမှတရေးနိုးတဲ့ပုံစံနဲ့လာမေးနေပါတယ် ) ဟုတ်တယ်လို့ဖြေလိုက်တော့ အဲဒါဘာလို့ငါ့ကို
လာမပြောတာလဲတဲ့ ..ကဲ စဉ်းစားပေးကြပါဦးရှင် ဂျာအေးသူ့အမေရိုက်နေသလိုပါဘဲ…
စက်ကဘာဖြစ်တယ် ကွန်ပြူတာကဘာဖြစ်တယ်ဆိုပြီး အာရာဖတ် လုပ်တော့တာပါဘဲ…
ကျမလေ ဒေါသထွက်လိုက်တာလေ….ပြန်ခံပြောလိုက်ချင်တာ ပါးစပ်ကိုယားနေတာဘဲ
သူကလူကြီးဆိုတော့လည်း လေသံကကိုယ့်စိတ်တိုင်းကျမာလို့မရပြန်ဘူး မမာမပျော့နဲ့ဘဲ
ပြန်ပြောရပါတယ် (သြော် နိုင်ငံခြားများဆိုးပါ့နော် ) ကျမလဲစိတ်မရှည်တော့တာနဲ့
“ခဏနေဦး ..ငါ စက်ပြင်နေတဲ့ကောင်လေးကိုလွှတ်လိုက်မယ်..နင်သိချင်တာမေး…
ငါလဲစက်အကြောင်းအဲကောင်လေးလောက်မသိဘူး ” ဆိုပြီးနားလည်မှု့ယူလိုက်ရပါတယ်
အလုပ်ကနေသာအိမ်ပြန်ရောက်လာပါတယ် စိတ်ကဒေါသတရားအပြည့်နဲ့ပါ …
ကျမနားမလည်ပါဘူး….သူတကယ်ဘဲ မသိတာလား မသိတာမဖြစ်နိုင်ပါဘူး
မသိတာဆိုရင်တော့ သူပုံမှန်မဟုတ်တော့ဘူးဆိုတဲ့ သဘောပါဘဲ ..သိတယ်ဆိုရင်လည်း
ကျမကိုဘာလို့အဲလိုလာရစ်ရတာလဲ …ကျမသူငယ်ချင်းကိုပြောပြတော့..
သူငယ်ချင်းကပြောပါတယ်အပျိုကြီးမမတွေကအဲလိုဘဲတဲ့လေ လိုရင်တမျိုးမလိုရင်တမျိုး တဲ့လေ …
ထားပါတော့ မလိုရင်တမျိုးဆိုတဲ့အဓိပ္ပါယ်ကို ကျမနားမလည်ပါဘူး..မလိုရအောင် သူနဲ့ကျမက
ဘာသက်ဆိုင်မှု့မှမရှိပါဘူး သူလဲလာပြီးအလုပ်လုပ်တာပါ ကျမလဲအလုပ်လာလုပ်တာပါဘဲ
သူကလုပ်သက်ပိုကြာလို့ ကျမတို့ထက်သိတာပိုများလို့ တတ်တာပိုများလို့ ခေါင်းဆောင်နေရာ
ကိုယူပြီးလုပ်ရတာပါ …။ ကျမအမြင်ပေါ့လေ ခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး
ထင်ပါတယ် …တကယ်ဆို ကျမသွားမပြောခဲ့ရင်တောင် သူကလာမေးရမှာပါ ခုတော့..ကျမအဖြစ်က …
မိအေးနှစ်ခါနာသလိုပါဘဲ ကိုယ်ကစေတနာနဲ့ လုပ်ပေးလိုက်တာတခုကို
အပြစ်တင်လိုက်သလိုပါဘဲ အလုပ်ထဲမှာ လူတိုင်းတာဝန်ကိုယ်စီရှိကြတဲ့ သူတွေကြီးပါဘဲ ………
တဆက်ထဲဘဲတွေးမိပါတယ်…..ရန်ကုန်မှာနေတုန်းကအိမ်မှာဆိုရင် ကျမကမဟုတ်မခံဆိုပြီး…..
ပြောတာပါ…အိမ်ကလူတွေကတော့ကျမကို လူ့ဂွစာတဲ့လေ ..တခုခုဆိုကျမစိတ်ထဲမှန်တယ်လို့
လက်ခံထားတဲ့ အရာတစ်ခုဆိုရင် ကျမဘယ်တော့မှအလျှော့မပေးပါဘူး …ဒီနေ့လိုအဖြစ်မျိုးဆို
ကျမအလျှော့ပေးလိုက်ရတာပါ (ကျမစိတ်ထဲမှာတော့အလျှော့ပေးလိုက်ရတယ်လို့ဘဲထင်ပါတယ်)
သူနဲ့ထိပ်တိုက်ရင်မဆိုင်ချင်လို့ပါ …ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလဲ
အလုပ်ကြောင့်လားငွေကြောင့်လား…..တကယ်တော့နှစ်ခုစလုံးကြောင့်ပါဘဲ….အလုပ်ထဲမှာ
အရာရှိနဲ့ပြသနာမတက်ချင်တဲ့သဘောပါဘဲ သူနဲ့ပြသနာတက်လိုက်ရင် အနဲအများဆိုသလို
အလုပ်ကိုထိခိုက်နိုင်ပါတယ် ဒါကြောင့်ကိုယ်ကပြသာနာမတက်အောင်ရှောင်လိုက်တဲ့သဘောလို့
သတ်မှတ်လိုက်ပါတယ် …စိတ်ထဲမှာတော့ အရင်ကဘဝကိုပြန်မြင်နေသလိုပါဘဲ…
အရင်ကပြတ်သားတဲ့စိတ်ဓါတ်နဲ့ ရှင်သန်ခဲ့တဲ့ ကျမကိုယ်ကျမပြန်မြင်နေရပါတယ်
ကျမစိတ်မကောင်းဖြစ်မိပါတယ်……ဘဝဆိုတာပြောင်းလဲတတ်ပါလားနော်လို့
အသက်တွေကြီးလာလို့ ဘဝထဲရောက်လာတာနဲ့အမျှ လူတွေဟာ ငွေကြောင့်
ခံစားချက်တွေ ခံယူချက်တွေပြောင်းသွားတတ်ကြတာဘဲနော်….
(13 8.2010 AM 3:50 )
09 August 2010
အဆုံးမရှိသေးတဲ့ပုံပြင်...

မြန်မာပြည် မြေပုံလေး ရှေ့မှာချပြီး ကျွန်မ ရွာရှိမယ့် တည်နေရာ လေးကို စိတ်မှန်းနဲ့ လှမ်းကြည့် လိုက်မိတယ်။
မြန်မာပြည် အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းလေးရဲ့ ထောင့်ချိုး တစ်နေရာဟာ ၀ါးတောမဆိုတဲ့ ရွာလေးတဲ့လား။ ဖုန်ငွေ့လုံးလုံး၊ ကုန်းခေါင်ခေါင် ကျွန်မတို့ အညာ၊ မုံရွာ၊ အရာတော် ပတ်ဝန်းကျင်ရဲ့ ပူအိုက်ခြင်းမျိုး ဘယ်ဒေသမှ လိုက်မီမယ် မထင်ဘူး။ နေပူပူ မြေပူပူမှာ ခေါင်လိုက်တဲ့ မိုးကလည်း လွန်ရော ကျွံရော။ အိုင်တီခေတ်နဲ့ အမီ ရွာမှာ စလောင်းတွေ ဒယ်အိုးတွေ၊ မုန့်စုံရတဲ့ လက်ဖက်ရည်ဆိုင်တွေ တိုးပြီးရင်း တိုးလာတာတောင် တန်ခူး၊ ကဆုန် ရောက်လာပြီဟဲ့ ဆိုရင် မိုးခေါ်လွန်ဆွဲ၊ ကန်တူး ပွဲတွေကတော့ ရိုးရာ မပျက်သေးပါဘူး။ မိုးနတ်မင်းကို အပြစ်ဖို့ကြပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် သူနဲ့ လားလားမှ ဆိုင်တာ ဟုတ်ဘူးရယ်။ လူတွေကလည်း ကြည့်ဦး။ နွေဆိုလည်း နွေမို့၊ မိုးဆိုလည်း မိုးမို့ တစ်နှစ်ပတ်လုံး ရွာထဲကို ၀င်လာမစဲ တသဲသဲက ထင်းလှည်းကြီးတွေ။ ၀ယ်တဲ့ လူတွေလည်း ၀ယ်ရဲ့။ ရောင်းတဲ့လူကလည်း ရောင်းရဲ့။ ဘယ်လောက်မှလည်း စီးပွားဖြစ်ကြတာ မဟုတ်ဘူး။
ရောင်းသူက တစ်စီးလုံး ပေးမှ ငါးထောင်လောက်ပဲ ရသလို ၀ယ်ကြတဲ့ အကြော်သည်၊ အထက်မီး အောက်မီးသည်၊ တိုလီမုတ်စသည်တွေလည်း ၀မ်းမ၀တ၀ အဆင့်ကနေ ဘာအမြတ်မှ သိသိသာသာ ကျန်တာ မဟုတ်ဘူးရယ်။ တောတွေပြုန်းပြီး တောင်တွေ သင်္ကန်း မဆီးရဘဲ ခေါင်းတုံး ကျသွားတာက လွဲရင် ရောင်း ကောင်းကြတုန်း။ ၀ယ်ကောင်းကြတုန်း။ မွဲကောင်း ကြတုန်း။
“အောင်မယ် ကောင်မ။ ညည်း သည်လိုတော့ လာမပြောနဲ့ အေဟဲ့။ ထမင်းချက် တာ ထင်းနဲ့မချက်လို့ ငါက ဘာနဲ့ ချက်ရမှာတုံး။ ညည်း မမွေးခင်ကတည်းက ငါသည်လို ချက်လာတာ ပညာတတ် မကြီးရဲ့။ ဘီအီးဒီ အောင်သိုက် ပြဇာတ်ထဲက ဘွဲ့ရအလုပ် လက်မဲ့ကြီးရဲ့”
ဒေါ်တင်မြ ထင်းသုံး ကြမ်းတယ်လို့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး ပါးစပ်သရမ်းမိ လိုက်ပါတယ်။ ကြားကြတဲ့ အတိုင်း ကျွန်မမှာ ကက်ကက်လန် ရန်အတွေ့တောင်ခံလိုက် ရသေး။ တကယ်တော့ သူတို့ကိုလည်း အပြစ် မဆိုသာပါဘူး။ ခေတ်ကြီးကိုက လိုက် မမီအောင် ပြောင်းလဲ နေတဲ့ဟာ။ ကျွန်မတို့ တောသူ တောင်သားတွေက ဘာများ တတ်နိုင်မှာတဲ့တုံး။
ရှေးရှေးတုန်းကတော့ “၀ါးတောမ”ဆိုတာ အရာ တော်၊ မုံရွာနယ် တစ်ကြောမှာ နာမည် တစ်လုံးနဲ့။ အထည်ဆိုလည်း အထည်မို့၊ ထန်း လျက်ဆိုလည်း ထန်းလျက်မို့ နာမည် အကြီးသား။ အခုများတော့ လာကြည့်စေချင်တယ်။ ၀တ်ရတာက တရုတ်ထည်၊ စားရတာက ဟင်းချိုမှုန့်၊ စီးရတာက ထော်လာဂျီ။ အခု ၀ါးတောက အပျိုချော မမတွေ သွားကုန်ကြပြီ။ ရှမ်းပြည် နယ်လက်ဖက်ခူး၊ မြစ်ကြီးနား ထမင်းချက်တဲ့။ ရွာမှာ ဘာအလုပ်မှ မဖြစ်တော့ဘူး။
ဗမာချည်ကို အတိုင်ရော အဖောက်ပါ ဆေးကောင်းကောင်းနဲ့ ရက်ထားတဲ့ ဖျင်ကြမ်း လုံချည် တစ်ကွင်းဆို လေးထောင်ကျော်မှ ရတော့တာ။ တရုတ်ထည် က သုံးကွင်းမှ ငါးထောင်။ ဘယ်အပျိုက လက်ထွက်လုံ ချည်ကို ဖင်ပူခံရက်တော့မှာတုံး။ ကိုယ်တောင် မ၀တ်တာ သူများနယ်ကရော အမြတ် ပေးပြီး လာဝယ်ပါဦးမလား။ ခေတ်ကလည်း ခေတ်ပဲကိုး။ ရွာသူတွေကိုလည်း အပြစ် မတင်ရက်ပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၊ တရုတ်ထည်တွေ ၀င်မလာ ခင်တုန်းကတော့ ရွာမှာအလုပ် ဖြစ်ကြသား။ ၀ါးတောမရွာ ထွက် ရွှေဖလာ အဆင်စောင် အုပ်၊ နှပ်လေးလွှာ ရွက်စောင်၊ အပြာဖြတ်၊ အနီဖြတ်တွေဆို တာ တစ်နယ်တစ်ကျေးက ကုန်သည်တွေ လုဝယ်ရတဲ့ အထိ။ မန္တလေး၊ တောင်ကြီးက ဖျင်(အကြမ်းထည်)ပွဲစား တွေဆိုတာလည်း လိုချင် လိုက်ကြတာမှငမ်းငမ်းတက်။ တကယ့်ကို ရွှေရောင် အတိတ်ကြီးပါတော်။
ဟော အခုတော့ မကြုံ စဖူး အကြုံထူးလို့ ထန်းသ မားကရှုံး၊ ဖျင်ကပျက်။ ဖျင် ကပျက်တော့ ချည်မထွက်၊ ချည်မထွက်တော့ ဂွမ်းသမား တွေ ငုတ်တုတ်၊ ၀ါသမား တွေဗိုက်မှောက်။ အတိုးတွေ တနင့်တပိုး ယူပြီး မလေးရှား ပြေးသူလည်း ပြေးရဲ့။ ဒါပေ မယ့် ကံကောင်းမှ ဖားလောင်း ဖားဖြစ် ဆိုတဲ့ စကားအတိုင်း ဆယ်ယောက် သွားလို့မှ တစ်ယောက်သေချာတာ မဟုတ်ဘူးရယ်။
“တူမကြီး၊ ချည်လဲချင် လို့ပါကွယ် အမေကြီး”
ဟော ပြောလို့မှမဆုံး သေးဘူး။ ရောက်လာပြန်ပြီ တစ်ယောက်။ အသက် ၇၀ ကျော် အဘွားကြီး။ မြေးလေး လက်တစ်ဖက်က ဆွဲလို့ အိမ်တံခါးဝမှာ မတ်တတ်။
“အမေကြီးရေ ဖျင်တွေ အလုပ် မဖြစ်လို့ နားထားတာ သုံးလလောက် ရှိပြီ အမေကြီး ရဲ့။ တခြား သွားလဲလိုက်ပါ နော် အမေကြီး”
တကယ်တော့ သူတို့ လေးတွေက ဟိုးအောက်ဆုံး အဆင့် လက်လုပ်လက်စား လေးတွေရယ်။ ငွေ ၁၆၀၀ လောက် ရှိတဲ့ အရင်းနဲ့ ဗိုင်း တစ်ပိဿာဝယ်၊ ချည်ငင်ပြီး ဗိုင်းနဲ့ပြန်လဲတော့ တစ်ပိဿာ ငင်ခ ၆၀၀ လောက်ရ။ အဲဒါလေးကိုပဲ ဆန်ကွဲ၊ ငရုတ်ဖြစ် အောင် ဖန်တီးပြီး သုံးရက်လောက် အသက်ဆက်ရရှာ တာ။
“တူမကြီးရယ် လဲပါကွယ်။ အမေကြီးက လာနေကျပါ။ တခြားလည်း မသွား ချင်တော့တာနဲ့”
အဲဒါက ချည်သမားတိုင်း မကျက်ရဘဲ အလွတ် ပြောနိုင်တဲ့ ဈေးခေါ်စကား။ အစကတော့ ကျွန်မလည်း သနားတာနဲ့ အလုပ် မဖြစ်တောင် တတ်နိုင်သလောက် တော့ ငွေအောင်းခံပြီး ကုသိုလ် ဖြစ်လဲပေးပါသေးတယ်။ အခုတော့ ကျွန်မဆီမှာလည်း ငွေဖြစ်မလာတဲ့ ချည်ပုံ၊ အထည်ပုံကြီးက ဆယ်ပေ လောက်မြင့်နေပြီ။
“ဗိုင်း ကုန်နေလို့ပါ အမေကြီးရယ်”
မတတ်နိုင်ဘူး။ လက်ကျန်ဗိုင်းလေး အချိန် တစ်ဆယ်လောက်ကို အိမ်ထဲ သွင်းထားပြီး မုသာဝါဒ ဆိုတဲ့ မမှန်သော စကားကို မျက်စိ စုံမှိတ်ပြီး လှိုင်လှိုင်ကြီး သုံးနေရတာက နေ့တိုင်း။
“အမေကြီး ဗိုက်ဆာတယ်”
ရေမချိုးတာ ကြာနေပြီလို့ ထင်ရတဲ့ ချဉ်တူးတူး၊ စုတ်ပြတ်ပြတ် ကောင်လေးရဲ့ မျက်လုံး တစ်စုံက ကျွန်မ လက်ထဲရှိ ခွဲရင်းတန်းလန်း စိန်တစ်လုံး သရက်သီးကြီးဆီ ကို အကြည့်တွေ ရဲရဲကြီးပို့ လွှတ်လို့။
“စားမလားဟင် ကောင်လေး”
“ဟုတ်”
“အမေကြီးကိုလည်း တစ်စိတ်လောက် ကျွေးပါ တူမကြီးရယ်။ အမေကြီး ခံတွင်း မလိုက်လို့ အစားပျက် နေတာကြာပြီ”
ကျွန်မလည်း နေပူပူ၊ အိုက်စပ်စပ်မှာ ဘာအလုပ်မှ မရှိတဲ့ အတူတူ ကြောင်ရေချိုး ခွေးသန်းရှာပဲ ပြောပြော၊ မြေး အဘွား နှစ်ယောက်ကို အိမ်ထဲ ခေါ်ပြီး တောင်ရောက်မြောက် ရောက်စပ်စု၊ လေကန်လုပ် နေမိပါတော့တယ်။ အဲဒါကြောင့် ထင်ရဲ့။ အဖေက ကျွန်မကို ခဏခဏကြည့်ပြီး ရွတ်တတ်တာ။ “ခေတ်ပညာ တတ်မကြီး၊ ဘာစီးပွားရေး အကွက်မှ မမြင်ဘူး”တဲ့။ စီးပွားတွက် တွက်မယ် ဆိုရင် တော့ ဟောသလို အလုပ် မဖြစ်တဲ့ ကာလကြီးမှာ ကျွန်မ ရှေ့ထိုင်နေတဲ့ မြေးအဘွား နှစ်ယောက်က ကျွန်မအတွက် ရွှေခဲကြီး မဟုတ်သလို ငွေတွင်းကြီးလည်း ဖြစ်မလာနိုင်ပါဘူး။ မဆိုင်တဲ့ ကိစ္စကို မဆိုင်သလို နေလိုက်လည်း ပြီးတာပေါ့နော်။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မလေ၊ တခြားသူမှ မဟုတ်တာ။ နတ်ကရာ ကျီးမောလို့ပဲ ပြောပြော၊ လှံဖျားပုစဉ်းနား၊ ကျီးကန်းချေးပါလို့ပဲ ဆိုဆို မဆိုင်သလို မနေမိတာကတော့ ကျွန်မရဲ့မွေးရာပါ မဟာ အားနည်းချက် အစစ်။ ကျွန်မ ကျီးများ ၀င်စားလေရော့ သလား။
“တူမကြီးပဲ စဉ်းစား ကြည့်။ အလုပ်ဖြစ်တုန်းက ကုန်ဈေးနှုန်းကို လိုက်မမီဘူး။ ဟော ကုန်ဈေးနှုန်းလေး သင့်တော့ အလုပ်ကမရှိ။ ကျော်ခန့်တို့တော့ ဖုန်တောက မတက်တော့ပါဘူးကွယ်”
တစ်ခါတုန်းက ၀ါးတောမ ဆိုတဲ့ ကျွန်မတို့ ရွာ မှာ ကျော်ခန့်ဆိုတဲ့ လူရိုး တစ်ယောက်ရှိခဲ့သတဲ့။ ရွာနီးချုပ်စပ် ပွဲကနား ရှိလို့ ရွာသားတွေ လှည်းယဉ်ကိုယ်စီနဲ့ ထွက်ကြပြီဆိုရင် ကျော်ခန့် တစ်ယောက်ကတော့ ဖုန်ထူ တဲ့ လမ်းလေးထဲမှာ ခြေကျင်ပဲ လျှောက်သတဲ့။ “ကျော်ခန့် လှည်းပေါ်တက်လေ”လို့ပြော ရင် သူက “ငါ ကိုယ်ပိုင် လှည်း မ၀ယ်နိုင်မချင်း ဖုန်တောက မတက်ဘူးကွ” လို့ ပြန်ပြောသတဲ့။ နှစ်တွေကြာလို့ ကျော်ခန့်တို့ ရွယ်တူတွေ ဆံဖြူ သွားကျိုးဖြစ်သွားတာ တောင် ကျော်ခန့်တစ်ယောက် ဖုန်တောက တက်မလာနိုင် တော့ဘူးတဲ့။
အခုလည်း အဘွားကြီးက သူ့ဘ၀လည်း ကျော်ခန့် လို့ပါပဲ ဆိုတဲ့ သဘောနဲ့ ကျွန်မ ရှေ့မှာ ပုံခိုင်းပြရှာတာ။ ရုတ်တရက်ဆိုတော့ သတိလက် လွတ်ဖြစ်ပြီး အော်ရယ်မိလိုက် သေး။ နောက်တော့မှ ပြန်တွေးမိပြီး အဘွားကြီးကို ကျွန်မဖြင့် အားနာလိုက်တာ ဘယ်လို ပြောရမှန်းတောင် မသိဘူး။
“ဟောဒီ မြေးလေးကို သင်္ကန်း ဆီးပေးချင်သေးတာကွယ့်။ သင်္ကန်း မ၀ယ်နိုင်လို့ သာပါ။ မြေးလေး သာသနာဘောင် ရောက်သွားတာနဲ့ အမေကြီးတော့ သေဆိုရင် တောင် သေနိုင်ပါပြီကွယ်”
“အမေကြီး သားသမီး တွေကရော”
“သားနဲ့ချွေးမပဲ ရှိတာကွယ်။ မနှစ်က ရွှေတော အသွား ငှက်ဖျားမိလို့ နှစ်ယောက်စလုံး ဆုံးရှာကြပါ ပေါ့လား”
“သြော် ဖြစ်ရလေ မေကြီးရယ်”
အခုမှ အမေကြီး ပါးစပ် ဖျားက မချတဲ့ မြေးအနှစ် လေးကို အသေအချာကြည့် မိတယ်။ မျက်လုံးတောက် တောက်၊ မျက်ဖန်ကောင်း ကောင်းနဲ့ နှာတံပေါ်ပေါ်မှာ နှုတ်ခမ်းလေးက ဖူးလို့။ တကယ့်ကို ပညာရှိဖြစ်မယ့် ဥပဓိ ရုပ်ကလေး။
“ကလေး မင်းကရော ဆရာတော်ကြီး ဖြစ်ချင်ရဲ့လား”
ချာတိတ်လေးက ကျွန်မကို တည်တည်လေးနဲ့ မျက်လုံး လှန်ကြည့်တယ်။ မျက်လွှာလေး ချလိုက်၊ မျက်ခုံးလေး ပင့်လိုက်နဲ့ သူ့မှာ အတော့် ကို အဖြေရ ကျပ်နေတဲ့ပုံ။ သူ ဘယ်တော့မှ သင်္ကန်းဆီးခွင့် မရတော့ဘူးလို့များ အပိုင် တွက်ထားလေရော့သလား။ ကလေးတစ်ယောက် ရဲ့ရင်ထဲ တစ်ဘ၀လုံး အညွန့် ကျိုးသွားစေမယ့် သိမ်ငယ်တဲ့ ခံစားချက်မျိုး ကိန်းအောင်း မသွားစေချင် မိတာတော့ အမှန်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရည်မှန်းချက် တစ်ခုနဲ့ စုထားတဲ့ ငွေလေးထဲက သုံးထောင်ကျော်တန် သင်္ကန်း တစ်စုံ ဖိုးလောက်တော့ ကုသိုလ် ပြုလိုက်ဖို့ ဆုံးဖြတ်ချက်ချမိ တော့တယ်။
မလေးရှား သွားတဲ့ မောင်ရေ။ မောင့်ရဲ့ခင်လေး ရွာမှာ မြင်မြင်သမျှပေးကမ်း လှူဒါန်းမိလို့ တူနှစ်ကိုယ်နီးတဲ့ အခါ စီးပွားလုပ်ဖို့ စုထား တဲ့ ငွေလေးတွေ တတိတိနဲ့ ပြောင်တော့မယ်။ ကြိုးစားပါ မောင်ရေ။ မလေးရှားမှာ အလုပ်ရှင်နဲ့လည်း တည့် အောင်ပေါင်း။ သည်တစ်ခါ စာရေးရင် သေသေချာချာ ထည့်ပြောရမယ်။
“အစ်မကြီး ကျုပ်က လေ”
“အင်း ပြော”
“ကျုပ်က”
ကောင်လေးရဲ့ မျက် လုံးလေးတွေ အရောင်လက် ပြန်တယ်။ သူ ဘယ်လိုများ ဖြေမှာပါလိမ့်။ ကျွန်မကို ကယ်တင်ရှင်ကြီးလို့များ ထင်ရော့သလား မသိ။ ရွှန်းရွှန်း ကြီးကြည့်လို့။ ကျွန်မ လက်ထဲမှာလည်း ငွေ ၃၀၀၀ကျော် က အဆင်သင့်။
“ကျုပ် ဆရာဝန်ကြီး ဖြစ်ချင်တာ။ ဘုန်းကြီး မ၀တ်ချင်ဘူး။ ငှက်ဖျား ရောဂါကို အထူး ကုပေးနိုင်တဲ့ ဆရာဝန်ကြီး ဖြစ်ချင်တာ”
“ဗုဒ္ဓေါ”
ကျွန်မလက်ထဲက တစ်ထောင်တန်လေး သုံးရွက် အောက်ကို လွတ်ကျသွား တယ်။ ကောင်လေးအဖြေ စကားက ကျွန်မ ခေါင်းကို ဖောက်ပြီး သံရည်ပူတွေ လောင်း ထည့်ခံလိုက်ရသလို ပဲ။ ကျွန်မ နားကြား လွဲသွား တာတော့ မဟုတ်တန်ပါဘူး နော်။
“ဒါပေမယ့် ကိုရင်ဝတ် ရမယ်ဆိုလည်း ကျုပ် ကျေနပ် ပါတယ်”
ကျွန်မဆီက ငွေ သုံး ထောင်ကျော်ကို မရတော့မှာ ကြောက်လို့ ပြောလေသလား။ တကယ်ပဲ ကိုရင်လေး ဘ၀ကို ကျေနပ်သလား ဆိုတာတော့ ကောင်လေးသာ အသိဆုံးဖြစ် တော့မှာပေါ့။ ကျွန်မ သိချင် ပေမယ့် မမေးရက်ဘူး။ ဘာ ကြောင့်မှန်း မသိ၊ ကောင်လေး တို့မြေးအဘွားကို အားနာနေ မိတယ်။
သည်အကြောင်း အဖေ့ ကို ပြောပြရင် “သတ္တ၀ါ တစ်ခု ကံတစ်ခု” လို့များပြော လေမလား။ “ဘယ်သူမပြု မိမိမှု” လို့များဆိုလေမလား။“တောင်မင်း မြောက်မင်း မကယ်နိုင်” ဘ၀တွေကရော၊ ဘယ်တော့များမှ လွတ် မြောက်နိုင်မှာပါလိမ့်။ ကျွန်မ ငိုမိတယ်။
မြေးအဘွားတို့ လာသွားတဲ့ ညက မိုးတွေမှရွာလိုက် တာတအား။ ခေါင်မိုးသွပ်ချပ် ပေါ် မိုးပေါက်ကျတဲ့ အသံ တွေများ တဗြောင်းဗြောင်းကို မြည်လို့။ ဖားတွေ အော်နေ လိုက်ကြတာလည်း “အုံးအင် အုံးအင်” သံချင်းကို ထွေးလို့။ မိုးရွာပါစေ။ မိုးရွာပါ စေ။ သီးနှံတွေလည်း ကောင်းပါစေ။ လူတွေလည်း ကျန်း မာပါစေ။ ၀က်၊ ကြက်၊ တိရစ္ဆာန်တွေလည်း ကျန်းမာ ပါစေ။ ကမ္ဘာကြီးလည်း ကျန်းမာပါစေ။
ကျွန်မ မေတ္တာပို့က အဆီ အငေါ် မတည့်ပေမယ့် ပြန်တွေးရင်း ကြည်နူးရတာတော့ အမှန်။
ကျွန်မ မေတ္တာအပို့ ကောင်းလို့လားတော့ မသိ။ မနက်လင်းတော့ စာတစ် စောင် ရောက်လာတယ်။ ဖျင်(အထည်ကြမ်း)အလုပ်ပြန် ဖြစ်တော့မယ်တဲ့။ ၀မ်းနည်း ရမှာလား။ ၀မ်းသာရမှာလား မိသိန်းကြည်။ ကျွန်မတို့ ဖျင်သွား လမ်းကြောင်းရဲ့ ဂိတ်ဆုံး က ထိုင်းနိုင်ငံလေ။ မန္တလေး ပွဲစားလက်ပဲ ရောက်ရောက် တောင်ကြီးပွဲစား လက်ပဲ ရောက်ရောက် ထိုင်းမှာပဲ ဇာတ်သိမ်းရတာ ဆိုတော့ သိ ကြတဲ့အတိုင်း အလုပ်ကဖြစ် လိုက်၊ ပျက်လိုက်နဲ့ တကယ့် ကို တရားဓမ္မ အတိုင်း။
ရက်ကန်းသမ တချို့ကတော့ လန့်ကြတယ်။ ဖျင်တွေ ပိတ်သွားလို့ အလုပ် မဖြစ် ရင် လက်ကျန် အထည်တွေ ဆက်သိမ်းပေးမှာတဲ့လား။ အကြွေးနဲ့ ချည်အရင် ထုတ်ပေးတဲ့။ အရင်းလည်း အစိုက် ငြိမ်းအောင် ကျွန်မကပဲ ချည်ထုတ်ပေးပြီး အထည်ပြတ် ရက်ခနဲ့ ရက်ကန်း ငှားမယ်ဆိုတော့ လိုချင်တဲ့သူတွေများ လွန်းလို့ အိမ်တံခါးတောင် ပိတ်ထားရမလို ဖြစ်သွား သေး။ ပွဲစားတွေကတော့ မော့ မော့ပဲ။ အလိုချင်ကြီးမဟုတ် သေးဘူးလေ။ ငွေကိုတစ်လ ဆိုင်းစောင့်တဲ့။ ကျွန်မ သီလရှင် ၀တ်ချင်စိတ်တောင် ပေါက်သွားတယ်။ အဟုတ်။ဟိုတစ် လောက ဆရာလေးဆီက ငှားထားတဲ့ ၀ိနည်းစာအုပ် လေး ဘယ်နားထားမိပါ လိမ့်။ ပြန်ဖတ်ထားဦးမှ။ အဆင်ပြေရင် ခေါင်းတုံးတုံးပြီး ဘ၀ ပြောင်းပစ်ရအောင် လို့လေ။
ဒီဝတ္ထုလေးက သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းရွှေဝတ္ထု ကဏ္ဍမှာဖော်ပြခဲ့တဲ့ မိုးထက်စံ(IR)ရဲ့
ဝတ္ထုလေးပါ ..ကျမဖတ်ပြီးအရမ်းသဘောကျတာနဲ့...တင်လိုက်တာပါ...
ဝတ္ထုထဲကကောင်လေးက....ငှက်ဖျားရောဂါကုဆရာဝန်ကြီး....ဖြစ်ချင်တယ်တဲ့လေ...
ရင်ကိုထိရှသွားတဲ့စာကြောင်းလေးပါဘဲ......။။။။
(9.8.2010....AM 1:38)
01 August 2010
လှောင်အိမ်ထဲကဘဝများ.....
ရေးလိုက်တာပါ...တကယ်တော့သူတို့တွေအရမ်းသနားဖို့ကောင်းပါတယ်...
ထားတာပါ...အတောင်တွေရှိရဲ့သားနဲ့သံဇကာအမိုးတွေအောက်မှာမပျံနိုင်ဖြစ်နေရတဲ့ဘဝပါ...
ကျမသိတဲ့..ငှက်ဆိုတာကောင်းကင်မှာပျံနေတဲ့အမျိုးပါ..ခုတော့သံဇကာအောက်မှာရှင်သန်နေရတဲ့
သူတို့တွေ..စကားသာပြောတတ်မယ်ဆို....ဘာတွေများပြောကြမလဲမသိဘူးနော်...သူတို့တွေစိတ်ထဲမှာ
ဘာတွေများတွေးနေမိမလဲ....ဘာတွေစဉ်းစားနေကြမှာလဲ...ကျမသိချင်မိပါတယ်....
ကြည့်ပါဦး....5ပေပတ်လည်လောက်ရှိတဲ့မှန်လှောင်အိမ်ထဲက..........လိပ်ကလေးပါ.....သူ့လိုအမျိုးတူ
လိပ်ကလေ3း..4..ကောင်လောက်နဲ့ဒီမှန်လှောင်အိမ်ထဲမှာနေ..နေရတာဘယ်လောက်ကြာပြီလဲမသိပါဘူး
သူလဲအပြင်လောကမှာသွားလာချင်ရှာမှာဘဲလေ...ခုတော့သူ့အဖြစ်ကလဲထောင်ကျနေသလိုပါဘဲနော်..
ကျမဓါတ်ပုံရိုက်ဖို့..မှန်နားကပ်သွားတော့အထဲကနေကျမကိုလှမ်းကြည့်ပါတယ်...
သူအပြင်ထွက်ချင်တယ်လို့များပြောတာလား...ဒါမှမဟုတ်..သူ့အဖြစ်ကိုစာနာပါလို့များပြောလိုက်လေသလား
အဲဒီမြွေဆိုတွားသွားလို့မရတာဘယ်လောက်များကြာနေပါလိမ့်နော်...မှန်လှောင်အိမ်လေးကကျဉ်းကျဉ်းလေး
ဆိုတော့သူလဲပုံထဲကလိုဘဲခွေခွေလေးဘဲနေလို့ရမှာပေါ့....အပြင်ကလွတ်လပ်တဲ့မြွေတွေလိုတော့
သွားလာလှုပ်ရှားလို့ဘယ်ရမလဲလေ...ကျမကမြွေဆိုရင်အရမ်းကြောက်ပါတယ်...ဒါပေမဲ့
ဒီမှန်လှောင်အိမ်ထဲကမြွေကိုကြည့်ပြီးတော့......သနားမိပါရဲ့.....
ဟော...သူ့မျက်လုံးတွေကိုကြည့်ပါဦး..သူ့စိတ်ထဲမှာလူတွေကိုနာကျည်းနေမလား...
မုန်းတီးနေမလား..တခုခုပါဘဲ....ဒါမှမဟုတ်သူ့လိုအမျိုးတူတဲ့...အဖေါ်တွေကိုဘဲမှန်းဆပြီးများလွမ်းနေသလား..
သူ့ဘဝကြီးကလဲ...ကန့်သတ်ချက်ဘောင်ထဲမှာကျဉ်းကျပ်လိုက်တာနော်...
ဒီပင်ဂွင်းငှက်လေးတွေကတော့သနားစရာအကောင်းဆုံးပါဘဲလေ....အလုံပိတ်ထားတဲ့မှန်ခန်းထဲမှာ
အညာခံနေရလို့ပါဘဲ....ဒါပေမဲ့....သူတို့ကိုညာထားတယ်ဆိုတာလည်းသူတို့သိချင်သိနေမှာပါ
ပင်ဂွင်းငှက်ဆိုတာ..အင်မတန်အေးတဲ့...ရေခဲပြင်တွေမှာရှင်သန်ကျက်စားတဲ့သတ္တဝါမျိုးပါ
ခုတော့.....ပေ30လောက်ရှိတဲ့....airconတွေမတရားလွှတ်ထားတဲ့.....နေရာလေးမှာအမျိုးတူ
10ကောင်လောက်နဲ့.....နေနေရတဲ့ဘဝမို့လို့ပါ...သူတို့ရဲ့နေရာအစစ်အမှန်နဲ့တူအောင်
အတုလုပ်ပေးထားတဲ့....ဒီမှန်ခန်းထဲမှာ...ဘယ်လောက်ကြာအောင်သူတို့တွေနေနေရမှာလဲ..
ကျမလဲမသိပါဘူး.....ကြည့်ပါဦး...ကောင်းကင်ပြာပြာရဲ့အောက်မှာ...ရေခဲပြင်တွေရဲ့အပေါ်မှာ...
သူတို့လိုအမျိုးတူတွေအကောင်ပေါင်းများစွာနဲ့ပြေးလိုက်..ရေထဲဆင်းလိုက်နဲ့....ပျော်နေခဲ့တဲ့ဘဝမျိုးကို...
သူတို့လည်းပြန်တမ်းတနေမိမယ်ထင်တယ်နော်.....
ကောင်းကင်အပြာရောင်နဲ့တူအောင်အမိုးကိုဆေးအပြာသုတ်လို့......ရေခဲပြင်လို့ထင်ရအောင်
ကျောက်တုံးအတုတွေပေါ်မှာရေခဲအမှုန်တွေဖြူးပြီး...ဖန်တီးပေးထားတဲ့အခန်းလေးထဲမှာ...
ဟိုလျှောက်လိုက်...ဒီလျှောက်လိုက်နဲ့.....ယောင်တောင်တောင်...ဖြစ်နေကြတဲ့ဘဝလေးတွေပါ....
နောက်ထပ်မှန်လှောင်အိမ်ထဲကအကောင်တွေကအများကြီးပါဘဲ....ဖားတွေရော....ကင်းလိပ်ချောတွေရော
ကျမအမျိုးအမည်မခွဲခြားတတ်တဲ့အကောင်တွေလဲအများကြီးပါဘဲ...သူတို့တွေအကုန်လုံးအကျဉ်းကျခံနေရတာ
လို့ကျမထင်မိပါတယ်....ကံမကောင်းအကြောင်းမလှလို့...တိရစ္ဆာန်ဘဝကိုရောက်ရတာခြင်းတူတူ
တောထဲမှာလွတ်လပ်စွာ...ရှင်သန်ရတဲ့တိရစ္ဆာန်တွေရဲ့ဘဝနဲ့......မှန်လှောင်အိမ်ထဲမှာလာရှင်သန်ရတဲ့
တိရစ္ဆာန်ရဲ့ဘဝ...ကွာခြားလှပါတယ်..တကယ်တော့တိရစ္ဆာန်ရုံက...တိရစ္ဆာန်တွေရဲ့ဘဝကထောင်ကျ
နေသလိုပါဘဲ...သူတို့တွေရဲ့နေရာမှာ...ကိုယ်တွေသာဆိုရင်ဘယ်လိုခံစားရမလဲ....တွေးကြည့်မိပါတယ်
တကယ်တော့....စာနာထောက်ထားခြင်းဆိုတာ.....လူသားတွေပေါ်မှာတင်မဟုတ်ဘဲ
သတ္တဝါတွေရဲ့အပေါ်မှာလည်း.......ထားသင့်တယ်လို့ကျမခံစားမိပါတယ်.....
(1.8.2010.....AM-3:24)
ကိုယ့်အတွက်အအကျိုးအမြတ်တစုံတရာ..မရသေးဘဲနဲ့
ယုံကြည်ရာတခုကြောင့်နှစ်ပေါင်းများစွာ....ချုပ်နှောင်ခံနေရတဲ့ဘဝပေါင်းစွာ....
လူပေါင်းများစွာ....သူတို့တွေဆိုရင်ရော....
သူတို့တွေကိုယ်စားကျမရင်နာမိပါတယ်...
(1.8.2010 AM-11:41 )
28 July 2010
အရင်ကလိုဘဲ....

မရှိတော့ပေမဲ့
အရင်ကအချစ်တွေက
ဒီရင်ထဲမှာကျန်နေဆဲမို့
အရင်လိုဘဲ...အရင်အတိုင်းဘဲ
ရင်ထဲကချစ်တတ်နေဆဲ.....
အရင်ကအချိန်တွေ
ပြန်မရနိုင်တော့တာ
သေချာခဲ့ပေမဲ့.....
အရင်ကအလွမ်းတွေကိုတော့
မှတ်မိနေဆဲမို့
အရင်လိုတော့
တခါတခါ............
လွမ်းနေချင်တုန်းဘဲ
အရင်လူကိုမေ့ထားလိုက်ပေမဲ့
အရင်ကပျော်ရွှင်မှု့မျိုးကိုတော့
ခဏလောက်ဖြစ်ဖြစ်
ပြန်လိုချင်သေးတယ်...
အရင်ကအချစ်မျိုးကို
ပြန်မတမ်းတချင်တော့ပေမဲ့
အရင်ကခံစားမှု့မျိုးနဲ့
တခါလောက်တော့
အရင်လိုဘဲ
ပြန်ချစ်ကြည့်ချင်သေးတယ်.........။။။
(28.7.2010 AM 1:15 )
27 July 2010
ကူညီကြပါဦး...
တကယ်လဲ post တင်လိုက်ပြီဆိုခြားထားတဲ့စာလုံးတွေက..အကုန်ဆက်နေရော..
နေရာခြားထားတာမရှိဘူး..ခြားပြန်ရင်လဲ..စာကြောင်းတွေကသုံးပိုင်းလောက်ခွဲပြီး..
ပေါ်နေရော..အဲတော့ကျမစာရိုက်လို့..စကားစုလေးတွေကိုခြားချင်ရင်
(......) တွေနဲ့ခြားရတယ်..ကျမတင်ထားတဲ့ပိုစ့်တွေကိုဖတ်ကြည့်လိုက်တာနဲ့
သိသာပါတယ်..ကူညီကြပါဦးရှင်..
နောက်တခုကတင်တဲ့Post ထဲမှာ..link ထည့်တာပါ
ဥပမာ...ကျမပိုစ့်ထဲမှာကျမကBlogger တယောက်ရဲ့link ထည့်ချင်တယ်ဆိုပါတော့
ဘယ်လိုထည့်ရလဲ..တချို့ဆို..ဘယ်သူဆိုပြီး..သူ့နာမည်လေးကိုနှိပ်လိုက်တာတဲ့
သှူု့Blog စီတခါထဲရောက်သွားရောလေ..အဲလိုမျိုးကိုပြောတာလေ..
ကျမလုပ်ကြည့်ပေမဲ့မရဘူးဖြစ်နေလို့ပါ....သိတဲ့သူများကောမက်ထဲမှာ
အော်သွားပေးကြပါဦးနော်.....
22 July 2010
အလှူ......
မေးပါတယ်(စားချင်တာတွေမှာချင်ပေမဲ့သူ့ကိုအားနာလို့ပါ...သူလဲသယ်ရမဲ့ပစ္စည်းမနဲပါဘူး)
ကျမကိုယ်စားအလှူလေးတစ်ခုလုပ်ခဲ့ပေးဖို့ဘဲမှာဖြစ်ပါတယ်....ကျမပေးလိုက်တဲ့ပိုက်ဆံကို
ဘယ်နေရာ..ဘယ်အဖွဲ့အစည်းကိုလှူပါလို့မပြောလိုက်ပါဘူး...ကျမကဟိုနေရာမှာလှူခိုင်း...ဒီနေရာမှာလှူခိုင်း
ပေမဲ့လည်း..သူကအားဦးမှကိုး...ရန်ကုန်ပြန်သွားပြီဆိုတာနဲ့...စားချင်တာတွေ..လုပ်ချင်တာတွေ..တွေ့ရမဲ့
ဆွေမျိုးတွေ...ကိစ္စတွေကများလှပါတယ်.....အဲဒါကြောင့်မို့ပါ..နောက်ပြီးတော့လဲ..လှူတယ်ဆိုတဲ့နေရာမှာ
ကျမဘောင်မခတ်ချင်ဘူး...တကယ်လိုအပ်နေတဲ့..တကယ်လှူသင့်တဲ့နေရာတွေကအများကြီးပါဘဲ....
အဲဒီထဲမှာမှ..ကိုယ်စိတ်ကူးသန်ရာလေး...ကိုယ်နဲ့ဆက်စပ်တဲ့အသိုင်းအဝိုင်းအနီးနားမှာရှိတဲ့..နေရာမျိုးမှာဘဲ
သွားလှူဖြစ်တာများပါတယ်....ကျမမှာလိုက်တာကကျမပေးလိုက်တဲ့ပိုက်ဆံကို...သူသွားရင်းလာရင်းနဲ့
တကယ်လိုအပ်နေတာမျိုးဆိုလှူခဲ့လိုက်ပါဆိုပြီးတော့ပါ...ကျမရဲ့ချွေးနဲစာလေးနဲ့...လူတယောက်ရဲ့
လိုအပ်မှု့တစ်ခုကိုဖြည့်ဆည်းခွင့်ရလိုက်ရင်ဘဲကျမကျေနပ်ပါတယ်...ထမင်းအရမ်းဆာနေတဲ့လူတယောက်
ကိုတွေ့လို့ထမင်းစားဖို့ပိုက်ဆံပေးခဲ့ရင်လဲကျမကျေနပ်ပါတယ်...သူများနိုင်ငံမှာအလုပ်လုပ်ပြီးပိုက်ဆံရှာရတာ
အရမ်းပင်ပန်းပါတယ်...ကျမလေ.....မိုးခေါင်တဲ့နေရာမှာဘဲမိုးပိုရွာစေချင်ပါတယ်....
ကျမငယ်ငယ်တုန်းက..တက္ကသိုလ်ပထမနှစ်လောက်ကပေါ့...သူငယ်ချင်းတယောက်စီသွားနေကြပါ...
သူတို့အိမ်ကကားလမ်းမကြီးပေါ်မှာဆိုတော့...ကျူရှင်သွားတိုင်း...သူတို့အိမ်ခဏဝင်နေကြပါ...
ကားဂိတ်ကသူ့အိမ်ရဲ့..မျက်စောင်းထိုးလေးမှာပါ..သူတို့မိသားစုကစတိုးဆိုင်ဖွင့်ထားပါတယ်..
လမ်းမကြီးပေါ်မှာဆိုတော့အလှူခံတွေလဲများတာပေါ့...အထူးသဖြင့်သီလရှင်သေးသေးလေးတွေ
အလှူလာခံတာပါ...တနေ့ကျမနဲ့ဆုံတော့ကျမကပိုက်ဆံ50လှူမလို့ပါ...အဲဒီမှာသူငယ်ချင်းအမေက..
မလှူနဲ့ဆိုပြီးတားပါတယ်...သီလရှင်လေးတွေကမျက်လုံးလေးတွေအဝိုင်းသားနဲ့ကျမကိုကြည့်လို့လေ...
သူ့အမေကတားတော့ကျမလဲမလှူဖြစ်တော့ပါဘူး..နောက်တော့သူငယ်ချင်းအမေကပြောပြပါတယ်..
"အန်တီတို့လဲသီလရှင်ကလေးလေးတွလာရင်50...100တော့လှူနေကြပါသမီးရယ်...ဒါပေမဲ့သူတို့က
လှူလိုက်တဲ့ပိုက်ဆံကိုရေခဲချောင်းတွေဝယ်စား....ကိုးရီးယားမင်းသားပုံတွေဝယ်တာလေ...ကားမှတ်တိုင်က
ပုံရောင်းတဲ့ကုလားမကြီးဆိုသူတို့နဲ့အဆင်ပြေလို့.......ဒါကြောင့်နောက်ပိုင်းမလှူတော့တာပေါ့.....အဲဒါကြောင့်
သမီးကိုမလှူနဲ့လို့အန်တီကတားလိုက်တာ......'' ....ဆိုပြီးပြောပါတယ်....
အဲဒီမှာကျမတွေးမိတာကကိုယ်ကလှူလိုက်ပြီဆိုရင်...ကြားဖူးတာပေါ့နော်..စေတနာသုံးတန်ပြဌါန်းပြီး
လှူလိုက်ရတာမှတ်လား.....ကိုယ်လှူလိုက်တဲ့ပိုက်ဆံကို.....ဘာဘဲလုပ်လုပ်ပေါ့...မဟုတ်ဘူးလား...
နောက်ပြီးတော့စဉ်းစားမိတာက...သီလရှင်လေးတွေက..ကလေးလေးတွေပါ....ဒီအရွယ်မှာသူတို့လဲ
ရေခဲချောင်းစားချင်မှာပေါ့...ကိုးရီးယားကားတွေပြနေလို့..ကိုးရီးယားမင်းသားမင်းသမီးတွေကိုသူတို့လဲ....
ကြိုက်မှာပေါ့...နောက်ပြီးသူတို့အလှူခံထွက်ရတာက...Aircon...ဖွင့်ထားတဲ့ကားနဲ့မှမဟုတ်တာလေ...
နေပူထဲလမ်းလျှောက်ပြီးသွားရတော့..ရလာတဲ့ပိုက်ဆံလေးနဲ့ရေခဲချောင်းဝယ်စားမိမှာဘဲ...
အဲဒါသူတို့ကိုအပြစ်တင်သင့်သလားဆိုတာပါ...
နောက်တစ်ခုကလှူလိုက်တဲ့ပမာဏပါ...တကယ်တော့50...ဆိုတာအဲဒီအချိန်မှာရေခဲချောင်း
တစ်ချောင်းစာတန်ဘိုးဘဲရှိတာပါ....ကျမမှတ်မိပါသေးတယ်..အဲတုန်းကမုန့်ဟင်းခါးတပွဲကို150လားမသိဘူး
ကျမကတော့ဘာမှပြန်ပြောမနေတော့ပါဘူး....ကျမတွေးမိတာတွေကိုလဲထုတ်ပြောမနေတော့ပါဘူး
တော်ကြာသူငယ်ချင်းနဲ့ပါအခင်မင်ပျက်နေပါဦးမယ်......စိတ်ထဲမှာတော့သူငယ်ချင်းအမေကိုတမျိုးကြီး
ဖြစ်သွားပါတယ်....နောက်ပိုင်းသူတို့အိမ်အလှူလုပ်ရင်...ကျမနားထောင်မိပါတယ်.....ဘယ်ဘုန်းကြီးကိုမှ
ပင့်တာမျိုးတို့..ဘယ်ကျောင်းတိုက်မှာသွားလှူတာမျိုး.....ဆိုတာတွေကြားနေရပါတယ်...ကျမတော့စိတ်
ထဲမှာဘဲအကုန်လုံးကိုသိမ်းထားလိုက်ပါတယ်....ကျမဆုံးဖြတ်မိတာကတော့...ကျမသာအဲလိုအလှူတွေ
လုပ်ရမယ်ဆိုရင်....တကယ်လိုအပ်နေတဲ့နေရာမျိုးမှာဘဲ...ကျမလှူမယ်လို့ဆိုပြီးတော့ပါ....
ကျမတို့တက္ကသိုလ်တွေစာမေးပွဲဖြေတော့ရပ်ကွက်အထက်တန်းကျောင်းတွေမှာသွားဖြေရတယ်.
စာမေးပွဲသွားဖြေရင်းနဲ့ကျမဘုန်းကြီးကျောင်းတခုကိုတွေ့ခဲ့ပါတယ်....ဘာမှပြည့်ပြည့်စုံစုံလဲရှိပုံမရပါဘူး.....
နောက်..စာမေးပွဲပြီးတော့..ကျမမွေးနေ့နဲ့ဆုံတာနဲ့သူငယ်ချင်းတွေကိုမုန့်ကျွေးမဲ့ပိုက်ဆံကို
ဘုန်းကြီးကျောင်းမှာလိုမယ်ထင်တဲ့...ရေခွက်တို့...ဆွမ်းခွက်တို့...မျက်နှာသုတ်ပဝါတို့...ဆပ်ပြာတုန်းတို့
တိုလီမိုလီလေးတွေဝယ်သွားပြီးလှုဖြစ်ပါတယ်...ကျောင်းထိုင်ဘယ်သူမှန်းလဲမသိပါဘူး...မွေးနေ့မို့လာလှူ
တာပါဆိုပြီးဝင်လှူလိုက်တာပါ...ကျမလှူတဲ့...ပစ္စည်းတွေကတန်ဘိုးမရှိလှပါဘူး....ဒါပေမဲ့..အလှူလက်ခံတဲ့
ဘုန်းဘုန်းကတကယ်ကိုဝမ်းသာအားရနဲ့ပါ..ကျမတို့ကို...ကျောင်းကဆင်းရဲတော့ဘာမှမရှိဘူးတဲ့....
ရှိတဲ့ထန်းလျှက်ဘဲကျွေးပါရစေဆိုပြီး...ကိုရင်လေးကိုထန်းလျှက်ခဲနဲ့ရေနွေးကြမ်းယူလာခိုင်းပါတယ်...
ကျမရဲ့မွေးနေ့တွေထဲမှာ..အဲဒီမွေးနေ့ကအဓိပ္ပါယ်အရှိဆုံးနဲ့...အမှတ်အရဆုံးပါဘဲ....
တကယ်တော့ရေတွေပေါနေတဲ့နေရာမှာ....ရေတခွက်ကတန်ဘိုးမရှိလှပါဘူး.....
ရေမရှိတဲ့နေရာမှာတော့ရေတခွက်ဆိုတာ......အင်မတန်ကို....တန်ဘိုးကြီးလှပါတယ်...။။။။
(23.7.2010.....AM 00:38 )
17 July 2010
နှင်းဝေတဲ့ဆောင်း..

တချက်အဝေ့.....
နှင်းငွေ့ငွေ့နဲ့
ဖွဖွအေးတဲ့
မြောက်ပြန်လေက
လာလှုပ်နိုးတယ်......
နှင်းရည်ဆမ်းတဲ့
စံပါယ်ပွင့်ကလေး
ပျံပျံသင်းလို့
ရနံဖြာပေးတယ်.......
ကြည့်လေရာ
မြူဆိုင်းတဲ့
ဒီရာသီ
ဆောင်းပေမို့.....
ခရေတွေလည်းဖူးပြန်လို့
ရာသီဦးမှာ
ပွင့်ခဲ့တယ်......
မြမြအေးတဲ့
ငွေ့နှင်းထဲက
ဆောင်းအလယ်
သဇင်တခေါက်
ပွင့်ပြန်တယ်.......
နွေရာသီ
တစ်ခေါက်ပြောင်း
မိုးရာသီ
တစ်လှည့်ဟောင်းလို့
သြော်.............
.......................
နှင်းဝေတဲ့
တစ်ဆောင်းသစ်ပြန်ပြီလေ..............။။။။
(17.7.2010 ....AM ..2:59 )