ကျမနေတဲ့ နေရာကို Matmo လို့အမည်ပေးထားတဲ့ မုန်တိုင်းဝင်တဲ့ နေ့ ပေါ့ ။ အဲဒီနေ့က 7လပိုင်း 22
ရက်နေ့ရဲ့ ညသန်းကောင်ပါ ။ 22ရက်နေ့ကနေ 23 နေ့အကူးအပြောင်းမှာ မုန်တိုင်းကြောင့်
လေပြင်းတွေက တဝုန်းဝုန်းနဲ့ ပြတင်းတံခါးကို ကြည်စား နေတာပေါ့ ။ည အလုပ်ကနေ ပြန်လာတဲ့အချိန်
လေနဲ့မိုးနဲ့ စတိုက်လာတယ် ။တလမ်းလုံးလည်းတိတ်ဆိတ်လို့ ။ခါတိုင်းဆို ည 12 နာရီတောင်လူမပြတ်တဲ့ လမ်းမှာ အခုတော့ ကျမလိုအ လုပ်ကပြန် လာတဲ့သူတယောက် နှစ်ယောက် လောက်က လွဲရင် လမ်းမှာ ဘယ်သူမှ တောင်မရှိတော့ဘူး ။မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းကြောင့် လမ်းတလျှောက်က ဆိုင်တွေလည်း အကုန်ပိတ်ထားကြကုန်ပြီ ။လူမမာညည်းသံလို
တဟီးဟီးး နဲ့ မုန်းစရာကောင်းတဲ့ အသံကြီးနဲ့ တိုက်နေတဲ့လေပြင်းတွေကို ကျမကြောက်တယ် ။
ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေနဲ့ လေပြင်း တိုက်သံတွေ .... ဒီလိုအနေအထား ကို အကာအကွယ်
မရှိ အမိုးအကာမလုံခြုံတဲ့ နေရာကနေ ဖြတ်သန်းရမယ်ဆို ဘယ်လောက်တောင်များကြောက်စရာ
ကောင်းလိုက်မလည်း ..ဘယ်လောက်တောင်များ စိတ်အားငယ်ဖို့ကောင်းလိုက်မလည်းဆိုတဲ့
အတွေး ဝင်လာတဲ့အခါမှာ ..ကျမရင်အစုံဟာ စိုးရိမ်ပူပန်ခြင်းတွေနဲ့ ဗလောင်ဆူလာတယ်... ။။
အဲဒီ ညမှာ ကျမအိပ်မပျော်ခဲ့ဘူး ။ ကယောက်ကယက်ဖြစ်နေတဲ့ စိတ်ကို မနည်းတည်ငြိမ်အောင်
ထိန်းရင်း လက်တဝါးစာလောက် မရှိတရှိ စာအုပ်လေးတအုပ်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး အိပ်ပျော်အောင် ကြိုး စားခဲ့ရတယ် ။ ကျမအိပ်ပျော်သွားချိန် မှာ အိမ်မက်တွေမက်ခဲ့တယ် ။
အိမ်မက်ထဲမှာ ကျမရန်ကုန်ပြန်ရောက်သွားတယ် ။ မိုးတွေအရမ်းရွာနေတဲ့အချိန် အထုပ်အပိုးတွေနဲ့
ကျမ ပြန်သွားခဲ့မယ် ။ ကျမ သူ့ကို မိုးတွေလေတွေကြားထဲကနေ သူရောက်နေတဲ့ တောထဲအထိ သွားတွေ့ခဲ့တယ် ။
သူလက်တွေက အေးစက်နေလို်က်တာ မိုးရေထဲ ချမ်းတုန်နေတဲ့သူ့ ကို ကျမအကြာကြီးဖက်ထားမိတယ် ။
မိုးရေတွေရွှဲရွှဲစိုလို့ ပြာနှမ်းပြီးတုန်နေတဲ့ နှုတ်ခမ်းက တလှုပ်လှုပ်နဲ့ ကျမကိုစကားတွေလှမ်း ပြောနေတယ် ။သူဘာပြောနေတာလည်း ကျမမြင်သာမြင်နေရတယ် မကြားရဘူး ။ ကျမသေချာနားထောင်လေ ဘာမှမကြားရလေ ။မိုးတွေအရမ်းသည်းလာတဲ့ အချိန်မှာ
ကျမသူ့ကို ဖက်ထားရင်းကနေ အရာအားလုံးက မှောင်အတိကျသွားသလို ခံစားလိုက်ရတယ် ။
အဲဒီအိမ်မက်က နိုးလာတဲ့ အထိ ပါလာတယ် ။
ကျမနိုးလာတဲ့အချိန် မုန်တိုင်းလည်း မတိုက်တော့ဘူး လေလည်း မတိုက်တော့ဘူး မိုးလည်းဖွဲဖွဲလေးဘဲ
ရွာတော့သည် ။ ပတ်ဝန်းကျင်လောက တခုလုံးအရာရာ တိတ်ဆိတ်ငြိမ်သက်သွားပြီ ။
ဒါပေမဲ့ ကျမရင်ထဲမှာ မုန်တိုင်းတခု စတိုက်နေပြီ ။စိတ်ပူပင်သောကနဲ့ တဖြည်းဖြည်း အရှိန်ကောင်း
လာတဲ့မုန်တိုင်း ။ဒီမုန်တိုင်းကို ကျမဘယ်လိုတည်ငြိမ်အောင်ထိန်းရမလည်း ။ ဒီမုန်တိုင်းကို ဘယ်နေရာ
ဘယ်ဒေသရောက်သွားအောင် ကျမပြောင်းရွှေ့ပေးရမလည်း ။ ထွက်ပေါက်ရှာမရတဲ့ ရင်ထဲကမုန်တိုင်းက တစတစ နဲ့ ပြင်းထန်လာလိုက်တာ ....ရင်တခုလုံးဗြောင်းနေတော့တာပါဘဲ ။
ကျမ စိတ်တွေတည်ငြိမ်သွားအောင် ကြိုးစားတယ် ။ အကျီပုံတွေ ကြည့်တယ် ။ စာတွေလိုက်
ဖတ်တယ် ။ သီချင်းနားထောင်တယ် ။ ကျမ တခုပြီးတခု ဆက်တိုက်လုပ်တယ် ။အိမ်အလုပ်လုပ်တယ် ။
ဟင်းချက်တယ် ။ သူငယ်ချင်းနဲ့ ဖုန်းပြောတယ် ။တခုခု လုပ်နေရင် စိတ်သက်သာရာ ရမလားဆိုတဲ့
အတွေးနဲ့ တခုပြီးတခု ဦးတည်ချက် မရှိပေမဲ့ ကျမလုပ်နေမိတယ် ။
လူနဲ့စိတ်နဲ့ မကပ်သလို ကျမလုပ်နေတဲ့ အရာတွေနဲ့ ကျမကသက်သက်စီဖြစ်နေတယ် ။ကျမဘာလုပ်နေလည်း ဘေးကနေ ထိုင်ကြည့်နေရသလို ကိုယ့်ဘာသာကို ပြန်မြင်နေရတယ် ။
အဲတာကို ဆောက်တည်ရာမရဘူးလို့ သတ်မှတ်မလား ..ဂနာမငြိမ် ဖြစ်နေတာလို့ ပြောမလား ။
သေချာတာကတော့ ကျမစိတ်ပူနေတယ်ဆိုတာပါဘဲ ။ မိုးသိပ်ရွာနေတဲ့နေရာမှာ နေရထိုင်ရ
အဆင်ပြေပါ့မလား ... လမ်းခရီးသွားလာရ အဆင်ပြေပါ့မလား ..အစစလိုက်စဉ်းစားပြီး ပူပင်နေမိတယ် ။ခံနိုင်ရည်ရှိပါပြီဆိုပေမဲ့လည်း အရာရာကိုတော့ ကျမရင်မဆိုင်တတ်သေးဘူး ။
အဆက်မပြတ်နှိပ်နေမိတဲ့ ဖုန်းနံပါတ်တွေဟာလည်း အခေါက်ပေါင်းရာချီတော့မယ် ။ဖုန်းသာစကားပြော
တတ်မယ်ဆို ..ဒီလောက်ဆို တော်ပါတော့လို့ ကျမကို ဆန္ဒပြမှာ သေချာတယ် ။
ပူလောင်လှုပ်ခတ် နေတဲ့ကျမစိတ်ကို ကျမရအောင် ထိန်းမှ ဖြစ်တော့မယ် ။ တခါမှ မလုပ်စဖူးအမေ့
အခန်းထဲက တရားစာအုပ်တွေ တပုံကြီး ယူထုတ်လာ ပြီး တအုပ်ချင်းစီ ခေါင်းစဉ် လိုက်ဖတ်မိသည် ။
နောက်ဆုံးမှာ အေးချမ်းရာတခုကို ကျမ ရှာတွေ့သွားတယ် ။အဲတာကတော့ ကျမတို့ဗုဒ္ဓဘာသာ ဝင်
တွေရဲ့ ကိုးကွယ်ရာ မြတ်စွာဘုရား ပါဘဲ ။စေတီပုထိုးမရှိတဲ့ တိုင်းပြည်မှ နေရတဲ့ ကျမအဖို့ ဘုရားဝတ်ပြုရာ နေရာဟာ အိမ်ကဘုရားစင်လေးပါ ။ ဘုရားစင်လေး ရှေ့မှာ ထိုင်လိုက်တဲ့အချိန် အနည်းငယ် တည်ငြိမ် သွားသလို ခံစားမိသည် ။
နောက်တော့ တဖြည်းဖြည်းနဲ့ ကျမ စိတ်အစဉ်က အေးချမ်းလာတယ်။
လက်အုပ်ကလေးချီ လို့ မြတ်စွာဘုရားကို အာရုံ ပြု ထားရင်းနဲ့ ရင်ထဲက မုန်တိုင်းက
တစတစ နဲ့ ငြိမ်သက်လာတယ်... ။ ကျမဘုရား ဝတ်ပြု အပြီးမှာ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ
ဆုတောင်း လိုက်မိတယ် ။ ကျမ ရဲ့ စစ်မှန်တဲ့မေတ္တာ တရား ကြောင့် ကျမချစ်ခင်မြတ်နိုးရတဲ့ သူ
အန္တာရာယ်ကင်း ဘေးရှင်းပါစေ ... လုံခြုံ ငြိမ်းချမ်းပါစေ ... မေတ္တာတရားကြောင့်အေးမြပါစေလို့ ...။။
ဦးသုံးကြိမ် ချလိုက်ပြီးတဲ့အချိန်မှာ တော့ ကျမရင်ထဲမှာ ဗလောင်ဆူတိုက်ခတ်နေတဲ့ မုန်တိုင်းမရှိတော့ပါဘူး ။ ကျမ ဘယ်နေရာ ပို့ရမယ်မှန်းမသိ ဖြစ်နေတဲ့ ရင်ထဲက မုန်တိုင်းကို
မြတ်စွာဘုရားရှင်က ယူထုတ်ဖယ်ရှားပေးလိုက်ပါပြီ ။ ကျမ ရင်ထဲမှာ အေးချမ်းငြိမ်သက်သွားပါပြီ ။
ဘုရားရှင်ထံပါး ကိုးကွယ်ဆည်းကပ်ခြင်းရဲ့ အကျိုး ကျေးဇူးကို ကျမ လက်တွေ့ ခံစားလိုက်ရတယ် ။
မေတ္တာတရားရဲ့အေးမြမှု့ကြောင့်လူသားတိုင်းအပူသောက ကင်းဝေးကြပါစေ ... ... ... ။။။။။
ပစ်ပစ်
Pm 10:03
23.7.2014

5 comments:
ပစ်ပစ်လေးနဲ့ သက်ရှိ သက်မဲ့ များအားလုံး ဘုရားသခင်ရဲ့ ငြိမ်းချမ်းမှုအောက်မှာရှိနေပါစေ
ဗုဒ္ဓရဲ့တရားတော်တွေကအငြိမ်းချမ်းဆုံးပါပဲမပစ်ရေ။မပစ်လဲအန္တရာယ်ကင်းဘေးရှင်းပါစေ
စိတ်၏ငြိမ်းချမ်းခြင်းများရရပါစေ ညီမလေး...။
မုန်တိုင်းနှစ်ခု ၀င်ရောက်ခြင်းပေါ့လေ။
ညီမရေ ထိုင်ဝမ်မှာ ဓါတ်ငွေ့ပေါက်ကွဲတယ်ဆိုလို့ စိုးရိမ်မိတယ် ကံကောင်းပါစေကွယ်
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..