05 June 2015

ရွေ့လျားပြောင်းလဲ ..ခြင်း

Posted by blackroze at Friday, June 05, 2015 2 comments
ကျမတို့ ငယ်စဉ်ကလေးဘဝတုန်းက ပုံပြင်သိပ်ကြိုက်တယ်... အိမ်က အဘိုးအဘွား ဒါမှ မဟုတ်
ကြီးတော် တွေက ပုံတိုပတ်စ ကလေးတွေ  ..သမိုင်းတွေရာဇဝင်တွေ ထဲက ဘုရင်အကြောင်းတွေ
တခါတလေ စိတ်လိုလက်ရပြောပြရင် အရမ်းသဘောကျတယ် ..
စိတ်ထဲမှာလည်း ပုံပြင်ထဲက ကြားရတာတွေကို မြင်ယောင်မိလို့ ...ပုံပြင်နားထောင်ရတာကိုက
အရသာတမျိုး လို ခံစားမိနေတာ ...
ဘာလို့လည်းဆိုတော့  ကိုယ်တိုင်ဘာမှ မဖန်တီးနိုင်သေးတဲ့အရွယ်မှာ သူများပြောပြမှသာ သိရတာကိုးးး
စာသေချာ မဖတ်တတ်သေးဘူး...အဲဒီတော့ ကာတွန်းစာအုပ်တွေ ပုံပြင်စာ အုပ်တွေကိုယ့်ဘာသာ
မဖတ်တတ်ဘူး..တယောက်ယောက်ကဖတ်ပြ မှ သာ သိရတာ.. အဲဒီတော့ ပုံပြင်ပြောပြတာတို့
ကာတွန်းစာအုပ်ဖတ်ပြတာတို့ ဆိုရင် သိပ်သဘောကျမိတယ်...။

အဘွားပြောပြရင်တော့ ဂျပန်ခေတ်က အကြောင်းတွေပေါ့ ။အဘွားငယ်ငယ်က ဂျပန်ခေတ်ကို
ကလေးဘဝနဲ့ ကောင်းကောင်းမီပါတယ်... သူတို့ငယ်ငယ်က ညဘက်ဆို ဗုံးခိုကျင်းထဲ
ဝင်အိပ်ရတယ်တဲ့ ။အဘွားရဲ့ အမေက အိမ်မှာဈေးဆိုင်ဖွင့်ရောင်းပါတယ် ။ဂျပန်တွေ
ဈေးလာဝယ်ရင် ကလေးတွေက ကြောက်လို့ အိမ်ထဲဝင်ပုန်းနေကြတယ်ဆိုတာတွေ ..
ကျမတို့မသိလိုက်တဲ့ခေတ်တခေတ်ရဲ့ အကောင်းအဆိုးတွေကိုအဘွားပြောပြ လို့ နားထောင်ခဲ့ရပါတယ် ။
လွတ်လပ်ရေးရပြီလို့ ရေဒီယိုကနေကြေငြာတဲ့အခါမှာ အဘွားတို့ တရွာလုံး ငိုခဲ့ကြတာတဲ့ ။
လူကြီးတွေက ငိုတော့ အဘွားတို့ ကလေးတွေလည်း ဘာမှန်းမသိညာမှန်းမသိလိုက်ငိုကြတာတဲ့ ။
ကျမတို့ အခုခေတ်လူငယ်တွေမသိလိုက် မမြင်လိုက်ရတဲ့ မြင်ကွင်းတွေကို အဘွားစကားတွေ
နားထောင်ပြီးကျမငယ်ငယ်က ကြားခဲ့ရဘူးသည် ။

နောက်တော့ အတန်းကျောင်းလေးစတက်ရတော့  ကာတွန်းစာအုပ်လေးတွေ ..မိုးသောက်ပန်းစာအုပ်တို့ ရွှေသွေး စာစောင်တို့ကို စာလုံးပေါင်းဖတ်တတ်လာတယ် ။
ကာတွန်းထဲမှာဆိုရင်လည်း မောင်ဒီလုံး ၊ဇီးတော်ပွင့်၊ ဘနဲ့ဖွားစွာ  ..အစရှိတဲ့ကာတွန်းစာအုပ်လေးတွေ ကို စာလုံးပေါင်း ဖတ်တယ်..
စာဖတ်တာ သွက်အောင်ဆိုပြီး အိမ်ကလူကြီးတွေက ဇာတ်ကြီးဆယ်ဘွဲ့ စာအုပ် ဝယ်ပေးတယ်..
တနေ့နည်းနည်းချင်းဖတ်တယ်..အဲလိုနဲ့ တေ ၊ဇ ၊ သု ၊နေ ၊မ ၊ဘူ ၊စန် ၊ဒါ ၊ဝိ ၊ဝေ  ..ဆိုပြီး
ဇာတ်ကြီးဆယ်ဘွဲ့ကို သိလာတယ်... (အခုခေတ်ကလေးတွေကတော့ ဇာတ်ကြီးဆယ်ဘွဲ့ ကို
သိမယ်မထင်တော့ပါဘူး ..သိတဲ့ကလေးများလည်း ရှိနိုင်ပါသေးတယ်လို့ မျှော်လင့်ပါတယ် ) ။

အဲလိုအတန်းကျောင်းလေး စတက်လို့ သုံးလေးတန်း အရွယ်ရောက်လာတဲ့ အခါမှာ ..

ပဲနွယ်ပင်ကရှည်ထွက်လာပြီး မင်းသားလေးကို တင်ပြီး လမင်း စီကိုတက်သွားတယ်ဆိုတာတို့ ...
မိကျောင်းကြီးက မင်းသားလေးကို ပါးစပ်ထဲငုံပြီးမြစ်ကို ဖြတ်ကူးသွားတယ်ဆိုတာတို့ကို ပုံပြင်ထဲက
ဇာတ်လမ်းအဖြစ်နဲ့သာ လက်ခံမိတော့တယ်  ။ပြောရရင်တော့  ကိုယ်တိုင်စာဖတ်တာ များလာတဲ့ အခါမှာ
ကလေးတယောက်ရဲ့ အသိညဏ်လေးနဲ့ လည်း သြော်..ဒါဟာပုံပြင်ဇာတ်လမ်းပါလားလို့ စဉ်းစားမိလာ
တာပါ ။စာဖတ်ခြင်းက အသိညဏ်ကို တိုးစေတယ်ဆိုပြီးပြောချင်တာပါ ။

ကျမတို့ငယ်စဉ်တုန်းက နွေရာသီကျောင်းပိတ်ရက်မှာ  ဗုဒ္ဓဘာသာသင်တန်းဆိုပြီး ဘာသာရေး
သင်တန်းလေးတွေ ဖွင့်ပြီး သင်ပေးပါတယ် ။ တက်ချင်တဲ့ကလေးတွေ စာရင်းပေး ..ပြီးရင် တပါတ်ကို
သုံးရက် နေ့လည်ဘက် ကျောင်းမှာ စာသင် သွားသလိုဘဲ စာအုပ်လေးတအုပ်ခဲတံလေးတချောင်း
ယူပြီးသွားရတာပါ ။သင်ပေးတဲ့ဆရာမက  ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားစာတွေ သင်ပေးတယ်..
နောက်ပြီး ဘုရားဇာတ်နိပါတ်တော် တွေ ပြောပြတယ် ... ငါးပါးသီလ  ရှစ်ပါးသီလ ဆောက်တည်တဲ့
ကောင်းကျိုး တွေ  သီတင်းကျွတ် မီးထွန်းပွဲ ဘာကြောင့်ဖြစ်လာတယ်ဆိုတာတွေ ..မိဘရိုသေခြင်းရဲ့
အကျိုးကျေးဇူး..မိဘ ကိုအလုပ်အကျွေးပြု တဲ့ သုဝဏသာမ သတို့သားအကြောင်း ပြောပြတယ်..
ကလေးတွေကို ဘာသာရေးနဲ့ ရင်းနှီးအောင် ..လိမ်မာယဉ်ကျေးတဲ့ သူတွေဖြစ်အောင် အထောက်အကူပေးတဲ့  နွေရာသီ သင်တန်းလေးတွေပေါ့ ။(အခုတော့အဲလိုသင်ပေးတာတွေ မရှိကြတော့ပါဘူး ...ကလေးတွေလည်းနွေရာသီမှာ ဂိမ်းဆိုင်ရောက်ကုန်ပါတယ် )

နေ့လည်ဘက် သင်တန်းအချိန်မှာ ကျောင်းသားမိဘ တချို့တွေကလည်း အာဟာရဒါန လုပ်ပါတယ်။
နေ့လည် သာကူကျို လာကျွေးတာမျိုး .. မုန့်လက်ဆောင်း  လာတိုက်တာမျိုးပါ ။နွေရာသီသင်တန်းဆိုတော့
လာတက်တဲ့ကလေးကလည်း မများလှပါဘူး ၊ လာကျွေးရတဲ့ ကျောင်းသားမိဘ
တွေအဖို့လည်း ကရိကထမများ လှပါဘူး..အိုးလေးတအိုးယူလာ ကလေးတွေကို တယောက်တပန်းကန်
ထည့်ပေးရုံပါဘဲ  ..တခါတလေ ဖီးကြမ်းငှက်ပျောသီးကျွေးပါတယ်...ကျမတို့ တွေလည်း မုန့်စားရတယ်ဆိုတော့  သင်တန်းသွားရမှာ မပျင်းကြတော့ဘူးပေါ့ .. နွေရာသီသုံးလကို အမြဲတမ်း
ဖွင့်ပါတယ်.. အဲလိုဗုဒ္ဓဘာသာသင်တန်းတက်ပြီးသွားရင် တက်တဲ့ကလေးတွေအားလုံး ငါးပါးသီလ ရှစ်ပါးသီလခံတတ်သွားသည် ။ငါးပါးသီလဆိုတာဘာလည်း ရှစ်ပါးသီလဆိုတာဘာလည်း
 သေချာသိသွားပြီ ။ဘုရားရှိခိုးမေတ္တာပို့တွေကို ဂျောင်းဂျောင်းပြေးအောင် ရွတ်တတ်သွားပြီ ။
အခုခေတ်ကလေးတွေက အဲတာတွေ မသိတော့ပါဘူး..အိုပါး  ...အိုမား ...အာပုကျိ ..ဆိုတဲ့
ကိုးရီးယား ယဉ်ကျေးမှု့ မှာစီးမျောကုန်ကြပါသည် ။


ကျမတို့ငယ်စဉ်က အခုလို ပါဝါရိန်းဂျားတွေ အရုပ်ဂိမ်းတွေ မရှိပါဘူး ။ ဂိမ်းဆိုင်တွေလည်း မရှိပါဘူး ။
 ကျောင်းပိတ်ရင် လက်လက်ထ  အောင်လမ်းမပေါ်ထွက်တော့ကြတာပါဘဲ ။

အရင်တုန်းကအခုခေတ်လို ကန်ထရိုက်တိုက်တွေ မများတာလည်းပါမှာပေါ့ ။ကလေးတသိုက်လမ်းပေါ်
ထွက်ဆော့နေလည်း ကားအန္တာရာယ် ဖြစ်မှာ  ထိခိုက်မှု့ ဖြစ်မှာစိတ်ပူစရာမလိုပါဘူး ။အချိန်တန် ဘယ်သူဘယ်ဝါ ထမင်းပြန်လာစားဦး ဆိုပြီးခေါ်လိုက်ရုံပါဘဲ ။ တနေ့ရတဲ့ မုန့်ဖိုးကိုတခါတလေ တောက်ခုံ
ငှားတောက်တယ်.. စက်ဘီးငှားစီးကြတယ်..ကိုယ်ကြိုက်တဲ့ စက္ကူ အရုပ်မလေးတွေ ဝယ်တယ် ။
စနစ်ကြီးတဲ့မိဘများကတော့ စုဘူးတလုံးပါဝယ်ထားပေးပြီးပိုက်ဆံစုတတ်အောင် သင်ပေးပါတယ်။
တနေ့တကျပ်ရရင် ငါးမူးဘူးထဲ့ထည့်စု ခိုင်းတာပေါ့ ။အခုခေတ်မှာတော့ ကလေးတွေလည်း ကြီးမြင့်
လာတဲ့ကုန်ဈေးနှုံးနဲ့ အလျင်မှီအောင် စုဖို့အသာထား ၊ပေးတဲ့မုန့်ဖိုးနဲ့
 လောက်အောင်သုံးစွဲရမယ်ထင်ပါတယ် ။

ပြောင်းလဲလာတဲ့ခေတ်မှာ ကျမငယ်ငယ်တုန်းကလို နွေရာသီမှာ သင်ပေးတဲ့ ဗုဒ္ဓဘာသာသင်တန်းမျိုး
မရှိတော့ဘူး ။ကလေးတွေစုပြီး လမ်းမမှာထွက်ကစားတာမရှိတော့ဘူး ။ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိကြတော့ဘူး ။မိုးသောက်ပန်း ..ရွှေသွေး တေဇ အစရှိတဲ့ စာအုပ်တွေကို မသိကြတော့ဘူး ။ငါးပါးသီလ ဘယ်လိုခံရလည်း ဆိုတာထက် ..ပါဝါရိမ်းဂျားထဲက ဇာတ်ကောင်က
လက်ထောင်ပြီး ဘယ်လိုအော်လည်းဆိုတာဘဲ သိတော့တယ် ။ကောင်းသောပြောင်းလဲခြင်းတွေလား
ခေတ်ရဲ့တိုးတက်မှု့တွေလား မဝေဖန်တတ်တော့ပါဘူး ။ရွေ့လျားပြောင်းလဲလာတာကတော့ အသေ
အချာပါဘဲ။

 ကျမရဲ့အကိုကမွေးတဲ့ကိုးတန်းကျောင်းသား တူတော်မောင်က ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိပါဘူး။
" နင်အခုကိုးတန်းတောင်ရောက်နေပြီ ရှစ်တန်းတုန်းက မဟော်သဓာဇာတ်တော်ကို မသင်ရဘူးလား" ဆိုတော့ " သင်ရတယ်" တဲ့..." ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ မဟော်သဓာလို ဇာတ်လမ်းမျိုး ဆယ်ခုလေ " ဆိုတော့...
မဟော်သဓာကိုတော့ သင်ရလို့သိတယ်တဲ့ ၊ကျန်တဲ့ ကိုးယောက်ကို မသိတာတဲ့  ။

ကောင်းရောဟယ်...ဆိုပြီး ရွှေတိဂုံဘုရား စာအုပ်ရောင်းတဲ့ ဆိုင်ကနေ ဇာတ်ကြီးဆယ်ဘွဲ့
စာအုပ်ဝယ်ပေးခဲ့လိုက်ပါတယ် ။ငါတော့ ဇတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘာလည်း မရှင်းပြ နိုင်တော့ဘူး..နင်အားတဲ့အချိန်သာဖတ်တော့လို့
မှာခဲ့လိုက်တယ် ။ဒါတောင်သူက စိတ်မဝင်စားတဲ့ပုံစံနဲ့ပါ ။ဇာတ်ကြီးဆယ်ဘွဲ့ ဆိုတာ
ဘာတွေရေးထားတာလည်း သိချင်ပုံ မရှိပါဘူး ။စာအုပ်ဖတ်ဖို့ထက် အားတာနဲ့ဖုန်းကိုင်ပြီးဂိမ်းဆော့ဖို့ကို ပိုအားသန်နေတာပါ ။ကလေးတွေရဲ့ ပြောင်းလဲလာတဲ့စရိုက်က
အကောင်းဘက်ကို ဦးတည်နေတာလား အဆိုးဘက်ကို ဦးတည်နေတာလားဆိုတာ
စဉ်းစားစရာပါ ။စာအုပ်ကိုင်ဖို့ထက် ဖုန်းကိုင်ဖို့ဂိမ်းဆော့ဖို့ကိုသာ အားသန်နေတာပါ ။

အမဝမ်းကွဲက မွေးထားတဲ့ လေးနှစ်သားတူလေးကလည်း အကောင်သာငယ်သာ ပါဝါကမငယ်ပါဘူး ။
ပါဝါဘယ်ငယ်မလည်းလေ ။ပါဝါရိမ်းဂျား ခွေမှန်သမျှ
သူ့မှာအကုန်ရှိပါတယ် ။ဘုရားစာတော့ သြကာသ ကိုသူ့အမေသင်ထားပေးလို့ရပေမဲ့ ကျန်တာကတော့ သူလည်း အခုခေတ်ကလေးတွေပုံစံအတိုင်း ဖုန်းတလုံးနဲ့ဂိမ်းဆော့ပါတယ် ။
သူ့အတွက် ဖုန်းအသေးလေးတလုံးဂိမ်းဆော့ဖို့ဝယ်ထားပေးရပါသည် ။ကျမ ပြန်စဉ်းစားမိသည်
ကျမလေးနှစ်သမီးအရွယ်တုန်းက အခုလိုဖုန်းတွေဘာတွေ ဆိုတာမပြောနဲ့ tv တောင် မဖွင့်တတ်ပါဘူး ။
tv ကြည့်ချင်ရင် လူကြီးတွေကို ဖွင့်ပေးပါလို့ ပြောရပါသည် ။အမေတို့ကလည်း ကလေးကကလေးလိုနေ
ဟိုနှိပ်ဒီနှိပ်မလုပ်နဲ့ ဓါတ်တွေ ဘာတွေလိုက်မယ်ဆိုပြီး ပြောထားတော့ ဘာမဆို အမေရေ ဖွင့်ပေးပါ ဆိုပြီး
လူကြီးလုပ်ပေးမှ ရတာပါ ။ယခင်နဲ့ယခုကတော့ ဘယ်တူနိုင်မလည်းလေ ။ကွာခြားချက်တော့ရှိမှာပေါ့ ။
ကောင်းတာများတဲ့ကွာခြားချက်လား ဆိုးတာများတဲ့ ကွာခြားချက်လားဆိုတာ ပြောဖို့ ခက်လှပါတယ် ။

အခုခေတ်ချာတိတ်လေးတွေက ကျမတို့ငယ်စဉ်ကလိုတော့ ဟိုဟာလည်း မကိုင်တတ် မဖွင့်ရဲ ...
နေရာတကာလူကြီးအားကိုးတဲ့ ပုံစံမဟုတ်ကြတော့ပါဘူး ။နည်းပညာနဲ့ပတ်သက်လာရင်
ကျမတို့ငယ်စဉ်ကကထက်ကို အများကြီး တော်ပါတယ် ။ကလေးပေမဲ့လည်း အထင်သေးလို့
မရပါဘူး ။တခုပါဘဲ  ..ကျမတို့ငယ်စဉ်ကလိုတော့  လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေကိုတော့
တလုံးတပါဒ မှ မသိတော့ပါဘဲ ။မိဘတွေကလည်း အဖေရော အမေရော စီးပွားရေး စားဝတ်နေရေး
ကို လုံးပမ်းနေရတော့ သားသမီးတွေကိုလည်း သေချာသွန်သင်ပေးရမဲ့အချိန်မ ရှိတော့ပါဘူး ။
ကလေးငြိမ်ရင်ပြီးရော သူတို့ကြိုက်တာ ဝယ်ပေးထားလိုက်တာက များသည် ။အဲဒီတော့
ကလေးတွေ အခုလို ဂိမ်းသမားအသေးစားလေးတွေ ဖြစ်ကုန်ကြတာ မိဘကို အပြစ်တင်ရမလား
တက်လာတဲ့ကုန်ဈေးနှုံးကို အပြစ်တင်ရမလား  ဖုန်းကဒ်တွေ ဈေးပေါလာတာကို အပြစ်တင်ရမလား
အရင်လိုဗုဒ္ဓဘာသာသင်တန်းလေးတွေ မသင်ပေးတော့တာကို အပြစ်တင်ရမလား ....
လား ....လား...လားး  ပေါင်းများစွာပါဘဲ ။

အဘွားတို့ခေတ်က တရွာလုံးမှာမှ ရေဒီလိုတလုံးလောက်ဘဲ ရှိတယ် ။ အမေတို့ခေတ်ရောက်တော့
အိမ်တိုင်း ရေဒီယို ရှိနေပြီ ။ကက်ဆက်ကျတော့ တလမ်းလုံးမှာ မှ တလုံးလောက်ရှိတာ ။ကျမတို့ငယ်ငယ်
ဘဝကျတော့ အိမ်တိုင်းနီးပါးလောက် ကက်ဆက်လေးတွေ ရှိတယ် ။ရုပ်မြင်သံကြားစက်လို့ ခေါ်တဲ့
တယ်လီဗေးရှင်း ကတလမ်းလုံးမှာမှ တလုံးလောက်ရှိတာ ။အခုခေတ် မှာ အိမ်တိုင်း sky net ရှိတယ်..
စလောင်းရှိတယ် ။ လူတိုင်း အင်တာနက် သုံးနိုင်တယ် ။ဖုန်းလေးတလုံး ရှိရင် တကမ္ဘာ လုံးနဲ့
ဆက်သွယ်လို့ရတယ် ။facebook အကောင့် တခုရှိရင် သတင်းအစုံဖတ်လို့ရတယ် ။ တကမ္ဘာ လုံး
နေရာအနှံကို facebook ကနေ တဆင့် ကြည့်လို့ရတယ်.. ဘယ်နေရာ ဘာဖြစ်တယ်..
ဘယ်မင်းသမီးအကြောင်း ..ဘယ်အလှမယ်ပြိုင်ပွဲကဘယ်လို ..အင်္ဂလန်ကဘောလုံးသမား
အကြောင်း..ဟောလိဝုဒ် က ကမ္ဘာကျော်မင်းသားမင်းသမီးအကြောင်း ..ကိုးရီးယားက ကေပေါ့ပ် အဖွဲ့တွေ
အကြောင်း ..သတင်းအစုံအလင်မှာ ဆိုပြီး အချိန်နဲ့တပြေးညီ သိနိုင်တယ် ။

ဒါပေမဲ့ ..အခုခေတ်ကလေးတွေက ပုံပြင်ဆိုတာကို သေချာမသိကြတော့ဘူး..လူကြီးတွေကို ရိုသေရကောင်းမှန်း တချို့တွေကမသိကြတော့ဘူး ။ဂါဝရတရား ၁၀ ပါးဆိုတာ
ဘာလည်း မသိကြတော့ဘူး ..ငါးပါးသီလအကျိုး အပြစ် ကိုသေချာမသိကြတော့ဘူး ။ခေတ်ကတော့
အဘွားခေတ်နဲ့ အမေ ခေတ် ..အမေခေတ် နဲ့ကိုယ်တွေကြီး ပြင်းတဲ့ ခေတ်..ကိုယ်ကြီးပြင်းလာတဲ့ခေတ်နဲ့
အခုလက်ရှိ တူ ..တူမ တွေကြီးပြင်းတဲ့ခေတ်.. မတူနိုင်ပါဘူး..ရွေ့လျားပြောင်းလဲလာကြတာ ဓမ္မတာ ပါဘဲ။
ရွေ့လျား လာခြင်းတွေထဲမှာ အဆိုးတွေလည်း ပါလာသလို အကောင်းတွေလည်း ပါလာပါသည် ။
ကိုယ်က စစ်ယူတတ်ဖို့ဘဲ လိုပါသည် ။ကာလတွေကတော့ ရွေ့လျားနေမှာပါ ။

ပြတင်းတံခါးကိုဖွင့်လိုက်ရင်  နေရောင် ..လေပြေလေညှင်း တွေနဲ့အတူ ဖုန်မှုန့်တွေ အမှိုက်စလေးတွေ
ပါလာတတ်ပါသည် ။ကိုယ့်အတွက်လိုအပ်မယ်ထင်တာကို စစ်ယူသိမ်းထားလိုက်ပါ ။
မလိုတဲ့အရာကိုတော့ ရှင်းထုတ်လိုက်ပါ ။အမှိုက် ရှုပ်မခံပါနဲ့ ။  အသိတရား ဗဟုသုတဆိုတာ မျိုးက ကိုယ်တိုင် ရှာယူလေ့လာရတာပါ။ရွေ့လျားပြောင်းလဲ လာခြင်းတွေ ရဲ့နောက်မှာ
ကောင်းသောအခြင်းအရာတွေကို  သာလျှင် ရွေးချယ် နိုင်ကြပါစေ ။

ပစ်ပစ်
Pm 5:41
7.5.2015

21 April 2015

လက်ထပ်ထိမ်းမြားခြင်း...နောက်ကွယ်

Posted by blackroze at Tuesday, April 21, 2015 2 comments
အိမ်ထောင်မှု့ဘုရားတည်
ဆေးမင်ရည်စုတ်ထိုး
ဤသုံးချက်မပိုင်လျှင် ပြင်ရန်ခက်လှသည် ...ဆိုတဲ့စကားပုံ လူတိုင်းကြားဖူးကြမှာပါ ။

ကျမတို့မိန်းကလေးများနဲ့ပတ်သက်တဲ့ အချက်ကတော့ အိမ်ထောင်ပြု ခြင်းဆိုတဲ့ အာဝါဟဝိဝါဟ
လုပ်ငန်းပါဘဲ ... လက်ထပ်တယ်ဆိုတဲ့နေရာ မှာသူချစ်ကိုယ်ချစ် ချစ်လို့ယူကြသည် ..မိဘက သဘောကျလို့ မိဘစိတ်တိုင်းကျ လက်ထပ်သည် ။ဘယ်လိုနည်းနဲ့ဘဲ လက်ထပ်လက်ထပ်...
ထိမ်းမြားမင်္ဂလာ ကတိပြု လွှာ ဆိုတဲ့စာချုပ်လေးထဲ သတို့သားရောသတို့သမီးရော
လက်မှတ်ထိုးလိုက်တဲ့ အချိန်ကစလို့ ....ထိမ်းမြားမင်္ဂလာစာချုပ်နောက်ကွယ်မှာ ကွာရှင်းပြတ်စဲခြင်းဆိုတဲ့
စာချုပ်နောက်တစောင် ဖြစ်မလာအောင် ယူရတဲ့တာဝန်ကပိုကြီးတယ် ...လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာက စက္ကန့်ပိုင်းလေးပါဘဲ  ။တသက်လုံးတည်တံသွားအောင်ထိန်းသိမ်းရတာက
တဘဝလုံးပါ ။။။။

အဲလိုလက်မှတ်ထိုးထိမ်းမြားလက်ထပ်တဲ့အဆင့်ထိရောက်အောင်  ချစ်သူဘဝနဲ့ဘဲ ဖြစ်ဖြစ် ..မိဘချင်း
ရင်းနှီးလို့ မိဘစိတ်တိုင်းကျ တယောက်ကို တယောက်လေ့လာကြတာဘဲဖြစ်ဖြစ် ...မိတ်ဆွေသူငယ်ချင်းတွေက မိတ်ဆက်ပေးလို့ သူငယ်ချင်းအနေအထားနဲ့ တယောက်ကိုတယောက်လေ့လာကြတာဘဲဖြစ်ဖြစ် ...အချိန်တခုတော့ ယူရပါတယ်...လက်ထပ်ဖို့ အချိန် ယူရတာက တနှစ်ကြာရင်ကြာမယ်...နှစ် နှစ် ကြာရင်ကြာမယ်...ဒါပေမဲ့ကာလအပိုင်းအခြားတခုလောက်ဘဲ
အချိန်ပေးရတာပါ..

လက်ထပ်ပီးသွားတဲ့အခါမှာတော့  နှစ်ယောက်ပေါင်းပြီးတည်ဆောက်လိုက်တဲ့ အိမ်ထောင်တခုပြိုကွဲမသွား
အောင် ထိန်းသိမ်းဖို့အတွက်ကတော့ယောက်ကျားရော မိန်းမရော နှစ်ယောက်စလုံး
တဘဝလုံးတာဝန်ယူရတာပါ ။ဘယ်နှစ်နှစ်ဆိုတဲ့ အချိန်သတ်မှတ်ချက်မရှိတော့ပါဘူး သတ်မှတ်ချက် ကာလ
မရှိတဲ့တာဝန်ယူမှု့တခုပါ ။ဒီကြားထဲသားသမီးတွေရလာတဲ့အခါမှာ ဖြစ်လာတဲ့မိသားစုတခုကို
အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်တည်ဆောက်ရတဲ့ တာဝန်လည်း မသေးလှပါဘူး..
ပြောရရင်တော့ သာယာတဲ့အိမ်ထောင်ရေးတခုဖြစ်လာဖို့ဆိုတာ  မိန်းမတယောက်ထဲမှာတာဝန်ရှိတာ မဟုတ်သလို ယောက်ကျားတယောက်ထဲမှာလည်း တာဝန်ရှိတာမဟုတ်ပါဘူး ..

နှစ်ဦးနှစ်ဘက် စလုံးမှာတာဝန်ရှိတာပါ ။

ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝ ဆိုတာ လုံးဝမတူပါဘူး .. လက်မထပ်ခင်ချစ်သူဘဝတုန်းက လက်ထပ်ပြီးရင် ဆိုပြီးမျှော်မှန်းထားခဲ့တာတွေက တကယ်တမ်းလက်ထပ်ပြီးတဲ့အခါမှာ မျှော်လင့်ထားသလို
ဖြစ်လာတယ်ဆိုတာ 100 မှာ 10 ယောက်တောင် မရှိချင်ပါဘူး.. ပြသနာတခုခု တက်လာတဲ့အခါ
" နင် မယူခင်တုန်းက မသိဘူးလား " လို့မေးရင်  .." အခုလိုဖြစ်လာမယ်လို့ ဘယ်သူကသိမှာလည်း" ဆိုပြီးပြန်ဖြေကြတဲ့သူကြီးပါဘဲ ။အဓိကတော့  ချစ်သူဘဝဆက်ဆံပုံနဲ့ အိမ်ထောင်သည် ဘဝ ဆက်ဆံပုံ
ကွာခြားသွားတာပေါ့  ... အိမ်ထောင်ရေး ဆိုကထဲက ယောက်ကျားရော မိန်းမရော နှစ်ဘက်စလုံး
ပါဝင်ပတ်သက်နေရတာပါ ..မယူခင်တုန်းကလည်း ဒီနှစ်ယောက်ပါဘဲ ယူပြီးတော့လည်း ဒီနှစ်ယောက်ပါဘဲ
လူအပြောင်းအလဲမရှိပါဘူး..ဒါပေမဲ့ မယူခင်နဲ့ယူပြီးကတော့ အနေအထား မတူကြတော့တာအမှန်ပါ ။

အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါမှာ အဆင်မပြေဖြစ်လာနိုင်စရာအနေအထားတွေက အမျိုးမျိုး
ရှိနိုင်ပါတယ် ။ စီးပွားရေး ကျန်းမာရေး  ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုး အဆင်မပြေကြတာ..
ချွေးမနဲ့ယောက္ခမ  မတည့်တာ .. တဘက်နဲ့တဘက် ပြသနာသေးသေးလေးက စလို့ အကျယ်ကျယ်ဖြစ်လာ
တတ်ကြသည် ။

အဲဒီအချက်တွေထဲမှာ မှ အဆင်မပြေတာအများဆုံးဖြစ်နိုင်တဲ့ အနေအထားတခုက စီးပွားရေး ပါဘဲ..
ငွေကြေးနဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျပါသည် ...တချို့ အိမ်ထောင်ကတော့ ငွေကြေး အရမ်းပြေလည်တယ်.. မိသားစု ကပူပင်စရာမလိုဘဲ...ငွေကြေး ပြေလည် တတ်နိုင်လွန်းတော့
အိမ်ထောင်ဦးစီးလုပ်တဲ့ယောက်ကျားက တအိမ်ထောင်စရိတ်တင်မကဘူး ..နှစ်အိမ်ထောင်
သုံးအိမ်ထောင် စရိတ်တောင် တာဝန်ယူနိုင်အခါမှာ စပွန်စာပေးထားတဲ့ညီမလေးတွေ .. ကိုကြီးနဲ့မီးဇာတ်လမ်းတွေ  ...ဦးနဲ့သမီး ဆိုတာတွေ ဘာတွေညာတွေ ဖြစ်လာတတ်သည် ။
အိမ်ထောင်တခုမှာ မိန်းမဖောက်ပြန်တယ်ဆိုတာရှားပါသည် ။ယောက်ကျားတွေစဖောက်ကြတာများတယ် ။
(ဒါပေမဲ့လည်း လင်ငုတ်တုတ်အနားရှိရက်နဲ့ ဖောက်ပြန်တဲ့ မိန်းမတွေလည်းရှိနိုင်ပါသည် ။
မျှမျှတတတွေးပေးထားတာပါ  ။)

အစောကပြောသလိုပေါ့ အိမ်ထောင်ဦးစီးက ပိုက်ဆံ အရှာကောင်းတယ်.. လူရည်လည်တယ် ..အပေါင်း
အသင်းဆန့်တယ်..အရွယ်လေးလည်း ရှိတယ်  ။အဲတာဆိုရင်တော့ အိမ်သူသက်ထားဇနီးမယား
အနေနဲ့ကသူခြေတလှမ်း လှမ်းရင် ကိုယ်လည်းခြေတလှမ်း လှမ်းနိုင် အောင် အမှီလိုက်နိုင်အောင်
ကြိုးစားပေတော့ ။ငါတို့က ချစ်သူသက်တမ်း 5နှစ်လောက်ရှိပြီးမှ ယူကြတာ..ငါ့ချစ်သူက တခြားမိန်းမဆို
ယောင်လို့တောင် လှည့်ကြည့်တာမဟုတ်ဘူးဆိုပြီး စိတ်ချလက်ချ မနေပါနဲ့ ။ချစ်သူဘဝတုန်းက
သူကြည့်ချင်မှ ကြည့်လိမ့်မယ်..အခုအိမ်ထောင်သည်ဘဝ ရောက်ပြီဆိုတော့ကြည့်ချင်ကြည့်နိုင်ပါသည် ။
ချစ်သူဘဝက သစ္စာတရားက အိမ်ထောင်သည်ဘဝကို ပါချင်မှာ ပါလာတော့မှာ ။
ကိုယ်က မျက်ခြေမပြတ်ဖို့တော့ လိုတာပေါ့ ။သတိဆိုတာ လိုတယ်ဘဲ ရှိပါသည် ပိုတယ်ရယ်လို့
မရှိပါဘူး ။

မိဘချင်း သဘောတူပေးစားလို့ ယူကြတဲ့တည်ဆောက်လိုက်တဲ့ အိမ်ထောင်ရေးဆိုရင်လည်း
လူကြီးတွေမျက်နှာပျက်အောင်တော့ လုပ်မှာမဟုတ်ဘူးလို့ တထစ်ချမတွက်ထားပါနဲ့ ။အမေတို့က သတ်သတ် အိမ်ကမိန်းမက သတ်သတ် ဆိုပြီးလူကြီးတွေ မျက်နှာအိုးမည်းအကွင်းလိုက် ခပ်တည်တည် သုတ်တတ်တဲ့လူမျိုးတွေ ရှိနိုင်တာဘဲလေ ။ကိုယ်က ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံလည်း  ကိုယ့်အိမ်ထောင်ရေး ကံတရား... ကိုယ်ထိန်းသိမ်းနိုင်မှု့ အနေအထား ဒါတွေအကုန်လုံးက ကိုယ်နဲ့ဘဲ ဆိုင်ပါသည်။
တချို့ တွေကျတော့လည်း မိန်းမဘက်က အစစပြည့်စုံ အလိုက်သိ အထိန်းအသိမ်းကောင်းပေမဲ့လည်း
ဗွေဆိုးပါတဲ့မြင်း ထိန်းမရသလိုဘဲ ...ညည်ဆိုးပါတဲ့လူကလည်း  ဘယ်လောက်ကောင်းတဲ့ မိန်းမနဲ့
ရထားပါစေ  အကျင့်ကကောင်းမလာပါဘူး ။

ကိုယ်က ရိုးသားအေးဆေးတဲ့ သူနဲ့ဆုံမလား ... ခေတ်ဆန်ဆန်နေတတ်ပေမဲ့ မိသားစုဘဝဆိုတာကို
တန်ဖိုးထားတတ်တဲ့သူနဲ့ တွေ့မလား..လည်လည်းမလည်ဘူး ရှုပ်လည်းရှုပ်ချင်တဲ့ မလည်ရှုပ်မျိုးနဲ့ဖူးစာပါမလား.. တကယ့်ကို ဖောက်ပြန်ရေးသမားအကြီးစားမျိုးနဲ့ ပတ်သက်မိမလား
ဆိုတာတော့ ကိုယ်ရဲ့ လေ့လာရွေးချယ်မှု့နဲ့ ဆိုင်သလို ကံတရားနဲ့လည်း ဆိုင်မယ်လို့ ကျမတော့ ထင်သည်။

တကယ်တော့ အိမ်ထောင်ပြုလိုက်တယ်ဆိုတာ စစ်မျက်နှာတခုကိုဖွင့်လိုက်တာနဲ့ အတူတူ
ဘဲလို့ ကျမထင်မြင်မိသည် ။တသက်လုံးတိုက်နေရမဲ့ စစ် ပေါ့ ။ တဘက်ကို မျက်ခြေမပြတ် ကြည့်ပြီး
ငြိမ်းချမ်းရေး ဆွေးနွေးရမလား  ထိုးစစ်ဆင်ရမလား ..ကျားထိုးရတော့မလား  ..စောင့်ကြည့် အနေအထားနဲ့ ထားရမလား ...သေချာတာကတော့ အသင့်အနေအထားနဲ့ နေဖို့ပါဘဲ ။ယောက်ကျားများဟာ မယုံရလွန်းလို့ပါ ။အပြောင်းအလဲမြန်တတ်လွန်းလို့ပါ ။ချစ်လို့ယူထားတာဘဲလေ..မိဘတွေရွေးချယ်ပေးထားတာဘဲ မမှားနိုင်ပါဘူးလေ...
ဆိုတာမျိုးတွေးပြီး စိတ်ချလက်ချ မျက်စိမှိတ်မယုံထားပါနဲ့ ..မိန်းမတွေက ရွေးချယ်ပြီးပြီဆိုတာနဲ့ အပြောင်းအလဲမရှိတော့ပေမဲ့ သူတို့တွေကတော့ အချိန်နဲ့ အမျှ ပြောင်းလဲသွားတတ်သည်။ အချိန်နဲ့အမျှ အသစ် အသစ်သော ဆိုတာတွေကို ရွေးချယ်ချင်တတ်ကြသည် ။
(အမျိုးသားတိုင်းကိုမဆိုလိုပါဘူး..ဖောက်ပြန်တတ်တဲ့
အပြောင်းအလဲမြန်တတ်တဲ့သူတွေကိုသာ ပြောချင်တာပါ )။

အရာရာပြည့်စုံတဲ့ အသိုင်းအဝိုင်းကျတော့ ငွေကြေးကြောင့် အိမ်ထောင်ရေးအဆင်မပြေ
တာတွေဖြစ်နိုင်သလို.. မပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာလည်း ဒီငွေကြေးဆိုတာကြောင့်ဘဲ အဆင်မပြေ
မှု့တွေ ရှိလာနိုင်ပါသည် ။ ငွေကြေးနဲ့စီးပွားရေးဆိုတာကို အခြေခံပေမဲ့လည်း အဓိကကျတဲ့အကြောင်း
အရာကတော့မတူဘူးပေါ့လေ။ချမ်းသာတဲ့အိမ်ထောင်စုမျိုး ကျတော့ ငွေပိုလျံလွန်းတော့ ကိုယ့်ကျင့်တရားကို
မတောင့်ခံနိုင်ရင်  ပျက်စီးခြင်းဖြစ်သွားတတ်သလို ..မပြည့်စုံသူကျတော့ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းဖို့
ငွေကြေးမပြည့်စုံလေတော့ အဆင်ပြေမှု့တွေရဲ့ အလည်မှာ စိတ်ညစ်ခြင်းများစွာနဲ့
 ပြသနာတက်တတ်သည် ။

ချစ်သူဘဝတုန်းကတော့ သူလည်း   လခစားကုမ္မဏီဝန်ထမ်း ၊ ကိုယ်လည်း       လခစားဝန်ထမ်း
တယောက်ရတဲ့ လခဘယ်လောက်ဆိုတာ တယောက် သိနေပြီးသား ..လက်မထပ်ရသေးခင် ..ကိုယ့်အိမ်ထောင်ဘက်က တလကို လခ တသိန်းခွဲလောက်ရတာကို အပြစ်မမြင်တတ်ကြပေမဲ့
လက်ထပ်ပြီးတဲ့ အခါမှာတော့ တလတသိန်းခွဲလောက်ဘဲ ရတဲ့ဝင်ငွေနဲ့အိမ်ထောင်တခုရဲ့ လိုအပ်ချက်မှန်သမျှကို မဖြည့်ဆည်းနိုင်တဲ့အခါမှာ နည်းလွန်းတယ်လို့ အပြစ်မြင်     ခလုတ်တိုက်လာတတ်ကြသည် ။

မိန်းမဘက်ကလည်း မယူခင်တုန်းကတော့ တသိန်းခွဲ ကို ကျေကျေနပ်နပ်
လက်ခံပေးခဲ့ပေမဲ့  လက်ထပ်ပြီးတဲ့အခါမှာတော့ ဆန်ကဝယ်ရမယ်..ဆီကကုန်နေပြီ ..ဒီကြားထဲ သာရေးနာရေးကလည်းရှိသေးတယ်..ကားခတွေကလည်း 200လောက်ဖြစ်နေပြီ ..ဖုန်းကဒ်တွေပေါပေမဲ့
တမိနစ် ဆောင်ရတဲ့ ဘီလ်က မပေါတော့ ဖုန်းငွေဖြည့်ကဒ် ကလည်း တဘက်တလမ်းကနှိပ်စက်နေပြန်တယ်..ဒီကြားထဲ ကိုယ့်ယောက်ကျားက အသုံးအစွဲ မကျစ်လစ်တဲ့သူ
ဆိုရင် သူ့လခ တဝက်လောက်က သူ့ ပြန်ပေးနေရတာမျိုး ဖြစ်လာတော့ ဘယ်လောက်ဘဲ
ချစ်လို့ယူထားတဲ့ အိမ်ထောင်ရေးဖြစ်ပါစေ..မိန်းမလုပ်တဲ့သူဘက်ကနေ အမြောက်သံ ဗုံးသံနဲ့ဆင်တူတဲ့
ကြိမ်းဝါးသံတွေ သတိပေးသံတွေ အပြစ်တင်သံတွေထွက်လာတတ်သည် ။

ချစ်သူဘဝတုန်းကတော့ လကုန်ရက် ရောက်ခါနီး .." ကို့ ဖုန်းက ဘေလ်ကုန်တော့မယ်ကွ..
ချစ်စီသိပ်တောင်မဆက်ရဲဘူး..ဖုန်းကဒ်မဝယ်ဖြစ်သေးလို့ " ဆိုရင်တောင် "ရတယ်..ချစ်ဖြည့်ပေးလိုက်မယ်.. " ဆိုပြီး အပြန်အလှန် ကူညီခဲ့ပေမဲ့ အခုလိုအိမ်ထောင်သည်ဘဝရောက်တဲ့အခါ  တလတလ အလျင်မှီအောင် ရုန်းကန်နေရတဲ့ အိမ်သုံးစရိတ်တွေရဲ့ အလည်မှာ ဖုန်းကဒ်တကဒ်စာလောက်ကိုတောင် ငြူ စူ လာမိတတ်သည် ။
အဲတာလည်း လူအပြောင်းအလဲမရှိပါဘူး..ချစ်သူဘဝတုန်းကလည်း ဒီနှစ်ယောက်ပါဘဲ
အိမ်ထောင်သည်ဘဝမှာလည်း ဒီနှစ်ယောက်ပါဘဲ ..ဒါပေမဲ့ ဆက်ဆံရေးအနေအထားတွေကတော့
ပြောင်းလဲကုန်ကြပါတယ်..ချစ်သူဘဝက အချစ်ဆိုတာတွေက အိမ်ထောင်သည်ဘဝ ရောက်တဲ့ အခါမှာ
စားဝတ်နေရေး ဆိုတဲ့ အိမ်ထောင်တာဝန်တွေရဲ့ အောက်မှာ ပျောက်ဆုံးသွားကြသည် ။
ကျမတော့အဲလိုဘဲထင်ပါသည် ။ချစ်လို့ယူခဲ့ကြသည် ။မယူခင်ကလည်း တယောက်အနေအထား
တယောက် သိပြီးသား  ..လက်ခံနိုင်လို့ ယူကြသည် ။ယူပြီးလျှင်အကောင်းဆုံးဖြစ်အောင်
လုပ်မည်ဟု လူတိုင်းက ရည်မှန်းထားကြစမြဲပါ ။တကယ်တမ်းလက်တွေ့မှာတော့ ရည်မှန်းထားသလိုဖြစ်လာတယ်ဆိုတာ သိပ်နည်းလွန်းပါတယ် ။အဲတာဟာအိမ်ထောင်ရေးပါဘဲ ။။။

သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေး သတင်းရင်ဖွင့်တာတွေ နားထောင်ပေးရတဲ့အခါတိုင်း
မိသားစုထဲက အကိုတွေ အမတွေရဲ့ အိမ်ထောင်ရေးသတင်းတွေ ကြားရတဲ့အခါတိုင်း  သူတို့တွေ
မယူခင်တုန်းက ပြောခဲ့တဲ့စကားတွေ နဲ့ ယူပြီးမှ ပြောလာကြတဲ့ စကားတွေက
တူကိုမတူတော့ တာပါ  ။အားလုံးကပြောကြတာတော့  အဲလိုမှန်းသိရင် အစကထဲက  ယူကို
မယူဘူးဆိုတာပါဘဲ .. အင်းလေ  ..အခုလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိမှတော့ ဘယ်သူက
ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ယူကြမှာလည်း ..ဒီလိုတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားကြလို့
ရဲရဲ ဝံဝံ လက်ထပ်ကြတာပေါ့  ။ လက်ထပ်ပြီးတဲ့ နောက်ပိုင်း ပြသနာတွေနဲ့ရင်ဆိုင်လာရတဲ့အခါ
အရင်ကရှိခဲ့တဲ့ ချစ်ခြင်းတွေနေရာမှာ ငြူ စူ ခြင်း အပြစ်တင်ခြင်းတွေ ကဝင်ရောက်နေရာယူလာကြသည် ။

အဲလိုအနေအထားရောက်လာတဲ့ အချိန်မှာ ..တဘက်နဲ့တဘက် နားလည်မှု့ ရှိစွာနဲ့ သေချာပြန်လည်
ညှို့နှိုင်းဖို့ကအလိုအပ်ဆုံးပါ ။မှားသွားတဲ့ သူကလည်း ကိုယ်မှားသွားတာကို ချက်ခြင်းပြင်ဖို့ လိုသလို
ဖြစ်လာတဲ့အနေအထားကို နှစ်ဘက်စလုံးက အချိန်မီ  ထိန်းသိမ်းနိုင်ဖို့လိုပါသည် ။

ပြသနာတက်လာတဲ့ အနေအထားတခုကို အချိန်မီ မညှို့နှိုင်း နိုင်ရင်တော့ လက်ထပ်ပြီးတဲ့ နောက်ပိုင်း
မှာ စာချုပ်အသစ်တစောင် ထပ်ပြီး လက်မှတ်ထိုးဖို့ ဖြစ်လာတတ်သည် ။နှစ်ဘက်စလုံးကတည်တံအောင်
မထိန်းသိမ်းနိုင်တဲ့ အခါမှာ ပြို ကွဲခြင်း ဆိုတာ အချိန်မရွေးဖြစ်လာတတ်သည်  ။

ငွေကြေးကျပ်တည်းလို့ ဖြစ်လာတဲ့ အဆင်မပြေ မှု့ကို အပြန်အလှန်စာနာနားလည် မှု့နဲ့ ပြန်ပြီး
ညှို့ နှိုင်းလို့ ရနိုင်ပေမဲ့  ..ငွေကြေး အဆင်ပြေလွန်းလို့ ဖြစ်လာတဲ့ ဖောက်ပြန်ရေး ပြသနာတွေကို
ကျတော့ ခံစားပေးရတာ ခက်ပါတယ် ။မိန်းမဆိုတာက အူတိုတတ်တဲ့ အမျိုးလေ  ..မုန့်သာဝေမျှ
ကျွေးချင်ပေမဲ့  အချစ်ကိုဝေမျှ ပေးနိုင်တဲ့ မိန်းမ ဒီကမ္ဘာ မှာ မရှိသေးပါဘူး ။

တချို့ ကျတော့ သားသမီး မျက်နှာထောက်ထားစရာရှိတာတွေ ...စားဝတ်နေရေး အတွက် ဒီယောက်ကျား ကိုဘဲ မှီခိုနေရတဲ့ အနေအထား..အဲလိုအနေအထား တွေကြောင့် မြို သိပ်ပြီး နေကြပေမဲ့
အတွင်းဘက်ဆက်ဆံရေးမှာတော့ သူစိမ်းနှစ်ယောက်လို ဖြစ်သွားတတ်သည် ။ ပြောရရင်တော့
အတွင်းဘက်မှာ လှိုက်စားနေတဲ့ အနာတခုလို ပေါ့ ။တချို့ကျတော့ သတ္တိရှိရှိနဲ့ အဲလိုလှိုက်စားနေတဲ့
အနာကို ဖောက်ထုတ်ပြစ်တတ်ကြသည် ။အနာရွတ်ထင်သွားတတ်ပေမဲ့  တဘဝလုံး တလှိုက်လှိုက်နဲ့
ခံစားနေရတဲ့ ဝေဒနာမျိုး မရှိတော့ပါဘူး ။

အဲလိုသတ္တိရှိရှိ ဆုံးဖြတ်ရဲတဲ့ မိန်းမမျိုးကလည်း ရှားပါတယ် ။ နောက်ခံ မိဘအသိုင်းအဝိုင်းကလည်း
ကောင်းမှ ..ကိုယ်တိုင်ကလည်း ယောက်ကျားတယောက်ကို မှီခိုစရာမလိုဘဲ ငွေရှာ နိုင်တဲ့ အရည်အချင်းလည်း ရှိမှ ... ကိုယ့်ကိုကိုယ် လည်း ငါတယောက်ထဲလည်း ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု့
ရှိတဲ့ မိန်းမ တွေမှ သာ အဲလိုပြတ်ပြတ်သားသား ဆုံးဖြတ်ရဲတာပါ ။ အများအားဖြင့်ကတော့
ယောက်ကျားဖောက်ပြန်နေလည်း  သူငယ်ချင်းတွေကို ရင်ဖွင့် ငိုယိုရင်းနဲ့  ဒီဖောက်ပြန်မှု့ကိုဘဲ
နေသားကျသွားတာ များပါတယ် ။ မိန်းမတွေရဲ့ဘဝက ရွေးချယ်ခွင့်ရတဲ့ အနေအထား သိပ်နည်းပါတယ် ။
တခါရွေးချယ်ပြီးတာနဲ့ နောက်ထပ်တခါဆိုတာကလည်း သိပ်မလွယ်ကူလှပါဘူး ။ ဒါကြောင့် စရွေးချယ်ကထဲက မမှားအောင် ရွေးနိုင်ဖို့ အလိုအပ်ဆုံးပါဘဲ ။ အနာဂတ်ဆိုတာက မှန်းဆကြည့်လို့
မရတဲ့ အရာဆိုတော့ ဘာဖြစ်လာမယ်ဆိုတာ ပြောရ မှန်းရ ခက်လှပါသည် ။

သေချာတာကတော့ တည်ဆောက်ပြီးတဲ့ အရာကို ဘယ်သူမှ အပြို ကွဲ မခံချင်ကြပါ ဘူး ။ သည်းမခံနိုင်ကြ
လွန်းမှသာ  ဒီလိုဆုံးဖြတ်ချက် ချကြတာပါ ။ကံတရားနဲ့ လည်းဆိုင်ပါသည် ။ လူတိုင်းကတော့
အကောင်းဆုံးကိုဘဲ လိုချင်ကြသည် ။ဒါပေမဲ့ လူတိုင်းက အကောင်းဆုံး အရာတွေကို မရတတ်ပါဘူး ။
ဖြစ်လာတဲ့ အခြေအနေတခုကို သတ္တိ ရှိရှိ ရင်ဆိုင်နိုင်တဲ့ ခွန်အားရှိဖို့ လိုပါ သည် ။

လက်ထပ်ပြီးတိုင်းလည်း အဆင်မပြေဖြစ်နေတာ မဟုတ်ပါဘူး ။သာယာချမ်းမြေ့တဲ့ အိမ်ထောင်စုတွေလည်း အများကြီးပါဘဲ ။ဒါပေမဲ့ ချစ်သူဘဝနဲ့ လက်ထပ်ပြီးတဲ့ ဘဝ မတူတာကတော့
လူတိုင်းပါဘဲ ။ ကွာခြားချက် နည်းတာနဲ့ များတာဘဲ ရှိတာပါ ။

လက်ထပ်ထိမ်းမြားခြင်းဆိုတာကို လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ အခါမှာ
ငါတကယ်ကို အိမ်ထောင်တာဝန် ယူနိုင်ပြီလားဆိုတာ နှစ်ယောက်စလုံး ကိုယ့်ဘာသာကိုယ် ပြန်မေးကြပါ ။
လုံးဝ ကိုသေချာပြီ ။အောင်မြင်တဲ့ အိမ်ထောင်တခုကို ရအောင် တည်ဆောက်ဖို့ အဆင့်သင့် ဖြစ်ပြီ။
ထိမ်းမြားမင်္ဂလာ လက်ထပ်စာချုပ် ရဲ့ နောက်မှာ ပျော်ရွှင်ခြင်း ဆိုတာဘဲ ရှိစေရမယ်လို့ နှစ်ဦးနှစ်ဘက်စလုံးက တဘဝ လုံးစာ အာမခံနိုင်ပြီ ။အရာရာသေချာပြီ ဆိုမှ ဒီစာချုပ် လေးထဲမှာ လက်မှတ်ထိုးပါ ။
လက်ထပ်ထိမ်းမြားခြင်း..နောက်ကွယ်မှာ ပျော်ရွှင်ခြင်းတွေဘဲ ရှိစေချင်ပါသည် ။


ပစ်ပစ်
Pm 7:54
21.4.2015



04 April 2015

ပိုင်ရှင်မဲ့သွားတဲ့ အရုပ်ကလေး

Posted by blackroze at Saturday, April 04, 2015 0 comments
ကျမ ဆေးရုံ တက်စဉ်ကာလမှာ အရုပ်လေးတရုပ် ပိုင်ရှင် မဲ့သွားတာ  ကြုံ ဆုံ ခဲ့ရပါသည် ။

ကျမ နေမကောင်းဖြစ်ပြီး ဆေးရုံ တက်ရမယ်ဆိုပြီး လူနာခန်း စောင့်နေစဉ်မှာ  အရေး ပေါ်ဌာနရဲ့ ခုတင်အမှတ် A03 မှာ တည နေခဲ့ရပါသည် ။ ညဦးပိုင်းကတော့ ကိုယ့်ဝေဒနာနဲ့ကိုယ်ဆိုတော့
ဘေးခုတင်က ဘယ်သူဆိုတာ သတိလည်းမထားမိခဲ့ဘူး  ။မနက်လေးနာရီ လောက်ထင်ပါရဲ့
ကျမချောင်းတွေတအားဆိုးလာပါတယ် ။အဲဒီအချိန်မှာ ဘေးကုတင်က အသက် 60ကျော်လောက်ရှိမဲ့
လူကြီးတယောက်ကကျမအဒေါ်ကို  လှမ်းမေးပါတယ်။ သူကဘာဖြစ်တာလည်း
" တုပ်ကွေး လား... ရိုးရိုးဖျားတာလား ..ချောင်းဆိုးနေတယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းကိုmask နဲ့ အုပ်ထားနော်"ဆိုပြီး ပြောပါတယ် ။ ဘာရောဂါနဲ့ ဆေးရုံရောက်လာလည်းဆိုတာတော့ မသိပါဘူး ။
အိမ်ကမိသားစု လူနာစောင့်တွေလည်း မတွေ့ပါဘူး ။သူတယောက်ထဲပါဘဲ ။

ကျမလည်းစကားဆက်မပြောချင်လို့  ဟုတ်ကဲ့ .. နှာခေါင်းနဲ့ ပါးစပ် အုပ်တဲ့ ဟာလေး ဝယ်ပြီးအုပ်ထားလိုက်မယ် လို့ပြန်ပြောလိုက်သည် ။ သူကတော့ သူ့ဘာသာသူ တယောက်ထဲ
အိပ်နေလိုက် ခဏလောက်နေရင် သူ့ကိုဆေးသွင်းထားတဲ့ပိုက်ချိတ်ထားတဲ့ တိုင်ကို သူ့ဘာသာ
ကိုင်ပြီး ထထွက်သွားလိုက်နဲ့ .. လာစောင့်ပေးတဲ့မိသားစုဝင်တွေလည်း မရှိပါဘူး ။ ခုတင်ခေါင်းရင်းမှာ လိမော်သီး တထုပ်ချိတ်ထားပြီး  လိမ်မော်သီးစားလိုက် အိပ်လိုက်နဲ့ တယောက်ထဲဘဲနေ နေတာပါ ။

သူ့ကြည့်ရတာလက်မှု့ ပညာတော့တတ်ပုံရတယ် ။ သူ့စီမှာ ခဲရောင်လို ခပ်ပျော့ပျော့ အလုံးတလုံး
တွေ့တယ် ။ဘာအလုံးလည်းတော့ မသိဘူး ။ ကျမတို့ငယ်ငယ်တုန်းက ဂျုံ အလုံးတွေနဲ့ အရုပ်လေးတွေ
လုပ်သလိုပေါ့ ။အဲလိုမျိုး လုပ်လို့ရတဲ့ ဟာလေးပေါ့ ။အဲဒီလူကြီးကတော့ သူ့ဘာသာသူ
တယောက်ထဲ လှဲနေရင်း အဲဒီ အလုံးလေးကို ပြားလိုက် ဖိလိုက်နဲ့ အရုပ်လေး တွေလုပ်နေတာ ။
ရှေးခေတ်သိုင်းကားတွေထဲက သိုင်းသမားတွေကိုင်တဲ့ ဓါးပုံစံကို အမျိုးမျိုး လုပ်ကြည့်နေတာ ။
သူလုပ်တဲ့ဓါးလေးတွေက လက်ရာလည်း မြောက်ပါတယ် ။ ဓါး အတို ဓါးအရှည် နောက်ပြီး လှံ
သေနတ် အဲလိုအရုပ်လေး တခုလုပ်လိုက် ပြီးရင် ပြန်လုံးလိုက် နောက်အရုပ်လေးတခုပြန်လုပ်လိုက်နဲ့
သူတယောက်ထဲဘဲ ...။

မနက်လင်းတော့လည်း လာကြည့်တဲ့သူလည်းမတွေ့ ပါဘူး။ သူတယောက်ထဲဘဲ  လှဲလိုက်
ထလိုက်နဲ့  နေနေတာ ။နောက်တော့ကျမလည်း သူ့ကို သတိမထားမိတာ့ဘူး ။ ကိုယ့်ဝေဒနာနဲ့
ကိုယ် ဆိုတော့ ဘယ်သူကိုမှ သတိမထားမိဘူး ။ကျမအဒေါ်က တော့ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်ပေါ့ ။
အရေးပေါ်ခန်းကနေ ဆေးရုံတက်ရမဲ့ လူနာ အခန်းတွေကို မနက် 8နာရီမှာ စပြောင်းပေးပါတယ် ။
တယောက်ပြီးတယောက် နံပါတ်စဉ်အလိုက်နဲ့ ကိုယ်တက်ရမဲ့ အခန်းကို ပြောင်းပေးတာပေါ့ ။

ကျမအပေါ်ထပ်လူနာအခန်းမပြောင်းခင် အချိန်လေးမှာဘဲ ။နပ်စ်မတွေရော ဆရာဝန်တွေရော
ဝရုန်းသုန်းကားနဲ့ ဖြစ်ကုန်ပါတယ်..လူနာတယောက် ဝက်ရူး ပြန်သလိုတက်ပြီး လဲကျသွားလို့ပါ
ကျမကတော့ခုတင်ပေါ် လှဲနေတဲ့သူဆိုတော့ အသံတွေဘဲကြားနေရတာပေါ့ ။အဒေါ်လုပ်တဲ့သူကတော့
ဘာလည်းဆိုပြီး ထသွားကြည့်ပါသည် ။

ပြန်လာတော့ " ဘေးခုတင်က လူကြီး ဖြစ်တာသမီးရဲ့ ..ပါးစပ်ထဲကလည်း အမြှုပ်တွေ ထွက်လို့ဟဲ့ ။
ဘယ်လိုဖြစ်တာလည်း မသိဘူး.. သနားပါတယ် ။သူ့အရုပ်လေးတောင် ဒီတိုင်းကျကျန်ခဲ့တယ် " ဆိုပြီး
လာပြောပြပါတယ်  ။

အဲဒီအချိန်မှာဘဲ ကျမလည်း နေရမဲ့ လူနာအခန်း နံပါတ်ရပြီမို့ ဆေးရုံဝန်ထမ်းတဦးက ကျမ ခုတင်ကို
အပေါ်ထပ်ကို ပြောင်းပေးဖို့ ဓါတ်လှေကားစီကို တွန်းသွားပါသည် ။စောနက ဘေးကုတင်က လူကြီး
လဲကျသွားတဲ့ နေရာလောက်ကို ရောက်တော့ ကျမ အနားပတ်ဝန်းကျင်ကိုကြည့်မိတယ်  ။
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အရုပ်ဓါးသေးသေးလေးတချောင်း.....  ။။အမည်းရောင် ဓါးလေးတချောင်းက
ပိုင်ရှင်မဲ့စွာနဲ့ဆေးရုံကြမ်းပြင်ပေါ်မှာ .... .... ....  ။

အဲဒီဓါးလေးကို မြင်တော့ ရင်ထဲမွန်းကျပ်လွန်းလို့ မျက်စိမှိတ်ပြီးအသက်ပြင်းပြင်းရှိုက်မိတယ် ။
မနက်စောစော ပေါင်မုန့်တို့ကိတ်မုန့်တို့ စားရမဲ့အချိန်မှာ ရှိတဲ့လိမ်မော်သီးဘဲ အခွံခွာစားနေတဲ့ အသက်60ကျော် အဘိုးကြီးတယောက်ကို မြင်ယောင်လာမိသည် ။
အဆုတ်ရောင်နေလို့လား..ဒါမှမဟုတ် ခံစားချက်ကြောင့်လားမသိပါဘူး...
ရင်ဘတ်ထဲအောင့်ခနဲဖြစ်သွားတဲ့ ခံစားချက်..စူးခနဲအောင့်သွားတဲ့ နာကျင်မှု့နဲ့ အတူ မျက်ရည်လည်လာမိသည်။

စိုစွတ်လာတဲ့ မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်မိတော့  တဖြည်းဖြည်းနဲ့ဝေး....ဝေး ကျန်ခဲ့တဲ့
ကြမ်းပြင်ပေါ်က အရုပ်ဓါးလေးကို ခပ်ရေးရေးလေးတွေ့နေရတယ် ။

နေရာအနှံအပြားက ဆေးရုံတွေမှာ အခုလိုဘဲ ပိုင်ရှင်မဲ့သွားတဲ့ အရုပ်လေးတွေ ဘယ်လောက်တောင်
ရှိနေမလည်းမသိနိုင်ပါဘူး ။အသက်ကြီးလာတဲ့အချိန်မှာ မိသားစုမရှိတဲ့ တကိုယ်ရည် တကာယ
သမားဖြစ်လို့ ပြု စု စောင့်ရှောက်မဲ့ သူ မရှိနိုင်တာလည်း ဖြစ်နိုင်သလို ။
မိသားစုရှိရဲ့သားနဲ့  တာဝန် မယူကြလို့ တကိုယ်တည်း နေနေရတဲ့ သူလည်း ဖြစ်နိုင်ပါတယ်  ။
ဆေးရုံကြီးကလည်း ကောင်းပါရဲ့...
ဆေးတွေကလည်း ကောင်းပါရဲ့...
ခေတ်မှီကိရိယာ တွေနဲ့ တခုခုဆို နာရီပိုင်းနဲ့တင် စစ်ဆေးလို့လည်းရပါရဲ့ ...
ဒါပေမဲ့ မေတ္တာတရားဆိုတဲ့ နွေးထွေးမှု့က ခပ်ရှားရှား ....  နိုင်ငံခြားဆိုတာ အဲလိုမျိုး များလား .... ။။။။။။



ပစ်ပစ်
Pm 5:55
4.4.2015





02 April 2015

သုံးသောင်းတန် ဖီလင်

Posted by blackroze at Thursday, April 02, 2015 3 comments
shopping ဆိုတဲ့ ဈေးဝယ်ထွက်ခြင်းကို မိန်းကလေးအများစုကနှစ်သက်သဘောကျကြပါသည် ။
shopping center တခုခုမှာတဆိုင်ပြီး တဆိုင် လှည့်ပတ်ကြည့်ရှု့ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ပစ္စည်း
အကျီ အစရှိတာတွေကို ဝယ်ယူတဲ့အခါ မဖြစ်မနေ ပတ်သက်ဆက်ဆံရတဲ့သူတွေကတော့
အရောင်းစာရေးဝန်ထမ်းတွေပါဘဲ ..။

တချို့က ဆက်ဆံရေးကောင်း တယ်...အမ ဘာလိုချင်လည်း ဘာရှာတာလည်း ဆိုပြီးလိုချင်တဲ့
ပစ္စည်း အရောင်အသွေး ကိုဝိုင်းဝန်းရှာပေး လိုက်မလိုက် ဝိုင်းကြည့်ပေးတဲ့ အပြုံး ချို ချို လေးနဲ့အရောင်းဝန်
ထမ်းလေးတွေ ရှိသလို ...

လိုချင်တာလေးများရွေးတာ နဲနဲ များသွားရင် စိတ်မရှည်ချင်သလို ပုံစံနဲ့ စူပုပ်ပုပ် ဖြစ်လာတတ်တဲ့
အရောင်းဝန်ထမ်းတွေလည်း ရှိတတ်ပါတယ် ။

နောက်တမျိုးကတော့ အဆိုးဆုံးပါ  ..ကိုယ်ကြည့်လိုက်မိတဲ့အကျီက ဈေးလေးများ  နဲနဲ များတဲ့အကျီ
ဆိုရင်ဝယ်နိုင်လို့လာမေးနေတာလား  ဆိုတဲ့ ပုံစံနဲ့ ကြည့်တတ်တဲ့ အရောင်းဝန်ထမ်းမျိုးပေါ့ ။

ကျမ အိမ်ခဏပြန်တဲ့ အခိုက်အတန့်မှာ မရောက်တာ 7နှစ်ရှိပီ ဖြစ်တဲ့ ယုဇနပလာဇာကို ရောက်ခဲ့တယ် ။
သူငယ်ချင်းတွေက ပြောတယ်..ပလာဇာမှာကိုးရီးယားမိတ်အကျီတထည်ကို 5သောင်း 6သောင်း
လောက်တောင်ပေးရတာ တဲ့...အဲလောက်တောင်ဈေးကြီးလားဟယ်ဆိုတော့ အဲထက်ဈေးကြီးတာတွေ
တောင်ရှိတယ်တဲ့  ...လေ   ။တခါတလေ မူရင်းဈေးအရင်းကဘယ်လောက်ရှိတယ်ဆိုတာတော့ မသိဘူး..အကျီတထည်ကို 2သောင်းလို့ပြောတာကို တသောင်းခွဲရမလားဆစ်လိုက်တာ ချက်ခြင်းဘဲ
ယူသွားဆိုပြီး ထည့်ပေးလိုက်လို့ ရင်ခံခံနဲ့ ဝယ်လာရတာမျိုး လည်းရှိတယ်တဲ့ ...။ဒါဆိုဈေးနှုံး ကပ်ထားတဲ့
ဆိုင်မှာဝယ်မှ ဖြစ်မှာပေါ့လို့ငါကဈေးဆစ်ရတာအားနာလို့ဆိုပြီးပြောတော့ ..နင့်ဘာသာ အခြေအနေကြည့်ဝယ်ပေါ့ တဲ့  ။

ကျမလည်း အကျီ လေ့လာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကြိုက်တာတွေ့ခဲ့ရင် လည်းဝယ်မယ်ဆိုတဲ့
လုပ်ငန်းစဉ်တခုချမှတ်ပြီး..ပလာဇာကို ချီတက်ခဲ့တယ်.. ။အကျီလေးတွေက အဆင်စုံအသွေးစုံနဲ့
တော်တော်လှပါတယ် ။ ဒုတိယထပ် လှေကားနားကဆိုင်မှာချိတ်ထားတဲ့ အမျိုးသမီးဝတ်
အကျီလေးတွေတော်တော် လှလို့ သေချာဝင်ကြည့်ဖြစ်တယ်ဆိုပါတော့ ...

အပေါ်ဘက်တန်းမှာချိတ်ထားတဲ့ အဖြူ လေးတွေထဲကတထည်ကတော်တော်လေးလှပါတယ်..
စိတ်ထဲလည်းသဘောကျတာနဲ့ သေချာလေးကြည့်မိတယ် ။အပေါ်ဘက်မှာချိတ်ထားတာဆိုတော့
ကျမ လှမ်းယူကြည့်လို့ အဆင်မပြေပါဘူး..အဲတာနဲ့ ကောင်မလေးတယောက်ကို အမကိုခဏလောက်
အောက်ချပြပါလားလို့ပြောပြီး သူအကျီလေး ကိုတုတ်တံချိတ်လေးနဲ့ယူချပေးတော့ အသားလေးလည်း
ကိုင်ကြည့်..ချုပ်ရိုးလေး ဘာလေးလည်း လှန်ကြည့်ပေါ့ ...။အကျီမှာ price ကပ်ထားလားကြည့်တော့
မကပ်ထားဘူး ။အဲတာနဲ့ ဈေးကဘယ်လောက်လည်းလို့ ပြန်မေးရတယ် ။အဲဒီအချိန်ထိ ကျမသူ့ မျက်နှာကို
မကြည့်မိသေးဘူး ။ကိုယ့်အာရုံနဲ့ကိုယ် စိတ်က အကျီစီကိုဘဲ ရောက်နေတာ..29000 လို့ ခပ် ဆတ်ဆတ်
လို့ပြန်ဖြေသံကြားပေမဲ့လည်း သတိမထားမိသေးဘူး ။ကျမစိတ်ထဲ နှစ်သောင်းကိုးထောင်ဆိုတော့
သုံးသောင်းဘဲထားလိုက်ပါတော့..သုံးသောင်းဆို ကျမနေတဲ့ နိုင်ငံကငွေ တန်ဖိုးနဲ့တွက်ရင် ဘယ်လောက်
ရှိမလည်း စိတ်ထဲအပြေးအလွား  တွက်မိတယ် ။အင်းးးး ဒီအကျီအသားပုံစံနဲ့ သုံးသောင်းဆိုတာတော့
နဲနဲတော့ များတယ်..နောက်ပြီး သူငယ်ချင်း ပြောလိုက်တဲ့...2သောင်းတန်ကို 1သောင်းခွဲဆစ်တာ
တောင် များသွားတယ်ထင်တယ်ဆိုတဲ့ စကား... အဲတာနဲ့ ကျမအဲဒီအရောင်းဝန်ထမ်းကောင်မလေးကို
ဈေးဆစ်လို့ရလား ညီမလို့ မေးလိုက်မိသည် ။ " ဝယ်မှာမို့လို့လား နှစ်သောင်းကိုးထောင်နော် "
ဆိုပြီး ပြန်ပြောလိုက်တဲ့ စကားသံက နားထဲဗုံးတလုံးပေါက်လိုက်သလို အုန်းခနဲဝင်လာတယ် ။

စိတ်ထဲဖျင်းခနဲဖြစ်သွားတဲ့ခံစားချက်တခုနဲ့  သူ့ဘက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည် ။ကျမကို
ခပ်တင်းတင်းစိတ်မရှည်သလိုမျက်နှာနဲ့ ကြည့်နေတဲ့  မိန်းကလေးတယောက်..... .... ကျမ သူ့မျက်နှာကို
စေ့စေ့ကြည့်ပြီး "နင်  ဈေးရောင်းနေတာ မဟုတ်ဘူးလား ..ဝယ်သူတယောက်အနေနဲ့ အကျီကို ယူကြည့်တာ...ဈေးဆစ်လို့ရလား ဆိုပြီး မေးတာ မေးလို့မရဘူးလား " ဆိုပြီးပြန်မေးလိုက်တယ် ။ကျမ ကို အဲလိုတုံပြန်မယ်လို့ သူမထင်ထားဘူးထင်တယ်...ရုတ်တရက်ကျမစီကနေ ဒေါသအသံနဲ့  စကားသံထွက်လာတော့ သူလည်းတချက်ကြောင်သွားပီး ဘာပြန်ဖြေရမလည်းမသိဘူးဖြစ်သွားတယ် ။သူ့စိတ်ထင် သူအဲလိုပြောလိုက်ရင် ကျမကခပ်ကုတ်ကုတ်လေးနဲ့ အဲဒီအကျီကို ချထားပြီး ထွက်ရင်လည်းထွက်သွားမယ်။ ဒါမှမဟုတ်လည်း  တခုခုပေါ့ ...သူ့ကို အဲလိုပြန်မေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဖြစ်မယ်..

ဘာပြန်ပြောရမလည်းမသိဘူးဖြစ်နေတဲ့ မိန်းကလေးကို ကျမသေချာစိုက်ကြည့်ပြီး ပြောခဲ့တယ်...
" ညီမ..အရောင်းစာရေးတယောက်ဆိုတာ  ဈေးလာဝယ်တဲ့သူတွေကို အဆင်ပြေအောင် ကူညီပေးဖို့
တာဝန်ယူရတဲ့သူ .. ဝယ်နိုင်လား မဝယ်နိုင်လားဆိုပြီး မေးရတဲ့သူမျိုး မဟုတ်ဘူး..အဲတာကိုတော့သဘောပေါက်ထား သင့်တယ်.. " ကျမသူ့ကို အဲလောက်ဘဲပြောပြီး
အကျီကို အနားကတန်းလေးတခုမှာ တင်ပြီးဆိုင်ထဲကထွက်ခဲ့လိုက်တယ်....။

အမှန်ဆို အဲဒီအကျီကို သူပြောတဲ့အတိုင်း ဈေးမဆစ်ဘဲကျမဝယ်နိုင်ပါတယ်။
ဒီအကျီလောက်တော့ဝယ်နိုင်တယ် ဆိုင်ပိုင်ရှင်ဘယ်မှာလည်းဘာညာ ဆိုပြီး အကျယ်အကျယ်လည်း
မဖြစ်ချင်တာအမှန်ပါ ။နောက်ပြီး ဒါက သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တခုလည်းဖြစ်နိုင်ပါသည် ။
သူတပါးထိခိုက် စိတ်အနှောင့်အယှက်မဖြစ်စေချင်တာလည်းပါ ပါသည် ။နောက်တခုက သူလည်း အရောင်းစာရေးတယောက်အနေနဲ့ ဝယ်သူနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
ကြုံ ခဲ့ဖူးလို့စိတ်မရှည်တာနေမှာပါ  ..ဆိုပြီး နားလည်ပေးလိုက်တာလည်းပါပါ သည်။

ဒါပေမဲ့လည်းပေါ့လေ ...  အရောင်းဝန်ထမ်းတယောက်ဆိုတာ ဆိုင်ပိုင်ရှင်ရဲ့ လစာကိုယူပြီး
ဝယ်သူတွေအတွက်ဝန်ဆောင် မှု့ပေးရတဲ့သူတွေပါ ။ဆိုင်တဆိုင်ဖွင့်ကထဲက လူဆင်းရဲ လူချမ်းသာ
လူအလတ်တန်းစား  အလွှာပေါင်းစုံက လာနိုင်တာဘဲလေ ..   ဆိုင်ထဲက အကျီက တသောင်းတန်ဘဲဖြစ်
ဖြစ်  တသိန်းတန်ဘဲဖြစ်ဖြစ် ..ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ အပြင်က လူက မသိနိုင်ပါဘူး..
ကိုယ်အလိုရှိတဲ့ဈေးလေးနဲ့ ရနိုင်တာမျိုး ရှိမလားဆိုပြီး လာဝယ်ကြတဲ့ လူတန်းစားတွေ ရှိနိုင်သလို
ဘယ်ဈေးဖြစ်ဖြစ် ဝယ်နိုင်တဲ့ တသောင်းတန် အုပ်လိုက် အိတ်ထဲထည့်ပြီး ဈေးပတ်နိုင်တဲ့
လူချမ်းသာတွေလည်းရှိနိုင်ပါတယ် ။ 

ကိုယ့်ဆိုင်ထဲကို ဘယ်သူဘဲဝင်လာဝင်လာ အရောင်းဝန်ထမ်းတယောက်အနေနဲ့ အဓိက အကျဆုံးတာဝန်က  ဈေးရောင်းပေးဖို့ပါဘဲ ..လူတန်းစားအလွှာမခွဲခြားဘဲ ..တန်းတူဆက်ဆံပြီး
ဝန်ဆောင် မှု့ပေးဖို့ပါဘဲ ။အရောင်းစာရေးတယောက်ဆိုတာ ကိုယ်ရောင်းမဲ့ ပစ္စည်းကို ဝယ်သူ
သဘောကျအောင် ပြောပေးနိုင်ရမယ်...ကိုယ်ရောင်းနေတဲ့ ပစ္စည်းတခုရဲ့ အရည်အသွေး ..
ကိုရှင်းပြနိုင်မယ်..ပစ္စည်းရဲ့တန်ဖိုးကို ဝယ်သူစိတ်ကျေနပ်တဲ့ စကားလုံးမျိုးနဲ့ ဒီအကျီနဲ့ဒီတန်ဖိုးက ထိုက်တန်တယ်ဆိုတဲ့ အကြောင်း သဘောပေါက်အောင် ပြောပေးနိုင်ရမယ်..။ဝယ်တဲ့သူက
ပစ္စည်းရဲ့တန်ရာတန်ကြေးတခုကို ပေးပြီးဝယ်ရတာပါ ..အလကား ယူရတာမဟုတ်ပါဘူး..
တန်ဖိုးနည်းတဲ့ပစ္စည်းဖြစ်စေ ..တန်ဖိုးကြီးတာဖြစ်စေ ငွေကြေးနဲ့ တန်ဖိုးဖြတ်ပြီးဝယ်ရတာပါ ။
အဲဒီအတွက်ရောင်းတဲ့သူ ဘက်ကလည်း ထိုက်တန်တဲ့ဝန်ဆောင်မှု့တခုပေးသင့်ပါသည် ။

ဈေးလာဝယ်သူကို ဝယ်နိုင်လို့လား ဆိုတဲ့ပုံစံနဲ့ မေးလိုက်တာမျိုး ဟာ အင်မတန်မှကို ရိုင်းပြလွန်းပါတယ်။
အဲလိုဝယ်နိုင်မှ ဆိုင်ထဲဝင်ရမယ်လို့ သတ်မှတ်ထားရင် ဆိုင် အပြင်မှာတခါထဲ ဆိုင်းဘုတ်ထောင်ထား
သင့်ပါတယ်...သောင်းဂဏန်းတန်အကျီများသာရောင်းပါသဖြင့်  လူချမ်းသာများသာဆိုင်ထဲဝင်ပါရန်
ဆိုပြီးတော့ရေးထားသင့်သည် ။

ကျမစိတ်တိုခဲ့တဲ့အကြောင်း သူငယ်ချင်းတွေကို ပြန်ပြောပြတော့သူတို့ဝိုင်းစကြပါသည် ။ " နင်က မြန်မာ
လာတော့ မြန်မာလုံချည် ဝတ်ချင်တယ်ဆိုပြီး  ပုံစံက ရိုးရိုးကြီးဖြစ်နေတော့
ဒါမျိုးတွေဝယ်မှာလည်းမဟုတ်ဘဲ ဈေးမေးပြီး ပြန်ထွက်မှာ ဆိုပြီး အဲလိုဆက် ဆံ လိုက်တာနေမှာ..
မှတ်ထား..နောက်ခါဆို ဘောင်းဘီတို ဝတ်ကြိုးတချောင်းအကျီဝတ်အလန်းဇယားဖြစ်အောင်ဝတ် ပြီးဈေးပတ်ရတယ်ဟဲ့...အဲတာဆို
ဒီလိုစတိုင်မျိုးက ပိုက်ဆံသုံးနိုင်တဲ့ စတိုင်ဆိုပြီး နင့်ကို တထည်ပြီးတထည်ရောင်းပေးမှာ  ..ငါပြောသလို
ဝတ်ပြီးပြန်သွားကြည့်  " တဲ့ ..မှတ်သားလောက်ပါပေတယ်နော်... ။။။။

လူတယောက်ကို ဝတ်စားဆင်ယင်မှု့ကြည့်ပြီး အထင်နဲ့ဆုံးဖြတ်ကြတဲ့ခေတ်ဖြစ်နေပါရောလား...။
အဲတာမို့လည်းလူတွေ အညာခံနေကြရတာ နေမှာလို့ တွေးမိသည် ။ ပလာဇာတင်လား ဆိုတော့
မဟုတ်ပါဘူး..ပြင်ဦးလွင် သွားတဲ့အချိန်မှာလည်း  ဆွယ်တာရောင်းတဲ့ ဆိုင်က ကလေးမလေးလည်း
အလားတူပါဘဲ ...။ အဲဒီတုန်းကလည်း သုံးသောင်းတန် ဆွယ်တာပါဘဲ ...ကျမကအမေ့အတွက်
ဝယ်မလို့ ဖုန်းဆက်ပြီး အရောင်လှမ်းမေးတာပါ ။အမေက ဖုန်းမကိုင်ပါဘူး.. အဲတာနဲ့  " ညီမလေး ..အမအိမ်ကို ဘာအရောင်ယူမလည်းဖုန်းဆက်မေးပြီးမှ ယူမယ်နော်"  လို့ပြောလိုက်တာကို
ဘေးကကလေးမတယောက်ကို မျက်စလေးပြစ်ပြီး တွေ့တယ်မလား  မဝယ်နိုင်ဘူးဆိုတဲ့
ပုံစံလေး လှမ်းလုပ်ပြ ပါတယ် ။ကျမကလည်းမြင်ဖြစ်အောင် မြင်လိုက်ပါတယ်  ။ဒါပေမဲ့အဲဒီသုံးသောင်းတန်
ကိုတော့ အမေ ဖုန်းပြန်ဆက်လာလို့ သူလိုချင်တဲ့ အရောင် ရွေးဝယ်ပေးခဲ့ပါတယ် ။

ကျမ မလည်း မြန်မာတခါပြန်တာ သုံးသောင်းတန်ခံစားချက်တွေ တော်တော်ရခဲ့ပါတယ်  ။ပလာဇာနဲ့
ဆွယ်တာဆိုင်က ပေးလိုက်တဲ့  သုံးသောင်းတန် ဖီလင်ဆိုပါတော့  ။တွေးမိလိုက်တိုင်း
တစိမ့်စိမ့်နဲ့ တငြိမ့်ငြိမ့် လေးပါဘဲ .. နောက်တခါပြန်ရင်တော့ ဘောင်းဘီတိုဘောင်းဘီရှည် အစရှိသော အလန်းဇယားလုပ်လို့ရသော အကျီများသာ များများသယ်သွားမည်ဟု
ကျမအသေအချာဆုံးဖြတ်ထားပါသည် ။
သုံးသောင်းတန်ဖီလင်ကို  နောက်ထပ်မခံစားနိုင်တော့လို့ပါ ရှင် ....။။။။

ပစ်ပစ်
Am 2:07
2.4.2015







24 March 2015

ကျမနဲ့ဆေးရုံအရေးပေါ်ဌာန

Posted by blackroze at Tuesday, March 24, 2015 6 comments
မကြာသေးခင်အချိန်က ကျမ ခရီးတခုထွက်ဖြစ်ပါတယ် ။ခရီးထွက်ရာကနေ ပြန်လာတဲ့ ကျမ
ခရီးပန်းတဲ့ဒဏ်ကြောင့်ရော   ..ရာသီဥတု အပြောင်းအလဲကြောင့်ရော ထင်ပါရဲ့  ဖျားပါတော့သည် ။
အိပ်ယာကနိုးနိုးခြင်း  ခေါင်းတောင် မထူနိုင်အောင် ကိုက်နေပြီး တကိုယ်လုံးလည်း မလှုပ်နိုင်အောင်
ဖြစ်နေတော့ စိတ်ထဲ တုတ်ကွေးဖြစ်ပြီလို့ဘဲထင်လိုက်တာပါ ။ဖြစ်ချင်တော့အိမ်မှာလည်း ကျမတယောက်ထဲ ။အဲတာနဲ့ ဆေးတလုံးလောက်သောက်ကြည့်ပြီး သက်သာမလားလို့ ခဏနေကြည့်
ပါသေးတယ် ။ဆေးသောက်လိုက်တဲ့ခဏတော့ချွေးတွေ ထွက်လာပေမဲ့  လူက အေးစက်စက်လို ခံစားလာရတယ် ။အထူးသဖြင့် မျက်စိထဲတဖြည်းဖြည်းထဲ ပြာလာတာပါ ။ကျမသိလိုက်ပြီ ။ဆေးခန်း
သွားပြမှ ဖြစ်တော့မယ်ဆိုတာ အိပ်ယာကတောင်မထနိုင်ဘူးဖြစ်နေတဲ့ သူကတယောက်ထဲဆေးခန်းသွားဖို့ ဆိုတာ ဘယ်လိုမှ ကိုမဖြစ်နိုင်တာ ။အဲတာနဲ့ အဒေါ်အိမ်ကို ဖုန်းဆက်ပြီး  ကျမဖျားနေတယ်  ဆေးခန်းပြမှ
ဖြစ်မယ် အိမ်ကိုလာခဲ့ပါ ကျမ တယောက်ထဲမသွားနိုင်ဘူးဆိုတဲ့ အကြောင်း ပြောရပါတယ် ။နောက်တော့
အလုပ်ကို ဖုန်းဆက်ရပါတယ်။ကျမ နေမကောင်းဘူးဆိုတဲ့ အကြောင်း ဆေးခန်းသွားရမလို့ ဒီနေ့အလုပ်မလာနိုင်ဘူး ဆိုတဲ့ အကြောင်းပြောပြရပါသည် ။

ကျမအဒေါ်အိမ်ကိုရောက်လာတော့ ကျမစားဖို့  စားစရာစီစဉ်ပေးတယ် ။ဒါပေမဲ့ ကျမမစားနိုင်ဘူး ။
ဆေးခန်းတွေက လည်း  မနက်ကနေ နေ့လည်12အထိ ဖွင့်တယ် ။နေ့လည် 12ကနေ 3အထိ နားတယ် ။
နေ့လည် 3နာရီမှ ပြန်ဖွင့်တယ် ။အဲတာဆေးခန်းတိုင်းပါဘဲ ။ကျမ ဆေးခန်းသွားဖို့ နာရီကြည့်တော့
နေ့လည် 1နာရီမရှိတရှိ ဆေးခန်းတွေ ခဏနားတဲ့ အချိန်ပါ ။အဲတာနဲ့ဆေးခန်းဖွင့်မဲ့အချိန်ထိစောင့်ရပါတယ် ။နေ့လည် 3နာရီထိုးတော့ ကျမကို အဒေါ်က ဆေးခန်းလိုက်ပို့ပေးပါတယ် ။ဆေးခန်းရောက်တော့ သွေးပေါင်တအားကျနေတယ်တဲ့ ။
အပေါ်သွေး 80 အောက်သွေ6း0 ။
ဆရာဝန်ကတော့  သွေးပေါင်တအားကျနေတော့  အားဆေးပုလင်း ချိတ် ခိုင်းတယ် ။တခြားဘာရောဂါ ရှိလည်းမေးတော့ သွေးအားနည်းတာတော့ ရှိတယ်လို့ဖြေလိုက်ပါတယ် ။အဲတာနဲ့
ပုလင်းတလုံးချိတ်ပါတယ်  ။ညနေ5နာရီလောက်မှ ဆေးက ကုန်ပါတယ်  ။အဒေါ်က
" နင် ဒီပုံစံနဲ့ ငါ့အိမ်ဘဲလိုက်ခဲ့တော့ နင့်အိမ်မှာ နင်တယောက်ထဲ  ဖြစ်မှာ မဟုတ်ဘူး " ဆိုပြီး
ကျမကို သူ့ အိမ်ကိုခေါ်သွားပါတယ် ။

အိမ်ရောက်တော့ အိမ်ပေါ်တောင် မတက်နိုင်လို့ ကျမမောင်လေးက လာဆင်းပွေ့ခေါ်ရတဲ့ အထိကို
မူးနေတာပါ ။ကျမစိတ်ထဲ အိပ်ယာထဲဘဲ ခွေနေချင်တာ ။ ည6နာရီထိုးတော့ ကျမ အဒေါ်နောက်တယောက်ဖြစ်တဲ့ အဒေါ်အပျို ကြီးက အလုပ်ကနေအိမ်ပြန်လာပါတယ်...အဒေါ်
အပျို ကြီးကကျမကို ကြည့်ပြီးတော့ နင်ဒီပုံစံနဲ့ မရဘူးနော်..ဆေးရုံ သွားမလား မေးပါတယ်..ဆေးရုံကဆေးနဲ့ အပြင်ဆေးခန်းက ဆေး ကမတူဘူး ။ဆေးရုံကပေးတဲ့ဆေး ပိုကောင်းတယ် ..ဆေးရုံ အရေးပေါ်သွားပြမလားမေးပါတယ်။။

ကျမလည်း ပြောရရင် ဆေးရုံကိုကြောက်တာလည်းပါသလို... ဆေးသောက်ရင် သက်သာနိုင်တာကို
ဆေးရုံမှာ နေနေရမှာကို ကြောက်တာလည်း ပါတာပေါ့ .။မသွားဘူးဆိုပြီး ငြင်းထားတာ .
ဆေးခန်းကပေးလိုက်တဲ့ဆေး မသောက်ခင် အစာတခုခုစားလိုက်ဆိုပြီး ကျမအဒေါ် ကဆန်ပြု တ်
 ပြု တ်ပေးတယ် ။ အသီးစားချင်တယ်ဆိုတော့ အသီးခွဲပေးတယ်...ကျမစိတ်ထဲ အသီးဘဲစားချင်နေတာ
အသီးယူစားပြီးဆေး သောက်တယ်..စိတ်ထဲ မူးနေတာနဲ့ အိပ်ယာထဲဘဲ ခွေနေမိတာ ။

စားပီးဘယ်လောက်မှမကြာဘူး ။ရင်ထဲပျို့ တက်လာတဲ့ခံစားချက်နဲ့ အတူ စားထားသမျှ အကုန်အန်ထွက်
တော့တာပါဘဲ ။နောက်ဆုံးတော့ ကျမအဒေါ်ရဲ့ ဆုံးဖြတ်ချက် အတိုင်း 慈濟醫院 ( Tzu Chi General Hospital) ရဲ့ အရေးပေါ်ဌာနကို ည 9နာရီမှာ ရောက်ခဲ့ပါတော့သည် ။

ဆေးရုံရောက်တော့ ဘာဖြစ်တာလည်း ဘယ်လိုစဖြစ်တာလည်း မတည့်တဲ့ဆေးဘာဆေးရှိလည်း
တရစပ်မေးပါတယ်.. လူကိုလည်း ဖောက်လိုက်တဲ့ သွေး ... နိုင်ငံခြားခရီးပြန်လာတာ နှစ်ရက်ဘဲ
ရှိသေးတယ်ဆိုတော့ ..ဆရာဝန်တွေက ခေတ်စားနေတဲ့ နောက်ဆုံးပေါ် တုတ်ကွေး ရောဂါဖြစ်နေမှာကို
သံသယရှိနေကြတာပါ ။ လာကြည့်တဲ့ ဆရာဝန်က ကျမကို မေးတယ်..ဘာရောဂါလည်းတဲ့  ကျမလည်း သူ့ကိုပြန်မေးတယ်..ကျမရဲ့ အခုအခြေအနေက ဘာဖြစ်နေတာလည်းလို့ ..
ကျမ ခေါင်းတောင်မထူနိုင်လောက်အောင် မူးတယ်..တကိုယ်လုံးကိုက်နေတယ် ..အန်ချင်တယ် ..
အဖျားရှိနေတယ်.. အဲတာဘာဖြစ်နေတာလည်း တုတ်ကွေးဖြစ်တာလား  တခြားရောဂါ လားလို့မေးတော့
ဆေးစစ်ထားတဲ့ အဖြေတွေရမှ ဘာဆိုတာပြောနိုင်မယ်တဲ့ ..ကျမလည်းသူ့ကိုပြန်ပြောတယ်...
ဆရာဝန်တွေတောင် ဆေးစစ်ထားတဲ့ အဖြေရမှ သိနိုင်မယ်ဆိုရင် ကျမက ဆရာဝန်မဟုတ်ဘူး ။
အခုဘာဖြစ်နေလည်း ကျမဘယ်လိုပြောနိုင်မှာလည်းလို့ ။ကျမခံစားနေရတာတွေကိုဘဲပြောပြတတ်မှာပေါ့
ဘာရောဂါဆိုတာတော့ ကျမဘယ်လိုသိမလည်းလို့  ။

ဝေဒနာ ခံစားနေရပါတယ်ဆိုမှ ဘာဖြစ်နေလည်း လို့လာမေးတဲ့သူကိုဘယ်လိုတုံ့ပြန်ရမလည်း ။
ဆရာဝန်တယောက်အနေနဲ့ လူနာအခြေအနေကို သုံးသပ်နိုင်ရမှာပေါ့ ။သူက ဘာဖြစ်တာလည်း
လို့ မေးနေတာဘယ်လိုဖြေရမလည်း  ဘာဖြစ်မှန်းသိရအောင် ကျမကဆရာဝန်မှ မဟုတ်တာလေ။
အဲဒီဆရာဝန်ကို အထင်သေးစော်ကားလိုစိတ်နဲ့ ဒီလိုရေးတာမဟုတ်ပါဘူး...
ကျမကလူနာတယောက်အနေနဲ့ ဝေဒနာခံစားနေရချိန် ခံစားချက်ကိုရေးလိုက်တာပါ ။

ဆေးရုံ ရောက်ပြီး တနာရီနီးပါးလောက်မှာ ကျမကို စစ်ထားသမျှ ဆေးစစ်ချက်အဖြေ တွေ
ချက်ခြင်းထွက်လာပါတယ် ။ ကျမကို စစ်ထားသမျှ စာရွက်တွေကို ကိုင်ပြီးနောက်ထပ်ဆရာဝန်တယောက်
ထပ်ရောက်လာပါတယ်  ။ဒီတခါလာတဲ့ ဆရာဝန်ကတော့ ခပ်ထက်ထက် ပုံစံ ။ ကိုင်လာတဲ့ စာရွက်တွေကို
ဘာရောဂါစစ်ထားတယ်..အိုကေတယ်..ဘာအတွက်စစ်ထားတယ်..အိုကေတယ်ဆိုပြီး
တရွက်ပြီးတရွက် ဖတ်ပြပြီး...ကျမကိုချောင်းဆိုးလားလို့ မေးတယ်...ကျမ အဲဒီအချိန်တုန်းက ချောင်း
သိပ်မဆိုးပါဘူး  ကိုယ်ပူခေါင်းမူးနေတာ တကိုယ်လုံးကိုက်နေတာဘဲ ခံစားနေရတာ ..ချောင်းမဆိုး
ဘူးလို့ပြန်ဖြေတော့ ..ဆရာဝန်က "နင်အဆုတ်ရောင်နေတယ်..ဓါတ်မှန် ထဲမှာ ညာဘက် အဆုတ်အောက်ပိုင်းမှာ
  အဖြူ ရောင်အကွက်လိုက်တောင် ဖြစ်နေတယ် ။အင်္ဂလိပ်လိုဆိုရင် နမိုးနီးယား လို့ ခေါ်တယ်။
နောက်ပြီး  နင့်သွေးထဲမှာ သွေးဖြူ ဥသိပ်များနေတယ်... သွေးဖြူ ဥအရေအတွက်က25000 တောင်ကျော်နေတယ်......သွေးပေါင် အရမ်းကျနေတယ် ။
အပေါ်သွေး 70 အောက်သွေး55 ဘဲရှိတယ် ။အဲဒီအတွက်ဆေးရုံ တက်ရမယ် ဆေးရုံတက်ဖို့စာရွက်စာတန်းတွေ ဖြည့်ပါ " ဆိုပြီး ကျမကိုပြောလည်းပြော
ဘေးကနပ်စ်မကိုလည်းဆေးပြောင်းမယ်ဆိုပြီး ပြောပြီး ထွက်သွားပါတယ်။

အရေးပေါ်ဌာနက ဆရာဝန်ဆိုတာ အခုဆရာဝန်လို ဖြစ်နေရမယ် ။တခုခုဆို တိတိကျကျ ပြောနိုင်
ဆုံးဖြတ်နိုင်ရမယ် ။သူတို့ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရမှာ ။လူနာကိုဘာဖြစ်နေတာလည်းလို့
ပြန်မေးတဲ့ဆရာဝန်ကကျမအမြင်ပေါ့လေ... အရေးပေါ်ဌာနနဲ့ မအပ်စပ်လှပါဘူး ။ကျမလို ရိုးရိုးဖျားနာလို့ရောက်လာတဲ့သူက ကိစ္စမရှိလှပေမဲ့ တကယ်ကို  အသက်လုရမဲ့ ရောဂါအခြေအနေနဲ့ရောက်လာတဲ့သူအတွက်က
တခုခုဆို ဘာလုပ်ပေးရမယ်ဆိုပြီး ချက်ခြင်းဆုံးဖြတ်ပေးတဲ့ ဆရာဝန်သာ အကောင်းဆုံးပါ ။

နောက်တော့ နပ်စ်မက သွင်းထားတဲ့ဆေးပိုက်တွေချက်ခြင်းဖြုတ်ပြီး နောက်ထပ်ဆေးအသစ်
သွင်းပါတယ် ။အဝါရောင်ပုလင်းအပုလေးတွေ သုံးပုလင်း ယူလာပြီး တပုလင်း ပြီး တပုလင်း
ချိတ်ထားတဲ့ ဆေးပိုက်ထဲကို ထည့်သွားပါတယ် ။နောက်ပြီး လက်မှာတပ်ထားတဲ့ အပ်ကနေလည်း
ထိုးဆေးပုလင်းတွေ ဖောက်ပြီး လေးမျိုးလောက်ရှိမယ် ..ထိုးပေးသွားပါတယ်။

ဆေးတွေအကုန်ပြောင်းသွင်းပြီးသွားတဲ့ အချိန်မှာ ကျမကိုလည်း အရေးပေါ်ဌာနရဲ့ တခြားခုတင် နေရာကို ပြောင်းပေးပါတယ် ။A03 ဆိုတဲ့ ခုတင်နေရာပါ ။
ကဲ....ကျမရဲ့ ဆေးရုံ တက်ရတဲ့ ခရီးကာလ လေးစပါပြီ ။နိုင်ငံခြားရောက်ပြီး 7နှစ်အတွင်း
ပထမဆုံးအတွေ့ အကြုံ သစ်တခုပါဘဲ ။အထိတ်တလန့်နဲ့ ဆေးရုံ ခုတင်ပေါ်လဲလျောင်းနေခဲ့ရတဲ့ည  ...
ဆေးထိုးပိုက်တန်းလန်းနဲ့ သူများနိုင်ငံ သူများ ဘာသာစကား တွေရဲ့ အလည်မှာ ဝေဒနာသည် အဖြစ်
ဖြတ်သန်းခဲ့ရတဲ့ ည..ဆေးရုံ အရေးပေါ်ဌာနဆိုတဲ့ အတိုင်း ဝေဒနာပေါင်းစုံနဲ့ ရောက်လာတဲ့လူနာ
တွေရဲ့  ညည်းညူ သံတွေ ကြားထဲမှာ အားငယ်ခြင်းများစွာနဲ့  တိတ်တဆိတ် မျက်ရည်ကျခဲ့ရတဲ့ ည ...
ကျမအတွက်ဘဝရဲ့ အမှတ်တရ အဖြစ်တခုပါဘဲ  ။

ပစ်ပစ်
Am  3:00
20.3.2015

17 March 2015

အနက်နဲ့အဖြူ

Posted by blackroze at Tuesday, March 17, 2015 0 comments


အနက်ရောင် နဲ့ အဖြူ ရောင်
လူအတော်များများ ဟာအရောင်တွေထဲမှာ အနက်နဲ့ အဖြူ ရောင်ကို သဘောကျနှစ်သက်ကြတာ များပါတယ် ။ကျမဆိုရင်လည်းအကျီဝယ်ဖြစ်တဲ့အခါများမှာအနက်သို့ မဟုတ်
အဖြူ ရောင်ကို ရွေးချယ်ဖြစ်တာများတယ် ။ ပြောရရင်တော့ ပွဲတက် ဝတ်စုံ အရောင် တွေမှာ လည်း အနက်နဲ့ အဖြူ ဟာဦးစားပေးအဆင့်မှာ ရှိပါတယ် ။ အနောက်တိုင်း မင်္ဂလာအခမ်းအနားမှာ အနက်ရောင်နဲ့ အဖြူ ရောင်ကို ဝတ်ဆင်ကြတာ များတယ် ။

နောက်တခုကတော့ ဒီအရောင်နှစ်ခုဟာ ဘယ်အရောင်နဲ့ မဆိုတွဲ ဖက် ဝတ်လို့ အဆင်ပြေတာလည်း ပါတာပေါ့လေ ။အနက်က မှောင်မည်းခြင်း  သိပ်သည်းခြင်း  ထုထည်ကြီးမားခြင်း ကိုဖော်ဆောင်တယ်လို့ ခံစားမိသည်။ အနက်ရောင်ကိုဝတ်ဆင်လိုက်တဲ့အခါ လူအများက  သွယ်လျသွားတယ်လို့ ခံစားမိတတ်ကြသည်။ ဒါ့အပြင် အနက်ရောင်က အစွန်းအထင်းခံတယ် ။အပေအတေခံတယ် လို့လည်း သတ်မှတ်ကြပြန်သည် ။ဒီအတွက်ကြောင့်လည်း အနက်ကို ရွေးချယ်ဝတ်ဆင်တတ်ကြသည် ။

ကျမစိတ်ထဲမှာ တော့ အနက်နဲ့ပတ်သက်ပြီး ခံစားမိတဲ့ တခုက အနက်က ခိုင်ခံခြင်းဆိုတာကိုပါ ။အနက်ကို ခိုင်ခံခြင်းလို့ ခံစားမိတာကတော့ ကျမရဲ့ ခံစားချက်တခုပေါ့ ။ဘယ်သူကမှတော့ အနက်ရောင်က ခိုင်ခံခြင်း အသွင်ကိုဆောင်တယ်လို့တော့ မပြောထားပါဘူး ။ညဘက်မှောင်မည်းနေတဲ့ လောကတခွင်ကို တိတ်ဆိတ်စွာ ထိုင်ကြည့်ဖူးကြလား ။
ကျမကတော့ မှောင်မည်းနေတဲ့ နေရာတခုကို ကြည့်ပြီး အဲဒီအမှောင်ထဲမှာဘာတွေ ရှိနေနိုင်လည်း..
ဘာတွေဖြစ်နေနိုင်မလည်း..ဆိုတာ မှန်းဆ ကြည့်ရတာလည်း  အရသာ တမျိုး လို့ ထင်မိသည် ။
ဘာကိုမှမမြင်နိုင် မည်းမည်းမှောင်နေတဲ့ အနေအထားက ထိတ်လန့်စရာတော့ ကောင်းပါတယ် ။
မကောင်းမှု့တွေလည်း အလွယ် တကူ ဖြစ်ပွားနိုင်ပါတယ် ။ဒါကြောင့် လူတွေဟာ အနက်ရောင်ကို နှစ်သက်တတ်ကြပေမဲ့  အနက်နဲ့တထပ်ထဲ ထပ်တူကျတဲ့ အမှောင်ဆိုတဲ့အရာကိုတော့မကြိုက်ကြပါဘူး ။


 တချို့သော မကောင်းမှု့တွေကို အမှောင်ဆိုတဲ့ အရာနဲ့လည်း တင်စားကြတတ်သည် ။အရောင်နဲ့ ပတ်သက်လာရင်သာ အနက်ရောင်ဆိုတာကို အကျီ ကာလာ အဖြစ်ကြိုက်ကြပေမဲ့  ....လောကရဲ့ အနေအထား..ဆုံးဖြတ်ချက်တွေ... သတ်မှတ်ချက်တွေအရ ... မကောင်းတဲ့ အရာ.... မကောင်းတဲ့ ကိစ္စ ...မကောင်းမှု့ တော်တော်များများ ကိုအမှောင် လို့ သတ်မှတ်ကြတဲ့အတွက် အမှောင်ဆိုတာကို မကြိုက်ကြပါဘူး ။အနက်နဲ့ အမှောင်က မည်းတာခြင်းတူပေမဲ့ အနက်ကိုတော့ လက်ခံကြတယ် ။ အမှောင်ဆိုတာကို လက်မခံချင်ကြဘူး။ အသားအရောင်နဲ့ပတ်သတ်လာရင်လည်း အနက်ရောင်ကိုသာ အကျီအရောင်အဖြစ်ဝတ်ရင်ဝတ်မယ် ။ အသားမည်းတာကို မကြိုက်ကြဘူး ။အသားမမည်းအောင် နည်းမျိုး စုံနဲ့ လုပ်ကြတယ် ။

အဖြူ ရောင်နဲ့ ပတ်သက်တာကျတော့ လူတိုင်းက အကြွင်းမဲ့ ကြိုက်တာများပါတယ် ။အဖြူ ရောင်ကို သန့်ရှင်းတယ် ..စင်ကြယ်တယ်...လို့လည်း  လက်ခံကြသည် ။အဖြူ ရောင်နဲ့ ပတ်သက်လာရင် အရောင် လေးက စွတ်စွတ်ဖြူ နေတာဘဲ လှလိုက်တာဆိုတာမျိုး ။ လူရဲ့ အသားရောင်နဲ့ ပတ်သတ်ပြီးတော့လည်း အသားလေးက ဖြူ နှစ် နေတာဘဲ ဖြူ ဝင်းနေတာဘဲ လှလိုက်တာဆိုတာမျိုး ။အသားဖြူ တာကို လူတိုင်းကလိုချင်ကြသည်  ။အဖြူ ရောင်ကို လက်ခံကြသည်  ။သတို့သမီး ဂါဝန်ဆိုရင်လည်း အဖြူ ရောင် အများဆုံးဝတ်ကြပါတယ်  ။ ဖြူ စင်ဝင်းပနေတဲ့ အကျီ အရောင်ရဲ့အရှိန်က လူကို ပါ ဟပ်ပြီး လှသွားစေတာမျိုး ပေါ့ ။

နောက်တခုက အဖြူ ရောင်ကို အလင်းလို့လည်းတင်စားတတ်ကြပြန်တယ်  ။တရားတဲ့ကိစ္စ မှန်ကန်တဲ့ကိစ္စ
ဖြောင့်မတ်မှန်ကန်တဲ့ အရာ  ဒါတွေအားလုံးကို အဖြူ ရောင်နဲ့ တင်စားတတ်ကြပြန်သည် ။
သိုင်းဝတ္တု စာအုပ်တွေထဲမှာတောင် မကောင်းတဲ့ သိုင်းသမားတွေကို အနက်ရောင် သိုင်းသမားလို့
သတ်မှတ်ပြီး မှန်ကန်တဲ့ ကောင်းတဲ့ သိုင်းသမားတွေကိုတော့ အဖြူ ရောင် သိုင်းသမားလို့
သတ်မှတ်ကြသည် ။ဒါက သတ်မှတ်ချက်အရ ရေးထားတာကိုပြောပြတာပါ ။ အဖြူ နဲ့ အနက် ခွဲခြားမှု့ကို
ပြောချင်တာပါ ။အဖြူ ဆိုရင် ကောင်းတဲ့အနေအထားကို သတ်မှတ်ကြပြီး အနက်ကို မကောင်းအနေအထား
သတ်မှတ်ကြတတ်သည်။

ဒါပေမဲ့ အဖြူ ဆိုတဲ့ အရောင်မှာလည်း အားနည်းချက်တော့ ရှိပါသည် ။ သူက ဖြူ နေတဲ့အတွက်  နဲနဲလေးမှ
အစွန်းအထင်းမခံတာမျိုး ပါ။အကျီလျှော်ရင်းနဲ့ ဖြစ်စေ ..လှန်းထားရင်းနဲ့ ဖြစ်စေ... အရောင်တခုခုနဲ့ ထိသွားရင်အဖြူ က စွန်းသွားတတ်ပါသည် ။ အရောင်က အဖြူ ဖြစ်တဲ့အတွက် အစွန်းသေးသေးလေး
ဖြစ်နေပါစေဦး  ထင်းထင်းကြီးပေါ်လွင်နေတတ်သည် ။

အဲလိုပါဘဲ ကိုယ်က ကိုယ့် ဘဝကို ဖြူ တဲ့ အရောင်လို့ သတ်မှတ်ထားခဲ့ရင်..
ကိုယ်က ကိုယ့်ဘာသာကိုယ် အဖြူ ရောင်ပါလို့ သတ်မှတ်ထားခဲ့ရင်  ...
လူတွေကို ကျနော်  ..ကျမက အဖြူ ရောင်ပါ မှန်ကန်တဲ့သူပါ မဟုတ်တာ လုပ်ဖူးတဲ့သူ မဟုတ်ပါဘူးလို့ ကြွေးကြော်ထားခဲ့ဖူးရင်  ...
တခြားအရောင်တွေနဲ့ မထိကပ်မိအောင်  တခြားအရောင်တွေရဲ့ စွန်းထင်းမှု့ မခံရလေအောင် ဂရုစိုက်ပါ ။အဖြူ မှာ အစွန်းသေးသေးလေးက အစ ထင်းနေအောင် ပေါ်တတ်လို့ပါ ။

တချို့ သော လူတွေက ကိုယ့်ဘာသာတော့ အဖြူ ထည်လေးပါလို့ သတ်မှတ်ကြပြီး
 မဟုတ်တဲ့ ဇာတ်လမ်းး မျိုး ကိုတော့ ခိုးလုပ်တတ်ကြသည် ။လူရှေ့သူရှေ့ မှာတော့ အဖြူ ပေါ့ ။ကွယ်ရာ ဇာတ်လမ်းမှာတော့ မှောင်ထဲကမင်းသမီး...မင်းသားတွေ ဖြစ်လို့။ကျမသူတို့ကိုမေးခွန်းတခုတော့
 မေးချင်ပါသည်။အဖြူ လို့အမည်ခံထားပီး ဒီလို လူသိမခံရဲတဲ့ ကိစ္စတွေကို လုပ်တဲ့အတွက် ကိုယ့် လိပ်ပြာ ကိုယ်လုံရဲ့လား ဆိုတာပါ ။လူဆိုတာ သူများကို ညာလို့ရပေမဲ့ ကိုယ့်ဘာသာကိုယ်တော့ ဘယ်တော့မှ ညာလို့ မရပါဘူး ။ကိုယ်လုပ်ခဲ့တာ  ဘာလည်း... ကိုယ့်လုပ်ရပ်က ဘာလည်း ဆိုတာ ကိုယ်တိုင်သိနေလို့ပါဘဲ ။  အဲဒီအသိတခုက ကိုယ်မသေမချင်း ကိုယ်စီမှာရှိနေမှာမို့လို့ပါ ။

တချို့ကတော့ မဟုတ်တာလည်း လုပ်သည် ။အဖြူ ရောင်ပါလို့လည်း မကြွေးကြော်ဘူး ။ ကိုယ့်ဇာတ်ကိုယ်က  နေသူများဆိုပါတော့ ။တချို့ သော သူတွေကတော့ အဖြူ ပါလို့ ကြွေးကြော်တယ်...ဒါပေမဲ့ အမှောင်
ဇာတ်လမ်းလေးတွေလည်း တိတ်တိတ်ပုန်းခင်းထားတတ်ကြသည် ။

တကယ်ဖြူ ချင်ရင် ကိုယ်ဖန်တီးရတဲ့ ဘဝမှာ ဖြူ အောင်နေလို့ရပါတယ် ။
အဖြူ အနက် ဆိုတာ တကယ်တော့ သတ်မှတ်ချက်တခုပါဘဲ  ။လုပ်ရပ်တခုကို အကဲဖြတ်ပြီး သတ်မှတ်တဲ့
အရောင် ကို ရိုးသားစွာ ရွေးချယ်ပါ ။  ရိုးသားစွာ တည်ဆောက်ပါ ။လှည့်ဖြားခြင်းတွေနဲ့ လူတွေရဲ့ သတ်မှတ်ချက်ကို မလိုချင်နဲ့ ။လူတိုင်းကတော့ အဖြူ ထည်ဆိုတဲ့ သတ်မှတ်ချက်ကို နှစ်သက်ကြသည် ။
ဒါပေမဲ့ ကိုယ်က တကယ်ကို အပြစ်ကင်းတဲ့ အဖြူ လား  လှည့်စားဖုံးကွယ်မှု့ လွှမ်းခြုံ ထားတဲ့ အဖြူ လားဆိုတာတော့ ကိုယ်တိုင်သာလျှင် အသိဆုံးပါ ။

ကိုယ့်ဘာသာကိုယ် အဖြူ ပါလို့ သတ်မှတ်လို့ ရပါသည် ။ဒါပေမဲ့ အစွန်းအထင်း  မခံရအောင်တော့ ကိုယ့်ဘာသာကိုယ်ဂရုစိုက်သင့်ပါသည် ။အဖြူ ဆိုတဲ့ အရောင်ဟာ  အစက်လေး
သေးသေးလေး စွန်းသွားပြီဆိုတာနဲ့ သိသိသာသာ  တန်ဖိုးကျသွားတတ်လို့ပါ ။အကျီ အဖြူ ရောင်လေး
တထည်ဟာ သောင်းဂဏန်း တန်နေပါစေဦးတော့ ...အဲဒီအကျီဟာ  အစွန်းတခုခု ပေသွားပြီ ဆိုရင်
ဘယ်သူက သောင်းဂဏန်းပေးပြီးဝယ်မှာလည်း  ..နောက်ထပ်အစွန်းအထင်းလွတ်ကင်းတဲ့ တကယ်ဖြူ တဲ့ တထည်ကိုဘဲ ရွေးချယ်တော့မှာ မဟုတ်ဘူးလား.. ။။။
စစ်မှန်တဲ့ဖြူ စင်ခြင်းနဲ့ ဘဝကို အရောင်ခြယ်နိုင်ကြပါစေ ။

ပစ်ပစ်
Pm 5:48
17.3.2015


photo credit ---google


02 January 2015

အစွဲ

Posted by blackroze at Friday, January 02, 2015 1 comments
လူတကိုယ်အစွဲတမျိုးစီရှိတတ်ကြသည် ။ ကိုးကွယ်ယုံကြည်မှု့ ဓလေ့ အားဖြင့်သော်လည်းကောင်း
နေထိုင်စားသောက်မှု့ ပုံစံပေါ်မှာသော်လည်းကောင်း ကိုယ်ပိုင်ဆိုင်သောပစ္စည်းဥစ္စာ များပေါ်မှာလည်းကောင်း  အစွဲလေးတွေရှိတတ်ကြသည် ။

မနက်တိုင်းကော်ဖီလေးသောက်လိုက်ရမှ အာသာပြေသလိုလိုရှိတာ ဆိုတာမျိုး..
မနက်ဘက်ကို မြန်မာမုန့်လေးဘဲစားချင်တာ..ဘယ်ဆိုင်က အသုတ်လေးကိုဘဲစားနေကြဆိုတာမျိုး..
ဒါက ကိုယ်စားသောက်နေကြ အရာလေးတွေနဲ့ ပတ်သက်ပြီး အစွဲထားမိတာမျိုးပေါ့ ။

တချို့တွေကျတော့ ကိုယ်သုံးစွဲနေကြပစ္စည်းတခုကိုအစွဲထားတတ်ကြသည် ။
ဆပ်ပြာဆို ဘာတံဆိပ်လေးသုံးမှ  ....နှုတ်ခမ်းနီဆို ဘာအမျိုးအစားသုံးရမှ(Loreal ..Revlon ..တခုခုပေါ့ ) နာရီကိုလည်း ဘယ်အမျိုးစား မှ ပတ်ချင်တာတို့ ကားဆိုလည်း ဘယ်ကားဆိုအကြိုက်ဆုံးဘဲဆိုတာတို့..
အဲလိုအစွဲတွေအများကြီးရှိတတ်သည် ။

တချို့တွေကျတော့ ကိုယ့်စည်းစိမ်ဥစ္စာ သားသမီး ခင်ပွန်းသည် ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို
အစွဲကြီးတတ်ကြသည် ။အစွဲတကာ့အစွဲတွေထဲမှာ ဒီအစွဲက ကြောက်စရာ အကောင်းဆုံးဘဲ  ..။
စွဲလန်းခြင်းတခုရှိနေတယ်ဆိုကထဲက  ကိုယ့်အတွက် ထိခိုက်မှု့အနည်းအများဆိုတာကတော့ ရှိနေတာပါဘဲ  ။မနက်တိုင်းကော်ဖီ သောက်ရမှ ဆိုတဲ့သူက ကော်ဖီမသောက်ရတဲ့ မနက်တွေဆို
တခုခု လိုနေသလိုလိုကသိကအောက်ဖြစ်နေမှာဘဲလေ ။အဲတာက  ကိုယ်စားသောက်နေတဲ့ အရာတခု
အပေါ် စွဲလန်းနေမိတာလေ ။ ခပ်သေးသေးစွဲလန်းမှု့ပေါ့ ။ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု့နဲ့ ပတ်သက်လာတဲ့
စွဲလန်းမှု့ကြတော့  သိပ်ကြောက်ဖို့ ကောင်းသွားပြီ ။ကိုယ်သေရင် ဒီပစ္စည်းတွေက ယူသွားလို့ မရတဲ့
အရာတွေ ..ကိုယ့်ရဲ့ သားသမီး ဇနီးခင်ပွန်း သည် တွေကိုလည်းခေါ်သွားလို့မရတဲ့ အခြေအနေမှာ
စွဲလန်းနေရင်  အဆုံးသတ်ခရီးက သိပ်ကြောက်ဖို့ကောင်းသွားပြီ ။

လူဆိုတာကလည်း အမြဲထာဝရ ရှင်သန်နေတာမှ မဟုတ်တာ ။တချိန်မှာ ခန္ဓာချု ပ်ငြိမ်းခြင်းဆိုတဲ့
နောက်ဆုံးဘူတာကရောက်စမြဲမို့  ဒီစွဲလန်းနေတဲ့ အစွဲတွေကို မဖျောက်နိုင်ဘူးဆိုရင်  ဒါမှမဟုတ်
ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းနိုင်ဘူးဆိုရင် အစွဲက သေသည်အထိ ပါသွားမှာ အသေအချာပါ။

သေဆုံးပြီးတဲ့နောက်ပိုင်း စွဲလန်းနေတဲ့ အရာတွေနားမှာ တလည်လည်နဲ့ဆို မကျွတ်မလွတ်တဲ့
 ဘဝတခုကို ချက်ခြင်းဆိုသလို ကူးပြောင်းသွားတော့တာပါဘဲ ။

ကိုယ့်စိတ်ထဲစွဲနေတဲ့ အစွဲကို  ဘယ်သူမှ ချွတ်လို့မရဘူး..ကိုယ့်ဘာသာ စိတ်ထားတတ်အောင်
ကြိုးစားမှ ..ပြောရရင်တော့ ကိုယ့်အစွဲ ကို ကိုယ်ဘဲ ချွတ်လို့ရတယ်... သူများက
"" အရာတခုကိုစွဲလန်းနေတယ်ဆိုတာမကောင်းဘူး... တခုခုဆို စွဲနေတဲ့စိတ်ကြောင့် မကောင်းတဲ့ဘဝ
တခုကို ရောက်သွားတတ်တယ်ဆိုပြီး "" ဘယ်လောက်ဘဲပြောပြ ပြောပြ ကိုယ်တိုင်က အဲဒီအစွဲကို
တသသ နဲ့ ဆက်လက်စွဲနေရင်လည်း ပြောသမျှ အလကားဘဲ ။

ကိုယ်တိုင်က ... "" ငါဒီလိုစွဲလန်းမှု့ကို ထားနေရင်  ငါကိုယ်တိုင် အသက်ရှိနေတဲ့ အချိန်မှာက
ကိစ္စမရှိဘူး..ကိုယ်တိုင် လှုပ်ရှားလို့ရတယ်..ငါစိတ်ကြိုက်ဖန်တီးလို့ရတယ်  ..ငါ့မျက်စိအောက်မှာ
ထားလို့ရတယ် ..ဒါပေမဲ့ ငါမရှိတော့တဲ့ တနေ့ ဒါတွေအားလုံးကို ထားခဲ့ရမှာ  ..အဲဒီအချိန်မှာ
ငါ ရဲ့ စိတ်ကို ဘယ်လိုထားမှ ငါအတွက် အကူးအပြောင်းကောင်းမှာလည်းဆိုတာလည်း
 စဉ်းစားသင့်တယ် ။""

လူဆိုတာသေမျိုး ကြီးပါဘဲ ..တနေ့ အားလုံးဒီခရီးဆုံးကို ရောက်ကြမှာပါ ။တချို့က သက်တမ်းစေ့နေရတယ် ။တချို့က သက်တမ်းတိုတိုလေးဘဲနေရတယ်  ။ဒါပဲကွာတာပါ ။သွားရမှာတော့
လူတိုင်းသွားရမှာပါဘဲ ။ကိုယ်သွားမဲ့ ခရီးကို ကိုယ့်ဘာသာ ပြင်ဆင်သင့်တယ်နော် ။

အသက်ရှင်သန်နေတဲ့ အချိန်က တန်ဖိုး အရှိဆုံးဘဲ ။ဘာဖြစ်ချင်လည်း  ကိုယ်တိုင် လုပ်လို့ရတယ် ။
ဘယ်သွားချင်လည်း ကိုယ်တိုင်သွားလို့ရတယ်  ။ဘာပြောချင်လည်း ကိုယ်တိုင် ပြောလို့ရတယ် ။
ကိုယ်တိုင်ဆောင်ရွက်လို့ရတဲ့ အနေအထားက အကောင်းဆုံးဘဲ ။အရှင်းဆုံးပြောရရင် ကိုယ်မအားလို့
တခြားတယောက်ကို လုပ်ခိုင်းရတဲ့ ကိစ္စတခုက ကိုယ်တိုင်လုပ်တာလောက် စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။
အကောင်းဆုံးက ကိုယ်တနေ့မှာ သွားကိုသွားရမဲ့ ခရီးအတွက် လိုအပ်တာတွေကို တဖြည်းဖြည်း
ချင်း ပြင်ဆင် စုဆောင်းသင့်တယ်။သယ်သွားလို့မရနိုင်တဲ့ အရာတွေကို စွဲလန်းနေတာထက်
သယ်သွားလို့ရတဲ့ အရာတွေကို သာ နိုင်သလောက်ယူသွားရမှာပါ ။

အစွဲဆိုတာနဲ့ပတ်သက်ပြီး တရားတော်တွေ တိုင်းမှာ  ပါ ပါတယ် ။မစွဲကောင်းတဲ့ အရာတွေကို
စွဲလန်းနေမိလို့ ဘဝကူးမကောင်းခဲ့တာ တွေနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဟောကြားထားတာတွေ
အများကြီးရှိပါတယ် ။လူဆိုတာက ရှင်သန်နေချိန်မှာ လူ့လောကထဲ အသက်ရှင်နေထိုင်တတ်ဖို့
လိုသလို  သေတဲ့အခါမှာလည်း သေတတ်ဖို့လိုပါတယ် ။သေစဉ်အချိန်အခါမှာ ပိုင်ဆိုင်တာတွေ စွဲနေလို့
မိသားစုကိုစွဲနေလို့  ဒီနေရာတခုမှာဘဲ တလည်လည် နဲ့ဖြစ်နေရတဲ့ဘဝဆိုးကိုတော့ ဘယ်သူမှ
လိုချင်မယ်မထင်ပါဘူး ။ဒါပေမဲ့ မသေခင် ဒါတွေကို စိတ်မချ ဖြစ်နေ..  ငါ့ပစ္စည်း  ငါ့ ဥစ္စာ..
ငါပိုင်တာတွေ ဆိုပြီး ဖြစ်နေခဲ့ရင်တော့ အကူးအပြောင်းက  လှမှာမဟုတ်တော့ပါဘူး ။

ကျန်ခဲ့တဲ့ မိသားစုက သိတတ်တဲ့ မိသားစုဆိုတော်သေးပါရဲ့  ။ အမေ  အဖေ ဒါမှမဟုတ်လည်း
ခင်ပွန်း ဇနီး  ပေါ့ ..  သေဆုံးသွားတဲ့သူက ပစ္စည်းအစွဲကြီးမှန်းသိလို
မကျွတ်မလွတ် ဖြစ်နေမှာဆိုးလို့ အမျှအတန်းဝေ  အလှုအတန်း များများ လုပ်ပေး
အခါအခွင့်သင့်သလို  လှုဒါန်းပေးတတ်  အမျှ ဝေတတ်တဲ့ သူတွေဆို     တော်သေးတယ် ။
အဲလိုမဟုတ်ဘဲ ...  သေသွားတာနဲ့ ကျန်ခဲ့ပစ္စည်းတွေ ကို နင်တပုံ ငါတပုံ ခွဲခြမ်း ပြီးတာနဲ့
သေသွားတဲ့ သူကို သတိတောင် မရတတ်တော့တဲ့သူတွေဆို သွားပြီ ။.
သေတဲ့ သူကတော့ သူ့ပစ္စည်းတွေကို စွဲလန်းနေ ။ ကျန်တဲ့သူကလည်း ပစ္စည်းတွေသာ
ခွဲခြမ်းယူလိုက်ကြတာဘဲ ရှိသည် ။အလှုအတန်းဒါနလေး ဆက်ပေးဖို့ သတိမရကြတဲ့သူတွေဆိုရင်
သေတဲ့သူက ဘယ်လိုဘဝမျိုး ဖြစ်နေမလည်း စဉ်းစားကြည့်ရုံနဲ့ ကြက်သီးထစရာပါ ။

ကိုယ်တိုင် လုပ်နိုင်တဲ့အချိန်မှာ ယူသွားလို့ရတဲ့ ကုသိုလ်ကောင်းမှု့ကို  ကိုယ်တိုင်လုပ်ခဲ့တာ အကောင်းဆုံးပါ ။ " ဖိနပ်နဲ့ရေဘူးမပါရင် နွေခါမှ သိလိမ့်မယ်..ဒါနနဲ့ သီလမပါရင် သေခါမှ သိလိမ့်မယ်.."
ဆိုတဲ့ စကားလေးတောင် ရှိပါတယ်  ။ဒါန  ..သီလ ဘာဝနာ ဆိုတာ လူတကိုယ်မှာ ရှိကောင်းတဲ့
အရာတွေပါ ။ ကိုယ်လှုဒါန်းခဲ့တဲ့ ..ကိုယ်ဆောက်တည်ခဲ့တဲ့ ဒါန သီလ ဘာဝနာ ဒါတွေကို စွဲနေခြင်းကသာလျှင် ကောင်းသော ကူးပြောင်းခြင်းတခုကိုရောက်ရှိမှာပါ ။

ငါ ပိုင်တာ..ငါ့ ဟာ..ငါ့ ပစ္စည်းဆိုတာတွေကို စွဲနေခဲ့ရင်တော့ ဘယ်နေရာဆိုတာ တွေးကြည့်ရုံနဲ့တင်
ကြောက်ဖို့ကောင်းလှပါသည် ။တကယ်တမ်းစေ့စေ့တွေးကြည့်ရင်  ကျမတို့တွေ ပိုင်ဆိုင်ပါတယ်
ဆိုတဲ့ ခန္ဓာကိုယ်ကြီးတောင် တချိန်မှာ မီးရှို့ပြာဖြစ် မြေကြီးထဲရောက်ရသေးတာဘဲ...။
ပျက်စီးမှာကြောက်လွန်းလို့ တသသနဲ့ နှစ်ပေါင်းများစွာ ပိုးမွေးသလိုမွေး စားချင်တာတွေ စားစေ
ဆိုပြီး ကျွေးထား ...ရောဂါဖြစ်မှာဆိုးလို့  ဆေးသေချာကုပေးနဲ့ နှစ်ပေါင်းများစွာတိုင်အောင်
ပြုစု စောင့်ရှောက်လာတဲ့  ( ကိုယ်ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အရာတွေတောင် မဟုတ်ဘူးနော်..)
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတောင်  တနေ့မှာ မြေကြီးအောက်ပို့လိုက်ရတာဘဲ ..အဲဒီတော့တခြား
အရာတွေဆိုတာ စွဲလန်းနေဖို့ မလိုလှပါဘူး ။

စိတ်ထားတတ်ဖို့ အလိုအပ်ဆုံးပါ ။စိတ်ကိုပြုပြင် ထိန်းသိမ်းဖို့ဆိုတာလည်း service center
ပို့သလို  ပို့လို့ရတာမှ မဟုတ်တာ ။ကိုယ်တိုင်ထိန်းသိမ်း ပြု ပြင်မှ သာလျှင် ကောင်းမည်  ဆိုသလိုပေါ့ ။
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင် ဖို့ အရေးကြီးဆုံးပါဘဲ ။အသီးမှာတောင်မှ စားလို့ရတဲ့ အသီးး
စားလို့မရတဲ့ အသီးဆိုပြီး ခွဲခြားထားတာရှိပါသည် ။စွဲလန်းခြင်းဆိုတာနဲ့ပတ်သက်လာရင်လည်း
စိတ်ထဲ စွဲကောင်းတဲ့ အစွဲ ...စိတ်ထဲမစွဲကောင်းတဲ့ အစွဲဆိုပြီး ကိုယ်တိုင်ခွဲခြားတတ်ဖို့လိုပါသည် ။
ဒါပေမဲ့လည်း စိတ်ဆိုတာကလည်း ကိုင်တွယ်စမ်းသပ်လို့ မရတဲ့အရာဆိုတော့ ထိန်းချု ပ်ဖို့ဆိုတာလည်း
တော်တော် ခက်လှသည် ။ အပြောလွယ်ပေမဲ့အလုပ်ကြတော့ ဘယ်အရာမဆိုခက်တာကြီးပါဘဲ ။
ကျမကိုယ်တိုင်လည်း အစွဲကင်းအောင် ကြိုးစားနေဆဲ ..  ... ။။။။။။

ပစ်ပစ်
Am 3:57
1.1.2015

(2015 အတွက် ပထမဦးဆုံး အက်ဆေးလေးပါ ..အမှန်ဆို မတင်ချင်သေးဘူး..နဲနဲထပ်ရေးချင်သေးတာ
ဒါပေမဲ့ 2014 အဆုံးနဲ့ 2015 အစကို အမှတ်တရ ဖြစ်အောင် တည တပုဒ်စီ တင်လိုက်တာ )




 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei