လူတကိုယ်အစွဲတမျိုးစီရှိတတ်ကြသည် ။ ကိုးကွယ်ယုံကြည်မှု့ ဓလေ့ အားဖြင့်သော်လည်းကောင်း
နေထိုင်စားသောက်မှု့ ပုံစံပေါ်မှာသော်လည်းကောင်း ကိုယ်ပိုင်ဆိုင်သောပစ္စည်းဥစ္စာ များပေါ်မှာလည်းကောင်း အစွဲလေးတွေရှိတတ်ကြသည် ။
မနက်တိုင်းကော်ဖီလေးသောက်လိုက်ရမှ အာသာပြေသလိုလိုရှိတာ ဆိုတာမျိုး..
မနက်ဘက်ကို မြန်မာမုန့်လေးဘဲစားချင်တာ..ဘယ်ဆိုင်က အသုတ်လေးကိုဘဲစားနေကြဆိုတာမျိုး..
ဒါက ကိုယ်စားသောက်နေကြ အရာလေးတွေနဲ့ ပတ်သက်ပြီး အစွဲထားမိတာမျိုးပေါ့ ။
တချို့တွေကျတော့ ကိုယ်သုံးစွဲနေကြပစ္စည်းတခုကိုအစွဲထားတတ်ကြသည် ။
ဆပ်ပြာဆို ဘာတံဆိပ်လေးသုံးမှ ....နှုတ်ခမ်းနီဆို ဘာအမျိုးအစားသုံးရမှ(Loreal ..Revlon ..တခုခုပေါ့ ) နာရီကိုလည်း ဘယ်အမျိုးစား မှ ပတ်ချင်တာတို့ ကားဆိုလည်း ဘယ်ကားဆိုအကြိုက်ဆုံးဘဲဆိုတာတို့..
အဲလိုအစွဲတွေအများကြီးရှိတတ်သည် ။
တချို့တွေကျတော့ ကိုယ့်စည်းစိမ်ဥစ္စာ သားသမီး ခင်ပွန်းသည် ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို
အစွဲကြီးတတ်ကြသည် ။အစွဲတကာ့အစွဲတွေထဲမှာ ဒီအစွဲက ကြောက်စရာ အကောင်းဆုံးဘဲ ..။
စွဲလန်းခြင်းတခုရှိနေတယ်ဆိုကထဲက ကိုယ့်အတွက် ထိခိုက်မှု့အနည်းအများဆိုတာကတော့ ရှိနေတာပါဘဲ ။မနက်တိုင်းကော်ဖီ သောက်ရမှ ဆိုတဲ့သူက ကော်ဖီမသောက်ရတဲ့ မနက်တွေဆို
တခုခု လိုနေသလိုလိုကသိကအောက်ဖြစ်နေမှာဘဲလေ ။အဲတာက ကိုယ်စားသောက်နေတဲ့ အရာတခု
အပေါ် စွဲလန်းနေမိတာလေ ။ ခပ်သေးသေးစွဲလန်းမှု့ပေါ့ ။ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု့နဲ့ ပတ်သက်လာတဲ့
စွဲလန်းမှု့ကြတော့ သိပ်ကြောက်ဖို့ ကောင်းသွားပြီ ။ကိုယ်သေရင် ဒီပစ္စည်းတွေက ယူသွားလို့ မရတဲ့
အရာတွေ ..ကိုယ့်ရဲ့ သားသမီး ဇနီးခင်ပွန်း သည် တွေကိုလည်းခေါ်သွားလို့မရတဲ့ အခြေအနေမှာ
စွဲလန်းနေရင် အဆုံးသတ်ခရီးက သိပ်ကြောက်ဖို့ကောင်းသွားပြီ ။
လူဆိုတာကလည်း အမြဲထာဝရ ရှင်သန်နေတာမှ မဟုတ်တာ ။တချိန်မှာ ခန္ဓာချု ပ်ငြိမ်းခြင်းဆိုတဲ့
နောက်ဆုံးဘူတာကရောက်စမြဲမို့ ဒီစွဲလန်းနေတဲ့ အစွဲတွေကို မဖျောက်နိုင်ဘူးဆိုရင် ဒါမှမဟုတ်
ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းနိုင်ဘူးဆိုရင် အစွဲက သေသည်အထိ ပါသွားမှာ အသေအချာပါ။
သေဆုံးပြီးတဲ့နောက်ပိုင်း စွဲလန်းနေတဲ့ အရာတွေနားမှာ တလည်လည်နဲ့ဆို မကျွတ်မလွတ်တဲ့
ဘဝတခုကို ချက်ခြင်းဆိုသလို ကူးပြောင်းသွားတော့တာပါဘဲ ။
ကိုယ့်စိတ်ထဲစွဲနေတဲ့ အစွဲကို ဘယ်သူမှ ချွတ်လို့မရဘူး..ကိုယ့်ဘာသာ စိတ်ထားတတ်အောင်
ကြိုးစားမှ ..ပြောရရင်တော့ ကိုယ့်အစွဲ ကို ကိုယ်ဘဲ ချွတ်လို့ရတယ်... သူများက
"" အရာတခုကိုစွဲလန်းနေတယ်ဆိုတာမကောင်းဘူး... တခုခုဆို စွဲနေတဲ့စိတ်ကြောင့် မကောင်းတဲ့ဘဝ
တခုကို ရောက်သွားတတ်တယ်ဆိုပြီး "" ဘယ်လောက်ဘဲပြောပြ ပြောပြ ကိုယ်တိုင်က အဲဒီအစွဲကို
တသသ နဲ့ ဆက်လက်စွဲနေရင်လည်း ပြောသမျှ အလကားဘဲ ။
ကိုယ်တိုင်က ... "" ငါဒီလိုစွဲလန်းမှု့ကို ထားနေရင် ငါကိုယ်တိုင် အသက်ရှိနေတဲ့ အချိန်မှာက
ကိစ္စမရှိဘူး..ကိုယ်တိုင် လှုပ်ရှားလို့ရတယ်..ငါစိတ်ကြိုက်ဖန်တီးလို့ရတယ် ..ငါ့မျက်စိအောက်မှာ
ထားလို့ရတယ် ..ဒါပေမဲ့ ငါမရှိတော့တဲ့ တနေ့ ဒါတွေအားလုံးကို ထားခဲ့ရမှာ ..အဲဒီအချိန်မှာ
ငါ ရဲ့ စိတ်ကို ဘယ်လိုထားမှ ငါအတွက် အကူးအပြောင်းကောင်းမှာလည်းဆိုတာလည်း
စဉ်းစားသင့်တယ် ။""
လူဆိုတာသေမျိုး ကြီးပါဘဲ ..တနေ့ အားလုံးဒီခရီးဆုံးကို ရောက်ကြမှာပါ ။တချို့က သက်တမ်းစေ့နေရတယ် ။တချို့က သက်တမ်းတိုတိုလေးဘဲနေရတယ် ။ဒါပဲကွာတာပါ ။သွားရမှာတော့
လူတိုင်းသွားရမှာပါဘဲ ။ကိုယ်သွားမဲ့ ခရီးကို ကိုယ့်ဘာသာ ပြင်ဆင်သင့်တယ်နော် ။
အသက်ရှင်သန်နေတဲ့ အချိန်က တန်ဖိုး အရှိဆုံးဘဲ ။ဘာဖြစ်ချင်လည်း ကိုယ်တိုင် လုပ်လို့ရတယ် ။
ဘယ်သွားချင်လည်း ကိုယ်တိုင်သွားလို့ရတယ် ။ဘာပြောချင်လည်း ကိုယ်တိုင် ပြောလို့ရတယ် ။
ကိုယ်တိုင်ဆောင်ရွက်လို့ရတဲ့ အနေအထားက အကောင်းဆုံးဘဲ ။အရှင်းဆုံးပြောရရင် ကိုယ်မအားလို့
တခြားတယောက်ကို လုပ်ခိုင်းရတဲ့ ကိစ္စတခုက ကိုယ်တိုင်လုပ်တာလောက် စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။
အကောင်းဆုံးက ကိုယ်တနေ့မှာ သွားကိုသွားရမဲ့ ခရီးအတွက် လိုအပ်တာတွေကို တဖြည်းဖြည်း
ချင်း ပြင်ဆင် စုဆောင်းသင့်တယ်။သယ်သွားလို့မရနိုင်တဲ့ အရာတွေကို စွဲလန်းနေတာထက်
သယ်သွားလို့ရတဲ့ အရာတွေကို သာ နိုင်သလောက်ယူသွားရမှာပါ ။
အစွဲဆိုတာနဲ့ပတ်သက်ပြီး တရားတော်တွေ တိုင်းမှာ ပါ ပါတယ် ။မစွဲကောင်းတဲ့ အရာတွေကို
စွဲလန်းနေမိလို့ ဘဝကူးမကောင်းခဲ့တာ တွေနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဟောကြားထားတာတွေ
အများကြီးရှိပါတယ် ။လူဆိုတာက ရှင်သန်နေချိန်မှာ လူ့လောကထဲ အသက်ရှင်နေထိုင်တတ်ဖို့
လိုသလို သေတဲ့အခါမှာလည်း သေတတ်ဖို့လိုပါတယ် ။သေစဉ်အချိန်အခါမှာ ပိုင်ဆိုင်တာတွေ စွဲနေလို့
မိသားစုကိုစွဲနေလို့ ဒီနေရာတခုမှာဘဲ တလည်လည် နဲ့ဖြစ်နေရတဲ့ဘဝဆိုးကိုတော့ ဘယ်သူမှ
လိုချင်မယ်မထင်ပါဘူး ။ဒါပေမဲ့ မသေခင် ဒါတွေကို စိတ်မချ ဖြစ်နေ.. ငါ့ပစ္စည်း ငါ့ ဥစ္စာ..
ငါပိုင်တာတွေ ဆိုပြီး ဖြစ်နေခဲ့ရင်တော့ အကူးအပြောင်းက လှမှာမဟုတ်တော့ပါဘူး ။
ကျန်ခဲ့တဲ့ မိသားစုက သိတတ်တဲ့ မိသားစုဆိုတော်သေးပါရဲ့ ။ အမေ အဖေ ဒါမှမဟုတ်လည်း
ခင်ပွန်း ဇနီး ပေါ့ .. သေဆုံးသွားတဲ့သူက ပစ္စည်းအစွဲကြီးမှန်းသိလို
မကျွတ်မလွတ် ဖြစ်နေမှာဆိုးလို့ အမျှအတန်းဝေ အလှုအတန်း များများ လုပ်ပေး
အခါအခွင့်သင့်သလို လှုဒါန်းပေးတတ် အမျှ ဝေတတ်တဲ့ သူတွေဆို တော်သေးတယ် ။
အဲလိုမဟုတ်ဘဲ ... သေသွားတာနဲ့ ကျန်ခဲ့ပစ္စည်းတွေ ကို နင်တပုံ ငါတပုံ ခွဲခြမ်း ပြီးတာနဲ့
သေသွားတဲ့ သူကို သတိတောင် မရတတ်တော့တဲ့သူတွေဆို သွားပြီ ။.
သေတဲ့ သူကတော့ သူ့ပစ္စည်းတွေကို စွဲလန်းနေ ။ ကျန်တဲ့သူကလည်း ပစ္စည်းတွေသာ
ခွဲခြမ်းယူလိုက်ကြတာဘဲ ရှိသည် ။အလှုအတန်းဒါနလေး ဆက်ပေးဖို့ သတိမရကြတဲ့သူတွေဆိုရင်
သေတဲ့သူက ဘယ်လိုဘဝမျိုး ဖြစ်နေမလည်း စဉ်းစားကြည့်ရုံနဲ့ ကြက်သီးထစရာပါ ။
ကိုယ်တိုင် လုပ်နိုင်တဲ့အချိန်မှာ ယူသွားလို့ရတဲ့ ကုသိုလ်ကောင်းမှု့ကို ကိုယ်တိုင်လုပ်ခဲ့တာ အကောင်းဆုံးပါ ။ " ဖိနပ်နဲ့ရေဘူးမပါရင် နွေခါမှ သိလိမ့်မယ်..ဒါနနဲ့ သီလမပါရင် သေခါမှ သိလိမ့်မယ်.."
ဆိုတဲ့ စကားလေးတောင် ရှိပါတယ် ။ဒါန ..သီလ ဘာဝနာ ဆိုတာ လူတကိုယ်မှာ ရှိကောင်းတဲ့
အရာတွေပါ ။ ကိုယ်လှုဒါန်းခဲ့တဲ့ ..ကိုယ်ဆောက်တည်ခဲ့တဲ့ ဒါန သီလ ဘာဝနာ ဒါတွေကို စွဲနေခြင်းကသာလျှင် ကောင်းသော ကူးပြောင်းခြင်းတခုကိုရောက်ရှိမှာပါ ။
ငါ ပိုင်တာ..ငါ့ ဟာ..ငါ့ ပစ္စည်းဆိုတာတွေကို စွဲနေခဲ့ရင်တော့ ဘယ်နေရာဆိုတာ တွေးကြည့်ရုံနဲ့တင်
ကြောက်ဖို့ကောင်းလှပါသည် ။တကယ်တမ်းစေ့စေ့တွေးကြည့်ရင် ကျမတို့တွေ ပိုင်ဆိုင်ပါတယ်
ဆိုတဲ့ ခန္ဓာကိုယ်ကြီးတောင် တချိန်မှာ မီးရှို့ပြာဖြစ် မြေကြီးထဲရောက်ရသေးတာဘဲ...။
ပျက်စီးမှာကြောက်လွန်းလို့ တသသနဲ့ နှစ်ပေါင်းများစွာ ပိုးမွေးသလိုမွေး စားချင်တာတွေ စားစေ
ဆိုပြီး ကျွေးထား ...ရောဂါဖြစ်မှာဆိုးလို့ ဆေးသေချာကုပေးနဲ့ နှစ်ပေါင်းများစွာတိုင်အောင်
ပြုစု စောင့်ရှောက်လာတဲ့ ( ကိုယ်ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အရာတွေတောင် မဟုတ်ဘူးနော်..)
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတောင် တနေ့မှာ မြေကြီးအောက်ပို့လိုက်ရတာဘဲ ..အဲဒီတော့တခြား
အရာတွေဆိုတာ စွဲလန်းနေဖို့ မလိုလှပါဘူး ။
စိတ်ထားတတ်ဖို့ အလိုအပ်ဆုံးပါ ။စိတ်ကိုပြုပြင် ထိန်းသိမ်းဖို့ဆိုတာလည်း service center
ပို့သလို ပို့လို့ရတာမှ မဟုတ်တာ ။ကိုယ်တိုင်ထိန်းသိမ်း ပြု ပြင်မှ သာလျှင် ကောင်းမည် ဆိုသလိုပေါ့ ။
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင် ဖို့ အရေးကြီးဆုံးပါဘဲ ။အသီးမှာတောင်မှ စားလို့ရတဲ့ အသီးး
စားလို့မရတဲ့ အသီးဆိုပြီး ခွဲခြားထားတာရှိပါသည် ။စွဲလန်းခြင်းဆိုတာနဲ့ပတ်သက်လာရင်လည်း
စိတ်ထဲ စွဲကောင်းတဲ့ အစွဲ ...စိတ်ထဲမစွဲကောင်းတဲ့ အစွဲဆိုပြီး ကိုယ်တိုင်ခွဲခြားတတ်ဖို့လိုပါသည် ။
ဒါပေမဲ့လည်း စိတ်ဆိုတာကလည်း ကိုင်တွယ်စမ်းသပ်လို့ မရတဲ့အရာဆိုတော့ ထိန်းချု ပ်ဖို့ဆိုတာလည်း
တော်တော် ခက်လှသည် ။ အပြောလွယ်ပေမဲ့အလုပ်ကြတော့ ဘယ်အရာမဆိုခက်တာကြီးပါဘဲ ။
ကျမကိုယ်တိုင်လည်း အစွဲကင်းအောင် ကြိုးစားနေဆဲ .. ... ။။။။။။
ပစ်ပစ်
Am 3:57
1.1.2015
(2015 အတွက် ပထမဦးဆုံး အက်ဆေးလေးပါ ..အမှန်ဆို မတင်ချင်သေးဘူး..နဲနဲထပ်ရေးချင်သေးတာ
ဒါပေမဲ့ 2014 အဆုံးနဲ့ 2015 အစကို အမှတ်တရ ဖြစ်အောင် တည တပုဒ်စီ တင်လိုက်တာ )

1 comments:
ဟုတ်တယ် ညီမလေးရေ အစွဲဆိုတာ ကိုယ်တိုင်ချွတ်ယူမှပဲ ရမယ် အသိရှိပေမယ့် လုပ်နိုင်ဖို့ တော့ မလွယ်လှဘူး.
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..