29 October 2014

ကျမရင်ထဲကြွက်ဝင်နေသည်

Posted by blackroze at Wednesday, October 29, 2014 6 comments
ကျမအိမ်တွင် ကြွက်တကောင်ရှိပါသည် ။
ချစ်၍မွေးထားသောကြွက် လုံးဝ  လုံးဝ  မဟုတ်ကြောင်း ကျမကိုယ်တိုင် အာမခံပါသည် ။

ကြွက်တကောင် သက်တမ်း ဘယ်လောက်ရှိသလည်း ကျမသေချာမသိပါ ။ သို့သော်လည်း အဲဒီကြွက်
ကျမတို့ အိမ်ရောက်လာသည်မှာတော့ 4နှစ်ပတ်ဝန်းကျင် ရှိနေပါပြီ ။ကျမနှင့် ကြွက်...စစ်ပွဲသည်လည်း
လေးနှစ်သက်တမ်းထဲသို့ ချဉ်းနင်းဝင်ရောက်လာပြီဆိုပါတော့ ။ကျမတို့စစ်မျက်နှာတွင် တပ်သားများ ..အရာရှိများ ..မရှိပါ  ..ဟိုဘက် ဒီဘက် ဗိုလ် ချုပ်နှစ်ယောက် ချင်းယှဉ်ပြိုင်သော စစ်ပွဲ ဖြစ်ပါသည် ။
ကြွက်ဘက်တွင်လည်း  အဲဒီ ကြွက်တကောင်ဘဲ ရှိသည် ။ကျမဘက်တွင်လည်း ကြွက်ကို နှိမ်နှင်းမည့်သူမှာ
ကျမတယောက်ထဲသာလျှင်ဖြစ်ပါသည် ။

အဆိုပါကြွက်သည်ကျမနေထိုင်ရာ အိမ်ကိုဘယ်လိုရောက်ရှိလာသလည်းဆိုတော့
ကျမနေတဲ့အထပ်က 4ထပ်မြောက်ပါ ။ ကျမတို့အောက်ထပ် 3ထပ်က လူဟောင်းတွေ ပြောင်း
သွားပြီး   လူသစ်လာပါသည် ။လူသစ်ပြောင်းလာတော့ ထုံးစံအတိုင်း အိမ်ပြင်ပါသည်  ။
ကျမစိတ်ထင် အဲဒီအိမ်ပြင်တဲ့ အချိန် မှာ အဲဒီကြွက် အိမ်ကိုရောက်လာတာပါ ။
အရင်တုန်းက အိမ်မှာ ကြွက်မ ရှိပါဘူး ။
အောက်ထပ်ကနေ အပေါ်ထပ်ကို ရောက်လာတာလို့ ထင်ပါသည် ။ရောက်လာကာစကတော့
အကောင်က ခပ်သေးသေးကွေးကွေးပါ ။မနူးမနပ်နဲ့ မြို့တက်လာတဲ့ တောသား ပေါက်စန ပုံစံမျိုး နဲ့
ကျမတို့အိမ်ကို ရောက်လာတာပါ ။ ဟိုနေရာထွက်ကြည့်  အသံလေး တချက်ကြားတာနဲ့ အမြီးတန်း
နေအောင် အသက်လုပြေး ... ဒီနေရာလေးများ စားစရာ ရမလား ထွက်ရှာ အသံလေးတချက် ရူးခနဲ
ကြားတာနဲ့ အသက်လုပြေးတဲ့ ပုံစံကနေ တဖြည်းဖြည်းကြွက်ပါးဝလာလိုက်တာ   အိမ်မှာ ကျမကလွဲပြီး
တခြားသူဆိုရင် သိပ်တောင် ဂရု မစိုက်တော့တဲ့ အထာတောင် ဖြစ်လာပါတယ် ။ကျမကို ဂရုစိုက်တယ်
ဆိုတာကလည်း ကျမက တကယ်တွယ်မဲ့သူ ဆိုတာသိနေလို့ ကျမရှိနေတဲ့အချိန်တွေကို ဒင်းက ရှောင်တာပါ ။

အဲဒီကြွက်ရောက်လာကာစက  မေမေက စသတိထားမိတာပါ ။ ကျမကို အိမ်မှာကြွက်ရှိနေလား မသိဘူး
  ..            ညဘက် အမှိုက် ပုံးကို လာလာတိုးတယ်ထင်တယ်  ..မနက်ဆို ပုံးက နေရာတွေ ရွေ့
နေတယ် ..လို့ လာလာပြောတယ်  (ကျမတို့ က အမှိုက်ပုံးကို နောက်ဖေးဝရန်တာမှာထားတာဆိုတော့ ညဘက်ကြွက်လာတိုးလည်း အသံမကြားနိုင်ဘူးဆိုပါတော့  ။ )အစကတော့ ကျမလည်းသတိမထားမိဘူး..
မဖြစ်နိုင်တာ မေမေကလည်း  ဒီနိုင်ငံမှာ ဒီလောက် ဆေးဖြန်း အမှိုက်တွေကို သေချာ သိမ်းနေတာ
ကြွက်မရှိလောက်ပါဘူးလို့ ပြန်ပြောမိသေးတာ ။နောက်တော့ ကျမတံမြက်စည်းလှဲတဲ့ အခါ အခန်းရှင်း
တဲ့ အခါ ကြွက်ချေး မည်းမည်းလေးတွေ တွေ့တဲ့ အခါ မေမေ ပြောတာ အမှန်ဘဲဆိုတာ လက်ခံလိုက်ရပါတယ် ။

 ကြွက်ရှိနေပြီဆိုတော့ ဘာဆက်လုပ်ရမလည်း...ကြွက်ဖမ်းရတော့မှာပေါ့...ကြွက်ကို ဘယ်လိုဖမ်းမလည်း
ဘယ်သူဖမ်းမလည်း..နောက်ဆုံးတော့ အိမ်ရဲ့တာဝန်ခံ ငပွကြီးလုပ်နေကြ ကျမက ဒီတာဝန်ကို
ယူလိုက်ပါတယ်...ပီပီပြင်ပြင် နှိမ်နင်းမယ် ဆိုပြီး အစီအစဉ်သေချာဆွဲရတော့တာပေါ့ ။
အစကတော့ ကြွက်ကိုလှောင်အိမ်ထောင်ချောက်နဲ့ဖမ်းမယ်ပေါ့ ...ဒီမှာကအဲလိုထောင်ချောက်ဘဲရှိတာလေ. ... မြန်မာမှာလို သံထောင်ချောက် မရှိဘူး.. အဲတာနဲ့ အဲဒီ
လှောင်အိမ်ကိုတခုဝယ်လာ.. အစာထည့်ထားပြီး သူ့ကိုစောင့်ဖမ်းတာပေါ့.....အစပထမ ပိုင်းကတော့
သူကလည်း ကိုယ့်ကို ကြောက်..ကိုယ်ကလည်း သူ့ကို ကြောက်နဲ့ ..ပွဲက သိပ်ပြီးအကြိတ်အနယ်
မရှိဘူး..ကိုယ်ကလိုက်ခြောက်ထားလိုက်ရင် သူက နှစ်ရက် သုံးရက်လောက်ပျောက်နေလိုက်....
ကိုယ်က သူပျောက်နေတယ်ဆိုပြီး အေးဆေးဖြစ်သွားရင် သူက ပျောက်ကျားနည်းနဲ့ တိတ်တိတ်ပုန်း
လှုပ်ရှားလိုက်နဲ့... အချိန်နည်းနည်းကြာသွားတယ်ဆိုပါတော့ ။

တစ်ညမတော့  ထောင်ချက် မိပါလေရော..မနက်လင်းတော့ ကိုယ်တော်ချော ကြွက်က ထောင်ချောက်ထဲ
မျက်စိလုံး အပြူးသားနဲ့ ယူပါကယ်ပါဦးဆိုတဲ့ ပုံစံနဲ့ ...ကျမကလည်းအလုပ်သွားခါနီးဆိုတော့..
ကဲ..မတတ်နိုင်ဘူး..ညအလုပ်ကပြန်လာမှ တနေရာ လွင့်ပြစ်မယ်ဆိုပြီး  ..အိမ်ကလူတွေကို
သမီး အလုပ်ကပြန်လာမှ ဒီကိစ္စ ရှင်းမယ်လို့မှာခဲ့လိုက်တာ... အလုပ်ကလည်း ပြန်လာရော
ထောင်ချောက်ဘဲ ရှိတော့တယ်...အထဲက ကြွက်က မရှိတော့ဘူး...ကြွက်ဘယ်ရောက်သွားတုန်းဆိုတော့
ကျမမေမေ က သူလွှတ်ပေးလိုက်တယ်တဲ့....ကြွက်က သနားပါတယ်တဲ့...သမီး ညအလုပ်ကပြန်လာရင်
ကြွက်ကိစ္စ လုပ်ရင် အသံဆူညံနေမှာ စိတ်ပူတာလည်းပါတယ်..နောက်ပြီး ကြွက်က တခါထောင်ချက်
မိခံဖူးတော့ ဒီအိမ်ကို ပြန်လာတော့မှာ မဟုတ်ဘူးတဲ့ ။ အဲတာနဲ့ အမေလည်း နောက်ဖေးဝရံတာလေးကနေ ဘဲ လှောင်ချောက် အဖုံးတံခါးလေး ဖွင့်ပေးလိုက်တယ်တဲ့ ။
မေမကတော့ သူလွှတ်ပေးလိုက်ရတဲ့ အကြောင်းကို ဆင်ခြေ ခိုင်ခိုင်လုံလုံနဲ့ ထုချေ သွားပါတယ်။

ကျမ စိတ်ကူးထားတာက ညအလုပ်ဆင်းအိမ်ရောက်မှ ထောင်ချောက်ကိုယူပြီး နောက်ဘက် က
အိမ်နောက်ဖေးလမ်းကြားကို ပန်းခြံအသေးလေးသဘောမျိုး လုပ်ထားတဲ့ေ နရာမှာ သွားလွှင့်ပြစ်မယ်
ဆိုပြီးတော့ပါ ။အခုတော့ ပြစ်စရာကြွက်မှ မရှိတော့တာ အလုပ်မပိုတော့ဘူး မှန်ပေမဲ့
တခါလွှင့်ပေးလိုက်တာနဲ့ နောက်တခါ မလာတော့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး ။
ကျမစိတ်ထဲမှာတော့ ဒီကြွက်တော့ အတင့်ရဲ လာမှ သေချာတယ်လို့ တွေးမိတော့တာပါဘဲ ။

ထင်တဲ့ အတိုင်းပါဘဲ ...ကြွက်က နှစ်ရက်သုံးရက်လောက်ပျောက်နေပြီးတော့ ပြန်ပေါ်လာပါတယ် ။
ပေါ်လာတဲ့ အကောင်က ပထမ လွှတ်ပေးလိုက်တဲ့ အကောင်လား နောက်တကောင်လားဆိုတာတော့
ကြွက်မှာ မှတ်ပုံတင် မရှိလို့ ကျမသေချာမသိပေမဲ့ သေချာတာကတော့ ဒီတခေါက် အိမ်ထဲဝင်တဲ့ ကြွက်
က အရင်ကြွက်လို မနူးမနပ်နဲ့အသံကြားတာနဲ့ ထွက်ပြေးတဲ့ အကောင် မဟုတ်တော့ပါဘူုး ။
သူ့ကိုမြင်လို့ လှမ်းခြောက်တာတောင် ဂရုမစိုက်တဲ့ အကောင်ပါ ။ကျမ မရှိတဲ့အချိန်ဆို  အိမ်မှာ မေမေ
တယောက်ဘဲ ရှိလို့ကတော့ လှမ်းလျှောက်ပြီးတောင် သွားတယ်ဆိုဘဲ...မေမေက ကျမကို အဲဒီကြွက်
ကြွက်လည် ကျပုံလာလာပြောပြရင် ကျမ သိပ်ဒေါသထွက်ရတယ်..မေမေ့ကိုလည်း မေမေပြောတော့
ကြွက်က နောက်ခါမလာရဲတော့ဘူးဆို ...အခုတော့ မေမေ လွှတ်ပေးတဲ့ကြွက်က မေမေ့ပြန်ချောက်နေပါ
လားလို့ လည်းခဏခဏ အခြေအတင်ဖြစ်ရပါတယ်။

ကြွက်နဲ့ ကျမရဲ့ တိုက်ပွဲကလည်း  အရင်ကလို တယောက်နဲ့တကောင်  ပျောက်ကျားနည်းနဲ့ ချတဲ့
အခြေအနေ မဟုတ်တော့ဘဲ... သူတင်ကိုယ်တင်  လူတပြန် ကြွက်တပြန် ချတဲ့စစ်ပွဲ ဖြစ်လာပါတယ် ။
ကြွက်ကလည်း ကျမအဝတ်အစားတွေကိုကိုက်တယ် ။ကျမဖိနပ်ကိုကိုက်တယ် ။ ကျမခြေအိတ်တွေကို
ကိုက်တယ် ။ကျမ ကအကျီအဝတ်အစားကို မီးပူမတိုက်ဘဲ မဝတ်တတ်ပါဘူး... အရမ်းကို မအားလွန်း
မှသာ အဆင်ပြေသလို ဝတ်လိုက်ပေမဲ့  ကျမအလုပ်ပိတ်ရက်တိုင်း မီးပူလေးတိုက်လေ့ရှိပါတယ် ။
အကျီ ခေါက်ပြီးရင် ခဏလောက်ပုံထား..မီးပူတိုက်ပြီးမှ သိမ်းတာပါ ။အဲဒီတော့ကျမ မီးပူတိုက်မလို့
ခေါက်ပြီးခြင်းတောင်းလေးထဲ ပုံထားတဲ့  အချိန် မှာ ကြွက်က ကိုက်သွားတာပါ ။
ကျမလည်း မီးပူတိုက်ရော ကျမအကျီ က အပေါက် ဖြစ်နေပါပြီ ။ကျမကလည်း
အဲလို လာလာဆွတတ်တာမျိုးဆို ရေဆုံးရေဖျားထိလိုက်ပြီး ပြသနာ
ရှင်းတဲ့သူပါ ။အဲဒီတော့ကျမနဲ့ကြွက်ရဲ့ တိုက်ပွဲက စစ်ရှိန် အမြင့်ဆုံး အခြေအနေဖြစ်လာပါတယ် ။

ကြွက်က အသိညဏ်ရှိလား  မရှိလား  အမှတ်သညာကြီးလား မကြီးလားဆိုတာတော့ ကျမ မသိပါဘူး ။
ဒါပေမဲ့ သေချာတာကတော့ ကျမ ဝယ်ထားတဲ့ ကိတ်မုန့်နဲ့ အမေဝယ်ထားတဲ့ ပန်းသီး စကာခြင်းလေးထဲ
ထည့်ထားရင် ပန်းသီးက ဘာမှ မဖြစ်ဘူး ကိတ်မုန့်က အကိုက်ခံထားရပါတယ် ။ကိုက်တာကလည်း
ကိတ်မုန့် အသားအထိ ကိုက်တာ မဟုတ်ဘူးနော်.. အပြင်က ဘူးခွံ လေးကို သူကိုက်သွားတယ်ဆိုတဲ့
သဲလွန်စ ချန်ထားတဲ့ အနေ နဲ့ ကိုက်ပြထားတာပါ ။ကြွက်ကိုက်ရာ ရှိနေတဲ့ ကိတ်မုန့်ဘူးထဲက ကိတ်မုန့်ကို ကျမက ဘယ်လိုစားရတော့မလည်းလေ... နောက်ဆုံးတော့ ဈေးကြီးကြီးပေးရတဲ့
ကိတ်မုန့်ဘဲဖြစ်ဖြစ်  ဈေး ပေါပေါ နဲ့ဝယ်လာတဲ့ ကိတ်မုန့်ဘဲ ဖြစ်ဖြစ် လွှင့်ပြစ်လိုက်ရပါတယ် ။

ကြွက်ကလည်း ဒီအိမ်မှာ သူအမုန်းဆုံးက ကျမဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဲလိုလုပ်ရပ်တွေနဲ့
သက်သေပြတတ်သလို ..ကျမကလည်း အိမ်ကတခြားသူတွေ ထက်စာရင် ကြွက်ကို အမုန်းဆုံး
ဆိုတာ သူ့ကိုတွေ့လိုက်တာနဲ့ တွေ့တဲ့ ပစ္စည်းနဲ့ ကောက်ပေါက် ... သူဝင်လာတယ်ထင်ရင်
တြံမက်စည်းနဲ့ အတင်းလိုက်ချောက်ထုတ်...ထောင်ချောက် မျိုးစုံဝယ်ထောင် ခြင်းနဲ့ ကြွက်သိအောင်
ပြန်ပြီး သက်သေပြထားပါတယ် ။မြန်မာပြည်က သံထောင်ချောက်ကိုတောင် တကူးတက မှာတဲ့
အခါမှာတော့ ကြွက်ကို ထောင်ချောက်မထောင်ခင် မေမေ နဲ့ အရင်ဆုံးရင်ဆိုင်ဖြေရှင်းရပါတယ် ။
ကြွက်တကောင်ကို အဲလောက်တောင် အငြိုး ကြီးကြီး ထားရသလားဆိုပြီး ထောင်ချောက်ဝယ်ပို့ပေးတဲ့
ရန်ကုန်က ကျမ အမ ရော..ထောင်ချောက်မှာတဲ့ ကျမရော.. သူတပါး အသက်ကို တော်တော်လုပ်ကြံ
ချင်တယ်ဆိုပြီး အပြစ်ပြောခံရပါတယ် ။

သံထောင်ချောက်မှာ ကြက်သားတွေ ဝက်သားတွေ ပုဇွန်တွေ ချိတ်ပြီး ကြွက်လာမဲ့ နေရာတွေကို ချထားလေတိုင်း ကျမက နာဇီ လိုလို ဖက်ဆစ်လိုလိုဖြစ်နေသလိုလို အမြဲတမ်း အပြောခံရပါတယ်။
 နောက်ဆုံးတော့ကမ္ဘာကျော်စာရေးဆရာ Albert Camus ရဲ့ The Plague ကို စာရေးဆရာကြီးထင်လင်း ဘာသာပြန်ထားတဲ့ ပလိပ် ဆိုတဲ့ စာအုပ်ကို အင်တာနက်ကနေ download ချပြီး ပေးဖတ်လိုက်မှ ဘဲ ဆူသံနဲနဲလျော့သွားပါတော့သည် ။

ကျမဆိုလိုချင်တာက ကြွက်က ကြွက်နေရာ ကြွက်နေရင် ကိစ္စ မရှိပါဘူး ။ ကြွက်က လူနေရာလာနေလို့ မရပါဘူး..ကြွက်ကလူနေရာ လာနေရင် သဘာဝချင်း မတူတဲ့အတွက် ရောဂါ ဘယ ဆိုတာဖြစ်လာတတ်တယ် ။ ဒူးနေရာဒူး  တော်နေရာတော်  ဆိုတဲ့စကားပုံတောင် ရှိပါသည်။ ကိုယ်နဲ့ဆိုင်တာဘဲကိုယ်လုပ်တာ အကောင်းဆုံးပါ ။ကြွက်က ကြွက်နေရာ မနေဘဲ လူကြားထဲ လာနေတဲ့အတွက်ကျမက နှိမ်နင်းရတာပါ ။အိမ်တွေမှာတော့ ကြွက် ရှိတတ်ပါတယ် ။ ဒါပေမဲ့ ကြွက်ဆိုတာက ကောင်းကျိုးထက် ဆိုးကျိုး ကိုပေးနိုင်တဲ့ သတ္တဝါလို့ ကျမကဘဲ ခံယူထားမိလို့လား မသိပါဘူးကြွက်တွေကို အိမ်မှာရှိနေတာ မလိုချင်ပါဘူး  ။အခု အိမ်ကိုရောက်နေတဲ့ကြွက်ကလည်း ကြွက်နေရာ မနေဘဲ လူနေရာလာနေတဲ့အပြင် လူတွေကိုတောင် သူက ဟိုပစ္စည်းကိုက်ပြ  ဒီပစ္စည်း ကိုက်ပြနဲ့  ကြွက်ပါးလာဝနေတဲ့ ကြွက်ဆိုတော့ ကျမ အသည်းယား တာ မဆန်းဘူးလို့ထင်ပါသည် ။

အဲလိုနည်းနဲ့ဘဲ  ကျမတို့ ရင်ဆိုင်လာတဲ့ စစ်ပွဲက 4နှစ်ဆိုတဲ့ အတွင်းကိုချဥ်းနင်းဝင်ရောက်လာပါတယ် ။
ဒီအတောအတွင်းမှာ ကျမကလည်းနည်း မျိုး စုံနဲ့ နှိမ်နင်းသလို  ကြွက်ကလည်း နည်းမျိုး စုံနဲ့ ကျမကို
ပြန်ရင်ဆိုင်ပါတယ် ။ခုချိန် ထိတော့ ကြွက်တပြန် လူတပြန်ပါဘဲ  ။စစ်ပွဲကာလ ကတော့ ဘယ်အချိန်ထိ
ဆက်ကြာဦးမလည်းမပြောတတ်ပါဘူး ။ဒီကြွက်ကလည်း တော်တော်လည်တယ်ဘဲပြောရမလား
ဘယ်လိုပြောရမလည်းတောင် မသိတော့ပါဘူး  ။ ကျမထောင်သမျှ ထောင်ချောက်
အစာလုံးဝလာမစားဘူး ။ တခါတလေ ပုဇွန် အကောင်လိုက် ကြော်ထားတာကို ချိတ်ထားတာတောင် လုံးဝ မလာပါဘူး..ထောင်ချောက်ဆိုတာကလည်း ကြွက်လာမှ ဖမ်းလို့ရတဲ့ အရာဆိုတော့ ကြွက်မလာတော့
အလကားကို ဖြစ်လို့နေပါတယ် ။

အရှက်ပြေ ပြောရမယ်ဆိုရင်တော့ ကြွက်တပြန် လူတပြန် အခြေအတင် ပေါ့ ။တကယ်တမ်း
သေချာ စဉ်းစားကြည့်ရင် အသိညဏ် ရှိတဲ့ လူက လူလောက် အသိညဏ် မရှိဘူးလို့ သတ်မှတ်ထားတဲ့
ကြွက် ကို ခုချိန်ထိ ဖမ်း လို့မရ သေးတာဆိုတော့......ကျမ ညံရာကျပါတယ် ။
အဲဒီလိုနဲ့ဘဲ  ကျမရင်ထဲ ကြွက်တကောင်ဝင်ပြီး ခိုးလို့ခုလု ဖြစ်နေတော့သည် ။။။။


ပစ်ပစ်
29.10.2014
Am 2:32






03 October 2014

အောက်တိုဘာ ရင်ခုန်သံ

Posted by blackroze at Friday, October 03, 2014 10 comments
ဒီအတောအတွင်းတော့ သိပ်ပြီးထူးထူးခြားခြားအပြောင်းအလဲတွေ မရှိပါဘူး  ။
ပုံမှန်လိုပါဘဲ ..နေ့စဉ်ဖြတ်သန်းမှု့ သိပ်ပြီးထူးထူး ခြားခြား မရှိခဲ့ပါဘူး ... အလုပ်သွားတယ်..
အလုပ်ပြန်တယ်..အိမ်အလုပ်လေးနည်းနည်းပါးပါး လုပ်တယ်...တခါတလေ သူငယ်ချင်းနဲ့ ဖုန်းပြောတယ် ။
ကျမ အနာဂတ်အတွက်ရည်မှန်းထားတဲ့ ကိစ္စတချို့ကို အကောင်အထည်ဖော်ဖို့ အတွက် မိသားစု
နဲ့ စကားပြောဖြစ်တယ်...။မိသားစု စကားဝိုင်းပေါ့ ..အဲတာကလွဲရင် ကျန်တာဘာမှ မလုပ်ဖြစ်ခဲ့ဘူး...

