ရေချိုးထမင်းစား ခဏနားပြီးတော့
သတင်းလေးဘာလေးဖတ်ရအောင်ကွန်ပြူတာဖွင့် အင်တာနက်
သုံးတယ် ။ facebook ထဲသတင်းတပုဒ်ဖတ်ရင်း
စိတ်ဝင်စားလို့ ကော မက်တွေပါ လိုက်ဖတ်မိတယ် ။
အဲဒီမှာ နာမည်လေးတခုကိုသွားတွေ့တယ်။
ကျမနဲ့မစိမ်းတဲ့နာမည်လေး ဆိုပါတော့ ။တချိန်က ရင်းနှီး
စွာ ခင်မင်ခဲ့ဖူးတဲ့သူတယောက်ရဲ့
နာမည်ဆိုပါတော့လေ ။
မတွေ့တာဖြင့် နှစ်ပေါင်းတောင် ဆယ်ချီနေပြီ ။တမင်တကာလိုက်ရှာတာလည်း မဟုတ်ဘဲ မမျှော်လင့်ဘဲ
လာတွေ့ တယ် ။ စိတ်ထဲ သူဘဲနေမှာပါလေ ဆိုပြီး သိချင်တဲ့ စိတ်နောက် လက်ပါလို့ တောက်လျှောက်
click မိတယ် ။ ရောက်သွားတဲ့ စာမျက်နှာ တခုက Timeline မှာတင်ထားတဲ့ မိသားစုပုံလေးကိုတွေ့တော့
မျက်တောင်မခတ်ဘဲ ခပ်ကြာကြာကြည့်နေမိသည် ။ သြော် ...သူတောင် မိသားစု ဘဝ တခုကို
တည်ဆောက်ပြီးနေပြီဘဲ ...ကုန်လွန်ဖြတ်သန်းခဲ့တဲ့ အချိန်တွေက ဒီလောက်ကြာမှတော့ ဘယ်သူမဆို
အပြောင်းအလဲတွေနဲ့ ဘဝ တစ်ခုကို တည်ဆောက်ပြီးသားဖြစ်နေမယ်ဆိုတာ သိပါတယ် ။
အခုလို မထင်မှတ်ထားတဲ့ အချိန် မထင်မှတ်ထားတဲ့နေရာတခုမှာ တွေ့လိုက်ရတော့
စိတ်ထဲတော်တော်တော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်မိတာတော့ အမှန်ပါ ။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီဆိုပေမဲ့
အရိပ်တွေကတော့ ကျန်နေတတ်စမြဲပါ ။Private လုပ်ထားတဲ့ စာမျက်နှာ ဖြစ်နေတော့ သိချင်တာ
အကုန်ကြည့်လို့မရပေမဲ့ ...ကျမသိချင်တဲ့ အနေအထားတခုလောက်အထိ တော့ကျမရှာလို့ရခဲ့ပါသည်။
ကြည့်လို့ရသလောက်ပုံလေးတွေ လိုက်ကြည့်မိရင်း သူဖြတ်သန်းနေတဲ့ ဘဝကို ကျမဘာသာ
ပုံဖော်ကြည့်မိသည် ။သားလေးနှစ်ယောက်နဲ့ အတူတွဲရိုက်ထားတဲ့ profile ပုံ အဟောင်းလေးကို
တွေ့တော့ သားအကြီးလေးက သူနဲ့တော်တော်ဆင်တယ်လို့ မှတ်ချက်ချမိပြန်သည် ။နောက်ထပ် ပုံလေး
ကတော့ သူစင်ကာပူမှာ ဘွဲ့ယူထားတဲ့ပုံထင်ပါတယ် ။ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတယ် ။သူရဲ့ တည်ကြည်ခန့်ငြားတဲ့ အသွင်အပြင်နဲ့ နိုင်ငံခြား တက္ကသိုလ် တခုက ဘွဲ့ဝတ်စုံရဲ့ အရှိန်..ဒီနှစ်ခု
ပေါင်းစပ်လိုက်တဲ့ အခါမှာ ပညာတတ် ယောက်ကျားတယောက်ရဲ့ မာန်တွေကို ကျမသူ့မျက်နှာမှာတွေ့နေရတယ် ။ကျမဝမ်းသာပါတယ် ။ သူသိအောင် မပြောဖြစ်ပေမဲ့ သူ့အတွက်
ရိုးသားတဲ့ မိတ်ဆွေ တယောက်အနေနဲ့ တကယ်ကို ကျေနပ်မိပါတယ် ။
သူ့အမျိုးသမီးကရော ..ဘယ်လိုပုံစံလေးပါလိမ့်... သိချင်စိတ်နဲ့ သူ့ friend list ထဲက တချို့ သူတွေရဲ့
အကောင့်ကို တောက်လျှောက်လိုက်ကြည့်မိပြန်သည် ။တွေ့ပါပြီ ။ပျော်ပျော်နေတတ်ပုံရတဲ့ သူ့မိတ်ဆွေ
တယောက်ရဲ့ ပုံတွေထဲမှာ သူတို့စုံတွဲကိုကျမ တွေ့ခဲ့ရသည် ။ Dinner တခုမှာသူရယ် သူ့အမျိုး သမီးရယ် မိတ်ဆွေစုံတွဲရယ် အတူတွဲ ရိုက်ထားတဲ့ ပုံပါ ။သူ့အမျိုးသမီးက သိပ်အလှကြီးတော့ မဟုတ်ဘူး....ဒါပေမဲ့ သူရွေးချယ်ထားတဲ့ သူရဲ့ အိမ်ထောက်ဘက်က အရည်အချင်း ရှိတဲ့ အမျိုး သမီး တယောက် ဖြစ်မယ်ဆိုတာ ကျမယုံကြည်ပြီးသားပါ ။ကဲ..ကြည့်စမ်းပါဦး ..ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက် ရယ်..
ယောက်ကျားလက်အတူတွဲပြီး ပွဲတက်နိုင်တဲ့ ထက်ထက်မြက်မြက်ရှိတဲ့ အိမ်သူသက်ထားရယ်...
သူကြိုးစားပြီးတည်ဆောက်ထားတဲ့ သူ့ဘဝလေးက ဘယ်လောက်တောင် လှပ နေလည်းလို့ ...... ။
နောက်တော့ ကျမ ကွန်ပြူတာ ပိတ်လိုက်သည် ။ကျမဆက်ပြီးလိုက်ရှာ ကြည့်မိနေမှာ စိုးလို့ပါ ။
မသင့်တော် တော့ ဘူး ဆိုတဲ့ အတွေးတခုဝင်လာလို့ပါ ။ ကွန်ပြူတာ ပိတ်လိုက်ပေမဲ့ စားပွဲမှာတော့
ကျမဆက်ထိုင်နေမိသည် ။ကျမစိတ်ထဲမှာ သူ့ကို မေ့နေတာ အချိန်ကာလတခုတောင် ရှိနေပါပြီ ။
လူတိုင်းက မတူညီတဲ့ အနေအထားတွေနဲ့ နေ့ရက်တွေကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြတာဆိုတော့
အတိတ်ဆိုတာက ခပ်ဝေးဝေးမှာ ကျန်ခဲ့ တဲ့ မြင်ကွင်းလေးတွေ ဖြစ်သွားတာကြာနေပါပြီ ။
ဒါပေမဲ့ ကျမ ဒီညမှာ သိလိုက်ရတယ်...အတိတ်ဆိုတာ ခပ်ဝေးဝေး မှာကျန်ခဲ့တဲ့ မြင်ကွင်းလေးတွေ
ဆိုပေမဲ့ အရိပ်လေးတွေကတော့ ကျန်နေတတ်သေးတယ်ဆိုတာပါ ။
အရိပ်လေးနှစ်ခု... ပန်းပွားလွယ်အိတ်ကြိုးကို လက်နဲ့ လိမ်နေတဲ့ ကောင်မလေးတယောက်နဲ့
အဲဒီအချိန်ကာလတုန်းက အရမ်းခေတ်စားခဲ့တဲ့ ထုံချိုင်းဆံပင်ပုံစံညှပ်ထားတဲ့ ခပ်ပိန်ပိန် ကောင်လေးတယောက်ရဲ့ ပုံရိပ်က ကျမ စိတ်ထဲရောက်လာတယ် ။
ကျမရဲ့ စိတ်ကူးတွေနောက်ကိုကျမ မငြင်းဆန်ဘဲ လိုက်သွားမိသည် ။
တချိန်ကအတိတ်ဆိုတာကို တခါတလေမှာ ပြန်စဉ်းစားခွင့်ရှိတယ် ထင်လို့ပါ ။
" ကျူ ရှင် ပြန်တဲ့ အချိန် နောက်ကျရင် အိမ်ကဆူလိမ့်မယ် ...သမီးကို သူငယ်ချင်းတွေစောင့်နေပြီ
သွားတော့မယ် " လို့ ပြောနေတဲ့ ကောင်မလေးရဲ့ စကားသံခပ်တိုးတိုးလေး...
" အင်းအင်းး...မနက်ဖန်လည်း အင်္ဂလိပ်စာ ကျူ ရှင် ရှိတယ် မလား..ဒီနေ့လိုဘဲ ကျူ ရှင် ဆင်းချိန်
ကိုယ်လာစောင့်နေမယ်နော်... အခုလမ်းထိပ်အထိ လိုက်ခဲ့မယ်နော် ..ရတယ်မလား "
ကောင်လေး အသံကလည်း ကောင်မလေး အသံလိုဘဲ ခပ်တိုးတိုးလေးးးးးးးးးး
စကားသံတွေ ...စကားသံတွေ...ခပ်တိုးတိုးလေး ပြောနေတဲ့ စကားသံတွေ ကျမပြန်ကြားယောင်လာတယ်..အသက်ကိုခပ်ပြင်းပြင်းတချက်ရှိုက်လို့..ကျမ ကွန်ပြူတာ စားပွဲကနေ
ထရပ်လိုက်တယ် ။ ဒီလောက်ဆို ရလောက်ပြီထင်ပါတယ်နော် ။အတိတ်တခုကို ပြန်တမ်းတ ဖို့
ဆိုတာ မလိုတော့တဲ့ အနေအထားမှာ အခုလောက်ဆို တော်ပြီပေါ့နော်...။။
နောက်တော့ ကျမ အိပ်ယာထဲရောက် မီးမှိတ် ပြီး အိပ်ဖို့ ကြိုးစားတယ် ။ကြိုးစားလေ မရလေ...
မျက်စိသာမှိတ်ထားတယ် ..အရိပ်တွေ စကားသံတွေက ကျမဘေးနားမှာ ဝေ့ဝဲ လွင့်ပျံနေသလို
ခံစားမိနေတော့ အိပ်စက်ခြင်းဆိုတာက တော်ရုံနဲ့ကို မရတော့ဘူး ။နောက်ဆုံးတော့ သက်ပြင်းတချက်
ချလို့ စိတ်ကို လျော့လိုက်တယ်...။ စောစောကအရိပ်တွေက ကျမရင်ထဲကို
ဝုန်းခနဲ ပြန်ပြေးဝင်လာကြတယ် ။
အဲဒီအချိန်တုန်းက လမ်းထိပ်အထိ လျှောက်လာတဲ့ ကျမခြေလှမ်းတွေက မြေကြီးနဲ့တောင် ထိရဲ့လား..
ကျမ စိတ်ထဲမသိခဲ့ရိုး အမှန်ပါ ။ကြောက်စိတ် ..ရှက်စိတ်..လူတွေအထင်လွဲမှာကြောက်တဲ့စိတ်..
ခံစားမှု့ပေါင်းများစွာနဲ့ ကျမ ခန္ဓာကိုယ် လေထဲလွင့်နေသလို ခံစားနေခဲ့ဖူးတယ် ..။
ကျူ ရှင်ဆင်းတဲ့ အချိန်တိုင်းဟာ ကျမအတွက်တော့ ရင်ခုန်ခြင်းတွေနဲ့ တချိန်တခါတုန်းက လှပခဲ့ဖူးတယ် ။
အချစ်ကို စတင်ပြီး ပုံဖော်ခဲ့မိတဲ့ ကျမရဲ့ဆယ်ကျော်သက်အရွယ်ပေါ့ ။
ကျမက ကိုးတန်းကျောင်းသူ ..သူကစက်မှု့တက္ကသိုလ်က ပထမနှစ်ကျောင်းသား
အဲဒီအချိန်တုန်းက သူတို့တက္ကသိုလ်တွေ ကျောင်းပိတ်ထားလို့သူက Study Guide ပြန်လုပ်နေချိန်။
ကျမ တို့အိမ်ရှေ့အိမ်က အမတယောက်က Physics မေဂျာ နဲ့မာစတာတက်နေတဲ့သူ ။ကျမက တခါတလေ အဲဒီအမကို စာမေးတတ်တယ် ။ ကျောင်းက သင်တာရော ကျူ ရှင်က သင်တာရော
နားမလည်တဲ့ အခါမျိုး ဆို စာသွားသွားမေးတတ်တယ် ။ စာလည်းမေးရင် အဲဒီအမ ပြောပြတဲ့
တက္ကသိုလ် အကြောင်းလည်းနားထောင် ချင်တာလည်းပါတာပေါ့လေ...နောက်ပြီးအဲဒီ အမ က သူ့အကျီ သူ့ဘာသာ ချုပ်ဝတ်တာ..သူအားရင် ကျမအတွက်ပါ အကျီ ချုပ်ပေးတတ်တယ်..အဲတာမို့ ကျမ လည်း အားရင် အမ ရှိမဲ့အချိန် သွားပြီး ကျမ အကျီလေးတွေ သွားသွားချုပ်ခိုင်းတတ်တယ်..သူက ချုပ်ပြီးတာနဲ့ ကျမက လက်ချုပ်လိုက်ပေါ့ ..ဘယ်နားဘာလုပ်ရမလည်းဆိုတာ အမကသင်ပေးတယ်.. အဲလိုနဲ့ဘဲကျမနဲ့သူတွေ့ဆုံခဲ့ရတယ်ဆိုပါတော့ ။ ။
သူက အဲဒီအိမ်က အမရဲ့မောင်နဲ့ညီမလေး အတွက် စာလာပြပေးတဲ့ study guide..
တခါတလေ ကျမ မသိတာပါ သူသင်ပေးတယ်။ ကျမကိုးတန်းနှစ်တုန်းက စသိတယ်ဆိုပါတော့ ။ကိုးတန်းတနှစ် ကျမတို့ရင်းနှီးခဲ့ကြတယ် ။ကျမစိတ်ထဲမှာတော့ အကိုတယောက်လို ခင်တွယ်တဲ့ စိတ်နဲ့ပါဘဲ..သူလည်း ညီမတယောက်လိုသဘောထားပြီးကျမကို ဆက်ဆံခဲ့တာပါ ။သူစာလာသင်တဲ့ နေ့မျိုး ကျမ မေးချင်တာရှိရင်သွားမေး ..တခါတလေ သူငယ်ငယ်က အကြောင်းလေးတွေ ပြောပြတတ်တယ်...ငယ်ငယ်က ရေနီမြောင်းထဲ
ရေနစ်ဖူးတယ်ဆိုတာတွေ .. သူငယ်ချင်းတွေနဲ့ ကစားရင် သူအပြေးမသန်တော့ အမြဲတမ်း အမိခံရတယ်
ဆိုတာတွေ ။ နောက်ပြီး မန်းလေး ရဲ့ ည လွမ်းချင်းတွေ သူ့စီကနေ ကြားရတတ်တယ် ။
သူ့ဇာတိက မန်းလေးက ဆိုတော့ မန်းလေး ကိုအရမ်းလွမ်းတယ်ဆိုတာတွေ ခဏခဏ သူ့စီက
ကြားရတတ်တယ် ။ သူက မန္တလေးကို မန်းလေးလို့ဘဲ ပြောတတ်သူ ။သူ့ဇာတိမြေကို
သံယောဇဉ်ကြီးသူ ။
ကိုးတန်းတနှစ်တက်ပြီးတော့ ကျမဆယ်တန်းရောက်တော့ သူတို့တက္ကသိုလ်လည်း ပြန်ဖွင့်ပါ ပြီ ။
ဒါပေမဲ့အရင်လို အင်းစိန်က ကျောင်းမှာ မဟုတ်တော့ဘဲ လှိုင်သာယာ ဘက်ကကျောင်း အသစ်ကို
သွားတက်ရတယ်...တချို့ကလည်း ပြည်တို့ မအူပင်တို့ မှာ သွားတက်ရတယ်... ။သူလည်း ကျောင်း
တဘက်နဲ့ဖြစ်လာတော့ အရင်လိုမအားတော့ဘူး ။
နောက်တခုက ကျမက ဆယ်တန်းဆိုတော့ တက်ရတဲ့ကျူ ရှင်တွေ ပိုများလာတယ် ။ တခါတလေ
ကျူရှင်ချိန်က တချိန် နဲ့ တချိန် ဆက်နေတတ်သည် ။ သူကလည်းကျောင်းပြန်တက်နေရတော့ အရင်လိုအချိန် ပိုတွေက သိပ်မရှိတော့ဘူး ။အဲလိုနဲ့ဘဲ ကျမတို့နှစ်ယောက် တခါတခါမှသာ
တွေ့ဖြစ်ကြတယ်..များသောအားဖြင့် ကျမကျူ ရှင်ဆင်းချိန် သူလာတတ်တာမျိုးပေါ့ ...။
အဲဒီအချိန်တုန်းကအခုခေတ်လို လူတိုင်းသွားလေရာ ဖုန်းသယ်လို့ရတဲ့ခေတ် မဟုတ်တော့ သတိရတိုင်းလည်းဖုန်းကောက်ဆက်လို့ မရ ဘူးလေ ။ ကျူ ရှင်အိမ်က ဆင်းလာ
လို့ လှေကားဘေးအုတ်ခုံမှာ သူထိုင်နေတာတွေ့ရင် ...ဒါမှမဟုတ် ကျူ ရှင်သင်တဲ့ တိုက်အောက်မှာ
ရပ်စောင့်နေတာ တွေ့လိုက်ရရင် ကျမအရမ်းပျော်တာဘဲ ။ သူလည်း သူ့ကျူ ရှင်က အပြန်ဖြစ်ဖြစ်
ကျောင်းက အပြန်ဖြစ်ဖြစ် လမ်းသင့်ရင် လာတတ်သလို ..တခါတလေ ကျမ ကျူ ရှင်ဆင်းချိန်
မှန်းပြီးဝင်လာတာလည်း ရှိတတ်တယ် ။
သူရောက်လာတတ်တဲ့ နေ့မျိုးဆို ကျူ ရှင်ဆင်းရင် မဟာဗန္ဓုလ လမ်းထောင့်က ကြံရည်ဆိုင်မှာ ထိုင်ရင်း

ကျမ ကို အခုတလောဘာတွေလုပ်ဖြစ်လည်း စာတွေတော်တော်ကျက်ပြီးနေပြီလား ..ဘယ်ဘာသာကို ကျက်ရခက်တယ်လို့ထင်လည်း ...Physics တို့ chemistry တို့ကို လက်ကပါချရေး ပြီးကျက်နော်..စာကျက်ဖို့နဲ့ပတ်သက်ပြီင်္းဘယ်လိုကျက်ရင် ပိုအဆင်ပြေမနိုင်လည်းပြောပြ တခါတလေ ကျမစာအုပ်တွေယူကြည့် စာလည်းဘာလေး ရှင်းပြ
ပေး...တခါတလေ သူ့ကျောင်းကအကြောင်းတွေပြောပြတတ်သည် ...အဲလိုနဲ့ဘဲ ကျမလည်း ၁၀ တန်း စာမေးပွဲဖြေဖို့နီးလာသည်.. ။
အဲဒီအချိန်လောက်မှာ သူကကျမကို
သူစင်ကာပူမှာကျောင်းတက်ဖို့အတွက် စာမေးပွဲဖြေဖို့လုပ်နေတယ်လို့ ပြောလာတယ် ။
ကျမ မွေးနေ့က ဒီဇင်ဘာလ ဆိုတော့ ကျမ အတွက် မွေးနေ့လက်ဆောင် လာပေးတဲ့နေ့ သူစင်ကာပူ
မှာကျောင်းဝင်ခွင့်ရပြီ ဆိုတဲ့ အကြောင်းနဲ့ သူသွားဖို့ကိစ္စတွေ အတွက် စီစဉ်နေတဲ့ ဆိုတဲ့
အကြောင်းပြောလာခဲ့သည် ။သူပေးတဲ့လက်ဆောင်လေးက Photo stand လေးပါ ..အဲဒီ photo stand
လေးရဲ့ back ground နေရာလေးမှာ ကျမနာမည် နဲ့ အမှတ်တရ မွေးနေ့လက်ဆောင် ဆိုပြီးတော့
သူ့လက်မှတ်လေးထိုးထားတယ် ။
သူစင်ကာပူရောက်ရင် ဘယ်လို လှုပ်ရှားရုန်းကန် ရဦးမလည်းမသိဘူးဆိုတဲ့ အကြောင်း
သူဓါတ်ပုံ ပို့ပေးမယ် ။စာရေးမယ်ဆိုတဲ့ အကြောင်း ။ ကျမကို ဆယ်တန်းအောင် အောင် ကြိုးစား
ပြီးသူနဲ့ အတူကျောင်းလာတက်ဖို့ ကြိုးစားဖို့ အစရှိ သဖြင့် မှာသွားခဲ့တယ် ။
နောက်တော့ ကျမတို့ တယောက်နဲ့တယောက် အဆက်သွယ် မရှိကြတော့ဘူး ..။
အခုခေတ်လို အင်တာနက်တွေ Viber ..facebook လွယ်လွယ် ကူကူ မသုံးနိုင်ကြတဲ့ အချိန်အခါ ဖြစ်နေတာလည်းပါတာပေါ့လေ ။ အဆက်သွယ်ဆိုလို့ စာရေးရင် ရေး မရေးရင် ဖုန်းဆက်
ဆိုတာကလွဲရင် ကျန်တာမှ လုပ်လို့မရတာ...နောက်ပြီး အဲဒီအချိန်လောက်က နိုင်ငံခြားကိုဖုန်းခေါ်ရင်
ဒေါ်လာ နဲ့ bill ဆောင်ရတာပါ ။ ဆက်သွယ်ရ မလွယ်ကူတဲ့အချိန်အခါဆိုပါတော့ ...။ အဲလိုနဲ့ဘဲ ကျမနဲ့သူ တဖြည်းဖြည်းဝေးသွားခဲ့ကြတယ် ။
အစပိုင်းကတော့ နိုင်ငံခြား ရောက်သွားပြီး ပြောင်းလဲသွားတယ်ဆိုပြီး ကျမနာကျည်းမိခဲ့သေးတယ် ။
အဲဒီနာကျည်းစိတ်လေးကြောင့်လည်း အဆက်သွယ်တော်တော် လေးပြတ်နေပြီး သူပြန်ဆက်သွယ်လာတဲ့ အချိန်မှာ ကျမ သူ့ကို စာမပြန်နေခဲ့လိုက်တယ် ။ ကျမတို့နှစ်ယောက်ကြားက ကြိုးကို သူကစဖြတ်တာလား
ကျမက စဖြတ်တာလား သေချာ မဝေခွဲနိုင်သေးဘဲနဲ့ ကျမတို့နှစ်ယောက်ပတ်သက်မှု့က
ပြီးဆုံးသွားခဲ့သည် ။
နိုင်ငံခြား ရောက်ရောက် ချင်းမှာ အဆင်မပြေ ပြေအောင် မနည်းရုန်းကန် ရတယ်
ဆိုတာတွေ အဲဒီတုန်းက ကျမ မသိခဲ့ဘူး ။အလုပ်တဘက်..ကျောင်းစာတဘက်နဲ့ တခြားကိစ္စတွေ အတွက်သူ အချိန် မပေးနိုင်လောက် ဘူးဆိုတာ ကျမ မစဉ်းစားခဲ့မိဘူး ။
ကျမ ကိုယ်တိုင် နိုင်ငံခြားရောက်လာတော့မှ ကိုယ်တိုင်ရင်ဆိုင်ရတော့မှ ...သြော်..နိုင်ငံခြားဆိုတာ တကယ် မလွယ်ပါလားဆိုပြီး သိလိုက်ရတာပါ ...။နိုင်ငံခြားရောက်သူတိုင်း ဒီလို အခက်ခဲတွေနဲ့ ရင်ဆိုင်ရမှာဘဲလေ လို့ ကိုယ်ချင်းစာမိလာတယ် ...ဒါပေမဲ့ ...အချိန်တွေက အရမ်းကြာသွားခဲ့ပါပြီ ...ကျမစိတ်ထဲလည်း သူမရှိတော့သလို သူ့စိတ်ထဲလည်း ကျမရှိတော့မှာ မဟုတ်ပါဘူး။
ရေစက်မပါတော့လို့ ကွဲ သွားကြတယ်လို့ဘဲ မှတ်ယူခဲ့လိုက်ပါ သည် ။အစပိုင်းကတော့ ပြောင်းလဲ
သွားတာဆိုတဲ့ နာကျည်းစိတ်ရှိခဲ့ဖူးပေမဲ့..နောက်ပိုင်းမှာတော့ ကံကြမ္မာက ဒီလောက်ဘဲ ဆုံတွေ့ခွင့်ပေးခဲ့တာလို့ ပြောင်းလဲမှတ်ယူခဲ့လိုက်တယ်.... ။
သူလည်း ပြောင်းလဲမှု့တွေနဲ့ ဘဝအသစ်တခုကို တည်ဆောက်ပြီးနေလောက်ပြီ...ကျမလည်း အသစ်
သောခံစားချက်တွေနဲ့ ရှင်သန်နေပြီပဲ...အချိန်တွေက ဒီလောက်ကြာမှတော့...စိတ်ထဲမယ်လည်း
သတိရမိတယ်ဆိုတာတွေ မရှိတော့သလို...ဘာခံစားချက်မှလည်းမရှိတော့ ပါ ။
ဒါပေမဲ့ ..အတိတ်ဆိုတာ အရိပ်တွေ အဖြစ်နဲ့ မှောင်ရိပ်ခိုနေတတ်တယ်ဆိုတာ ကျမဒီညမှာ
သေချာသိလိုက်ရတယ် ။သူပေးခဲ့ဖူးတဲ့ photo stand လေးကိုရန်ကုန်အိမ်က ကျမရဲ့ အဝတ်စားဘီရို အံဆွဲထဲမှာထည့်သိမ်းထားခဲ့တယ် ။အဲဒီ stand လေးမှာ ကျမ လက်ဆောင်ရပြီးကထဲက ဓါတ်ပုံ တပုံမှကို
မထည့်ခဲ့ရသေးပါဘူး... ဒီတိုင်းလေးဘဲ သိမ်းထားခဲ့တာပါ ။ကျမပေးခဲ့ဖူးတဲ့ လက်ဆောင်
တချို့တလေက သူရဲ့ ပစ္စည်းအဟောင်းတွေ သိမ်းထားတဲ့နေရာတခုမှာ ရှိနေပါလိမ့်မယ် ။
ဒါမှမဟုတ်လည်း လွှင့်ပြစ်ကောင်း လွှင့် ပြစ်ပြီး ဖြစ်ပါလိမ့်မည် ။
အချိန်ရဲ့ ရွှေ့လျားမှု့အောက်မှာ အရာတော်တော် များများက ပြောင်းလဲသွားကြပါပြီ ။ဒါပေမဲ့
တချို့သော အရာလေးတွေကတော့ အရိပ်လို ပါလာလေသလားကွယ် ။
ကျမနောက်တခါ အဲဒီ facebook စာမျက်နှာကို သွားကြည့်ဖြစ်မှာ မဟုတ်ပါဘူး ။အသေအချာပါဘဲ ။
နောက်တခါ အဲဒီအကြောင်းကိုလည်း ပြန်စဉ်းစားမိမှာ မဟုတ်ပါဘူး ။
လူဆိုတာစောင့်စည်းသင့်တဲ့ ဝတ္တရား ကိုနားလည်ရမှာပါ ။ရိုးသားဖြူစင်မှု့ ဆိုတာကို ကျမ တန်ဖိုးအရမ်း
ထားပါတယ် ။
သို့သော်လည်း အမှတ်မထင် တိုက်ဆိုင်မှု့ တခုက ကျမကို အိပ်ရေးပျက်စေခဲ့တယ် ဆိုတာ
ဝန်ခံပါတယ် ။ မညာပါဘူး ။
ကဲ....ညလည်း တော်တော် နက်နေပါပြီ...ကျမအိပ်ပျော်အောင် ကြိုးစားရပါတော့မယ်...
အတိတ်ကို စဉ်းစားမိတယ်မှန်နေမဲ့လည်း ပစ္စုပ္ပန် ကိုလည်း မေ့နေလို့မရပါဘူး...
အသက်ကို ဖြည်းဖြည်းချင်းရှုလို့ မျက်စိမှိတ်လိုက်တဲ့ တခဏမှာ ကျမ အိပ်ပျော်သွားပါစေ ...
ကြာခဲ့ပြီဆိုပေမဲ့လည်း ပန်းပွားလွယ်အိတ်ကြိုးကို ရှက်ရှက် နဲ့ လိမ်နေတဲ့ကောင်မလေးတယောက်နဲ့ ကျောပိုးအိတ်လေး လွယ်ထားတဲ့ အသားညိုညို ခပ် ပိန်ပိန် ကောင်လေးတယောက်...
သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ပြန်မြင်ယောင်မိလိုက်လို့...
အဲဒီညကတော့ ကျမ အိပ်ရေးပျက်သွားခဲ့ရသည် ..။။။။
ပစ်ပစ်
Am 3:29
6.11.2014
ဒီခေါင်းစဉ်လေးကို ဘလော့ဂါ အမ တချို့ကို tag ပါရစေရှင်..
အမသက်ဝေ..
အမချစ်ကြည်အေး..
အမ မလေးအိမ့်ချမ်းမြေ့
အန်တီတင့်
အမဆွေလေးမွန်
အမမြ (မကြီးမြသွေး)
ညီမအိန်ဂျယ်..
အမနော်ဖော
အမရွှေစင်ဦး
အမဂျက်စ်

အမမိုးငွေ့
နောက်ထပ် ဘလော့ဂါအကို တချို့ကို လည်းtag ပါရစေ..
အကိုဇော်
ကိုဏီ
ဆရာဟန်
သူကြီးမင်း
အကိုဆိုဆီ ..
အားလုံးဘဲ ပစ်ကိုခင်တယ်ဆိုရင် ကြုံတွေ့ခဲ့ဖူးတဲ့ ဆယ်ကျော်သက်ကာလက ရန်ခုန်သံတချို့ကို
ပုံဖော်ပေးကြပါလို့ ပြောပါရစေရှင်...
အဆင်ပြေမယ်ဆိုရင် ထပ်ဆင့်လည်း tag ပြီး ရင်ခုန်သံလေးတွေ နားထောင်ကြည့်ရအောင်လားနော်..
13 comments:
လွမ်းစရာလေးတော့ဖြစ်ခဲ့ရတာပေါ့ပစ်ရေ
လူတိုင်းလိုလိုပါပဲ အဖြစ်ပျက်လေးတွေကိုယ်စီနဲ့ များများလွမ်းတာရယ် နဲနဲလေးလွမ်းတာရယ်
လုံးဝကိုမလွမ်းတာရယ်တော့ကွာမှာ....
၉တန်းဆိုတဲ့အရွယ်ကလဲ ငယ်သေးတယ်မဟုတ်လား ...နောက်ရက်တွေအိပ်ရေး၀၀အိပ်နော်
ငယ်ဘ၀ရဲ့ အစဦး ရင်ခုန်သံပေါ့ တိုက်ဆိုင်မှုလေးတွေရှိရင်တော့ တွေးမိရင်း အိပ်ပျက်မြဲပါလေ
“ကျမစိတ်ထဲလည်း သူမရှိတော့သလို သူ့စိတ်ထဲလည်း ကျမရှိတော့မှာ မဟုတ်ပါဘူး”။
ကျမစိတ်ထဲမှာ မရှိတိုင်း သူ့စိတ်ထဲလည်း မရှိတောဘူး ဆိုတာ တစ်ဘက်သတ် ဆန်လွန်းပါတယ်၊
ရှိနေတာတောင်မှ သိမ်းထားတတ်ကြပါတယ်
ပန်းပွားလွယ်အိတ်ကြိုးကို ရှက်ရှက် နဲ့ လိမ်နေတဲ့ကောင်မလေးရယ်၊
အင်းနော်... အလွဲဆိုတာမျိုး တမင်တကာ ဖန်တီးယူစရာမလိုပဲ ကြံဖန်လွဲတတ်လေတယ်နော်မမ ...ခုတော့ လွမ်းစရာတွေ ပြန်အစကောက်မိသူပေါ့....
တဂ်တာကျေးဇူးပါညီမလေး... ယောင်္ကျားမသိအောင်ရေးပေးမယ်နော် :-D
ပစ်ပစ်ရေ... သူလည်း တိုက်ဆိုင်မှုတွေရှိတိုင်း ညီမကို သတိရနေလိမ့်မယ်ဆိုတာ သေချာပါတယ်။ ပစ်ပစ်ရေးထားလေးဖတ်ပြီး ဆယ်ကျော်သက်ဘ၀က ဘယ်သူ့ကိုရင်ခုန်မိခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်လိုက်သေးတယ်။း)
ငယ်ကျိုးငယ်နာတွေတော့ အကုန်ပေါ်ကုန်တော့မှာပါပဲ ပစ်ပစ်ရယ်...း))
အရင်ဆုံးလာဖတ်ခဲ့တာ တဂ်ကိုမတွေ့ခဲ့ဘူး ဒုန်းဝေးလိုက်တာနော်
ဟာဟ ပစ်ပစ်ရဲ့လက်ချက်နဲ့ တဂ်ခံရသူများတော့ ဆရာဟန်ပြောသလို ငယ်ကျိုးငယ်နာပေါ်ပြီ...
အတိတ်ရဲ့လှိုင်းခတ်သံစဉ်လေးတွေ နားထောင်သွားပြီ ပစ်ပစ်ရေ။
တကယ်တော့ ကျဉ်းမြောင်းလွန်းတဲ့ကမ္ဘာကြီးထဲမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးတွေပါ။
First cut is the deepestတဲ့ အမရဲ့ အမြဲတမ်းမဟုတ်တောင် ကြုံကြိုက်တိုင်းတော့လွမ်းနေမယ်ထင်တယ် :)
ချစ်စရာကောင်းတဲ့ ဖြူစင်အပြစ်ကင်းတဲ့ ဆယ်ကျော်သက် ရင်ခုန်သံလေး..။ ကိုယ့်ဘာသာပြန်စဉ်းစားမိတော့လည်း ရေးရေးပေါ်လာသလိုပဲ....။ ဒါမဲ့ ရင်ခုန်သံက အိပ်ပျက်ရလောက်အောင် မမြန်တော့ဘူးဆိုတော့ ကျမအတွက်တော့ စာစီဖို့ထိ ဖြစ်နိုင်လောက်ဘူးးး :D
ငယ်ငယ်က crush ကိုတောင် ပြန်သတိရသွားတယ်။ ရေးချင်ပေမယ့် ချစ်ချစ်က ဘလော့ကို အားတိုင်း လာလာဖတ်နေလို့။ ခိခိ
ငင်... ဒါမျိုးဆို မတဂ်ကောင်းဘူးလေ ၀က်မလေး။
စိတ်က သူ့ဖာသာ ငြိမ်နေပြီးသားကို လာဆွပေးသလိုလိုကြီး။း)
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..