ဓါတ်ပုံတပုံဆိုတာက အတိတ်ကာလရဲ့ ပုံရိပ်လေးတခုပါ ။ တနေရာရာကို သွားလည်ခဲ့တယ် ရောက်တုန်းရောက်ခိုက် ဆိုပြီး ရိုက်ခဲ့တဲ့ ပုံလေး တပုံဟာ နောက်နှစ်တွေကြာလာတဲ့အခါမှာ အမှတ်တရ ပုံရိပ်တခု ဖြစ်သွားလိမ့်မယ် ။
ကျမအလုပ်ပိတ်ရက် အခန်းရှင်းပါတယ် ။သိမ်းထားတဲ့စာအုပ်အဟောင်းတွေ မြန်မာပြည်ကနေ သယ်လာတဲ့ ဘာသာ စကားပြောစာအုပ်တွေ လိုတာတွေ သေချာပြန်ထုတ် မလိုတာတွေ လည်းရှင်းထုတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ။ အဲဒီ သိမ်းတဲ့ရှင်းတဲ့ အထဲ ထွက်လာတာက album စာအုပ်အဟောင်းလေးတွေက လေးငါးအုပ် ပါလာတယ် ။ လှန်ကြည့်မိတော့
တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေ နဲ့ ရိုက်ထားတဲ့ ပုံတွေ .. ကျမသင်တန်းပြီးလို့ certificate ယူတုန်းက အမှတ်တရရိုက်ထားတဲ့ ပုံတွေ ... ကျမရောက်စတုန်းက သူငယ်ချင်းတွေနဲ့လျှောက်လည်တုန်း
ရိုက်ထားတဲ့ ပုံလေးတွေ ..နောက်ပြီးတော့ တချို့  သောအမှတ်တရ ပုံလေးတွေ .. ကျမဒီကိုထွက်လာတုန်း သယ်လာတဲ့ ပုံလေးတွေ လည်းပါတယ် ဆိုပါတော့ ။
ဓါတ်ပုံလေးတွေကို ကျမ တပုံချင်းစီ ပြန်ကြည့်မိတယ် ။ ပုံလေးတွေ တိုင်းမှာ အမှတ်တရ တခုစီက ရှိနေပါတယ် ။ တချိန်တုန်းက ကိုယ့်အနား မှာ ရှိခဲ့ဖူးတဲ့ သူတွေ .. ကိုယ့်ရဲ့  ကုန်ဆုံးသွားတဲ့ ငယ်ရွယ်နုပျို ခြင်း တချို့  ... တချိန်က ရခဲ့ဖူးတဲ့ ခံစားချက် အချို့  ... အများကြီးပါဘဲ ။
ဓါတ်ပုံတပုံချင်းစီကနေ အတိတ်ကာလကို ကျမ ပြန်သွားကြည့်မိတယ် ။
ကျမ နဲ့ ကျမအဘွား အတူရိုက်ထားတဲ့ ပုံလေး ကိုကြည့်မိတယ် ။
အခုဆိုရင် ကျမအဘွား ကွယ်လွန်သွားပါပြီ ။
ဒါပေမဲ့ ဓါတ်ပုံလေးထဲမှာတော့ အဘွားက ပြုံးရယ်လို့ နေပါတယ် ။လောကကြီးထဲကနေထွက်ခွာ သွားပြီဖြစ်တဲ့ အဘွားကို ကျမဓါတ်ပုံထဲမှာ ပြန်တွေ့ လိုက်ရတယ် ။ အဘွားရဲ့ အပြုံး ကို ကျမတွေ့နေရတယ် ။
ကျမတို့မောင်နှမတွေ စုပြီးရိုက်ထားတဲ့ ဓါတ်ပုံ .. လူစုံတက်စုံ ဆိုပါတော့ ..အခုနေခါ အဲလိုများ လူစုံတက်စုံ စုပြီး ဓါတ်ပုံရိုက်ရအောင် လို့ စီစဉ်လို့မရတော့ပါဘူး ။ အဲဒီပုံလေးကြည့်မိတော့ ကျမ သက်ပြင်းချမိတယ် ။
နောက်ပြီး ကျမဒီကိုရောက်လာခါစက ခင်ခဲ့တဲ့ သူငယ်ချင်း ဗီယက်နမ် မလေး နဲ့အတူရိုက်ထားတဲ့ပုံ ။
ဓါတ်ပုံထဲမှာ သူကလက်ကလေးနှစ်ချောင်းထောင်လို့ ..ကျမကသူ့ပခုံးလေးဖက်ပြီး ရိုက်ထားတာပါ ။
ပုံထဲမှာ နှစ်ယောက်စလုံးရဲ့ အပြုံး တွေက လတ်ဆတ် ချို မြ နေလိုက်တာ ...။အခုဆို သူဗီယက်နမ်
ပြန်သွားတာ ကြာပေါ့ ။ သူရှိတုန်းက သူပြန်ရင် ဟနွိုင်း ကိုလိုက်လည် ပါလို့ ခဏခဏ ခေါ်ခဲ့ဖူးတဲ့သူ ။
သူပြန်ပြီးနောက်ပိုင်းလည်း နင်မလာသေးဘူးလားဆိုပြီး ခဏခဏ မေးတတ်တဲ့သူ ။ နောက်တော့
သူလည်း ဗီယက်နမ်မှာ အလုပ်ပြန်ဝင်လုပ်တော့ မအားတော့ဘူး ထင်ပါတယ် ။ အဆက်သွယ်တောင်သိပ်
မရှိကြတော့ဘူး ။အဲဒီပုံလေးကိုကြည့်မိတော့ ကျမ ရင်ထဲ သတိရခြင်းနဲ့ အတူ အတိတ်ကိုခဏလောက်
ပြန်သွားမိတယ် ။ သူနဲ့ အတူသွားလာ လည်ပတ်ခဲ့တာလေးတွေ ပြန်သတိရမိ ပြန်စဉ်းစားမိတယ် ။
ဗီယက်နမ်ကလာတဲ့သူနဲ့ မြန်မာပြည်ကလာတဲ့ ကျမ တို့နှစ်ယောက် ဘာသာစကားမတူတဲ့ နေရာတခုမှာ
ဆုံတွေပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ။ သူကလည်း မသွားတတ်မလာတတ် ကျမကလည်းမသွားတတ်
မလာတတ် နဲ့ တယောက်ကို တယောက်အဖော် လုပ်ပြီး သွားလာလည်ပတ်ခဲ့ဖူးတယ် ။
အခုချိန်မှာတော့ ကျမတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပျော်ရွှင် ခဲ့တဲ့ ရက်လေးတွေက ဓါတ်ပုံလေးတွေထဲ မှာဘဲ အမှတ်တရ အဖြစ်ကျန်နေခဲ့တော့တယ် ။
အခုတော့လည်း သတိရစရာအမှတ်တရလေးတွေပေါ့ ။
ကျမ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ် မှာတွေ့ခဲ့တဲ့ ... နိုင်ငံခြားမှာ လူတွေကို မယုံရဘူး ဆိုတာ လက်တွေ့ သင်ခန်းစာ ပေးခဲ့တဲ့ .. မမဖြူ ဆိုတဲ့မိန်းမ ပါတဲ့ဓါတ်ပုံလေး ကြည့်မိတော့ သူ့ရဲ့  ဗလောင်းဗလဲ လှည့်ကွက် တွေကို ပြန်သတိရမိပြီး မဲ့ပြုံး ပြုံး မိတယ် ။
ကျောင်းတက်တုန်းက ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်မိတော့ ကျောင်းတုန်းက သူငယ်ချင်းတွေကို
တယောက်ချင်းစီ တန်းစီပြီး သတိရ မိပြန်တယ် ။ ကျမနဲ့ အကြိုက်ချင်းတူတဲ့သူငယ်ချင်းနဲ့
ဒဂုံ တက္ကသိုလ်လို ဝေးတဲ့နေရာမျိုး ကနေ ရခိုင်မုန့်တီ သောက်ချင်လို့ မင်းလမ်း အထိ နှစ်ယောက်သား သွားခဲ့ကြတာတွေ ။စာမေးပွဲ ဖြေပြီး တိုင်း ရန်ကုန်တက္ကသိုလ် ဝင်းထဲ ဓါတ်ပုံ အပြေး အလွှား သွားရိုက်ခဲ့ကြတာတွေ ။ အင်းလျား ကန်ဘောင် မှာ ညနေဆည်းဆာ ကို ထိုင်ငေးခဲ့ကြတာတွေ ။
ကျမ ဒီပုံလေးတွေ ပြန်ကြည့်မိမှ ကျောင်းတုန်းက သူငယ်ချင်းတွေ တယောက်ချင်းစီရဲ့ အကြောင်း ပြန်စဉ်းစား သတိရမိတယ် ။ ကျမသူတို့ နဲ့တ ဖြည်းဖြည်း
အဆက်သွယ်ပြတ်ကုန်တာ ကြာတောင်ကြာနေပါရောလား လို့ တွေးမိတယ် ။
နောက်ပြီး သူငယ်ချင်းတွေ နဲ့ ခရီး ထွက်တုန်းက ရိုက်ထားတဲ့ ပုံတွေ ။ ကျိုက် ထီးရိုး ဘုရားဖူးသွားတုန်းက ရိုက်ထားတဲ့ပုံတွေ ။စာမေးပွဲ ပြီးလို့ သူငယ်ချင်းတွေစုပြီး ချောင်းသာ
သွားတုန်းက ရိုက်ထားတဲ့ ပုံတွေ ။ အဲဒီပုံတွေ ပြန်ကြည့်မိတော့ ကျမစိတ်ထဲ အတိတ်ကာလကို ပြန်ရောက် သွားသလို ခံစားလိုက်ရတယ် ။ ချောင်းသာ မှာ တုန်းက ကမ်းခြေမှာသူငယ်ချင်းတွေ စုပြီး ခုန်ပေါက်နေတဲ့ ပုံ တွေ့တော့ စိတ်ထဲ မှာ အသက် 10 နှစ်လောက် ပြန်ငယ်သွားတယ် ။ အတိတ်ကာလ ရဲ့ အချိန်တခုက ကျမရဲ့ လက်တကမ်းအကွာကို ပြန်လည် ရောက်ရှိလို့လာတယ် ။
ဓါတ်ပုံထဲမှာ လန်းဆန်းမှု့ တွေနဲ့ တက်ကြွနေတဲ့ မိန်းကလေးတယောက် ...
အရာရာ ကို ရင်ဆိုင်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ သတ္တိရှိမဲ့ ပုံရတဲ့ မိန်းကလေးတယောက်က
ရယ်မော လို့နေလေရဲ့ ။
ဘွဲ့ယူတုန်းက ရိုက်ထားတဲ့ ပုံလေး ပြန်ကြည့်မိတယ် ။ချိတ်လုံချည်ဝမ်းဆက်နဲ့
ဆံထုံးနဲ့ ဓါတ်ပုံထဲမှာ ကျမက ရင့်ကျက်လို့နေပြန်တယ် ။
နောက်ပြီးတော့ အမှတ်တရ အမှတ်တရ ဆိုပြီး အမှတ်တရ ပေါင်းများစွာရဲ့ ဓါတ်ပုံလေးတွေ
တပုံပြီး တပုံ ။ တပုံချင်းစီမှာ အကြောင်းအရာလေး တခုစီက ရှိနေကြတယ် ။
ခင်မင်ခြင်း ချစ်ခင်ခြင်း သတိရခြင်း ပြန်လည်လွမ်းဆွတ်မိခြင်း မုန်းတီးခြင်း အမြင်ကတ်ခြင်း
အစရှိသဖြင့် ခံစားချက်တွေကလည်း လတ်တလော ပြန်လည် လတ်ဆတ်လာတယ် ။
ဓါတ်ပုံထဲမှာ ပါနေကြတဲ့ သူတွေအားလုံးဟာ တချိန်တုန်း ကကျမအနား မှာ ရှိခဲ့ကြဖူးသူတွေပါဘဲ ။
ကျမနဲ့ ပတ်သက်ခဲ့ကြဖူးသူတွေပါဘဲ ။ ကျမကို ချစ်ခြင်း မုန်းခြင်း သ တိရ ခြင်းတွေကို
ပေးခဲ့ကြဖူးသူတွေပါဘဲ ။
အခုဆို ကျမသူတို့နဲ့မိုင်ပေါင်းများစွာ ဝေးတဲ့နေရာ တခုမှာ ရောက်ရှိနေပါပြီ ။
စိတ်ထဲမှာလည်း သူတို့တွေကို မှတ်မှတ်ရရ သတိရမိနေတာ မျိုး မရှိပါဘူး ။
ဘဝဆိုတာကို မျက်နှာခြင်းဆိုင် တိုက်ပွဲ ဝင်နေတဲ့ အချိန်မှာ တချိန်က ဆိုတဲ့ ခေါင်းစဉ်အောက်က
အမှတ်တရ လေးတွေကို ပြန်မစဉ်းစား ဖြစ်တာ တော်တော်ကြာနေပါပြီ ။
ဒါပေမဲ့ အခုလို ဓါတ်ပုံလေးတွေ ပြန်ကြည့်လိုက်ရတဲ့အခါမှာ ကျမ သူတို့ တွေကို ပြန်သတိရ လာမိတယ် ။
တချိန်က ရခဲ့တဲ့ အမှတ်တရ လေးတွေကို ပြန်လည် စဉ်းစားမိလာတယ် ။ ဓါတ်ပုံတပုံ ချင်းစီရဲ့
နောက်ကြောင်းအဖြစ်အပျက်လေး တွေကို ပြန်တွေးတောမိတယ် ။
တကယ်တော့ ဓါတ်ပုံဆိုတာက ဘဝရဲ့ တခါတုန်းက အဖြစ်အပျက်တွေကို မှတ်တမ်းတင်ပေးထားတဲ့
သက်သေလေးတွေပါဘဲ ။ အဲဒီသက်သေလေးတွေက စကားမပြောတတ်ပေမဲ့
သတိရခြင်း ဆိုတဲ့ ခံစားချက်လေးတွေကိုတော့ ပေးစွမ်းနိုင်ပါတယ် ။ ကျမ အဖို့ ဓါတ်ပုံ album အဟောင်း လေး ပြန်လှန် လိုက်မိတာဟာ အတိတ်က အမှတ်တရ လေးတွေကို ကန့်လန့်ကာလေး
တချက်လောက်ဟပြီး ပြန်လှည့်ကြည့်လိုက်မိသလိုပါဘဲ... ။။
ဓါတ်ပုံလေးတွေ ကကျမကို အသံမဲ့ စကားတွေ အများကြီး လှမ်းပြောလိုက်လေရဲ့ ..... .... .... ။။။။။
ပစ်ပစ်
Pm 10:29
13.7.2014

2 comments:
ဟုတ်ပ အစ်မလဲတူတူပဲ တစ်ခါတစ်လေ ဓာတ်ပုံတွေပြန်ကြည့်ပြီး ဖြစ်ပြီးခဲ့တဲ့ အတိတ်က အကောင်းအဆိုးတွေကို ပြန်တွေးမိတတ်တယ်။ ခုတော့ မကြည့်တာကြာပြီ.
သိပ်ဟုတ်တာပေါ့..၊ ဓာတ်ပုံလေးတပုံ ရိုက်ဖို့ တစက္ကန့်တောင် မကြာပေမယ့် အဲဒီဓာတ်ပုံလေးက သိမ်းဆည်းပေးနိုင်တဲ့ အမှတ်ရစရာ၊ သတိရစရာတွေက နာရီနဲ့ချီပြီး တွေးလို့ရအောင် များပြားလှတယ်...၊ ညီမရဲ့ ဒီပို့စ်လေးက လွမ်းဆွတ်မှုတွေ ပျော်ဝင်လို့...။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..