ဒါပေမဲ့  စိတ်...ကျမရဲ့ စိတ်ထဲမှာတော့ တော်တော် များများ ပြောင်းလဲသွားတယ်...
ဘာတွေပြောင်းလဲသွားတယ်ဆိုတာ ကိုယ်တိုင်အသိဆုံး ...။။
သည်းခံခြင်းတရားတွေ လျော့နည်းသွားတယ်...
လူတယောက်နဲ့တယောက် စကားပြောတဲ့ အခါ တယောက်ကိုတယောက် လေးစားမှု့နဲ့ ပြောတာ
အကောင်းဆုံးပါ  ... ဒါက ကျမအမြင်ကိုပြောတာပါ ။
ပြောရရင်တော့ လူဆိုတာ ကိုယ့်တန်ဖိုးကိုယ်ဖြတ်တာပါဘဲ..ကျမရဲ့ တန်ဖိုးကဘယ်လောက်ဘဲရှိတယ်ဆိုတာ..
ကျမလုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြောလိုက်မယ်...ကျမက ဘယ်လိုလူဆိုတာ ကျမလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို
ကြည့်ရင် တဝက်လောက်တော့ ခန့်မှန်းသိနိုင်မှာပါ...စိတ်ဓါတ်ပြည့်ဝသူလား  သူများအထင်ကြီးတာကို
ခံချင်သူလား... လူတယောက်ရဲ့ အပြောအဆို အပြူအမူ ကို ကြည့်လိုက်တာနဲ့ ဒီလူက ဘယ်လိုဆိုတာ
ခန့်မှန်းလို့ရပြီးသားပါ ....ကဲပါ...ခေါင်းစဉ်က လွဲတော့မယ်..ရေးရင်းနဲ့ ...နဂိုရေးမယ်လို့စဉ်းစားထားတဲ့စီ
ပြန်သွားရအောင် ။

ကျမနေတဲ့ ထိုင်ဝမ်ကျွန်းမှာ 5လပိုင်းလောက်မှာ ကောက်ညှင်းထုပ်ပွဲတော်ရှိတယ်.. တရုတ်လို့တော့
端午節  ( သွမ်းဝူကျယ် ) လို့ခေါ်တယ်..
ကောက်ညှင်းထုပ်နဲ့တရုတ်ဘုရားရှိခိုးတယ် ..မိသားစုတွေလည်း ကောက်ညှင်းထုပ်စားကြတယ်ပေါ့ ။
အဲဒီပွဲတော်ရက်ပြီးပြီဆိုတာနဲ့ ရာသီဥတုက စပူလာတော့တာပါဘဲ..ပြောရင် တော့ 4လပိုင်းကုန်လောက်ဆို ရာသီဥတုက ပူလိုက် အေးလိုက် နဲ့ မမှန်သေးဘူး.. အပူဘက်တော့
ပြောင်းလုပြောင်းခင်လေး..ဒါပေမဲ့လည်း လုံးလုံးကြီးမဟုတ်သေးဘူး..ကောက်ညှင်းထုပ်ပွဲတော်ရက်
ပြီးပြီဆိုတာနဲ့ တောက်လျှောက်ပူလာတော့တာပါဘဲ...အဲဒီပွဲတော်ရက်က ပြက္ခဒိန်အရ တခါတလေ..
5လပိုင်း တခါတလေ 6လပိုင်းထဲ ရောက်တတ်တယ်..ဒါပေမဲ့လတူချင်မှ တူမယ်..ကောက်ညှင်းထုပ်ပွဲ
မရောက် မချင်း အနွေးထည်တွေ စောင်အထူတွေ သိမ်းလို့မရသေးဘူး..
တခါတလေ ရုတ်ချည်းကြီး အေးရင်အေးလာတတ်သေးတာ
စောင်တွေ ထူထဲတဲ့ အကျီတွေကို ကောက်ညှင်းထုပ်ပွဲပြီးမှ သိမ်းကြတာ...

ဆောင်းဦးရောက်ပြီဆိုရင်လည်း 中秋節 (ကျုံး ချိုး ကျယ်) လို့ခေါ်တဲ့ လမုန့်ပွဲတော်ပြီးမှ ရာသီဥတုက တဖြည်းဖြည်းနဲ့စအေးလာတာ...စောင်တွေထုတ်လျော် အနွေးထည်တွေ ပြန်ထုတ် ပေါ့ ....
ကျမတို့အိမ်ကတော့ ကောက်ညှင်းထုပ်ပွဲတော်ပြီးပြီဆိုတာနဲ့ သိမ်းစရာရှိတာတွေသိမ်းပေါ့...
အထူတွေသိမ်းအပါးလေးတွေထုတ်ပေါ့ ...လမုန့်ပွဲပြီးပြီဆိုတာနဲ့ အပါးတွေပြန်သိမ်း အထူတွေပြန်ထုတ်ပေါ့  ။ရာသီဥတုအကူးအပြောင်းကလည်း အဲဒီပွဲတော်နှစ်ခုနဲ့ဆက်စပ်နေတာ ။
အဲတာလည်း ထူးခြားချက် တခုပေါ့  ...ဒီနှစ်မှာတော့ လမုန့်ပွဲက 9လပိုင်း ဆန်းကထဲကပြီးသွားပြီ။
အရင်နှစ်တွေက အတိုင်းဘဲ လမုန့်ပွဲလည်းပြီးတော့ မုန်တိုင်းလာတယ်..မိုး၇ွာတယ်..
မုန်တိုင်းလည်း ထွက် မိုးလည်းတိတ်ရော  ရာသီဥတုက အအေး ဘက်ကိုချက်ချင်းပြောင်းသွားတာဘဲ ။
တဖြည်းဖြည်းချင်း အေးလာတာပေါ့ ..အခုဆို ညဘက်တွေ ဆိုအနွေးထည် အပါးလေးနဲ့
သာသာယာယာ အေးအေးချမ်းချမ်းဘဲ ။ ကျမဒီနိုင်ငံေ၇ာက်ပြီး သတိထားမိတဲ့ ရာသီဥတု
ပြောင်းလဲပုံက ဒီပွဲတော်နှစ်ခုနဲ့ဆက်စပ်နေတယ်ဆိုတာ  လေးပေါ့ ... သဘာဝတရားကတခါတလေ
တော့လည်း သိပ်ထူးဆန်းတယ်နော်... ။

မြန်မာလိုဆိုတော့ ဒီလအချိန်အခါက သီတင်းကျွတ်ပေါ့ ... ရန်ကုန်မှာဆိုရင်တော့ လူကြီးတွေလိုက်ကန်တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်.. ပျော်စရာင်္ကြီးပေါ့  ။
သီတင်းကျွတ်ကာလက တော့ပျော်စရာကြီးပါ ...ကျမ အမြဲတမ်း သတိရမိတဲ့ အထဲ သီတင်းကျွတ်
အခါသမယလည်း ပါတယ်..။သီတင်းကျွတ်ဆိုတော့ အပျို ကြီးတွေ လူပျိုကြီးတွေ ပုန်းရတဲ့
အချိန်ပေါ့လေ..ကျမလည်း ပုန်းရတဲ့အထဲ ပါ ..ပါတယ်...နောက်နှစ်ထဲတော့ ထူးခြားတာတွေရှိမယ်...ဘာလဲဆိုတာအတင်းလိုက်
မမေးကြေးးးးးးး ..... (လက်ညှိုးလေးတထောင်ထောင် ဖြင့်ပြောသွားသည် )

ကျမ ဒီအလုပ်ဝင်ပြီးတာ 5နှစ်ရှိပြီ..တခါမှ overtime တခါမှ မဆင်းခဲ့ ဖူးဘူး..ဒီနှစ်တော့ ..
ဒီလမှာစပြီး overtime ဆင်းပေးရတယ်.. ဒီလထဲမှာ ဝန်ထမ်းသုံးယောက်က တပြိုင်ထဲ
ကလေးမွေးလို့ပါ ..တယောက်နဲ့တယောက် ရက်ပိုင်းလောက်ဘဲ ခြားမယ်ထင်တယ် ...။မီးဖွားခွင့်
ယူလို့ပါ..အဲတော့ ကျန်တဲ့သူတွေ က သူတို့ အတွက် အစားဝင်ကူရတဲ့ သဘောမျိုး ပေါ့  ။

ကျမအခုရက်ပိုင်းစိတ်အနှောင့် ယှက်ဖြစ်ရဆုံးက...ကျမ အွန်လိုင်းကနေ မှာတဲ့ ပစ္စည်းတိုင်း မရဘူး ...။
ကျမအတွက် အကျီ 3ထည်မှာတယ်...ကျမအလိုချင်ဆုံး အကြိုက်ဆုံး အကျီက မရဘူး..သာမန်လျှံကာ
ကြည့်ပြီး မှာလိုက်တဲ့ အကျီ ဘဲရတယ်..ကျမ အတွက် အိတ်မှာတယ် ကျမသူငယ်ချင်းအတွက် အိတ်မှာ
တယ် ..သူ့အတွက်ရတယ်..ကျမအတွက် မရဘူး.. ဖိနပ်ဝယ်တယ်... ကျမအရမ်းကြိုက်တာတွေ့တယ်..
ကျမခြေထောက်နဲ့တော်တာ မရှိဘူး ...အလုပ်ထဲမှာလည်း ပြောလိုက်ရတဲ့ စကား..မြန်မာလိုရော
တရုတ်လိုရော ..ပြောနေရတာ..အကောင်းကိစ္စမဟုတ်ပါဘူး..ပြသနာရှင်းရတာပါ ......
ကျမလို မြန်မာ ပြည်ကလာတဲ့သူကျတော့ မြန်မာလိုပြောတာပေါ့  ..တရုတ်မကျတော့ တရုတ်လို
ပြောပြီး ရှင်းရတာပေါ့  ။ကျမသာ ရန်ကုန်မှာဆို ဘုရား မှာသွားသွားထိုင်မိမယ်ထင်တယ်..
ကျမစိတ်ညစ်လာရင် ဘုရားသွားတတ်လို့ပါ ။

ကျမ ဒီအတောအတွင်းအရမ်းသဘောကျ ပြီးနားထောင်မိတဲ့သီချင်းက ဝိုင်းဆုရဲ့သိသလိုမသိသလို...
နောက်တပုဒ်က ဟဲလေးရဲ့ ခိုနားရာ.. ။
ညဘက် အေးစိမ့်စိမ့်ရာသီဥတုမှာ ကော်ဖီနွေးနွေးလေး သောက်ပြီး စာတွေလိုက်ဖတ်ရတာကလည်း
အရသာတမျိုးဘဲ.. စာမဖတ်ချင်လည်း အမှတ်တရ ဓါတ်ပုံလေးတွေ ပြန်ကြည့် ..သီချင်းလေးနားထောင်
အဲလိုနဲ့ဘဲ ကျမလည်း အသက်တဖြည်းဖြည်းကြီးလာပြီး ...သီတင်းကျွတ်ဆို ရှောင်ရ တိမ်းရ
ပုန်းရတာတွေ ဘာတွေ ဖြစ်လာတာပေါ့လေ.... ။ ကျမ မြန်မာ ပြည်ကို အပြီးပြန်ချင်တယ်...
ဒါပေမဲ့လည်း ပြန်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက် မချရဲ ဘူးဖြစ်နေတယ်...သိပ်မကြာတော့တဲ့
ကာလတခုမှာ တော့ ဖြစ်လာမယ်ထင်ပါတယ်... ။
ကျမ မနက်စောစော ထရမယ်.. အခုတောင် အိပ်ဖို့နောက်ကျနေပြီ ...

လရိပ်tag ထားတာက အခုလိုမှ မရေးရင် တော်ရုံနဲ့ရေး ဖြစ်တော့မှာ မဟုတ်ဘူး..
ကျမ နောက်ရက်တွေဆို သိပ်မအားလောက်တော့လို့ပါ ။ overtime ကြောင့်  ...။။
မနက်စောစောထရမယ်ဆိုတော့ ညဘက်တွေ
ကွန်ပြူတာ မသုံးဖြစ်လောက်ဘူး...အဲတာကြောင့်မို့ပါ ။ေ၇းထားတာတော့ အစီအစဉ်မကျပါဘူး..
စိတ်ထဲရှိတာဘဲ ရေးလိုက်တဲ့ သဘော..စကားပြောသလိုရေးလိုက်တာပါ ။
ကျမရဲ့ အောက်တိုဘာ ရင်ခုန်သံက စည်းချက်တော့ သိပ်မညီဘူးပေါ့နော်..ဘာလို့လည်းဆိုတော့
အချစ်က ခရီးထွက်နေတော့ ရင်ခုန်သံစည်းချက် မမှန်ဘူးဖြစ်သွားတာပါ.... ။အဲတာလည်း
လိုက်မမေးကြေးးးးးးး.... မပြောပြဘူး....  ။
အားလုံးဘဲ အေးချမ်းတဲ့ အောက်တိုဘာ မှာ ပျော်ရွှင်စရာတွေ အများကြီးဆုံပါစေရှင်...။။။။။။

ပစ်ပစ်
Am 2:41
3.10.2014








24 September 2014

ဝရံတာလေးနဲ့ ကျမ

Posted by blackroze at Wednesday, September 24, 2014 7 comments


ကျမ အသံတခုတိုးတိုးလေးကြားမိတယ်..လှမ်းခေါ်နေတာများလား...စကားပြောနေတာများလား
မရေရာ သလိုလို..မသေချာသလိုလို..ဇဝေဇဝါနဲ့တရေးနိုးလာတယ်....။
အေးစိမ့်စိမ့်လေတွေတိုက်နေတဲ့ကျမရဲ့  ဝရံတာလေးစီထွက်ရပ်မိပြန်တယ် ။
အင်း ... ကျမတောင် ဒီဝရံတာလေးမှာ လာ မရပ်ဖြစ်တာ တော်တော်ကြာပြီဘဲ.. ။
ရာသီဥတုက ဒီရက်ပိုင်း မုန်တိုင်း တိုက်ပြီးတဲ့ အချိန်မှာ စပြောင်းသွားတယ်..
နေအပူက သိသိသာသာ လျော့ကျ သွားပြီး ညဘက် လေအေးတွေ စတိုက်လာတယ် .  ...

ဒီဝရံတာလေးက နေ့ခင်းဘက်ဆို အကျီလှမ်းတဲ့ နေရာလေးပေါ့ ...
ညဘက်ဆိုတော့ ကျမရဲ့ ခံစားချက်တွေ အတွေးတွေ ဖြန့်ခင်းတဲ့နေရာလေး လို့ ဆိုရမှာပေါ့.။
ကျမ   ..လူကသာ ဒီနေရာလေးမှာ ရပ်ချင်ရပ်နေမယ်..ထိုင်ချင် ထိုင်နေမယ်..
ကျမရဲ့ စိတ်တွေကတော့  ဒီနေရာကလေးကနေ ဟိုးအဝေးးးးးး ဆီကို လွင့်သွားနေကြ ။
တခါတလေ  အတိတ်က အကြောင်းတွေ..ငယ်ဘဝ က အဖြစ်အပျက်လေးတွေ ..အလုပ်ထဲက
အကြောင်းလေးတွေ ...မိသားစု စုံခဲ့တဲ့  အရင်တုန်းကနေ့ ရက်လေးတွေ ...
နောက်တော့   ..ဘာရယ်လို့ ခေါင်းစဉ်တပ်လို့ မရနိုင်တဲ့  ခံစားချက်တွေ စီ ...ကို
စိတ်ဆိုတဲ့ ယာဉ် နဲ့ ခရီးထွက်နေကြပေါ့ .. ။


ခံစားရသမျှကိုစာအဖြစ်အမြဲချရေးထားပါတဲ့ ...ကျမကို လူတယောက်ကပြောခဲ့ဖူးတယ်..
တနေ့မှာ  ကိုယ်ခံစားခဲ့ရတာတွေ ကိုပြန်ဖတ်မိတဲ့အခါ   ရယ်ရတာလည်းရှိနိုင်သလို
ပြန်ငိုရတာတွေလည်း ရှိလာတတ်တယ်တဲ့ ဒါပေမဲ့ ခံစားချက်ဆိုတာ  ...(ကိုယ်ခံစားခဲ့ရဖူးတယ်ဆိုတာ)
မေ့လို့ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးလို့ လက်ခံသရွေ့ စာတွေရေးထားပါလို့
ပြောခဲ့ဖူးတယ်... ။ကျမ စာတွေ ရေး ဖြစ်ခဲ့တယ်  ။ ကျမရေးခဲ့ဖူးတဲ့အကြောင်းရာတိုင်းမှာ ...
အတိတ်လေးတွေ ရှိတယ် ။ပတ်သက်မှု့လေးတွေ ရှိတယ် ။ကျမရဲ့ ခံစားချက်တွေရှိတယ်  ။
အမှတ်တရတွေ ဆိုပါတော့ ......         ။

ကျမ ဒီဝရံတာလေးစီမှာ ရပ်လိုက်မိတိုင်း  အဲဒီအမှတ်တရ တွေက အသစ်ပြန်ဖြစ်လာတယ်  ..
ကျမက ပြန်ပြန်ပြီး ခံစားကြည့်နေမိတာလေ ... အဲဒီတော့ ဟိုးးးးနှစ်တွေ တုန်းက ခံစားချက် အဟောင်း
လေးတွေက ကျမ ရဲ့ စိတ်ထဲ ပြန်ရောက်လာတာနဲ့  ....မနေ့တနေ့က ဖြစ်ခဲ့သလို
အသစ်ပြန်ဖြစ်သွားတာဘဲလေ  ... ။

ဒီဝရံတာလေးမှာ ရပ်နေရင်းနဲ့ ကျမရဲ့စိတ်က တခါတလေ ...တက္ကသိုလ် ကျောင်းသူ ဘဝကို
ပြန်ရောက်သွားတယ်  ...    ကျောင်းထဲကို ပြန်ရောက်သွားတယ် .... သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်
ကန်တင်းကိုရောက်သွားတယ် ..ကျမမှာစားနေကြ ဖက်ထုပ်ကြော် နဲ့ သံပုရာရည် ..ဒါမှမဟုတ်
ထမင်းကြော်နဲ့ စတားကိုလာ အအေးပုလင်းက ကျမရှေ့ကို ချက်ချင်းဘဲ ပြန်ရောက်လာသလိုလို ...

တခါတလေ လည်း  ရန်ကုန် အိမ်က ကျမရဲ့ အိပ်ခန်းလေးထဲ ပြန်ရောက်သွားတယ် ။အခန်းတံခါးဘောင်
မှာ ချိတ်ထားတဲ့ ကျမရဲ့ ဂစ်တာလေး အခုဆို ပျက်စီးနေလောက်ပြီ ထင်တယ် ။ ခုတင်ခေါင်းရင်း
မှာကပ်ထားဖူးတဲ့ chelsea အသင်းရဲ့ ပိုစတာလေးလည်း အခုလောက်ဆို ဖုန်အလိမ်းလိမ်းနဲ့
ဟောင်းနွမ်းနေလောက်ပြီ ...။

ကျမ မကြာခဏ ပြန်သွားတတ်တဲ့နေရာလေးကတော့  ကျမတို့လမ်းထဲက စာအုပ်ဆိုင်လေးပေါ့ ..
စာအုပ်လည်းစုံတယ် ..ပိုင်ရှင် အမနဲ့ကလည်း ခင်နေတော့ ကျမဖတ်ချင်တဲ့စာအုပ်တွေဆို
အမြဲတမ်းချန်ထားပေးတတ်တယ်... စာအုပ် ငှားဖို့အတွက် စာအုပ်ပုံတွေထဲကနေ တအုပ်ပြီး တအုပ်
ဆွဲ ထုတ်ပြီး  စာအမြည်းလေးတွေ လိုက်ဖတ်ရတဲ့ အရသာ .... မကြာခဏ ပြန်တမ်းတ မိရတဲ့
အရသာလေးဆိုပါတော့  ... ကွန်ပြူတာကနေ ဖတ်ရတဲ့ အရသာနဲ့ စာအုပ်ကို လက်ကကိုင်ပြီးဖတ်ရတဲ့
အရသာ က မတူပါဘူး ...  လူကသာဝရံတာ လေးမှာရပ်နေတာ  စိတ်က စာအုပ်ဆိုင်ထဲမှာ
စာအုပ်စင်တွေ နားမှာ စာအုပ်ရွေးနေမိတယ်...ကျမဒီရောက်နေတဲ့ အတောအတွင်း
ဘာစာအုပ်တွေများ အသစ်တွေ ထွက်နေမလည်းးးး  ..ကျမဖတ်နေကြ " ဆရာမ ရှား " ရဲ့
စာအုပ်အသစ်တွေ ထွက်နေမယ် ထင်တယ်  ။

ကျမတို့လမ်းထိပ်က ရခိုင်မုန့်တီ ဆိုင်လေးရော ရှိဦးမလား မသိ...ကျမအားပေးနေကြ ဆိုင်
ဆိုပါတော့လေ .. ကျမစီသူငယ်ချင်းတွေ လာလည်တိုင်း အဲဒီဆိုင်လေးက ရခိုင်မုန့်တီနဲ့
ဧည့်ခံနေကြ ... မိုးအေးတဲ့ အချိန်ဆို ရခိုင်သုတ်စပ်စပ်လေးနဲ့ ဟင်းရည်ပူပူလေးရဲ့ အရသာက
စွဲမက်စရာ...အိမ်မက်ထဲထိ ..စိတ်ကူးထဲထိ တောင် အရသာရှိနေဆဲ... ။

မနက်ဘက် အိမ်အတွက်ဈေးသွားပေးရတဲ့နေ့ဆို  ကျမ ဝယ်နေကြ ဈေးထဲက ဆိုင်တွေရော
အရင်လိုဘဲ ရောင်းနေကြသေးလား.. ဈေးထဲမှာကျမဝယ်နေကြ  မြန်မာမုန့် မုန့်စိမ်းပေါင်း..မုန့်လိပ်ပြာ..သာကူပြင် အုန်းနို့ကျောက်ကျော ရောင်းနေကြ အဘွား အိုရော..
အခုချိန်ထိရောင်းနေတုန်းဘဲလား..


ညဘက်ဆို တိုဟူးသုတ်  ဆိုပြီး အထမ်းနဲ့ အော်ရောင်းတဲ့ အသုတ်သည်လေးရော  ....
အရင်လိုဘဲ ကျမတို့လမ်းထဲ လာရောင်းသေးရဲ့လား မသိ...
ကျမတို့ ညီအမတွေ ဒီနိုင်ငံထွက်လာတော့ သူ့ခမျာ ဖောက်သည် တအိမ် လျော့ ပြီလို့  ညည်းရှာတယ်။
ညဘက် အဆာပြေ သဘောမျိုး အမြဲတမ်းဝယ်စားနေကြဆိုတော့ ...ဘယ်သူက ဘယ်လို အရသာ
ကြိုက်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး...သူ့ဘာသာ သူသုတ်ပေးနေကြ  ။
ပြန်စဉ်းစား လိုက်တိုင်းလွမ်းစရာတွေကြီးဘဲမို့  မစဉ်းစားဘဲနေတာက အကောင်းဆုံး..ဆိုပေမဲ့
မစဉ်းစားဘဲလည်းမနေနိုင်ဆိုတော့  ...ဒီလိုဘဲ ပြန်သတိရနေရတော့တာဘဲ ...။

အဲတာနဲ့ဘဲ ကျမ လူကသာ ဝရံတာလေးမှာ ရပ်နေတာ ..စိတ်ကတော့  အတိတ်ကာလစီကို
စုန်ချည် ဆန်ချည် နဲ့ ခေါက်ဆုံ ခေါက်ပြန် သွားနေတာ...စာအုပ်ဆိုင်..ရခိုင်မုန့်တီဆိုင် ..
တိုဟူးသုတ်...မုန့်စိမ်းပေါင်းနဲ့ ...မိုးသံတွေကိုပါ ကြားလာရတယ်...

မျက်နှာကို မိုးစက်လေးတွေ    တဖွဲဖွဲ လာစင်တော့မှ ...မိုးရွာနေပါလားလို့  ပတ်ဝန်းကျင်ကို
သတိထားမိတော့တယ် ...။  အင်းးးးးး....စိတ်ယာဉ်နဲ့ ခရီးတခါ ထွက်ရတာ တယ်မြန်ပါလားနော် ...။
တနာရီတောင် မပြည့်သေးပေမဲ့  လွန်ခဲ့ တဲ့ ခုနှစ်  နှစ် ရှစ် နှစ် ပတ်ဝန်းကျင်လောက်
အထိကို ပြန်သွားလို့ရသား....ဒါတောင် မိုးစက်လေးတွေ လာသတိပေးလို့ ..နို့မို့ဆို ကလေးဘဝအထိများ ပြန် စဉ်းစားနေမိမလား မသိဘူး... ။ ။

အေးစိမ့်စိမ့်လေနဲ့ မိုးစက်လေးတွေက ကျမကို သတိပေးတယ်... ဝရံတာတံခါး ပိတ်တော့တဲ့ ...
အင်းးပေါ့လေ...အရင် တုန်းက အချိန်လေးတွေ ပြန်တမ်းတ မိနေပေမဲ့ လည်း..အခုလက်ရှိ အချိန်ဆိုတာ
ကိုမေ့ထားလို့မှ မရတာလေ...ကျမနောက်နေ့တွေ အလုပ်တက်ရ ဦးမှာပါလား...  မိုးစိုပြီး
ဖျားနာလို့ မဖြစ်သေးဘူးလေ ... ... ကျမရဲ့ လွင့်ပျံနေတဲ့  စိတ်ကူးတွေ ခံစားချက်တွေကို အသာရုပ်သိမ်းလို့  အခန်းထဲပြန်ဝင်လာခဲ့တယ်  ..ဝရံတာ တံခါးလေးကို အသာလေး ပြန်ပိတ်လိုက်တယ် ... ။။။။။။။။။။။


ပစ်ပစ်
Am  2:55
24.9.2014

ဒေါင်ဒေါင်ရဲ့ BPP challenge ကို ရေးလိုက်ပါပြီ...
ထပ်ပြီးတော့မ tag တော့ဘူးနော်...

16 September 2014

ချုံ ခို တိုက်ခိုက်သူများ (သို့) ကင်ဆာ (၃ )

Posted by blackroze at Tuesday, September 16, 2014 4 comments
ကင်ဆာရောဂါကို ရင်ဆိုင်ရပြီဆိုသော်

ဘယ်သူမှ ဒီရောဂါကို မလိုချင်ကြပါဘူး ။ဒါပေမဲ့ ကံတရားဆိုတာကလည်း ကိုယ်တိုင် ဖန်တီးနိုင်ခွင့်
မရှိပါဘူး ။ တခြားရောဂါ အစိတ်အပိုင်းကနေ ကင်ဆာရောဂါအဖြစ်ကူးပြောင်းသွားတာလည်း ရှိသလို  ..တခြားသော အကြောင်းအရာပေါင်းများစွာ...  ပတ်ဝန်းကျင် အနေအထားတွေကြောင့် ကင်ဆာဆိုတဲ့ ရောဂါစွဲကပ်လာတာလည်းရှိပါသည် ။ဘယ်လို အနေအထားကြောင့်ဘဲ အခြေခံလာပါစေ ..အဆုံးသတ်က ဘာလည်းဆိုတာမေးဖို့မလိုအောင် ကို လူတိုင်းသိကြမှာပါ  ။ဒီရောဂါဆိုးက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေပြီလို့  သိရတဲ့ အခါ လူတိုင်းဆောက်တည်ရာ    မရ ဖြစ်ကြမှာ အမှန်ပါ ။

(1)  အတိတ်နိုင်ဆုံး မိမိကိုယ်ကို တည်ငြိမ်အောင်ကြိုးစားပါ ။ ရင်ဆိုင်ဖို့ သတ္တိမွေးပါ ။ကြောက်နေ  တုန်လှုပ်နေရုံနဲ့ ရောဂါက မပျောက်သွားပါဘူး ။စစ်ပွဲတပွဲ ဖြစ်တဲ့ အခါမှာ ကြောက်နေတဲ့သူက အရင်ရှုံး
တတ်ပါတယ်  ။စိတ်ဓါတ်ကိုမာကျောအောင်ထားပြီး ရင်ဆိုင် တုံပြန်ပါ ။ ရောဂါက ကိုယ့်ကို ထင်တိုင်းကျဲ
ပြီးအနိုင်ယူလို့ မရအောင် ကြိုးစားပါ ။

(2)  ဘုရားရိပ် တရား ရိပ်ရဲ့အောက်မှာအေးချမ်းမှု့ကိုရှာပါ ။မိမိစိတ်နှလုံး ငြိမ်းအေးအောင် တရားရေ အေးတိုက်ကျွေးပါ ။လူရယ်လို့ ဖြစ်လာရင် အို..နာ..သေ  ဆိုတဲ့ ဘေးကနေ မလွတ်ပါဘူး ။
စောတာနဲ့ နောက်ကျတာဘဲ ကွာပါလိမ့်မယ် ။လူတိုင်းသွားရမဲ့ခရီးတခု လို့တွေးပါ ။
ခရီးထွက်တယ်ဆိုတာ ကိုယ်လိုအပ်မဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားရစမြဲပါ ။
အခု ကိုယ်ထွက်မဲ့ ခရီးကဘာလဲဆိုတာ သိနေပြီဘဲ...ဒီခရီးစဉ်မှာ ဘာတွေသယ်ဆောင်သင့်
သလည်းဆိုတာလည်း သိနေပြီဘဲ  .. ကိုယ်ရဲ့ ခရီး စဉ် အတွက် အဓိက လိုအပ်တဲ့ ဒါန သီလ ဘာဝနာ
ဒီသုံးခုကို ပြည့်ပြည့်ဝဝ နဲ့ ပါသွားအောင် သယ်ဆောင်ဖို့ပြင်ဆင်ပါ ။

(3) ရောဂါတခုလုံးပျောက်သွားစေနိုင်တဲ့ ဆေးမရှိဘူးဆိုပေမဲ့
ဒီရောဂါ အစိုင်အခဲကို တတ်နိုင်သလောက် တိုက်ဖျက်ပေးတဲ့ ဆေးတွေ ရှိပါတယ် ။
ဆရာဝန် ညွှန်ကြားချက်အတိုင်း ထိရောက်တဲ့ ဆေးကုသမှု့ကို ခံယူပါ  ။ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့
မိတ်ဆွေအသိုင်းအဝိုင်းထံမှ လည်း ဒီရောဂါနဲ့ပတ်သက်တဲ့ အကြံပေးချက်တွေကို ခံယူပါ ။
ဘယ်လိုအသီးအနှံ ကို စားသုံးပေးရင် ရောဂါ သက်သာစေတယ် ဆိုတာမျိုး ။ ဘယ်သူကတော့ ဘယ်လိုနေထိုင်စားသောက်တာ ရောဂါကို တော်တော်ကြီးရင်ဆိုင်သွားနိုင်တယ်ဆိုတာမျိုး ။
 မိတ်ဆွေတွေရဲ့ အားပေးကူညီမှု့ကို လက်ခံပါ ။

(4)ကိုယ့်ရဲ့ ရောဂါ အဆင့်က ဘယ်အဆင့်ဆိုတာ ဆရာဝန်နဲ့သေချာဆွေးနွေးပါ ။
ကင်ဆာကို STAGE 0 ကနေ 4 အထိ သတ်မှတ်ပါတယ် ။

stage 0 ကတော့ကင်ဆာလို့ သတ်မှတ်လို့မရသေးဘူး . ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကတော့
စတင်စုဝေးနေပြီ ။ပြောရရင်တော့ pre cancer ပေါ့ ။အဲလိုအနေအထားပါ ။

stage 1 ကတော့ ကင်ဆာ လို့သတ်မှတ်လိုက်ပါပြီ ။ ကင်ဆာဆဲလ်ဆိုတာသေချာ
သွားပြီ ပေါ့ ။ဒါပေမဲ့ ဒီအဆင့်က အဲဒီဆဲလ်တွေရှိနေတဲ့ အစိတ်အပိုင်းကို ခွဲစိတ် ဖြတ်တောက်
ထုတ်လိုက်ရင် ရနိုင်တယ်ဆိုတဲ့ အဆင့်ပါ ။ စဖြစ်ဖြစ်ချင်းအချိန်မှီ သိလိုက်နိုင်ရင်
ဖြစ်လာတဲ့ အစိတ်အပိုင်းကို ခွဲဖြတ်ထုတ်လိုက်ရင်  နောက်ဆက်တွဲ ဆိုးဆိုးဝါးဝါး အခြေအနေ
တွေ ဆက်ဖြစ်မလာတော့ဘဲ ကောင်းသွားနိုင်ပါတယ် ။

stage  2 ကတော့ ကင်ဆာကို စတင်ဖြစ်ပွားနေပါပြီ ။ဒီအဆင့်အတွက် ဆေးသွင်းခြင်း ..ဓါတ်ရောင်ခြည်နဲ့
ကုသခြင်း ..ခွဲစိတ်ကုသခြင်းတို့ လုပ်ဆောင် ကုသပါတယ် ။ဒီအဆင့်မှာဝေဒနာကို စတင်ခံစားနေရပါပြီ ။

stage  3 ကတော့ နှစ်အနည်းငယ်ကြာရှည်အောင် ကုသလို့ရနိုင်ပါသေးတယ်ဆိုတဲ့ အဆင့်လို့ ပြောရမှာပေါ့ ။ ကျမအခုလက်ရှိနေတဲ့ နိုင်ငံမှာတော့  ဒီအဆင့်ကို 2နှစ် သို့ 3နှစ်ပတ်ဝန်းကျင်လောက် နေလို့ရသေးတယ်လို့ သတ်မှတ်တယ် ။

stage 4 ကတော့ ပြောရမယ်ဆိုရင် နောက်ဆုံးအဆင့်ပါ ။cancer cell တွေက ထိန်းချုပ်လို့ မရတော့ဘဲ
ပျံနှံ သွားပြီ ဆိုတဲ့အဆင့်ပါ ။နောက်ဆုံး အဆင့်ဖြစ်သလို  6လပတ်ဝန်းကျင်ဆိုပြီး ကာလတခုသတ်မှတ်
လိုက်တဲ့ အဆင့် ပါ ။

ကင်ဆာ stage တခုကနေ တခု ကို ကူးပြောင်းတဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ခံနိုင်ရည်နဲ့စိတ်ဓါတ် အပေါ်
လည်း မူတည်မယ်ထင်တယ် ။တချို့ဆို ကင်ဆာလို့ပြောပေမဲ့ နှစ်ကာလ ရှည်ကြာ ဆေးကုသရင်းနေထိုင်
သွားနိုင်ကြတဲ့ သူတွေလည်း ရှိပါတယ် ။ကင်ဆာလို့ ကြားလိုက်တာနဲ့ သိပ်မကြာဘူး
နှုတ်ဆက်ထွက်ခွာ သွားတဲ့သူတွေလည်း ရှိပါတယ် ။

(5) ကိုယ့်ရဲ့ ရောဂါ အခြေအနေကို သေချာသိပြီ ဆိုရင်  ..ကိုယ့်ဆန္ဒတွေ အတိုင်း ဘာတွေလုပ်ချင်လည်း။
အချိန်ဆိုတာကို အကျိုး ရှိစွာ အသုံးချပြီး လုပ်သင့်သည်ကို လုပ်ပါ ။အချိန်တမိနစ်ဆိုတာ တန်ဖိုးဖြတ်လို့
မရတော့ပါဘူး ။ ကိုယ်ဘာလုပ်ချင်လည်း  ဘာဖြစ်ချင်လည်း  ဘယ်သွားချင်လည်း   မိသားစုနဲ့တိုင်ပင်ပါ ။
အိပ်ယာထဲပက်လက်လဲမှ ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်ဆို ကိုယ့်စိတ်တိုင်းကျ မဟုတ်တဲ့ အတွက်
ဘာမှ ကို စိတ်တိုင်းကျ ဆောင်ရွက်ခွင့်ရမှာမဟုတ်တော့ပါဘူး ။ငါတော့ဒီရောဂါဖြစ်နေပြီ ဆိုပြီး ဝမ်းနည်း
ကြေကွဲနေရုံ နဲ့အရာရာ ဖန်တီးလို့မရနိုင်ပါဘူး ။သားသမီး အတွက် စီမံခဲ့ချင်လား  ။လှုဖို့တန်းဖို့ အတွက်
စီမံမလား ။လူလွတ်တယောက် ဆိုရင်လည်း ငါ လောကကြီးထဲကနေ ထွက်ခွာ မသွားခင်
ဘာတွေလုပ်ခဲ့ချင်လည်း ။ သေချာစဉ်းစားပြီး ပြင်ဆင်ပါတော့လို့ အကြံပေးပါရစေ ။


(6) ရောဂါဖြစ်နေတဲ့ သူက ကိုယ့်ရဲ့မိသားစုဝင်ဆိုရင်လည်း ရောဂါအခြေအနေကို သူမသိအောင်ဖုံးကွယ်ထားတာမျိုး မလုပ်သင့်ပါဘူး ။  ဒီကိစ္စမျိုးက အမှန်အတိုင်း ဖွင့်ပြောပြီး တိုင်ပင်ပါ ။သူဘယ်လိုအခြေအနေ ဆိုတာဝေဒနာရှင် ကိုယ်တိုင် သေချာသိမှ  သူရင်ဆိုင်လို့ရ မှာလေ ။
ဆေးကုနေတာဘဲ ကောင်းသွားမှာပါလို့ နှစ်သိမ့်အားပေးတဲ့ စကားတွေအပြင် သူဖြစ်စေချင်တဲ့
ဆန္ဒတွေကို အတတ်နိုင်ဆုံး သူကိုယ်တိုင် လုပ်ခဲ့ နိုင်ဖို့ အကြံပေး  ပါ ။မိတ်ဆွေ အပေါင်းအသင်း
ခင်မင်မှု့ နဲ့ဘဲ ဖြစ်စေ  မိသားစု ဝင် ဖြစ်နေသည်ဘဲဖြစ်စေ ဖေးမကူပေးပါ ။

(7) သံယောဇဉ်အားလုံးကို ဖြတ်နိုင်အောင် ကြိုးစားသွားပါ ။ 528 မေတ္တာနဲ့ ချစ်ခင်သည်ဖြစ်စေ
1500 မေတ္တာ နဲ့ချစ်ခင်သည်ဖြစ်စေ ဒါတွေကို ဆုံးရှုံးဖို့ အချိန်ဆိုတာ သိပ်မလိုတော့ဘူးလို့ သိလိုက်ရတဲ့
အခါ ဆောက်တည်ရာမရ ဖြစ်လာလိမ့်မယ် ။ဒီကြိုးတွေကို ဖြတ်လို့မရဘူး ဆိုပေမဲ့  သယ်သွားလို့လည်း
မရနိုင်ပါဘူး ။ အကောင်းဆုံးက ငြိမ်းအေးမှု့ တခု နဲ့ နားလည် စိတ်ထားပေးလိုက်ပါ ။သံယောဇဉ်တွေကို
စွဲလန်း ပြီး သွားရတဲ့ ခရီး တခုက လမ်းမဖြောင့်ပါဘူး ။နောက်ဆံမတင်းဘဲ သွားနိုင်အောင်
အရာအားလုံးကို  သဘောထားကြီးစွာနဲ့ နားလည်ပေးလိုက်ပါ ။

လူဆိုတာမွေးလာတဲ့အချိန်မှာ အဖော် နဲ့လာတာမဟုတ်ပါဘူး ။ပြန်တဲ့အခါမှာလည်း အဖော်မပါဘူး။
တယောက်ထဲ ပြန်ရမှာ ဓမ္မတာ ပါ ။ မွေးလာတဲ့အချိန်နဲ့ မသေခင် စပ်ကြားအချိန်လေးမှာ
ချစ်ကြခင်ကြ တွေ့ဆုံ သံယောဇဉ်ဖြစ်ကြတာပါ ။ပြောရရင်တော့ ဒါတွေဟာ အမြဲဆုပ်ကိုင်ထားလို့မရတဲ့
တခဏ အချစ်...တခဏ သံယောဇဉ်လို့ သတ်မှတ်ရင်လည်း ရပါတယ် ။ ဘာမှကိုစွဲလန်းစိတ်မထား ဘဲ ကိုယ်သွားမဲ့ ခရီးအတွက်ကို အေးချမ်းစွာ ပြင်ဆင် သင့်ပါတယ် ။

ကင်ဆာရောဂါကို အချိန်မှီ သိနိုင်အောင်

ကင်ဆာရောဂါကို အချိန်မှီ သိနိုင်အောင်  Medical checkup ကို တနှစ်တခါမှန်အောင်လုပ်ပေးပါ ။
Medical checkup က ကင်ဆာရောဂါအတွက်မှ မဟုတ်ပါဘူး  ။ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှိတဲ့ အစိတ်အပိုင်းတွေ ပုံမှန် ဟုတ်မဟုတ် စစ်ဆေးတဲ့ သဘောဆိုတော့ ဘယ်ရောဂါ မဆို  ဖြစ်ပွား
နေပြီဆိုတာနဲ့ အချိန်မှီသိနိုင်တာပေါ့ ။
ဆေးစစ်တယ်ဆိုရာမှာလည်း ကြွယ်ဝချမ်းသာပြီး ဂရုစိုက်နိုင်တဲ့သူတွေအတွက်က တနှစ်တခါ
ဆေးစစ်စရိတ်က မပြောပလောက်ပေမဲ့  သာမာန်လူတန်းစားများအဖို့ကတော့ ဒီလိုကြီးမားတဲ့
စရိတ်စက အပိုငွေတွေကို သုံးစွဲနိုင်ဖို့ အခက်ခဲရှိပါလိမ့်မယ် ။ကျမအကြံပေးချင်တာက ကျန်းမာရေး
စာစောင်  သို့မဟုတ် ဆေးပညာဆိုင်ရာ မဂ္ဂဇင်းမျိုး ကို မှန်မှန် ဖတ်ပေးပါ ။ ဆေးပညာတတ်ကျွမ်း
နားလည်တဲ့ သူတွေ ရေးသားထားတဲ့ အကြံပြုချက်တွေ လိုက်နာဆောင်ရွက်သင့်တာတွေ
ရှောင်ကျဉ်သင့်တာတွေကို ဖတ်ရှု့ခြင်းအားဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို
သိလာပါလိမ့်မယ် ။ဘာမှကိုမလုပ်ဘဲနေတာထက်စာရင်တော့ အသိတရားတခုရှိလာတာက ကိုယ့်အတွက်
ကိုယ့်ကျန်းမာရေးအတွက် အကျိုးရှိ စေပါလိမ့်မယ် ။

ကိုယ့်ပတ်ဝန်းကျင်မှာ စာပေနဲ့ကင်းဝေးတဲ့သူတွေ
ရှိတယ်ဆိုရင်လည်း  ကိုယ်သိထားတဲ့ ဗဟုသုတ ကို ပြန်လည် မျှဝေပေးပါ ။တချို့က ဝမ်းရေး အတွက်
ရုန်းကန် နေရတဲ့ သူမျိုးဆို စာအုပ်တအုပ်ကို အေးအေးဆေးဆေး အချိန်ပေးဖတ်နိုင်မယ်မထင်ပါဘူး ။
ကိုယ့်ဝန်းကျင်မှာ အဲလို သူတွေများ ရှိနေခဲ့တယ်ဆိုရင် သူတို့လည်း နားလည်သွားရအောင် ပြန်လည်
ပြောပြပေးပါ ။


ကင်ဆာဝေဒနာရဲ့ ခံစားချက်

သိပ်ကို ဆိုးဝါးနာကျင်လှတဲ့ ဝေဒနာလို့တွက်ဆလို့ရပါတယ် ။ကိုးရီးယားဇတ်လမ်းထဲကမင်းးသမီးလေးတွေ ကင်ဆာဖြစ်နေသလိုတော့  ဆေးရုံတက်ဝတ်စုံလေးနဲ့နှုတ်ခမ်းလေးတွေဖြူ လျော် လျော်ဖြစ်
ခုတင်ပေါ် လှဲနေတဲ့  အခြေအနေမျိုးတော့ မဟုတ်တာအသေအ ချာပါ ။အရမ်းကိုကြောက်ဖို့
ကောင်းတယ် ။ဝေဒနာခံစားချက်ကြောင့်ရောဆေးဒဏ်ကြောင့်ရော မသေမချင်း ဝေဒနာဆိုတာကြီးကို မချိမဆန့် ခံစားပြီးနေရတာပါ ။

ကျမအခုနေထိုင် တဲ့ နိုင်ငံမှာတော့ အဲလိုဖြစ်လာပြီဆိုတာနဲ့ရွေးချယ်စရာလမ်းတခုရှိပါတယ်။
အဲတာကတော့ လူနာကိုဆေးထိုးပေးလိုက်တာပါဘဲ ။
ကင်ဆာနောက်ဆုံးအဆင့်လည်း ဖြစ်နေတယ် ။လူနာကလည်း ဝေဒနာကို ဘယ်လိုမှ မခံစားနိုင်တော့ဘူး။
ဆေးကုနေလည်း အသက်လေး ရှင်နေတယ်ဆိုရုံလေးနဲ့  ဝေဒနာခံစားနေရတယ်  ။လူနာရဲ့ ဆန္ဒကြောင့်
သော်လည်းကောင်း တချို့ လူနာတွေက ဘာအသိမှကို မရှိတော့ဘူး  ။
အသက်တော့ရှင်သန်နေသေးတယ် ...စက်တွေ ဆေးတွေ ကြောင့်သာ နှလုံးခုန်နေတယ်ဆိုတာလောက်ဘဲ ရှိတော့တဲ့အခြေအနေ မျိုးဆို  လူနာရှင် မိသားစုရဲ့ ဆန္ဒအရ
ဆေးထိုးပေးပါတယ် ။အိပ်ဆေးထိုးပေးလိုက်တယ်လို့  ပြောကြပါတယ် ။ဒါပေမဲ့ ဆေးထိုး ပြီးတာနဲ့
အရာရာဟာ ချုပ်ငြိမ်းသွားပါတယ် ။ခံစားနေရတဲ့ ဝေဒနာရော ..ရှင်သန်မှု့ရော ချုပ်ငြိမ်းသွားပါတယ် ။
တချို့ကျတော့ စက်တွေတပ်ထားပေးတာ ဖြုတ်လိုက်တာပါ ။နှလုံးကတဖြည်းဖြည်းရပ် သွားတာမျိုးပေါ့ ။
ဝေဒနာကို မခံစားနိုင်တော့တဲ့ အဆုံးတချို့က အဲဒီနည်းကို ရွေးချယ်သွားကြတယ် ။


ကျမတော့လေ ဒီရောဂါ ကို ကုသပေးနိုင်မဲ့ ဆေး အမြန်ဆုံးဖော်စပ်နိုင် ပါစေလို့ဘဲ ဆုတောင်းတယ် ။

ကင်ဆာရောဂါနဲ့ ကုသကုန်ကျစရိတ်

ဒီရောဂါအတွက် ဆေးကုသစရိတ်က သိပ်ကြီးပါတယ် ။ရိုးရိုးနေမကောင်းဖြစ်လို့ဆေးခန်းသွားပြတာ
တောင် ထောင်ဂဏန်းလောက် ပေးနေရတဲ့ခေတ်မှာ အခုလိုကြီးမားတဲ့ ရောဂါကုသဖို့အတွက်
ကုန်ကျစရိတ်ဆိုတာ ဘယ်လောက်ဆိုပြီး တွက်ချက်မျှော်မှန်းထားလို့ မရနိုင်ပါဘူး ။
ပြောရရင်တော့ ရောဂါကို ငွေနဲ့ စက်ပြီးကုသနေရလို့ပါဘဲ ။ပိုက်ဆံချမ်းသာတဲ့သူက ဘာရောဂါဖြစ်
ဖြစ်ဆေးကုသဖို့ ပူပင်စရာ မလိုပေမဲ့  ဆင်းရဲတဲ့တနေ့လုပ် တနေ့စား သမားတွေ အတွက်ကတော့ ........ ..... ..... ..... .....  စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတာ ..ရောဂါကို ကုသဖို့ ငွေကြေး
ဘယ်ကလာမလည်းလေ  ။။။။ဆေးမကုနိုင်လို့ ဒီတိုင်းဘဲ နေရင်း ဆုံးပါးသွားတဲ့သူတွေ ရှိပါတယ်။

ကြွယ်ဝချမ်းသာတဲ့သူတွေက ကင်ဆာဆိုတာဖြစ်လာရင်တောင် ဘယ်မှာဆေးကုမလည်း..မြန်မာပြည်တင် ကုမလား.စင်္ကာပူလောက်သွားကုမလား ...အဆက်သွယ်ကောင်းရင်အိုဘားမားတို့ အမေရိကား အထိတောင် သွားကုလို့ရပါတယ် ။ဘာလုပ်ချင်တဲ့ဆန္ဒတွေရှိသလည်း ... ဘယ်နေရာသွားချင်လည်း ..ဘာစားချင်လည်း ... အကုန်လုံးဖန်တီးလို့ရပါတယ် ။ဘေးနားမှာလည်း ဖေးမမဲ့သူ အားပေးမဲ့သူတွေကလည်း ငွေကြေးတန်ခိုး ... အသိုင်းအဝိုင်းတန်ခိုး  ..ရာထူးဂုဏ်ရှိန်တန်ခိုး ကြောင့် ဝိုင်းဝိုင်းလည်လို့..။ (အန်ကယ်လ် အားတင်းထားနော်...အန်တီ ဘာမှစိတ်မပူနဲ့ ..မမ..လိုတာပြော
ကူညီဖို့ အသင့်ဘဲ....ဆိုတာမျိုးတွေပေါ့ နော်....။)

အဖေက ဆိုက်ကားနင်းတယ် ။အမေက ဈေးရောင်းတယ် ။ သားသမီး ငယ်ငယ်ငေါက်ငေါက်အရွယ်
မရောက်သေးတဲ့လူမမယ်ကလေး တွေနဲ့ မိအို ဘအို တွေကိုပါ ကျွေးထားရတဲ့ ဆင်းရဲတဲ့ မိသားစု မျိုး မှာ တစုံတဦးက ကင်ဆာရောဂါဆိုတာ ဖြစ်လာခဲ့သည် ရှိသော်...  ..
ဘယ်လိုရှေ့ခရီးဆက်ကြမလည်း ...အားပေးမဲ့သူတွေရော ..ရှိပါ့မလား
ဒီရောဂါတော့ဖြစ်နေပြီ ..ဘာလုပ်ချင်လည်း ဘာလုပ်သင့်လည်း ဆိုတာမျိုးတွေ
သူတို့စဉ်းစား နိုင်ပါ့မလား  ... .... ... လောကကြီးမှာ ချိုင့်နေတဲ့
တွင်းတွေ အများကြီးပါ ... ကြာလေ နက်လေ ..ဆိုပါတော့လေ  ။


နွမ်းပါးသူကိုကူညီပါ

လူချမ်းသာတွေ အတွက်  သောင်းဂဏန်းတန်ဖိုးရှိတဲ့ အကျီကို ဝယ်ဝတ်နိုင်ပေမဲ့... သိန်းဂဏန်း
ပေးရတဲ့ stage show ပွဲကို ကြည့်နိုင်ကြပေမဲ့.. ဆင်းရဲတဲ့ သူတွေ အတွက် နေမကောင်းဖြစ်ရင် ကုန်ကျမဲ့ ဆေးဖိုး ထောင်ဂဏန်းဝန်းကျင် လောက်ကိုတောင် မတတ်နိုင်တာတွေ ကျမတို့ ပတ်ဝန်းကျင်မှာ
ရှိနေပါတယ် ။ဆေးခန်းလာပြတဲ့ အမေလုပ်သူက ပိုက်ဆံ အနွမ်းလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လို့
ဘေးနားမှာ ပါလာတဲ့ ကလေးငယ်က အမေ လုပ်တဲ့သူလက်ကို အားကိုးတကြီးဆုပ်ကိုင်လို့
အားငယ်နေတဲ့မျက်ဝန်းတွေနဲ့ ...           .....          ....။

ကိုယ်အပိုသုံးစွဲမဲ့ ငွေကြေး အချို့ကို ဒီလို မျိုး လိုအပ်နေတဲ့ သူတွေအတွက် ကိုယ်ချင်းစာစိတ်လေးနဲ့
မျှဝေ လိုက်ရအောင်လားနော်...

ကျမ ပရဟိတအဖွဲ့အစည်းလေးတခုနဲ့ မိတ်ဆက်ပေးပါရစေ ...
အမတယောက်လိုခင်မင်ရတဲ့ အမဝါ(မနန်းဝါဝါမောင် ) နဲ့ မွန်မြတ်တဲ့ ပရဟိတ အလုပ်လေးတွေကို အတူလုပ်ကိုင်ကြတဲ့
မိတ်ဆွေတွေ ဖွဲ့စည်းထားတဲ့ ( https://www.facebook.com/groups/nanwarwarmgcharity/ )
နန်းဝါဝါမောင်နှင့် ပရဟိတစိတ်ဝင်စားသူ မောင်နှမ များ အဖွဲ့ ပါ ။ဒီအဖွဲ့လေးကနေပြီးတော့ တကယ်လို
အပ်နေတဲ့သူတွေ ... တကယ်လိုအပ်နေတဲ့ နေရာတွေကို အများကြီးကူညီပေးခဲ့ပါတယ် ။
အကူညီတကယ်လို  အပ်တယ်ဆိုပြီး ဆက်သွယ်လာတဲ့ သူတွေကိုလည်း ပညာရေးဖြစ်စေ  ကျန်းမာရေးဖြစ်စေ  တတ်နိုင်တဲ့   ဘက်ကနေ ကူညီပေးလျှက်ရှိပါတယ်ရှင် ။

တောင်ဥက္ကလာပ မြို့နယ် သံသုမာလမ်းမှာ ဖွင့်လှစ်ကုသပေးလျှက်ရှိတဲ့
 ဒေါက်တာထိန် (Dr. Htein's Clinic )
အခမဲ့ ပရဟိတ ဆေးခန်းလေး အကြောင်းလည်း ပြောပါရစေရှင် ။

နန်းဝါဝါမောင်နှင့်ပရဟိတ စိတ်ဝင်စားသူ မောင်နှမ များ အဖွဲ့ နဲ့ ဒေါက်တာထိန်ဝင်းတို့ ပူးပေါင်းလုပ်ဆောင် နေတဲ့ ပရဟိတ ဆေးခန်းလေးတခုပါ ။ ဆေးဖိုး တကျပ်တပြား မယူဘဲ လိုအပ်သည်
များကို အတတ်နိုင်ဆုံးကူညီကုသပေးတဲ့အခမဲ့ ဆေးခန်းလေးပါ ။တကယ်လို့ များ ကိုယ်က
နွမ်းပါးသူတွေကို တတ်နိုင်သလောက် ကူညီပေးချင်တယ်ဆိုရင်
 အမဝါ ( မနန်းဝါဝါမောင် - ဖုန်းနံပါတ် -09-250-3999-69 )ကို
ဆက်သွယ် လှုဒါန်းနိုင်ကြသလို ....ကိုယ့်ပတ်ဝန်းကျင်မှာ တကယ်ကို နွမ်းပါးချို့တဲ့နေတဲ့ ဝေဒနာရှင်
တွေရှိနေရင်လည်း အမဝါ တို့ပရဟိတ အဖွဲ့လေးစီကို ဆက်သွယ် အကူညီတောင်းခံနိုင်ပါတယ်ရှင် ။

နောက်ထပ် ပြောပြ ချင်တဲ့ အဖွဲ့လေးတခုကတော့ အန်ကယ်လ် ရောင်နီဦးနဲ့မိတ်ဆွေများ အတူတကွ
လုပ်ဆောင်နေကြတဲ့ ရောင်နီဦး နှင့် မိတ်ဆွေများ ပရဟိတအဖွဲ့ ဘဲဖြစ်ပါတယ်ရှင် ...
( https://www.facebook.com/YaungNiOoAndFriendsCharityGroup )


အန်ကယ်ရောင်နီဦး တို့ရဲ့ ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတ အဖွဲ့ ကလည်း 
ချို့တဲ့ နွမ်းပါးပြီး အကူညီလိုအပ်တယ်လို့ ဆက်သွယ်တောင်းခံလာတဲ့သူတွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးလျှက်ရှိပါတယ်။
 နွမ်းပါးတဲ့သူတွေကို  ဖေးမကူညီပေးချင်တယ် ဆိုရင်ဖြင့်
ရောင်နီဦး နှင့်မိတ်ဆွေများ ပရဟိတ အဖွဲ့ - ဖုန်းနံပါတ် -၀၉-၅၀-၆၄၀၄၈ ကိုဆက်သွယ် လှုဒါန်း
နိုင်သလို ...ကိုယ့်ပတ်ဝန်းကျင်မှာ ချို့တဲ့ဆင်းရဲတဲ့ သူတွေကျန်းမာရေးအတွက် လည်း ဆက်သွယ်ပြီး
အကျိုးကြောင်းပြောပြ အကူညီ တောင်းခံနိုင်ပါတယ်ရှင် ။

ရေနစ်တဲ့သူတွက် ကောက်ရိုးတမျှင်တောင်မှသည် အားကိုးစရာဖြစ်၏ တဲ့  ...
ကျမတို့ပတ်ဝန်းကျင်မှာ ဆင်းရဲ နွမ်းပါးတဲ့ သူတွေ...
 ငွေကြေးမပြည့်စုံလို့ ဆေးမကုသနိုင်ကြတဲ့သူတွေ..
ဆင်းရဲချို့တဲ့ခြင်း ဆိုတဲ့ ပင်လယ်ထဲမှာ နစ်နေကြတဲ့သူတွေ အများကြီးပါ...
သူတို့တွေအတွက်ကိုယ်ခြင်းစာတရားနဲ့ ဖေးမကူညီလိုက်ရအောင်လားနော်  ။

ပစ်ပစ် 
Am 1:42
16.9.2014 

( ကျမက ဆရာဝန်တယောက်မဟုတ်ပါဘူး..
ကျမစိတ်ဝင်တစား ရှိသွားတဲ့ အရာလေးတခုကိုလေ့လာပြီး မျှဝေ ပေးတဲ့သဘောပါ ။
တကယ်လို့များ ဆေးပညာတကယ်တတ်ကျွမ်းတဲ့ သူတွေကများ လာဖတ်မိရင်  ...ကျမရေးထားတဲ့ အထဲမှာ လိုအပ်ချက်များပါနေရင် ကျမကို ထောက်ပြ ပေးနိုင်ပါတယ်ရှင် ၊။  )

09 September 2014

ချုံခိုတိုက်ခိုက်သူများ (သို့) ကင်ဆာ (၂)

Posted by blackroze at Tuesday, September 09, 2014 7 comments
 ကင်ဆာဆိုတာ ဘာလည်း ???

ကင်ဆာ ရောဂါ ဆိုတာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးထွားရှင်သန်နေတဲ့  ဆဲလ်အစုအဝေးကြီးတခုပါ ။
အဲဒီဆဲလ်အစုအဝေးကြီးက ခန္ဓာကိုယ်ထဲက အသက်ရှင်သန်ရေးအတွက် လုပ်ဆောင်ပေးတဲ့
အစိတ်အပိုင်းတွေကို ဖျက်စီးနိုင်စွမ်းရှိပါတယ် ။

ကင်ဆာ ရောဂါက ဘယ်လိုအရာတွေကနေ စလာသလည်း ?????

  အခုခေတ်မှာ စားစရာအများစုက ဆိုးဆေး..
ဓါတုပစ္စည်း..အစရှိတဲ့ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ပါဝင်နေပါတယ် ။ကင်ဆာဆိုတာကလည်း အဲလို ပစ္စည်းတွေကနေစတာများပါတယ် ။
အခုလက်ရှိ ကျမနေတဲ့နိုင်ငံမှာ ဘာပစ္စည်းမှ ဓါတု ပစ္စည်းနဲ့မလွတ်ပါဘူး ..
ဒီနိုင်ငံမှာက ဘယ်ဟာမဆို ready made ဘဲဝယ်ရပါတယ်..မြန်မာပြည်မှာက ဈေးက နွားနို့ဝယ်ပြီး
ကျိုသောက်ရင် လတ်ဆတ်တာလေး သောက်ရပါဦးမယ်..ဒီမှာက နွားနို့ ဘူးတွေ အသင့်ရောင်းပါတယ်..
ဝယ်ပြီးဖောက်သောက်ရုံပါဘဲ ။အစိုးရ ကတချို့သောတံဆိပ်တွေကို ဓါတ်ခွဲကြည့်လိုက်တဲ့ အခါမှာ
 နွားနို့မှာ စိတ်ကျဆေးတွေပါနေတာတွေ့ရပါတယ် ။
တချို့သောနွားခြံတွေမှာ နွားတွေ ငြိမ်အောင် စိတ်ငြိမ်ဆေးလိုမျိုး နွားတွေကို ကျွေးပါတယ် ။
အဲဒီဆေးကျွေးခံထားရတဲ့ နွားကနေ ထွက်လာတဲ့  နို့မှာ ဒီဆေးရဲ့ အာနိသင်တွေပါလာတယ် ။
အဲဒီနို့တွေ ကြာရှည်သောက်နေတဲ့သူဟာ ..ဘာဖြစ်လာနိုင်မလည်း ..နွားနို့ သောက်ပြီး စိတ်ကျရောဂါ
ဖြစ်သွားတယ်ဆိုတာ အရင်ကကြားရင် သူများရယ်စရာဖြစ်မှာပါ ..။အခုခေတ်မှာတော့ တကယ်ဖြစ်လာ
နိုင်ပါတယ် ။အဲဒီတော့ ဘာပစ္စည်းမှာ ဘာပါမလည်းလို့ကြိုမသိနိုင်တဲ့ အတွက် စားတဲ့သူတွေကလည်း
ဒီလိုဘဲ စားနေကြတာပါဘဲ ။


အဲလိုနည်းနဲ့ဘဲ အသီးစားရင် အသီးမှာအရောင်လှအောင် ထိုးထားတဲ့ ဆိုးဆေးတွေပါတာမသိဘဲစားလိုက်...ဈေးထဲမှာ ရောင်းတဲ့ အသီးအရွက်တွေမှာလည်း အသီးမထွား..ထွားအောင် မမှည့်မှည့်အောင်  ..ဓါတုပစ္စည်းတွေနဲ့ လုပ်ထားတာလေး စားလိုက်
ဟင်းရွက်တွေဆိုရင်လည်း ပိုးသတ်ဆေးမတရားဖြန်းထားတဲ့ အရွက်တွေ  ရေတခါနှစ်ခါ ဆေးပြီးစင်လောက်ပြီဆိုပြီး..ချက်ပြုတ်စားလိုက်နဲ့ တနေ့တခြားကင်ဆာဆိုတဲ့  ရောဂါဖြစ်ပွားနှုံးကမြင့်တက်လာတော့ပါဘဲ ။
စားစရာတွေ အရောင်လှအောင် ဆိုးဆေးသုံးတတ်ကြတယ်ဆိုပေမဲ့ လည်း  ..စားလို့ရတဲ့ ဆိုးဆေးနဲ့
စားလို့မရတဲ့ ဆိုးဆေး  ဆိုပြီး ခွဲုခြားသုံးရပါတယ်  ။
စားလို့ရတာကို သုံးရင် ပြသနာမရှိပေမဲ့  အထည်အလိပ်တွေ မှာသုံးတဲ့ဆိုးဆေး လိုမျိုး ဆိုရင် ..
ပိတ်စလို အရာမှာတာရှည်ခံနေအောင် လုပ်ထားတဲ့ဆိုးဆေးကို စားမိရင် ဗိုက်ထဲက အူတွေ
အစာအိမ်တွေ ဘယ်လိုဖြစ်သွားမလည်း ...အူတွေအစာအိမ်တွေက ပိတ်စ မဟုတ်ဘူးလေ..
စဉ်းစားလိုက်ရင် ကြောက်စရာကြီးပါ ။

ဆိုးဆေးတွေက စားတဲ့အထဲပါလာတဲ့ပစ္စည်းတွေဖြစ်လို့ .. အစာခြေခြင်းနဲ့ခန္ဓာကိုယ်ထဲက အညစ်အကြေး
စွန့်ထုတ်ခြင်းတို့ကိုအဓိကဆောင်ရွက်ပေးတဲ့  အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း ကျောက်ကပ်
အစာအိမ်နဲ့ အူလမ်းကြောင်းတို့  ထိခိုက်စေပါတယ် ။

ကင်ဆာကို ဘယ်လိုကုသ  မလည်း ???

ကင်ဆာရောဂါဖြစ်လာရင် ဓါတ်ကင်ခြင်း ဆေးသွင်းခြင်း နဲ့ခွဲစိတ်ခြင်းတို့ပြုလုပ်ကုသကြပါသည် ။
ဒါပေမဲ့လည်း ကင်ဆာကို ပျောက်ကင်းအောင် ကုနိုင်တဲ့ ဆေးမရှိသေးပါဘူး ။
ကင်ဆာရောဂါဖြစ်လာရင် ကုသဖို့ဆေးတွေရှိပေမဲ့ .. အဲဒီဆေးတွေက ရောဂါလုံးဝ
ပျောက်ကင်းသွားတဲ့အထိ မစွမ်းဆောင်နိုင်သေးပါဘူး ။


ကင်ဆာကိုဘယ်လိုကာကွယ်မလည်း  ????


ဖြေရခက်တဲ့ မေးခွန်းတခုပါ ။ဘာလို့လည်းဆိုတော့ အခုခေတ်မှာ စားစရာအများစုက ဆိုးဆေး..
ဓါတုပစ္စည်းတွေအစရှိတဲ့ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ပါဝင်နေတယ်ဆိုတာ သိပေမဲ့လည်း
စားသုံးသူတွေက ရှောင်လွဲလို့ မရဘဲ ဝယ်ယူစားသောက်နေရလို့ပါဘဲ ။ဒီင်္စားစရာမှာ ဘာပါတတ်လည်း
ဆိုတာ သိတာရှိသလို ဘာပါမှန်း မသိဘဲ စားနေရတာတွေလည်း ရှိပါတယ် ။

 ကျမတို့တွေ ဈေးထဲကနေ ဝယ်စားရတဲ့ ငါးပိလို သဘာဝ
ဖြစ် လုပ်လို့ရတဲ့ ပစ္စည်းမျိုး မှာတောင်မှ ယူရီးယားဓါတ်မြေသြဇာတွေပါတယ်လို့ အသံထွက်ပါတယ်။
အရင်ကအဘွားတို့ခေတ်ကဆို ငါးပိဆိုတာ ကိုယ့်ဘာကိုယ်အိမ်မှာ အိုးနဲ့သိပ်စားကြပါတယ် ။
ကိုယ်တိုင်လုပ်ငါးပိဆိုပါတော့  ။ နောက်တော့ အလွယ်ရတဲ့ အနေနဲ့ ဈေးကနေ ဘဲဝယ်စားကြတော့တယ် ။
အဲဒီတော့ ကိုယ်စားတဲ့စားစရာကို လုပ်ကိုင်ရောင်းချတဲ့သူက လတ်ဆတ်စွာ လုပ်ပြီးရောင်းရင်
ကိုယ်လည်း အရောအနှောကင်းတာလေးစားရမယ် ။ အဲလိုမလုပ်ဘဲ ဟိုရောဒီရော လုပ်ရင်တော့
ကိုယ်လည်း အရောအနှော ပါတာတွေ စားရမှာပါဘဲ  ။

ကျမတို့အခုလက်ရှိအနေအထားက Ready madeဆိုတာကို အားပေးကြတဲ့ ခေတ်ဖြစ်နေပါတယ် ။
 အရင်ခေတ်က ခေါက်ဆွဲခြောက် ကော်ဖီမစ် အစရှိတဲ့ Ready made ပစ္စည်းတွေက ရှားပါတယ်  ။အခုခေတ်ကတော့ စူပါမားကက်တွေ ကုန်တိုက်တွေမှာ လိုချင်တဲ့ပစ္စည်း အစုံကို ready made အနေအထားနဲ့ အချိန်မရွေးဝယ်လို့ရနေပါပြီ ။ready made ပြုလုပ်ထားတဲ့ ပစ္စည်းမှာကျန်းမာရေးကိုထိခိုက် စေမဲ့ ပစ္စည်းတွေ မပါဘူးလို့ ပြောထားပါစေဦး...သူဟာ သဘာဝ
ပစ္စည်းလောက်တော့မလတ်ဆတ်နိုင်ပါဘူး ။

လူတယောက်ရောဂါတခုဖြစ်လာတယ်ဆိုပါတော့  ။ဘယ်ကနေ စမလည်း ။ကျမတို့ နေထိုင်စားသောက်မှု့
ဒီပေါ်မှာဘဲ အခြေခံပြီး စဖြစ်လာတာပါဘဲ ။မြန်မာဆေးကျမ်းမှာတော့ ကံ ..စိတ်..ဥတု ..အာဟာ ရ
ဒီလေးခုညီညွတ်မှ ကျန်းမာတယ် ..ဒီလေးခုမှာတခုခု ချို့ယွင်းလာရင် ကျန်းမာရေး ယိုယွင်းလာမယ်လို့
အဆိုရှိပါတယ် ။ကံဆိုတာက အရင်ဘဝက အကျိုးပေး..ကြားဖူးကြမှာပါ  ဝဋ်နာကံနာ ဆိုတာကိုလေ ။
ကျမတို့ပြုပြင်ဖန်တီးလို့မရတာကံပေါ့ ။စိတ်..ဥတု အာဟာရ ဆိုတာကတော့ ကျမတို့နေ့စဉ်နေထိုင်
စားသောက်တဲ့ပုံစံ နဲ့ တိုက်ရိုက်အချိုးချလို့ရပါတယ် ။

အင်္ဂလိပ်ဆေးပညာဘက်ကနေကြည့်ရင်လည်း  ရောဂါတခုဖြစ်လို့ ဆရာဝန်ပြပြီဆိုပါတော့  ...ပထမဆုံး
မေးတဲ့မေးခွန်းက ဘာတွေစားလည်း .. ဆေးလိပ်သောက်လား ..အရက်သောက်လား  ..
ကော်ဖီ ကိုအလွန်အကျွံသောက်လား...  မူးယစ်ဆေး သုံးစွဲလား..အဲလိုမေးခွန်းတွေစမေးပါတယ် ။
အဲဒီတော့ဘာရောဂါဘဲဖြစ်ဖြစ် ...ဘယ်သူကမှ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို ဆေးထိုးပြီး မထည့်ပါဘူး..
ကိုယ်နေထိုင်စားသောက်တဲ့ ပုံစံ ပေါ်မှာဘဲ ကိုယ်တိုင်သတိမထားမိဘဲ ..အမှုမဲ့ အမှတ်မဲ့
စားရင်းသောက်ရင်းကနေ တစတစ အမြစ်တွယ်သွားတာပါဘဲ ။

အဲလိုတစတစ ဝင်ရောက်လာတာကို ကာကွယ်နိုင်မှ ရောဂါအဆောက်အအုံတခု ကို သူတို့ တည်ဆောက်
လို့မရအောင် တားဆီးနိုင်မှာပါ ။ဘယ်လိုများကာကွယ်မှာလည်း ...။

သန့်ရှင်းလတ်ဆတ်သော စားစရာများကို စားသုံးခြင်းသည် ကျန်းမာစွာ နေနိုင်ခြင်းရဲ့ အခြေခံအချက်တခု
ဖြစ်တယ်ဆိုတာကို ကျမတို့မေ့ထားလို့ မရပါဘူး ။လူတယောက်ရှင်သန်နေထိုင်ဖို့အတွက် နေ့စဉ်
စားသောက်မှု့ပြု ရပါတယ်။

အာရောဂျံပရမံလာဘံ ...ကျန်းမာခြင်းသည် လာဘ်တပါးလို့ ဆိုကြသည်။ ..အဲဒီအာရောဂျံပရမံ
လာဘံဆိုတဲ့ ကျန်းမာခြင်းလာဘ် အမြဲရွှင်နေအောင် ..သန့်ရှင်းလတ်ဆတ်သည်ကိုသာစားပါလို့
ဆိုကြပေမဲ့..အခုခေတ်ကာလအခြေအနေ အရ ..သန့်ရှင်းလတ်ဆတ် တဲ့သဘာဝပစ္စည်းစစ်စစ်
ဆိုတာကလည်း ရှာရဖွေရ သိပ်ခက်ပါတယ်  ။ အသက်ကိုညဏ်စောင့်သည်...ဥစ္စာကိုကံစောင့်သည်တဲ့..
ကိုယ်အသက်ရှည်ကျန်းမာရေးအတွက် ..ညဏ်စွမ်းရှိသလောက်တော့ ကိုယ့်ဘာသာကိုယ်စောင့်ရှောက်
ရမှာပေါ့ရှင် ။

ပူပြင်းတဲ့ ဒေသမှာနေထိုင်သူတွေအဖို့ လမ်းထွက်တဲ့အခါတိုင်း ထီးလေးတချောင်းတော့
ဆောင်သင့်ပါတယ် ။နေရောင်ခြည်ကပါလာတဲ့ခရမ်းလွန်ရောင်ခြည်က အရေပြား ကင်ဆာဖြစ်ပွားမှု့
90 % လောက်ရဲ့ အဓိက တရားခံပါ ။ခရုသင်း စွဲခြင်းတို့လိုမျိုး အရေပြားရာဂါတချို့ကို ခရမ်းလွန်ရောင်
ခြည်နဲ့ကုသကြတယ်ဆိုပေမဲ့....ဒီရောင်ခြည်နဲ့ထိတွေ့မှု့ သိပ်များရင် အရေပြားDNA တွေ ပျက် စီး
ကုန်ပါတယ်  ။အရေပြားကင်ဆာ ရောဂါရဲ့ အစ ဆိုပါတော့ ။အဲဒီတော့ ကာကွယ်ခြင်းအနေနဲ့
အပြင်ထွက်တဲ့အခါတိုင်း လက်ရှည်လေးတထည်ဖြစ်ဖြစ် ဝတ်ပါ ။တတ်နိုင်သူတွေကတော့ နေလောင်ခံ
cream တွေ SPF +50 တွေ ပါတဲ့ cream တွေ သုံးကြပေမဲ့ ကိုယ်က ငွေကြေး မတတ်နိုင်တဲ့သူဖြစ်တယ်ဆိုရင် စိတ်မပူပါနဲ့ ။သနပ်ခါးထူထူလေး လိမ်းရင် လည်းရပါတယ် ။ သနပ်ခါး လိမ်းခြင်းက အသားမည်းတာလည်း သက်သာသလို နေရောင်ခြည်ရဲ့ တိုက်ရိုက်ထိတွေ့ မှု့ကို လည်း
ကာကွယ်ပြီးသားဖြစ်ပါတယ်  ။ အကောင်းဆုံးက   အပြင်ထွက် တိုင်းထီးဆောင်ပါ ။ နေက ပုံမှန်လောက်
ဘဲပူပူ  ... ခြစ်ခြစ်တောက်နေအောင်ဘဲ ပူပူ ထီးဆောင်းရမှာ မပျင်းပါနဲ့ ။ထီးဆောင်ပါ ။ကာကွယ်ခြင်းက
ဖြစ်လာမှ ကုသခြင်းထက်အများကြီး ထိရောက်ပါတယ် ။နောက်တခုက ကိုယ်သုံးစွဲလိမ်းချယ်နေကြ ပစ္စည်းမျိုးက လွဲရင် ဈေးပေါပေါနဲ့ ရတဲ့ မိတ်ကပ် လိမ်းတာမျိုး အဲတာတွေရှောင် ပါ ။တကျပ်တန် ပစ္စည်းက
တကျပ်တန်တဲ့ အရည်အသွေးဘဲ ရှိပါတယ်..တဆယ်တန်က တဆယ်တန် အရည်အသွေးရှိပါတယ် ။
မိတ်ကပ်လိမ်းတာနဲ့ အရေပြားရောဂါဖြစ်တတ်တာမဟုတ်ပေမဲ့လည်း ဈေးသိပ်ပေါပြီးအရည်အသွေး
မပြည့်မှီတဲ့ပစ္စည်းတွေက အရေပြားကိုထိခိုက်စေလို့ပါ ။

ဆေးလိပ်သောက်ခြင်း  ...ရှောင်ပါ ။ ကင်ဆာရောဂါ ကြောင့်
သေဆုံးခြင်းရဲ့ 22 % ဟာ  ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်လာတဲ့ အဆုတ်ကင်ဆာကြောင့်ပါ ။
ကိုယ်ကဆေးလိပ်မသောက်ပေမဲ့  ဆေးလိပ်
သောက်သူက              ကိုယ့်အနားရှိနေရင်လည်း        သူ့စီက အငွေ့ ကိုယ်ရှုမိနေရင် ကိုယ်လည်းဆေးလိပ်သောက်နေတာနဲ့           အတူတူပါဘဲ ။အဲဒီတော့ ဆေးလိပ်ကို ရှောင်သလို
ဆေးလိပ်သောက်တတ်သူကိုလည်း တတ်နိုင်သလောက်ရှောင်နိုင်ရင် အကောင်းဆုံးပါ ။ဆေးလိပ်က
အငွေ့တွေရှုရှိုက်ရတဲ့အရသာကလွဲရင် ကျန်တာဘာမှမရှိပါဘူး။တကယ်လို့ များဒီဆေးလိပ်ကြောင့်
ရောဂါစွဲကပ်လာခဲ့သည်ရှိသော် ....။။ အသက်လေးတခါရှုရှိုက်ရဖို့အရေး   နှာခေါင်းကတောင်ရှုလို့မရလို့  ပါးစပ်ကြီး ပြဲနေအောင်ဟ ပြီး တခါထဲ အသက်ပါတော့မတတ် ခံစား နေရတဲ့ ဝေဒနာကို တွေးကြည့်လိုက်ပါ ။ဝေဒနာ ဆိုတာ ရောင်ရမ်းပြီးတောင် ခံစားကောင်းတဲ့
အရာမဟုတ်ပါဘူး ။ကျမအခုနေတဲ့နေရာမှာတော့ ဆေးလိပ်သောက်ခြင်းကြောင့်
ဖြစ်ပွားလာတဲ့ ရောဂါ ပုံစံအမျိုးမျိုး ကို ဆေးလိပ်ဘူးတွေမှာတခါတည်း စတစ်ကာပုံတွေထည့်ထားပါတယ်။ ယောက်ကျားရော မိန်းမရော ဆေးလိပ်သောက်ကြတဲ့
နိုင်ငံဖြစ်နေတော့ ကင်ဆာဖြစ်ပွားမှု့ က
ဆေးရုံတိုင်းရဲ့ ထိပ်ဆုံး ဇယားမှာ ဗိုလ်စွဲလျက်ပါဘဲ ။ရောဂါသာမဖြစ်ချင်ကြတာ မဆင်ခြင်ကြဘူးဆိုရင်တော့ ဒုံရင်းက ဒုံရင်းဘဲနေမှာပါဘဲ ။အဲဒီတော့ ကိုယ်ကလည်း ဘယ်ရောဂါကို
မဆို လာပါလာပါလို့ လက်ယပ်ခေါ်မိတဲ့ အနေအထားမဖြစ်အောင် ဆင်ခြင်သင့်ပါတယ် ။

အရက်...ဒါကတော့အထူးတလည်ကိုပြောဖို့မလိုပါဘူး ။ လုံးဝရှောင်သင့်ပါတယ် ။ကံငါးပါးထဲမှာတောင် အရက်သောက်ခြင်းဆိုတာကို  တားမြစ်ထားပါတယ်  ။

စားသောက်တဲ့နေရာမှာတော့  ချက်ပြုတ်ထားတဲ့ အိမ်ဟင်းအိမ်ထမင်း
က အသန့်ရှင်းဆုံးပါဘဲ ။ကိုယ်တိုင်ချက်တဲ့ ဟင်းတခွက်ကို ဟင်းရွက်ဆေးတာက အစ အသားလှီးတာ
အလည်  အချိုမှုန့်ထည့်တာမထည့်တာအဆုံး   စိတ်တိုင်းကျဖန်တီးလို့ရပါတယ်။
ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင်မှာ ရေနဲ့ ခဏစိမ်ထားပါ ။ရေ ကို သုံးခါလောက် အနည်းဆုံးဆေးပါ  ။အသားတွေချက်ပြုတ်တဲ့အခါ အသားနူးတဲ့အထိ ကျက်အောင်ချက်ပါ ။ဂျပန်တွေက
အစိမ်းစားတယ်ဆိုတာ လတ်ဆတ်တဲ့ဟာတွေကိုစားတာပါ ။မလတ်ဆတ်တာကို အစိမ်းသွားမိရင်
ပိုတောင်အန္တာရယ်များပါတယ် ။သဘာဝထက်သိပ်ကို လွန်ကဲနေတဲ့ အရောင်ရှိတာ မျိုးတွေကိုရှောင်ပါ ။
ဆိုးဆေးတွေ နဲ့ လုပ်ထားတာတွေစားမိမှာဆိုးလို့ပါ ။မျှစ်ဆိုရင် သဘာဝအရောင်က ဝါတာတာဖြူတူတူ
လေး ။ဈေးသည်ဆီက မျှစ်က ဝင်းဝင်းလေးနဲ့ကိုဝါနေတယ်ဆိုရင် မဝယ်နဲ့တော့ပေါ့ ။ဆိုးဆေးနဲ့ စိမ်
ထားတယ်ဆိုတာ သေချာသလောက်ရှိနေပါပြီ ။ကိုယ်ဝယ်လာပြီးသားမျှစ်ကိုလည်း သံသယရှိတယ်ဆိုရင်
မချက်ခင်မှာ ရေ နဲ့ခဏလောက် ပြုတ်လိုက်ပါ ။ပြုတ်ပြီးမျှစ်ကိုမှ ရေစင်စင်ဆေးပြီးချက်ပေါ့ ။ကိုယ်ဟင်းချက်တဲ့အခါ သုံးမဲ့ကြက်သွန်ငရုတ်သီးကိုလည်းရေ သေချာစွာ ဆေးပါ ။
 ကြက်သွန်နီ တွေထားတာကြာလာရင်အခွံပါးလေးတွေပေါ်မှာ အမည်းရောင် မှိုလေးတွေ ကပ်လာတတ်သည် ။အဲတာမျိုးမည်းမည်းလေးတွေ တွေ့ရင် မချက်ပြုတ်ခင်
ရေသေချာစွာဆေးပါ ။ကြက်သွန်ဖြူဆိုရင် အညှာထိပ်လေးနားမှာ မည်းမည်းလေးလိုလို စိမ်းစိမ်းလေးလိုလို တွေ့ရတတ်တယ် ။အဲတာမှိုတက်နေတာတွေပါ ..ကြက်သွန်ဖြူကျတော့ အမွှာလေး
တွေက သေးသေးလေးတွေ ဆိုတော့ အဲလို မှိုလေးတွေ တွေ့ရင် မသုံးပါနဲ့တော့ ။ကိုယ့်ရဲ့ကျန်းမာရေးကို
ကြက်သွန်ဖြုလေးတတက် နဲ့မလဲပါနဲ့ ။


အကင်တွေကို အလွန်အကျွံစားတာရှောင်ပါ ။အသားကင်တဲ့ အခါ ဆီလေးသုတ်ပြီးဟိုဘက်ဒီဘက်
လှည့်ကင်လိုက် ..မီးသွေးထည့်ထားလေး မီးတောက်အောင် ယပ်ကလေးခပ်လိုက် မီးပေါက်ကလေးတွေ
ဖေါက် ဖေါက်နဲ့ လွင့်စင်လာတဲ့ မီးသွေးမှုန်အစလေးတွေက ဆီသုတ်ထားတဲ့ အသားလေးမှာကပ်...
လမ်းဘေးမှာရောင်းတဲ့ အကင်ဆိုင် ဆို ရင်  ကားကဘေးကနေ ဝေါခနဲ ဖြတ်သွား ဖုန်ထူထူ လမ်းမက
အမှုန်အမွှားတွေက လွင့်ခနဲ လာ  ဆီသုတ်ထားတဲ့ အသားပြားလေးမှာ ကပ်..အဲဒီအသားပြားလေးကို
ဟိုဘက်လှည့် ဒီဘက်လှည့်ကင် ..ကျက်ပြီဆိုရင် အရသာရှိစွာနဲ့စား ..။အဲလိုနဲ့ဘဲ အူနဲ့အူမကြီး အစိတ်အအပိုင်းတွေကို စဒုက္ခပေးတော့တာပါဘဲ ။ ကင်ဆာ ဆိုတာကလည်း  အဲလိုမထင်ထားတဲ့ အရာလေးတွေစီကနေ နဲနဲစီ  နည်းနည်း ချင်းစီ ဝင်လာတာပါဘဲ  ..
နည်းနည်းစီ မသိမသာကနေ များလာတော့ သိသိသာသာလေးဖြစ်သွားတာပါ ။

ကင်ဆာလို့ ခေါင်းစဉ်တပ်လိုက်ချိန်မှာတော့ ရောဂါက အဆောက်အအုံ ခိုင်မာပြီးသား ဖြစ်နေတတ်တယ် ။
အဲဒီတော့ အကင်စားတာတွေ  မှိုတက်ပစ္စည်းတွေ (ကိုယ်ကသတိမထားမိဘဲ ) စားမိလိုက်တာတွေ
ရက်ရှည်ကြာ သိပ်ထားတဲ့ ချဉ်ဖတ်တွေ .စားတာရှောင်သင့်ပါသည် ။နဂိုကထဲက ချဉ်ဖတ်က ချဉ်နေပြီးသားဆိုတော့ သဘာဝလုပ်ထားတဲ့ အရသာကြောင့် ချဉ်တာလား  ဓါတ်ပျက်သွားပြီးချဉ်နေတာလားဆိုတာ
မကွဲပြားတော့ဘူး...နဂိုသဘာဝအချဉ်က ပြသနာမရှိပေမဲ့  ဓါတ်ပျက်လို့ချဉ်နေတာတွေ ကျန်းမာရေးထိခိုက်စေတယ်....ဒါကြောင့် ချဉ်ဖတ်ကို အတတ်နိုင်ဆုံး ရှောင်ပါလို့ ပြောချင်ပါတယ် ။


ကျမတို့နေ့စဉ် လှုပ်ရှားနေထိုင်ဖို့အတွက် အစားအသောက်ဆိုတဲ့ ကဏ္ဍ ကလည်းအရေးကြီးပါတယ်။
ထမင်းမစားဘဲနေလို့မှ မရတာလေ ။အချိန်တန် ထမင်းနှစ်နပ်ကတော့ မဖြစ်မနေစားရပါတယ် ။
စားတယ်သောက်တယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရောဂါဝယ်သလို မဖြစ်အောင်တော့
သတိထားရမှာပေါ့ ။စားသောက်စရာအများစုမှာ ဆိုးဆေးတွေ ဓါတုပစ္စည်းတွေ အနည်းအကျဉ်းစီပါဝင်နေသည့်အတွက် လုံးဝကင်းအောင် မရှောင်နိုင်ဘူးဆိုရင်တောင်မှ အတတ်နိုင်ဆုံးတော့ သတိထားပြီးဝယ်ယူစားသုံးသင့်ပါသည် ။

နောက်တခုက ကိုယ်သုံးစွဲတဲ့ ပန်းကန်ခွက်ယောက်တွေကိုလည်း ကြွေပန်းကန် ဒါမှမဟုတ်လည်း
စတီးပန်းကန်လိုမျိုး သုံးသင့်တယ် ။ကြွေထည်ပစ္စည်းနဲ့ စတီးပစ္စည်းတွေဟာ အပူနဲ့ဓါတ်ပြု လည်း
ဘေးထွက်ဆိုးကျိုးနည်းပါတယ် ။တချို့သော ပစ္စည်းတွေက အပူနဲ့တွေ့ ဆုံဓါတ်ပြုလိုက်တဲ့အခါ
ကင်ဆာ ဖြစ်စေတတ်တဲ့  Chemical တွေ ဖြစ်လာတတ်တယ် ။နောက်တခုက ကျမတို့တွေ 
Coffee Mix သောက်တဲ့  အခါ coffee mix ထည့်ရေနွေးထည့်ပြီးရင်  မွှေစရာဇွန်း အဆင်သင့် မရှိတဲ့ အခါမျိုးဆို  coffee mix အိတ်လေးကို သေးသေးလေး ခေါက်ပြီး တုတ်တံလေးအဖြစ် အသုံးပြု ပြီးမွှေတတ်ပါတယ် ။
အဲဒီလိုready made စားသောက်စရာတွေ ကို ထုပ်ပိုး ဖို့လုပ်ထားတဲ့ အိတ်တွေမှာ
 formaldehyde(ဖေါမယ်လ်ဒီဟိုက် ) လို့ခေါ်တဲ့ organic compound ပါဝင်တယ် ။
အဲဒီ formaldehyde က ကင်ဆာကိုဖြစ်စေတတ်ပါတယ် ။ အဲဒီဓါတ်ပါဝင်တဲ့ အိတ်လေးကိုခေါက်ပြီး
ကော်ဖီ ပူပူ ထဲထည့်ပြီး မွှေလိုက်တာဟာ  ..ကိုယ်သောက်မဲ့ ကော်ဖီကို ကိုယ့်ဘာသာကိုယ် ပြန်ပြီး
အဆိပ်ခတ်လိုက်တာနဲ့ အတူတူပါဘဲ ။တခါနှစ်ခါ က ကိစ္စမရှိပေမဲ့ အဲဒီလိုမျိုး မကြာခဏ လုပ်မိနေရင်
ဘာဖြစ်လာနိုင်လည်းဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ် ။ကိုယ်သောက်မဲ့ ကော်ဖီခွက် ကို အဆိပ်ခွက်
အဖြစ်မဖန်တီးမိပါစေနဲ့ ။ 
( formaldehyde က ပလတ်စတစ် ပစ္စည်း အများစု မှာလည်း ပါတတ်တယ်  ...သူနဲ့ပတ်သက်တာ
အသေးစိတ်ကို သိချင်ရင် wikipedia မှာ ရှာကြည့်လို့ရပါတယ် ။) 

နေ့စဉ်မိမိနေထိုင်တဲ့စားသောက်တဲ့ အထဲ မှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုး ဖြစ်ပွားစေမဲ့
အစားအစာမျိုး ..ကျန်းမာရေး ထိ ခိုက်စေနိုင်တဲ့ နေထိုင်စားသောက်မှု့ ပုံစံတို့ကို 
ဆင်ခြင် ခြင်းအားဖြင့် ကင်ဆာဆိုတဲ့ကြောက်စရာရောဂါဆိုး ကြီးကို ကာကွယ်ပါ ။

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အသီးအနှံ

တချို့သော အသီးအနှံတွေ က ကင်ဆာဆဲလ်တွေကို သေစေတဲ့ ဓါတ်သဘာဝတွေပါဝင်ပါတယ် ။
အဲလိုအသီးအနှံတွေကို စားသုံးပေးခြင်းဖြင့်ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ် ။ 

 Mangosteen လို့ခေါ်တဲ့ မင်းဂွတ်သီးမှာကင်ဆာဆဲလ်တွေကို ကျုံစေ သေစေနိုင်တဲ့
Xanthone (ဈန်ရ်ပွန်)  ဆိုတဲ့ chemical ဓါတ်တမျိုးပါဝင်ပါသည် ။အဲဒီ Xanthone က မင်းဂွတ်သီးအခွံနဲ့
အစေ့မှာ သာ အများဆုံးပါဝင်တာပါ ။မင်းဂွတ်သီးက ကျန်းမာရေးအတွက် နေရာအတော်များများမှာ
အသုံးဝင်ပါတယ်  ။အသီးရဲ့ အညှာာနဲ့ အဖတ်လေးတွေဖယ်ပြီး အလုံးကိုရေသေချာဆေးပါ ။
ပြီးရင် အသီးကြိတ်စက်နဲ့ မင်းဂွတ်သီးတလုံးလုံးကို ရေအနဲငယ်ထည့်ပြီး ကြိတ်ပါ ။ ခပ်ပြစ်ပြစ် အနှစ်တွေ
ရလာပါလိမ့်မယ်.. တချို့ကတော့ အဲဒီအနှစ်တွေကို ပုလင်းထဲထည့် ရေခဲသေတ္တာထဲ မှာ forzen လုပ်ပြီး
ဖျော်ရည် အနှစ်လို မျိုးဖျော်သောက်ကြပါတယ် ။အချိန်ပေးနိုင်တယ်ဆိုရင်တော့ လတ်လတ်ဆတ်ဆတ်
ကြိတ်ပြီး ခုကြိတ် ခုဖျော်သောက်တာက ပိုကောင်းတာပေါ့ ။

သဘောင်္ရွက် ... ကျမတို့ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့နိုင်တဲ့ အသီးနဲ့အရွက်ပါ ။
University of Pardue in California,က သုသေတန ပညာရှင်တွေရဲ့လေ့လာ ချက်အရ  သဘောင်္ရွက်မှာ ပါဝင်တဲ့Acetogenin (အက်စီတိုဂျန်နင်)ဆိုတဲ့ ဓါတ်က ဗိုင်းရပ်စ် ပိုး... မှိုစွဲခြင်း နဲ့... ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ပါသည်တဲ့ ။အဲဒီတော့ သဘောင်္ရွက်ကို ဆန္ဒရှိသလို မှီဝဲ စားသုံးခြင်းဖြင့်လည်း ကင်ဆာ ကို ကာကွယ်နိုင်ပါသည် ။ သုတ်စားတာဘဲဖြင့်ဖြင့် သဘောင်္ရွက်လေး အခြောက် လှန်းပြီးလဘက်ခြောက်လို ခတ်သောက်တာဖြစ်ဖြစ်ပေါ့ ။

ကြက်သွန်ဖြူ ...ကျမတို့နေ့စဉ်စားသုံးတဲ့ အထဲမှာ ကြက်သွန်ဖြူ ပါဝင်ပါတယ် ။
ကြက်သွန်ဖြူ မှာ ခန္ဓာကိုယ်  ကို   အဆီကျစေတဲ့ ဂုဏ်သတ္တိ အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ် တွေကို
လျော့ပါးစေတဲ့ selenium (ဆလီနီယမ်)လို့ခေါ်တဲ့ chemical element တမျိုး ပါဝင်ကြောင်း သိရှိရပါသည်။အဲဒီ selenium က အစာအိမ်ကင်ဆာ... အူမကြီးကင်ဆာဆဲလ်တွေကို အများဆုံးတိုက်ဖျက်ပေးတာပါ  ။သုတေသန ဌာနတွေရဲ့ လေ့လာချက်အရ selenium ဂုဏ်သတ္တိ
ကြွယ်ဝစွာ ပါဝင်ရဲ့ ကြက်သွန်ဖြူ ကကင်ဆာဆဲလ်  20 % လောက်ကို လျော့ချပေးနိုင်တယ်လို့ သိရပါသည် ။ကြက်သွန်ဖြူ ရဲ့ အာနိသင်က အစိမ်းစားမှ ပိုပြီး ထိရောက်စေတာပါ ။အပူပေးပြီး ချက်ပြုတ်
လိုက်တဲ့ ကြက်သွန်ဖြူ က ဘာအာနိသင်မှ မရှိတော့ပါဘူး ။ အဲတာကြောင့် ထမင်းစားချိန်မှာ ကြက်သွန်ဖြူ
လေးတဥလောက် စားပေးသင့်ပါတယ် ။

ဒါကြောင့် အစာလည်းဆေး ..ဆေးလည်း အစာဆိုသလိုဘဲ  ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အသီးအရွက်
တွေထဲကဘဲ ကောင်းကျိုး အာနိသင် ပေးစေနိုင်တဲ့ အသီးမျိုး အရွက် မျိုး ကို ရွေးချယ်စားသုံးသင့်ပါသည်။

ကင်ဆာဖြစ်ပွားနှုံးနဲ့ အဖြစ်များတဲ့ အစိတ်အပိုင်းများ

2012 ကျန်းမာရေးစစ်တမ်းအရ  တမ္ဘာလုံးမှာ ကင်ဆာဖြစ်ပွားနေသူဟာ 14သန်းကျော် ရှိပါသည် ။
အမျိုးသား များမှာ အဖြစ်များဆုံးကင်ဆာ ရောဂါတွေကတော့
1 ) lung cancer (အဆုတ်ကင်ဆာ )
2)  prostate cancer  (ဆီးကျိတ်ကင်ဆာ)
3) colorectal cancer (အူမကြီးကင်ဆာ)
4) stomach cancer (အစာအိမ်ကင်ဆာ) တို့ဖြစ်ပါတယ် ။

အမျိုးသမီးများမှာ အဖြစ်များဆုံးကင်ဆာရောဂါတွေကတော့
1) breast cancer (ရင်သားကင်ဆာ)
2)colorectal cancer (အူမကြီးကင်ဆာ)
3)lung cancer (အဆုတ်ကင်ဆာ)
4) cervical cancer  (သားအိမ်ခေါင်းကင်ဆာ ) တို့ဖြစ်ပါတယ် ။

ကလေးသူငယ်များမှာ ဖြစ်ပွားတတ်တဲ့ရောဂါကတော့
သွေးကင်ဆာလို့ အသိများတဲ့ acute lymphoblastic leukaemia နဲ့brain tumorsတို့ပါဘဲ ။
ကလေးဆိုပေမဲ့လည်း ဒီရောဂါ ဆိုးက အလွတ်မပေးဘဲချောင်းနေတတ်ပါတယ် ။

အမျိုးသားများမှာ အဖြစ်များဆုံးက အဆုတ်ကင်ဆာ ဖြစ်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကို
အထူးရှောင်ကျဉ် သင့်တာ ဆိုတာ ပြောဖို့တောင် မလိုလောက်တော့ပါဘူးနော် ။

အမျိုးသမီးများမှာဖြစ်ပွားတဲ့ ရင်သားကင်ဆာ ကတော့ မိန်းကလေးတိုင်း ရေချိုး တဲ့အခါတိုင်း သတိထား
စစ်ဆေးကြည့်ဖို့လိုပါတယ် ... ချိုင်းအောက်မှ စလို့ မိမိ ရင်သားတဝိုက်မှာ ပုံမှန်မဟုတ်ဘဲ
နာကျင် နေတာမျိုး ရှိလား ..အကျိတ်အခဲ အစလေးတွေများ ရှိနေလားဆိုပြီး ရေချိုးတိုင်း မိမိဘာသာ
အသာအယာ စမ်းသပ်ကြည့်ပါ ။

နောက်ထပ်တခုကတော့ အသည်း ရောဂါပါ ။ သူဟာကင်ဆာ အမျိုး အနွယ်ထဲမှာမပါဝင်ပါဘူး ။ဒါပေမဲ့
အသည်းရောဂါ B ပိုး နဲ့ C ပိုးကလည်း ကြာလာတဲ့ အခါမှာ အသည်း ကင်ဆာ အဖြစ်ကို
ပြောင်းသွားပါတယ် ။ဒါကြောင့် ကင်ဆာ မဟုတ်ပေမဲ့လည်း အသည်းရောဂါ ဖြစ်တဲ့ B ပိုးနဲ့ C ကလည်း
ကင်ဆာရောဂါ နီးနီးလောက်ကို ကြောက်ဖို့ ကောင်းလှပါတယ် ။။အသည်းရောဂါကနေ ဆက်နွယ်ပြီး
ကင်ဆာအဖြစ် ထပ်ဆင့်ပြောင်းလဲ ဖြစ်ပွားသွားခြင်းက ကင်ဆာရောဂါရဲ့ 20% ရှိပါတယ် ။
ဒါကြောင့် အသည်းကိုလည်း ဂရုတစိုက် ရှိသင့်ပါတယ် ။

လူဆိုတာက ကံတရားစေရာနဲ့ ရှင်သန်နေကြတာပါ ။ဘယ်သူမှ ဒီလိုကြောက်စရာ ရောဂါ ဆိုးကြီးကို
မလိုချင်ကြပါဘူး ။ သို့ပေငြားလည်း ကံက ဖြစ်ရမဲ့ ကံပါလာရင်တော့ ဘယ်သူမှ ရှောင်လွှဲ လို့ မရတတ်
ပါဘူး ။ တကယ်လို့များ  ဒီလိုရောဂါဆိုးကြီး ပိုင်ဆိုင်လာခဲ့ရပြီ ဆိုရင် ..... ..... .....
ကိုယ့်ရဲ့နေရက်တွေကို ဘယ်လိုဆက်လက်ရှင်သန်မှာလည်း ????

ပစ်ပစ်
Pm 11 :19
10.9.2014

 ( ကျမနောက် အပိုင်း(၃)ကိုဆက်ရေးပါမယ်  ။ကျမက ဆရာဝန်တယောက်မဟုတ်ပါဘူး..
ကျမစိတ်ဝင်တစား ရှိသွားတဲ့ အရာလေးတခုကိုလေ့လာပြီး မျှဝေ ပေးတဲ့သဘောပါ ။
တကယ်လို့များ ဆေးပညာတကယ်တတ်ကျွမ်းတဲ့ သူတွေကများ လာဖတ်မိရင်  ...ကျမရေးထားတဲ့ အထဲမှာ လိုအပ်ချက်များပါနေရင် ကျမကို ထောက်ပြ ပေးနိုင်ပါတယ်ရှင် ၊။  )

ကျမ အပေါ်က ရေးသွားတဲ့ အကြောင်းအရာတွေရဲ့ အသေးစိတ်ကို ထပ်မံသိချင်တယ်ဆိုရင်
Google serch ကနေ အကုန်လုံး ရှာဖွေ ပြီးအသေးစိတ်ဖတ်နိုင်ပါတယ်ရှင် ။ကျမဘာသာပြန်ထားတဲ့
တချို့သော အကြောင်းအရာလေးတွေက လိုအပ်တာများရှိခဲ့ရင်လည်း ကျမရဲ့ အင်္ဂလိပ်စာ ညံဖျင်းမှု့
ကြောင့်ပါလို့  ပြောချင်ပါတယ်ရှင်  ၊။။။
ဒီအထိ ဆုံးအောင်ဖတ်လာတယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့  ..post ကသိပ်ရှည်နေတဲ့
အတွက် ကြောင့်ပါ ။

ကျမကို tag လုပ်ထားတဲ့ ညီမ အိန်ဂျယ်ရေ..အမရေးပြီးပြီနော် ... { }}}}}

08 September 2014

ချုံ ခိုတိုက်ခိုက်သူများ (သို့မဟုတ်) ကင်ဆာ ...(၁)

Posted by blackroze at Monday, September 08, 2014 8 comments
ကင်ဆာ...  ဒီနာမည်ဟာသိပ်ကြောက်စရာကောင်းပါတယ်   ။ ဒီနာမည် ကို ပိုင်ဆိုင်နေပြီဆိုတာနဲ့
သိပ်မကြာခင်အချိန်အတောအတွင်းမှာ ပြင်းထန်တဲ့ဝေဒနာနဲ့ လောကကိုကျောခိုင်းရတော့မှာ သေချာသွား
ပါပြီ ။ပြောရရင်တော့  ဒီနာမည် ဟာခရီးသွားလက်မှတ်တစောင်နဲ့ တူတယ်လို့ ပြောလို့ရပါတယ်...
ကိုယ်မထွက်ချင်ပေမဲ့ လည်း ဒီလက်မှတ်ရပြီဆို ဒီခရီးကသွားကို သွားရတော့မှာပါ ။

ကျမဒီနာမည်ကို ရင်းရင်းနှီးနှီး စကြားဖူးတာက ကျမ အမတယောက်ရဲ့ အဖေ ..ကျမဦးလေးဆိုပါတော့ ...လည်ချောင်းကင်ဆာ ဖြစ်တယ် ။
အဲဒီတုန်းက ကျမက ငယ်သေးတယ်  ။ 9တန်းလောက်ဘဲ ရှိဦးမယ် ။လူကြီးတွေ ပြောသံကြားတယ် ။
ဘယ်သူတော့ ကင်ဆာဖြစ်နေတယ် ...ကွမ်းအရမ်းစားလို့ ဖြစ်တာနေမှာ ဘာညာ ဆိုပြီး ပြောသံဆိုသံ
ကြားဖူးတယ် ။အိမ်က လူကြီးတွေကတော့လူနာသတင်းမေးသွားကြပါတယ်..ပြန်လာတော့ သူတို့တွေပြောတာနားထောင်ရသလောက် ..ကင်ဆာဟာ..သိပ်ကြောက်ဖို့ကောင်းတယ်လို့  ကျမထင်မိတယ်...။လျှာဆို ပြတ်ကျလို့ မရှိတော့ဘူးတဲ့  သွားဖုံးတွေရော ပဲ့ကျလာတာပေါ့ ။လျှာ မရှိတော့ စကားပြောလို့မရသလို..အစားလည်းဘာမှကိုစားလို့မရတော့ဘူးပေါ့ ။အဲဒီလိုတွေကြားတုန်းက ကြောက်လိုက်တာလေ...နောက်တော့သိပ်မကြာဘူး  တနှစ်ပတ်ဝန်းကျင်လောက်မှာ ဆုံးသွားပြီ ဆိုပြီး နာရေး
သတင်းကြားပါတယ် ။အဲဒီကထဲက ကျမ အပေါင်းသင်းတွေထဲမှာ ကွမ်းစားတယ်ကြားတာမျိုး...ဆိုရင်
ကျမ အမြဲသတိပေးမိတတ်တယ်... ကွမ်းစားတာက မကောင်းဘူး ..ကျမဦးလေး တယောက်ဆို
ဝေဒနာ  အကြီးအကျယ် ခံစားပြီးသေသွားတာပေါ့ ။သတိပေးစကားအမြဲပြောမိတတ်ပါတယ် ။

ဒီလိုဘဲ ဖြတ်သန်းလာလိုက်တာ ကျမဒီနိုင်ငံရောက်လာတဲ့ အထိ  အဲဒီကင်ဆာဆိုတဲ့ နာမည်ကို
ထပ်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရင်းရင်းနှီးနှီးကြားတာမျိုး မရှိတော့ဘူး ။အရင်တုန်းကတော့
ကျောင်းသူဘဝဆိုတော့ လူမှု့ရေး ကိစ္စကို အိမ်ကလူကြီးတွေကဘဲ ဦးဆောင်လုပ်နေကြဆိုတော့
တော်တန် လောက်ဆို ကျမတို့ လူငယ်တွေ မသိလိုက်တာမျိုး လည်း ဖြစ်နိုင်တာပေါ့လေ  ။
ဒီနိုင်ငံရောက်လာတဲ့ အချိန်မှာတော့ ကျမ က 18နှစ်အရွယ် မိန်းကလေး မဟုတ်တော့ပါဘူး ။
ကျမဘဝ ကျမဘာသာရပ်တည်ဖို့ ကြိုးစားရပါပြီ  ။ နောက်တခုက ကိုယ့်ဘာသာ ရပ်တည်ရတဲ့
ဘဝဖြစ်နေပါပြီ..ဒီတော့ လူမှု့ရေး ကျန်းမာရေး  အစစ ဘယ်ကိစ္စ မဆို ကျမဘာသာ စဉ်းစား ဆုံးဖြတ်
ရပါတယ် ။ပတ်ဝန်းကျင်ဆိုတာနဲ့  ထိတွေ့ ဆက်ဆံရပါပြီ  ။ ဒီအချိန်မှာ အလုပ်ထဲမှာ  ကျမနေတဲ့
အနီးနား အိမ်နီးချင်းမှာ  ခင်မင်ရတဲ့ မိတ်ဆွေ အပေါင်း အသင်းကြားမှာ ရောဂါဖြစ်တယ်လို့ ကြားလိုက်ရင်
ကင်ဆာ ပါဘဲ ။ ဒီနိုင်ငံကဘဲ ကင်ဆာ ဖြစ်လွန်းတာလား  မသိတော့ပါဘူး ။

ကျမသူငယ်ချင်းတယောက်ရဲ့ အမေ ဆုံးတယ် ။ သားအိမ်ကင်ဆာ နဲ့ပါ ။ ဖြစ်တာက တော့ကြာလှပါပြီ
ကျမသူငယ်ချင်း 7တန်းကျောင်းသူ ဘဝကထဲက အဲဒီရောဂါ စဖြစ်တယ် ။ ကျမ သူငယ်ချင်း အသက် 28
မှာ မှ သူ့အမေ ဆုံးတာပါ ။ကျမ သူငယ်ချင်းက ပြောပါတယ် ။သူ့အမေ အရမ်း စိတ်ဓါတ်မာတယ်တဲ့
သူ့အမေနဲ့ အတူ မရှေး မနှောင်းဖြစ်ကြတဲ့သူတွေ အကုန်ဆုံးကုန်ကြပြီ ..ဒီလောက်အချိန်ထိ ဘယ်သူမှ
မရှိနေတော့ဘူးတဲ့  ။သူ့အမေက ကင်ဆာဖြစ်နေပေမဲ့ အချိန်တော်တော်ကြာ နေသွားလို့ရတယ်
လို့ ပြောပါတယ် ။သူမင်္ဂလာဆောင်အထိ မှီမယ်ထင်ထားတာ  ။ဒါပေမဲ့ သူမင်္ဂလာ မဆောင်ခင်
သူ့အမေ ဆုံးသွားတာပါ  ။ သူ့အမေ ကျတော့ စိတ်ဓါတ်သိပ်မာတယ်ပြောရမှာပေါ့ ။ သူ့အမေ ဒီရောဂါ ရှိနေပြီဆိုတော့ သားသမီးတွေက ဝမ်းနည်းတာပေါ့ ။အဲဒီတော့ သူ့အမေက သူတို့ကိုပြောတယ်တဲ့
နင်တို့တွေ အရွယ်မရောက်မချင်း  အမေ နင်တို့ကို မထားသွားဘူးတဲ့ ..တကယ်လည်း သူတို့မောင်နှမတွေ အရွယ်ရောက် တဲ့ အထိ သူတို့ အမေ နေသွားခဲ့ပါတယ်  ။ အရှုံးပေးရမယ်ဆိုတာ
သိပေမဲ့လည်း ရသလောက်ကို ရင်ဆိုင်သွားခဲ့တဲ့သူပါ  ။

နောက်တော့ သူငယ်ချင်းတယောက်ရဲ့ အဖေ  ။ နေမကောင်းဖြစ်တယ် ဘာညာ ပြောသံလည်း
မကြား ဖူးပါဘဲနဲ့ ဗြုန်းစားကြီး အသက်ရှုကျပ်တယ်ဆိုပြီး ဆေးရုံတင်ရတယ် ။ဆေးစစ်လိုက်တယ် ။
အစကတော့ပန်းနာရင်ကျပ်လိုလို အဆုတ်ပွသလိုလို ဟိုလိုလိုဒီလိုလိုကနေ ကင်ဆာတဲ့  ။
အဆုတ်ကင်ဆာ  အဆင့်၎ တဲ့  ။ သူငယ်ချင်းမိသားစုဆို ယုံတောင် မယုံ နိုင်ကြဘူး ။ ဘာမှလည်း
လက္ခဏာမပြဘဲနဲ့ အသက်ရှုလေး ကျပ်ရုံနဲ့ ကင်ဆာ အဆင့်၎ ဆိုတော့ ဟုတ်ရဲ့လားပေါ့ ။
ဆေးရုံတွေ ဘာတွေတောင် ပြောင်းပြီး medical check up လုပ်ကြပါသေးတယ် ။ဒီတယောက်ကတော့
ခပ်မြန်မြန်ပါဘဲ  ။အဆုတ်ကင်ဆာလို့ သိရပြီး သိပ်မကြာခင်မှာဘဲ  ဆုံးသွားပါတယ် ။6လတောင်မပြည့်
လိုက်ပါဘူး  ။သူငယ်ချင်း အဖေက အသက်လည်း 60ကျော်နေပြီဆိုတော့ ကင်ဆာဆိုတာသိလိုက်ရတဲ့
အချိန် စိတ်ဓါတ်ကျသွားတာလည်းပါမယ် ထင်ပါတယ် ။လူကြီးလည်း ဖြစ်တယ် ။ စိတ်ဓါတ်လည်း
ကျသွားတော့ ရောဂါ က ချက်ချင်းကြီးအနိုင်ရ သွားတယ်ထင်တာဘဲ  ။

နောက်တော့လည်း ဘယ်သူကင်ဆာ ဖြစ်နေလို့  ဘယ်သူကတော့ ကင်ဆာနဲ့ဆုံးသွားပြီဆိုတာတို့
မကြာခဏ ဆိုသလို ကြားနေရပါတယ်  ။အလုပ်ထဲမှာလည်း  ဘယ်သူက ကင်ဆာ ဖြစ်လို့ အလုပ်ထွက်
ပြီးနားနေပြီဆိုတာမျိုး မကြာခဏဆိုသလို ကြားနေရပါတယ် ။

အခုလောလောလတ်လတ် ကြားရတဲ့သတင်းကတော့ ကျမတို့အလုပ်ခန်းထဲကဘဲ  ခင်မင်ရတဲ့
တယောက်ဆိုပါတော့  ။သူကတော့ မြန်မာပြည်ကလာတဲ့သူ မဟုတ်ပါဘူး  .ဒီိနိုင်ငံသူစစ်စစ်ပါ ။
ကလေးနှစ်ယောက်ရှိပါတယ်  ။သူ့ယောက်ကျားက ဒီနိုင်ငံစစ်တပ်က စစ်မှု့ထမ်း ပင်စင်စားပါ ။
တပ်ကနေ အငြိမ်းစားယူထားတဲ့သူပေါ့ ။ သမီးကအထက်တန်းတက်နေတာ ...သားက အခုမှ အလယ်တန်းတက်မှာ။သမီးကတော့ဒီနိုင်ငံက ကောင်မလေး တွေပုံစံစရိုက်မျိုးဘဲထင်ပါတယ်..
သမီးနဲ့ပတ်သက်ပြီးသူပြောတာ သိပ်မကြားဖူးပါဘူး..သားအကြောင်းတော့ ခဏခဏပြောပါတယ် ။

သူ့သားက စာအရမ်းတော်ပါတယ် ။ကောင်လေးက လိမ်လည်း လိမ်မာတယ် ။ဒီနိုင်ငံက ကလေးတွေက
ကျမတို့မြန်မာမျက်စိနဲ့ကြည့်ရင် ရိုင်းပါတယ် ။ အရွယ် ကမရောက်သေးဘူး  ။အိမ်ပေါ်ကဆင်းပြီး ကိုယ့်ဘာသာကိုယ်အပြင်မှာ ခွဲနေဖို့ စဉ်းစားနေပြီ ။မိဘကို လုပ်ကျွေးဖို့ထက် ရည်စားနဲ့ အတူနေ
ဖို့ ဦးစားပေး လုပ်ကြတဲ့သူတွေပါ ။အဲဒီကောင်လေးကျတော့ အဲလိုပုံစံ မဟုတ်ဘူး  ။ အမေကိုအရမ်းချစ်ပြီး အလိုက်လည်းသိတယ် ။ကလေးကငယ်သေးတယ်ဆိုပေမဲ့လည်း သူ့အသိစိတ်နဲ့သူ မိဘကို အမြဲတမ်းကူညီပေးတတ်သူပါ ။ မိဘကို သိတတ်တဲ့ကလေးဆိုပါတော့ ။အမေလုပ်တဲ့သူကလည်း သားကို အရမ်းအားထားပုံရတယ် ။ အခုတော့အူမကြီးကင်ဆာ တဲ့ ။ အားလုံးကစိတ်မကောင်းကြဘူး ။

သူကကျန်းကျန်းမာမာ ဘဲ..ဘာမှ ဖြစ်တယ်လည်းပြောသံမကြားဘူး ။ အလုပ်မှာတနှစ်တခါ ဝန်ထမ်း
တိုင်း Medical check up လုပ်ရတယ်..ဒီနှစ် အဲလိုစစ်တော့ သူ့ကို ဆေးရုံကနေ စာပို့လာတယ်
အူနဲ့ပတ်သက်ပြီသေချာ ပြန်ပြီး စစ်ဖို့ အကြောင်းကြားတယ် ။အဲတာနဲ့သူလည်း ဆေးရုံမှာစစ်တော့
ကင်ဆာ လို့ သံသယဖြစ်တယ်ပေါ့ ။သူဆေးရုံ နှစ် ရုံ သုံးရုံ ပြောင်းပြီး စစ်တယ်..။နောက်ဆုံးတော့
ကင်ဆာ ဆိုတာ သေချာသွားတယ် ။သူကခွဲစိတ်လို့ အချိန်မှီသေးတယ်ပြောတာဘဲ ။အူကိုဖြတ်ထုတ်မယ်ပေါ့ ။ အားလုံးက တအံတသြဖြစ်လို့  ။ အဲဒီအမဆို တခါမှ ခွင့်ယူတယ်ကိုမရှိဘူး ။

ကင်ဆာဆိုတာကလည်း ဘာလက္ခဏာ မှကိုမပြဘဲ ကိုယ်ထဲမှာ ဖြစ်နေတတ်တာလား ။ရောဂါ
ဖြစ်တယ်ဆိုတာ ဝေဒနာတခုခု ခံစားရတဲ့ လက္ခဏာ ပြရမယ်မဟုတ်လား ။အခုတော့ ဘာမှကို
သတိမထားမိဘဲ ကင်ဆာတဲ့ ။ အူမကြီးကင်ဆာဆိုတော့ သူ့ကို ဝမ်းသွားတာနဲ့ပတ်သက်ပြီး တခုခုများမခံစားရဘူးလား ။ဝမ်းမကြာခဏချုပ်တာမျိုး ။ ဗိုက်အောင့်တာတွေ ဘာတွေ  ။ဗိုက်ထဲ တင်းတင်းကြီး ဖြစ်နေတာတွေမခံစားရဖူးလားလို့ မေးတော့လည်း ဘာမှကို မခံစားရဘူးတဲ့ ။
ဆေးရုံက ကင်ဆာလို့ပြောတော့ သူကိုယ်တိုင်တောင် မယုံနိုင်ဘူးတဲ့ ။
ကင်ဆာဆိုတာကြီးကလည်းကြောက်စရာကောင်းလိုက်တာနော် ။

သူကကင်ဆာလို့သိသိရခြင်းမှာ  စိတ်မကောင်းဖြစ်ပြီးငိုပါတယ်  ။ သူ့သားလေးကစာအရမ်းတော်တာတဲ့..
သူ့သားလေး ပညာတတ်ကြီးဖြစ်တဲ့ အထိ သူလုပ်ပေးချင်သေးတယ်တဲ့  ။ဒီနိုင်ငံမှာ က ပညာရေးစရိတ်က
သိပ်ကြီးပါတယ် ..အထက်တန်းလောက်အထိဘဲကျောင်းတက်ပြီး အလုပ်ထွက်လုပ်ကြတဲ့ သူတွေများပါတယ် ။တက္ကသိုလ်ဘွဲ့ရ ဆိုတာ မိဘကလည်း တတ်နိုင်မှ ကိုယ်တိုင်ကလည်း ဇွဲကောင်းကောင်း နဲ့ကြိုးစား နိုင်မှ ...ဘွဲ့တခုရတာပါ  ။တချို့ကျတော့လည်း တက္ကသိုလ် ဆက်တက်ဖို့
အတွက် ဘဏ်ကနေ ပိုက်ဆံချေးပြီး  သုံးပါတယ် ။ဘွဲ့ရတော့ အလုပ်ရှာ ဘဏ်ကအကြွေးကို ပြန်ဆပ်ပေါ့ ။
ဘဏ်ကနေ ပိုက်ဆံချေးတယ် ဆိုတဲ့နေရာ မှာလည်း ကျောင်းတက်မယ်  ပိုက်ဆံချေးပါ  ဆိုတိုင်း
လွယ်လင့်တကူ ပေးတာမဟုတ်ပါဘူး ။ မိဘအလုပ်အကိုင်  ..တလဝင်ငွေ ..မိဘကအိုးပိုင် အိမ် ပိုင်ရှိရဲ့ လား..အပြင်ကုမ္ပဏီဝန်ထမ်းလား..အစိုးရဝန်ထမ်းလား...။ဘယ်တက္ကသိုလ်တက်မှာလည်း ..အဲဒီတက္ကသိုလ်က ဘွဲ့ရတွေက အလုပ်ရှာရ လွယ်လား ..အမျိုးစုံကို စုံစမ်းပြီး အစစ နောက်ကြောင်းလိုက်ပြီးမှ ချေးပေးတာပါ ။

ပညာရေးစရိတ်စက သိပ်မြင့်မားလွန်းတဲ့ နိုင်ငံဆိုတော့  ကလေးကစာဘယ်လောက်ဘဲတော်နေပါစေ
ပံပိုးပေးမဲ့မိဘ မရှိရင်   ..ဒါမှမဟုတ် ငွေကြေး မတတ်ရင်  သိပ်ပြီးကြီးကြီးမားမားမျှော်လင့်လို့မရတော့ပါဘူး ။အဲဒီ အမရဲ့ သားကလည်း ပညာတော် ..မိဘကိုလည်း
သိတတ်တဲ့သားလိမ်မာ ဆိုတော့ မအေ ခမျာ  သားလေးကို ထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်ပုံရပါတယ် ။
အခု ..သူ့မှာ ဒီလိုရောဂါလာဖြစ်တော့ .. ကလေးရဲ့ ပညာရေးအနည်းနဲ့အများဆိုသလိုထိခိုက်သွားနိုင်တာပေါ့  ။ လှေလှော်ရင်းတက်ကြိုးသွားသလို  တပိုင်းတစ ဖြစ်သွားနိုင်တယ်  ။ အဲဒီတော့ သူ့ခမျာ သူ့အတွက် သူစိတ်ပူတာရော  သူ့သားလေးနောင်ရေးတွေးပူတာရော ဝေဒနာနှစ်ရပ်ကို ခံစားနေရတော့တာပါဘဲ  ။ကြားရတဲ့
မိတ်ဆွေတွေလည်း စိတ်မကောင်းကြပေမဲ့ ဘာတတ်နိုင်မှာလည်း လေ...။

ပြီးခဲ့တဲ့တပါတ်က အလုပ်ခန်းထဲက လူတွေစုပြီး ပိုစ့်ကဒ်လေးတခု လုပ်ကြပါတယ်..အားပေးစကား
တယောက်တကြောင်းစီရေး  ..ကဒ်လေးကိုလှလှပပလေး ထုပ် သူဖတ်ရအောင်ပေါ့ ...သူ့ကိုဆေးရုံ သွားတွေ့ကြပါတယ်  ။

ဆေးရုံက လူနာခန်းထဲမှာ အဲဒီအမနဲ့ အတူ သူ့သားလေးကိုပါ တွေ့ခဲ့ရတယ်  ။အဖေက အိမ်ကိုပြန်ပြီး
ပစ္စည်းပြန်ယူတယ်တဲ့ ။သားလေးက အမေတယောက်ထဲ ဆေးရုံမှာကျန်ခဲ့မှာဆိုးလို့  အဖေနဲ့ အိမ်လိုက်
မပြန်ဘဲ သူ့အမေနား စောင့်နေပေးတာဘဲ  ။ကောင်လေးက 11နှစ်12 နှစ်လောက် ရှိမယ်ထင်တယ် ။
မျက်မှန်လေးနဲ့ ..သူ့အမေ ခုတင်ဘေးက ခုံလေးမှာ မျက်နှာငယ်လေးနဲ့ ထိုင်နေတာ  ။
ဆေးရုံသွားကြတဲ့ သူတွေအားလုံး အခန်းထဲကမြင်ကွင်းကြောင့် ငိုချင်တဲ့ စိတ်ကို တင်းပြီး သူ့ကို အားပေးစကား ပြောနေရတယ်ဆိုတာ ကျမတို့ အချင်းချင်းဘဲ သိကြပါတယ် ။
ကင်ဆာရောဂါကြီးက ဒီလောက်တောင်ရက်စက်ရလားလို့ ကျမမေးလိုက်ချင်ပါရဲ့ လေ။။။။
ဒီရောဂါက ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေရာယူလာတာကိုအသိတောင်မပေးဘဲ
သူတို့တနေရာစာရ သွားပြီဆိုမှ .... ငါတို့တော့ နင့်ကိုယ်ထဲ ရောက်နေပြီ.. ဆို ပီး ..နောက်ကျမှ အသိပေးတတ်တဲ့..ချုံ ခိုတိုက်ခိုက်တတ်တဲ့ ကောင်တွေပါ ။
သူတို့တွေ အဲလိုဝင်မလာနိုင်အောင် ဘယ်လိုကာကွယ်မလည်း .... ။။။။။

 ပစ်ပစ်
Am 2:23
8.9.2014

( ကျမနောက် တပိုင်းဆက်ရေးပါမယ်  ။ကျမက ဆရာဝန်တယောက်မဟုတ်ပါဘူး..ကျမစိတ်ဝင်တစား
ရှိသွားတဲ့ အရာလေးတခုကို ပြန်ပြီးမျှဝေတဲ့ သဘောပါဘဲ .. တကယ်လို့များ ဆေးပညာတကယ်တတ်ကျွမ်းတဲ့
သူတွေကများ လာဖတ်မိရင်  ...ကျမရေးထားတဲ့ အထဲမှာ လိုအပ်ချက်များပါနေရင် ကျမကို ထောက်ပြ
ပေးနိုင်ပါတယ်ရှင် ၊။  )


05 September 2014

သူကြီးသား

Posted by blackroze at Friday, September 05, 2014 8 comments

ကျမ ဒဂုံတက္ကသိုလ်မှာ First year စတက်ချိန်ဆိုပါတော့ ။ တက္ကသိုလ်တက်တဲ့ ကျောင်းသားကျောင်းသူအများစုက ကန်တင်း မှာ ထမင်းစားကြတာများပါတယ်  ။မိန်းကလေးတချို့ ကတော့ တခါတလေ ထမင်းဘူးသယ်တတ်တယ် ။
အဲတာလည်းရံဖန်ရံခါဆိုပါတော့ ။များသောအားဖြင့်က သူငယ်ချင်းတွေနဲ့ အတန်းချိန်ပြီးရင်
အဆင်ပြေသလို ဆိုင်မှာဘဲ စားကြတာများတယ်..တခါတလေ ကျောင်းမှာအတန်းချိန်ပြီးပြီ ဆိုရင်
အပြင်ထွက်ပြီး မြို့ထဲဘက်မှာ သွားစားကြတာများတယ် ။အပေါင်းသင်းတွေနဲ့ သွားလာရတာကို
ပိုသဘောကျကြတာပါ ။

ဒါပေမဲ့ကျမတို့အခန်းထဲမှာ ကျောင်းသားတယောက်ရှိတယ် ။သူကပုံစံတမျိုး ။ကျောင်းလာတာ
ထမင်းချိုင့်သယ်လာတယ် ။ထမင်းသယ်လာတာ ဘာထူးခြားလည်းလို့ မေးစရာရှိပါတယ်။
ဟုတ်ပါတယ် မထူးခြားပါဘူး ။ထမင်းချိုင့် သယ်လာတာကမထူးခြားပေမဲ့ သယ်လာတဲ့ ပုံစံက
ထူးခြားနေတာပါ ။ထမင်းချိုင့်သယ်လာတယ်ဆိုရင် အများစုက စတီးချိုင့် သုံးဆင့်ချိုင့်အသေးဖြစ်ဖြစ်
နှစ်ဆင့်ချိုင့် အသေးဖြစ်ဖြစ် နဲ့ယူလာကြတာများပါတယ်..သူကဘယ်လိုချိုင့်နဲ့ လာလည်းဆိုတော့
ကျမတို့တွေ အလှုတွေဘာတွေ လုပ်ရင် မုန့်လိုက်ဝေတဲ့အခါ သုံးတဲ့ ငါးဆင့်ချိုင့် အကြီးနဲ့လာတာခင်ဗျား...။

ပထမ တရက် သူအဲလိုချိုင့်ကြီးနဲ့ လာတော့ အခန်းထဲကလူတွေက ထင်ကြတာ သူ့အိမ်မှာ ဆွမ်းကျွေး
အလှုတို့ ဘာတို့လုပ်တော့ ကျောင်းကို သယ်လာပြီး သူငယ်ချင်းတွေကို ကျွေးတယ် မှတ်ကြတာပေါ့ ။
ဒါပေမဲ့ ထမင်းစားတော့ သူတယောက်ထဲ ချိုင့်ဖွင့် ခုံပေါ်မှာ ပဝါခင်းပြီး ငါးဆင့်စလုံးဖွင့်ချ ပြီးတော့
ခပ်တည်တည်ဘဲ တယောက်ထဲ ထိုင်စားတာ ။ ဘယ်သူ့ကိုမှလည်း စားပါဘာညာ မခေါ်ဘူး ။
အဲလိုနဲ့တရက်ပြီးသွားရော ။နောက်တရက် ကျမတို့လည်း ထမင်းချိုင့် သယ်တာက တရက် အပြင်
ထွက်စားတာက တရက်ဖြစ်နေတော့ သူ့ကို သတိမထားမိတော့ဘူး ။

တရက်တော့ ကျမတို့ အုပ်စုထဲက တယောက်က ဘယ်ကနေကြားလာတယ် မသိဘူး ။သူ့အကြောင်း
စပြောပါလေရော ။""  နင်တို့သိလား ငါတို့အခန်းထဲမှာ ငါးဆင့်ချိုင့် သမားရှိတယ်တဲ့  ..သချာင်္မေဂျာ
ကကောင်တွေ ဒီနေ့ငါ့ကိုမေးတယ် ...ဘယ်သူလည်းတဲ့.. "" အမှန်အတိုင်းပြောရရင်
သူလာပြောတဲ့ အထိကျမတို့ အဲဒီငါးဆင့်ချိုင့်သမားကို သတိမထားမိဘူး ။

တခြားမေဂျာက သိနေပြီးကိုယ့်အခန်းထဲက အကြောင်း ကိုယ်မသိတော့ ကိုယ်ညံရာကျမယ်ဆိုပြီး
တပါတ်လောက် ဆိုင်မှာ ထမင်းမစားဘဲ အခန်းထဲမှာဘဲ ထမင်းဘူးသယ်စားတော့မှ ..ဘယ်သူဆိုတာ
သေချာသိတော့တယ်  ။အဲဒီကျောင်းသားက နေ့တိုင်း ငါးဆင့်ချိုင့် အကြီးကြီးနဲ့ ထမင်းဘူးသယ်လာပြီး
ခပ်တည်တည်ဘဲ စားတာ ။အဲတာနဲ့ သူ့ကို တခါတည်းနာမည်ပေးလိုက်ကြတယ် ။
သူကြီးသား  ဆိုပြီးတော့ ။သူကလည်း လုံးဝဂရုမစိုက်ဘူးနော်..ခပ်တည်တည်ဘဲ  ။

တရက်တော့ သူက ကျမတို့အုပ်စုထဲက တယောက်ကို ဂေါ်ကြောင်ပါတယ် ။ လေယာဉ်ပျံချိုးပြီး
စာရွက်ပေါ်အသည်းလေးတွေ ဆွဲပြီး နောက်ကနေ လှမ်း ပြစ်တာပေါ့ ။ ကျောင်းသားဘဲ ကိုယ်ကြိုက်ရင်
ကိုယ်လိုက်ပြောပေါ့ ..မဟုတ်ဘူးလား ။မိန်းကလေးက လည်းပြန်ချစ်နိုင်ရင် ချစ်မှာပေါ့ ...။
အခုဟာက နာမည်လည်းမရေးထားဘူး ။လှမ်းပြစ်တာကလည်း လက်ကမငြိမ်တော့ ထိချင်တဲ့
ခေါင်းထိနေတော့တာလေ ။ကြာတော့ ကျမတို့ အုပ်စုလည်းစိတ်တိုလာရော ။ကြိုက်ရင်လည်း
လိုက်ပြောလိုက် ။ဒါပေမဲ့ ဘယ်သူ့ကို ကြိုက်တယ်ဆိုတော့ သေချာပြောပေါ့ ။အခုဟာက ဘယ်သူကိုထိထိ
ဘယ်သူကဘဲ ပြန်ဖြေဖြေ သူကအမြတ်ဘဲ ။တယောက်မဟုတ်တယောက် ဆိုတဲ့ သဘော ဖြစ်နေတော့
အမြင်ကတ်တဲ့စာရင်းထဲပါလာရော ။ နဂိုထဲက သူ့ပုံစံက ငါးဆင့်ချိုင့်နဲ့  အချိုးက သိပ်မကျတာဆိုတော့ ။

သူကြီးသားလို့ ကွယ်ရာမှာ တိုးတိုးတိတ်တိတ် ပေးထားတဲ့နာမည်ကို တခါတည်း အမည်ပေးကင်ပွန်း
တပ် လုပ်ပြီး တခန်းလုံးကို ပြောပြလိုက်ရော ။ အဲတော့ သူ့ကို ကျမတို့အုပ်စုက နာမည်ပြောင်ပေးထားတာ
သူပြန်သိသွားတာပေါ့ ။ အမလေးနော်..သူ့ကို အဲလိုကွယ်ရာမှာနာမည်ဖျက်ပါတယ်ဆိုပြီး ဌာနက
ပါမောက္ခ ကိုသွားတိုင်တယ်ရှင် ။တိုင်တာကလည်းကြည့်ပါဦး ။ကျမနာမည်တပ် ပြီးတိုင်တာ ။
ကျမက သူ့ကို အဲလိုမဟုတ်တဲ့နာမည် ခေါ်ပါတယ်ဆိုပြီး By name နဲ့ Roll NO. နဲ့ကို အတိအကျ
တိုင်တာရှင် ။ ကျမကို ရက်စက်ချက် ။ တိုင်ရက်လေခြင်းရှင် ။

တရက်ပရက်တီကယ်လ် ချိန်ပြီးတော့ ဆရာမက ကျမခုံနံပါတ်ကို ခေါ်ပါတယ် ။ သမီး ကို ဆရာက
တွေ့ချင်လို့တဲ့  အတန်းဆင်းရင် ဌာနကို ခဏသွားလိုက်နော်တဲ့ ။ကျမမှာလေ ရင်တုန်ပန်းတုန်နဲ့
သွားတွေ့လိုက်ရတာ ။ဒင်းရက်စက်ချက် လေ ။ဒီလိုလေး နာမည်ပြောင်ပေးမိတာနဲ့ တိုင်ရက်လေခြင်း ။
ဆရာကတော့ သိပါတယ်။ သမီးသူ့ကို သူကြီးသားလို့ခေါ်တယ်ဆို..သူက ဆရာ့ကို လာပြောလို့
သမီးကို ခေါ်မေးတာတဲ့ ။ကျမကလည်းဖြေလိုက်တာပေါ့ ။သူ့ကိုသူကြီးသားလို့ ခေါ်တာ ကျမတယောက်ထဲ မဟုတ်ပါဘူးလို့ တခန်းလုံးက ခေါ်ကြတာပါလို့ ။ကွယ်ရာမှာ နာမည်ပြောင်လေး
ပေးမိတာပါလို့ ။သူကကျောင်းလာရင် ငါးဆင့်ချိုင့်ကြီးနဲ့ ထမင်းဘူးသယ်လာတော့ အဲလိုခေါ်မိတာပါလို့
ပြန်ဖြေရှင်းလိုက်တာပေါ့  ။

ဆရာကြီးကတော့ နားလည်ပါတယ်  ။ကျမကိုဘာမှမပြောပါဘူး ။
တိုင်တဲ့သူရှိတော့ခေါ်မေးတာပါ သမီးရယ်တဲ့  ။ ကျမအခန်းထဲက ထွက်ခါနီး ဆရာကထပ်မှာပါတယ် ။
အခုလို တိုင်တယ်ဆိုပြီးတော့ သူ့ကို ရန်သွားမတွေ့နဲ့ဦးနော်တဲ့ ။တကျောင်းထဲသားခြင်း ချစ်ချစ်ခင်ခင်နေဖို့ပြောပါတယ် ။  ကျမကလည်းသိတာပေါ့လေ ။
တကျောင်းထဲသားချင်း ချစ်ချစ်ခင်ခင် နေဖို့ မဟုတ်ပါဘူး ။
အဲဒီသူကြီးသားကို ဝေးဝေးရှောင်ရမယ်ဆိုတာ ။နောက်တခါဆို ကျမကို ပါချုပ် စီပို့တော့မယ်ဆိုတာ
ကြိုသိတာပေါ့လေ ။ကျမကတော့အဲဒီသူကြီးသားကို ကမ္ဘာ မကျေပါဘဲ ။

နောက်တော့သူက သူ့ဘာသာသူမလုံဘူးထင်ပါတယ် ။ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ဆုံရင်
ကွက်ကြည့်ကွက်ကြည့်နဲ့ လိုက်တော့ မစရဲဘူး ။ဘယ်စရဲမလည်း ။စလေ။။စလို့ကတော့ ကျမက
ဘယ်သူစစ သူ့နာမည်နဲ့ ပါချုပ် စီတိုင်မှာ ။သူတို့ကလည်း ရိပ်မိတယ် ။တခြားသူတွေနဲ့ ဟေးလား
ဟားလား လုပ်တယ် ။ကျမတို့ အုပ်စု နဲ့ ဆုံရင် လုံးဝငြိမ် သွားရော ။ကျမတို့သူငယ်ချင်းအုပ်စုလည်း
တခြားသူတွေနဲ့ဆိုရင် စလိုက်နောက်လိုက်နဲ့ သူတို့ အုပ်စုကို တွေ့ပြီဆိုတာနဲ့ ခပ်တည်တည်
နေပလိုက်တာ ။ အခန်းထဲက တခြားသူတွေက ကျမတို့နှစ်အုပ်စုကို သိကြားနဲ့သူရာ လို့
နာမည်ပေးကြတယ် ။ အဲလိုနဲ့ဘဲ ပထမနှစ်ပြီးသွားတယ် ။စာမေးပွဲတွေဖြေပြီး  ကျောင်းပြန်ဖွင့်တက်တော့
သူတို့အုပ်စုနဲ့ ကျမတို့အုပ်စု ကတခန်းထဲမဟုတ်တော့ဘူး ။အခန်းမတူတော့ ပရက်တီကယ်လ် Timetable တွေလည်း မတူတော့ဘူး ။အဲတာနဲ့ဘဲ တခါတလေ ကျောင်းဝင်းထဲ ဆုံမိတာတို့
ကျောင်းကားစီးတဲ့နေ့ဆို သူတို့အုပ်စုထဲက တယောက်တလေ နဲ့ ဆုံမိတာတို့လောက်ကလွဲရင်
သတိမထားမိကြတော့ဘူး ။

နောက်တော့ ကျမတို့ အုပ်စုထဲက တယောက်က ဘယ်ကတွေ့လာတယ်မသိပါဘူး ။
သူကြီးသားကို တွေ့တယ်တဲ့  ဇူးမေဂျာက ကောင်မလေးတယောက်နဲ့ တွဲနေတာ တွေ့တယ်တဲ့ ။
သူတို့အုပ်စုလည်းရည်းစားရတဲ့သူက ရသွားတော့ အုပ်စုကွဲသွားတယ်ထင်ပါတယ် ။
အရင်လို 6ယောက် တပူးတတွဲတွဲ တွေ့ရတယ်ဆိုတာ မရှိတော့ဘူး ။
တခါတလေ လူကွဲပြီး နှစ်ယောက်တွဲ သုံးယောက်တွဲ မျိုး ဆုံတာမျိုး ကြရင်တော့
ကျမတို့ သူငယ်ချင်းအုပ်စုကို လိုက်နှုတ်ဆက်ရှာ ပါတယ် ။ အဲလိုအခါကျရင်တော့ ကျမတို့သူငယ်ချင်းတွေလည်း မရိုင်းပါဘူး ။
သူကြီးသားမပါရင်တော့ သူငယ်ချင်းတွေလိုဘဲ ပြန်ဆက်ဆံပေးလိုက်ပါတယ် ။ပထမနှစ်က
ဖြစ်ခဲ့တဲ့ကိစ္စဆိုတော့ နောက်ဆုံးနှစ်ရောက်တဲ့အထိတော့ ရန်ငြိုး တွေကို သယ်မလာတော့ပါဘူး ။

နောက်တော့လည်း စားမေးပွဲကြီးဖြေ ..စာသင်ကျောင်းကြီးကို ကျောခိုင်း ..ဘဝကျောင်းထဲကို
ရောက်လာကြတယ်ဆိုပါတော့ ..။အခုနေခါ ပြန်စဉ်းစားလိုက်တော့ ကျမစိတ်ထဲ အဲတုန်းက
ကျောင်းသူဘဝလေးကို ပြန်လွမ်းလိုက်တာလေ ။အခုဆိုရင် နှစ်တွေကို မနည်းတော့ဘူး ။
သူကြီးသားလည်း ကလေးဘယ်နှစ်ယောက်ရနေပြီလည်း မသိတော့ဘူး  ။အဲဒီတုန်းက
သူငယ်ချင်းတွေနဲ့လည်း အဆက်ပြတ်ကုန်တာကြာပေါ့ ။သူတို့အုပ်စုထဲက ဘယ်သူတွေ ဘာလုပ်နေကြလည်း မသိတော့ဘူး ။ကျမတို့သူငယ်ချင်းအုပ်စုထဲကတော့တချို့က အိမ်ထောင်ကျ ယောက်ကျားနောက်လိုက်နေ
တချို့ကျတော့လည်း ကျောင်းပြီးတော့ နယ်ပြန်သွားကြတယ် ။အဲလိုနဲ့ဘဲ တယောက်နဲ့တယောက်
အဆက်သွယ်တွေပြတ်ပြီးကွဲ ကုန်ကြတယ် ။ ကျောင်း ပြီးပြီးချင်းကတော့ အဆက်သွယ်ရှိကြပါတယ်။
နယ်ပြန်သွားတဲ့ သူကရန်ကုန်လာရင် သူငယ်ချင်းတွေ စုပြီးတွေ့ဖြစ်ကြသေးတယ်  ။
နောက်တော့လည်း တဖြည်းဖြည်းနဲ့ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မအားကြတာလည်းပါတာပေါ့လေ ။
အချိန်တွေကြာသွားတော့ ခင်မင်မှု့တွေလည်း အေးခဲသွားတယ်ထင်ပါရဲ့လေ ...။
ကျမတို့သူငယ်ချင်းတွေရဲ့ ခင်မင်မှု့ သံယောဇဉ်တွေကို အချိန်ကတဖြည်းဖြည်းတိုက်စားသွားလိုက်တာ
အခုဆို တယောက်နဲ့ တယောက် အဆက်သွယ်တောင် မရှိကြတော့ဘူး ။

ကျောင်းတုန်းက ဆိုပြီး ပြန်သတိရမိလာရင် ဓါတ်ပုံလေးထုတ်ကြည့်  ။ညအိပ်မပျော်ခင် နဖူးပေါ်
လက်လေးတင်ပြီး ပြန်စဉ်းစား ။ပထမနှစ်တုန်းက ဘယ်လို  ဒုတိယနှစ်တုန်းက ဘယ်လို ..အစရှိသဖြင့်
ပေါ့လေ ။အခုဆိုရင် ဘယ်သူကတော့ ဘာတွေများ လုပ်နေမလည်း ။။ အခန်းထဲကသိခဲ့ဖူးတဲ့
သူတွေရော ငါသတိရမိသလို ..သတိမှ ရကြပါ့မလား  ။ ငါ့သူငယ်ချင်းတွေရော ငါ့ကို သတိမှ ရပါ့မလား  ..သူတို့လည်း တခါတလေတော့ ကျောင်းသူဘဝကို ပြန်စဉ်းစားမိကြမှာ  ။အဲလိုအခါကျရင် သူတို့တွေလည်း သတိရကြမယ်ထင်ပါရဲ့  ။

အဲဒီလိုမျိုး ကျောင်းသူဘဝကို ပြန်စဉ်းစားမိတဲ့ညတွေဆို  ...
ကျမအိမ်မက် မက်တယ် ။အိမ်မက်ထဲမှာ  ကျောင်းထဲကို ပြန်ရောက်သွားတယ်  ။သူငယ်ချင်းတွေနဲ့
တွေ့တယ် ။ဆရာမတွေနဲ့ ပြန်တွေ့တယ် ။ ကျောင်းကန်တင်းကထိုင်နေကျ ထမင်းကြော်ဆိုင်လေးကို တွေ့တယ် ။
ကျောင်းသူအများစုက အိတ်လှလှလေးတွေ လွယ်ပြီးကျောင်းတက်တဲ့ အချိန်မှာ ကချင်လွယ်အိတ်လေးကို
ဘဲ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ သစ္စာရှိရှိ လွယ်ပြီး ကျောင်းတက်ခဲ့တဲ့ ဆံပင်ရှည်ရှည်မိန်းကလေးတယောက်ကို ပြန်တွေ့တယ် ။ ဘွဲ့နှင်းသဘင် ခန်းမ ရှေ့ကနေ ကျောင်းလမ်းမ တလျှောက်မျှော် ကြည့်လိုက်ရင် ပြာလဲ့နေတဲ့ မိုးကောင်းကင်ကိုတွေ့တယ်  ..ပြာလဲ့လဲ့ ကောင်းကင်မှာ
တိမ်စိုင်တွေက အဆုပ်လိုက် အခဲလိုက်ကနေ ...ဟိုတစ ဒီတစ..... နောက်တော့..  နောက်တော့လည်း
 လေနဲ့ အတူ တဖြည်းဖြည်း  .....လွင့်မျောလျှက်   .... ....              ...... ..... ။။။။


ပစ်ပစ်
Am 3:09
5.9.2014

(တကယ်လို့များ ဒီစာလေးကို အဲဒီအချိန်တုန်းက ကျမတို့အခန်းထဲက သူငယ်ချင်းတယောက်ယောက်ကများ
ဖတ်မိမယ်ဆိုရင်လေ...ကျမဘယ်သူဆိုတာ မှတ်မိဦးမှာပါနော်  ။။။ )

ဒီပိုစ့်ကနေ  10 ယောက် ဆက်ပြီး tag ရမယ်တဲ့  ။အောက်ပါ 10 ယောက်ကို ဆက်ပြီး tag လုပ်ပါတယ်..

1 .. ညီရဲ
2.. ကိုဆိုစီ
3.. ဂျက်စ်
4..မတိမ်လွှာဖြူ
5..ကိုအားထောင်
6..ကိုတူး
7..အထွန်း
8..နေမင်းဇွဲမာန်
9..မကွန်
10..ကဗျာစံစံ
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei