ဘာလိုလိုနဲ့ သီတင်းကျွတ်ပွဲတောင်ပြီးသွားပေါ့လေ...
မင်္ဂလာဆောင်တဲ့သူတွေလည်းဆောင်ကြ... လူကြီးမိဘတွေလည်းလိုက်ကန်တော့ကြနဲ့
ပျော်စရာကြီးပေါ့... ကျမအဖို့ကတော့ သိပ်တော့မထူးပါဘူး ..ဒီလိုနဲ့ဘဲတနှစ်ပြီးတနှစ်ကို
တိတ်တိတ်ဆိတ်ဆိတ်နဲ့ဘဲ ဖြတ်သန်းလာခဲ့တာနှစ်တွေတောင်မနည်းတော့ဘူး...
အသက်လေးကလည်း ထိပ်စီးတွေလည်းခဏခဏပြောင်းခဲ့ပြီဆိုတော့ သီတင်းကျွတ်ဆိုတာလည်း
ကိုယ်နဲ့တောင် မဆိုင်တော့သလိုပါဘဲလေ... (ရုံးက ကိုယ့်လက်အောင်က ဝန်ထမ်းတွေလာကန်တော့တာ
လွဲရင် ပေါ့ ) ..ကျမလည်းတခါတခါ လူ့ဘဝကြီးသေချာစဉ်းစားမိပါရဲ့... ။ ဖြစ်လိုက်ပျက်လိုက်နဲ့
မြဲတည်ခြင်းဆိုတာလည်း ရှားပါးလှတာမို့ ... လက်ရှိဘဝလေးကိုဘဲကျေနပ်အောင် ဖြတ်သန်းနေလိုက်တော့တယ် ...။။
တခါတလေတော့လည်း ကိုယ်လည်းပုထုဇဉ်ပေမို့ သံယောဇဉ်အပိုင်းအစလေးတွေကို ပြန်ပြန် လှည့်ကြည့်မိပါရဲ့လေ...တခါတလေ ပေါ့ရှင် ..စာအုပ်ကြားထဲမှာ သိမ်းထားတဲ့ စာလေးတွေ ..အမှတ်တရ
ရိုက်ဖူးခဲ့တဲ့ ပုံလေးတွေ .. အပြန်အလှန်ပေးခဲ့ဖူးတဲ့ လက်ဆောင်လေးတွေ ...ပြန်ထုတ်ကြည့်မိတာလွဲလို့
ရင်ခုန်သံဆိုတာကလည်း အသက်ရှင်ဖို့ ခုန်တယ်ဆိုရုံလေးပါဘဲ ...။ သဘောထားချင်းမတိုက်ဆိုင်လို့
လမ်းခွဲခဲ့ကြတဲ့ ချစ်သူကိုလည်း တခါတလေ ဘာတွေလုပ်နေမလည်းလို့တွေးမိတာလေးကလွဲလို့
မတမ်းတမိတော့ပါဘူး... ။။
အဲတာနဲ့ဘဲ အသက်လည်းထိပ်စီးတွေချိန်းလို့ လေးဆယ်ကျော်လာတယ်ဆိုပါတော့ ... ကျမလည်း ရာထူးတစ်ခုတိုးလာတယ်... မိတ်ဆွေအပေါင်းအသင်းတွေက ဘာမှကိုအကျွေးအမွေးမလိုဘဲနဲ့ တိုးပေး
လိုက်တဲ့ ရာထူးဂုဏ်ပုဒ်လေးပေါ့ရှင်....အပျိုကြီး ....တဲ့ ..။။။
ကျမကတော့ လက်ရှိဘဝကိုဘဲ အရေးထားပြီးဖြတ်သန်းချင်တဲ့ လက်တွေ့သမားဆိုတော့ ဘယ်လိုဘဲ
ခေါ်ခေါ် ဘယ်လိုဘဲသတ်မှတ်သတ်မှတ်ပါ..သိပ်တော့ အထူးတလည် ခေါင်းထဲထည့်မစဉ်းစားပါဘူး....
ကိုယ်ကလည်း တကယ်အပျိုကြီး လုပ်နေတာဘဲဆိုတော့လေ....အပျိုကြီး ဆိုတဲ့ အခေါ်အဝေါ်ကို လက်ခံပါတယ်... ။။
ဒါပေမဲ့ ခက်တာက လူတွေရှင့်..ရှင်တို့သိကြရဲ့လား..ကျမဘာသာအပျိုကြီးဘဝနဲ့ အေးချမ်းစွာဖြတ်သန်း
နေတာကို လာလာခလုတ်တိုက်တယ်ရှင်.. ဘယ်တော့စားရမှာလည်းတို့
ဒီတိုင်းဘဲနေတော့မှာလားလို့ ... တကိုယ်တည်းအဖော်မရှာတော့ဘူးလားတို့ ... သီတင်းကျွတ်တော့မယ် နော် ဆိုတာတို့ ...။။အဲလို စကားလုံးလက်နက်ပုန်းတွေနဲ့ လာလာပြစ်တယ်ရှင်...
ကျမကလည်း ရှောင်လင်တို့ ဝူတန် တို့မှာ သိုင်းမသင်ဖူးတော့ အဲလို လက်နက်ပုန်းတွေကို မရှောင်တတ်ဘူး....အလူးအလဲခံရတော့ပါဘဲ ...။။
ကျမကတခါတလေ ငယ်သူချင်းမိတ်ဆွေအပေါင်းအသင်းနဲ့ တွေ့လို့ စကားပြောမိတာမျိုးလေး..
တခါတလေ အလုပ်သဘောအရ ဆက်ဆံရတဲ့ အမျိုးသားမိတ်ဆွေနဲ့ စကားပြောမိတာမျိုးလေးများ
မတွေ့လိုက်နဲ့ ..တွေ့လိုက်တာနဲ့.. " ဟော ကြည့် အပျိုကြီး စွံတော့မယ်ထင်တယ်တို့ "
" အပျိုကြီး ရင်တွေခုန်နေတယ်ဆိုတာတို့ " အဆိုးဆုံးကတော့ အပျိုကြီး ဘဲကြောင်နေတယ် ဆိုတဲ့
စကားပါဘဲ...။။ ကျမအဲလိုစကားမျိုးကို သိပ်မုန်းတယ်ရှင်....ဘဲကြောင်တယ်ဆိုတာက စော်ကားသလိုပါဘဲ ..အဲလိုစကားတွေကို မုန်းလို့
ပိုပြီးအနေအထိုင် ကျစ်လစ်အောင် ဆင်ခြင်ရင်းနဲ့ အပျိုကြီးဖြစ်မှန်းမသိကို ဖြစ်သွားတော့တာဘဲ...။။
အပျိုကြီးဆိုတိုင်းလည်း မစွံလို့ ယူမဲ့သူမရှိလို့ အပျိုကြီးဖြစ်သွားတဲ့ သူတွေရှိသလို ကိုယ်တိုင်က အချစ်ရေး အချစ်ရာကို စိတ်မဝင်စားတော့လို့ .. တယောက်တည်းအေးဆေးနေချင်လို့ အပျိုကြီးဘဝကို
ရွေးချယ်သွားတဲ့သူတွေလည်းရှိကြတာဘဲလေ... အဲတာကို သဘောမပေါက်ကြဘူးရှင် တခုခုဆို..အပျိုကြီးဆိုပြီး မေးငေါ့ချင်သလိုလို မျက်စောင်းထိုးချင်သလိုလို ...ဟင်းးးးးးးးးးးးးး
တကယ်ကို စိတ်ကုန်မိပါရဲ့လေ ....။။
သင်္ကြန်ဆိုလည်း " ကဲဘယ်လိုလည်း မြန်မာလိုနှစ်ကူးပြီနော် "တဲ့
ကဲ..အဲတာသာကြည့်တော့ သင်္ကြန်နဲ့ အပျိုကြီးဘာဆိုင်လည်းရှင် ...
New Year ဆိုလည်း " ဘယ်လိုလည်း နှစ်တောင်ကုန်တော့မယ်နော်တဲ့လေ.. "
အဆိုးဆုံးကတော့ သီတင်းကျွတ်ကာလပေါ့ရှင်...
သီတင်းကျွတ်ဆိုရင် ကျမတို့လို့အပျိုကြီးတွေအဖို့ကတော့ တော်တော်နေရထိုင်ရခက်တယ်ရှင်
သူတို့ဘာသာမင်္ဂလာဆောင် တာ ဆောင်ပေါ့ လူကိုပါ ခလုတ်တိုက်တာဆိုးပါ့ရှင်...
ဟိုလူကတော့ ဘယ်နေ့ မင်္ဂလာဆောင် ..ဒီလူကတော့ ဘယ်နေ့ဆောင်မှာ ..ဆိုတာမျိုးတွေ ပြောရင်းနဲ့
ဘယ်လိုလည်းသီတင်းကျွတ်ပြီနော် ဆိုပြီး လူကိုပါ စစ်ဆင်ရေးဝင်သွားတော့တာပါဘဲ...။။
အဲတော့သီတင်းကျွတ် ဆိုရင် ကျမအဖြစ်က ပရီးမီးယားလိဂ် ဖိုင်နယ်မှာ ပင်နယ်တီ ဖမ်းရတော့မဲ့
ဂိုးသမား လိုပါဘဲ...ဂိုးပေါက်ရဲ့ ဘယ်ဘက်ထောင့်ကိုဘဲပြေးကပ်ရမလိုလို ညာဘက်ထောင့်ကိုဘဲ
ပြေးကပ်ရမလိုလို ...ဂိုးပေါက်အလယ်မှာဘဲ ခုန်ဆွခုန်ဆွ လုပ်နေရမလိုလို ...နေရထိုင်ရ တယ်ခက်သကိုးးး ...။။
ကျမတော့လေ လူတွေကိုသာပြောလိုက်ချင်ပါရဲ့..
အပျိုကြီးတကယ်တည်းဆိုပေမဲ့ အားလုံး အိုကေ ပါတယ်လို့လေ..
ဘဝကိုတည်ငြိမ်စွာနဲ့ ဖြတ်သန်းနေတဲ့ ရင့်ကျက်တဲ့ အမျိုးသမီးတယောက်လို့ဘဲ မြင်စေချင်တယ်ရှင်...
ကဲ.ရှင်တို့တွေလည်း အနားမှာရှိတဲ့သူတွေကို လက်တို့ပြီးပြောလိုက်စမ်းပါရှင် ....။။
ပစ်ပစ်
Pm 3:55
12.11.2012
(ဘာရယ် မဟုတ်ပါဘူး..ဒီနေ့အလုပ်နားလို့ အုန်းနို့ခေါက်ဆွဲစားရင်း အပျိုကြီးအမတွေကိုယ်စား
စိတ်ကူးပေါက်တာကိုရေးလိုက်တာပါ ...
စကားချပ် ... ပစ်ပစ်ကတော့ အပျိုကြီးမလုပ်ဘူးနော် :P )
ပုံကတော့ ထုံးစံအတိုင်းပေါ့ရှင် ...