27 October 2012

ဂျင်မီ လူဆိုး....

Posted by blackroze at Saturday, October 27, 2012 10 comments

ဒီနေ့ကတော့စိတ်လည်းမောရ.............ရယ်လည်းရယ်ရတဲ့နေ့လေးတနေ့ဆိုပါတော့လေ

ကျမတို့အလုပ်ရဲ့ MD ကြီးကဂျင်မီ ဆိုတဲ့ လူကြီးပါ  .... ကျမတို့စက်ရုံခွဲမှာတော့ သူအကြီးဆုံးဆိုပါတော့
အဲဒီ ဦးဂျင်မီက တလတခါ လောက် စစ်ဆေးရေးဝင်နေကြပါ....။ ကျမတို့ကလည်း သူစစ်ဆေးရေး
ဝင်မဲ့နေ့တိုင်း အထူးအစီအစဉ်နဲ့ သန့်ရှင်းရေးလုပ်  ..သိမ်းဆည်းစရာရှိတာသိမ်းပေါ့ ..
ဒီလထဲမှာလည်း သူလာမယ်လာမယ်နဲ့  မလာသေးပါဘူး..လတောင်ကုန်တော့မှာပါ...
အဲတာနဲ့ဟိုရက်ပိုင်းက  လာမဲ့သောကြာနေ့ သေချာလာမယ်ဆိုပြီး သတင်းကြားပါတယ်..။အဲတာနဲ့
သန့်ရှင်းရေးလုပ်စရာရှိတာတွေလည်း  လုပ် ပေါ့... မနေ့ကတော့  သတင်းတခုထပ်ကြားပါတယ်...။
မလာတော့ဘူးတဲ့  ..ရုံးခန်းထဲမှာ တခြားအလုပ်တွေအရမ်းရှုပ်နေတော့ လာပြီး မစစ်တော့ ဘူးတဲ့..
သူတခြားလုပ်စရာတွေဦးစားပေးနေရတယ်တဲ့  ။

ကျမတို့လည်း ဝမ်းသာအားရနဲ့ အေးဆေးဖြစ်သွားပြီပေါ့..( စူပါဗိုက်ဆာက အစပေါ့  ဂျင်မီမလာတော့ဘူးလို့ဘဲ ထင်ထားတာပေါ့ )
ဒီမနက်လည်း အလုပ်တက်တော့ ခါတိုင်းနေ့တွေလိုဘဲပေါ့  ခါတိုင်း နေနေကြပုံစံနဲ့ဘဲနေကြတာပေါ့လေ

ညနေ 4နာရီလည်းထိုးရော ဗြုန်းကနဲ  လက်ထောက်စူပါဗိုက်ဆာက  ထွက်လာပြီး  "အခုလေးတင်ဖုန်းဆက်လာတယ်...ဂျင်မီလာမယ်တဲ့..
15မိနစ်အတွင်းရောက်မယ်တဲ့ .. နင်တို့တွေ ဘာပြသနာမှမဖြစ်စေနဲ့နော်..လုပ်စရာရှိတွေသေချာလုပ် "
ဆိုပြီး အူယားဖျားယားထွက်လာပြီးပြောတယ်ရှင်....

ကျမတို့ကလည်း ဗရမ်းဗတာနေတာတော့  မဟုတ်ပါဘူး..စားပွဲအံဆွဲထဲမှာ အလုပ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ
ကလွဲရင်တခြားပစ္စည်းတွေမထားရဘူးလို့ ပြောထားတယ်...ဒါပေမဲ့ အံဆွဲထဲမယ်.. ပိုက်ဆံအိတ်လေးဘာလေး  ..တချို့တွေကျတော့ ကော်ဖီထုပ်လေးပေါ့ ..တချို့ကျတော့လည်း  ကိုယ်သုံးနေကြ  လက်လိမ်းတဲ့ lotion လေး      တိုလီမိုလီပစ္စည်းလေးတွေ တကိုယ်သုံးတာလေးတွေ
ထည့်ထားတာပေါ့ ..ကျမဆိုလည်း  ထမင်းစားပြီးရင် သွားတိုက်နေကြမို့ သွားတိုက်ဆေးနဲ့ သွားတိုက်တံ
ထည့်ထားတဲ့ ဗူးလေးထည့်ထားတယ်ပေါ့ ..အဲလို အလွယ်ယူလို့လွယ်အောင် ထည့်ထားကြတာပါ..

copier ပေါ်မှာဆိုလည်း  တယောက်က သုံးပြီးရင် ကိုယ်မလိုချင်တဲ့စာရွက်ကိုတခါတည်း
 ပြန်သိမ်းသွားရမယ်လို့ ပြောထားပေမဲ့   ဘယ်သူမှ အဲလိုမလုပ်ကြပါဘူး.... သုံးလေးရက်တခါမှ copier ပေါ်က စာရွက်တွေ တယောက်ယောက်က ကြုံသလို ရှင်းလိုက်တာပါဘဲ...

ကိုယ်ဟာနဲ့ကိုယ်တော့   နားလည်မှု့လေးနဲ့  နေနေ ကြပေမဲ့  လူကြီးလာစစ်မယ်ဆိုရင်တော့  အဲလို
အနေအထားက မရတော့ဘူးလေ... အဲတော့ သတ်မှတ်ထားတဲ့ပုံစံဖြစ်အောင်  ရှင်းရလင်းရ တာပေါ့လေ..
သူကမလာစစ်တော့ ဘူးဆိုတော့  အကုန်လုံးကအေးဆေးဖြစ်နေရာကနေ ဗြုန်းဆို 15မိနစ်အတွင်းရောက်မယ်  ဆိုတော့ ...စဉ်းသာ စဉ်းစားကြည့်ပါတော့ရှင်...။။

အလုပ်ထဲက လူတွေ ပျာယာခတ်သွားပုံများ (ကျမအပါအဝင်ပေါ့)   video မှတ်တမ်းတောင် တင်ထားလိုက်ချင်ပါရဲ့ .....း)

ကော်ဖီဗူးလေး တဗြွတ်ဗြွတ် လုပ်နေတဲ့ သူကလည်း  အူယားဖားယား   ပြေးပြီး  အိမ်သာသွားပြီး ကော်ဖီဗူးကိုအပြတ်ရှင်းရတယ်.....

ကိုဖုန်းခင်တွေကလည်း   အိမ်မှာအားသွင်းရင်  မီတာခကုန်မယ်ဆိုးလို့လား မသိပါဘူး..
အလုပ်ထဲေ၇ာက်မှ  လွတ်တဲ့ပလက်ပေါက်တွေမှာ ဖုန်းတွေအားသွင်းထားတဲ့ သူတွေကလည်း 
အလျင်အမြန် နဲ့ ကိုယ့်ဖုန်းကို ကိုယ်ပြန်သိမ်း၇တယ်...

copier ပေါ်ကစာရွက်တွေကလည်   မြန်မြန်ပြေးသိမ်းကာမှ  စာရွက်တွေက လွတ်ကျလို့ ပြန့်ကျဲကုန်တာ
တရွက် ချင်းစီ ပြန်ကောက်ရတယ်ရှင်..အဲစာရွက်တွေ ပြေးသိမ်းတဲ့ကောင်မလေး စာရွက်လိုက်ကောက်ရင်းချော်တောင်လဲတယ်ရှင်...

အံဆွဲထဲမှာ  အလွယ်ထည့်ထားတဲ့  ပစ္စည်းတွေကိုလည်း   သင့်တော်မဲ့နေရာတခုခု  ရှာပြီး လူတိုင်းကအပြေးအလွှားပေါ့ရှင်... ပြေးဖွက်ရသေးတယ်...

တချို့တွေက ကိုယ့်ရဲ့   ID ကဒ်တွေပေါ်မှာ  သဘောကျတဲ့ ကိုးရီးယားမင်းသားပုံတွေကိုယ့်ရည်းစားပုံတွေ ကပ်ထားတာတွေရှိတယ်လေ....အဲလို ပုံတွေလည်း မြန်မြန် ဖြုတ်သိမ်းရတယ်ဆိုပါတော့...

ကျမတို့ section တခုလုံး  15 မိနစ်အတွင်း အပြေးအလွှား  လှုပ်ရှားနေပုံများလေ...
ရှောင်လင်ကျောင်းမှာ  သိုင်း ပြပွဲကျင်းပနေတဲ့  အတိုင်းပါဘဲ...လှစ်ခနဲလှစ်ခနဲ  ဝှစ်ခနဲဝှစ်ခနဲ
နေတာပါဘဲ ....ဓါတ်လှေကားနဲ့  အနီးဆုံးနေရာကလူကတော့  အပေါက်စောင့်သဘောပေါ့ရှင်
ဓါတ်လှေကား  တက်လာမဲ့ အချိန်ကိုမျက်ခြေမပြတ် စောင့်ကြည့်ပြီး   သတင်းပို့ရမဲ့လူဆိုပါတော့

အဲလိုနဲ့ ပြေးရင်းလွှားရင်းးသိမ်းရင်းဆည်းရင်းနဲ့  
ဟင် ...မလာသေးပါလား  မလာသေးပါလားနဲ့   ...လုပ်ပါဦး  ဖုန်းလေးဘာလေးဆက်မေးကြည့်ပါဦးဆိုတော့ ........

အဟင့် ....ဂျင်မီ လူဆိုး....သမျန်းတို့ကို  လှည့်စားတယ်..မလာတော့ဘူးတဲ့ .....

ကျမရဲ့စီနီယာတယောက်တော့ တိုးတိုးလေး လာပြောလေရဲ့..
 " ငါ့ကော်ဖီဗူးလေး နှမြောလိုက်တာဟယ်... အလုပ်လာရင်းနဲ့  7-11 ကဝင်ဝယ်လာတာ 39 ကျပ်တောင်
ပေးရတာ  " တဲ့လေ...   :P      .......   ။။။။။


ပစ်ပစ်
PM 4:31
27.10.2012
(ပုံလေးကိုတော့ Google ကနေယူသုံးတာပါ )

23 October 2012

ရိုက်ပေါက်

Posted by blackroze at Tuesday, October 23, 2012 17 comments
ကျမဘလော့ရဲ့ C box မှာ နိုင်ငံတကာကဧည့်သည်တွေအရမ်းများတယ်..
အဲဒီ Cbox ကြီး ဖြုတ်ထားလိုက်ရင် ကောင်းမယ်ထင်တယ်...
ဘလော့ထဲဝင်လိုက်တိုင်း Cbox ကိုတွေ့လိုက်ရင်
စိတ်ညစ်ညစ်သွားလို့ .....ဟူးးးးးးးးးးးးးး

စိတ်တိုင်းမကျတာတွေအရမ်းများနေတယ်....ပြောပြန်ရင်လည်း
ကျမလွန်တယ်ဖြစ်ဦးမယ်... ( ကျမလွန်တယ်ဘဲထားလိုက်ပါတယ် )

အလုပ်ထဲမှာလည်း ဒေါသထွက်စရာတွေကြီးဘဲ
စိတ်ရှိတိုင်းပေါက်ကွဲရင်လည်းမကောင်းဘူးဖြစ်ပြန်ဦးမယ်....
သည်းခံရလွန်းတော့လည်း လူလည်းပါးလှပ်လှပ်လေးဘဲကျန်တော့သလိုဘဲ



အိမ်မှာလား....သိပ်တော့မထူးပါဘူး   နေလို့မပျော်ဘူးဆိုရုံလောက်ပါဘဲ  :P
တခါတလေ ရယ်တယ်  တခါတလေ ငိုတယ် ဆိုပါတော့...

ကျမ အက်ဆေးတပုဒ်ကို ရေးမလို့ သေချာ ခံစားကြည့်နေတယ်..
ခက်တာက ရေးမယ်ဆိုပြီး ကျမ စာရိုက်တဲ့နေ့ တိုင်း
တခုမဟုတ်တခု စိတ်အနှောင့်အယှက် ဖြစ်စရာတွေနဲ့
ဆုံရတာဘဲ...
ကြီးကြီးမားမား မရှိခဲ့ရင်တောင် သေးသေးဖွဲဖွဲလေးကြောင့်
ကျမအနှောင့်အယှက်ဖြစ်ရတာမျိုးဆိုပါတော့ ...
စိတ်ကဘယ်လိုမှ စာထဲမရောက်တော့ဘူး....အာရုံပြောင်းသွားတယ်...
angry ဘဲ...

စိတ်ထဲဒေါသဖြစ်သွားပေမဲ့ တခါတလေ ဘာမှမဖြစ်သလိုလေး
ဟန်ဆောင်စကားပြောနေရတာလည်း တော်တော်လေးဆိုးဝါးတဲ့ ခံစားချက်ပါဘဲ..ကျမအခုလို ရေးလိုက်ရင် တချို့သောလူတွေက
( ငါ့ကိုများပြောတာလားမသိဘူးဆိုပြီး )
တောင်ထင်မြောက်ထင်..သို့လော သို့လော  ထင်ကြဦးမယ်ရှင်...ကိုယ့်ဘာကို စိတ်ထဲရှိတာရေးလိုက်တာပါ..ဘယ်သူကိုမှမရည်ရွယ်ပါဘူး...

ကိုယ့်ဘာသာတောင် အသက်ရှုတာတောင် ပြင်းပြင်းမရှုရဲဘူး..
အသံထွက်မှာဆိုးလို့  မျဉ်းမျဉ်းလေး ရှုနေရတယ်...
အဲတာနဲ့ ဘဲ  အသက်ရှုကျပ်နေတာ ကြာပေါ့....

ဒါကြောင့် မျိုးကျော့မြိုင်က လူဖြစ်ရတဲ့ဒုက္ခလို့ သီချင်းဆိုသွားတာနေမှာ ။။

ရှင်သန်နေရတာတကယ်မလွယ်ဘူးရှင် ။။

ဒါပေမဲ့ ဘာဘဲပြောပြော ကျမ အခု ဆော့နေတဲ့ Farmvalle 2 မှာတော့ ကျမမွေးထားတဲ့ကြက်မတကောင်က ဥတခါဥရင် နှစ်လုံးပြူးဥတာကိုတော့
တော်တော် သဘောကျသား..ဥတခါကောက်ရင် ကြက်ဥ အမွှာပြူးတပြူးရတယ်လေ...

ကဲ ဘယ်လိုလည်းမခင်သီတာ..
ကျမရူးနေတယ် ထင်ပါရဲ့နော်... ဟားဟာား  :P

(ဘာမှ မဟုတ်ပါဘူး ဒီမနက် ဆားချက်လိုက်တာလေ..  :P )

ပစ်ပစ်
Pm  1:23
23.10.2012

12 October 2012

နူးညံစွာ အိပ်စက်ခြင်း

Posted by blackroze at Friday, October 12, 2012 13 comments
“A CLEAR CONSCIENCE IS THE SOFTEST PILLOW ” “လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးသောခေါင်းအုံးဖြစ်သည်.. ”

ဒီစာသားလေးကို  ကျမအရမ်းသဘောကျမိတယ်..တကယ်တော့ လူတွေဟာမရိုးသားကြဘူး  (ကျမအပါအဝင်ဆိုပါတော့ )
အဲဒါဟာမှန်သောစကားပါ.. လူတိုင်းရိုးသားတယ်လို့များထင်ကြပါသလား..
မထင်လိုက်ပါနဲ့..ဟန်ဆောင်နေကြတဲ့သူတွေအများကြီးပါ..(လူတိုင်းရယ်လို့ လည်းမဆိုလိုပါဘူး)
တချို့သော လူတွေဟာ   မရိုးသားပေမဲ့  သူတပါးရဲ့ အကျိုး ပျက်လိုရာပျက်စီးကြောင်း
မကြံစည်ဘူးကြဘူး ..မိမိ စားဝတ်နေရေး နေရေးထိုင်ရေး  ဘဝရပ်တည်ရေး အကြောင်းအမျိုးကြောင့်
လိမ်မိညာမိကြတာတွေလည်း ရှိပါတယ်.. မကောင်းတာကို လုပ်မိကြတာတွေလည်းရှိပါတယ်..
ဒါပေမဲ့ သူတပါးကိုထိခိုက်သွားအောင် မလုပ်မိအောင် ကြိုးစားတယ်... ကိုယ်ကျင့်တရားဆိုတာကို
ထိန်းသိမ်းတယ်.. မိမိရဲ့ အလုပ်ထဲမှာ စကားပြောရင်းနဲ့ လိမ်ပြောမိတာ မရှိပါဘူးလို့ ကိုယ်ကိုကိုယ်
အာမခံနိုင်တဲ့သူရှိပါသလား..ကျမတော့ရှိမယ်လို့မထင်ပါဘူး...ကျမကိုယ်တိုင်လည်း  သဌေးနဲ့ စကားပြောတဲ့အခါ   စူပါဗိုက်ဆာနဲ့ စကားပြောတဲ့အခါ  အခြေအနေအရ   အနေအထားအမျိုးမျိုးအရ
တခါတရံမှာ မုသားသုံးလိုက်တာတွေရှိပါတယ်... ရှင်းရှင်းပြောရရင်တော့  ခပ်တည်တည် နဲ့ လိမ်လိုက်
တယ်ပေါ့ရှင်..။

တချို့တွေကျတော့  ဦးတည်ချက်ပါတဲ့  စကားလုံးတွေ ရည်ရွယ်ချက်တွေပါနေတဲ့ စကားလုံးတွေနဲ့
တိုက်ခိုက်တတ်တယ်လေ... ကိုယ်ကသူတပါးကိုချောက်တွန်းလိုက်တာဘဲ ဖြစ်ဖြစ်  ..မသိမသာလေး
ပုတ်ခတ်လိုက်တာဘဲဖြစ်ဖြစ် ခပ်ပါးပါးလေး  ထည့်လိုက်တတ်တဲ့သူတွေလည်းအများကြီးပါ... ။။

တချို့တွေကျတော့လည်း  ဗလောင်းဗလဲ ကိုလုပ်လိုက်ရမှ စိတ်ချမ်းသာတဲ့သူတွေလည်း  အများကြီးပါ ..။

နည်းမျိုးစုံနဲ့လူလိမ်အလုပ် လိမ်လည်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေလည်း
အများကြီးပါဘဲ ...။

တချို့ဆို ပါးစပ်လေးကသာ ချိုချိုလေးနဲ့  အပြောလေးသာချိုတာပါ... လက်တွေ့မှာတော့
ပါးစပ်ကပြောထားတာနဲ့တခြားစီ ဖြစ်လောက်အောင်ကို  လုပ်နေတဲ့သူတွေလည်း အများကြီးပါ ..။

ဘယ်လိုနည်းနဲ့ဘဲဖြစ်ပါစေ  ....ကိုယ်လုပ်နေတာတွေကို  သူတပါး မသိဘူးဆိုရင်တောင်မှ
ကိုယ့်တိုင်တော့ သိနေတာပါဘဲလေ ...။
ကိုယ်ဘယ်လို ရည်ရွယ်ချက်မျိုးထားပြီး  ဒီစကားကို ပြောလိုက်သလည်းဆိုတာ
သူများမသိနိုင်ပေမဲ့  ကိုယ့်ဘာကိုယ်တော့သိနေမှာဘဲ...။
ကိုယ်ဘယ်လိုရည်ရွယ်ချက်မျိုးထားပြီး  ဒီအလုပ်ကိုလုပ်လိုက်သလည်းဆိုတာ
ဘယ်သူမှမသိနိုင်ပေမဲ့  ကိုယ်တိုင်ကတော့ သိနေပါတယ်...။

အရှင်းဆုံးပြောရရင်တော့  သူတပါးကို လိမ်လို့ညာလို့ရပါတယ်..
ဒါပေမဲ့ ................
ကိုယ့်ကိုကိုယ်တော့ လိမ်ညာလို့  မရပါဘူး...
ကိုယ်ဘာတွေလုပ်ခဲ့လည်း
ကိုယ်ဘာတွေ ပြောခဲ့လည်း
ကိုယ်ဘယ်လိုကြံစည်နေတာလည်း
ကိုယ့်ဘာကိုယ်သိပါတယ်....။
အဲဒါဟာ  အမှန်တရားတခုပါဘဲ..သူတပါးကို မသိစေချင်တဲ့ အကြောင်းအရာ မှန်သမျှကို
ဖုံးကွယ်ထားလို့ရပါတယ်...ဒါပေမဲ့ ကိုယ်ဘာတွေ ဖုံးကွယ်ထားလည်းဆိုတာ  ကိုယ်တိုင်တော့သိနေမှာဘဲလေ ....။။

မိုးသက်တင်ထားတဲ့ ပိုစ့်လေးထဲက

“A CLEAR CONSCIENCE IS THE SOFTEST PILLOW ”
“လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးသောခေါင်းအုံးဖြစ်သည်.. ”
အဲဒီစာသားလေးကျမအရမ်းသဘောကျပါတယ်..
လိပ်ပြာမသန့်တဲ့သူက  ကောင်းသောအိပ်စက်ခြင်းဆိုတာကိုရနိုင်ပါ့မလားလို့လည်းတွေးမိပါတယ်
ကျန်းမာရေးကြောင့်  ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်  အိပ်လို့မရတဲ့သူတွေကတော့ ခြွင်းချက်ပေါ့နော်  ...

(ဒါပေမဲ့  တချို့သော လူတွေကလည်း ခပ်တည်တည်နဲ့ဘဲ  အိပ်ပျော်အောင်
 အိပ်နိုင်ကြမယ်ထင်ပါတယ်လေ.. ...။။  )

ကျမတော့ နူးညံတဲ့ခေါင်းအုံးလေးနဲ့ဘဲ  အမြဲတမ်းအိပ်စက်ခွင့်ရချင်တယ်.. ...။။

ပစ်ပစ်
Pm 10:23
12.10.2012




05 October 2012

မေ့ဆုတောင်း..

Posted by blackroze at Friday, October 05, 2012 10 comments

 ညအခါမှာ
လတစင်းလင်းပါလို့
သူ့အရောင်အဝါတွေက
ယှက်ဖြာလဲ့လဲ့
ကြဲဖြန့်ထားလေရဲ့
လေချိုမြူးတဲ့
ဒီညလေးထဲ
တေးသံ တိုးတိုး 
ဆိုညည်းပါလို့
လေအနွဲ့မှာ
ဆံနွယ်လေးတွေ
တလွင့်လွင့်နဲ့ရယ်…

ဒီလိုညချမ်းချိန်ခါ
ငွေလရိပ်မှာ
ချစ်သူပခုံးထက်
မှီနွဲ့ကာနေပါရစေ
ချစ်သူရင်ဘတ်
ပါးလေကပ်လို့
ရင်ခုန်သံ
တိုးသက်သက်လေး
ကြားပါရစေသား
စိတ်ထဲတိတ်တခိုး
ဆုပန်လို့
မျှော်ယောင်မှန်းဆ
စိတ်ကူးအလယ်
ပြုံးမိပါ၏…

မေချစ်ရပါသောချစ်သူရေ
မေ့နှလုံးသားလေးထဲ
ဝင်ကြည့်စေချင်ပါရဲ့လေ
မေ့အချစ်မေ့မေတ္တာနဲ့
ထွေးပွေ့ထားချင်ပါရဲ့လေ
လရောင်အလင်းနဲ့
လေပြည်ညှင်းကြောင့်
ချစ်သူအေးမှာ
မေ..စိုးလှတယ်…

လဆည်းဆာလေး
လဲ့လဲ့သာလို့
မေဆိုညည်းတဲ့
ချိုနွဲ့တေးသံ
ချစ်သူနားဆင်
ပျော်စေချင်၏ …

လရောင်အောက်ထဲ
နှစ်ကိုယ်ယှဉ်တွဲ
ပျော်ချင်လှပြီ..
မေဆုတောင်းတယ်
ဒီလရောင်ရယ်..
လင်းလှည့်ပါတော့ကွယ်..


ပစ်ပစ်..
am 2:00
10.8.2012
( လွန်ခဲ့တဲ့ နှစ်လလောက်ကရေးခဲ့တဲ့ကဗျာလေးဆိုပါတော့ )
pp
Pm 9:26   5.10.2012
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei