မကြာသေးခင်အချိန်က ကျမ ခရီးတခုထွက်ဖြစ်ပါတယ် ။ခရီးထွက်ရာကနေ ပြန်လာတဲ့ ကျမ
ခရီးပန်းတဲ့ဒဏ်ကြောင့်ရော ..ရာသီဥတု အပြောင်းအလဲကြောင့်ရော ထင်ပါရဲ့ ဖျားပါတော့သည် ။
အိပ်ယာကနိုးနိုးခြင်း ခေါင်းတောင် မထူနိုင်အောင် ကိုက်နေပြီး တကိုယ်လုံးလည်း မလှုပ်နိုင်အောင်
ဖြစ်နေတော့ စိတ်ထဲ တုတ်ကွေးဖြစ်ပြီလို့ဘဲထင်လိုက်တာပါ ။ဖြစ်ချင်တော့အိမ်မှာလည်း ကျမတယောက်ထဲ ။အဲတာနဲ့ ဆေးတလုံးလောက်သောက်ကြည့်ပြီး သက်သာမလားလို့ ခဏနေကြည့်
ပါသေးတယ် ။ဆေးသောက်လိုက်တဲ့ခဏတော့ချွေးတွေ ထွက်လာပေမဲ့ လူက အေးစက်စက်လို ခံစားလာရတယ် ။အထူးသဖြင့် မျက်စိထဲတဖြည်းဖြည်းထဲ ပြာလာတာပါ ။ကျမသိလိုက်ပြီ ။ဆေးခန်း
သွားပြမှ ဖြစ်တော့မယ်ဆိုတာ အိပ်ယာကတောင်မထနိုင်ဘူးဖြစ်နေတဲ့ သူကတယောက်ထဲဆေးခန်းသွားဖို့ ဆိုတာ ဘယ်လိုမှ ကိုမဖြစ်နိုင်တာ ။အဲတာနဲ့ အဒေါ်အိမ်ကို ဖုန်းဆက်ပြီး ကျမဖျားနေတယ် ဆေးခန်းပြမှ
ဖြစ်မယ် အိမ်ကိုလာခဲ့ပါ ကျမ တယောက်ထဲမသွားနိုင်ဘူးဆိုတဲ့ အကြောင်း ပြောရပါတယ် ။နောက်တော့
အလုပ်ကို ဖုန်းဆက်ရပါတယ်။ကျမ နေမကောင်းဘူးဆိုတဲ့ အကြောင်း ဆေးခန်းသွားရမလို့ ဒီနေ့အလုပ်မလာနိုင်ဘူး ဆိုတဲ့ အကြောင်းပြောပြရပါသည် ။
ကျမအဒေါ်အိမ်ကိုရောက်လာတော့ ကျမစားဖို့ စားစရာစီစဉ်ပေးတယ် ။ဒါပေမဲ့ ကျမမစားနိုင်ဘူး ။
ဆေးခန်းတွေက လည်း မနက်ကနေ နေ့လည်12အထိ ဖွင့်တယ် ။နေ့လည် 12ကနေ 3အထိ နားတယ် ။
နေ့လည် 3နာရီမှ ပြန်ဖွင့်တယ် ။အဲတာဆေးခန်းတိုင်းပါဘဲ ။ကျမ ဆေးခန်းသွားဖို့ နာရီကြည့်တော့
နေ့လည် 1နာရီမရှိတရှိ ဆေးခန်းတွေ ခဏနားတဲ့ အချိန်ပါ ။အဲတာနဲ့ဆေးခန်းဖွင့်မဲ့အချိန်ထိစောင့်ရပါတယ် ။နေ့လည် 3နာရီထိုးတော့ ကျမကို အဒေါ်က ဆေးခန်းလိုက်ပို့ပေးပါတယ် ။ဆေးခန်းရောက်တော့ သွေးပေါင်တအားကျနေတယ်တဲ့ ။
အပေါ်သွေး 80 အောက်သွေ6း0 ။
ဆရာဝန်ကတော့ သွေးပေါင်တအားကျနေတော့ အားဆေးပုလင်း ချိတ် ခိုင်းတယ် ။တခြားဘာရောဂါ ရှိလည်းမေးတော့ သွေးအားနည်းတာတော့ ရှိတယ်လို့ဖြေလိုက်ပါတယ် ။အဲတာနဲ့
ပုလင်းတလုံးချိတ်ပါတယ် ။ညနေ5နာရီလောက်မှ ဆေးက ကုန်ပါတယ် ။အဒေါ်က
" နင် ဒီပုံစံနဲ့ ငါ့အိမ်ဘဲလိုက်ခဲ့တော့ နင့်အိမ်မှာ နင်တယောက်ထဲ ဖြစ်မှာ မဟုတ်ဘူး " ဆိုပြီး
ကျမကို သူ့ အိမ်ကိုခေါ်သွားပါတယ် ။
အိမ်ရောက်တော့ အိမ်ပေါ်တောင် မတက်နိုင်လို့ ကျမမောင်လေးက လာဆင်းပွေ့ခေါ်ရတဲ့ အထိကို
မူးနေတာပါ ။ကျမစိတ်ထဲ အိပ်ယာထဲဘဲ ခွေနေချင်တာ ။ ည6နာရီထိုးတော့ ကျမ အဒေါ်နောက်တယောက်ဖြစ်တဲ့ အဒေါ်အပျို ကြီးက အလုပ်ကနေအိမ်ပြန်လာပါတယ်...အဒေါ်
အပျို ကြီးကကျမကို ကြည့်ပြီးတော့ နင်ဒီပုံစံနဲ့ မရဘူးနော်..ဆေးရုံ သွားမလား မေးပါတယ်..ဆေးရုံကဆေးနဲ့ အပြင်ဆေးခန်းက ဆေး ကမတူဘူး ။ဆေးရုံကပေးတဲ့ဆေး ပိုကောင်းတယ် ..ဆေးရုံ အရေးပေါ်သွားပြမလားမေးပါတယ်။။
ကျမလည်း ပြောရရင် ဆေးရုံကိုကြောက်တာလည်းပါသလို... ဆေးသောက်ရင် သက်သာနိုင်တာကို
ဆေးရုံမှာ နေနေရမှာကို ကြောက်တာလည်း ပါတာပေါ့ .။မသွားဘူးဆိုပြီး ငြင်းထားတာ .
ဆေးခန်းကပေးလိုက်တဲ့ဆေး မသောက်ခင် အစာတခုခုစားလိုက်ဆိုပြီး ကျမအဒေါ် ကဆန်ပြု တ်
ပြု တ်ပေးတယ် ။ အသီးစားချင်တယ်ဆိုတော့ အသီးခွဲပေးတယ်...ကျမစိတ်ထဲ အသီးဘဲစားချင်နေတာ
အသီးယူစားပြီးဆေး သောက်တယ်..စိတ်ထဲ မူးနေတာနဲ့ အိပ်ယာထဲဘဲ ခွေနေမိတာ ။
စားပီးဘယ်လောက်မှမကြာဘူး ။ရင်ထဲပျို့ တက်လာတဲ့ခံစားချက်နဲ့ အတူ စားထားသမျှ အကုန်အန်ထွက်
တော့တာပါဘဲ ။နောက်ဆုံးတော့ ကျမအဒေါ်ရဲ့ ဆုံးဖြတ်ချက် အတိုင်း 慈濟醫院 ( Tzu Chi General Hospital) ရဲ့ အရေးပေါ်ဌာနကို ည 9နာရီမှာ ရောက်ခဲ့ပါတော့သည် ။
ဆေးရုံရောက်တော့ ဘာဖြစ်တာလည်း ဘယ်လိုစဖြစ်တာလည်း မတည့်တဲ့ဆေးဘာဆေးရှိလည်း
တရစပ်မေးပါတယ်.. လူကိုလည်း ဖောက်လိုက်တဲ့ သွေး ... နိုင်ငံခြားခရီးပြန်လာတာ နှစ်ရက်ဘဲ
ရှိသေးတယ်ဆိုတော့ ..ဆရာဝန်တွေက ခေတ်စားနေတဲ့ နောက်ဆုံးပေါ် တုတ်ကွေး ရောဂါဖြစ်နေမှာကို
သံသယရှိနေကြတာပါ ။ လာကြည့်တဲ့ ဆရာဝန်က ကျမကို မေးတယ်..ဘာရောဂါလည်းတဲ့ ကျမလည်း သူ့ကိုပြန်မေးတယ်..ကျမရဲ့ အခုအခြေအနေက ဘာဖြစ်နေတာလည်းလို့ ..
ကျမ ခေါင်းတောင်မထူနိုင်လောက်အောင် မူးတယ်..တကိုယ်လုံးကိုက်နေတယ် ..အန်ချင်တယ် ..
အဖျားရှိနေတယ်.. အဲတာဘာဖြစ်နေတာလည်း တုတ်ကွေးဖြစ်တာလား တခြားရောဂါ လားလို့မေးတော့
ဆေးစစ်ထားတဲ့ အဖြေတွေရမှ ဘာဆိုတာပြောနိုင်မယ်တဲ့ ..ကျမလည်းသူ့ကိုပြန်ပြောတယ်...
ဆရာဝန်တွေတောင် ဆေးစစ်ထားတဲ့ အဖြေရမှ သိနိုင်မယ်ဆိုရင် ကျမက ဆရာဝန်မဟုတ်ဘူး ။
အခုဘာဖြစ်နေလည်း ကျမဘယ်လိုပြောနိုင်မှာလည်းလို့ ။ကျမခံစားနေရတာတွေကိုဘဲပြောပြတတ်မှာပေါ့
ဘာရောဂါဆိုတာတော့ ကျမဘယ်လိုသိမလည်းလို့ ။
ဝေဒနာ ခံစားနေရပါတယ်ဆိုမှ ဘာဖြစ်နေလည်း လို့လာမေးတဲ့သူကိုဘယ်လိုတုံ့ပြန်ရမလည်း ။
ဆရာဝန်တယောက်အနေနဲ့ လူနာအခြေအနေကို သုံးသပ်နိုင်ရမှာပေါ့ ။သူက ဘာဖြစ်တာလည်း
လို့ မေးနေတာဘယ်လိုဖြေရမလည်း ဘာဖြစ်မှန်းသိရအောင် ကျမကဆရာဝန်မှ မဟုတ်တာလေ။
အဲဒီဆရာဝန်ကို အထင်သေးစော်ကားလိုစိတ်နဲ့ ဒီလိုရေးတာမဟုတ်ပါဘူး...
ကျမကလူနာတယောက်အနေနဲ့ ဝေဒနာခံစားနေရချိန် ခံစားချက်ကိုရေးလိုက်တာပါ ။
ဆေးရုံ ရောက်ပြီး တနာရီနီးပါးလောက်မှာ ကျမကို စစ်ထားသမျှ ဆေးစစ်ချက်အဖြေ တွေ
ချက်ခြင်းထွက်လာပါတယ် ။ ကျမကို စစ်ထားသမျှ စာရွက်တွေကို ကိုင်ပြီးနောက်ထပ်ဆရာဝန်တယောက်
ထပ်ရောက်လာပါတယ် ။ဒီတခါလာတဲ့ ဆရာဝန်ကတော့ ခပ်ထက်ထက် ပုံစံ ။ ကိုင်လာတဲ့ စာရွက်တွေကို
ဘာရောဂါစစ်ထားတယ်..အိုကေတယ်..ဘာအတွက်စစ်ထားတယ်..အိုကေတယ်ဆိုပြီး
တရွက်ပြီးတရွက် ဖတ်ပြပြီး...ကျမကိုချောင်းဆိုးလားလို့ မေးတယ်...ကျမ အဲဒီအချိန်တုန်းက ချောင်း
သိပ်မဆိုးပါဘူး ကိုယ်ပူခေါင်းမူးနေတာ တကိုယ်လုံးကိုက်နေတာဘဲ ခံစားနေရတာ ..ချောင်းမဆိုး
ဘူးလို့ပြန်ဖြေတော့ ..ဆရာဝန်က "နင်အဆုတ်ရောင်နေတယ်..ဓါတ်မှန် ထဲမှာ ညာဘက် အဆုတ်အောက်ပိုင်းမှာ
အဖြူ ရောင်အကွက်လိုက်တောင် ဖြစ်နေတယ် ။အင်္ဂလိပ်လိုဆိုရင် နမိုးနီးယား လို့ ခေါ်တယ်။
နောက်ပြီး နင့်သွေးထဲမှာ သွေးဖြူ ဥသိပ်များနေတယ်... သွေးဖြူ ဥအရေအတွက်က25000 တောင်ကျော်နေတယ်......သွေးပေါင် အရမ်းကျနေတယ် ။
အပေါ်သွေး 70 အောက်သွေး55 ဘဲရှိတယ် ။အဲဒီအတွက်ဆေးရုံ တက်ရမယ် ဆေးရုံတက်ဖို့စာရွက်စာတန်းတွေ ဖြည့်ပါ " ဆိုပြီး ကျမကိုပြောလည်းပြော
ဘေးကနပ်စ်မကိုလည်းဆေးပြောင်းမယ်ဆိုပြီး ပြောပြီး ထွက်သွားပါတယ်။
အရေးပေါ်ဌာနက ဆရာဝန်ဆိုတာ အခုဆရာဝန်လို ဖြစ်နေရမယ် ။တခုခုဆို တိတိကျကျ ပြောနိုင်
ဆုံးဖြတ်နိုင်ရမယ် ။သူတို့ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရမှာ ။လူနာကိုဘာဖြစ်နေတာလည်းလို့
ပြန်မေးတဲ့ဆရာဝန်ကကျမအမြင်ပေါ့လေ... အရေးပေါ်ဌာနနဲ့ မအပ်စပ်လှပါဘူး ။ကျမလို ရိုးရိုးဖျားနာလို့ရောက်လာတဲ့သူက ကိစ္စမရှိလှပေမဲ့ တကယ်ကို အသက်လုရမဲ့ ရောဂါအခြေအနေနဲ့ရောက်လာတဲ့သူအတွက်က
တခုခုဆို ဘာလုပ်ပေးရမယ်ဆိုပြီး ချက်ခြင်းဆုံးဖြတ်ပေးတဲ့ ဆရာဝန်သာ အကောင်းဆုံးပါ ။
နောက်တော့ နပ်စ်မက သွင်းထားတဲ့ဆေးပိုက်တွေချက်ခြင်းဖြုတ်ပြီး နောက်ထပ်ဆေးအသစ်
သွင်းပါတယ် ။အဝါရောင်ပုလင်းအပုလေးတွေ သုံးပုလင်း ယူလာပြီး တပုလင်း ပြီး တပုလင်း
ချိတ်ထားတဲ့ ဆေးပိုက်ထဲကို ထည့်သွားပါတယ် ။နောက်ပြီး လက်မှာတပ်ထားတဲ့ အပ်ကနေလည်း
ထိုးဆေးပုလင်းတွေ ဖောက်ပြီး လေးမျိုးလောက်ရှိမယ် ..ထိုးပေးသွားပါတယ်။
ဆေးတွေအကုန်ပြောင်းသွင်းပြီးသွားတဲ့ အချိန်မှာ ကျမကိုလည်း အရေးပေါ်ဌာနရဲ့ တခြားခုတင် နေရာကို ပြောင်းပေးပါတယ် ။A03 ဆိုတဲ့ ခုတင်နေရာပါ ။
ကဲ....ကျမရဲ့ ဆေးရုံ တက်ရတဲ့ ခရီးကာလ လေးစပါပြီ ။နိုင်ငံခြားရောက်ပြီး 7နှစ်အတွင်း
ပထမဆုံးအတွေ့ အကြုံ သစ်တခုပါဘဲ ။အထိတ်တလန့်နဲ့ ဆေးရုံ ခုတင်ပေါ်လဲလျောင်းနေခဲ့ရတဲ့ည ...
ဆေးထိုးပိုက်တန်းလန်းနဲ့ သူများနိုင်ငံ သူများ ဘာသာစကား တွေရဲ့ အလည်မှာ ဝေဒနာသည် အဖြစ်
ဖြတ်သန်းခဲ့ရတဲ့ ည..ဆေးရုံ အရေးပေါ်ဌာနဆိုတဲ့ အတိုင်း ဝေဒနာပေါင်းစုံနဲ့ ရောက်လာတဲ့လူနာ
တွေရဲ့ ညည်းညူ သံတွေ ကြားထဲမှာ အားငယ်ခြင်းများစွာနဲ့ တိတ်တဆိတ် မျက်ရည်ကျခဲ့ရတဲ့ ည ...
ကျမအတွက်ဘဝရဲ့ အမှတ်တရ အဖြစ်တခုပါဘဲ ။
ပစ်ပစ်
Am 3:00
20.3.2015

6 comments:
ဝက်မလေး အခုကော နေကောင်းသွားပြီလား။
၂၀ ရက်နေ့က ရေးထားတာဆိုတော့ အခုလောက်ဆို နလံထူနေလောက်ပြီ ထင်ပါတယ်။
ကျန်းမာရေးဂရုစိုက်ပါ။
အမြန်နေကောင်းကျန်းမာပါစေ။
ပစ်ေ၇ ဂရုစိုက်နော်....။
ဆုမြတ်လည်း emergencyေ၇ာက်သေးတယ်..။ ဒီလဆန်းပိုင်းကပဲ..။ emergency က ဆ၇ာဝန်တွေ ဒီမှာလည်းအတူတူပဲ ။ သိပ်မပြောနိုင်ဘူး ။ ပစ်က တစ်နာရီလောက်နဲ့ပြီးသွားတာ ကံကောင်းတယ် ။ ဆုမြတ်ကျတော့ ရှစ်နာရီတည်းက သွားတာ ည တစ်နာရီကျော်မှ အိမ်ပြန်ရောက်တယ်..။ဆေးရုံတော့မတက်ခဲ့တော့ဘူး ။ သွေးကြောရှာမရလို့ ညာဘက်လက်တစ်ချောင်းလူံး အပ်ရာဗလပွဖြစ်အောင်အထိုးခံလိုက်ရတယ်..။ ဗိုက်အောင့်လို့ဆေးခန်းသွားတာ ဆရာန်ဝန်က emergency လွှတ်..နောက်ဆုံး ဟီမိုဂလိုဗင် တော်တော်နည်းနေလို့ သွေးအားတိုးဆေးသောက်တာနဲ့ ပြီးသွားတယ်..။ ဆေးရုံဆေးခန်းဆိုတာ မသွားချင်ဆုံးနေရာပေါ့...။ ကျန်းမာရေးဂရုစိုက်နော် ပစ်ပစ်။
ပစ်ပစ်ရေ...နေကောင်းသွားပြီလား...နိုင်ငံခြားမှာ ဆေးရုံ၊ ဆေးခန်းသွားရတာကို ကိုယ်ချင်းစာမိပါတယ်...ကိုယ်လည်း အရိုးအဆစ်တွေ ကိုက်ရင် စိတ်ဘယ်လောက်တင်းထားတင်းထား မျက်ရည်ကျမိတယ်...ကျန်းမာရေးကို ဂရုစိုက်ပါနော်...
မပစ်ခုကော သက်သာသွားပြီလား။ ဆေးရုံ၊ဆေးခန်းကြောက်တာက အသူလဲတူတူပဲ။သွေးအားနည်းတတ်တာလဲ တူတယ်။အဝေးမှာ တယောက်တည်းဆေးရုံတက်ရတာ အားငယ်မှာပဲနော်။အဒေါ်တွေရှိလို့တော်သေးတယ်။ကျန်းမာရေးဂရုစိုက်နော်။ချစ်မး)
မပစ်ရေ.. ခုမှရောက်မိလို့ ဒီပို့စ်ကို တွေ့မိတာ။ ဂရုစိုက်နော်။ အစစအရာရာ။ အမြန်လုံး လန်းဆန်းကျန်းမာလာပါစေ။
အားလုံးကိုကျေး ဇူးတင်ပါတယ်နော်..
ပစ်အခုသက်သာနေပါပြီ
အလုပ်လည်းပြန်တက်နေပါပြီ ..
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..