ဘလော့ဒေး အမှတ်တရတဲ့ ..တီတင့်က တက်ဂ်တဲ့ ပိုစ့်လေးပါ ..
ဒါကဒုတိယမြောက် blog day အမှတ်တရ တက်ဂ်ပိုစ့်ဆိုပါတော့ ..
( ပထမ blog day အမှတ်တရ တက်ဂ်ပိုစ့်ကတော့ မောင်မျိုးက တက်ဂ်လုပ်လို့ ရေးဖူးပါတယ် ။
2011 ကဆိုပါတော့ ။)
အခုဆိုရင် အတော်များများတော့ ရေးပြီးကြလောက်ပါပြီ ။ ကျမကတော့ဒီရက်ပိုင်း အာသီးယောင်
နှာစေးချောင်းဆိုး ဖြစ်နေတာကြောင့် အခုမှ ဘဲ ရေးဖြစ်ပါတော့တယ် ။
အစကတော့ ဘလော့ဒေး အမှတ်တရ ဟိုဟာရေးရကောင်းနိုးနိုး ဒီဟာရေးရကောင်းနိုးနိုး နဲ့
နောက်ဆုံးတော့ ဘလော့ဒေးအမှတ်တရ ဆိုမှတော့ ဘလော့နဲ့ပတ်သက်တာလေး ရေးတာအသင့်တော်
ဆုံးလို့ဆုံးဖြတ်ပြီး ကျမရဲ့ ဘလော့ဂါဘဝစဖြစ်လာပုံလေးကို ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။။
ကျမ ရဲ့ ခံစားမှု့ သံစဉ်လေးကို စဖန်တီးဖြစ်ပုံကို လည်းအရင်က ကျမရေးခဲ့ဖူးပါတယ် ။ စဖြစ်လာပုံ
ကူညီပေးခဲ့တဲ့သူတွေ ..ကျမကို ဝိုင်းဝန်း လက်တွဲခေါ်ခဲ့ကြသူတွေ ..ကျမစာတပုဒ်ရေးခဲ့ဖူးပါတယ် ။
အခုတခေါက် ဘလော့နဲ့ ပတ်သက်တာရေးမယ်လို့ စဉ်းစားတော့ အရင်က ရေးဖူးတဲ့
အကြောင်း မဟုတ်ဘဲ..ကျမရဲ့ ဘလော့ အပေါ်ထားတဲ့သံယောဇဉ်နဲ့ အခုလက်ရှိ ဘလော့ လောကကို
မြင်ပုံလေး ဘဲရေးရရင်ကောင်းမယ်လို့ စဉ်းစားမိတယ် ။။
အခုလောလောဆယ်ကတော့ ဘလော့ရွာနဲ့ facebook ရွာက အပြိုင် အဆိုင်ပေါ့ ရှင် ။
တချိန်က ဘလော့မှာ ပျော်ခဲ့ဖူးကြတဲ့ ဘလော့ဂါ အများစု က (ကျမအပါအဝင်ပေါ့) facebook ထဲ
ရောက်သွားကြကထဲက ဘလော့ဘက်ကို ပြန်မလှည့်ဖြစ်ကြတာ တော်တော်ကြာပါပြီ ။
တချို့ကျတော့ လည်း မိသားစု အရေးကြောင့် အချိန် မပေးနိုင်ကြတော့ ဘလော့ မရေး ဖြစ်ကြတော့ဘူး။
တချို့ကျတော့လည်း ကိုယ့်ပြည် ကိုယ့်ရွာကို ပြန်ကုန်ကြတော့ အင်တာနက် လိုင်း မကောင်းတာ
ကြောင့် ဘလော့ မရေး ဖြစ်ကြတော့ဘူး ။ အကြောင်းအမျိုး မျိုး ကြောင့်ဆိုပါတော့ ..ဘလော့ကို
ကျောခိုင်းသွားတာ တော်တော်များပါတယ် ။
နောက်တခုက facebook က တခုခုဆို response မြန်တယ်...ကိုယ်က status တကြောင်းတင်လိုက်
အဲဒီအောက်မှာ ဘယ်သူမဆို Like လုပ်လို့ရတယ် comment ရေးလို့ရတယ် ..ဘလော့က အဲလို
မဟုတ်ဘူး ။စာဖတ်ချင်ရင် တကူးတက သွားဖတ်ရတယ်..ကိုယ်ဘာပြောချင်လည်းရေးချင်လည်း
တင်ထားတဲ့စာကိုသေချာဖတ်ပြီးမှ ပြောလို့ရေးလို့ရတယ် ။ဘလော့မှာစာတင်တဲ့သူကလည်း အလေးအနက် ရေးထားတာမျိုးကို ဘဲတင်တာ များတယ်..ကိုယ်ရေးတဲ့ စာ ကိုယ်တာဝန်ယူရတာကိုးးး ။
အဲဒီတော့ ဘလော့မှာက ဟာသဆိုရင်လည်း ဟာသပီပီပြင်ပြင်ရေးတယ်..ခရီးသွား
ဆောင်းပါးဆိုလည်း အစအဆုံးသေချာရေးကြတယ် ။အချစ်အကြောင်းဆိုလည်း သေချာခံစားဖွဲ့နွဲ့ ပြီးမှ
တင်တာများတယ် ။အဲဒီတော့ ရေးတဲ့သူဘက်ကလည်းတာဝန်ကျေအောင်လေးလေးနက်နက် ခံစားပြီးမှ
ရေးတယ် ။ဖတ်တဲ့သူကလည်း သေချာဖတ်ပြီး ခံစား ပြီးမှ အောက်မှာ comment ရေးကြတာများတယ် ။
facebook ကြတော့ အဲလို မဟုတ်ဘူး...ကိုယ်တင်ချင်တာ တင်လို့ရတယ် ။ညကအိမ် မက် မက်တယ်
ဆိုပြီး စာတကြောင်းတင်လိုက်ရင်လည်း ကိုယ့်friend list ထဲက ခင်တဲ့သူတွေက ဘာတွေမက်တာလည်း
ဘယ်လိုအိမ်မက်လည်း ဆိုပြီးစဟယ် နောက်ဟယ်နဲ့ ပေါ့ပေါ့ပါးပါး ရေးလို့ရတယ်..တခုခုဆိုရင်လည်း
တကူးတက ကိုသွားဖတ်စရာမလိုဘူး ။ကိုယ့် Timeline မှာ တက်လာသမျှ စောင့်ဖတ်ရုံဘဲ ။
ကောမက်ရေးတဲ့နေရာမှာလည်း ပေါ့ပေါ့ပါ့ပါ့းလေး ရေးခဲ့လို့ရတယ် ။communication မှာ facebook က
Blog ထက်ပိုမြန်တယ် ။တခုခုဆို ချက်ချင်းသိနိုင်တယ်...မေးနိုင်တယ် ...ကျမထင်ပါတယ်
blogger အများစုက ဒီလို ဆက်သွယ်မှု့ လွယ်ကူတဲ့ အတွက် facebook ကို သုံးကြရာကနေ
blog နဲ့တဖြည်းဖြည်းအဆက်ပြတ်ကုန်ကြတာ နေမှာပါ ။blog ကိုတမင်တကာ ဖြတ်ကြတဲ့သူတွေတော့
မရှိကြပါဘူး ။Blogger တိုင်းက ကိုယ့် ပိုင်ဆိုင်တဲ့ blog ကို တန်ဖိုးထားကြတာကြီးပါဘဲ ။
blog ရေးတဲ့သူတွေ ပျောက်ကုန်ကြတဲ့ နောက်တချက်ကလည်း ဘလော့ဂါဆိုတဲ့ သူတွေအများစုက ပြည်ပကများပါတယ် ။ သူများနိုင်ငံမှာ နေရတဲ့ အချိန် အိမ်လွမ်းစိတ်
ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ဖိစီးမှု့ တွေ ကို ရင်ဖွင့်ရာနေရာ အဖြစ် ဘလော့ဆိုတာကို ရေး
ဖြစ်လာကြတာများတယ် ။ အချိန်တန် အိမ်ပြန်သွားကြတဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့်
စာရေးခြင်းကိုအချိန် မပေးနိုင်ကြတော့ဘဲ Blog လောက ကနေ ပျောက်ကုန်တာပါ ။ကျမ Blog စရေးတာ
2009 မှာပါ ။ အဲဒီတုန်းက ခင်မင်ခဲ့တဲ့ blogger တွေထဲမှာ အခုချိန်ထိ ဆက်ရေးနေတဲ့သူတွေလည်းရှိသလို
မရေးဘဲ ပျောက်ကုန်ကြတဲ့သူတွေလည်းရှိပါတယ်..အဲဒီတုန်းက facebook ဆိုတာကြီးကို ဒီလောက်
ကြီး သုံးတဲ့ အချိန်မဟုတ်သေးတော့ ဘလော့မှာ မတွေ့တော့ရင် ဘယ်မှာဆက်သွယ်ရမယ်ဆိုတာ
မသိကြတော့ပါဘူး ။အခုဆိုရင် ကျမဘလော့ရေးလာတာ 5နှစ်ပေါ့ ။ဒီငါးနှစ်မှာ ဘလော့ကတဆင့်
ခင်မင်ခွင့်ရခဲ့တဲ့ မိတ်ဆွေတွေလည်းအများကြီးပါ ။
ကျမက ကျမကိုယ် ကျမ စာပေဝါသနာပါလို့ စာရေးတဲ့သူတယောက် အဖြစ်ဘဲ ခံယူပါတယ် ။
ကျမ စိတ်ညစ်တဲ့အခါ ကျမခံစားချက်..ကျမ မကျေနပ်ချက် .. ဒါတွေကို စရေးရင်းနဲ့
ဘလော့ဂါရယ်လို့ ဖြစ်လာတာပါဘဲ ။ ကျမ စာရေးတာဝါသနာပါတယ် ။ဒီအတွက်ကြောင့် ကျမ မြင်မိတာ
ခံစားမိတာကို ရေးးဖြစ်တာများပါတယ် ။ ကျမဘယ်အချိန်အထိ စာရေးဖြစ်နေမလည်း ဆိုတာ
ကျမကိုယ် ကျမတောင် သေချာ မသိပါဘူး ။ကျမအခု အင်တာနက် ကို လွယ်လင့်တကူ သုံးးစွဲလို့
ရတဲ့နေရာမှာ နေတယ်..ဒါကြောင့် ခလုတ်လေးတချက်ဖွင့်လိုက်တာနဲ့ ကိုယ်ဘာရေးချင်လည်း
ကိုယ်ဘလော့လေးမှာ ကိုယ်ရေးနိုင်တယ် ။
တကယ်လို့များ ကျမ လည်းသူများတွေလို ပြန်သွားတဲ့ အခါ
အင်တာနက် အဝိုင်းလေး လည်နေတာကို ထိုင်ကြည့်နေရတဲ့ အနေအထားဆို ကျမ စာတွေ
ဆက်ရေးနိုင်ပါ့မလား...ဒီမေးခွန်းကို ကျမကိုယ် ကျမ ပြန်မေးနေတာ အတော်ကြာပါပြီ ။
နောက်တခုက ကျမအခုက လွတ်လပ်တယ်..နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် အလုပ်ချိန်ကလွဲရင် ကျမစိတ်ပါတာကို
ချက်ချင်းထလုပ်နိုင်တယ်..တကယ်လို့များ ကျမမှာလည်း မဖြစ်မနေ ခွဲဝေယူရမဲ့တာဝန် တွေ ရှိလာခဲ့ရင်
ကျမ စာရေးခြင်းအတွက် ဘလော့ဘက်ကို အချိန်ပေးနိုင်ပါ့မလား စဉ်းစားမိတယ် ။
အဲလို စဉ်းစားမိလိုက်တိုင်း ကျမ အရမ်းစိတ်မကောင်းဖြစ်ရတယ် ။
ဒါပေမဲ့လည်းလေ ..
ဖြစ်ချင်တာက ဆန္ဒ ..ဖြစ်နေတာက ဘဝတဲ့ ။။။ ဖြစ်ချင်တဲ့ ဆန္ဒထက် ဖြစ်သင့်တာကို ဦးစားပေးရတယ်တဲ့။
ကျမကြားဖူးတာလေးပါ ။ကျမဘဝမှာ တခုခုကိုရွေးချယ်ရတော့မဲ့ အခါ ...ကျမရွေးချယ်လိုက်ရတဲ့ အခါ..
ဘလော့ဆိုတာကို ကျမကျောခိုင်းခဲ့ရမယ်ဆိုရင် ကျမကို မေ့မသွားကြပါနဲ့နော်...
တချိန်တုန်းက ပစ်ပစ်ဆိုတဲ့ မိန်းကလေးတယောက်က ခံစားမှု့သံစဉ် ဆိုတဲ့ ဘလော့လေးမှာ
သူ ခံစားယုံကြည်ရာကို ရေးဖွဲ့ ခဲ့ဖူးတယ်လို့ သတိရပေးပါ ။
တကယ်လို့များ အဲလိုအချိန်က တကယ်ရောက်လာခဲ့မယ်ဆိုရင် ကျမလည်း အားလုံးကို
အမှတ်ရနေမှာပါ ။တချိန်တုန်းက ခင်မင်ခဲ့ရတဲ့ စာပေမိတ်ဆွေ မောင်နှမ တွေကို ကျမသတိရနေမှာပါ ။
ပစ်ပစ်
Am 2:50
2.9.2014

14 comments:
မေ့လို့ ကျန်ရစ်ရမှာကို စိုးကြောက်ပါရဲ့လို့... ဆိုလိုက်လေ သလားမမရေ..
ဘဝတူတွေမို့ ... ခံစားနားလည်မိပါရဲ့.. :)
မဂျီးဂျက်ကလဲ ပစ်ပစ်ရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ သတိတရ ရှိနေပြီ အပြင်မှာပါတွေ့ဖူးချင်မိတာပါ ဘာပဲဖြစ်ဖြစ် စာတွေဆက်ရေးဖို့တော့ အားပေးပါတယ်
ပျော်စရာ ဘလော့ဒေးဖြစ်ပါစေ
ဘာတွေ အစီအစဉ်ရှိနေပြီတုန်း ၀က်မလေးရဲ့။
စာသာ များများရေးပါ။ လက်ရေက တစတစ တက်လာပြီ။
ဖြတ်မပစ်ပါနဲ့။
ဖြတ်ပစ်ရင်တော့ သူကြီးတို့လဲ မေ့ပစ်လိုက်မှာ။း)
blog ကိုတော့ မဖျက်ပစ်နဲ့လေ အပျိုကြီးရဲ့ >.<
မဖြတ်ပါနဲ့ ဒါတွေဟာခြေရာလေးတွေပေါ့
သောင်ပြင်ထက်ခိုင်မာတဲ့ခြေရာထင်ကျန်မှု့လေးတွေပါ.
ရေးနိုင်သလောက်အထိပေါ့ နော်
မားမားစိန်
သမီးရေ အန်တီက ခုမှ စာရေးချင်စိတ်တွေ(မအိုင်အိုရာရဲ့ သူ့အကြောင်းဖတ်မိပြီး) ပေါ်နေတာ
ဒီလိုသိရတော့ ၀မ်းနည်းမိတယ်။ သမီးကို မျက်နှာစာအုပ်မှာ အက်လိုက်သေးတဲ့ အန်တီပါ သမီးရေ။ profile picture မတင်တာက လူက အရမ်းဝနေလို့ပါ။
ပစ်ပစ်ရေ… မြန်မာပြည်မှာတော့ အင်တာနက်အ၀ိုင်းလေး လည်တာကို မမြင်ဘူးသူ မရှိလောက်ဘူးထင်ပါတယ်။ ပစ်ပြောသလို အဲ့ဒီအ၀ိုင်းလေးလည်နေလို့ ပို့စ်မတင်ဖြစ်ရင် ဖတ်စရာတောင်ရှိတော့မယ် မထင်ဘူးကွယ်။ တစ်ခါတစ်ရံ လည်တာကို ပစ်ထားပြီး ကိုယ်လုပ်စရာရှိတာအရင်လုပ် လည်တာရပ်မှ ပို့စ်ကိုဆက်တင်ရ။ အခက်အခဲလေးတွေပေါ့ ပစ်ရေ။ တဂ်ပို့စ်လေးဖတ်ပြီး မှာချင်တာလေးတစ်ခုရှိတယ်။ ပစ်ပစ်ရဲ့ ဘလော့လေးကို ဆက်လက် ရှင်သန်ခွင့်ပေးလိုက်ပါလို့။
စာလေးတွေတော့ တင်ဖြစ်အောင်တင်ပါ ပစ်ကလေးရယ်...နော်...
ဘလော့ဒေး အမှတ်တရလေး လိုင်းမကောင်းတဲ့ကြားက လာဖတ်သွားတယ်ဗျိုး
ခင်မင်စွာဖြင့် - မောင်(စွယ်စုံကျမ်း)
မမေ့ပါဘူး ပစ်ရေ။ အမြဲတမ်းမှတ်မိနေမှာပါ။ မျက်လုံးလေးဘဲမြင်ဖူးလို့ အပြင်မှာတွေ့ခဲ့ရင် သိနိုင်ပါ့မလားလို့ တွေးနေမိလေရဲ့။
ခင်မင်စွာဖြင့်
ရွှေယွန်းဝါ
မလေး စာလာဖတ်သွားပါတယ်..း))
အားမရှိတဲ့အသံလေးနဲ့အေ
ပစ်ကလေးကိုတော့ ဒေါင်းတောင်ကမမေ့တာသေချာပါတယ်။
ပစ်ရေ...
စာတွေ စာတွေ ဆက်သာရေးပါလေနော်။
အမှတ်ရရှိပါသည်။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..