08 September 2014

ချုံ ခိုတိုက်ခိုက်သူများ (သို့မဟုတ်) ကင်ဆာ ...(၁)

Posted by blackroze at Monday, September 08, 2014
ကင်ဆာ...  ဒီနာမည်ဟာသိပ်ကြောက်စရာကောင်းပါတယ်   ။ ဒီနာမည် ကို ပိုင်ဆိုင်နေပြီဆိုတာနဲ့
သိပ်မကြာခင်အချိန်အတောအတွင်းမှာ ပြင်းထန်တဲ့ဝေဒနာနဲ့ လောကကိုကျောခိုင်းရတော့မှာ သေချာသွား
ပါပြီ ။ပြောရရင်တော့  ဒီနာမည် ဟာခရီးသွားလက်မှတ်တစောင်နဲ့ တူတယ်လို့ ပြောလို့ရပါတယ်...
ကိုယ်မထွက်ချင်ပေမဲ့ လည်း ဒီလက်မှတ်ရပြီဆို ဒီခရီးကသွားကို သွားရတော့မှာပါ ။

ကျမဒီနာမည်ကို ရင်းရင်းနှီးနှီး စကြားဖူးတာက ကျမ အမတယောက်ရဲ့ အဖေ ..ကျမဦးလေးဆိုပါတော့ ...လည်ချောင်းကင်ဆာ ဖြစ်တယ် ။
အဲဒီတုန်းက ကျမက ငယ်သေးတယ်  ။ 9တန်းလောက်ဘဲ ရှိဦးမယ် ။လူကြီးတွေ ပြောသံကြားတယ် ။
ဘယ်သူတော့ ကင်ဆာဖြစ်နေတယ် ...ကွမ်းအရမ်းစားလို့ ဖြစ်တာနေမှာ ဘာညာ ဆိုပြီး ပြောသံဆိုသံ
ကြားဖူးတယ် ။အိမ်က လူကြီးတွေကတော့လူနာသတင်းမေးသွားကြပါတယ်..ပြန်လာတော့ သူတို့တွေပြောတာနားထောင်ရသလောက် ..ကင်ဆာဟာ..သိပ်ကြောက်ဖို့ကောင်းတယ်လို့  ကျမထင်မိတယ်...။လျှာဆို ပြတ်ကျလို့ မရှိတော့ဘူးတဲ့  သွားဖုံးတွေရော ပဲ့ကျလာတာပေါ့ ။လျှာ မရှိတော့ စကားပြောလို့မရသလို..အစားလည်းဘာမှကိုစားလို့မရတော့ဘူးပေါ့ ။အဲဒီလိုတွေကြားတုန်းက ကြောက်လိုက်တာလေ...နောက်တော့သိပ်မကြာဘူး  တနှစ်ပတ်ဝန်းကျင်လောက်မှာ ဆုံးသွားပြီ ဆိုပြီး နာရေး
သတင်းကြားပါတယ် ။အဲဒီကထဲက ကျမ အပေါင်းသင်းတွေထဲမှာ ကွမ်းစားတယ်ကြားတာမျိုး...ဆိုရင်
ကျမ အမြဲသတိပေးမိတတ်တယ်... ကွမ်းစားတာက မကောင်းဘူး ..ကျမဦးလေး တယောက်ဆို
ဝေဒနာ  အကြီးအကျယ် ခံစားပြီးသေသွားတာပေါ့ ။သတိပေးစကားအမြဲပြောမိတတ်ပါတယ် ။

ဒီလိုဘဲ ဖြတ်သန်းလာလိုက်တာ ကျမဒီနိုင်ငံရောက်လာတဲ့ အထိ  အဲဒီကင်ဆာဆိုတဲ့ နာမည်ကို
ထပ်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရင်းရင်းနှီးနှီးကြားတာမျိုး မရှိတော့ဘူး ။အရင်တုန်းကတော့
ကျောင်းသူဘဝဆိုတော့ လူမှု့ရေး ကိစ္စကို အိမ်ကလူကြီးတွေကဘဲ ဦးဆောင်လုပ်နေကြဆိုတော့
တော်တန် လောက်ဆို ကျမတို့ လူငယ်တွေ မသိလိုက်တာမျိုး လည်း ဖြစ်နိုင်တာပေါ့လေ  ။
ဒီနိုင်ငံရောက်လာတဲ့ အချိန်မှာတော့ ကျမ က 18နှစ်အရွယ် မိန်းကလေး မဟုတ်တော့ပါဘူး ။
ကျမဘဝ ကျမဘာသာရပ်တည်ဖို့ ကြိုးစားရပါပြီ  ။ နောက်တခုက ကိုယ့်ဘာသာ ရပ်တည်ရတဲ့
ဘဝဖြစ်နေပါပြီ..ဒီတော့ လူမှု့ရေး ကျန်းမာရေး  အစစ ဘယ်ကိစ္စ မဆို ကျမဘာသာ စဉ်းစား ဆုံးဖြတ်
ရပါတယ် ။ပတ်ဝန်းကျင်ဆိုတာနဲ့  ထိတွေ့ ဆက်ဆံရပါပြီ  ။ ဒီအချိန်မှာ အလုပ်ထဲမှာ  ကျမနေတဲ့
အနီးနား အိမ်နီးချင်းမှာ  ခင်မင်ရတဲ့ မိတ်ဆွေ အပေါင်း အသင်းကြားမှာ ရောဂါဖြစ်တယ်လို့ ကြားလိုက်ရင်
ကင်ဆာ ပါဘဲ ။ ဒီနိုင်ငံကဘဲ ကင်ဆာ ဖြစ်လွန်းတာလား  မသိတော့ပါဘူး ။

ကျမသူငယ်ချင်းတယောက်ရဲ့ အမေ ဆုံးတယ် ။ သားအိမ်ကင်ဆာ နဲ့ပါ ။ ဖြစ်တာက တော့ကြာလှပါပြီ
ကျမသူငယ်ချင်း 7တန်းကျောင်းသူ ဘဝကထဲက အဲဒီရောဂါ စဖြစ်တယ် ။ ကျမ သူငယ်ချင်း အသက် 28
မှာ မှ သူ့အမေ ဆုံးတာပါ ။ကျမ သူငယ်ချင်းက ပြောပါတယ် ။သူ့အမေ အရမ်း စိတ်ဓါတ်မာတယ်တဲ့
သူ့အမေနဲ့ အတူ မရှေး မနှောင်းဖြစ်ကြတဲ့သူတွေ အကုန်ဆုံးကုန်ကြပြီ ..ဒီလောက်အချိန်ထိ ဘယ်သူမှ
မရှိနေတော့ဘူးတဲ့  ။သူ့အမေက ကင်ဆာဖြစ်နေပေမဲ့ အချိန်တော်တော်ကြာ နေသွားလို့ရတယ်
လို့ ပြောပါတယ် ။သူမင်္ဂလာဆောင်အထိ မှီမယ်ထင်ထားတာ  ။ဒါပေမဲ့ သူမင်္ဂလာ မဆောင်ခင်
သူ့အမေ ဆုံးသွားတာပါ  ။ သူ့အမေ ကျတော့ စိတ်ဓါတ်သိပ်မာတယ်ပြောရမှာပေါ့ ။ သူ့အမေ ဒီရောဂါ ရှိနေပြီဆိုတော့ သားသမီးတွေက ဝမ်းနည်းတာပေါ့ ။အဲဒီတော့ သူ့အမေက သူတို့ကိုပြောတယ်တဲ့
နင်တို့တွေ အရွယ်မရောက်မချင်း  အမေ နင်တို့ကို မထားသွားဘူးတဲ့ ..တကယ်လည်း သူတို့မောင်နှမတွေ အရွယ်ရောက် တဲ့ အထိ သူတို့ အမေ နေသွားခဲ့ပါတယ်  ။ အရှုံးပေးရမယ်ဆိုတာ
သိပေမဲ့လည်း ရသလောက်ကို ရင်ဆိုင်သွားခဲ့တဲ့သူပါ  ။

နောက်တော့ သူငယ်ချင်းတယောက်ရဲ့ အဖေ  ။ နေမကောင်းဖြစ်တယ် ဘာညာ ပြောသံလည်း
မကြား ဖူးပါဘဲနဲ့ ဗြုန်းစားကြီး အသက်ရှုကျပ်တယ်ဆိုပြီး ဆေးရုံတင်ရတယ် ။ဆေးစစ်လိုက်တယ် ။
အစကတော့ပန်းနာရင်ကျပ်လိုလို အဆုတ်ပွသလိုလို ဟိုလိုလိုဒီလိုလိုကနေ ကင်ဆာတဲ့  ။
အဆုတ်ကင်ဆာ  အဆင့်၎ တဲ့  ။ သူငယ်ချင်းမိသားစုဆို ယုံတောင် မယုံ နိုင်ကြဘူး ။ ဘာမှလည်း
လက္ခဏာမပြဘဲနဲ့ အသက်ရှုလေး ကျပ်ရုံနဲ့ ကင်ဆာ အဆင့်၎ ဆိုတော့ ဟုတ်ရဲ့လားပေါ့ ။
ဆေးရုံတွေ ဘာတွေတောင် ပြောင်းပြီး medical check up လုပ်ကြပါသေးတယ် ။ဒီတယောက်ကတော့
ခပ်မြန်မြန်ပါဘဲ  ။အဆုတ်ကင်ဆာလို့ သိရပြီး သိပ်မကြာခင်မှာဘဲ  ဆုံးသွားပါတယ် ။6လတောင်မပြည့်
လိုက်ပါဘူး  ။သူငယ်ချင်း အဖေက အသက်လည်း 60ကျော်နေပြီဆိုတော့ ကင်ဆာဆိုတာသိလိုက်ရတဲ့
အချိန် စိတ်ဓါတ်ကျသွားတာလည်းပါမယ် ထင်ပါတယ် ။လူကြီးလည်း ဖြစ်တယ် ။ စိတ်ဓါတ်လည်း
ကျသွားတော့ ရောဂါ က ချက်ချင်းကြီးအနိုင်ရ သွားတယ်ထင်တာဘဲ  ။

နောက်တော့လည်း ဘယ်သူကင်ဆာ ဖြစ်နေလို့  ဘယ်သူကတော့ ကင်ဆာနဲ့ဆုံးသွားပြီဆိုတာတို့
မကြာခဏ ဆိုသလို ကြားနေရပါတယ်  ။အလုပ်ထဲမှာလည်း  ဘယ်သူက ကင်ဆာ ဖြစ်လို့ အလုပ်ထွက်
ပြီးနားနေပြီဆိုတာမျိုး မကြာခဏဆိုသလို ကြားနေရပါတယ် ။

အခုလောလောလတ်လတ် ကြားရတဲ့သတင်းကတော့ ကျမတို့အလုပ်ခန်းထဲကဘဲ  ခင်မင်ရတဲ့
တယောက်ဆိုပါတော့  ။သူကတော့ မြန်မာပြည်ကလာတဲ့သူ မဟုတ်ပါဘူး  .ဒီိနိုင်ငံသူစစ်စစ်ပါ ။
ကလေးနှစ်ယောက်ရှိပါတယ်  ။သူ့ယောက်ကျားက ဒီနိုင်ငံစစ်တပ်က စစ်မှု့ထမ်း ပင်စင်စားပါ ။
တပ်ကနေ အငြိမ်းစားယူထားတဲ့သူပေါ့ ။ သမီးကအထက်တန်းတက်နေတာ ...သားက အခုမှ အလယ်တန်းတက်မှာ။သမီးကတော့ဒီနိုင်ငံက ကောင်မလေး တွေပုံစံစရိုက်မျိုးဘဲထင်ပါတယ်..
သမီးနဲ့ပတ်သက်ပြီးသူပြောတာ သိပ်မကြားဖူးပါဘူး..သားအကြောင်းတော့ ခဏခဏပြောပါတယ် ။

သူ့သားက စာအရမ်းတော်ပါတယ် ။ကောင်လေးက လိမ်လည်း လိမ်မာတယ် ။ဒီနိုင်ငံက ကလေးတွေက
ကျမတို့မြန်မာမျက်စိနဲ့ကြည့်ရင် ရိုင်းပါတယ် ။ အရွယ် ကမရောက်သေးဘူး  ။အိမ်ပေါ်ကဆင်းပြီး ကိုယ့်ဘာသာကိုယ်အပြင်မှာ ခွဲနေဖို့ စဉ်းစားနေပြီ ။မိဘကို လုပ်ကျွေးဖို့ထက် ရည်စားနဲ့ အတူနေ
ဖို့ ဦးစားပေး လုပ်ကြတဲ့သူတွေပါ ။အဲဒီကောင်လေးကျတော့ အဲလိုပုံစံ မဟုတ်ဘူး  ။ အမေကိုအရမ်းချစ်ပြီး အလိုက်လည်းသိတယ် ။ကလေးကငယ်သေးတယ်ဆိုပေမဲ့လည်း သူ့အသိစိတ်နဲ့သူ မိဘကို အမြဲတမ်းကူညီပေးတတ်သူပါ ။ မိဘကို သိတတ်တဲ့ကလေးဆိုပါတော့ ။အမေလုပ်တဲ့သူကလည်း သားကို အရမ်းအားထားပုံရတယ် ။ အခုတော့အူမကြီးကင်ဆာ တဲ့ ။ အားလုံးကစိတ်မကောင်းကြဘူး ။

သူကကျန်းကျန်းမာမာ ဘဲ..ဘာမှ ဖြစ်တယ်လည်းပြောသံမကြားဘူး ။ အလုပ်မှာတနှစ်တခါ ဝန်ထမ်း
တိုင်း Medical check up လုပ်ရတယ်..ဒီနှစ် အဲလိုစစ်တော့ သူ့ကို ဆေးရုံကနေ စာပို့လာတယ်
အူနဲ့ပတ်သက်ပြီသေချာ ပြန်ပြီး စစ်ဖို့ အကြောင်းကြားတယ် ။အဲတာနဲ့သူလည်း ဆေးရုံမှာစစ်တော့
ကင်ဆာ လို့ သံသယဖြစ်တယ်ပေါ့ ။သူဆေးရုံ နှစ် ရုံ သုံးရုံ ပြောင်းပြီး စစ်တယ်..။နောက်ဆုံးတော့
ကင်ဆာ ဆိုတာ သေချာသွားတယ် ။သူကခွဲစိတ်လို့ အချိန်မှီသေးတယ်ပြောတာဘဲ ။အူကိုဖြတ်ထုတ်မယ်ပေါ့ ။ အားလုံးက တအံတသြဖြစ်လို့  ။ အဲဒီအမဆို တခါမှ ခွင့်ယူတယ်ကိုမရှိဘူး ။

ကင်ဆာဆိုတာကလည်း ဘာလက္ခဏာ မှကိုမပြဘဲ ကိုယ်ထဲမှာ ဖြစ်နေတတ်တာလား ။ရောဂါ
ဖြစ်တယ်ဆိုတာ ဝေဒနာတခုခု ခံစားရတဲ့ လက္ခဏာ ပြရမယ်မဟုတ်လား ။အခုတော့ ဘာမှကို
သတိမထားမိဘဲ ကင်ဆာတဲ့ ။ အူမကြီးကင်ဆာဆိုတော့ သူ့ကို ဝမ်းသွားတာနဲ့ပတ်သက်ပြီး တခုခုများမခံစားရဘူးလား ။ဝမ်းမကြာခဏချုပ်တာမျိုး ။ ဗိုက်အောင့်တာတွေ ဘာတွေ  ။ဗိုက်ထဲ တင်းတင်းကြီး ဖြစ်နေတာတွေမခံစားရဖူးလားလို့ မေးတော့လည်း ဘာမှကို မခံစားရဘူးတဲ့ ။
ဆေးရုံက ကင်ဆာလို့ပြောတော့ သူကိုယ်တိုင်တောင် မယုံနိုင်ဘူးတဲ့ ။
ကင်ဆာဆိုတာကြီးကလည်းကြောက်စရာကောင်းလိုက်တာနော် ။

သူကကင်ဆာလို့သိသိရခြင်းမှာ  စိတ်မကောင်းဖြစ်ပြီးငိုပါတယ်  ။ သူ့သားလေးကစာအရမ်းတော်တာတဲ့..
သူ့သားလေး ပညာတတ်ကြီးဖြစ်တဲ့ အထိ သူလုပ်ပေးချင်သေးတယ်တဲ့  ။ဒီနိုင်ငံမှာ က ပညာရေးစရိတ်က
သိပ်ကြီးပါတယ် ..အထက်တန်းလောက်အထိဘဲကျောင်းတက်ပြီး အလုပ်ထွက်လုပ်ကြတဲ့ သူတွေများပါတယ် ။တက္ကသိုလ်ဘွဲ့ရ ဆိုတာ မိဘကလည်း တတ်နိုင်မှ ကိုယ်တိုင်ကလည်း ဇွဲကောင်းကောင်း နဲ့ကြိုးစား နိုင်မှ ...ဘွဲ့တခုရတာပါ  ။တချို့ကျတော့လည်း တက္ကသိုလ် ဆက်တက်ဖို့
အတွက် ဘဏ်ကနေ ပိုက်ဆံချေးပြီး  သုံးပါတယ် ။ဘွဲ့ရတော့ အလုပ်ရှာ ဘဏ်ကအကြွေးကို ပြန်ဆပ်ပေါ့ ။
ဘဏ်ကနေ ပိုက်ဆံချေးတယ် ဆိုတဲ့နေရာ မှာလည်း ကျောင်းတက်မယ်  ပိုက်ဆံချေးပါ  ဆိုတိုင်း
လွယ်လင့်တကူ ပေးတာမဟုတ်ပါဘူး ။ မိဘအလုပ်အကိုင်  ..တလဝင်ငွေ ..မိဘကအိုးပိုင် အိမ် ပိုင်ရှိရဲ့ လား..အပြင်ကုမ္ပဏီဝန်ထမ်းလား..အစိုးရဝန်ထမ်းလား...။ဘယ်တက္ကသိုလ်တက်မှာလည်း ..အဲဒီတက္ကသိုလ်က ဘွဲ့ရတွေက အလုပ်ရှာရ လွယ်လား ..အမျိုးစုံကို စုံစမ်းပြီး အစစ နောက်ကြောင်းလိုက်ပြီးမှ ချေးပေးတာပါ ။

ပညာရေးစရိတ်စက သိပ်မြင့်မားလွန်းတဲ့ နိုင်ငံဆိုတော့  ကလေးကစာဘယ်လောက်ဘဲတော်နေပါစေ
ပံပိုးပေးမဲ့မိဘ မရှိရင်   ..ဒါမှမဟုတ် ငွေကြေး မတတ်ရင်  သိပ်ပြီးကြီးကြီးမားမားမျှော်လင့်လို့မရတော့ပါဘူး ။အဲဒီ အမရဲ့ သားကလည်း ပညာတော် ..မိဘကိုလည်း
သိတတ်တဲ့သားလိမ်မာ ဆိုတော့ မအေ ခမျာ  သားလေးကို ထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်ပုံရပါတယ် ။
အခု ..သူ့မှာ ဒီလိုရောဂါလာဖြစ်တော့ .. ကလေးရဲ့ ပညာရေးအနည်းနဲ့အများဆိုသလိုထိခိုက်သွားနိုင်တာပေါ့  ။ လှေလှော်ရင်းတက်ကြိုးသွားသလို  တပိုင်းတစ ဖြစ်သွားနိုင်တယ်  ။ အဲဒီတော့ သူ့ခမျာ သူ့အတွက် သူစိတ်ပူတာရော  သူ့သားလေးနောင်ရေးတွေးပူတာရော ဝေဒနာနှစ်ရပ်ကို ခံစားနေရတော့တာပါဘဲ  ။ကြားရတဲ့
မိတ်ဆွေတွေလည်း စိတ်မကောင်းကြပေမဲ့ ဘာတတ်နိုင်မှာလည်း လေ...။

ပြီးခဲ့တဲ့တပါတ်က အလုပ်ခန်းထဲက လူတွေစုပြီး ပိုစ့်ကဒ်လေးတခု လုပ်ကြပါတယ်..အားပေးစကား
တယောက်တကြောင်းစီရေး  ..ကဒ်လေးကိုလှလှပပလေး ထုပ် သူဖတ်ရအောင်ပေါ့ ...သူ့ကိုဆေးရုံ သွားတွေ့ကြပါတယ်  ။

ဆေးရုံက လူနာခန်းထဲမှာ အဲဒီအမနဲ့ အတူ သူ့သားလေးကိုပါ တွေ့ခဲ့ရတယ်  ။အဖေက အိမ်ကိုပြန်ပြီး
ပစ္စည်းပြန်ယူတယ်တဲ့ ။သားလေးက အမေတယောက်ထဲ ဆေးရုံမှာကျန်ခဲ့မှာဆိုးလို့  အဖေနဲ့ အိမ်လိုက်
မပြန်ဘဲ သူ့အမေနား စောင့်နေပေးတာဘဲ  ။ကောင်လေးက 11နှစ်12 နှစ်လောက် ရှိမယ်ထင်တယ် ။
မျက်မှန်လေးနဲ့ ..သူ့အမေ ခုတင်ဘေးက ခုံလေးမှာ မျက်နှာငယ်လေးနဲ့ ထိုင်နေတာ  ။
ဆေးရုံသွားကြတဲ့ သူတွေအားလုံး အခန်းထဲကမြင်ကွင်းကြောင့် ငိုချင်တဲ့ စိတ်ကို တင်းပြီး သူ့ကို အားပေးစကား ပြောနေရတယ်ဆိုတာ ကျမတို့ အချင်းချင်းဘဲ သိကြပါတယ် ။
ကင်ဆာရောဂါကြီးက ဒီလောက်တောင်ရက်စက်ရလားလို့ ကျမမေးလိုက်ချင်ပါရဲ့ လေ။။။။
ဒီရောဂါက ခန္ဓာကိုယ်ထဲကို ဝင်ရောက်နေရာယူလာတာကိုအသိတောင်မပေးဘဲ
သူတို့တနေရာစာရ သွားပြီဆိုမှ .... ငါတို့တော့ နင့်ကိုယ်ထဲ ရောက်နေပြီ.. ဆို ပီး ..နောက်ကျမှ အသိပေးတတ်တဲ့..ချုံ ခိုတိုက်ခိုက်တတ်တဲ့ ကောင်တွေပါ ။
သူတို့တွေ အဲလိုဝင်မလာနိုင်အောင် ဘယ်လိုကာကွယ်မလည်း .... ။။။။။

 ပစ်ပစ်
Am 2:23
8.9.2014

( ကျမနောက် တပိုင်းဆက်ရေးပါမယ်  ။ကျမက ဆရာဝန်တယောက်မဟုတ်ပါဘူး..ကျမစိတ်ဝင်တစား
ရှိသွားတဲ့ အရာလေးတခုကို ပြန်ပြီးမျှဝေတဲ့ သဘောပါဘဲ .. တကယ်လို့များ ဆေးပညာတကယ်တတ်ကျွမ်းတဲ့
သူတွေကများ လာဖတ်မိရင်  ...ကျမရေးထားတဲ့ အထဲမှာ လိုအပ်ချက်များပါနေရင် ကျမကို ထောက်ပြ
ပေးနိုင်ပါတယ်ရှင် ၊။  )


8 comments:

သူကြီးမင်း (တုံးဖလား) on 8 September 2014 at 03:16 said...

ကြောက်စရာ အတော်ကောင်းသလောက် အဖြစ်များတဲ့ ရောဂါပါဘဲ။
သူကြီးအမေလဲ ဒီရောဂါနဲ့ သွားတာပါဘဲ။ ပတ်ဝန်းကျင်က အသိတွေ အတော်များများလဲ ဒီရောဂါနဲ့ ဆုံးသွားကြတာပါဘဲ။ ဖြစ်လာပြီဆို တားဆီးဖို့ မလွယ်ကူတဲ့ ရောဂါပါ။

ဒီရောဂါ မဖြစ်အောင် နနွင်းမှုန့်နဲ့ပျားရည်ရောစပ်လုံးထားပြီး တစ်နေ့ကို ရွေးကြီးစေ့လောက် စားပေးပါတဲ့။ အဲဒီလို ပုံမှန်စားပေးရင် မဖြစ်သေးတဲ့ သူတွေအတွက် ဖြစ်လာစရာအကြောင်းမရှိပါဘူးတဲ့။ ပြီးတော့ အသားအရည်လဲ လှလာလေ့ရှိတယ်တဲ့။ ဆရာဝန်ကြီးတွေလဲ အဲလို ပြောတာ ကြားဖူးပါတယ်။ သူကြီးလဲ အခု စပြီး စားကြည့်နေတယ်။

Angelhlaing(May everybody be happy and healthy! on 8 September 2014 at 04:11 said...

ကြောက်စရာ ရောဂါဆိုးပဲနော်မမ.. ညီမလေးတို့နေ့စဉ်အစားအသောက်တွေကို ပြန်စိစစ်ကြည့်ရင်တောင်.... အမလေး မတွေးဝံ့စရာ.. :(

မမရေ ညီမလေး BPP Challenge လုပ်ထားပါတယ်လို့.. :)

Aunty Tint on 8 September 2014 at 07:27 said...

ကင်ဆာရောဂါ အသံကြားတာနဲ့တင် စိတ်ဓာတ်ကျစရာရောဂါပဲ ပစ်ပစ်ရေ.. ခံစားချက်နဲ့အတူ ပီပီပြင်ပြင်လေးရေးထားတာမို့ ဖတ်လို့ကောင်းတယ်။ သူကြီးမင်းရဲ့ ဆေးမြီးတိုလေးပါ အဆစ်ဖတ်ခွင့်ရလို့ ကျေးဇူးပါ ... တီတင့် အခုက စစားရင် မှီသေးရဲ့လားမသိဘူ... :P

မြသွေးနီ on 8 September 2014 at 12:48 said...

ညီမတော် ပစ်...
အစ်မ အမေ့ဘက်က ကင်ဆာမျိုးရိုးတွေလေ..
အမေ့ကို ကင်ဆာအတွက် စိတ်ပူနေတုန်း အမေကျတော့နှလုံးရောဂါရဲ့ အလစ်တိုက်ခံလိုက်ရတာ..
ဒုတိယပိုင်းလေး ဆက်ရေးဦးနော်

Anonymous said...

စာမရေးဘဲ လာဖတ်ဖြစ်ပြန်တယ်။ :D
ဒီအကြောင်းလေးတွေဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

ဆွေလေးမွန် said...

ဟုတ်တယ်..အဲဒီရောဂါက ကြောက်စရာ သိတဲ့ အချိန်ကလဲ နောက်ကျမှ. ပတ်ဝန်းကျင်မှာ တော်တော်များများ အဲဒီလိုကင်ဆာရောဂါနဲ့ပဲ ဆုံးသွားကြတာ.

Unknown on 9 September 2014 at 00:55 said...

ခွဲစိတ်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် အမရေ.....(pray) ဒုတိယပိုင်း post လေးလည်း အားပေးဖို့ စောင့်နေပါတယ်ဗျာ.....

မဒမ်ကိုး on 9 September 2014 at 09:15 said...

ကင်ဆာဆိုတဲ့အသံကိုကြားကိုမကြားချင်ဘူးသိပ်ကြောက်တာဘဲ . ကင်ဆာဆဲလ်တွေကိုမထကြွလာအောင်အစားအသောက်အနေအထိုင်တွေကိုဂရုစိုက်ရင်ရတယ်လို့ဆရာဝန်အများစုကပြောကြတယ် ဒါပေမယ့်လည်းပေါ့လေ သေခြင်းတရားကိုဘယ်သူမှမလွန်ဆန်နိုင်သရွေ့တော့တမျိုးမျိုးနဲ့သေကြရမှာပါပဲ အကြောက်ဆုံးကတော့အဲဒီရောဂါပါ ခံစားမနေချင်ဘူးတန်းသေချင်တယ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei