30 November 2013

ဆန့် ကျင် ဘက်အရာနှစ်ခု

Posted by blackroze at Saturday, November 30, 2013 7 comments
ကြာပါပြီ...တော်တော်လေးတော့ကြာခဲ့ပါပြီ..
အတိအကျပြန်တွက်ရင်တော့  ကျမ ဒုတိယနှစ် တက်နေတဲ့ အချိန်ဆိုပါတော့လေ...
အဲဒီအချိန်တုန်းက မှော်ဘီမှာ နေတဲ့ သူငယ်ချင်း တယောက်က နေမကောင်းဘူးဆိုလို့
သူမှာတဲ့ ဆေးနဲ့  မုန့်တွေ ယူ ပြီး သွားပို့ပေးတဲ့နေ့ပေါ့...
ကားကျပ်မှာဆိုးလို့  မနက်စောစော သွားကာမှ  ကားကလည်းတော်ရုံနဲ့ မရ
အဲဒီအချိန်မှာဘဲ  ကားတစီးက ခေါင်းခန်းရတယ်အမ  လိုက်မလား ဆိုတာနဲ့   ကျမလည်းဝမ်းသာအားရပေါ့...။။

ကားပေါ်တက်ပြီးကာမှ  နဂိုထဲက လိုက်လာတဲ့ မိန်းကလေး တယောက်က ရှိနှင့်နေပြီးသား
အသက်ကတော့ ကျမနဲ့ မတိမ်းမယိမ်းလောက်ပါဘဲ..။သူပုံစံကြည့်လိုက်ကထဲက 
ကျမစိတ်တော့ သွားပြီလို့ ..ငါတော့ဒီကားစီးမိတာ မှားပါပြီလို့...တက်ထိုင်ပြီးကာမှ ပြန်ဆင်းလိုက်ရ
ကောင်းမလား..ဆက်လိုက်သွားရ ကောင်းမလား... ဝေခွဲမရ ဖြစ်နေမိတယ်။
ကားကလည်းကျမ တက်ပြီး 2မိနစ်လောက်ဘဲ ရှိမယ်   ..ထွက်ပါတယ်..အစကတော့ အဲလိုကားမှတ်တိုင်မှာကြာကြာ မရပ်ဘဲ သွားရင် စိတ်ထဲသဘောကျပေမဲ့..ဒီနေ့တော့ ကားသမားကို
ဘာလို့ ဒီလောက်မြန်မြန်ထွက်ရတာလဲလို့ စိတ်ထဲကနေ ကြိတ်အပြစ်တင်မိတယ်..ကျမကိုယ်
ကျမလည်း ကားပေါ်က မြန်မြန်ပြန်ဆင်းလိုက်တာ မဟုတ်ဘူးလို့  အပြစ်တွေ တင်လို့ ။

ကားပေါ်ကမိန်းကလေး ကလည်း ကျမအမူအယာကို ကြည့်ပြီး  ကျမစိတ်ထဲ
ဘယ်လိုဖြစ်နေတယ်ဆိုတာ   ရိပ်မိသွားပုံ  ရပါတယ်..သူ့ဘာသာမသိသလိုဘဲနေရင်း
ငြိမ်ငြိမ်သက်သက်   ပါလာတယ်ဆိုပါတော့ ။
နောက်တော့ သူ့ပိုက်ဆံ အိတ်ကလေးကို ဖွင့်ပြီး အိတ်ထဲက ထွက်လာတဲ့  500 တန်
1000 တန် အခေါက်လေးတွေကို တရွက်ချင်းဖြန့်  ပြီး ရေတွက်နေပါတယ်  ။
ကျမလည်းသူ့ကို ကြည့်ရတာ မွန်းကြပ်သလိုလို  ရှိလာလို့  သူနဲ့  မထိအောင်
ကားတံခါး ဘက် တိုးကပ်ထိုင်ရင်း  ဘာသိဘာသာ နေလိုက် သည် ။

သူက     အနွေးထည်လို အကျီလေးတထည်ကို ပေါင်ပေါ်တင်ထားပြီး လက်တဘက်ကလည်း
သောက်လက်စ အအေးထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်လေး ကိုင်လို့  ..။ အအေးထည့်ထားတဲ့
အိတ်လေးက  အငွေ့ ပျံပြီး  ရေစက်လေးတွေ ကျနေတော့  ကားမောင်းတဲ့သူက 
"" နင့်ကျွတ်ကျွတ်အိတ်ပြစ်မှာလား..ကားပေါ်ရေ တွေစိုကုန်ပြီ "" လို့  လှမ်းပြောလိုက်သည် ။
မိန်းကလေးကတော့   "" ရတယ်ဦးလေး  ..မပြစ်ဘူး  "" ဆိုပြီး ကျွတ်ကျွတ် အိတ်လေးမှာ သီးနေတဲ့
ရေစက်လေးတွေကို ပေါင်ပေါ်တင်ထားတဲ့ အကျီလေးနဲ့  သုတ်နေတာမြင်ရပြန်တော့လည်း
စိတ်ထဲ မကောင်း သလို လို ဖြစ်မိပြန်တယ်...။

အဲလိုနဲ့ဘဲ  လမ်းတဝက်လောက်က လမ်းဆုံလိုနေရာမျိုး ဆိုပါတော့ ..အဲဒီနေရာရောက်လာတယ်
အဲဒီမှတ်တိုင်ရောက်တော့  မိန်းကလေးက ..ကျမကို.. ""  အမ ..ကျမဆင်းရမဲ့ မှတ်တိုင်ရောက်ပြီ
ခဏလောက်ဖယ်ပေးပါ အမ ""  ဆိုပြီး ကျမကို လှမ်းပြောတယ်..
ကျမပုံစံ ကိုကြည့်ပြီး ကားမောင်းတဲ့ သူကလည်း ရိပ်မိနေပုံရတယ်... အဲတာကြောင့်မို့ထင်ပါတယ်..
အဲဒီမိန်းကလေးကို   ""  နင် ငါ ဘက်ကဆင်းလိုက် ..သူ့မှာလည်းအထုပ်တွေနဲ့  ဖယ်ပေးဖို့ မလွယ်ဘူး
ငါ့ဘက်က ဆင်း ""  ဆိုပြီး  သူကအရင်ဆင်းပေးလိုက်တယ်.. ။။

အဲဒီမိန်းကလေး ကားပေါ်က ဆင်းသွားမှ ကျမလည်းစိတ်ချ လက်ချ အသက်ရှုရဲတော့တယ်..
စိတ်ထဲမှာတော့  အဲလိုဘဝမျိုးတွေမတွေ့ချင်ဘူးလို့တော့ တွေးမိသား ..။

မိန်းကလေးကားပေါ်က ဆင်းလာတာကို မြင်သွားတယ်ထင်ပါတယ်..
ကားဂိတ် ဘေးနားက အမိုးလေးအောက်မှာ ရပ်နေတဲ့  အသားမဲမဲ ပိန်ခြောက်ခြောက် အဘွားအိုတယောက်နဲ့  အသက် 3နှစ်လောက် ရှိမယ်
 ကလေးလေးတယောက် ထွက်လာပြီး မိန်းကလေးစီလျှောက်လာတယ်..
ကျမစိတ်ထဲလည်း  ဘာဆိုတာသိချင်နေတာနဲ့  သူတို့ကို  လိုက်ကြည့်မိတယ်..
စောနက ကျမရွံရှာနေတဲ့  မိန်းကလေး လက်ထဲက အအေးထုပ်လေးကို  ကလေးလေးက လှမ်းယူ
ပြီးအားရ ပါးရ ပိုက်ကလေးကိုစုပ်သောက်နေလိုက်တာ...
နောက်တော့  အဲဒီနားလေးမှာ  ရှိတဲ့ ပျံကျဈေးလေးထဲကို  မိန်းကလေးက ကလေးလေး လက်ကို
ဆွဲလို့ ..အဘွားအိုက ကိုင်းတွေပဲ့နေတဲ့ဈေး ခြင်းတောင်းအစုတ်လေး  တခုကို ဆွဲလို့  ဝင်ရောက်
ပျောက်ကွယ်သွားသည် ..။

အဲဒီမြင်ကွင်းကိုကြည့်နေရင်း ကျမရင်ထဲ တစစ်စစ်နဲ့  နာလာတယ်...ဘာမှန်းမသိတဲ့
နာကျင်ခံစားမှု့  တမျိုးကို ခံစားနေရတယ်....  သူတို့ သုံးယောက်ကတော့ လူတွေရှုပ်ထွေး
နေတဲ့ ဈေးထဲမှာ ပျောက်ကွယ်သွားပါပြီ..ဒါပေမဲ့ ကျမရင်ထဲမှာတော့ သူတို့  ပုံရိပ်တွေ
ထင်ကျန်ရစ်သွားတယ်.. 
ကားပေါ်မှာ  ကျမ အမူအယာကိုကြည့်ပြီး  ငြိမ်သက်နေတဲ့  မိန်းကလေး...
500တန် 1000 တန် အနွမ်းလေးတွေကို ထုတ်ရေ တွက်နေတဲ့  မိန်းကလေး ...
အအေးထုပ်လေးက ရေစက်တွေကို အကျီ လေးနဲ့ သုတ်နေတဲ့  မိန်းကလေး ...
ကလေးလေးလက်ကိုဆွဲထားတဲ့ မိန်းကလေး ....
အအေးထုပ်လေးကို အားရပါးရ ပိုက်ကလေးစုပ်သောက်နေတဲ့ လူမမယ်အရွယ်ကလေးလေး ...
ဈေး ခြင်းတောင်း အစုတ်လေးဆွဲထားတဲ့  အဘွားအို..... ။။။

ကျမရင်ထဲကနေပြီးတော့  အဲဒီမိန်းကလေးကို  တိတ်တဆိတ်တောင်းပန်နေမိတယ်..
ကျမ ရဲ့အမူအယာ ရိုင်းပြသွားတဲ့ အတွက်  ခွင့်လွှတ်ပေးပါလို့  နာနာကျင်ကျင်တောင်းပန်နေမိတယ်..
တကယ်တော့  သူ့ ဆီမှာ ဆန့် ကျင်ဘက်အရာ နှစ်ခုရှိနေခဲ့တာပါ... ...။။။။။

ပစ်ပစ်
Am 2:09
30.11.2013



12 November 2013

အေမီံဟောင်

Posted by blackroze at Tuesday, November 12, 2013 6 comments
အေမီဟောင်....
နာမည်လေးက  ဘိုဆန်သလိုလို  တရုတ်နာမည်လိုလိုနဲ့     ...
အဲဒီနာမည် ပိုင်ရှင်က မြန်မာ မိန်းကလေးတဦးပါပဲ
ကျမမှာညီမလေး တယောက်ရှိပါတယ်... သူ့ကို ကျမက ချစ်စနိုးနဲ့   ဂျမိန်လီမောက်လို့
ခေါ်တတ်ပါတယ်... တခါတလေ တော့လည်း နာမည်အရင်း ကိုဘဲခေါ်ပါတယ်...တခါတလေ တော့လည်း
နာမည်ပြောင်ပေါ့ ...အခုတလောသူရသွားတဲ့ နာမည်အသစ်လေးကတော့ အေမီဟောင် ဆိုတာလေးပါဘဲ
အေမီဟောင်  ဆိုတာ ဘယ်လိုဖြစ်သွားတယ် ဆိုတာ အကျယ်တဝင့်မပြောတော့ပါဘူး..
တခါတလေ မရှင်းပြဘဲနေလိုက်တာလေးက  ပိုစိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ပါ..
အမှန်ကတော့ ကျမ စာရှည်ရှည် မရိုက်ချင်တော့လို့ပါ ...

ဒီလထဲမှာ ကျမရဲ့ အေမီဟောင်လေးရဲ့  မွေးနေ့  ရှိပါတယ်..
နိုဝင်ဘာ 19 က အေမီဟောင်လေးရဲ့  မွေးနေ့ပါ...
ကျမညီမလေးက ဒီနှစ်ထဲထူးထူးဆန်းဆန်း လာပြောတယ်...သူ့မွေး နေ့အတွက် ပိုစ့် တပုဒ်ရေးပေးပါတဲ့
တခါမှ သူအဲလို မပြောဖူးပါဘူး...ကျမဘလော့ကိုဝင်ကြည့်တာကလွဲလို့  စာရေးခြင်းနဲ့ပတ်သက်လို့
သူဘာမှမပြောဖူးပါဘူး...
..ကျမစာမရေးတာတော်တော်ကြာပါပြီ..
ကျန်းမာရေးကြောင့်လည်း ပါသလို တချို့သော ကိုယ်ရေး
ကိုယ်တာ ကိစ္စလေးတွေ ကြောင့်လည်းပါတယ်ဆိုပါတော့...
ဒီနေ့  တော့အလုပ်နားရက်လည်းဖြစ် စိတ်ထဲလည်းငယ်က အကြောင်းတွေ ပြန်သတိရမိနေတာနဲ့
သူ့အတွက် အမှတ်တရ လည်းဖြစ်အောင် ငယ်ငယ်ကသူ့ အကြောင်းလေး တွေ
ရေး လိုက်ပါတယ်...

ငယ်ငယ်တုန်းက ကျမက သူ့ကို အနိုင်ကျင့်တယ်လို့  အေမီဟောင်က  အမြဲပြောတတ်ပါတယ်....
အမှန်က ကျမက သူ့ကို ဆုံးမတာပါ...အနိုင်ကျင့်တာမဟုတ်ပါဘူး..
တခါတလေ မှာ ကျမက သူ့ကို ကာကွယ်တာတွေဟာ  သူ့အတွက် ပိတ်ပင်သလိုဖြစ်သွားတာတွေလည်း ရှိကောင်းရှိခဲ့ပါလိမ့်မယ်.. တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး..

အခုဆိုရင် သူရော ကျမရော လူလတ်ပိုင်း အရွယ်ထဲရောက်နေပြီ ဆိုပါတော့.. ကလေးတွေ
မဟုတ်ကြတော့ပါဘူး.. သူရော ကျမရော  ကိုယ့်ဘဝလမ်း ကိုယ့်ဘာသာကိုယ်
လျှောက်လှမ်းနေကြပါပြီ..ဒါပေမဲ့ကျမစိတ်ထဲမှာ သူနဲ့ကျမ က ဟိုးးးးးးးးးးးးးး အရင်ကလေးဘဝ
ကလိုပါဘဲ... ရင့်ကျက်လာတဲ့ အရွယ်လို့ လည်း  မထင်မိပါဘူး..
အမေ အကျီတထည်ဝယ်လာရင် လုနေတုန်းပါဘဲ...မုန့်တခုဝယ်လာရင်လည်း သူ့ အတွက်လား
ငါ့ အတွက်လားဆိုပြီး  ရန်ုဖြစ်နေကြတုန်းပါဘဲ....အမေ ဝယ်လာတဲ့ ပစ္စည်းကိုသာ လုတာပါ
သူဝယ်လာတဲ့  ပစ္စည်းဆိုရင် ကျမလိုချင်တယ်ဆိုရင်  သူအမြဲပေးပါတယ်... သူလိုချင်တယ်ဆိုရင်လည်း
ကျမ အမြဲဝယ်ပေးနေကြပါ..( မှတ်ချက် ..ကြောင်မွေးမည့် ကိစ္စမပါဝင်ပါ )..

အေမီဟောင်က မနက်စောစော အလုပ်သွားရသူမို့ အိမ်မှာ အစော ဆုံးအိပ်ယာထရသူပါ
သူနိုးတာနဲ့ တပြိုင်နက်..ကျမအခန်းကို လာချောင်းတတ်ပါတယ်...ကျမကလည်းညနက်မှ အလုပ်ပြန်
တဲ့သူဆိုတော့ အိပ်ယာဝင်တာနောက်ကျတတ်ပါတယ်.. တခါတလေ ကျမ မအိပ်သေး..သူနိုးလာတာနဲ့
ဆုံရင် ညီအမနှစ်ယောက် အိပ်ယာထဲ စကားပြောတတ်သလို.. ကျမအိပ်ပျော်နေရင်လည်း သူက
အမြဲလာလာ ချောင်းပါတယ်..ကျမဖုန်းအား သွင်းထားတာတွေ ..မဖြုတ်ရသေးရင် သူဖြုတ်ပေးသွားတယ်
ကျမ Table light လေး မီး မပိတ်ဘဲအိပ်ပျော်သွားရင် သူပိတ်သွားပေးတယ်....
ကျမအလုပ်ပိတ်ရက်ဆို သူ့အလုပ် ကနေ ခွင့်ယူယူ ပြီး စောပြန်လာတတ်ပါတယ်...
ကျမအလုပ်ပိတ်ရက်က တလ နဲ့တလ နားရတဲ့ ရက်မတူပါဘူး..ကျမနားတဲ့ ရက်ကို သူအမြဲမှတ်ထားပြီး...
သူအမြဲ ခွင့်ယူ ပြီးပြန်လာနေကြပါ...အဲလိုမိသားစုအတွက်အချိန်ပေးတဲ့သူပါ...

အလုပ်တက်ရတဲ့ရက်တွေ ဆိုလည်း..အလုပ်ချိန် မတူတော့ စကားမပြောဖြစ်ကြပါဘူး..
သူက အလုပ် ဆင်းလို့ အိမ်ေ၇ာက်နေပြီ..အဲဒီအချိန်ဆို ကျမ က အလုပ်မှာဘဲရှိတုန်းပါ..
 Line  ကနေ အမြဲလာပြီး.. နပစ် မ  ..နပစ် မ   ...နဲ့ စကားလာလာပြောနေကြ ဆိုပါတော့.
သူသိထားတဲ့ သတင်း... အတင်း  အစုံပါဘဲ  ..ကျမကို အမြဲ ပြန်ဖောက်သည်ချနေကြပါ...
ကျမ ကျန်းမာရေးကြောင့် ကွန်ပြူတာကို အရင်လိုမသုံးဘဲဆင်ခြင်လိုက်ရတဲ့  နောက်ပိုင်းမှာ
အေမီဟောင်က ကျမရဲ့ သတင်းဌာနပါဘဲ..ဘာသိချင်သိချင် သူ့ ပြန်မေးရပါတယ်....







အေမီဟောင်က ကျမ ချစ်တဲ့ ပစ္စည်း  ကျမ အမှတ် တရ တန်ဖိုး ထားတဲ့ ပစ္စည်းတွေကို သူက
သိပ်မနာလိုဖြစ်တတ် ပါတယ်... ဆိုပါတော့  ကျမစီမှာ အရုပ်သေးသေးလေး တရုပ်ရှိတယ်..
အဲဒီအရုပ်ကိုကျမက တယုတယနဲ့ ကိုင်တယ်ဆိုရင်  သူမကျေနပ်တော့ပါဘူး..ကျမ မရှိတုန်းအရုပ်ကိုလာဖွက်ထားတာမျိုး...  ကျမစီကနေ အတင်းလာလာဆွဲ လုတတ်တာမျိုး လုပ်နေကြ
ဆိုပါတော့... ကျမက နင်လိုချင်ရင်ရော့ ဆိုပြီး ပေးလိုက်ရင်လည်း သူလိုချင်တာ မဟုတ်ပါဘူး..
ကျမအနားမှာ အဲတာလေး ရှိနေတာကို သူမလိုချင်တာပါ.. အေမီဟောင်က အဲလိုမျိုး ညီမလေးပါ..
.
သူက အငယ်ဆိုပေမဲ့ အကြီးတယောက်လို ယောက်ကျားလေးတယောက်လိုလည်း  တာဝန်ယူတတ်တဲ့သူပါ
မိသားစုအပေါ်ချစ်တဲ့စိတ်ကြီးမားသူပါ...ကျမက အကြီးဆိုပေမဲ့  တခါတလေမှာ အငယ်လိုပြန်ဖြစ်နေပြီး
သူကတော့ အငယ်ဖြစ်ပေမဲ့ အကြီးတယောက်လိုလည်း တာဝန်ယူတတ်သူပါ....
 ကျမဆေးရုံသွားပြရမဲ့ရက်တွေဆိုလည်း တကူးတက ခွင့်ယူပြီး လိုက်ပို့ပေးတတ်ပါတယ်..
ကျမကသာ နင့်ဘာနင် အလုပ်တက်..ငါ့ဘာငါ သွားမယ်..ငါလည်းသွားတတ်တယ်ဟဲ့ ..ဆိုပြီး
အတင်းအလုပ်သွားတက်ခိုင်းရပါတယ်...ကိစ္စ ရှိလို့ ကျမတယောက်ထဲ ရုံးကိစ္စတွေဘာတွေ
သွားရတဲ့ အခါဆိုလည်း  ဖုန်းတဂွမ်ဂွမ် ဆက်ပြီး  နင်ဘယ်ရောက်နေပြီလည်း..ခုဘယ်မှာလဲ....
ဆိုပြီးလှမ်းလှမ်းမေးတတ်ပါတယ်.. ကျမကစိတ်တိုလို့ နင်ဘာလို့ ခဏခဏ ဖုန်းဆက်နေရတာလည်း
ငါမြေပုံကြည့်နေရတာ အဆင်မပြေဘူး..နင့်ဖုန်းက လာနေတာဆိုပြီး  အော်လိုက်မှ ဖုန်းဆက်တာငြိမ်
ပါတော့တယ်...နင်က တခါမှလည်းမသွားဖူးဘူး အဲဒီနေရာကို ဖုန်းကနေ လမ်းကြောင်းကြည့်ပြီး
သွားတော့ နင်ပျောက်သွားမှာဆိုးလို့   ငါဖုန်းခဏခဏ ဆက်နေတာတဲ့...
အေမီဟောင်က အဲလို ညီမလေးမျိုးပါ...ကျမက ဒီအသက်ဒီအရွယ် လမ်းမှာ ပျောက်ပါ့မလားရှင်..
အိမ်ရောက်အောင်တော့ ပြန်တတ်တာပေါ့...

အေမီဟောင်က ကြောင်ချစ်တတ်တဲ့သူပါ..ငယ်ငယ်ကဆို သူ ကအိမ်မှာကြောင်မွေးနေကြပါ..
သူ့သူငယ်ချင်းတို့ သူ့ကျောင်းက ဆရာမ တို့ ..ကျူရှင်အိမ်က ကြောင်တွေကို တောင်းတောင်းလာတတ်
ပါတယ်.. ..အိမ်မှာသူယူလာတဲ့ ကြောင်တကောင်မဟုတ် တကောင်တော့  အမြဲရှိတတ်ပါတယ်..
တခါတလေ ကြောင်တွေ ပျောက်သွားရင် တအိမ်တက်ဆင်း
သူ့ ကြောင်လေးတွေ့မိလားဆိုပြီးလည်း  လိုက်လိုက်မေးရတာအမောပါပဲ.... နောက်တခုက ကျမတို့ငယ်ငယ်က
တပါတ်မုန့်ဖိုး ဘယ်လောာက်ဆိုပြီး  အိမ်ကတွက်ချက်ပြီး ပေးပါတယ်..
.စနေတနင်္ဂနွေ ဆိုမုန့်ဖိုးမပေးပါဘူး..ကျောင်းတက်ရတဲ့ ရက်ဘဲ
မုန့် ဖိုးရတာပါ ..အေမီဟောင်က သူ့မုန့်  ဘိုးကို ကြိုထုတ်တတ်ပါတယ်... : D

တပါတ်စာအတွက် မုန့်ဖိုး ပေးထားပြီ ရင် ..သူက တပါတ်မကုန်သေးဘူး..နောက်တပါတ်အတွက် ရမဲ့
မုန့်  ဖိုး ကို ကြို တောင်း တတ်တဲ့သူ.....သူကြိုထုတ်ရတဲ့ အကြောင်းရင်းက သူ့ကြောင်တွေကို
ဆေးခန်းသွားပြပေးတာပါ..ကြောင်က အစာ မစားတာတို့    အန်တာတို့  ဖြစ်ရင်
အေမီဟောင်က ကြောင်ကို ခြင်းတောင်းလေးထဲ ထည့် ခြင်းတောင်းကို ကျွတ်ကျွတ်ကြိုးနဲ့
ထိပ်ပိုင်းလေးတွေကို ချည်...ပြီးရင် အိမ်မှာ အိမ်အလုပ်ဝိုင်းလုပ်ဖို့ အတူလာနေတဲ့ အမ ကိုခေါ်ပြီး
ဆေးခန်းသွားပြတာပါ..ကျမရဲ့  အေမီဟောင်  လေးက အဲလို မျိုးပါ...
သူ့ မုန့် ဖိုးက  သူမုန့် စားတာက တဝက်  ကြောင်အတွက်က တဝက်ကုန်တာပါ..

.ကြောင်တွေကိုလည်း  ..နာမည်ပေးထားပါတယ်...သူ့ ကြောင် တွေရဲ့ နာ မည်
အကုန်လုံးကိုတော့ ကျမ မမှတ်မိတော့ပါဘူး.. နောက်ဆုံး ကြောင်လေးကတော့  မိုက်ကယ်  လို့
နာမည်ပေးထားတာလေးတော့ မှတ်မိပါတယ်..  ရွှေဝါရောင်နဲ့ အဖြူ စပ်ကြားလေးပါ..အဲကြောင်လေး
ပျောက်သွားပြီးတဲ့  နောက်ပိုင်း  ..အေမီဟောင်  လည်းကြောင်ထပ်မမွေးဖြစ်တော့ပါဘူး...
အဲကြောင်လေးက အေမီဟောင်ရဲ့  အချစ်ဆုံး အသည်းတုံးလေးပါ...
ကြောင်လေး မိုက်ကယ် ပျောက်သွားပြီးကထဲက အေမီဟောင်လည်း မစားနိုင်မအိပ်နိုင်နဲ့
တော်တော်လေး ခံစားလိုက်ရပါတယ်..အိမ်ကလည်း သူ့  ကို ကြောင်တွေမယူလာခိုင်းတော့ပါဘူး..
အဲတာနဲ့  အေမီဟောင်  နဲ့  ကြောင်နဲ့  အဆက်ပြတ်သွားတယ် ဆိုပါတော့...



ကျမက တခါမှ ဆံပင် မကောက်ဖူးပါဘူး..
ဆံပင်ကောက်ကောက်ကိုလည်း မကြိုက်ပါဘူး.. အေမီဟောင်က ဆံပင်ကောက်ကောက်လေးတွေကို သိပ်ကြိုက်ပါတယ်.. ငယ်ငယ်က ခဏခဏ ဆံပင်ကောက်ပါတယ်..
အမေနဲ့  အပြင်လိုက်သွားရင် ပြန်လာရင် သူဆံပင်ကောက်လာတတ်ပါတယ်...
အမေ့ ကိုတော့ သူဘယ်လိုပူဆာလည်းတော့ ကျမလည်းမသိပါဘူး..
 ကျမရဲ့  အေမီဟောင်  လေးက အဲလို မျိုးပါ...

 
ငယ်ငယ်က ဆံပင်ကောက်ကောက်နဲ့  ဂါဝန်အပြာလေးနဲ့  ကြောင် ထည့်ထားတဲ့ ခြင်တောင်းလေး ဆွဲပြီး
ဆေးခန်းသွားသွားပြတဲ့ အေမီဟောင်လေး ကို အခုချိန်ထိ  မျက်စိထဲမြင်ယောင်မိသေးတယ်...

ငယ်ငယ်က အေမီဟောင်ရဲ့  ပုံစံကို အနီးစပ်ဆုံးပြရရင်တော့ အောက်ကပုံထဲက ကောင်မလေး
ဆံပင်ပုံစံ အတိုင်းပါဘဲ


ငယ်ငယ်တုန်းကဆို အေမီဟောင် ကာတွန်းသိပ်ကြိုက်ပါတယ်...ကျမနဲ့ အတူ စာအုပ်ငှားဆိုင်ကို
သူလိုက်လိုက်လာပြီး  သူကြိုက်တဲ့  ကာတွန်းစာအုပ် လိုက်လိုက်ငှားပါတယ်..သူက သူငယ်တန်း
တစ်တန်းလောက်ဘဲ  ရှိသေးတော့ ကာတွန်း သေချာမဖတ်တတ်သေးဘူး..
သူယူလာတဲ့စာအုပ်ကို အမေက ဖတ်ပြရတယ်... သူကဘေးနားကနေ နားထောင်တယ်..
အမေ မအားရင် ကျမကို  "" ပစ်ပစ် ..ငါ့ ကိုကာတွန်းဖတ်ပြ  "" ဆိုပြီး  ..အမြဲ လာလာဖတ်ခိုင်းတတ်တယ်...

အေမီဟောင် ငယ်ငယ်က  ဒီလုံး..မောင်စူပါ..သမိန်ပေါသွပ်..ဇီးတော်ပွင့် ..အဲစာအုပ်တွေကို
အရမ်းကြိုက်ပါတယ်....ကျမရဲ့ ညီမလေးက ငယ်ငယ်က ကာတွန်းသိပ်ကြိုက်သူလေးပါ...

ခုချိန်မှာတော့ အသက်ရွယ်တွေကြီးလာလို့  သူ့ ဘဝနဲ့ သူ...ကိုယ့်ဘဝ နဲ့  ကိုယ်...လျှောက်လှမ်းနေကြပေမဲ့
ကျမစိတ်ထဲမှာတော့  ကျမညီမလေး က အရွယ်မရောက် သေးတဲ့ကလေးလေး လိုပါဘဲ..
အမှန်ကတော့ သူ က ကျမထက်ပိုပြီး ရင့်ကျက်တည်ငြိမ်နေတဲ့သူပါ...
ကျမမှတ်မိသလောက် သူငယ်ငယ်က အကြောင်းလေးတွေ ဆိုပါတော့...

အေမီဟောင် ....
 မွေးနေ့  တိုင်းပျော်ရွှင်ချမ်းမြေ့ပါစေ
ဘဝတလျှောက် သောကမှန်သမျှ ကင်းဝေးပါစေ..
လိုရာ ဆန္ဒ မှန်သမျှပြည့်ဝပါစေ ..(  ကြောင်မွေးခြင်းမှလွဲ​၍ )

ချစ်တဲ့..ပစ်ပစ်
12.11.2013
Pm 7:27


01 September 2013

ပစ်ပစ်ရေးတဲ့ဘလော့ဒေး

Posted by blackroze at Sunday, September 01, 2013 15 comments
ဘလော့ဒေး ..တဲ့
ကျမ ဘလော့ရေးတာ 2009  ကထဲကပါ.. အခုဆိုရင် ဘာဘဲပြောပြော သက်တမ်းလေးကတော့
4 နှစ်ရောက်လာပြီပေါ့  ..4နှစ်လို့သာ  ပြောတာပါ..
ရေးချင်တာ ရေးနေတာ..ဘာမှလည်း မယ်မယ်ရရ  မရှိလှပါဘူးလေ...
အစပိုင်းကတော့  ကိုယ့်ဘာကိုရေး  ကိုယ့်ဘာကို ဖတ်ပေါ့
နောက်တော့  ခင်မင်တဲ့ အကိုအမတွေ မောင်ငယ်ညီမငယ်  တွေက  လက်တွဲခေါ်ကြတယ်
ကျမရေးထားတာလေး  လာဖတ်ပေးကြတယ်..
အဲဒီအတွက်  အတိုင်းမသိ ဝမ်းသာမိပါတယ်..
စာတပုဒ်ရေး  လိုက်ပြီးတိုင်း  ကောမက်လေးတခုလောက်တွေ့လိုက်ရရင်ကို
ပျော်သွားတတ်ကြတာ...ဘလော့ဂါတိုင်းပါဘဲလေ..
ကျမဘလော့စ လုပ်ဖြစ်ပုံကိုတော့  အကျယ်တဝင့်  ပြောမနေတော့ပါဘူး..
စာရေးချင်လို့   ဘလော့လေးတခု စလုပ်ဖြစ်တယ်..
ကျမကိုလုပ်တတ်အောင်သူငယ်ချင်းက ကူညီပေးတယ်..
မသိတာတွေရှိတာကိုလည်း  ခင်မင်ရတဲ့  သူငယ်ချင်းတွေ  ကိုမေးမြန်းရင်းနဲ့  ဘဲ 
လျှောက်လှမ်းလာခဲ့တယ် ဆိုပါတော့...
(ကျမ ဘလော့လေး ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့  ပတ်သက်ပြီး
ကျမစာတပုဒ် ရေးဘူးပါတယ်..ဖတ်ချင်ရင် ကွကို သာရှာဖတ်လိုက်ပါတော့နော်..အဟီးး
ကျမရှာ ပြီး Link ထည့်ရမှာ ပျင်းနေလို့   ပါ   :)  )

အခုဆိုရင်  4 နှစ် ... စိတ်ထဲဘာမှမကြာသေးသလိုဘဲ  ခံစားမိတယ်..  တကယ်တော့  မှတ်တိုင်လေး
4 တိုင်တောင်  ရှိခဲ့ပြီ... ဒီနှစ်ပိုင်းတွေမှာတော့  ဘလော့ဂါ  တွေတော်တော်များများ က ဘလော့ကို
သိပ်မရေး ဖြစ်ကြတော့ဘဲ  ..facebook ထဲ  နေကြတာ များလာပါတယ်...(ကျမ အပါအဝင်ပေါ့လေ)
ကျမဆို အလုပ်က ပြန်လာတာနဲ့  ကွန်ပြူတာ ဖွင့်ရင် အရင်ဆုံးဝင်ကြည့်ဖြစ်တာက 
facebook ပါဘဲ...  ဘယ်သူက ဘာပြောထားလည်း  ဘာစတေးတပ်တင်ထားလည်း.. ဘာတွေ share
ထားလည်း  ..ဘာပုံတွေတင်ထားလည်း   အပြေးအလွှား ကြည့်မိတာပါ..

ဟိုးအရင်ကတော့  ညဘက် အလုပ်က ပြန်လာရင် ဘလော့ဝင်ကြည့်တာပေါ့လေ...
အရင်ကပြောပါတယ်..အခုမဟုတ်ဘူး..    :P
အခုကတော့  facebook စောင့်မယ်တော်  ကို ဖြစ်နေပါပြီ
ဒီရာထူးကို  စွန့်မယ်  စွန့်မယ်   နဲ့  အခုထက်ထိ  In service ဖြစ်နေတာတော့  မတတ်နိုင်ဘူးရှင်..
ဟိုတလောကတော့   facebook မှာ  ဘလော့ကို ပြန်တော့မယ်လို့  စတေးတပ်  တင်လိုက်ပါသေးတယ်..
ဒီလိုဘဲ  ဖြည်းဖြည်းချင်းကြိုးစား  ပြီးပြန်ရမှာပေါ့လေ...
 ကျမလိုဘဲ  ခင်မင်ရတဲ့   အကိုအမတွေ  မောင်လေးတွေ ညီမလေး တွေကိုလည်း
ဘလော့ထဲပြန်လာစေချင်ပါတယ်... အရင်လိုဘဲ  သိုက်သိုက်ဝန်းဝန်းလေး  နဲ့   စာတွေပြန်ရေး
ကြပါလို့လည်း  တိုက်တွန်းချင်ပါတယ်..  ..  ကျမလည်း  ဘလော့ထဲ အရင်လို  စာတွေပြန်ရေး နိုင်အောင်
ကြိုးစားမယ်...

ကမန်းကတန်း ရေးရလို့  ကျမရဲ့  ဘလော့ဒေး  အမှတ်တရ  ကတော့အဆီအငေါ် မတည့်ဘူးနော်..
အဆင်ပြေသလိုသာဖတ်သွားပါလို့....

ကဲ..ပစ်ပစ်ရေးတဲ့  ဘလော့ ဒေး ကတော့  ဒါပါဘဲ ရှင်...

ပစ်ပစ်
Am 1:37
31.8.2013



29 August 2013

အိတ်လေး မှောက်လိုက်တယ်..

Posted by blackroze at Thursday, August 29, 2013 12 comments


ဒီနေ့  ကျမအလုပ်နားတယ်လေ...
အဲတာနဲ့ လွယ်နေကျအိတ်လေး မှောက်ကြည့် ဖြစ်တယ်ဆိုပါတော့..
ထွက်လာတာတွေကတော့  သုံးနေကျပစ္စည်းလေးတွေနဲ့  ဘာလို့ထည့်ထားမိမှန်း မသိတာ
လေးတွေလည်းပါတယ်ဆိုပါတော့လေ...

ပိုက်ဆံအိတ် အညိုရောင်လေးကတော့  ကျမရဲ့ ပိုက်ဆံအိတ်လေးဆိုပါတော့..
အိတ်ထဲမှာတော့...ပိုက်ဆံ..ကဒ်ပေါင်းစုံ.. ပစ္စည်းဝယ်ထားတဲ့ ဖြတ်ပိုင်းလေးတွေ
 ..နောက်ပြီး ကျမချစ်မြတ်နိုးတဲ့သူတွေရဲ့  ပုံလေးတွေ  ထည့်ထားတာဆိုပါတော့....

ဝန်ထမ်း ID card ..

တစ်ရူးထုပ်..

ဘယ်တုန်းကထည့်ထားမိမှန်းတောင်မသိတဲ့   ကော်ဖီထုပ်လေးတထုပ်လည်း ထွက်လာလေရဲ့

အစိမ်းရောင်tube တောင့်လေးက လက်လိမ်းတဲ့ အဆီဘူးလေ...ကျမက လက်သည်းခဏခဏကျိုးတတ်ပါတယ်...အဲဒီအဆီဘူးလေးက
မွှေးလည်းမွှေးတယ်..နောက်ပြီးလိမ်းလိုက်ရင် စေးကပ်ကပ်လည်းဖြစ်မနေဘူး..အဲတာလေး
လိမ်းတာကြာလှပေါ့..လိမ်းပြီးတဲ့ နောက်ပိုင်း လက်သည်းကျိုးတာလည်း သက်သာသွားတယ်..
(မှတ်ချက်--ကြော်ငြာဝင်ခြင်း မဟုတ်ပါ..)

ကောက်ညင်းထုပ်ပုံစံအိတ်သေးသေးလေးကတော့  အကြွေစေ့လေးတွေ ထည့်ထားတဲ့အိတ်ပါ
အဲဒီအိတ်လေးက သူငယ်ချင်းတယောက်အလည်ခရီးက ပြန်လာတော့ လက်ဆောင်
ပေးထားတဲ့အိတ်လေး..ကျမ သိပ်သဘောကျတယ်..အိတ်လေးက ချစ်စရာလေး..

ရေဘူးနဲ့ထီးမပါ  နွေခါမှ သိလိမ့်မယ်တဲ့ ..
ကျမတော့  ထီးပါအောင် ယူတယ်... ရေဘူးကတော့  7-11  ကနေ အဆင်ပြေသလိုဝယ်လိုက်တာဘဲ..

အိမ်ကနေ ထွက်ခါနီးတိုင်း  သတိထားပြီး အမြဲကြည့်မိတာ..အိမ်သော့နဲ့ ပိုက်ဆံအိတ်ဘဲ
လှေကားတံခါးသော့... အိမ်တံခါးသော့..နောက်ဖေးဝရံတာ တံခါးသော့..
သော့ချောင်း5ချောင်းလောက်  တွဲထားတဲ့  key change လေးက ကျမ သတိထား    ရတဲ့ ပစ္စည်းလေးပါဘဲ။

နောက်ပြီး ကျမဆိုးနေကြ နှုတ်ခမ်းနီတောင့်လေး..နာမည်ကြီးတံဆိပ်တွေထဲကမဟုတ်ပါဘူး..
NIVEA ကထုတ်တဲ့  Lovely lips ..pink smoothie  ပါ..အဲတာလေးဆိုးရတာ တော်တော်
အဆင်ပြေလို့   အဲဒီတံဆိပ်လေးဘဲ သုံးနေတာ  4နှစ်လောက် ရှိပါပြီ..

နောက်ပြီးတော့ ထွက်လာတာက ဖုန်းပေါ့.. ကျမနဲ့  Facebook ကမ္ဘာ ကို မပြတ်ဆက်သွယ်ပေးတဲ့
SAMSUNG ဖုန်းလေးပါဘဲ ....

ဘီးအကြည်လေး တချောင်းလည်း ထွက်လာတယ်ရှင်..တခါမှ တော့ ခေါင်းထုတ်မဖီးဘူးတာ
အသေအချာဘဲ..

နောက်တခုကတော့  မျှော်လင့်ချက် တပွေ့တပိုက်နဲ့  ထိုးထားတဲ့ ထီလက်မှတ်လေးပါဘဲ
စက္ကူအိတ်အနီလေး နဲ့က ထီလက်မှတ်လေးလေ...ကျမရဲ့  မျှော်လင့်ချက်အိတ်လေးလို့ တင်စားရမှာပေါ့
 ထီမပေါက်ချင်တဲ့သူ  ရှိမယ်မထင်ပါဘူးနော်..  :P

ကဲ...ပစ်ပစ်ရဲ့  အိတ်ကလေးထဲက ပစ္စည်းလေးတွေကတော့  အဲတာ အကုန်ပါဘဲ...
အော်မေ့လို့  မေ့လို့
ရန်ကုန်ကိုဆက်ထားတဲ့ ဖုန်းကဒ်အဟောင်းလေးတွေ  ကိုတော့  မနက်ကဘဲ လွှင့်ပြစ်လိုက်မိတယ်..
နို့  မို့  ဆို  အိတ်လေး မှောက်ချလိုက်ရင်  အဲဒီကဒ်လေးတွေအများကြီးထွက်လာဦးမှာလေ...
ကျမဘယ်လောက် ဖုန်းဆက်တယ်ဆိုတာ  အဲတာသာကြည့်တော့...

တခါတခါတော့လည်း   လွယ်ရတဲ့ အိတ်က လေးတယ်လို့ ခံစားမိတယ်..
တခါတခါ ကျတော့လည်း  ဒါက ဘဝကပေးတဲ့ ဝတ္တရားတွေ ထည့်ထားတဲ့ အိတ်လေး
လို့လည်း  ခံစားမိပြန်တယ်...
အဲလိုနဲ့  ဘဲ တရက်ပြီး တရက် ခရီးဆက်လာခဲ့တယ်ဆိုပါတော့လေ...

ကဲ..မနက်ဖန်  ကျမအလုပ်ပြန်တက်ရပြီ..အိတ်လေးလွယ်ပြီး  အလုပ်သွားရဦးမယ်...

 ပစ်ပစ်
28.8.2013
Pm 11:12





12 August 2013

ငယ်ငယ်တုန်းက

Posted by blackroze at Monday, August 12, 2013 10 comments
 ရာသီဥတု ကလည်းအရမ်းပူအိုက်တယ်.. မြန်မာမှာတော့ မိုးတအုံးအုံးနဲ့နေမှာပေါ့
ကျမနေတဲ့နေရာ မှာတော့ ပူလိုက်တာ ကျွပ်နေတာပါဘဲ...မီးမပျက်တဲ့ တိုင်းပြည်မို့
တော်ပါသေးတယ်လို့  ပြောရမှာပေါ့လေ...ဒါပေမဲ့ ပူတာ ကပူတာပါဘဲလေ...
မြန်မာပြည်မှာ မိုးတွေ ရွာတဲ့ အချိန်ဆိုရင်  ကျမ မြန်မာကို အရမ်းလွမ်းမိပါတယ်..
မြန်မာပြည်က  မိုးရာသီမှာ စားရတဲ့ကနစိုးသီးလည်းစားချင်မိပါရဲ့.... သရက်သီးလည်းစားချင်တယ်...
မိုးရွာထဲလည်း  မိုးရေထွက်ချိုးချင်မိတယ်...ငယ်ဘဝလေးလွမ်းမိပါရဲ့  ....

ကျမ မှတ်မိပါသေးတယ်..ကျမတို့ငယ်ငယ်က ဆိုရင် အိမ်မှာထမင်းစားရင် လူကြီးတွေက ဝိုင်းနဲ့
ခင်းစားကြပါတယ်...ကျမတို့ကလေး တွေကိုတော့ "" အမေ ဗိုက်ဆာတယ် "" ဆိုရင် ထမင်းနဲ့ဟင်းကို
ပန်းကန်ပြားလေးထဲ ပုံထည့်ပေးလိုက်တာပါဘဲ..အဲဒီပန်းကန်လေးကိုင်ပြီးတနေရာရာ ထိုင်စားလိုက်တာပါဘဲ..တခါတလေ သူငယ်ချင်းတွေ အိမ်မှာ အတူတူ သွားစားတာမျိုးလည်းရှိတတ်ပါတယ်...များသောအားဖြင့်က အိမ်မှာ ဟင်းချက်၇င်
အရည်သောက်တခွက်က အမြဲပါတတ်ပါတယ်...အဲတာကြောင့်လား မသိပါဘူး..ကျမ ထမင်းစားရင်
အရည်သောက် မပါရင် မစားတတ်ပါဘူး... ဟင်းဆိုရင်လည်း ဆီပြန်ဟင်းထက်  အရည်ဟင်းကို ပိုကြိုက်ပါတယ်...

ကျမ  အမေက ဟင်းချက်ကောင်းပါတယ်... နောက်ပြီး မုန့်တွေဘာတွေလည်း လုပ်တတ်ပါတယ်...ကျမငယ်ငယ်ကဆို အမေ ချက်တဲ့ ဟင်းတွေထဲမှာ ငါးကျည်းကျပ်တိုက်ကို ငရုတ်သီးဘလပ်နဲ့ ကြော်ထားပြီး ပတက်စာ ဟင်းချို  ချက်တာကို အရမ်းကြိုက်ပါတယ်...အဲဒီဟင်းချက်တဲ့
နေ့ဆိုရင်  ထမင်းအများကြီးထပ်ထည့်ပေးပါဆိုပြီး ထည့်ခိုင်းတတ်ပါတယ်...အမေက အဲတာမို့ အမြဲပြောတယ်..ငါ့သမီးကြီးက ပိန်တာလည်း မပြောနဲ့  အဆီအနှစ် ကိုမကြိုက်ဘူး..ချည်ရည်ကျဲဟင်းဘဲကြိုက်တော့ ကြည့်ရတာ စားတာအသားမဖြစ်ဘူးထင်ပါရဲ့တဲ့...
ဆိုင်မဆိုင်တော့ မသိပါဘူး..

.နောက်ပြီးကျမအရမ်းကြိုက်တဲ့ ဟင်းနောက်တမျိုးက ကြက်သွေးဟင်းပါ
ကြက်သွေးကို သေချာပြုတ်ပြီး..မဆလာ နဲ့ မွှေးနေအောင် ချက်ထားတဲ့ ဟင်းပါ..အဲတာက ချည်ရည် မဟုတ်ပေမဲ့   ကျမ အဲဟင်းကိုတော့ အရမ်းကြိုက်ပါတယ်...အမေချက်ကျွေးနေတာမို့လို့လား မသိပါဘူး
ကျမအခုချိန်ထိ ဟင်းကောင်းကောင်းမချက်တတ်ပါဘူး...ကျမအကျွမ်းကျင်ဆုံး ချက်တတ်တာကတော့
ခေါက်ဆွဲပြုတ်တာပါဘဲ... ဘယ်နိုင်ငံက ခေါက်ဆွဲ ခြောက်ထုပ်ဖြစ်နေပါစေ..
ကျမစားကောင်းအောင် သေချာ ပြုတ်တတ်ပါတယ်....

အခုဆို ကျမငယ်ငယ်က အမေချက်ကျွေးဖူးတဲ့..ငါးကျည်းကျပ်တိုက်ကြော်လည်း
မစားရတာကြာလှပါပြီလေ...ငါးဖယ်ကြော်တို့ ငါးခူကြော်တို့  နဲ့ ထမင်းပူပူလေး ကိုဆီဆမ်းပြီး
နယ်စားချင်လိုက်တာအရမ်းပါဘဲ..ကျမနေတဲ့ နိုင်ငံမှာ အဲတာတွေ မရပါဘူး..မြန်မာထမင်းဆိုင်တွေမှာတော့.. မြန်မာဟင်းတွေ ရှိပါတယ်..ဒါပေမဲ့  ကျမစားချင်တဲ့ပုံစံမျိုး မဟုတ်ဘူး ...

တခါတလေ အိမ်မက်တွေ မက်လို့  ငယ်ငယ်က နေခဲ့အိမ်မှာ ငယ်ငယ်တုန်းကလိုဘဲ  ထမင်းပန်းကန်လေးထဲ ထမင်းနဲ့ဟင်း ပုံထည့်ပြီးဖီးဖိုချောင်လေးထဲ ထိုင်စားနေတယ်ဆိုပြီးတော့ပါ....
အဲလိုအိမ်မက်တွေ မက်လိုက်မိတဲ့နေ့ဆိုရင်  ကျမတော်ရုံ ပြန်အိပ်လို့မရတော့ပါဘူး...
ကျမစိတ်ထဲ ငယ်ငယ်က အိမ်လေးစီကို ပြန်သွားမိတယ်...ကျမငယ်ငယ်တုန်းက အိမ်က လူကြီးတွေက
ကလေးတွေကို ကြွေရည်သုတ် ပန်းကန်လေး တွေနဲ့   ထမင်းကျွေးတာပါ..အခုခေတ်လို ဖိုင်ဘာပန်းကန်တွေလည်း မရှိသေးပါဘူး..ကြွေပန်းကန် ဆိုတာက အိမ်မှာ အလှု တွေဘာတွေ လုပ်မှ
ထုတ်သုံးတာပါ...ကျမငယ်ငယ်က ထမင်းစားတဲ့ ပန်းကန်လေးက ပန်းပွင့်အနီလေးတွေနဲ့ပါ...အနားမှာ
ကြွေကွာပြီး မည်းမည်းလေး တွေဖြစ်နေတာ ကိုမှတ်မိနေပါသေးတယ်..

အဲဒီကြွေရည်သုတ်အနားလေးတွေပဲ့နေတဲ့ ထမင်း ပန်းကန်လေးထဲ အမေ ချက်တဲ့ ငါးကျည်းကျပ်တိုက်ကြော်လေးနဲ့ ဟင်းချိုတွေရွှဲနေအောင် ဆမ်းပြီး မီးဖိုချောင်လေးထဲ
ထိုင်ပြီး  အားရပါးရ လက်နဲ့ နယ်စားမိနေတယ်လို့   အိမ်မက် မက်မိတယ်..ကျမ တခါလောက် အဲလိုအချိန်လေးတွေ ပြန်လိုချင်မိတယ်...

မနက်ဘက်ဆို အမေ ထုတ်ပေးတဲ့ ပိုက်ဆံ တကျပ်နဲ့   ကျမတို့ ညီအမ နှစ်ယောက် ကြာဇံသုတ်သွားစားကြပါတယ် .... ကြာဇံသုတ်တပန်းကန် ငါးမူးပါ...နှစ်ယောက်ဆိုတော့ တကျပ်ပေါ့
မနက်ဘက်အတွက် မုန့် ဖိုးတကျပ်ရပါတယ်...အခုနေခါ ဝယ်စားတဲ့ကြာဇံသုတ်တပွဲက  ငယ်ငယ်က
မနက်ဘက် ညီအမ နှစ်ယောက် အတူသွားစားခဲ့တဲ့ ကြာဇံသုတ်တပွဲနဲ့  အရသာချင်းတူနိုင်မယ် မထင်ပါဘူး..
ကျမညီမက  စားတာနှေးပါတယ်..ကျမက  စားတာမြန်ပါတယ်..ကျမစားပြီးသွားပေမဲ့  သူစားပြီးတဲ့ အထိ
စောင့်ပေးရပါတယ်..ပြီးမှ နှစ်ယောက်သား အတူတူအိမ်ပြန်လာကြတာပါ..
အခုတော့ အဲတာလေးတွေက ပြန်အမှတ်ရစရာလေးတွေဖြစ်သွားပြီပေါ့....။။

အဲလိုအမှတ်ရစရာလေးတွေကလည်းအများသား... စိတ်ပင်ပန်းတာတွေ များလာတိုင်းကလေးဘဝ ကိုဘဲ
ပြန်သွားနေမိတော့တယ်... ။။ ။။။။ ။။။။။။။

ပစ်ပစ်
12.8.2013
Am 3:28

30 July 2013

ဥဿမြို့က မုဒိတာအလှ (သို့) မိုးရေထဲက ပနက်ချပွဲ (၁)

Posted by blackroze at Tuesday, July 30, 2013 1 comments
အားလုံးမင်္ဂလာပါ..။
မြန်မာ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ သြစတေးလျ၊ ကိုရီးယားနိုင်ငံတို့မှ အလှုရှင်များရဲ့ စုပေါင်းအင်အားဖြင့် ကျွန်တော်တို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ပဉ္စမမြောက်ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပြန်ပါပြီ။ အမှတ် (၅/၁၉(အေ))၊ ၃လမ်း၊ ဥသာမြိုသစ်၊ ပဲခူးတိုင်း သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်းတိုက် စာသင်ကျောင်းဆောင် ပေ (70 x 20 ) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှာ စတင်ပြီး အလှုခံခဲ့ရာ အလှုမပိတ်သိမ်းခင် 1.08.2013 ရက်မတိုင်မီအထိ အလှုငွေစုစုပေါင်း သိန်း(၃၈၀) ကျော်ရရှိခဲ့ပြီး 28.07.2013၊ တနင်္ဂနွေနေ့မှာ ကျောင်းပနက်ချပွဲနှင့် ပင့်သံဃာ(၁၀)တို့အား ၀ါဆိုသင်္ကန်းကပ်လှုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

ပနက်ချမည့်ကျောင်းနေရာသို့ ကားဖြင့်တိုက်ရိုက်သွားလို့မရပဲ ခြေလျင်ခရီးဖြင့်မိနစ်အနည်းငယ်ခန့် ဆက်လျှောက်ရပါသေးတယ်။ မိုးရွာသွန်း -နေပေမဲ့ မုဒိတာအဖွဲ့သားတွေရဲ့ ရင်တွင်းက မုဒိတာစိတ်ထားကိုတော့  တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။ မိုးရေထဲမှာပဲ ဆရာတော်ကြီးမှ ဦးဆောင် ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။









စာသင်ကျောင်းအား ၈.၁.၂၀၁၃၊ ကြာသာပတေးနေ့တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ကျောင်းဆောက်လုပ်မည့် အစီအစဉ်၊ စာသင်ကျောင်း ပုံစံငယ်နှင့် နိုင်ငံအသီးသီးလက်ခံရရှိသော အလှုငွေစုစုပေါင်းအား  ၈.၁.၂၀၁၃ရက်နေ့တွင် ထပ်မံ ဖော်ပြပေးပါမည်။

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့
၂၉.၇.၂၀၁၃
 
မြန်မာမုဒိတာ လူငယ်များဘလော့မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်

01 July 2013

ကျမနှင့်မေးခွန်းများ...

Posted by blackroze at Monday, July 01, 2013 9 comments
လောကကြီးမှာအယုံကြည်ရဆုံးဆိုတဲ့အရာကတော့ .....ကျမ ကိုယ်တိုင်ပါဘဲ..


တန်ဖိုးအရှိဆုံးဆိုတဲ့အရာကတော့ ....ကျမ ကိုယ်တိုင် ဖန်တီးထားတာတွေပါဘဲ...

အခက်ခဲဆုံးအလုပ်ကတော့  ...... စိတ်တ္တဇ နမ်တွေကို ခန့်မှန်း ရတာပါဘဲ...
ဥပမာ.... အချစ်တို့ သံယောဇဉ်တို့  ယုံကြည်မှု့တို့ ...ပါဘဲ
သူတို့ကိုခန့်မှန်းရတာ  သိပ်ခက်ပါတယ်...တကယ်မလွယ်ဘူး...

အမုန်းဆုံးကတော့  ..ကျမမုန်းတာတွေတော်တော်များတယ်...ဒါကြောင့်မို့မရေးတော့ဘူး...

ဝမ်းနည်းရဆုံးအချိန်...  တခုဝမ်းနည်းစရာကြုံလိုက် ပြီးသွားလိုက်  နောက်တခုထပ်ကြုံ  လိုက်နဲ့ ဆိုတော့
repeat ဖြစ်ဖြစ်နေတဲ့ သဘောပါဘဲ..

အပျော်ဆုံးအချိန်....မရှိသေးဘူး...

အရမ်းနှစ်သက်တဲ့ အလုပ် ...သူတပါးကိုဆရာလုပ်ရတာပါ...
ကိုယ်ဆရာ လုပ်တာ တဘက်က လက်ခံသွားပြီ ဆိုရင် လွှတ်ပျော်တာဘဲ...

အရမ်းမုန်းတဲ့အလုပ် .... လိမ်ညာခြင်း  .... ဒါပေမဲ့ ကျမ အမြဲတမ်း လိမ်ညာခံရတယ်...


အရမ်းနှစ်သက်တဲ့စာရေးဆရာ.. အများကြီးပဲ...

အရမ်းနှစ်သက်တဲ့ ရုပ်ရှင်...အများကြီးပဲ...

အရမ်းကြိုက်တဲ့စားစရာ...ကြေးအိုးပေါ့  (မြန်မာပြန်လာလည်ရင် ကြေးအိုး ဒကာခံမဲ့သူများစာရင်း
ပေးနိုင်ပါသည်    :P)

အရမ်းမုန်းတဲ့စားစရာ...ပဲမြစ်

အရမ်းကြိုက်တဲ့သီချင်း...   "  အချစ်ဆိုသည်မှာ "

အရမ်းမုန်းတဲ့သူတယောက်နာမည်... တယောက်မကရှိတယ်..ဒါကြောင့်မရေးတော့ဘူး..

အရမ်းချစ်တဲ့သူများဘယ်နှစ်ယောက်ရှိသလဲ.... ကျမအမေနဲ့ ညီမ က ဇယားထိပ်မှာ draw ကျနေတယ်...
အဲတာဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်တဲ့  ကျမဘဝရဲ့ ချစ်ရဆုံးသူ နှစ်ယောက်ပါဘဲ

ဘောလုံးပွဲဝါသနာပါတဲ့သူတွေဆိုရင် အကြိုက်ဆုံးအသင်းပေါ့...ကျမကတော့ CHELSEA...



အခုနေခါ အလိုချင်ဆုံးအရာတခုကိုပြောပါဆိုရင်  ...အင်းးးးး ##@#@&&^%$###**(*(()  အဲဒါပါဘဲ
အတိတ်ကိုမေ့လိုက်ချင်တယ်..အတိတ်မှာပတ်သက်ခဲ့သူတွေအာလုံးကို မေ့သွားလိုက်ချင်တယ်..


အခုနေခါသနားဆုံးသူ......ကျမကိုယ်တိုင်ပါဘဲ ( ဟုတ်တယ်  ကိုယ့်ကိုကိုယ် သနားတယ်..)

မနက်ဖန်  ဆိုတာကို ဘယ်လိုထင်လည်း .... မပြီးဆုံးနိုင်သေးတဲ့ စစ်မြေပြင်တခုလို့ ထင်တယ်....

အခုနေခါ အစားချင်ဆုံး စားစရာ  ....ရခိုင်မုန့်တီ တပွဲနဲ့ ချိုနှစ်နေတဲ့ ဖာလူဒါတခွက်  ပေါ့

နောက်ဆုံးမေးခွန်းလေးတခု မေးချင်ပါတယ်..

 ****  အချစ်ဆိုတာကိုဘယ်လိုမြင်ပြီး လက်ခံလည်း...

*****  အိမ်ထောင်ရေးဆိုတာကိုရော ဘယ်လိုယူဆလက်ခံပါသလည်း...

အဆင်ပြေမယ်ဆိုရင် ကျမသိချင်တဲ့ မေးခွန်းလေးနှစ်ခုကိုဖြေပေးခဲ့ပါလို့တောင်းဆို ချင်ပါတယ်

ပစ်ပစ်
Pm 10:33



24 June 2013

ဆော ရီးပါဘဲ...

Posted by blackroze at Monday, June 24, 2013 6 comments
တခါတလေ  ခံစားချက်ဆိုတာများ
ခါးလွန်းလို့
ကျမလေ..
ချိုတယ်ဆိုတာ
 ဘာလိုမှန်းတောင်
မသိတော့ဘူး..

အမှန်တရားလား ???
ရှိတဲ့နေရာလေးတော့
ရှိပါတယ်..
မုသာဝါဒတွေက
ထစ်ခြုန်းလွန်းတော့လည်း
သူ့ခမျာ မိုးခေါင်သွားရှာလေရဲ့

တချို့ကပြောတယ်
နှင်းဆီဆိုတာ ဆူး နဲ့တဲ့
ဒါပေမဲ့ ပန်းခူးသမားနဲ့တွေ့တော့
အရိုးတံကနေ အဖြတ်ခံလိုက်ရတယ်လေ
ဒါဆိုဘယ်လည်း
ဆူးရဲ့ တန်ဘိုး...
နောက်ဆုံးတော့လည်း
ဆူးဆိုတာ အချိန်တန်ရင်
မြောင်းထဲ ရောက်သွားတယ်

သီအိုရီတွေ
ပုံသေနည်းတွေ ကို
စာသင်ခန်းထဲမှာဘဲ
ခေါက်ထားလိုက်တော့
ဘဝဆိုတာကြီးထဲမှာတော့
မျက်နှာဖုံးကာင်းကောင်းနဲ့
လိမ်တတ်တယ်ဆိုရင်
နေသာစားသာ ပါတယ်လေ...

ကိုယ်လျှောက်နေတဲ့လမ်း
ပန်းမခင်းဘူးဆိုတာ
သေချာနေမှတော့
တွေ့သမျှအရာ
နင်းခြေပြစ်လိုက်ဖို့
နှမြောနေစရာ မလိုတော့ပါဘူးလေ..

ယုံကြည့်မှု့တွေက ခဏခဏ
ရိုက်ချိုးခံလိုက်ရလေတော့
တခါတခါ ပြန်စဥ်းစားမိတယ်
ချစ်နေတာ အပြစ်ရယ်
များလားကွယ်...

လမ်းခွဲပြီဆိုရင် တော့
အဆင်ပြေပါစေလို့
ဆုတောင်းပေးလိမ့်မယ်လို့
မမျှော်လင့်ထားနဲ့  ...
အဝေးဆုံးရောက်အောင်
ကန်ထုတ်လိုက်ဖို့
ဆုံးဖြတ်လိုက်ပြီလို့သာ
နားလည်ထားလိုက်ပါ ...

စကားလုံးတွေက
ကြယ်တွေလိုတဖြုတ်ဖြုတ်
........             .......
ကြွေခဲ့ဖူးတဲ့ တချိန်ကိုတော့
လွမ်းမောမိပါရဲ့
ဒါပေမဲ့...
ညနက်ပြီဆိုမှတော့
လအရောင်လည်းမလိုချင်တော့ပါဘူး..
အဲဒီတော့
တကယ်လို့များ
သိပ်နက်ရှိုင်းသွားပြီဆိုရင်တော့
ဆောရီးပါဘဲလို့
ပြောလိုက်ပါရစေ....။။။


ပစ်ပစ်
Am 3:51 (24.6.2013 )






 

19 April 2013

မိုးညတမ်းချင်း

Posted by blackroze at Friday, April 19, 2013 8 comments



ဒီနေ့ရန်ကုန်မှာ မိုးရွာတယ်တဲ့....

ကျမနေတဲ့   နေရာမှာလည်း မိုးရွာလေရဲ့ ..
ကျမအလုပ်ကပြန်တော့ ည11 နာရီပတ်ဝန်းကျင် ..မိုးဖွဲဖွဲလေးကြားထဲ ထီးဆောင်းပြီးပြန်ခဲ့ရတယ်... အိမ်ေ၇ာက်တော့  မိုးတောင် နဲနဲလေး သည်းလာသလိုလို .. နောက်ဖေး ဝရံလေးမှာ ရပ်နေရင်းနဲ့မိုးသံကိုနားစွင့်နေရင်း  ကျနေတဲ့မိုးရေစက်တွေကိုကြည့်နေမိတယ်...
နောက်တော့ ကျမရဲ့ စိတ်တွေ ရန်ကုန်ဆိုတဲ့  ကျမသိပ်တမ်းတ  သိပ်လွမ်းမောရတဲ့ ..မီးတွေအမြဲတမ်းပျက်တတ်တဲ့...  နေအရမ်းပူပြီး  ဖုန်ထူတဲ့ ...  ကုန်ဈေးနှုံးတွေကြီးတဲ့..  အင်တာနက်ကွန်နက်ရှင် လိပ်လိုနှေးတဲ့  ကျမသိပ်ချစ်ရတဲ့ မြို့လေးစီကို ပြန်ရောက်သွားတယ်.. ။

ကျမရန်ကုန်မှာနေတုန်းက  ညဘက် မိုးရွာပြီဆိုရင်  ဝရန်တာကနေ လမ်းမပေါ်ကျလာတဲ့ မိုးရေ စက်တွေကို ထိုင်ကြည့်နေကြ.. တခါတလေ မီးပျက်တာနဲ့ဆုံနေရင်   ဘုရားခန်းထဲမှာဘဲဖယောင်းတိုင် ဆီမီးလေး ပူဇော်ပြီး  ဝရန်တာမှာ ကျမတယောက်ထဲ ထိုင်နေကြ ... အဲလိုညတွေကို အရမ်းပြန်သတိရမိတယ်..။  အခုလည်း မိုးတွေ ရွာနေပါတယ်... ဝရန်တာမှာလည်း ကျမရပ်နေပါတယ်..
မီးတွေလည်း မှိတ်ထားပါတယ်... ကျမ ဝရန်တာမှာ ရပ်ပြီးမိုးရေစက်တွေကိုလည်းကြည့်နေပါတယ်..
ဒါပေမဲ့  စိတ်ထဲက  ခံစားချက်... အရင်တုန်းက    မိုးရေစက်တွေကို ကြည့်နေတုန်းက ခံစားချက်နဲ့
အခု မိုးရေစက်တွေကို  ရပ်ကြည့်နေတဲ့ခံစားချက် ...မတူတော့ပါဘူး... ကျမကို ကျမသိနေပါတယ်...
တချိန်တုန်းက ကျမ စိတ်ထဲ မိုးရေစက်တွေကို  သဘောကျတဲ့စိတ်နဲ့  ရေတပေါက်ချင်းကျနေတာကို  အေးငြိမ်းတဲ့စိတ်နဲ့  ကျမကြည့်ခဲ့တာပါ...
အခု ကျမ မိုးရေကျနေတာကို ကြည့်သာကြည့်နေရတယ်...ပြောရမယ်ဆိုရင်တော့  အဓိပ္ပါယ် မဲ့စွာနဲ့
ကြည့်နေမိတာပါ .... ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလည်း  ကျမကိုယ် ကျမမသိပါဘူး.. ။။

ကျမစိတ်ထဲမတော့  ရန်ကုန်က ကျမတို့အိမ်လေးစီကိုပြန်ရောက်သွားတယ်...
ဝရံတာလေးစီကိုပြန်ရောက်သွားတယ်...ညဘက် တိုဖူးသုပ်လို့  လိုက်အော်ရောင်းတဲ့  အသုပ်သည်လေးရဲ့ အသံကိုပြန်ကြားမိသလိုလို ... မုန့်ဖက်ထုပ်လို့ အော်လိုက်သံလည်းကြားလိုက်မိပါရဲ့ ...ကျမ ရန်ကုန်ကို
သိပ်လွမ်းတယ်... ။။

တခါတလေ  ညဘက်စာအုပ်ဆိုင် သွားရင်  မိုးရေထဲလမ်းလျှောက်ခဲ့ရတာကို လွမ်းတယ်... လမ်းမပေါ်တင်နေတဲ့ ရေအိုင်လေးထဲခြေထောက်ရှပ်တိုက်လျှောက်လိုက်တိုင်း   အေးခနဲဖြစ်သွားတဲ့  အထိအတွေ့...ခြေဖမိုးပေါ် ရေစက်လေးတွေ တဖွဲဖွဲ  စင်နေတဲ့  အရသာ... ဖိနပ်တခုလုံးစိုစိပြီး  ခြေဖဝါးတခုလုံး  အေးစက်နေတဲ့  ခံစားချက်...   အိုးးးး   ကျမ အဲတာတွေ အရမ်းသတိရမိတာဘဲ...။။

ညနေဘက်ကျူရှင် သွားတဲ့အချိန် မိုးရွာရင်  သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်  အာပူလျှာပူ ဆိုင်ထဲ
ဝင်စားခဲ့တာ...  မိုးရေ အေးအေးထဲ  ငရုတ်ကောင်းနဲ့ပူစပ်ပူလောင် ဖြစ်အောင် ချက်ထားတဲ့ ရခိုင် မုနု့်တီ
တပွဲရဲ့  အရသာက အခုနေခါ ပြန်စဉ်းစားမိလိုက်ရင်တော့  သရေတောင်ပြန်မျိုချမိပါရဲ့ ...။။

ကျမအရမ်းခင်တဲ့သူငယ်ချင်း တယောက်ရှိပါတယ်  ..သူကနယ်ကပါ ..ရန်ကုန်မှာ ....အဆောင်နေပါတယ်...ကျမသူ့အဆောင် သွားလည်တိုင်း မိုးရွာတာနဲ့ဆုံရင်  ကျမတို့ ယမ်ယမ် ချဉ်စပ်တယောက်တထုပ်ပြုတ်ပြီး  အဆောင်နားက ပုဂံလမ်းထိပ်က  ကွမ်းယာတို့ဇီးထုပ်တို့ရောင်းတဲ့
မုန့်ဆိုင်လေးကနေ အချဉ်ထုပ်တွေဝယ်ပြီး  ခေါက်ဆွဲပြုတ်နဲ့ ဇီးထုပ်  စားလို့မလိုက်ဖက်ပေမဲ့  အဲဒီနှစ်မျိုးကိုဘဲ  စားခဲ့တာပါ... ညဘက်မိုးရွာရင်  အဆောင်ခေါင်မိုးပေါ် မိုးထားတဲ့ သွပ်ပြားကိုရေကျသံ
တဗြောင်းဗြောင်းကို  နားထောင်ရင်  အိပ်ပျော်သွားတဲ့ ညတွေ... အဲဒီတုန်းကတော့ ရေသံ ဗြောင်းဗြောင်းဆိုတာကို ဘဲနားထောင်နေရင်းအိပ်ပျော်သွားတာပါ ....ကျမသူငယ်ချင်းကပြောတယ်..အဲလိုညဘက် မိုးရွာလို့ ခေါင်မိုးပေါ် မိုးရေ တဗြောင်းဗြောင်းကျရင်  နယ်က သူ့အိမ်ကို အရမ်းလွမ်းတာဘဲတဲ့...အဲဒီတုန်းကတော့ သူပြောလို့ နားထောင်ပေးလိုက်တာဘဲ ရှိတာပေါ့...သူ့ခံစားချက်ကို  နားမလည်ခဲ့ပါဘူး... အခုတော့ ကျမနားလည်သွားပါပြီ ....။။

ကျမ ကဘဲ အတိတ်ကိုဖက်တွယ်လွန်းတာလားတော့  မသိပါဘူး..ကျမစီမှာ သတိရမိတဲ့
အတိတ်ပုံရိပ်တွေ  ခံစားချက်တွေ  တော်တော်များပါတယ်...ပြန်မရတော့နိုင်ဘူးဆိုတာသိနေပေမဲ့
ပြန်သတိရခွင့်တော့  ရှိတယ်လို့ ထင်ပါတယ်...ညတွေက  လူတွေကို တခါတလေ မှာပြုစားတတ်တယ်
ထင်ပါရဲ့နော်....။။

အခုလည်း မိုးတွေရွာနေတယ်...တချိန်တုန်းက မိုးညလေးတွေကို ကျမပြန်သတိရနေမိတယ်.. ။။

ပစ်ပစ်
Am 3:05
19.4.2013

ပုံကတော့ Google  ကပါ...



31 March 2013

ငယ်ငယ်တုန်းက..

Posted by blackroze at Sunday, March 31, 2013 9 comments
ကျမအခုတလော ရင်ဘတ်ကြီးထဲနေလို့မကောင်းဘူး...
ခံစားချက်တွေ များတယ်....
သတိရမိတာတွေများတယ်..
စိတ်မကောင်းဖြစ်မိတာတွေများတယ်..

မတ်လ 30ရက်နေ့ညက နိုင်ငံခြားကနေပြန်လာတဲ့ ကိုစိုးသူကြီးက free show လုပ်ပါတယ်...
ကျမတို့လိုအဝေးရောက်နေတဲ့ သူတွေကတော့ ဟိုနေရာလေးကနေဝင်ကြည့် ဒီနေရာလေးကနေဝင်ကြည့်ပေါ့ .... မြန်မာက ပရိတ်သတ်ကတော့ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လို့ရတာပေါ့ ...။

ကိုစိုးသူကြီး သီချင်းပြန်လာဆိုတော့  ကျမငယ်ငယ်တုန်းက ငါးတန်းကျောင်းသူဘဝလေးကို
ပြန်အမှတ်ရမိတယ်... ကျမ ငါးတန်းလောက်က ခရစ်ယာန် သူငယ်ချင်းမလေးတယောက်ရှိတယ်....
သူကစိုးသူအရမ်းကြိုက်တယ်...ဘယ်လောက်တောင် ကြိုက်လည်းဆိုရင်   သူ့အကိုတောင် တော်ချင်တာတဲ့ ..အဲလောက်ထိအောင်ပါ... အဲဒီတုန်းကတော့  VCD တွေ တောင်မရှိသေးတဲ့ ခေတ်ဆိုတော့ MTV ခေတ်ပေါ့  Video Tape ခွေ ဘဲရှိတာလေ...
ထွက်သမျှ ခွေငှားကြည့်တယ်... စိုးသူပုံမှန်သမျှဝယ်တယ်....ကွန်ပါဘူးထဲထည့်ထားတယ်...စာကြည့်စားပွဲမှာစိုးသူပုံကပ်ထားတယ်...
သူကစာတော်ပါတယ်...စိုးသူကဆရာဝန်မို့လို့ သူလည်းဆရာဝန်ဖြစ်ချင်လို့ပါတဲ့... ..။။

တခါတလေ  အတန်းထဲမှာ  ဘယ်သူကဘယ်မင်းသားကြိုက်တယ်ဆိုပြီး  ငြင်းကြခုန်ကြတဲ့ အခါတိုင်း
သူက စိုးသူရဲ့ အမာခံပရိတ်သတ်ပါ...
(  ကျမကရန်အောင်နဲ့မေသန်းနုရဲ့"" မောင် ""ဇာတ်လမ်းကိုကြည့်ပြီး  ရန်အောင် ဘက် နည်းနည်းပါဘူးတယ်လေ...  : LOL  :P ) 

ကျမလည်း ငယ်တုန်းက စိုးသူသီချင်းတွေကြိုက်တယ်... ကျမကြိုက်တဲ့ သူတွေထဲ ကိုစိုးသူကြီးလည်းပါ ပါတယ်...ကိုစိုးသူကြီးရဲ့ ဆယ်ကျော်သက်  ဆိုတဲ့တိတ်ခွေတောင်မုန့်မစားဘဲ မုန့်ဘိုးစုပြီးဝယ်သိမ်းဖူးတယ်.. ကျမတို့ငယ်တုန်းက လည်းမင်းသားမင်းသမီးဆိုတာ  လက်ချိုးရေ  လို့ရပါတယ်....မင်းသားထဲမှာဆိုရင် ရန်အောင်  ရဲအောင်  ကျော်ရဲအောင် စိုးသူ  လွင်မိုး  ကျော်သက်  ရဲကိုကို  တို့လောက်ဘဲနာမည်ကြီးတာ  .. မင်းသမီးဆိုလည်း မေသန်းနု စိုးမြတ်သူဇာ  မို့မို့မြင့်အောင်
မေသဉ္ဇာဦး  လင်းဇာနည်ဇော်  တို့ နာမည်ကြီးနေချိန်ပေါ့  ..မင်းသား မင်းသမီးတွေကလည်း အခုခေတ်လိုတော့  ဘယ်သူဘယ်ဝါမှန်းတောင်  မသိအောင်ကိုမများလှပါဘူး... ။။

အဲဒီလူနည်းနည်းလေးထဲကကိုဘဲ  သူ့မင်းသား ငါ့မင်းသားနဲ့ ငြင်းခုန်ခဲ့ဖူးတယ်ဆိုပါတော့...
နောက်တော့လည်း တဖြည်းဖြည်း  အတန်းတွေလည်းကြီး  သူငယ်ချင်းတွေလည်းကွဲ  နဲ့
10တန်းအောင်ပြီးတော့ တော်တော်များများ နဲ့လည်း  အဆက်သွယ် ပြတ်ကုန်တယ်ဆိုပါတော့...
အဲဒီခရစ်ယာန်သူငယ်ချင်းမလေးနဲ့လည်း  ကျမအဆက်သွယ်ပြတ်သွားပါတယ်...။။

ကိုစိုးသူကြီးလည်း  အမေရိကားရောက်ပြီး  အနုပညာနဲ့အဆက်သွယ်ပြတ်သွားတယ်ဆိုပါတော့..
ဒီလိုနဲ့  အခု မြန်မာမှာ သီချင်း show ပွဲပြန်လုပ်တယ်လို့ကြားတော့...ကျမပြန်ကြည့်ချင်မိတယ်...
ကိုယ်ငယ်ငယ်က သဘောကျနှစ်သက်ဖူးတဲ့ အဆိုတော်ကိုးးးး
ဒါပေမဲ့  ကျမအဲဒီအခွင့်အရေးနဲ့ဘာမှမသက်ဆိုင်သူတယောက်ဖြစ်ခဲ့ပါတယ်...
သီချင်း show ပွဲ တခုကြည့်ဖို့အတွက်နဲ့ ပဲ ကျမ ပြန်လို့ မဖြစ်လို့ပါ....။။

အဲဒီနေ့ည က အလုပ်က ပြန်လာတော့  facebook ထဲမှာ ဟိုနေရာက တက်လာတဲ့ဟာလေး ကြည့်လိုက်
ဒီနေရာကတက်လာတဲ့ ဟာလေး ကြည့်လိုက်နဲ့  ...ငယ်ဘဝ  ငယ်က ကျောင်းသူဘဝလေးကို
အရမ်း ပြန်အမှတ်ရမိတယ်.... ငါးတန်းကျောင်းသူဘဝလေး  စာသင်ခန်းထဲက အဖြူစိမ်းဝတ်ခဲ့တဲ့ဘဝလေး
သူငယ်ချင်းတွေနဲ့ သစ်ရွက်လှုပ်တာတောင် ရယ်မောခဲ့ဖူးတဲ့  ဘဝတုန်းက ခံစားချက်လေးတွေ
အမှတ်တရလေးတွေ  ..ပြောခဲ့တဲ့ စကားလေးတွေ ပြန်သတိရမိတယ်... ။။

Facebook ထဲမှာ တက်လာသမျှ ပုံလေးတွေကြည့်ရတာ
ကိုစိုးသူကတော့ အရင်ကပုံစံလေးလိုပါဘဲ... ဘာမှမပြောင်းလဲပါဘူး...
တကယ်တမ်းမှာတော့  အချိန်အားဖြင့် တွက်ကြည့်ရင်  ဆယ်စုနှစ် နှစ်ခုနီးပါးလောက် ကိုရှိနေပါပြီ...ဒါပေမဲ့  ကျမ စိတ်ထဲမှာတော့  အဲဒီပုံလေးတွေကြည့်နေရင်းနဲ့ 
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျောင်းစာသင်ခန်းလေးထဲကို ပြန်ရောက်သွားသလိုပါဘဲ ....။။။

ကျမငယ်ငယ်တုန်းက  သူငယ်ချင်းတွေ ..ငယ်ငယ်တုန်းက အဖြစ်လေးတွေ ..အမှတ်တရလေးတွေ
အားလုံးကို တခုချင်းပြန်မြင်နေရတယ်... စကားသံလေးတွေပြန်ကြားနေရတယ်...အတိတ်ဆိုတာ
ပျောက်ပျယ်သွားတဲ့ အရာမှမဟုတ်တာလေ... အချိန်အခါမရွေး  ပြန်လည်လတ်ဆတ် လာတတ်တယ်လေ.. ကျမအတွက် မတ်လ 30ရက်နေ့ ညကတော့ အတိတ်ကစာသင်ခန်းထဲ
ပြန်ရောက်သွားတဲ့ ညပါဘဲ...  ..ကျမသူငယ်ချင်းတွေကိုပြန်သတိရမိတယ်...
ငယ်ငယ်တုန်းက ကိုစိုးသူကြီးကို အရမ်းကြိုက်တဲ့   ခရစ်ယာန် သူငယ်ချင်းမလေးကို သတိရမိတယ်..။။

သူသာ မြန်မာမှာရှိတယ်ဆိုရင်... အဲဒီ ညက  show ပွဲကို သေချာပေါက် ရအောင်သွားကြည့်မယ်ထင်ပါတယ်.....။။

စင်ပေါ်မှာ သီချင်းဆိုနေတဲ့ စိုးသူကို  တမေ့တမော ငေးပြီး သူလည်းအတတ်ကိုများပြန်သတိရနေမလား မသိဘူး...နော်... ။။

ငယ်ငယ်တုန်းက သူငယ်ချင်း အချင်းချင်း သဘောကျတဲ့  မင်းသား ချင်း ပြိုင်ငြင်းကြရင် သူနဲ့ကျမ က စိုးသူဘက်ကနေ  တဘက်တည်းနေ နေကြမို့... ကျမကိုများ သူသတိရနေမလား  မသိဘူးနော်...။။

ဒါမှမဟုတ်  ကျမလိုဘဲ  ကွန်ပြူတာရှေ့ကနေ  စာလေးလိုက်ဖတ်ရင်း  ပုံလေးလိုက်
ကြည့်ရင်းနဲ့ ငယ်ငယ်တုန်းက  ကျောင်းစာသင်ခန်းလေးထဲ ကျမသူငယ်ချင်းလေးအလည်
ပြန်ရောက်နေသလား ...။။

သူ့ထက် အသံကောင်းသူတွေ  သူ့ထက် သရုပ်ဆောင် ကောင်းသူတွေ သူ့ထက်ရုပ်ချောသူတွေ
သရုပ်ဆောင်လောကမှာ  ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်...ဒါပေမဲ့ ကျမနဲ့ သူငယ်ချင်းလေး
တယောက်ကတော့  ငယ်ငယ်တုန်းက သူ့ကို ဘဲ နှစ်သက်အားပေးခဲ့ဖူးတယ်..

အခုကျမနားထောင် မိတဲ့ သီချင်းလေး တပုဒ်ပါ တင်ပေးလိုက်ပါတယ်...။။

ပစ်ပစ်
PM 9:49
31.3.3013







21 March 2013

ကျမရဲ့ခုတလော

Posted by blackroze at Thursday, March 21, 2013 18 comments
ဒီပိုစ့်လေးရဲ့ အစကတော့ မကြီးသက်ဝေ တို့ မနော်တို့  မမကွန်တို့စီကနေ မြစ်ဖျားခံလာတာပါ...
မကြီးမိုးငွေ့ ရေးထားတာလေးဖတ်ပြီး ... .ပစ်ပစ်လည်းရေးမယ်ဆိုပြီးရေးဖြစ်သွားတာပါ...

ကျမရဲ့ခုတလောကတော့  စိတ်လှုပ်ရှားစရာ သိပ်ကောင်းတယ်လို့ ထင်တာပါဘဲ...
ရင်ခုန်လို့စိတ်လှုပ်ရှားတယ်ဆိုတာထက်...ဒေါသတွေ သည်းမခံနိုင်မှု့တွေ  နဲ့လှုပ်ရှားတာလို့ပြောပါရစေ..။

ခုတလော
========

***တွေးနေမိတာက - 
----------------------
ကျမစီမှာ ရေရာတဲ့အတွေးဆိုတာ မရှိဘူး...ကျမအကုန်လျောက်တွေးတယ်.. စီးပွားရေး.. လူမှု့ရေး
အချစ်ရေး  အိမ်ထောင်ရေး .. မိတ်ဆွေ..အပေါင်းအသင်း အစုံပါဘဲ...


 ***ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
----------------------------------------------------
 အရာရာ ကိုရင့်ကျက်စွာနဲ့ သိုသိုသိပ်သိပ် ခံစားတတ်ဖို့ ကြိုးစားရဦးမယ်ဆိုတာပါ...


***ကျန်းမာရေး -
---------------------
အိုကေပါတယ်...


*** ဖတ်ဖြစ်တဲ့စာအုပ်တွေက -
------------------------------------
အစုံပါဘဲ  ..သတင်းတွေလည်းဖတ်ဖြစ်ပါတယ်...အတင်းတွေလည်း လိုက်ဖတ်ဖြစ်ပါတယ်..Facebook မှာ
ဆိုပါတော့...။ ဖတ်ချင်လို့ down ထားပြီးကာမှ မဖတ်ရသေးတာတွေလည်းတပုံကြီးပါဘဲ...

***ရောက်ဖြစ်နေတာက -
--------------------------------
ရောက်ချင်တာကတော့  မြန်မာ ပြည်ကြီးပေါ့ရှင်...
ဒါပေမဲ့ နေ့တိုင်းရောက်နေဖြစ်တာကတော့  အလုပ်ပါဘဲ....။


***နားထောင်ဖြစ်နေတာက -
------------------------------------
ကွန်ပြူတာရှေ့မှာဆိုရင်တော့  ကိုင်ဇာ  ရဲ့ ဟိုးအရင်တုန်းက သီချင်းဟောင်းတွေပြန်
နားထောင်မိတယ်...
အိပ်ခန်းထဲမှာဆိုရင်တော့  ကျမဖုန်းမှာ download ချပြီးသိမ်းထားတဲ့
5ပုဒ်တည်းသော သီချင်း ကိုဘဲအပြန်အလှန် နားထောင်မိတယ်...


***ရွတ်နေဖြစ်တဲ့ကဗျာက -
------------------------ ----------
ကျမအခုတလော  ကဗျာတွေနဲ့ဝေးနေတယ်...


***ဖြစ်ချင်နေတာက -
-------------------------------
ကျမရဲ့ မျက်စိအကြည့်တချက်မှာတင်  အရာရာကို ပြောင်းလဲပြစ်နိုင်တဲ့
စုန်းမ တယောက်လိုဖြစ်ချင်တယ်...  :P

*** စားဖြစ်နေတတ်တာက -
--------------------------------------
ထမင်းနဲ့ဟင်းပါဘဲ....တခါတလေ အလုပ်ပိတ်ရက်လေး စားချင်တာလေး လုပ်စားပေါ့
သိပ်ထွေထွေထူးထူး မရှိလှပါဘူး... ခေါက်ဆွဲခြောက်ကတော့ ညတိုင်းနီးပါး ပါဘဲ...။

*** သနားနေမိတာက -
---------------------------------
Myself

*** လွမ်းနေမိတာက -
----------------------------------
ပြောပြဖို့ လိုမယ်တောင် မထင်ပါဘူးကွယ်...   :)))


***မေ့လျော့ပစ်နေရတာက -
-----------------------------------------
အချိန် ရယ်..နေ့ရက်တွေရယ်...
နောက်ပြီး မျက်စိထဲကန့်လန့်ဝင်ဝင်လာတတ်တဲ့ လူတချို့ရယ်...ဆိုပါတော့...

*** ခါးသက်နေမိတာက -
-----------------------------------
အခုတလော  ကျမအတွက် အရာရာဟာ ကော်ဖီတခွက်လိုဘဲ
အရမ်း  ခါးတယ်...

*** တမ်းတနေမိတာက -
----------------------------------
နံပါတ်တစ်ကတော့ ဘာဆိုတာပြောစရာမလိုပါဘူးနော်... :))

နံပါတ်နှစ်ကတော့  ကျမရဲ့ငယ်ဘဝလေးဆိုပါတော့ ...း(

***ကြိတ်ပြီးချီးကျူးနေမိတာက -
---------------------------------------------
ကျမရဲ့ ချစ်လှစွာသော ညီမငယ်လေး ကိုပါ...
သူခံနိုင်ရည်သိပ်ကောင်းတယ်...
စိတ်ဓါတ်လည်း ပြင်းတယ်...
အရာရာလည်း ပြတ်သားတယ်...

***ကြိတ်ပြီးအထင်သေးနေမိတာက -
-------------------------------------------------
ဘယ်သူကိုမှ အထင်မသေးပါဘူး ..လူတိုင်းတန်ဖိုးကိုယ်စီရှိတယ်လို့ လက်ခံထားပါတယ်...


*** ဆန္ဒမရှိတဲ့နေရာ -
---------------------------
ကျမနေ့တိုင်းအိတ်တလုံးလွယ်ပြီး သွားနေရတဲ့ ကျမရဲ့ အလုပ်....

*** ဆန္ဒရှိနေတဲ့ကိစ္စ -
---------------------------------
ဒီဆန္ဒကို  အကောင်အထည်ဖော်နိုင်ဖို့ အတွက်  ကျမအချိန်ဆိုတာကို
နည်းနည်းမေ့ထားပြီး  ပိုက်ဆံရှာနေတယ်..

***မုန်းတီးနေမိတာက -
---------------------------------
ကိုယ်တိုင်ဖန်တီးခွင့်ခက်ခဲနေတဲ့  အရာတချို့ကို


*** ချစ်နေတာက -
-----------------------------
အများကြီးဘဲ...   :P  LOL


*** စိတ်ပျက်နေမိတာက -
-----------------------------------
တခါတလေ ကမောက်ကမ နိုင်တဲ့ ကံတရား

*** စွဲလန်းနေမိတာက -
-----------------------------
ခုတလော  အနေအထားနဲ့ အကိုက်ညီဆုံးဖြစ်အောင်ပြောရမယ်ဆိုရင်တော့
ညတိုင်းmilo တခွက်နဲ့ Facebook စာမျက်နှာ ပါဘဲ...

*** လိုအပ်နေတာက -
---------------------------
နွေးထွေးတဲ့ အားပေးသံလေးတခု....
 
*** ရောက်နေတဲ့နေရာက -
-----------------------------------------
ခရီးတခုရဲ့ အလည်မှာလို့  ခံစားမိတယ်...

*** နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
--------------------------------------------------
ငါ့စိတ်ဓါတ်တွေကို  ပြောင်းလဲသင့်နေပြီလားဆိုတာပါဘဲ.. ။။

 ကျမရဲ့ခုတလောကတော့  သိပ်ပြီးတောက်တောက်ပပ  မရှိလှပါဘူး..
နဲနဲ များ မှိုင်းနေသလားလို့နော်...
မကြီးမိုးငွေ့စီကနေတဆင့် ကျမရေးတယ်..
ကျမစီကနေတဆင့်လည်း  ရေးကြပါလို့  ပြန်တက်ဂ်ပါရစေ..
အားလုံးကိုကျေးဇူးတင်ပါတယ်...

ပစ်ပစ် 
Am 2:43
21.3.2013



14 March 2013

ကျမရဲ့ည

Posted by blackroze at Thursday, March 14, 2013 12 comments
ကဲ..အားလုံးမင်္ဂလာပါလို့ ပြန်နှုတ်ဆက်မယ်နော်...
ကျမလည်း ဆားချက်တာကလွဲရင် ကျန်တာလည်း ဟုတ်တိပတ်တိ ဘာမှမရေးဖြစ်တာကြာပေါ့
ခေါင်းထဲမယ်တော့ စဉ်းစားထားတာတွေအများကြီးနော်..  ဒါပေမဲ့ထုံးစံအတိုင်းပေါ့နော်.. 
ကျမရဲ့ထုံးစံအတိုင်းဆိုတာ ဘာလဲ ခင်တဲ့သူတွေသိကြပါတယ်....

အခုတလော စိတ်ညစ်ညူး စရာတွေများလို့လား မသိပါဘူး  ဟာသကားတွေပိုကြည့်ဖြစ်တယ်...
ရယ်လိုက်ရရင် စိတ်ထဲပေါ့သွားတယ်ထင်လို့ပါ    ..
ဟာသဇာတ်လမ်းကြည့်လည်း ကြည့်တချက်ပါဘဲ...ဇတ်လမ်းလည်းပြီးလူလည်းဒုံရင်းကဒုံရင်းပါဘဲ...
ကျမအခုတလော  ဖိစီးမှု့တွေသိပ်များတယ်..
အလိုမကျတာတွေလည်းအရမ်းများတယ်... အဓိက  ကတော့စိတ်ဆိုတာကြောင့်ပါဘဲ...
အခုတော့ တတ်နိုင်သလောက် relax ဖြစ်အောင်ထား  ထားပါတယ်...

မကျေနပ်တာတွေ  ကျေနပ်တာတွေကို စဉ်းစားနေဖို့ထက်   ကိုယ့်ဘဝကို ပျော်ရွှင်အောင်ဖြတ်သန်းနိုင်ဖို့
ကြိုးစားတာက အသင့်တော်ဆုံးဖြစ်မယ်လို့ ဘဲခံယူထားလိုက်ပါတယ်...
ကျမ ဒီနေ့အလုပ်ပိတ်တယ်...  မားမား ဒမ် ပို့လာပေးတဲံမုန့်ဟင်းခါချက်တယ်... စားကောင်းတယ်
ကျမကိုယ့်ဘာကို တခါမှ မုန့်ဟင်းခါးမချက်ဖူးဘူး...အရင်ကချက်ရင်လည်း  ဘေးနားမှာ ညီမ ရှိတယ်..
သူကဟိုဟာထည့်လိုက်လေ  ဒါကိုဒီလောက်ဘဲထည့်ပြောပြပေးနေကြ  ..ကွကို   တယောက်တည်းချက်တာတော့  ဒီနေ့ပထမဦးဆုံးပါဘဲ... စားလိုက်တဲ့သူတွေကတော့ အားလုံးအိုကေ
တယ်ပြောကြပါတယ်... အဟီးးး

ကျမ ဒီအတောအတွင်း  ညညအိပ်မပျော်တာအရမ်းများတယ်..ဘယ်သူ့ကြောင့်လည်းလို့မေးရင် ဘယ်သူ့ကြောင့်မှ  မဟုတ်ပါဘူး..ကျမကြောင့်ပါဘဲ..မလိုလားအပ်တဲ့ အတွေးတွေ  ..ကို ဦးနှောက်ထဲ
ထည့်နေမိတယ်  ထင်တာပါဘဲ...တခါလေ   နှစ်နှစ်ခြိုက် ခြိုက် ကို ကျမအိပ်ပြစ်လိုက်ချင်တယ်...
ဒါပေမဲ့  ကျမအိပ်သာအိပ်နေရတယ်  ကျမစိတ်ထဲ  အိပ်ရေးမဝသလိုဘဲ...
အဲလိုမျိုးတော်တော်များများဖြစ်ဖူးကြမယ်ထင်ပါရဲ့  ...

ကျမရဲ့အဖော်ကတော့  မည်းတူး  ညစ်ပတ်ပတ်လေး ဖြစ်နေတဲ့ ကျမရဲ့ အရုပ်သေးသေးလေးပါဘဲ
အဲဒီအရုပ်လေးကိုဘဲ ရင်ဘတ်ပေါ်တင်ထားရင်း ကျမအိပ်ဖို့ကြိုးစားခဲ့ရတဲ့ညတွေ မနည်းပါဘူး...


တခါတလေ လည်း စိတ်တိုင်းမကျမှု့တွေ  အလိုမကျမှု့တွေနဲ့ မျက်ရည်ကျမိတဲ့ညတွေရှိသလို...
တခါတလေ တော့လည်း  ငိုင်တွေတွေနဲ့  ပြီးဆုံးသွားတဲ့  ညတွေရှိခဲ့ပါရဲ့ ...

သူများတွေ ခရီးသွားပိုစ့်တွေကိုဖတ်ရတိုင်း  ခွင့်အလွယ်တကူ  ယူခွင့်မရတတ်တဲ့  ဒီအလုပ်ကြီးကနေ
ထွက်ပြေးချင်မိတယ်...
စိတ်တိုင်းမကျတာတွေကိုလည်း   ပြည့်စုံလာအောင် ဖာထေးချင်စိတ်လည်းမရှိတော့တာ  အမှန်ဘဲ...

ဒီနေ့လည်း  ကျမနေတဲ့နေရာမှာ  ရာသီဥတု တော်တော်အေးတယ်..လက်တွေအေးစက်စက်နဲ့
Keyboard ကိုကိုင်နေရတာ..စိတ်ထဲမျိုးဘဲ... ကော်ဖီတခွက်လောက် ထဖျော်ချင်ပေမဲ့
ကျမ နဲ့ အိပ်စက်ခြင်း ဝေးကွာသွားလိမ့်မယ်ဆိုတဲ့အသိနဲ့ ကော်ဖီ ကို ဥပေက္ခာ ပြုလိုက်ပါတယ်...

တခုလိုချင်ရင် တခုကိုပေးနေရတာဘာလို့ ပါလိမ့် ဆိုတဲ့  အူကြောင်ကြောင်အတွေးတွေလည်း
တွေးမိတယ်...

အခုတော့ အိပ်ချင်သလိုလို  နဲ့ ကျမရဲ့ ညစ်ပတ်ပတ်  ဖြစ်နေတဲ့ အရုပ်လေးကို ပေါင်ပေါ်တင်ပြီး
ကွန်ပြူတာရှေ့မှာ  ငိုင်တိုင်တိုင်နဲ့ထိုင်နေမိတယ်  ထင်တာဘဲ...
ကျမရှေ့က  စားပွဲမှာတော့  ဖုန်းရယ်  ကျမညီမရဲ့ အိမ်သော့တွဲရယ်..  ခေါင်းစည်းကြိုးလေးတကွင်းရယ်
အစာကြေဆေးဘူး.. Hand cream နောက်ပြီး memorie stick ...  အစရှိတဲ့ပစ္စည်းတွေက ဖရိုဖရဲ..

လူကလည်း ရင်တုန်သလိုလို  ရင်ထဲတလှပ်လှပ်  ဖြစ်နေသလို  ...ညာဘက် လက်တဘက်ကိုက်နေသလိုလို  နဲ့   လိုလို  လိုလို  စတဲ့ ခံစားချက်ပေါင်းစုံကို  ကိုယ့်ဘာသာ ဝေခွဲရင်းနဲ့
ညတညကို ကျမဖြတ်သန်းနေတယ်...

ဒီလောက်ဆို ကျမရဲ့အခြေအနေကို  ခန့်မှန်းမိကြမယ်ထင်ပါရဲ့
တခါတလေ  လွတ်လပ်စွာပျံသန်းခွင့်ဆိုတာကို ကျမသိပ်တောင့်တမိတယ်...သိလား...

ဒါနဲ့ စကားမစပ်...သကြားလုံးရဲ့  ဟမ်းစတားလေးတွေကိုစောနလေးတင်
သွားကြည့်လာတာ  အသည်းယားလိုက်တာနော်...  ပိစိညောက်တောက်လေးတွေ... 

ပစ်ပစ် 
Pm 11:22
14.3.2013

06 March 2013

သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး

Posted by blackroze at Wednesday, March 06, 2013 14 comments
ကြိုးတချောင်း
သူချည်နှောင်တတ်တယ်...
အစမထွက်လာအောင်
အနားတွေသတ်လိုက်ပါလို့
စချည်ဖို့ပြင်တယ်...

ဟိုတဘက်
ဒီတဘက်
ဝေ့ဝိုက်ကာနဲ့
လွန်းထိုးယှက်သွယ်
သူချည်နှောင်တယ်...

ဒီအနားသတ်အစလေး
ပြေထွက်မသွားအောင်
ထပ်ခါထပ်ခါ
ရစ်နှောင်ထားပါလို့
ရယ်သံအဖျားလေးနှစ်ခုနဲ့
ချိတ်ထားလိုက်တယ်...

အသည်းလေးနှစ်ခု
ဒီကြိုးဖျားထိပ်  
ထပ်ခါ  ချိတ်ပါလို့
မျှော်လင့်ချက်ဖဲပြားလေး
ချည်လိုက်ပြန်တယ်...

ဘာကြောင့်
ဘာအတွက်
နှိုင်းဆစရာမလိုတဲ့
အချစ်နှစ်ခု
ဒီကြိုးလေးထဲ
ထည့်သွင်းပါလို့
ယုံကြည်မှု့တံဆိပ်နဲ့
ချိပ်ပိတ်လိုက်တယ်....

အချစ်ကြိုးအစလေး
သူတဘက်
ကိုယ်တဘက်
ကိုင်ထားပါလို့
တယောက်မျက်နှာ
တယောက်ကြည့်
ဆုံမှတ်တခုမှာ
စချည်နှောင်မဲ့
သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး.....။။။။။


ပစ်ပစ်
Am 00:52
11.2.2013

( ဘာမှတော့မဟုတ်ပါဘူး..ဆားချက်လိုက်တာပါ  :P  )

18 February 2013

Facebook ဆိုသည်မှာ

Posted by blackroze at Monday, February 18, 2013 16 comments

ကျမ Facebook သုံးဖြစ်တာ သိပ်မကြာသေးပါဘူး.. အစပိုင်းတုန်းကတော့  facebook အကောင့်ရှိပေမဲ့
သိပ်မသုံးဖြစ်ပါသည်... တခါတရံလောက်ဘဲ  ဝင်ဖြစ်တယ်ဆိုပါတော့ ...။

ဒါပေမဲ့  အခုနှစ်ပိုင်းအတွင်းမှာပေါ့ 2012  လောာက်ကနေစပြီးတော့  ဘလော့ဂါအများစုဟာ   facebook ကိုပိုသုံးလာကြတယ်
ကျမအပါအဝင်ပေါ့... သုံးတော့ဘာဖြစ်လည်း ..  ဘာမှတော့မဖြစ်ပါဘူး..နဲနဲ စသုံးလိုက်တာနဲ့ တခါတည်းစွဲသွားတယ်
 ...  တယောက်က facebook ထဲ ရောက်နေတတ်တာများတော့ တယောက်နောက် တယောက်လိုက်ရင်းနဲ့
တအုပ်လုံးရောက်လာတယ်ဆိုပါတော့...  facebook ကတခုခု ဆို respone မြန်တာလည်းပါတာပေါ့လေ...

အခုတော့ အကြောင်းရာတခုခု message ပေးချင်ရင်  facebook မှာ status တင်လိုက်ရင်  ရပြီလေ...
တယောက်ချင်းစီပြောနေစရာတောင်မလိုတော့ပါဘူး...
facebook သုံးလို့ကြာလာတာနဲ့အမျှ  ကျမတော့ facebook ကို အခုလိုဘဲမြင်လာတယ်..

Facebook ဆိုတာ ဘာကိုမဆိုဟန်ဆောင်ဖုံးလွမ်းလိုက်လို့ရတဲ့  အရာကြီးတခု...
ကိုယ့်စီမှာတကယ်ရှိချင်မှ ရှိမယ်...ဒါပေမဲ့  ရှိသယောင်ယောင်ဆောင်လို့ရတဲ့နေရာ...ကိုယ်ကအရမ်းလှချင်မှ လှမယ်
ဒါပေမဲ့  ဓါတ်ပုံပညာနဲ့  လှအောင်ပြင်ထားတဲ့ ပုံတွေကြီးဘဲတင်လို့ရတယ်...
ကျမ မောင်လေး ပြောသလိုပေါ့  အမ...နင်ပဲစဉ်းစားလေ  ဘယ်သူမဆို ကိုယ့်ပုံကို လူများမြင်အောင်တင်ကထဲ  လှတာဘဲရွေးတင်မှာပေါ့
အလန်းဇယား ချထားတဲ့ အထာတွေဘဲတင်မှာပေါ့...အလုပ်ထဲမှာ ပန်းကန်ဆေးနေတဲ့ပုံတွေ...စိတ်ညစ်နေတဲ့ပုံတွေ
ကိုယ်တကယ်အလုပ်လုပ်နေရတဲ့ ပုံမျိုးတွေ အဲတာမျိုး အမှန်အကန် အနေအထားဘယ.်သူတင်မှာလည်းဟ..တဲ့
ဟုတ်သားဘဲ...ကျမဆိုလည်း ပုံတင်မယ်ဆိုရင် လှတာလေးအရင်ရွေးတာပဲလေ...အဲတော့ .. Edit လုပ်ပြီးသားတွေက
Original နဲ့တော့ မတူဘူးပေါ့လေ....

Facebook ဆိုတာက ကိုယ့်ခံစားရတာတွေကို လွတ်လပ်စွာ ပေါက်ကွဲခွင့်ရှိတဲ့နေရာတစ်ခု ...
ကိုယ်ခံစားမိတာ  ကိုယ့်စိတ်ထဲရှိတာကို ဖောက်ခွဲလိုက်လို့ရတယ်..

Facebook ထဲမှာ  တန်ဘိုးရှိတဲ့ စာတွေ ကဗျာတွေအများကြီးဖတ်လို့ရသလို.... Facebook ထဲမှာ  ရေးချင်ရာရေးနေတဲ့
စာတွေရှိတယ်..

Facebook ထဲမှာ တကယ်ခင်မင်မှု့နဲ့ဆက်ဆံနေတဲ့သူတွေရှိသလို   အပေါ်ယံမျက်နှာဖုံးလေးတွေနဲ့ ဟားဟား  ဟီးးဟီးး
လုပ်နေကြတဲ့သူတွေရှိတယ်...

Facebook ထဲမှာ  တကယ်စိတ်ရင်းမပါဘဲ...မမက အရမ်းလှတာဘဲနော်တို့  ညီမလေးချောလိုက်တာလို့ဆိုပြီး
ကောမက်ထဲမှာမြောက်ပင့်ရေး..ကွယ်ရာအတင်းပြောတဲ့ သူတွေရှိသလို  ..တကယ်စိတ်ထဲကနေ ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ကောမက်ရေး  တတ်တဲ့သူတွေလည်းရှိတယ်..

Facebookထဲမှာ  ပြသနာတခုခုတက်လာရင်  ဟိုလိုလို  ဒီလိုလို  မြောက်ပေးတတ်ကြတဲ့သူတွေရှိသလို 
သူခိုးပြေးမှထိုးကွင်းထ   တဲ့ သူတွေလည်းရှိတယ်...

Facebook ထဲမှာ  ပေါချင်ရာပေါ ..ပြောချင်ရာပြောကြတဲ့  ပျော်ပျော်နေတတ်သူတွေရှိသလို...အကောင့်သုံးလေးခုလောက်
လုပ်ထားပြီး  လူမသိသူမသိ  ကြိတ် Q နေကြတဲ့ သူတွေလည်းရှိတယ်...

Facebook  ထဲမှာ  တိကျမှန်ကန်တဲ့သတင်းတွေဖတ်လို့ရသလို..  ကောလဟာလ ရမ်းဖြီးသတင်းတွေလည်း
အများကြီးရှိတယ်..

Facebook ထဲမှာ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစာတွေ  ..တန်ဖိုးရှိတဲ့အဆိုအမိန့်တွေ... တရားတော်တွေ ကို
ဖတ်လို့ရနိုင်သလို .... စိတ်ပျက်စရာကောင်းတဲ့  တန်ဖိုးမရှိတဲ့စာတွေလည်း ဒုနဲ့ဒေးရှိတယ်...

Facebook မှာ နိုင်ငံရေးသမားတွေရှိသလို ...စစ်သားတွေလည်းတပုံကြီး ရှိတယ်..
တခါတလေ  သူတို့တွေ ရန်ဖြစ်ကြတဲ့ ကောမက် တိုက်ပွဲတွေလည်း ရှိတယ်..

Facebook ထဲမှာ Profile ပုံတောင်  ကိုယ့်ရဲ့ ပုံ ကိုမတင်ရဲပေမဲ့ သူများကိုဝင်ဆဲရဲတဲ့ သူတွေရှိတယ်...

Facebook ထဲမှာ  ယုံကြည်ရာတခုကို ဇွတ်စွဲကိုင်လို့အငြင်းအခုံတိုက်ပွဲဆင်နွဲတဲ့သူတွေလည်းရှိတယ်...

Facebook ထဲမှာ သရော်စာတွေရေးကြတဲ့သူတွေရှိသလို  ..ခံစားချက်လေးတွေ သီကျူးကြတဲ့ သူတွေလည်းရှိတယ်...

Facebook ထဲမှာ အချစ်တွေ့သွားတဲ့ သူတွေရှိသလို အချစ်မေ့သွားတဲ့ သူတွေလည်းရှိတယ်...

Facebook ထဲမှာ ဓါတ် ပုံတွေထဲကနေ အစုံစားလို့ရတယ်...

Facebook ထဲမှာ ..ဓါတ်ပုံတွေထဲကနေ  နေရာအစုံတကယ်ရောက်သွားသလို  ခံစားလို့ရတယ်....

Facebook ထဲမှာ..စိတ်မကောင်းစရာ...ဝမ်းနည်းစရာ .. ကြေကွဲစွာ  ခံစားလိုက်ရတဲ့
သတင်းတွေ status  တွေ ဖတ်လို့ရသလို...  အောင်မြင် ဂုဏ်ယူချင်စရာကောင်းတဲ့သတင်းတွေလည်း ဖတ်လို့ရတယ်...

Facebook ထဲမှာ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေရှိသလို
...တကယ်ထိုက်တန်တဲ့ အောင်မြင်မှု့ ရရှိနေသူတွေလည်းရှိတယ်..

ထိုကြောင့်...
ထိုကြောင့်...


Facebook ဆိုတာကြီးထဲကနေ  ခံစားချက်မျိုးစုံ.. ရရှိနိုင်ပါသည်...

(တခုကျန်သွားတယ်.....)
Facebook ထဲမှာ ကျမလို  အူကြောင်ကြောင် နဲ့ဟိုမရောက် ဒီမရောက် သူတွေလည်းအများကြီးဆိုတာပါဘဲ... ..။။။။။


ပစ်ပစ်
Am 3:34
18.2.2013

10 February 2013

ကျမနဲ့မဖြူ

Posted by blackroze at Sunday, February 10, 2013 13 comments
ကျမ ပထမဆုံးဒီနိုင်ငံကိုရောက်စ မှာ  အလုပ် လုပ်ရတဲ့နေရာ က ကျမနေတဲ့နေရာကနေ နာရီဝက်လောက် ကားစီးသွားရတဲ့  နေရာတခုမှာ ပါ ..။  ကျမကလည်းရောက်စဆိုတော့ စကားလည်းလည်လည်ဝယ်ဝယ်မရှိပါဘူး.. (အခုလည်း အရမ်းမပြောတတ်သေးပါဘူး  )
နောက်ပြီး  ရောက်လာကာစလူတွေထုံးစံအတိုင်းအကြောက်တရား ကလည်းခပ်များများ..
အဲဒီအလုပ်မှာ  ကျမ မိန်းမတယောက်နဲ့တွေ့ပါတယ်.....။။

သူ့နာမည်အရင်းကိုတော့ မပြောတော့ပါဘူး..  အင်းးးးးးးး  ဥပမာပေါ့ ...  မဖြူ  လို့သာ
သတ်မှတ် လိုက်ပါတယ်...မဖြူက ကျမအခုရေးမဲ့  Post ရဲ့ ဇာတ်ကောင်ပါဘဲ...    :)
အဲဒီအလုပ်ရဲ့ အလုပ်ချိန်က မနက် 8နာရီကနေ   ညနေ 53း0  ..တခါတလေ overtime ဆိုရင်
ည 10း00  အထိ ဆိုပါတော့...  ကျမကလည်းရောက်စဆိုတော့   ဘတ်စ်ကားသေချာမစီးတတ်ပါဘူး ..။။
အိမ်ကနေ အလုပ်ကိုသွားရင်  လမ်းမှာ ဘယ်နှစ်မှတ်တိုင် ရှိတယ်..  ကျမဆင်းရမဲ့ ဂိတ်နားမှာ..
ဘာအဆောက်အဦး ရှိတယ်  ..အဲတာမျိုး  ကျမ  မှတ်ထားတာပါ...

ကျမညီမကလည်း  အဲဒီအချိန်တုန်းက night shift ဆင်းတဲ့  အချိန် ဆိုတော့  ညဘက် သူမအားပါဘူး...
အသွားကတော့ မိုးလင်း 7နာ၇ီမို့ ပြသနာမရှိပေမဲ့...။ အပြန်ကျတော့ overtime ခေါ်လိုက်ရင်  ကျမအတွက်
အဆင်မပြေတော့ပါဘူး..  အလုပ်ဆင်းတာက ည 10 နာရီ  ဘတ်စ်ကား ဂိတ်ကိုလမ်းလျှောက်ရတာက
15 မိနစ်နီးပါး ... ကားဂိတ်ရောက်ရောက်ချင်း   ကားကလာတာမှ  မဟုတ်တာ... တခါတလေ ကားစောင့်
ရတာက  နာရီဝက်နီးပါး... ကားလာရင်  ကျမ စီးရတဲ့အချိန်က နာရီဝက်  ..ကျမဆင်းရတဲ့မှတ်တိုင်ကနေ ကျမနေတဲ့အိမ်အထိ လမ်းလျှောက်ချိန်...အားလုံးအချိန်ပေါင်းလိုက်ရင်
ည 11 နာရီကျော်မှ  အိမ်ရောက်လာတာပါ ..( ဒါတောင်ကားမစောင့်ရဘူးဆိုမှပါ )..တခါတလေ  ကားမလာ
ရင် ကားဂိတ်မှာ ကျမတယောက်ထဲ ည 11 နာရီဆိုတဲ့  အချိန်..အဲဒီအချိန်မှ Taxi စီးပြန်ရ ရအောင်လည်း
အခုမှ ရောက်ကာစ  ကျမအဖို့  အဆင်မပြေ ပါဘူး...အဲဒီတော့ ကျမညီမ က ကျမကို ညဘက်တွေ
overtime ခေါ်ရင် မဆင်းဘဲအိမ်စောစော ပြန်ဖို့  မှာထားပါတယ်...။။

အလုပ်ကလည်း အဲဒီအချိန်တုန်းက နေ့တိုင်းနီးပါး  10နာရီထိခေါ်ပါတယ်... ကျမကလည်းနေ့တိုင်း
ငြင်းနေတော့  ကြာတော့ သူဌေးက မကြည့်တော့ပါဘူး... သူဌေးကခေါ်မေးတယ် ဘာလို့overtime မဆင်းတာလည်း..ကျမကလည်း ကျမ ကရောက်လာကာ စ လမ်းလည်းမသိဘူး..ကားလည်းသေချာ မစီးတတ်ဘူး..အပြန်သိပ်နောက်ကျလွန်းရင် အဆင်မပြေဘူး  ..အဲတာမို့မဆင်းတာပေါ့....။။။

အဲဒီမှာ  မဖြူက  ကယ်တင်ရှင် ဝင်လုပ်ပါတယ်....  သူနဲ့ကျမနေတဲ့နေရာက  နီးတယ်တဲ့..။
အပြန်ကိုသူနဲ့အတူတူ  ပြန်တဲ့... သူကေ၇ာက်နေတာ 15 နှစ်လောက်ရှိနေပြီဆိုတော့   တော်တော်
လည်လည်ဝယ်ဝယ် ရှိတယ်ပေါ့  ..ကားစီးရင်  လည်း ဒီနံပါတ် မလာသေးရင်  တခြားနံပါတ် ကားစီးပြီး
ကားပြန်ပြောင်းစီးလည်း အဆင်ပြေတယ်ပေါ့  ... မိန်းကလေးချင်းလည်း အဖော်ရှိတော့  စိတ်ပူစရာ
မလိုဘူးပေါ့.... သူ့ဘာသာ သူဌေးကိုသွားပြောတာပါ... ကျမ ကိုသူဌေးက လာပြောတယ်...
နောက်ဆို  မဖြူ နဲ့ အတူ ပြန်ပေါ့...သူကနင့်နဲ့တူတူ ပြန်ပေးမယ် ပြောတယ်တဲ့...ကျမလည်း ဝမ်းသာ
သွားတာပေါ့...တယောက်ထဲ အဆင်မပြေ ဖြစ်နေတဲ့ အခြေအနေ  တခုကနေ  အဖော်လေးတယောက်နဲ့
အတူတူ   ပြန်ရတဲ့  အနေအထားဆိုတော့  ဝမ်းလည်းသာသွားတယ်....
မဖြူကိုလည်း  အရမ်းကျေးဇူးတွေတင်လို့ပေါ့  ရှင်....။။

သူကလည်း နှုတ်ရေးကတော့ကြွယ်ပါတယ်... ညီမလေး  လိုတာရှိရင် ပြောနော်... သိလား..မသိတာ
ရှိရင်လည်း  အမကိုမေးနော်... အားမနာနဲ့သိလား...အမမှာလည်း  ညီမလေး အရွယ်   ညီမတယောက်
ရှိတယ်...ညီမလေးကို  တွေ့တွေ့ချင်း  အမစိတ်ထဲကိုယ့်ညီမလေး  လိုဘဲ  ..သဘောထားမိတယ်..
အပြန်အဆင်မပြေ ဘူး ကြားတယ်...အမကိုချက်ချင်းပြောတာတော့ မဟုတ်ဘူးညီမရယ်...
ဒီမှာက ညဘက်တွေလူမပြတ်ဘူးဆိုပေတဲ့  သိပ်မိုးချုပ်ရင်တော့  မိန်းကလေးတယောက်ထဲဆိုတော့
ဘယ်ကောင်းမလည်း...နောက်ဆို  အမနဲ့တူတူပြန်နော်...သိလား...။။

အဲဒီအချိန်တုန်းက  ကျမသူ့ကိုတကယ်  အားကိုးမိခဲ့ပါတယ်...  သူကအသက် 40 လောက်ရှိတယ်..
ကျမကအဲဒီတုန်းက 23 ပတ်ဝန်းကျင် ... ကိုယ့်အမရင်းတယောက်လိုလည်း  ကျမသူ့ကိုတကယ်
အားကိုးမိခဲ့တယ်... ကျမကိုယ်  ကျမလည်း  ကံကောင်းတယ်ပေါ့  မိတ်ကောင်းဆွေကောင်းတွေနဲ့ ကျမတွေ့ခဲ့တယ်ပေါ့
သူကို့  အမတယောက်လို့   ကျမခင်တွယ်မိခဲ့တယ်....။။။ကျမရဲ့ ကိစ္စ မှန်သမျှ  ..မဖြူရေ... ဆိုပြီး
ကျမ ပြောပြတိုင်ပင်ခဲ့တယ်...။။။

အဲဒီအလုပ်မှာ  ဗီယက်နမ်  မလေးတွေ တော်တော် များပါတယ်... ကျမကလည်း  ရောက်ကာစ
သူငယ်ချင်းလည်း မရှိတော့  မဖြူကလွဲလို့ကျန်  တဲ့သူနဲ့  မခင်မိတော့ပါဘူး..အလုပ်ထဲမှာလည်း
မဖြူရဲ့  အလုပ်ဆိုရင်လည်း  ကျမ အမြဲဝိုင်းကူပေးခဲ့ပါတယ်... ကျမနောက်ပိုင်း တခုသတိထားမိလာတာ
သူက တခုခုဆို   ကျမကိုပါရောရောပြီးခိုင်းသလိုလို   ရှိလာတာကို သတိထားမိလာတယ်...ဒါပေမဲ့
ကျမ မငြိုငြင်ခဲ့ပါ ဘူး...သူ လည်း ကျမကို ကူညီပေးခဲ့တာတွေလည်းရှိတယ်...သူ့ကိုလည်း
အမတယောက်လို ပါဘဲလို့  ကျမသဘောထားခဲ့တယ်.. ..။။

တနေ့  မဖြူ အလုပ်မလာပါဘူး.. ကျမတယောက်ထဲပြန်ရတယ်ဆိုပါတော့..ဖြစ်ချင်တော့  အလုပ်ထဲက
ဗီယက်နမ်မလေးတယောက်က ကျမကို အပြန်စောင့်ဖို့ပြောခဲ့တယ်...ကျမအဲဒီညမှာဘဲ  မဖြူ ရဲ့ စိတ်ဓါတ်အမှန်ကိုစသိလိုက်ရတယ်ဆိုပါတော့...
အလုပ်ဆင်းတော့ အဲဒီ ဗီယက်နမ် မလေးနဲ့ ကားဂိတ်ကိုအတူတူသွားတော့  သူကမေးတယ်
နင်ဒီအလုပ်မှာ  အကြာကြီးလုပ်ဦးမှာလားတဲ့...မသိသေးဘူးလို့ပြန်ဖြေလိုက်တော့  ..သူကကျမကိုသေချာ
ကြည့်ပြီးတော့ပြောပါတယ်...နင်ဒီမှာဘဲ ဆက်လုပ်ဦးမယ် စဉ်းစားထားရင် အပေါင်းအသင်းပြောင်းသင့်ပြီတဲ့... ကျမနားမလည်ဘူး..ဘာကိုဆိုလိုတာလည်းမေးတော့..
အဲဒီကောင်မလေးက သူကတော့   ဗီယက်နမ်  ပြန်တော့မယ်တဲ့..အစကတော့မပြောဘဲနေမို့တဲ့
ဒါပေမဲ့ နင်အလိမ်ခံနေရသလိုဖြစ်နေတာကို နင့်ကိုသိစေချင်တယ်..ဒါကြောင့် ငါမပြန်ခင်
ပြောမယ်လို့ စဉ်းစားလိုက်တာတဲ့...နင် မဖြူကို သတိထားတဲ့ ..ကျမလည်းတော်တော် အံသြသွားတယ်
ကျမနဲ့မဖြူရဲ့ ခင်မင်မှု့ကို ဖျက်ဆီးချင်လို့ သွေးထိုးစကားလာပြောတာလား  ထင်ရအောင်လည်း
အဲဒီ ဗီယက်နမ်  မလေးက  အလုပ်ထဲမှာ  တော်တော်လေး အနေအေးတယ်..တခြားသူတွေလို
စွာကျယ်စွာကျယ်ပုံစံလည်းမဟုတ်ဘူး...အလုပ် လုပ်စရာရှိရင်လုပ် အားရင်လည်း သူ့ဘာသာ
ခပ်အေးအေးနေတဲ့  ပုံစံလေးး...  ကျမသူ့ကို ပြန်မေးလိုက်တယ်..နင်ဘာလို့မဖြူကို သတိထားလို့
ပြောရတာလည်း ဆိုတော့...ငါလည်း  ရောက်စ က မဖြူလို  လူမျိုး တွေ့ခဲ့ဖူးလို့တဲ့....
သူကအဲလောက်ဘဲပြောခဲ့ပါတယ်.... ။။။

အဲဒီအချိန်ထိ  ကျမမယုံသေးပါဘူး..နောက်တပါတ်လောက်မှာတော့  ကျမကိုသတိပေးခဲ့တဲ့
ဗီယက်နမ်မလေးက  တကယ်ဘဲအလုပ်ထွက်ပြီး  ပြန်သွားခဲ့ပါတယ်...
အဲဒီနောက်ပိုင်း  ကျမ မဖြူကို သတိထားပြီးကြည့်ခဲ့တယ်...ကျမဘယ်လိုစလေ့လာရမလည်း
ကျမ တကယ်ဘဲမသိပါဘူး...ကျမအဲလောက်ထိအောင်ကို နုံအခဲ့ပါတယ်...

တနေ့မှာ မန်နေဂျာက ကျမကိုခေါ်တွေ့တယ်...အဲဒီအခါကျမှဘဲ  ကျမက တကယ့်အမှန်တရား
နဲ့ မဖြူရဲ့  ရုပ်လုံးအမှန်ကိုသိလိုက်ရတာပါ ....။။

ကျမကိုမန်နေဂျာ မြေပဲမက မေးတယ်..နင်ရောက်တာ ဘယ်လောက်ကြာပြီလည်းတဲ့ ...။
( အဲဒီအချိန်မှာ ကျမရောက်နေတာ 6လလောက်ရှိနေပါပြီ... )6လရှိပြီလို့ဖြေတော့  နင့်ဘာသာနင်
ပြန်တတ်လောက်ပြီပေါ့တဲ့..ကျမကလည်း  ဟုတ်ကဲ့  အခုပြန်တတ်နေပါပြီဆိုတော့...ဒါဆိုရင်လည်း
နင့်ဘာနင် ပြန်တဲ့  မဖြူက  နင့်ကိစ္စမှန်သမျှ အကုန်လိုက်လုပ်ပေးနေရတာ  အဆင်မပြေဘူးလို့
ငါ့ကိုတိုင်နေတာကြာပြီတဲ့...နင့်ပုံစံကြည့်ရတာလည်း  အဲလောက်ကြီးလည်း နုံအတဲ့ပုံစံမရှိပါဘူးတဲ့...
မဖြူကလည်း သူ့ကိစ္စတွေရှိဦးမှာပေါ့..နင်ကနင်ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှ သူ့ကို လိုက်လုပ်ခိုင်းနေလို့
ဘယ်ရမလည်းတဲ့...မဖြူကတခါတခါ အဲအကြောင်းပြောရင်  သူအရမ်းစိတ်ရှုပ်တယ်ဆိုပြီးမျက်ရည်
တောင်ကျတယ်ဆိုဘဲ... ကျမအရမ်းကို အံသြခဲ့ရတယ်...ကျမ တယောက်ထဲမပြန်တတ်ခင်တုန်းက
သူ့ဘာသာ ကျမကို အတူတူ လိုက်ပြန်ပေးမယ်လို့ပြောခဲ့တယ်...အဲဒီအတွက် ကျမကျေးဇူးပါတယ်...
ကျမစိတ်ထဲမှာလည်း  ကျမအပေါ်ကိုတကယ်ကောင်းတယ်လို့သတ်မှတ်ခဲ့တယ်...

နောက်ပိုင်းခင်လာတော့  ကျမရဲ့ ကိစ္စမှန်သမျှ သူ့ကို   လုပ်ခိုင်းခဲ့တယ်ဆိုတာ  တခုမှ မရှိခဲ့ရရိုးအမှန်ပါ..
သူကအလုပ်ပိတ်ရက်ကျရင်  ညီမလေး ဒီတပါတ် အလုပ်နားရင်  ဘယ်ဆိုင်မှာ   သွားစားမယ်
လိုက်မလားမေးရင်  ..ကျမက  လိုက်ခဲ့မယ်  အမ  ဆိုပြီး..လိုက်သွားခဲ့တာဘဲရှိတာပါ...အမရေ
ကျမတော့  ဘယ်နေရာသွားချင်တယ်...လိုက်ပို့ပေးပါဆိုပြီး တခါမှ လုပ်ခိုင်းခဲ့ရိုးမရှိခဲ့တာပါ...အလုပ်ပြန်နောက်ကျတိုင်းလည်း   သူလည်းဒီလမ်းကဘဲပြန်ရတာဘဲလေ
ကျမလည်းဒီလမ်းကဘဲ ပြန်ရတာဘဲလေ...အဲတာမို့လို့ အတူတူ ပြန်ခဲ့ကြတာဘဲရှိတာပါ...အစပိုင်း
တွေကတော့  မပြန်တတ်လို့  သူ့ပြပေးတဲ့လမ်းတွေကို  ကျမသေချာမှတ်ပြီး ပြန်ခဲ့ရတာပါ..ကျမတယောက်တည်းမပြန်ရဲသေးဘူးဆိုပြီး  ကျမနဲ့အမြဲတူတူ ပြန်ရမယ်လို့လည်း  ကျမသူ့ကိုမပြောခဲ့ဖူးပါဘူး...
အခု မန်နေဂျာ မကိုတော့သူက  ငိုပြီးတောင် ပြောတယ်ဆိုဘဲ..ကျမကအင်မတန် အတယ်တဲ့နည်းနည်းလေးမှ အသုံးမကျဘူးတဲ့..ဘယ်လိုနည်းနဲ့များ..နိုင်ငံခြားရောက်လာလည်းမသိဘူးတဲ့
မြန်မာပြည်မှာ ဘွဲ့ရအောင်ကျောင်းတက်ခဲ့တာရောဟုတ်ရဲ့လားမသိပါဘူးတဲ့...(မန်နေဂျာက ကျမကို
ရယ်ပြီးမေးခဲ့ပါတယ်  နင်ဘွဲ့ကရော  တကယ်အစစ် ဟုတ်ရဲ့လားဆိုပြီးတော့ပါ  )
အခုချိန်ထိ အိမ်ပြန်တာတောင် တယောက်ထဲမပြန်ရဲသေးဘူးတဲ့...သူလည်းစိတ်ညစ်လှပြီတဲ့...
ကျမလေ..ပြန်ပြောစရာစကားတောင်မရှိခဲ့ပါဘူး...  ကျမကိုယ့်ဘာကို ပြန်မယ်ဆိုတဲ့အကြောင်းဘဲ
မန်နေဂျာ ကို ပြန်ပြောခဲ့ပါတယ်  ..။။

ကျမကိုတော့  ညီမလေးကို ညီမအရင်းတယောက်လိုပါဘဲဆိုပြီး  ကျမကွယ်ရာမှာတော့  ကျမ
ကို နှိမ်ချ ပြောဆို နေတာပါ ..။။  ကျမအဲဒီနေ့ညက ဘတ်စ်ကားပေါ်မှာ မျက်ရည် ကျခဲ့ရတယ်..ကျမကို
အဲတာကြောင့်မို့လို့  အလုပ်ထွက်သွားတဲ့  ဗီယက်နမ် မလေးက သတိပေးခဲ့တာ ဒါကြောင့်ပါလားဆိုတာ
ကျမသေချာသိလိုက်ရတယ်..။

နောက်နေ့ ကျမအလုပ်တက်တော့ ကျမသူ့ကိုပြောလိုက်တယ်.. အမ က ..ညီမ ကြောင့် တော်တော်စိတ်ညစ်ရတယ်လို့ မန်နေဂျာကို ပြောထားတယ်ဆို...မန်နေဂျာမက ခေါ်ပြောတယ်... အပြန် အမ  မစောင့်နဲ့တော့လေ။။
ညီမ ကိုယ့်ဘာကို ပြန်တတ်နေပါပြီလို့  ..ပြောလိုက်တော့..မျက်စိမျက်နှာ အပျက်ပျက်နဲ့...
ဖြစ်နေတာ..သူ့စိတ်ထင် မန်နေဂျာမက  ကျမကိုအခုလိုခေါ်ပြောလိုက်မယ်ထင်မထားခဲ့ဘူးနဲ့
တူပါရဲ့..ကျမကိုတော့ရှေ့မှာ အရမ်းကောင်းပြ  ကွယ်ရာမှာတော့ သူကူညီပေးထားရတာဆိုပြီး  မျက်နှာ
ကောင်းတွေ ယူ...အခုလို ရုတ်တရက်ကြီး..ကျမပြန်သိသွားတော့ သူဘာဆက်လုပ်ရမှန်းမသိဘူးဖြစ်သွားပုံရပါတယ်...

အဲဒီနောက်ပိုင်း  ကျမသူ့ကို မရောတော့ပါဘူး...အဲဒီတော့ ကွယ်ရာမှာရော  မကြားတကြားပါ
ကျမကို   တိုက်ခိုက်တော့တာပါဘဲ..ကျေးဇူးကန်းတယ်တဲ့....ကျမက ကျေးဇူးနားမလည်တဲ့သူတဲ့ ..။။

ကျမသူ့ကို ခင်မင်တုန်းက အမတယောက်လို ယုံကြည်ပြီး  တိုင်ပင်ပြောဆိုခဲ့တာတွေလည်း
အလုပ်တခုလုံးလူတကာသိအောင်  မကြားတကြားရော..ကြားအောင်ရော...အတင်းလိုလို သတင်းလိုလို
ပြောတယ်ဆိုပါတော့....။။
ကျမနောက်ကျောကို ဓါးနဲ့ ထိုးခံလိုက်ရတယ်လို့ဘဲ ကျမသတ်မှတ်လိုက်တယ်...။။
ကျမလူတွေကိုလည်းတော်တော်ကြောက်သွားတယ်...။
တနိုင်ငံထဲက လာတဲ့သူချင်းမို့လို့   ကူညီရိုင်းပင်းတယ်လို့ ထင်ထားတာတွေလည်း လုံးဝပျောက်သွားပါတယ်...။။

ကျမနောက်တော့ အလုပ်ပြောင်းခဲ့ပါတယ်..သူနဲ့မတွေ့တာလည်းကြာပါပြီ...
ဟိုရက်က သူ့ကို ပြန်တွေ့ခဲ့တယ်..သူကတော့ မျက်နှာခပ်ပြောင်ပြောင်ပါဘဲ..ကျမကိုတွေ့တော့

 ""  ညီမလေး မတွေ့တာကြာပြီနော်...ဘယ်မှာလုပ်နေလည်း..
အရင်အိမ်မှာဘဲလား..အဆင်ပြေတယ်မှတ်လား..
အမကသတိရနေတာ..ဘာညာပေါ့.. ""  လေကအလကားရတယ်ဆိုတော့ ဒီလိုပါဘဲ 
ပြောချင်ရာပြောလို့ရပါတယ်.....

ကျမသူ့ကို ဘာမှပြန်မပြောခဲ့ပါဘူး...ပြုံးပြပြီးတော့ နည်းနည်းလေးတော့ ပြောင်းလဲသွားသလား
မသိပါဘူးအမရယ်  လို့ဘဲပြန်ပြောခဲ့ပါတယ်....။။။


ပစ်ပစ်
Pm  8:57
10.2.2013


04 January 2013

ညနဲ့မျက်ရည်

Posted by blackroze at Friday, January 04, 2013 16 comments

သြော်...
ညရယ်နက်လှပြီ
မပျော်နိုင်သူမယ်
မျှော်ကာတွေးပါလို့
လကိုကြည့်ကာ
မှန်းဆလွမ်းလေသည်...

ငွေလသာ
တိမ်တွေလာလာဖုံးပါလို့
စိတ်ရယ်မသာ
တိမ်မည်းတွေရယ်
ဖယ်ပါလှည့်တော့
သက်ပြင်းရယ်ခါခါ
ချမိလေသည်...

ဆောင်းလေတဝေ့ဝေ့
ချမ်းအေးလှသည်မို့
ချစ်သူကိုယ်ငွေ့
နွေးလေမလား
စိတ်ကူးယဉ်ခါ
သူ့ရင်ငွေ့ကို
ခိုမိပြန်သည်..

သန်းကောင်ယံညလယ်
စိတ်ဘဝင်နွမ်းလျ
အလိုမကျပါလို့
သူ့ အပြုံး မြမြ
သူ့ နှုတ်ခမ်းစုံ  ကို
ရင်ခုန်ခုန်  ဖြင့်
လွမ်းမိပြန်သည် ...


ဝေးနေရဆဲ
ဝေးကွာနေဆဲ
ဒီအသိနဲ့
သက်ပြင်းချလျက်
ဆုံမဲ့နေ့ရက်
ဇောနဲ့မျှော်တွေး
ဒီစိတ်အလျင်လိုလေတော့သည်..

ပန်းမခင်းတဲ့  ဒီလမ်း
ဘဝလမ်းဟု
ကိုယ့်ပြန်အားပေး
လျှောက်လှမ်းလှည့်ကြည့်
ခရီးမဝေးပြီမို့
စိတ်ကိုတင်းပါလျက်နှင့်
ညစဉ်ညတိုင်း
မျက်ရည်စိုစွတ်
ငိုမိလေတော့သည်........ ။။။

ပစ်ပစ်
Am  2:08
4.1.2013
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei