02 September 2014

ဘလော့ဒေးအမှတ်တရပါရှင်...

Posted by blackroze at Tuesday, September 02, 2014 14 comments
ဘလော့ဒေး အမှတ်တရတဲ့ ..တီတင့်က တက်ဂ်တဲ့ ပိုစ့်လေးပါ  ..
ဒါကဒုတိယမြောက် blog day အမှတ်တရ တက်ဂ်ပိုစ့်ဆိုပါတော့ ..
( ပထမ blog day အမှတ်တရ တက်ဂ်ပိုစ့်ကတော့ မောင်မျိုးက တက်ဂ်လုပ်လို့ ရေးဖူးပါတယ် ။
2011 ကဆိုပါတော့   ။)

အခုဆိုရင် အတော်များများတော့ ရေးပြီးကြလောက်ပါပြီ ။ ကျမကတော့ဒီရက်ပိုင်း အာသီးယောင်
နှာစေးချောင်းဆိုး  ဖြစ်နေတာကြောင့် အခုမှ ဘဲ ရေးဖြစ်ပါတော့တယ် ။
အစကတော့ ဘလော့ဒေး အမှတ်တရ ဟိုဟာရေးရကောင်းနိုးနိုး  ဒီဟာရေးရကောင်းနိုးနိုး နဲ့
နောက်ဆုံးတော့ ဘလော့ဒေးအမှတ်တရ ဆိုမှတော့  ဘလော့နဲ့ပတ်သက်တာလေး ရေးတာအသင့်တော်
ဆုံးလို့ဆုံးဖြတ်ပြီး  ကျမရဲ့ ဘလော့ဂါဘဝစဖြစ်လာပုံလေးကို ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။။

ကျမ ရဲ့ ခံစားမှု့ သံစဉ်လေးကို စဖန်တီးဖြစ်ပုံကို လည်းအရင်က ကျမရေးခဲ့ဖူးပါတယ်  ။ စဖြစ်လာပုံ
ကူညီပေးခဲ့တဲ့သူတွေ ..ကျမကို ဝိုင်းဝန်း လက်တွဲခေါ်ခဲ့ကြသူတွေ ..ကျမစာတပုဒ်ရေးခဲ့ဖူးပါတယ်  ။
အခုတခေါက် ဘလော့နဲ့ ပတ်သက်တာရေးမယ်လို့ စဉ်းစားတော့ အရင်က ရေးဖူးတဲ့
အကြောင်း မဟုတ်ဘဲ..ကျမရဲ့ ဘလော့ အပေါ်ထားတဲ့သံယောဇဉ်နဲ့ အခုလက်ရှိ ဘလော့ လောကကို
မြင်ပုံလေး ဘဲရေးရရင်ကောင်းမယ်လို့  စဉ်းစားမိတယ် ။။

အခုလောလောဆယ်ကတော့ ဘလော့ရွာနဲ့ facebook ရွာက အပြိုင် အဆိုင်ပေါ့ ရှင် ။
တချိန်က ဘလော့မှာ ပျော်ခဲ့ဖူးကြတဲ့  ဘလော့ဂါ အများစု က (ကျမအပါအဝင်ပေါ့) facebook ထဲ
ရောက်သွားကြကထဲက  ဘလော့ဘက်ကို ပြန်မလှည့်ဖြစ်ကြတာ တော်တော်ကြာပါပြီ ။
တချို့ကျတော့ လည်း မိသားစု အရေးကြောင့် အချိန် မပေးနိုင်ကြတော့ ဘလော့ မရေး ဖြစ်ကြတော့ဘူး။
တချို့ကျတော့လည်း  ကိုယ့်ပြည် ကိုယ့်ရွာကို ပြန်ကုန်ကြတော့ အင်တာနက် လိုင်း မကောင်းတာ
ကြောင့် ဘလော့ မရေး ဖြစ်ကြတော့ဘူး ။ အကြောင်းအမျိုး မျိုး ကြောင့်ဆိုပါတော့ ..ဘလော့ကို
ကျောခိုင်းသွားတာ တော်တော်များပါတယ်  ။

နောက်တခုက facebook က တခုခုဆို response မြန်တယ်...ကိုယ်က status တကြောင်းတင်လိုက်
အဲဒီအောက်မှာ ဘယ်သူမဆို Like လုပ်လို့ရတယ် comment ရေးလို့ရတယ် ..ဘလော့က အဲလို
မဟုတ်ဘူး ။စာဖတ်ချင်ရင် တကူးတက သွားဖတ်ရတယ်..ကိုယ်ဘာပြောချင်လည်းရေးချင်လည်း
တင်ထားတဲ့စာကိုသေချာဖတ်ပြီးမှ ပြောလို့ရေးလို့ရတယ်  ။ဘလော့မှာစာတင်တဲ့သူကလည်း အလေးအနက် ရေးထားတာမျိုးကို ဘဲတင်တာ များတယ်..ကိုယ်ရေးတဲ့ စာ ကိုယ်တာဝန်ယူရတာကိုးးး  ။
အဲဒီတော့ ဘလော့မှာက ဟာသဆိုရင်လည်း ဟာသပီပီပြင်ပြင်ရေးတယ်..ခရီးသွား
ဆောင်းပါးဆိုလည်း အစအဆုံးသေချာရေးကြတယ်  ။အချစ်အကြောင်းဆိုလည်း သေချာခံစားဖွဲ့နွဲ့ ပြီးမှ
တင်တာများတယ်  ။အဲဒီတော့ ရေးတဲ့သူဘက်ကလည်းတာဝန်ကျေအောင်လေးလေးနက်နက် ခံစားပြီးမှ
ရေးတယ် ။ဖတ်တဲ့သူကလည်း သေချာဖတ်ပြီး ခံစား ပြီးမှ အောက်မှာ comment ရေးကြတာများတယ် ။

facebook ကြတော့ အဲလို မဟုတ်ဘူး...ကိုယ်တင်ချင်တာ တင်လို့ရတယ်  ။ညကအိမ် မက် မက်တယ်
ဆိုပြီး စာတကြောင်းတင်လိုက်ရင်လည်း ကိုယ့်friend list ထဲက ခင်တဲ့သူတွေက ဘာတွေမက်တာလည်း
ဘယ်လိုအိမ်မက်လည်း  ဆိုပြီးစဟယ် နောက်ဟယ်နဲ့ ပေါ့ပေါ့ပါးပါး ရေးလို့ရတယ်..တခုခုဆိုရင်လည်း
တကူးတက ကိုသွားဖတ်စရာမလိုဘူး ။ကိုယ့် Timeline မှာ တက်လာသမျှ စောင့်ဖတ်ရုံဘဲ ။
ကောမက်ရေးတဲ့နေရာမှာလည်း ပေါ့ပေါ့ပါ့ပါ့းလေး ရေးခဲ့လို့ရတယ် ။communication မှာ facebook က
Blog ထက်ပိုမြန်တယ်  ။တခုခုဆို ချက်ချင်းသိနိုင်တယ်...မေးနိုင်တယ်  ...ကျမထင်ပါတယ်
blogger အများစုက ဒီလို ဆက်သွယ်မှု့ လွယ်ကူတဲ့ အတွက် facebook ကို သုံးကြရာကနေ
blog နဲ့တဖြည်းဖြည်းအဆက်ပြတ်ကုန်ကြတာ နေမှာပါ ။blog ကိုတမင်တကာ ဖြတ်ကြတဲ့သူတွေတော့
မရှိကြပါဘူး ။Blogger တိုင်းက ကိုယ့် ပိုင်ဆိုင်တဲ့ blog ကို တန်ဖိုးထားကြတာကြီးပါဘဲ ။

blog ရေးတဲ့သူတွေ ပျောက်ကုန်ကြတဲ့ နောက်တချက်ကလည်း ဘလော့ဂါဆိုတဲ့ သူတွေအများစုက ပြည်ပကများပါတယ်  ။ သူများနိုင်ငံမှာ နေရတဲ့ အချိန် အိမ်လွမ်းစိတ်
ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ဖိစီးမှု့ တွေ ကို ရင်ဖွင့်ရာနေရာ အဖြစ် ဘလော့ဆိုတာကို ရေး
ဖြစ်လာကြတာများတယ် ။ အချိန်တန် အိမ်ပြန်သွားကြတဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့်
စာရေးခြင်းကိုအချိန် မပေးနိုင်ကြတော့ဘဲ Blog လောက ကနေ ပျောက်ကုန်တာပါ ။ကျမ Blog စရေးတာ
2009 မှာပါ ။ အဲဒီတုန်းက ခင်မင်ခဲ့တဲ့ blogger တွေထဲမှာ အခုချိန်ထိ ဆက်ရေးနေတဲ့သူတွေလည်းရှိသလို
မရေးဘဲ ပျောက်ကုန်ကြတဲ့သူတွေလည်းရှိပါတယ်..အဲဒီတုန်းက facebook ဆိုတာကြီးကို ဒီလောက်
ကြီး သုံးတဲ့ အချိန်မဟုတ်သေးတော့ ဘလော့မှာ မတွေ့တော့ရင် ဘယ်မှာဆက်သွယ်ရမယ်ဆိုတာ
မသိကြတော့ပါဘူး ။အခုဆိုရင် ကျမဘလော့ရေးလာတာ 5နှစ်ပေါ့ ။ဒီငါးနှစ်မှာ ဘလော့ကတဆင့်
ခင်မင်ခွင့်ရခဲ့တဲ့ မိတ်ဆွေတွေလည်းအများကြီးပါ ။

ကျမက ကျမကိုယ် ကျမ စာပေဝါသနာပါလို့ စာရေးတဲ့သူတယောက် အဖြစ်ဘဲ ခံယူပါတယ် ။

ကျမ စိတ်ညစ်တဲ့အခါ  ကျမခံစားချက်..ကျမ မကျေနပ်ချက် .. ဒါတွေကို စရေးရင်းနဲ့
ဘလော့ဂါရယ်လို့ ဖြစ်လာတာပါဘဲ ။ ကျမ စာရေးတာဝါသနာပါတယ် ။ဒီအတွက်ကြောင့် ကျမ မြင်မိတာ
ခံစားမိတာကို ရေးးဖြစ်တာများပါတယ်  ။ ကျမဘယ်အချိန်အထိ စာရေးဖြစ်နေမလည်း ဆိုတာ
ကျမကိုယ် ကျမတောင် သေချာ မသိပါဘူး ။ကျမအခု အင်တာနက် ကို လွယ်လင့်တကူ သုံးးစွဲလို့
ရတဲ့နေရာမှာ နေတယ်..ဒါကြောင့် ခလုတ်လေးတချက်ဖွင့်လိုက်တာနဲ့ ကိုယ်ဘာရေးချင်လည်း
ကိုယ်ဘလော့လေးမှာ ကိုယ်ရေးနိုင်တယ်  ။

တကယ်လို့များ ကျမ လည်းသူများတွေလို ပြန်သွားတဲ့ အခါ
အင်တာနက် အဝိုင်းလေး လည်နေတာကို ထိုင်ကြည့်နေရတဲ့ အနေအထားဆို ကျမ စာတွေ
ဆက်ရေးနိုင်ပါ့မလား...ဒီမေးခွန်းကို ကျမကိုယ် ကျမ ပြန်မေးနေတာ အတော်ကြာပါပြီ  ။
နောက်တခုက ကျမအခုက လွတ်လပ်တယ်..နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် အလုပ်ချိန်ကလွဲရင် ကျမစိတ်ပါတာကို
ချက်ချင်းထလုပ်နိုင်တယ်..တကယ်လို့များ ကျမမှာလည်း မဖြစ်မနေ ခွဲဝေယူရမဲ့တာဝန် တွေ ရှိလာခဲ့ရင်
ကျမ စာရေးခြင်းအတွက် ဘလော့ဘက်ကို အချိန်ပေးနိုင်ပါ့မလား စဉ်းစားမိတယ်  ။
အဲလို စဉ်းစားမိလိုက်တိုင်း ကျမ အရမ်းစိတ်မကောင်းဖြစ်ရတယ် ။

ဒါပေမဲ့လည်းလေ  ..
ဖြစ်ချင်တာက ဆန္ဒ ..ဖြစ်နေတာက ဘဝတဲ့  ။။။ ဖြစ်ချင်တဲ့ ဆန္ဒထက် ဖြစ်သင့်တာကို ဦးစားပေးရတယ်တဲ့။
ကျမကြားဖူးတာလေးပါ  ။ကျမဘဝမှာ တခုခုကိုရွေးချယ်ရတော့မဲ့ အခါ ...ကျမရွေးချယ်လိုက်ရတဲ့ အခါ..
ဘလော့ဆိုတာကို ကျမကျောခိုင်းခဲ့ရမယ်ဆိုရင်  ကျမကို မေ့မသွားကြပါနဲ့နော်...
တချိန်တုန်းက ပစ်ပစ်ဆိုတဲ့ မိန်းကလေးတယောက်က ခံစားမှု့သံစဉ်  ဆိုတဲ့ ဘလော့လေးမှာ
သူ ခံစားယုံကြည်ရာကို ရေးဖွဲ့ ခဲ့ဖူးတယ်လို့  သတိရပေးပါ ။

တကယ်လို့များ အဲလိုအချိန်က တကယ်ရောက်လာခဲ့မယ်ဆိုရင် ကျမလည်း အားလုံးကို
အမှတ်ရနေမှာပါ ။တချိန်တုန်းက ခင်မင်ခဲ့ရတဲ့  စာပေမိတ်ဆွေ မောင်နှမ တွေကို ကျမသတိရနေမှာပါ ။

ပစ်ပစ်
Am  2:50
2.9.2014

21 August 2014

ထိုသူ ....

Posted by blackroze at Thursday, August 21, 2014 3 comments
ကျမ သူ့ကို တွေ့တွေ့ နေတာ ကြာပြီ  ။ သူနဲ့လည်း မသိပါဘူး  ။ ကျမအလုပ်ပြန်တဲ့ လမ်းမှာ တရုတ်ဘုရားကျောင်း လေးတကျောင်း ရှိတယ်  ။ရပ်ကွက်ဘုံကျောင်း  သဘောပေါ့ ။ကျမနေတဲ့ ရပ်ကွက်ကအရင်က သင်းချိုင်းကုန်းလို့ ပြောကြတယ်  ။နောက်မှ မြို့ကွက်ချဲ့တော့  သင်းချိုင်းကို ဖျက်ပြီး လူနေရပ်ကွက် အဖြစ်အိမ်တွေဆောက်တယ်လို့ တဆင့်စကားကြားဖူးတယ် .သင်းချိုင်းကို ဖျက်ပြီး လူနေရပ်ကွက် လုပ်ထားတာဆိုတော့  တရုတ်ဘုရားကျောင်း အသေးလေးတွေ အတော်များများ ဆောက်ထား ပြီး ကိုးကွယ်ကြတာ တွေ့တယ်။ အန္တာရယ်ကင်းအောင် ဆိုတဲ့သဘောပေါ့ ။တချို့ လူကြီးတွေ ကတော့ည ဘက်ဆို  ဘုံကျောင်း လေးထဲလာထိုင် စကားပြောကြ ။သတင်းနားထောင်ကြပေါ့   ။ကျမအလုပ်ကပြန်လာတဲ့ တရက်  သူ့ကိုသတိထားမိတယ်  ။သူများတွေထိုင်နေကြသလို သူလည်း ထိုင်နေတာပါဘဲ  ..ထူးထူးခြားခြား အနေနဲ့ သူ့ဘေးမှာခရီးဆောင် အိတ်တွေရော သေတ္တာရော ကျောပိုးအိတ်ရော တွေ့လိုက်ရလို့ပါ ။
အစကတော့ ကျမစိတ်ထင် ခရီးသွားဖို့ အောက်ဆင်းပြီး Taxi လာခေါ်တာစောင့်နေတဲ့သူ တယောက်လို့
ဘဲထင်မိပါတယ်  ။ နောက်သုံးလေးရက်လောက်ကြာတော့ အဲဒီပုံစံအတိုင်းဘဲ အထုပ်တွေအပိုးတွေနဲ့ တခေါက် ထပ်တွေ့ပြန်တယ်  ။ကျမစိတ်ထဲနဲနဲ အံသြသွားမိတယ် ။ဒီလူကလည်း  ဒီချိန်မှ ခရီးသွားတာလား မသိဘူး။တပါတ်ကို ဘယ်နှစ်ခါသွားတာလည်း မသိဘူးပေါ့  ။ နောက်တော့လည်း  မေ့မေ့ပျောက်ပျောက်နဲ့
ဘဲ သတိမထားမိတော့ပြန်ပါဘူး  ။

နောက်တခေါက် အဲလိုပုံစံအတိုင်းဘဲ ထပ်တွေ့ပြန်တယ် ။ကျမစိတ်ထဲနဲနဲ သဘောပေါက်သလိုတော့
ရှိလိုက်တယ် ။ ကြည့်ရတာ ဒီအနီး အနားမှာနေတဲ့သူတော့ မဟုတ်လောက်ဘူး ။အသက်ကလည်း
လူလတ်ပိုင်းလောက်ဘဲ ရှိသေးတာ ။အိမ် မရှိတဲ့ Homeless တယောက်များလားလို့ တွေးမိတယ် ။
Homeless တွေကို တွေ့လိုက်ရင်  များသောအားဖြင့် အသက်ရွယ်ကြီးတဲ့သူတို့  ...နောက်ပြီးစိတ်မမှန်
တဲ့ ပုံစံမျိုး ရှိတဲ့သူတို့  အဲလိုပုံစံတွေများပါတယ် ။အခုဒီလူကတော့ အဲလိုပုံစံမဟုတ်ဘဲနဲ့ Homeless
တယောက်ဖြစ်နေပါတယ် ။ လူဆိုတာကလည်းသူ့ဘဝနဲ့သူ သူ့အခက်ခဲနဲ့ သူ ရှိနိုင် တာဘဲလေ ။
အဲဒီနောက်ပိုင်းမှာတော့  ကျမအလုပ်ပြန်တိုင်း  ရက်ခြားဆိုသလိုပေါ့  အဲဒီသူကို တွေ့ရတတ်ပါတယ် ။
တခါတလေ သူ့အထုပ်တွေ ဘေးမှာချပြီး ခုံတလုံး မှာထိုင်ရက်  အိပ်နေတာမျိုး တွေ့ရတတ်ပါတယ်  ။
တခါတလေ လည်းသူအထုပ်တွေ ဖွင့်ပြီး ရှင်းနေတာမျိုး ပေါ့  ။ကြည့်ရတာ ဒီဘုံကျောင်းမှာတည ..တခြားနေရာတွေမှာတည နေရာစုံ လှည့်ပြီး အိပ်ပုံရတယ် ထင်ပါတယ် ။
တခါတလေလည်း ပျောက်နေတတ်ပါတယ်  ။ ကျမ ကလည်း အလုပ်ပြန်တိုင်း အဲဒီဘုရားကျောင်းလေး
ဝင်ပြီး လက်အုပ်လေးချီ ကန်တော့နေကြဆိုတော့  သေချာသတိထားပြီးမကြည့်လည်း
ဘုံကျောင်းထဲ ဘယ်သူရှိတယ် ။မရှိဘူး  ဆိုတာ တွေ့နေတတ်ပါတယ်  ။

ကျမ သူထိုင်ရက် ကြီးအိပ်နေတာ မြင်ရတဲ့ အခါတိုင်း  စိတ်ထဲမှာ တွေးမိတယ်  ။အဲတာကတော့
လူတယောက်အတွက် နွေးထွေးတဲ့ အိပ်ယာလေးတခု လိုအပ်တယ်ဆိုတာပါဘဲ  ။လူရယ်လို့
ဖြစ်လာရင် အသိုက်အမြုံ ဆိုတာ ရှိရပါတယ်  ။ငယ်စဉ်ကတော့ မိဘ အရိပ်အောက်ပေါ့  ။
နောက်တော့ အရွယ်ရောက်လာတဲ့ အခါဆိုရင်ကိုယ်တိုင်တည်ဆောက်ထားတဲ့ မိသားစု လေး တခုပေါ့ ။
အပူအပင်မရှာချင်လို့  အပျို ကြီးလုပ်တယ်ဆိုပေမဲ့လည်း တယောက်တည်းနေလို့တော့ အဆင်မပြေ
နိုင်တာ အမှန်ပါ  ။အသက်ဆိုတာက ငယ်သွားတာ မဟုတ်ဘူး ။ ကြီးလာတာဘဲရှိတာပါ ။
အသက်ကြီးလာတာနဲ့ အမျှ အဖော်သဟဲ ဆိုတာလိုလာပါသည် ။ တူမ လေးတွေနဲ့သော်လည်းကောင်း
မောင်နှမ သားချင်း အတူစုနေကြတာ အသင့်တော်ဆုံးပါ ။ဆိုလိုချင်တာက  ကိုယ်ဖန်တီးထားတဲ့
အိမ်လေးတအိမ်  ဆိုတာရှိသင့်သည်  ။လုံခြုံနွေးထွေးတဲ့ အိပ်ယာလေးတခုရှိသင့်သည်  ။

ကိုယ်ပိုင်ဆိုင်တဲ့  အိပ်ယာလေးဟာ တန်ဖိုးကြီးမားတဲ့ ခုတင်မွေ့ယာတွေနဲ့ ခင်းထားတာ ဖြစ်နိုင်သလို
ရိုးရိုးဂွမ်း ကပ်လေး တထည်လောက် ခင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ဒါမှ မဟုတ် ဖျာကြမ်းလေးတချပ်ခင်းထားတဲ့ အိပ်ယာလေးလည်း ဖြစ်နိုင်ပါတယ်  ။ ဘယ်လိုအိပ်ယာလေးဘဲ ဖြစ်နေပါစေ  ခေါင်းချအိပ်စက်ဖို့ အိပ်ယာလေးတခုရှိနေတာကို ကျေနပ်လိုက်ပါ ။
လောကထဲမှာ ကိုယ့်လိုတောင် အိပ်ယာလေး မရှိလို့ လမ်းမကျောခင်းအိပ်စက်နေရတဲ့သူတွေ
နေရာအနှံလှည့်ပြီး အဆင်ပြေသလိုအိပ်နေရတဲ့သူတွေ ရှိနေပါတယ်  ။ကိုယ်ပိုင်တဲ့ အိပ်ယာလေးတနေရာ
စာဟာ ခမ်းနားချင်မှ ခမ်းနားလိမ့်မယ် ။ ဒါပေမဲ့  တန်ဖိုးထားလိုက်ပါ  ။ ကိုယ်မပိုင်ဆိုင်ရတဲ့ အရာတွေကို
မျှော်မှန်း တမ်းတ နေတာထက်  လက်ရှိပိုင်ဆိုင်ထားတာလေးကို ဘဲတန်ဖိုးထားပေးလိုက်ပါ ။
ကိုယ့်ဘဝကို ကိုယ်ကျေနပ်လိုက်ပါ  ။

ကျမ  အလုပ်ကပြန်လာတိုင်း ပင်ပန်းလာတာဘဲဖြစ်ဖြစ်  တခါတလေ အလုပ်မှာ အခြေအတင်
စကားပြောခဲ့ရတာ မျိုး ဆို အင်မတန်ကို စိတ်ဓါတ်ကျမိတဲ့ညတွေရှိခဲ့တယ်  ။တခါတလေ မိသားစုကိစ္စအဆင်မပြေ တာတွေရှိလာတဲ့ အခါတိုင်း... မောင်နှမ သားချင်း စကားပြောရတဲ့ အခါတိုင်း
ကိုယ့်ဘဝကို ကိုယ်မကျေနပ်မိတဲ့ အချိန်တွေ တော်တော် များများ ရှိခဲ့သည်။ဘာလို့ငါ ဒီအလုပ်ကို
ရွေးချယ်မိတာလည်း ။ဘာလို့ ငါ ဒီနိုင်ငံကို လာမိတာလည်း ။ဘာလို့ ငါ ဒီလိုဖြစ်နေရတာလည်း ။
ဘာလို့ ဘာကြောင့်  ဆိုတဲ့ စကားလုံးတွေ နဲ့ ကျမကိုယ့်ဘာသာကိုယ် မကျေမနပ် ဖြစ်ခဲ့တဲ့  အကြိမ်ပေါင်း
လည်းမနည်းပါဘူး ။အဲလိုအခါတိုင်းမှာ အလုပ်ကပြန်လာတိုင်း ဒီ ဘုရားကျောင်းလေးမှာ ဝင်ရှိခိုးတိုင်း
ကျမ စိတ်ထဲ မကျေနပ်တဲ့ အရာတွေကို တိုင်တည်ဆုတောင်းမိတဲ့ အကြိမ်လည်း မနည်းပါဘူး ။

ဒါပေမဲ့ ကျမဒီလူကိုတွေ့ ပြီးတဲ့အချိန်ကစလို့ စိတ်ထဲပြောင်းလဲသွားသည် ။ကျမအလုပ်ထဲ စကား
အခြေအတင်ပြောခဲ့ရတယ် ဆိုပါတော့  ။ ခါတိုင်းဆို အလုပ်ကို အင်မတန်မှကို မုန်းတီးမိသည် ။အခုတော့
ကျမ စဉ်းစားမိတယ် ။ကျမပတ်ဝန်းကျင်မှာ အလုပ်တောင် မရှိကြတဲ့ သူတွေ အများကြီးရှိတယ်။
အဲလို  တွေးလိုက်မိရင် ကျမ ရဲ့ အလုပ်က ကျမ အတွက် တန်ဖိုးရှိလာတယ်  ။
ဒီအလုပ်ရှိနေလို့ ငါလကုန်ရင် လခရတယ် ။ငါလိုချင်တာဝယ်နိုင်တယ်  ။ငါ့ ဘဝ ရပ်တည်ဖို့ အဆင်ပြေတယ် ။ ဒီအလုပ်က ငါ့ဘဝအတွက် ငါလုပ်နေတာ ။ဘယ်သူအတွက်မှ ငါလုပ်နေတာ မဟုတ်ဘူး။ကိုယ့်ဘဝ ရပ်တည်ရေး အတွက် ကိုယ်လုပ်နေတဲ့ အလုပ်မှာ အဆင်မပြေတာလည်း
အခိုက်အတန့် ရှိကောင်း ရှိနိုင်မယ် ။ ဖိအားတွေ ရင်ဆိုင်ရတဲ့ အခါလည်းရှိကောင်းရှိနိုင်မယ် ။
သူများနဲ့ ယှဉ်ပြီး ပြောရဆိုရ ပြသနာရှင်းရတာတွေလည်း ရှိနိုင်တယ် ။ ဘယ်လိုအခြေအနေ တွေ
ရင်ဆိုင်လာရပါစေ ဒါတွေအားလုံးက သူများအတွက် ကိုယ်က လှုပ်ရှားနေရတာမဟုတ်ဘူး ။
ကိုယ့်အတွက်ဘဲ ကိုယ်ကြိုးစားနေရတာဆိုတဲ့ အသိတခု ဝင်လာရင် ကျမ စိတ်ထဲ ပေါ့ပါးသွားသည် ။
တကယ်တော့ ကိုယ်ရရှိထားတဲ့ အရာက ကိုယ့်အတွက် အကောင်းဆုံးပါဘဲ  ။

အိမ်ဆိုတာနဲ့ ပတ်သက်ရင်လည်း ကျမ စိတ်တိုင်းမကျတာတွေ အများကြီးပါ ။တခါတရံမှာ မောင်နှမ
သားချင်း အချင်းချင်း စိတ်အခန့်မသင့်တာတွေ ရှိတတ်သည် ။အဲလို အခါမျိုးဆို ကျမအရမ်းဒေါသထွက်
မိသည် ။။ပြောရရင်တော့  ဒေါသတရားနဲ့ မာန်မာန ကြောင့်ဆိုပါတော့ ။ကျမက တခုခုဆို အတေးအမှတ်ထားတတ်သည် ။အဲဒီလိုအမှတ်သည်းချေကြီးတဲ့ စိတ်ဓါတ်ကြောင့်လည်း ကျမ အနိုင်ရခဲ့တာတွေ ရှိသလို ကျမအရမ်း
ပင်ပန်းခဲ့ရတာတွေလည်း ရှိသည် ။ကျမ ထိုသူကို ဘုရာကျောင်းထဲမှာ အထုပ်တွေအပိုးတွေနဲ့တွေ့ပြီးတဲ့
အချိန်က စပြီး မိသားစု ထဲ အကြောင်းအရာတခုခုပြောတဲ့အခါ  ကျမနဲ့ သဘောထားချင်းမတိုက် ဆိုင်လာ
တိုင်းအရင်လို စိတ်ပျက်လာတာ  မျိုး မထားတော့ဘဲ  ။သြော် ..လူဆိုတာ အတွေးအခေါ် အယူအဆ
မတူနိုင်ကြဘူးလေ ဆိုပြီး စိတ်လျော့ ပေးတတ်လာတယ် ။ ဘာလို့လည်း  ?????
လူတယောက်အတွက် မိသားစု အသိုင်းဝိုင်းဆိုတာလည်းလိုအပ်တယ် ။မိသားစုဆိုတာ တန်ဖိုးထားရမဲ့
အရာတစ်ခုပါ  ။ကျမ ပတ်ဝန်းကျင်မှာ မိသားစု ဖေးမမှု့တောင် မရှိဘဲ
တယောက်ထဲ အထုတ်ဆွဲလို့ ခရီးဆက်နေတဲ့သူကိုတွေ့လိုက်ရလို့ပါ ။ကျမမှာက  ကျမ အပြင်သွားတဲ့အခါအပြန်နောက်ကျနေရင် နင်ဘယ်ရောက်နေလည်း  ရထားပေါ်မှာလား
ကားပေါ်မှာလား  ဆိုပြီး  စိတ်ပူပြီးဖုန်းဆက်မေးလာမဲ့ မောင်နှမတွေ ရှိနေတယ် ။
ကျမနေ မကောင်းတဲ့အခါ ဆေးခန်းကို အမြဲလိုက်ပို့ပေးတတ်တဲ့ ကျမ ညီမလေး ရှိတယ် ။
ကျမမွေးနေ့ကို သတိတရ နဲ့ လက်ဆောင်ဝယ်ပေး မွေးနေ့ဆုတောင်းပေးမဲ့ မောင်နှမတွေ ရှိနေတယ် ။
ကျမ အတွက် သူတို့ဟာနွေးထွေးမှု့ ပေးကြတဲ့ သူတွေပါ ။

ကျမအလုပ်ပြန် ချိန်တိုင်း တွေ့ရတတ်တဲ့သူဟာ  အိမ်ခြေယာခြေမဲ့  တယောက်ပါ ။ဒီလို Homeless
တယောက်မှာ အတည်တကျ အလုပ်တခုဆိုတာလည်း ရှိနိုင်မယ် မထင်ပါဘူး  ။
တကယ်တော့ ထိုသူနဲ့ ကျမ မသိပါဘူး ။ မိတ်ဆွေတွေ ဖြစ်ပြီး စကားလက်ဆုံလည်း မပြောဖူးပါဘူး ။
သူကလည်း သူ့အချိန်ဆို သူ့ဘာသူ ဒီဘုရားကျောင်းလေးထဲ လာအိပ်တတ်တယ်  ။ကျမကလည်း
အလုပ်ပြန်ချိန်တိုင်း ကျမ ပြန်နေကြ လမ်းအတိုင်းပြန်တယ် ။ဒါပါဘဲ ။ထူးဆန်းမှု့ မရှိ  စိတ်ဝင်စားဖို့
မကောင်းတဲ့ တွေ့ဆုံမှု့တခုပါ  ။ဒီတွေ့ဆုံမှု့မှာ ကျမ သူ့စီကနေ သင်ယူလိုက်တာတွေ အများကြီး
ရှိပါတယ်။ ကျမစိတ်ထဲမွန်းကြပ်နေတဲ့  အရာတချို့  က သူ့ကို မြင်တွေ့ပြီးနောက်ပိုင်း ကျမရင်ထဲမှာ
မရှိတော့ပါဘူး ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အခြေအနေလေးတခုကို ဘဲ ကျေနပ်အောင် နေတတ်သွားလို့ပါ ။
ကျမ မှာ အလုပ်တခုရှိတယ် ။ကျမကိုချစ်တဲ့ မိသားစု... ချစ်သူ... မိ တ်ဆွေ သူငယ်ချင်းတွေ ရှိတယ်။
ကဲ...ဘာလိုသေးလည်းနော် ။ကျမထက် ပိုပြီး ပြည့်စုံကြွယ်ဝတဲ့သူတွေကို မော့ကြည့်ပြီး အားငယ်နေမဲ့
အစား ...ကျမလောက်တောင် မပြည့်စုံတဲ့ သူတွေ ရှိနေပါသေးလားဆိုတဲ့  အတွေးလေးနဲ့ ကျမဘဝကို
ပျော်ပျော်ရွှင်ရွှင် ခရီးဆက်ရမှာပေါ့ ။ဒီလိုအတွေးတွေ တွေးမိလာအောင် ကျမကို သင်ခန်းစာပြခဲ့တဲ့
ထိုသူကို ကျမကျေးဇူးအရမ်းတင်ပါတယ် ။

လောကြီးထဲမှာတချို့ သော အရာတွေက ငယ်ငယ်က ကျောင်းသင်ခန်းစာသင်ခဲ့သလို စာအုပ်ကိုင်ပြီး စာအလွတ်ကျက်သလို သင်ယူလို့မရပါဘူး  ။ ဘဝဆိုတဲ့အထဲ ကနေ ပြန်ပြီး သင်ယူရတာတွေ ရှိပါတယ် ။ကျမတို့တွေ အားလုံးဟာဘဝဆိုတဲ့ ကျောင်းကြီးမှာ ကျောင်းတက်နေကြတုန်း ကျောင်းသူ
ကျောင်းသားတွေပါ  ။ ဘဝကျောင်းတော်ကြီးမှာ ကျမတို့သင်ယူစရာတွေ အများကြီး
ကျန်ရှိနေပါသေးသည် ။ကိုယ့်ဘဝကို မကျေနပ် ဖြစ်နေတာတွေ ရှိခဲ့ရင် ..ကိုယ်လောက်တောင်
အဆင်မပြေတဲ့ ဘဝတွေအများကြီး အများကြီးပါလို့  ကိုယ့်ဘာသာကိုယ် အားပေးရင်း  မျှော်လင့်ချက်
အသစ်တွေနဲ့ ခရီးဆက်ကြရအောင်  ။ ။။ ။။။


ပစ်ပစ်
Am 3:47
21.8.2014

07 August 2014

အတက်နဲ့အဆင်း

Posted by blackroze at Thursday, August 07, 2014 2 comments



ကျမက တောင်တက်တာကို ဝါသနာပါတယ် ... ငယ်ငယ်တုန်းက ဆရာမဂျူး ရဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းမြူ ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာ ခါကာဘိုရာဇီ တောင် တက်ချင်တယ်လို့
စိတ်ကူးယဉ်ခဲ့ဖူးတယ်  ။ဒါပေမဲ့  အဲဒီနှစ် စာမေးပွဲဖြေပြီး  တဲ့ အချိန် ကျိုက်ထီးရိုးဘုရားဖူးသွားတော့
ရသေ့တောင်ကနေ ကားလမ်းအတိုင်း တက်တာတောင် တခြားသူငယ်ချင်းတွေနဲ့ တန်းတူယှဉ်မတက်နိုင်လို့နောက်ဆုံး မှ  တောင်ပေါ်  ရောက်ခဲ့ကထဲက ....
 ကျမရဲ့  ခါကာဘိုရာဇီ တောင်တက်ချင်တဲ့ဆန္ဒကို
စိတ်ကူးတောင် ဆက်မယဉ်တော့ ဘဲ ချက်ချင်းစွန့် လွှတ်လိုက်ပါတယ်  ။ လုပ်နိုင်မလားလို့  စိတ်ကူးယဉ်
နေရတဲ့အရ သာကတမျိုး  မလုပ်နိုင်ဘူးဆိုတာ သိသိကြီးနဲ့ စိတ်ကူးယဉ်ရတဲ့ အရသာမတူပါဘူး ။ ဒါကြောင့်မို့   ကိုယ်မလုပ်နိုင်တဲ့ အရာကို စိတ်ကူးတောင် မယဉ်ပါနဲ့  ။ပိုပြီးစိတ်ပင်ပန်းရမှာ စိုးလို့ပါ ။

အဲဒီကထဲက တောင်တက်ခြင်းနဲ့ ကျမနဲ့  က ပြဒါးတလမ်း သံတလမ်း  ဖြစ်သွားခဲ့တာပါ  ။ ဟိုရက်ပိုင်းက
သူငယ်ချင်းတယောက်က အဖော်လာစပ်ပါတယ်  ။ ကျမ နေတဲ့  ရပ်ကွက် ရဲ့ အစွန်ပိုင်းလို့ ပြောရ မှာပေါ့
အဲနားကတောင်ပေါ်မှာ ဘုရားတည်ထားတယ်တဲ့  ..ဗုဒ္ဓဘာသာဝင်တွေ စုပြီး  စေတီ အသေးလေးတည်ထားတယ်..သွားဖူးရအောင်ဆိုတာနဲ့  သူငယ်ချင်းသုံးယောက် အဖော်စပ်ပြီး သွားဖြစ်တယ်  ။ အိမ်နားက တောင်ဆိုပေမဲ့ အထင်မသေးပါနဲ့  ..တနာရီကျော်ကျော် လောက်တက်ရပါတယ်  ။  အစပိုင်းကတော့ ကတ္တရာလမ်း အတိုင်းပေါ့  ...
နောက်တော့ မြေလမ်း  ..နောက်တော့ လှေကားထစ်  ပေါ့  ...ကျမတို့က အပိုင်းသုံးပိုင်း ခွဲပြီး
တပိုင်း မှာတကြိမ် နားပါတယ်... ။

တောင်ပေါ်ရောက်တော့စေတီကခပ်သေးသေးပါဘဲ   ။  ရင်ပြင်တော် လေးကလည်း ခပ်သေးသေးလေးပါ။
နေရာအခက်ခဲကြောင့်ရော   မြန်မာပြည်လို ပန်းရံ တို့ဘာတို့ လွယ်လွယ် ရှာမရတဲ့ နေရာ ဖြစ်နေတာလည်း  ပါမယ်ထင်တယ်  ..။ ဘုရားအရိပ်ဆိုတော့  ကျယ်တာ ကျဉ်းတာ
မဆိုင်ပါဘူး.. ရင်ပြင်တော် လေးမှာ ထိုင်လိုက်တဲ့ အချိန် အေးချမ်း သွားပါတယ်   ...။

ဘုရား ရှိခိုးပြီးတော့  တောင်အောက်ပြန်ဆင်းလာကြတယ်... အတက်တုန်းက မောခဲ့သလောက်
အဆင်းကျတော့  အေးဆေးပါဘဲ  ။ ကျမသူငယ်ချင်း တယောက်ဆို သူ့အရှိန်လေးနဲ့ သူ့ဘာသာ
ပြေးဆင်းသွားတာ တဖြတ်ဖြတ် နဲ့  ..အဆင်ကိုပြေလို့   ....။။။

ကျမ စဉ်စားမိတယ်...အတက်ခရီးမှာ ပင်ပင်ပန်းပန် အားစိုက်ခဲ့ရ သလောက် အဆင်းကျတော့
လွယ်လိုက်တာလို့   ။ဘဝဆိုတာလည်း အဲဒီလိုဘဲ  ထင်ပါတယ် ။ အမြင့်ရောက်အောင်  ကြိုးစားတက်
နေတုန်းကတော့  ကိုယ့်ကို လက်တွဲ ဖေးမ ခေါ်တယ် ဆိုတဲ့သူက သိပ်နည်းပါတယ်  ။
ကိုယ့်ဘာသာ ကြိုးစားခဲ့ရတယ်... ။ဘယ်အသိုင်းအဝိုင်း  ဘယ်လိုအနေအထား မှာဘဲ ဖြစ်ဖြစ်
မိမိကိုယ်တိုင် ကြိုးစား အားထုတ်မှု့ နဲ့ လှေကားထစ်တွေကိုတက်ခဲ့ရတယ်  ။လူတယောက်နဲ့တယောက်
ဖြတ်သန်းလာရတဲ့ ဘဝအနေအထား တွေတူကြမှာတော့ မဟုတ်ပါဘူး  ။ မိသားစု အသိုင်းအဝိုင်း ထောက်ပံ မှု့  ... မိတ်ဆွေ သူငယ်ချင်း များ  ကူညီ မှု့ ကိုရခဲ့ကြတဲ့ သူတွေလည်း
ရှိမှာပါ  ။ထောက်ပံ့ မှု့ တစုံတရာမရှိဘဲ ကိုယ့်ဒူး ကိုယ်ချွန် ကိုယ့်လမ်း ကိုယ်ဖောက်ခဲ့ကြတဲ့ သူတွေလည်း
ရှိမှာပါ  ။

 အတက်ဆိုတဲ့ ခရီးမှာတော့  ကိုယ်တိုင် အားစိုက်မှု့ အများကြီး နဲ့မှ လိုရာကို ရောက်ခဲ့ကြတယ်..
အတက်ခရီးဆိုတာ အဲတာပါဘဲ  ။ ထိပ်ဆုံးလို့ သတ်မှတ် ထားတဲ့နေရာတခုကို ရောက်ဖို့ အတွက်
အချိန် တခုပေးရတယ်  .. ကြိုးစားအားထုတ်မှု့ ပေးရတယ် ..လွယ်လွယ်နဲ့ ရောက်တဲ့ နေရာတခု
မဟုတ်တဲ့ အတွက် အရင်းနှီး စိုက်ခဲ့ရတာတွေ သိပ်များတယ်  ။ အဲလိုတက်နေရင်းနဲ့  ကိုယ့်ကို ဖေးမလက်တွဲ ခေါ်ပေးခဲ့တဲ့သူလည်း တွေ့ နိုင်သလို  ...ကိုယ်နဲ့ တန်းတူယှဉ်တက်နေရင်းနဲ့  မသိမသာ ဘေးတိုက် လိုက်တိုက် တတ်တဲ့ သူတွေလည်း တွေ့ နိုင်တယ် ။

ကူညီသလိုလို လက်တွဲသလိုလိုနဲ့ ကိုယ်လိုရာမရောက်အောင် မသိမသာ ဆွဲထားတတ်တဲ့ သူတွေ
နဲ့လည်း တွေ့နိုင်တာဘဲ  ။ ကိုယ် အမြင့်ရောက်အောင် မောကြီးပန်းကြီး ကြိုးစားတက်နေတုန်း
ရေတခွက် လာတိုက်တဲ့သူလည်း ရှိနိုင်သလို  ..မသိချင်ယောင်ဆောင် နေတတ်တဲ့ သူတွေလည်း ရှိမှာပါ  ။
ကိုယ့်ခရီး စဉ်မှာကိုယ်သာလျှင် အဓိက ပါ  ။ ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်ရင် ထိုက်တန်သလို
နေရာတခုရမှာပါ   ။ ဒါပေမဲ့  ထိပ်ဆုံးဆိုတဲ့ နေရာမှာ အကြာကြီး ရပ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး  ...
အတက်ဆိုတာပြီးရင်  အဆင်းဆိုတာ တလှည့်ပြန်ရောက်လာတတ်ပါတယ်   ။ အတက်ကိုကြုံ ပြီးရင်
အဆင်းကိုလည်း ကြုံ မှာပါ  ။ဒါက လူတိုင်းမလွဲမသွေ ရင်ဆိုင်ရမဲ့အရာပါ  ။ တောင်တက်ပြီးရင် ပြန်ဆင်း
လာရသလိုပေါ့  ။

အတက်မှာ အားစိုက်ရသလောက်  အဆင်းဆိုတဲ့ခရီးကျတော့  အားစိုက်စရာ မလိုတော့ပါဘူး..
အရှိန်က ပါနေပြီးသားဆိုတော့  သူ့အရှိန်လေးနဲ့  ထိန်းသွားရုံ အောက်ခြေကို တခါတည်း
ရောက်သွားတော့တာပါဘဲ ... အတက်ခက်သလောက်  အဆင်းလွယ်သကိုးးးးး  ။

ဆင်းတဲ့ အချိန် ကိုယ်က အရှိန်မထိန်းနိုင်ရင်  ခြေခေါက်တောင် လဲနိုင်သေးတယ်  ။ ဒီကြားထဲ
ကိုယ့်ခရီးက အဆင်းခရီး ဖြစ်နေတဲ့ ဟာကို ဘေးက လူက မသိမသာ တွန်းချလိုက်ရင် သွားရော  ။
တခါတည်း  ဆင်းစရာတောင်မလိုတော့ဘဲ  လိမ့်ကျတဲ့  အခြေအနေ ဖြစ်သွားရော   ။
အတက်ခရီးမှာ ပင်ပင်ပန်းပန်း အားစိုက်ပြီးတက်ဖို့ လိုသလို  ..
အဆင်းခရီးမှာလည်း  အရှိန်လေး ထိန်းပြီး ဆင်းတတ်ဖို့ လိုပါတယ် ..။။

ကျမတို့အသိထဲမှာ မိသားစု တစု ရှိပါတယ်  ။ နိုင်ငံခြားမှာ နှစ်တော်တော်ကြာကြာနေပြီးမှ မြန်မာပြည်
ပြန်သွားကြတဲ့ မိသားစုဆိုပါတော့  ။အဖေနဲ့ အမေက လခ ကောင်းတဲ့ နေရာမှာ နှစ်ပေါင်း
အတော်ကြာ လုပ်ခဲ့တဲ့ သူတွေ  ဆိုတော့ တော်တော်လေးလည်း စုမိဆောင်းမိရှိကြတယ်   ။
ရတဲ့ပိုက်ဆံ ပစ္စည်းဝယ်သိမ်းကြတဲ့သူတွေ ဖြစ်နေတော့  ငွေတန်ဖိုးထက် ပစ္စည်း တန်ဖိုးက
မြင့်တက်လာတဲ့ခေတ်မှာ  ကျိကျိတက် ချမ်းသာတယ် မဟုတ်ပေမဲ့  လူချမ်းသာစာရင်းဝင်ခဲ့ကြပါတယ်  ။
ကန်ထရိုက်တိုက်တွေဆောက်တာခေတ်စားလာကြတဲ့ အချိန်မှာ သူတို့ဝယ်ထားတဲ့ တိုက်ခန်းတွေ
တော်တော် များများ ရှိခဲ့တယ်ဆိုပါတော့  ။ ဒါကသူတို့မိသားစု ရဲ့ ဘဝခရီး အတက်လမ်းဆိုပါတော့   ။ ပတ်ဝန်းကျင်က သူတွေ သူတို့ မိသားစု ကို တော်တော်လေး အားကျခဲ့ကြတယ်  ။

ဘဝရဲ့ သဘောတရား အရ အတက်ပြီးတော့  အဆင်းဖြစ်လာတယ်  ။အဆင်းခရီးမှာလည်း တရိပ်ရိပ်
ပါဘဲ ။လုပ်ငန်းကအရှုံးပေါ်လိုက်  မိသားစု ပြသနာ ဖြစ်လိုက်  ကားတိုက်မှု့ ဖြစ်လို့ လျော်ရတာနဲ့  ဝယ်ထားတဲ့ တိုက်ခန်းတွေ တခန်းပြီးတခန်း    ... ပြန်ရောင်း
ရတော့တာပါဘဲ  ။ ပိုဆိုးတာက သူတို့ တိုက်ခန်းတွေ မြေကွက် ဝယ်ထားတာ တွေ ရောင်းလို့ ကုန်သလောာက် ရှိမှ အိမ်ဈေးတွေ မြေဈေးတွေက နဂိုရှိရင်းစွဲဈေးထက် တရိပ်ရိပ်နဲ့ ထိုးတက်လာတော့တာပါဘဲ  ။ သူတို့ မိသားစုရဲ့ အဆင်းခရီး
ကျတော့ ဘယ်သူမှ တွန်းချတာ မဟုတ်ပါဘူး ..သူတို့ဘာသာ အရှိန်မထိန်းဘဲ တရှိန်ထိုးဆင်းသွား
တာပါ  ။ သားသမီးတွေ မလိမ္မာ တာရော... မိသားစု အသုံးအဖြုံး ကြီးတာရော   ..လောင်းကစားကိစ္စ တွေလည်းပါတာပေါ့လေ   ။
ကံကြမ္မာက ကျီစားလိုက်တာပါသွားတော့ ပိုဆိုးသွား တာပေါ့ ။
ဈေးတက်လာမယ်ထင်ပြီး ဝယ်လိုက်တဲ့ ပစ္စည်းတွေက  မတက်ဘဲ  ..ရောင်းလိုက်တဲ့ ပစ္စည်းတွေက
ဈေးတက်လာတော့ သူတို့ အဖို့ အကျနာသွားတယ်   ။

လူတယောက်ရဲ့ ဘဝအတက်နဲ့ အဆင်းဆိုတဲ့ ခရီးဟာ  ..မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု့  နဲ့ ပတ်သက်သလို ကံတရားနဲ့ လည်း သက်ဆိုင်နေတယ်လို့ ကျမစဉ်းစားမိတယ် ။ဆင်ကျီစားရာ  ဆိတ်မခံသာ ဆိုသလို ဘဲ ကံတရား ကျီစားမှု့ ကိုလည်း ကျမတို့လူသားတွေ မခံနိုင်ပါဘူး ။
လူဆိုတာက  တနေ့ဘာဖြစ်မယ်ဆိုတာကို ကြို မသိနိုင်ကြပါဘူး  ။အနာဂတ်ကိုသာ ကြိုမှန်းဆ
နိုင်ရင် အရှုံးဆိုတာ မရှိတော့ပါဘူး  ။အနာဂတ်ကို မမြင်နိုင်တဲ့ လူသားတွေဆိုတော့လည်း
ကံကောင်းပါစေလို့ ကိုယ့်ဘာသာကိုယ်ဆုတောင်းရုံဘဲရှိတော့ပါတယ်  ။

မမြင်ရတဲ့ကံတရားက  အလဲထိုးလိုက်လို့  ဘဝတခုလုံးနာလန်မထူနိုင်ဘူးဖြစ်သွားတာတွေလည်း အများကြီးရှိပါတယ် ။
ချမ်းသာခြင်းဆင်းရဲခြင်း  ဆိုတာကလည်း အတိတ်ဘဝရဲ့ ကုသိုလ်ကံ အကျိုးပေးနဲ့လည်း
အများကြီး သက်ဆိုင်သလို  လက်ရှိဘဝရဲ့  ကြိုးစား အားထုတ်မှု့နဲ့လည်း သက်ဆိုင်တယ် ။
လူတယောက် တိုးတက်ကြီးပွားဖို့ဆိုတာက ကံ  ညဏ် ဝိရီယ  ဆိုတဲ့  အကြောင်းအရာသုံးခု နဲ့တိုက်ရိုက်
အချိုးကျပါတယ် ။ကံဆိုတာက  အတိတ်ဘဝရဲ့ အကျိုးဆက်.. ညဏ်ဆိုတာက ကိုယ်ရဲ့ ပင်ကိုယ်အရည်အချင်း
ဝိရီယ ဆိုတာက ကိုယ်ရဲ့ ကြိုးစားအားထုတ်မှု့  ...ဒီသုံးခု အကြောင်းတိုက်ဆိုင်မှသာလျှင်
အောင်မြင်တဲ့ဘဝတခုကို ပိုင်ဆိုင်နိုင်မှာပါ ။

ဘဝဆိုတာက ဆူညောင့်ခလုတ် ရွှံညွှန် တွေနဲ့လည်း ပြည့်နေတတ်တယ်  ။
ချောက်ကမ်းပါး သဲကန္တာရ  လိုလည်းဖြစ်နေတတ်တယ်  ။
သာယာလှပတဲ့  ပန်းခင်း လည်းဖြစ်နေတတ်တယ်  ။
ကြယ်ရောင် လရောင်နဲ့ အေးမြ လင်းလက်နေတာမျိုးလည်း ဖြစ်နေတတ်တယ်   ။
လူတိုင်းရရှိထားကြတဲ့ ဘဝတွေကတော့ တူညီမှာ မဟုတ်သလို 
ပြီးပြည့်စုံ နေတဲ့ ဘဝဆိုတာလည်း မရှိပါဘူး  ။ တခုမဟုတ်တခု လိုအပ်နေကြတာကြီးပါဘဲ  ။

အခက်ခဲတခုကို လွယ်လွယ်နဲ့ အရှုံးပေး လိုက်တာထက်   .... သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်ပါ ။
တချို့အရာတွေက စိတ်ဓါတ်ကြောင့် အောင်နိုင်သွားတာတွေ ရှိပါတယ်  ။
ကိုယ့်ဘဝမှာ  ကိုယ်သာ လျှင် အရာရာကို ဖန်တီးနိုင်သူပါ ။
ကိုယ်သာ လျှင် ပဲ့ကိုင်သူ ပါ ။ မိမိ ကိုယ်ကို ယုံကြည့်မှု့ အပြည့်ထားပါ  ။
လူတိုင်း ကံတရားရဲ့ဖေးမှု့ကို ရရှိပြီး ပင်ကိုယ်အရည်အချင်း ကြိုးစားအားထုတ်မှု့ အပြည့်နဲ့ ဘဝရဲ့ အတက်ခရီး ဘဲဖြစ်ဖြစ် အဆင်းခရီးဘဲဖြစ်ဖြစ် လိုရာ ခရီးကို အဆင်ပြေစွာ  ရောက်ရှိနိုင်ကြပါစေ  ...။။။။။

ပစ်ပစ်
Am  2:42
7.8.2014


23 July 2014

ရင်ထဲကမုန်တိုင်း

Posted by blackroze at Wednesday, July 23, 2014 5 comments
ကျမနေတဲ့ နေရာကို Matmo လို့အမည်ပေးထားတဲ့ မုန်တိုင်းဝင်တဲ့ နေ့  ပေါ့  ။ အဲဒီနေ့က 7လပိုင်း 22
ရက်နေ့ရဲ့ ညသန်းကောင်ပါ   ။ 22ရက်နေ့ကနေ 23 နေ့အကူးအပြောင်းမှာ  မုန်တိုင်းကြောင့်
လေပြင်းတွေက တဝုန်းဝုန်းနဲ့ ပြတင်းတံခါးကို ကြည်စား နေတာပေါ့   ။ည အလုပ်ကနေ ပြန်လာတဲ့အချိန်
လေနဲ့မိုးနဲ့ စတိုက်လာတယ်  ။တလမ်းလုံးလည်းတိတ်ဆိတ်လို့  ။ခါတိုင်းဆို ည 12 နာရီတောင်လူမပြတ်တဲ့ လမ်းမှာ အခုတော့ ကျမလိုအ လုပ်ကပြန် လာတဲ့သူတယောက် နှစ်ယောက် လောက်က လွဲရင် လမ်းမှာ  ဘယ်သူမှ တောင်မရှိတော့ဘူး  ။မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းကြောင့် လမ်းတလျှောက်က ဆိုင်တွေလည်း အကုန်ပိတ်ထားကြကုန်ပြီ  ။လူမမာညည်းသံလို
တဟီးဟီးး  နဲ့ မုန်းစရာကောင်းတဲ့  အသံကြီးနဲ့ တိုက်နေတဲ့လေပြင်းတွေကို ကျမကြောက်တယ်  ။


ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေနဲ့ လေပြင်း တိုက်သံတွေ .... ဒီလိုအနေအထား ကို အကာအကွယ်
မရှိ အမိုးအကာမလုံခြုံတဲ့ နေရာကနေ ဖြတ်သန်းရမယ်ဆို ဘယ်လောက်တောင်များကြောက်စရာ
ကောင်းလိုက်မလည်း ..ဘယ်လောက်တောင်များ စိတ်အားငယ်ဖို့ကောင်းလိုက်မလည်းဆိုတဲ့
အတွေး ဝင်လာတဲ့အခါမှာ  ..ကျမရင်အစုံဟာ စိုးရိမ်ပူပန်ခြင်းတွေနဲ့ ဗလောင်ဆူလာတယ်...  ။။


အဲဒီ ညမှာ ကျမအိပ်မပျော်ခဲ့ဘူး  ။ ကယောက်ကယက်ဖြစ်နေတဲ့  စိတ်ကို မနည်းတည်ငြိမ်အောင်
ထိန်းရင်း  လက်တဝါးစာလောက် မရှိတရှိ  စာအုပ်လေးတအုပ်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး  အိပ်ပျော်အောင်  ကြိုး စားခဲ့ရတယ်  ။ ကျမအိပ်ပျော်သွားချိန် မှာ အိမ်မက်တွေမက်ခဲ့တယ် ။
အိမ်မက်ထဲမှာ ကျမရန်ကုန်ပြန်ရောက်သွားတယ်  ။ မိုးတွေအရမ်းရွာနေတဲ့အချိန်   အထုပ်အပိုးတွေနဲ့
ကျမ ပြန်သွားခဲ့မယ်  ။ ကျမ သူ့ကို မိုးတွေလေတွေကြားထဲကနေ  သူရောက်နေတဲ့ တောထဲအထိ  သွားတွေ့ခဲ့တယ် ။

သူလက်တွေက အေးစက်နေလို်က်တာ  မိုးရေထဲ ချမ်းတုန်နေတဲ့သူ့ ကို ကျမအကြာကြီးဖက်ထားမိတယ် ။
မိုးရေတွေရွှဲရွှဲစိုလို့  ပြာနှမ်းပြီးတုန်နေတဲ့  နှုတ်ခမ်းက  တလှုပ်လှုပ်နဲ့  ကျမကိုစကားတွေလှမ်း ပြောနေတယ်  ။သူဘာပြောနေတာလည်း  ကျမမြင်သာမြင်နေရတယ်  မကြားရဘူး  ။ ကျမသေချာနားထောင်လေ ဘာမှမကြားရလေ  ။မိုးတွေအရမ်းသည်းလာတဲ့ အချိန်မှာ
ကျမသူ့ကို ဖက်ထားရင်းကနေ  အရာအားလုံးက မှောင်အတိကျသွားသလို ခံစားလိုက်ရတယ်  ။
အဲဒီအိမ်မက်က နိုးလာတဲ့ အထိ ပါလာတယ်  ။

ကျမနိုးလာတဲ့အချိန်  မုန်တိုင်းလည်း မတိုက်တော့ဘူး  လေလည်း မတိုက်တော့ဘူး  မိုးလည်းဖွဲဖွဲလေးဘဲ
ရွာတော့သည်  ။ ပတ်ဝန်းကျင်လောက တခုလုံးအရာရာ တိတ်ဆိတ်ငြိမ်သက်သွားပြီ   ။
ဒါပေမဲ့ ကျမရင်ထဲမှာ မုန်တိုင်းတခု စတိုက်နေပြီ  ။စိတ်ပူပင်သောကနဲ့ တဖြည်းဖြည်း  အရှိန်ကောင်း
လာတဲ့မုန်တိုင်း   ။ဒီမုန်တိုင်းကို ကျမဘယ်လိုတည်ငြိမ်အောင်ထိန်းရမလည်း ။ ဒီမုန်တိုင်းကို ဘယ်နေရာ
ဘယ်ဒေသရောက်သွားအောင် ကျမပြောင်းရွှေ့ပေးရမလည်း  ။ ထွက်ပေါက်ရှာမရတဲ့  ရင်ထဲကမုန်တိုင်းက  တစတစ နဲ့ ပြင်းထန်လာလိုက်တာ  ....ရင်တခုလုံးဗြောင်းနေတော့တာပါဘဲ  ။
ကျမ စိတ်တွေတည်ငြိမ်သွားအောင် ကြိုးစားတယ်  ။ အကျီပုံတွေ  ကြည့်တယ်  ။ စာတွေလိုက်
ဖတ်တယ်  ။ သီချင်းနားထောင်တယ်  ။ ကျမ တခုပြီးတခု ဆက်တိုက်လုပ်တယ်  ။အိမ်အလုပ်လုပ်တယ် ။
ဟင်းချက်တယ်  ။ သူငယ်ချင်းနဲ့ ဖုန်းပြောတယ်  ။တခုခု လုပ်နေရင်  စိတ်သက်သာရာ ရမလားဆိုတဲ့
အတွေးနဲ့ တခုပြီးတခု ဦးတည်ချက် မရှိပေမဲ့ ကျမလုပ်နေမိတယ်  ။

လူနဲ့စိတ်နဲ့ မကပ်သလို  ကျမလုပ်နေတဲ့ အရာတွေနဲ့  ကျမကသက်သက်စီဖြစ်နေတယ်  ။ကျမဘာလုပ်နေလည်း  ဘေးကနေ ထိုင်ကြည့်နေရသလို ကိုယ့်ဘာသာကို ပြန်မြင်နေရတယ်  ။
အဲတာကို ဆောက်တည်ရာမရဘူးလို့  သတ်မှတ်မလား  ..ဂနာမငြိမ် ဖြစ်နေတာလို့ ပြောမလား  ။
သေချာတာကတော့ ကျမစိတ်ပူနေတယ်ဆိုတာပါဘဲ  ။ မိုးသိပ်ရွာနေတဲ့နေရာမှာ  နေရထိုင်ရ
အဆင်ပြေပါ့မလား  ... လမ်းခရီးသွားလာရ အဆင်ပြေပါ့မလား   ..အစစလိုက်စဉ်းစားပြီး  ပူပင်နေမိတယ် ။ခံနိုင်ရည်ရှိပါပြီဆိုပေမဲ့လည်း  အရာရာကိုတော့ ကျမရင်မဆိုင်တတ်သေးဘူး  ။

အဆက်မပြတ်နှိပ်နေမိတဲ့ ဖုန်းနံပါတ်တွေဟာလည်း အခေါက်ပေါင်းရာချီတော့မယ်  ။ဖုန်းသာစကားပြော
တတ်မယ်ဆို  ..ဒီလောက်ဆို တော်ပါတော့လို့  ကျမကို ဆန္ဒပြမှာ သေချာတယ်  ။
 ပူလောင်လှုပ်ခတ် နေတဲ့ကျမစိတ်ကို ကျမရအောင် ထိန်းမှ ဖြစ်တော့မယ်  ။ တခါမှ မလုပ်စဖူးအမေ့
အခန်းထဲက တရားစာအုပ်တွေ တပုံကြီး ယူထုတ်လာ ပြီး တအုပ်ချင်းစီ ခေါင်းစဉ် လိုက်ဖတ်မိသည်   ။
နောက်ဆုံးမှာ အေးချမ်းရာတခုကို ကျမ ရှာတွေ့သွားတယ်  ။အဲတာကတော့  ကျမတို့ဗုဒ္ဓဘာသာ ဝင်
တွေရဲ့ ကိုးကွယ်ရာ မြတ်စွာဘုရား ပါဘဲ  ။စေတီပုထိုးမရှိတဲ့ တိုင်းပြည်မှ နေရတဲ့ ကျမအဖို့ ဘုရားဝတ်ပြုရာ   နေရာဟာ  အိမ်ကဘုရားစင်လေးပါ  ။ ဘုရားစင်လေး ရှေ့မှာ ထိုင်လိုက်တဲ့အချိန် အနည်းငယ်  တည်ငြိမ် သွားသလို ခံစားမိသည် ။
 နောက်တော့ တဖြည်းဖြည်းနဲ့ ကျမ စိတ်အစဉ်က အေးချမ်းလာတယ်။

လက်အုပ်ကလေးချီ လို့ မြတ်စွာဘုရားကို အာရုံ ပြု ထားရင်းနဲ့  ရင်ထဲက မုန်တိုင်းက
တစတစ နဲ့ ငြိမ်သက်လာတယ်...  ။ ကျမဘုရား ဝတ်ပြု အပြီးမှာ  ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ
ဆုတောင်း လိုက်မိတယ်  ။ ကျမ ရဲ့ စစ်မှန်တဲ့မေတ္တာ တရား ကြောင့်  ကျမချစ်ခင်မြတ်နိုးရတဲ့ သူ
အန္တာရာယ်ကင်း ဘေးရှင်းပါစေ ... လုံခြုံ ငြိမ်းချမ်းပါစေ ... မေတ္တာတရားကြောင့်အေးမြပါစေလို့    ...။။
ဦးသုံးကြိမ် ချလိုက်ပြီးတဲ့အချိန်မှာ တော့  ကျမရင်ထဲမှာ ဗလောင်ဆူတိုက်ခတ်နေတဲ့  မုန်တိုင်းမရှိတော့ပါဘူး  ။ ကျမ ဘယ်နေရာ ပို့ရမယ်မှန်းမသိ ဖြစ်နေတဲ့ ရင်ထဲက မုန်တိုင်းကို
မြတ်စွာဘုရားရှင်က ယူထုတ်ဖယ်ရှားပေးလိုက်ပါပြီ  ။  ကျမ ရင်ထဲမှာ အေးချမ်းငြိမ်သက်သွားပါပြီ  ။
ဘုရားရှင်ထံပါး ကိုးကွယ်ဆည်းကပ်ခြင်းရဲ့  အကျိုး ကျေးဇူးကို ကျမ လက်တွေ့ ခံစားလိုက်ရတယ်  ။
မေတ္တာတရားရဲ့အေးမြမှု့ကြောင့်လူသားတိုင်းအပူသောက ကင်းဝေးကြပါစေ ...  ... ... ။။။။။


ပစ်ပစ်
Pm 10:03 
23.7.2014




21 July 2014

လှခြင်းနဲ့ ဝခြင်း အကြောင်းတရား

Posted by blackroze at Monday, July 21, 2014 1 comments


ကျမတို့ မိန်းကလေးတွေဟာ  ဝတာကို မလိုချင်ကြပါဘူး  ။ ပိန်ပိန်သွယ်သွယ်  လှလှ လေး ဖြစ်ချင်ကြပါတယ်  ။ ဒါပေမဲ့ ဆုတောင်းဆိုတာကလည်း တောင်းတိုင်းပြည့်တာမှ မဟုတ်တာလေ  ။ အဲဒီတော့ ဝတဲ့သူလည်း လောကကြီးထဲရှိမှာဘဲ  ။ပိန်တာလေးတွေလည်း ရှိတာပါဘဲ ။
ပိန်တဲ့မိန်းကလေးကျတော့ ကိစ္စမရှိပေမဲ့  ဝတဲ့မိန်းကလေးကြတော့  နဲနဲ ကိစ္စရှိလာပါတယ်  ။
တခြား ကိစ္စမဟုတ်ပါဘူး  ။ ပိန်ချင်လို့ ဝိတ်လျော့တဲ့ ကိစ္စပါ ။

တချို့ ကျတော့ အိမ်ထောင်ကျပြီးဝသွားတတ်ကြတယ် ။ကိုယ်ခန္ဓာ အချိုး အစားတွေ ပြောင်းကုန်တာပေါ့  ။
ကလေးမွေး  လိုက်ရင် ပိုဆိုးပါတယ်  ။ ကလေးတဘက်ထိန်းရတာနဲ့ အိမ်မှု့ကိစ္စတဘက်နဲ့ ကိုယ်ခန္ဓာ  အလှအပ အတွက်  အချိ န်မပေးနိုင်ကြတော့ဘူးဖြစ်သွားတတ်ကြတယ်  ။ အဲဒီတော့ဝလက်စနဲ့
ဝဝ လာတတ်ကြတော့တာဘဲ  ။  ဝလာတာက ဘာမှမခက်ဘူး  ။ စားရင်းစားရင်း နဲ့ မသိမသာလေး ကနေ စလာလိုက်တာ  သိသိသာသာ သတိလည်း ထားမိရော  တော်တော်လေးကို ဝနေပြီ ။အဲဒီတော့မှ
ဟမ်   ))))))   ငါ ဝလာလိုက်တာ  ..ဟိုအကျီလေး နဲနဲကျပ်   ဒီအကျီလေးနဲနဲ ကျပ် တယ်လို့ ထင်နေတာ ။
လက်စသပ်တော့  ပေါင်ချိန် ဘယ်လောက်တောင် တိုးလာတာပါလား..ဆိုပြီး သတိထားမိတတ်ကြတယ်  ။

အဲဒီအချိန်မှာ နဂိုရှိရင်းစွဲထက်  10  ပေါင်  15  ပေါင်လောက်  ရှိနေပါပြီ   ။ ဝဝ  လာချင်းက  မှာ 4ပေါင်
5ပေါင် လောက်တိုးလာတာက  သိပ်မသိသာကြဘူး ။ ခန္ဓာကိုယ် ပြည့်လာတဲ့အနေအထား မျိုး ပေါ့  ။
ပြည့်ပြည့်တင်းတင်းလေး ဖြစ်လာရာကနေ   ..ပြည့်ဖေါင်းလာတဲ့ အခါမှတော့ ဝိတ်ချဖို့  ပြင်ဆင်ရပါပြီ ။
တချို့ တွေက ကိုယ့်ခန္ဓာကိုယ် ကို ထိန်းနိုင်ကြတယ်  ။စိတ်ထဲနဲနဲ ဝလာသလား ထင်မိတာနဲ့  ချက်ချင်းကို
အစားအသောက်ပုံစံကို ပြင် စားတတ်ကြတယ်  ။ အဆီအဆိမ့်တွေ  ဘာတွေစားမိလို့လည်းဆိုပြီး
သတိထား ရှောင်တာမျိုး   ။လေ့ကျင့်ခန်း မှန်အောင် လုပ်တာ မျိုး ပေါ့  ။ အဲဒီလို Body weight ထိန်းနိုင်
တဲ့သူက ကိစ္စမရှိဘူး  ။ ပြောရရင် weight ကတက်လိုက်ကျ လိုက်နဲ့ ပြန်ညီသွားတာဘဲ  ။

တချို့ က body weight မထိန်းနိုင်ကြဘူး  ။စားရင်းနဲ့ ဝလာပြီလည်းဆိုရော   ဝိတ်ချမယ်လို့သာ
ပြောနေပေမဲ့ တကယ်တမ်းကျတော့  အဆာမခံနိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတာနဲ့   ။
အကြောင်းအရာပေါင်း များစွာနဲ့  ဝနေရာကနေ တော်ရုံ  ပြန်မပိန်ကြတော့ပါဘူး  ။ဝလက်စနဲ့ စားရင်း
ဝိတ်လျော့မယ် ပြောရင်းနဲ့  ပေါင်ချိန်တွေ တိုးလာလိုက်တာ ။ တွေ့တဲ့သူတိုင်းက  အရင်က ပိန်ပိန်လေးပါ
အခုမှ အရမ်းဝလာတယ်နော် ဆိုပြီးတအံတသြ တွေဖြစ်ကြရတဲ့ အထိပါဘဲ ။

တကယ်တမ်းတော့ လူတယောက်မှာ အသက်အရွယ်အလိုက်ရှိသင့်တဲ့  အလေးချိန်ထက် ပိုနေတယ်ဆိုတာ  ကျန်းမာရေး ရှု့ထောင့်ကကြည့်ရင်  မကောင်းသလို  ... မိန်းကလေး တယောက်
အနေနဲ့လည်း  အလှအပ တရားဘက်ကကြည့်ပြန်ရင်   မကောင်းပါ ဘူး  ။ အခုခေတ်လို   လှပသွယ်လျ
တဲ့  မိန်းကလေးတွေ ပေါတဲ့ခေတ်မှာ  ကိုယ်က ဝနေရင် ပထမဦးဆုံး  ကိုယ့်ဘာကို  စိတ်တိုင်းမကျတာ
အရင် ခံစားမိလိမ့်မယ်  ။ အဝတ်အစားဝယ်တဲ့နေရာ  ကိုယ်ဝတ်ချင်တာက ပုံစံတမျိုး  ..လူကဝနေတော့
ဝတာနဲ့ လိုက်ဖက်မဲ့  ပုံစံရွေးရတော့  စိတ်တိုင်းမကျတော့ဘူး   ။  ဘယ်လောက်ဘဲ
တန်ဖိုးကြီးတဲ့ပိတ်စနဲ့ချုပ်ထားတဲ့ အကျီဖြစ်နေပါစေ  လူကဝနေရင်  ဝတ်လိုက်တဲ့အခါ ပုံကျကျ စတိုင်ကျကျ
ပုံစံတော့ ထွက်လာမယ် မထင်ပါဘူး  ။ဘောလုံးကို ပိုးစပတ်ထားလို ဖောင်းကားနေတဲ့ ပုံစံဖြစ်သွားတတ်ပါတယ် ။အဖိုးနည်း ချည်ထည်လေးဘဲ ဖြစ်နေပါစေ  အချိုးအစားကျတဲ့ကိုယ်လေးပေါ်
ဝတ်လိုက်ရင်  သပ်ရပ်လှပသွားမှာ အမှန် ပါ  ။မယ်တယောက်လို လှပကျော့ရှင်းနေဖို့ လိုတယ်လို့
မဆိုလိုပါဘူး  ။ ဒါပေမဲ့ လည်း မလိုအပ် တဲ့နေရာတွေမှာ အဆီပိုတွေ အများကြီး မရှိတာ အကောင်းဆုံးပါ  ။

နောက်ပြီး သွားလာလှုပ်ရှားတဲ့နေရာမှာလည်း  ခန္ဓာကိုယ်က ဝနေတော့  စိတ်ညစ်မှာ အမှန်ပါဘဲ ။
ငွေကြေးတတ်နိုင်လို့ ကိုယ်ပိုင်ကားနဲ့ သွားလာနိုင်တဲ့သူအဖို့  က ဝတယ် ပိန်တယ်ဆိုတာ   သိပ်ပြသနာမရှိပေမဲ့   သာမန်လူလတ်တန်းစားအဖို့ ကတော့ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ မသေးပါဘူး  ။
နွေပူပူ  နေပူပူ မှာ ကားကျပ်ကျပ်ကို တိုးဝှေ့ စီးရတဲ့သူအဖို့  ပေါင်ချိန် 130  ..140 လောက်ကို
သယ်ဆောင်လှုပ်ရှားပြီး ကားပေါ်တိုးတက်ရတဲ့  ဒုက္ခက စဉ်းစားလိုက်ရင် အသက်ရှုကျပ်ချင်စရာပါ  ။

အဆီပိုတွေများတဲ့ လူတယောက်အဖို့ နှလုံးအဆီဖုံးတာတွေ အသည်းအဆီဖုံးတာတွေ  ကိုယ်တွင်း
ကိုလက်စထရော များတာတွေ အစပြု  ပြီး  ဒီထက်မက ကြီးမားတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်းများပါတယ် ။ကိုယ်တွင်းအစိတ်အပိုင်းတွေ ဆိုတာကလည်း တခုနဲ့ ဆက်နွယ်နေတာဆိုတော့
တခုဖြစ်လိုက်ပြီဆို  သိပ်မကြာခင်မှာ နောက်ရောဂါတခုက  ဖြစ်ဖို့ သိပ်လွယ်သွားပါပြီ  ။နှလုံးရောဂါနဲ့
လေးဘက်နာ ရောဂါ ဆက်နွယ်နေသလိုပေါ့   ။

ဒါကြောင့်ကျန်းမာရေး အနေအထား အရ ဘဲ ကြည့်ကြည့်   အလှပတရား အနေ နဲ့ ဘဲကြည့်ကြည့်
ဘယ်ဘက်မှာ မှ မကောင်းတဲ့ အတွက်  ဝတာကို ကျမတော့ မကြိုက်ပါဘူး  (မိန်းကလေးတိုင်းလည်းကြိုက်ကြမယ်မထင်ပါဘူး  ) ...ပြောရရင်တော့
အသက်အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန် အချိုးစား တော့ ရှိရမှာပေါ့လေ  ။
အသက်ငါးဆယ်အရွယ်မှာ အလေးချိန်ပေါင် 100 လောက်လေးဘဲ ရှိချင်တယ်ဆိုတာတော့
မဖြစ်နိုင်ဘူးပေါ့   ။အသက်အရွယ်နဲ့  လိုက်ဖက်တဲ့ခန္ဓာကိုယ်  ပြည့်ပြည့်ဖြိုးဖြိုး လေးတော့ ရှိသင့်ပါတယ်  ။

ရှိသင့်တဲ့ အရွယ်အစားထက်ပိုနေပြီဆိုရင်သာ  ဘယ်လိုနည်းနဲ့ပြန်လျော့မလည်း  စဉ်းစားဖို့လိုလာပါပြီ ။

ဝိတ်လျော့ ကြတယ်ဆိုတဲ့နေရာမှာ  တချို့ က ပိန်ဆေးအားကိုးပါတယ်  ။ပိန်ဆေးသောက်ကြတယ်  ။
ကျမတော့ အဲဒီနည်းကို မကြိုက်ပါဘူး  ။ပိန်ဆေးအသောက်ကောင်းလို့ နှလုံးရောဂါ ရသွားတဲ့သူ
တွေ ကျမ  သူငယ်ချင်းထဲမှာ ရှိတယ် ။အကောင်းဆုံးကတော့ ကိုယ့်ဘာကို စားရင်းသောက်ရင်းနဲ့
ဝလာတဲ့ ခန္ဓာကိုယ်ကို  ကိုယ့်ဘာသာကိုဘဲ ပြန်ပိန်အောင် ကြိုးစားသင့်ပါတယ်  ။
ဆေးဆိုကထဲက  တဘက်မှာ ကောင်းတဲ့အာနိသင်ရှိပေမဲ့ တဘက်မှာ ဆိုးကျိုး တွေလည်းရှိနေတတ်
ပါတယ် ။ပိန်ဆေးသောက်ပြီးဝိတ်ချတယ်ဆိုတာကိုတော့  ဆင်ခြင်စေချင်တယ်  ။

တချို့က အစားအသောက် စားနေတာကို လျော့ပြီး  လေ့ကျင့်ခန်း လုပ်တယ်  ။အရင်က ထောပတ်သီးသောက်နေတာကို အခုသံပုရာရည်ပြောင်းသောက်တာမျိုး  ပေါ့  ။ညစာမစားဘဲနေတာမျိုး  ....ထမင်းမစားဘဲ အသီးစားတာမျိုး  ..တဘက်ကလည်း လေ့ကျင့်ခန်းမှန်မှန်
လုပ်တာမျိုးပေါ့  ။ အဲလိုနည်းနဲ့ဝိတ်လျော့ကြတဲ့ သူတွေစီကနေ ဘာတွေကြားရတတ်လည်းဆိုတော့ ...
အစားအသောက်လျော့နေတာ ကြာလှပြီ ..အခုထိပိန်ကို မပိန်ဘူးဆိုတာမျိုးတွေ  ... ဘာလို့မပိန်တာပါလိမ့် စိတ်ညစ်လိုက်တာဆိုပြီး   အဲဒီလိုအသံတွေကြားရတာများတယ် ။

တကယ်တော့ လူတယောက်ဝလာတယ်ဆိုတာ  တပါတ်အတွင်း အားချင်း ဝုန်းဆိုပြီး လေထိုးလိုက်
သလိုဝလာတာ မဟုတ်ဘူးလေ  ။တဖြည်းဖြည်းချင်း  weight တက်လာတာလေ   ။ပေါင် 100  ကနေ 105
ပေါင်   ....105 ပေါင် ကနေ  110   ..အဲဒီကမှ တဆင့် ပေါင် 120 တွေ  130 တွေအထိ ဖြစ်လာတာလေ ။
အဲဒီတော့ weight ပြန်ချတဲ့အခါမှာလည်း  အချိန်ယူရပါလိမ့်မယ်  ။ အခုအစားလျော့စားလိုက်တာနဲ့
တပါတ်အတွင်း 10 ပေါင်လောက်ကျ သွားတာမျိုး တော့ ဖြစ်နိုင်မယ် မထင်ပါဘူး  ။အဲဒီတော့ စိတ်ရှည်ရှည်
ထားပြီး အချိန်ယူပါ  ။ တပါတ်  နှစ်ပါတ်  တလ  နှစ်လလောက် အစားလျော့ပေမဲ့  မသိသာဘူး ဆိုပေမဲ့လည်း စိတ်မပျက်ပါနဲ့ လေး ငါးခြောက် လဆို သိသာလာပါလိမ့်မယ်  ။
အဓိကတော့ ဇွဲရှိ ဖို့ပါဘဲ   ။

ဘယ်အရာကိုမှ  အခုလိုချင်အခု လုပ်ယူလို့ မရပါဘူး  ။အချိန်တခုတော့
ပေးရရိုးထုံးစံပါ  ။ ကုန်တိုက်သွားပြီး  အကျီဝယ်သလိုတော့  အခုဝယ်အခုရ ဆိုတာမျိုး တော့
ဘယ်ဟုတ်ပါ့မလည်း  ။စိတ်ရှည်ရှည်ထားပါ   ။ဇွဲမလျော့ပါနဲ့   ။ ထမင်းတပန်းကန်စားနေကြဆိုရင်
နေ့တိုင်း ကိုယ်စားနေကြ ပမာဏ ထဲကနေ  နှစ်ဇွန်းစာလောက်လျော့စားကြည့်ပါ  ။ တဖြည်းဖြည်း
သိသာလာပါလိမ့်မယ်  ။တခုတော့ရှိတာပေါ့နော်   ။  ထမင်းလျော့စားပြီး   တခြား မုန့်တွေစားနေတာ
မျိုး တော့ ဆင်ခြင်ပေါ့  ။ တချို့ က မနက်ဆို အစောကြီးထပြေးကြတယ်  ။ ပြေးရာကပြန်လာရော
ဘိုက်က ဆာလာပြီ  ..မုန့်ဟင်းခါးဆိုင်တွေ့တာနဲ့ အကြော်နဲ့ ဘဲဥနဲ့ ငါးဖယ်ပါထည့်
ဆိုပြီး စားနေမယ်ဆိုရင် ပိန်မှာ မဟုတ်ဘူးနော်... အဲတာမျိုး လေးတွေတော့ ဆင်ခြင်ပါလို့  လက်တို့ပြီး
ပြောပါရစေ  ။

ထမင်းစားတိုင်း ကြက်သွန်ဖြူ  အနည်းငယ် စားပေးရင်လည်း အဆီကျစေတယ်လို့ ကြားဖူးပါတယ် ။
ဝခြင်းရဲ့ အဓိက အကြောင်းရင်းက အဆီအဆိမ့် အချို တွေ ပါဘဲ ။ အစား ကို မြန်မြန် မစားပါနဲ့
ပုံမှန်အတိုင်း စားပါ ။ စားလိုက်လို့ ဘိုက်ပြည့်သွားပြီဆိုတဲ့အကြောင်းကို အစာအိမ်က ဦးနှောက်ကို
သတင်းပို့ပါတယ်  ။ အဲဒီ အခါမှာ လူက ဘိုက်တင်း ပြီလို့ ခံစားသိရှိလိုက်တာပါ  ။
အစာအိမ်ကနေ ဦးနှောက်ဆီကို သတင်းပို့ဖို့အတွက် အချိန်လေးနဲနဲလိုတယ်  ။အဲဒီအချိန်မှာ ကိုယ်က
မြန်မြန် စားနေရင်   ....  ဘိုက်ထဲကို  တရစပ် ဝင်သွားရော  ... အဲလိုနည်းနဲ့ အစာအိမ် တဖြည်းဖြည်းကျယ်လာတတ်တယ်   ။ အဲလိုနည်းနဲ့ ဝလာတတ်ကြတယ်  ။
အထူးသဖြင့် အိပ်ခါနီး စားတာကို ရှောင်ပါ  ။ စားပြီးတာနဲ့ ဘယ်လောက်မှ မကြာဘူး  .. ဝင်အိပ်  ..
အဆီတွေက တဖြည်းဖြည်းချင်း  ဗိုက်နေရာလေးမှာ စု စု  လာပြီး  လူက ဗိုက်နဲ့ ဂိုက်နဲ့  ဆိုပြီး
ဖြစ်လာပါလေရော  ။ ပိန်အောင် ဝိတ်လျော့တဲ့နေရာမှာ  ကိုယ့်ရဲ့နေ့စဉ် နေထိုင်စားသောက်မှု့ 
ပုံစံကို အရင်ဆုံး ပြင်ပါ ။

ဘယ်လိုနည်းနဲ့ဘဲဝိတ်လျော့လျော့ပါ   ... လိုရင်းက ပိန်သွားဖို့ အဓိပါ  ။
နာမည်ကြီး Fitness centers တွေ Gym တွေမှာ သွားကစားမှ ပိန်တာမဟုတ်ပါဘူး  ။နေ့စဉ်နေထိုင်စား
သောက်တဲ့ပုံစံလေးကို ပြု ပြင်ပြီး  အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှား ကစားနည်း တခုခု လုပ်ရင်းနဲ့လည်း
ဝိတ်လျော့လို့ရပါတယ်  ။ မနက်ဘက်လမ်းလျှောက်တာမျိုး  ပြေးတာမျိုး   ကြိုးခုန်တာမျိုးပေါ့  ။
ငွေကြေး အထူးတလည်ကုန်ကျစရာ မလိုဘဲ  အချိန်လေးအနည်းငယ်ပေးရုံနဲ့ အဆင်ပြေတဲ့  လှုပ်ရှား
နည်းလေးတွေ ဆိုပါတော့  ။ဝိတ်လျော့တဲ့နေရာမှာ အဓိက အလိုအပ်ဆုံးကတော့  ဇွဲ ရှိဖို့ ပါဘဲ ။
တဖြည်းဖြည်းချင်း စားပြီးဝလာတဲ့ ခန္ဓာကိုယ်ကို   တဖြည်းဖြည်းချင်းအချိန်ယူပြီး  ပြန်လျော့ ရမှာပါ  ။
အစားလေး နည်းနည်းလျော့စားလိုက်တာနဲ့ ချက်ချင်းကြီး ပိန်သွားချင်လို့တော့မရပါဘူး  ။
အဲဒီတော့ မလျော့သော ဇွဲ လုံ့လသာ ရှိပါစေ  ... လှပသွယ်လျတဲ့ ခန္ဓာကိုယ်လေး  ဖြစ်လာမှာ
ဧကန်မလွဲပါ   ။။

မိန်းကလေးတိုင်း လှပ ကြပါစေ ..... .....   ။။။။


( ပုံလေးက google ကပါ )
ပစ်ပစ်
Pm 3:26
21.7.2014



13 July 2014

ကျမနှင့်ဓါတ်ပုံလေးများ

Posted by blackroze at Sunday, July 13, 2014 2 comments
ဓါတ်ပုံတပုံဆိုတာက အတိတ်ကာလရဲ့ ပုံရိပ်လေးတခုပါ   ။  တနေရာရာကို သွားလည်ခဲ့တယ်   ရောက်တုန်းရောက်ခိုက် ဆိုပြီး  ရိုက်ခဲ့တဲ့ ပုံလေး  တပုံဟာ နောက်နှစ်တွေကြာလာတဲ့အခါမှာ  အမှတ်တရ ပုံရိပ်တခု  ဖြစ်သွားလိမ့်မယ် ။

ကျမအလုပ်ပိတ်ရက် အခန်းရှင်းပါတယ် ။သိမ်းထားတဲ့စာအုပ်အဟောင်းတွေ  မြန်မာပြည်ကနေ သယ်လာတဲ့ ဘာသာ စကားပြောစာအုပ်တွေ   လိုတာတွေ သေချာပြန်ထုတ်  မလိုတာတွေ လည်းရှင်းထုတ်မယ်ဆိုတဲ့  စိတ်ကူးနဲ့ပေါ့ ။  အဲဒီ သိမ်းတဲ့ရှင်းတဲ့ အထဲ  ထွက်လာတာက  album စာအုပ်အဟောင်းလေးတွေက လေးငါးအုပ် ပါလာတယ်  ။ လှန်ကြည့်မိတော့
တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေ နဲ့ ရိုက်ထားတဲ့ ပုံတွေ ..  ကျမသင်တန်းပြီးလို့ certificate ယူတုန်းက အမှတ်တရရိုက်ထားတဲ့  ပုံတွေ ... ကျမရောက်စတုန်းက သူငယ်ချင်းတွေနဲ့လျှောက်လည်တုန်း
ရိုက်ထားတဲ့   ပုံလေးတွေ ..နောက်ပြီးတော့ တချို့  သောအမှတ်တရ  ပုံလေးတွေ .. ကျမဒီကိုထွက်လာတုန်း သယ်လာတဲ့ ပုံလေးတွေ လည်းပါတယ် ဆိုပါတော့      ။

ဓါတ်ပုံလေးတွေကို ကျမ တပုံချင်းစီ ပြန်ကြည့်မိတယ်  ။ ပုံလေးတွေ တိုင်းမှာ အမှတ်တရ တခုစီက ရှိနေပါတယ်  ။ တချိန်တုန်းက ကိုယ့်အနား မှာ ရှိခဲ့ဖူးတဲ့ သူတွေ   .. ကိုယ့်ရဲ့  ကုန်ဆုံးသွားတဲ့  ငယ်ရွယ်နုပျို ခြင်း တချို့   ... တချိန်က ရခဲ့ဖူးတဲ့ ခံစားချက် အချို့    ... အများကြီးပါဘဲ   ။
ဓါတ်ပုံတပုံချင်းစီကနေ အတိတ်ကာလကို ကျမ ပြန်သွားကြည့်မိတယ်  ။

ကျမ နဲ့ ကျမအဘွား အတူရိုက်ထားတဲ့ ပုံလေး ကိုကြည့်မိတယ်  ။
 အခုဆိုရင် ကျမအဘွား ကွယ်လွန်သွားပါပြီ   ။
ဒါပေမဲ့  ဓါတ်ပုံလေးထဲမှာတော့ အဘွားက ပြုံးရယ်လို့ နေပါတယ် ။လောကကြီးထဲကနေထွက်ခွာ သွားပြီဖြစ်တဲ့   အဘွားကို ကျမဓါတ်ပုံထဲမှာ ပြန်တွေ့ လိုက်ရတယ်  ။ အဘွားရဲ့ အပြုံး  ကို ကျမတွေ့နေရတယ်   ။

ကျမတို့မောင်နှမတွေ စုပြီးရိုက်ထားတဲ့  ဓါတ်ပုံ .. လူစုံတက်စုံ ဆိုပါတော့   ..အခုနေခါ အဲလိုများ လူစုံတက်စုံ စုပြီး ဓါတ်ပုံရိုက်ရအောင် လို့ စီစဉ်လို့မရတော့ပါဘူး  ။ အဲဒီပုံလေးကြည့်မိတော့ ကျမ သက်ပြင်းချမိတယ်  ။

နောက်ပြီး ကျမဒီကိုရောက်လာခါစက ခင်ခဲ့တဲ့ သူငယ်ချင်း ဗီယက်နမ် မလေး နဲ့အတူရိုက်ထားတဲ့ပုံ  ။
ဓါတ်ပုံထဲမှာ သူကလက်ကလေးနှစ်ချောင်းထောင်လို့  ..ကျမကသူ့ပခုံးလေးဖက်ပြီး  ရိုက်ထားတာပါ ။
ပုံထဲမှာ နှစ်ယောက်စလုံးရဲ့ အပြုံး တွေက  လတ်ဆတ် ချို  မြ နေလိုက်တာ ...။အခုဆို သူဗီယက်နမ်
ပြန်သွားတာ  ကြာပေါ့  ။ သူရှိတုန်းက  သူပြန်ရင် ဟနွိုင်း ကိုလိုက်လည် ပါလို့ ခဏခဏ ခေါ်ခဲ့ဖူးတဲ့သူ ။
သူပြန်ပြီးနောက်ပိုင်းလည်း နင်မလာသေးဘူးလားဆိုပြီး  ခဏခဏ မေးတတ်တဲ့သူ  ။ နောက်တော့
သူလည်း ဗီယက်နမ်မှာ အလုပ်ပြန်ဝင်လုပ်တော့ မအားတော့ဘူး ထင်ပါတယ်  ။ အဆက်သွယ်တောင်သိပ်
မရှိကြတော့ဘူး ။အဲဒီပုံလေးကိုကြည့်မိတော့  ကျမ ရင်ထဲ သတိရခြင်းနဲ့ အတူ  အတိတ်ကိုခဏလောက်
ပြန်သွားမိတယ် ။ သူနဲ့ အတူသွားလာ လည်ပတ်ခဲ့တာလေးတွေ ပြန်သတိရမိ  ပြန်စဉ်းစားမိတယ်  ။
ဗီယက်နမ်ကလာတဲ့သူနဲ့  မြန်မာပြည်ကလာတဲ့ ကျမ တို့နှစ်ယောက် ဘာသာစကားမတူတဲ့ နေရာတခုမှာ
ဆုံတွေပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ။ သူကလည်း မသွားတတ်မလာတတ် ကျမကလည်းမသွားတတ်
မလာတတ် နဲ့ တယောက်ကို တယောက်အဖော် လုပ်ပြီး   သွားလာလည်ပတ်ခဲ့ဖူးတယ်  ။
အခုချိန်မှာတော့ ကျမတို့သူငယ်ချင်းနှစ်ယောက်ရဲ့  ပျော်ရွှင် ခဲ့တဲ့ ရက်လေးတွေက ဓါတ်ပုံလေးတွေထဲ မှာဘဲ အမှတ်တရ အဖြစ်ကျန်နေခဲ့တော့တယ် ။
အခုတော့လည်း သတိရစရာအမှတ်တရလေးတွေပေါ့  ။

ကျမ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ် မှာတွေ့ခဲ့တဲ့  ...   နိုင်ငံခြားမှာ လူတွေကို မယုံရဘူး ဆိုတာ လက်တွေ့ သင်ခန်းစာ ပေးခဲ့တဲ့ .. မမဖြူ  ဆိုတဲ့မိန်းမ  ပါတဲ့ဓါတ်ပုံလေး ကြည့်မိတော့ သူ့ရဲ့  ဗလောင်းဗလဲ လှည့်ကွက် တွေကို ပြန်သတိရမိပြီး  မဲ့ပြုံး ပြုံး မိတယ်  ။

ကျောင်းတက်တုန်းက ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်မိတော့  ကျောင်းတုန်းက သူငယ်ချင်းတွေကို
တယောက်ချင်းစီ တန်းစီပြီး  သတိရ မိပြန်တယ်  ။ ကျမနဲ့ အကြိုက်ချင်းတူတဲ့သူငယ်ချင်းနဲ့
ဒဂုံ တက္ကသိုလ်လို ဝေးတဲ့နေရာမျိုး ကနေ ရခိုင်မုန့်တီ သောက်ချင်လို့ မင်းလမ်း အထိ  နှစ်ယောက်သား သွားခဲ့ကြတာတွေ  ။စာမေးပွဲ ဖြေပြီး တိုင်း ရန်ကုန်တက္ကသိုလ် ဝင်းထဲ ဓါတ်ပုံ အပြေး အလွှား သွားရိုက်ခဲ့ကြတာတွေ  ။ အင်းလျား ကန်ဘောင် မှာ ညနေဆည်းဆာ ကို ထိုင်ငေးခဲ့ကြတာတွေ  ။
 ကျမ ဒီပုံလေးတွေ ပြန်ကြည့်မိမှ ကျောင်းတုန်းက သူငယ်ချင်းတွေ  တယောက်ချင်းစီရဲ့ အကြောင်း ပြန်စဉ်းစား သတိရမိတယ်  ။ ကျမသူတို့ နဲ့တ ဖြည်းဖြည်း
အဆက်သွယ်ပြတ်ကုန်တာ  ကြာတောင်ကြာနေပါရောလား လို့ တွေးမိတယ်  ။

နောက်ပြီး  သူငယ်ချင်းတွေ နဲ့ ခရီး ထွက်တုန်းက ရိုက်ထားတဲ့ ပုံတွေ   ။ ကျိုက် ထီးရိုး ဘုရားဖူးသွားတုန်းက ရိုက်ထားတဲ့ပုံတွေ   ။စာမေးပွဲ ပြီးလို့  သူငယ်ချင်းတွေစုပြီး ချောင်းသာ
သွားတုန်းက ရိုက်ထားတဲ့ ပုံတွေ  ။ အဲဒီပုံတွေ ပြန်ကြည့်မိတော့  ကျမစိတ်ထဲ အတိတ်ကာလကို ပြန်ရောက် သွားသလို ခံစားလိုက်ရတယ်  ။ ချောင်းသာ မှာ တုန်းက ကမ်းခြေမှာသူငယ်ချင်းတွေ စုပြီး ခုန်ပေါက်နေတဲ့ ပုံ တွေ့တော့ စိတ်ထဲ မှာ အသက် 10 နှစ်လောက် ပြန်ငယ်သွားတယ်   ။ အတိတ်ကာလ ရဲ့ အချိန်တခုက  ကျမရဲ့ လက်တကမ်းအကွာကို ပြန်လည် ရောက်ရှိလို့လာတယ်  ။
ဓါတ်ပုံထဲမှာ  လန်းဆန်းမှု့ တွေနဲ့ တက်ကြွနေတဲ့ မိန်းကလေးတယောက် ...
 အရာရာ ကို ရင်ဆိုင်မယ် ဆိုတဲ့  စိတ်ဓါတ်နဲ့  သတ္တိရှိမဲ့ ပုံရတဲ့ မိန်းကလေးတယောက်က
 ရယ်မော လို့နေလေရဲ့  ။


ဘွဲ့ယူတုန်းက ရိုက်ထားတဲ့ ပုံလေး  ပြန်ကြည့်မိတယ်  ။ချိတ်လုံချည်ဝမ်းဆက်နဲ့
ဆံထုံးနဲ့  ဓါတ်ပုံထဲမှာ ကျမက ရင့်ကျက်လို့နေပြန်တယ်   ။

နောက်ပြီးတော့  အမှတ်တရ  အမှတ်တရ  ဆိုပြီး အမှတ်တရ ပေါင်းများစွာရဲ့ ဓါတ်ပုံလေးတွေ 
တပုံပြီး တပုံ  ။ တပုံချင်းစီမှာ အကြောင်းအရာလေး တခုစီက ရှိနေကြတယ်  ။

ခင်မင်ခြင်း  ချစ်ခင်ခြင်း  သတိရခြင်း  ပြန်လည်လွမ်းဆွတ်မိခြင်း   မုန်းတီးခြင်း  အမြင်ကတ်ခြင်း
အစရှိသဖြင့် ခံစားချက်တွေကလည်း  လတ်တလော ပြန်လည် လတ်ဆတ်လာတယ်  ။

ဓါတ်ပုံထဲမှာ ပါနေကြတဲ့  သူတွေအားလုံးဟာ တချိန်တုန်း ကကျမအနား မှာ ရှိခဲ့ကြဖူးသူတွေပါဘဲ ။
ကျမနဲ့ ပတ်သက်ခဲ့ကြဖူးသူတွေပါဘဲ ။ ကျမကို ချစ်ခြင်း မုန်းခြင်း  သ တိရ ခြင်းတွေကို
 ပေးခဲ့ကြဖူးသူတွေပါဘဲ ။

အခုဆို  ကျမသူတို့နဲ့မိုင်ပေါင်းများစွာ  ဝေးတဲ့နေရာ တခုမှာ ရောက်ရှိနေပါပြီ  ။
 စိတ်ထဲမှာလည်း သူတို့တွေကို  မှတ်မှတ်ရရ  သတိရမိနေတာ မျိုး မရှိပါဘူး  ။
ဘဝဆိုတာကို  မျက်နှာခြင်းဆိုင် တိုက်ပွဲ ဝင်နေတဲ့ အချိန်မှာ  တချိန်က ဆိုတဲ့ ခေါင်းစဉ်အောက်က
အမှတ်တရ လေးတွေကို ပြန်မစဉ်းစား ဖြစ်တာ တော်တော်ကြာနေပါပြီ  ။

ဒါပေမဲ့ အခုလို ဓါတ်ပုံလေးတွေ ပြန်ကြည့်လိုက်ရတဲ့အခါမှာ  ကျမ သူတို့ တွေကို ပြန်သတိရ လာမိတယ် ။
တချိန်က ရခဲ့တဲ့ အမှတ်တရ လေးတွေကို  ပြန်လည် စဉ်းစားမိလာတယ်  ။ ဓါတ်ပုံတပုံ ချင်းစီရဲ့
နောက်ကြောင်းအဖြစ်အပျက်လေး တွေကို ပြန်တွေးတောမိတယ်  ။
တကယ်တော့ ဓါတ်ပုံဆိုတာက  ဘဝရဲ့ တခါတုန်းက အဖြစ်အပျက်တွေကို မှတ်တမ်းတင်ပေးထားတဲ့
သက်သေလေးတွေပါဘဲ   ။ အဲဒီသက်သေလေးတွေက စကားမပြောတတ်ပေမဲ့ 
သတိရခြင်း ဆိုတဲ့ ခံစားချက်လေးတွေကိုတော့  ပေးစွမ်းနိုင်ပါတယ်  ။ ကျမ အဖို့ ဓါတ်ပုံ album အဟောင်း လေး ပြန်လှန် လိုက်မိတာဟာ  အတိတ်က အမှတ်တရ လေးတွေကို ကန့်လန့်ကာလေး
တချက်လောက်ဟပြီး ပြန်လှည့်ကြည့်လိုက်မိသလိုပါဘဲ...  ။။
ဓါတ်ပုံလေးတွေ ကကျမကို အသံမဲ့ စကားတွေ အများကြီး လှမ်းပြောလိုက်လေရဲ့   .....    ....   .... ။။။။။


ပစ်ပစ်
Pm 10:29
13.7.2014


05 July 2014

အဝေးဆုံးကဆန္ဒများ...

Posted by blackroze at Saturday, July 05, 2014 2 comments
လူတယောက်ရဲ့ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိမှာပါ..ကျမမှာလည်းရှိခဲ့ဖူးပါတယ်...
တချို့ သောဆန္ဒတွေဟာ... ဖြစ်ချင်တာဘဲ ရှိတယ်..တကယ်ဖြစ်မလာကြဘူး...
တချို့  သောဆန္ဒ တွေက တော့ တကယ်လုပ်လို့ ဖြစ်လာတာတွေ ရှိကြတယ်...
ဥပမာ ပြောရရင်တော့  ချောင်းသာသွားလည်ချင်တယ်... သွားချင်တဲ့ ဆန္ဒ သာရှိတယ်..
တကယ်မရောက်ဖြစ်သေးဘူး... အဲဒီမရောက်ဖြစ်သေးဘူးဆိုတဲ့နေရာမှာ ငွေကြေး မပြည့်စုံသေးလို့
ခရီးအတူသွားမဲ့ အဖေါ်မရှိသေးလို့... မိုးတွင်း ကာလဖြစ်နေလို့ စတဲ့ အကြောင်းပြချက်တွေ
ကြောင့်လည်း ဖြစ်နိုင်ပါတယ်..လိုအပ်နေတာတွေ ပြည့်စုံလာတဲ့အခါမှာ  ချောင်းသာကို
သွားချင်တဲ့ဆန္ဒပြည့်သွားပါလိမ့်မယ်..။။။

တချို့ သော ဆန္ဒတွေကျတော့ ဖြစ်ချင်တာဘဲ ရှိတယ်..
ဘယ်တော့မှ ဖြစ်မလာတော့တာတွေလည်းရှိပါတယ်...ပြောရရင်တော့   ကိုယ် ဝါသနာပါတာက
ခရီးတွေ ထွက်ပြီး ဓါတ်ပုံတွေရိုက်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပညာရပ်မျိုး ..
ရှေးဟောင်းသမိုင်း ဝင်ပစ္စည်းတွေ လေ့လာ တဲ့ပညာရပ်မျိုး ကို ဝါသနာပါတယ်...
ကိုယ်တကယ်ရွေးချယ်လိုက်မိတာက  ကွန်ပြူတာ နဲ့ဆိုင်တာမျိုးဆို   တချိန် လုံး ကွန်ပြူတာရှေ့
ကနေဘဲ တချောက်ချောက်နဲ့ အလုပ် လုပ်ရတဲ့ ဘဝမျိုး ဖြစ်သွားပါလိမ့်မယ်...
ဒါဆိုရင်တော့  ဆန္ဒက သပ်သပ် လှုပ်ရှားနေရတဲ့ ဘဝက သပ်သပ် ဖြစ်သွားပါပြီ ...။။။

