လောကတွင် ကျမဖြတ်သန်းခဲ့တဲ့အနေအထားတလျှောက်မှာ လူသုံးမျိုး ခွဲခြားခဲ့ဖူးသည် ။ အကောင်းမြင်သမား
ဘယ်အရာကိစ္စ ကို မဆို မျှတသောစိတ်ထား အမြင်နဲ့ ကြည့်ပေးတတ်သူ ။
အဆိုးမြင်သမား
ဘယ်ကိစ္စမဆို အဆိုးမြင်ဝါဒဖြင့်သာကြည့်တတ်ပြောတတ်သူ ။
ဝေဖန်ရေးသမား
ဝေဖန်ရေးသမားထဲမှာတောင်မှ နှစ်မျိုး နှစ်စား ခွဲရမယ်ထင်တယ် ။တမျိုးကတော့ တွေ့တာ မြင်တာကို
ဝေဖန်တတ်တဲ့သူ သူမြင်တဲ့ ရှု့ ထောင့်ကနေ ဝေဖန်တတ်တာမျိုးပေါ့ ...နောက်တမျိုးကတော့
သူတို့စိတ်နဲ့ နှိုင်းပြီး လိုက်ဝေဖန်တတ်တဲ့သူ ..။
ကျမပြော ချင်တာက သူတို့စိတ်နဲ့နှိုင်းပြီး ဝေဖန်တတ်တဲ့သူများကိုပါ ။ လူချင်းမတူပါဘူး..
အသက်ရှု ချင်းလည်းကွဲပါလိမ့်မယ်..ကော်ဖီကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်းရှိပါတယ် ။
လူတယောက်နဲ့တယောက် ဖွဲ့စည်းပုံ မတူသရွေ့ ခံစားအသက်ရှင်ပုံလည်း မတူပါဘူး ။
အဓိကတော့ ကိုယ်ဟာ သူမဟုတ်တဲ့အတွက် သူ့လိုခံစားချက်မရှိနိုင်ပါဘူး ..
အဲတာကို ကိုယ်စိတ်နဲ့ လိုက်ညှို့ ပြီးဝေဖန်နေမယ်ဆိုရင် ..
ဒီ ဆက်ဆံရေး ကဘယ်လိုလုပ်အဆင်ပြေနိုင်တော့မလည်း ။
လူဆိုတာ အတ္တစွဲ ရှိတတ်ကြတဲ့ အမျိုးပါ ၊ ပုထုဇဉ်မှန်ရင် အတ္တ ဆိုတာနဲ့မကင်းကြပါဘူး ။
ဝေဖန်ရေးဆိုတာကတော့ မရှိမကောင်းရှိမကောင်းလို့ ပြောရင်လည်းရပါတယ် ။ အတ္တကင်းတဲ့
ဝေဖန်ခြင်းမျိုးတော့ ဖြစ်ဖို့လိုတာပေါ့နော် ၊ငါနဲ့မတည့်လို့ကတော့ တွယ်ခံရပြီသာမှတ်ဆိုတဲ့
စိတ်ထားနဲ့ဆိုရင်တော့ ဒါ ဝေဖန်မှု့မဟုတ်တော့ဘူး..တိုက်ခိုက်မှု့ ဖြစ်သွားပီ...။
ကိုယ်လုပ်တဲ့အကြောင်းကိစ္စ တခုက အကောင်းလားအဆိုးလားဆိုတာ ကိုယ်တိုင်ထက်ဘေးလူက
ပိုသိတယ် ပိုမြင်နိုင်တယ် ၊ဒါကြောင့် အမှားအမှန် အကောင်းအဆိုးကို ထောက်ပြ ပေးတဲ့ဝေဖန်မှု့ဆိုတာ
ရှိကိုရှိရမယ် ။လိုလည်းလိုအပ်တယ် ။ တခုဘဲ သမာသမတ်ကျတဲ့ဝေဖန်ထောက်ပြမှု့ တခုဖြစ်ဖို့ပါဘဲ။
ကိုယ့်အမြင်နဲ့ မတူတိုင်း ပုတ်ခတ်တာမျိုး ...ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါ ထောက်ပြသလိုလိုနဲ့
အသုံးမကျဘူးဆိုတဲ့အကြောင်း တလောကလုံးကကို လိုက်ပြောတတ်တာမျိုး ငါ့မဟုတ် ငါ့အဖွဲ့စည်း
မဟုတ်တဲ့ အတွက် မကောင်းဘူးဆိုတာကြီးဘဲ တွင်တွင်ပြောတာမျိုး...ဒီလိုလုပ်ရပ်တွေကို ဝေဖန်တာလို့
သတ်မှတ်လို့မရတော့ဘူး ... ဒါဟာအောက်ကျတဲ့ အကျင့်စရိုက် ကို ဖော်ပြတဲ့ လုပ်ရပ်...
ကျမတော့အဲလို ဘဲသတ်မှတ်တယ် ။
တချို့က ကိုယ်က မနက်စာ ဆို မုန့်ဟင်းခါးစားရတာကြိုက်တယ် ။ ကိုယ့်ဘာကိုယ်စားချင်တာစားပေါ့ ။
သူများက မနက်စာကို ကော်ဖီနဲ့ပေါင်မုန့် စားရတာကြိုက်ရင် ကြိုက်မှာပေါ့..အဲတာကို မှ ကိုယ်စားတာသူများ
မကြိုက်လို့မစားတိုင်း ကော်ဖီနဲ့ ပေါင်မုန့်မှစားတာ ဘိုစာဘဲစားတာဆိုပြီး မကောင်းမပြော သင့်ဘူးပေါ့ ။
လူတယောက်ပြောလိုက်တဲ့ စကား လုပ်လိုက်တဲ့အပြုအမူ တခုကို ကိုယ့်အတွေးနဲ့ ထင်တာစွတ်ပြောတာမျိုး
ရမ်းသမ်းပြီး ပါးစပ်သေနတ်ပြစ်တာမျိုး ကျမတော့ အဲလိုလူတွေကို တကယ်အံသြတယ်.. သူများကိစ္စကို
ဘုမသိဘမသိ အထင်နဲ့ ပြောနေတဲ့ လူတယောက်ကိုလေးစားဖို့ဆိုတာ တော်တော်ခက်ပါတယ် ။
တကယ်သေချာသိတယ် ။ အစကနေအဆုံး ရေရေလည်လည် သဘောပေါက်တယ် ..ဒီလိုအနေအထား
ကနေ ဝေဖန် တယ်ဆိုတာ လက်ခံပေးလို့ရတယ်...။အဲလိုဝေဖန်တယ်ဆိုတဲ့နေရာမှာတောင် ငါစွဲကင်းတဲ့
ဝေဖန်မှု့မျိုး ဖြစ်ဖို့လိုအပ်ပါသေးသည် ။ငါကတော့ ဒီလိုအနေအထားဆို လုံးဝလက်မခံဘူး..ဟုတ်ပါတယ်..
ကိုယ့်ဘဝ ကိုယ် ပိုင်ပါတယ်။ ကိုယ်ကြိုက်သလိုဆုံးဖြတ်လို့ရပါတယ် ။ဒါပေမဲ့ ငါ မဟုတ်တဲ့ တခြားတယောက်ကိုတော့ငါဆိုတဲ့ စိတ်ထဲက အတွေးနဲ့ခံစားချက်နဲ့ လိုက်တန်းညှိုလို့မရပါဘူး ။
သူဟာသူ ...ငါဟာငါ ...ပါ ။ မတူညီပါဘူး ။
အရင်ကဆိုရင် တော့ လဘက်ရည်ဆိုင်မှာ လဘက်ရည် သောက်ရင်း ပြောကြ ဆိုကြ ဆွေးနွေးကြ ဝေဖန်ကြပေါ့ ။
နောက်တော့ ခေတ်တွေစနစ်တွေ ပြောင်းလာတော့ လဘက်ရည်ဆိုင်နေရာမှာ facebook ကအစားထိုးနေရာယူလာတယ်။
သတင်းတခုတက်လာရင် ဝေဖန်မဲ့ ဆရာကြီးတွေက အွန်လိုင်းကိုကြွချီ ပြီး စကားစစ်ထိုးဝေဖန်ကြပါတယ်။
အကြောင်းအရာခိုင်ခိုင်လုံလုံ အချက်အလက်နဲ့ ပြောကြဆိုကြတာ ရှိသလို ပြောချင်တာပြော ကိုယ့်ကိုသူများသိတာမဟုတ်ဘူးလေ ဆိုပြီးရင့်ရင့်သီးသီး တိုင်းထွာဆဲတာတွေပါ ပါလာပါသည် ။
လူတယောက်မှာ intelligence quotient (IQ) ရှိဖို့လိုအပ်သလို emotional quotient (EQ) ဆိုတာလည်းရှိဖို့လိုအပ်ပါသည်။စကားပြောတယ်ဆိုတဲ့ နေရာမှာတောင် ပြောသင့်တဲ့စကား..
ပြောသင့်တဲ့နေရာ ပြောသင့်တဲ့အချိန်ဆိုတာ ရွေးချယ်ရပါသေးသည် ။အချိန်အခါ ကာလံဒေသံ ဆိုတာ ရှိပါသေးသည် ။ကိုယ်တိုင်တောင် ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းချုပ်နိုင်ဘဲ
ရေးချင်တာရေး ပြောချင်တာပြော စိတ်ထဲထင်သလိုနဲ့ လိုက်ဝေဖန် အပြစ်ပြောတတ်တဲ့ သူမျိုးကို
ဘယ်လိုသတ်မှတ်မလည်း ။ကြမ်းကျွံတာ နှုတ်လို့ရပေမဲ့ စကားကျွံတာက နှုတ်လို့မရတော့ပါဘူး..။
ကိုယ့်နှုတ်ကထွက်တဲ့စကားတခွန်းက ကိုယ့်ရဲ့ တန်ဖိုးကို ဖေါ်ပြတတ်ပါသည် ။ကိုယ်ရဲ့ မဆင်မခြင်
ပြောလိုက်တဲ့ စကားတခွန်းကြောင့် သူတပါး ထိခိုက်သွားတာ မကောင်းသလို..ကိုယ် တိုင်လည်း
ဒီစကားကဖေါ် ပြလိုက်တဲ့ တန်ဖိုးတခုကို ပြန်သတ်မှတ်ခံရမှာပါ ။
ဥပမာ ..ပြောရရင်
ကိုယ့်သူငယ်ချင်းထဲမှာ နွမ်းပါးတဲ့သူငယ်ချင်းတယောက်ပါတယ်ဆိုပါတော့ ..တနေ့ သူဝတ်လာတဲ့
အကျီနွမ်းလေးကို ကြည့်ပြီး မင်းအကျီကလည်း စုတ်ပြတ်နေတာဘဲကွာလို့ ...ပြောလိုက်တဲ့ စကားတခွန်းက အဲဒီသူငယ်ချင်းရဲ့ စိတ်ကို ဝမ်းနည်းထိခိုက်စေမှာ အသေအချာ ဘဲ..
ကိုယ်ပြောတာကို ကြားလိုက်ရတဲ့ တခြားသူတွေကရော..ဘယ်လိုပြောမလည်း ဒီကောင်တော်တော်
မောက်မာတာဘဲ...သူများ အကျီစုတ်တာတောင် လိုက်ဝေဖန်နေတယ်..သူ့ဘာသာ အဆင်မပြေလို့
အဝတ်အစားမတောက်ပြောင်တာကို နှိမ်ပြီးပြောနေတယ်..ဆိုပြီး ကိုယ့်ကို စိတ်ဓါတ်အဆင့်အတန်း မရှိသူ လို့ သတ်မှတ်တာကိုပြန် ခံရမှာပါ ။
တကယ်တော့ စကားဆိုတာ ပြောတိုင်းလည်း မကောင်းပါဘူး ။ အသိညဏ်နဲ့ ဘောင်ခတ်ပြီး
ကိုယ်ချင်းစာတရားနဲ့ စီစစ်ပြီး ပြောတာအကောင်းဆုံးပါ ။ မြတ်စွာဘုရားရဲ့တရားတော်ထဲမှာပါတဲ့
သုဂတော ဆိုတဲ့ ဂုဏ်တော်ဟာ ကောင်းသော စကားကိုဆိုသော မြတ်စွာဘုရား
မှန်ကန်၍ အကျိုးရှိသော စကားကိုဆိုတော် မူသော မြတ်စွာဘုရားလို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုပါတယ် ။
(ဒီထက်ပိုပြီး တော့ ပြည့်စုံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလည်း ရှိမှာပါ ။ကျမ က ကျမ ဖတ်ဖူးတာကိုဘဲ
ထည့်ရေးထားတာပါ ၊)တရားတော်မှာတောင် စကားတလုံးရဲ့တန်ဖိုး ...စကားတခွန်းရဲ့ အရေးပါပုံကို
ရေးသားထားတာ ဖတ်ရတယ် ဆိုကထဲက စကားဆိုတာဆင်ခြင်ထိန်းသိမ်းပြောသင့်တဲ့ အရာတခုလို့
ကျမက သတ်မှတ်ပါသည် ။တယောက်ကိုတယောက်ခင်မင်လို့ စနောက်တယ်ဆိုတာ
ရင်းနှီးမှု့ အနေအထားအရ နားလည် လက်ခံပေးလို့ရပါသည် ။
ဒါပေမဲ့လည်း ပေါ့ ...တချို့ သောစကားတွေ ကတော့ အလွယ်သဘော ပြောလို့ မရကောင်းဘူးလို့
ထင်ပါသည် ။ အထူးသဖြင့်ကိုယ့်နှုတ်က ထွက်လိုက်တဲ့ စကားတခွန်းကြောင့် သူတပါးကို မထိခိုက်စေ
တာအကောင်းဆုံးပေါ့။ကိုယ့်စိတ်နဲ့ သဘောမတွေ့တိုင်း ..ပြောလိုက်ရမှ ကျေနပ်တယ်လို့
ကိုယ့်ဘာသာခံစားမိနေရင် တော့...သေချာပါပြီ..သင်ဟာ EQ မကောင်းတဲ့သူပါ ဘဲ...
EQ မကောင်းတဲ့ သူတွေဟာ အညံစား ဝေဖန်ရေးသမားတွေ ဖြစ်နေတတ်သည် ။ဆိုင် ဆိုင် မဆိုင်ဆိုင်
ပေါက်လွတ်ပဲစားပြောသလို ပြောနေတတ်တဲ့ သူတွေ ဖြစ်နေတတ်သည် ။
ကိုယ့် emotion ကို ကိုယ့်ဘာကို မထိန်းနိုင်ဘဲ စိတ်ထဲ သဘောမတွေ့တိုင်း ... ပြောရမှ ကျေနပ်တဲ့
သူတွေရဲ့ ပါးစပ်က ထွက်လာမဲ့ စကားတခွန်းဟာ ဘယ်လိုစကားဘဲဖြစ်နေမလည်းဆိုတာ
ခန့်မှန်းကြည့်လိုက်ရုံနဲ့တင် ရပါပြီ ။အကောင်းအဆိုးဆိုတာထက် သူတို့တွေက သူတို့ အထင် သူတို့ အတွေးနဲ့ သူတို့ဘာသာ သတ်မှတ် ဆုံးဖြတ် ပြီး ပြောလိုက်ရမှ ကျေနပ်တဲ့သူတွေလေ ။အဲလို လူတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သူတို့စိတ်နဲ့ သူတို့ဘာသာတယောက်ထဲ ပြန်ရန်ဖြစ်နေတတ်သည် ။ တကယ်တော့ လူ့ အသိုင်းအဝိုင်းဆိုတာလည်း
အပြန်အလှန် လေးစားမှု့နဲ့ ဆက်ဆံရတာ မျိုးပါ ။ကိုယ့်နှုတ်ကထွက်တဲ့ စကားတိုင်းကို
လူတိုင်း တန်ဖိုးထားတာ လိုချင်ရင် ကိုယ်တိုင်ကလည်း တန်ဖိုးရှိတဲ့စကားမျိုး ဘဲပြောဖို့ လိုတာပေါ့နော် ။
အလကားရတဲ့လေနဲ့ စကားပြောတာ ဆိုပေမဲ့ လည်း ကိုယ်ပြောတဲ့ စကားရဲ့တန်ဖိုးဟာ..ကိုယ့်တန်ဖိုးပါဘဲ... တခုတော့ ရှိတာပေါ့နော်.. ပါးစပ်ကဘုရားဘုရား လက်ကကားယားကားယား တော့ မဖြစ်စေနဲ့ပေါ့ ..... ။။။။။။
ပစ်ပစ်
PM 11:49
20.6.2015

1 comments:
ဟုတ်တယ် ပစ်ပစ်ရေ----စကားကပြောတိုင်းမကောင်းဘူး။
ကိုယ့်နှုတ်ကထွက်တဲ့ စကားတိုင်းကို
လူတိုင်း တန်ဖိုးထားတာ လိုချင်ရင် ကိုယ်တိုင်ကလည်း တန်ဖိုးရှိတဲ့စကားမျိုး ဘဲပြောဖို့ လိုတာပေါ့။ သိပ်မှန်တာပေါ့ကွယ်။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..