05 June 2015

ရွေ့လျားပြောင်းလဲ ..ခြင်း

Posted by blackroze at Friday, June 05, 2015
ကျမတို့ ငယ်စဉ်ကလေးဘဝတုန်းက ပုံပြင်သိပ်ကြိုက်တယ်... အိမ်က အဘိုးအဘွား ဒါမှ မဟုတ်
ကြီးတော် တွေက ပုံတိုပတ်စ ကလေးတွေ  ..သမိုင်းတွေရာဇဝင်တွေ ထဲက ဘုရင်အကြောင်းတွေ
တခါတလေ စိတ်လိုလက်ရပြောပြရင် အရမ်းသဘောကျတယ် ..
စိတ်ထဲမှာလည်း ပုံပြင်ထဲက ကြားရတာတွေကို မြင်ယောင်မိလို့ ...ပုံပြင်နားထောင်ရတာကိုက
အရသာတမျိုး လို ခံစားမိနေတာ ...
ဘာလို့လည်းဆိုတော့  ကိုယ်တိုင်ဘာမှ မဖန်တီးနိုင်သေးတဲ့အရွယ်မှာ သူများပြောပြမှသာ သိရတာကိုးးး
စာသေချာ မဖတ်တတ်သေးဘူး...အဲဒီတော့ ကာတွန်းစာအုပ်တွေ ပုံပြင်စာ အုပ်တွေကိုယ့်ဘာသာ
မဖတ်တတ်ဘူး..တယောက်ယောက်ကဖတ်ပြ မှ သာ သိရတာ.. အဲဒီတော့ ပုံပြင်ပြောပြတာတို့
ကာတွန်းစာအုပ်ဖတ်ပြတာတို့ ဆိုရင် သိပ်သဘောကျမိတယ်...။

အဘွားပြောပြရင်တော့ ဂျပန်ခေတ်က အကြောင်းတွေပေါ့ ။အဘွားငယ်ငယ်က ဂျပန်ခေတ်ကို
ကလေးဘဝနဲ့ ကောင်းကောင်းမီပါတယ်... သူတို့ငယ်ငယ်က ညဘက်ဆို ဗုံးခိုကျင်းထဲ
ဝင်အိပ်ရတယ်တဲ့ ။အဘွားရဲ့ အမေက အိမ်မှာဈေးဆိုင်ဖွင့်ရောင်းပါတယ် ။ဂျပန်တွေ
ဈေးလာဝယ်ရင် ကလေးတွေက ကြောက်လို့ အိမ်ထဲဝင်ပုန်းနေကြတယ်ဆိုတာတွေ ..
ကျမတို့မသိလိုက်တဲ့ခေတ်တခေတ်ရဲ့ အကောင်းအဆိုးတွေကိုအဘွားပြောပြ လို့ နားထောင်ခဲ့ရပါတယ် ။
လွတ်လပ်ရေးရပြီလို့ ရေဒီယိုကနေကြေငြာတဲ့အခါမှာ အဘွားတို့ တရွာလုံး ငိုခဲ့ကြတာတဲ့ ။
လူကြီးတွေက ငိုတော့ အဘွားတို့ ကလေးတွေလည်း ဘာမှန်းမသိညာမှန်းမသိလိုက်ငိုကြတာတဲ့ ။
ကျမတို့ အခုခေတ်လူငယ်တွေမသိလိုက် မမြင်လိုက်ရတဲ့ မြင်ကွင်းတွေကို အဘွားစကားတွေ
နားထောင်ပြီးကျမငယ်ငယ်က ကြားခဲ့ရဘူးသည် ။

နောက်တော့ အတန်းကျောင်းလေးစတက်ရတော့  ကာတွန်းစာအုပ်လေးတွေ ..မိုးသောက်ပန်းစာအုပ်တို့ ရွှေသွေး စာစောင်တို့ကို စာလုံးပေါင်းဖတ်တတ်လာတယ် ။
ကာတွန်းထဲမှာဆိုရင်လည်း မောင်ဒီလုံး ၊ဇီးတော်ပွင့်၊ ဘနဲ့ဖွားစွာ  ..အစရှိတဲ့ကာတွန်းစာအုပ်လေးတွေ ကို စာလုံးပေါင်း ဖတ်တယ်..
စာဖတ်တာ သွက်အောင်ဆိုပြီး အိမ်ကလူကြီးတွေက ဇာတ်ကြီးဆယ်ဘွဲ့ စာအုပ် ဝယ်ပေးတယ်..
တနေ့နည်းနည်းချင်းဖတ်တယ်..အဲလိုနဲ့ တေ ၊ဇ ၊ သု ၊နေ ၊မ ၊ဘူ ၊စန် ၊ဒါ ၊ဝိ ၊ဝေ  ..ဆိုပြီး
ဇာတ်ကြီးဆယ်ဘွဲ့ကို သိလာတယ်... (အခုခေတ်ကလေးတွေကတော့ ဇာတ်ကြီးဆယ်ဘွဲ့ ကို
သိမယ်မထင်တော့ပါဘူး ..သိတဲ့ကလေးများလည်း ရှိနိုင်ပါသေးတယ်လို့ မျှော်လင့်ပါတယ် ) ။

အဲလိုအတန်းကျောင်းလေး စတက်လို့ သုံးလေးတန်း အရွယ်ရောက်လာတဲ့ အခါမှာ ..

ပဲနွယ်ပင်ကရှည်ထွက်လာပြီး မင်းသားလေးကို တင်ပြီး လမင်း စီကိုတက်သွားတယ်ဆိုတာတို့ ...
မိကျောင်းကြီးက မင်းသားလေးကို ပါးစပ်ထဲငုံပြီးမြစ်ကို ဖြတ်ကူးသွားတယ်ဆိုတာတို့ကို ပုံပြင်ထဲက
ဇာတ်လမ်းအဖြစ်နဲ့သာ လက်ခံမိတော့တယ်  ။ပြောရရင်တော့  ကိုယ်တိုင်စာဖတ်တာ များလာတဲ့ အခါမှာ
ကလေးတယောက်ရဲ့ အသိညဏ်လေးနဲ့ လည်း သြော်..ဒါဟာပုံပြင်ဇာတ်လမ်းပါလားလို့ စဉ်းစားမိလာ
တာပါ ။စာဖတ်ခြင်းက အသိညဏ်ကို တိုးစေတယ်ဆိုပြီးပြောချင်တာပါ ။

ကျမတို့ငယ်စဉ်တုန်းက နွေရာသီကျောင်းပိတ်ရက်မှာ  ဗုဒ္ဓဘာသာသင်တန်းဆိုပြီး ဘာသာရေး
သင်တန်းလေးတွေ ဖွင့်ပြီး သင်ပေးပါတယ် ။ တက်ချင်တဲ့ကလေးတွေ စာရင်းပေး ..ပြီးရင် တပါတ်ကို
သုံးရက် နေ့လည်ဘက် ကျောင်းမှာ စာသင် သွားသလိုဘဲ စာအုပ်လေးတအုပ်ခဲတံလေးတချောင်း
ယူပြီးသွားရတာပါ ။သင်ပေးတဲ့ဆရာမက  ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားစာတွေ သင်ပေးတယ်..
နောက်ပြီး ဘုရားဇာတ်နိပါတ်တော် တွေ ပြောပြတယ် ... ငါးပါးသီလ  ရှစ်ပါးသီလ ဆောက်တည်တဲ့
ကောင်းကျိုး တွေ  သီတင်းကျွတ် မီးထွန်းပွဲ ဘာကြောင့်ဖြစ်လာတယ်ဆိုတာတွေ ..မိဘရိုသေခြင်းရဲ့
အကျိုးကျေးဇူး..မိဘ ကိုအလုပ်အကျွေးပြု တဲ့ သုဝဏသာမ သတို့သားအကြောင်း ပြောပြတယ်..
ကလေးတွေကို ဘာသာရေးနဲ့ ရင်းနှီးအောင် ..လိမ်မာယဉ်ကျေးတဲ့ သူတွေဖြစ်အောင် အထောက်အကူပေးတဲ့  နွေရာသီ သင်တန်းလေးတွေပေါ့ ။(အခုတော့အဲလိုသင်ပေးတာတွေ မရှိကြတော့ပါဘူး ...ကလေးတွေလည်းနွေရာသီမှာ ဂိမ်းဆိုင်ရောက်ကုန်ပါတယ် )

နေ့လည်ဘက် သင်တန်းအချိန်မှာ ကျောင်းသားမိဘ တချို့တွေကလည်း အာဟာရဒါန လုပ်ပါတယ်။
နေ့လည် သာကူကျို လာကျွေးတာမျိုး .. မုန့်လက်ဆောင်း  လာတိုက်တာမျိုးပါ ။နွေရာသီသင်တန်းဆိုတော့
လာတက်တဲ့ကလေးကလည်း မများလှပါဘူး ၊ လာကျွေးရတဲ့ ကျောင်းသားမိဘ
တွေအဖို့လည်း ကရိကထမများ လှပါဘူး..အိုးလေးတအိုးယူလာ ကလေးတွေကို တယောက်တပန်းကန်
ထည့်ပေးရုံပါဘဲ  ..တခါတလေ ဖီးကြမ်းငှက်ပျောသီးကျွေးပါတယ်...ကျမတို့ တွေလည်း မုန့်စားရတယ်ဆိုတော့  သင်တန်းသွားရမှာ မပျင်းကြတော့ဘူးပေါ့ .. နွေရာသီသုံးလကို အမြဲတမ်း
ဖွင့်ပါတယ်.. အဲလိုဗုဒ္ဓဘာသာသင်တန်းတက်ပြီးသွားရင် တက်တဲ့ကလေးတွေအားလုံး ငါးပါးသီလ ရှစ်ပါးသီလခံတတ်သွားသည် ။ငါးပါးသီလဆိုတာဘာလည်း ရှစ်ပါးသီလဆိုတာဘာလည်း
 သေချာသိသွားပြီ ။ဘုရားရှိခိုးမေတ္တာပို့တွေကို ဂျောင်းဂျောင်းပြေးအောင် ရွတ်တတ်သွားပြီ ။
အခုခေတ်ကလေးတွေက အဲတာတွေ မသိတော့ပါဘူး..အိုပါး  ...အိုမား ...အာပုကျိ ..ဆိုတဲ့
ကိုးရီးယား ယဉ်ကျေးမှု့ မှာစီးမျောကုန်ကြပါသည် ။


ကျမတို့ငယ်စဉ်က အခုလို ပါဝါရိန်းဂျားတွေ အရုပ်ဂိမ်းတွေ မရှိပါဘူး ။ ဂိမ်းဆိုင်တွေလည်း မရှိပါဘူး ။
 ကျောင်းပိတ်ရင် လက်လက်ထ  အောင်လမ်းမပေါ်ထွက်တော့ကြတာပါဘဲ ။

အရင်တုန်းကအခုခေတ်လို ကန်ထရိုက်တိုက်တွေ မများတာလည်းပါမှာပေါ့ ။ကလေးတသိုက်လမ်းပေါ်
ထွက်ဆော့နေလည်း ကားအန္တာရာယ် ဖြစ်မှာ  ထိခိုက်မှု့ ဖြစ်မှာစိတ်ပူစရာမလိုပါဘူး ။အချိန်တန် ဘယ်သူဘယ်ဝါ ထမင်းပြန်လာစားဦး ဆိုပြီးခေါ်လိုက်ရုံပါဘဲ ။ တနေ့ရတဲ့ မုန့်ဖိုးကိုတခါတလေ တောက်ခုံ
ငှားတောက်တယ်.. စက်ဘီးငှားစီးကြတယ်..ကိုယ်ကြိုက်တဲ့ စက္ကူ အရုပ်မလေးတွေ ဝယ်တယ် ။
စနစ်ကြီးတဲ့မိဘများကတော့ စုဘူးတလုံးပါဝယ်ထားပေးပြီးပိုက်ဆံစုတတ်အောင် သင်ပေးပါတယ်။
တနေ့တကျပ်ရရင် ငါးမူးဘူးထဲ့ထည့်စု ခိုင်းတာပေါ့ ။အခုခေတ်မှာတော့ ကလေးတွေလည်း ကြီးမြင့်
လာတဲ့ကုန်ဈေးနှုံးနဲ့ အလျင်မှီအောင် စုဖို့အသာထား ၊ပေးတဲ့မုန့်ဖိုးနဲ့
 လောက်အောင်သုံးစွဲရမယ်ထင်ပါတယ် ။

ပြောင်းလဲလာတဲ့ခေတ်မှာ ကျမငယ်ငယ်တုန်းကလို နွေရာသီမှာ သင်ပေးတဲ့ ဗုဒ္ဓဘာသာသင်တန်းမျိုး
မရှိတော့ဘူး ။ကလေးတွေစုပြီး လမ်းမမှာထွက်ကစားတာမရှိတော့ဘူး ။ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိကြတော့ဘူး ။မိုးသောက်ပန်း ..ရွှေသွေး တေဇ အစရှိတဲ့ စာအုပ်တွေကို မသိကြတော့ဘူး ။ငါးပါးသီလ ဘယ်လိုခံရလည်း ဆိုတာထက် ..ပါဝါရိမ်းဂျားထဲက ဇာတ်ကောင်က
လက်ထောင်ပြီး ဘယ်လိုအော်လည်းဆိုတာဘဲ သိတော့တယ် ။ကောင်းသောပြောင်းလဲခြင်းတွေလား
ခေတ်ရဲ့တိုးတက်မှု့တွေလား မဝေဖန်တတ်တော့ပါဘူး ။ရွေ့လျားပြောင်းလဲလာတာကတော့ အသေ
အချာပါဘဲ။

 ကျမရဲ့အကိုကမွေးတဲ့ကိုးတန်းကျောင်းသား တူတော်မောင်က ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိပါဘူး။
" နင်အခုကိုးတန်းတောင်ရောက်နေပြီ ရှစ်တန်းတုန်းက မဟော်သဓာဇာတ်တော်ကို မသင်ရဘူးလား" ဆိုတော့ " သင်ရတယ်" တဲ့..." ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ မဟော်သဓာလို ဇာတ်လမ်းမျိုး ဆယ်ခုလေ " ဆိုတော့...
မဟော်သဓာကိုတော့ သင်ရလို့သိတယ်တဲ့ ၊ကျန်တဲ့ ကိုးယောက်ကို မသိတာတဲ့  ။

ကောင်းရောဟယ်...ဆိုပြီး ရွှေတိဂုံဘုရား စာအုပ်ရောင်းတဲ့ ဆိုင်ကနေ ဇာတ်ကြီးဆယ်ဘွဲ့
စာအုပ်ဝယ်ပေးခဲ့လိုက်ပါတယ် ။ငါတော့ ဇတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘာလည်း မရှင်းပြ နိုင်တော့ဘူး..နင်အားတဲ့အချိန်သာဖတ်တော့လို့
မှာခဲ့လိုက်တယ် ။ဒါတောင်သူက စိတ်မဝင်စားတဲ့ပုံစံနဲ့ပါ ။ဇာတ်ကြီးဆယ်ဘွဲ့ ဆိုတာ
ဘာတွေရေးထားတာလည်း သိချင်ပုံ မရှိပါဘူး ။စာအုပ်ဖတ်ဖို့ထက် အားတာနဲ့ဖုန်းကိုင်ပြီးဂိမ်းဆော့ဖို့ကို ပိုအားသန်နေတာပါ ။ကလေးတွေရဲ့ ပြောင်းလဲလာတဲ့စရိုက်က
အကောင်းဘက်ကို ဦးတည်နေတာလား အဆိုးဘက်ကို ဦးတည်နေတာလားဆိုတာ
စဉ်းစားစရာပါ ။စာအုပ်ကိုင်ဖို့ထက် ဖုန်းကိုင်ဖို့ဂိမ်းဆော့ဖို့ကိုသာ အားသန်နေတာပါ ။

အမဝမ်းကွဲက မွေးထားတဲ့ လေးနှစ်သားတူလေးကလည်း အကောင်သာငယ်သာ ပါဝါကမငယ်ပါဘူး ။
ပါဝါဘယ်ငယ်မလည်းလေ ။ပါဝါရိမ်းဂျား ခွေမှန်သမျှ
သူ့မှာအကုန်ရှိပါတယ် ။ဘုရားစာတော့ သြကာသ ကိုသူ့အမေသင်ထားပေးလို့ရပေမဲ့ ကျန်တာကတော့ သူလည်း အခုခေတ်ကလေးတွေပုံစံအတိုင်း ဖုန်းတလုံးနဲ့ဂိမ်းဆော့ပါတယ် ။
သူ့အတွက် ဖုန်းအသေးလေးတလုံးဂိမ်းဆော့ဖို့ဝယ်ထားပေးရပါသည် ။ကျမ ပြန်စဉ်းစားမိသည်
ကျမလေးနှစ်သမီးအရွယ်တုန်းက အခုလိုဖုန်းတွေဘာတွေ ဆိုတာမပြောနဲ့ tv တောင် မဖွင့်တတ်ပါဘူး ။
tv ကြည့်ချင်ရင် လူကြီးတွေကို ဖွင့်ပေးပါလို့ ပြောရပါသည် ။အမေတို့ကလည်း ကလေးကကလေးလိုနေ
ဟိုနှိပ်ဒီနှိပ်မလုပ်နဲ့ ဓါတ်တွေ ဘာတွေလိုက်မယ်ဆိုပြီး ပြောထားတော့ ဘာမဆို အမေရေ ဖွင့်ပေးပါ ဆိုပြီး
လူကြီးလုပ်ပေးမှ ရတာပါ ။ယခင်နဲ့ယခုကတော့ ဘယ်တူနိုင်မလည်းလေ ။ကွာခြားချက်တော့ရှိမှာပေါ့ ။
ကောင်းတာများတဲ့ကွာခြားချက်လား ဆိုးတာများတဲ့ ကွာခြားချက်လားဆိုတာ ပြောဖို့ ခက်လှပါတယ် ။

အခုခေတ်ချာတိတ်လေးတွေက ကျမတို့ငယ်စဉ်ကလိုတော့ ဟိုဟာလည်း မကိုင်တတ် မဖွင့်ရဲ ...
နေရာတကာလူကြီးအားကိုးတဲ့ ပုံစံမဟုတ်ကြတော့ပါဘူး ။နည်းပညာနဲ့ပတ်သက်လာရင်
ကျမတို့ငယ်စဉ်ကကထက်ကို အများကြီး တော်ပါတယ် ။ကလေးပေမဲ့လည်း အထင်သေးလို့
မရပါဘူး ။တခုပါဘဲ  ..ကျမတို့ငယ်စဉ်ကလိုတော့  လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေကိုတော့
တလုံးတပါဒ မှ မသိတော့ပါဘဲ ။မိဘတွေကလည်း အဖေရော အမေရော စီးပွားရေး စားဝတ်နေရေး
ကို လုံးပမ်းနေရတော့ သားသမီးတွေကိုလည်း သေချာသွန်သင်ပေးရမဲ့အချိန်မ ရှိတော့ပါဘူး ။
ကလေးငြိမ်ရင်ပြီးရော သူတို့ကြိုက်တာ ဝယ်ပေးထားလိုက်တာက များသည် ။အဲဒီတော့
ကလေးတွေ အခုလို ဂိမ်းသမားအသေးစားလေးတွေ ဖြစ်ကုန်ကြတာ မိဘကို အပြစ်တင်ရမလား
တက်လာတဲ့ကုန်ဈေးနှုံးကို အပြစ်တင်ရမလား  ဖုန်းကဒ်တွေ ဈေးပေါလာတာကို အပြစ်တင်ရမလား
အရင်လိုဗုဒ္ဓဘာသာသင်တန်းလေးတွေ မသင်ပေးတော့တာကို အပြစ်တင်ရမလား ....
လား ....လား...လားး  ပေါင်းများစွာပါဘဲ ။

အဘွားတို့ခေတ်က တရွာလုံးမှာမှ ရေဒီလိုတလုံးလောက်ဘဲ ရှိတယ် ။ အမေတို့ခေတ်ရောက်တော့
အိမ်တိုင်း ရေဒီယို ရှိနေပြီ ။ကက်ဆက်ကျတော့ တလမ်းလုံးမှာ မှ တလုံးလောက်ရှိတာ ။ကျမတို့ငယ်ငယ်
ဘဝကျတော့ အိမ်တိုင်းနီးပါးလောက် ကက်ဆက်လေးတွေ ရှိတယ် ။ရုပ်မြင်သံကြားစက်လို့ ခေါ်တဲ့
တယ်လီဗေးရှင်း ကတလမ်းလုံးမှာမှ တလုံးလောက်ရှိတာ ။အခုခေတ် မှာ အိမ်တိုင်း sky net ရှိတယ်..
စလောင်းရှိတယ် ။ လူတိုင်း အင်တာနက် သုံးနိုင်တယ် ။ဖုန်းလေးတလုံး ရှိရင် တကမ္ဘာ လုံးနဲ့
ဆက်သွယ်လို့ရတယ် ။facebook အကောင့် တခုရှိရင် သတင်းအစုံဖတ်လို့ရတယ် ။ တကမ္ဘာ လုံး
နေရာအနှံကို facebook ကနေ တဆင့် ကြည့်လို့ရတယ်.. ဘယ်နေရာ ဘာဖြစ်တယ်..
ဘယ်မင်းသမီးအကြောင်း ..ဘယ်အလှမယ်ပြိုင်ပွဲကဘယ်လို ..အင်္ဂလန်ကဘောလုံးသမား
အကြောင်း..ဟောလိဝုဒ် က ကမ္ဘာကျော်မင်းသားမင်းသမီးအကြောင်း ..ကိုးရီးယားက ကေပေါ့ပ် အဖွဲ့တွေ
အကြောင်း ..သတင်းအစုံအလင်မှာ ဆိုပြီး အချိန်နဲ့တပြေးညီ သိနိုင်တယ် ။

ဒါပေမဲ့ ..အခုခေတ်ကလေးတွေက ပုံပြင်ဆိုတာကို သေချာမသိကြတော့ဘူး..လူကြီးတွေကို ရိုသေရကောင်းမှန်း တချို့တွေကမသိကြတော့ဘူး ။ဂါဝရတရား ၁၀ ပါးဆိုတာ
ဘာလည်း မသိကြတော့ဘူး ..ငါးပါးသီလအကျိုး အပြစ် ကိုသေချာမသိကြတော့ဘူး ။ခေတ်ကတော့
အဘွားခေတ်နဲ့ အမေ ခေတ် ..အမေခေတ် နဲ့ကိုယ်တွေကြီး ပြင်းတဲ့ ခေတ်..ကိုယ်ကြီးပြင်းလာတဲ့ခေတ်နဲ့
အခုလက်ရှိ တူ ..တူမ တွေကြီးပြင်းတဲ့ခေတ်.. မတူနိုင်ပါဘူး..ရွေ့လျားပြောင်းလဲလာကြတာ ဓမ္မတာ ပါဘဲ။
ရွေ့လျား လာခြင်းတွေထဲမှာ အဆိုးတွေလည်း ပါလာသလို အကောင်းတွေလည်း ပါလာပါသည် ။
ကိုယ်က စစ်ယူတတ်ဖို့ဘဲ လိုပါသည် ။ကာလတွေကတော့ ရွေ့လျားနေမှာပါ ။

ပြတင်းတံခါးကိုဖွင့်လိုက်ရင်  နေရောင် ..လေပြေလေညှင်း တွေနဲ့အတူ ဖုန်မှုန့်တွေ အမှိုက်စလေးတွေ
ပါလာတတ်ပါသည် ။ကိုယ့်အတွက်လိုအပ်မယ်ထင်တာကို စစ်ယူသိမ်းထားလိုက်ပါ ။
မလိုတဲ့အရာကိုတော့ ရှင်းထုတ်လိုက်ပါ ။အမှိုက် ရှုပ်မခံပါနဲ့ ။  အသိတရား ဗဟုသုတဆိုတာ မျိုးက ကိုယ်တိုင် ရှာယူလေ့လာရတာပါ။ရွေ့လျားပြောင်းလဲ လာခြင်းတွေ ရဲ့နောက်မှာ
ကောင်းသောအခြင်းအရာတွေကို  သာလျှင် ရွေးချယ် နိုင်ကြပါစေ ။

ပစ်ပစ်
Pm 5:41
7.5.2015

2 comments:

ဆွေလေးမွန် on 8 June 2015 at 11:24 said...

ညီမလေးရေ. နည်းပညာနဲ့ ကလေးငယ်တို့ရဲ့ ယဉ်ပါးမှုကကောင်းပါတယ်..ဒါပေမယ့် အသိအလိမ္မာမရှိရင်တော့ဖြင့် ပေါ့ ..အဲလိုတွေးမိတာပဲ ညီမလေးရဲ့ ပို့စ်လေး ဖတ်ပြီးတော့

Aunty Tint on 10 June 2015 at 11:29 said...

ခေတ်နဲ့အညီ တစစပြောင်းလဲနေတဲ့ ပြောင်းလဲမှုတွေမှာ အဆိုးအကောင်းတွေကတော့ ဒွန်တွဲနေတာပေါ့ ပစ်ပစ်ရေ....

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei