ကျမ အသံတခုတိုးတိုးလေးကြားမိတယ်..လှမ်းခေါ်နေတာများလား...စကားပြောနေတာများလား
မရေရာ သလိုလို..မသေချာသလိုလို..ဇဝေဇဝါနဲ့တရေးနိုးလာတယ်....။
အေးစိမ့်စိမ့်လေတွေတိုက်နေတဲ့ကျမရဲ့ ဝရံတာလေးစီထွက်ရပ်မိပြန်တယ် ။
အင်း ... ကျမတောင် ဒီဝရံတာလေးမှာ လာ မရပ်ဖြစ်တာ တော်တော်ကြာပြီဘဲ.. ။
ရာသီဥတုက ဒီရက်ပိုင်း မုန်တိုင်း တိုက်ပြီးတဲ့ အချိန်မှာ စပြောင်းသွားတယ်..
နေအပူက သိသိသာသာ လျော့ကျ သွားပြီး ညဘက် လေအေးတွေ စတိုက်လာတယ် . ...
ဒီဝရံတာလေးက နေ့ခင်းဘက်ဆို အကျီလှမ်းတဲ့ နေရာလေးပေါ့ ...
ညဘက်ဆိုတော့ ကျမရဲ့ ခံစားချက်တွေ အတွေးတွေ ဖြန့်ခင်းတဲ့နေရာလေး လို့ ဆိုရမှာပေါ့.။
ကျမ ..လူကသာ ဒီနေရာလေးမှာ ရပ်ချင်ရပ်နေမယ်..ထိုင်ချင် ထိုင်နေမယ်..
ကျမရဲ့ စိတ်တွေကတော့ ဒီနေရာကလေးကနေ ဟိုးအဝေးးးးးး ဆီကို လွင့်သွားနေကြ ။
တခါတလေ အတိတ်က အကြောင်းတွေ..ငယ်ဘဝ က အဖြစ်အပျက်လေးတွေ ..အလုပ်ထဲက
အကြောင်းလေးတွေ ...မိသားစု စုံခဲ့တဲ့ အရင်တုန်းကနေ့ ရက်လေးတွေ ...
နောက်တော့ ..ဘာရယ်လို့ ခေါင်းစဉ်တပ်လို့ မရနိုင်တဲ့ ခံစားချက်တွေ စီ ...ကို
စိတ်ဆိုတဲ့ ယာဉ် နဲ့ ခရီးထွက်နေကြပေါ့ .. ။
ခံစားရသမျှကိုစာအဖြစ်အမြဲချရေးထားပါတဲ့ ...ကျမကို လူတယောက်ကပြောခဲ့ဖူးတယ်..
တနေ့မှာ ကိုယ်ခံစားခဲ့ရတာတွေ ကိုပြန်ဖတ်မိတဲ့အခါ ရယ်ရတာလည်းရှိနိုင်သလို
ပြန်ငိုရတာတွေလည်း ရှိလာတတ်တယ်တဲ့ ဒါပေမဲ့ ခံစားချက်ဆိုတာ ...(ကိုယ်ခံစားခဲ့ရဖူးတယ်ဆိုတာ)
မေ့လို့ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးလို့ လက်ခံသရွေ့ စာတွေရေးထားပါလို့
ပြောခဲ့ဖူးတယ်... ။ကျမ စာတွေ ရေး ဖြစ်ခဲ့တယ် ။ ကျမရေးခဲ့ဖူးတဲ့အကြောင်းရာတိုင်းမှာ ...
အတိတ်လေးတွေ ရှိတယ် ။ပတ်သက်မှု့လေးတွေ ရှိတယ် ။ကျမရဲ့ ခံစားချက်တွေရှိတယ် ။
အမှတ်တရတွေ ဆိုပါတော့ ...... ။
ကျမ ဒီဝရံတာလေးစီမှာ ရပ်လိုက်မိတိုင်း အဲဒီအမှတ်တရ တွေက အသစ်ပြန်ဖြစ်လာတယ် ..
ကျမက ပြန်ပြန်ပြီး ခံစားကြည့်နေမိတာလေ ... အဲဒီတော့ ဟိုးးးးနှစ်တွေ တုန်းက ခံစားချက် အဟောင်း
လေးတွေက ကျမ ရဲ့ စိတ်ထဲ ပြန်ရောက်လာတာနဲ့ ....မနေ့တနေ့က ဖြစ်ခဲ့သလို
အသစ်ပြန်ဖြစ်သွားတာဘဲလေ ... ။
ဒီဝရံတာလေးမှာ ရပ်နေရင်းနဲ့ ကျမရဲ့စိတ်က တခါတလေ ...တက္ကသိုလ် ကျောင်းသူ ဘဝကို
ပြန်ရောက်သွားတယ် ... ကျောင်းထဲကို ပြန်ရောက်သွားတယ် .... သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်
ကန်တင်းကိုရောက်သွားတယ် ..ကျမမှာစားနေကြ ဖက်ထုပ်ကြော် နဲ့ သံပုရာရည် ..ဒါမှမဟုတ်
ထမင်းကြော်နဲ့ စတားကိုလာ အအေးပုလင်းက ကျမရှေ့ကို ချက်ချင်းဘဲ ပြန်ရောက်လာသလိုလို ...
တခါတလေ လည်း ရန်ကုန် အိမ်က ကျမရဲ့ အိပ်ခန်းလေးထဲ ပြန်ရောက်သွားတယ် ။အခန်းတံခါးဘောင်
မှာ ချိတ်ထားတဲ့ ကျမရဲ့ ဂစ်တာလေး အခုဆို ပျက်စီးနေလောက်ပြီ ထင်တယ် ။ ခုတင်ခေါင်းရင်း
မှာကပ်ထားဖူးတဲ့ chelsea အသင်းရဲ့ ပိုစတာလေးလည်း အခုလောက်ဆို ဖုန်အလိမ်းလိမ်းနဲ့
ဟောင်းနွမ်းနေလောက်ပြီ ...။
ကျမ မကြာခဏ ပြန်သွားတတ်တဲ့နေရာလေးကတော့ ကျမတို့လမ်းထဲက စာအုပ်ဆိုင်လေးပေါ့ ..
စာအုပ်လည်းစုံတယ် ..ပိုင်ရှင် အမနဲ့ကလည်း ခင်နေတော့ ကျမဖတ်ချင်တဲ့စာအုပ်တွေဆို
အမြဲတမ်းချန်ထားပေးတတ်တယ်... စာအုပ် ငှားဖို့အတွက် စာအုပ်ပုံတွေထဲကနေ တအုပ်ပြီး တအုပ်
ဆွဲ ထုတ်ပြီး စာအမြည်းလေးတွေ လိုက်ဖတ်ရတဲ့ အရသာ .... မကြာခဏ ပြန်တမ်းတ မိရတဲ့
အရသာလေးဆိုပါတော့ ... ကွန်ပြူတာကနေ ဖတ်ရတဲ့ အရသာနဲ့ စာအုပ်ကို လက်ကကိုင်ပြီးဖတ်ရတဲ့
အရသာ က မတူပါဘူး ... လူကသာဝရံတာ လေးမှာရပ်နေတာ စိတ်က စာအုပ်ဆိုင်ထဲမှာ
စာအုပ်စင်တွေ နားမှာ စာအုပ်ရွေးနေမိတယ်...ကျမဒီရောက်နေတဲ့ အတောအတွင်း
ဘာစာအုပ်တွေများ အသစ်တွေ ထွက်နေမလည်းးးး ..ကျမဖတ်နေကြ " ဆရာမ ရှား " ရဲ့
စာအုပ်အသစ်တွေ ထွက်နေမယ် ထင်တယ် ။
ကျမတို့လမ်းထိပ်က ရခိုင်မုန့်တီ ဆိုင်လေးရော ရှိဦးမလား မသိ...ကျမအားပေးနေကြ ဆိုင်
ဆိုပါတော့လေ .. ကျမစီသူငယ်ချင်းတွေ လာလည်တိုင်း အဲဒီဆိုင်လေးက ရခိုင်မုန့်တီနဲ့
ဧည့်ခံနေကြ ... မိုးအေးတဲ့ အချိန်ဆို ရခိုင်သုတ်စပ်စပ်လေးနဲ့ ဟင်းရည်ပူပူလေးရဲ့ အရသာက
စွဲမက်စရာ...အိမ်မက်ထဲထိ ..စိတ်ကူးထဲထိ တောင် အရသာရှိနေဆဲ... ။
မနက်ဘက် အိမ်အတွက်ဈေးသွားပေးရတဲ့နေ့ဆို ကျမ ဝယ်နေကြ ဈေးထဲက ဆိုင်တွေရော
အရင်လိုဘဲ ရောင်းနေကြသေးလား.. ဈေးထဲမှာကျမဝယ်နေကြ မြန်မာမုန့် မုန့်စိမ်းပေါင်း..မုန့်လိပ်ပြာ..သာကူပြင် အုန်းနို့ကျောက်ကျော ရောင်းနေကြ အဘွား အိုရော..
အခုချိန်ထိရောင်းနေတုန်းဘဲလား..
ညဘက်ဆို တိုဟူးသုတ် ဆိုပြီး အထမ်းနဲ့ အော်ရောင်းတဲ့ အသုတ်သည်လေးရော ....
အရင်လိုဘဲ ကျမတို့လမ်းထဲ လာရောင်းသေးရဲ့လား မသိ...
ကျမတို့ ညီအမတွေ ဒီနိုင်ငံထွက်လာတော့ သူ့ခမျာ ဖောက်သည် တအိမ် လျော့ ပြီလို့ ညည်းရှာတယ်။
ညဘက် အဆာပြေ သဘောမျိုး အမြဲတမ်းဝယ်စားနေကြဆိုတော့ ...ဘယ်သူက ဘယ်လို အရသာ
ကြိုက်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး...သူ့ဘာသာ သူသုတ်ပေးနေကြ ။
ပြန်စဉ်းစား လိုက်တိုင်းလွမ်းစရာတွေကြီးဘဲမို့ မစဉ်းစားဘဲနေတာက အကောင်းဆုံး..ဆိုပေမဲ့
မစဉ်းစားဘဲလည်းမနေနိုင်ဆိုတော့ ...ဒီလိုဘဲ ပြန်သတိရနေရတော့တာဘဲ ...။
အဲတာနဲ့ဘဲ ကျမ လူကသာ ဝရံတာလေးမှာ ရပ်နေတာ ..စိတ်ကတော့ အတိတ်ကာလစီကို
စုန်ချည် ဆန်ချည် နဲ့ ခေါက်ဆုံ ခေါက်ပြန် သွားနေတာ...စာအုပ်ဆိုင်..ရခိုင်မုန့်တီဆိုင် ..
တိုဟူးသုတ်...မုန့်စိမ်းပေါင်းနဲ့ ...မိုးသံတွေကိုပါ ကြားလာရတယ်...
မျက်နှာကို မိုးစက်လေးတွေ တဖွဲဖွဲ လာစင်တော့မှ ...မိုးရွာနေပါလားလို့ ပတ်ဝန်းကျင်ကို
သတိထားမိတော့တယ် ...။ အင်းးးးးး....စိတ်ယာဉ်နဲ့ ခရီးတခါ ထွက်ရတာ တယ်မြန်ပါလားနော် ...။
တနာရီတောင် မပြည့်သေးပေမဲ့ လွန်ခဲ့ တဲ့ ခုနှစ် နှစ် ရှစ် နှစ် ပတ်ဝန်းကျင်လောက်
အထိကို ပြန်သွားလို့ရသား....ဒါတောင် မိုးစက်လေးတွေ လာသတိပေးလို့ ..နို့မို့ဆို ကလေးဘဝအထိများ ပြန် စဉ်းစားနေမိမလား မသိဘူး... ။ ။
အေးစိမ့်စိမ့်လေနဲ့ မိုးစက်လေးတွေက ကျမကို သတိပေးတယ်... ဝရံတာတံခါး ပိတ်တော့တဲ့ ...
အင်းးပေါ့လေ...အရင် တုန်းက အချိန်လေးတွေ ပြန်တမ်းတ မိနေပေမဲ့ လည်း..အခုလက်ရှိ အချိန်ဆိုတာ
ကိုမေ့ထားလို့မှ မရတာလေ...ကျမနောက်နေ့တွေ အလုပ်တက်ရ ဦးမှာပါလား... မိုးစိုပြီး
ဖျားနာလို့ မဖြစ်သေးဘူးလေ ... ... ကျမရဲ့ လွင့်ပျံနေတဲ့ စိတ်ကူးတွေ ခံစားချက်တွေကို အသာရုပ်သိမ်းလို့ အခန်းထဲပြန်ဝင်လာခဲ့တယ် ..ဝရံတာ တံခါးလေးကို အသာလေး ပြန်ပိတ်လိုက်တယ် ... ။။။။။။။။။။။
ပစ်ပစ်
Am 2:55
24.9.2014
ဒေါင်ဒေါင်ရဲ့ BPP challenge ကို ရေးလိုက်ပါပြီ...
ထပ်ပြီးတော့မ tag တော့ဘူးနော်...
7 comments:
နောက်တစ်ခါရေးရင် အနာဂါတ်ကို သွားတဲ့ အကြောင်းရေးပါ ၀က်မလေး။
အတိတ်ဆိုတာကြီးက ဘယ်လိုကြီးမှန်းမသိဘူး။ ဒါပေမဲ့လဲ မစဉ်းစားဘဲလဲ မနေနိုင်။
....စိတ်ယာဉ်နဲ့ ခရီးတခါ ထွက်တဲ့ အရသာကိုကြိုက်လို့ မကြာခဏ မြန်မာ ထိုင်း မလေးရှား စင်ကာပူ အင်ဒိုနီးရှား တွေကိုရောက်ဖြစ်နေတယ် ၀ရံတာ တော့မရှိလို့ အိမ်ထဲကနေပဲပေါ့ပစ်ရေ.................
ဝရန်တာတော့မရှိဘူး အလုပ်ကပြန်တာနဲ့အခန်းထဲတန်းပြေးရတဲ့ဘွ
အတိတ်ဆိုတာ ဖျောက်ဖျက်ဘို့ခက်တဲ့ အရိပ်ပေါ့ ပစ်ပစ်ရေ...
စိတ်စေတသိတ်ဆိုတာ အင်မတန်ဆန်းကျယ်လှပါတယ်...တွေးလေဝေးလေပေါ့ကွယ်...
ဝရံတာတံခါးလေးကနေ အတိတ်ကိုခဏ လည်ပြန်လှည့်ကြည့်တာပေါ့.
တစ်ခါတစ်လေ အတိတ်ဆီက အမှတ်တရတွေကို တမ်းတတွေးတောရတာလဲ အရသာတစ်မျိုးပဲနော် မမ ... :)
ဝရံတာလေးမှာ ရပ်ရင်း တောင်တောင်အီအီ တွေးနေတဲ့ ပစ်ပစ်ပုံလေးကို မြင်ယောင်မိတယ်..
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..