ကျမက တောင်တက်တာကို ဝါသနာပါတယ် ... ငယ်ငယ်တုန်းက ဆရာမဂျူး ရဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းမြူ ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာ ခါကာဘိုရာဇီ တောင် တက်ချင်တယ်လို့
စိတ်ကူးယဉ်ခဲ့ဖူးတယ် ။ဒါပေမဲ့ အဲဒီနှစ် စာမေးပွဲဖြေပြီး တဲ့ အချိန် ကျိုက်ထီးရိုးဘုရားဖူးသွားတော့
ရသေ့တောင်ကနေ ကားလမ်းအတိုင်း တက်တာတောင် တခြားသူငယ်ချင်းတွေနဲ့ တန်းတူယှဉ်မတက်နိုင်လို့နောက်ဆုံး မှ တောင်ပေါ် ရောက်ခဲ့ကထဲက ....
ကျမရဲ့ ခါကာဘိုရာဇီ တောင်တက်ချင်တဲ့ဆန္ဒကို
စိတ်ကူးတောင် ဆက်မယဉ်တော့ ဘဲ ချက်ချင်းစွန့် လွှတ်လိုက်ပါတယ် ။ လုပ်နိုင်မလားလို့ စိတ်ကူးယဉ်
နေရတဲ့အရ သာကတမျိုး မလုပ်နိုင်ဘူးဆိုတာ သိသိကြီးနဲ့ စိတ်ကူးယဉ်ရတဲ့ အရသာမတူပါဘူး ။ ဒါကြောင့်မို့ ကိုယ်မလုပ်နိုင်တဲ့ အရာကို စိတ်ကူးတောင် မယဉ်ပါနဲ့ ။ပိုပြီးစိတ်ပင်ပန်းရမှာ စိုးလို့ပါ ။
အဲဒီကထဲက တောင်တက်ခြင်းနဲ့ ကျမနဲ့  က ပြဒါးတလမ်း သံတလမ်း ဖြစ်သွားခဲ့တာပါ ။ ဟိုရက်ပိုင်းက
သူငယ်ချင်းတယောက်က အဖော်လာစပ်ပါတယ် ။ ကျမ နေတဲ့ ရပ်ကွက် ရဲ့ အစွန်ပိုင်းလို့ ပြောရ မှာပေါ့
အဲနားကတောင်ပေါ်မှာ ဘုရားတည်ထားတယ်တဲ့ ..ဗုဒ္ဓဘာသာဝင်တွေ စုပြီး စေတီ အသေးလေးတည်ထားတယ်..သွားဖူးရအောင်ဆိုတာနဲ့ သူငယ်ချင်းသုံးယောက် အဖော်စပ်ပြီး သွားဖြစ်တယ် ။ အိမ်နားက တောင်ဆိုပေမဲ့ အထင်မသေးပါနဲ့ ..တနာရီကျော်ကျော် လောက်တက်ရပါတယ် ။ အစပိုင်းကတော့ ကတ္တရာလမ်း အတိုင်းပေါ့ ...
နောက်တော့ မြေလမ်း ..နောက်တော့ လှေကားထစ် ပေါ့ ...ကျမတို့က အပိုင်းသုံးပိုင်း ခွဲပြီး
တပိုင်း မှာတကြိမ် နားပါတယ်... ။
တောင်ပေါ်ရောက်တော့စေတီကခပ်သေးသေးပါဘဲ ။ ရင်ပြင်တော် လေးကလည်း ခပ်သေးသေးလေးပါ။
နေရာအခက်ခဲကြောင့်ရော မြန်မာပြည်လို ပန်းရံ တို့ဘာတို့ လွယ်လွယ် ရှာမရတဲ့ နေရာ ဖြစ်နေတာလည်း ပါမယ်ထင်တယ် ..။ ဘုရားအရိပ်ဆိုတော့ ကျယ်တာ ကျဉ်းတာ
မဆိုင်ပါဘူး.. ရင်ပြင်တော် လေးမှာ ထိုင်လိုက်တဲ့ အချိန် အေးချမ်း သွားပါတယ် ...။
ဘုရား ရှိခိုးပြီးတော့ တောင်အောက်ပြန်ဆင်းလာကြတယ်... အတက်တုန်းက မောခဲ့သလောက်
အဆင်းကျတော့ အေးဆေးပါဘဲ ။ ကျမသူငယ်ချင်း တယောက်ဆို သူ့အရှိန်လေးနဲ့ သူ့ဘာသာ
ပြေးဆင်းသွားတာ တဖြတ်ဖြတ် နဲ့ ..အဆင်ကိုပြေလို့ ....။။။
ကျမ စဉ်စားမိတယ်...အတက်ခရီးမှာ ပင်ပင်ပန်းပန် အားစိုက်ခဲ့ရ သလောက် အဆင်းကျတော့
လွယ်လိုက်တာလို့ ။ဘဝဆိုတာလည်း အဲဒီလိုဘဲ ထင်ပါတယ် ။ အမြင့်ရောက်အောင် ကြိုးစားတက်
နေတုန်းကတော့ ကိုယ့်ကို လက်တွဲ ဖေးမ ခေါ်တယ် ဆိုတဲ့သူက သိပ်နည်းပါတယ် ။
ကိုယ့်ဘာသာ ကြိုးစားခဲ့ရတယ်... ။ဘယ်အသိုင်းအဝိုင်း ဘယ်လိုအနေအထား မှာဘဲ ဖြစ်ဖြစ်
မိမိကိုယ်တိုင် ကြိုးစား အားထုတ်မှု့ နဲ့ လှေကားထစ်တွေကိုတက်ခဲ့ရတယ် ။လူတယောက်နဲ့တယောက်
ဖြတ်သန်းလာရတဲ့ ဘဝအနေအထား တွေတူကြမှာတော့ မဟုတ်ပါဘူး ။ မိသားစု အသိုင်းအဝိုင်း ထောက်ပံ မှု့ ... မိတ်ဆွေ သူငယ်ချင်း များ ကူညီ မှု့ ကိုရခဲ့ကြတဲ့ သူတွေလည်း
ရှိမှာပါ ။ထောက်ပံ့ မှု့ တစုံတရာမရှိဘဲ ကိုယ့်ဒူး ကိုယ်ချွန် ကိုယ့်လမ်း ကိုယ်ဖောက်ခဲ့ကြတဲ့ သူတွေလည်း
ရှိမှာပါ ။
အတက်ဆိုတဲ့ ခရီးမှာတော့ ကိုယ်တိုင် အားစိုက်မှု့ အများကြီး နဲ့မှ လိုရာကို ရောက်ခဲ့ကြတယ်..
အတက်ခရီးဆိုတာ အဲတာပါဘဲ ။ ထိပ်ဆုံးလို့ သတ်မှတ် ထားတဲ့နေရာတခုကို ရောက်ဖို့ အတွက်
အချိန် တခုပေးရတယ် .. ကြိုးစားအားထုတ်မှု့ ပေးရတယ် ..လွယ်လွယ်နဲ့ ရောက်တဲ့ နေရာတခု
မဟုတ်တဲ့ အတွက် အရင်းနှီး စိုက်ခဲ့ရတာတွေ သိပ်များတယ် ။ အဲလိုတက်နေရင်းနဲ့ ကိုယ့်ကို ဖေးမလက်တွဲ ခေါ်ပေးခဲ့တဲ့သူလည်း တွေ့ နိုင်သလို ...ကိုယ်နဲ့ တန်းတူယှဉ်တက်နေရင်းနဲ့ မသိမသာ ဘေးတိုက် လိုက်တိုက် တတ်တဲ့ သူတွေလည်း တွေ့ နိုင်တယ် ။
ကူညီသလိုလို လက်တွဲသလိုလိုနဲ့ ကိုယ်လိုရာမရောက်အောင် မသိမသာ ဆွဲထားတတ်တဲ့ သူတွေ
နဲ့လည်း တွေ့နိုင်တာဘဲ ။ ကိုယ် အမြင့်ရောက်အောင် မောကြီးပန်းကြီး ကြိုးစားတက်နေတုန်း
ရေတခွက် လာတိုက်တဲ့သူလည်း ရှိနိုင်သလို ..မသိချင်ယောင်ဆောင် နေတတ်တဲ့ သူတွေလည်း ရှိမှာပါ ။
ကိုယ့်ခရီး စဉ်မှာကိုယ်သာလျှင် အဓိက ပါ ။ ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်ရင် ထိုက်တန်သလို
နေရာတခုရမှာပါ ။ ဒါပေမဲ့ ထိပ်ဆုံးဆိုတဲ့ နေရာမှာ အကြာကြီး ရပ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ...
အတက်ဆိုတာပြီးရင် အဆင်းဆိုတာ တလှည့်ပြန်ရောက်လာတတ်ပါတယ် ။ အတက်ကိုကြုံ ပြီးရင်
အဆင်းကိုလည်း ကြုံ မှာပါ ။ဒါက လူတိုင်းမလွဲမသွေ ရင်ဆိုင်ရမဲ့အရာပါ ။ တောင်တက်ပြီးရင် ပြန်ဆင်း
လာရသလိုပေါ့ ။
အတက်မှာ အားစိုက်ရသလောက် အဆင်းဆိုတဲ့ခရီးကျတော့ အားစိုက်စရာ မလိုတော့ပါဘူး..
အရှိန်က ပါနေပြီးသားဆိုတော့ သူ့အရှိန်လေးနဲ့ ထိန်းသွားရုံ အောက်ခြေကို တခါတည်း
ရောက်သွားတော့တာပါဘဲ ... အတက်ခက်သလောက် အဆင်းလွယ်သကိုးးးးး ။
ဆင်းတဲ့ အချိန် ကိုယ်က အရှိန်မထိန်းနိုင်ရင် ခြေခေါက်တောင် လဲနိုင်သေးတယ် ။ ဒီကြားထဲ
ကိုယ့်ခရီးက အဆင်းခရီး ဖြစ်နေတဲ့ ဟာကို ဘေးက လူက မသိမသာ တွန်းချလိုက်ရင် သွားရော ။
တခါတည်း ဆင်းစရာတောင်မလိုတော့ဘဲ လိမ့်ကျတဲ့ အခြေအနေ ဖြစ်သွားရော ။
အတက်ခရီးမှာ ပင်ပင်ပန်းပန်း အားစိုက်ပြီးတက်ဖို့ လိုသလို ..
အဆင်းခရီးမှာလည်း အရှိန်လေး ထိန်းပြီး ဆင်းတတ်ဖို့ လိုပါတယ် ..။။
ကျမတို့အသိထဲမှာ မိသားစု တစု ရှိပါတယ် ။ နိုင်ငံခြားမှာ နှစ်တော်တော်ကြာကြာနေပြီးမှ မြန်မာပြည်
ပြန်သွားကြတဲ့ မိသားစုဆိုပါတော့ ။အဖေနဲ့ အမေက လခ ကောင်းတဲ့ နေရာမှာ နှစ်ပေါင်း
အတော်ကြာ လုပ်ခဲ့တဲ့ သူတွေ ဆိုတော့ တော်တော်လေးလည်း စုမိဆောင်းမိရှိကြတယ် ။
ရတဲ့ပိုက်ဆံ ပစ္စည်းဝယ်သိမ်းကြတဲ့သူတွေ ဖြစ်နေတော့ ငွေတန်ဖိုးထက် ပစ္စည်း တန်ဖိုးက
မြင့်တက်လာတဲ့ခေတ်မှာ ကျိကျိတက် ချမ်းသာတယ် မဟုတ်ပေမဲ့ လူချမ်းသာစာရင်းဝင်ခဲ့ကြပါတယ် ။
ကန်ထရိုက်တိုက်တွေဆောက်တာခေတ်စားလာကြတဲ့ အချိန်မှာ သူတို့ဝယ်ထားတဲ့ တိုက်ခန်းတွေ
တော်တော် များများ ရှိခဲ့တယ်ဆိုပါတော့ ။ ဒါကသူတို့မိသားစု ရဲ့ ဘဝခရီး အတက်လမ်းဆိုပါတော့ ။ ပတ်ဝန်းကျင်က သူတွေ သူတို့ မိသားစု ကို တော်တော်လေး အားကျခဲ့ကြတယ် ။
ဘဝရဲ့ သဘောတရား အရ အတက်ပြီးတော့ အဆင်းဖြစ်လာတယ် ။အဆင်းခရီးမှာလည်း တရိပ်ရိပ်
ပါဘဲ ။လုပ်ငန်းကအရှုံးပေါ်လိုက် မိသားစု ပြသနာ ဖြစ်လိုက် ကားတိုက်မှု့ ဖြစ်လို့ လျော်ရတာနဲ့ ဝယ်ထားတဲ့ တိုက်ခန်းတွေ တခန်းပြီးတခန်း ... ပြန်ရောင်း
ရတော့တာပါဘဲ ။ ပိုဆိုးတာက သူတို့ တိုက်ခန်းတွေ မြေကွက် ဝယ်ထားတာ တွေ ရောင်းလို့ ကုန်သလောာက် ရှိမှ အိမ်ဈေးတွေ မြေဈေးတွေက နဂိုရှိရင်းစွဲဈေးထက် တရိပ်ရိပ်နဲ့ ထိုးတက်လာတော့တာပါဘဲ ။ သူတို့ မိသားစုရဲ့ အဆင်းခရီး
ကျတော့ ဘယ်သူမှ တွန်းချတာ မဟုတ်ပါဘူး ..သူတို့ဘာသာ အရှိန်မထိန်းဘဲ တရှိန်ထိုးဆင်းသွား
တာပါ ။ သားသမီးတွေ မလိမ္မာ တာရော... မိသားစု အသုံးအဖြုံး ကြီးတာရော ..လောင်းကစားကိစ္စ တွေလည်းပါတာပေါ့လေ ။
ကံကြမ္မာက ကျီစားလိုက်တာပါသွားတော့ ပိုဆိုးသွား တာပေါ့ ။
ဈေးတက်လာမယ်ထင်ပြီး ဝယ်လိုက်တဲ့ ပစ္စည်းတွေက မတက်ဘဲ ..ရောင်းလိုက်တဲ့ ပစ္စည်းတွေက
ဈေးတက်လာတော့ သူတို့ အဖို့ အကျနာသွားတယ် ။
လူတယောက်ရဲ့ ဘဝအတက်နဲ့ အဆင်းဆိုတဲ့ ခရီးဟာ ..မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု့ နဲ့ ပတ်သက်သလို ကံတရားနဲ့ လည်း သက်ဆိုင်နေတယ်လို့ ကျမစဉ်းစားမိတယ် ။ဆင်ကျီစားရာ ဆိတ်မခံသာ ဆိုသလို ဘဲ ကံတရား ကျီစားမှု့ ကိုလည်း ကျမတို့လူသားတွေ မခံနိုင်ပါဘူး ။
လူဆိုတာက တနေ့ဘာဖြစ်မယ်ဆိုတာကို ကြို မသိနိုင်ကြပါဘူး ။အနာဂတ်ကိုသာ ကြိုမှန်းဆ
နိုင်ရင် အရှုံးဆိုတာ မရှိတော့ပါဘူး ။အနာဂတ်ကို မမြင်နိုင်တဲ့ လူသားတွေဆိုတော့လည်း
ကံကောင်းပါစေလို့ ကိုယ့်ဘာသာကိုယ်ဆုတောင်းရုံဘဲရှိတော့ပါတယ် ။
မမြင်ရတဲ့ကံတရားက အလဲထိုးလိုက်လို့ ဘဝတခုလုံးနာလန်မထူနိုင်ဘူးဖြစ်သွားတာတွေလည်း အများကြီးရှိပါတယ် ။
ချမ်းသာခြင်းဆင်းရဲခြင်း ဆိုတာကလည်း အတိတ်ဘဝရဲ့ ကုသိုလ်ကံ အကျိုးပေးနဲ့လည်း
အများကြီး သက်ဆိုင်သလို လက်ရှိဘဝရဲ့ ကြိုးစား အားထုတ်မှု့နဲ့လည်း သက်ဆိုင်တယ် ။
လူတယောက် တိုးတက်ကြီးပွားဖို့ဆိုတာက ကံ ညဏ် ဝိရီယ ဆိုတဲ့ အကြောင်းအရာသုံးခု နဲ့တိုက်ရိုက်
အချိုးကျပါတယ် ။ကံဆိုတာက အတိတ်ဘဝရဲ့ အကျိုးဆက်.. ညဏ်ဆိုတာက ကိုယ်ရဲ့ ပင်ကိုယ်အရည်အချင်း
ဝိရီယ ဆိုတာက ကိုယ်ရဲ့ ကြိုးစားအားထုတ်မှု့ ...ဒီသုံးခု အကြောင်းတိုက်ဆိုင်မှသာလျှင်
အောင်မြင်တဲ့ဘဝတခုကို ပိုင်ဆိုင်နိုင်မှာပါ ။
ဘဝဆိုတာက ဆူညောင့်ခလုတ် ရွှံညွှန် တွေနဲ့လည်း ပြည့်နေတတ်တယ် ။
ချောက်ကမ်းပါး သဲကန္တာရ လိုလည်းဖြစ်နေတတ်တယ် ။
သာယာလှပတဲ့ ပန်းခင်း လည်းဖြစ်နေတတ်တယ် ။
ကြယ်ရောင် လရောင်နဲ့ အေးမြ လင်းလက်နေတာမျိုးလည်း ဖြစ်နေတတ်တယ် ။
လူတိုင်းရရှိထားကြတဲ့ ဘဝတွေကတော့ တူညီမှာ မဟုတ်သလို
ပြီးပြည့်စုံ နေတဲ့ ဘဝဆိုတာလည်း မရှိပါဘူး ။ တခုမဟုတ်တခု လိုအပ်နေကြတာကြီးပါဘဲ ။
အခက်ခဲတခုကို လွယ်လွယ်နဲ့ အရှုံးပေး လိုက်တာထက် .... သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်ပါ ။
တချို့အရာတွေက စိတ်ဓါတ်ကြောင့် အောင်နိုင်သွားတာတွေ ရှိပါတယ် ။
ကိုယ့်ဘဝမှာ ကိုယ်သာ လျှင် အရာရာကို ဖန်တီးနိုင်သူပါ ။
ကိုယ်သာ လျှင် ပဲ့ကိုင်သူ ပါ ။ မိမိ ကိုယ်ကို ယုံကြည့်မှု့ အပြည့်ထားပါ ။
လူတိုင်း ကံတရားရဲ့ဖေးမှု့ကို ရရှိပြီး ပင်ကိုယ်အရည်အချင်း ကြိုးစားအားထုတ်မှု့ အပြည့်နဲ့ ဘဝရဲ့ အတက်ခရီး ဘဲဖြစ်ဖြစ် အဆင်းခရီးဘဲဖြစ်ဖြစ် လိုရာ ခရီးကို အဆင်ပြေစွာ ရောက်ရှိနိုင်ကြပါစေ ...။။။။။
ပစ်ပစ်
Am 2:42
7.8.2014
2 comments:
ညီမလေးနဲ့ အစ်မ အတွေးတူတယ်... အယူအဆတူတယ်.. :) :)
တောင်တက်ရတာတော့ကောင်းပါတယ် ပင်ပန်းလွန်းလို့ မတက်ဖြစ်ဘူး
ငယ်ငယ်ကတောင်ပေါ်တက်ပြီး ပင်စိမ်းသီးတွေကောက်လို့ အရိုက်ခံရဖူးတယ်....
အခက်ခဲတခုကို လွယ်လွယ်နဲ့ အရှုံးပေး လိုက်တာထက် .... သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်ပါ ။
တချို့အရာတွေက စိတ်ဓါတ်ကြောင့် အောင်နိုင်သွားတာတွေ ရှိပါတယ်-----အရမ်းကိုကောင်းတဲ့ အက်ဆေးလေးအတွက်ကျေးဇူးပါ ပစ်ပစ်ရေ
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..