16 May 2014

နီနီမ

Posted by blackroze at Friday, May 16, 2014 4 comments


နီနီမ ဆိုတာ ကျမသူငယ်ချင်းတယောက်ဆိုပါတော့... ကျမ ၇တန်း နဲ့ ၈ တန်းနှစ် မှာမှ စပြီးသတိထားမိခဲ့တဲ့သူငယ်ချင်းတယောက်ပါ...အရင်ကထဲက ကျမနဲ့ တကျောင်းထဲပေမဲ့
သူ့အကြောင်းလည်း သိပ်မသိသလို ..အခင်မင် လည်းမရှိပါဘူး..။။

 နီနီမ ပုံစံက ပုံမှန်ကျောင်းသူတယောက်နဲ့ မတူပါဘူး..
ပြောရမယ်ဆိုရင် ညာဏ်ရည် မပြည့်တဲ့ သူပုံစံဆိုပါတော့ ..သူစာရေးရင် ရေးရင်းနဲ့ ခေါင်းကပါ
တဖြည်းဖြည်းနဲ့ စောင်းလိုက်သွားတတ်တာမျိုး ..တခုခုကိုကြည့်နေရင်လည်း သဲသဲမဲမဲ စူးစိုက်
မျက်မှောင်ကုတ်ပြီးကြည့်နေတာမျိုး ..အဲလိုပုံစံဆိုပါတော့...တခါတလေ ကျူ  ရှင်လာရင် လည်း ဖိနပ်က အနီတဘက် အပြာတဘက်လို မျိုး မှားစီးလာသေးတာပါ ... သူမှားစီးလာမှန်းလည်း သူသိပါတယ်..
နီနီမ က လပတ်စာမေးပွဲ ဆို ကျတတ်ပါတယ်..ဒါပေမဲ့ အတန်းတင်စာမေးပွဲတော့ အောင်ပါတယ်..
ဆရာမတွေရဲ့  ဂရုဏာ ကြောင့်လည်း ပါမှာပါ.. ညာဏ်ရည်နိမ့်ပါးတဲ့ကလေးကို သက်ညှာ  ဖေးမ
ပေးတဲ့သဘောနေမှာပါ....။။။

အဲဒီအရွယ်တုန်းကတော့ ငယ်သေးတော့ ညဏ်ရည်မမှီတဲ့ ကလေးပုံစံတို့   ..
 မွေးရာပါ ချို့ယွင်းချက် ရှိတာမျိုး တို့ကို သိပ်နားမလည်ပါဘူး.. အခန်းထဲက သူငယ်ချင်းတွေ အားလုံးက တညီတညွတ်တည်း  နီနီမ ဦးနှောက်သိပ်မကောင်းဘူးလို့  သတ်မှတ်ကြပါတယ်...
အဲတော့လည်း နီနီမ ကို သိပ်ပြီး  အခေါ်အပြော မလုပ်ကြပါဘူး..
နီနီမ က အဲလိုပုံစံဆိုတော့ သူ့အနားလည်း ဘယ်သူမှ
မထိုင်ချင်ကြပါဘူး.. စာရေးရင်လည်း နီနီမ က ဆရာမခေါ်တာကို ဘယ်တော့မှ မှီအောင် လိုက်မရေး
နိုင်ပါဘူး..သူမမှီမှန်း သိပေမဲ့ ဘယ်သူကမှလည်း အရေးတယူမရှိကြပါဘူး..။။

နီနီမ စာအုပ်မှာဆို အမြဲကွက်လပ်တွေကြီးပါဘဲ...သူမမှီတဲ့ စာပိုဒ်ကို ကွက်လပ်နေရာချန်ထား
လိုက်တာပေါ့..သူမှီတဲ့နေရာ ဆက်လိုက်ရေးပေါ့.. အဲဒီကွက်လပ်တွေကိုလည်း ဘယ်သူကပြန်ဖြည့်
ရေးပေးမှန်းလည်း ကျမတို့သတိမထား မိကြပါဘူး.. နီနီမ က စာအုပ်တော့ အမြဲငှားတတ်ပါတယ်..
ဆရာမ က သူမမှီမှန်းသိတော့ အိမ်ရောက်ရင် စာပြန်ကူးလို့ရအောင် အခန်းထဲက တယောက်ယောက်
ဆီက စာအုပ်ယူပေးလိုက်တတ်ပါတယ်.နီနီမ ကစာကူးပြီးရင်နောက်နေ့ စာအုပ်ပြန်ပေးပေါ့...
အဲလိုနဲ့ဘဲဖြတ်သန်းလာကြတာ..မှတ်မှတ်ရပြောရရင်  နီနီမ star ဖြစ်သွားတာက ရတန်းနှစ်မှာပေါ့ ..
၇ တန်း စာမေးပွဲ ဖြေခါနီးမှာ ..နီနီမ တယောက်ဖျားပါတယ်...တိုက်ဖွိုက်လား   ငှက်ဖျားလား
  သေချာတော့ မမှတ်မိတော့ပါဘူး..
ဆေးရုံတွေ ဘာတွေတောင် တက်ရတယ်ထင်ပါတယ်...
အတန်းပိုင်ဆရာမနဲ့ တခြား ဆရာမ တချို့ က သတင်းသွားမေးကြပါတယ်...။။

ဇာတ်လမ်းက အဲဒီမှာစတော့တာပါဘဲ....နီနီမ ကိုသတင်းသွားမေးတဲ့ ဆရာမတွေက ပြန်လာကြ
တော့ တအံတသြတွေ ဖြစ်လို့ ....အကြောင်းရင်းကတော့ နီနီမ ကသာ အခုလို ပုံစံမမှန်တာ...
သူ့မိသားစု ကျတော့ မောင်နှမတွေ အကုန်က ပညာတတ်တွေ ..မိဘတွေ ကလည်း မင်္ဂလာဈေး မှာ
ဆိုင်ဖွင့်တဲ့ ဆိုင်ပိုင်ရှင် သူဌေးတွေ... နီနီမ က မောင်နှမ 5 ယောက်ရှိပြီး...
အမအကြီးဆုံးက နိုင်ငံခြားမှာ ဆရာဝန်... အမလတ်ကလည်း နိုင်ငံခြား ကိုလိုက်သွားတာ မကြာ
သေးဘူး.. နီနီမရဲ့ နံပါတ်သုံး အကိုက ဆေးကျောင်းတက်နေတာ...နံပါတ်လေးနို့ညှာ အကိုက
မြို့ထဲက စိန်ပေါလ်ကျောင်းမှာ 9 တန်းတက်နေတာ...ဆိုပြီး သတင်းစုံသိလာလို့ပါဘဲ ...။။

နီနီမ က အခုလိုပုံစံဖြစ်နေတော့ သူ့မိဘတွေက
မြို့ထဲကျောင်းမှာထားရင် အဆင်မပြေလောက်ဘူးဆိုတာ သိလို့အိမ်နဲ့ နီးတဲ့  ရပ်ကွက်ကျောင်းမှာဘဲထားတာတဲ့... နီနီမ ရဲ့ နံပါတ်နှစ်အမ နိုင်ငံခြား မသွားခင်ကတော့
နီနီမ ကိစ္စတွေအကုန်ကို အဲဒီအမကဘဲ အကုန် လိုက်လုပ်ပေးတာတဲ့... စာတွေကူးပေးတာက အစ
အဝတ်အစားဆင်ပေးတာရော..ကျောင်းလိုက်ပို့တာရော..အဲဒီအမက နီနီမ ကို အရမ်းချစ်တာတဲ့..
ကျမတို့ ကတော့နီနီမ ကို ဂရုမထားမိတဲ့သူဆိုတော့ ဘယ်သူနဲ့ကျောင်းလာမှန်းလည်း မသိပါဘူး
သတိလည်း မထားမိပါဘူး.. သူ့ဘာသာနေ ကိုယ့်ဘာသာနေ ပါဘဲ...
အခု သူနေမကောင်းဖြစ်မှဘဲ သူ့အိမ်သတင်းသွားမေးကြရင်း အကြောင်းစုံသိတော့တာပါ...
ကြည့်ရတာ နီနီမ ကိုချစ်တဲ့ အမ နိုင်ငံခြားထွက်သွားတော့ နီနီမ ခမျာ လည်း ဖိနပ် အနီတဘက်
အပြာတဘက်တွေ ဖြစ်ကုန်တယ်ထင်ပါရဲ့ .....။။

ဒါပေမဲ့ နီနီမ ဖျားလိုက်တာ ကံကောင်းပါတယ်..ဘာလို့လည်းဆိုတော့ ဆရာမတွေ သတင်းမေးလို့
အခုလိုမျိုး အကြောင်းစုံသိလိုက်ရတော့ အားလုံးက နီနီမ ရဲ့ အိမ်ကို စိတ်ဝင်စားသွားကြပါတယ်..
အစက သူ့အိမ်ဘယ်နားမှန်းတောင် မသိကြပါဘူး.. အခုဆို တဆင့်စကားတွေကြားပြီး  နီနီမဖျားနေတာကို
သတင်းသွားမေးလိုက်ကြတာ တခန်းလုံးလိုလိုပါဘဲ  ...။။

ဒီကြားထဲ နီနီမ ပိုပြီး ကံကောင်းသွားစေတဲ့ အကြောင်းရင်းကတော့  အခန်းထဲက သူငယ်ချင်းတွေ
လူနာသတင်း မေးကြရင်းနဲ့ နီနီမ ရဲ့ ဆေးကျောင်းတက်နေတယ်ဆိုတဲ့  အကိုနဲ့  စိန်ပေါလ်ကျောင်းမှာ
9 တန်းတက်နေတယ်ဆိုတဲ့  အကို  ကို တွေ့ ခဲ့ကြလို့ပါဘဲ...အားလုံးက ပြောကြတယ်...
သူတို့ နှစ်ယောက်သိပ်ချောတယ်ဆိုဘဲ.... ဆေးကျောင်းတက်နေတဲ့ အကိုက ပိုသဘောကောင်းတဲ့
ပုံစံရှိတယ်လို့ ပြောကြတယ်.. အမှန်ကတော့ သူ့ညီမ သူငယ်ချင်းတွေ လူနာလာမေးတယ်ဆိုတော့
ဖော်ဖော်ရွေရွေ ဆက်ဆံတာနေမှာပါ..ဒါပေမဲ့ ၇တန်းဆိုတဲ့ အရွယ်ကလည်း  သစ်ရွက်လှုပ်တာတောင်
ရယ်ချင်တဲ့ အရွယ်ဆိုတော့ အားလုံးက ရင်တွေဝုန်းဒိုင်း ခုန်သွားကြတယ်ဆိုရမှာပေါ့....။။


နီနီမ လည်းကျောင်း ပြန်တက်ရော နီနီမ ဘေးနားထိုင်ချင်တဲ့သူတွေကြီးပါဘဲ..အကြောင်းပြချက်ကတော့
နီနီမ က နာလန်ထစ ဆိုတော့ သနားလို့ စာတွေဘာတွေ မမှီ မှာဆိုးလို့ ဝိုင်းရေးပေးလို့ရအောင်ပေါ့ ..
စာမေးပွဲကလည်း နီးနေပြီဆိုတော့ စာတွေမစုံမှာ ဆိုးလို့ပေါ့...ဒါပေမဲ့ ခက်တာက တခန်းလုံးက မိန်းကလေး တွေက နီနီမ အနားထိုင်ချင်နေတာဆိုတော့ အတန်းပိုင် ဆရာမတောင် စိတ်ညစ်သွားရတဲ့အထိပါဘဲ .. သချာင်္ II သင်တဲ့ ဆရာမလေးဆိုရင် နီနီမ ကို သချာင်္II ကို
အိမ်ကိုတောင် တပါတ်နှစ်ရက် ခေါ်သင်ပေးပါတယ်... နီနီမ တို့ ကံကောင်းချင်တော့လည်း  နတ်ရေကန်
ထဲ ပြစ်ချ ခံလိုက်ရသလိုပါဘဲ... ခေါ်မဲ့ပြောမဲ့သူတွေ ဝိုင်းဝိုင်းလည် ထွက်သွားပါတယ်...။။

နီနီမ ဖျားတုန်းကတော့ လူနာသတင်းမေးပေါ့... နီနီမ နေကောင်းလာတော့  စာအတူကျက်ဖို့
သွားတာတို့..ကျူ  ရှင်အသွားဝင်ခေါ် တာတို့ ကျူ ရှင် ပြန် မိုးချူ ပ် မှောင်လို့ အိမ်အထိ အဖေါ်လိုက်ပြန်
ပေးတာတို့ လုပ်ကြပါတယ်...  နီနီမ အိမ်ကလည်း အခုလို နီနီမ ကို ဝိုင်းကူညီပြီးဂရုစိုက်ပေးတော့
သူတို့လည်း စိတ်ပူရသက်သာတော့  လာသမျှ သူငယ်ချင်းကို ဖော်ဖော်ရွှေရွှေ ဧည့်ခံပါတယ်..
ထမင်းစားချိန် ထမင်းစားပြီးမှ ပြန်ခိုင်းတယ်...ညနေဆို မုန့် ဝယ်ကျွေးတယ်...
အဲလိုနဲ့ဘဲ နီနီမ အိမ်လည်း အကိုနှစ်ယောက်ကြောင့် ဝင်လာမစဲ တဖွဲဖွဲ ဆိုသလို
အခန်းထဲက သူငယ်ချင်းတွေ နဲ့ ပြည့်နေတော့တာပါဘဲ...အဲလိုနဲ့ဘဲ ..ဖြတ်သန်းလာလိုက်တာ
၇တန်းစာမေးပွဲ လည်းပြီးသွားပါတယ်... ၈တန်းတက်တော့လည်း နီနီမ အနားသူငယ်ချင်း မပြတ်ပါဘူး..
တခုတော့ ကောင်းသွားပါတယ်...သူငယ်ချင်းတွေနဲ့ အတူနေရတော့ နီနီမ ပုံစံက တယောက်ထဲ
ကြောင်တောင်တောင် ပုံစံတော့ ဖြစ်မနေ တော့ ဘူးပေါ့ ..သူငယ်ချင်းတယောက် မဟုတ် တယောက်
ရှိနေ တော့ သူလည်း အဖော်ရသွားတာပေါ့....

ကျမတို့ 9တန်း တက် တော့လည်း ဒီလိုပုံစံပါဘဲ..နောက်တော့ 10 တန်း ရောက်တော့ ...
နီနီမ တို့အိမ်ပြောင်းသွားကြပါတယ်...အဲဒီအချိန်တုန်းက လုံးချင်း အိမ်ယာတွေစပြီးခေတ်စား
လာတဲ့ အချိန်ထင်ပါတယ်..နီနီမ တို့လည်း လုံးချင်းအိမ်ယာဝင်းတခုကို ပြောင်းသွားတာပါ..။။

ကျမ ၁၀ တန်းအောင်ပြီးတဲ့နောက်ပိုင်း မှာ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ အကုန်ကွဲ ကုန်ပါတယ်... နီနီမ အောင်လား ကျလားလည်း
မသိတော့ ပါဘူး...ကျမက နီနီမ နဲ့ 9တန်းနှစ်မှာ အခန်းမတူတော့ပါဘူး..အဲဒီတော့လည်း
သူ့အကြောင်း သိပ်အဆက်စပ်မရှိတော့ပါဘူး.. အိမ်ပြောင်းသွားတော့ ပိုပြီးတောင် အဆက်ပြတ်သွားပါတယ်...သူ့အကိုတွေ နဲ့ သူငယ်ချင်းတွေထဲက ဘယ်သူ နဲ့ကြိုက်သွားတယ်  ဆိုတဲ့ သတင်းလည်း မကြားမိပါဘူး... ။။

အခုဆို နီနီမ တယောက် ဘာလုပ်နေမှန်းလည်း မသိတော့ပါဘူး..
ဘွဲ့တွေ ဘာတွေရပြီလား.. 10တန်းရော အောင်ရဲ့ လား..သေချာမသိတော့ပါဘူး..
အခုလို ကျောင်းတွေ ဖွင့်တဲ့ မိုးရာသီ ရောက်ရင် အဖြူအစိမ်း ဝတ်ပြီးကျောင်းတက်ခဲ့ရတဲ့
ကျောင်းသူ ဘဝကို အရမ်းပြန်သတိရမိတတ်ပါတယ်...ငယ်ကသူငယ်ချင်းတွေကို သတိရမိတတ်ပါတယ်..
အထက်တန်းကျောင်းတက်တုန်းက သူငယ်ချင်းလေးတွေကို မျက်စိထဲမြင်ယောင်မိတတ်ပါတယ်..
ပြန်မရနိုင်တော့တဲ့  ဘဝအစိတ်အပိုင်းတခုဆိုပါတော့... အဖြူအစိမ်းလေးဝတ်ထားပြီး
လွယ်အိတ်လေးကိုယ်စီနဲ့ ပုံစံတွေ မြင်လိုက်ရတိုင်း..
အပူအပင်ကင်းတဲ့....ငယ်ဘဝလေးပြန်သတိ ရမိနေတုန်းဘဲ....။။။။

ပစ်ပစ်
Pm 4:51
16.5.2014


( ကျမ ကျောင်းသူဘဝတုန်းက တွေ့ခဲ့သိခဲ့တဲ့ သူငယ်ချင်းတယောက်ကို အမှတ်ရစိတ်နဲ့
ရေးထားတာပါ..သူ့နာမည်တော့ ပြောင်းထားပါတယ်...)



06 May 2014

ခပ်ရိုးရိုးအချစ်ဇာတ်လမ်းတပုဒ်

Posted by blackroze at Tuesday, May 06, 2014 6 comments
ကျမတို့နှစ်ယောက်ရဲ့ အချစ်ကဘာမှတော့သိပ်မထူးဆန်းပါဘူး..ခပ်ရိုးရိုး အချစ်ဇာတ်လမ်းတပုဒ်ပါဘဲ....။။

ကျမတို့မြို့လေးမှာ သူ့ ရဲ့သူငယ်ချင်းတယောက်ရှိပါတယ်...တိတိကျကျ ပြောရရင်တော့ ကျမနေတဲ့ မြို့လေးမှာ  သူ့ရဲ့သူငယ်ချင်းကတာဝန်ကျတယ်ဆိုပါတော့ ...သူ့သူငယ်ချင်းစီသူလာလည်တယ် ..ကျမနဲ့ အမှတ်မထင်တွေ့ဆုံပြီး ကျမနဲ့ သူ ချစ်သူတွေ
ဖြစ်ခဲ့ကြတယ်...။။

ကျမက သူ့ကို မောင်လို့ ခေါ်ပြီး ကျမကိုသူက နာမည်အဖျားလေးစွတ်ပြီး  ညို လို့ခေါ်ပါတယ်...
သာမန်ဝန်ထမ်း အသိုင်းအဝိုင်းက မောင်နဲ့ဆီစက်ပိုင်ရှင်ဆိုပြီး  မြို့မျက်နှာဖုံးစာရင်းဝင်တဲ့ မိသားစုအသိုင်းအဝိုင်း က ကျမ.... ဒီ အချစ်ဇာတ်လမ်း စစချင်းမှာ  ကျမရဲ့ သူငယ်ချင်း တချို့ က ဗီလိန်လုပ်ပြီး ဝိုင်းတားခဲ့ကြပါသေးတယ်...
ခေါင်းမာတတ်တဲ့ ကျမ ကတော့ အရာအားလုံးကို ကျော်ဖြတ်လို့ မောင့်လက်ကို ရဲရဲ တွဲခဲ့တယ်... ။။
ကျမ တွဲခဲ့တဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့လည်း ကျမ ဆုံးဖြတ်ခဲ့တယ်... ။။

ကျမနဲ့ မောင် နဲ့ တွေ့ခွင့်ရတဲ့ ရက်တွေက ချစ်သူသက်တမ်းမှာ နည်းလွန်းပါတယ်.. မောင်က ဝန်ထမ်း
ဆိုတော့ သူတာဝန်ကျတဲ့ မြို့ ကနေ ကျမစီတကူးတက လာတွေ့ရတာပါ .. မောင် ကျမကို လာတွေ့
တဲ့ ရက်တွေဆို  ကျမအတွက် သိပ်ကို လှပတဲ့ရက်ကလေးတွေပါဘဲ.. မောင်က ညဘက် ကားစီးလာ..
ကျမနေတဲ့မြို့ ကို မနက် စောစောရောက်တယ်..ကားဂိတ်ကနေ မောင်က သူ့ ငယ်ချင်းစီ သွား ခဏလောက်နား ပြီးရင် သူငယ်ချင်းဆိုင်ကယ်ခဏငှားပြီ ကျမကိုလာတွေ့ပါတယ်..။။

ကျမတို့အိမ်လမ်းထိပ်က စာအုပ်ဆိုင် မှာမောင်ကစောင့်နေတတ်တာပါ.. စာအုပ်ဆိုင်က အမ နဲ့လည်း
ကျမနဲ့က အရမ်းခင်တော့  မောင်ရောက်လာရင် အမတို့ လင်မယား ကနေ ကျမကိုယ်စားဧည့်ခံပေးထား
တာပါ.. ကျမက ကျမရဲ့အမအကြီးဆုံးဖွင့်ထားတဲ့ ကွန်ပြူတာသင်တန်းကျောင်းမှာ အချိန် ပိုင်းဆရာမ လုပ်ပါတယ်...။။

မောင်လာမယ်လို့ ဖုန်းဆက်ထားတဲ့နေ့ မျိုးဆို ကျမက သင်တန်းးကို ခါတိုင်းအချိန်ထက် စောပြီး
သွားပါတယ်... အိမ်ကထွက်တာနဲ့ လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ စောင့်နေတဲ့  မောင်နဲ့ အတူ
နေ့လည် စာတခုခု သွားစား ပြီးရင် မောင်က ကျမကို သင်တန်းရှိရာ လိုက်ပို့ပေးတယ်...
ကျမစာသင်နေတဲ့ အချိန် ဆိုရင် မောင်က သင်တန်းရှေ့ က လက်ဘက်ရည် ဆိုင်မှာ စာအုပ်တအုပ်
ဖတ်ရင်း ကျမသင်တန်း ပြီးချိန်အထိ စောင့်တယ်...ကျမ စာသင်ပြီးချိန် မောင်က အိမ်ပြန်လိုက်ပို့ပေးတယ်..
ပြီးရင် သူ့သူငယ်ချင်းစီပြန် ရေချိုးခဏနားပြီး  ညဘက်ကားနဲ့ သူတာဝန်ကျတဲ့  မြို့ကို ပြန်ပါတယ်...။။

တခါတလေ ညအိပ်ခွင့်လေးရတဲ့နေ့မျိုးဆိုရင် ညနေဘက် ကျမကို အိမ်ပြန်လိုက်ပို့ပြီးရင်  မောင်က
သူ့သူငယ်ချင်းစီ ပြန် ရေချိုး  ပြီးရင် ကျမကိုတခါပြန်လာခေါ် ပြီး  မြို့ အဝင်နားလေးက  ဆုတောင်းပြည့်
ဘုရား သွားဖူးကြတယ်.. ဘုရားဝင်းထိပ်က အကြော်တဲလေးမှာ ထိုင်စားရင်း မောင်က သူ့တာဝန်တွေ
အကြောင်း  ..ကျမကလည်းကျမသင်တန်းက တပည့်တွေအကြောင်း .. အပြန်အလှန်ပြောပြနေကြ...
တခါတရံ မှာလည်း ကျမနဲ့ မောင်တို့ ဘဝရှေ့ ခရီးအကြောင်း ပြောလို့ ကြည်နူးလို့ပေါ့....။။

တခါတလေ မောင်က သူ့မိသားစု အကြောင်းပြောပြတတ်တယ်... သူ့ခံစားချက်လေးတွေ ပြောပြတတ်တယ်...

" ညို ..မောင်တို့က ဘဝသမားတွေနော်... ဆင်းရဲတယ်... အဖေနဲ့အမေ က မောင့်ဘဝ မှာ ပညာတခုပြည့်စုံ ဖို့တောင် မနည်းကြိုးစားပေးခဲ့တာ... ညို့ လို့ အရာရာပြည့်စုံတဲ့ အနေအထားမျိုး ကနေ
မောင်ကြီး ပြင်းခဲ့ရတာမဟုတ်ဘူး..မောင့်အောက်မှာ ညီလေးနဲ့ ညီမလေး လည်း ၇ှိသေးတယ်.. ..
တခါတခါတော့လည်း ညိုရယ်  ..အဲတာတွေ တွေးမိရင်  မောင်ရင်လေးတယ်  ..သိလား  "

အဲလို အခါမျိုးဆို ကျမက မောင့်ကို အားပေးနေကြ...
" မောင်ရယ်..ငွေဆိုတာ လိုအပ်တယ်မှန်ပေမဲ့  ..အရာတိုင်းကိုလည်းဖန်တီးလို့ မရနိုင်ပါဘူး...
ငွေထက်အရေးကြီးတာလေးတွေ လည်းရှိပါတယ်... မောင်က ဘာကိုတွေးပြီး စိတ်ပူနေရတာလည်း
မောင့်အနားမှာ ညို အမြဲတမ်း ၇ှိနေမယ်လေ... "

အဲလိုအချိန်တွေဆို မောင်က ကျမ လက်ကို တင်းတင်း ဆုပ်ကိုင်လို့  ကျမက မောင့်ပခုံးလေးကိုမှီလို့..။။

မောင့်ကိုယ်ထဲက ခွန်အားတွေသတ္တိတွေက မောင့်ရဲ့ လက်ဖဝါးတွေကနေ တဆင့် ကျမ ကိုယ်ထဲ
စီးဝင်လာတယ်လို့ ကျမ ခံစားမိတယ်... ..
ကျမရင်ထဲက အချစ်နဲ့မေတ္တာတရားက ကျမရဲ့ လက်ဖဝါး ကတဆင် မောင့်ရင်ထဲကို စီးဝင်သွားပါစေ
လို့လည်း ကျမဆုတောင်းမိတယ်...

ညနေစောင်းလို့ နေဝင်ပြီဆို မောင်က ကျမကို အိမ်ပြန်လိုက်ပို့ပေးတယ်...
ဘုရားကနေ အပြန်လမ်း ဆိုင်ကယ်မောင်းနေတဲ့  မောင့်ကျောပြင်ကို ကျမပါးလေးနဲ့ ကပ်လို့ ..
မောင့်စီကရတဲ့ကိုယ်သင်းရနံ့လေး   ...အဲလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ကို ပြီးပြည့်စုံတဲ့
ညနေချမ်းနေဝင်ချိန်လေးတွေပါဘဲ...

ဒါပေမဲ့ ဒီလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ရှားပါးလွန်းတယ်..မောင်က တခါတရံမှသာ
ညအိပ်ခွင့်လေး ရတတ်လို့ပါ... ကျမတို့ချစ်သူသက်တမ်း 2 နှစ်ဆိုတဲ့ အချိန်အတွင်းမှာ
ဒီလိုညနေခင်းလေးတွေ ဘယ်နှစ်ခုဆိုတာ လက်ချိုး ရေလို့ရပါတယ်...

ကျမက မောင့်ပြန်ခါနီးတိုင်း   မောင့်ကိုမေးနေကြ...
" မောင်က ညို့ကို ခဏခဏ လည်းလာတွေ့တာမဟုတ်ဘူး.. ညိုက.. မောင့်ကိုဘဲ အချိန်တိုင်း လွမ်းနေရတာ
အခုလည်း မောင်ပြန်သွားတာနဲ့ ညိုက လွမ်းရတော့ မှာ...ညို ဘယ်လိုနေရ  မလည်း
မောင်ပြောပြ ခဲ့ " လို့ မေးရင်
" ညို ... မောင့်ကိုလွမ်းရင် လွမ်းတဲ့ အကြောင်းတွေ စာရေးထားလေ..ကဗျာလေး ဖြစ်ဖြစ် စာတိုလေး
တစောင်လောက်ဖြစ်ဖြစ်ပေါ့  ..မောင်လာတော့ ပေးဖတ်လေ..အဲတာဆို ညို ဘယ်လောက် လွမ်းလည်း
မောင်သိရမှာပေါ့ .. " လို့ ပြန်ပြောနေကြ... .ကျမ မောင်နဲ့ မတွေ့ရတဲ့ ရက်တွေမှာ မောင့်ကို အရမ်း
လွမ်းပါတယ်.. ဒါပေမဲ့  မောင်မှာ သလိုတော့ စာတွေ ကဗျာတွေ ချမရေး ထား ဖြစ်ဘူး..
သတိရလာရင် ဖုန်းလေးဆက် မက်ဆေ့လေး ပို့လိုက်တာမျိုး လုပ်တာကလွဲပြီး
မောင်မှာ သလိုတော့  စာတွေကဗျာတွေ မဖန်တီး ဖြစ်ခဲ့ ဘူး...မောင်ကလည်း ကျမစီလာမတွေ့
နိုင်ပေမဲ့ ကျမ အိပ်ခါနီး တိုင်း ဖုန်းဆက်စကားပြောနေကြ ဆိုတော့  ကဗျာရေးဖို့စာရေးဖို့ ထက်
ဖုန်းဆက်ဖို့လောက်သာ ကျမကအာရုံ များနေတာ လည်းပါတာပေါ့...

ကျမက ကံကြမ္မာကို လျော့တွက်မိတာလား...ဒါမှမဟုတ် ကံကြမ္မာကဘဲ ကျမကိုမျက်နှာသာ မပေးတာလား
ဝေခွဲမရခဲ့ပါဘူး...ကျမနဲ့ မောင် ဘာပြသာနာမှ ကြီးကြီးမားမား မရှိဘဲ မောင် က ကျမကို
အဆက်သွယ် ဖြတ်သွားခဲ့ပါတယ်... ကျမ တကယ်ကိုနားမလည်နိုင်ခဲ့ပါဘူး...
အချစ်ဆိုတာကိုလည်း ကျမမယုံကြည်နိုင်တော့ဘူး... တယောက်ကိုတယောက်ချစ်ရင်
ဘယ်အရာမဆို ရင်ဆိုင်ရဲရမယ်လို့   ကျမ လက်ခံထားခဲ့တာပါ ... ကျမကရင်ဆိုင်ရဲပေမဲ့လည်း
တဘက်က ရင်မဆိုင်ရဲရင် ဘာမှဆက်လုပ်လို့မှ မရတာလေ...
ကျမရဲ့ ခံစားချက်တွေကို ကျမဘာသာသိမ်းဆည်းလို့  သံယောဇဉ်ကြိုးတချောင်းကို ဖြတ်ဖို့
ကြိုးစား ခဲ့ရတယ်... ..  ။။

မောင်က ကျမကို ဘာကြောင့်ထားခဲ့တာလည်း ..
ကျမ ကိုမချစ်တော့လို့လား
ကျမထက်ပိုချစ်ရမဲ့သူ တွေ့သွားလို့လား..
ကျမရဲ့ အမေနဲ့ အကို ကြီးက မောင့်ကို သွားတွေ့ ပြီး ...ကျမနဲ့ပတ်သက်ပြီး စကားပြောပါရစေ
ဆိုပြီး ပြောခဲ့တဲ့ စကားတွေကြောင့်လား...ဘာကြောင့်ဆိုတာ တော့ 
မောင် ကိုယ်တိုင်သာ  အသိဆုံးဖြစ်ပါလိမ့်မယ်..

ကျမ အရာအားလုံးကို နားလည်ပေးလိုက်ပါတယ်... ကျမ နဲ့ ပတ်သက်ပြီးမောင့်ကို သွားတွေ့ခဲ့တဲ့
ကျမရဲ့ မိသားစု ကိုရော...
သတ္တိနည်းတဲ့ ကျမရဲ့ ချစ်သူကိုရော..
ကျမရဲ့ ကံကြမ္မာကိုရော...
ကျမ နားလည်ပေးလိုက်တယ်... ကျမရင်ထဲ ပေါက်ကွဲနေတဲ့  ခံစားချက်တွေ အားလုံးကို
မျက်ရည်အဖြစ်ကလွဲရင်  စကားတခွန်းအဖြစ်တောင် မထုတ်ပြခဲ့တဲ့ ကျမကို အိမ်က မိသားစုဝင်တွေရော
ကျမရဲ့ သူငယ်ချင်းတွေ ရော တအံတသြ ဖြစ်လို့ရယ်လေ။။

ကျမ စားရမဲ့ အချိန် မှာ  စားတယ်..
သင်တန်းမှာစာသင်ပေးရမဲ့ အချိန်မှာ စာသင်ပေးတယ်..
ကျမနေ့စဉ် လုပ်နေကြ အရာတွေ အားလုံးကို ပုံမှန်အတိုင်း ကျမ ဆက်လုပ်သွားခဲ့တယ်...
အဲဒီတော့လည်း  ကျမ ပုံမှန်လိုဘဲ နေ  နေတာဆိုတော့...အေးအေးဆေးဆေး ပါလို့ဘဲ
အားလုံးက ထင်ခဲ့ကြတယ်.. ။။

တကယ်တော့ ကျမရင်ထဲက ခံစားချက်တွေ ခံစားတတ်တဲ့ နှလုံးသား တခုလုံး သေသွားတယ်
ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး...
ကျမဟာ ရှင်ရက် နဲ့ သေသွားတယ်ဆိုတာ  ဘယ်သူမှ မသိလိုက်ကြပါဘူး..။။

ဒီလိုနဲ့ဘဲ ကျမရဲ့ အချစ်ဇာတ်လမ်းလေးကလည်း  ချစ်သူတွေ အဆင်မပြေကြလို့ ကွဲသွားတယ်
ဆိုသလိုပေါ့  ... ခပ်ရိုးရိုး ဇာတ်လမ်းတပုဒ်လိုဘဲ ပြီးဆုံးသွားခဲ့ပါတယ်...။။

ကျမ ညအိပ်ယာဝင်တိုင်း မောင့်ကို လွမ်းလို့ သတိရတဲ့အကြောင်းရေးထားတဲ့  စာတို အပိုင်းအစလေးတွေ
ဘူးလေးတဘူးထဲ သိမ်းထားမိတယ်.. ကျမရေးထားတာတွေကို ဖတ်မဲ့သူ မရှိတော့တဲ့ အချိန်ကျခါမှ
သတိရတဲ့အကြောင်းတွေ စာရွက်ထဲချရေးမိတဲ့ အဖြစ်ရယ်ပါ...
ဖတ်မဲ့သူ မရှိတော့ဘူးဆိုတာ သိနေပေမဲ့  ကျမ အိပ်မပျော်တဲ့ ညတိုင်း
 "  မောင့်ကို ညို အရမ်းလွမ်းတာဘဲ သိလားမောင် "
ဆိုတဲ့ စာကြောင်းလေးတွေ ချရေး နေမိဆဲ...

 မြို့အဝင်နားက ဆုတောင်းပြည့်ဘုရားစီ သွားဖြစ်တဲ့ ညနေခင်းတွေဆို ...
လေပြေ ထဲကနေ မောင့်ရဲ့ ကိုယ်သင်းနံ့ လေးများ ရလိုရငြား ပင့်သက်ရှိုက်မိဆဲ ...

အကြော်ဆိုင်လေးမှာ တယောက်ထဲထိုင်ဖြစ်တိုင်း  အကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့
ကရုဏာ သက်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတိုင်း  နှုတ်ခမ်းကိုတင်းတင်းကိုက်လို့
မငိုဘူးလို့ စိတ်ထဲတင်းထားပေမဲ့  မျက်ရည်တွေ ကျမိတတ်ဆဲ..

ညဘက်အိပ်ယာဝင်ချိန်တွေဆို မောင်များ ဖုန်းဆက်လာလေ မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းလေးကို ခေါင်းအုံးဘေးနား ထားနေမိဆဲ ....

" ညို " ဆိုပြီး ခပ်ရှရှ  ခေါ်တတ်တဲ့  မောင့်အသံလေးကို နားထဲ ပြန်ကြားယောင်နေမိဆဲ ...

အဲဒီလိုနဲ့ဘဲ  နာရီတွေ ရက်တွေက ပြက္ခဒိန်စာရွက်တွေကို ခြွေချ သွားတော့တယ်... ။။။။။။


ပစ်ပစ်
Am 3:02
6.5.2014


04 May 2014

အထင်ကြီးစိတ်

Posted by blackroze at Sunday, May 04, 2014 0 comments
လူတယောက်စီမှာ ကောင်းတာလည်းရှိတတ်သလို  ဆိုးတာလည်းရှိတတ်ပါတယ်...
ဘယ်နေရာ မဆို အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်ပါတယ်..
ကောင်းတယ်လို့မြင်ရင် ခံစားမိရင်  ကောင်းတဲ့အချက်လေးတွေကို အတုခိုးပါ.. လေ့လာပါ..သင်ယူပါ..
ဆိုးတယ်လို့ မြင်ရင် ခံစားမိရင် ကိုယ့်အလှည့်ကျရင်  အဲလိုအပြူ  အမူ မျိုး မပြု လုပ်မိအောင်
ဆင်ခြင်ပါ...။။

ကျမတို့အလုပ်က ခေါင်းဆောင်မက အသက် 50 ပတ်ဝန်းကျင်လောက် ရှိတဲ့ တရုတ်မ အပျို ကြီးတယောက်ပါ ...
သူ့ အသက်က 50 ပတ်ဝန်းကျင် ဆိုပေမဲ့ ရုပ်ကလေးက နုတော့ 40 ကျော် ပတ်ချာလည် လို့ ဘဲ
ထင်ရတယ်... မိတ်ကပ်အကောင်းစား သုံးနိုင်တာတို့  တကိုယ်တည်းသမားဆိုတော့ အပူပင်
နည်းတာလည်း ပါမှာပေါ့လေ...
ကိုးရီးယား နဲနဲ စပ်တယ်လို့လည်း ပြောသံကြားဖူးတယ်.. အလုပ်သမား 30ကျော်လောက်ကို
စီမံခန့်ခွဲ ဖို့ leader နေရာ ပေးထားတယ်ဆိုတော့လည်း  ထက်မြက်တဲ့ အရည်အချင်းလည်း ရှိမယ်
ထင်ပါတယ်... ။။

တခုဆိုးတာက  .. ကိုယ့်ကိုကိုယ့် အင်မတန် အထင်ကြီးတဲ့ စိတ်သိပ်များတယ်.. သူကoperator leader ဆိုတော့ ကျမတို့  operator တွေ အားလုံးကို သူကပဲ  စီမံခန့်ခွဲ ပေးရတာပါ... ကျမတို့ မရှင်းတတ်တဲ့
ပြသနာမျိုး  မသေချာတဲ့ စာရင်းမျိုး ဆို ရင် သူ့ကို ဘဲ မေးရတာပါ ...
သူစိတ်ကြည်သာတဲ့ နေ့ဆို  ပြသနာမရှိပေမဲ့  သူ့ စိတ်ထဲ ပြသဒါး ဖြစ်နေတဲ့နေ့ ဆို
ပြောဆိုဆက်ဆံရ သိပ်ခက်ပါတယ်..အဓိကတော့  သူ့ရဲ့ စိတ်ကြောင့်ပါဘဲ.. လူဆိုတာ ကိုယ့်ကိုကိုယ်
သိပ်အထင်ကြီးလို့ မရပါဘူး..အရာတိုင်းကို ကိုယ်တယောက်ထဲစွမ်းဆောင်နိုင်တယ်ဆိုတာ
မရှိနိုင်ပါဘူး.. ကိုယ်တယောက်ထဲ လုပ်လို့ ရနိုင်တဲ့ကိစ္စ မျိုး  ကို တယောက်ထဲ အနေအထား နဲ့
ဖြေရှင်းလို့ ရနိုင်ပေမဲ့ အများ နဲ့ဆိုင်တဲ့ ကိစ္စမျိုး ကို တယောက်ထဲရဲ့ စိတ်နဲ့ ကိုယ်ဖြစ်ချင်တဲ့
အနေအထား အတင်းလုပ်ယူလို့ မရပါဘူး...။။

သူ့ရဲ့ စိတ်တိုင်းကျ ဖြစ်အောင် ဘယ်သူများ အမြဲ လိုက်နေ ပေးနိုင်မှာလည်း...
leader ဆိုတာလည်း leader တာဝန်ရှိပါတယ်..ထိပ်ဆုံးက အရာရှိ နဲ့ အောက်ခြေက ဝန်ထမ်း တွေအားလုံး  အမြဲတစေ ထိတွေ့ ဆက်ဆံနေဖို့ အဆင်မပြေ တဲ့အတွက်
ကြားခံလူအဖြစ် တချို့ သော ကိစ တွေကို ဖြေရှင်းပေးလို့ရအောင်  leader တယောက်
ထားပေးတဲ့သဘောပါ.. ဒါပေမဲ့ ကိုယ့်ဘာကိုယ် အထင်ကြီးစိတ် သိပ်များတဲ့ ခေါင်းဆောင် တယောက်
နဲ့ ဘယ်ဝန်ထမ်းကမှ မဆက်ဆံ ချင်ကြပါဘူး..။။

သူ့စိတ် မကြည် တဲ့  နေ့ဆို တခုခု မရှင်းလို့ သွားမေးရင်  ဖြေချင်သလို မဖြေချင်သလို ပုံစံ ...
သူဖြေရှင်းပေးရတဲ့ ကိစ္စ မျိုးရှိလာရင် လည်း ဒါလေးတောင် မလုပ်တတ်ဘူးလား ဆိုတဲ့ အကြည့်မျိုး
ကြည့်တတ်တာမျိုး  ( ဟုတ်တယ်လေ..မသိလို့ မေးပါတယ် ဆို မှ မလုပ်တတ်လို့မေးတာပေါ့ ..သိမှ
တော့ ကိုယ့် ဘာကိုယ်ဘဲ လုပ်တော့မှာပေါ့  ..မဟုတ်ဘူးလား.. )သူ့ကို ခေါင်းဆောင် နေရာပေးထားတယ်
ဆိုတာ  သူ့လက်အောက်က ဝန်ထမ်းတွေ မလုပ်နိုင်တဲ့ ကိစ္စ မျိုး ရှိလာခဲ့ရင် ဖြေရှင်း ပေးလို့
ရအောင် .. ကျမတို့ တွေထက် ပိုများတဲ့လခ ပေးပြီး ခေါင်းဆောင် ဆိုတဲ့ နေရာတခု ပေးထားတာပါ...

ဒီလခ ဒီနေရာ ကို ယူထားရင် ဒီ လို အခွင့် အရေး တွေနဲ့ ထိုက်တန်တဲ့ တာဝန် လည်းယူပေးရမှာပါ...
ဒီလို နေရာ မျိုး မှာ နေပြီး တာဝန် ဆို တာကို မသိချင်ယောင်ဆောင် တတ်တာမျိုး .. ကိုယ်မှား သွားတဲ့
ကိစ္စ မျိုး တွေ ရှိလာရင် အောက်က လူအပေါ် မသိမသာပုံချ လိုက်တာမျိုး..တခါတရံမှာ ကျမတို့က
သေချာမသိလို့ သွားမေးထားတဲ့ကိစ္စ တခု ဆိုပါတော့...သူပြောလိုက်တဲ့အတိုင်း လုပ်ပေး လိုက်တာဘဲ
ဒါပေမဲ့ အဲဒီ ကိစ္စက ပြသနာတက်လာရင်  သူနဲ့ မဆိုင်သလို မျိုး အောက်က ဝန်ထမ်းက ကိုယ့်သဘော
နဲ့ကိုယ်   လုပ်လိုက်လို့  ပြသနာဖြစ်လာတဲ့ ပုံစံမျိုး လုပ်တာပါ...တကယ်တမ်းတော့  အောက်က
ဝန်ထမ်းက   မသိလို့ သူ့သွားမေးတယ်.. သူပြောတဲ့ ပုံစံအတိုင်း   လုပ်ပေး လိုက်တာဘဲ...
အဲဒီအနေအထား မှာ ဘယ်သူတာဝန် အရှိ ဆုံးလည်း...  အဆင်ပြေသွားတဲ့ အခြေအနေတခုဆို
သူအုပ်ချု ပ်တာ ကောင်းလို့  သူစီမံတာကောင်းလို့   ဆိုတဲ့ ပုံစံနဲ့  မျက်နှာ ဝင်ယူတတ်တယ်....
ပြသနာတက်ရင်တော့  နင်တို့ တွေ အသုံးမကျလို့  ဆိုတဲ့ ပုံစံနဲ့ ခေါင်းရှောင်တတ်တဲ့ . လူစားမျိုး
က ခေါင်းဆောင် တယောက် မဖြစ်ထိုက်တာတော့ အမှန်ဘဲ...။။။

သူ့ကိုယ်သူတော့  သွေးနားထင်ရောက်ပြီး မော့မော့  မော့မော့  နဲ့ပေါ ...ဒါပေမဲ့ဘေးက လူတွေက
ဘယ်လိုဘဲ ကြည့်ကြည့် သူဘာလည်း  ဘယ်လိုစိတ်ဓါတ်လည်း ဆိုတာ သိနေတော့
အထင်မကြီးကြတာ အမှန်ဘဲ... မလွဲသာလို့ သာ ဆက်ဆံ ပြောဆိုနေရ ပေမဲ့
ကျမတို့လို  သူ့လက်အောက်က  ဝန်ထမ်းတွေ အဖို့   တော်တော် စိတ်ညစ်ရတာပါ...
သူခွင့်ယူချင်တဲ့ နေ့ ဆို ရတယ်..သူများခွင့်ယူချင်တဲ့  နေ့ဆို ရချင်မှ ရတယ်... အဲလို အနေအထား
လေးတွေ လည်း ရှိတယ်ဆိုပါတော့ ....

သူ့ မှာလည်း တော်တဲ့ ကောင်းတဲ့ အချက်လေးတွေ ရှိ ပါလိမ့်မယ်.. အဲလိုလေးတွေရှိလို့ လည်း
Leader နေရာ ကို သူ့ ကို ပေးထားတာပေါ့...ဒါပေမဲ့  ကျမ အမြင်မှာတော့  သူက  သူ့ မှာ ရှိတဲ့
အရည်အချင်း ဆိုတာထက် သူ့ကိုယ်သူအထင်ကြီးတဲ့ စိတ်က  ပိုများနေတယ် ထင်ပါတယ်...
လူဟာ ကိုယ့်ကို ကိုယ်ယုံကြည် မှု့ ရှိတာ ကောင်းပါတယ်.. ဒါပေမဲ့  ယုံကြည်မှု့ လွန်းကဲ လာရင်တော့
ကိုယ့်ဘာကို အထင်ကြီး စိတ်တွေဝင်ပြီး  ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သိပ်အဆင်မပြေတော့ပါဘူး..။။

ကျမ သူ့ကို သေချာအမြဲတမ်း လိုက်ကြည့်တယ်...သူဘယ်နေရာမှာတော်လည်း  ..
ဘယ်နေရာမှာ ထက်မြက်လည်း  ..အဲလိုနေရာတွေလည်း ရှိပါတယ်.. စကားပြောတဲ့နေရာ
အမူအယာသိပ်ကောင်းတယ်..  သူ အမြင်ကတ် တဲ့သူနဲ့ ဖြစ်နေပါစေ  အပြူံးမပျက်ကို စကားပြော
နိုင်တဲ့ အရည်အချင်းကိုတော့ တကယ်ကို လေးစားပါတယ်... ဘယ်လောက်ဘဲ အရေးကြီးတဲ့ကိစ္စ
တခုဖြစ်နေပါစေ ... သွေးအေးအေးနဲ့ လုပ်သွားတတ်တဲ့  ပုံစံမျိုး ...ဘယ်တော့မဆို သူ့ကို ကြည့်လိုက်ရင်  ခပ်အေးအေး ပုံစံနဲ့ ဘဲ  ပြောဆို ဆက်ဆံသွားတာ...
အဲတာတခုကို တော့ သိပ်သဘောကျပါတယ်... သွေးအေးအေးနဲ့ ပြသနာဖြေရှင်းတယ်ဆိုတာ မျိုး ပေါ့...(တခုတော့ရှိမှာပေါ့လေ...ဘာပြသနာမဆို သူက ဖြေရှင်းတယ်သာ ပြောတယ်..သူ့လက်အောက်က ဝန်ထမ်း တယောက်ယောက် အပေါ် ကို ပုံချလိုက်တာဆိုတော့  ခပ်အေးအေး ဖြစ်နေတာလည်း ပါမှာပေါ့လေ  )...။။

ကျမ သာဆို လုပ်ပေးလိုက်တဲ့စာရင်း မှားနေပြီ ဆိုပြီး စာရွက် ပြန်ထွက်လာမျိုး  ... office line ထဲက
တယောက်ယောက်က office စာရင်းနဲ့ ကျမ စာရင်း မကိုက်ဘူးဆိုပြီး လာပြောပြီဆို  ..
မောက်စ် ကိုင်ထားတဲ့  လက်တောင် တုန်တယ်.. ဘယ်နား မှား သွားပြီလည်းဆိုပြီး  တခုခုချင်း
ပြန်ရှာတဲ့ အချိန် ... ခြေတုန်လက်တုန် နဲ့ ဟိုနေရာ မှားclickလိုက် ဒီနေရာ မှား  click လိုက်နဲ့
ကိုယ်ဖြစ်နေတာ ကိုယ်သာအသိဆုံးပါ... တခါတလေ ကျမ မှားတာ မဟုတ်ဘဲ အထဲ က လူ
စာရင်း မှားတာလည်း ရှိတတ်ပါတယ်..  ဘယ်သူကမှားတယ်ဆိုတာသေချာမသိသေးခင်
ငါများ မှားသွားလား ဆိုတဲ့အတွေးဝင်လာတာနဲ့ ခြေတုန် လက်တုန် အယောင်ယောင်
အမှားမှား ဖြစ်တတ်တဲ့ ကျမ က... အေးစက်စက် မျက်လုံးတွေနဲ့  ခပ်ပြုံး ပြုံး နှုတ်ခမ်းတွေနဲ့
ဘယ်ကိစ္စ မဆို ခပ်အေးအေး ပုံစံလေးနဲ့  ရင်ဆိုင် ပြသွားတဲ့  leader မမကြီး ရဲ့ သွေးအေးမှု့ကိုတော့
အင်မတန် သဘောကျပါတယ်... ။။

သူ့စီကနေ ခေါင်းဆောင်ဖြစ်ပေမဲ့ ခေါင်းရှောင်တတ်တဲ့  စိတ်ဓါတ်ကို မကြိုက်ဘူး..
သူ့စီကနေ  အရာအားလုံးကို ခပ်ပြုံးပြုံး လေး ရင်ဆိုင်သွားတဲ့ စိတ်ဓါတ်ကို ကြိုက်တယ်..

သူ့စီကနေ ကိုယ့်လက်အောက်က ဝန်ထမ်းတွေကို  မတူသလို မတန်သလို အမူအယာတွေ
အကြည့်တွေကို မကြိုက်ဘူး..
သူ့စီကနေ  ဘယ်လောက်ဘဲ အမြင်ကတ်နေပါစေ ..အပြုံး မပျက် စကားပြောနိုင်တဲ့ ပုံစံ
အမူအယာကို ကြိုက်တယ်..

သူ့စီကနေ  သူ့အတွက်ဆိုရင်တော့ သူလိုချင်တဲ့အချိန်  သူလိုချင်တဲ့ ရက် ခွင့်ယူတတ်ပေမဲ့
တခြားတယောက် ရဲ့ ခွင့်ရက်ဆိုရင် တော့ တော်ရုံ မပေးချင်တဲ့  အတ္တ ကြီးမှု့ တကိုယ်ကောင်းဆန်မှု့ကို
မကြိုက်ဘူး..
သူ့စီကနေ အထက်လူကြီးတွေနဲ့ ပြောဆိုတဲ့ အခါ အခြေအနေ ကို လိမ်လိမ်မာမာပါးပါးနပ်နပ် နဲ့ ကိုင်တွယ်ပြောဆိုနိုင်တဲ့ အထာ နပ်မှု့ ကိုတော့  ကြိုက်တယ်..

သူ့ရဲ့ မျက်နှာထားချီ နေတဲ့ မာနမျက်နှာထားကို မကြိုက်ဘူး..
သူရဲ့  မိန်းမတယောက်ရဲ့ အလှတရား ပြင်ဆင် ထိန်းသိမ်းနိုင်မှု့ ပညာကိုတော့ ကြိုက်တယ်..

ကျမ သူ့စီကနေ လေ့လာသင်ယူနေတုန်းပါဘဲ..... ။။။ ။။။  ။။။

ပစ်ပစ်
Am 1:15
4.5.2014


05 April 2014

စိတ်

Posted by blackroze at Saturday, April 05, 2014 5 comments

လောကမှာ အမြန်ဆုံးသောယာဉ်ဟာဘာလဲဆိုရင်..စိတ်  ဆိုတဲ့ယာဉ်ပါဘဲ..
လောင်စာတောင် မလိုဘဲတခဏချင်း  လိုရာခရီး ရောက်သွား နိုင်လို့ပါ..
ကြောက်စရာ အကောင်းဆုံးလက်နက်ကလည်း စိတ်  ဆိုတဲ့ လက်နက်ပါဘဲ ...
စိတ်ကြောင့်  လူအယောက်ပေါင်း မြောက်မြားစွာ  ဒုက္ခ ရောက်သွား နိုင်လို့ပါ ။။

စိတ်ဆိုတာ တကယ်တော့  ကိုင်တွယ်စမ်းလို့ ရတဲ့ ဒြပ်တခု အနေ နဲ့  မရှိပါဘူး..
ဒါပေမဲ့  အဲဒီမရှိတာကြီး ကိုဘဲ ကျမတို့တွေက  အားယူတတ်ကြတယ်..  အလုပ်ကိစ္စ တခုလုပ်ကြတယ်
ဆိုပါတော့ ...အောင်မြင်ရမယ်..ဆိုတဲ့ စိတ်မွေးပြီး  ကြိုးစားတာတို့
တခုခု အနှောင့်အယှက်ကြုံ လာတဲ့အခါမှာ လည်း ဘာမဆို ဖြေရှင်းနိုင်ရမယ်
အားတင်းထား  ဆိုတာတို့... အဲလိုအနေအထား မျိုးလေးတွေပေါ့ ...။။

လူတယောက်ဟာ  စိတ်ဓါတ်ခိုင်မာဖို့  တကယ်ကိုလိုအပ်တယ်.. ကံ စိတ် ဥတု အာဟာရ
ဆိုတဲ့ အရာလေးခုနဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတဲ့  ကျမတို့ ခန္ဓာကိုယ်ကြီး မှာ လေးခုထဲက
တခုခုက လိုအပ်နေ လို့ကတော့  ပြည့်စုံတဲ့ ဘဝတခု ကိုဘယ်လိုမှ တည်ဆောက်နိုင်မှာ
မဟုတ်တော့ပါဘူး.. ကံဆိုတာ ကျမတို့ လုပ်ယူလို့မရတဲ့ အရာ.. ဥတု နဲ့အာဟာရ ဆိုတာကတော့
ကျမတို့ပြုပြင် ဖန်တီး နေထိုင်လို့ရတဲ့ အရာ ..စိတ်ဆိုတာက အကောင် အထည်ကို မရှိတော့
သူ့ကို အဆင်ပြေအောင် ဖန်တီး၇တာအတော်ကို ခက်ပါတယ်..
အဓိက ကတော့ ထိန်းချုပ်နိုင်ဖို့ ဆိုပါတော့...။။

စီးပွားရေး  ဖြစ်စေ လူမှု့ရေး  အိမ်ထောင်ရေး အချစ်ရေး   ဘယ်ကိစ္စမှာ မဆို..
စိတ်ဆိုတဲ့ အရာကို      ထိန်းချုပ်နိုင်အောင် ကြိုးစား ထားသင့်တယ်..
အဲလိုလုပ်နိုင်ဖို့ ဆိုတာလည်းအတော့်ကို ခက်ပါတယ်..စီးပွားရေး သမားတယောက် အနေနဲ့က
အစည်းအဝေး ခန်းထဲမှာ မျက်နှာ အပျက်ပျက်နဲ့  အလွန်အမင်း စိတ်ညစ်သွားတဲ့ ပုံစံမျိုး
သိပ်ကို အောင်မြင်တဲ့သတင်းကြားလို့ မထိန်းချုပ်နိုင်ဘဲ တဖြီးဖြီး ဖြစ်နေတာမျိုး တို့ ပေါ့..
အဲလို အမူအယာ ဟာ သင့်ကို ဘာလဲဆိုတာ ဘေးလူတွေက  အလွယ်တကူခန့်မှန်းလို့ရနိုင်
တဲ့အနေအထားတွေ ပါ .. သင့်စိတ်ထဲဘာရှိ လည်းဆိုတာ မျက်နှာ မှာ ပေါ်နေတာကိုး...
မျက်နှာလေး အကဲခတ်လိုက်ရုံနဲ့ သင်ဘာဖြစ်နေလည်းဆိုတာသိပြီးတော့ သင့်ကို ပြန်ပြီး
ထိန်းချုပ်သွားလိမ့်မယ်... အမူအယာကို အရင်ဆုံး ထိန်းချုပ်နိုင်အောင် ကြိုးစားပါ ...
အစည်းဝေးပြီးလို့အိမ်ပြန်လာတဲ့ အချိန် အခန်းထဲ ထိုင်ဘဲငိုငို  ..ပျော် လို့ထဘဲကက
ကြိုက်တာလုပ်လို့ရပါပြီ... လူအများမြင်ကွင်းရှေ့ မှာ  ကိုယ့်အမူယာကို မပေါ်လွင်ပါစေနဲ့...။။
စီးပွားရေး သမားတယောက် အနေ နဲ့ ကိုယ်ဘာလုပ်မယ်ဆိုတာ   ဘေးလူတွေ
ခန့်မှန်းလို့ ရနေတာမျိုး မဖြစ်သင့်ပါဘူး.... အောင်မြင်တဲ့ စီးပွားရေး သမားဆိုတာ
ဟန်ဆောင် ကောင်းရတယ်နော်...ဒါကိုမေ့ထားလို့ မဖြစ်ဘူး...။။

ကျန်းမာရေး ကတော့တမျိုး ပေါ့လေ ..ကိုယ်ဖြစ်နေတာ ဘာရောဂါ ဆိုတာကြားပြီး
မျက်ရည် ကျမိလည်း ပြသနာတော့မရှိပါဘူး.. ဒါက ကိုယ်တယောက်နဲ့ ဘဲ ဆိုင်တဲ့
ကိစ္စကိုးးး ... အဲတော့ ပျော်တာဘဲ ဖြစ်ဖြစ် စိတ်ညစ်တာဘဲဖြစ်ဖြစ် မထိန်းချုပ်လည်း
အရေး မကြီးလှပါဘူး..

အိမ်ထောင်ရေးနဲ့ အချစ်ရေး ဆိုတာကတော့ ထိန်းရအခက်ဆုံးအရာတွေပေါ့ ...
ကိုယ့်ရည်းစား    တခြားတယောက်နဲ့ ကိုယ့်ကွယ်ရာ မှာ ပတ်သက်နေတာ မျိုးတို့
ကိုယ့်ယောက်ကျား တိတ်တိတ်ပုန်းဖောက်ပြန်နေတာတို့ ဘယ်မိန်းမကမှ မထိန်းချု ပ် နိုင်ပါဘူး
အသေအချာပါဘဲ ... အကောင်းဆုံးအနေအထားကတော့ ကိုယ့်ထက် ဘယ်သူကိုမှ
ပိုမချစ်ထားတာ အကောင်းဆုံးပါဘဲ...( အဲလို လည်း လုပ်နိုင်ကြမယ် မထင်ပါဘူး..)
အချစ်ဆိုတာက လည်း ထိန်းပြီးချစ်လို့ ရတာမှမဟုတ်တာလေ..အချိန်ကြာတာနဲ့ အမျှ
သံယောဇဉ် ပိုတွယ်လာတာ များပါတယ်.. အဲလိုသံယောဇဉ်ကြီးတတ်တဲ့သူနဲ့
မျက်နှာများတတ်တဲ့သူ     ဆုံလာတဲ့အခါ ဝမ်းနည်းစရာ အဖြစ်တွေ ပေါ်လာတတ်တယ်..
ကျမ လမ်းသွားရင်း တချို့  ကောင်မလေး တွေ ဖုန်းပြောရင်း ငိုနေတာ တွေ တွေ့ မိတတ်တယ်..
အဲလိုတွေ မြင်မိ၇င် စိတ်မကောင်း တကယ်ဖြစ်ရပါတယ်... ဒီလိုနေရာမှာ ငိုတယ်ဆိုတာ  အချစ်ေ၇း
ကလွဲပြီး တခြားကိစ္စ မရှိ နိုင်ပါဘူး..

အဲလိုပြသနာတွေကြုံလာရင်  ဘယ်လိုဖြေရှင်းကြမလည်း ... ဘယ်လိုနည်းလမ်းက
အကောင်းဆုံးဆိုတာ  ရှာ မတွေ့ သေးပါဘူး... ပြောရရင်တော့ ဒီအနာ အတွက် ဆေးမရှိသေးတဲ့
သဘောပါဘဲ... ။။

တဘက်ကလည်း သိပ်ချစ်လွန်းနေတယ်  မစွန့်လွှတ်ချင်ဘူး ပိုင်ဆိုင်ချင်တယ်..
တဘက်ကလည်း  ဆက်မချစ် ချင်တော့ဘူး အသစ်ပြောင်းချင်နေပြီ..
ဆွဲထားချင်တဲ့သူ နဲ့  အတင်းရုန်းနေတဲ့သူ  ..တော်တော် ခံစားရခက်တဲ့ဝေဒနာတခုပါ
တချို့ သော မိန်းကလေးတွေကတော့  မာန ဆိုတာနဲ့ ပြန်ထိန်းကြတယ်... တချို့ ကျတော့လည်း
နဂိုထဲက သိပ်ပြီး တွယ်တွယ်တာတာ မရှိထားတော့ ကွဲသွားလည်း သိပ်အရေး မစိုက်ကြဘူးပေါ့..
အဲလို အနေအထားတွေက ပြသနာ မရှိပေမဲ့ ... သိပ်ကို တွယ်တာ လွန်းနေတဲ့ မိန်းကလေး
မျိုး ဆိုရင် ခံစားရတဲ့ ဝေဒနာကို ထိန်းချုပ် ဖို့ တော်တော် ခက်ပါတယ်...

ပင်ကိုယ်စိတ်ဓါတ် မခိုင်မာတဲ့ သူမျိုး  ဆို မကောင်းတဲ့ အကြံစည်တွေတောင်
စိတ်မထိန်းနိုင်ဘဲ ကြံစည်မိတတ်ကြတယ်... ကိုယ့်အသားကိုယ် ဓါးနဲ့ လှီးတာတို့
အိပ်ဆေးသောက်တာတို့ပေါ့ ...
ကျမ အဲနေရာမှာ တခုလောက်ပြောချင်ပါတယ်.. ကိုယ့်ကို မချစ်တော့လို့ သစ္စာမရှိတော့တဲ့
သူတယောက်အတွက် အဲလောက်ထိ လုပ်ဖို့ထိုက်တန်ပါသလား...
ပေးတယ်ဆိုတာက  ထိုက်တန်တဲ့သူကိုဘဲ ပေးတာ အကောင်းဆုံးပါ ..
ကိုယ်ကချစ်ခဲ့မိတဲ့ အတွက်  ရင်ထဲမှာ ရှိနေတဲ့ သံယောဇဉ်နဲ့ အချစ်ဆိုတာကြောင့်
သူသစ္စာ ဖောက်သွားတဲ့အခါ  ခံစားရပါလိမ့်မယ်... ဘယ်လောက်ဘဲ သူကြင်မှ ကိုယ်ကြင်
ဂျင်းစိမ်းနဲ့ မိတ်သလင် လို့ ပြောပြော  one go two come လို့ ဘဲ ပြောပြော
သမီးရည်းစားလမ်းခွဲတယ် ဆိုကထဲက  ဘယ်သူမဆို ခံစားရတာပါဘဲ...
ဒါပေမဲ့  နင့်ကို မလိုအပ်တော့ဘူးဆိုပြီး ပြောပြီးထားသွားတဲ့  သူတယောက်ကို
တသသ ဖြစ်နေတယ်ဆိုတာကတော့  သိပ်ပြီး အချိန်ဖြုန်းရာ ရောက်လွန်းပါတယ်...
သံယောဇဉ်လက်ကျန်လေးတွေကြောင့်  ဝမ်းနည်းပါ လွမ်းပါ.. ခံစားလို့ ရပါတယ်..
ဒါပေမဲ့  အချိန်တော့ ထပ်မဖြုန်းမိပါစေနဲ့ ... အဓိက ကတော့ စိတ်ကိုနိုင်အောင်ထိန်းပါ
ထွက်သွားတဲ့သူ ရဲ့ စိတ်ကို လိုက်ထိန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး.. ဒီတော့ကာ  ကိုယ့်စိတ်ကို
ကိုယ့်ဘာသာ ထိန်းချုပ်နိုင်အောင် ကြိုးစားပါ...  .။။

စိတ်ထင်တိုင်း ပြောလိုက်မိတယ် ဆိုတာတို့ စိတ်ထင်တိုင်း လုပ်မိတယ်ဆိုတာတို့က
တကယ်တော့ မကောင်းလှပါဘူး..ကိုယ်က ဒေါသထွက်နေချိန် နင်းကန်ပြော
လိုက်မိတယ်..ကိုယ့်ဒေါသက ပြေသွားရော  စိတ်ထဲဘာမှ မရှိတော့ဘူး..
ဒါပေမဲ့ ပြောခံလိုက်ရတဲ့ သူကတော့   မှတ်သွားပြီ..  ဘယ်လိုပြောထားဆိုထားတယ်ဆိုပြီးတော့
အဲဒီအခါကျ ရင် အငြိုးအတေး ထားလိုက်တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်..
စိတ်မထိန်းနိုင် ခြင်းရဲ့ ဆိုးကျိုးတခု ဖြစ်လာတတ်ပါတယ်...။။

ကျမနဲ့ခင်မင်ရတဲ့ အမတယောက်က ပြောဖူးတယ်..ခံစားချက်တခုဆိုတာ ဘာနဲ့တူလည်း ဆိုတော့
ခြေထောက်ကျ ဉ်တဲ့ အနေအထား နဲ့တူတယ်တဲ့  ... ခြေထောက်ကျ ဉ်ရင် တဖျင်းဖျင်း နဲ့
ဘာမှ ကို လုပ်လို့ကိုမရတာလေ..ဒါပေမဲ့ ကျ ဉ်နေတာ က အချိန်မကြာလှပါဘူး.. တခဏ ပါဘဲ...
ပြီးရင်  ကျ ဉ်တာက နဂိုအတိုင်း ပြန်ဖြစ်သွားတာပါဘဲ...အဲအခါကျ ရင် ဘာမှ ကို မရှိတော့ ဘူးလေ...
ဆိုလိုချင်တာကတော့  ဘယ်အရာမဆို တနေရာထဲမှာ အမြဲရှိမနေတတ်ပါဘူး..
တချိန်မှာတော့ ပြီးသွားပါတယ်... တနေ့မှာ ပြီးသွားကြမဲ့ အရာတွေအားလုံး အတွက်
စိတ်ကိုထိန်းချုပ် ခံစားတတ်ကြစေချင်ပါတယ်.. ..။။

စိတ်ဆိုတာ လွှတ်ပေးကောင်းတဲ့ အရာမဟုတ်ပါဘူး.. ထိန်းချုပ်သင့်တဲ့ အရာတခုပါ..
စိတ်လွှတ်ပေးလိုက်လို့ ပျက်စီးသွားတဲ့  အနေအထားတွေ ..နစ်နာသွားတဲ့ အနေအထားတွေ
ဆိုးကျိုးတရားက လွဲလို့ ကျန်တာမရနိုင်ပါဘူး..မ ကောင်းတာတွေ ဖြစ်လာနိုင်တဲ့  အနေအထားမို့
မိမိ စိတ်ကို    မိမိဘာသာထိန်းချုပ် ခံစားနိုင်ကြပါစေလို့  ဆန္ဒပြုချင်ပါတယ်... ။။။။

စိတ်ဆင်ရိုင်းကို ချွန်းအုပ်နိုင်ကြပါစေ...

ပစ်ပစ်
Pm 7:56
5.4.2014

10 March 2014

Fear ( အကြောက်တရား )

Posted by blackroze at Monday, March 10, 2014 16 comments
FEAR ... ( အကြောက်တရား )

လူတိုင်းမှာ အကြောက်တရား.. ကြောက်ရွံထိတ်လန့်ခြင်းဆိုတဲ့  ခံစားချက် ရှိကြပါတယ်..
ဘယ်လောက်ဘဲ သတ္တိကောင်းတဲ့ သူဖြစ်နေပါစေ... ရင်ဆိုင်လိုက်ရတဲ့ အရာတွေပေါ်
မူတည်ပြီး  ဖြစ်လာတဲ့ ကြောက်လန့်ခြင်းဆိုတာ  ရှိကြစမြဲပါ ...

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့
 ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား ( Unknown fear)မှာ 
 ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ....

မေးခွန်းလေးကို ဖြေရမယ်ဆိုရင်
ကျမ ကတော့ ကြိုတင် သိနေတဲ့ အကြောက်တရား (Known Fear )ကို  ပို ကြောက်လန့်ပါတယ်..
ပိုပြီး Excited ဖြစ်တယ်.. ဘာလို့လည်းဆိုတော့ ..ကြိုတင်သိနေတဲ့ အတွက်  စဉ်းစားနေတတ်တယ်
ဘာဖြစ်လာနိုင်မလည်းလို့ လည်း ကြိုတွေး နေတတ်တယ်.. အဲဒီအချိန်မှာ ခံစားချက်တွေက
ဝင်လာပြီ  ..  စိတ်ဆိုတာကလည်း လူကို ပြန်ခြောက် တတ်တာမျိုးလေ...
ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. ကြောက်စိတ်ဝင်လာပြီဆိုရင် အကြီးကြီးလည်း  ဖြစ်လာမယ်လို့
ထင်နေတတ်တာဘဲလေ...။။

ကျန်းမာရေး သိပ်မကောင်းတဲ့ လူတယောက် ခွဲစိတ်ခန်းဝင်ရမယ် ဆိုပါတော့ ..ဘယ်နေ့ ခွဲစိတ်မယ်
ဘယ်surgeon နဲ့ ခွဲမယ်..မေ့ဆေးက ဘယ်သူ .. ဘယ်ဆေးရုံ မှာ ခွဲမယ်..
အဲလိုကြိုသိနေပြီ ဆိုပါတော့...အဲဒီမှာ  ခွဲစိတ်မဲ့ ရက်မရောက်မချင်း  ခွဲစိတ်ခန်းထဲ မဝင်ရသေးမချင်း
မေ့ဆေးပေးပြီး သတိမေ့ မသွား မချင်း  ခွဲစိတ်ခံရမဲ့ လူနာက စဉ်းစားပြီ...နေ့တိုင်းကိုစဉ်းစားနေပြီ ..။။

ငါခွဲစိတ်ခန်းဝင်ဖို့ ဘယ်နှစ်ရက်ဘဲလိုတော့တယ်.. ဘုရား ဘုရား  ...
ငါခွဲစိတ်တာ အောင်မြင်ပါ့မလား.. အဆင်မှ ပြေပါ့မလား... ခွဲစိတ်ပြီးရင် ချုပ်ရိုးတွေက မြန်မြန်ကျက်ပါ့
မလား...သိပ်များနာ နေမလား မသိ.... fear က အဲဒီမှာ စလာပြီ ... ဘေးကမိသားစုတွေက ဘယ်လောက်
ဘဲ အားပေး  အားပေး  .... ကာယကံ ရှင်က ကြောက်နေပြီ ... မကြောက်ပါဘူး စိတ်မပူပါဘူးဆိုနေပေမဲ့
ရင်ထဲက ခံစားချက်ကို သူကိုယ်တိုင်ဘဲ သိမှာပါ ...
အနာသေးသေးလေး ခွဲတာဘဲ ဖြစ်နေပါစေဦး.. ထုံဆေးလေးနဲ့ ခွဲတယ်ဘဲ ထားဦး..
ဆရာဝန်က အနားရောက်လာပြီ ဆိုတာနဲ့  စိတ်ထဲ  ဒါးနဲ့ ခွဲတော့မယ် ခွဲတော့မယ်.. ဆိုပြီးး
ရင်ထဲ တဒုန်းဒုန်းဘဲ.. ... ။။  စိုင်းစိုင်းခမ်းလိုင်  သီချင်းနဲ့ပြောရရင်တော့ ရင်ထဲကို ဗြောင်းဆန်
နေတာဘဲပေါ့လေ... ။။

ကြိုမသိနိုင်တာမျိုးကျတော့ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားလို့ မရနိုင်သလို
ဘယ်လောက်ထိ ဖြစ်မယ်လို့လည်း မသိဘူးလေ..
ကြို မသိထားတဲ့အခါကျတော့ စိတ်ထဲ ဘာဆိုဘာမှ မရှိဘူး..
သူငယ်ချင်းနဲ့အပြင်သွားဖို့ချိန်းထားတယ်..ပြင်ဆင်ဝတ်စားပြီး လမ်းထွက်လာတယ်..
စိတ်ထဲ မှာ သိနေတာက သူငယ်ချင်းနဲ့ တွေ့မယ်..စားမယ်  လည်မယ်..
ဓါတ်ပုံရိုက်မယ်... ပစ္စည်းဝယ်မယ်.. ဒါလောက်ဘဲစဉ်းစားထားတာ...
အဲဒီအချိန်မှာ လမ်းသွားရင်းနဲ့ ဝုန်းဆို ကားတိုက်ခံလိုက်ရတယ်..

Accident ..ဖြစ်သွားပြီ..

ဒီAccident ဖြစ်လာမယ်လို့ လုံးဝမသိထားတဲ့ အတွက် ဒီဟာနဲ့ ပတ်သက်ပြီး  ကြောက်လန့်ခြင်း
ဆိုတာ လုံးဝမရှိထားဘူး ... ဖြစ်လာကာမှ ဖြစ်ရောဘဲ..ဘာမှကိုကြို ပြီးကြောက်နေတာမရှိဘူး...
ဒီလိုကားတိုက်ခံလိုက်ရတဲ့အတွက်
ဆေးရုံရောက်မယ် ခွဲစိတ်ရမယ်.. အရေးပေါ်အခြေအနေ ဖြစ်မယ်..  ကြိုတင်သိနေတဲ့
ခွဲစိတ်မှု့မျိုးထက် Accident ကြောင့် လုပ်ရတဲ့  ခွဲစိတ်မှု့က ပိုပြီး ပြင်းထန် ချင်ပြင်းထန်ပါလိမ့်မယ်..
ဒါပေမဲ့  ဒါကို ကြိုတင်မသိထားတဲ့အတွက် ပြင်ဆင်ထားတာလည်းမရှိသလို ကြိုပြီး
တွေးတော ကြောက်လန့်နေတာမျိုးလည်း မရှိပါဘူး.. ဖြစ်ဖြစ်လိုက်ချင်း ဝုန်းဆို shock ရလိုက်
တာဘဲ ရှိရင် ရှိလိမ့်မယ်.. သတိချက်ချင်းမေ့သွားတာလည်း ဖြစ်နိုင်သလို ဝုန်းဆို ပြီး ဘာမှ မသိတော့
ဘဲ တခါထဲ Operation ခန်းထဲ ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်..
ပြင်းထန်တာကတော့ ကြိသိနေတဲ့ ကြိုပြင်ဆင်ထားတဲ့  အရာထက်  ကြိုမသိဘဲ
ဘာမှကိုပြင်ဆင် မထားတဲ့ အရာမျိုးက ပိုနိုင်ပါတယ်.. မြင်ရတဲ့ အရာက ခန့်မှန်းလို့ ရတယ်လေ
မမြင်ရတဲ့ အရာကို ကြိုခန့်မှန်းလို့မရနိုင်ဘူးလေ.....။။

ဒါပေမဲ့  ဘာမှကိုကြိုမသိထားတဲ့ အတွက် ကြောက်လန့် မှု့ Fear မှာတော့ Unkown Fear ထက်
Known Fear က ပိုပြီး များတာပေါ့... Known Fear က limit နဲ့ target ရှိတယ်...
ဘယ်နေ့မှာ ဘာလုပ်မယ် ..အခြေအနေ ဘယ်လိုဆိုတာ အကုန်သိနေတယ်..
ခွဲစိတ်မယ်... ဘာကို ခွဲစိတ်မှာလည်း .. တကယ်တမ်းမှာလည်း လုပ်စရာရှိတာတခု လုပ်ပြီး
ရင် ဒီ ခွဲစိတ်မှု့က ပြီးသွားပါပြီ...

 ကြိုမသိထားတဲ့ကိစ္စ မျိုးတွေကတော့  ဖြစ်လာရင် အဆုံးစွန်အခြေအနေထိ ဖြစ်သွားတတ်တယ်...
ဒါပေမဲ့ ဘာမှကို ကြိုတင်မသိထားတော့ ဘာဖြစ်လာမယ်ဆိုတာလည်း မသိဘူး.
ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာလည်း မသိဘူး..အဲဒီတော့ အေးအေးဆေးဆေး ဘဲနေနေတာ...

ကျမ အမြင်နဲ့ခံစားချက်မှာတော့ Known Fear က Unknown Fear ထက် ပိုတယ်လို့
ထင်မိပါတယ်ရှင်...။။ ။။  ။။။။

ပစ်ပစ်
10.3.2014
Pm 12:23




28 February 2014

နိုင်ငံခြား.. !!!

Posted by blackroze at Friday, February 28, 2014 11 comments


တချို့သော လူတွေက နိုင်ငံခြားဆိုတာနဲ့  တိုက်တာကြီးတွေ ကားအကောင်းစားကြီးတွေ
လွတ်လပ်မှု့ အပြည့်နဲ့  လိုတာရ နိုင်တဲ့ နေရာလို့ ထင်ကြတယ်...

တကယ်တော့ ကိုယ့်ပြည်ကိုယ့်ရွာ မဟုတ်တဲ့ နေရာမှာ ဘဝတစ်ခု ရပ်တည်ဖို့
ကြိုးစားရတဲ့သူတွေ ဘယ်လောက်ပင်ပန်းတယ်.. ဘယ်လောက် ချိုးနှိမ်ရတယ်..
ဘယ်လောက် မျိုသိပ်ရတယ်..ဆိုတာ  တကယ်တမ်း လက်တွေ့ ရင်ဆိုင်နေရတဲ့
သူတွေဘဲသိတာပါ...

ဘဝရပ်တည်ရေး  မိသားစုအဆင်ပြေရေး  အစရှိတဲ့လိုအပ်ချက်တွေကြောင့်
နိုင်ငံခြားရောက်နေကြတဲ့သူတွေ  ဘယ်လောက်စိတ်ပင်ပန်းကြလည်း  ဆိုတာ
ရင်ဆိုင်နေရတဲ့သူ အချင်းချင်းက သိပြီးသားပါ..
အမေရိကန်ဖြစ်ဖြစ် ဂျပန်ဖြစ်ဖြစ်  ကိုးရီးယား ဖြစ်ဖြစ်  နိုင်ငံသာကွဲပြားသွားမယ်
ရရှိလာမဲ့ခံစားချက်တွေကတော့  တထပ်တည်းပါဘဲ....
အဲတာကတော့ ဘယ်အရာမဆို သည်းခံခြင်းနဲ့ မျို သိပ်ရခြင်း
နောက်တမျိုးကတော့ ဘာသာစကားကွဲပြားတဲ့  လူမျိုးတွေကြားထဲမှာ
သိမ်ငယ်ရခြင်း...

တချို့သောလူတွေက မိသားစုအသိုင်းအဝိုင်းကောင်းတယ်...နဂိုကထဲက ချမ်းးသာကြွယ်ဝတဲ့
မိဘတွေက ဆင်းသက်လာတဲ့သူတွေ အဲလိုလူတွေအတွက်က နိုင်ငံခြား ထွက်လာလည်း
နေရာဒေသ အပြောင်းအလဲတခုကြောင့်  ရောက်ရောက်ချင်း အသားမကျတာကလွဲလို့
ဖိစီးမှု့ နည်းပါတယ်....

တချို့ကျတော့ အဆက်သွယ်ကောင်း တယ်..ကိုယ်ရောက်လာတာနဲ့  ကူညီပေးမဲ့သူတွေ
ဆွေမျိုးတွေ သူငယ်ချင်းတွေ များတယ်..အဲဒီလိုလူတွေအတွက်လည်း  ရင်ဆိုင်ရတဲ့  အခက်ခဲ
နည်းပါးပါတယ်.. လိုအပ်ရင်ကူညီမဲ့သူ အသင့်ရှိတာကိုးး

မိသားစုစားဝတ်နေရေးကြောင့်ဖြစ်ဖြစ်  .. ကိုယ့်ဘဝလမ်းအတွက် ခရီးအသစ်တခု
လျှောက်ချင်လို့ဘဲ ဖြစ်ဖြစ် ရောက်လာတဲ့သူတွေ အဖို့ကတော့ နိုင်ငံခြားဆိုတာကြီးက
သိပ်ကို ခါးသီးလွန်းပါတယ်.. အပေါ်ယံသကာအုပ်ထားတဲ့ ဆေးခါးတလုံးနဲ့တူပါတယ်..
လှလှပပ ဝတ်စားပြီးလေယာဉ်ပေါ်တက်..တာ့တာ့  ပြ  ..လေယာဉ်ပျံကြီး ထွက်  နိုင်ငံခြားကို ရောက်လာ...
အဲဒီမှာ ချိုမြိန်တဲ့ အခန်းပြီးရင်  နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမဲ့ အခန်းဆက်တွေကတော့  ခါးသီး
ပါတယ်...

အရင်ဆုံးတွေ့ကြုံ ရမှာကတော့ အိမ်လွမ်းစိတ်ပါဘဲ...
မိသားစုနဲ့ အတူနေရာကနေ တယောက်ထဲ ဖြစ်သွားတဲ့ အနေအထား..
အမေတွေအမတွေ ချက်ပြုတ်တာ အဆင်သင့်စားနေရတဲ့ ဘဝကနေ ကိုယ်စားဖို့
ကိုယ့်ဘာကို ချက်ပြုတ်ရတဲ့ ဒုက္ခ ..မိသားစုက ဖူးဖူးမှုတ်ခံထား၇တဲ့သူဆို ပိုဆိုးပေါ့ရှင်..
နေ့တိုင်း ငိုရတော့တာပါဘဲ... ဖျားနာတဲ့ အချိန်ဆို မျက်ရည် နဲ့ မျက်ခွက်ပေါ့
နေမကောင်းလည်း ကိုယ့်ဘာကို ဆေးခန်းသွား ကိုယ့်ဘာကို စားဖို့ စီစဉ်ရတာဆိုတော့
တော်ရုံ တန်ရုံ အဖျားက အိမ်လွမ်းစိတ်ပါ ပေါင်းထားတော့ ပို ပြီးတာရှည်နေတော့တာပါဘဲ..

နောက်တခုကတော့  ဘယ်မှမသွားတတ်မလာတတ်တဲ့ ဒုက္ခ ..
ဘာသာစကားကျွမ်းကျင်တဲ့သူဆိုတော်သေးတယ်..
စကားသေချာမသင်ခဲ့တဲ့သူ..ဒါမှမဟုတ်  မတတ် တတတ်တွေဆို  ကိုယ်ပြောတာ သူနားမလည်း
သူပြောတာကိုယ်မသိနဲ့  စိတ်ညစ်စရာက စလာတာပါဘဲ...

တနေရာ ကနေ တနေရာ သွားဖို့  မြန်မာမှာလို မသွားတတ်ဘူးအဖော်လိုက်ပေးလို့  ခေါ်လို့ရမဲ့သူ မရှိ...ကိုယ့်အား ကိုယ့်ကိုး.. ရတဲ့ဘဝမှာ.. အားငယ်လာရတဲ့ ခံစားချက်...
ကျောင်းတက်ဖို့ရောက်လာတဲ့သူဆို ဒီခံစားချက်တွေက တော်ပါသေးတယ်..
ကျောင်းမှာ သူငယ်ချင်းရလာရင်  ..မသိတာ မသွားတတ်တာရှိရင်  ..အကူညီတောင်း
အားကိုးလို့ ရနိုင်ပေ မဲ့... အလုပ် လာလုပ်တဲ့သူအဖို့  မှာတော့...အဲလိုအကူညီမျိုး
သိပ်မျှော်လင့်လို့ မရနိုင်ပါဘူး..

အဲဒီလိုအဆင် မပြေတဲ့ ခံစားချက်တွေအ ပြင်...နောက်တခု အကြီး မားဆုံး ထိုးနှက်ချက်ကတော့
အလုပ်ထဲမှာ သည်းခံရတဲ့ မျို သိပ်ရတဲ့  အနေအထားတွေပါဘဲ ..
( အဲလိုအနေအထားတွေက မြန်မာမှာ အလုပ်လုပ်ရင်လည်း ရှိနိုင်ပါတယ်..
အလုပ်ဆိုကထဲက အခက်ခဲတွေတော့ရှိကြ မှာပါ
ဒါပေမဲ့ ကိုယ့်လူမျိုးအချင်း ချင်း  ကိုယ့်ဘာသာ စကားနဲ့ ပြောဆိုဖြေရှင်းရတဲ့
အနေအထား ထက် လူမျိုးခြား ဘာသာ ခြားကို သည်းခံရတဲ့ ခံစားချက်က ဘယ်လိုကွာတယ်ဆိုတာ
ကြံတွေ့ဖူးတဲ့ သူတိုင်း သိကြမှာပါ)

အလုပ်ရှင် ဒါမှမဟုတ် စူပါဗိုက်ဆာ ..မန်နေဂျာ  အစရှိတဲ့ အထက်လူကြီး တွေ
လုပ်ဖော်ကိုင်ဘက် အချင်းချင်းတွေ  ..လူမျိုးခြားတွေထဲမှာ...
ပြသနာက အဲမှာစလာတာပါဘဲ...သည်းခံခြင်းတရား ကို လက်ကိုင်ထားလို့  မျိုသိပ်ဖြတ်သန်းရတဲ့
နေ့ရက်တွေ က အရမ်းဆိုးဝါးလှပါတယ်..

ကိုယ်မှန်ကန်နေရဲ့ သားနဲ့  တင်စီးခံရတာမျိုး..

ကူညီသလိုလို ဘာလိုလို နဲ့ မျက်နှာဝင်ယူတာမျိုး...

အလုပ်လုပ်တဲ့သူ ချင်းအတူတူ  မျက်နှာ လိုက်ဆက်ဆံတာမျိုး..

နိုင်ငံခြားကနေ လာအလုပ်လုပ်တဲ့သူနဲ့ သူတို့ လူမျိုးချင်း ခွဲခြားဆက်ဆံတာမျိုး

ကပ်ဖား ယပ်ဖား  လုပ်တတ်တဲ့  လူကိုကျတော့ တမျိုး..ကိုယ့်အလုပ်ဘဲ
ကိုယ်လုပ်တတ်တဲ့ မဖားတတ်တဲ့သူကျတော့တမျိုး...

ပြောရရင်တော့ အများကြီးပါဘဲ..
ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့  ညာဏ လုပ်သားတွေရော
 အလုပ်ကြမ်း နဲ့ အသက်မွေး ဝမ်းကျောင်း ပြုတဲ့ ကာယ လုပ်သားတွေရော
ရင်ဆိုင်ရတဲ့ အခက်ခဲတွေအများကြီးပါ...

သူကဆရာဝန်..အင်ဂျင်နီယာ ..ကွန်ပြုတာ ပညာရှင် မို့
Air con ခန်းထဲမှာ အလုပ်လုပ်ပြီး တလ တလ ပိုက်ဆံ ရနေတာလို့ မထင်စေချင်ဘူး..
အခုနေခါ အဲလိုနေရာကောင်းကောင်းတွေ မှာအေးဆေးစွာ ပိုက်ဆံ ရှာနေတဲ့ သူတွေ
ရှိပါလိမ့်မယ်...ဒါပေမဲ့  သူတို့ဒီနေ့ ဒီလိုအခြေအနေ ရောက်လာအောင်
ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတဲ့  အတိတ်ကာလလေး  တော့ရှိမှာပါ...

အဲဒီ Air con ခန်းထဲက  ဖိစီးမှု့ တွေ  ရင်ဆိုင်ရတဲ့  စိန်ခေါ်မှု့တွေ
ပေါင်းသင်းဆက်ဆံရေးတွေ   တကယ်ကို အများ ကြီးပါ..
လကုန်လို့ရလာတဲ့  လခ ထဲမှာ  အဲဒီလို အရာတွေအများကြီးပါဝင်ပါတယ်..
ကျမထင်တာတော့ လကုန်ရင် ရတာက ကျမတို့ရဲ့ ချွေးစက်တွေ  ခံစားမှု့တွေ ပေါင်းစပ်နေတဲ့
ပိုက်ဆံလို့ ဘဲ မြင်ပါတယ်..အဲဒီ ပိုက်ဆံတွေမှာ ကာကယံရှင်တွေက လွဲပြီးအပြင်လူတွေ
မမြင်နိုင်တဲ့  အရာတွေ ကပ် နေပါတယ်..


မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု က အလိုက်တသိနဲ့ စီစစ်ချွေတာပေးတဲ့ မိသားစုမျိုးဆို
တော်ပါသေးတယ်..တချို့ကလည်း  နိုင်ငံခြားရောက်နေတယ် ဆိုရင်ဘဲ သက်သက်သာသာလေး
အလုပ်လုပ်ပြီး ပိုက်ဆံရလာတယ်လို့ အထင်မှားနေကြတဲ့  မိသားစုတွေရှိကောင်း ရှိနိုင်ပါတယ်
ကျမသူတို့တွေကို ပြောပြချင်ပါတယ်.. ကိုယ့်သားသမီး ကိုယ့်ခင်ပွန်းဇနီးမယား ကိုယ့်အဖေအမေ
ရှာနေတဲ့  ပိုက်ဆံက လက်ဖျောက်တချက် အတီးမှာ ရလာတဲ့ပိုက်ဆံ မျိုးမဟုတ်ပါဘူး..
ဒီလိုပိုက်ဆံရဖို့အတွက် သူတို့တွေ ဘယ်လိုပင်ပန်းလည်း  ဘယ်လိုသိမ်ငယ်လည်း
ဘယ်လို ခံစားမှု့ မျိုး ရှိနိုင်မလည်း  နဲနဲလောက် တွေးကြည့်ပါလို့ ......
(လူတိုင်းကိုတော့ မဆိုလိုပါဘူး.. တချို့သော တချို့သော မိသားစုတွေအတွက်ပါ
ရှာတဲ့သူက ပင်ပင်ပန်းပန်းရှာ..သုံးတဲ့သူ က မစီစစ်ဘဲ  နှစ်လုံးထီ ထိုင်ထိုးနေတတ် တဲ့ မိသားစုမျိုးကို
ရည်ညွှန်းချင်တာပါ)

တချို့သော နိုင်ငံတွေမှာ အလုပ်ကြမ်းလုပ်ရတဲ့သူတွေ ဆို အရမ်းသနားဖို့ ကောင်းပါတယ်
လုံခြုံ မှု့ မရှိ  ..ကာကွယ်မှု့ မရှိတဲ့ နေရာတခုမှာ  သိမ်ငယ်စွာနဲ့  ရပ်တည်နေရတာပါ..
သမာအာဇီဝ  ကျကျ ပိုက်ဆံရှာနေတယ်ဆိုပေမဲ့... သူများနိုင်ငံမှာ သိမ်ငယ်ရတဲ့ ဘဝ...
သိပ် ကိုဆိုးဝါးလှပါတယ်... ဘဝတိုင်းကတော့  ပန်းခင်းလမ်း မဟုတ်တာ အသေအချာ ပေါ့ရှင်..

ကျမတို့ ငယ်ငယ်ကဆို နယ်က လူငယ်လေးတွေက မြို့တက်ပြီး အလုပ် လုပ်ကြတယ်..
အခုခေတ်မှာတော့ နယ်စပ်ကတဆင့် တဘက်နိုင်ငံကို သွားကြတာများပါတယ်..
အဆင်ပြေ သွားကြတဲ့ သူတွေလည်း ရှိသလို ဘဝ ပျက်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ
အကောင်းအဆိုး ဆိုတာ အမြဲဒွန်တွဲ နေတတ်ပါတယ်..
ကောင်းတာကို ခံနိုင်ရည်ရှိရပါမယ်..သာယာပြီး ပျက်စီးသွားတာမျိုး မဖြစ်သင့်သလို
ဆိုးတာကိုလည်း ခံစားရဲရပါမယ်.. ဒူးထောက်အလျော့ပေး လိုက်တာမျိုး မဖြစ်စေချင်ပါဘူး...

ကိုယ်တကယ် နိုင်ငံခြားထွက်ပိုက်ဆံ ရှာတော့မယ်ဆိုရင်
ကိုယ့်ဘာသာကိုယ် အရင်ဦးဆုံး ပြန်မေးပါ

 ပညာနဲ့ ပိုက်ဆံရှာဖို့ သွားမှာလား..
ပညာရပ်တခုခုကို တကယ်ကျွမ်းကျွမ်းကျင်ကျင်ရှိရဲ့လား  ၊၊၊

ကာယ လုပ်အားနဲ့ ပိုက်ဆံ ရှာဖို့ သွားမှာလား..
ဘယ်လောက်ဘဲ ပင်ပန်းတဲ့ အလုပ်ဖြစ်ပစေ လုပ်နိုင်ရဲ့လား ။။

ဘယ်လောက် မျှော်မှန်းထားတာလည်း..

တလကို လခ ဒေါ်လာ တထောင်လောက် ရချင်တာမျိုးပေါ့..။။
အဲလို လခမျိုးမရခဲ့ရင်...အဲဒီလိုအလုပ် မျိုးမရခဲ့ရင် .. ဘယ်လိုအနေအထားနဲ့ ဆက်လုပ်မလည်း စဉ်းစားသွားပါ.
မျှော်လင့်ထားသလို ဖြစ်လာတယ်ဆိုတာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း နည်းပါတယ် ။။

ဘယ်အရာမဆို  ရင်နိုင်ဖို့ အသင့်ဖြစ်နေပြီလား ...
ဘယ်လို အခက်ခဲရှိနေပါစေ.. ဘယ်လိုဘဲ သိမ်ငယ်နေပါစေ .. မရ ရအောင် လုပ်မယ်
ဆိုတာမျိုး ပေါ့ .. အဲလို ခံနိုင်ရည်တွေ တကယ်ပြည့်စုံရဲ့လား..ဆိုတာပါ..။။။

လုံးဝကိုသေချာပြီဆိုမှ နိုင်ငံခြားဆိုတဲ့ ခရီးစဉ်ကို အကောင်အထည်ဖော်ပါ...

နိုင်ငံခြားသွားတော့မဲ့သူတိုင်းကိုလည်း မိဘ မောင်နှမ တွေက မှာလိုက်တတ်ပါတယ်
ကျန်းမာရေး ဂရုစိုက်ပါ
ဘုရားတရားမမေ့နဲ့
အပေါင်းအသင်းဆင်ခြင် ..
ကိုယ်ကသူများနိုင်ငံသွားရတာ ပြသနာ မတက်စေနဲ့
ပိုက်ဆံစုပါ...
ဒီလိုစကားမျိုးတွေတော့ မှာကြမှာပါ..

ကျမကနဲနဲ ဖြည့်စွက်ချင်ပါတယ်..
အရာတိုင်း သည်းမခံပါနဲ့  လို့ ပြောချင်တယ်..
သည်းခံလွန်းရင်အနိုင်ကျင့်ခံရတတ်တယ်..အနှိမ်ခံရတတ်တယ်...
သူတပါးကို ကိုယ်ကစပြီး အနိုင်မကျင့်ပါနဲ့  မျှမျှ တတ ဆက်ဆံပေးပါ
ကိုယ့်ကို လာအနိုင်ကျင့်တာမျိုးဆိုရင် လည်း သတ္တိ ရှိရှိ ရင်ဆိုင်လိုက်ပါ
နောက်တခါ လာပြီးအနိုင် မကျင့်ရဲတော့ ပါဘူး..
လူဆိုတာက  သည်းခံမှန်း သိရင် ပိုပြီး အနိုင်ယူချင်တတ်ကြလို့ပါ  ..။။

ကြုံတွေ့လာမဲ့  အခက်ခဲတွေအားလုံးကို ကျော်ဖြတ်အနိုင်ယူနိုင်ပါစေ ....  .. လို့   ...။။။

ပစ်ပစ်
Pm 10:53
28.2.2014

( မြန်မာ မိန်းကလေးတွေ နိုင်ငံခြားကို အိမ်ဖော် အလုပ်နဲ့ သွားတယ်လို့
ကြားရတော့  ရင်ထဲ စူးတချောင်းဝင်သွားသလိုပါဘဲ..ဒါပေမဲ့လည်း
သက်ပြင်းချရုံ မှ တပါး.... ..... ....)

photo credit to google ..





04 February 2014

တန်ဖိုးနဲ့ တိုင်းတာမှု့

Posted by blackroze at Tuesday, February 04, 2014 3 comments
မိန်းကလေးတွေ အသက်ကြီးလာရင် လူတွေက ပြောကြတယ်..အိုလာပြီပေါ့..
နေရာမပေးချင်ကြတော့ဘူး..အလုပ်လျှောက်တာက အစ အသက်ကန့်သတ်ထားတယ်..
အသက် 25 နှစ်အောက် ဆိုတာမျိုးပေါ့..အဲလိုတွေ တွေ့ရ တိုင်း ကျမ စိတ်ထဲ စပ်ဖျင်းဖျင်းဖြစ်မိတယ် ..
ကျမကိုယ်တိုင်က  အသက် 25 ကျော်နေတဲ့ အစိတ်အပိုင်း ဖြစ်နေတာလည်း ပါမှာပေါ့လေ...
ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ကြပါ...
လူတယောက် တန်ဘိုးကို သတ်မှတ်တဲ့နေရာ မှာအသက်အရွယ်  တစ်ခုကဘဲ  အရေး ကြီးသလား..
အရည်အချင်းဆိုတာကိုရော မထည့်တွက်ကြတော့ဘူးလား ...

အသက်18နှစ်မိန်းကလေး ကတော့ ဥပမာပေးရင်တော့ ..
အသစ်ဖွင့်ထားတဲ့ shopping mall လိုပေါ့ ..
လှပတယ်..သစ်လွင်တယ်.. ဆန်းသစ်တယ်.. လိုချင်တဲ့ ပစ္စည်းမှန်သမျှ ရနိုင်တယ်..
အရောင်အသွေး စုံစုံ လင်လင် နဲ့ တပ် မက်ချင်စရာ ကောင်းတယ်...
...
ဒါဆို အသက် 30 ကျော်လာတဲ့မိန်းမ တယောက်ကရော...
.... ....

တန်ဖိုး မရှိတော့ဘူးလား..  မသစ်လွင်တော့ဘူးလား ... တပ်မက်ချင်စရာ မကောင်းတော့ဘူးလား..
မေးစရာဖြစ်လာပါပြီ..

ကျမ အမြင်မှာတော့ မိန်းမ တယောက်ရဲ့  တန်ဖိုးဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး
သူရဲ့  ပင်ကိုယ်အရည်ချင်း စိတ်ဓါတ်နဲ့ ဘဲ ဆိုင်ပါတယ်..  ဥပမာတခုပြောရရင်
အိမ်တလုံးလိုပါဘဲ ..ဆောက်ကာစမှ တော့  သစ်လွင်လှပ မှု့  ရှိမှာပါ..
ဒါပေမဲ့အချိန် အတိုင်း အတာတခုမှာတော့  ဆောက်ကာစ လိုတော့ မလှပ နိုင်တော့ပါဘူး
ဒါက ဓမ္မတာပါဘဲ..
နုနယ်ပျို မြစ်မှု့ တွေဟာ အိုမင်းရင့်ရော်မှု့ တွေနဲ့ အဆုံးသတ်ကြတာပါဘဲ..

မိန်းကလေးတွေလည်း အဲလိုပါဘဲ  ငယ်ရွယ်စဉ်မှာတော့ နုပျိုမှု့ တွေနဲ့ လန်းဆန်းနေကြမှာပါ..
အသက်18 နှစ်မိန်းကလေးနဲ့ အသက် 30 မိန်းကလေး  ယှဉ်ကြည့်ရင် နုပျိုမှု့  မှာ 18 နှစ်က 
သာပါလိမ့်မယ်...ဒါဆိုရင် 18  နှစ်မှသာ လူရာဝင်တာလား  ..မှားပါတယ်..
အသက်30  မိန်းကလေးမှာ ရှိနေတဲ့ ရင့်ကျက်မှု့  လူ့ဘဝအတွေ့ ကြုံ  ..အတွေးအခေါ်... 
ဒါတွေဟာ 18နှစ်အရွယ် မိန်းကလေး မှာ မရှိနိုင်ပါဘူး... 
ငယ်ရွယ် နူပျိုမှု့ကို သဘောကျ နှစ်သက်ကြသလို
ရင့်ကျက်တည်ငြိမ် မှု့ ကိုလည်း အလေးထားသင့်ပါတယ်...

ငယ်ရွယ်တဲ့မိန်းကလေး မှ ထက်မြက်တာမျိုး မဟုတ်ပါဘူး.. လုပ်ရည်လုပ်ကိုင်ရှိတာမျိုး
မဟုတ်ပါဘူး..  ပင်ကိုယ်အရည်ချင်း ရှိတဲ့မိန်းကလေးတယောက်ဟာ အသက် 30 ..40  ဖြစ်နေပါစေ
သူ့ရဲ့  အရည်အချင်းတွေက  သူ့ရဲ့  အသက်အရွယ်ကြောင့် မကျဆုံး သွားနိုင်ပါဘူး....
သူဖြတ်သန်းလာတဲ့ အတွေ့ အကြုံ တွေကြောင့် သူဟာ ပိုပြီး ရင့်ကျက် တန်ဖိုးရှိလာတာပါ..
တချို့သော ဖြတ်သန်းမှု့  အတွေ့ အကြုံ ..ခံစားချက်တွေ ဟာ..ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ပြီး
ဝယ်ယူလို့ မရနိုင်ပါဘူး.. ကိုယ်တိုင်စီးမျော ဖြတ်သန်းပြီး မှ ရရှိလာတာတွေပါ ..



ဒါပေမဲ့ တချို့ သော သူတွေက အသက်အရွယ်နဲ့ တိုင်းပြီး တန်ဖိုးဖြတ်တတ်ကြတယ်..
တချို့ သောနေရာတွေမှာ အသက်အရွယ်နဲ့ တိုင်း ပြီးတန်ဖိုးဖြတ်တတ်ကြတယ်...

မိန်းမတယောက်ဟာ အသက် 30 လို့ဆိုလိုက်တာနဲ့  အသက်ကြီးနေတဲ့ အသုံးမဝင်တော့တဲ့
ဘာမှဆွဲဆောင်မှု့ မရှိတော့တဲ့ ..သူတယောက် လို သတ်မှတ်လိုက်ကြတယ်..
အဲဒါ ကို မှားယွင်းတယ်လို့ ခံစားမိပါတယ်....   




 ကျမတို့ရဲ့   ရှေးဟောင်းမြို့တော် ပုဂံ ဆိုရင် နှစ်ပေါင်းရာချီ ထောင်ချီ နေပါပြီ

ဒါပေမဲ့ ခုချိန်တိုင်အောင်  ပုဂံဆိုတာ နဲ့  စိတ်ဝင်စားစရာ ..လေ့လာစရာတွေနဲ့  
ဆွဲဆောင်နေဆဲပါဘဲ.. ပုဂံ ဆိုတာနဲ့ လူတိုင်း စိတ်လှုပ်ရှား လာစမြဲပါဘဲ.. 
တကမ္ဘာ လုံးကို ဆွဲဆောင် ထားနိုင်ဆဲပါဘဲ.. 
 ဟောင်းနွမ်းမှု့  အတိတ် သမိုင်းတွေ နဲ့ ပုဂံ ဟာ စိတ်ဝင်စားစရာ ကောင်းနေဆဲပါ.. 
ဒါကြောင့် နုပျို သစ်လွင်နေမှ စွဲဆောင် မှု့ ရှိတာမဟုတ်ပါဘူး...
ရင့်ကျက် ဟောင်းနွမ်းမှု့ တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိနေတတ်ပါတယ်...
... ....

shopping mall ထဲမှာ  အရောင်အသွေး စုံစုံလင်လင် နဲ့  သစ်လွင်တောက်ပ မှု့တွေကို
ရင်ခုန်ခံစားနိုင်သလိုပါဘဲ..
ပုဂံ ရဲ့  တန်ဖိုးမဖြတ် နိုင်တဲ့ အလှတရားတွေ  ..
နေဝင်ချိန် ညနေခင်းလေးတွေ ဟာလည်း  ခံစားချက်အမျိုးမျိုးကို တိတ်တဆိတ်ပေး
နိုင်စွမ်းရှိပါတယ်လေ...

တချို့ သော အလုပ်ကြေငြာတွေမှာ အသက်25 အောက် ရုပ်ရည် ချောမောပြေပြစ်ရမယ်..
ဆိုတာ တွေ့ တိုင်း ကျမပြုံး မိတယ်.. အလုပ် တိုင်းကတော့ ရုပ်ရည် အသင့်တင့် ရှိသူမျိုး
စကားပြောကောင်းသူ မျိုး ကိုဦးစားပေးခန့်တတ်ကြပါတယ်...ဒါကလည်း  ဆက်သွယ်ရေး
ပိုင်းဆိုင်ရာ..customer တွေနဲ့ ဆက်ဆံတဲ့နေရာ မှာ အဆင်ပြေ အောင်လို့  ပါ
လူမြင်ကွင်းရှေ့ လှလှ ပပ လေး ဆို ပိုကောင်းတာပေါ့..အဲဒီသဘောနဲ့ ရုပ်ရည်ပြေပြစ်ရမယ်
စကားပြောကောင်းရမည်ဆိုတဲ့သတ်မှတ်ချက် တခု ပေါ်လာတာပါ...
ဒါပေမဲ့ အသက် 25  နှစ်အောက် ဆိုတဲ့  သတ်မှတ် ချက်ကို ကျမ မြင်တိုင်း ပြုံးမိနေဆဲပါ...


မိန်းကလေးတယောက်ရဲ့ တန်ဖိုးကို နုပျိုမှု့  အသက်ရွယ်တစ်ခုထဲ နဲ့  မတိုင်းတာဘဲ
ပင်ကိုယ်အရည်ချင်း..အတွေ့ အကြုံ ...ထက်မြက်မှု့ တွေနဲ့  လည်း တိုင်းတာနိုင်ကြပါစေလို့
ဆန္ဒပြု လိုက်ပါရစေ....

ပစ်ပစ်
Pm  9:30
4.2.2014

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei