05 September 2014

သူကြီးသား

Posted by blackroze at Friday, September 05, 2014

ကျမ ဒဂုံတက္ကသိုလ်မှာ First year စတက်ချိန်ဆိုပါတော့ ။ တက္ကသိုလ်တက်တဲ့ ကျောင်းသားကျောင်းသူအများစုက ကန်တင်း မှာ ထမင်းစားကြတာများပါတယ်  ။မိန်းကလေးတချို့ ကတော့ တခါတလေ ထမင်းဘူးသယ်တတ်တယ် ။
အဲတာလည်းရံဖန်ရံခါဆိုပါတော့ ။များသောအားဖြင့်က သူငယ်ချင်းတွေနဲ့ အတန်းချိန်ပြီးရင်
အဆင်ပြေသလို ဆိုင်မှာဘဲ စားကြတာများတယ်..တခါတလေ ကျောင်းမှာအတန်းချိန်ပြီးပြီ ဆိုရင်
အပြင်ထွက်ပြီး မြို့ထဲဘက်မှာ သွားစားကြတာများတယ် ။အပေါင်းသင်းတွေနဲ့ သွားလာရတာကို
ပိုသဘောကျကြတာပါ ။

ဒါပေမဲ့ကျမတို့အခန်းထဲမှာ ကျောင်းသားတယောက်ရှိတယ် ။သူကပုံစံတမျိုး ။ကျောင်းလာတာ
ထမင်းချိုင့်သယ်လာတယ် ။ထမင်းသယ်လာတာ ဘာထူးခြားလည်းလို့ မေးစရာရှိပါတယ်။
ဟုတ်ပါတယ် မထူးခြားပါဘူး ။ထမင်းချိုင့် သယ်လာတာကမထူးခြားပေမဲ့ သယ်လာတဲ့ ပုံစံက
ထူးခြားနေတာပါ ။ထမင်းချိုင့်သယ်လာတယ်ဆိုရင် အများစုက စတီးချိုင့် သုံးဆင့်ချိုင့်အသေးဖြစ်ဖြစ်
နှစ်ဆင့်ချိုင့် အသေးဖြစ်ဖြစ် နဲ့ယူလာကြတာများပါတယ်..သူကဘယ်လိုချိုင့်နဲ့ လာလည်းဆိုတော့
ကျမတို့တွေ အလှုတွေဘာတွေ လုပ်ရင် မုန့်လိုက်ဝေတဲ့အခါ သုံးတဲ့ ငါးဆင့်ချိုင့် အကြီးနဲ့လာတာခင်ဗျား...။

ပထမ တရက် သူအဲလိုချိုင့်ကြီးနဲ့ လာတော့ အခန်းထဲကလူတွေက ထင်ကြတာ သူ့အိမ်မှာ ဆွမ်းကျွေး
အလှုတို့ ဘာတို့လုပ်တော့ ကျောင်းကို သယ်လာပြီး သူငယ်ချင်းတွေကို ကျွေးတယ် မှတ်ကြတာပေါ့ ။
ဒါပေမဲ့ ထမင်းစားတော့ သူတယောက်ထဲ ချိုင့်ဖွင့် ခုံပေါ်မှာ ပဝါခင်းပြီး ငါးဆင့်စလုံးဖွင့်ချ ပြီးတော့
ခပ်တည်တည်ဘဲ တယောက်ထဲ ထိုင်စားတာ ။ ဘယ်သူ့ကိုမှလည်း စားပါဘာညာ မခေါ်ဘူး ။
အဲလိုနဲ့တရက်ပြီးသွားရော ။နောက်တရက် ကျမတို့လည်း ထမင်းချိုင့် သယ်တာက တရက် အပြင်
ထွက်စားတာက တရက်ဖြစ်နေတော့ သူ့ကို သတိမထားမိတော့ဘူး ။

တရက်တော့ ကျမတို့ အုပ်စုထဲက တယောက်က ဘယ်ကနေကြားလာတယ် မသိဘူး ။သူ့အကြောင်း
စပြောပါလေရော ။""  နင်တို့သိလား ငါတို့အခန်းထဲမှာ ငါးဆင့်ချိုင့် သမားရှိတယ်တဲ့  ..သချာင်္မေဂျာ
ကကောင်တွေ ဒီနေ့ငါ့ကိုမေးတယ် ...ဘယ်သူလည်းတဲ့.. "" အမှန်အတိုင်းပြောရရင်
သူလာပြောတဲ့ အထိကျမတို့ အဲဒီငါးဆင့်ချိုင့်သမားကို သတိမထားမိဘူး ။

တခြားမေဂျာက သိနေပြီးကိုယ့်အခန်းထဲက အကြောင်း ကိုယ်မသိတော့ ကိုယ်ညံရာကျမယ်ဆိုပြီး
တပါတ်လောက် ဆိုင်မှာ ထမင်းမစားဘဲ အခန်းထဲမှာဘဲ ထမင်းဘူးသယ်စားတော့မှ ..ဘယ်သူဆိုတာ
သေချာသိတော့တယ်  ။အဲဒီကျောင်းသားက နေ့တိုင်း ငါးဆင့်ချိုင့် အကြီးကြီးနဲ့ ထမင်းဘူးသယ်လာပြီး
ခပ်တည်တည်ဘဲ စားတာ ။အဲတာနဲ့ သူ့ကို တခါတည်းနာမည်ပေးလိုက်ကြတယ် ။
သူကြီးသား  ဆိုပြီးတော့ ။သူကလည်း လုံးဝဂရုမစိုက်ဘူးနော်..ခပ်တည်တည်ဘဲ  ။

တရက်တော့ သူက ကျမတို့အုပ်စုထဲက တယောက်ကို ဂေါ်ကြောင်ပါတယ် ။ လေယာဉ်ပျံချိုးပြီး
စာရွက်ပေါ်အသည်းလေးတွေ ဆွဲပြီး နောက်ကနေ လှမ်း ပြစ်တာပေါ့ ။ ကျောင်းသားဘဲ ကိုယ်ကြိုက်ရင်
ကိုယ်လိုက်ပြောပေါ့ ..မဟုတ်ဘူးလား ။မိန်းကလေးက လည်းပြန်ချစ်နိုင်ရင် ချစ်မှာပေါ့ ...။
အခုဟာက နာမည်လည်းမရေးထားဘူး ။လှမ်းပြစ်တာကလည်း လက်ကမငြိမ်တော့ ထိချင်တဲ့
ခေါင်းထိနေတော့တာလေ ။ကြာတော့ ကျမတို့ အုပ်စုလည်းစိတ်တိုလာရော ။ကြိုက်ရင်လည်း
လိုက်ပြောလိုက် ။ဒါပေမဲ့ ဘယ်သူ့ကို ကြိုက်တယ်ဆိုတော့ သေချာပြောပေါ့ ။အခုဟာက ဘယ်သူကိုထိထိ
ဘယ်သူကဘဲ ပြန်ဖြေဖြေ သူကအမြတ်ဘဲ ။တယောက်မဟုတ်တယောက် ဆိုတဲ့ သဘော ဖြစ်နေတော့
အမြင်ကတ်တဲ့စာရင်းထဲပါလာရော ။ နဂိုထဲက သူ့ပုံစံက ငါးဆင့်ချိုင့်နဲ့  အချိုးက သိပ်မကျတာဆိုတော့ ။

သူကြီးသားလို့ ကွယ်ရာမှာ တိုးတိုးတိတ်တိတ် ပေးထားတဲ့နာမည်ကို တခါတည်း အမည်ပေးကင်ပွန်း
တပ် လုပ်ပြီး တခန်းလုံးကို ပြောပြလိုက်ရော ။ အဲတော့ သူ့ကို ကျမတို့အုပ်စုက နာမည်ပြောင်ပေးထားတာ
သူပြန်သိသွားတာပေါ့ ။ အမလေးနော်..သူ့ကို အဲလိုကွယ်ရာမှာနာမည်ဖျက်ပါတယ်ဆိုပြီး ဌာနက
ပါမောက္ခ ကိုသွားတိုင်တယ်ရှင် ။တိုင်တာကလည်းကြည့်ပါဦး ။ကျမနာမည်တပ် ပြီးတိုင်တာ ။
ကျမက သူ့ကို အဲလိုမဟုတ်တဲ့နာမည် ခေါ်ပါတယ်ဆိုပြီး By name နဲ့ Roll NO. နဲ့ကို အတိအကျ
တိုင်တာရှင် ။ ကျမကို ရက်စက်ချက် ။ တိုင်ရက်လေခြင်းရှင် ။

တရက်ပရက်တီကယ်လ် ချိန်ပြီးတော့ ဆရာမက ကျမခုံနံပါတ်ကို ခေါ်ပါတယ် ။ သမီး ကို ဆရာက
တွေ့ချင်လို့တဲ့  အတန်းဆင်းရင် ဌာနကို ခဏသွားလိုက်နော်တဲ့ ။ကျမမှာလေ ရင်တုန်ပန်းတုန်နဲ့
သွားတွေ့လိုက်ရတာ ။ဒင်းရက်စက်ချက် လေ ။ဒီလိုလေး နာမည်ပြောင်ပေးမိတာနဲ့ တိုင်ရက်လေခြင်း ။
ဆရာကတော့ သိပါတယ်။ သမီးသူ့ကို သူကြီးသားလို့ခေါ်တယ်ဆို..သူက ဆရာ့ကို လာပြောလို့
သမီးကို ခေါ်မေးတာတဲ့ ။ကျမကလည်းဖြေလိုက်တာပေါ့ ။သူ့ကိုသူကြီးသားလို့ ခေါ်တာ ကျမတယောက်ထဲ မဟုတ်ပါဘူးလို့ တခန်းလုံးက ခေါ်ကြတာပါလို့ ။ကွယ်ရာမှာ နာမည်ပြောင်လေး
ပေးမိတာပါလို့ ။သူကကျောင်းလာရင် ငါးဆင့်ချိုင့်ကြီးနဲ့ ထမင်းဘူးသယ်လာတော့ အဲလိုခေါ်မိတာပါလို့
ပြန်ဖြေရှင်းလိုက်တာပေါ့  ။

ဆရာကြီးကတော့ နားလည်ပါတယ်  ။ကျမကိုဘာမှမပြောပါဘူး ။
တိုင်တဲ့သူရှိတော့ခေါ်မေးတာပါ သမီးရယ်တဲ့  ။ ကျမအခန်းထဲက ထွက်ခါနီး ဆရာကထပ်မှာပါတယ် ။
အခုလို တိုင်တယ်ဆိုပြီးတော့ သူ့ကို ရန်သွားမတွေ့နဲ့ဦးနော်တဲ့ ။တကျောင်းထဲသားခြင်း ချစ်ချစ်ခင်ခင်နေဖို့ပြောပါတယ် ။  ကျမကလည်းသိတာပေါ့လေ ။
တကျောင်းထဲသားချင်း ချစ်ချစ်ခင်ခင် နေဖို့ မဟုတ်ပါဘူး ။
အဲဒီသူကြီးသားကို ဝေးဝေးရှောင်ရမယ်ဆိုတာ ။နောက်တခါဆို ကျမကို ပါချုပ် စီပို့တော့မယ်ဆိုတာ
ကြိုသိတာပေါ့လေ ။ကျမကတော့အဲဒီသူကြီးသားကို ကမ္ဘာ မကျေပါဘဲ ။

နောက်တော့သူက သူ့ဘာသာသူမလုံဘူးထင်ပါတယ် ။ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ဆုံရင်
ကွက်ကြည့်ကွက်ကြည့်နဲ့ လိုက်တော့ မစရဲဘူး ။ဘယ်စရဲမလည်း ။စလေ။။စလို့ကတော့ ကျမက
ဘယ်သူစစ သူ့နာမည်နဲ့ ပါချုပ် စီတိုင်မှာ ။သူတို့ကလည်း ရိပ်မိတယ် ။တခြားသူတွေနဲ့ ဟေးလား
ဟားလား လုပ်တယ် ။ကျမတို့ အုပ်စု နဲ့ ဆုံရင် လုံးဝငြိမ် သွားရော ။ကျမတို့သူငယ်ချင်းအုပ်စုလည်း
တခြားသူတွေနဲ့ဆိုရင် စလိုက်နောက်လိုက်နဲ့ သူတို့ အုပ်စုကို တွေ့ပြီဆိုတာနဲ့ ခပ်တည်တည်
နေပလိုက်တာ ။ အခန်းထဲက တခြားသူတွေက ကျမတို့နှစ်အုပ်စုကို သိကြားနဲ့သူရာ လို့
နာမည်ပေးကြတယ် ။ အဲလိုနဲ့ဘဲ ပထမနှစ်ပြီးသွားတယ် ။စာမေးပွဲတွေဖြေပြီး  ကျောင်းပြန်ဖွင့်တက်တော့
သူတို့အုပ်စုနဲ့ ကျမတို့အုပ်စု ကတခန်းထဲမဟုတ်တော့ဘူး ။အခန်းမတူတော့ ပရက်တီကယ်လ် Timetable တွေလည်း မတူတော့ဘူး ။အဲတာနဲ့ဘဲ တခါတလေ ကျောင်းဝင်းထဲ ဆုံမိတာတို့
ကျောင်းကားစီးတဲ့နေ့ဆို သူတို့အုပ်စုထဲက တယောက်တလေ နဲ့ ဆုံမိတာတို့လောက်ကလွဲရင်
သတိမထားမိကြတော့ဘူး ။

နောက်တော့ ကျမတို့ အုပ်စုထဲက တယောက်က ဘယ်ကတွေ့လာတယ်မသိပါဘူး ။
သူကြီးသားကို တွေ့တယ်တဲ့  ဇူးမေဂျာက ကောင်မလေးတယောက်နဲ့ တွဲနေတာ တွေ့တယ်တဲ့ ။
သူတို့အုပ်စုလည်းရည်းစားရတဲ့သူက ရသွားတော့ အုပ်စုကွဲသွားတယ်ထင်ပါတယ် ။
အရင်လို 6ယောက် တပူးတတွဲတွဲ တွေ့ရတယ်ဆိုတာ မရှိတော့ဘူး ။
တခါတလေ လူကွဲပြီး နှစ်ယောက်တွဲ သုံးယောက်တွဲ မျိုး ဆုံတာမျိုး ကြရင်တော့
ကျမတို့ သူငယ်ချင်းအုပ်စုကို လိုက်နှုတ်ဆက်ရှာ ပါတယ် ။ အဲလိုအခါကျရင်တော့ ကျမတို့သူငယ်ချင်းတွေလည်း မရိုင်းပါဘူး ။
သူကြီးသားမပါရင်တော့ သူငယ်ချင်းတွေလိုဘဲ ပြန်ဆက်ဆံပေးလိုက်ပါတယ် ။ပထမနှစ်က
ဖြစ်ခဲ့တဲ့ကိစ္စဆိုတော့ နောက်ဆုံးနှစ်ရောက်တဲ့အထိတော့ ရန်ငြိုး တွေကို သယ်မလာတော့ပါဘူး ။

နောက်တော့လည်း စားမေးပွဲကြီးဖြေ ..စာသင်ကျောင်းကြီးကို ကျောခိုင်း ..ဘဝကျောင်းထဲကို
ရောက်လာကြတယ်ဆိုပါတော့ ..။အခုနေခါ ပြန်စဉ်းစားလိုက်တော့ ကျမစိတ်ထဲ အဲတုန်းက
ကျောင်းသူဘဝလေးကို ပြန်လွမ်းလိုက်တာလေ ။အခုဆိုရင် နှစ်တွေကို မနည်းတော့ဘူး ။
သူကြီးသားလည်း ကလေးဘယ်နှစ်ယောက်ရနေပြီလည်း မသိတော့ဘူး  ။အဲဒီတုန်းက
သူငယ်ချင်းတွေနဲ့လည်း အဆက်ပြတ်ကုန်တာကြာပေါ့ ။သူတို့အုပ်စုထဲက ဘယ်သူတွေ ဘာလုပ်နေကြလည်း မသိတော့ဘူး ။ကျမတို့သူငယ်ချင်းအုပ်စုထဲကတော့တချို့က အိမ်ထောင်ကျ ယောက်ကျားနောက်လိုက်နေ
တချို့ကျတော့လည်း ကျောင်းပြီးတော့ နယ်ပြန်သွားကြတယ် ။အဲလိုနဲ့ဘဲ တယောက်နဲ့တယောက်
အဆက်သွယ်တွေပြတ်ပြီးကွဲ ကုန်ကြတယ် ။ ကျောင်း ပြီးပြီးချင်းကတော့ အဆက်သွယ်ရှိကြပါတယ်။
နယ်ပြန်သွားတဲ့ သူကရန်ကုန်လာရင် သူငယ်ချင်းတွေ စုပြီးတွေ့ဖြစ်ကြသေးတယ်  ။
နောက်တော့လည်း တဖြည်းဖြည်းနဲ့ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မအားကြတာလည်းပါတာပေါ့လေ ။
အချိန်တွေကြာသွားတော့ ခင်မင်မှု့တွေလည်း အေးခဲသွားတယ်ထင်ပါရဲ့လေ ...။
ကျမတို့သူငယ်ချင်းတွေရဲ့ ခင်မင်မှု့ သံယောဇဉ်တွေကို အချိန်ကတဖြည်းဖြည်းတိုက်စားသွားလိုက်တာ
အခုဆို တယောက်နဲ့ တယောက် အဆက်သွယ်တောင် မရှိကြတော့ဘူး ။

ကျောင်းတုန်းက ဆိုပြီး ပြန်သတိရမိလာရင် ဓါတ်ပုံလေးထုတ်ကြည့်  ။ညအိပ်မပျော်ခင် နဖူးပေါ်
လက်လေးတင်ပြီး ပြန်စဉ်းစား ။ပထမနှစ်တုန်းက ဘယ်လို  ဒုတိယနှစ်တုန်းက ဘယ်လို ..အစရှိသဖြင့်
ပေါ့လေ ။အခုဆိုရင် ဘယ်သူကတော့ ဘာတွေများ လုပ်နေမလည်း ။။ အခန်းထဲကသိခဲ့ဖူးတဲ့
သူတွေရော ငါသတိရမိသလို ..သတိမှ ရကြပါ့မလား  ။ ငါ့သူငယ်ချင်းတွေရော ငါ့ကို သတိမှ ရပါ့မလား  ..သူတို့လည်း တခါတလေတော့ ကျောင်းသူဘဝကို ပြန်စဉ်းစားမိကြမှာ  ။အဲလိုအခါကျရင် သူတို့တွေလည်း သတိရကြမယ်ထင်ပါရဲ့  ။

အဲဒီလိုမျိုး ကျောင်းသူဘဝကို ပြန်စဉ်းစားမိတဲ့ညတွေဆို  ...
ကျမအိမ်မက် မက်တယ် ။အိမ်မက်ထဲမှာ  ကျောင်းထဲကို ပြန်ရောက်သွားတယ်  ။သူငယ်ချင်းတွေနဲ့
တွေ့တယ် ။ဆရာမတွေနဲ့ ပြန်တွေ့တယ် ။ ကျောင်းကန်တင်းကထိုင်နေကျ ထမင်းကြော်ဆိုင်လေးကို တွေ့တယ် ။
ကျောင်းသူအများစုက အိတ်လှလှလေးတွေ လွယ်ပြီးကျောင်းတက်တဲ့ အချိန်မှာ ကချင်လွယ်အိတ်လေးကို
ဘဲ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ သစ္စာရှိရှိ လွယ်ပြီး ကျောင်းတက်ခဲ့တဲ့ ဆံပင်ရှည်ရှည်မိန်းကလေးတယောက်ကို ပြန်တွေ့တယ် ။ ဘွဲ့နှင်းသဘင် ခန်းမ ရှေ့ကနေ ကျောင်းလမ်းမ တလျှောက်မျှော် ကြည့်လိုက်ရင် ပြာလဲ့နေတဲ့ မိုးကောင်းကင်ကိုတွေ့တယ်  ..ပြာလဲ့လဲ့ ကောင်းကင်မှာ
တိမ်စိုင်တွေက အဆုပ်လိုက် အခဲလိုက်ကနေ ...ဟိုတစ ဒီတစ..... နောက်တော့..  နောက်တော့လည်း
 လေနဲ့ အတူ တဖြည်းဖြည်း  .....လွင့်မျောလျှက်   .... ....              ...... ..... ။။။။


ပစ်ပစ်
Am 3:09
5.9.2014

(တကယ်လို့များ ဒီစာလေးကို အဲဒီအချိန်တုန်းက ကျမတို့အခန်းထဲက သူငယ်ချင်းတယောက်ယောက်ကများ
ဖတ်မိမယ်ဆိုရင်လေ...ကျမဘယ်သူဆိုတာ မှတ်မိဦးမှာပါနော်  ။။။ )

ဒီပိုစ့်ကနေ  10 ယောက် ဆက်ပြီး tag ရမယ်တဲ့  ။အောက်ပါ 10 ယောက်ကို ဆက်ပြီး tag လုပ်ပါတယ်..

1 .. ညီရဲ
2.. ကိုဆိုစီ
3.. ဂျက်စ်
4..မတိမ်လွှာဖြူ
5..ကိုအားထောင်
6..ကိုတူး
7..အထွန်း
8..နေမင်းဇွဲမာန်
9..မကွန်
10..ကဗျာစံစံ

8 comments:

ကိုတူး on 5 September 2014 at 04:25 said...

သံယောဇဉ်တွေကို အချိန်ကတဖြည်းဖြည်းတိုက်စားသွားလိုက်တာ
အခုဆို တယောက်နဲ့ တယောက် အဆက်သွယ်တောင် မရှိကြတော့ဘူး ။

သူကြီးမင်း (တုံးဖလား) on 5 September 2014 at 04:40 said...

ဝက်မလေး။
ထင်ယောင်ထင်မှားဖြစ်အောင်မလုပ်နဲ့။ ခေါင်းစဉ်ကြီးက သူကြီးသားတဲ့။ သူကြီးက ခုထက်ထိ တစ်ယောက်ထဲ သမား။ မ ဆို ယင်မတောင် သန်းဖူးတဲ့သူ မဟုတ်ဘူး။း)

စာဖတ်ရင်းနဲ့ လွမ်းစရာလေးဖြစ်သွားတယ်။ ဘာကို လွမ်းသလိုလိုကြီး။


.......အဲဒီလိုမျိုး ကျောင်းသူဘဝကို ပြန်စဉ်းစားမိတဲ့ညတွေဆို ...
ကျမအိမ်မက် မက်တယ် ။အိမ်မက်ထဲမှာ ကျောင်းထဲကို ပြန်ရောက်သွားတယ် ။သူငယ်ချင်းတွေနဲ့
တွေ့တယ် ။ဆရာမတွေနဲ့ ပြန်တွေ့တယ် ။ ကျောင်းကန်တင်းကထိုင်နေကျ ထမင်းကြော်ဆိုင်လေးကို တွေ့တယ် ။
ကျောင်းသူအများစုက အိတ်လှလှလေးတွေ လွယ်ပြီးကျောင်းတက်တဲ့ အချိန်မှာ ကချင်လွယ်အိတ်လေးကို
ဘဲ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ သစ္စာရှိရှိ လွယ်ပြီး ကျောင်းတက်ခဲ့တဲ့ ဆံပင်ရှည်ရှည်မိန်းကလေးတယောက်ကို ပြန်တွေ့တယ် ။ ဘွဲ့နှင်းသဘင် ခန်းမ ရှေ့ကနေ ကျောင်းလမ်းမ တလျှောက်မျှော် ကြည့်လိုက်ရင် ပြာလဲ့နေတဲ့ မိုးကောင်းကင်ကိုတွေ့တယ် ..ပြာလဲ့လဲ့ ကောင်းကင်မှာ
တိမ်စိုင်တွေက အဆုပ်လိုက် အခဲလိုက်ကနေ ...ဟိုတစ ဒီတစ..... နောက်တော့.. နောက်တော့လည်း
လေနဲ့ အတူ တဖြည်းဖြည်း .....လွင့်မျောလျှက် .... .... ...... ..... ။။။။

အဲလို ရိုးစင်းတဲ့အဖွဲ့လေးတွေကို သဘောကျတယ်။
ဝက်မလေး စာဆက်ရေးနော်။ အားပေးနေမယ်။

Unknown on 5 September 2014 at 05:24 said...

အားပေးသွားပါတယ်ဗျာ...ဖတ်ရတာ ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပါပဲ... အမလို တစ်ဝက်လောက် ရေးနိုင်ရင် ကျွန်တော် တော်တော် ကျေနပ်မိမှာပဲ.... ကြိုးစားပြီးတော့ ရေးကြည့်ဦးမယ်ဗျာ.... (*_*)

Aunty Tint on 5 September 2014 at 09:03 said...

တက္ကသိုလ်ကျောင်းသွားဘ၀ကတော့ ဘယ်တော့တွေးတွေး တရေးရေးပေါ့ ပစ်ပစ်ရေ.. စက္ကူကို လေယာဉ်ပုံစံချိုးပြီး အနောက်ကနေ ပစ်တာ ဖတ်လိုက်ရတော့ တခါတုန်းက RIT ကျောင်းတော်ကြီးကိုတောင် ပြန်လွမ်းသွားပြီ… သူကြီးသားလိုမျိုး တက္ကသိုလ်ကျောင်းသားဘ၀မှာ အမှတ်တရလေးတွေ ရှိခဲ့ဘူးတယ် ကြုံတော့မှ ရေးပေးမယ် ….သူကြီးမင်းရဲ့ အစီအစဉ်လေးကြောင့် ဘလော့ရွာလေး ပြန်လည်စည်ကားလာတော့မယ် ၀မ်းသာတယ် ပစ်ပစ်ရေ…

Anonymous said...

ကျောင်းတောင်ပြန်သတိရသွားတယ်

ဒေါ်စိန်စိန်တင်

ဆွေလေးမွန် said...

ပစ်ရေ ကျောင်းတက်တဲ့ အရသာတော့ ဒေါ်ဆွေလေးတို့ မရလိုက်ဘူးရှင့်.ခုပစ်ပစ်ပို့(စ်) လေးဖတ်လိုက်မှ လွမ်းသလိုလို .. :) :)

Cameron on 5 September 2014 at 13:49 said...

ပစ်ပို့စ်လေးဖတ်ပြီး ကျောင်းသားဘ၀လေးကို တော်တော်လွမ်းသွားတယ်ကွယ် ...အစ်မတို့ကကျတော့ ကြည့်မြင်တိုင RC3က..။

စံပယ်ချို on 6 September 2014 at 06:40 said...

ကျောင်းကသူငယ်ချင်းတွေကိုသတိရမိတာအမှန်ပဲပစ်ရေ----
ဘွဲ့မယူခဲ့ရတာလဲ အားလုံးထဲကိုယ်တယောက်ထဲမို့ ပိုပြီးလွမ်းမိတယ်-----
ဂျက်ကတော့ အ်းလေးလွယ်အိပ်တွေကို ရောင်စုံလွယ်ခဲ့တာ အမျိုးတွေကလက်ဆောင်ပေးလို့လေ........................3.. ဂျက်စ် ဆိုတာ ဂျက်ကိုပြောတာလားဟင်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei