29 November 2014

အဖြူ ရောင်ကြိုး

Posted by blackroze at Saturday, November 29, 2014


ကျမ ဒီမြေကို  ခြေမချ ဖြစ်တာ ဆယ်စုနှစ်တခုနီးနီးလောက် ရှိသွားပြီ  ။အမြဲတမ်း လိုလို တမ်းတ သတိရမိတဲ့ မွေးရပ်မြေ ဖြစ်ပေမဲ့လည်း   ပြန်လာဖို့ အားမွေးနေခဲ့ရတာ  နှစ်ပေါင်းဆယ်ချီ သွားတယ်ဆိုရင်  လူတွေ လှောင်ရယ်ကြမလားဘဲနော်.... ။ တကယ်တော့ ကျမ သတ္တိနည်းခဲ့တာပါ။
ကျမက အရာရာကို ပျော့ညံရှောင်ပြေးတတ်သူဆိုရင် ပိုမှန်မလားဘဲ  ။ လောကမှာ    ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ဖြစ်အောင် မလုပ်နိုင်ခဲ့ရင်လည်း သတ္တိရှိစွာ ရင်ဆိုင်နေထိုင်ရဲ ရမယ်ဆိုတဲ့ မူဝါဒကို မကျင့်သုံးတတ်တဲ့သူ  ။တခုခုဆို ရှောင်ပုန်းလိုက်ဖို့ကို အားသန်တဲ့သူ  ။
အဲလိုအကျင့်တွေကြောင့် ကျမ ကို ချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရှိတဲ့နေရာ  ...ကျမကလည်း
ချစ်ခင်ရတဲ့  မိတ်ဆွေ သူငယ်ချင်းတွေ ရှိတဲ့နေရာတခုကနေ ကာလတော်တော်ကြာတဲ့ အထိ ကျမ ရှောင်ပုန်းခဲ့ဖူးသည် ။ ကျမ ရှောင်ပုန်းခဲ့သောသူများထဲတွင် သူမလည်းအပါအဝင်ဆိုပါတော့ ...။
အမှန်က ကျမ ပုန်းရှောင်ချင်တာက တယောက်ထဲရယ်ပါ ...ဒါပေမဲ့သစ္စာ မရှိခဲ့တဲ့ ချစ်သူတယောက်
ထဲအတွက်နဲ့ဘဲ  ..ကျမကိုချစ်ခင်တဲ့ မိတ်ဆွေတွေကိုပါ  ဥပေက္ခာ ပြု ခဲ့မိတယ် ။
အဲဒီလူတွေအထဲမှာ သူမလည်းအပါအဝင်ပေါ့ ။

သူမဆိုတာက ကျမ ရဲ့ သူငယ်ချင်းတယောက် ...လွန်ခဲ့သောနှစ်များစွာက သူငယ်ချင်းတယောက်..။

တချိန်တုန်းက ကျမနဲ့ညတိုင်းစကားပြောနေကြ သူငယ်ချင်းတယောက်ရှိခဲ့သည်
ကျမ ညဆိုရင် သူ့စီမှာ နေ့ ..ကျမစီမှာနေ့ဆိုရင် သူ့စီမှာည ...ဒါပေမဲ့ကျမတို့ နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်ပြီး စကားတွေ အများကြီးပြောခဲ့ကြဖူးသည် ။
ဟာသတွေ ပြောခဲ့ဖူးသည်။
အချစ်အကြောင်း ဆွေးနွေးခဲ့ဖူးသည် ။တယောက်ခံစားချက် တယောက်နားထောင်ပေးခဲ့ဖူးသည်
တယောက်အနေအထားကို တယောက်ကနားလည်ပေးခဲ့ဖူးသည် ။လူတွေကို ကျမတို့နှစ်ယောက် တိတ်တဆိတ်ဝေဖန်ခဲ့ဖူးသည် ။ဘဝရှေ့ရေး လူတတ်ကြီးလုပ်ပြီးနှစ်ယောက်သားဆွေးနွေးခဲ့ဖူးသည်။
တယောက်ပြောတာကို တယောက်က ထောက်ခံပေးခဲ့သည် ။(နင်အဆင်ပြေမှာပါ )ဆိုပြီး

 တယောက်ကို တယောက် အားပေးခဲ့ကြဖူးသည် ။တခါတလေ တယောက်ကိုတယောက်
 စိတ်ဆိုးလို့ မခေါ်ဘဲနဲ့လည်းနေခဲ့ဖူးသည် ။
တကယ်လို့များ လူတွေဟာ တယောက်နဲ့တယောက် ဆက်နွယ်ထားတဲ့ ကြိုးတွေရှိမယ်ဆိုရင် ဒီကြိုး တချောင်းကိုတော့ အဖြူရောင်ကြိုးလို့ သတ်မှတ်ပါရစေ
ကျမနဲ့သူ့ကြားက အဖြူ ရောင် ကြိုးတချောင်းပါ ။ဒီအဖြူရောင်ကြိုးလေးက ခိုင်မြဲလား မခိုင်မြဲလား

တခါမှ ကျမ မစမ်းသပ်ခဲ့ဖူးဘူး ။ ကျမစမ်းသပ်ခဲ့တဲ့ ကြိုးတွေကတော့ မမြဲခဲ့တာအမှန်ပါဘဲ ။
သူမနဲ့ပတ်သတ်တဲ့ ကြိုးတချောင်းကိုတော့ ကျမမစမ်းသပ်ခဲ့ ဖူးဘူး ။သို့ပေမဲ့လည်း ကျမကိုယ်စား အချိန်ယန္တရားက စမ်းသပ်ပေးခဲ့ပါသည် ။

 မရောက်တာကြာပြီဖြစ်တဲ့  နေရာတခုက ကျမအတွက် စိမ်းသက်မှု့တွေ အပြည့်နဲ့ရယ်ပါ ။
ကျမကို နှုတ်ဆက်မဲ့သူ မရှိဘူး ။ မတွေ့တာကြာပြီ နော်ဘာလုပ်နေလည်း အဆင်ပြေလားလို့
မေးမဲ့သူမရှိဘူး ။အင်းလေ... ဘယ်ရှိမလည်းနော်...ကျမကသူတို့အားလုံးကို
ရှောင်ပုန်းခဲ့တဲ့ သူကိုး .. ဒီပတ်ဝန်းကျင်တခုလုံးကို အဆက်သွယ်ဖြတ်ခဲ့သူလေ... ။
တိတ်ဆိတ်စွာနဲ့ပဲ  ကျမပြန်လာခဲ့တာကိုးးးးးးးးးးးး  ။

ကုန်းကျော်တံတားတွေ  shopping center တွေ Beer ဆိုင်တွေ  ကွန်ဒို အဆောက်အဦးတွေ
ပိုများလာတာကလွဲလို့  အရင်ကလိုဘဲ ဘတ်စ်ကားတွေကျပ်နေဆဲ ။  မီးမှန်မှန်ပျက်နေဆဲ ။
နေပူပူမှာ ဖုန်ထူနေဆဲ ။ကျမအတွက်တော့ သိပ်အပြောင်းအလဲမရှိသလို ခံစားမိပေမဲ့
တကယ်ကိုပြောင်းလဲသွားတဲ့ အရာတခု ရှိနေတယ်ဆိုတာလည်း ကျမကိုယ်တိုင် သိနေမိသည်။
အဲတာကတော့ အိုမင်းရင့်ရော် ခြင်းလို့ ခေါင်းစဉ်တပ်လို့ ရသလို ရင့်ကျက်တည်ငြိမ်ခြင်းလို့လည်း
သတ်မှတ်လို့ရပါသည် ။ ကျမအရင်ကထက် အသက်ပိုကြီးလာတယ်..နောက်တစ်ခုက...ခံစားချက်
 ဟုတ်တယ် ...ကျမရဲ့  ခံစားချက်တွေပြောင်းလဲသွားတယ်..အေးစက်ထုံကျင်သွားတာလား...
အနည်ထိုင် အခြေကျသွားတာလား တခုခုတော့ တခုခုပါဘဲ ။

 ပထမဆုံးရောက်တဲ့နေမှာတင်  ကျမအဖြစ်က ယောင်ချာချာရယ် ။ဘယ်သွားရမှန်းလည်းမသိ ။
ဘယ်သူနဲ့ တွေ့မယ်ဆိုပြီး ချိန်းထားတာတွေလည်း မရှိ  ။ အရမ်းကို ပြန်လာချင်လွန်းလို့သာ
ပြန်လာခဲ့ရတယ်.. ကျမကို ကြိုဆိုမဲ့သူ မရှိ ။မိသားစုဝင် တချို့က လွဲလို့ ကျမမှာ အသိမိတ်ဆွေ
ရှားပါးလိုက်သည် ဖြစ်ခြင်း ။သိခဲ့ခင်ခဲ့တဲ့သူတွေလည်း အခုချိန်လောက်ဆို ကျမကိုမေ့နေလောက်
တာ အသေအချာ ပါဘဲ ။ကျမစိတ်ထဲတယောက်ယောက်နဲ့တွေ့ချင်လာတယ်  ။ တချိန်က ခင်မင်ခဲ့ဖူးတဲ့  သူမ ကိုပါဘဲ ။

သူမဘာတွေလုပ်နေမလည်း ။ သူမချစ်သူနဲ့လက်ထပ်ပြီးလောက်ပြီပေါ့ ..သားတွေသမီးတွေ နဲ့ဖြစ်နေလောက်ပြီ ထင်ပါရဲ့ ..မထင်ဘဲကျမကို တွေ့သွားရင် မှတ်မိပါ့မလား ။သူမ   မ မှတ်မိရင်
ကျမ ကရောနှုတ်ဆက်ဖြစ်ပါ့မလား ... အသက်ဆယ်နှစ်လောက် ပိုကြီးသွားရုံ နဲ့မမှတ်မိစရာတော့
မရှိလောက်ပါဘူး ..ဆိုတဲ့ ဖြေသိမ့်တွေးလေး တွေးလိုက် ။သွားတွေ့ရင် ကောင်းမလား လို့စဉ်းစားလိုက် ။
အခုလောက်ဆို အိမ်တွေ ဘာတွေ ပြောင်း ပြီလား  ။နယ်မှာများလား ။
လားးးး  ပေါင်း များစွာ နဲ့ ဇဝေဇဝါ ဖြစ်နေခဲ့သေးသည် ။နောက်ဆုံးတော့လည်း  ...ကျမရဲ့ ခင်မင်မှု့
အစလေးတစကို ပြန်ရှာ ကြည့်ချင်စိတ် ပေါက်လာသည်  ။ကျမက စိတ်နောက် လူပါ လုပ်တတ်သူမို့
သူမ နေခဲ့တဲ့ အိမ်လိပ်စာ အတိုင်း သွားခဲ့လိုက်မိသည် ။

ကျမထင်သလိုပါဘဲ သူမ ဒီအိမ် မှာ မနေတော့ ဘူး ။ပြောင်းသွားတာ အတော်ကြာပြီ ။ကျမ မေးတာကို 
ဖြေနေတဲ့ အိမ်ရှင်အန်တီကြီးက ကျမကို သေချာကြည့်ပြီး သမီးကသူနဲ့ ဘာကိစ္စ ရှိလို့လည်းတဲ့ ။
ကျမက သူရဲ့သူငယ်ချင်းပါ  မတွေ့တာဆယ်နှစ်လောက် ရှိပြီ  ..။ အခု ကျမ ပြန်လာလို့ သူ့ကို
လာရှာတာပါ လို့ဖြေ လိုက်သည် ။ အန်တီကြီးက " သူတို့ညီအမတွေက နယ် ပြန်သွားကြတာ သမီး ။
နယ်ကအိမ် လိပ်စာတော့ အန်တီလည်း မသိဘူး "လို့ဖြေလာပါတယ် ။ရပါပြီ ။ကိစ္စ မရှိပါဘူး ။
အဲလောက်သိရရင် ကျမအတွက် အဆင်ပြေပါပြီ ။ကျမစီမှာ သူမ လွန်ခဲ့သော နှစ်များစွာက ပေးခဲ့ဖူးတဲ့
နယ်မြို့လေးရဲ့ အိမ် လိပ်စာ ရှိပါသေးသည် ။ 

ဦးတည်ရာမရှိသလို ယောင်ချာချာ ဖြစ်နေတဲ့ ကျမအတွက် ခရီးစဉ်တခု ရလိုက်ပါပြီ ။မနက်ကားစီးသွားရင်
ညနေဘက်လောက် ဆို သူမတို့ မြို့လေးစီကို ရောက်ပါသည်။တကယ်လို့များ သူမ က နယ်မှာလည်း 
မရှိ ပြန်ဘူးဆိုရင်ရော ... ကိစ္စ မရှိ ပါဘူး..ညဘက် ထွက်တဲ့ကားနဲ့  ကျမ ပြန်လာရုံပါဘဲ ။
ကျမအတွက် ခရီးတိုလေးတခု သွားရတာ ဗဟုသုတရ တယ်လို့ သတ်မှတ် လို့လည်း ရတာပေါ့လေ
ဆိုတဲ့ အတွေးနဲ့ ကျမ မနက်ဘက် ထွက်တဲ့ ကားနဲ့ လိုက်ခဲ့ပါသည် ။

မနက်ကားနဲ့ လိုက်လာခဲ့ တဲ့ကျမ  ညနေ မစောင်းတစောင်းလောက်မှာတော့  သူမရဲ့ မြို့လေးစီ
ရောက်လာခဲ့ပါတယ်  ။ကားဂိတ်မှာ ဆင်းဆင်းချင်း စုပြုံလာတဲ့ ဆိုင်ကယ် ကယ်ရီ သမားတွေ ထဲက
ခပ်ရိုးရိုး ပုံစံရှိတဲ့  ဆိုင်ကယ်သမား ကောင်လေးကို သူမရဲ့ အိမ်လိပ်စာ စာရွက်လေး ပြလို့ 
အဲဒီလိပ်စာကို သိလားဟု မေးမိသည် ။
မျက်လုံး ပြူး ပြူးနဲ့ ဆိုင်ကယ်ကယ်ရီသမားလေးက  ကျမကို စူးစမ်းသလို တချက်လှမ်း ကြည့်ပြီး
" အဲဒီအိမ်ကို ကျနော်သိတယ် ဈေးနားက လေ... သူတို့အိမ်က ဈေးထဲ မှာ စတိုးဆိုင် အကြီးကြီး ဖွင့်
ထားတာ ... အမ ကအဲအိမ်ကိုလာတာလား..ကျနော် ပို့ပေးမယ်..1000  ဘဲပေး.." ဆိုတာနဲ့
ကျမလည်း  ကောင်လေးမောင်းတဲ့  ဆိုင်ကယ်နောက် တက်လိုက်လာခဲ့လိုက်တော့သည် ။

ကယ်ရီ ကောင်လေးကလမ်းတဝက်လောက်မှာ ကျမ ကို စပ်စုပါတယ်...ရာသီဥတု ပူပြင်းတဲ့ ဒဏ်ကနေ
သက်သာအောင် ဝတ်လာတဲ့ ချည်သားပျော့ပျော့ ဘောင်းဘီနဲ့ အဖြူရောင် ချည်ထည် ပွပွပါးပါး အကျီ..
နောက်ပြီး တခေါင်းလုံးHighlights ဖောက်ထားပြီး အတွန့်သေးသေးလေးတွေ ကောက်ထားတဲ့ ကျမရဲ့ ဆံပင် ပုံစံကြောင့်လည်း ဖြစ်မယ်ထင်တယ်..ဒီလို ဟိုမရောက် ဒီမရောက် ပုံစံနဲ့ အမကြီး သူတို့ မြို့က
လူနဲ့ ဘယ်လိုများ ပတ်သက်လည်းဆိုပြီး သိချင်လာတာနေပါလိမ့်မယ်.. ။

ဆိုင်ကယ်လည်း မောင်းရင်း ကွမ်းကိုလည်း ပြစ်ခနဲ လှမ်းထွေးရင်း  " အမက မအပျိုကြီးတို့အိမ်က ဘယ်သူစီ
လာတာ လည်း  " တဲ့   အရင်းမရှိ အဖျား မရှိ မေးခွန်းဆိုတော့ ကျမရုတ်တရက် နားမလည် လိုက်ပါဘူး ။
အဲတာနဲ့  " မောင်လေး ဘာမေးလိုက်တာလည်း အမနားမလည်လို့  ..ဘယ်က မအပျိုကြီး လည်းလို့ "
ပြန်မေးရပါတယ် ။ အဲဒီတော့မှ ကောင်လေးက  " အမ ပေးတဲ့လိပ် စာလေ  ..အဲတာကမအပျိုကြီး တို့အိမ်
လေ .. သူတို့ ညီအမတွေအားလုံး အပျိုကြီးတွေ ..တယောက်မှ အိမ်ထောင်မကျသေးဘူး  အမရဲ့ ..
အဲတာမို့လို့ မြို့က လူတွေအားလုံးက သူတို့ ဆိုင်ကို မအပျိုကြီး တို့ဆိုင်..မအပျို ကြီး တို့အိမ်
လို့ဘဲ ပြောကြတာ..ဆိုင်နာမည် ဘာမှန်းတောင် မသိတော့ဘူး ... ဒီမြို့ လေး မှာတော့ သူတို့ဆိုင်က
ပစ္စည်းအစုံရတယ်...လိုချင်တာရှိရင်လည်း မြို့ကနေ လှမ်းမှာ ပေးတယ်.. အမကမအပျို ကြီးတို့
ညီအမ သုံးယောက်ထဲက ဘယ်တယောက်နဲ့သိတာလည်း " ဆိုပြီး မေးလာပါတယ် ...။

ကျမစိတ်ထဲ အကြိမ်ကြိမ် အဖန်ဖန် ရေရွတ်နေမိတယ်...မ အပျို ကြီး ဆိုပါလား...ညီအမ သုံးယောက်စလုံး
အိမ်ထောင်မကျသေးလို့ ခေါ်တာတဲ့...ဒါဆို ကျမသူငယ်ချင်းလည်း  သူ့ချစ်သူနဲ့လက်မထပ် ဖြစ်ဘူးပေါ့
အဲတာမို့ အိမ်ထောင်မကျသေးတာပေါ့ ..သူလည်းဘာတွေများ ပြောင်းလဲသွားတာပါလိမ့် ...
သူ့ချစ်သူနဲ့ ဘာလို့များကွဲသွားတာပါလိမ့် ။
သိချင်စိတ်များလာတာနဲ့ အမျှ ဆိုင်ကယ်မောင်းနေတဲ့ အရှိန်ကိုတောင် နှေးလာသလိုလို
ထင်လာ၏ ။

ကောင်လေးကလည်း သူမေးထားတာ ကျမ များ ပြန်ဖြေမလားဆိုတဲ့ အထင်နဲ့ ဆိုင်ကယ်မောင်းရင်းနဲ့
လည်ပြန်ခဏခဏ လှည့်ကြည့်လို့ရယ်။။။
ကျမလည်း ကိုယ့်အာရုံနဲ့ ကိုယ် ..အတွေးတွေက အတိတ်နဲ့ လက်ရှိကာလ ကို ခေါက်တုံခေါက်ပြန်
ပြေးလွှားနေတော့  သူ့အမေးကို မဖြေဖြစ်ခဲ့ဘူး...။

မြေနီလမ်းလေး တလျှောက်မောင်းဝင်လာတဲ့ ဆိုင်ကယ်က  တိုက်ခံပျဉ်ထောင်အိမ်လေး တလုံးရှေ့မှာ
ရပ်လိုက်တယ်.. အိမ်ဘေးဘက်မှာတော့ အုန်းပင်နှစ်ပင်ကြားထဲက ကြိုးတန်းပေါ်မှာလှန်းထားတဲ့ အဝတ်တွေကို ရုတ်နေတဲ့  မိန်းကလေးနှစ်ဦး ....

ခြံရှေ့ ဆိုင်ကယ်ရပ်လိုက်တော့  နှစ်ယောက်စလုံး ခြံဝဘက်ကို လှမ်းကြည့်နေကြသည် ။
ဆိုင်ကယ်ကယ်ရီကောင်လေးက  ခြံထဲကို လှမ်းကြည့်ပြီး  " မအပျို ကြီးရေ... ဧည့်သည် လာပို့တာ
ဗျိုးးးးး  ... " လို့ လှမ်းလည်းအော်ပြောရင်း ကျမဘက်ကို လည်း  " အမရေ ..အမတွေ့ချင်တာဘယ်
တယောက်လည်းတော့ မသိဘူး.. အဲနှစ်ယောက်က အမကြီးနဲ့ အလတ် ...သူတို့ကိုသာမေးလိုက်တော့
လို့ " ပြောပြောဆိုဆို ..ကျမကမ်းပေးတဲ့ တထောင်တန် ကိုယူပြီးဆိုင်ကယ်ပြန် မောင်းထွက်သွားသည် ။

အဝတ်တွေကို ကိုင်ထားတဲ့ မိန်းကလေးက အိမ်ဘေးဘက် တခါးကနေ အိမ်ထဲလှမ်းဝင်သွားသည် ။
နောက်တယောက်ကတော့ ခြံတံခါးစီ လျှောက်လာသည် ။ခြံတခါးစီလျှောက်လာတဲ့ မိန်းကလေး တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ... ...ကျမရင်ထဲ တဆတ်ဆတ် တုန်လာမိသည် ။ ကျမ သူငယ်ချင်းလေးက အရင်ကပုံစံအတိုင်းလိုပါဘဲ ..ဘာမှမပြောင်းလဲသလိုဘဲ...ဒါပေမဲ့ လည်း
သူမ ရဲ့ စိတ်ခံစားချက်တွေတော့ ကျမလိုဘဲပြောင်းလဲ ခဲ့တာတွေ ရှိ လိမ့်မယ်ထင်ပါသည် ။
သူမ နီးကပ်လာတာနဲ့အမျှ  မခေါ်တာ အချိန်တော်တော် ကြာခဲ့ ဖြစ်သော နာမည်တခုကို စိတ်ထဲကနေ ကြိမ်ဖန်များစွာခေါ်နေမိတယ် ။
သူမ ကလည်း ခြံတံခါးဖွင့်ပေးရင်း နဲ့ကျမကို မျက်တောင်မခတ်စိုက်ကြည့်လို့ .... သူမ ကြည့်ရတာလည်း အသက်ရှုဖို့မေ့နေသလိုလို ... ။

ကျမနဲ့သူမ မျက်နှာ ချင်းဆိုင်မိချိန် .... ကျမ စကားတခွန်းကို ခပ်တိုးတိုးမေးလိုက်မိတယ် ။။
" နင်..ငါ့ကိုမေ့ နေတယ်မဟုတ်လား  "
ကျမစကားကိုကြားတော့ သူမရဲ့ အကျင့်အတိုင်း  မျက်လွှာတချက်ချ ပြီး ပြုံး လိုက်တယ်  ။နောက်ပြီးတော့
ကျမ မျက်နှာကိုစိုက်ကြည့်ပြီး ...ခပ်တိုးတိုး ပြန်ဖြေသည် ..
" မမေ့ပါဘူး ...နင်ပြောသွားတယ်လေ..နင်..တနေ့ ငါ့ကို ပြန်လာရှာမယ်ဆိုတာ... ငါ့သူငယ်ချင်း ပြန်လာ
တွေ့မယ်နေ့ကို ငါစောင့်နေတာ... "

အဲဒီနောက်တော့ ကျမတို့ သူငယ်ချင်း နှစ်ယောက်တိုင်ပင်မထားပါဘဲ  တယောက်လက် ကို တယောက် ဆုပ်ကိုင်လို့ အားရပါးရ ရယ်မောမိလိုက်ကြသည် ။ အဲဒီရယ်မောသံတွေထဲမှာ ဖြူ စင်ခြင်း
လွတ်လပ်ခြင်း  အနှောင်အဖွဲ့ ကင်းခြင်း  အစရှိတဲ့ အဖြူ ရောင် သံယောဇဉ်တွေကို တစွန်းတစ
တွေ့ မြင်နေရသည်  ။ညနေခင်းရဲ့ လေပြည်တချို့ က ကျမတို့သူငယ်ချင်း နှစ်ယောက်ရဲ့ အဖြူ ရောင်
ရယ်မောသံတွေကို မြေနီလမ်း အတိုင်း ဟိုးအဝေး ကြီး သယ်ဆောင်သွားလေရဲ့ .... .... ...
တယောက်လက် တယောက်ကိုင်လို့ ရယ်မောနေတဲ့ ကျမတို့နှစ်ယောက်ကို သေချာကြည့်တတ်တယ်
ဆိုရင် တွေ့ရပါလိမ့်မယ်... သူ့လက်ထဲမှာ အဖြူ ရောင် ကြိုးတစ...ကျမလက်ထဲမှာလည်း အဖြူ ရောင် ကြိုးတစ ........             ........                .......။


ပစ်ပစ်
Am 3:41
29.11.2014

(ပုံကတော့ google ကပါ ရှင် )

4 comments:

သူကြီးမင်း (တုံးဖလား) on 29 November 2014 at 09:52 said...

ဖတ်ခဲ့ဖူးသလိုလိုနဲ့ ဆက်ဖတ်လိုက်တော့မှ ပို့စ်အသစ်မှန်း သိသွားတယ်။
အရောင်အဆိုးမမှားသေးသရွေ့တော့ အဖြူရောင်လေးဟာ သန့်စင်ခိုင်မြဲနေမှာပါ။

Cameron on 29 November 2014 at 12:26 said...

အဖြူရောင်ကြိုးနှစ်စရဲ့ ရယ်မောသံတွေကို မြေနီလမ်းလေးအတိုင်း လိုက်ကောက်ရင်း ခံစားသွားပါတယ် ပစ် ၀က်ကလေး...း)

Aunty Tint on 30 November 2014 at 13:33 said...

အဖြူရောင် သံယောဇဉ်ကြိုးလေးနှစ်စ သက်ဆုံးတိုင် ရစ်နှောင်တော့မယ့် အရိပ်ရောင်လေးတွေ မြင်ယောင်နေမိတယ် .......

စံပယ်ချို on 1 December 2014 at 06:17 said...

အဖြူရောင်ကြိုးနှစ်စရဲ့ ရယ်မောသံတွေကို ကိုယ်တိုင်ခံစားမိခဲ့ပြီ
ဘလော့ထဲခုမှဝင်ရလို့ နောက်ကျနေတာနော်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei