23 July 2014

ရင်ထဲကမုန်တိုင်း

Posted by blackroze at Wednesday, July 23, 2014 5 comments
ကျမနေတဲ့ နေရာကို Matmo လို့အမည်ပေးထားတဲ့ မုန်တိုင်းဝင်တဲ့ နေ့  ပေါ့  ။ အဲဒီနေ့က 7လပိုင်း 22
ရက်နေ့ရဲ့ ညသန်းကောင်ပါ   ။ 22ရက်နေ့ကနေ 23 နေ့အကူးအပြောင်းမှာ  မုန်တိုင်းကြောင့်
လေပြင်းတွေက တဝုန်းဝုန်းနဲ့ ပြတင်းတံခါးကို ကြည်စား နေတာပေါ့   ။ည အလုပ်ကနေ ပြန်လာတဲ့အချိန်
လေနဲ့မိုးနဲ့ စတိုက်လာတယ်  ။တလမ်းလုံးလည်းတိတ်ဆိတ်လို့  ။ခါတိုင်းဆို ည 12 နာရီတောင်လူမပြတ်တဲ့ လမ်းမှာ အခုတော့ ကျမလိုအ လုပ်ကပြန် လာတဲ့သူတယောက် နှစ်ယောက် လောက်က လွဲရင် လမ်းမှာ  ဘယ်သူမှ တောင်မရှိတော့ဘူး  ။မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းကြောင့် လမ်းတလျှောက်က ဆိုင်တွေလည်း အကုန်ပိတ်ထားကြကုန်ပြီ  ။လူမမာညည်းသံလို
တဟီးဟီးး  နဲ့ မုန်းစရာကောင်းတဲ့  အသံကြီးနဲ့ တိုက်နေတဲ့လေပြင်းတွေကို ကျမကြောက်တယ်  ။


ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေနဲ့ လေပြင်း တိုက်သံတွေ .... ဒီလိုအနေအထား ကို အကာအကွယ်
မရှိ အမိုးအကာမလုံခြုံတဲ့ နေရာကနေ ဖြတ်သန်းရမယ်ဆို ဘယ်လောက်တောင်များကြောက်စရာ
ကောင်းလိုက်မလည်း ..ဘယ်လောက်တောင်များ စိတ်အားငယ်ဖို့ကောင်းလိုက်မလည်းဆိုတဲ့
အတွေး ဝင်လာတဲ့အခါမှာ  ..ကျမရင်အစုံဟာ စိုးရိမ်ပူပန်ခြင်းတွေနဲ့ ဗလောင်ဆူလာတယ်...  ။။


အဲဒီ ညမှာ ကျမအိပ်မပျော်ခဲ့ဘူး  ။ ကယောက်ကယက်ဖြစ်နေတဲ့  စိတ်ကို မနည်းတည်ငြိမ်အောင်
ထိန်းရင်း  လက်တဝါးစာလောက် မရှိတရှိ  စာအုပ်လေးတအုပ်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး  အိပ်ပျော်အောင်  ကြိုး စားခဲ့ရတယ်  ။ ကျမအိပ်ပျော်သွားချိန် မှာ အိမ်မက်တွေမက်ခဲ့တယ် ။
အိမ်မက်ထဲမှာ ကျမရန်ကုန်ပြန်ရောက်သွားတယ်  ။ မိုးတွေအရမ်းရွာနေတဲ့အချိန်   အထုပ်အပိုးတွေနဲ့
ကျမ ပြန်သွားခဲ့မယ်  ။ ကျမ သူ့ကို မိုးတွေလေတွေကြားထဲကနေ  သူရောက်နေတဲ့ တောထဲအထိ  သွားတွေ့ခဲ့တယ် ။

သူလက်တွေက အေးစက်နေလို်က်တာ  မိုးရေထဲ ချမ်းတုန်နေတဲ့သူ့ ကို ကျမအကြာကြီးဖက်ထားမိတယ် ။
မိုးရေတွေရွှဲရွှဲစိုလို့  ပြာနှမ်းပြီးတုန်နေတဲ့  နှုတ်ခမ်းက  တလှုပ်လှုပ်နဲ့  ကျမကိုစကားတွေလှမ်း ပြောနေတယ်  ။သူဘာပြောနေတာလည်း  ကျမမြင်သာမြင်နေရတယ်  မကြားရဘူး  ။ ကျမသေချာနားထောင်လေ ဘာမှမကြားရလေ  ။မိုးတွေအရမ်းသည်းလာတဲ့ အချိန်မှာ
ကျမသူ့ကို ဖက်ထားရင်းကနေ  အရာအားလုံးက မှောင်အတိကျသွားသလို ခံစားလိုက်ရတယ်  ။
အဲဒီအိမ်မက်က နိုးလာတဲ့ အထိ ပါလာတယ်  ။

ကျမနိုးလာတဲ့အချိန်  မုန်တိုင်းလည်း မတိုက်တော့ဘူး  လေလည်း မတိုက်တော့ဘူး  မိုးလည်းဖွဲဖွဲလေးဘဲ
ရွာတော့သည်  ။ ပတ်ဝန်းကျင်လောက တခုလုံးအရာရာ တိတ်ဆိတ်ငြိမ်သက်သွားပြီ   ။
ဒါပေမဲ့ ကျမရင်ထဲမှာ မုန်တိုင်းတခု စတိုက်နေပြီ  ။စိတ်ပူပင်သောကနဲ့ တဖြည်းဖြည်း  အရှိန်ကောင်း
လာတဲ့မုန်တိုင်း   ။ဒီမုန်တိုင်းကို ကျမဘယ်လိုတည်ငြိမ်အောင်ထိန်းရမလည်း ။ ဒီမုန်တိုင်းကို ဘယ်နေရာ
ဘယ်ဒေသရောက်သွားအောင် ကျမပြောင်းရွှေ့ပေးရမလည်း  ။ ထွက်ပေါက်ရှာမရတဲ့  ရင်ထဲကမုန်တိုင်းက  တစတစ နဲ့ ပြင်းထန်လာလိုက်တာ  ....ရင်တခုလုံးဗြောင်းနေတော့တာပါဘဲ  ။
ကျမ စိတ်တွေတည်ငြိမ်သွားအောင် ကြိုးစားတယ်  ။ အကျီပုံတွေ  ကြည့်တယ်  ။ စာတွေလိုက်
ဖတ်တယ်  ။ သီချင်းနားထောင်တယ်  ။ ကျမ တခုပြီးတခု ဆက်တိုက်လုပ်တယ်  ။အိမ်အလုပ်လုပ်တယ် ။
ဟင်းချက်တယ်  ။ သူငယ်ချင်းနဲ့ ဖုန်းပြောတယ်  ။တခုခု လုပ်နေရင်  စိတ်သက်သာရာ ရမလားဆိုတဲ့
အတွေးနဲ့ တခုပြီးတခု ဦးတည်ချက် မရှိပေမဲ့ ကျမလုပ်နေမိတယ်  ။

လူနဲ့စိတ်နဲ့ မကပ်သလို  ကျမလုပ်နေတဲ့ အရာတွေနဲ့  ကျမကသက်သက်စီဖြစ်နေတယ်  ။ကျမဘာလုပ်နေလည်း  ဘေးကနေ ထိုင်ကြည့်နေရသလို ကိုယ့်ဘာသာကို ပြန်မြင်နေရတယ်  ။
အဲတာကို ဆောက်တည်ရာမရဘူးလို့  သတ်မှတ်မလား  ..ဂနာမငြိမ် ဖြစ်နေတာလို့ ပြောမလား  ။
သေချာတာကတော့ ကျမစိတ်ပူနေတယ်ဆိုတာပါဘဲ  ။ မိုးသိပ်ရွာနေတဲ့နေရာမှာ  နေရထိုင်ရ
အဆင်ပြေပါ့မလား  ... လမ်းခရီးသွားလာရ အဆင်ပြေပါ့မလား   ..အစစလိုက်စဉ်းစားပြီး  ပူပင်နေမိတယ် ။ခံနိုင်ရည်ရှိပါပြီဆိုပေမဲ့လည်း  အရာရာကိုတော့ ကျမရင်မဆိုင်တတ်သေးဘူး  ။

အဆက်မပြတ်နှိပ်နေမိတဲ့ ဖုန်းနံပါတ်တွေဟာလည်း အခေါက်ပေါင်းရာချီတော့မယ်  ။ဖုန်းသာစကားပြော
တတ်မယ်ဆို  ..ဒီလောက်ဆို တော်ပါတော့လို့  ကျမကို ဆန္ဒပြမှာ သေချာတယ်  ။
 ပူလောင်လှုပ်ခတ် နေတဲ့ကျမစိတ်ကို ကျမရအောင် ထိန်းမှ ဖြစ်တော့မယ်  ။ တခါမှ မလုပ်စဖူးအမေ့
အခန်းထဲက တရားစာအုပ်တွေ တပုံကြီး ယူထုတ်လာ ပြီး တအုပ်ချင်းစီ ခေါင်းစဉ် လိုက်ဖတ်မိသည်   ။
နောက်ဆုံးမှာ အေးချမ်းရာတခုကို ကျမ ရှာတွေ့သွားတယ်  ။အဲတာကတော့  ကျမတို့ဗုဒ္ဓဘာသာ ဝင်
တွေရဲ့ ကိုးကွယ်ရာ မြတ်စွာဘုရား ပါဘဲ  ။စေတီပုထိုးမရှိတဲ့ တိုင်းပြည်မှ နေရတဲ့ ကျမအဖို့ ဘုရားဝတ်ပြုရာ   နေရာဟာ  အိမ်ကဘုရားစင်လေးပါ  ။ ဘုရားစင်လေး ရှေ့မှာ ထိုင်လိုက်တဲ့အချိန် အနည်းငယ်  တည်ငြိမ် သွားသလို ခံစားမိသည် ။
 နောက်တော့ တဖြည်းဖြည်းနဲ့ ကျမ စိတ်အစဉ်က အေးချမ်းလာတယ်။

လက်အုပ်ကလေးချီ လို့ မြတ်စွာဘုရားကို အာရုံ ပြု ထားရင်းနဲ့  ရင်ထဲက မုန်တိုင်းက
တစတစ နဲ့ ငြိမ်သက်လာတယ်...  ။ ကျမဘုရား ဝတ်ပြု အပြီးမှာ  ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ
ဆုတောင်း လိုက်မိတယ်  ။ ကျမ ရဲ့ စစ်မှန်တဲ့မေတ္တာ တရား ကြောင့်  ကျမချစ်ခင်မြတ်နိုးရတဲ့ သူ
အန္တာရာယ်ကင်း ဘေးရှင်းပါစေ ... လုံခြုံ ငြိမ်းချမ်းပါစေ ... မေတ္တာတရားကြောင့်အေးမြပါစေလို့    ...။။
ဦးသုံးကြိမ် ချလိုက်ပြီးတဲ့အချိန်မှာ တော့  ကျမရင်ထဲမှာ ဗလောင်ဆူတိုက်ခတ်နေတဲ့  မုန်တိုင်းမရှိတော့ပါဘူး  ။ ကျမ ဘယ်နေရာ ပို့ရမယ်မှန်းမသိ ဖြစ်နေတဲ့ ရင်ထဲက မုန်တိုင်းကို
မြတ်စွာဘုရားရှင်က ယူထုတ်ဖယ်ရှားပေးလိုက်ပါပြီ  ။  ကျမ ရင်ထဲမှာ အေးချမ်းငြိမ်သက်သွားပါပြီ  ။
ဘုရားရှင်ထံပါး ကိုးကွယ်ဆည်းကပ်ခြင်းရဲ့  အကျိုး ကျေးဇူးကို ကျမ လက်တွေ့ ခံစားလိုက်ရတယ်  ။
မေတ္တာတရားရဲ့အေးမြမှု့ကြောင့်လူသားတိုင်းအပူသောက ကင်းဝေးကြပါစေ ...  ... ... ။။။။။


ပစ်ပစ်
Pm 10:03 
23.7.2014




21 July 2014

လှခြင်းနဲ့ ဝခြင်း အကြောင်းတရား

Posted by blackroze at Monday, July 21, 2014 1 comments


ကျမတို့ မိန်းကလေးတွေဟာ  ဝတာကို မလိုချင်ကြပါဘူး  ။ ပိန်ပိန်သွယ်သွယ်  လှလှ လေး ဖြစ်ချင်ကြပါတယ်  ။ ဒါပေမဲ့ ဆုတောင်းဆိုတာကလည်း တောင်းတိုင်းပြည့်တာမှ မဟုတ်တာလေ  ။ အဲဒီတော့ ဝတဲ့သူလည်း လောကကြီးထဲရှိမှာဘဲ  ။ပိန်တာလေးတွေလည်း ရှိတာပါဘဲ ။
ပိန်တဲ့မိန်းကလေးကျတော့ ကိစ္စမရှိပေမဲ့  ဝတဲ့မိန်းကလေးကြတော့  နဲနဲ ကိစ္စရှိလာပါတယ်  ။
တခြား ကိစ္စမဟုတ်ပါဘူး  ။ ပိန်ချင်လို့ ဝိတ်လျော့တဲ့ ကိစ္စပါ ။

တချို့ ကျတော့ အိမ်ထောင်ကျပြီးဝသွားတတ်ကြတယ် ။ကိုယ်ခန္ဓာ အချိုး အစားတွေ ပြောင်းကုန်တာပေါ့  ။
ကလေးမွေး  လိုက်ရင် ပိုဆိုးပါတယ်  ။ ကလေးတဘက်ထိန်းရတာနဲ့ အိမ်မှု့ကိစ္စတဘက်နဲ့ ကိုယ်ခန္ဓာ  အလှအပ အတွက်  အချိ န်မပေးနိုင်ကြတော့ဘူးဖြစ်သွားတတ်ကြတယ်  ။ အဲဒီတော့ဝလက်စနဲ့
ဝဝ လာတတ်ကြတော့တာဘဲ  ။  ဝလာတာက ဘာမှမခက်ဘူး  ။ စားရင်းစားရင်း နဲ့ မသိမသာလေး ကနေ စလာလိုက်တာ  သိသိသာသာ သတိလည်း ထားမိရော  တော်တော်လေးကို ဝနေပြီ ။အဲဒီတော့မှ
ဟမ်   ))))))   ငါ ဝလာလိုက်တာ  ..ဟိုအကျီလေး နဲနဲကျပ်   ဒီအကျီလေးနဲနဲ ကျပ် တယ်လို့ ထင်နေတာ ။
လက်စသပ်တော့  ပေါင်ချိန် ဘယ်လောက်တောင် တိုးလာတာပါလား..ဆိုပြီး သတိထားမိတတ်ကြတယ်  ။

အဲဒီအချိန်မှာ နဂိုရှိရင်းစွဲထက်  10  ပေါင်  15  ပေါင်လောက်  ရှိနေပါပြီ   ။ ဝဝ  လာချင်းက  မှာ 4ပေါင်
5ပေါင် လောက်တိုးလာတာက  သိပ်မသိသာကြဘူး ။ ခန္ဓာကိုယ် ပြည့်လာတဲ့အနေအထား မျိုး ပေါ့  ။
ပြည့်ပြည့်တင်းတင်းလေး ဖြစ်လာရာကနေ   ..ပြည့်ဖေါင်းလာတဲ့ အခါမှတော့ ဝိတ်ချဖို့  ပြင်ဆင်ရပါပြီ ။
တချို့ တွေက ကိုယ့်ခန္ဓာကိုယ် ကို ထိန်းနိုင်ကြတယ်  ။စိတ်ထဲနဲနဲ ဝလာသလား ထင်မိတာနဲ့  ချက်ချင်းကို
အစားအသောက်ပုံစံကို ပြင် စားတတ်ကြတယ်  ။ အဆီအဆိမ့်တွေ  ဘာတွေစားမိလို့လည်းဆိုပြီး
သတိထား ရှောင်တာမျိုး   ။လေ့ကျင့်ခန်း မှန်အောင် လုပ်တာ မျိုး ပေါ့  ။ အဲဒီလို Body weight ထိန်းနိုင်
တဲ့သူက ကိစ္စမရှိဘူး  ။ ပြောရရင် weight ကတက်လိုက်ကျ လိုက်နဲ့ ပြန်ညီသွားတာဘဲ  ။

တချို့ က body weight မထိန်းနိုင်ကြဘူး  ။စားရင်းနဲ့ ဝလာပြီလည်းဆိုရော   ဝိတ်ချမယ်လို့သာ
ပြောနေပေမဲ့ တကယ်တမ်းကျတော့  အဆာမခံနိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတာနဲ့   ။
အကြောင်းအရာပေါင်း များစွာနဲ့  ဝနေရာကနေ တော်ရုံ  ပြန်မပိန်ကြတော့ပါဘူး  ။ဝလက်စနဲ့ စားရင်း
ဝိတ်လျော့မယ် ပြောရင်းနဲ့  ပေါင်ချိန်တွေ တိုးလာလိုက်တာ ။ တွေ့တဲ့သူတိုင်းက  အရင်က ပိန်ပိန်လေးပါ
အခုမှ အရမ်းဝလာတယ်နော် ဆိုပြီးတအံတသြ တွေဖြစ်ကြရတဲ့ အထိပါဘဲ ။

တကယ်တမ်းတော့ လူတယောက်မှာ အသက်အရွယ်အလိုက်ရှိသင့်တဲ့  အလေးချိန်ထက် ပိုနေတယ်ဆိုတာ  ကျန်းမာရေး ရှု့ထောင့်ကကြည့်ရင်  မကောင်းသလို  ... မိန်းကလေး တယောက်
အနေနဲ့လည်း  အလှအပ တရားဘက်ကကြည့်ပြန်ရင်   မကောင်းပါ ဘူး  ။ အခုခေတ်လို   လှပသွယ်လျ
တဲ့  မိန်းကလေးတွေ ပေါတဲ့ခေတ်မှာ  ကိုယ်က ဝနေရင် ပထမဦးဆုံး  ကိုယ့်ဘာကို  စိတ်တိုင်းမကျတာ
အရင် ခံစားမိလိမ့်မယ်  ။ အဝတ်အစားဝယ်တဲ့နေရာ  ကိုယ်ဝတ်ချင်တာက ပုံစံတမျိုး  ..လူကဝနေတော့
ဝတာနဲ့ လိုက်ဖက်မဲ့  ပုံစံရွေးရတော့  စိတ်တိုင်းမကျတော့ဘူး   ။  ဘယ်လောက်ဘဲ
တန်ဖိုးကြီးတဲ့ပိတ်စနဲ့ချုပ်ထားတဲ့ အကျီဖြစ်နေပါစေ  လူကဝနေရင်  ဝတ်လိုက်တဲ့အခါ ပုံကျကျ စတိုင်ကျကျ
ပုံစံတော့ ထွက်လာမယ် မထင်ပါဘူး  ။ဘောလုံးကို ပိုးစပတ်ထားလို ဖောင်းကားနေတဲ့ ပုံစံဖြစ်သွားတတ်ပါတယ် ။အဖိုးနည်း ချည်ထည်လေးဘဲ ဖြစ်နေပါစေ  အချိုးအစားကျတဲ့ကိုယ်လေးပေါ်
ဝတ်လိုက်ရင်  သပ်ရပ်လှပသွားမှာ အမှန် ပါ  ။မယ်တယောက်လို လှပကျော့ရှင်းနေဖို့ လိုတယ်လို့
မဆိုလိုပါဘူး  ။ ဒါပေမဲ့ လည်း မလိုအပ် တဲ့နေရာတွေမှာ အဆီပိုတွေ အများကြီး မရှိတာ အကောင်းဆုံးပါ  ။

နောက်ပြီး သွားလာလှုပ်ရှားတဲ့နေရာမှာလည်း  ခန္ဓာကိုယ်က ဝနေတော့  စိတ်ညစ်မှာ အမှန်ပါဘဲ ။
ငွေကြေးတတ်နိုင်လို့ ကိုယ်ပိုင်ကားနဲ့ သွားလာနိုင်တဲ့သူအဖို့  က ဝတယ် ပိန်တယ်ဆိုတာ   သိပ်ပြသနာမရှိပေမဲ့   သာမန်လူလတ်တန်းစားအဖို့ ကတော့ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ မသေးပါဘူး  ။
နွေပူပူ  နေပူပူ မှာ ကားကျပ်ကျပ်ကို တိုးဝှေ့ စီးရတဲ့သူအဖို့  ပေါင်ချိန် 130  ..140 လောက်ကို
သယ်ဆောင်လှုပ်ရှားပြီး ကားပေါ်တိုးတက်ရတဲ့  ဒုက္ခက စဉ်းစားလိုက်ရင် အသက်ရှုကျပ်ချင်စရာပါ  ။

အဆီပိုတွေများတဲ့ လူတယောက်အဖို့ နှလုံးအဆီဖုံးတာတွေ အသည်းအဆီဖုံးတာတွေ  ကိုယ်တွင်း
ကိုလက်စထရော များတာတွေ အစပြု  ပြီး  ဒီထက်မက ကြီးမားတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်းများပါတယ် ။ကိုယ်တွင်းအစိတ်အပိုင်းတွေ ဆိုတာကလည်း တခုနဲ့ ဆက်နွယ်နေတာဆိုတော့
တခုဖြစ်လိုက်ပြီဆို  သိပ်မကြာခင်မှာ နောက်ရောဂါတခုက  ဖြစ်ဖို့ သိပ်လွယ်သွားပါပြီ  ။နှလုံးရောဂါနဲ့
လေးဘက်နာ ရောဂါ ဆက်နွယ်နေသလိုပေါ့   ။

ဒါကြောင့်ကျန်းမာရေး အနေအထား အရ ဘဲ ကြည့်ကြည့်   အလှပတရား အနေ နဲ့ ဘဲကြည့်ကြည့်
ဘယ်ဘက်မှာ မှ မကောင်းတဲ့ အတွက်  ဝတာကို ကျမတော့ မကြိုက်ပါဘူး  (မိန်းကလေးတိုင်းလည်းကြိုက်ကြမယ်မထင်ပါဘူး  ) ...ပြောရရင်တော့
အသက်အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန် အချိုးစား တော့ ရှိရမှာပေါ့လေ  ။
အသက်ငါးဆယ်အရွယ်မှာ အလေးချိန်ပေါင် 100 လောက်လေးဘဲ ရှိချင်တယ်ဆိုတာတော့
မဖြစ်နိုင်ဘူးပေါ့   ။အသက်အရွယ်နဲ့  လိုက်ဖက်တဲ့ခန္ဓာကိုယ်  ပြည့်ပြည့်ဖြိုးဖြိုး လေးတော့ ရှိသင့်ပါတယ်  ။

ရှိသင့်တဲ့ အရွယ်အစားထက်ပိုနေပြီဆိုရင်သာ  ဘယ်လိုနည်းနဲ့ပြန်လျော့မလည်း  စဉ်းစားဖို့လိုလာပါပြီ ။

ဝိတ်လျော့ ကြတယ်ဆိုတဲ့နေရာမှာ  တချို့ က ပိန်ဆေးအားကိုးပါတယ်  ။ပိန်ဆေးသောက်ကြတယ်  ။
ကျမတော့ အဲဒီနည်းကို မကြိုက်ပါဘူး  ။ပိန်ဆေးအသောက်ကောင်းလို့ နှလုံးရောဂါ ရသွားတဲ့သူ
တွေ ကျမ  သူငယ်ချင်းထဲမှာ ရှိတယ် ။အကောင်းဆုံးကတော့ ကိုယ့်ဘာကို စားရင်းသောက်ရင်းနဲ့
ဝလာတဲ့ ခန္ဓာကိုယ်ကို  ကိုယ့်ဘာသာကိုဘဲ ပြန်ပိန်အောင် ကြိုးစားသင့်ပါတယ်  ။
ဆေးဆိုကထဲက  တဘက်မှာ ကောင်းတဲ့အာနိသင်ရှိပေမဲ့ တဘက်မှာ ဆိုးကျိုး တွေလည်းရှိနေတတ်
ပါတယ် ။ပိန်ဆေးသောက်ပြီးဝိတ်ချတယ်ဆိုတာကိုတော့  ဆင်ခြင်စေချင်တယ်  ။

တချို့က အစားအသောက် စားနေတာကို လျော့ပြီး  လေ့ကျင့်ခန်း လုပ်တယ်  ။အရင်က ထောပတ်သီးသောက်နေတာကို အခုသံပုရာရည်ပြောင်းသောက်တာမျိုး  ပေါ့  ။ညစာမစားဘဲနေတာမျိုး  ....ထမင်းမစားဘဲ အသီးစားတာမျိုး  ..တဘက်ကလည်း လေ့ကျင့်ခန်းမှန်မှန်
လုပ်တာမျိုးပေါ့  ။ အဲလိုနည်းနဲ့ဝိတ်လျော့ကြတဲ့ သူတွေစီကနေ ဘာတွေကြားရတတ်လည်းဆိုတော့ ...
အစားအသောက်လျော့နေတာ ကြာလှပြီ ..အခုထိပိန်ကို မပိန်ဘူးဆိုတာမျိုးတွေ  ... ဘာလို့မပိန်တာပါလိမ့် စိတ်ညစ်လိုက်တာဆိုပြီး   အဲဒီလိုအသံတွေကြားရတာများတယ် ။

တကယ်တော့ လူတယောက်ဝလာတယ်ဆိုတာ  တပါတ်အတွင်း အားချင်း ဝုန်းဆိုပြီး လေထိုးလိုက်
သလိုဝလာတာ မဟုတ်ဘူးလေ  ။တဖြည်းဖြည်းချင်း  weight တက်လာတာလေ   ။ပေါင် 100  ကနေ 105
ပေါင်   ....105 ပေါင် ကနေ  110   ..အဲဒီကမှ တဆင့် ပေါင် 120 တွေ  130 တွေအထိ ဖြစ်လာတာလေ ။
အဲဒီတော့ weight ပြန်ချတဲ့အခါမှာလည်း  အချိန်ယူရပါလိမ့်မယ်  ။ အခုအစားလျော့စားလိုက်တာနဲ့
တပါတ်အတွင်း 10 ပေါင်လောက်ကျ သွားတာမျိုး တော့ ဖြစ်နိုင်မယ် မထင်ပါဘူး  ။အဲဒီတော့ စိတ်ရှည်ရှည်
ထားပြီး အချိန်ယူပါ  ။ တပါတ်  နှစ်ပါတ်  တလ  နှစ်လလောက် အစားလျော့ပေမဲ့  မသိသာဘူး ဆိုပေမဲ့လည်း စိတ်မပျက်ပါနဲ့ လေး ငါးခြောက် လဆို သိသာလာပါလိမ့်မယ်  ။
အဓိကတော့ ဇွဲရှိ ဖို့ပါဘဲ   ။

ဘယ်အရာကိုမှ  အခုလိုချင်အခု လုပ်ယူလို့ မရပါဘူး  ။အချိန်တခုတော့
ပေးရရိုးထုံးစံပါ  ။ ကုန်တိုက်သွားပြီး  အကျီဝယ်သလိုတော့  အခုဝယ်အခုရ ဆိုတာမျိုး တော့
ဘယ်ဟုတ်ပါ့မလည်း  ။စိတ်ရှည်ရှည်ထားပါ   ။ဇွဲမလျော့ပါနဲ့   ။ ထမင်းတပန်းကန်စားနေကြဆိုရင်
နေ့တိုင်း ကိုယ်စားနေကြ ပမာဏ ထဲကနေ  နှစ်ဇွန်းစာလောက်လျော့စားကြည့်ပါ  ။ တဖြည်းဖြည်း
သိသာလာပါလိမ့်မယ်  ။တခုတော့ရှိတာပေါ့နော်   ။  ထမင်းလျော့စားပြီး   တခြား မုန့်တွေစားနေတာ
မျိုး တော့ ဆင်ခြင်ပေါ့  ။ တချို့ က မနက်ဆို အစောကြီးထပြေးကြတယ်  ။ ပြေးရာကပြန်လာရော
ဘိုက်က ဆာလာပြီ  ..မုန့်ဟင်းခါးဆိုင်တွေ့တာနဲ့ အကြော်နဲ့ ဘဲဥနဲ့ ငါးဖယ်ပါထည့်
ဆိုပြီး စားနေမယ်ဆိုရင် ပိန်မှာ မဟုတ်ဘူးနော်... အဲတာမျိုး လေးတွေတော့ ဆင်ခြင်ပါလို့  လက်တို့ပြီး
ပြောပါရစေ  ။

ထမင်းစားတိုင်း ကြက်သွန်ဖြူ  အနည်းငယ် စားပေးရင်လည်း အဆီကျစေတယ်လို့ ကြားဖူးပါတယ် ။
ဝခြင်းရဲ့ အဓိက အကြောင်းရင်းက အဆီအဆိမ့် အချို တွေ ပါဘဲ ။ အစား ကို မြန်မြန် မစားပါနဲ့
ပုံမှန်အတိုင်း စားပါ ။ စားလိုက်လို့ ဘိုက်ပြည့်သွားပြီဆိုတဲ့အကြောင်းကို အစာအိမ်က ဦးနှောက်ကို
သတင်းပို့ပါတယ်  ။ အဲဒီ အခါမှာ လူက ဘိုက်တင်း ပြီလို့ ခံစားသိရှိလိုက်တာပါ  ။
အစာအိမ်ကနေ ဦးနှောက်ဆီကို သတင်းပို့ဖို့အတွက် အချိန်လေးနဲနဲလိုတယ်  ။အဲဒီအချိန်မှာ ကိုယ်က
မြန်မြန် စားနေရင်   ....  ဘိုက်ထဲကို  တရစပ် ဝင်သွားရော  ... အဲလိုနည်းနဲ့ အစာအိမ် တဖြည်းဖြည်းကျယ်လာတတ်တယ်   ။ အဲလိုနည်းနဲ့ ဝလာတတ်ကြတယ်  ။
အထူးသဖြင့် အိပ်ခါနီး စားတာကို ရှောင်ပါ  ။ စားပြီးတာနဲ့ ဘယ်လောက်မှ မကြာဘူး  .. ဝင်အိပ်  ..
အဆီတွေက တဖြည်းဖြည်းချင်း  ဗိုက်နေရာလေးမှာ စု စု  လာပြီး  လူက ဗိုက်နဲ့ ဂိုက်နဲ့  ဆိုပြီး
ဖြစ်လာပါလေရော  ။ ပိန်အောင် ဝိတ်လျော့တဲ့နေရာမှာ  ကိုယ့်ရဲ့နေ့စဉ် နေထိုင်စားသောက်မှု့ 
ပုံစံကို အရင်ဆုံး ပြင်ပါ ။

ဘယ်လိုနည်းနဲ့ဘဲဝိတ်လျော့လျော့ပါ   ... လိုရင်းက ပိန်သွားဖို့ အဓိပါ  ။
နာမည်ကြီး Fitness centers တွေ Gym တွေမှာ သွားကစားမှ ပိန်တာမဟုတ်ပါဘူး  ။နေ့စဉ်နေထိုင်စား
သောက်တဲ့ပုံစံလေးကို ပြု ပြင်ပြီး  အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှား ကစားနည်း တခုခု လုပ်ရင်းနဲ့လည်း
ဝိတ်လျော့လို့ရပါတယ်  ။ မနက်ဘက်လမ်းလျှောက်တာမျိုး  ပြေးတာမျိုး   ကြိုးခုန်တာမျိုးပေါ့  ။
ငွေကြေး အထူးတလည်ကုန်ကျစရာ မလိုဘဲ  အချိန်လေးအနည်းငယ်ပေးရုံနဲ့ အဆင်ပြေတဲ့  လှုပ်ရှား
နည်းလေးတွေ ဆိုပါတော့  ။ဝိတ်လျော့တဲ့နေရာမှာ အဓိက အလိုအပ်ဆုံးကတော့  ဇွဲ ရှိဖို့ ပါဘဲ ။
တဖြည်းဖြည်းချင်း စားပြီးဝလာတဲ့ ခန္ဓာကိုယ်ကို   တဖြည်းဖြည်းချင်းအချိန်ယူပြီး  ပြန်လျော့ ရမှာပါ  ။
အစားလေး နည်းနည်းလျော့စားလိုက်တာနဲ့ ချက်ချင်းကြီး ပိန်သွားချင်လို့တော့မရပါဘူး  ။
အဲဒီတော့ မလျော့သော ဇွဲ လုံ့လသာ ရှိပါစေ  ... လှပသွယ်လျတဲ့ ခန္ဓာကိုယ်လေး  ဖြစ်လာမှာ
ဧကန်မလွဲပါ   ။။

မိန်းကလေးတိုင်း လှပ ကြပါစေ ..... .....   ။။။။


( ပုံလေးက google ကပါ )
ပစ်ပစ်
Pm 3:26
21.7.2014



13 July 2014

ကျမနှင့်ဓါတ်ပုံလေးများ

Posted by blackroze at Sunday, July 13, 2014 2 comments
ဓါတ်ပုံတပုံဆိုတာက အတိတ်ကာလရဲ့ ပုံရိပ်လေးတခုပါ   ။  တနေရာရာကို သွားလည်ခဲ့တယ်   ရောက်တုန်းရောက်ခိုက် ဆိုပြီး  ရိုက်ခဲ့တဲ့ ပုံလေး  တပုံဟာ နောက်နှစ်တွေကြာလာတဲ့အခါမှာ  အမှတ်တရ ပုံရိပ်တခု  ဖြစ်သွားလိမ့်မယ် ။

ကျမအလုပ်ပိတ်ရက် အခန်းရှင်းပါတယ် ။သိမ်းထားတဲ့စာအုပ်အဟောင်းတွေ  မြန်မာပြည်ကနေ သယ်လာတဲ့ ဘာသာ စကားပြောစာအုပ်တွေ   လိုတာတွေ သေချာပြန်ထုတ်  မလိုတာတွေ လည်းရှင်းထုတ်မယ်ဆိုတဲ့  စိတ်ကူးနဲ့ပေါ့ ။  အဲဒီ သိမ်းတဲ့ရှင်းတဲ့ အထဲ  ထွက်လာတာက  album စာအုပ်အဟောင်းလေးတွေက လေးငါးအုပ် ပါလာတယ်  ။ လှန်ကြည့်မိတော့
တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေ နဲ့ ရိုက်ထားတဲ့ ပုံတွေ ..  ကျမသင်တန်းပြီးလို့ certificate ယူတုန်းက အမှတ်တရရိုက်ထားတဲ့  ပုံတွေ ... ကျမရောက်စတုန်းက သူငယ်ချင်းတွေနဲ့လျှောက်လည်တုန်း
ရိုက်ထားတဲ့   ပုံလေးတွေ ..နောက်ပြီးတော့ တချို့  သောအမှတ်တရ  ပုံလေးတွေ .. ကျမဒီကိုထွက်လာတုန်း သယ်လာတဲ့ ပုံလေးတွေ လည်းပါတယ် ဆိုပါတော့      ။

ဓါတ်ပုံလေးတွေကို ကျမ တပုံချင်းစီ ပြန်ကြည့်မိတယ်  ။ ပုံလေးတွေ တိုင်းမှာ အမှတ်တရ တခုစီက ရှိနေပါတယ်  ။ တချိန်တုန်းက ကိုယ့်အနား မှာ ရှိခဲ့ဖူးတဲ့ သူတွေ   .. ကိုယ့်ရဲ့  ကုန်ဆုံးသွားတဲ့  ငယ်ရွယ်နုပျို ခြင်း တချို့   ... တချိန်က ရခဲ့ဖူးတဲ့ ခံစားချက် အချို့    ... အများကြီးပါဘဲ   ။
ဓါတ်ပုံတပုံချင်းစီကနေ အတိတ်ကာလကို ကျမ ပြန်သွားကြည့်မိတယ်  ။

ကျမ နဲ့ ကျမအဘွား အတူရိုက်ထားတဲ့ ပုံလေး ကိုကြည့်မိတယ်  ။
 အခုဆိုရင် ကျမအဘွား ကွယ်လွန်သွားပါပြီ   ။
ဒါပေမဲ့  ဓါတ်ပုံလေးထဲမှာတော့ အဘွားက ပြုံးရယ်လို့ နေပါတယ် ။လောကကြီးထဲကနေထွက်ခွာ သွားပြီဖြစ်တဲ့   အဘွားကို ကျမဓါတ်ပုံထဲမှာ ပြန်တွေ့ လိုက်ရတယ်  ။ အဘွားရဲ့ အပြုံး  ကို ကျမတွေ့နေရတယ်   ။

ကျမတို့မောင်နှမတွေ စုပြီးရိုက်ထားတဲ့  ဓါတ်ပုံ .. လူစုံတက်စုံ ဆိုပါတော့   ..အခုနေခါ အဲလိုများ လူစုံတက်စုံ စုပြီး ဓါတ်ပုံရိုက်ရအောင် လို့ စီစဉ်လို့မရတော့ပါဘူး  ။ အဲဒီပုံလေးကြည့်မိတော့ ကျမ သက်ပြင်းချမိတယ်  ။

နောက်ပြီး ကျမဒီကိုရောက်လာခါစက ခင်ခဲ့တဲ့ သူငယ်ချင်း ဗီယက်နမ် မလေး နဲ့အတူရိုက်ထားတဲ့ပုံ  ။
ဓါတ်ပုံထဲမှာ သူကလက်ကလေးနှစ်ချောင်းထောင်လို့  ..ကျမကသူ့ပခုံးလေးဖက်ပြီး  ရိုက်ထားတာပါ ။
ပုံထဲမှာ နှစ်ယောက်စလုံးရဲ့ အပြုံး တွေက  လတ်ဆတ် ချို  မြ နေလိုက်တာ ...။အခုဆို သူဗီယက်နမ်
ပြန်သွားတာ  ကြာပေါ့  ။ သူရှိတုန်းက  သူပြန်ရင် ဟနွိုင်း ကိုလိုက်လည် ပါလို့ ခဏခဏ ခေါ်ခဲ့ဖူးတဲ့သူ ။
သူပြန်ပြီးနောက်ပိုင်းလည်း နင်မလာသေးဘူးလားဆိုပြီး  ခဏခဏ မေးတတ်တဲ့သူ  ။ နောက်တော့
သူလည်း ဗီယက်နမ်မှာ အလုပ်ပြန်ဝင်လုပ်တော့ မအားတော့ဘူး ထင်ပါတယ်  ။ အဆက်သွယ်တောင်သိပ်
မရှိကြတော့ဘူး ။အဲဒီပုံလေးကိုကြည့်မိတော့  ကျမ ရင်ထဲ သတိရခြင်းနဲ့ အတူ  အတိတ်ကိုခဏလောက်
ပြန်သွားမိတယ် ။ သူနဲ့ အတူသွားလာ လည်ပတ်ခဲ့တာလေးတွေ ပြန်သတိရမိ  ပြန်စဉ်းစားမိတယ်  ။
ဗီယက်နမ်ကလာတဲ့သူနဲ့  မြန်မာပြည်ကလာတဲ့ ကျမ တို့နှစ်ယောက် ဘာသာစကားမတူတဲ့ နေရာတခုမှာ
ဆုံတွေပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ။ သူကလည်း မသွားတတ်မလာတတ် ကျမကလည်းမသွားတတ်
မလာတတ် နဲ့ တယောက်ကို တယောက်အဖော် လုပ်ပြီး   သွားလာလည်ပတ်ခဲ့ဖူးတယ်  ။
အခုချိန်မှာတော့ ကျမတို့သူငယ်ချင်းနှစ်ယောက်ရဲ့  ပျော်ရွှင် ခဲ့တဲ့ ရက်လေးတွေက ဓါတ်ပုံလေးတွေထဲ မှာဘဲ အမှတ်တရ အဖြစ်ကျန်နေခဲ့တော့တယ် ။
အခုတော့လည်း သတိရစရာအမှတ်တရလေးတွေပေါ့  ။

ကျမ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ် မှာတွေ့ခဲ့တဲ့  ...   နိုင်ငံခြားမှာ လူတွေကို မယုံရဘူး ဆိုတာ လက်တွေ့ သင်ခန်းစာ ပေးခဲ့တဲ့ .. မမဖြူ  ဆိုတဲ့မိန်းမ  ပါတဲ့ဓါတ်ပုံလေး ကြည့်မိတော့ သူ့ရဲ့  ဗလောင်းဗလဲ လှည့်ကွက် တွေကို ပြန်သတိရမိပြီး  မဲ့ပြုံး ပြုံး မိတယ်  ။

ကျောင်းတက်တုန်းက ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်မိတော့  ကျောင်းတုန်းက သူငယ်ချင်းတွေကို
တယောက်ချင်းစီ တန်းစီပြီး  သတိရ မိပြန်တယ်  ။ ကျမနဲ့ အကြိုက်ချင်းတူတဲ့သူငယ်ချင်းနဲ့
ဒဂုံ တက္ကသိုလ်လို ဝေးတဲ့နေရာမျိုး ကနေ ရခိုင်မုန့်တီ သောက်ချင်လို့ မင်းလမ်း အထိ  နှစ်ယောက်သား သွားခဲ့ကြတာတွေ  ။စာမေးပွဲ ဖြေပြီး တိုင်း ရန်ကုန်တက္ကသိုလ် ဝင်းထဲ ဓါတ်ပုံ အပြေး အလွှား သွားရိုက်ခဲ့ကြတာတွေ  ။ အင်းလျား ကန်ဘောင် မှာ ညနေဆည်းဆာ ကို ထိုင်ငေးခဲ့ကြတာတွေ  ။
 ကျမ ဒီပုံလေးတွေ ပြန်ကြည့်မိမှ ကျောင်းတုန်းက သူငယ်ချင်းတွေ  တယောက်ချင်းစီရဲ့ အကြောင်း ပြန်စဉ်းစား သတိရမိတယ်  ။ ကျမသူတို့ နဲ့တ ဖြည်းဖြည်း
အဆက်သွယ်ပြတ်ကုန်တာ  ကြာတောင်ကြာနေပါရောလား လို့ တွေးမိတယ်  ။

နောက်ပြီး  သူငယ်ချင်းတွေ နဲ့ ခရီး ထွက်တုန်းက ရိုက်ထားတဲ့ ပုံတွေ   ။ ကျိုက် ထီးရိုး ဘုရားဖူးသွားတုန်းက ရိုက်ထားတဲ့ပုံတွေ   ။စာမေးပွဲ ပြီးလို့  သူငယ်ချင်းတွေစုပြီး ချောင်းသာ
သွားတုန်းက ရိုက်ထားတဲ့ ပုံတွေ  ။ အဲဒီပုံတွေ ပြန်ကြည့်မိတော့  ကျမစိတ်ထဲ အတိတ်ကာလကို ပြန်ရောက် သွားသလို ခံစားလိုက်ရတယ်  ။ ချောင်းသာ မှာ တုန်းက ကမ်းခြေမှာသူငယ်ချင်းတွေ စုပြီး ခုန်ပေါက်နေတဲ့ ပုံ တွေ့တော့ စိတ်ထဲ မှာ အသက် 10 နှစ်လောက် ပြန်ငယ်သွားတယ်   ။ အတိတ်ကာလ ရဲ့ အချိန်တခုက  ကျမရဲ့ လက်တကမ်းအကွာကို ပြန်လည် ရောက်ရှိလို့လာတယ်  ။
ဓါတ်ပုံထဲမှာ  လန်းဆန်းမှု့ တွေနဲ့ တက်ကြွနေတဲ့ မိန်းကလေးတယောက် ...
 အရာရာ ကို ရင်ဆိုင်မယ် ဆိုတဲ့  စိတ်ဓါတ်နဲ့  သတ္တိရှိမဲ့ ပုံရတဲ့ မိန်းကလေးတယောက်က
 ရယ်မော လို့နေလေရဲ့  ။


ဘွဲ့ယူတုန်းက ရိုက်ထားတဲ့ ပုံလေး  ပြန်ကြည့်မိတယ်  ။ချိတ်လုံချည်ဝမ်းဆက်နဲ့
ဆံထုံးနဲ့  ဓါတ်ပုံထဲမှာ ကျမက ရင့်ကျက်လို့နေပြန်တယ်   ။

နောက်ပြီးတော့  အမှတ်တရ  အမှတ်တရ  ဆိုပြီး အမှတ်တရ ပေါင်းများစွာရဲ့ ဓါတ်ပုံလေးတွေ 
တပုံပြီး တပုံ  ။ တပုံချင်းစီမှာ အကြောင်းအရာလေး တခုစီက ရှိနေကြတယ်  ။

ခင်မင်ခြင်း  ချစ်ခင်ခြင်း  သတိရခြင်း  ပြန်လည်လွမ်းဆွတ်မိခြင်း   မုန်းတီးခြင်း  အမြင်ကတ်ခြင်း
အစရှိသဖြင့် ခံစားချက်တွေကလည်း  လတ်တလော ပြန်လည် လတ်ဆတ်လာတယ်  ။

ဓါတ်ပုံထဲမှာ ပါနေကြတဲ့  သူတွေအားလုံးဟာ တချိန်တုန်း ကကျမအနား မှာ ရှိခဲ့ကြဖူးသူတွေပါဘဲ ။
ကျမနဲ့ ပတ်သက်ခဲ့ကြဖူးသူတွေပါဘဲ ။ ကျမကို ချစ်ခြင်း မုန်းခြင်း  သ တိရ ခြင်းတွေကို
 ပေးခဲ့ကြဖူးသူတွေပါဘဲ ။

အခုဆို  ကျမသူတို့နဲ့မိုင်ပေါင်းများစွာ  ဝေးတဲ့နေရာ တခုမှာ ရောက်ရှိနေပါပြီ  ။
 စိတ်ထဲမှာလည်း သူတို့တွေကို  မှတ်မှတ်ရရ  သတိရမိနေတာ မျိုး မရှိပါဘူး  ။
ဘဝဆိုတာကို  မျက်နှာခြင်းဆိုင် တိုက်ပွဲ ဝင်နေတဲ့ အချိန်မှာ  တချိန်က ဆိုတဲ့ ခေါင်းစဉ်အောက်က
အမှတ်တရ လေးတွေကို ပြန်မစဉ်းစား ဖြစ်တာ တော်တော်ကြာနေပါပြီ  ။

ဒါပေမဲ့ အခုလို ဓါတ်ပုံလေးတွေ ပြန်ကြည့်လိုက်ရတဲ့အခါမှာ  ကျမ သူတို့ တွေကို ပြန်သတိရ လာမိတယ် ။
တချိန်က ရခဲ့တဲ့ အမှတ်တရ လေးတွေကို  ပြန်လည် စဉ်းစားမိလာတယ်  ။ ဓါတ်ပုံတပုံ ချင်းစီရဲ့
နောက်ကြောင်းအဖြစ်အပျက်လေး တွေကို ပြန်တွေးတောမိတယ်  ။
တကယ်တော့ ဓါတ်ပုံဆိုတာက  ဘဝရဲ့ တခါတုန်းက အဖြစ်အပျက်တွေကို မှတ်တမ်းတင်ပေးထားတဲ့
သက်သေလေးတွေပါဘဲ   ။ အဲဒီသက်သေလေးတွေက စကားမပြောတတ်ပေမဲ့ 
သတိရခြင်း ဆိုတဲ့ ခံစားချက်လေးတွေကိုတော့  ပေးစွမ်းနိုင်ပါတယ်  ။ ကျမ အဖို့ ဓါတ်ပုံ album အဟောင်း လေး ပြန်လှန် လိုက်မိတာဟာ  အတိတ်က အမှတ်တရ လေးတွေကို ကန့်လန့်ကာလေး
တချက်လောက်ဟပြီး ပြန်လှည့်ကြည့်လိုက်မိသလိုပါဘဲ...  ။။
ဓါတ်ပုံလေးတွေ ကကျမကို အသံမဲ့ စကားတွေ အများကြီး လှမ်းပြောလိုက်လေရဲ့   .....    ....   .... ။။။။။


ပစ်ပစ်
Pm 10:29
13.7.2014


05 July 2014

အဝေးဆုံးကဆန္ဒများ...

Posted by blackroze at Saturday, July 05, 2014 2 comments
လူတယောက်ရဲ့ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိမှာပါ..ကျမမှာလည်းရှိခဲ့ဖူးပါတယ်...
တချို့ သောဆန္ဒတွေဟာ... ဖြစ်ချင်တာဘဲ ရှိတယ်..တကယ်ဖြစ်မလာကြဘူး...
တချို့  သောဆန္ဒ တွေက တော့ တကယ်လုပ်လို့ ဖြစ်လာတာတွေ ရှိကြတယ်...
ဥပမာ ပြောရရင်တော့  ချောင်းသာသွားလည်ချင်တယ်... သွားချင်တဲ့ ဆန္ဒ သာရှိတယ်..
တကယ်မရောက်ဖြစ်သေးဘူး... အဲဒီမရောက်ဖြစ်သေးဘူးဆိုတဲ့နေရာမှာ ငွေကြေး မပြည့်စုံသေးလို့
ခရီးအတူသွားမဲ့ အဖေါ်မရှိသေးလို့... မိုးတွင်း ကာလဖြစ်နေလို့ စတဲ့ အကြောင်းပြချက်တွေ
ကြောင့်လည်း ဖြစ်နိုင်ပါတယ်..လိုအပ်နေတာတွေ ပြည့်စုံလာတဲ့အခါမှာ  ချောင်းသာကို
သွားချင်တဲ့ဆန္ဒပြည့်သွားပါလိမ့်မယ်..။။။

တချို့ သော ဆန္ဒတွေကျတော့ ဖြစ်ချင်တာဘဲ ရှိတယ်..
ဘယ်တော့မှ ဖြစ်မလာတော့တာတွေလည်းရှိပါတယ်...ပြောရရင်တော့   ကိုယ် ဝါသနာပါတာက
ခရီးတွေ ထွက်ပြီး ဓါတ်ပုံတွေရိုက်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပညာရပ်မျိုး ..
ရှေးဟောင်းသမိုင်း ဝင်ပစ္စည်းတွေ လေ့လာ တဲ့ပညာရပ်မျိုး ကို ဝါသနာပါတယ်...
ကိုယ်တကယ်ရွေးချယ်လိုက်မိတာက  ကွန်ပြူတာ နဲ့ဆိုင်တာမျိုးဆို   တချိန် လုံး ကွန်ပြူတာရှေ့
ကနေဘဲ တချောက်ချောက်နဲ့ အလုပ် လုပ်ရတဲ့ ဘဝမျိုး ဖြစ်သွားပါလိမ့်မယ်...
ဒါဆိုရင်တော့  ဆန္ဒက သပ်သပ် လှုပ်ရှားနေရတဲ့ ဘဝက သပ်သပ် ဖြစ်သွားပါပြီ ...။။။

လူတယောက်ရဲ့ ဘဝမှာ ရွေးချယ်မှု့ဆိုတာသိပ်အရေးပါလှပါတယ် ... ကိုယ်လိုချင်တာ ဘာလည်း  ...
သေချာသိဖို့လိုပါတယ်...သူငယ်ချင်း အပေါင်းသင်းနဲ့ယောင်ယောင်   ယောင် ယောင်  နဲ့  ... သူကလုပ်
လို့ လိုက်လုပ်တာမျိုး .. ရည်းစားကဒါဝါသနာပါတယ်ဆိုလို့  အတူလိုက်လုပ်တာမျိုး ...
ပေါ်ပင်ခေတ်စားနေတဲ့ အရာတခုကို လိုက်လုပ်တာမျိုး လုံးဝရှောင်သင့်တယ်...
နိုင်ငံခြားသွားတာတွေခေတ်စားနေတဲ့ အချိန် မို့ ကိုယ်ကပါ ယောင်တောင်တောင်နဲ့ နိုင်ငံခြားထွက်ဖို့
ကြိုးစားတာမျိုး တို့  ..သူများတွေ သဘောင်္တက်ရင် လခကောင်းတယ်ကြားတာနဲ့  ကိုယ်က
ရေ တောင်သေချာ မကူးတတ်ဘဲ ..သဘောင်္သား လုပ်ဖို့ ကြိုးစားတာမျိုးပေါ့လေ....
သေချာစဉ်းစားသင့်တယ်... ကိုယ်တကယ်လုပ်နိုင်ရဲ့လား...လုပ်နိုင်ပါ့မလား...သေချာပြီလား..
ကိုယ်လိုချင်တဲ့ ဘဝတခုကို ဖန်တီး နိုင်မလား... အဖက်ဖက်က ဆုံးဖြတ်ပြီး မှ .. ရွေးချယ်ပါ...။။

အချိန်ဆိုတာ သိပ်ကို တန်ဖိုးရှိလို့ပါ... ဘယ်အရာမဆို ငွေနဲ့ ဝယ်ယူလို့ရတယ်...
ငွေနဲ့ တိုင်းတာလို့ မရတာတခုထဲသောအရာက အချိန် ဆိုတဲ့ ယန္တရား ပါဘဲ...
အရင်ကတော့ အများကြီးသတ်မှတ်ကြတာပေါ့ ငွေနဲ့တန်ဖိုး ဖြတ်လို့မရတဲ့ အထဲ ကျန်းမာရေး
အချစ်မေတ္တာ  .. အချိန်  ..ဒါမျိုးတွေသတ်မှတ်ကြပေမဲ့...အခုလက်ရှိခေတ်မှာတော့ အချစ်မေတ္တာ ဆိုတာကို
ငွေနဲ့ အလဲအလှယ် လုပ်တတ်ကြတဲ့ သူတွေများလာတော့...ငွေနဲ့တန်ဖိုးမဖြတ်နိုင်ဘူးလို့ပြောလို့ မရတော့ပါဘူး...ကျန်းမာရေးဆိုတာကလည်း  ငွေသာမရှိရင် နေမကောင်းဖြစ်လို့တောင်
မရတဲ့ခေတ်ဆိုတော့  ငွေနဲ့တိုင်းတာလို့ မရဘူးလို့ ပြောရခက်ခက်ပါဘဲ...။။
အဲဒီတော့ ဘယ်လောက်ဘဲ ပိုက်ဆံပုံပေးပုံပေး  နောက်ပြန်လှည့်မလာတာကတော့ ...
နာရီတွေ မိနစ်တွေ  စက္ကန့် တွေပါဘဲ...ဒါကြောင့် အချိန်အခါအလိုက် ဖြစ်သင့်တာကို
အကျိုးရှိအောင် လုပ်ပါ..။

ကိုယ့်ဘဝကို ကိုယ်သာလျှင် ဖန်တီးရတာပါ .. အကောင်းအဆိုးဆိုတာလည်း ကိုယ့်အပေါ်မှာသာလျှင်
တည်ပါတယ်...ကောင်းအောင်ဖန်တီးနိုင်မလား... သာမန်အနေအထားတခု ဘဲရှိနေ မလား..
ကိုယ့်လုပ်ဆောင်ချက် ရွေးချယ်ချက်ပေါ်အများကြီးတည်ပါတယ်...ကျောင်းသားဘဝ ကျောင်းတက်မယ်
စာကျက်မယ်..စာမေးပွဲအောင်ဖို့က အဓိက ဆိုပါတော့... စာမေးပွဲတတန်းပြီးတတန်းအောင်လာပြီ
ဘာဆက်လုပ်မလည်း  ...ရွေးချယ်မှု့ဆိုတာ အဲဒီနေရာမှာ စလာပါပြီ...။။။

ဘာဝါသနာပါလည်း   ဘယ်လို အလုပ်မျိုးနဲ့ ဘဝကိုတည်ဆောက်မလည်း.. သေချာစဉ်းစားဖို့
လိုအပ်လာ ပါပြီ..  ကိုယ်က သေချာတဲ့ ရွေးချယ်မှု့ တခု ကို မလုပ်နိုင်ခဲ့ရင် အချိန်က နောက်ပြန်လှည့်
မလာတတ်တဲ့ အတွက်.. ကိုယ်ရနေတဲ့ဘဝတခုကိုဘဲ အဆင်ပြေအောင် တည်ဆောက်ရတော့
မှာပါ... ဒါကြောင့် ဘဝကို စတင်တည်ဆောက်ဖို့ အုတ်မြစ်ချတဲ့အချိန်မှာ ဖြစ်ချင်တဲ့ဆန္ဒ ..
ဖြစ်ချင်တဲ့  ပုံစံ ..သေချာစဉ်းစားသင့်တယ်..။။

ကျမဆိုရင် ငယ်စဉ်တုန်းက ကိုယ်က ဘာကို လုပ်ချင်လည်း ..ဘဝကို ဘယ်လို ပုံစံတည်ဆောက်မလည်း
ဆိုတာမျိုး တခါမှ လေးလေးနက်နက် မတွေးခဲ့ဖူးဘူး.. ကျောင်းတက်တယ်..10တန်းအောင်တယ်..
တက္ကသိုလ် တက်တယ်...ဘွဲ့ရတယ်... အမတယောက်က Guide လုပ်ဖို့ သင်တန်းတက်တော့
ကျမပါ ရောင်တောင် ပေါင်တောင်နဲ့ သင်တန်းလိုက်တက်တယ်... နောက်တော့ မိသားစုတွေက
Guide လုပ်ရင် ခရီးထွက်ရတာတွေ ရှိမယ်..စိတ်မချဘူးဆိုတာနဲ့ အဲဒီအစီအစဉ်ကိုစွန့်လွှတ်..
အိမ်မှာ ဟိုရောင်ရောင် ဒီရောင်ရောင် နဲ့  ...နောက်ဆုံးတော့ ပိုက်ဆံဆိုတာကို မက်မောတဲ့
စိတ်တခုနဲ့ နိုင်ငံခြားကို ရောက်လာခဲ့တယ်...နိုင်ငံခြားမှာ အလုပ်လုပ်ရင်  မြန်မာပြည်မှာ
သာမန် မိန်းကလေးတယောက် ရတဲ့ လခမျိုးထက် အဆပေါင်းများစွာ  ရမယ်..ငွေသာရှိရင်
ဘာမဆိုဖြစ်နိုင်တယ်...ဘာလိုချင်လည်း ..ဘယ်သွားချင်လည်း ...အကုန်ဖန်တီးနိုင်တယ်..
အဲဒီတုန်းက ဒီလိုအတွေးတွေနဲ့ ဒီလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်...။။

ကျမ ဒီရောက်လာပြီးနေတာကြာလာတဲ့  အခါမှာ တဖြည်းဖြည်းနဲ့ သိလာတယ်...ကျမလိုချင်တာ ဒီလိုဘဝမျိုး မဟုတ်ဘူး.. ဒါပေမဲ့  ကျမနောက်ကျ သွားပြီ..
ကျမမှာ နောက်ထပ် ရွေးချယ်ဖို့ဆိုတာ အချိန်မရှိတော့ဘူး.. ကျမလုပ်ချင်တာကို လုပ်နိုင်ဖို့အတွက်
နောက်ထပ်ပညာတွေ သင်ဖို့လည်း ကျမ အချိန်မပေးနိုင်တော့ဘူး.. ဘာလို့လည်း...
 ကျမက ဘဝဆိုတာကို လက်တွေ့ကျကျ ရင်ဆိုင်ဖြတ်သန်းနေရပြီ... ကျမဖြစ်ချင်တာကို စိတ်ကူးယဉ်နေလို့ မရတော့ဘူး...အဲတာကြောင့် တချို့သောဆန္ဒတွေက ဆန္ဒ အဖြစ်နဲ့သာ ရှိနေတော့မှာ...
ဘယ်တော့မှ အကောင်အထည်ဖော်ခွင့်မရတော့ဘူး...။။

ဒါကြောင့် ဘဝတစ်ခု အစမှာ ရွေးချယ်မှု့ဆိုတာ သိပ်ကိုအရေးပါတယ်...
စကားပုံ ရှိပါတယ်...နောင်တ  ဆိုတာ  နောင်မှ ရတယ်တဲ့....သိပ်မှန်တယ်...
ကျမရဲ့ ဘဝလမ်းရွေးချယ်မှု့ မှားသွားပြီဆိုတာကို ကျမ တဖြည်းဖြည်းနဲ့ မှ သိလာတာပါ..
နောင်မှ သိလိုက်ရတာပါ... ဒါကြောင့်တခုပြောချင်ပါတယ်... လောကကြီးမှာ
ငွေက သိပ်အရေးကြီးတယ်ဆိုတာမှန်ပေမဲ့....ငွေက ဘာမဆိုဖန်တီးနိုင်တယ်ဆိုပေမဲ့လည်း....
တချို့ သော ခံစားချက်တွေ ..တချို့ သော ဆန္ဒတွေကို ငွေနဲ့ ဖန်တီး လို့ မရပါဘူး... ။။

ဒါကြောင့် ဘဝဆိုတာကို သေချာစဉ်းစားပြီးရွေးချယ် လျှောက်လမ်းစေချင်တယ်... မိဘတွေကလည်း
ကိုယ့်ရဲ့ သားသမီးက ဘာဝါသနာပါလည်း အကဲခေတ်စောင့်ကြည့်သင့်တယ်.. သူတို့ဝါသနာပါတာကို
သူတို့ ဘာသာ ကြိုးစားပါစေ..သူတို့ရဲ့ ဆန္ဒကို သူတို့ ဘယ်လိုအကောင်အထည်ဖော်မလည်း
စောင့်ကြည့်ပြီးပံပိုးပေးတာမျိုး ဘဲ ဖြစ်သင့်တယ်...သားသမီးတွေကို  ဆ၇ာဝန်ဖြစ်ရမယ်  အင်ဂျင်နီယာ
ဖြစ်ရမယ်...စာအတင်းကျက်ခိုင်း..အဆင့်တစ်ရအောင် နင်းကန်ကြိုးစားခိုင်း  ..ကျူ ရှင်တွေ အကုန်
တက်ခိုင်း... အဲလိုပုံစံမျိုး နဲ့ ကိုင်တွယ်တာထက်...ကလေးတွေရဲ့  စိတ်ကို ကြည့်ပြီး  လိုအပ်တာ
ပံပိုးပေးတာက ပိုအဆင်ပြေမယ်ထင်ပါတယ်...။။

တချို့ သောကလေးတွေက ထက်မြက်တယ်...ငယ်ကထဲက  ကိုယ့်လျှောက်မဲ့ လမ်းကို ကိုယ့်ဘာကို
plan ဆွဲတတ်တယ်...။ အဲလိုကလေးမျိုးကျတော့ သူတို့လိုတာလေး ကို မိဘအနေနဲ့ တတ်နိုင်သလောက်
လေး ပံပိုးပေးရုံဘဲ..။ကလေးကနဂိုအရည်အချင်းရှိ ပြီးသား..သူတို့ဘာသာ ဖန်တီးသွားလိမ့်မယ်...
တချို့ကလေးတွေကျတော့  ဘာမှကိုသိပ်မစဉ်းစားဘူး.. ( ကျမလိုပေါ့ ) သူများဒါလုပ် လိုက်လုပ်တတ်တယ်...  ကိုယ့်သားသမီးက အဲလိုပုံစံဆိုရင်တော့ မိဘအနေနဲ့  သူကဘာနဲ့သင့်တော်
မလည်း ...သူက ဘာကို ဝါသနာပါလည်း.. စောင့်ကြည့်ပြီး ..သူနဲ့ သင့်တော်မယ်ထင်တဲ့..
အနေအထား တခုကို မသိမသာလေး တွန်းပို့ပေးရတယ်... ။ အတင်းအကျပ် ပုံသွင်းတာထက်
လိုအပ်သလို ခပ်ပါးပါးလေး ပုံဖော်သွားတာက ပိုကောင်းပါလိမ့်မယ်...။။

အခုဆိုရင် ကျမလုပ်နေရတဲ့ အလုပ်ကို ကျမ သိပ်စိတ်ကျဥ်းကျပ်တယ်လို့ ခံစားလာမိတယ်။
 ကျမ မပျော်ဘူး..ကျမဘာဆက်လုပ်မလည်း..အလုပ်ထွက်ပြီး  နောက်အလုပ်သစ်ပြောင်းမလား...
ကျမမပြောင်းရဲပါဘူး..(((((  ဘာလို့လည်း )))))   ..စိန်ခေါ်မှု့ အသစ်တွေကို
ကျမရင်မဆိုင်ချင်တော့လို့ပါ ...။။

အရာရာနေသားကျနေတဲ့ နေရာတခုကနေ ကျမရုန်းမထွက်ရဲပါဘူး..အဆင်ပြေမလား..အဆင်မပြေ
ဘူးလား..ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေကို ကျမ မစွန့်စားရဲတော့ဘူး..
ရောက်နေတဲ့ အသက်အရွယ်က သတိပေးနေတယ်.. လုပ်ချင်တာကို လုပ်ဖို့ထက်  လုပ်သင့်တာကို
ဦးစားပေးလုပ်ပါတဲ့လေ...။။

ကဲ..အဲဒီလိုဆိုတော့လည်း ကျမရဲ့ ဆန္ဒတွေ ကိုမျိုသိပ်လိုက်ရုံဘဲရှိတော့တာပေါ့လေ...မဟုတ်ဘူးလား
အစကထဲက ဖြစ်ချင်တာကို သေချာမစဉ်းစားခဲ့တဲ့ အကျိုး ဆက်ကို အခုခံစားနေရတယ်လို့
သတ်မှတ်လည်းရပါတယ်...

ကိုယ့်ရဲ့ စိတ်ကူး အိမ်မက်ကို သေချာပြီဆိုမှ အကောင်အထည်ဖော်ပါ
လို့ ပြောချင်ပါတယ်.. ရွေးချယ်လိုက်တဲ့ ဘဝလမ်းလေးကိုဘယ်တော့မှ နောင်တ မရဘဲ   ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ...။။။
(ကျမကတော့  ခပ်ဝေးဝေးမှာပုံချ ထားတဲ့ ကျမရဲ့ အိမ်မက်လေးတွေ ကိုမကြာမကြာမျှော်
ကြည့်ရင်းမှ တပါးးးးး  )

ပစ်ပစ်
Am 2:58
5.7.2014





 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei