ကျမ ဆေးရုံ တက်စဉ်ကာလမှာ အရုပ်လေးတရုပ် ပိုင်ရှင် မဲ့သွားတာ ကြုံ ဆုံ ခဲ့ရပါသည် ။
ကျမ နေမကောင်းဖြစ်ပြီး ဆေးရုံ တက်ရမယ်ဆိုပြီး လူနာခန်း စောင့်နေစဉ်မှာ အရေး ပေါ်ဌာနရဲ့ ခုတင်အမှတ် A03 မှာ တည နေခဲ့ရပါသည် ။ ညဦးပိုင်းကတော့ ကိုယ့်ဝေဒနာနဲ့ကိုယ်ဆိုတော့
ဘေးခုတင်က ဘယ်သူဆိုတာ သတိလည်းမထားမိခဲ့ဘူး ။မနက်လေးနာရီ လောက်ထင်ပါရဲ့
ကျမချောင်းတွေတအားဆိုးလာပါတယ် ။အဲဒီအချိန်မှာ ဘေးကုတင်က အသက် 60ကျော်လောက်ရှိမဲ့
လူကြီးတယောက်ကကျမအဒေါ်ကို လှမ်းမေးပါတယ်။ သူကဘာဖြစ်တာလည်း
" တုပ်ကွေး လား... ရိုးရိုးဖျားတာလား ..ချောင်းဆိုးနေတယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းကိုmask နဲ့ အုပ်ထားနော်"ဆိုပြီး ပြောပါတယ် ။ ဘာရောဂါနဲ့ ဆေးရုံရောက်လာလည်းဆိုတာတော့ မသိပါဘူး ။
အိမ်ကမိသားစု လူနာစောင့်တွေလည်း မတွေ့ပါဘူး ။သူတယောက်ထဲပါဘဲ ။
ကျမလည်းစကားဆက်မပြောချင်လို့ ဟုတ်ကဲ့ .. နှာခေါင်းနဲ့ ပါးစပ် အုပ်တဲ့ ဟာလေး ဝယ်ပြီးအုပ်ထားလိုက်မယ် လို့ပြန်ပြောလိုက်သည် ။ သူကတော့ သူ့ဘာသာသူ တယောက်ထဲ
အိပ်နေလိုက် ခဏလောက်နေရင် သူ့ကိုဆေးသွင်းထားတဲ့ပိုက်ချိတ်ထားတဲ့ တိုင်ကို သူ့ဘာသာ
ကိုင်ပြီး ထထွက်သွားလိုက်နဲ့ .. လာစောင့်ပေးတဲ့မိသားစုဝင်တွေလည်း မရှိပါဘူး ။ ခုတင်ခေါင်းရင်းမှာ လိမော်သီး တထုပ်ချိတ်ထားပြီး လိမ်မော်သီးစားလိုက် အိပ်လိုက်နဲ့ တယောက်ထဲဘဲနေ နေတာပါ ။
သူ့ကြည့်ရတာလက်မှု့ ပညာတော့တတ်ပုံရတယ် ။ သူ့စီမှာ ခဲရောင်လို ခပ်ပျော့ပျော့ အလုံးတလုံး
တွေ့တယ် ။ဘာအလုံးလည်းတော့ မသိဘူး ။ ကျမတို့ငယ်ငယ်တုန်းက ဂျုံ အလုံးတွေနဲ့ အရုပ်လေးတွေ
လုပ်သလိုပေါ့ ။အဲလိုမျိုး လုပ်လို့ရတဲ့ ဟာလေးပေါ့ ။အဲဒီလူကြီးကတော့ သူ့ဘာသာသူ
တယောက်ထဲ လှဲနေရင်း အဲဒီ အလုံးလေးကို ပြားလိုက် ဖိလိုက်နဲ့ အရုပ်လေး တွေလုပ်နေတာ ။
ရှေးခေတ်သိုင်းကားတွေထဲက သိုင်းသမားတွေကိုင်တဲ့ ဓါးပုံစံကို အမျိုးမျိုး လုပ်ကြည့်နေတာ ။
သူလုပ်တဲ့ဓါးလေးတွေက လက်ရာလည်း မြောက်ပါတယ် ။ ဓါး အတို ဓါးအရှည် နောက်ပြီး လှံ
သေနတ် အဲလိုအရုပ်လေး တခုလုပ်လိုက် ပြီးရင် ပြန်လုံးလိုက် နောက်အရုပ်လေးတခုပြန်လုပ်လိုက်နဲ့
သူတယောက်ထဲဘဲ ...။
မနက်လင်းတော့လည်း လာကြည့်တဲ့သူလည်းမတွေ့ ပါဘူး။ သူတယောက်ထဲဘဲ လှဲလိုက်
ထလိုက်နဲ့ နေနေတာ ။နောက်တော့ကျမလည်း သူ့ကို သတိမထားမိတာ့ဘူး ။ ကိုယ့်ဝေဒနာနဲ့
ကိုယ် ဆိုတော့ ဘယ်သူကိုမှ သတိမထားမိဘူး ။ကျမအဒေါ်က တော့ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်ပေါ့ ။
အရေးပေါ်ခန်းကနေ ဆေးရုံတက်ရမဲ့ လူနာ အခန်းတွေကို မနက် 8နာရီမှာ စပြောင်းပေးပါတယ် ။
တယောက်ပြီးတယောက် နံပါတ်စဉ်အလိုက်နဲ့ ကိုယ်တက်ရမဲ့ အခန်းကို ပြောင်းပေးတာပေါ့ ။
ကျမအပေါ်ထပ်လူနာအခန်းမပြောင်းခင် အချိန်လေးမှာဘဲ ။နပ်စ်မတွေရော ဆရာဝန်တွေရော
ဝရုန်းသုန်းကားနဲ့ ဖြစ်ကုန်ပါတယ်..လူနာတယောက် ဝက်ရူး ပြန်သလိုတက်ပြီး လဲကျသွားလို့ပါ
ကျမကတော့ခုတင်ပေါ် လှဲနေတဲ့သူဆိုတော့ အသံတွေဘဲကြားနေရတာပေါ့ ။အဒေါ်လုပ်တဲ့သူကတော့
ဘာလည်းဆိုပြီး ထသွားကြည့်ပါသည် ။
ပြန်လာတော့ " ဘေးခုတင်က လူကြီး ဖြစ်တာသမီးရဲ့ ..ပါးစပ်ထဲကလည်း အမြှုပ်တွေ ထွက်လို့ဟဲ့ ။
ဘယ်လိုဖြစ်တာလည်း မသိဘူး.. သနားပါတယ် ။သူ့အရုပ်လေးတောင် ဒီတိုင်းကျကျန်ခဲ့တယ် " ဆိုပြီး
လာပြောပြပါတယ် ။
အဲဒီအချိန်မှာဘဲ ကျမလည်း နေရမဲ့ လူနာအခန်း နံပါတ်ရပြီမို့ ဆေးရုံဝန်ထမ်းတဦးက ကျမ ခုတင်ကို
အပေါ်ထပ်ကို ပြောင်းပေးဖို့ ဓါတ်လှေကားစီကို တွန်းသွားပါသည် ။စောနက ဘေးကုတင်က လူကြီး
လဲကျသွားတဲ့ နေရာလောက်ကို ရောက်တော့ ကျမ အနားပတ်ဝန်းကျင်ကိုကြည့်မိတယ် ။
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အရုပ်ဓါးသေးသေးလေးတချောင်း..... ။။အမည်းရောင် ဓါးလေးတချောင်းက
ပိုင်ရှင်မဲ့စွာနဲ့ဆေးရုံကြမ်းပြင်ပေါ်မှာ .... .... .... ။
အဲဒီဓါးလေးကို မြင်တော့ ရင်ထဲမွန်းကျပ်လွန်းလို့ မျက်စိမှိတ်ပြီးအသက်ပြင်းပြင်းရှိုက်မိတယ် ။
မနက်စောစော ပေါင်မုန့်တို့ကိတ်မုန့်တို့ စားရမဲ့အချိန်မှာ ရှိတဲ့လိမ်မော်သီးဘဲ အခွံခွာစားနေတဲ့ အသက်60ကျော် အဘိုးကြီးတယောက်ကို မြင်ယောင်လာမိသည် ။
အဆုတ်ရောင်နေလို့လား..ဒါမှမဟုတ် ခံစားချက်ကြောင့်လားမသိပါဘူး...
ရင်ဘတ်ထဲအောင့်ခနဲဖြစ်သွားတဲ့ ခံစားချက်..စူးခနဲအောင့်သွားတဲ့ နာကျင်မှု့နဲ့ အတူ မျက်ရည်လည်လာမိသည်။
စိုစွတ်လာတဲ့ မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်မိတော့ တဖြည်းဖြည်းနဲ့ဝေး....ဝေး ကျန်ခဲ့တဲ့
ကြမ်းပြင်ပေါ်က အရုပ်ဓါးလေးကို ခပ်ရေးရေးလေးတွေ့နေရတယ် ။
နေရာအနှံအပြားက ဆေးရုံတွေမှာ အခုလိုဘဲ ပိုင်ရှင်မဲ့သွားတဲ့ အရုပ်လေးတွေ ဘယ်လောက်တောင်
ရှိနေမလည်းမသိနိုင်ပါဘူး ။အသက်ကြီးလာတဲ့အချိန်မှာ မိသားစုမရှိတဲ့ တကိုယ်ရည် တကာယ
သမားဖြစ်လို့ ပြု စု စောင့်ရှောက်မဲ့ သူ မရှိနိုင်တာလည်း ဖြစ်နိုင်သလို ။
မိသားစုရှိရဲ့သားနဲ့ တာဝန် မယူကြလို့ တကိုယ်တည်း နေနေရတဲ့ သူလည်း ဖြစ်နိုင်ပါတယ် ။
ဆေးရုံကြီးကလည်း ကောင်းပါရဲ့...
ဆေးတွေကလည်း ကောင်းပါရဲ့...
ခေတ်မှီကိရိယာ တွေနဲ့ တခုခုဆို နာရီပိုင်းနဲ့တင် စစ်ဆေးလို့လည်းရပါရဲ့ ...
ဒါပေမဲ့ မေတ္တာတရားဆိုတဲ့ နွေးထွေးမှု့က ခပ်ရှားရှား .... နိုင်ငံခြားဆိုတာ အဲလိုမျိုး များလား .... ။။။။။။
ပစ်ပစ်
Pm 5:55
4.4.2015

0 comments:
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..