ကျမဘဝမှာ အမှတ်တရ များစွာ ရှိပါသည် ။
ကျမကိုယ်တိုင် ပြန်မစဉ်းစားဘဲ မေ့ပြစ်ထားခဲ့သော အမှတ်တရ များစွာလည်း ရှိခဲ့ဖူးသည်။
မကြာခဏ ပြန်စဉ်းစားပြီးလွမ်းမော မိနေတတ်သော အမှတ်တရ လေးတွေ လည်း ရှိပါသည် ။
ကျမ မြန်မာပြည်ကိုအလည်ပြန်တဲ့ ခဏမှာ အဲဒီအမှတ်ရခြင်းတွေကို ပြန်ရှာကြည့်ခဲ့မိသည်။
ကျမတချိန်တုန်းက သူငယ်ချင်းတွေနဲ့ သွားလာ ပျော်ရွှင်ခဲ့ဖူးတဲ့ လှည်းတန်းကိုရောက်တယ် ။
အလုံ ကြည့်မြင်တိုင်လို့ အော်နေတဲ့ ဘတ်စ်ကားတွေ ဆူးလေ လို့အော်နေတဲ့ ဘတ်စ်ကားတွေ ။
Taxi တွေရော ကိုယ်ပိုင်ကားတွေပြည့်ကျပ်နေတဲ့ လမ်းဘေးပလက်ဖောင်း ..။
လမ်းဘေးမှာတိုလီမုတ်စ ပစ္စည်းလေးတွေ ချ ရောင်းတဲ့ လမ်းဘေးဈေးသည်လေးတွေ... ဈေးဘေးကလမ်းထိပ်မှာ
အကင်မျိုးစုံရောင်းတဲ့ဆိုင်ကနေ လွင့်ပျံလာတဲ့ အကင်ရနံတွေ ..ဈေးအနောက်ဘက်က ကြာဇံချက်နဲ့ ရှောက်သီးသုတ် ငါးဖယ်သုတ်ရောင်းတဲ့ ဆိုင်မှာ ကြိတ်ကြိတ် တိုး နေတဲ့ ကောင်လေးကောင်မလေး စုံတွဲတွေ ....သူငယ်ချင်းအုပ်စုလိုက်တွေ.. အလုပ်ကနေပြန်လာတဲ့ မိန်းကလေးတွေ
ကျူ ရှင်တွေ သင်တန်းတွေကနေ ပြန်လာပုံရတဲ့ မိန်းကလေးတွေ
ဈေးဘေးကလမ်းတလျောက်မှာ ဟင်းရွက်တွေ မြန်မာမုန့်တွေ အထည်အလိပ်တွေ ရောင်းတဲ့ ဆိုင်တွေ ..ပုံရိပ်မျိုးစုံနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လှည်းတန်းဟာ တချိန်တုန်းက ညနေခင်းတွေအတိုင်းဘဲ..ဘာမှအပြောင်းအလဲမရှိခဲ့ပါဘူး..ကျမ ဟိုစဉ်တချိန်က စားခဲ့တဲ့ ကြာဇံချက်နဲ့ ငါးဖယ်သုတ်ဟာလည်း အရင်ကအရသာအတိုင်းပါဘဲ..အပြောင်းအလဲမရှိပါဘူး..
ဒါပေမဲ့အချိန်ဆိုတဲ့ သတ်မှတ်ချက်တခုအောက်မှာတော့ ..ပြောင်းလဲသွားခြင်းတွေက များစွာ ...။
လွန်ခဲ့သောနှစ်အနည်းလို့ ပြောရမလား... လွန်ခဲ့သော နှစ်ကာလ တချို့ ကလို့ ရေး ရမလား ..
သေချာတာကတော့ ပြန်မရနိုင်တော့ တဲ့ အတိတ်မှာ ကျန်ခဲ့တဲ့ တဲ့ ကာလတွေစီကပေါ့ ။
ဒီလှည်းတန်းဆိုတဲ့ နေရာတခုမှာ မိန်းကလေးတယောက်ဟာ အပေါင်းသင်း သူငယ်ချင်းတွေနဲ့
ပျော်ရွှင် စီးမျော ခဲ့ဖူးပါသည် ။အကျီဆိုင်တွေမှာ ချိတ်ထားတဲ့ အကျီတွေ ငေးမောရင်း ၊ဖိနပ်ဆိုင်က
ဖိနပ်လှလှ လေးတွေဝင်ကြည့်ရင်း သူငယ်ချင်းတွေနဲ့ စကားတွတ်ထိုးရင် လွယ်အိတ်လေး တဘက်
File လေးတဘက်နဲ့ နုနယ်ပျို မြစ် ခြင်း ဆိုတဲ့ အလှတွေနဲ့ လိပ်ပြာကလေးတကောင်လိုဘဲ
လွန့် လူး ပျံသန်းခဲ့ဖူးတယ် ။
အဲဒီကာလ တုန်းက မျှော်လင့်ခြင်း ဆိုတာ (ကျမတို့သူငယ်ချင်းအားလုံးရဲ့ရည်မှန်းချက်လို့ ပြောရင်လည်းရပါတယ်)
ကျောင်းပြီးတဲ့အခါ မှာ လခကောင်းကောင်းအလုပ်တခုရနိုင်ဖို့ ...ဒါမှ မဟုတ်လည်း နိုင်ငံခြား ထွက်ပြီး ပိုက်ဆံရှာနိုင်ဖို့ .. အားလုံးရဲ့ ရည်မှန်းချက်က အတူတူ ပါဘဲ ..နိုင်ငံခြားအဆက်သွယ်ရှိသူတွေကတော့
အမျိုးတွေရှိတဲ့နေရာ သွားဖို့ ..တချို့ ကျတော့ ကျောင်းဝင်ခွင့်တခုခုရအောင် ဖြေနိုင်ဖို့ ..အစရှိသဖြင့်..
မျှော် လင့်ချက်ကိုယ်စီနဲ့ ကြိုးစားခဲ့ကြတယ် ။ အဓိက ဦးတည်ချက်ကတော့ ငွေ ဆိုတဲ့ ပိုက်ဆံပါဘဲ ..။
နောက်တော့ ကျမတို့တွေ ဘွဲ့ကိုယ်စီ ရခဲ့တယ် ။အချိန်ဆိုတာ ဘာမှမကြာလိုက်သလိုနဲ့ ကျမတို့တွေ ..ဘွဲ့ ရ သွားတယ် ။သင်တန်းတွေ ပြီးသွားတယ် ။ ကဲ..ကျောင်းသူဘဝဆိုတာ အချိန်တိုတိုလေး အတွင်းမှာ ပြီးဆုံးသွားပြီ ။ မျှော်လင့်ချက်တွေ ကိုယ်စီထားခဲ့ကြသလို ..တကယ့် ဘဝ ဆိုတာထဲကို
ကျမတို့ သူငယ်ချင်းတွေအား လုံး အရှိန်ပြင်းပြင်းနဲ့ ထိုးဖောက်ဝင်ခဲ့ကြတယ် ။အဆက်အသွယ် မပြတ်ကြေးနော်.. သတိရကြေး..နင်အဆင်ပြေသွားရင် ငါတို့ ကို မမေ့နဲ့နော်..မေ့လို့ကတော့ နာပြီ
သာမှတ် ဆိုတဲ့ ချစ်ခင်မှု့ အပြည့်ပါတဲ့ ကြိမ်းဝါးသံလေးတွေ ..ဒါတွေ အားလုံးဟာ... ဘဝ ဆိုတဲ့ပင်လယ်ထဲမှာ ..လှိုင်းလုံးတွေ တလုံးပြီး တလုံးဆင့်လာတဲ့အခါ ..အရှိန်ပြင်းပြင်းနဲ့ ရိုက်လာတဲ့
လှိုင်းကြမ်း လေကြမ်းတွေနဲ့ ဆုံလိုက်ရတဲ့ အခါ ...တစ တစနဲ့ ပျေက်ကွယ်ကုန်တယ် ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုတဲ့ အခါမှ တယောက်ထဲဘဲကျန်ခဲ့တော့တယ် ။
ဦးတည်ရာလမ်းကြောင်းတွေ မတူကြတဲ့အတွက် လျှောက်ရင်း လျှောက်ရင်းနဲ့ တဖြည်းဖြည်း
ဝေးကုန်ကြတယ် ။ကျမ သူငယ်ချင်းတွေကို သိပ်သတိရမိပါသည် ။မှန် သောစကား ပါ ။
ဒါပေမဲ့ အခုနေခါ သူတို့အားတယ် လာတွေ့ ပါဆိုရင် ကျမ မအားရင် ကျမ သွားတွေ့နိုင်မှာ
မဟုတ်ပါဘူး..ကျမ အားတယ် တွေ့ ချင်ပါတယ် ဆိုပေမဲ့လည်း သူတို့ အချိန် မပေးနိုင်ရင်
လာမှာ မဟုတ်ကြပါဘူး ... ။ ကျမတို့ တွေရဲ့ ခင်မင်မှု့ ဆိုတာ ချစ်ခင်ခြင်းဆိုတာ တွေဟာ.. အတိတ်တနေရာ မှာ ကျန်ခဲ့ပြီ ။တယောက်နဲ့တယောက် တောင် အဆက်သွယ် မရှိကြတော့တဲ့ ကျမတို့တွေ ....တယောက်ဖုန်းနံပါတ်တောင် တယောက် မသိတော့တဲ့ ကျမတို့တွေ ..။
(အစပိုင်းကာလတွေမှာတော့ တယောက်နဲ့တယောက် အဆက်မပြတ်အောင်
ကြိုးစားပြီနေကြပါသေးတယ်..နောက်တော့လည်း နယ်ပြန်တဲ့သူ..
အိမ်ထောင်ကျ ယောက်ခမ အိမ်ရောက်တဲ့ သူ... နိုင်ငံခြားထွက်သွားတဲ့သူ ..
အရင်က ရှိခဲ့ဖူးတဲ့ အိမ်လိပ်စာလေးအတိုင်း သွားကြည့်မိတဲ့သူကျတော့ လည်း အိမ်ပြောင်း
သွားပီ တဲ့ ...အဲလိုနဲ့ဘဲ ကျမတို့ သူငယ်ချင်းတွေ တဖြည်းဖြည်းဝေးကုန်ကြသည် )
အရင်တုန်းက သူငယ်ချင်း ဆိုတဲ့ ခင်မင်မှု့ ချစ်ခြင်းဆိုတာတွေဟာ ကျမတို့ ရှေ့ ဆက် လျှောက်လာတဲ့ လမ်းမှာ ပါမလာတော့တာ သေချာ တယ် ...ဒါပေမဲ့ လည်း အဲဒီ ခင်မင်မှု့ ချစ်ခြင်းတရား ဟာ တချိန်သောကာလမှာ တကယ်ရှိခဲ့ဖူးတယ် ။
ကျမ ဘဝ တလျှောက် အမြဲတမ်း အမှတ်ရနေမိတတ်တဲ့ ဖြူ စင်မှု့ ချစ်ခြင်းတွေ ပေါ့ ။
တခုသောညနေ ခင်းမှာ အဲဒီ အမှတ်တရတွေကို ကျမ ပြန်သွားရှာခဲ့တယ် ။
လှည်းတန်းဈေးဘေးက လမ်းတလျှောက် ဘာမှမပြောင်းလဲဘူး..ဟိုးးးအရင်က အတိုင်းဘဲ ...
ပြောင်းလဲသွားတာက ကျမ ... အဖေါ်မပါ တယောက်ထဲ အိတ်တလုံး လွယ်ပြီး ဟိုငေးဒီငေးနဲ့
ယောင်ချာ ချာ ဖြစ်နေတဲ့ကျမ ..အကျီဆိုင်ထဲဝင်ရမလား..ကျမဘာအကျီမှ ဝယ်ချင်စိတ်မရှိဘူး..
ဖိနပ်ဆိုင်လား...ဟင့်အင်းး.. ကျမ မလိုချင်ဘူး...ကျမ ရင် ထဲကအလိုချင်ဆုံးအရာက သူငယ်ချင်း
တယောက်ယောက် နဲ့ များ တွေ့ လိုက်လေ မလား ဆိုတာပါဘဲ ။သူတို့တွေလည်း ကျမလိုဘဲ
သတိရမိတဲ့ ညနေခင်းတွေမှာ အတိတ်ကို ပြန်တမ်းတ ဖို့ ရောက်ကောင်းရောက်လာမှာပါ ။ဒါပေမဲ့ ကျမတို့တွေ မဆုံ ဖြစ်ကြတော့ ဘူး.. ။။။။အချိန်တွေကြာသွားပြီ ...နောင်လည်း ဆုံ ချင်မှ ဆုံပါလိမ့်မယ်။
နှစ်တွေ ဆယ်ချီပြီး ကြာပြီးကာမှ အမှတ်တထင် ဆုံသလိုလည်း ဆုံ ချင်လည်းဆုံမှာပေါ့ ။မဟုတ်ဘူးလား....။။။
ဆံပင်ရှည်ရှည် တင်ပါးလောက် နဲ့ ခပ်ပိန်ပိန်သွယ်သွယ် မိန်းကလေးတယောက်..
မျက်နှာသွယ်သွယ် ..မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မိန်းကလေးတယောက်
ရယ်လိုက်ရင် သွားတက်လေးနဲ့ မိန်းကလေးတယောက်..
ခြေ တဘက် သိပ်မသန်တဲ့ မိန်းကလေးတယောက် ..
အသားညို ညို ညက်ညက်လေးနဲ့မှဲ့ ကလေးပါတဲ့ မိန်းကလေးတယောက်...
ကချင်လွယ်အိတ် အနီလေးနဲ့ ကတ္တီပါ ပုံတော် ဖိနပ်လေးတွေ စီးတတ်တဲ့ မိန်းကလေးတယောက်...
မင်းသမီး စိုးမြတ်သူဇာလို ကိုယ်လုံးကိုယ်ပေါက် ထွားထွားနဲ့ မိန်းကလေးတယောက်...
သူတို့တွေ ဘယ်တွေများရောက်နေကြလည်း.. ... တချိန်က ကချင်လွယ်အိတ်လေး
အမြဲလွယ်နေကြ မိန်းကလေး ကတော့ အမှတ်တရ တွေကို ပြန်လာကောက်လေရဲ့ ..
ကျန်တဲ့သူတွေ ရော အမှတ်တရ တွေကို ပြန်လာရှာကြရဲ့လား...
တနေ့မှာတော့ သူတို့ တွေ ဆုံကောင်းပါရဲ့ နော်... ။။
လှည်းတန်းကို ငေးရင်းမောရင်း ပြန်တမ်းတ မိတာတွေ အမှတ်ရတာတွေကို တယောက်ထဲ
တိုးတိုးတိတ်တိတ် ခံစားရင်း တက္ကသိုလ်ရိပ်သာလမ်းဘက်ကို ကျမ လှျှောက်လာမိတယ်..
တချိန်က ညဘက်ဆိုရင် ကားတွေရှင်းပြီး လူအသွားအလာ နည်းပါးလွန်းတဲ့ တက္ကသိုလ် ရိပ်သာ
လမ်းကြီးတောင် လှည်းတန်းမီးပွိုင့် နားကနေ စလို့ ကားပိတ်နေလိုက်တာ...အသက်ရှု ကြပ် ချင်စရာ..
အရင်ကဆို UFL မှာ ဖွင့်တဲ့ သင်တန်းကနေ ပြန်တဲ့ညဘက် အချိန်ဆို ရှင်းနေတဲ့ လမ်းကြီးက
အခုတော့ မီးရောင် တထိန်ထိန်နဲ့ ကြပ်ပိတ်နေတဲ့ ကားတန်းကြီး...ကားပေါ်မှာတော့ စိတ်မရှည် ခြင်း
များစွာ နဲ့ မျက်နှာတွေ ...ကားမောင်းတာထက် လမ်းလျှောက်လိုက်တာကမှ မြန်ဦးမဲ့ အခြေအနေမျိုး ..။
ကျမ စိတ်ထဲ အေးအေးဆေးဆေး တယောက်ထဲ အတွေးတွေနဲ့ လမ်းလျှောက်ချင်တဲ့ စိတ်တောင်
ပျောက်သွားတယ် ။ကားပေါ်ကလူတွေမပြောနဲ့ လမ်းပေါ်ကလူတောင် စိတ်မရှည် ချင်တာ ..
ပျောက်ဆုံးသွားတဲ့ အရာတွေ ထဲမှာ သူငယ်ချင်းတွေရဲ့ ခင်မင်မှု့ တွေပါသလို ..ဒီလမ်းမကြီးရဲ့ တိတ်
ဆိတ်ခြင်းလည်းပါတယ် ။ကျမ ပြန်ရှာဖွေရမဲ့ အထဲမှာ ကျမရဲ့ သူငယ် ချင်းတွေပါသလို ကျမရဲ့ အမှတ်ရ
ခြင်းတွေပါသလို ..ဒီလမ်းမကြီးရဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းပါ ပါနေ ပါရောလား ။
အရင်ကဆို လှည်းတန်းဘက်ကနေ တက္ကသိုလ်ရိပ်သာ လမ်းဘက်ကို ကူးလိုက်တာနဲ့
ရာသီဥတုတောင် ချက်ချင်းပြောင်းသွားသလို.. ညနေဘက် 6နာရီလောက်ဆို လမ်းဒီဘက် ကူးလိုက်တာနဲ့ အေးစိမ်စိမ့်လေကလေးတွေ က ဆီးကြို နှုတ်ဆက်တယ်... သစ်ရွက် တွေရဲ့
အငွေ့အသက် လတ်ဆတ်စိမ်းမြ မှု့တွေက ပွေ့ဖက် နှုတ်ဆက်တယ်...လေတိုက်လိုက်တိုင်း
အပင်ကြီးတွေက အကိုင်းတွေ အခက်တွေ အချင်ချင်း ထိခတ်လိုက်တဲ့ ရှဲခနဲအသံလေးက
သံစဉ်လေးတပုဒ်လို ဖျော် ဖြေ ပြန်တယ်...။။
အခုကျတော့ လမ်းအပြည့် စီထားတဲ့ ကားတွေ ..ကားတွေက ထွက်တဲ့မီးခိုးငွေ့လေးတွေ
အင်ဂျင်စက်သံတွေ စိတ်မရှည် ခြင်း အမှတ်အသားဖြစ်တဲ့ ကားအစီးတိုင်းအထဲက စူပုပ်ပုပ်
မျက်နှာတွေ ..ကားအမျိုးအစား အကြီးအသေးသာကွာသွားမယ်.. ကားထဲက လူတိုင်းရဲ့
မျက်နှာတွေကတော့ တပုံစံထဲဘဲ.... ပိတ်နေတဲ့ကားတန်းကြီးကိုတောင် ကြည့်ပြီး ကျမစိတ်ထဲ
မွန်းကြပ်လာသလိုဘဲ..
"" ဟိုအရင် အချိန်တွေ တမ်းတမက်မော..ပြန်လိုချင်တယ် အခုလေ ...
... .... ..... ...
ဟိုအရင်က အတိတ်ရဲ့ အရိပ်တွေလည်း စိတ်ထဲရောက်ရှိလာ
မျက်လုံးထဲကမထွက်နိုင်တော့ဘူး စိတ်ကူးထဲကမထွက်နိုင်တော့ဘူး ""ဆိုပြီး
ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ သီချင်း ကိုဟစ်ပြီးတော့သာဆိုလိုက် ချင်တော့တယ်... ။။။
အမှတ်တရ ကို ပြန်တမ်းတ မိတာတောင် မွန်းမွန်းကြပ်ကြပ် နဲ့ တမ်းတခဲ့ရတဲ့ ကျမပါလေ ...။
မနက်ဘက် တမနက်တော့ ခေမရဌ် ကို သွားစားမယ်လို့ စိတ်ကူး ခဲ့ပေမဲ့ ..အချိန်မပေးနိုင်မှု့
လမ်းမသင့်မှု့ တွေကြောင့် မရောက်ဖြစ်ခဲ့ပါဘူး.. သွားမယ်လို့ စိတ်ကူးပေမဲ့လည်း ကားပေါ်မှာတင်
လမ်းပိတ်နေတာနဲ့တင် သွားချင်တာကတနေရာ ရောက်သွားတာကတနေရာ လည်းဖြစ်ခဲ့ရတယ် ...။
ကျမပြန်လာတဲ့ တခေါက်မှာ အထက်တန်းတုန်းက သူငယ်ချင်းတချို့တလေနဲ့ပြန်ဆုံတယ်..
အိမ်နီးခြင်း သူငယ်ချင်းတချို့တလေနဲ့ ဆုံတယ်..
ကျမရဲ့ စာပေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆုံတယ်..
ဒါပေမဲ့ ကျမ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပြန်ကို မဆုံဘူး.. ။
သူတို့လည်း တယောက်တနေရာစီ ကနေ ကျမလိုဘဲ သတိရမိကြမယ်ထင်ပါတယ် ။
အရင်လိုတော့ အားလုံးဆုံဖို့ ဆိုတာ မဖြစ်နိုင်တော့ပေမဲ့ ..အရင်ကအမှတ်တရ တွေထဲမှာတော့
အားလုံးပါ ပါတယ် ..။ကျမရဲ့ အမှတ်ရခြင်း ညနေခင်းလေးတခုကတော့ လွမ်းဆွတ်စရာလည်း
ကောင်းခဲ့သလို ...အကင်နံတွေ မီးခိုးနံတွေနဲ့လည်း သင်းပျံခဲ့ပါတယ် ။သတိရခြင်းတွေနဲ့
ဖွဲ့စည်းထားတဲ့ ညနေခင်းလေးမှာ.. ကားပိတ်ခြင်းနဲ့လည်း စိတ်မရှည် တဲ့ သူတွေကို တွေ့ခဲ့ရတယ် ။
အဲဒီညနေခင်းလေးက တော့ အရောင်စုံအောင် ခြယ်မှုန်းထားတဲ့ ပန်းချီကားတ ချပ်လိုပါဘဲ ။
နောက်ထပ်လည်းအဲလို ညနေခင်းလေးတွေ ဆုံ ချင်ပါသေးတယ် ......။။
ပစ်ပစ်
Am 3:23
8.6.2015

3 comments:
အမှတ်တရအလွမ်းလေးတွေဖတ်ရင်း မာမီ့အိမ်မှာဆုံခဲ့တဲ့ ပစ်ပစ်ကိုလွမ်းသွားပြီ....
နောက်တစ်ကြိမ်ဆုံရင် အေးအေးဆေးဆေးဆုံကြရအောင်နော်...
သတိရတိုင်း ဘလော့ဂင်းနိုင်ပါစေလို့ ♥♥♥
ခေမရဌ် ကိုတော့မကြာခဏသတိရမိတဲ့ထဲပါတယ် အင်းယားနဲ့တက္ကသိုယ်ရိပ်သာလမ်းပွိုင့်က
စမိုင်းလ်ကိုလဲအရင်ကမကြာမာကိုလဲရာက်ဖြစ်ခဲ့ဖူးတယ်....အရာအားလုံးကသတိရစရာတွေပါပဲ
လှည်းတန်းက အဲဒီအသုပ်ဆိုင်တော့ UFL မှာ ဂျာမာန်စာတက်နေတုန်းက ခဏခဏစားဖြစ်တယ်.။ ကြံခင်းထမင်းသုပ်ရောင်းတဲ့ဆိုင်မလား။ အခုတစ်ခေါက် မြန်မာပြည်ပြန်တော့ အဲဒီဆိုင်လေးရယ်၊ စိန်ဂေဟာနဲ့မျက်စောင်းထိုးမှာရှိတဲ့ လမ်းဘေးမုန့်ဟင်းခါးဆိုင်လေး (ကိုယ်တို့သူငယ်ချင်းတွေ သတ်မှတ်ထားတဲ့ ရန်ကုန်တမြို့လုံးမှာ အကောင်းဆုံး မုန့်ဟင်းခါးဆိုင်) တွေကို သွားစားဖို့ စိတ်ကူးခဲ့ပေမယ့် ရန်ကုန်မှာ အသွားအပြန် ခဏလေးပဲ နေခဲ့လိုက်တော့ မသွားဖြစ်ခဲ့ဘူး။ အခု ပုံလေးတွေမြင်မှ စားချင်လိုက်တာ :D :D
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..