လူတယောက်ရဲ့ ဘဝမှာ ရွေးချယ်မှု့ဆိုတာသိပ်အရေးပါလှပါတယ် ... ကိုယ်လိုချင်တာ ဘာလည်း  ...
သေချာသိဖို့လိုပါတယ်...သူငယ်ချင်း အပေါင်းသင်းနဲ့ယောင်ယောင်   ယောင် ယောင်  နဲ့  ... သူကလုပ်
လို့ လိုက်လုပ်တာမျိုး .. ရည်းစားကဒါဝါသနာပါတယ်ဆိုလို့  အတူလိုက်လုပ်တာမျိုး ...
ပေါ်ပင်ခေတ်စားနေတဲ့ အရာတခုကို လိုက်လုပ်တာမျိုး လုံးဝရှောင်သင့်တယ်...
နိုင်ငံခြားသွားတာတွေခေတ်စားနေတဲ့ အချိန် မို့ ကိုယ်ကပါ ယောင်တောင်တောင်နဲ့ နိုင်ငံခြားထွက်ဖို့
ကြိုးစားတာမျိုး တို့  ..သူများတွေ သဘောင်္တက်ရင် လခကောင်းတယ်ကြားတာနဲ့  ကိုယ်က
ရေ တောင်သေချာ မကူးတတ်ဘဲ ..သဘောင်္သား လုပ်ဖို့ ကြိုးစားတာမျိုးပေါ့လေ....
သေချာစဉ်းစားသင့်တယ်... ကိုယ်တကယ်လုပ်နိုင်ရဲ့လား...လုပ်နိုင်ပါ့မလား...သေချာပြီလား..
ကိုယ်လိုချင်တဲ့ ဘဝတခုကို ဖန်တီး နိုင်မလား... အဖက်ဖက်က ဆုံးဖြတ်ပြီး မှ .. ရွေးချယ်ပါ...။။

အချိန်ဆိုတာ သိပ်ကို တန်ဖိုးရှိလို့ပါ... ဘယ်အရာမဆို ငွေနဲ့ ဝယ်ယူလို့ရတယ်...
ငွေနဲ့ တိုင်းတာလို့ မရတာတခုထဲသောအရာက အချိန် ဆိုတဲ့ ယန္တရား ပါဘဲ...
အရင်ကတော့ အများကြီးသတ်မှတ်ကြတာပေါ့ ငွေနဲ့တန်ဖိုး ဖြတ်လို့မရတဲ့ အထဲ ကျန်းမာရေး
အချစ်မေတ္တာ  .. အချိန်  ..ဒါမျိုးတွေသတ်မှတ်ကြပေမဲ့...အခုလက်ရှိခေတ်မှာတော့ အချစ်မေတ္တာ ဆိုတာကို
ငွေနဲ့ အလဲအလှယ် လုပ်တတ်ကြတဲ့ သူတွေများလာတော့...ငွေနဲ့တန်ဖိုးမဖြတ်နိုင်ဘူးလို့ပြောလို့ မရတော့ပါဘူး...ကျန်းမာရေးဆိုတာကလည်း  ငွေသာမရှိရင် နေမကောင်းဖြစ်လို့တောင်
မရတဲ့ခေတ်ဆိုတော့  ငွေနဲ့တိုင်းတာလို့ မရဘူးလို့ ပြောရခက်ခက်ပါဘဲ...။။
အဲဒီတော့ ဘယ်လောက်ဘဲ ပိုက်ဆံပုံပေးပုံပေး  နောက်ပြန်လှည့်မလာတာကတော့ ...
နာရီတွေ မိနစ်တွေ  စက္ကန့် တွေပါဘဲ...ဒါကြောင့် အချိန်အခါအလိုက် ဖြစ်သင့်တာကို
အကျိုးရှိအောင် လုပ်ပါ..။

ကိုယ့်ဘဝကို ကိုယ်သာလျှင် ဖန်တီးရတာပါ .. အကောင်းအဆိုးဆိုတာလည်း ကိုယ့်အပေါ်မှာသာလျှင်
တည်ပါတယ်...ကောင်းအောင်ဖန်တီးနိုင်မလား... သာမန်အနေအထားတခု ဘဲရှိနေ မလား..
ကိုယ့်လုပ်ဆောင်ချက် ရွေးချယ်ချက်ပေါ်အများကြီးတည်ပါတယ်...ကျောင်းသားဘဝ ကျောင်းတက်မယ်
စာကျက်မယ်..စာမေးပွဲအောင်ဖို့က အဓိက ဆိုပါတော့... စာမေးပွဲတတန်းပြီးတတန်းအောင်လာပြီ
ဘာဆက်လုပ်မလည်း  ...ရွေးချယ်မှု့ဆိုတာ အဲဒီနေရာမှာ စလာပါပြီ...။။။

ဘာဝါသနာပါလည်း   ဘယ်လို အလုပ်မျိုးနဲ့ ဘဝကိုတည်ဆောက်မလည်း.. သေချာစဉ်းစားဖို့
လိုအပ်လာ ပါပြီ..  ကိုယ်က သေချာတဲ့ ရွေးချယ်မှု့ တခု ကို မလုပ်နိုင်ခဲ့ရင် အချိန်က နောက်ပြန်လှည့်
မလာတတ်တဲ့ အတွက်.. ကိုယ်ရနေတဲ့ဘဝတခုကိုဘဲ အဆင်ပြေအောင် တည်ဆောက်ရတော့
မှာပါ... ဒါကြောင့် ဘဝကို စတင်တည်ဆောက်ဖို့ အုတ်မြစ်ချတဲ့အချိန်မှာ ဖြစ်ချင်တဲ့ဆန္ဒ ..
ဖြစ်ချင်တဲ့  ပုံစံ ..သေချာစဉ်းစားသင့်တယ်..။။

ကျမဆိုရင် ငယ်စဉ်တုန်းက ကိုယ်က ဘာကို လုပ်ချင်လည်း ..ဘဝကို ဘယ်လို ပုံစံတည်ဆောက်မလည်း
ဆိုတာမျိုး တခါမှ လေးလေးနက်နက် မတွေးခဲ့ဖူးဘူး.. ကျောင်းတက်တယ်..10တန်းအောင်တယ်..
တက္ကသိုလ် တက်တယ်...ဘွဲ့ရတယ်... အမတယောက်က Guide လုပ်ဖို့ သင်တန်းတက်တော့
ကျမပါ ရောင်တောင် ပေါင်တောင်နဲ့ သင်တန်းလိုက်တက်တယ်... နောက်တော့ မိသားစုတွေက
Guide လုပ်ရင် ခရီးထွက်ရတာတွေ ရှိမယ်..စိတ်မချဘူးဆိုတာနဲ့ အဲဒီအစီအစဉ်ကိုစွန့်လွှတ်..
အိမ်မှာ ဟိုရောင်ရောင် ဒီရောင်ရောင် နဲ့  ...နောက်ဆုံးတော့ ပိုက်ဆံဆိုတာကို မက်မောတဲ့
စိတ်တခုနဲ့ နိုင်ငံခြားကို ရောက်လာခဲ့တယ်...နိုင်ငံခြားမှာ အလုပ်လုပ်ရင်  မြန်မာပြည်မှာ
သာမန် မိန်းကလေးတယောက် ရတဲ့ လခမျိုးထက် အဆပေါင်းများစွာ  ရမယ်..ငွေသာရှိရင်
ဘာမဆိုဖြစ်နိုင်တယ်...ဘာလိုချင်လည်း ..ဘယ်သွားချင်လည်း ...အကုန်ဖန်တီးနိုင်တယ်..
အဲဒီတုန်းက ဒီလိုအတွေးတွေနဲ့ ဒီလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်...။။

ကျမ ဒီရောက်လာပြီးနေတာကြာလာတဲ့  အခါမှာ တဖြည်းဖြည်းနဲ့ သိလာတယ်...ကျမလိုချင်တာ ဒီလိုဘဝမျိုး မဟုတ်ဘူး.. ဒါပေမဲ့  ကျမနောက်ကျ သွားပြီ..
ကျမမှာ နောက်ထပ် ရွေးချယ်ဖို့ဆိုတာ အချိန်မရှိတော့ဘူး.. ကျမလုပ်ချင်တာကို လုပ်နိုင်ဖို့အတွက်
နောက်ထပ်ပညာတွေ သင်ဖို့လည်း ကျမ အချိန်မပေးနိုင်တော့ဘူး.. ဘာလို့လည်း...
 ကျမက ဘဝဆိုတာကို လက်တွေ့ကျကျ ရင်ဆိုင်ဖြတ်သန်းနေရပြီ... ကျမဖြစ်ချင်တာကို စိတ်ကူးယဉ်နေလို့ မရတော့ဘူး...အဲတာကြောင့် တချို့သောဆန္ဒတွေက ဆန္ဒ အဖြစ်နဲ့သာ ရှိနေတော့မှာ...
ဘယ်တော့မှ အကောင်အထည်ဖော်ခွင့်မရတော့ဘူး...။။

ဒါကြောင့် ဘဝတစ်ခု အစမှာ ရွေးချယ်မှု့ဆိုတာ သိပ်ကိုအရေးပါတယ်...
စကားပုံ ရှိပါတယ်...နောင်တ  ဆိုတာ  နောင်မှ ရတယ်တဲ့....သိပ်မှန်တယ်...
ကျမရဲ့ ဘဝလမ်းရွေးချယ်မှု့ မှားသွားပြီဆိုတာကို ကျမ တဖြည်းဖြည်းနဲ့ မှ သိလာတာပါ..
နောင်မှ သိလိုက်ရတာပါ... ဒါကြောင့်တခုပြောချင်ပါတယ်... လောကကြီးမှာ
ငွေက သိပ်အရေးကြီးတယ်ဆိုတာမှန်ပေမဲ့....ငွေက ဘာမဆိုဖန်တီးနိုင်တယ်ဆိုပေမဲ့လည်း....
တချို့ သော ခံစားချက်တွေ ..တချို့ သော ဆန္ဒတွေကို ငွေနဲ့ ဖန်တီး လို့ မရပါဘူး... ။။

ဒါကြောင့် ဘဝဆိုတာကို သေချာစဉ်းစားပြီးရွေးချယ် လျှောက်လမ်းစေချင်တယ်... မိဘတွေကလည်း
ကိုယ့်ရဲ့ သားသမီးက ဘာဝါသနာပါလည်း အကဲခေတ်စောင့်ကြည့်သင့်တယ်.. သူတို့ဝါသနာပါတာကို
သူတို့ ဘာသာ ကြိုးစားပါစေ..သူတို့ရဲ့ ဆန္ဒကို သူတို့ ဘယ်လိုအကောင်အထည်ဖော်မလည်း
စောင့်ကြည့်ပြီးပံပိုးပေးတာမျိုး ဘဲ ဖြစ်သင့်တယ်...သားသမီးတွေကို  ဆ၇ာဝန်ဖြစ်ရမယ်  အင်ဂျင်နီယာ
ဖြစ်ရမယ်...စာအတင်းကျက်ခိုင်း..အဆင့်တစ်ရအောင် နင်းကန်ကြိုးစားခိုင်း  ..ကျူ ရှင်တွေ အကုန်
တက်ခိုင်း... အဲလိုပုံစံမျိုး နဲ့ ကိုင်တွယ်တာထက်...ကလေးတွေရဲ့  စိတ်ကို ကြည့်ပြီး  လိုအပ်တာ
ပံပိုးပေးတာက ပိုအဆင်ပြေမယ်ထင်ပါတယ်...။။

တချို့ သောကလေးတွေက ထက်မြက်တယ်...ငယ်ကထဲက  ကိုယ့်လျှောက်မဲ့ လမ်းကို ကိုယ့်ဘာကို
plan ဆွဲတတ်တယ်...။ အဲလိုကလေးမျိုးကျတော့ သူတို့လိုတာလေး ကို မိဘအနေနဲ့ တတ်နိုင်သလောက်
လေး ပံပိုးပေးရုံဘဲ..။ကလေးကနဂိုအရည်အချင်းရှိ ပြီးသား..သူတို့ဘာသာ ဖန်တီးသွားလိမ့်မယ်...
တချို့ကလေးတွေကျတော့  ဘာမှကိုသိပ်မစဉ်းစားဘူး.. ( ကျမလိုပေါ့ ) သူများဒါလုပ် လိုက်လုပ်တတ်တယ်...  ကိုယ့်သားသမီးက အဲလိုပုံစံဆိုရင်တော့ မိဘအနေနဲ့  သူကဘာနဲ့သင့်တော်
မလည်း ...သူက ဘာကို ဝါသနာပါလည်း.. စောင့်ကြည့်ပြီး ..သူနဲ့ သင့်တော်မယ်ထင်တဲ့..
အနေအထား တခုကို မသိမသာလေး တွန်းပို့ပေးရတယ်... ။ အတင်းအကျပ် ပုံသွင်းတာထက်
လိုအပ်သလို ခပ်ပါးပါးလေး ပုံဖော်သွားတာက ပိုကောင်းပါလိမ့်မယ်...။။

အခုဆိုရင် ကျမလုပ်နေရတဲ့ အလုပ်ကို ကျမ သိပ်စိတ်ကျဥ်းကျပ်တယ်လို့ ခံစားလာမိတယ်။
 ကျမ မပျော်ဘူး..ကျမဘာဆက်လုပ်မလည်း..အလုပ်ထွက်ပြီး  နောက်အလုပ်သစ်ပြောင်းမလား...
ကျမမပြောင်းရဲပါဘူး..(((((  ဘာလို့လည်း )))))   ..စိန်ခေါ်မှု့ အသစ်တွေကို
ကျမရင်မဆိုင်ချင်တော့လို့ပါ ...။။

အရာရာနေသားကျနေတဲ့ နေရာတခုကနေ ကျမရုန်းမထွက်ရဲပါဘူး..အဆင်ပြေမလား..အဆင်မပြေ
ဘူးလား..ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေကို ကျမ မစွန့်စားရဲတော့ဘူး..
ရောက်နေတဲ့ အသက်အရွယ်က သတိပေးနေတယ်.. လုပ်ချင်တာကို လုပ်ဖို့ထက်  လုပ်သင့်တာကို
ဦးစားပေးလုပ်ပါတဲ့လေ...။။

ကဲ..အဲဒီလိုဆိုတော့လည်း ကျမရဲ့ ဆန္ဒတွေ ကိုမျိုသိပ်လိုက်ရုံဘဲရှိတော့တာပေါ့လေ...မဟုတ်ဘူးလား
အစကထဲက ဖြစ်ချင်တာကို သေချာမစဉ်းစားခဲ့တဲ့ အကျိုး ဆက်ကို အခုခံစားနေရတယ်လို့
သတ်မှတ်လည်းရပါတယ်...

ကိုယ့်ရဲ့ စိတ်ကူး အိမ်မက်ကို သေချာပြီဆိုမှ အကောင်အထည်ဖော်ပါ
လို့ ပြောချင်ပါတယ်.. ရွေးချယ်လိုက်တဲ့ ဘဝလမ်းလေးကိုဘယ်တော့မှ နောင်တ မရဘဲ   ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ...။။။
(ကျမကတော့  ခပ်ဝေးဝေးမှာပုံချ ထားတဲ့ ကျမရဲ့ အိမ်မက်လေးတွေ ကိုမကြာမကြာမျှော်
ကြည့်ရင်းမှ တပါးးးးး  )

ပစ်ပစ်
Am 2:58
5.7.2014





 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei