ကျမတို့ မိန်းကလေးတွေဟာ ဝတာကို မလိုချင်ကြပါဘူး ။ ပိန်ပိန်သွယ်သွယ် လှလှ လေး ဖြစ်ချင်ကြပါတယ် ။ ဒါပေမဲ့ ဆုတောင်းဆိုတာကလည်း တောင်းတိုင်းပြည့်တာမှ မဟုတ်တာလေ ။ အဲဒီတော့ ဝတဲ့သူလည်း လောကကြီးထဲရှိမှာဘဲ ။ပိန်တာလေးတွေလည်း ရှိတာပါဘဲ ။
ပိန်တဲ့မိန်းကလေးကျတော့ ကိစ္စမရှိပေမဲ့ ဝတဲ့မိန်းကလေးကြတော့ နဲနဲ ကိစ္စရှိလာပါတယ် ။
တခြား ကိစ္စမဟုတ်ပါဘူး ။ ပိန်ချင်လို့ ဝိတ်လျော့တဲ့ ကိစ္စပါ ။
တချို့ ကျတော့ အိမ်ထောင်ကျပြီးဝသွားတတ်ကြတယ် ။ကိုယ်ခန္ဓာ အချိုး အစားတွေ ပြောင်းကုန်တာပေါ့ ။
ကလေးမွေး လိုက်ရင် ပိုဆိုးပါတယ် ။ ကလေးတဘက်ထိန်းရတာနဲ့ အိမ်မှု့ကိစ္စတဘက်နဲ့ ကိုယ်ခန္ဓာ အလှအပ အတွက် အချိ န်မပေးနိုင်ကြတော့ဘူးဖြစ်သွားတတ်ကြတယ် ။ အဲဒီတော့ဝလက်စနဲ့
ဝဝ လာတတ်ကြတော့တာဘဲ ။ ဝလာတာက ဘာမှမခက်ဘူး ။ စားရင်းစားရင်း နဲ့ မသိမသာလေး ကနေ စလာလိုက်တာ သိသိသာသာ သတိလည်း ထားမိရော တော်တော်လေးကို ဝနေပြီ ။အဲဒီတော့မှ
ဟမ် )))))) ငါ ဝလာလိုက်တာ ..ဟိုအကျီလေး နဲနဲကျပ် ဒီအကျီလေးနဲနဲ ကျပ် တယ်လို့ ထင်နေတာ ။
လက်စသပ်တော့ ပေါင်ချိန် ဘယ်လောက်တောင် တိုးလာတာပါလား..ဆိုပြီး သတိထားမိတတ်ကြတယ် ။
အဲဒီအချိန်မှာ နဂိုရှိရင်းစွဲထက် 10 ပေါင် 15 ပေါင်လောက် ရှိနေပါပြီ ။ ဝဝ လာချင်းက မှာ 4ပေါင်
5ပေါင် လောက်တိုးလာတာက သိပ်မသိသာကြဘူး ။ ခန္ဓာကိုယ် ပြည့်လာတဲ့အနေအထား မျိုး ပေါ့ ။
ပြည့်ပြည့်တင်းတင်းလေး ဖြစ်လာရာကနေ ..ပြည့်ဖေါင်းလာတဲ့ အခါမှတော့ ဝိတ်ချဖို့ ပြင်ဆင်ရပါပြီ ။
တချို့ တွေက ကိုယ့်ခန္ဓာကိုယ် ကို ထိန်းနိုင်ကြတယ် ။စိတ်ထဲနဲနဲ ဝလာသလား ထင်မိတာနဲ့ ချက်ချင်းကို
အစားအသောက်ပုံစံကို ပြင် စားတတ်ကြတယ် ။ အဆီအဆိမ့်တွေ ဘာတွေစားမိလို့လည်းဆိုပြီး
သတိထား ရှောင်တာမျိုး ။လေ့ကျင့်ခန်း မှန်အောင် လုပ်တာ မျိုး ပေါ့ ။ အဲဒီလို Body weight ထိန်းနိုင်
တဲ့သူက ကိစ္စမရှိဘူး ။ ပြောရရင် weight ကတက်လိုက်ကျ လိုက်နဲ့ ပြန်ညီသွားတာဘဲ ။
တချို့ က body weight မထိန်းနိုင်ကြဘူး ။စားရင်းနဲ့ ဝလာပြီလည်းဆိုရော ဝိတ်ချမယ်လို့သာ
ပြောနေပေမဲ့ တကယ်တမ်းကျတော့ အဆာမခံနိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတာနဲ့ ။
အကြောင်းအရာပေါင်း များစွာနဲ့ ဝနေရာကနေ တော်ရုံ ပြန်မပိန်ကြတော့ပါဘူး ။ဝလက်စနဲ့ စားရင်း
ဝိတ်လျော့မယ် ပြောရင်းနဲ့ ပေါင်ချိန်တွေ တိုးလာလိုက်တာ ။ တွေ့တဲ့သူတိုင်းက အရင်က ပိန်ပိန်လေးပါ
အခုမှ အရမ်းဝလာတယ်နော် ဆိုပြီးတအံတသြ တွေဖြစ်ကြရတဲ့ အထိပါဘဲ ။
တကယ်တမ်းတော့ လူတယောက်မှာ အသက်အရွယ်အလိုက်ရှိသင့်တဲ့ အလေးချိန်ထက် ပိုနေတယ်ဆိုတာ ကျန်းမာရေး ရှု့ထောင့်ကကြည့်ရင် မကောင်းသလို ... မိန်းကလေး တယောက်
အနေနဲ့လည်း အလှအပ တရားဘက်ကကြည့်ပြန်ရင် မကောင်းပါ ဘူး ။ အခုခေတ်လို လှပသွယ်လျ
တဲ့ မိန်းကလေးတွေ ပေါတဲ့ခေတ်မှာ ကိုယ်က ဝနေရင် ပထမဦးဆုံး ကိုယ့်ဘာကို စိတ်တိုင်းမကျတာ
အရင် ခံစားမိလိမ့်မယ် ။ အဝတ်အစားဝယ်တဲ့နေရာ ကိုယ်ဝတ်ချင်တာက ပုံစံတမျိုး ..လူကဝနေတော့
ဝတာနဲ့ လိုက်ဖက်မဲ့ ပုံစံရွေးရတော့ စိတ်တိုင်းမကျတော့ဘူး ။ ဘယ်လောက်ဘဲ
တန်ဖိုးကြီးတဲ့ပိတ်စနဲ့ချုပ်ထားတဲ့ အကျီဖြစ်နေပါစေ လူကဝနေရင် ဝတ်လိုက်တဲ့အခါ ပုံကျကျ စတိုင်ကျကျ
ပုံစံတော့ ထွက်လာမယ် မထင်ပါဘူး ။ဘောလုံးကို ပိုးစပတ်ထားလို ဖောင်းကားနေတဲ့ ပုံစံဖြစ်သွားတတ်ပါတယ် ။အဖိုးနည်း ချည်ထည်လေးဘဲ ဖြစ်နေပါစေ အချိုးအစားကျတဲ့ကိုယ်လေးပေါ်
ဝတ်လိုက်ရင် သပ်ရပ်လှပသွားမှာ အမှန် ပါ ။မယ်တယောက်လို လှပကျော့ရှင်းနေဖို့ လိုတယ်လို့
မဆိုလိုပါဘူး ။ ဒါပေမဲ့ လည်း မလိုအပ် တဲ့နေရာတွေမှာ အဆီပိုတွေ အများကြီး မရှိတာ အကောင်းဆုံးပါ ။
နောက်ပြီး သွားလာလှုပ်ရှားတဲ့နေရာမှာလည်း ခန္ဓာကိုယ်က ဝနေတော့ စိတ်ညစ်မှာ အမှန်ပါဘဲ ။
ငွေကြေးတတ်နိုင်လို့ ကိုယ်ပိုင်ကားနဲ့ သွားလာနိုင်တဲ့သူအဖို့  က ဝတယ် ပိန်တယ်ဆိုတာ သိပ်ပြသနာမရှိပေမဲ့ သာမန်လူလတ်တန်းစားအဖို့ ကတော့ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ မသေးပါဘူး ။
နွေပူပူ နေပူပူ မှာ ကားကျပ်ကျပ်ကို တိုးဝှေ့ စီးရတဲ့သူအဖို့ ပေါင်ချိန် 130 ..140 လောက်ကို
သယ်ဆောင်လှုပ်ရှားပြီး ကားပေါ်တိုးတက်ရတဲ့ ဒုက္ခက စဉ်းစားလိုက်ရင် အသက်ရှုကျပ်ချင်စရာပါ ။
အဆီပိုတွေများတဲ့ လူတယောက်အဖို့ နှလုံးအဆီဖုံးတာတွေ အသည်းအဆီဖုံးတာတွေ ကိုယ်တွင်း
ကိုလက်စထရော များတာတွေ အစပြု ပြီး ဒီထက်မက ကြီးမားတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်းများပါတယ် ။ကိုယ်တွင်းအစိတ်အပိုင်းတွေ ဆိုတာကလည်း တခုနဲ့ ဆက်နွယ်နေတာဆိုတော့
တခုဖြစ်လိုက်ပြီဆို သိပ်မကြာခင်မှာ နောက်ရောဂါတခုက ဖြစ်ဖို့ သိပ်လွယ်သွားပါပြီ ။နှလုံးရောဂါနဲ့
လေးဘက်နာ ရောဂါ ဆက်နွယ်နေသလိုပေါ့  ။
ဒါကြောင့်ကျန်းမာရေး အနေအထား အရ ဘဲ ကြည့်ကြည့် အလှပတရား အနေ နဲ့ ဘဲကြည့်ကြည့်
ဘယ်ဘက်မှာ မှ မကောင်းတဲ့ အတွက် ဝတာကို ကျမတော့ မကြိုက်ပါဘူး (မိန်းကလေးတိုင်းလည်းကြိုက်ကြမယ်မထင်ပါဘူး ) ...ပြောရရင်တော့
အသက်အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန် အချိုးစား တော့ ရှိရမှာပေါ့လေ ။
အသက်ငါးဆယ်အရွယ်မှာ အလေးချိန်ပေါင် 100 လောက်လေးဘဲ ရှိချင်တယ်ဆိုတာတော့
မဖြစ်နိုင်ဘူးပေါ့  ။အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုး လေးတော့ ရှိသင့်ပါတယ် ။
ရှိသင့်တဲ့ အရွယ်အစားထက်ပိုနေပြီဆိုရင်သာ ဘယ်လိုနည်းနဲ့ပြန်လျော့မလည်း စဉ်းစားဖို့လိုလာပါပြီ ။
ဝိတ်လျော့ ကြတယ်ဆိုတဲ့နေရာမှာ တချို့ က ပိန်ဆေးအားကိုးပါတယ် ။ပိန်ဆေးသောက်ကြတယ် ။
ကျမတော့ အဲဒီနည်းကို မကြိုက်ပါဘူး ။ပိန်ဆေးအသောက်ကောင်းလို့ နှလုံးရောဂါ ရသွားတဲ့သူ
တွေ ကျမ သူငယ်ချင်းထဲမှာ ရှိတယ် ။အကောင်းဆုံးကတော့ ကိုယ့်ဘာကို စားရင်းသောက်ရင်းနဲ့
ဝလာတဲ့ ခန္ဓာကိုယ်ကို ကိုယ့်ဘာသာကိုဘဲ ပြန်ပိန်အောင် ကြိုးစားသင့်ပါတယ် ။
ဆေးဆိုကထဲက တဘက်မှာ ကောင်းတဲ့အာနိသင်ရှိပေမဲ့ တဘက်မှာ ဆိုးကျိုး တွေလည်းရှိနေတတ်
ပါတယ် ။ပိန်ဆေးသောက်ပြီးဝိတ်ချတယ်ဆိုတာကိုတော့ ဆင်ခြင်စေချင်တယ် ။
တချို့က အစားအသောက် စားနေတာကို လျော့ပြီး လေ့ကျင့်ခန်း လုပ်တယ် ။အရင်က ထောပတ်သီးသောက်နေတာကို အခုသံပုရာရည်ပြောင်းသောက်တာမျိုး ပေါ့ ။ညစာမစားဘဲနေတာမျိုး ....ထမင်းမစားဘဲ အသီးစားတာမျိုး ..တဘက်ကလည်း လေ့ကျင့်ခန်းမှန်မှန်
လုပ်တာမျိုးပေါ့ ။ အဲလိုနည်းနဲ့ဝိတ်လျော့ကြတဲ့ သူတွေစီကနေ ဘာတွေကြားရတတ်လည်းဆိုတော့ ...
အစားအသောက်လျော့နေတာ ကြာလှပြီ ..အခုထိပိန်ကို မပိန်ဘူးဆိုတာမျိုးတွေ ... ဘာလို့မပိန်တာပါလိမ့် စိတ်ညစ်လိုက်တာဆိုပြီး အဲဒီလိုအသံတွေကြားရတာများတယ် ။
တကယ်တော့ လူတယောက်ဝလာတယ်ဆိုတာ တပါတ်အတွင်း အားချင်း ဝုန်းဆိုပြီး လေထိုးလိုက်
သလိုဝလာတာ မဟုတ်ဘူးလေ ။တဖြည်းဖြည်းချင်း weight တက်လာတာလေ ။ပေါင် 100 ကနေ 105
ပေါင် ....105 ပေါင် ကနေ 110 ..အဲဒီကမှ တဆင့် ပေါင် 120 တွေ 130 တွေအထိ ဖြစ်လာတာလေ ။
အဲဒီတော့ weight ပြန်ချတဲ့အခါမှာလည်း အချိန်ယူရပါလိမ့်မယ် ။ အခုအစားလျော့စားလိုက်တာနဲ့
တပါတ်အတွင်း 10 ပေါင်လောက်ကျ သွားတာမျိုး တော့ ဖြစ်နိုင်မယ် မထင်ပါဘူး ။အဲဒီတော့ စိတ်ရှည်ရှည်
ထားပြီး အချိန်ယူပါ ။ တပါတ် နှစ်ပါတ် တလ နှစ်လလောက် အစားလျော့ပေမဲ့ မသိသာဘူး ဆိုပေမဲ့လည်း စိတ်မပျက်ပါနဲ့ လေး ငါးခြောက် လဆို သိသာလာပါလိမ့်မယ် ။
အဓိကတော့ ဇွဲရှိ ဖို့ပါဘဲ ။
ဘယ်အရာကိုမှ အခုလိုချင်အခု လုပ်ယူလို့ မရပါဘူး ။အချိန်တခုတော့
ပေးရရိုးထုံးစံပါ ။ ကုန်တိုက်သွားပြီး အကျီဝယ်သလိုတော့ အခုဝယ်အခုရ ဆိုတာမျိုး တော့
ဘယ်ဟုတ်ပါ့မလည်း ။စိတ်ရှည်ရှည်ထားပါ ။ဇွဲမလျော့ပါနဲ့ ။ ထမင်းတပန်းကန်စားနေကြဆိုရင်
နေ့တိုင်း ကိုယ်စားနေကြ ပမာဏ ထဲကနေ နှစ်ဇွန်းစာလောက်လျော့စားကြည့်ပါ ။ တဖြည်းဖြည်း
သိသာလာပါလိမ့်မယ် ။တခုတော့ရှိတာပေါ့နော် ။ ထမင်းလျော့စားပြီး တခြား မုန့်တွေစားနေတာ
မျိုး တော့ ဆင်ခြင်ပေါ့ ။ တချို့ က မနက်ဆို အစောကြီးထပြေးကြတယ် ။ ပြေးရာကပြန်လာရော
ဘိုက်က ဆာလာပြီ ..မုန့်ဟင်းခါးဆိုင်တွေ့တာနဲ့ အကြော်နဲ့ ဘဲဥနဲ့ ငါးဖယ်ပါထည့်
ဆိုပြီး စားနေမယ်ဆိုရင် ပိန်မှာ မဟုတ်ဘူးနော်... အဲတာမျိုး လေးတွေတော့ ဆင်ခြင်ပါလို့ လက်တို့ပြီး
ပြောပါရစေ ။
ထမင်းစားတိုင်း ကြက်သွန်ဖြူ အနည်းငယ် စားပေးရင်လည်း အဆီကျစေတယ်လို့ ကြားဖူးပါတယ် ။
ဝခြင်းရဲ့ အဓိက အကြောင်းရင်းက အဆီအဆိမ့် အချို တွေ ပါဘဲ ။ အစား ကို မြန်မြန် မစားပါနဲ့
ပုံမှန်အတိုင်း စားပါ ။ စားလိုက်လို့ ဘိုက်ပြည့်သွားပြီဆိုတဲ့အကြောင်းကို အစာအိမ်က ဦးနှောက်ကို
သတင်းပို့ပါတယ် ။ အဲဒီ အခါမှာ လူက ဘိုက်တင်း ပြီလို့ ခံစားသိရှိလိုက်တာပါ ။
အစာအိမ်ကနေ ဦးနှောက်ဆီကို သတင်းပို့ဖို့အတွက် အချိန်လေးနဲနဲလိုတယ် ။အဲဒီအချိန်မှာ ကိုယ်က
မြန်မြန် စားနေရင် .... ဘိုက်ထဲကို တရစပ် ဝင်သွားရော ... အဲလိုနည်းနဲ့ အစာအိမ် တဖြည်းဖြည်းကျယ်လာတတ်တယ် ။ အဲလိုနည်းနဲ့ ဝလာတတ်ကြတယ် ။
အထူးသဖြင့် အိပ်ခါနီး စားတာကို ရှောင်ပါ ။ စားပြီးတာနဲ့ ဘယ်လောက်မှ မကြာဘူး .. ဝင်အိပ် ..
အဆီတွေက တဖြည်းဖြည်းချင်း ဗိုက်နေရာလေးမှာ စု စု လာပြီး လူက ဗိုက်နဲ့ ဂိုက်နဲ့ ဆိုပြီး
ဖြစ်လာပါလေရော ။ ပိန်အောင် ဝိတ်လျော့တဲ့နေရာမှာ ကိုယ့်ရဲ့နေ့စဉ် နေထိုင်စားသောက်မှု့ 
ပုံစံကို အရင်ဆုံး ပြင်ပါ ။
ဘယ်လိုနည်းနဲ့ဘဲဝိတ်လျော့လျော့ပါ ... လိုရင်းက ပိန်သွားဖို့ အဓိပါ ။
နာမည်ကြီး Fitness centers တွေ Gym တွေမှာ သွားကစားမှ ပိန်တာမဟုတ်ပါဘူး ။နေ့စဉ်နေထိုင်စား
သောက်တဲ့ပုံစံလေးကို ပြု ပြင်ပြီး အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှား ကစားနည်း တခုခု လုပ်ရင်းနဲ့လည်း
ဝိတ်လျော့လို့ရပါတယ် ။ မနက်ဘက်လမ်းလျှောက်တာမျိုး ပြေးတာမျိုး ကြိုးခုန်တာမျိုးပေါ့ ။
ငွေကြေး အထူးတလည်ကုန်ကျစရာ မလိုဘဲ အချိန်လေးအနည်းငယ်ပေးရုံနဲ့ အဆင်ပြေတဲ့ လှုပ်ရှား
နည်းလေးတွေ ဆိုပါတော့ ။ဝိတ်လျော့တဲ့နေရာမှာ အဓိက အလိုအပ်ဆုံးကတော့ ဇွဲ ရှိဖို့ ပါဘဲ ။
တဖြည်းဖြည်းချင်း စားပြီးဝလာတဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်းအချိန်ယူပြီး ပြန်လျော့ ရမှာပါ ။
အစားလေး နည်းနည်းလျော့စားလိုက်တာနဲ့ ချက်ချင်းကြီး ပိန်သွားချင်လို့တော့မရပါဘူး ။
အဲဒီတော့ မလျော့သော ဇွဲ လုံ့လသာ ရှိပါစေ ... လှပသွယ်လျတဲ့ ခန္ဓာကိုယ်လေး ဖြစ်လာမှာ
ဧကန်မလွဲပါ ။။
မိန်းကလေးတိုင်း လှပ ကြပါစေ ..... ..... ။။။။
( ပုံလေးက google ကပါ )
ပစ်ပစ်
Pm 3:26
21.7.2014
1 comments:
စမ်းကြည့်အုံးမယ်
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..