ကျမတို့နှစ်ယောက်ရဲ့ အချစ်ကဘာမှတော့သိပ်မထူးဆန်းပါဘူး..ခပ်ရိုးရိုး အချစ်ဇာတ်လမ်းတပုဒ်ပါဘဲ....။။
ကျမတို့မြို့လေးမှာ သူ့ ရဲ့သူငယ်ချင်းတယောက်ရှိပါတယ်...တိတိကျကျ ပြောရရင်တော့ ကျမနေတဲ့ မြို့လေးမှာ သူ့ရဲ့သူငယ်ချင်းကတာဝန်ကျတယ်ဆိုပါတော့ ...သူ့သူငယ်ချင်းစီသူလာလည်တယ် ..ကျမနဲ့ အမှတ်မထင်တွေ့ဆုံပြီး ကျမနဲ့ သူ ချစ်သူတွေ
ဖြစ်ခဲ့ကြတယ်...။။
ကျမက သူ့ကို မောင်လို့ ခေါ်ပြီး ကျမကိုသူက နာမည်အဖျားလေးစွတ်ပြီး ညို လို့ခေါ်ပါတယ်...
သာမန်ဝန်ထမ်း အသိုင်းအဝိုင်းက မောင်နဲ့ဆီစက်ပိုင်ရှင်ဆိုပြီး မြို့မျက်နှာဖုံးစာရင်းဝင်တဲ့ မိသားစုအသိုင်းအဝိုင်း က ကျမ.... ဒီ အချစ်ဇာတ်လမ်း စစချင်းမှာ ကျမရဲ့ သူငယ်ချင်း တချို့ က ဗီလိန်လုပ်ပြီး ဝိုင်းတားခဲ့ကြပါသေးတယ်...
ခေါင်းမာတတ်တဲ့ ကျမ ကတော့ အရာအားလုံးကို ကျော်ဖြတ်လို့ မောင့်လက်ကို ရဲရဲ တွဲခဲ့တယ်... ။။
ကျမ တွဲခဲ့တဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့လည်း ကျမ ဆုံးဖြတ်ခဲ့တယ်... ။။
ကျမနဲ့ မောင် နဲ့ တွေ့ခွင့်ရတဲ့ ရက်တွေက ချစ်သူသက်တမ်းမှာ နည်းလွန်းပါတယ်.. မောင်က ဝန်ထမ်း
ဆိုတော့ သူတာဝန်ကျတဲ့ မြို့ ကနေ ကျမစီတကူးတက လာတွေ့ရတာပါ .. မောင် ကျမကို လာတွေ့
တဲ့ ရက်တွေဆို ကျမအတွက် သိပ်ကို လှပတဲ့ရက်ကလေးတွေပါဘဲ.. မောင်က ညဘက် ကားစီးလာ..
ကျမနေတဲ့မြို့ ကို မနက် စောစောရောက်တယ်..ကားဂိတ်ကနေ မောင်က သူ့ ငယ်ချင်းစီ သွား ခဏလောက်နား ပြီးရင် သူငယ်ချင်းဆိုင်ကယ်ခဏငှားပြီ ကျမကိုလာတွေ့ပါတယ်..။။
ကျမတို့အိမ်လမ်းထိပ်က စာအုပ်ဆိုင် မှာမောင်ကစောင့်နေတတ်တာပါ.. စာအုပ်ဆိုင်က အမ နဲ့လည်း
ကျမနဲ့က အရမ်းခင်တော့ မောင်ရောက်လာရင် အမတို့ လင်မယား ကနေ ကျမကိုယ်စားဧည့်ခံပေးထား
တာပါ.. ကျမက ကျမရဲ့အမအကြီးဆုံးဖွင့်ထားတဲ့ ကွန်ပြူတာသင်တန်းကျောင်းမှာ အချိန် ပိုင်းဆရာမ လုပ်ပါတယ်...။။
မောင်လာမယ်လို့ ဖုန်းဆက်ထားတဲ့နေ့ မျိုးဆို ကျမက သင်တန်းးကို ခါတိုင်းအချိန်ထက် စောပြီး
သွားပါတယ်... အိမ်ကထွက်တာနဲ့ လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ စောင့်နေတဲ့ မောင်နဲ့ အတူ
နေ့လည် စာတခုခု သွားစား ပြီးရင် မောင်က ကျမကို သင်တန်းရှိရာ လိုက်ပို့ပေးတယ်...
ကျမစာသင်နေတဲ့ အချိန် ဆိုရင် မောင်က သင်တန်းရှေ့ က လက်ဘက်ရည် ဆိုင်မှာ စာအုပ်တအုပ်
ဖတ်ရင်း ကျမသင်တန်း ပြီးချိန်အထိ စောင့်တယ်...ကျမ စာသင်ပြီးချိန် မောင်က အိမ်ပြန်လိုက်ပို့ပေးတယ်..
ပြီးရင် သူ့သူငယ်ချင်းစီပြန် ရေချိုးခဏနားပြီး ညဘက်ကားနဲ့ သူတာဝန်ကျတဲ့ မြို့ကို ပြန်ပါတယ်...။။
တခါတလေ ညအိပ်ခွင့်လေးရတဲ့နေ့မျိုးဆိုရင် ညနေဘက် ကျမကို အိမ်ပြန်လိုက်ပို့ပြီးရင် မောင်က
သူ့သူငယ်ချင်းစီ ပြန် ရေချိုး ပြီးရင် ကျမကိုတခါပြန်လာခေါ် ပြီး မြို့ အဝင်နားလေးက ဆုတောင်းပြည့်
ဘုရား သွားဖူးကြတယ်.. ဘုရားဝင်းထိပ်က အကြော်တဲလေးမှာ ထိုင်စားရင်း မောင်က သူ့တာဝန်တွေ
အကြောင်း ..ကျမကလည်းကျမသင်တန်းက တပည့်တွေအကြောင်း .. အပြန်အလှန်ပြောပြနေကြ...
တခါတရံ မှာလည်း ကျမနဲ့ မောင်တို့ ဘဝရှေ့ ခရီးအကြောင်း ပြောလို့ ကြည်နူးလို့ပေါ့....။။
တခါတလေ မောင်က သူ့မိသားစု အကြောင်းပြောပြတတ်တယ်... သူ့ခံစားချက်လေးတွေ ပြောပြတတ်တယ်...
" ညို ..မောင်တို့က ဘဝသမားတွေနော်... ဆင်းရဲတယ်... အဖေနဲ့အမေ က မောင့်ဘဝ မှာ ပညာတခုပြည့်စုံ ဖို့တောင် မနည်းကြိုးစားပေးခဲ့တာ... ညို့ လို့ အရာရာပြည့်စုံတဲ့ အနေအထားမျိုး ကနေ
မောင်ကြီး ပြင်းခဲ့ရတာမဟုတ်ဘူး..မောင့်အောက်မှာ ညီလေးနဲ့ ညီမလေး လည်း ၇ှိသေးတယ်.. ..
တခါတခါတော့လည်း ညိုရယ် ..အဲတာတွေ တွေးမိရင် မောင်ရင်လေးတယ် ..သိလား "
အဲလို အခါမျိုးဆို ကျမက မောင့်ကို အားပေးနေကြ...
" မောင်ရယ်..ငွေဆိုတာ လိုအပ်တယ်မှန်ပေမဲ့ ..အရာတိုင်းကိုလည်းဖန်တီးလို့ မရနိုင်ပါဘူး...
ငွေထက်အရေးကြီးတာလေးတွေ လည်းရှိပါတယ်... မောင်က ဘာကိုတွေးပြီး စိတ်ပူနေရတာလည်း
မောင့်အနားမှာ ညို အမြဲတမ်း ၇ှိနေမယ်လေ... "
အဲလိုအချိန်တွေဆို မောင်က ကျမ လက်ကို တင်းတင်း ဆုပ်ကိုင်လို့ ကျမက မောင့်ပခုံးလေးကိုမှီလို့..။။
မောင့်ကိုယ်ထဲက ခွန်အားတွေသတ္တိတွေက မောင့်ရဲ့ လက်ဖဝါးတွေကနေ တဆင့် ကျမ ကိုယ်ထဲ
စီးဝင်လာတယ်လို့ ကျမ ခံစားမိတယ်... ..
ကျမရင်ထဲက အချစ်နဲ့မေတ္တာတရားက ကျမရဲ့ လက်ဖဝါး ကတဆင် မောင့်ရင်ထဲကို စီးဝင်သွားပါစေ
လို့လည်း ကျမဆုတောင်းမိတယ်...
ညနေစောင်းလို့ နေဝင်ပြီဆို မောင်က ကျမကို အိမ်ပြန်လိုက်ပို့ပေးတယ်...
ဘုရားကနေ အပြန်လမ်း ဆိုင်ကယ်မောင်းနေတဲ့ မောင့်ကျောပြင်ကို ကျမပါးလေးနဲ့ ကပ်လို့ ..
မောင့်စီကရတဲ့ကိုယ်သင်းရနံ့လေး ...အဲလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ကို ပြီးပြည့်စုံတဲ့
ညနေချမ်းနေဝင်ချိန်လေးတွေပါဘဲ...
ဒါပေမဲ့ ဒီလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ရှားပါးလွန်းတယ်..မောင်က တခါတရံမှသာ
ညအိပ်ခွင့်လေး ရတတ်လို့ပါ... ကျမတို့ချစ်သူသက်တမ်း 2 နှစ်ဆိုတဲ့ အချိန်အတွင်းမှာ
ဒီလိုညနေခင်းလေးတွေ ဘယ်နှစ်ခုဆိုတာ လက်ချိုး ရေလို့ရပါတယ်...
ကျမက မောင့်ပြန်ခါနီးတိုင်း မောင့်ကိုမေးနေကြ...
" မောင်က ညို့ကို ခဏခဏ လည်းလာတွေ့တာမဟုတ်ဘူး.. ညိုက.. မောင့်ကိုဘဲ အချိန်တိုင်း လွမ်းနေရတာ
အခုလည်း မောင်ပြန်သွားတာနဲ့ ညိုက လွမ်းရတော့ မှာ...ညို ဘယ်လိုနေရ မလည်း
မောင်ပြောပြ ခဲ့ " လို့ မေးရင်
" ညို ... မောင့်ကိုလွမ်းရင် လွမ်းတဲ့ အကြောင်းတွေ စာရေးထားလေ..ကဗျာလေး ဖြစ်ဖြစ် စာတိုလေး
တစောင်လောက်ဖြစ်ဖြစ်ပေါ့ ..မောင်လာတော့ ပေးဖတ်လေ..အဲတာဆို ညို ဘယ်လောက် လွမ်းလည်း
မောင်သိရမှာပေါ့ .. " လို့ ပြန်ပြောနေကြ... .ကျမ မောင်နဲ့ မတွေ့ရတဲ့ ရက်တွေမှာ မောင့်ကို အရမ်း
လွမ်းပါတယ်.. ဒါပေမဲ့ မောင်မှာ သလိုတော့ စာတွေ ကဗျာတွေ ချမရေး ထား ဖြစ်ဘူး..
သတိရလာရင် ဖုန်းလေးဆက် မက်ဆေ့လေး ပို့လိုက်တာမျိုး လုပ်တာကလွဲပြီး
မောင်မှာ သလိုတော့ စာတွေကဗျာတွေ မဖန်တီး ဖြစ်ခဲ့ ဘူး...မောင်ကလည်း ကျမစီလာမတွေ့
နိုင်ပေမဲ့ ကျမ အိပ်ခါနီး တိုင်း ဖုန်းဆက်စကားပြောနေကြ ဆိုတော့ ကဗျာရေးဖို့စာရေးဖို့ ထက်
ဖုန်းဆက်ဖို့လောက်သာ ကျမကအာရုံ များနေတာ လည်းပါတာပေါ့...
ကျမက ကံကြမ္မာကို လျော့တွက်မိတာလား...ဒါမှမဟုတ် ကံကြမ္မာကဘဲ ကျမကိုမျက်နှာသာ မပေးတာလား
ဝေခွဲမရခဲ့ပါဘူး...ကျမနဲ့ မောင် ဘာပြသာနာမှ ကြီးကြီးမားမား မရှိဘဲ မောင် က ကျမကို
အဆက်သွယ် ဖြတ်သွားခဲ့ပါတယ်... ကျမ တကယ်ကိုနားမလည်နိုင်ခဲ့ပါဘူး...
အချစ်ဆိုတာကိုလည်း ကျမမယုံကြည်နိုင်တော့ဘူး... တယောက်ကိုတယောက်ချစ်ရင်
ဘယ်အရာမဆို ရင်ဆိုင်ရဲရမယ်လို့ ကျမ လက်ခံထားခဲ့တာပါ ... ကျမကရင်ဆိုင်ရဲပေမဲ့လည်း
တဘက်က ရင်မဆိုင်ရဲရင် ဘာမှဆက်လုပ်လို့မှ မရတာလေ...
ကျမရဲ့ ခံစားချက်တွေကို ကျမဘာသာသိမ်းဆည်းလို့ သံယောဇဉ်ကြိုးတချောင်းကို ဖြတ်ဖို့
ကြိုးစား ခဲ့ရတယ်... .. ။။
မောင်က ကျမကို ဘာကြောင့်ထားခဲ့တာလည်း ..
ကျမ ကိုမချစ်တော့လို့လား
ကျမထက်ပိုချစ်ရမဲ့သူ တွေ့သွားလို့လား..
ကျမရဲ့ အမေနဲ့ အကို ကြီးက မောင့်ကို သွားတွေ့ ပြီး ...ကျမနဲ့ပတ်သက်ပြီး စကားပြောပါရစေ
ဆိုပြီး ပြောခဲ့တဲ့ စကားတွေကြောင့်လား...ဘာကြောင့်ဆိုတာ တော့
မောင် ကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်..
ကျမ အရာအားလုံးကို နားလည်ပေးလိုက်ပါတယ်... ကျမ နဲ့ ပတ်သက်ပြီးမောင့်ကို သွားတွေ့ခဲ့တဲ့
ကျမရဲ့ မိသားစု ကိုရော...
သတ္တိနည်းတဲ့ ကျမရဲ့ ချစ်သူကိုရော..
ကျမရဲ့ ကံကြမ္မာကိုရော...
ကျမ နားလည်ပေးလိုက်တယ်... ကျမရင်ထဲ ပေါက်ကွဲနေတဲ့ ခံစားချက်တွေ အားလုံးကို
မျက်ရည်အဖြစ်ကလွဲရင် စကားတခွန်းအဖြစ်တောင် မထုတ်ပြခဲ့တဲ့ ကျမကို အိမ်က မိသားစုဝင်တွေရော
ကျမရဲ့ သူငယ်ချင်းတွေ ရော တအံတသြ ဖြစ်လို့ရယ်လေ။။
ကျမ စားရမဲ့ အချိန် မှာ စားတယ်..
သင်တန်းမှာစာသင်ပေးရမဲ့ အချိန်မှာ စာသင်ပေးတယ်..
ကျမနေ့စဉ် လုပ်နေကြ အရာတွေ အားလုံးကို ပုံမှန်အတိုင်း ကျမ ဆက်လုပ်သွားခဲ့တယ်...
အဲဒီတော့လည်း ကျမ ပုံမှန်လိုဘဲ နေ နေတာဆိုတော့...အေးအေးဆေးဆေး ပါလို့ဘဲ
အားလုံးက ထင်ခဲ့ကြတယ်.. ။။
တကယ်တော့ ကျမရင်ထဲက ခံစားချက်တွေ ခံစားတတ်တဲ့ နှလုံးသား တခုလုံး သေသွားတယ်
ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး...
ကျမဟာ ရှင်ရက် နဲ့ သေသွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြပါဘူး..။။
ဒီလိုနဲ့ဘဲ ကျမရဲ့ အချစ်ဇာတ်လမ်းလေးကလည်း ချစ်သူတွေ အဆင်မပြေကြလို့ ကွဲသွားတယ်
ဆိုသလိုပေါ့ ... ခပ်ရိုးရိုး ဇာတ်လမ်းတပုဒ်လိုဘဲ ပြီးဆုံးသွားခဲ့ပါတယ်...။။
ကျမ ညအိပ်ယာဝင်တိုင်း မောင့်ကို လွမ်းလို့ သတိရတဲ့အကြောင်းရေးထားတဲ့ စာတို အပိုင်းအစလေးတွေ
ဘူးလေးတဘူးထဲ သိမ်းထားမိတယ်.. ကျမရေးထားတာတွေကို ဖတ်မဲ့သူ မရှိတော့တဲ့ အချိန်ကျခါမှ
သတိရတဲ့အကြောင်းတွေ စာရွက်ထဲချရေးမိတဲ့ အဖြစ်ရယ်ပါ...
ဖတ်မဲ့သူ မရှိတော့ဘူးဆိုတာ သိနေပေမဲ့ ကျမ အိပ်မပျော်တဲ့ ညတိုင်း
" မောင့်ကို ညို အရမ်းလွမ်းတာဘဲ သိလားမောင် "
ဆိုတဲ့ စာကြောင်းလေးတွေ ချရေး နေမိဆဲ...
မြို့အဝင်နားက ဆုတောင်းပြည့်ဘုရားစီ သွားဖြစ်တဲ့ ညနေခင်းတွေဆို ...
လေပြေ ထဲကနေ မောင့်ရဲ့ ကိုယ်သင်းနံ့ လေးများ ရလိုရငြား ပင့်သက်ရှိုက်မိဆဲ ...
အကြော်ဆိုင်လေးမှာ တယောက်ထဲထိုင်ဖြစ်တိုင်း အကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့
ကရုဏာ သက်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတိုင်း နှုတ်ခမ်းကိုတင်းတင်းကိုက်လို့
မငိုဘူးလို့ စိတ်ထဲတင်းထားပေမဲ့ မျက်ရည်တွေ ကျမိတတ်ဆဲ..
ညဘက်အိပ်ယာဝင်ချိန်တွေဆို မောင်များ ဖုန်းဆက်လာလေ မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းလေးကို ခေါင်းအုံးဘေးနား ထားနေမိဆဲ ....
" ညို " ဆိုပြီး ခပ်ရှရှ ခေါ်တတ်တဲ့ မောင့်အသံလေးကို နားထဲ ပြန်ကြားယောင်နေမိဆဲ ...
အဲဒီလိုနဲ့ဘဲ နာရီတွေ ရက်တွေက ပြက္ခဒိန်စာရွက်တွေကို ခြွေချ သွားတော့တယ်... ။။။။။။
ပစ်ပစ်
Am 3:02
6.5.2014

6 comments:
ညို-----အလွမ်းတွေနဲ့ဝေးပါစေလို့
မောင့်ကျောပြင်ကို ကျမပါးလေးနဲ့ ကပ်လို့ ..
မောင့်စီကရတဲ့ကိုယ်သင်းရနံ့လေး ...အဲလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ကို ပြီးပြည့်စုံတဲ့ ညနေချမ်းနေဝင်ချိန်လေးတွေပါဘဲ...
အဲဒီလို အချိန်တွေလဲ ပြန်ရပါစေ ညို-----
စာရေးဆရာမကြီး ဒေါ်ပစ်ပစ် ဖြစ်သွားပြီ။ အလွမ်းမျက်ရည် သိမ်းလိုက်ပါတော့ မိညို။း)
အရိုးဆုံးတွေက ဘယ်တော့မှမရိုးနိုင်ဘူး :)
မပစ် :(
ခပ်ရိုးရိုးဇာတ်လမ်းတွေ ဝေးစေချင်တယ်.... ။
ခပ်ရိုးရိုး အချစ်ဇာတ်လမ်းလေးဖတ်ပြီး ခပ်ရိုးရိုးလေးပဲ လွမ်းသွားတယ်ကွယ်...ဘိုင်သယ်ဝေး ပစ်ပစ် လက်ရေးလား လှတယ်..
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..