23 June 2015

ဝေဖန်ခြင်းစကားလုံးများ

Posted by blackroze at Tuesday, June 23, 2015 1 comments
လောကတွင် ကျမဖြတ်သန်းခဲ့တဲ့အနေအထားတလျှောက်မှာ လူသုံးမျိုး ခွဲခြားခဲ့ဖူးသည် ။ အကောင်းမြင်သမား
ဘယ်အရာကိစ္စ ကို   မဆို မျှတသောစိတ်ထား အမြင်နဲ့ ကြည့်ပေးတတ်သူ ။
အဆိုးမြင်သမား
ဘယ်ကိစ္စမဆို အဆိုးမြင်ဝါဒဖြင့်သာကြည့်တတ်ပြောတတ်သူ ။
ဝေဖန်ရေးသမား
ဝေဖန်ရေးသမားထဲမှာတောင်မှ နှစ်မျိုး နှစ်စား ခွဲရမယ်ထင်တယ် ။တမျိုးကတော့ တွေ့တာ မြင်တာကို
ဝေဖန်တတ်တဲ့သူ သူမြင်တဲ့ ရှု့ ထောင့်ကနေ ဝေဖန်တတ်တာမျိုးပေါ့ ...နောက်တမျိုးကတော့
သူတို့စိတ်နဲ့ နှိုင်းပြီး လိုက်ဝေဖန်တတ်တဲ့သူ ..။

ကျမပြော ချင်တာက သူတို့စိတ်နဲ့နှိုင်းပြီး ဝေဖန်တတ်တဲ့သူများကိုပါ ။ လူချင်းမတူပါဘူး..
အသက်ရှု ချင်းလည်းကွဲပါလိမ့်မယ်..ကော်ဖီကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်းရှိပါတယ် ။
လူတယောက်နဲ့တယောက် ဖွဲ့စည်းပုံ မတူသရွေ့ ခံစားအသက်ရှင်ပုံလည်း မတူပါဘူး ။
အဓိကတော့ ကိုယ်ဟာ သူမဟုတ်တဲ့အတွက် သူ့လိုခံစားချက်မရှိနိုင်ပါဘူး ..
အဲတာကို ကိုယ်စိတ်နဲ့ လိုက်ညှို့ ပြီးဝေဖန်နေမယ်ဆိုရင် ..

 ဒီ ဆက်ဆံရေး ကဘယ်လိုလုပ်အဆင်ပြေနိုင်တော့မလည်း ။

လူဆိုတာ အတ္တစွဲ ရှိတတ်ကြတဲ့ အမျိုးပါ ၊ ပုထုဇဉ်မှန်ရင်   အတ္တ ဆိုတာနဲ့မကင်းကြပါဘူး ။
ဝေဖန်ရေးဆိုတာကတော့ မရှိမကောင်းရှိမကောင်းလို့ ပြောရင်လည်းရပါတယ် ။ အတ္တကင်းတဲ့
ဝေဖန်ခြင်းမျိုးတော့ ဖြစ်ဖို့လိုတာပေါ့နော်  ၊ငါနဲ့မတည့်လို့ကတော့ တွယ်ခံရပြီသာမှတ်ဆိုတဲ့
စိတ်ထားနဲ့ဆိုရင်တော့ ဒါ ဝေဖန်မှု့မဟုတ်တော့ဘူး..တိုက်ခိုက်မှု့ ဖြစ်သွားပီ...။

ကိုယ်လုပ်တဲ့အကြောင်းကိစ္စ တခုက အကောင်းလားအဆိုးလားဆိုတာ ကိုယ်တိုင်ထက်ဘေးလူက
ပိုသိတယ်  ပိုမြင်နိုင်တယ် ၊ဒါကြောင့် အမှားအမှန် အကောင်းအဆိုးကို ထောက်ပြ ပေးတဲ့ဝေဖန်မှု့ဆိုတာ
ရှိကိုရှိရမယ် ။လိုလည်းလိုအပ်တယ် ။ တခုဘဲ သမာသမတ်ကျတဲ့ဝေဖန်ထောက်ပြမှု့ တခုဖြစ်ဖို့ပါဘဲ။
ကိုယ့်အမြင်နဲ့ မတူတိုင်း ပုတ်ခတ်တာမျိုး ...ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါ ထောက်ပြသလိုလိုနဲ့
အသုံးမကျဘူးဆိုတဲ့အကြောင်း တလောကလုံးကကို  လိုက်ပြောတတ်တာမျိုး ငါ့မဟုတ်   ငါ့အဖွဲ့စည်း
မဟုတ်တဲ့ အတွက် မကောင်းဘူးဆိုတာကြီးဘဲ တွင်တွင်ပြောတာမျိုး...ဒီလိုလုပ်ရပ်တွေကို ဝေဖန်တာလို့
သတ်မှတ်လို့မရတော့ဘူး ... ဒါဟာအောက်ကျတဲ့ အကျင့်စရိုက် ကို ဖော်ပြတဲ့ လုပ်ရပ်...
ကျမတော့အဲလို ဘဲသတ်မှတ်တယ် ။

တချို့က ကိုယ်က မနက်စာ ဆို မုန့်ဟင်းခါးစားရတာကြိုက်တယ် ။ ကိုယ့်ဘာကိုယ်စားချင်တာစားပေါ့ ။
သူများက မနက်စာကို ကော်ဖီနဲ့ပေါင်မုန့် စားရတာကြိုက်ရင် ကြိုက်မှာပေါ့..အဲတာကို မှ ကိုယ်စားတာသူများ
မကြိုက်လို့မစားတိုင်း ကော်ဖီနဲ့ ပေါင်မုန့်မှစားတာ ဘိုစာဘဲစားတာဆိုပြီး မကောင်းမပြော သင့်ဘူးပေါ့ ။
လူတယောက်ပြောလိုက်တဲ့ စကား လုပ်လိုက်တဲ့အပြုအမူ တခုကို  ကိုယ့်အတွေးနဲ့ ထင်တာစွတ်ပြောတာမျိုး
ရမ်းသမ်းပြီး ပါးစပ်သေနတ်ပြစ်တာမျိုး ကျမတော့ အဲလိုလူတွေကို တကယ်အံသြတယ်.. သူများကိစ္စကို
ဘုမသိဘမသိ  အထင်နဲ့ ပြောနေတဲ့ လူတယောက်ကိုလေးစားဖို့ဆိုတာ တော်တော်ခက်ပါတယ် ။
တကယ်သေချာသိတယ် ။ အစကနေအဆုံး ရေရေလည်လည် သဘောပေါက်တယ် ..ဒီလိုအနေအထား
ကနေ ဝေဖန် တယ်ဆိုတာ လက်ခံပေးလို့ရတယ်...။အဲလိုဝေဖန်တယ်ဆိုတဲ့နေရာမှာတောင် ငါစွဲကင်းတဲ့
ဝေဖန်မှု့မျိုး ဖြစ်ဖို့လိုအပ်ပါသေးသည် ။ငါကတော့ ဒီလိုအနေအထားဆို လုံးဝလက်မခံဘူး..ဟုတ်ပါတယ်..
ကိုယ့်ဘဝ ကိုယ် ပိုင်ပါတယ်။ ကိုယ်ကြိုက်သလိုဆုံးဖြတ်လို့ရပါတယ် ။ဒါပေမဲ့  ငါ မဟုတ်တဲ့ တခြားတယောက်ကိုတော့ငါဆိုတဲ့  စိတ်ထဲက အတွေးနဲ့ခံစားချက်နဲ့ လိုက်တန်းညှိုလို့မရပါဘူး ။
သူဟာသူ ...ငါဟာငါ  ...ပါ ။ မတူညီပါဘူး ။

 အရင်ကဆိုရင် တော့  လဘက်ရည်ဆိုင်မှာ လဘက်ရည် သောက်ရင်း ပြောကြ ဆိုကြ ဆွေးနွေးကြ  ဝေဖန်ကြပေါ့ ။
နောက်တော့ ခေတ်တွေစနစ်တွေ ပြောင်းလာတော့ လဘက်ရည်ဆိုင်နေရာမှာ facebook ကအစားထိုးနေရာယူလာတယ်။
သတင်းတခုတက်လာရင် ဝေဖန်မဲ့ ဆရာကြီးတွေက အွန်လိုင်းကိုကြွချီ ပြီး စကားစစ်ထိုးဝေဖန်ကြပါတယ်။
အကြောင်းအရာခိုင်ခိုင်လုံလုံ အချက်အလက်နဲ့ ပြောကြဆိုကြတာ ရှိသလို ပြောချင်တာပြော ကိုယ့်ကိုသူများသိတာမဟုတ်ဘူးလေ ဆိုပြီးရင့်ရင့်သီးသီး တိုင်းထွာဆဲတာတွေပါ ပါလာပါသည် ။

လူတယောက်မှာ intelligence quotient (IQ) ရှိဖို့လိုအပ်သလို emotional quotient (EQ) ဆိုတာလည်းရှိဖို့လိုအပ်ပါသည်။စကားပြောတယ်ဆိုတဲ့ နေရာမှာတောင် ပြောသင့်တဲ့စကား..
ပြောသင့်တဲ့နေရာ ပြောသင့်တဲ့အချိန်ဆိုတာ ရွေးချယ်ရပါသေးသည် ။အချိန်အခါ ကာလံဒေသံ ဆိုတာ ရှိပါသေးသည် ။ကိုယ်တိုင်တောင် ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းချုပ်နိုင်ဘဲ
ရေးချင်တာရေး  ပြောချင်တာပြော  စိတ်ထဲထင်သလိုနဲ့ လိုက်ဝေဖန် အပြစ်ပြောတတ်တဲ့ သူမျိုးကို
ဘယ်လိုသတ်မှတ်မလည်း  ။ကြမ်းကျွံတာ နှုတ်လို့ရပေမဲ့ စကားကျွံတာက နှုတ်လို့မရတော့ပါဘူး..။
ကိုယ့်နှုတ်ကထွက်တဲ့စကားတခွန်းက ကိုယ့်ရဲ့ တန်ဖိုးကို ဖေါ်ပြတတ်ပါသည် ။ကိုယ်ရဲ့ မဆင်မခြင်
ပြောလိုက်တဲ့ စကားတခွန်းကြောင့် သူတပါး ထိခိုက်သွားတာ မကောင်းသလို..ကိုယ် တိုင်လည်း
ဒီစကားကဖေါ် ပြလိုက်တဲ့ တန်ဖိုးတခုကို ပြန်သတ်မှတ်ခံရမှာပါ ။

ဥပမာ ..ပြောရရင်
ကိုယ့်သူငယ်ချင်းထဲမှာ နွမ်းပါးတဲ့သူငယ်ချင်းတယောက်ပါတယ်ဆိုပါတော့ ..တနေ့ သူဝတ်လာတဲ့
အကျီနွမ်းလေးကို ကြည့်ပြီး  မင်းအကျီကလည်း စုတ်ပြတ်နေတာဘဲကွာလို့ ...ပြောလိုက်တဲ့ စကားတခွန်းက  အဲဒီသူငယ်ချင်းရဲ့ စိတ်ကို ဝမ်းနည်းထိခိုက်စေမှာ အသေအချာ ဘဲ..
ကိုယ်ပြောတာကို ကြားလိုက်ရတဲ့ တခြားသူတွေကရော..ဘယ်လိုပြောမလည်း ဒီကောင်တော်တော်
မောက်မာတာဘဲ...သူများ အကျီစုတ်တာတောင် လိုက်ဝေဖန်နေတယ်..သူ့ဘာသာ အဆင်မပြေလို့
အဝတ်အစားမတောက်ပြောင်တာကို နှိမ်ပြီးပြောနေတယ်..ဆိုပြီး ကိုယ့်ကို စိတ်ဓါတ်အဆင့်အတန်း မရှိသူ လို့ သတ်မှတ်တာကိုပြန် ခံရမှာပါ ။

တကယ်တော့ စကားဆိုတာ ပြောတိုင်းလည်း မကောင်းပါဘူး ။ အသိညဏ်နဲ့ ဘောင်ခတ်ပြီး
ကိုယ်ချင်းစာတရားနဲ့ စီစစ်ပြီး ပြောတာအကောင်းဆုံးပါ ။ မြတ်စွာဘုရားရဲ့တရားတော်ထဲမှာပါတဲ့
သုဂတော  ဆိုတဲ့ ဂုဏ်တော်ဟာ ကောင်းသော စကားကိုဆိုသော မြတ်စွာဘုရား
မှန်ကန်၍ အကျိုးရှိသော စကားကိုဆိုတော် မူသော မြတ်စွာဘုရားလို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုပါတယ် ။
(ဒီထက်ပိုပြီး တော့ ပြည့်စုံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလည်း ရှိမှာပါ ။ကျမ က ကျမ ဖတ်ဖူးတာကိုဘဲ
ထည့်ရေးထားတာပါ ၊)တရားတော်မှာတောင် စကားတလုံးရဲ့တန်ဖိုး ...စကားတခွန်းရဲ့ အရေးပါပုံကို
ရေးသားထားတာ ဖတ်ရတယ် ဆိုကထဲက စကားဆိုတာဆင်ခြင်ထိန်းသိမ်းပြောသင့်တဲ့ အရာတခုလို့
ကျမက သတ်မှတ်ပါသည် ။တယောက်ကိုတယောက်ခင်မင်လို့ စနောက်တယ်ဆိုတာ
ရင်းနှီးမှု့ အနေအထားအရ နားလည် လက်ခံပေးလို့ရပါသည် ။

ဒါပေမဲ့လည်း ပေါ့ ...တချို့ သောစကားတွေ ကတော့ အလွယ်သဘော ပြောလို့ မရကောင်းဘူးလို့
ထင်ပါသည် ။ အထူးသဖြင့်ကိုယ့်နှုတ်က ထွက်လိုက်တဲ့ စကားတခွန်းကြောင့် သူတပါးကို မထိခိုက်စေ
တာအကောင်းဆုံးပေါ့။ကိုယ့်စိတ်နဲ့ သဘောမတွေ့တိုင်း ..ပြောလိုက်ရမှ ကျေနပ်တယ်လို့
ကိုယ့်ဘာသာခံစားမိနေရင် တော့...သေချာပါပြီ..သင်ဟာ EQ မကောင်းတဲ့သူပါ ဘဲ...
EQ မကောင်းတဲ့ သူတွေဟာ အညံစား ဝေဖန်ရေးသမားတွေ ဖြစ်နေတတ်သည် ။ဆိုင် ဆိုင် မဆိုင်ဆိုင်
ပေါက်လွတ်ပဲစားပြောသလို ပြောနေတတ်တဲ့ သူတွေ ဖြစ်နေတတ်သည်  ။

ကိုယ့် emotion ကို ကိုယ့်ဘာကို မထိန်းနိုင်ဘဲ စိတ်ထဲ သဘောမတွေ့တိုင်း ... ပြောရမှ ကျေနပ်တဲ့
သူတွေရဲ့ ပါးစပ်က ထွက်လာမဲ့  စကားတခွန်းဟာ  ဘယ်လိုစကားဘဲဖြစ်နေမလည်းဆိုတာ
ခန့်မှန်းကြည့်လိုက်ရုံနဲ့တင် ရပါပြီ ။အကောင်းအဆိုးဆိုတာထက် သူတို့တွေက သူတို့ အထင် သူတို့ အတွေးနဲ့ သူတို့ဘာသာ သတ်မှတ် ဆုံးဖြတ် ပြီး ပြောလိုက်ရမှ ကျေနပ်တဲ့သူတွေလေ ။အဲလို လူတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သူတို့စိတ်နဲ့ သူတို့ဘာသာတယောက်ထဲ ပြန်ရန်ဖြစ်နေတတ်သည် ။  တကယ်တော့ လူ့ အသိုင်းအဝိုင်းဆိုတာလည်း
အပြန်အလှန် လေးစားမှု့နဲ့ ဆက်ဆံရတာ မျိုးပါ ။ကိုယ့်နှုတ်ကထွက်တဲ့ စကားတိုင်းကို
လူတိုင်း တန်ဖိုးထားတာ လိုချင်ရင် ကိုယ်တိုင်ကလည်း တန်ဖိုးရှိတဲ့စကားမျိုး ဘဲပြောဖို့ လိုတာပေါ့နော် ။
အလကားရတဲ့လေနဲ့ စကားပြောတာ ဆိုပေမဲ့ လည်း  ကိုယ်ပြောတဲ့ စကားရဲ့တန်ဖိုးဟာ..ကိုယ့်တန်ဖိုးပါဘဲ... တခုတော့ ရှိတာပေါ့နော်.. ပါးစပ်ကဘုရားဘုရား လက်ကကားယားကားယား တော့ မဖြစ်စေနဲ့ပေါ့ .....  ။။။။။။

ပစ်ပစ်
PM 11:49
20.6.2015


10 June 2015

အမှတ်ရခြင်း ..ညနေခင်းလေး

Posted by blackroze at Wednesday, June 10, 2015 3 comments
ကျမဘဝမှာ အမှတ်တရ များစွာ ရှိပါသည် ။
ကျမကိုယ်တိုင် ပြန်မစဉ်းစားဘဲ မေ့ပြစ်ထားခဲ့သော အမှတ်တရ များစွာလည်း ရှိခဲ့ဖူးသည်။
မကြာခဏ ပြန်စဉ်းစားပြီးလွမ်းမော မိနေတတ်သော အမှတ်တရ လေးတွေ လည်း ရှိပါသည် ။

ကျမ မြန်မာပြည်ကိုအလည်ပြန်တဲ့ ခဏမှာ အဲဒီအမှတ်ရခြင်းတွေကို ပြန်ရှာကြည့်ခဲ့မိသည်။



ကျမတချိန်တုန်းက သူငယ်ချင်းတွေနဲ့ သွားလာ ပျော်ရွှင်ခဲ့ဖူးတဲ့ လှည်းတန်းကိုရောက်တယ်  ။
အလုံ ကြည့်မြင်တိုင်လို့ အော်နေတဲ့ ဘတ်စ်ကားတွေ  ဆူးလေ လို့အော်နေတဲ့ ဘတ်စ်ကားတွေ ။
Taxi တွေရော ကိုယ်ပိုင်ကားတွေပြည့်ကျပ်နေတဲ့ လမ်းဘေးပလက်ဖောင်း ..။
လမ်းဘေးမှာတိုလီမုတ်စ ပစ္စည်းလေးတွေ ချ ရောင်းတဲ့ လမ်းဘေးဈေးသည်လေးတွေ... ဈေးဘေးကလမ်းထိပ်မှာ
အကင်မျိုးစုံရောင်းတဲ့ဆိုင်ကနေ လွင့်ပျံလာတဲ့ အကင်ရနံတွေ ..ဈေးအနောက်ဘက်က ကြာဇံချက်နဲ့ ရှောက်သီးသုတ် ငါးဖယ်သုတ်ရောင်းတဲ့ ဆိုင်မှာ ကြိတ်ကြိတ် တိုး နေတဲ့ ကောင်လေးကောင်မလေး စုံတွဲတွေ ....သူငယ်ချင်းအုပ်စုလိုက်တွေ.. အလုပ်ကနေပြန်လာတဲ့ မိန်းကလေးတွေ
ကျူ ရှင်တွေ သင်တန်းတွေကနေ ပြန်လာပုံရတဲ့ မိန်းကလေးတွေ
ဈေးဘေးကလမ်းတလျောက်မှာ ဟင်းရွက်တွေ မြန်မာမုန့်တွေ အထည်အလိပ်တွေ ရောင်းတဲ့ ဆိုင်တွေ ..ပုံရိပ်မျိုးစုံနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လှည်းတန်းဟာ တချိန်တုန်းက ညနေခင်းတွေအတိုင်းဘဲ..ဘာမှအပြောင်းအလဲမရှိခဲ့ပါဘူး..ကျမ ဟိုစဉ်တချိန်က စားခဲ့တဲ့ ကြာဇံချက်နဲ့ ငါးဖယ်သုတ်ဟာလည်း အရင်ကအရသာအတိုင်းပါဘဲ..အပြောင်းအလဲမရှိပါဘူး..
ဒါပေမဲ့အချိန်ဆိုတဲ့ သတ်မှတ်ချက်တခုအောက်မှာတော့ ..ပြောင်းလဲသွားခြင်းတွေက များစွာ ...။



လွန်ခဲ့သောနှစ်အနည်းလို့ ပြောရမလား... လွန်ခဲ့သော နှစ်ကာလ တချို့ ကလို့ ရေး ရမလား ..
သေချာတာကတော့ ပြန်မရနိုင်တော့ တဲ့ အတိတ်မှာ ကျန်ခဲ့တဲ့ တဲ့   ကာလတွေစီကပေါ့ ။
ဒီလှည်းတန်းဆိုတဲ့ နေရာတခုမှာ မိန်းကလေးတယောက်ဟာ အပေါင်းသင်း သူငယ်ချင်းတွေနဲ့
ပျော်ရွှင် စီးမျော ခဲ့ဖူးပါသည် ။အကျီဆိုင်တွေမှာ ချိတ်ထားတဲ့ အကျီတွေ ငေးမောရင်း ၊ဖိနပ်ဆိုင်က
ဖိနပ်လှလှ လေးတွေဝင်ကြည့်ရင်း သူငယ်ချင်းတွေနဲ့ စကားတွတ်ထိုးရင် လွယ်အိတ်လေး တဘက် 
File လေးတဘက်နဲ့ နုနယ်ပျို မြစ် ခြင်း ဆိုတဲ့ အလှတွေနဲ့ လိပ်ပြာကလေးတကောင်လိုဘဲ
လွန့် လူး ပျံသန်းခဲ့ဖူးတယ် ။ 

အဲဒီကာလ တုန်းက  မျှော်လင့်ခြင်း ဆိုတာ (ကျမတို့သူငယ်ချင်းအားလုံးရဲ့ရည်မှန်းချက်လို့ ပြောရင်လည်းရပါတယ်)
ကျောင်းပြီးတဲ့အခါ မှာ လခကောင်းကောင်းအလုပ်တခုရနိုင်ဖို့ ...ဒါမှ မဟုတ်လည်း နိုင်ငံခြား ထွက်ပြီး ပိုက်ဆံရှာနိုင်ဖို့ .. အားလုံးရဲ့ ရည်မှန်းချက်က အတူတူ ပါဘဲ ..နိုင်ငံခြားအဆက်သွယ်ရှိသူတွေကတော့
အမျိုးတွေရှိတဲ့နေရာ သွားဖို့  ..တချို့ ကျတော့ ကျောင်းဝင်ခွင့်တခုခုရအောင် ဖြေနိုင်ဖို့ ..အစရှိသဖြင့်..
မျှော် လင့်ချက်ကိုယ်စီနဲ့ ကြိုးစားခဲ့ကြတယ်  ။ အဓိက ဦးတည်ချက်ကတော့ ငွေ  ဆိုတဲ့  ပိုက်ဆံပါဘဲ ..။


နောက်တော့ ကျမတို့တွေ ဘွဲ့ကိုယ်စီ ရခဲ့တယ်  ။အချိန်ဆိုတာ ဘာမှမကြာလိုက်သလိုနဲ့ ကျမတို့တွေ ..ဘွဲ့ ရ သွားတယ် ။သင်တန်းတွေ ပြီးသွားတယ် ။ ကဲ..ကျောင်းသူဘဝဆိုတာ အချိန်တိုတိုလေး အတွင်းမှာ ပြီးဆုံးသွားပြီ  ။ မျှော်လင့်ချက်တွေ ကိုယ်စီထားခဲ့ကြသလို ..တကယ့် ဘဝ ဆိုတာထဲကို

ကျမတို့ သူငယ်ချင်းတွေအား လုံး အရှိန်ပြင်းပြင်းနဲ့ ထိုးဖောက်ဝင်ခဲ့ကြတယ် ။အဆက်အသွယ် မပြတ်ကြေးနော်.. သတိရကြေး..နင်အဆင်ပြေသွားရင် ငါတို့ ကို မမေ့နဲ့နော်..မေ့လို့ကတော့ နာပြီ
သာမှတ် ဆိုတဲ့ ချစ်ခင်မှု့ အပြည့်ပါတဲ့ ကြိမ်းဝါးသံလေးတွေ ..ဒါတွေ အားလုံးဟာ... ဘဝ ဆိုတဲ့ပင်လယ်ထဲမှာ ..လှိုင်းလုံးတွေ တလုံးပြီး တလုံးဆင့်လာတဲ့အခါ ..အရှိန်ပြင်းပြင်းနဲ့ ရိုက်လာတဲ့
လှိုင်းကြမ်း လေကြမ်းတွေနဲ့ ဆုံလိုက်ရတဲ့ အခါ  ...တစ တစနဲ့ ပျေက်ကွယ်ကုန်တယ် ။  

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုတဲ့ အခါမှ တယောက်ထဲဘဲကျန်ခဲ့တော့တယ် ။
ဦးတည်ရာလမ်းကြောင်းတွေ မတူကြတဲ့အတွက် လျှောက်ရင်း လျှောက်ရင်းနဲ့ တဖြည်းဖြည်း 
ဝေးကုန်ကြတယ် ။ကျမ သူငယ်ချင်းတွေကို သိပ်သတိရမိပါသည် ။မှန် သောစကား ပါ ။
ဒါပေမဲ့ အခုနေခါ သူတို့အားတယ် လာတွေ့ ပါဆိုရင် ကျမ မအားရင် ကျမ သွားတွေ့နိုင်မှာ
မဟုတ်ပါဘူး..ကျမ အားတယ် တွေ့ ချင်ပါတယ် ဆိုပေမဲ့လည်း သူတို့ အချိန် မပေးနိုင်ရင် 
လာမှာ မဟုတ်ကြပါဘူး  ... ။ ကျမတို့ တွေရဲ့ ခင်မင်မှု့ ဆိုတာ ချစ်ခင်ခြင်းဆိုတာ တွေဟာ.. အတိတ်တနေရာ မှာ ကျန်ခဲ့ပြီ  ။တယောက်နဲ့တယောက် တောင် အဆက်သွယ် မရှိကြတော့တဲ့ ကျမတို့တွေ ....တယောက်ဖုန်းနံပါတ်တောင် တယောက် မသိတော့တဲ့ ကျမတို့တွေ ..။
(အစပိုင်းကာလတွေမှာတော့ တယောက်နဲ့တယောက် အဆက်မပြတ်အောင်
ကြိုးစားပြီနေကြပါသေးတယ်..နောက်တော့လည်း နယ်ပြန်တဲ့သူ..
အိမ်ထောင်ကျ ယောက်ခမ အိမ်ရောက်တဲ့ သူ... နိုင်ငံခြားထွက်သွားတဲ့သူ ..

အရင်က ရှိခဲ့ဖူးတဲ့ အိမ်လိပ်စာလေးအတိုင်း သွားကြည့်မိတဲ့သူကျတော့ လည်း  အိမ်ပြောင်း
သွားပီ တဲ့ ...အဲလိုနဲ့ဘဲ ကျမတို့ သူငယ်ချင်းတွေ တဖြည်းဖြည်းဝေးကုန်ကြသည် )

အရင်တုန်းက သူငယ်ချင်း ဆိုတဲ့ ခင်မင်မှု့ ချစ်ခြင်းဆိုတာတွေဟာ ကျမတို့ ရှေ့ ဆက် လျှောက်လာတဲ့ လမ်းမှာ ပါမလာတော့တာ သေချာ တယ် ...ဒါပေမဲ့ လည်း  အဲဒီ ခင်မင်မှု့ ချစ်ခြင်းတရား ဟာ  တချိန်သောကာလမှာ တကယ်ရှိခဲ့ဖူးတယ်  ။
ကျမ ဘဝ တလျှောက် အမြဲတမ်း အမှတ်ရနေမိတတ်တဲ့ ဖြူ စင်မှု့ ချစ်ခြင်းတွေ ပေါ့ ။

တခုသောညနေ ခင်းမှာ အဲဒီ အမှတ်တရတွေကို  ကျမ ပြန်သွားရှာခဲ့တယ် ။
လှည်းတန်းဈေးဘေးက လမ်းတလျှောက် ဘာမှမပြောင်းလဲဘူး..ဟိုးးးအရင်က အတိုင်းဘဲ ...
ပြောင်းလဲသွားတာက ကျမ ... အဖေါ်မပါ တယောက်ထဲ အိတ်တလုံး လွယ်ပြီး ဟိုငေးဒီငေးနဲ့
ယောင်ချာ ချာ ဖြစ်နေတဲ့ကျမ  ..အကျီဆိုင်ထဲဝင်ရမလား..ကျမဘာအကျီမှ ဝယ်ချင်စိတ်မရှိဘူး..
ဖိနပ်ဆိုင်လား...ဟင့်အင်းး.. ကျမ မလိုချင်ဘူး...ကျမ ရင် ထဲကအလိုချင်ဆုံးအရာက  သူငယ်ချင်း
တယောက်ယောက် နဲ့ များ တွေ့ လိုက်လေ မလား ဆိုတာပါဘဲ  ။သူတို့တွေလည်း ကျမလိုဘဲ 
သတိရမိတဲ့ ညနေခင်းတွေမှာ  အတိတ်ကို ပြန်တမ်းတ ဖို့ ရောက်ကောင်းရောက်လာမှာပါ ။ဒါပေမဲ့ ကျမတို့တွေ မဆုံ ဖြစ်ကြတော့ ဘူး.. ။။။။အချိန်တွေကြာသွားပြီ ...နောင်လည်း ဆုံ ချင်မှ ဆုံပါလိမ့်မယ်။
 နှစ်တွေ ဆယ်ချီပြီး ကြာပြီးကာမှ အမှတ်တထင် ဆုံသလိုလည်း ဆုံ ချင်လည်းဆုံမှာပေါ့ ။မဟုတ်ဘူးလား....။။။

ဆံပင်ရှည်ရှည် တင်ပါးလောက် နဲ့ ခပ်ပိန်ပိန်သွယ်သွယ် မိန်းကလေးတယောက်..
မျက်နှာသွယ်သွယ် ..မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မိန်းကလေးတယောက်
ရယ်လိုက်ရင် သွားတက်လေးနဲ့ မိန်းကလေးတယောက်..
ခြေ တဘက် သိပ်မသန်တဲ့ မိန်းကလေးတယောက် ..
အသားညို ညို ညက်ညက်လေးနဲ့မှဲ့ ကလေးပါတဲ့ မိန်းကလေးတယောက်...
ကချင်လွယ်အိတ် အနီလေးနဲ့ ကတ္တီပါ ပုံတော် ဖိနပ်လေးတွေ စီးတတ်တဲ့ မိန်းကလေးတယောက်...
မင်းသမီး စိုးမြတ်သူဇာလို ကိုယ်လုံးကိုယ်ပေါက် ထွားထွားနဲ့ မိန်းကလေးတယောက်... 
သူတို့တွေ ဘယ်တွေများရောက်နေကြလည်း.. ... တချိန်က ကချင်လွယ်အိတ်လေး
အမြဲလွယ်နေကြ မိန်းကလေး ကတော့ အမှတ်တရ တွေကို ပြန်လာကောက်လေရဲ့ ..
ကျန်တဲ့သူတွေ ရော  အမှတ်တရ တွေကို ပြန်လာရှာကြရဲ့လား...
တနေ့မှာတော့ သူတို့ တွေ ဆုံကောင်းပါရဲ့ နော်... ။။

လှည်းတန်းကို ငေးရင်းမောရင်း ပြန်တမ်းတ မိတာတွေ အမှတ်ရတာတွေကို တယောက်ထဲ
တိုးတိုးတိတ်တိတ် ခံစားရင်း  တက္ကသိုလ်ရိပ်သာလမ်းဘက်ကို ကျမ လှျှောက်လာမိတယ်..

တချိန်က ညဘက်ဆိုရင် ကားတွေရှင်းပြီး လူအသွားအလာ နည်းပါးလွန်းတဲ့ တက္ကသိုလ် ရိပ်သာ
လမ်းကြီးတောင်  လှည်းတန်းမီးပွိုင့် နားကနေ စလို့ ကားပိတ်နေလိုက်တာ...အသက်ရှု ကြပ် ချင်စရာ..
အရင်ကဆို  UFL မှာ ဖွင့်တဲ့ သင်တန်းကနေ ပြန်တဲ့ညဘက်  အချိန်ဆို ရှင်းနေတဲ့ လမ်းကြီးက
အခုတော့ မီးရောင် တထိန်ထိန်နဲ့ ကြပ်ပိတ်နေတဲ့ ကားတန်းကြီး...ကားပေါ်မှာတော့ စိတ်မရှည် ခြင်း
များစွာ နဲ့ မျက်နှာတွေ ...ကားမောင်းတာထက် လမ်းလျှောက်လိုက်တာကမှ မြန်ဦးမဲ့ အခြေအနေမျိုး ..။


ကျမ စိတ်ထဲ အေးအေးဆေးဆေး တယောက်ထဲ အတွေးတွေနဲ့ လမ်းလျှောက်ချင်တဲ့ စိတ်တောင်
ပျောက်သွားတယ်  ။ကားပေါ်ကလူတွေမပြောနဲ့ လမ်းပေါ်ကလူတောင် စိတ်မရှည် ချင်တာ ..
ပျောက်ဆုံးသွားတဲ့ အရာတွေ ထဲမှာ သူငယ်ချင်းတွေရဲ့ ခင်မင်မှု့ တွေပါသလို ..ဒီလမ်းမကြီးရဲ့ တိတ်
ဆိတ်ခြင်းလည်းပါတယ်  ။ကျမ ပြန်ရှာဖွေရမဲ့ အထဲမှာ ကျမရဲ့ သူငယ် ချင်းတွေပါသလို ကျမရဲ့ အမှတ်ရ
ခြင်းတွေပါသလို ..ဒီလမ်းမကြီးရဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းပါ  ပါနေ ပါရောလား ။

 အရင်ကဆို လှည်းတန်းဘက်ကနေ တက္ကသိုလ်ရိပ်သာ လမ်းဘက်ကို ကူးလိုက်တာနဲ့
ရာသီဥတုတောင် ချက်ချင်းပြောင်းသွားသလို.. ညနေဘက် 6နာရီလောက်ဆို လမ်းဒီဘက် ကူးလိုက်တာနဲ့ အေးစိမ်စိမ့်လေကလေးတွေ က ဆီးကြို နှုတ်ဆက်တယ်... သစ်ရွက် တွေရဲ့
အငွေ့အသက် လတ်ဆတ်စိမ်းမြ မှု့တွေက ပွေ့ဖက် နှုတ်ဆက်တယ်...လေတိုက်လိုက်တိုင်း 
အပင်ကြီးတွေက အကိုင်းတွေ အခက်တွေ အချင်ချင်း ထိခတ်လိုက်တဲ့ ရှဲခနဲအသံလေးက 
သံစဉ်လေးတပုဒ်လို ဖျော် ဖြေ ပြန်တယ်...။။


အခုကျတော့  လမ်းအပြည့် စီထားတဲ့ ကားတွေ ..ကားတွေက ထွက်တဲ့မီးခိုးငွေ့လေးတွေ
အင်ဂျင်စက်သံတွေ  စိတ်မရှည် ခြင်း အမှတ်အသားဖြစ်တဲ့ ကားအစီးတိုင်းအထဲက စူပုပ်ပုပ်
မျက်နှာတွေ ..ကားအမျိုးအစား အကြီးအသေးသာကွာသွားမယ်.. ကားထဲက လူတိုင်းရဲ့
မျက်နှာတွေကတော့ တပုံစံထဲဘဲ.... ပိတ်နေတဲ့ကားတန်းကြီးကိုတောင် ကြည့်ပြီး ကျမစိတ်ထဲ
မွန်းကြပ်လာသလိုဘဲ.. 
""  ဟိုအရင် အချိန်တွေ  တမ်းတမက်မော..ပြန်လိုချင်တယ် အခုလေ ...
... .... .....  ...
ဟိုအရင်က အတိတ်ရဲ့ အရိပ်တွေလည်း  စိတ်ထဲရောက်ရှိလာ
မျက်လုံးထဲကမထွက်နိုင်တော့ဘူး  စိတ်ကူးထဲကမထွက်နိုင်တော့ဘူး   ""ဆိုပြီး
ဘယ်တော့မှ မမေ့ဘူးဆိုတဲ့  သီချင်း  ကိုဟစ်ပြီးတော့သာဆိုလိုက် ချင်တော့တယ်... ။။။

အမှတ်တရ ကို ပြန်တမ်းတ မိတာတောင် မွန်းမွန်းကြပ်ကြပ် နဲ့ တမ်းတခဲ့ရတဲ့ ကျမပါလေ ...။

မနက်ဘက် တမနက်တော့ ခေမရဌ် ကို သွားစားမယ်လို့ စိတ်ကူး ခဲ့ပေမဲ့ ..အချိန်မပေးနိုင်မှု့
လမ်းမသင့်မှု့ တွေကြောင့် မရောက်ဖြစ်ခဲ့ပါဘူး.. သွားမယ်လို့ စိတ်ကူးပေမဲ့လည်း ကားပေါ်မှာတင်
လမ်းပိတ်နေတာနဲ့တင် သွားချင်တာကတနေရာ ရောက်သွားတာကတနေရာ လည်းဖြစ်ခဲ့ရတယ် ...။

ကျမပြန်လာတဲ့ တခေါက်မှာ  အထက်တန်းတုန်းက သူငယ်ချင်းတချို့တလေနဲ့ပြန်ဆုံတယ်..
အိမ်နီးခြင်း သူငယ်ချင်းတချို့တလေနဲ့ ဆုံတယ်..
ကျမရဲ့ စာပေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆုံတယ်..
ဒါပေမဲ့ ကျမ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပြန်ကို မဆုံဘူး.. ။
သူတို့လည်း တယောက်တနေရာစီ ကနေ ကျမလိုဘဲ သတိရမိကြမယ်ထင်ပါတယ်  ။
အရင်လိုတော့ အားလုံးဆုံဖို့ ဆိုတာ မဖြစ်နိုင်တော့ပေမဲ့ ..အရင်ကအမှတ်တရ တွေထဲမှာတော့
အားလုံးပါ ပါတယ် ..။ကျမရဲ့ အမှတ်ရခြင်း ညနေခင်းလေးတခုကတော့ လွမ်းဆွတ်စရာလည်း
ကောင်းခဲ့သလို ...အကင်နံတွေ မီးခိုးနံတွေနဲ့လည်း သင်းပျံခဲ့ပါတယ် ။သတိရခြင်းတွေနဲ့
ဖွဲ့စည်းထားတဲ့ ညနေခင်းလေးမှာ.. ကားပိတ်ခြင်းနဲ့လည်း စိတ်မရှည် တဲ့ သူတွေကို တွေ့ခဲ့ရတယ် ။
အဲဒီညနေခင်းလေးက တော့ အရောင်စုံအောင် ခြယ်မှုန်းထားတဲ့ ပန်းချီကားတ ချပ်လိုပါဘဲ ။
နောက်ထပ်လည်းအဲလို ညနေခင်းလေးတွေ ဆုံ ချင်ပါသေးတယ် ......။။


ပစ်ပစ်
Am 3:23
8.6.2015

05 June 2015

ရွေ့လျားပြောင်းလဲ ..ခြင်း

Posted by blackroze at Friday, June 05, 2015 2 comments
ကျမတို့ ငယ်စဉ်ကလေးဘဝတုန်းက ပုံပြင်သိပ်ကြိုက်တယ်... အိမ်က အဘိုးအဘွား ဒါမှ မဟုတ်
ကြီးတော် တွေက ပုံတိုပတ်စ ကလေးတွေ  ..သမိုင်းတွေရာဇဝင်တွေ ထဲက ဘုရင်အကြောင်းတွေ
တခါတလေ စိတ်လိုလက်ရပြောပြရင် အရမ်းသဘောကျတယ် ..
စိတ်ထဲမှာလည်း ပုံပြင်ထဲက ကြားရတာတွေကို မြင်ယောင်မိလို့ ...ပုံပြင်နားထောင်ရတာကိုက
အရသာတမျိုး လို ခံစားမိနေတာ ...
ဘာလို့လည်းဆိုတော့  ကိုယ်တိုင်ဘာမှ မဖန်တီးနိုင်သေးတဲ့အရွယ်မှာ သူများပြောပြမှသာ သိရတာကိုးးး
စာသေချာ မဖတ်တတ်သေးဘူး...အဲဒီတော့ ကာတွန်းစာအုပ်တွေ ပုံပြင်စာ အုပ်တွေကိုယ့်ဘာသာ
မဖတ်တတ်ဘူး..တယောက်ယောက်ကဖတ်ပြ မှ သာ သိရတာ.. အဲဒီတော့ ပုံပြင်ပြောပြတာတို့
ကာတွန်းစာအုပ်ဖတ်ပြတာတို့ ဆိုရင် သိပ်သဘောကျမိတယ်...။

အဘွားပြောပြရင်တော့ ဂျပန်ခေတ်က အကြောင်းတွေပေါ့ ။အဘွားငယ်ငယ်က ဂျပန်ခေတ်ကို
ကလေးဘဝနဲ့ ကောင်းကောင်းမီပါတယ်... သူတို့ငယ်ငယ်က ညဘက်ဆို ဗုံးခိုကျင်းထဲ
ဝင်အိပ်ရတယ်တဲ့ ။အဘွားရဲ့ အမေက အိမ်မှာဈေးဆိုင်ဖွင့်ရောင်းပါတယ် ။ဂျပန်တွေ
ဈေးလာဝယ်ရင် ကလေးတွေက ကြောက်လို့ အိမ်ထဲဝင်ပုန်းနေကြတယ်ဆိုတာတွေ ..
ကျမတို့မသိလိုက်တဲ့ခေတ်တခေတ်ရဲ့ အကောင်းအဆိုးတွေကိုအဘွားပြောပြ လို့ နားထောင်ခဲ့ရပါတယ် ။
လွတ်လပ်ရေးရပြီလို့ ရေဒီယိုကနေကြေငြာတဲ့အခါမှာ အဘွားတို့ တရွာလုံး ငိုခဲ့ကြတာတဲ့ ။
လူကြီးတွေက ငိုတော့ အဘွားတို့ ကလေးတွေလည်း ဘာမှန်းမသိညာမှန်းမသိလိုက်ငိုကြတာတဲ့ ။
ကျမတို့ အခုခေတ်လူငယ်တွေမသိလိုက် မမြင်လိုက်ရတဲ့ မြင်ကွင်းတွေကို အဘွားစကားတွေ
နားထောင်ပြီးကျမငယ်ငယ်က ကြားခဲ့ရဘူးသည် ။

နောက်တော့ အတန်းကျောင်းလေးစတက်ရတော့  ကာတွန်းစာအုပ်လေးတွေ ..မိုးသောက်ပန်းစာအုပ်တို့ ရွှေသွေး စာစောင်တို့ကို စာလုံးပေါင်းဖတ်တတ်လာတယ် ။
ကာတွန်းထဲမှာဆိုရင်လည်း မောင်ဒီလုံး ၊ဇီးတော်ပွင့်၊ ဘနဲ့ဖွားစွာ  ..အစရှိတဲ့ကာတွန်းစာအုပ်လေးတွေ ကို စာလုံးပေါင်း ဖတ်တယ်..
စာဖတ်တာ သွက်အောင်ဆိုပြီး အိမ်ကလူကြီးတွေက ဇာတ်ကြီးဆယ်ဘွဲ့ စာအုပ် ဝယ်ပေးတယ်..
တနေ့နည်းနည်းချင်းဖတ်တယ်..အဲလိုနဲ့ တေ ၊ဇ ၊ သု ၊နေ ၊မ ၊ဘူ ၊စန် ၊ဒါ ၊ဝိ ၊ဝေ  ..ဆိုပြီး
ဇာတ်ကြီးဆယ်ဘွဲ့ကို သိလာတယ်... (အခုခေတ်ကလေးတွေကတော့ ဇာတ်ကြီးဆယ်ဘွဲ့ ကို
သိမယ်မထင်တော့ပါဘူး ..သိတဲ့ကလေးများလည်း ရှိနိုင်ပါသေးတယ်လို့ မျှော်လင့်ပါတယ် ) ။

အဲလိုအတန်းကျောင်းလေး စတက်လို့ သုံးလေးတန်း အရွယ်ရောက်လာတဲ့ အခါမှာ ..

ပဲနွယ်ပင်ကရှည်ထွက်လာပြီး မင်းသားလေးကို တင်ပြီး လမင်း စီကိုတက်သွားတယ်ဆိုတာတို့ ...
မိကျောင်းကြီးက မင်းသားလေးကို ပါးစပ်ထဲငုံပြီးမြစ်ကို ဖြတ်ကူးသွားတယ်ဆိုတာတို့ကို ပုံပြင်ထဲက
ဇာတ်လမ်းအဖြစ်နဲ့သာ လက်ခံမိတော့တယ်  ။ပြောရရင်တော့  ကိုယ်တိုင်စာဖတ်တာ များလာတဲ့ အခါမှာ
ကလေးတယောက်ရဲ့ အသိညဏ်လေးနဲ့ လည်း သြော်..ဒါဟာပုံပြင်ဇာတ်လမ်းပါလားလို့ စဉ်းစားမိလာ
တာပါ ။စာဖတ်ခြင်းက အသိညဏ်ကို တိုးစေတယ်ဆိုပြီးပြောချင်တာပါ ။

ကျမတို့ငယ်စဉ်တုန်းက နွေရာသီကျောင်းပိတ်ရက်မှာ  ဗုဒ္ဓဘာသာသင်တန်းဆိုပြီး ဘာသာရေး
သင်တန်းလေးတွေ ဖွင့်ပြီး သင်ပေးပါတယ် ။ တက်ချင်တဲ့ကလေးတွေ စာရင်းပေး ..ပြီးရင် တပါတ်ကို
သုံးရက် နေ့လည်ဘက် ကျောင်းမှာ စာသင် သွားသလိုဘဲ စာအုပ်လေးတအုပ်ခဲတံလေးတချောင်း
ယူပြီးသွားရတာပါ ။သင်ပေးတဲ့ဆရာမက  ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားစာတွေ သင်ပေးတယ်..
နောက်ပြီး ဘုရားဇာတ်နိပါတ်တော် တွေ ပြောပြတယ် ... ငါးပါးသီလ  ရှစ်ပါးသီလ ဆောက်တည်တဲ့
ကောင်းကျိုး တွေ  သီတင်းကျွတ် မီးထွန်းပွဲ ဘာကြောင့်ဖြစ်လာတယ်ဆိုတာတွေ ..မိဘရိုသေခြင်းရဲ့
အကျိုးကျေးဇူး..မိဘ ကိုအလုပ်အကျွေးပြု တဲ့ သုဝဏသာမ သတို့သားအကြောင်း ပြောပြတယ်..
ကလေးတွေကို ဘာသာရေးနဲ့ ရင်းနှီးအောင် ..လိမ်မာယဉ်ကျေးတဲ့ သူတွေဖြစ်အောင် အထောက်အကူပေးတဲ့  နွေရာသီ သင်တန်းလေးတွေပေါ့ ။(အခုတော့အဲလိုသင်ပေးတာတွေ မရှိကြတော့ပါဘူး ...ကလေးတွေလည်းနွေရာသီမှာ ဂိမ်းဆိုင်ရောက်ကုန်ပါတယ် )

နေ့လည်ဘက် သင်တန်းအချိန်မှာ ကျောင်းသားမိဘ တချို့တွေကလည်း အာဟာရဒါန လုပ်ပါတယ်။
နေ့လည် သာကူကျို လာကျွေးတာမျိုး .. မုန့်လက်ဆောင်း  လာတိုက်တာမျိုးပါ ။နွေရာသီသင်တန်းဆိုတော့
လာတက်တဲ့ကလေးကလည်း မများလှပါဘူး ၊ လာကျွေးရတဲ့ ကျောင်းသားမိဘ
တွေအဖို့လည်း ကရိကထမများ လှပါဘူး..အိုးလေးတအိုးယူလာ ကလေးတွေကို တယောက်တပန်းကန်
ထည့်ပေးရုံပါဘဲ  ..တခါတလေ ဖီးကြမ်းငှက်ပျောသီးကျွေးပါတယ်...ကျမတို့ တွေလည်း မုန့်စားရတယ်ဆိုတော့  သင်တန်းသွားရမှာ မပျင်းကြတော့ဘူးပေါ့ .. နွေရာသီသုံးလကို အမြဲတမ်း
ဖွင့်ပါတယ်.. အဲလိုဗုဒ္ဓဘာသာသင်တန်းတက်ပြီးသွားရင် တက်တဲ့ကလေးတွေအားလုံး ငါးပါးသီလ ရှစ်ပါးသီလခံတတ်သွားသည် ။ငါးပါးသီလဆိုတာဘာလည်း ရှစ်ပါးသီလဆိုတာဘာလည်း
 သေချာသိသွားပြီ ။ဘုရားရှိခိုးမေတ္တာပို့တွေကို ဂျောင်းဂျောင်းပြေးအောင် ရွတ်တတ်သွားပြီ ။
အခုခေတ်ကလေးတွေက အဲတာတွေ မသိတော့ပါဘူး..အိုပါး  ...အိုမား ...အာပုကျိ ..ဆိုတဲ့
ကိုးရီးယား ယဉ်ကျေးမှု့ မှာစီးမျောကုန်ကြပါသည် ။


ကျမတို့ငယ်စဉ်က အခုလို ပါဝါရိန်းဂျားတွေ အရုပ်ဂိမ်းတွေ မရှိပါဘူး ။ ဂိမ်းဆိုင်တွေလည်း မရှိပါဘူး ။
 ကျောင်းပိတ်ရင် လက်လက်ထ  အောင်လမ်းမပေါ်ထွက်တော့ကြတာပါဘဲ ။

အရင်တုန်းကအခုခေတ်လို ကန်ထရိုက်တိုက်တွေ မများတာလည်းပါမှာပေါ့ ။ကလေးတသိုက်လမ်းပေါ်
ထွက်ဆော့နေလည်း ကားအန္တာရာယ် ဖြစ်မှာ  ထိခိုက်မှု့ ဖြစ်မှာစိတ်ပူစရာမလိုပါဘူး ။အချိန်တန် ဘယ်သူဘယ်ဝါ ထမင်းပြန်လာစားဦး ဆိုပြီးခေါ်လိုက်ရုံပါဘဲ ။ တနေ့ရတဲ့ မုန့်ဖိုးကိုတခါတလေ တောက်ခုံ
ငှားတောက်တယ်.. စက်ဘီးငှားစီးကြတယ်..ကိုယ်ကြိုက်တဲ့ စက္ကူ အရုပ်မလေးတွေ ဝယ်တယ် ။
စနစ်ကြီးတဲ့မိဘများကတော့ စုဘူးတလုံးပါဝယ်ထားပေးပြီးပိုက်ဆံစုတတ်အောင် သင်ပေးပါတယ်။
တနေ့တကျပ်ရရင် ငါးမူးဘူးထဲ့ထည့်စု ခိုင်းတာပေါ့ ။အခုခေတ်မှာတော့ ကလေးတွေလည်း ကြီးမြင့်
လာတဲ့ကုန်ဈေးနှုံးနဲ့ အလျင်မှီအောင် စုဖို့အသာထား ၊ပေးတဲ့မုန့်ဖိုးနဲ့
 လောက်အောင်သုံးစွဲရမယ်ထင်ပါတယ် ။

ပြောင်းလဲလာတဲ့ခေတ်မှာ ကျမငယ်ငယ်တုန်းကလို နွေရာသီမှာ သင်ပေးတဲ့ ဗုဒ္ဓဘာသာသင်တန်းမျိုး
မရှိတော့ဘူး ။ကလေးတွေစုပြီး လမ်းမမှာထွက်ကစားတာမရှိတော့ဘူး ။ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိကြတော့ဘူး ။မိုးသောက်ပန်း ..ရွှေသွေး တေဇ အစရှိတဲ့ စာအုပ်တွေကို မသိကြတော့ဘူး ။ငါးပါးသီလ ဘယ်လိုခံရလည်း ဆိုတာထက် ..ပါဝါရိမ်းဂျားထဲက ဇာတ်ကောင်က
လက်ထောင်ပြီး ဘယ်လိုအော်လည်းဆိုတာဘဲ သိတော့တယ် ။ကောင်းသောပြောင်းလဲခြင်းတွေလား
ခေတ်ရဲ့တိုးတက်မှု့တွေလား မဝေဖန်တတ်တော့ပါဘူး ။ရွေ့လျားပြောင်းလဲလာတာကတော့ အသေ
အချာပါဘဲ။

 ကျမရဲ့အကိုကမွေးတဲ့ကိုးတန်းကျောင်းသား တူတော်မောင်က ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိပါဘူး။
" နင်အခုကိုးတန်းတောင်ရောက်နေပြီ ရှစ်တန်းတုန်းက မဟော်သဓာဇာတ်တော်ကို မသင်ရဘူးလား" ဆိုတော့ " သင်ရတယ်" တဲ့..." ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ မဟော်သဓာလို ဇာတ်လမ်းမျိုး ဆယ်ခုလေ " ဆိုတော့...
မဟော်သဓာကိုတော့ သင်ရလို့သိတယ်တဲ့ ၊ကျန်တဲ့ ကိုးယောက်ကို မသိတာတဲ့  ။

ကောင်းရောဟယ်...ဆိုပြီး ရွှေတိဂုံဘုရား စာအုပ်ရောင်းတဲ့ ဆိုင်ကနေ ဇာတ်ကြီးဆယ်ဘွဲ့
စာအုပ်ဝယ်ပေးခဲ့လိုက်ပါတယ် ။ငါတော့ ဇတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘာလည်း မရှင်းပြ နိုင်တော့ဘူး..နင်အားတဲ့အချိန်သာဖတ်တော့လို့
မှာခဲ့လိုက်တယ် ။ဒါတောင်သူက စိတ်မဝင်စားတဲ့ပုံစံနဲ့ပါ ။ဇာတ်ကြီးဆယ်ဘွဲ့ ဆိုတာ
ဘာတွေရေးထားတာလည်း သိချင်ပုံ မရှိပါဘူး ။စာအုပ်ဖတ်ဖို့ထက် အားတာနဲ့ဖုန်းကိုင်ပြီးဂိမ်းဆော့ဖို့ကို ပိုအားသန်နေတာပါ ။ကလေးတွေရဲ့ ပြောင်းလဲလာတဲ့စရိုက်က
အကောင်းဘက်ကို ဦးတည်နေတာလား အဆိုးဘက်ကို ဦးတည်နေတာလားဆိုတာ
စဉ်းစားစရာပါ ။စာအုပ်ကိုင်ဖို့ထက် ဖုန်းကိုင်ဖို့ဂိမ်းဆော့ဖို့ကိုသာ အားသန်နေတာပါ ။

အမဝမ်းကွဲက မွေးထားတဲ့ လေးနှစ်သားတူလေးကလည်း အကောင်သာငယ်သာ ပါဝါကမငယ်ပါဘူး ။
ပါဝါဘယ်ငယ်မလည်းလေ ။ပါဝါရိမ်းဂျား ခွေမှန်သမျှ
သူ့မှာအကုန်ရှိပါတယ် ။ဘုရားစာတော့ သြကာသ ကိုသူ့အမေသင်ထားပေးလို့ရပေမဲ့ ကျန်တာကတော့ သူလည်း အခုခေတ်ကလေးတွေပုံစံအတိုင်း ဖုန်းတလုံးနဲ့ဂိမ်းဆော့ပါတယ် ။
သူ့အတွက် ဖုန်းအသေးလေးတလုံးဂိမ်းဆော့ဖို့ဝယ်ထားပေးရပါသည် ။ကျမ ပြန်စဉ်းစားမိသည်
ကျမလေးနှစ်သမီးအရွယ်တုန်းက အခုလိုဖုန်းတွေဘာတွေ ဆိုတာမပြောနဲ့ tv တောင် မဖွင့်တတ်ပါဘူး ။
tv ကြည့်ချင်ရင် လူကြီးတွေကို ဖွင့်ပေးပါလို့ ပြောရပါသည် ။အမေတို့ကလည်း ကလေးကကလေးလိုနေ
ဟိုနှိပ်ဒီနှိပ်မလုပ်နဲ့ ဓါတ်တွေ ဘာတွေလိုက်မယ်ဆိုပြီး ပြောထားတော့ ဘာမဆို အမေရေ ဖွင့်ပေးပါ ဆိုပြီး
လူကြီးလုပ်ပေးမှ ရတာပါ ။ယခင်နဲ့ယခုကတော့ ဘယ်တူနိုင်မလည်းလေ ။ကွာခြားချက်တော့ရှိမှာပေါ့ ။
ကောင်းတာများတဲ့ကွာခြားချက်လား ဆိုးတာများတဲ့ ကွာခြားချက်လားဆိုတာ ပြောဖို့ ခက်လှပါတယ် ။

အခုခေတ်ချာတိတ်လေးတွေက ကျမတို့ငယ်စဉ်ကလိုတော့ ဟိုဟာလည်း မကိုင်တတ် မဖွင့်ရဲ ...
နေရာတကာလူကြီးအားကိုးတဲ့ ပုံစံမဟုတ်ကြတော့ပါဘူး ။နည်းပညာနဲ့ပတ်သက်လာရင်
ကျမတို့ငယ်စဉ်ကကထက်ကို အများကြီး တော်ပါတယ် ။ကလေးပေမဲ့လည်း အထင်သေးလို့
မရပါဘူး ။တခုပါဘဲ  ..ကျမတို့ငယ်စဉ်ကလိုတော့  လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေကိုတော့
တလုံးတပါဒ မှ မသိတော့ပါဘဲ ။မိဘတွေကလည်း အဖေရော အမေရော စီးပွားရေး စားဝတ်နေရေး
ကို လုံးပမ်းနေရတော့ သားသမီးတွေကိုလည်း သေချာသွန်သင်ပေးရမဲ့အချိန်မ ရှိတော့ပါဘူး ။
ကလေးငြိမ်ရင်ပြီးရော သူတို့ကြိုက်တာ ဝယ်ပေးထားလိုက်တာက များသည် ။အဲဒီတော့
ကလေးတွေ အခုလို ဂိမ်းသမားအသေးစားလေးတွေ ဖြစ်ကုန်ကြတာ မိဘကို အပြစ်တင်ရမလား
တက်လာတဲ့ကုန်ဈေးနှုံးကို အပြစ်တင်ရမလား  ဖုန်းကဒ်တွေ ဈေးပေါလာတာကို အပြစ်တင်ရမလား
အရင်လိုဗုဒ္ဓဘာသာသင်တန်းလေးတွေ မသင်ပေးတော့တာကို အပြစ်တင်ရမလား ....
လား ....လား...လားး  ပေါင်းများစွာပါဘဲ ။

အဘွားတို့ခေတ်က တရွာလုံးမှာမှ ရေဒီလိုတလုံးလောက်ဘဲ ရှိတယ် ။ အမေတို့ခေတ်ရောက်တော့
အိမ်တိုင်း ရေဒီယို ရှိနေပြီ ။ကက်ဆက်ကျတော့ တလမ်းလုံးမှာ မှ တလုံးလောက်ရှိတာ ။ကျမတို့ငယ်ငယ်
ဘဝကျတော့ အိမ်တိုင်းနီးပါးလောက် ကက်ဆက်လေးတွေ ရှိတယ် ။ရုပ်မြင်သံကြားစက်လို့ ခေါ်တဲ့
တယ်လီဗေးရှင်း ကတလမ်းလုံးမှာမှ တလုံးလောက်ရှိတာ ။အခုခေတ် မှာ အိမ်တိုင်း sky net ရှိတယ်..
စလောင်းရှိတယ် ။ လူတိုင်း အင်တာနက် သုံးနိုင်တယ် ။ဖုန်းလေးတလုံး ရှိရင် တကမ္ဘာ လုံးနဲ့
ဆက်သွယ်လို့ရတယ် ။facebook အကောင့် တခုရှိရင် သတင်းအစုံဖတ်လို့ရတယ် ။ တကမ္ဘာ လုံး
နေရာအနှံကို facebook ကနေ တဆင့် ကြည့်လို့ရတယ်.. ဘယ်နေရာ ဘာဖြစ်တယ်..
ဘယ်မင်းသမီးအကြောင်း ..ဘယ်အလှမယ်ပြိုင်ပွဲကဘယ်လို ..အင်္ဂလန်ကဘောလုံးသမား
အကြောင်း..ဟောလိဝုဒ် က ကမ္ဘာကျော်မင်းသားမင်းသမီးအကြောင်း ..ကိုးရီးယားက ကေပေါ့ပ် အဖွဲ့တွေ
အကြောင်း ..သတင်းအစုံအလင်မှာ ဆိုပြီး အချိန်နဲ့တပြေးညီ သိနိုင်တယ် ။

ဒါပေမဲ့ ..အခုခေတ်ကလေးတွေက ပုံပြင်ဆိုတာကို သေချာမသိကြတော့ဘူး..လူကြီးတွေကို ရိုသေရကောင်းမှန်း တချို့တွေကမသိကြတော့ဘူး ။ဂါဝရတရား ၁၀ ပါးဆိုတာ
ဘာလည်း မသိကြတော့ဘူး ..ငါးပါးသီလအကျိုး အပြစ် ကိုသေချာမသိကြတော့ဘူး ။ခေတ်ကတော့
အဘွားခေတ်နဲ့ အမေ ခေတ် ..အမေခေတ် နဲ့ကိုယ်တွေကြီး ပြင်းတဲ့ ခေတ်..ကိုယ်ကြီးပြင်းလာတဲ့ခေတ်နဲ့
အခုလက်ရှိ တူ ..တူမ တွေကြီးပြင်းတဲ့ခေတ်.. မတူနိုင်ပါဘူး..ရွေ့လျားပြောင်းလဲလာကြတာ ဓမ္မတာ ပါဘဲ။
ရွေ့လျား လာခြင်းတွေထဲမှာ အဆိုးတွေလည်း ပါလာသလို အကောင်းတွေလည်း ပါလာပါသည် ။
ကိုယ်က စစ်ယူတတ်ဖို့ဘဲ လိုပါသည် ။ကာလတွေကတော့ ရွေ့လျားနေမှာပါ ။

ပြတင်းတံခါးကိုဖွင့်လိုက်ရင်  နေရောင် ..လေပြေလေညှင်း တွေနဲ့အတူ ဖုန်မှုန့်တွေ အမှိုက်စလေးတွေ
ပါလာတတ်ပါသည် ။ကိုယ့်အတွက်လိုအပ်မယ်ထင်တာကို စစ်ယူသိမ်းထားလိုက်ပါ ။
မလိုတဲ့အရာကိုတော့ ရှင်းထုတ်လိုက်ပါ ။အမှိုက် ရှုပ်မခံပါနဲ့ ။  အသိတရား ဗဟုသုတဆိုတာ မျိုးက ကိုယ်တိုင် ရှာယူလေ့လာရတာပါ။ရွေ့လျားပြောင်းလဲ လာခြင်းတွေ ရဲ့နောက်မှာ
ကောင်းသောအခြင်းအရာတွေကို  သာလျှင် ရွေးချယ် နိုင်ကြပါစေ ။

ပစ်ပစ်
Pm 5:41
7.5.2015

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei