23 October 2011

ခံစားချက်နဲ့မျက်ရည်

Posted by blackroze at Sunday, October 23, 2011


ကျမ အွန်လိုင်းရောက်တိုင်း ဘယ်သူတွေက ဘာ status တွေတင်ထားလဲ ဆိုတာအမြဲကြည့်တတ်တယ်
တင်တာတွေကတော့ အစုံပါဘဲ ။တချို့ကတော့ အချစ်နဲ့ ပတ်သတ်တာလေးတွေရေးတတ်ကြတယ်
တချို့ကတော့ဟာသလေးပေါ့ ။တချို့ကတော့လည်း ဆုံးမစာလေးတွေ တင်တတ်တယ်...အမျိုးမျိုးပါဘဲလေ။ အဲဒီအထဲကနေ ကျမသဘောကျတာလေးတွေကတော့.....။

သူငယ်ချင်းတယောက်ကတော့ အခုလိုလေးတင်ထားတယ် ။
သင့်ကိုနားလည်မှု ပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်.. သင့်ကိုနားလည်မှု မပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
ဒါဆိုကျမ လိုချင်တဲ့ ပုံစံမဟုတ်တော့ဘူးဆိုရင် သူကျမကိုမချစ်တော့ဘူးလို့သတ်မှတ်လို့ရနေပြီပေါ့နော် ။

နောက်တခုက ဗညားတင်ထားတဲ့ status လေး ပါဘဲ ။
အရှင်ဇနကာဘီဝံသ စာထဲက
လူတွေဟာ ကိုယ့်ဘာသာကိုစိတ်ချမ်းသာအောင် ပျော်အောင်မနေတတ်ရင်အဲဒီလူဟာ ပညာတတ်မဟုတ်သေးဘူးတဲ့
အဲတာလေးကိုအရမ်းသဘောကျမိတယ် ။

အဲဒီအတိုင်းဆိုရင် ကျမပညာမတတ်သေးဘူးပေါ့နော်....ကျမကိုယ့်ဘာသာပျော်အောင်မနေတတ်သေးဘူး
စိတ်ချမ်းသာအောင်လည်းမနေတတ်သေးဘူးလေ ။ကျမအသက်သာဒီအရွယ်ရောက်နေတာ တကယ်တော့ ပညာမဲ့တယောက်ပါဘဲ ။ခုချိန်ထိလည်းအဲပညာကို သင်သာသင်ချင်နေတာ တခါမှလည်းတတ်မလာတော့
ကိုယ့်ဘာကိုယ်တောင် စိတ်ပျက်မိလေရဲ့ ။ဒီဘဝ ဒီလိုဘဲသွားမလားမသိပါဘူးလေဆိုပြီး..။

တတိယ status လေးကတော့ ....
အစွယ်ကိုလဲဖုံးချင်သေးတယ် ဘီလူးပြုံးလဲပြုံးချင်သေးတယ် ....။

ဟုတ်ပါရဲ့ ။။။ဘီလူးပြုံး ပြုံးချင်မှတော့အစွယ်ဆိုတာပေါ်မှာ ကြောက်နေဖို့မလိုတော့ပါဘူးလေ။
ဘီလူးဆိုတာကလည်း အစွယ်ရှိမှ ဘီလူးပီသတာလေ ။ဘီလူးပီသချင်ရင်တော့အစွယ်ပြရဲ ရမှာပေါ့ ။။


သူငယ်ချင်းတယောက်ကလည်းပြောဖူးတယ် သူလည်းဆရာတော်တွေရေးတဲ့ စာအုပ်ထဲက ဖတ်ပြီး ပြန်ပြောပြတာ ။လူဆိုတာ ကိုယ့်ကိုကိုယ်အချစ်ဆုံးပါတဲ့ ။တယောက်ယောက်က နင့်ကိုအချစ်ဆုံးပါလို့ ပြောလာခဲ့ရင် အဲဒီလူနင့်ကိုစညာနေပြီတဲ့ ။လောကကြီးထဲမှာ ကိုယ်ကိုကိုယ်မချစ်တတ်တဲ့သူ မရှိဘူးတဲ့..။

ဒီပုံစံအတိုင်းဆိုရင်တော့ ကျမလောကကြီးထဲနေတတ်အောင်ပြန်သင်ရဦးမယ်ထင်တယ်...

ဒါပေမဲ့လည်းလေ ကျမအရမ်းကြိုက်တဲ့ စာရေးဆရာမ ဂျူး က ပိုချစ်ရတဲ့သူကိုယ်ဖြစ်ပါစေ တဲ့။။
ကျမတော့လောကီနဲ့လောကုတ် ဒီင်္နှစ်ခုကြားထဲမှာ ခက်တော့နေပါပြီလေ...

ကျမသဘောကျ နှစ်သက်တဲ့ စာရေးဆရာမကြီးအန်တီဒေါ်ကြည်အေးကလည်း အချစ်နဲ့ပတ်သက်ပြီး
အခုလိုလေးရေးထားပြန်ပါတယ်..

သခင့်မေတ္တာ ၊ မယုံသာသော
ကြမ္မာ ဖင့်လေး ၊ နှမထွေးမူ
နှုတ်နှေးစိုးရွံ့ ၊ မမေးဝံ့ဘူး
ပြောအံ့မူးမူး ၊ ကြည်နူးစကား
အားနွဲ့ ထစ်လှ ၊ တစ်ခွန်းစတိုင်း
နှုတ်ဟဟပင် ၊ ဆိုချင်ခဲခက်
နေ့ညဥ့်ရက်ဆက် ၊ တင်းမာရက်ခဲ့
ပင့်သက်ကြာထွေ ၊ လက်ချောင်းရေ၍
ပြေပြစ်နားလည် ၊ သိမြင်မည်လား
မကြည်လင်ပြန် ၊ ညှိုးထန်မည်လား
စောင့်ရည်ဘဝ ၊ ကိုယ်ထီးတသ
မာနကိုးလဲ ၊ ရင်လှိုက်လှဲရ
ဆင်းရဲနာသစ် ၊ အချစ်ဖြစ်သည် ။ ။

(ညှိုးထန်သူ ဆိုတဲ့ကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်လေးပါ )


ဆင်းရဲနာသစ် အချစ်ဖြစ်သည် ...ဆိုတော့ အချစ်ဆိုတဲ့ခံစားချက်ကြီးရှိလာပြီ ဆိုရင်တော့ ရင်နာတာရော ခံစားရတာရော တပါတည်းပူးတွဲပါလာမယ်ဆိုတဲ့ သဘောပေါ့ ။ဘောလုံးကွင်းထဲကို ဒိုင်လူကြီးနဲ့အတူ ဝီစီရော အနီကတ်ရော အဝါကတ် ရော တခါတည်းတွဲပါလာသလိုပေါ့ ။

ဒါဆို အချစ်မဝင်ရဆိုပြီး တခါးဘဲပိတ်ထားလိုက်ရင်ကောင်းမလား.. စေ့ရုံလေးဘဲစေ့ထားလိုက်ရင် ကောင်းမလား ...ဒါမှမဟုတ် ရုပ်ရှင်ရုံတွေမှာလို လူပြည့်ပြီ လို့ဘဲ ဆိုင်းဘုတ်ထောင်လိုက်ရမလား ..
မဖြစ်သေးပါဘူးလေ .. လူပြည့်ပြီဆိုတော့ သိပ်များသွားပြီ....
ဈေးကွက်စီးပွားရေးဆန်ဆန် အရောင်းပိတ်ထားသည် ဆိုရင်ရော...
ဟယ်...ဒါလည်းမဖြစ်သေးပါဘူး ..တော်ကြာ လုံးဝရောင်းမထွက်တော့ရင် ပြသနာ...အဲတာလည်းရှော့ခ်ရှိတယ် ။။အဲဒီတော့ ကုလသမဂ္ဂဆန်ဆန်ကိုင်တွယ်ဖြေရှင်းရမယ်ဆိုရင်တော့
တံခါးခေါက်ပြီးဝင်ခွင့်တောင်းပါ ဆိုတဲ့ ဆိုင်းဘုတ်လေးကအသင့်တော်ဆုံးထင်ပါရဲ့....။

ကဗျာဆရာစာရေးဆရာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကတော့ အချစ်နဲ့ပတ်သက်တာ
ချစ်သူကိုလွမ်းဆွတ်နေတာကို အခုလိုလေးရေးဖွဲ့ထားပြန်ပါတယ် ...

(၁)
ပန်းပွင့်ရှိမှ ၊ ရနံ့ ရတာ
မဟုတ်ပါဘူး ၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့် ၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ ၊ ထာဝရတည်
ကာလရှည်လျား ၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ် ၊ထုံနံ့ ယစ်ဝေ
ပျံ့ ဆွတ်စေ၏ ၊ ချစ်သူသိလေ …..။

( ၂ )
မျက်နှာတွေ့ မှ ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ် ၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက် ၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ ၊ အကြည့်မှာမြင်
သူပဲထင်တယ် ၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ ၊တွေ့ နိုင်ပါ၏
ချစ်သူသိလေ။

( ၃ )
အသံကြားမှ ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ ၊ မဟုတ်ပါလေ
စမ်းရေသံကြား ၊ သူ့ စကားရှိ
ငှက်၏တေးမှာ ၊ သူ့ သံသာတွေ
နှုတ်ခြွေစကား ၊ နားမှာတီးတိုး
ဟိုး…အရင်လို ၊ ရွှင်ချိုကြည်မြ
ကြားနေရ၏ ၊ ချစ်သူသိလေ ……။

( ၄ )
ချစ်သူသိလေ
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲ အရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ ။ ။


တကယ်တော့လူတယောက်ကို ချစ်ဖို့ဆိုတာလည်းလွယ်လွယ်နဲ့ ဖြစ်တည်လာတာမဟုတ်ပါဘူး . .။
ခံစားချက်တွေ အချိန်တွေ အများကြီး အရင်းပြုပြီးမှ တဆင့်ပြီးတဆင့် တည်ဆောက်လာခဲ့ရတာပါ

ကိုယ်တည်ဆောက်ထားတဲ့ အရာလေးကို သူများကဖျက်လိုက်လို့ဘဲဖြစ်ဖြစ် ကိုယ့်ဘာသာ ပြန်ဖျက်လိုက်ရတာဘဲဖြစ်ဖြစ် အသည်းနှလုံးတခုလုံးကို ပြန်ခြေမွပြစ်လိုက်သလိုခံစားရတာပါ ...။
သတိရတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ ရင်နာတယ်ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲ
ခံစားဖူးတဲ့ သူမှဘဲသိကြတာ... မျက်ရည်တစက်ကျဖို့ ဆိုတာမလွယ်ပါဘူး ....ရင်ထဲကနေနာကျင်မှု့
သတိရမှု့တွေ ပေါင်းပြီးဖြစ်လာတဲ့ မျက်ရည်တစက်ဆိုတာ အင်မတန် တန်ဘိုးရှိပါတယ် ..။
အဲလိုမျက်ရည်အစက်ပေါင်းများစွာ ဆိုရင်စဉ်းစားကြည့်ပေါ့နော် ။ဘယ်လောက်တန်ဘိုးရှိလိမ့်မလဲလို့ ။။
မျက်ရည်အစက်ပေါင်းများစွာ ကျဖို့အတွက် ဘယ်လောက်တောင်ရင်နာခဲ့ရမလဲလို့ ။။

လူတွေကကောင်းကင်က ကြယ်လေးတပွင့်ကြွေသွားတာတွေ့ရင် ကြယ်လေးကြွေသွားတာလောက်ဘဲ သိကြတာပါ ...အဲဒီကြွေသွားတဲ့ကြယ်လေးရဲ့ ရင်ထဲကခံစားချက်တွေမျက်ရည်တွေကို မမြင်ကြပါဘူးလေ...။

ချစ်တတ်ကြတဲ့သူတိုင်း ကိုယ့်ချစ်သူရဲ့ ခံစားချက်မျက်ရည်တွေကို မြင်တတ်ကြပါစေလို့ ......။။။။။

Blackroze
23.10.2011 PM 4:50



15 comments:

Anonymous said...

ကြားဖူးထားတာလေးတော့ရှိပါတယ်
သင်နဲ့တန်းတူ..
သို့မဟုတ်
သာသူဖြင့်သာ..
ခရီးဆက်ပါ။
မရှိလျှင်..
သင်တစ်ယောက်တည်း.ခရီးဆက်ပါ တဲ့။း)
နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ကမ္ဘာလေးထဲမှာ
အကောင်းဆုံးချစ်တတ်သူများ.ဖြစ်ကြပါစေ။းP

စံပယ်ချို on 23 October 2011 at 20:06 said...

ချစ်သူသိလေ
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲ အရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ.....အဲတာအချစ်စစ်စစ်ပါပဲနော်...
ခံစားရတယ်ဟယ်....သိပ်လဲလွမ်းမနေနဲ့နော်.

ချစ်သူမောင် on 23 October 2011 at 20:56 said...

blackroze ရေ
ညီမလေးအားတင်းပါကွယ်သိပ်မလွမ်းနဲ့
ဘယ်လောက်ဝေးဝေး
ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်
နှလုံးသားမှာအစဉ်မြဲရှိ......တဲ့

ခင်တဲ့
ချစ်သူမောင်

Anonymous said...


အလွမ်းတွေ ဝေနေတာလား
နေကောင်းအောင်နေအုံးနော်
ပြောစရာတွေရှီတယ် `

မွန်

AH on 24 October 2011 at 07:51 said...

မဂျယ်ရီရေ... နှလုံးသားစာပေတွေဖတ်ပြီး အပြင်သိပ်မထွက်နဲ့ဦးနော်..... လေစိမ်းတွေတိုက်ပြီး နှလုံး အအေးမိသွားမှာစိုးလို့ :)

ဟီး ဟီး နောက်တာ... ကဗျာလေးတွေ ဖတ်လို့အရမ်းကောင်းပါ့

မဒမ်ကိုး on 24 October 2011 at 13:24 said...

သူသိမှာပါ ညီမလေးရယ် ..သူသိမှာပါ ..
အားတင်းထား နော်း)

ချစ်တဲ့

မဒိုးကန်

ညိမ်းနိုင် on 24 October 2011 at 20:39 said...

လေးဖြူရဲ့ မျက်ရည်ပြဇာတ်ကို သတိရမိတယ်....အစစအဆင်ပြေပါစေ နက်နက်
ရေ.....။

ချယ်ရီမြေ on 25 October 2011 at 00:51 said...

ပစ်ပစ်ရေ.. တံခါးခေါက်ပြီး ၀င်ခွင့်တောင်း.. အဲလိုကစပြီး ညှာတဲ့သူတွေ ဘယ်လောက်များနေပြီလဲလို့...
အတ္တာဟိ အတ္တနော နာထော၊ အတ္တသမံ ပေမံ နတ္ထိပါတဲ့ ဘုရားရှင်ကတော့..

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ဟန်ကြည် said...

အိမ်း တော်တော်လေးကို စုံစုံလင်လင်ရေးထားပါကလား...သဘောကျလို့ မှတ်သင့်တာလေးတွေ မှတ်သွားပါသဗျား...သက်ငယ်စကားသက်ကြီးကြားမဟုတ်လားးးး)))

လင်းခေတ်ဒီနို on 25 October 2011 at 08:52 said...

နက်နက်ရေ . . လွမ်းငွေ့လွမ်းသက် လွမ်းဆက်ကယ်နှင့် လွမ်းရက်ရှည်ကြာ အိပ်မက်မှာလည်း ချိုသာမပြုံး နှလုံးမရွှင် မျက်ရည်သွင်သော် ကိုယ်နှင့်စိတ်သာ နာကျင်ရပါသည် တဲ့

လွမ်းတော့ လွမ်းပါကွယ် ။ နည်းနည်းတော့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ဦး . .

လွမ်းလှပါပြီဆိုတဲ့ ကျုပ်တောင် သူ့ကို မမှီတော့ဘူးကွယ် . .း)

မြစ်ကျိုးအင်း on 25 October 2011 at 22:06 said...

အချစ်စစ်စစ်ဖြစ်လာမယ်ဆိုရင် ကုန်လွန်ခဲ့ရတဲ့ အချိန်တွေနဲ့ ရင်းခဲ့ရတဲ့ခံစားချက်တွေ အတွက် ထိုက်တန်မှာပါ။
ဘာပဲဖြစ်ဖြစ် အားတင်းထားပေါ့။

ညီရဲ on 27 October 2011 at 16:26 said...

တကယ်ရော တံခါးပိတ်ထားနိုင်ရဲ့ လား သူငယ်ချင်း...
တကယ်ချစ်တယ် ဆိုရင် ပြန်လာမဲ့ သူတစ်ယောက် ရင်ဆို့ စေဖို့ တံခါးကို ပိတ်မထားပါနဲ့ လို့ ပြောချင်ပါတယ်...
အားတင်းထားပါ သူငယ်ချင်း...
တနေ့ ပြန်ဆုံမယ် ဆိုတဲ့ အတွေးနဲ့ ပေါ့...

ညီလင်းသစ် on 28 October 2011 at 18:48 said...

အချစ်နဲ့အတူ အလွမ်းတွေ၊ ရင်နာတာတွေ တွဲပါလာတာကို ဒိုင်လူကြီးနဲ့ သူ့ရဲ့ ဝီစီ၊ အနီကဒ်၊ အဝါကဒ်တွေနဲ့ နှိုင်းသွားတာ သဘောကျတယ်၊း)

ဟုတ်တယ်ဗျ၊ အချစ်ဟာ တခါတခါ ဒိုင်လူကြီး လိုပါပဲ၊ အများအားဖြင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ပေမယ့် မှားပြီး ပယ်နယ်လ်တီ ပေးတာတွေလည်း ရှိတာပဲ၊ သူတစ်ယောက်ထဲ အကုန် ဘယ်မြင်နိုင်ပါ့မလဲ၊ ဒါ့ကြောင့် သံယောဇဉ်နဲ့ နားလည်မှု ဆိုတဲ့ စည်းကြပ်ဒိုင် ၂ ယောက်က ကူပေးရတာပေါ့၊းD

မေသိမ့်သိမ့် ကျော် on 29 October 2011 at 10:29 said...

နားလည်မှုနဲ့ စိတ်ချမ်းသာအောင် ဘီလူးပြုံးပြုံးမယ်။
သခင့်မေတ္တာ မယုံသာသော ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ။
ချစ်သူသိလေ တံခါးခေါက်ပြီး ဝင်ခွင့်တောင်းပါ။

အကုန်ကြိုက်လို့ ဆက်စပ်ပြီး စဉ်းစားသွားပါကြောင်းး)

ခင်တဲ့
မေသိမ့်

...အလင်းစက်များ on 29 October 2011 at 14:32 said...

အဓိက သော့ချက်ကတော့ ရိုးရိုးလေးနဲ့  ရှင်းရှင်းလေးပါပဲ။ အားလုံး ကြားဖူး နေကျ စကားလေးပါ။ နားလည်မှု တဲ့။ ဘယ်သို့ သော Relationship ကြားမှာ မဆို အဲ့သည် စကားလုံးလေး တစ်ခု ချွတ်ယွင်းသွားတာနဲ့  အရာအားလုံး ဆောက်တည်ခဲ့သမျှ ပျက်သုန်းပါတယ်။

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei