31 December 2014

ဘာလိုလို

Posted by blackroze at Wednesday, December 31, 2014 3 comments
ကျမကလည်း တယောက်ထဲ ...သူကလည်းတယောက်ထဲပါဘဲ ....
သူနဲ့ကျမ ပေါင်းလိုက်တော့ ဘာလိုလို ဖြစ်သွားတယ် ...

သူကလည်း ကျမတယောက်ထဲ ဆိုပြီး ကျမအနားကိုတိုးလာဖို့ မကြိုးစားသလို ကျမကလည်း သူလည်းတယောက် ထဲ ဘဲလေ ဆိုပြီး သူ့အနားကို တိုးသွားဖို့ မကြိုးစားမိခဲ့ဘူး ...။

ကျမက စာရင်းအင်းဌာနက ဝန်ထမ်းတယောက် ..သူကတော့  အင်ဂျင်နီယာဌာန က အင်ဂျင်နီယာ
တယောက် ပေါ့ ။တယောက်နဲ့တယောက် အလုပ်အနေအထား အရ သိပ်ပြီးဆက်စပ်မှု့ မရှိပေမဲ့
တယောက်နဲ့တယောက်သိခဲ့ကြတယ် ။သူကစကားပြောရင် တလုံးချင်းခပ်အေးအေးပြောတတ်သူ
ကျမက စိတ်လောတတ်သူမို့ စကားပြောမြန်သူ ..တခါတလေ သူကပြောတာ မပြီးသေးဘူး..
ကျမက သူဘာပြောနေတာလည်းဆိုတာ တွက်ဆပြီး ပြန်ဖြေပီးနေပြီ ။ဒါလည်းကျမတို့နှစ်ယောက်
ကြားထဲက အမှတ်တရ  အဖြစ်လေးတွေဆိုပါတော့  ။

မျက်မှန်ကိုင်းတွေအောက်က သူ့မျက်ဝန်းတွေကို ကြည့်ပြီး သူ့စိတ်ထဲ ဘာရှိလည်းဆိုတာ ကျမ
သိနေသလိုလိုပါဘဲ ။သူ့မျက်ဝန်းတွေထဲမှာ ရှိတဲ့ နူးညံခြင်း  နှစ်သက်ခြင်း အစရှိတဲ့ အရာတွေကို
အခြေခံ ဖွဲ့စည်းထားတဲ့ ချစ်ခြင်းတခုက ကျမအတွက် ဆိုတာ ကျမ သိနေပေမဲ့   အဲဒီအချစ်တွေကို
လက်လှမ်းလို့ မကြိုဆိုခဲ့ဖြစ်ဘူး ။ အမှန်ဆို နွေးထွေးစွာကြိုဆို  ခဲ့မယ်ဆိုရင် သူနဲ့ကျမ တယောက်ထဲ
စီကနေ နှစ်ယောက်တဘဝ ဆိုတာကို တည်ဆောက် ပြီးသား ဖြစ်နေပါလိမ့်မယ် ။ဒါပေမဲ့ ကျမ စိတ်ထဲ
သူ့ရဲ့ ချစ်ခြင်းတွေကို  ကမ်းလင့်လို့ မမျှော်ခဲ့မိဘူး ။ ဝေခွဲမရခြင်းပေါင်းများစွာနဲ့ အဲဒီအချစ်တွေကို
နည်းနည်းဝေးဝေး ကနေဘဲ ကြည့်နေခဲ့မိသည်။

သူ့အချစ်တွေကိုဒီတိုင်းဘဲကြည့် နေမိတယ်ဆိုတာက
ကျမစီမှာတခြားတွယ်တာစရာရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး  ။ ကျမဘဝမှာလည်း တခြားအပြင်လူ ဆိုတာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး ။သူလည်း ကျမရင်ထဲမှာ သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားတဲ့ မြတ်နိုးးခြင်း အားကိုးခြင်း လေးစားခြင်း စတဲ့အရာတွေကို ပေါင်းစပ်
ဖွဲ့စည်းထားတဲ့ ချစ်ခြင်းတစုံတရာကို   မြင်မယ်ထင်ပါရဲ့ ။မြင်ပေမဲ့လည်း နဂိုရပ်နေတဲ့နေရာကနေ
ရှေ့တိုးလာဖို့ မကြိုးစားခဲ့ဘူး ။အကြည့်ချင်းစကားပြော..တခါတလေ  တယောက်ကိုတယောက် စိတ်ပူမိသလိုလို ဘာလိုလို အပြောလေးတွေ အမှတ်မထင် ပြောမိသွားတာကလွဲလို့  သူလည်း
တနေရာ  ကျမလည်းတနေရာမှာ ရပ်နေကြဆဲ  ။ အဲလိုနဲ့ဘဲ
ကျမနဲ့သူ အဖြစ်က ဇော်ဝင်းထွဋ်သီချင်းလိုဘဲ  ဘာလိုလို နဲ့ချာလည်လည် ဖြစ်နေတော့တာပါဘဲ ။

အလုပ်တခုထဲ တူတူ လုပ်ကြသူတွေဆိုတော့  အလုပ်ထဲနေ့တိုင်းလိုလို ဆုံမိကြတတ်ပါတယ် ။
ဆုံတိုင်းလည်း တယောက်ကို တယောက်အသိအမှတ် ပြု တဲ့ အပြုံး လေးအပြန်အလှန် ပြုံးကြတာ
လွဲလို့ ဘာသိဘာသာ...အကြည့်ချင်းစကားပြောလိုက်တာက လွဲပြီး စကားလုံး တွေ ထွက်မလာတဲ့
အခြေအနေပေါ့ ။တခါတလေ ကျမကော်ဖီသောက်နေတဲ့အခါနဲ့ဆုံတာမျိုးကြရင်  ကော်ဖီ ရှိသေးလားဆိုပြီး
ကျမဖျော်ထားတဲ့ခွက်ထဲကကော်ဖီတဝက်ကို သောက်ပါရစေလို့ ပြောတတ်တယ် ။။
အဲလိုအခါမျိုးဆို  ကျမအတွက် အဲဒီကော်ဖီ တဝက်ကခါတိုင်းထက်  ပိုချိုမြနေသလိုလို  သောက်ပြီးကာမှ ရင်တုန်လာသလိုလို... ကော်ဖီခွက်ကိုင်ထားတဲ့ သူ့လက်ချောင်းရှည်ရှည်လေးတွေကလည်းတုန်ခါနေသလိုလို ...  ဘာသာပြန်ဖို့ ခက်တဲ့ ခံစားချက်တွေနဲ့ နေ့တနေ့ကိုဖြတ်သန်းမိပြန်သည်  ။

အလုပ်ထဲကသူငယ်ချင်းတွေအားလုံးက ဘယ်လိုလည်းဆိုတဲ့ မျက်လုံးတွေ ...အခြေအနေဘယ်လိုလည်း
ဆိုပြီးတိုးတိုးတိတ်တိတ်လာမေးသံတွေ  ဒါတွေအားလုံးကို ကျမ ပြန်ဖြေဖို့ အဖြေ မရှိခဲ့ဘူး ။
ဟုတ်တယ်လေ  ..သူကျမကို ချစ်တယ်လို့မှ မပြောထားတာ...ကျမနဲ့သူ..ချစ်သူတွေမှ
မဟုတ်တာလေ ။အဲဒီတော့ ဒီမေးခွန်းတွေကို ကျမ ဖြေဖို့မှ မလိုတာနော် ။မေးလာသမျှကို
ပြုံးပြီး မိတ်ဆွေတွေပါ..ဆိုတဲ့ အဖြေကလွဲပြီးကျန်တာ မပြောဖြစ်ခဲ့ပါဘူး ။ သူ့ ရင်ထဲကိုတော့
မြင်နေသလိုလို ခံစားမိပေမဲ့  အဲဒီအချစ်တွေ ထွက်လာအောင် ကျမ မဆွဲထုတ်မိဘူး ။

သူငယ်ချင်းတွေက ပြောကြတယ် ။" သူ့နင့်ကိုကြွေနေတာ သေချာတယ် ။အသိသာကြီးပါဟာ ။
နင်လည်းခံစားကြည့်လို့တော့ရတယ်မှတ်လား ..နဲနဲလောက် အစလေးဆွဲကြည့်လိုက်ပါလား ။
သူကလည်းအေးစက်စက်  ..နင်ကလည်း သိပ်ဟန်ဆောင်တတ်တော့ ခက်နေတာ " တဲ့
အစပိုင်းတွေမှာတုန်းကတော့ သူကကျမကို ရုပ်ရှင် သွားကြည့်မလား.. ဘယ်နေ့အားလည်း
ဘယ်ဘုရားကျောင်းက ဆုတောင်းပြည့်တယ်  .. ကျမကော်ဖီ ကြိုက်မှန်းသိတော့ ဘယ်ကော်ဖီဆိုင်က
အရမ်းကောင်းတယ် ..ဆိုပြီး အကြောင်းပြချက်လေးတွေနဲ့ အပြင်ထွက်မလားလို့ ခေါ်ဖူးတယ်...
အဲဒီတုန်းက ကျမက ဘာလို့မှန်း မသိဘူး..
သူပြောသမျှ ကို NO ..ဆိုပြီး ငြင်းခဲ့မိတာကြီးဘဲ ။အဲဒီအချိန်  ကျမ သူ့ကို ငြင်းခဲ့စဉ် တုန်းက မျက်မှန်ဖန်သားတွေကို ဖောက်ထွင်းပြီး
ကြည့်နေတဲ့ သူ့အကြည့်တွေထဲမှာ နာကျင်ခြင်းတွေပါဝင်နေတယ်ဆိုတာ သိပေမဲ့ မသနားမိခဲ့ဘူး ။
အားနာသလိုလို တော့ ဖြစ်မိသား ။

ကျမကို သူအဲလိုနာနာကျင်ကျင် ခံစားချက်တွေပါတဲ့အကြည့်နဲ့ ကြည့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ကျမရဲ့ စိတ်ထဲမှာ အဲဒီနာကျင်ခြင်းတွေပျော်ဝင်နေတဲ့ အကြည့်တစုံကို သတိရမိတတ်လာသည် ။ နှုတ်ခမ်းကိုခပ်တွန့်တွန့် ကွေးပြီး ပြုံးတတ်တဲ့ အပြုံးတခုကို မြင်ယောင်မိတတ်လာသည်..သူရဲ့ ရင်ခုန်သံကို အသာလေးကပ်ပြီး နားထောင်ကြည့်ချင်စိတ် ပေါ်လာသည်.တခါတလေ သူ့ရဲ့ လက်ချောင်း ရှည်ရှည်လေးကို သတိရမိတတ်လာသည်  ။အဲဒီ လက်ချောင်းရှည်ရှည်လေးတွေကိုဆုပ် ကိုင်ပြီး နေရာအနှံလျှာက်သွားဖို့ စိတ်ကူးတွေယဉ်မိတတ်သည် ....လူတွေမသိအောင် စိတ်ကူးမိတယ်ဆိုပေမဲ့လည်း  ကိုယ့်စိတ်ကူးလေးကို  ကိုယ့်ဘာသာပြန်တွေးမိတော့ ရှက်အားပိုမိပါရဲ့....။

ကျမကို ကျမ အထိတ်တလန့်နဲ့ သတိထားမိလိုက်ချိန်မှာ အဲဒီအကြည့် အဲဒီအပြုံးနဲ့ အဲဒီလူက ကျမရင်ထဲ
ရောက်နေပြီ ။ဘာလို့အခုလိုပြောင်းလဲသွားတယ်ဆိုတာ မစဉ်းစားတတ်ဘူး ။ သူကလည်း ကျမက
သူဘာပြောပြော     သိပ်ပြီးအရေးတယူ ပုံစံမျိုး မရှိ ဖြစ်ပြီးကထဲက ရပ်နေလိုက်တော့တာ အခုထိပါဘဲ ။
သူနဲ့ကျမကြား တခုခု ခြားထားသလို ဖြစ်သွားခဲ့တာပါ ။သူကလည်း ဆက်ပြီးရှေ့ဆက် မတိုးလာတော့သလို  ကျမကလည် သူရှေ့ဆက်လာလို့ရအောင် လမ်း မဖွင့်ပေးမိဘူး ။
 သူ့ကိုစိတ်ဝင်စားနေပြီဆိုတာ  ကျမကိုယ်ကျမ  သိခဲ့ပေမဲ့လည်း  ကျမ ပိတ်ထားခဲ့မိတဲ့
တံခါးတွေကို ကျမ ပြန်မဆွဲဖွင့်ဖြစ်ဘူး...သူကလည်း တံခါး ကို ဖွင့်ပါဆိုပြီး ဆက်မခေါက်တော့ဘူး ။
ရင်ထဲမှာတော့ အပြန်အလှန် ငြိတွယ်နေတဲ့ စိတ်တွေ ရှိနေတယ်ဆိုတာ တယောက်ကိုတယောက်
သိနေပေမဲ့  နှစ်ယောက်စလုံးက အဲဒီအခြေအနေကနေ ရှေ့ဆက်လာဖို့ မကြိုးစားကြဘူး ။


သူလည်း တခြားမိန်းကလေးတွေနဲ့ပတ်သတ်တာမျိုးမရှိသလို ...ကျမ လည်းတခြားယောက်ကျားလေး
နဲ့ ပတ်သက်နေတယ်ဆိုတာ မရှိခဲ့ပါဘူး ... ကိုယ့်ဘာသာနားလည်မှု့ကိုယ်စီနဲ့ နေနေ ကြတဲ့
အနေအထားပေါ့ ... ဒါပေမဲ့လည်း ကျမတို့နှစ်ယောက်က ချစ်သူတွေလည်း မဖြစ်ကြဘဲ
ဘာလိုလို အနေအထားနဲ့ ဆိုတော့ ခက်သားလားရှင်  ........

သူကလည်းရှေ့ဆက်တိုးလာမဲ့ ခြေလှမ်းမပြင်သလို ...ကျမကလည်း မသိမသာလေး လှမ်းခေါ်မဲ့
ပုံစံမျိုး မပြမိဘူး...စိတ်ထဲကတော့  သူဘာဆက်လုပ်မလည်းဆိုပြီးသေချာကြည့်နေမိပေမဲ့
မိန်းကလေးပီပီ  မသိချင်ယောင်ဆောင်တာမျိုးလည်း တခါတရံမှာလုပ်မိသွားတတ်တော့  ဘာလိုလို
ဖြစ်ပြီးရင်းကို ဖြစ်နေတော့တာပါဘဲလေ ။

အဲလိုနဲ့ဘဲ  ရက်...လ...နှစ် တိုင်လာတော့တယ်...နောက်ထပ်လည်း ဘယ်လောက် အချိန်ထိ ဘာလိုလို
ဖြစ်နေကြဦးမလည်း   ..ဆိုတာလည်း  မပြောတတ်ပါဘူး ။အခုချိန်ထိတော့ တခါးတချပ်ရဲ့
ဒီဘက်မှာ ကျမ ..ဟိုဘက်မှာ သူ ..အလယ်က တံခါးကို ဘယ်အချိန်ဆွဲဖွင့် ဖြစ်မလည်း
မသိသေးးရွေ့တော့ ကျမနဲ့သူက  ဘာလိုလို    ပေါ့ ရှင်.. ..... ။။။။

(2014 ကို နောက်ဆုံးနှုတ်ဆက်တဲ့ post လေးဆိုပါတော့ ပြန်လာတော့မှာမဟုတ်တဲ့
2014 ရဲ့ ဒီဇင်ဘာ 31 ရက်နေ့မှာ ရေးခဲ့တဲ့ စာတပုဒ်ပေါ့...
နှစ်သစ်မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေရှင်.. )

ပစ်ပစ်
AM 2:55
31.12.2014


19 December 2014

မိတ်ဆွေဟူသည်

Posted by blackroze at Friday, December 19, 2014 3 comments
ဒီနေ့အရမ်းအေးတယ်...ဒီဇင်ဘာလထဲရောက်ပြီဆိုတော့ အေးတာက ပြောနေဖို့တောင် မလိုတော့ပါဘူး။
အလုပ်ကအပြန် ချမ်းချမ်းအေးအေးနဲ့ ခေါက်ဆွဲပူပူလေး လုပ်စားချင်စိတ်ပေါက်လာတယ်။
ဒါနဲ့ဘဲ အလုပ်ကအပြန် လမ်းမှာရှိတဲ့ Market အသေးလေး တခုကနေ ပဲပြားဘူးနဲ့တချို့ ပစ္စည်းလေးတွေ
ဝင်ဝယ်ပြီး ပြန်လာခဲ့သည် ။

အိမ်ရောက်တော့ တိတ်ဆိတ်ခြင်းက ကျမကိုကြိုဆိုနေတယ် ။အခန်းတံခါးဖွင့် အိပ်ယာထဲခဏလှဲလိုက်မှဘဲ
နွေးသွားတော့သည် ။နောက်တော့ ဝယ်လာတဲ့ ပစ္စည်းတွေနဲ့ ခေါက်ဆွဲ ချက်ဖို့ပြင်ရသည် ။ ခေါက်ဆွဲထုပ်ဖောက်ထည့် ဝယ်လာတဲ့ပဲပြားထည့် ကြက်ဥထည့်  မုန်ညင်းရွက်ထည့် အရသာတွေထည့်ပြီးတော့ ကျမလက်ရာစစ်စစ် ခေါက်ဆွဲပြုတ်တပန်းကန်က စားကောင်းမဲ့ပုံစံလေးနဲ့ထွက်လာသည် ။

ရာသီဥတု ကအရမ်းအေးနေတော့  ကျမစိတ်ထဲ တခုခုကိုတောင့်တလာမိသည် ...ငရုတ်သီး..
ငရုတ်သီးစပ်စပ်လေးနဲ့ ခေါက်ဆွဲပူပူလေးဆိုရင် ဘယ်လောက်များ လိုက်ဖက်လိုက်မလည်းပေါ့ ။
အဲတာနဲ့ဘဲ  ယိုးဒယားဆိုင်ကနေ ငရုတ်သီးထောင်းပီးသား  တဘူးဝယ်ထားတာထဲက ငရုတ်သီးပါ နဲနဲ ယူထည့်ပေါ့ ..အရသာကမမြည်းရသေးတော့ ဘယ်လိုဆိုတာမသိပေမဲ့ အမြင်ပုံစံကိုအရသာခံလိုက်တာကတော့
စားကောင်းမဲ့ ပုံစံထွက်လု ထွက်ခင် ဖြစ်နေပါပြီ ..ကိုယ့်လက်ရာကို ကိုယ့်ဘာကို သဘောတွေကျလို့ ...
စားဖို့ ပန်းကန်တွေဘာတွေ အကျအန ပြင်ပြီးတော့... စားပွဲမှာတင်ထားတဲ့  ရှမ်းခေါက်ဆွဲ ရောင်းတဲ့
ဆိုင်ကနေ ဝယ်ထားတဲ့  ငရုတ်သီးကြော်ပုလင်းကို ထပ်ပြီးသွားတွေ့တယ်။
မထူးပါဘူး...ဒါလေးပါနဲနဲ ထည့်လိုက်မယ်..ငရုတ်သီးကို ဆီနဲ့ လှိမ့်ထားတာဆိုတော့ မွှေးတာပေါ့လေ
ဆိုပြီး  ..အဲတာလေးပါနဲနဲ ထပ်ထည့် ... ထည့်လည်းပြီးရော ..စားလိုက်မဟဲ့ဆိုပြီး ..ဇွန်းနဲ့မွှေ
ရှလူးဆိုပြီး တဇွန်းခပ်သောက်လိုက်တာ...ဘုရားရေ....ကြယ်တွေ လတွေ အပြင် အာကာသတောင်
ပွင့်သွားသလို ကို ဖြစ်သွားတော့တာဘဲ...စပ်လိုက်တဲ့  ဖြစ်ခြင်း  စပ်တဲ့အပြင် ငရုတ်သီးကိုဆီနဲ့ကြော်ထား
တာပါထည့်ထားတော့ ငရုတ်သီးနံပါ မွှန်လိုက်တာ ..။

ကျမကြိုးစားပမ်းစားချက်ထားတဲ့ ခေါက်ဆွဲက စားကောင်းတဲ့ ပုံစံထွက်လုထွက်ခင်ဖြစ်နေရာကနေ  ချက်ခြင်းဆိုသလိုကို ပူလောင်စပ်ပြဲ နေတဲ့ အရသာကို ပြောင်းလဲသွားပြီဖြစ်တဲ့ ခေါက်ဆွဲ ပုံစံကို ပြောင်းလဲလို့သွားပါပြီ  ။ ခေါက်ဆွဲတဇွန်းစားလိုက်မိလို့ စပ်သွားတဲ့ပါးစပ်ကိုဟပြီး လေပြင်းပြင်း
ရှု လို့ ခေါက်ဆွဲပြုတ် ပန်းကန်ရှေ့ချပြီး ထိုင်နေတဲ့ ကျမ .....  ။

ကဲ...ဒီခေါက်ဆွဲကို ကျမဘာဆက်လုပ်ရမလည်းလေ ။ချက်ချင်းကြီးလည်း မသွန်ရက်ပြန်ဘူး..အခုတင်
ချက်ပြီးထားတာဆိုတော့ နှမြောနေမိတယ် ...မသွန်ပြစ်ချင်ရင်လည်း စားလိုက်ပါလားဆိုတော့
ကျမ ဒီအရသာကို ဘယ်လိုမှ ခံစားလို့မရပါဘူး .... ဒါကြောင့် ဘယ်လိုမှ စားဝင်မယ်လည်း မထင်ပါဘူး..။
ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို နဲ့ ဒီတိုင်းထိုင်နေရင်း  တခုသွားစဉ်းစားမိသည် ...

ကျမဘဝမှာ အခုခေါက်ဆွဲပြုတ်ဖြစ်သွားသလို ဖြစ်ရပ်မျိုးတွေ ဘယ်နှစ်ခုများရှိခဲ့ဘူးလည်းဆိုတာကိုပါ ...
ကျမရဲ့ မိတ်ဆွေတွေထဲကနေ  အခုလိုဘဲ အစပ်အဟပ်မတည့်လို့ မိတ်ဆွေ ဘဝကနေ စိမ်းစိမ်းပြတ်ပြတ်
ဖြစ်သွားတဲ့ လူတွေ ဘယ်နှစ်ယောက် ရှိမလည်း ပြန်စဉ်းစားမိလာတယ် ။ကျမကိုယ်တိုင် တမင်တကာပျက်စီးအောင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ခဲ့ပေမဲ့ ..ကောင်းမလားဆိုပြီး ကျမပြောလိုက်တဲ့ စကားတခွန်း.. လုပ်ရပ်တခုကြောင့် ပျက်စီးသွားတဲ့ ဖြစ်ရပ်တွေရော ..ဘယ်လောက်များရှိနေခဲ့မလည်းဆိုပြီး ပြန်တွေးမိလာသည် .

တကယ်တော့ ကျမကိုယ်တိုင် ဖန်တီးလိုက်တဲ့အရာတွေပါဘဲ....တမင်တကာ ပျက်စီးစေတဲ့ စိတ်နဲ့ လုပ်တာလည်းမဟုတ်ခဲ့ပေမဲ့  အခုလိုဘဲ အကြောင်းအရာလေးတွေ နဲနဲချင်းစီတိုက်ဆိုင်...  ကောင်းမလိုလို ပုံစံထွက်နေရာကနေ လက်ခံလို့မရနိုင်တဲ့ ပုံစံတခု       ဖြစ်ပြောင်းသွားတာ မျိုး တွေရော  ဘယ်နှစ်ခုရှိနေမလည်း   သေချာစဉ်းစားမိလာတယ် ... သတိထားမိတာလေးတွေ ..သတိမထားမိဘဲပြောင်းလဲသွားတာလေးတွေ  အများကြီး ရှိနေခဲ့မယ်ထင်တယ်  ။

တကယ်တော့ဆက်ဆံရေး ခရီးတခုကို ရေရှည် သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ရင် အပိုအလိုသိပ်မရှိတဲ့ အနေအထားနဲ့ရှေ့ဆက်တာ အကောင်းဆုံးပါ ။သိပ်ပေးလွန်းရင်လည်း မကောင်းသလို ပေးတာသိပ်နည်းလွန်းရင်လည်း
မကောင်းဘူး... စကားပုံတောင် ရှိပါတယ် ... ဂါထာပေး တေးဖြစ်  ဆိုတာပါ ...။
တန်ဖိုးရှိတာကို လူတိုင်းကို ပေးမိတော့ အလကားအရာလိုဖြစ်သွားတယ်ဆိုတဲ့ သဘောပေါ့ ...။

Human society မှာ မိတ်ဆွေ သူငယ်ချင်းဆိုတာ လူတိုင်းမှာ ရှိပါတယ်...။လိုလည်းလိုအပ်ပါတယ်  ။သို့သော်လည်း  တကယ့်မိတ်ဆွေကောင်း
သူငယ်ချင်းကောင်းဆိုတာတော့ ရှားမယ်ထင်ပါတယ် ။ မိတ်ဆွေ သူငယ်ချင်း  တိုင်းလည်း ကိုယ့်အတွက်
စစ်မှန်တဲ့ ခင်မင်မှု့ နဲ့စိတ်ရော လူပါ ပေါင်းသင်းဆက်ဆံချင်မှ ဆက်ဆံမှာပါ ။ပြောရရင်တော့
အပေါ်ယံလောက် ပေါင်းသင်းတာမျိုးပေါ့  ... တခါတလေ မှာ သူငယ်ချင်းဆိုပေမဲ့လည်း ပြောရင်းဆိုရင်း
အခန့်မသင့်တဲ့ အခါ တယောက်နဲ့ တယောက် ထင်မြင်ယူဆချက်  မတူတော့တဲ့အခါမှာ ဆန့်ကျင်ဘက်
တွေ ဖြစ်မှန်း မသိဖြစ်သွားတတ်ကြတယ်  ။ဖြစ်စေချင်တဲ့ စိတ်နဲ့ အတိုက်အခံ ပြောမိဆိုမိတာ မဟုတ်ပေမဲ့
( ကျမ ရဲ့ ခေါက်ဆွဲပြုတ်လိုပေါ့ ...) မရည်ရွယ် ထားပေမဲ့  ကောင်းမလားလို့ ထည့်လိုက်တဲ့ အရာလေးတွေက မကောင်းတဲ့အနေအထားတခုကို ပြောင်းလဲသွားစေတာမျိုးပေါ့။
မထင်မှတ်ထားတဲ့ စကားလေးတခွန်းကလည်း လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတခုကို အချိန်မရွေး
ပြောင်းလဲသွားနိုင်ပါသည် ။
 
အဓိက ကတော့ သူနဲ့ကိုယ်က တယောက်ထဲမဟုတ်ဘူး...သူကသူ  ..ကိုယ်က ကိုယ်...
ခံစားချက်မတူနိုင်သလို  အမြင်တွေလည်း တူမယ် မထင်ပါဘူး...။ဒီအတွက် ကိုယ့်အယူအဆ နဲ့
သူ့ကို လိုက်ညှို့မယ်  ..သူ့အယူအဆကိုလည်း ကိုယ်နဲ့ မကိုက်တိုင်း လိုက်ဝေဖန်မယ် ဆိုရင်တော့
အစကထဲက ဒီခင်မင်မှု့ တခုကို ဘယ်အချိန်အဆုံးသတ်မလည်းဆိုတာာကိုပါ ကြိုတင်စဉ်းစားထားတာ
အကောင်းဆုံးပါဘဲ  ။ သူငယ်ချင်းတိုင်းကတော့ ငယ်ကထဲကနေ သေဆုံးတဲ့အထိ ခင်မင်သွားကြတယ်ဆိုတာ နည်းနည်းရှားပါ လိမ့်မယ် ။အထက်တန်းတုန်းက သူငယ်ချင်း ..တက္ကသိုလ်တက်တုန်းက သူငယ်ချင်း ...လုပ်ငန်းခွင်ရောက်တော့ အလုပ်က သူငယ်ချင်း... နောက်ပြီး အခု လို အင်တာနက်ခေတ်မှာတော့ အွန်လိုင်းကမိတ်ဆွေ facebook မိတ်ဆွေဆိုပြီး ...အမျိုးအစား အမျိုးမျိုးနဲ့ ပတ်သတ်မှု့တွေရှိပါလိမ့်မည်။အနေအထားပေါင်းစုံကနေ ပတ်သတ်လာတဲ့ ဘယ်သူမဆို
သူဟာ ကိုယ်မဟုတ်ဘူးလေ  ဆိုတဲ့ အတွေးတခုနဲ့ဆက်ဆံမယ်ဆိုရင်တော့  ပြသနာနည်းမယ်ထင်ပါရဲ့လေ...။ ကာလရှည် ခင်မင်မှု့တခုကို
တည်ဆောက်နိုင်လိမ့်မယ်လို့ တွက်ဆမိပါရဲ့  ....  ။

မိတ်ဆွေ တယောက်ရလိုက်ပြီဆိုရင် ရိုးသားစွာဆက်ဆံပါ ။ပွင့်လင်းစွာ ဆက်ဆံပါ ။မျှော်လင့် ချက်နဲ့
ပေါင်းတယ်ဆိုတဲ့အနေအထား မျိုး ကို လက်မခံပါနဲ့ ။ကိုယ်ကလည်း အသားလိုလို့ အရိုးတောင်းတာ
မျိုး မလုပ်သင့်သလို အဲဒီလိုအနေအထားတွေနဲ့ ချဉ်းကပ်လာတဲ့ သူတွေကိုလည်း     မိတ်ဆွေအစစ်လို့
မသတ်မှတ်လိုက်ပါနဲ့..အဲလိုလူတွေက အခန့်မသင့်ရင် နောက်ကျောကိုဒါးနဲ့ထိုးတတ်တယ် ။အခုလို
အပေးအယူမျှော်လင့်ချက်တွေနဲ့ ဝင်လုံးပြီးအတင်းကာရော လိုက်ခင်တဲ့သူ မျိုး က
တချိန်မှာ သူတို့အတွက် မလိုအပ်တော့ဘူး..အသုံးမတည့်တော့ဘူးလို့ ထင်လာတဲ့ တနေ့မှာ
ကိုယ့်ကို  ချနင်းလိုက်ဖို့လည်း ဝန်မလေးတဲ့သူတွေ ဆိုပါတော့ ။မိတ်ဆွေစစ်စစ်  မဟုတ်ပါဘူး...။
လိုအပ်ချက်ကြောင့် လာပတ်သက်တဲ့ သူမျိုးပါ ။

ရိုးသားမှု့ဆိုတာ နေရာတိုင်းမှာ မရှိတတ်ပါဘူး.. လူတိုင်းကို ရိုးသားတယ်လို့လည်း သတ်မှတ်လို့ မရပါဘူး..။ ဖောက်ပြန်တဲ့သူဟာ ကျနော်  ကျမ ကတော့ ဖောက်ပြန်ဖူးတယ်..လို့ ဘယ်သူမှ လူသိအောင်
မကြေငြာကြပါဘူး..။ကျနော်  ကျမ  သည်အရမ်းရိုးသားပါတယ်လို့ဘဲ ...ကြေငြာတတ်ကြပါသည် ။
နောက်ကွယ်ကဖြစ်ရပ်တွေကို လူတိုင်းက သိနိုင်တာမှ မဟုတ်တာ ။ဒီတော့
ဖောက်ပြန်ခြင်းတရားဆိုတာကလည်း တိတ်တဆိတ်ဖုံးကွယ်ထားလို့ ရတဲ့အရာတခု
ပါဘဲ ။(တချို့သော လူများကိုသာဆိုလိုခြင်းဖြစ်ပါသည် ..လူတိုင်းကို မရည်ရွယ် ပါ) 
ထိုကြောင့်   လူဆိုသော သူများသည် ဘယ်သူ့ ကိုမဆို ချင့်ချိန်ပြီးယုံကြည် ဖို့လိုအပ်ပါတယ် ။
အခုလို အင်တာနက်ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲတဲ့ခေတ်မှာ လူမှု့ရေး အရှုပ်အထွေးဆိုတာ  အင်မတန်
များပါတယ်။ပြင်ပလောကမှာလည်း ရှုပ်တဲ့သူဟာ ရှုပ်တဲ့ကိစ္စတွေနဲ့ဘဲ လုံးထွေးရစ်ပတ်နေတတ်တာဘဲ..။

များများယုံလေ  များများ အညာခံလေ  မဖြစ်ဖို့ကတော့ ကိုယ်တိုင်သာလျှင် တာဝန်အရှိဆုံးပါ ။
လူတယောက်က ကိုယ့်ကို လိမ်လိုက်တယ်ဆိုပါတော့  သူလိမ်လို့ရအောင် ကိုယ်က ရိုးအနေလို့
ဆိုပြီး သတ်မှတ်လို့ရနေပါပြီ  ။ ရိုးသားခြင်းက ရှိသင့်တဲ့ အရာတခု...ရိုးအ ခြင်းကတော့ မရှိသင့်တဲ့အရာတခု...ကျမကတော့ဒီလိုဘဲခံယူထားသည် ။ဒါကြောင့် ရိုးသားပါ ..မနုံအ ပါစေနဲ့ ...။
ထက်မြက်အောင်နေပါ  ..သို့သော် သူတပါးကို လူလည်မကျပါနဲ့ ။


လူဆိုတာ မှားတတ်ပါတယ် ။လူတိုင်းလည်း အမှားနဲ့ မကင်းကြပါဘူး ။အမှားကျူးလွန်ဖူး တဲ့သူကို ကြောက်ဖို့မလိုပါဘူး ။သူကတော့ ဘယ်လိုပြသနာ ဖြစ်ဖူးတယ်  ..ဆက်ပြီးမိတ်ဆွေအနေနဲ့ မပတ်သက်ချင်တော့ဘူး ဆိုတာမျိုးကို ကျမလက်မခံပါဘူး။ လူတယောက်က အမှားတခု လုပ်လိုက်မိတယ်...ဒါပေမဲ့ သူ လုပ်ခဲ့တဲ့ အရာကို သူဝန်ခံရဲတယ်..။ဒီလိုမိတ်ဆွေကို အနားမှာ မိတ်ဆွေသူငယ်ချင်းကောင်းပီသစွာနဲ့ဖေးမ ပေးလို့ရပါတယ်...ဒါပေမဲ့သူ မဟုတ်တာလုပ် ခဲ့ရဲ့သားနဲ့ သူ မမှားပါဘူးလို့အတင်းငြင်းတဲ့ သူမျိုး ကိုတော့ မိတ်ဆွေအနေနဲ့ ဆက်မပတ်သက်ပါနဲ့တော့  ။သူက အမှားတွေကို ဆက်တိုက်ကျူးလွန်တော့မဲ့သူပါ ။ကိုယ့်အပြစ်ကိုယ်ဝန်မခံတဲ့ သူကနောက်ထပ်လည်း ဘယ်အရာကို မဆို ပေါ့ပေါ့တန်တန် လုပ်လိုက်ဖို့ ဝန်မလေးပါ ဘူး...ဒါကြောင့် ဒီလိုလူမျိုး ကိုတော့ ရှောင်သင့်ပါသည်။

ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်သိမ်းရတာဓမ္မတာ ပါ ...အချိုပင်စိုက်ထားရင် အချိုသီး  သီးမယ်ပေါ့ ။
အချဉ်ပင်စိုက်မိရင် အချဉ်သီးဘဲ သီးမှာပါ ။ကိုယ်က ကိုယ့်မှာ ရှိတဲ့မိတ်ဆွေ အပေါင်းအသင်းတွေကို
တန်ဖိုးတခုထားဆက်ဆံမယ်ဆိုရင် ဆတူညီမျှ တဲ့ တန်ဖိုးတခုနဲ့ သူတို့ကလည်း ပြန်တုံပြန်လာမှာပါ ။
ကိုယ်က စစ်မှန်တဲ့ ခင်မင်မှု့တခု ကိုပေးနေလျှက်နဲ့ ကိုယ့်အပေါ်    ထပ်တူညီတဲ့     ဆက်ဆံရေး
တခုဖြစ်မလာဘူးဆိုရင်တော့ ဒီလိုမိတ်ဆွေမျိုး ကို ကိုယ့်ရဲ့ အပေါင်းအသင်းစာရင်းထဲကနေ
ထုတ်လိုက်ပါတော့ ။လူတိုင်းမှာ သူငယ်ချင်းမိတ်ဆွေ အများကြီး ရှိမှာပါ ။အဲဒီအထဲမှာ တကယ်ကို
စစ်မှန်စွာ ခင်တဲ့သူ ကိုယ်အရေး အကြောင်းဆိုတာနဲ့ ဖေးမ ပေးတတ်တဲ့သူကတော့ရှားပါလိမ့်မယ် ။
လူတိုင်းပဲ မှန်ကန်တဲ့ ခင်မင်မှု့ တခုကို ရှာတွေ့နိုင်ကြပါစေ ။ ရှာတွေ့ခဲ့ရင်လည်း တန်ဖိုးထားတတ်ပါစေ ။
ကျမကတော့ စစ်မှန်တဲ့ ခင်မင်မှု့ တိုင်းကိုတန်ဖိုးထားပါတယ်...ဒါပေမဲ့လည်း တခါတလေမှာတော့
စကားတခွန်း ...လုပ်ရပ်လေးတခုကြောင့်  ကျောခိုင်းလိုက်တဲ့ ဖြစ်ရပ်လေးတွေ ရှိတာပေါ့
ခေါက်ဆွဲပြုတ် ဖြစ်သွားသလို မျိုး ငရုတ်သီးစပ်သွားတာပေါ့  ရှင် ။


ပစ်ပစ်
Am 2:19
19.12.2014



06 December 2014

အမှတ်တရ ဒီဇင်ဘာ

Posted by blackroze at Saturday, December 06, 2014 3 comments


ဒီဇင်ဘာလ
ကျမ ဘဝရဲ့ ကောင်းခြင်းဆိုးခြင်း ခံစားချက်တွေ အများဆုံး ရှိခဲ့တဲ့လ...
အမှတ်တရ တွေ ..ကြည်နူးပျော်ရွှင်ခြင်းတွေ ..နာကျင်ကြေကွဲခြင်းတွေ ..ထင်မထားတဲ့ အပြောင်းအလဲတွေ
မြိုသိပ်ခဲ့ရခြင်းတွေ .. တကယ်ကို အများကြီးပါဘဲ ... ပြောရမယ်ဆိုရင်တော့
ဒီဇင်ဘာလ ဆိုတာ..ကျမ ဘဝရဲ့ နာရီalarm တခု လို့ ပါဘဲ...  .. ။

ဒီဇင်ဘာဆိုတဲ့ အသံကြားလိုက်တာနဲ့ အဲဒီအမှတ်တရ တွေ ခံစားချက်တွေ အားလုံးက ကျမ အတွက်
အဖန်ဖန် အခါခါ အသစ်ဖြစ်လို့ ...နာကျင်ခဲ့ရတဲ့ ခံစားချက်တွေ မြိုသိပ်ခဲ့ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေ
ရှိခဲ့ပေမဲ့လည်း  ကျမဒီဇင်ဘာကို မုန်းမသွားခဲ့ပါဘူး ။ ခံစားချက်ကသပ်သပ်  ခံယူချက်က သပ်သပ် ဆိုတဲ့
စိတ်ထားမျိုး ဘဲထားခဲ့ပါတယ် ။ကျမ အတွက် အမှတ်တရ အရှိဆုံးလ တလ အနေနဲ့ ဒီဇင်ဘာကို အသိအမှတ် ပြု ခဲ့တယ်  ။

ဒီဇင်ဘာရဲ့ အငွေ့ သက်က အေးမြခြင်းဆိုပါတော့ ။ တချို့ကလည်း ဒီဇင်ဘာကို အမျိုး မျိုး တင်စားကြပါတယ်  ။အမည်နာမ အမျိုး မျိုး နဲ့ ခေါ်ဝေါ်ကြတယ်။ ကျမ ကတော့ အမှတ်တရ
ဒီဇင်ဘာလို့ဘဲ တင်စားပါရစေ။

နှစ်တနှစ် ရဲ့ အဆုံးသတ်ကာနီး အချိန်ရောက်တိုင်း ဒီဇင်ဘာဟာအေးမြမှု့တွေကို
သယ်ဆောင်လို့် ရောက် ရှိလာတတ်တယ် ။ အေးမြမြ အငွေ့အသက် နဲ့အတူ ဒီဇင်ဘာဟာ သူရောက်ရှိလာကြောင်း  အကြောင်းကြားနေကြ  ။

နိုဝင်ဘာလ ကုန်ဆုံးသွားတဲ့ ညတညကနေ နိုးထလာတဲ့ ကျမ ...အိပ်ယာကနိုးလို့ ခုတင်အောက်
ခြေချ လိုက်ချိန် အေးစက်နေတဲ့ ကြမ်းခင်းရဲ့ အထိအတွေ့က ဒီဇင်ဘာဟာ သူရောက်နေပြီဆိုတဲ့
အကြောင်း အသိပေးလိုက်သလိုလို ..။ဒီနှစ်ရဲ့ ဒီဇင်ဘာကို ကျမ သိပ်ကြိုက်တဲ့ mocha  တခွက်ဖျော်လို့
နွေးနွေးထွေးထွေး ကြိုဆိုမိတယ်... ခုတင်မှာခြေလေးတွဲလောင်းချထိုင်လို့ ကော်ဖီ နွေးနွေးလေးရဲ့
အရသာကို တစိမ့်စိမ့် ခံစားနေရင်းနဲ့  ကျမ အတွက် ဒီဇင်ဘာဟာ ကောင်းသော အေးမြခြင်းတွေနဲ့
ပြည့်စုံ ပါစေလို့ လည်း တိတ်တခိုး ဆုတောင်းခဲ့မိတယ် ။

တချိန်တုန်းက ရင်ခုန်ခဲ့ဖူးတဲ့ ဒီဇင်ဘာကာလတွေကို ပြန်သတိရမိတယ်...အတိတ်ကို ခဏလေး
ပြန်သွားမိသည် .. ။ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ဒီဇင်ဘာ မနက်ခင်း မြူ တွေကြားထဲမှာ
ကျောင်းသွားခဲ့ရတဲ့ အချိန်တွေ ... ဒီဇင်ဘာ နှင်းဝတ်ရုံ အောက်မှာ  စားခဲ့ဖူးတဲ့ မုန့်ဟင်းခါး
ပူပူနွေးနွေး တပွဲကိုလည်း သတိရ မိပြန်ရော  ။ငယ်ငယ်တုန်းကတော့ ကော်ဖီ မကြိုက်သူမို့
ကော်ဖီသောက်ဖို့ထက် မနက်စာ မုန့်ဟင်းခါးတို့ ခေါက်ဆွဲသုတ်တို့ စားရင်းနဲ့ ဟင်းခါးပူပူလေးသောက်
ခဲ့တာလည်း လွမ်းမိသလိုလို... အခုတော့ မနက်စာ ဆိုတာနဲ့ ကော်ဖီခွက်သာ ကိုင်မိတော့တာပါဘဲ ..
အစပိုင်းက " ကျမ ကော်ဖီ သိပ်မကြိုက်ဘူး " ဆိုတာကနေ " ကော်ဖီသောက်ရမှ ကျေနပ်သလိုကို
ဖြစ်နေတာ "ဆိုတဲ့ အဆင့်ကို တိုးတက်ရောက်ရှိလာတဲ့  အတွက် ပြောင်းလဲ လာတဲ့
အနေအထားတွေကိုလည်း မှတ်မှတ်ထင်ထင် သတိထားမိပြန်သည် ။

ဒီဇင်ဘာရောက်တိုင်း မှန်သေချာကြည့်မိသည်  ။ကိုယ့်ကိုကိုယ် လည်းစကားပြန်ပြောဖြစ်သည်  ။
အသက်တနှစ်ကြီးလာတော့မယ်နော် .. ဒီတနှစ်အတွင်း ဘာတွေလုပ်ခဲ့လည်း  ဘာတွေ ရရှိခဲ့လည်း
ဘာတွေဆုံးရှုံးသွားလည်း အမြဲတမ်း ပြန်မေး ဖြစ်ခဲ့သည် ...။ကိုယ့်ဘာကို အမေးအဖြေ လုပ်ရင်း
ရင်မောခဲ့ရတာကိုလည်း ဒီဇင်ဘာအမောလို့ အမည်တပ်ရမယ် ထင်ပါရဲ့  ။

ဒီဇင်ဘာကုန်ဆုံးလို့ နောက်တနှစ်အကူးအပြောင်း အချိန်လေးကို အိပ်ယာထဲကနေ
တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ကျော် ခဲ့ရတဲ့အချိန်တိုင်း ကျမရင်ထဲကနေ ခပ်တိုးတိုးဆိုမိတဲ့ သီချင်းတွေ
ပြောမိတဲ့စကားတွေ  ကဗျာ မဖြစ်တဖြစ် ချရေးမိတဲ့ စာလုံးတွေ ..ဒါတွေအားလုံးကို ရော
ဘယ်လိုအမည်တပ်ရမလည်း ... ဒီဇင်ဘာ ည အတွေးများလို့  ပြောရင် ကဗျာဆန်မလားဘဲနော် ...။
တချို့သော သူများအတွက် အဲလိုnew year ညတွေဟာ ဆူညံအသက်ဝင်နေသလောက်
ကျမအတွက်ကတော့ ဒီဇင်ဘာလရဲ့ နောက်ဆုံးညတည မို့ အေးစက်ခြင်းတွေနဲ့
 နာနာကျင်ကျင် နှုတ်ဆက်နေမိသလိုပါဘဲ ။
သေချာတာကတော့ ကျမနေထိုင်ရာအိမ်ရဲ့အပြင်ဘက်မှာ မှောင်မည်း သိပ်သည်းလွန်းနေတယ် ။
ကျမက ဒီဇင်ဘာညတွေကို တိတ်တိတ်ဆိတ်ဆိတ် ခံစားချင်တဲ့သူကိုးးးးးးးးး ....။

တချို့ သော ဒီဇင်ဘာညတွေဟာ.. အေးစက်မှု့ကို တိတ်ဆိတ်ခြင်းတွေက ဝန်းရံလိုက်တဲ့အခါ  ပြောပြလို့မတတ်တဲ့ ကြောက်စရာ
ကောင်းတဲ့ခံစားချက်ကိုပေးတတ်သလို  ... ခံစားချက်တွေကို တိတ်တဆိတ်ဖွင့်ချ လို့ကောင်းတဲ့
ညတွေအဖြစ်လည်းပေးစွမ်းနိုင်ပါတယ် ။ဘယ်လိုဘဲဖြစ်ပါစေ..ကျမကတော့ ဒီဇင်ဘာညတွေကိုချစ်တယ်..။

ဒီဇင်ဘာဟာ တနှစ်နဲ့တနှစ် မတူတဲ့ ခံစားချက်တွေပေးလို့ ကျမအတွက်တော့ အမြဲတမ်း
လှပနေဆဲပါဘဲ .... ..... ။

ဒီဇင်ဘာဟာ  ကျမ အတွက် ချိုမြိန်တဲ့ ခံစားချက်တွေ ပေးခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမအတွက် နာကျင်တဲ့ ခံစားချက်တွေ ပေးခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမကိုရယ်မော စေခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမကိုငိုကြွေးစေခဲ့ဖူးတယ်..
ဒီဇင်ဘာဟာ ကျမအတွက် အမှတ်တရ တွေအများကြီးချန်ထားပေးခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမအတွက်  သတိရမိစရာတွေလည်း သယ်ဆောင်လာတတ်သေးတယ်...

သိပ်ကို ချမ်းအေးတဲ့  ညတညမှာ ကော်ဖီပူပူခွက်လေးကို ကိုင်လိုက်   လက်ကလေးနွေးလာရင်
စာလေး ရိုက်လိုက်နဲ့ ကျမ ဒီစာလေးကို ရေးခဲ့ပါသည် ။
2014ရဲ့ ဒီဇင်ဘာဟာ  လည်း ကျမအတွက် တကယ်ကို အမှတ်တရ ဖြစ်စေမဲ့ခံစားချက်တခုကို
လတ်တလော လေးတင် ပေးခဲ့ပါသည် ။

အဲဒီနေ့ဟာ ဒီနေ့ ...ဒီဇင်ဘာဟာ သူရောက်ရှိလာပြီး 6ရက်မြောက်နေ့ မှာ ကျမအတွက်
ကြေကွဲစရာ ခံစားချက်တခုကိုပေးခဲ့တယ်...ကျမ ဒီနေ့ကို အမှတ်တရ နေ့စွဲလေးထဲ ထည့်ရေးထား
လိုက်ပါပြီ  ။

ကျမကတော့ နှစ်တနှစ် ကုန်ဆုံးကာနီးတိုင်း ရောက်လာ မဲ့ဒီဇင်ဘာ လပေါင်း များစွာကို
ရင်ခုန်စွာစောင့်မျှော်နေမိဦးမှာပါ .... ...... ....... ။။။



( ပစ်ကို tag လုပ်တဲ့ အမ
ဆွေလေးမွန်ကိုလည်း ကျေးဇူးပါနော်  )
အားလုံးဘဲ  SWEET DECEMBER ပါလို့ ....ချိုသော ဒီဇင်ဘာလေး ဖြစ်ပါစေရှင်....

ပစ်ပစ်
Am 2:56
6.12.2014







 





29 November 2014

အဖြူ ရောင်ကြိုး

Posted by blackroze at Saturday, November 29, 2014 4 comments


ကျမ ဒီမြေကို  ခြေမချ ဖြစ်တာ ဆယ်စုနှစ်တခုနီးနီးလောက် ရှိသွားပြီ  ။အမြဲတမ်း လိုလို တမ်းတ သတိရမိတဲ့ မွေးရပ်မြေ ဖြစ်ပေမဲ့လည်း   ပြန်လာဖို့ အားမွေးနေခဲ့ရတာ  နှစ်ပေါင်းဆယ်ချီ သွားတယ်ဆိုရင်  လူတွေ လှောင်ရယ်ကြမလားဘဲနော်.... ။ တကယ်တော့ ကျမ သတ္တိနည်းခဲ့တာပါ။
ကျမက အရာရာကို ပျော့ညံရှောင်ပြေးတတ်သူဆိုရင် ပိုမှန်မလားဘဲ  ။ လောကမှာ    ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ဖြစ်အောင် မလုပ်နိုင်ခဲ့ရင်လည်း သတ္တိရှိစွာ ရင်ဆိုင်နေထိုင်ရဲ ရမယ်ဆိုတဲ့ မူဝါဒကို မကျင့်သုံးတတ်တဲ့သူ  ။တခုခုဆို ရှောင်ပုန်းလိုက်ဖို့ကို အားသန်တဲ့သူ  ။
အဲလိုအကျင့်တွေကြောင့် ကျမ ကို ချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရှိတဲ့နေရာ  ...ကျမကလည်း
ချစ်ခင်ရတဲ့  မိတ်ဆွေ သူငယ်ချင်းတွေ ရှိတဲ့နေရာတခုကနေ ကာလတော်တော်ကြာတဲ့ အထိ ကျမ ရှောင်ပုန်းခဲ့ဖူးသည် ။ ကျမ ရှောင်ပုန်းခဲ့သောသူများထဲတွင် သူမလည်းအပါအဝင်ဆိုပါတော့ ...။
အမှန်က ကျမ ပုန်းရှောင်ချင်တာက တယောက်ထဲရယ်ပါ ...ဒါပေမဲ့သစ္စာ မရှိခဲ့တဲ့ ချစ်သူတယောက်
ထဲအတွက်နဲ့ဘဲ  ..ကျမကိုချစ်ခင်တဲ့ မိတ်ဆွေတွေကိုပါ  ဥပေက္ခာ ပြု ခဲ့မိတယ် ။
အဲဒီလူတွေအထဲမှာ သူမလည်းအပါအဝင်ပေါ့ ။

သူမဆိုတာက ကျမ ရဲ့ သူငယ်ချင်းတယောက် ...လွန်ခဲ့သောနှစ်များစွာက သူငယ်ချင်းတယောက်..။

တချိန်တုန်းက ကျမနဲ့ညတိုင်းစကားပြောနေကြ သူငယ်ချင်းတယောက်ရှိခဲ့သည်
ကျမ ညဆိုရင် သူ့စီမှာ နေ့ ..ကျမစီမှာနေ့ဆိုရင် သူ့စီမှာည ...ဒါပေမဲ့ကျမတို့ နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်ပြီး စကားတွေ အများကြီးပြောခဲ့ကြဖူးသည် ။
ဟာသတွေ ပြောခဲ့ဖူးသည်။
အချစ်အကြောင်း ဆွေးနွေးခဲ့ဖူးသည် ။တယောက်ခံစားချက် တယောက်နားထောင်ပေးခဲ့ဖူးသည်
တယောက်အနေအထားကို တယောက်ကနားလည်ပေးခဲ့ဖူးသည် ။လူတွေကို ကျမတို့နှစ်ယောက် တိတ်တဆိတ်ဝေဖန်ခဲ့ဖူးသည် ။ဘဝရှေ့ရေး လူတတ်ကြီးလုပ်ပြီးနှစ်ယောက်သားဆွေးနွေးခဲ့ဖူးသည်။
တယောက်ပြောတာကို တယောက်က ထောက်ခံပေးခဲ့သည် ။(နင်အဆင်ပြေမှာပါ )ဆိုပြီး

 တယောက်ကို တယောက် အားပေးခဲ့ကြဖူးသည် ။တခါတလေ တယောက်ကိုတယောက်
 စိတ်ဆိုးလို့ မခေါ်ဘဲနဲ့လည်းနေခဲ့ဖူးသည် ။
တကယ်လို့များ လူတွေဟာ တယောက်နဲ့တယောက် ဆက်နွယ်ထားတဲ့ ကြိုးတွေရှိမယ်ဆိုရင် ဒီကြိုး တချောင်းကိုတော့ အဖြူရောင်ကြိုးလို့ သတ်မှတ်ပါရစေ
ကျမနဲ့သူ့ကြားက အဖြူ ရောင် ကြိုးတချောင်းပါ ။ဒီအဖြူရောင်ကြိုးလေးက ခိုင်မြဲလား မခိုင်မြဲလား

တခါမှ ကျမ မစမ်းသပ်ခဲ့ဖူးဘူး ။ ကျမစမ်းသပ်ခဲ့တဲ့ ကြိုးတွေကတော့ မမြဲခဲ့တာအမှန်ပါဘဲ ။
သူမနဲ့ပတ်သတ်တဲ့ ကြိုးတချောင်းကိုတော့ ကျမမစမ်းသပ်ခဲ့ ဖူးဘူး ။သို့ပေမဲ့လည်း ကျမကိုယ်စား အချိန်ယန္တရားက စမ်းသပ်ပေးခဲ့ပါသည် ။

 မရောက်တာကြာပြီဖြစ်တဲ့  နေရာတခုက ကျမအတွက် စိမ်းသက်မှု့တွေ အပြည့်နဲ့ရယ်ပါ ။
ကျမကို နှုတ်ဆက်မဲ့သူ မရှိဘူး ။ မတွေ့တာကြာပြီ နော်ဘာလုပ်နေလည်း အဆင်ပြေလားလို့
မေးမဲ့သူမရှိဘူး ။အင်းလေ... ဘယ်ရှိမလည်းနော်...ကျမကသူတို့အားလုံးကို
ရှောင်ပုန်းခဲ့တဲ့ သူကိုး .. ဒီပတ်ဝန်းကျင်တခုလုံးကို အဆက်သွယ်ဖြတ်ခဲ့သူလေ... ။
တိတ်ဆိတ်စွာနဲ့ပဲ  ကျမပြန်လာခဲ့တာကိုးးးးးးးးးးးး  ။

ကုန်းကျော်တံတားတွေ  shopping center တွေ Beer ဆိုင်တွေ  ကွန်ဒို အဆောက်အဦးတွေ
ပိုများလာတာကလွဲလို့  အရင်ကလိုဘဲ ဘတ်စ်ကားတွေကျပ်နေဆဲ ။  မီးမှန်မှန်ပျက်နေဆဲ ။
နေပူပူမှာ ဖုန်ထူနေဆဲ ။ကျမအတွက်တော့ သိပ်အပြောင်းအလဲမရှိသလို ခံစားမိပေမဲ့
တကယ်ကိုပြောင်းလဲသွားတဲ့ အရာတခု ရှိနေတယ်ဆိုတာလည်း ကျမကိုယ်တိုင် သိနေမိသည်။
အဲတာကတော့ အိုမင်းရင့်ရော် ခြင်းလို့ ခေါင်းစဉ်တပ်လို့ ရသလို ရင့်ကျက်တည်ငြိမ်ခြင်းလို့လည်း
သတ်မှတ်လို့ရပါသည် ။ ကျမအရင်ကထက် အသက်ပိုကြီးလာတယ်..နောက်တစ်ခုက...ခံစားချက်
 ဟုတ်တယ် ...ကျမရဲ့  ခံစားချက်တွေပြောင်းလဲသွားတယ်..အေးစက်ထုံကျင်သွားတာလား...
အနည်ထိုင် အခြေကျသွားတာလား တခုခုတော့ တခုခုပါဘဲ ။

 ပထမဆုံးရောက်တဲ့နေမှာတင်  ကျမအဖြစ်က ယောင်ချာချာရယ် ။ဘယ်သွားရမှန်းလည်းမသိ ။
ဘယ်သူနဲ့ တွေ့မယ်ဆိုပြီး ချိန်းထားတာတွေလည်း မရှိ  ။ အရမ်းကို ပြန်လာချင်လွန်းလို့သာ
ပြန်လာခဲ့ရတယ်.. ကျမကို ကြိုဆိုမဲ့သူ မရှိ ။မိသားစုဝင် တချို့က လွဲလို့ ကျမမှာ အသိမိတ်ဆွေ
ရှားပါးလိုက်သည် ဖြစ်ခြင်း ။သိခဲ့ခင်ခဲ့တဲ့သူတွေလည်း အခုချိန်လောက်ဆို ကျမကိုမေ့နေလောက်
တာ အသေအချာ ပါဘဲ ။ကျမစိတ်ထဲတယောက်ယောက်နဲ့တွေ့ချင်လာတယ်  ။ တချိန်က ခင်မင်ခဲ့ဖူးတဲ့  သူမ ကိုပါဘဲ ။

သူမဘာတွေလုပ်နေမလည်း ။ သူမချစ်သူနဲ့လက်ထပ်ပြီးလောက်ပြီပေါ့ ..သားတွေသမီးတွေ နဲ့ဖြစ်နေလောက်ပြီ ထင်ပါရဲ့ ..မထင်ဘဲကျမကို တွေ့သွားရင် မှတ်မိပါ့မလား ။သူမ   မ မှတ်မိရင်
ကျမ ကရောနှုတ်ဆက်ဖြစ်ပါ့မလား ... အသက်ဆယ်နှစ်လောက် ပိုကြီးသွားရုံ နဲ့မမှတ်မိစရာတော့
မရှိလောက်ပါဘူး ..ဆိုတဲ့ ဖြေသိမ့်တွေးလေး တွေးလိုက် ။သွားတွေ့ရင် ကောင်းမလား လို့စဉ်းစားလိုက် ။
အခုလောက်ဆို အိမ်တွေ ဘာတွေ ပြောင်း ပြီလား  ။နယ်မှာများလား ။
လားးးး  ပေါင်း များစွာ နဲ့ ဇဝေဇဝါ ဖြစ်နေခဲ့သေးသည် ။နောက်ဆုံးတော့လည်း  ...ကျမရဲ့ ခင်မင်မှု့
အစလေးတစကို ပြန်ရှာ ကြည့်ချင်စိတ် ပေါက်လာသည်  ။ကျမက စိတ်နောက် လူပါ လုပ်တတ်သူမို့
သူမ နေခဲ့တဲ့ အိမ်လိပ်စာ အတိုင်း သွားခဲ့လိုက်မိသည် ။

ကျမထင်သလိုပါဘဲ သူမ ဒီအိမ် မှာ မနေတော့ ဘူး ။ပြောင်းသွားတာ အတော်ကြာပြီ ။ကျမ မေးတာကို 
ဖြေနေတဲ့ အိမ်ရှင်အန်တီကြီးက ကျမကို သေချာကြည့်ပြီး သမီးကသူနဲ့ ဘာကိစ္စ ရှိလို့လည်းတဲ့ ။
ကျမက သူရဲ့သူငယ်ချင်းပါ  မတွေ့တာဆယ်နှစ်လောက် ရှိပြီ  ..။ အခု ကျမ ပြန်လာလို့ သူ့ကို
လာရှာတာပါ လို့ဖြေ လိုက်သည် ။ အန်တီကြီးက " သူတို့ညီအမတွေက နယ် ပြန်သွားကြတာ သမီး ။
နယ်ကအိမ် လိပ်စာတော့ အန်တီလည်း မသိဘူး "လို့ဖြေလာပါတယ် ။ရပါပြီ ။ကိစ္စ မရှိပါဘူး ။
အဲလောက်သိရရင် ကျမအတွက် အဆင်ပြေပါပြီ ။ကျမစီမှာ သူမ လွန်ခဲ့သော နှစ်များစွာက ပေးခဲ့ဖူးတဲ့
နယ်မြို့လေးရဲ့ အိမ် လိပ်စာ ရှိပါသေးသည် ။ 

ဦးတည်ရာမရှိသလို ယောင်ချာချာ ဖြစ်နေတဲ့ ကျမအတွက် ခရီးစဉ်တခု ရလိုက်ပါပြီ ။မနက်ကားစီးသွားရင်
ညနေဘက်လောက် ဆို သူမတို့ မြို့လေးစီကို ရောက်ပါသည်။တကယ်လို့များ သူမ က နယ်မှာလည်း 
မရှိ ပြန်ဘူးဆိုရင်ရော ... ကိစ္စ မရှိ ပါဘူး..ညဘက် ထွက်တဲ့ကားနဲ့  ကျမ ပြန်လာရုံပါဘဲ ။
ကျမအတွက် ခရီးတိုလေးတခု သွားရတာ ဗဟုသုတရ တယ်လို့ သတ်မှတ် လို့လည်း ရတာပေါ့လေ
ဆိုတဲ့ အတွေးနဲ့ ကျမ မနက်ဘက် ထွက်တဲ့ ကားနဲ့ လိုက်ခဲ့ပါသည် ။

မနက်ကားနဲ့ လိုက်လာခဲ့ တဲ့ကျမ  ညနေ မစောင်းတစောင်းလောက်မှာတော့  သူမရဲ့ မြို့လေးစီ
ရောက်လာခဲ့ပါတယ်  ။ကားဂိတ်မှာ ဆင်းဆင်းချင်း စုပြုံလာတဲ့ ဆိုင်ကယ် ကယ်ရီ သမားတွေ ထဲက
ခပ်ရိုးရိုး ပုံစံရှိတဲ့  ဆိုင်ကယ်သမား ကောင်လေးကို သူမရဲ့ အိမ်လိပ်စာ စာရွက်လေး ပြလို့ 
အဲဒီလိပ်စာကို သိလားဟု မေးမိသည် ။
မျက်လုံး ပြူး ပြူးနဲ့ ဆိုင်ကယ်ကယ်ရီသမားလေးက  ကျမကို စူးစမ်းသလို တချက်လှမ်း ကြည့်ပြီး
" အဲဒီအိမ်ကို ကျနော်သိတယ် ဈေးနားက လေ... သူတို့အိမ်က ဈေးထဲ မှာ စတိုးဆိုင် အကြီးကြီး ဖွင့်
ထားတာ ... အမ ကအဲအိမ်ကိုလာတာလား..ကျနော် ပို့ပေးမယ်..1000  ဘဲပေး.." ဆိုတာနဲ့
ကျမလည်း  ကောင်လေးမောင်းတဲ့  ဆိုင်ကယ်နောက် တက်လိုက်လာခဲ့လိုက်တော့သည် ။

ကယ်ရီ ကောင်လေးကလမ်းတဝက်လောက်မှာ ကျမ ကို စပ်စုပါတယ်...ရာသီဥတု ပူပြင်းတဲ့ ဒဏ်ကနေ
သက်သာအောင် ဝတ်လာတဲ့ ချည်သားပျော့ပျော့ ဘောင်းဘီနဲ့ အဖြူရောင် ချည်ထည် ပွပွပါးပါး အကျီ..
နောက်ပြီး တခေါင်းလုံးHighlights ဖောက်ထားပြီး အတွန့်သေးသေးလေးတွေ ကောက်ထားတဲ့ ကျမရဲ့ ဆံပင် ပုံစံကြောင့်လည်း ဖြစ်မယ်ထင်တယ်..ဒီလို ဟိုမရောက် ဒီမရောက် ပုံစံနဲ့ အမကြီး သူတို့ မြို့က
လူနဲ့ ဘယ်လိုများ ပတ်သက်လည်းဆိုပြီး သိချင်လာတာနေပါလိမ့်မယ်.. ။

ဆိုင်ကယ်လည်း မောင်းရင်း ကွမ်းကိုလည်း ပြစ်ခနဲ လှမ်းထွေးရင်း  " အမက မအပျိုကြီးတို့အိမ်က ဘယ်သူစီ
လာတာ လည်း  " တဲ့   အရင်းမရှိ အဖျား မရှိ မေးခွန်းဆိုတော့ ကျမရုတ်တရက် နားမလည် လိုက်ပါဘူး ။
အဲတာနဲ့  " မောင်လေး ဘာမေးလိုက်တာလည်း အမနားမလည်လို့  ..ဘယ်က မအပျိုကြီး လည်းလို့ "
ပြန်မေးရပါတယ် ။ အဲဒီတော့မှ ကောင်လေးက  " အမ ပေးတဲ့လိပ် စာလေ  ..အဲတာကမအပျိုကြီး တို့အိမ်
လေ .. သူတို့ ညီအမတွေအားလုံး အပျိုကြီးတွေ ..တယောက်မှ အိမ်ထောင်မကျသေးဘူး  အမရဲ့ ..
အဲတာမို့လို့ မြို့က လူတွေအားလုံးက သူတို့ ဆိုင်ကို မအပျိုကြီး တို့ဆိုင်..မအပျို ကြီး တို့အိမ်
လို့ဘဲ ပြောကြတာ..ဆိုင်နာမည် ဘာမှန်းတောင် မသိတော့ဘူး ... ဒီမြို့ လေး မှာတော့ သူတို့ဆိုင်က
ပစ္စည်းအစုံရတယ်...လိုချင်တာရှိရင်လည်း မြို့ကနေ လှမ်းမှာ ပေးတယ်.. အမကမအပျို ကြီးတို့
ညီအမ သုံးယောက်ထဲက ဘယ်တယောက်နဲ့သိတာလည်း " ဆိုပြီး မေးလာပါတယ် ...။

ကျမစိတ်ထဲ အကြိမ်ကြိမ် အဖန်ဖန် ရေရွတ်နေမိတယ်...မ အပျို ကြီး ဆိုပါလား...ညီအမ သုံးယောက်စလုံး
အိမ်ထောင်မကျသေးလို့ ခေါ်တာတဲ့...ဒါဆို ကျမသူငယ်ချင်းလည်း  သူ့ချစ်သူနဲ့လက်မထပ် ဖြစ်ဘူးပေါ့
အဲတာမို့ အိမ်ထောင်မကျသေးတာပေါ့ ..သူလည်းဘာတွေများ ပြောင်းလဲသွားတာပါလိမ့် ...
သူ့ချစ်သူနဲ့ ဘာလို့များကွဲသွားတာပါလိမ့် ။
သိချင်စိတ်များလာတာနဲ့ အမျှ ဆိုင်ကယ်မောင်းနေတဲ့ အရှိန်ကိုတောင် နှေးလာသလိုလို
ထင်လာ၏ ။

ကောင်လေးကလည်း သူမေးထားတာ ကျမ များ ပြန်ဖြေမလားဆိုတဲ့ အထင်နဲ့ ဆိုင်ကယ်မောင်းရင်းနဲ့
လည်ပြန်ခဏခဏ လှည့်ကြည့်လို့ရယ်။။။
ကျမလည်း ကိုယ့်အာရုံနဲ့ ကိုယ် ..အတွေးတွေက အတိတ်နဲ့ လက်ရှိကာလ ကို ခေါက်တုံခေါက်ပြန်
ပြေးလွှားနေတော့  သူ့အမေးကို မဖြေဖြစ်ခဲ့ဘူး...။

မြေနီလမ်းလေး တလျှောက်မောင်းဝင်လာတဲ့ ဆိုင်ကယ်က  တိုက်ခံပျဉ်ထောင်အိမ်လေး တလုံးရှေ့မှာ
ရပ်လိုက်တယ်.. အိမ်ဘေးဘက်မှာတော့ အုန်းပင်နှစ်ပင်ကြားထဲက ကြိုးတန်းပေါ်မှာလှန်းထားတဲ့ အဝတ်တွေကို ရုတ်နေတဲ့  မိန်းကလေးနှစ်ဦး ....

ခြံရှေ့ ဆိုင်ကယ်ရပ်လိုက်တော့  နှစ်ယောက်စလုံး ခြံဝဘက်ကို လှမ်းကြည့်နေကြသည် ။
ဆိုင်ကယ်ကယ်ရီကောင်လေးက  ခြံထဲကို လှမ်းကြည့်ပြီး  " မအပျို ကြီးရေ... ဧည့်သည် လာပို့တာ
ဗျိုးးးးး  ... " လို့ လှမ်းလည်းအော်ပြောရင်း ကျမဘက်ကို လည်း  " အမရေ ..အမတွေ့ချင်တာဘယ်
တယောက်လည်းတော့ မသိဘူး.. အဲနှစ်ယောက်က အမကြီးနဲ့ အလတ် ...သူတို့ကိုသာမေးလိုက်တော့
လို့ " ပြောပြောဆိုဆို ..ကျမကမ်းပေးတဲ့ တထောင်တန် ကိုယူပြီးဆိုင်ကယ်ပြန် မောင်းထွက်သွားသည် ။

အဝတ်တွေကို ကိုင်ထားတဲ့ မိန်းကလေးက အိမ်ဘေးဘက် တခါးကနေ အိမ်ထဲလှမ်းဝင်သွားသည် ။
နောက်တယောက်ကတော့ ခြံတံခါးစီ လျှောက်လာသည် ။ခြံတခါးစီလျှောက်လာတဲ့ မိန်းကလေး တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ... ...ကျမရင်ထဲ တဆတ်ဆတ် တုန်လာမိသည် ။ ကျမ သူငယ်ချင်းလေးက အရင်ကပုံစံအတိုင်းလိုပါဘဲ ..ဘာမှမပြောင်းလဲသလိုဘဲ...ဒါပေမဲ့ လည်း
သူမ ရဲ့ စိတ်ခံစားချက်တွေတော့ ကျမလိုဘဲပြောင်းလဲ ခဲ့တာတွေ ရှိ လိမ့်မယ်ထင်ပါသည် ။
သူမ နီးကပ်လာတာနဲ့အမျှ  မခေါ်တာ အချိန်တော်တော် ကြာခဲ့ ဖြစ်သော နာမည်တခုကို စိတ်ထဲကနေ ကြိမ်ဖန်များစွာခေါ်နေမိတယ် ။
သူမ ကလည်း ခြံတံခါးဖွင့်ပေးရင်း နဲ့ကျမကို မျက်တောင်မခတ်စိုက်ကြည့်လို့ .... သူမ ကြည့်ရတာလည်း အသက်ရှုဖို့မေ့နေသလိုလို ... ။

ကျမနဲ့သူမ မျက်နှာ ချင်းဆိုင်မိချိန် .... ကျမ စကားတခွန်းကို ခပ်တိုးတိုးမေးလိုက်မိတယ် ။။
" နင်..ငါ့ကိုမေ့ နေတယ်မဟုတ်လား  "
ကျမစကားကိုကြားတော့ သူမရဲ့ အကျင့်အတိုင်း  မျက်လွှာတချက်ချ ပြီး ပြုံး လိုက်တယ်  ။နောက်ပြီးတော့
ကျမ မျက်နှာကိုစိုက်ကြည့်ပြီး ...ခပ်တိုးတိုး ပြန်ဖြေသည် ..
" မမေ့ပါဘူး ...နင်ပြောသွားတယ်လေ..နင်..တနေ့ ငါ့ကို ပြန်လာရှာမယ်ဆိုတာ... ငါ့သူငယ်ချင်း ပြန်လာ
တွေ့မယ်နေ့ကို ငါစောင့်နေတာ... "

အဲဒီနောက်တော့ ကျမတို့ သူငယ်ချင်း နှစ်ယောက်တိုင်ပင်မထားပါဘဲ  တယောက်လက် ကို တယောက် ဆုပ်ကိုင်လို့ အားရပါးရ ရယ်မောမိလိုက်ကြသည် ။ အဲဒီရယ်မောသံတွေထဲမှာ ဖြူ စင်ခြင်း
လွတ်လပ်ခြင်း  အနှောင်အဖွဲ့ ကင်းခြင်း  အစရှိတဲ့ အဖြူ ရောင် သံယောဇဉ်တွေကို တစွန်းတစ
တွေ့ မြင်နေရသည်  ။ညနေခင်းရဲ့ လေပြည်တချို့ က ကျမတို့သူငယ်ချင်း နှစ်ယောက်ရဲ့ အဖြူ ရောင်
ရယ်မောသံတွေကို မြေနီလမ်း အတိုင်း ဟိုးအဝေး ကြီး သယ်ဆောင်သွားလေရဲ့ .... .... ...
တယောက်လက် တယောက်ကိုင်လို့ ရယ်မောနေတဲ့ ကျမတို့နှစ်ယောက်ကို သေချာကြည့်တတ်တယ်
ဆိုရင် တွေ့ရပါလိမ့်မယ်... သူ့လက်ထဲမှာ အဖြူ ရောင် ကြိုးတစ...ကျမလက်ထဲမှာလည်း အဖြူ ရောင် ကြိုးတစ ........             ........                .......။


ပစ်ပစ်
Am 3:41
29.11.2014

(ပုံကတော့ google ကပါ ရှင် )

06 November 2014

အိပ်ပျက်သွားတဲ့ည

Posted by blackroze at Thursday, November 06, 2014 13 comments






နေ့တနေ့ရဲ့ မထူးခြားလှတဲ့ ဖြတ်သန်းမှု့ အတိုင်း ကျမ အလုပ်ကပြန်လာတယ် ။အိမ်ရောက်တယ်။
ရေချိုးထမင်းစား ခဏနားပြီးတော့ သတင်းလေးဘာလေးဖတ်ရအောင်ကွန်ပြူတာဖွင့် အင်တာနက်
သုံးတယ် ။ facebook ထဲသတင်းတပုဒ်ဖတ်ရင်း စိတ်ဝင်စားလို့ ကော မက်တွေပါ လိုက်ဖတ်မိတယ် ။
အဲဒီမှာ နာမည်လေးတခုကိုသွားတွေ့တယ်။ ကျမနဲ့မစိမ်းတဲ့နာမည်လေး ဆိုပါတော့ ။တချိန်က ရင်းနှီး
စွာ ခင်မင်ခဲ့ဖူးတဲ့သူတယောက်ရဲ့ နာမည်ဆိုပါတော့လေ ။ 

မတွေ့တာဖြင့် နှစ်ပေါင်းတောင် ဆယ်ချီနေပြီ ။တမင်တကာလိုက်ရှာတာလည်း မဟုတ်ဘဲ မမျှော်လင့်ဘဲ
လာတွေ့ တယ် ။ စိတ်ထဲ သူဘဲနေမှာပါလေ ဆိုပြီး  သိချင်တဲ့ စိတ်နောက် လက်ပါလို့  တောက်လျှောက်
click မိတယ် ။ ရောက်သွားတဲ့ စာမျက်နှာ တခုက Timeline မှာတင်ထားတဲ့ မိသားစုပုံလေးကိုတွေ့တော့
မျက်တောင်မခတ်ဘဲ ခပ်ကြာကြာကြည့်နေမိသည် ။ သြော် ...သူတောင် မိသားစု ဘဝ တခုကို 
တည်ဆောက်ပြီးနေပြီဘဲ ...ကုန်လွန်ဖြတ်သန်းခဲ့တဲ့ အချိန်တွေက ဒီလောက်ကြာမှတော့ ဘယ်သူမဆို
အပြောင်းအလဲတွေနဲ့ ဘဝ တစ်ခုကို တည်ဆောက်ပြီးသားဖြစ်နေမယ်ဆိုတာ သိပါတယ် ။

အခုလို မထင်မှတ်ထားတဲ့ အချိန်  မထင်မှတ်ထားတဲ့နေရာတခုမှာ တွေ့လိုက်ရတော့ 
စိတ်ထဲတော်တော်တော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်မိတာတော့ အမှန်ပါ ။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီဆိုပေမဲ့
အရိပ်တွေကတော့ ကျန်နေတတ်စမြဲပါ ။Private လုပ်ထားတဲ့ စာမျက်နှာ ဖြစ်နေတော့ သိချင်တာ
အကုန်ကြည့်လို့မရပေမဲ့  ...ကျမသိချင်တဲ့ အနေအထားတခုလောက်အထိ တော့ကျမရှာလို့ရခဲ့ပါသည်။
ကြည့်လို့ရသလောက်ပုံလေးတွေ လိုက်ကြည့်မိရင်း သူဖြတ်သန်းနေတဲ့ ဘဝကို ကျမဘာသာ
ပုံဖော်ကြည့်မိသည် ။သားလေးနှစ်ယောက်နဲ့ အတူတွဲရိုက်ထားတဲ့  profile ပုံ အဟောင်းလေးကို
တွေ့တော့ သားအကြီးလေးက သူနဲ့တော်တော်ဆင်တယ်လို့ မှတ်ချက်ချမိပြန်သည် ။နောက်ထပ် ပုံလေး
ကတော့ သူစင်ကာပူမှာ ဘွဲ့ယူထားတဲ့ပုံထင်ပါတယ် ။ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတယ် ။သူရဲ့  တည်ကြည်ခန့်ငြားတဲ့ အသွင်အပြင်နဲ့ နိုင်ငံခြား တက္ကသိုလ် တခုက ဘွဲ့ဝတ်စုံရဲ့ အရှိန်..ဒီနှစ်ခု
 ပေါင်းစပ်လိုက်တဲ့ အခါမှာ ပညာတတ် ယောက်ကျားတယောက်ရဲ့ မာန်တွေကို ကျမသူ့မျက်နှာမှာတွေ့နေရတယ် ။ကျမဝမ်းသာပါတယ် ။ သူသိအောင် မပြောဖြစ်ပေမဲ့  သူ့အတွက်
ရိုးသားတဲ့ မိတ်ဆွေ တယောက်အနေနဲ့ တကယ်ကို ကျေနပ်မိပါတယ် ။

သူ့အမျိုးသမီးကရော ..ဘယ်လိုပုံစံလေးပါလိမ့်... သိချင်စိတ်နဲ့ သူ့ friend list ထဲက တချို့ သူတွေရဲ့
အကောင့်ကို တောက်လျှောက်လိုက်ကြည့်မိပြန်သည် ။တွေ့ပါပြီ ။ပျော်ပျော်နေတတ်ပုံရတဲ့  သူ့မိတ်ဆွေ
တယောက်ရဲ့ ပုံတွေထဲမှာ သူတို့စုံတွဲကိုကျမ တွေ့ခဲ့ရသည် ။ Dinner တခုမှာသူရယ် သူ့အမျိုး သမီးရယ် မိတ်ဆွေစုံတွဲရယ် အတူတွဲ ရိုက်ထားတဲ့ ပုံပါ ။သူ့အမျိုးသမီးက သိပ်အလှကြီးတော့ မဟုတ်ဘူး....ဒါပေမဲ့ သူရွေးချယ်ထားတဲ့ သူရဲ့ အိမ်ထောက်ဘက်က အရည်အချင်း ရှိတဲ့ အမျိုး သမီး တယောက် ဖြစ်မယ်ဆိုတာ ကျမယုံကြည်ပြီးသားပါ ။ကဲ..ကြည့်စမ်းပါဦး ..ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက် ရယ်..
ယောက်ကျားလက်အတူတွဲပြီး ပွဲတက်နိုင်တဲ့ ထက်ထက်မြက်မြက်ရှိတဲ့ အိမ်သူသက်ထားရယ်...
သူကြိုးစားပြီးတည်ဆောက်ထားတဲ့ သူ့ဘဝလေးက ဘယ်လောက်တောင် လှပ နေလည်းလို့ ...... ။

နောက်တော့ ကျမ ကွန်ပြူတာ ပိတ်လိုက်သည် ။ကျမဆက်ပြီးလိုက်ရှာ ကြည့်မိနေမှာ စိုးလို့ပါ ။
မသင့်တော် တော့ ဘူး ဆိုတဲ့ အတွေးတခုဝင်လာလို့ပါ ။ ကွန်ပြူတာ ပိတ်လိုက်ပေမဲ့  စားပွဲမှာတော့
ကျမဆက်ထိုင်နေမိသည် ။ကျမစိတ်ထဲမှာ သူ့ကို မေ့နေတာ အချိန်ကာလတခုတောင် ရှိနေပါပြီ ။
လူတိုင်းက မတူညီတဲ့ အနေအထားတွေနဲ့ နေ့ရက်တွေကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြတာဆိုတော့
အတိတ်ဆိုတာက ခပ်ဝေးဝေးမှာ ကျန်ခဲ့ တဲ့ မြင်ကွင်းလေးတွေ ဖြစ်သွားတာကြာနေပါပြီ ။
ဒါပေမဲ့ ကျမ ဒီညမှာ သိလိုက်ရတယ်...အတိတ်ဆိုတာ ခပ်ဝေးဝေး မှာကျန်ခဲ့တဲ့ မြင်ကွင်းလေးတွေ
ဆိုပေမဲ့ အရိပ်လေးတွေကတော့ ကျန်နေတတ်သေးတယ်ဆိုတာပါ ။

အရိပ်လေးနှစ်ခု...  ပန်းပွားလွယ်အိတ်ကြိုးကို လက်နဲ့ လိမ်နေတဲ့ ကောင်မလေးတယောက်နဲ့
အဲဒီအချိန်ကာလတုန်းက အရမ်းခေတ်စားခဲ့တဲ့ ထုံချိုင်းဆံပင်ပုံစံညှပ်ထားတဲ့  ခပ်ပိန်ပိန် ကောင်လေးတယောက်ရဲ့ ပုံရိပ်က   ကျမ စိတ်ထဲရောက်လာတယ် ။
 ကျမရဲ့ စိတ်ကူးတွေနောက်ကိုကျမ မငြင်းဆန်ဘဲ လိုက်သွားမိသည် ။
တချိန်ကအတိတ်ဆိုတာကို တခါတလေမှာ  ပြန်စဉ်းစားခွင့်ရှိတယ် ထင်လို့ပါ ။

" ကျူ ရှင် ပြန်တဲ့ အချိန် နောက်ကျရင် အိမ်ကဆူလိမ့်မယ် ...သမီးကို သူငယ်ချင်းတွေစောင့်နေပြီ
သွားတော့မယ် " လို့ ပြောနေတဲ့  ကောင်မလေးရဲ့ စကားသံခပ်တိုးတိုးလေး...
" အင်းအင်းး...မနက်ဖန်လည်း အင်္ဂလိပ်စာ ကျူ ရှင် ရှိတယ် မလား..ဒီနေ့လိုဘဲ ကျူ ရှင် ဆင်းချိန် 
ကိုယ်လာစောင့်နေမယ်နော်... အခုလမ်းထိပ်အထိ လိုက်ခဲ့မယ်နော် ..ရတယ်မလား  "
ကောင်လေး အသံကလည်း ကောင်မလေး အသံလိုဘဲ ခပ်တိုးတိုးလေးးးးးးးးးး
စကားသံတွေ ...စကားသံတွေ...ခပ်တိုးတိုးလေး ပြောနေတဲ့ စကားသံတွေ  ကျမပြန်ကြားယောင်လာတယ်..အသက်ကိုခပ်ပြင်းပြင်းတချက်ရှိုက်လို့..ကျမ ကွန်ပြူတာ စားပွဲကနေ
ထရပ်လိုက်တယ် ။ ဒီလောက်ဆို   ရလောက်ပြီထင်ပါတယ်နော် ။အတိတ်တခုကို ပြန်တမ်းတ ဖို့
ဆိုတာ မလိုတော့တဲ့ အနေအထားမှာ အခုလောက်ဆို တော်ပြီပေါ့နော်...။။

 
နောက်တော့ ကျမ အိပ်ယာထဲရောက် မီးမှိတ် ပြီး အိပ်ဖို့ ကြိုးစားတယ် ။ကြိုးစားလေ မရလေ...
မျက်စိသာမှိတ်ထားတယ် ..အရိပ်တွေ စကားသံတွေက ကျမဘေးနားမှာ ဝေ့ဝဲ လွင့်ပျံနေသလို
ခံစားမိနေတော့ အိပ်စက်ခြင်းဆိုတာက တော်ရုံနဲ့ကို မရတော့ဘူး ။နောက်ဆုံးတော့ သက်ပြင်းတချက်
ချလို့ စိတ်ကို လျော့လိုက်တယ်...။ စောစောကအရိပ်တွေက ကျမရင်ထဲကို
 ဝုန်းခနဲ ပြန်ပြေးဝင်လာကြတယ်  ။

အဲဒီအချိန်တုန်းက လမ်းထိပ်အထိ လျှောက်လာတဲ့ ကျမခြေလှမ်းတွေက  မြေကြီးနဲ့တောင် ထိရဲ့လား..
ကျမ စိတ်ထဲမသိခဲ့ရိုး အမှန်ပါ ။ကြောက်စိတ် ..ရှက်စိတ်..လူတွေအထင်လွဲမှာကြောက်တဲ့စိတ်..
ခံစားမှု့ပေါင်းများစွာနဲ့ ကျမ ခန္ဓာကိုယ် လေထဲလွင့်နေသလို ခံစားနေခဲ့ဖူးတယ် ..။
ကျူ ရှင်ဆင်းတဲ့ အချိန်တိုင်းဟာ ကျမအတွက်တော့ ရင်ခုန်ခြင်းတွေနဲ့ တချိန်တခါတုန်းက လှပခဲ့ဖူးတယ် ။ 
အချစ်ကို စတင်ပြီး ပုံဖော်ခဲ့မိတဲ့ ကျမရဲ့ဆယ်ကျော်သက်အရွယ်ပေါ့ ။

ကျမက ကိုးတန်းကျောင်းသူ ..သူကစက်မှု့တက္ကသိုလ်က ပထမနှစ်ကျောင်းသား
အဲဒီအချိန်တုန်းက သူတို့တက္ကသိုလ်တွေ ကျောင်းပိတ်ထားလို့သူက Study  Guide ပြန်လုပ်နေချိန်။
ကျမ တို့အိမ်ရှေ့အိမ်က အမတယောက်က Physics မေဂျာ နဲ့မာစတာတက်နေတဲ့သူ   ။ကျမက တခါတလေ  အဲဒီအမကို စာမေးတတ်တယ် ။ ကျောင်းက သင်တာရော ကျူ ရှင်က သင်တာရော
နားမလည်တဲ့ အခါမျိုး ဆို စာသွားသွားမေးတတ်တယ် ။ စာလည်းမေးရင် အဲဒီအမ ပြောပြတဲ့
တက္ကသိုလ် အကြောင်းလည်းနားထောင် ချင်တာလည်းပါတာပေါ့လေ...နောက်ပြီးအဲဒီ အမ က သူ့အကျီ သူ့ဘာသာ ချုပ်ဝတ်တာ..သူအားရင် ကျမအတွက်ပါ အကျီ ချုပ်ပေးတတ်တယ်..အဲတာမို့ ကျမ လည်း အားရင် အမ ရှိမဲ့အချိန် သွားပြီး ကျမ အကျီလေးတွေ သွားသွားချုပ်ခိုင်းတတ်တယ်..သူက ချုပ်ပြီးတာနဲ့ ကျမက လက်ချုပ်လိုက်ပေါ့ ..ဘယ်နားဘာလုပ်ရမလည်းဆိုတာ အမကသင်ပေးတယ်.. အဲလိုနဲ့ဘဲကျမနဲ့သူတွေ့ဆုံခဲ့ရတယ်ဆိုပါတော့  ။ ။

သူက အဲဒီအိမ်က အမရဲ့မောင်နဲ့ညီမလေး အတွက် စာလာပြပေးတဲ့ study guide.. 
တခါတလေ ကျမ မသိတာပါ သူသင်ပေးတယ်။ ကျမကိုးတန်းနှစ်တုန်းက စသိတယ်ဆိုပါတော့ ။ကိုးတန်းတနှစ်  ကျမတို့ရင်းနှီးခဲ့ကြတယ် ။ကျမစိတ်ထဲမှာတော့ အကိုတယောက်လို ခင်တွယ်တဲ့ စိတ်နဲ့ပါဘဲ..သူလည်း ညီမတယောက်လိုသဘောထားပြီးကျမကို ဆက်ဆံခဲ့တာပါ ။သူစာလာသင်တဲ့ နေ့မျိုး ကျမ မေးချင်တာရှိရင်သွားမေး ..တခါတလေ သူငယ်ငယ်က အကြောင်းလေးတွေ ပြောပြတတ်တယ်...ငယ်ငယ်က ရေနီမြောင်းထဲ
ရေနစ်ဖူးတယ်ဆိုတာတွေ .. သူငယ်ချင်းတွေနဲ့ ကစားရင် သူအပြေးမသန်တော့ အမြဲတမ်း အမိခံရတယ်
ဆိုတာတွေ ။ နောက်ပြီး မန်းလေး ရဲ့ ည လွမ်းချင်းတွေ သူ့စီကနေ ကြားရတတ်တယ် ။ 
သူ့ဇာတိက မန်းလေးက ဆိုတော့ မန်းလေး ကိုအရမ်းလွမ်းတယ်ဆိုတာတွေ ခဏခဏ သူ့စီက
ကြားရတတ်တယ် ။ သူက မန္တလေးကို မန်းလေးလို့ဘဲ ပြောတတ်သူ ။သူ့ဇာတိမြေကို 
သံယောဇဉ်ကြီးသူ ။

ကိုးတန်းတနှစ်တက်ပြီးတော့ ကျမဆယ်တန်းရောက်တော့  သူတို့တက္ကသိုလ်လည်း ပြန်ဖွင့်ပါ ပြီ ။
ဒါပေမဲ့အရင်လို အင်းစိန်က ကျောင်းမှာ မဟုတ်တော့ဘဲ လှိုင်သာယာ ဘက်ကကျောင်း အသစ်ကို
သွားတက်ရတယ်...တချို့ကလည်း ပြည်တို့ မအူပင်တို့ မှာ သွားတက်ရတယ်... ။သူလည်း ကျောင်း
တဘက်နဲ့ဖြစ်လာတော့ အရင်လိုမအားတော့ဘူး ။

နောက်တခုက ကျမက ဆယ်တန်းဆိုတော့ တက်ရတဲ့ကျူ ရှင်တွေ ပိုများလာတယ် ။ တခါတလေ 
ကျူရှင်ချိန်က တချိန် နဲ့ တချိန် ဆက်နေတတ်သည် ။ သူကလည်းကျောင်းပြန်တက်နေရတော့ အရင်လိုအချိန် ပိုတွေက သိပ်မရှိတော့ဘူး ။အဲလိုနဲ့ဘဲ ကျမတို့နှစ်ယောက် တခါတခါမှသာ
တွေ့ဖြစ်ကြတယ်..များသောအားဖြင့် ကျမကျူ ရှင်ဆင်းချိန် သူလာတတ်တာမျိုးပေါ့ ...။

အဲဒီအချိန်တုန်းကအခုခေတ်လို လူတိုင်းသွားလေရာ ဖုန်းသယ်လို့ရတဲ့ခေတ် မဟုတ်တော့ သတိရတိုင်းလည်းဖုန်းကောက်ဆက်လို့ မရ ဘူးလေ ။ ကျူ ရှင်အိမ်က ဆင်းလာ
လို့  လှေကားဘေးအုတ်ခုံမှာ သူထိုင်နေတာတွေ့ရင် ...ဒါမှမဟုတ် ကျူ ရှင်သင်တဲ့ တိုက်အောက်မှာ
ရပ်စောင့်နေတာ တွေ့လိုက်ရရင် ကျမအရမ်းပျော်တာဘဲ ။ သူလည်း သူ့ကျူ ရှင်က အပြန်ဖြစ်ဖြစ်
ကျောင်းက အပြန်ဖြစ်ဖြစ် လမ်းသင့်ရင် လာတတ်သလို ..တခါတလေ ကျမ ကျူ ရှင်ဆင်းချိန် 
မှန်းပြီးဝင်လာတာလည်း ရှိတတ်တယ် ။

သူရောက်လာတတ်တဲ့  နေ့မျိုးဆို ကျူ ရှင်ဆင်းရင် မဟာဗန္ဓုလ လမ်းထောင့်က ကြံရည်ဆိုင်မှာ ထိုင်ရင်း
ကျမ ကို အခုတလောဘာတွေလုပ်ဖြစ်လည်း စာတွေတော်တော်ကျက်ပြီးနေပြီလား ..ဘယ်ဘာသာကို ကျက်ရခက်တယ်လို့ထင်လည်း ...Physics တို့ chemistry တို့ကို လက်ကပါချရေး ပြီးကျက်နော်..စာကျက်ဖို့နဲ့ပတ်သက်ပြီင်္းဘယ်လိုကျက်ရင် ပိုအဆင်ပြေမနိုင်လည်းပြောပြ တခါတလေ ကျမစာအုပ်တွေယူကြည့် စာလည်းဘာလေး ရှင်းပြ
ပေး...တခါတလေ သူ့ကျောင်းကအကြောင်းတွေပြောပြတတ်သည် ...အဲလိုနဲ့ဘဲ ကျမလည်း ၁၀ တန်း စာမေးပွဲဖြေဖို့နီးလာသည်.. ။

အဲဒီအချိန်လောက်မှာ သူကကျမကို
သူစင်ကာပူမှာကျောင်းတက်ဖို့အတွက် စာမေးပွဲဖြေဖို့လုပ်နေတယ်လို့ ပြောလာတယ် ။
ကျမ မွေးနေ့က ဒီဇင်ဘာလ ဆိုတော့ ကျမ အတွက် မွေးနေ့လက်ဆောင် လာပေးတဲ့နေ့ သူစင်ကာပူ
မှာကျောင်းဝင်ခွင့်ရပြီ ဆိုတဲ့ အကြောင်းနဲ့ သူသွားဖို့ကိစ္စတွေ အတွက် စီစဉ်နေတဲ့ ဆိုတဲ့
အကြောင်းပြောလာခဲ့သည် ။သူပေးတဲ့လက်ဆောင်လေးက Photo stand လေးပါ ..အဲဒီ photo stand 
လေးရဲ့ back ground နေရာလေးမှာ  ကျမနာမည် နဲ့ အမှတ်တရ မွေးနေ့လက်ဆောင် ဆိုပြီးတော့
သူ့လက်မှတ်လေးထိုးထားတယ် ။ 

သူစင်ကာပူရောက်ရင် ဘယ်လို လှုပ်ရှားရုန်းကန် ရဦးမလည်းမသိဘူးဆိုတဲ့ အကြောင်း
သူဓါတ်ပုံ ပို့ပေးမယ် ။စာရေးမယ်ဆိုတဲ့ အကြောင်း ။ ကျမကို ဆယ်တန်းအောင် အောင် ကြိုးစား
ပြီးသူနဲ့ အတူကျောင်းလာတက်ဖို့ ကြိုးစားဖို့ အစရှိ သဖြင့်  မှာသွားခဲ့တယ် ။

နောက်တော့ ကျမတို့ တယောက်နဲ့တယောက် အဆက်သွယ် မရှိကြတော့ဘူး ..။
အခုခေတ်လို အင်တာနက်တွေ Viber ..facebook လွယ်လွယ် ကူကူ မသုံးနိုင်ကြတဲ့ အချိန်အခါ ဖြစ်နေတာလည်းပါတာပေါ့လေ ။ အဆက်သွယ်ဆိုလို့ စာရေးရင် ရေး မရေးရင် ဖုန်းဆက်
ဆိုတာကလွဲရင် ကျန်တာမှ လုပ်လို့မရတာ...နောက်ပြီး အဲဒီအချိန်လောက်က နိုင်ငံခြားကိုဖုန်းခေါ်ရင်
ဒေါ်လာ နဲ့ bill ဆောင်ရတာပါ ။ ဆက်သွယ်ရ မလွယ်ကူတဲ့အချိန်အခါဆိုပါတော့ ...။ အဲလိုနဲ့ဘဲ ကျမနဲ့သူ တဖြည်းဖြည်းဝေးသွားခဲ့ကြတယ် ။

အစပိုင်းကတော့ နိုင်ငံခြား ရောက်သွားပြီး ပြောင်းလဲသွားတယ်ဆိုပြီး ကျမနာကျည်းမိခဲ့သေးတယ် ။
အဲဒီနာကျည်းစိတ်လေးကြောင့်လည်း အဆက်သွယ်တော်တော် လေးပြတ်နေပြီး သူပြန်ဆက်သွယ်လာတဲ့ အချိန်မှာ ကျမ သူ့ကို စာမပြန်နေခဲ့လိုက်တယ် ။ ကျမတို့နှစ်ယောက်ကြားက ကြိုးကို သူကစဖြတ်တာလား
ကျမက စဖြတ်တာလား သေချာ မဝေခွဲနိုင်သေးဘဲနဲ့ ကျမတို့နှစ်ယောက်ပတ်သက်မှု့က
 ပြီးဆုံးသွားခဲ့သည် ။

နိုင်ငံခြား ရောက်ရောက် ချင်းမှာ အဆင်မပြေ ပြေအောင် မနည်းရုန်းကန် ရတယ်
ဆိုတာတွေ အဲဒီတုန်းက ကျမ မသိခဲ့ဘူး ။အလုပ်တဘက်..ကျောင်းစာတဘက်နဲ့  တခြားကိစ္စတွေ အတွက်သူ အချိန် မပေးနိုင်လောက် ဘူးဆိုတာ ကျမ မစဉ်းစားခဲ့မိဘူး ။
ကျမ ကိုယ်တိုင် နိုင်ငံခြားရောက်လာတော့မှ ကိုယ်တိုင်ရင်ဆိုင်ရတော့မှ  ...သြော်..နိုင်ငံခြားဆိုတာ တကယ် မလွယ်ပါလားဆိုပြီး  သိလိုက်ရတာပါ ...။နိုင်ငံခြားရောက်သူတိုင်း ဒီလို အခက်ခဲတွေနဲ့ ရင်ဆိုင်ရမှာဘဲလေ လို့ ကိုယ်ချင်းစာမိလာတယ် ...ဒါပေမဲ့ ...အချိန်တွေက အရမ်းကြာသွားခဲ့ပါပြီ ...ကျမစိတ်ထဲလည်း သူမရှိတော့သလို သူ့စိတ်ထဲလည်း ကျမရှိတော့မှာ မဟုတ်ပါဘူး။
 ရေစက်မပါတော့လို့ ကွဲ သွားကြတယ်လို့ဘဲ မှတ်ယူခဲ့လိုက်ပါ သည် ။အစပိုင်းကတော့ ပြောင်းလဲ
သွားတာဆိုတဲ့ နာကျည်းစိတ်ရှိခဲ့ဖူးပေမဲ့..နောက်ပိုင်းမှာတော့ ကံကြမ္မာက ဒီလောက်ဘဲ ဆုံတွေ့ခွင့်ပေးခဲ့တာလို့ ပြောင်းလဲမှတ်ယူခဲ့လိုက်တယ်.... ။

သူလည်း ပြောင်းလဲမှု့တွေနဲ့ ဘဝအသစ်တခုကို တည်ဆောက်ပြီးနေလောက်ပြီ...ကျမလည်း အသစ်
သောခံစားချက်တွေနဲ့  ရှင်သန်နေပြီပဲ...အချိန်တွေက ဒီလောက်ကြာမှတော့...စိတ်ထဲမယ်လည်း
သတိရမိတယ်ဆိုတာတွေ မရှိတော့သလို...ဘာခံစားချက်မှလည်းမရှိတော့ ပါ ။

ဒါပေမဲ့  ..အတိတ်ဆိုတာ အရိပ်တွေ အဖြစ်နဲ့ မှောင်ရိပ်ခိုနေတတ်တယ်ဆိုတာ ကျမဒီညမှာ
သေချာသိလိုက်ရတယ် ။သူပေးခဲ့ဖူးတဲ့ photo stand လေးကိုရန်ကုန်အိမ်က ကျမရဲ့ အဝတ်စားဘီရို အံဆွဲထဲမှာထည့်သိမ်းထားခဲ့တယ် ။အဲဒီ stand လေးမှာ ကျမ လက်ဆောင်ရပြီးကထဲက ဓါတ်ပုံ တပုံမှကို 
မထည့်ခဲ့ရသေးပါဘူး... ဒီတိုင်းလေးဘဲ သိမ်းထားခဲ့တာပါ ။ကျမပေးခဲ့ဖူးတဲ့ လက်ဆောင်
တချို့တလေက သူရဲ့ ပစ္စည်းအဟောင်းတွေ သိမ်းထားတဲ့နေရာတခုမှာ ရှိနေပါလိမ့်မယ် ။
ဒါမှမဟုတ်လည်း လွှင့်ပြစ်ကောင်း လွှင့် ပြစ်ပြီး ဖြစ်ပါလိမ့်မည် ။ 

အချိန်ရဲ့ ရွှေ့လျားမှု့အောက်မှာ အရာတော်တော် များများက ပြောင်းလဲသွားကြပါပြီ ။ဒါပေမဲ့ 
တချို့သော အရာလေးတွေကတော့ အရိပ်လို ပါလာလေသလားကွယ် ။
ကျမနောက်တခါ အဲဒီ facebook စာမျက်နှာကို သွားကြည့်ဖြစ်မှာ မဟုတ်ပါဘူး ။အသေအချာပါဘဲ ။
နောက်တခါ အဲဒီအကြောင်းကိုလည်း ပြန်စဉ်းစားမိမှာ မဟုတ်ပါဘူး ။ 
လူဆိုတာစောင့်စည်းသင့်တဲ့ ဝတ္တရား ကိုနားလည်ရမှာပါ ။ရိုးသားဖြူစင်မှု့ ဆိုတာကို ကျမ တန်ဖိုးအရမ်း
ထားပါတယ် ။

သို့သော်လည်း  အမှတ်မထင် တိုက်ဆိုင်မှု့ တခုက ကျမကို အိပ်ရေးပျက်စေခဲ့တယ် ဆိုတာ 
ဝန်ခံပါတယ်  ။  မညာပါဘူး  ။

ကဲ....ညလည်း တော်တော် နက်နေပါပြီ...ကျမအိပ်ပျော်အောင် ကြိုးစားရပါတော့မယ်...
အတိတ်ကို စဉ်းစားမိတယ်မှန်နေမဲ့လည်း ပစ္စုပ္ပန် ကိုလည်း  မေ့နေလို့မရပါဘူး...
အသက်ကို ဖြည်းဖြည်းချင်းရှုလို့ မျက်စိမှိတ်လိုက်တဲ့ တခဏမှာ ကျမ အိပ်ပျော်သွားပါစေ ...


ကြာခဲ့ပြီဆိုပေမဲ့လည်း ပန်းပွားလွယ်အိတ်ကြိုးကို ရှက်ရှက် နဲ့ လိမ်နေတဲ့ကောင်မလေးတယောက်နဲ့ ကျောပိုးအိတ်လေး လွယ်ထားတဲ့ အသားညိုညို  ခပ် ပိန်ပိန် ကောင်လေးတယောက်...
သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ပြန်မြင်ယောင်မိလိုက်လို့...
အဲဒီညကတော့  ကျမ အိပ်ရေးပျက်သွားခဲ့ရသည်  ..။။။။


ပစ်ပစ်
Am 3:29
6.11.2014


ဒီခေါင်းစဉ်လေးကို ဘလော့ဂါ အမ တချို့ကို tag ပါရစေရှင်..

အမသက်ဝေ..
အမချစ်ကြည်အေး..
အမ မလေးအိမ့်ချမ်းမြေ့
အန်တီတင့်
အမဆွေလေးမွန်
အမမြ (မကြီးမြသွေး)
ညီမအိန်ဂျယ်..
အမနော်ဖော
အမရွှေစင်ဦး
အမဂျက်စ်
အမမိုးငွေ့
နောက်ထပ် ဘလော့ဂါအကို တချို့ကို လည်းtag ပါရစေ..
အကိုဇော်
ကိုဏီ
ဆရာဟန်
သူကြီးမင်း
အကိုဆိုဆီ ..
အားလုံးဘဲ ပစ်ကိုခင်တယ်ဆိုရင် ကြုံတွေ့ခဲ့ဖူးတဲ့ ဆယ်ကျော်သက်ကာလက ရန်ခုန်သံတချို့ကို
ပုံဖော်ပေးကြပါလို့ ပြောပါရစေရှင်...
အဆင်ပြေမယ်ဆိုရင် ထပ်ဆင့်လည်း tag ပြီး ရင်ခုန်သံလေးတွေ နားထောင်ကြည့်ရအောင်လားနော်..



 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei