ဒီနေ့အလုပ်နားပါတယ် အစကတော့ အကြွေးကျန်နေသေးတဲ့ အမှတ်တရ တက်ဂ်ပိုစ့်လေးကို အပြီးရေးမယ်ပေါ့..။။ ဘာအကြောင်းလေးတွေရေးမယ် ဘယ်လိုဟာလေးဆို ပိုပြီးတော့ မှတ်မိနေလဲ ဆိုပြီးစဉ်းစားထားတာ အများကြီးပါဘဲ ။စိတ်ထဲမှာ သေချာမှတ်မိနေတဲ့ အမှတ်တရလေးတွေက
ဘာတွေလည်းဆိုပြီး မနေ့ကထဲကစဉ်းစားထားတာပါ ။။
မနက်ပိုင်းနိုးတော့ ဈေးသွားပြီး ဖုန်းကဒ်ဝယ်ပါတယ် ။။ ပြန်လာတော့ သိုးမွေးထိုးဖို့ချည်ဝယ်မယ်ပေါ့ ဆိုင်ကချည်ဝယ်ရင် ထိုးတာလေးပါသင်ပေးတယ် ဆိုတော့အဆင်ပြေတယ်ပေါ့..။။ အဲဒီဆိုင်မှာဘဲကျမ မာဖလာထိုးဖို့ ချည်ဝယ်နေကြပါ ။။
ချည်တခါဝယ်တိုင်းလည်းဆွယ်တာထိုးရင် ပြပေးနော် လို့ပြောနေကြပါ။။
ကျမမာဖလာတော့ထိုးတတ်ပါတယ် ။ဆွယ်တာတခါမှမထိုးဖူးပါဘူး ။တချောင်းထိုးတော့ ထိုးတတ်တယ် ။။
တချောင်းထိုးနဲ့တော့ အကျီလေးတွေ ထိုးဖူးတယ် ။ရန်ကုန်မှာနေတုန်းကပေါ့ ။။တချောင်းထိုးက ဆွယ်တာထိုးရင် မလှပါဘူး ။။ နှစ်ချောင်းထိုးနဲ့ကပိုလှပါတယ်...အနားသတ်တာလေးတွေ ကအစပေါ့။။
ကျမလည်းဆိုင်ရောက်တော့ ဆိုင်ကပိုင်ရှင်ကိုပြောပါတယ် ။ကျမအခုချည်ဝယ်မလို့ ပြီးရင်နဲနဲပါးပါး သင်ပေးနော် ဆိုတော့ ပိုင်ရှင်မိန်းမကြီးက အခုမှစသင်မှာလားတဲ့ အရင်ကသူ့စီမှာသင်ဖူးလားတဲ့ ။။
မသင်ဖူးဘူးလို့ အခုမှ ဆွယ်တာထိုးမလို့ သေချာမထိုးတတ်လို့မေးတာပါလို့ဖြေလိုက်တယ် ။။
ပြီးတော့ ကျမလည်း ကျမသဘောကျတဲ့ ချည်လေးရွေးတာပေါ့ ။အဲတော့သူက အခုမှစသင်၇င်ချည်အရောင်ယှက်ထားတာ မယူနဲ့တဲ့ ။။ကျမရွေးထားတဲ့ အရောင်လေးက ချည်တလုံးထဲမှာကိုမှ သူ့ဘာသာသူ အရောင်စပ်ထားပြီးသားပါ ။။အဲလိုချည်ရောင် နဲ့ဆိုရင်သင်လို့ မကောင်းဘူးတဲ့ ။။ အဲတာဆိုရင် ဘယ်လိုအရောင်ယူရမလဲဆိုတော့ အဖြူဆိုအဖြူ အနီဆိုအနီ တရောင်တည်းဟာကိုယူတဲ့ ။။ သူက ကျမကိုချည်ရွေးပေးမယ်တဲ့ ။ သူရွေးပေးလိုက်တဲ့ချည်တန်ဘိုးက ချည်လုံးလေးတလုံးကို 500 လောက်ပေးရတဲ့ဟာပါ... ဆွယ်တာတထည်ထိုးဘို့အတွက် ချည်လုံးက 8လုံးကနေ 10 လောက်လိုတယ်တဲ့ ....ဆွယ်တာက အပေါ်ကနေထပ်ဝတ်တာဆိုတော့ နဲနဲပွမှ အဆင်ပြေမှာတဲ့ ...ကျမတွက်ကြည့်လိုက်တယ် ။ချည်တလုံး 500 10လုံးဆို 5000 ပြီးတော့ ထိုးမဲ့အပ်ကလဲ သုံးလေးစုံဝယ်ရမယ်တဲ့ ။ တစုံတည်းနဲ့ အစအဆုံးထိုးလို့မရဘူးတဲ့ ။။ချည်ဘိုးနဲ့အပ်ဘိုးနဲ့တင် 5500လောက်ဖြစ်နေပါပြီ ။မြန်မာငွေနဲ့တွက်ရင် တသိန်းကျော်နေပါပြီ ။
လက်ပြတ်ဆွယ်တာလေးတထည်က တသိန်းကျော်ဆိုရင် မတန်ပါဘူး... ။ကျမကိုယ်တိုင်ထိုးတာမို့လို့
တန်ဘိုးမဖြတ်နိုင်ဘူးဆိုပေမဲ့ အဲလောက်ကြီးမလိုအပ်ပါဘူး.... နိုင်ငံခြားမှာ ပိုက်ဆံဆိုတာလွယ်လွယ်နဲ့
ကျမတို့တွေရနေတာမဟုတ်ပါဘူး ။ဖိစီးမှု့တွေအောက်ကနေ ငွေရှာရတာပါ ..ကျမအဲလောက်ကြီးသုံးဖို့
မလိုအပ်ဘူးလို့ထင်တယ် ။အဲတာနဲ့ အဲတာကြီးကအရမ်းဈေးကြီးတယ် လို့ပြောလိုက်တော့ နောက်တမျိုးပြပါတယ် ။တလုံး220တန်ပါ ။ အဲဒီ220 တန်နဲ့လည်းတွက်လိုက်ရင် ချည်ဘိုး2200
အပ်ဘိုးနဲ့ဆို 2500 ကျော်သွားမှာပါ ။။မြန်မာပိုက်ဆံနဲ့တွက်လိုက်ရင် 7သောင်းလောက်ကျနေပါပြီ ။။
ဆွယ်တာတထည် ကို7သောင်း ဆိုတာ လက်မခံနိုင်သေးပါဘူး ။ ကျမမှန်းထားတာက တထောင်ပတ်ဝန်းကျင်လောက်ဆို မဆိုးဘူးပေါ့ ။။ ကိုယ်တိုင်မထိုးဘဲ ဈေးမှာထိုးပြီးသားရောင်းတဲ့ဆိုင်မှာ
ဝယ်ရင်တောင် 490...590 လောက်ဆို အရမ်းလှနေတာတွေ ဝယ်လို့ရနေပါပြီ ..ကျမကအမှတ်တ၇
ဖြစ်အောင်ဆိုပြီးကိုယ်တိုင်ထိုးချင်လို့ပါ ..။။
သူကလည်း ဈေးကြီးတာတွေဘဲဝယ်ခိုင်းနေတယ် ။။ကျမ ဘယ်ချည်လုံးကိုပြပြ မရဘူးဆိုတာကြီးဘဲ။ ကျမလည်းကိုယ့်ဘာကိုကြည့်မယ်လို့ ပြောပြီးရှာတော့ တလုံး80 တန်ချည်လုံးလေးတွေတွေ့ပါတယ် ။။ကျမတွက်ကြည့်လိုက်တာ တလုံး80တန်ဆို ချည်ဘိုးနဲ့အပ်ဘိုးပေါင်းမှ တထောင်စွန်းစွန်းဆိုတော့ အဲဒီ80တန်လေးယူမယ်လို့ပြောလိုက်တာပေါ့ ။။အမှန်အတိုင်းဆို အဲတာတောင် များနေပါသေးတယ် ။
လက်ပြတ်ဆွယ်တာလေးတထည်က မြန်မာပိုက်ဆံနဲ့တွက်ရင် 3သောင်းဆိုတာ မတန်ပါဘူး...။
ဒါပေမဲ့ ကျမကိုယ်တိုင်ဖန်တီးထားတဲ့ အကျီလေးတထည်ဖြစ်အောင် ဒီလောက်တော့ ကုန်ခံရမှာဘဲ
ဆိုပြီးအဲဒီပမာဏ ကိုသုံးရမှာပါ။
အဲဒီတော့ ပိုင်ရှင်မိန်းမကြီးက အဲတာနဲ့ဆွယ်တာထိုးလို့မရဘူးတဲ့ ။။အဲတာတွေက မာဖလာထိုးတဲ့
ချည်တွေတဲ့ ။။အချိန်ကုန်ခံပြီးထိုးမဲ့ဟာ ချည်အကောင်းစားနဲ့ထိုးတာမဟုတ်ဘူးတဲ့ ။။ကျမအရမ်းကို
ပေါက်ကွဲသွားပါတယ် ။။ကျမဘာသာ အကောင်းစားဘဲယူယူ အပေါစားဘဲယူယူ သူနဲ့မဆိုင်ပါဘူး
ဒီဆွယ်တာထိုးပြီးရင်ပိုင်ဆိုင်မဲ့သူဟာ...ကျမပါ ...ထိုးမဲ့သူကလည်း ကျမပါဘဲ ...ကျမကသေချာမတတ်လို့
သူကသင်ပေးလိုက်ရတာဘဲရှိမှာပါ ။။သိုးမွေးချည်လုံးဆိုတာ မာဖလာဘဲထိုးထိုး ဆွယ်တာဘဲထိုးထိုး လက်အိတ်ဘဲထိုးထိုး ဦးထုပ်ဘဲထိုးထိုး မရဘူးဆိုတာမရှိပါဘူး ။ချည်အမျိုးအစားကွာလို့ နူးညံတာ မနူးညံတာ ဘဲရှိရင်ရှိမှာပါ ။။ဒီချည်လုံးနဲ့ ဆွယ်တာဘဲထိုးရမယ် ..ဒီချည်လုံးနဲ့မာဖလာ ဘဲထိုးရမယ်ဆိုပြီး
သတ်မှတ်ထားတယ်လို့မကြားဖူးပါဘူး ။။အခုဟာက ကျမကို သူဝယ်စေချင်တဲ့ချည်လုံးမဝယ်ဝယ်အောင်
အတင်းလိုက်လုပ်နေသလိုဘဲ ။ကျမလည်းစိတ်တိုတိုနဲ့ အဲလောက်ဈေးကြီးနေရင်တော့ ဆွယ်တာထိုးဖို့ စဉ်းစားဦးမယ်လို့ ပြောပြီးထွက်လာလိုက်ပါတယ် အမှန်ဆိုရင်ထဲမှာ ပြောချင်တဲ့စကားတွေကတော့
့အများကြီးပါဘဲ ။ဆက်ပြောရင်လည်း ရန်ဖြစ်ခြင်းဆိုတာနဲ့ဘဲ အဆုံးသတ်သွားမှာပါ ။
ကျမရင်ထဲမှာ အရမ်းဖြစ်ချင်နေတဲ့ဆန္ဒတခုကို ကျမဘာသာပြန်လွှင့်ပြစ်ပလိုက်တာပါ ။ကျမက80တန်ချည်လုံးလေးကို ပြပြီးဒါလေးနဲ့ဘဲထိုးမယ်လို့ ပြောလိုက်တော့ အဲတာတွေက မာဖလာထိုးတာတွေ ဆွယ်တာထိုးလို့မရဘူးလို့ အဲမိန်းမပြန်ပြောလိုက်တဲ့အချိန် ကျမလေ စိတ်ထဲသူ့ကို ဘယ်လိုမုန်းသွားမှန်းမသိဘူး ။ကျမဆွယ်တာလေးတထည် အရမ်းထိုးတတ်ချင်တယ် ။။
ဆွယ်တာလေးထိုးဖို့ ကျမကြိုးစားတယ် ၊။ ဒါပေမဲ့အဆင်မပြေဘူး....အဲဒီတော့ အဲဒီဆန္ဒကို
ကျမလွှင့်ပြစ်ပလိုက်တယ်....ဒီနေ့ဟာလည်းကျမရဲ့ Update အဖြစ်ဆုံး အမှတ်တရ နေ့ပါဘဲ ....
ဒီနေ့ထက် Update ဖြစ်တာ မရှိတော့ပါဘူး...
အစကတော့ ရင်ထဲမှတ်မှတ်ရှိနေတဲ့ နေ့စွဲလေးတွေအကြောင်းရေးမလို့ပါဘဲ .. ။။
ဒါပေမဲ့ ကြားဖြတ်တက်လာတဲ့ ဒီနေ့စွဲလေးက လောလောလတ်လတ် မို့ အသစ်လွင်ဆုံး
ဖြစ်နေတယ်ရှင် ။အဲတာနဲ့ဘဲ ဒီနေ့ကိုဘဲ အမှတ်တရလေးအဖြစ်ရေးလိုက်တယ် ။။။
ကျမလည်းအခုတလော အတွေးတွေနဲ့ ခဏခဏရန်ဖြစ်နေရတယ် ။။
ပစ်ပစ်
10.2.2012 AM 00:22
ီ
09 February 2012
08 February 2012
ငယ်ငယ်တုန်းက...
ငယ်ငယ်တုန်းကတော့ ကလေးလေးပေါ့လေ..
နည်းနည်းကြီးလာတော့လား လူကြီးဖြစ်သွားတယ်လေ...
ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောရမယ်ဆိုရင်တော့ အများကြီးပါဘဲ ။အခုဆိုအသက်ဘဲ
30နားနီးနေပြီဘဲလေ ။လူ့လောကထဲမှာရှင်သန် နေတာအနှစ်30နီးပါးလောက် ရှိတော့မယ်ဆိုတော့
အမှတ်ရစရာအဖြစ်တွေကလည်းအများကြီးပါဘဲ ....အစကတော့ တက်ဂ်ပိုစ့်နှစ်ခုကို တခုတည်းပေါင်းရေးမယ်လို့ စဉ်းစားထားတာပါ........ရေးမယ်လို့သေချာစဉ်းစားတော့ နှစ်ခုကိုပေါင်းမရေးချင်တော့ဘူး ။ အဲဒါနဲ့ဘဲ တပုဒ်စီသပ်သပ်စီရေးမယ်လို့ဆုံးဖြတ်လိုက်တယ်....။
ကျမငယ်ငယ်တုန်းကအရမ်းဆိုးပါတယ် ...အိမ်ကျယ်ပေါ့...အိမ်မှာတော့ကိုယ်ကဆရာကြီးဘဲလေ...
အဖေကလည်းအချစ်ဆုံးဆိုတော့ အသကုန်ကိုလွှတ်ဆိုးတော့တာပေါ့ တခုခုဆို..အဖေ့ကိုပြန်တိုင်တော့ အဖေနဲ့အမေနဲ့ခဏခဏပြသနာတက်ပါတယ်.....အဲဒီတော့ အိမ်မှာအဒေါ်တွေကလည်း
ကျမဆို သဲကြီးမဲကြီးကို ချဉ်တာပါ ...။။ဘယ်လောက်တောင်အမြင်ကတ်ကြသလဲဆိုရင်
ကျမငယ်ငယ်ကအရိုက်ခံရရင် မရိုက်ပါနဲ့ဆိုပြီးဝင်ဆွဲမဲ့သူ တယောက်မှမရှိပါဘူး...
ကျမကို မော်လမြိုင်မြို့အမေရိကန်ဆေးရုံမှာမွေးတာပါ ...မွေးပြီးပြီးချင်း အမေဘယ်လိုထိန်းလဲဆိုတာ
မမှတ်မိပါဘူး....စမှတ်မိနေတာကတော့ ငယ်ငယ်ကအိမ်မှာမုန့်တွေရောင်းတယ်ဆိုတာပါ...
ကျမကတခါတလေ ဆိုင်ရှေ့မှာထိုင်ပြီးပုလင်းထဲကသကြားလုံးတွေနှိုက်စားတတ်တာကို မှတ်မိနေသလိုဘဲ
တခါကတော့ အိမ်ကိုသီလရှင်တွေဆန်ခံလာနေကြပါ အမေတို့ကလည်း သီလရှင်အပါးတိုင်းကို
ဆန်လောင်းပါတယ်...တရက်ကျမဆန်တွေယူဆော့လို့ အမေရိုက်တာကိုလည်း
မှတ်မိနေသေးတယ်...ကျမအမေဘယ်လောက်လက်သံပြောင်လဲဆိုရင် ကျမကိုရိုက်တာတံမြက်စည်း
တချောင်းကျိုးတယ်ဆိုဘဲ...အမှန်က အမေကရိုက်တော့ ကျမကထွက်ပြေးပါတယ်...အိမ်ထဲမှာပတ်ပြေး
တာပေါ့ ..အမေကလိုက်ရိုက်တော့ တခြားပစ္စည်းတွေကိုလည်း ထိမိတာပေါ့ အဲတော့ တံမြက်စည်းလည်း
ကျိုးသွားပါတယ်...ကျမကိုဝတ်ပေးထားတဲ့ စပ်ထမီလေးလည်း တထည်လုံးစုတ်ပြဲသွားတယ်တဲ့...
ကျမလူးလိမ့်ပြီးငိုနေတာကိုတော့ မှတ်မိတယ်....အမေကရိုက်ရင်းနဲ့မေးတယ်...နင်နောက်ခါဆန်တွေ
ဆော့ဦးမလားတဲ့ မဆော့ဘူးလို့ဖြေရင် မရိုက်တော့ဘူး..အဲလိုဖြေစမ်းလို့ပြောတယ်တဲ့...ကျမကလည်း
ဘယ်လောက်ခေါင်းမာသလဲဆိုရင် မဆော့တော့ပါဘူးလို့ လုံးဝမဖြေဘူးတဲ့ ...ဆော့မယ်လို့ချည်း
ဖြေတာတဲ့ (အဒေါ်တွေကကျမကို ပြန်ပြောပြတာလေ )...အဲသလောက်ထိငယ်ငယ်က ဆိုးခဲ့တာပါ
ကျမမှတ်မိနေတာတွေကိုတော့အကုန်မရေးတော့ပါဘူး..အဲအထဲကနေ ကျမပြောပြချင်တဲ့ အကြောင်းလေးတွေဘဲရေးလိုက်ပါတယ်...ကျမလည်းငယ်ငယ်တုန်းက အဆော့သန်ပါတယ်
ဘယ်လောက်တောင်ဆော့လဲဆိုရင် မုန့်ဆိုင်ရှေ့မှာ ရပ်ပြီးမုန့်ဝယ်နေတဲ့ စက်ဘီးကို ကျမကပြေးရင်းနဲ့
ဝင်တိုက်လိုက်တာပါ..စက်ဘီး ဟန်ဒယ်နဲ့ မျက်ခုံးနဲ့တိုက်မိပြီး မျက်ခုံးကွဲသွားပါတယ်...အနာကိုလက်နဲ့
အုပ်ပြီးအိမ်ပြန်လာတဲ့ ကျမကိုအမေက ချီပြီးဆေးခန်းပို့ပါတယ်....အိမ်ကအဒေါ်တွေက စက်ဘီးသမားကို
တောင်းပန်ပြီးစက်ဘီးပြင်ဖို့ပိုက်ဆံလျှော်လိုက်ရပါတယ်..အဆုံးသတ်လိုက်တော့ ကျမမျက်ခုံးကို
6ချက်ချုပ်လိုက်ရပါတယ်...ဘယ်ဘက်မျက်ခုံးမှာ အလယ်ကနေ ပြတ်နေတဲ့ အမာရွတ်ချုပ်ရိုးကြောင်း ရှိပါတယ်..
နောက်တခုကတော့ ငယ်ငယ်ကကျမတို့ စိန်ပြေးတမ်းဆော့ရင်းနဲ့ ချိုတူးဆိုတဲ့ကောင်လေးနဲ့
ရန်ဖြစ်တာပါ....အဲကောင်လေးကကြွေပန်းကန်စေ့လားမသိပါဘူး...ကိုင်ထားတယ် ..ကျမတို့၇န်ဖြစ်တော့
သူကလက်နဲ့လှမ်းလုပ်လိုက်တာ ကိုင်ထားတဲ့ကြွေပန်းစေ့နဲ့ ကျမလက်ကို ထိုးမိပါတယ်...ကျမကလည်း
သူ့ကိုဆံပင်ဆွဲထားပြီး ကျမတို့နှစ်ယောက်ရန်ဖြစ်ကြတာပါ..ကျမလက်မှာ ကြွေပန်းကန်စေ့အကွဲနဲ့
ထိုးမိတဲ့ အမာရွတ်ရှိပါတယ်....
ကျမသုံးတန်းလောက်ကထဲက အမေကစာသွားအောင်ဆိုပြီး စာအုပ်ဖတ်ခိုင်းပါတယ်...ကာတွန်းစာအုပ်
ရွှေသွေး...မိုးသောက်ပန်း အဲလိုစာအုပ်တွေပါ....ကျမစာဖတ်ဝါသနာပါအောင် အမေက ပျိုးထောင်ပေးခဲ့တာပါ။။ကျမငယ်ငယ်ကထဲကစာဖတ်ဝါသနာပါတယ်....ကျောင်းကြီးပိတ်ပြီဆိုတာနဲ့ စာအုပ်ဆိုင်သွားတာပါဘဲ။။။ရသမျှမုန့်ဘိုး စာအုပ်ငှားခနဲ့ကုန်တာပါဘဲ...နောက်ပြီးညီမလေးကိုလည်း
ငယ်ငယ်က ကာတွန်းစာအုပ်တွေဖတ်ပြရပါတယ်...သူကကျောင်းမတက်ရသေးတော့ စာမဖတ်တတ်သေးဘူးလေ..။။ အဲတော့ သူသဘောကျတာကို စာအုပ်ဆိုင်မှာသူယူတယ် ပြီးရင် အဲစာအုပ်ကိုကျမကထိုင်ဖတ်ပြရပါတယ်...သူကနားထောင်ပါတယ်...သူသိချင်တာရှိရင် ပြန်မေးပါတယ်...မောင်စူပါ ကဘာဖြစ်သွားတာလဲတို့ ဒီလုံးကိုလူဆိုးတွေကဘယ်လိုဖမ်းသွားတာလဲတို့ ဇီးတော်ပွင့်ကဘယ်ရောက် သွားတာလဲတို့ ဦးကပ်စီးနဲ့တိုက်ဂါးဘာဖြစ်သွားတာလဲတို့ ဆိုတာမျိုးတွေပေါ့...သူကအဲလိုစာအုပ်လေး တွေယူလာတတ်ပါတယ်....သူနဲ့ကျမငယ်ငယ်ကထဲက အဲလိုနေခဲ့ကြလို့လားမသိပါဘူး...ကျမသူ့ကို အရမ်းချစ်ပါတယ်...သူလည်းကျမအပေါ်
သံယောဇဉ် အရမ်းကြီးပါတယ်..ညီအမနှစ်ယောက် ဘယ်ကိစ္စမဆိုတိုင်ပင်နေကြပါ...ခုချိန်ထိလည်း သူက တခါတလေ ဖတ်ပြခိုင်းတတ်ပါတယ်...နင်ဖတ်လိုက် ငါဒီကနေ နားထောင်မယ်ဆိုပြီး..ဘလော့က စာတွေကို တခါတလေ ဖတ်ခိုင်းတတ်ပါတယ်...
ကျမအဖေကလမ်းတံတား အင်ဂျင်နီယာပါ...
ကျမအဖေမုပ္ပလင်မှာ တာဝန်ကျတုန်းက ကျမနဲ့ညီမလေးကို ညနေဘက်ဆိုခေါ်ပြီး မီးရထားလမ်းဘက်
လမ်းလျှောက်ကြတာမှတ်မိသေးတယ်....ညနေဘက်ဆိုရထားကြီးတစင်းကအမြဲလာနေကြပါ..
ရထားလာတာနဲ့ကျမနဲ့ညီမလေးက ရထားကြီးကို ဝေးးးး ဆိုပြီးလက်ပြနှုတ်ဆက်နေကြပါ..
ရထားပေါ်ကလူတွေကလည်း ပြန်ပြီးလက်ပြကြပါတယ်...အဲတုန်းက ဘာမှန်းသေချာမသိပေမဲ့
ကိုယ်လက်ပြလိုက်လို့ ရထားပေါ်ကပြန်လက်ပြရင် အရမ်းပျော်ပါတယ်...အခုတော့ အဖေလည်း
ကျမတို့ဘဝထဲက ထွက်သွားတာ နှစ်ပေါင်းမနည်းတော့ပါဘူး...
တညရွာမှာပွဲဈေးရှိပါတယ်...ကျမတို့မိသားစု ပွဲဈေးသွားတော့ မီးခွက်လေးတွေ မှိတ်တုတ် နဲ့ ဈေးသည်တွေ အများကြီးတွေ့ပါတယ်...ကျမလည်းဟိုဟာပူဆာ ဒီဟာပူဆာနဲ့ ပြန်တော့ ညီမလေးက
အိပ်နေပါပြီ..အမေကညီမလေးကိုချီပါတယ်...အဖေ့တပည့်တယောက်က လက်နှိပ်ဓါတ်မီးထိုးပေးပါတယ်
အဖေကကျမကိုချီပါတယ်.....အဖေ့ကိုယ်ပေါ်ကနေ ပခုံးပေါ်ခေါင်းလေးတင်ပြီး လိုက်ခဲ့တာကို
အခုထက်ထိမမေ့သေးပါဘူး...စိတ်ထဲမှာမနေ့တနေ့ကလေးတင် အဖေနဲ့ပွဲဈေးသွားခဲ့သလိုပါဘဲလေ...။။
ငယ်ငယ်တုန်းကအကြောင်းတွေကတော့ အများကြီးပါဘဲ...။။
ကျမဒီလောက်ဘဲရေးလိုက်တော့မယ်နော် ။။
တပုဒ်တော့ရေးပြီးပြီနော်...တပုဒ်ဘဲကျန်တော့တယ်...အလုပ်ပိတ်ရက်မှထပ်ေ၇းပေးမယ်..
ပစ်ပစ်
8.2.2012 AM 3:35

Categories
တက်ဂ် ပိုစ့်
03 February 2012
သို့...ကညိမ်း
သို့
ကညိမ်း..
ရန်ကုန်ပြန်မယ်လို့ သတင်းတိုးတိုးတိတ်တိတ် စုံစမ်းရရှိပါတယ်...
ဘာမှတော့မမှာချင်ပါဘူး...
တိုတိုနဲ့လိုရင်းဘဲပြောလိုက်တယ်
ရန်ကုန်ပြန်ရင် စားခဲ့သမျှကိုဒါ့ပုံရိုက်ခဲ့ပါလို့ပြောချင်တယ်
ဘာဘဲစားစား..ဆိုင်ကြီးမှာဘဲစားစား
လမ်းဘေးဆိုင်မှာဘဲစားစား ဒါ့ပုံသေချာရိုက်ခဲ့ပါ ..ဈေးနှုံးသေချာမှတ်ခဲ့ပါ
တပွဲဘယ်လောက် တခွက်ဘယ်လောက်...
အတိအကျမှတ်ခဲ့ပါ...
လသာက ဟန်းတန်းနဲ့ဂျော်ဒါနိုး ဆိုင်မှာအကျီတထည်ဘယ်လောက်လဲသေချာသွားကြည့်ခဲ့ပါ
ကင်မလာကြီးတကားကားနဲ့ မှတ်တမ်းသေချာတင်ခဲ့ပါ...
မကြီးမိုးငွေ့တို့ တီတင့်တို့..နဲ့တွေ့ဖြစ်အောင်တွေ့ပါ..ဒါ့ပုံမှတ်တမ်းတင်ပါ
ဒါဘဲ
ဂျယ်ရီပစ်ပစ်

ပေါက်ကရလေးဆယ်..
02 February 2012
မသိခြင်းနဲ့ဒါးတချောင်း
လူတွေကဘယ်အရာမဆိုအရမ်းသိချင်ကြတယ်...
ဥပမာပေါ့လေ...ကိုယ့်ချစ်သူရဲ့အကြောင်း...
ကိုယ့်မိတ်ဆွေတချို့တလေရဲ့အကြောင်းတွေ...
နောက်ဆုံးကိုယ်နောက်ကွယ်မှာ..ကိုယ့်အကြောင်းကို ဘယ်သူတွေက
ဘာတွေပြောကြသလဲဆိုတာကအစပေါ့လေ....။။။
ဒါပေမဲ့တခါတလေ မှာတချို့အရာတွေက
မသိလိုက်တာပိုကောင်းမယ်လို့ထင်တယ်..
ဒါကြောင့် မသိခြင်းတရားဆိုတာကိုလည်း နားလည်ပေးသင့်ပါတယ်...
တခါတလေမှာ အမှန်တရားဆိုတာက အရမ်းခါးတတ်ပါတယ်...။။
ခါးသီးခြင်းကို မခံစားချင်ရင်
တချို့အရာတွေကို မသိချင်ယောင်ဆောင်နေလိုက်ပါ ...။။။
တချို့အရာတွေကို လစ်လျူ ရှု့လိုက်ပါ ...။။
တချို့အရာတွေကို ပြည်ဖုံးကားချလိုက်ပါ ...။။
တချို့အရာတွေကို ဥပေက္ခာပြုထားပါ...။။
အမှန်တရားဆိုပေမဲ့ အဲဒီအမှန်တရားတွေက အရမ်းခါးတတ်တယ်...
ခါးသီးမှု့ကို ခံနိုင်ရည်ရှိတယ်...ဆိုရင်တော့
ဘယ်အရာမဆိုသိအောင်ကြိုးစားပါ...။။
လူတိုင်းမှာ ခံနိုင်ရည်နဲ့ခွင့်လွှတ်ခြင်း ဆိုတာ အတိုင်းအထာတခုထိဘဲရှိတတ်တယ်...။။
(အဲတာကျမကိုယ်တွေ့နော်...)
ကိုယ်နဲ့မျက်နှာခြင်းဆိုင်နေတဲ့ လူတယောက်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေနိုင်သလဲ
သေချာမသိနိုင်ပါဘူး ....။။
ပန်းစည်းတစည်းရှိနေနိုင်သလို ဒါးတချောင်းလည်းရှိနေနိုင်ပါတယ်....။။
ဒါကြောင့် ကိုယ့်နောက်ကွယ်မှာလည်း ပန်းတစည်းအပြင် ..
ဒါးတချောင်းကိုပါဖွက်ထားသင့်ပါတယ်...။။
လူတိုင်းကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ဒါးတချောင်းတော့ ဆောင်ထားသင့်တယ်နော်.... :P
ဒါပေမဲ့ လက်မြန်ခြေမြန်တော့ မထိုးမိစေနဲ့ပေါ့နော်...
ကိုယ့်ရဲ့ဒါးနဲ့ ကိုယ့်ဘာသာကိုယ် ပြန်မထိုးမိပါစေနဲ့ ...။။
ပစ်ပစ်
2.2.2012 AM 3:49

အက်ဆေး
26 January 2012
ဘရိတ်ကင်းနယူး
ယမန်နေ့ ည ခန့်မှန်းခြေ ည 11နာရီ ပတ်ဝန်းကျင်တွင် CIA ငှာနမှ အထူးသတင်းတရပ်ရရှိခဲ့ပါသည်..။။
အဆိုပါသတင်းမှာ... စင်ကာပူစန်တိုစာ တွင် ညက်မှန်အမဲတပ်ထားပြီး..အကျီအနီရောင်တွင်
အဖြူနှင့်အမည်းစင်းကျားပါသော..ညက်မမြင်လို့ ထင်ရသူတဦးသည်...
ဖောက်ခွဲရန်အိမ်သာလိုက်ရှာနေကြောင်း စင်ကာပူ အေးဂျင့်ထံမှသတင်းပေးပို့ခြင်းဖြစ်ပါသည် ။။
ထိုဖောက်ခွဲရေးသမား ကိုအချိန်မီ တားဆီးနိုင်ရန်အေးဂျင့် jerry pigpig အား အချိန်မီစေလွတ်ခဲ့ပါသည်
သို့သော် အိမ်သာတကာတွင်လိုက်ဖောက်ခွဲနေကြ အဆိုပါဖောက်ခွဲရေးသမားသည်
အေးဂျင့် jerry pigpig မတားဆီးနိုင်မီ အချိန်ပိုင်းလေးမှာပင် သူ၏ဖောက်ခွဲမှု့အား
အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည် ...။။
အေးဂျင့် jerry pigpig ရောက်ရှိသွားချိန်တွင် ထိုသူ၏ ဖောက်ခွဲမှု့အား စန်တိုစာ တခုလုံးအနံတထောင်းထောင်းထနေ အောင် ခံစားခဲ့ရပြီးဖြစ်ပါသည်..။။
ထိုဖောက်ခွဲမှု့ကြောင့် စန်တိုစာ ၏အိမ်သာသန့်ရှင်းရေးဝန်ထမ်းများအားလုံး အနံအသက်မခံနိုင်
ခြင်းကြောင့် အရေးပေါ်ဆေးခန်းသို့သွားရောက်ခဲ့ကြရပါသည် ..။။
သွားရောက်စုံစမ်းသော အေးဂျင့် jerrypigpig သည် အလွန်တရာမှပုပ်ဟောင်ပြင်းထန်သော
အနံအသက်များကိုရူရှိုက်ခဲ့ရသောကြောင့် ယခုအခါ ငှာနမှ ခွင့်တလတိတိယူကာ အနားယူနေရ
ကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်...။။။
အဆိုပါဖောက်ခွဲမှု့ဖန်တီးသူအား ဆုကြေးငွေ တရပ်ထုတ်ထားကြောင်းလည်းသိရှိရပါသည်..။။
ဝစ္စနှစ်လုံးပေါက် ပီ .... ဝစ္စနှစ်လုံးပေါက် ဒီ ဟီးးဟီးးး
တရားခံ ဘူလည်းဆိုတာ အားလုံးသိကြတယ်မှတ်လား....ဟင်းးဟင်းးးဟင်းးးဟင်းးးးးး
ဘူ့ကိုရေးထားတယ်ဆိုတာ ကွကိုတိနော် ....ဟီးးးဟီးးးးဟီးးးး
(မားမားကိုနိုင်ကျင့်လို့ ပစ်ပစ်က မားမားအတွက် ကဲ့ စားချေပေးတာ...ဟဲဟဲ )
ပစ်ပစ်
26.1.2012 AM 1:08
ပုံကိုတော့ google ကနေယူသုံးပါသည်
Categories
ပေါက်ကရလေးဆယ်..
23 January 2012
New year holiday..
ဒီနှစ် နှစ်သစ်ကူးမှာအလုပ်က အိုဗာတိုင်မရှိပါဘူး...ပိုက်ဆံမရတာကလွဲရင် နားရတော့ ကောင်းပါတယ်...တချို့တွေကတော့ 2ရက် 3ရက်ခရီးတိုလေးတွေသွားကြတယ်... jerry pigpig ကတော့ ခရီးသွားလို့ မရပါဘူး...အိမ်စောင့်နတ်ရာထူးခဏယူပေးထားရပါတယ်.....ထမင်းစားဖိတ်
သမျှအိမ်တွေကိုကြွရပါတယ်...ဟဲဟဲ..ဒါပေမဲ့ ဖိတ်သမျှ အိမ်တိုင်းမကြွပါဘူး အိမ်ထောင်စုစာရင်းမှာ
ပိစိညောင့်တောင့်လေးတွေ ရှိတဲ့အိမ်ဆို လက်ရှောင်ပါတယ်...မတော်..ကလေးတွေက
ကုန်းရှီဖားချိုင် လာလုပ်လိုက်မှဘဲ အိတ်ထဲကနေ စာအိတ်အနီတွေထုပ်နေရမှာစိုးလို့ပါ....အဲလို
အရှောင်အတိမ်း ဂျက်ဆီဂျိမ်း လုပ်နေရတာပါ...ရာသီဥတုကလဲ ကိုယ့်ဘက်မှာမရှိပါဘူး
မိုးတွေရွာပြီး အေးလိုက်တာ ....အဲတာကြောင့်အိမ်မှာဘဲ လိမ်လိမ်နဲ့မာမာ နေပါတယ်..
ပိုက်ဆံချွေတာပါတယ် ဖုန်းဘိုးကုန်သမျှ ကာမိအောင်လို့ပါ...ဟဲဟဲ
သများတွေက မော်တော်ကားတွေ လိန်ပျံတွေနဲ့ လည်လည်ထွက်နေချိန်မှာ ဂျယ်ရီပစ်ပစ်ခမျာ ကွန်ပြူရှေ့မှာငုတ်တုတ်မေ့နေရပါတယ်
ကွန်ပြူတာရှေ့ငုတ်တုတ်မေ့တယ်ဆိုပေမဲ့လည်း ဖလန်းဖလန်းး အရမ်းထလို့မရပါဘူး...
ဆင်ဆင်နဲ့ခြင်ခြင်နဲ့ ဖလန်းဖလန်း ထရတာပါ
ပူတူတူးက ပစ်ပစ် ကွန်ပြူတာရှေ့ အရမ်းမနေနဲ့နော် ညက်စိလုံးပျက်လိမ့်မယ်တဲ့..ညက်စိလုံးက
အရေးကြီးတယ်တဲ့ ညက်စိလုံးအပျက်မခံနဲ့နော်တဲ့ .....ညက်စိလုံးနှစ်လုံးကအစားပြန်မရဘူးတဲ့...ညက်စိလုံးမကောင်းတော့ရင် ညက်မှန်ကြီးတပ်နေရမယ်တဲ့...ဖုန်းဆက်တိုင်း ညက်စိလုံးနဲ့ ကွန်ပြူတာ တွဲထားလို့ မသင့်တဲ့အကြောင်း ခဏခဏ လက်ချာပေးပါတယ် ။။ကွန်ပြူတာအရမ်းမသုံးနဲ့တဲ့လေ..
သူကစိတ်ပူသလိုလို ဘာလိုလို ညာလိုလို ဟိုလိုလို ဒီလိုလို နဲ့ လူကိုလာချုပ်တာလေ..ဟင်းးဟင်းးဟင်းး CIA က jerry pigpig ပါ...ဒါမျိုးလောက်တော့ သဘောပေါက်ပါတယ်..ဒီလိုထိုးစစ်တွေကို ကာကွယ်ဖို့ jerry pigpig ကလည်း ခံစစ်ပြင်ထားပြီးသားပါ
ဟဲဟဲ ...jerry pigpig စီမှာလည်း ဗျူဟာမှုး ဆရာမတွေ ရှိပါတယ်..
ပြောရင်းရေးရင်းနဲ့ ဘယ်တွေရောက်ကုန်တယ် မသိဘူး...ရေးချင်တာကတော့ အလုပ် 4ရက်တိတိ ပိတ်ထားတဲ့အချိန် ဘာတွေလုပ်နေတယ်ဆိုတာ ရေးချင်တာပါ..ကိုယ်ရေးချင်တာဘာလဲဆိုတာ မနည်းပြန်စဉ်းစားလိုက်ရတယ်.. သူများကအသက်ကြီးပြီလေ....အာရုံတွေက လွင့်နေတာများတယ် သူများအာရုံခံကိရိယာက အားအားရှိ ဗထူးရောက်ရောက်သွားတယ်...။။မားမား မဒမ်ကိုးရဲ့ ချစ်ဆုံးသမီးလေးလို့ မပြောရဘူး..အာရုံလွင့်တာချင်း တူတယ် ...။။ မားမားက မလေးကိုအာရုံလွှင့်တယ် jerry pigpig ကဗထူးကို အာရုံလွှင့်တယ်...ဟဲဟဲ ခွိခွိ ခွိ...
မားမားနဲ့ပစ်ပစ် နဲ့က အဆင်တူတယ်...ဝမ်းဆက်....ဆေးရေးပါတိတ် ဗူးပါတိတ်...ဒါးနှစ်လက်ပါတိတ်။။
သများတွေလို jerry pigpig ကအချက် အပြုတ်မကျွမ်းပါဘူး.. jerry pigpig ရဲ့ လက်ရာကိုဘယ်လောက်တောင် အားပေးကြသလဲဆိုရင် အိမ်ကလူတွေကိုယ်တိုင် ..မီးဖိုချောင်ထဲမဝင်ပါနဲ့လို့ တားယူရတဲ့အထိပါဘဲ....အဲတာနဲ့ jerry pigpig လည်း မီးဖိုချောင် တာဝန်ကနေ အငြိမ်းစားယူလိုက်ပါတယ်...အိမ်ကလူတွေကိုအားနာလို့ပါ...
ဒီနေ့တော့ ဘလော့မှန်သမျှ လိုက်ဖတ်ရင်းနဲ့ ထမင်းကြော်စားချင်စိတ်ပေါက်လာလို့ ကြော်စားပါတယ်...Facebook မှာ သူများတွေနှိပ်စက်သမျှဘဲ ကိုယ်ကခံနေရတော့ တခါတလေ
ကိုယ်ကလည်းပြန်နှိပ်စက်ချင်လာလို့ပါ...လက်ရာကတော့ ..အောက်ဆုံးကနေစရေတွက်ရင် ပထမတန်းစားပါ...ကဲ ရှု့စားတော်မူကြပါကုန်...
မားမား ပစ်ပစ်ဒီနေ့ထမင်းကြော်စားတယ်သိလား..ကြက်တောင်ပံလည်းပါတယ် ကော်ဖီလည်းပါတယ်..။။
စားရင်းနဲ့မကြီးမိုးငွေ့စီအလည်ရောက်နေတာလေ
အချက်အပြုတ်မကျွမ်းပေမဲ့ အချုပ်အလုပ်လည်းရသလားဆို..မရပါဘူး...ရန်ကုန်မှာနေတုန်းက
ကိုယ်ဝတ်မဲ့ထမီတောင် အထက်ဆင်နဲ့ ထမီစနဲ့ ဆိုင်ကိုပေးပြီးချုပ်ခိုင်းတာပါ ....
ဒီကိုရောက်လာတော့အိမ်ကလူတွေက နင်အသုံးမကျတာတွေသိပ်များနေပြီ..အလုပ်လေးတော့
ဖြစ်ဖြစ်မြောက်မြောက် နဲ့ အောင်အောင် မြင်မြင်လေးဖြစ်အောင် သေချာလုပ်ပါဟယ်လို့
မေတ္တာရပ်ခံတာနဲ့ jerry pigpig လည်း အလုပ်တော့သေချာလုပ်ပါတယ်...နေ့တိုင်းအလုပ်သွားပါတယ်..အမှန်ကတော့ အိမ်က နင့်ကိုတာဝန်ဆက်မယူနိုင်တော့ဘူး....နိုင်ငံခြားပို့ပေးမယ်...နင့်ကိုယ်ဘာကိုယ်တာဝန်ယူတော့လို့
အမိန့်ချလိုက်လို့ပါ...အိမ်ကလည်း တာဝန်မယူတော့ဘူး..တခြားတာဝန်ဆက်ခံမဲ့သူလည်းမရှိသေးတဲ့
စပ်ကူးမတ်ကူးကာလလေးမှာ ကိုယ့်ဘာကိုယ်တာဝန်ယူထားရတဲ့သဘောပါဘဲ ဟဲဟဲဟဲ... :P
လွန်ခဲ့တဲ့တနှစ်လောက်က သူငယ်ချင်းတယောက်စီိမှာသိုးမွေးနှစ်ချောင်းထိုးသင်ပါတယ်...ထိုးမဲ့ တူတွေ ချည်လုံးတွေ အစုံပလုံဝယ်ပါတယ်....ဟိုလူကိုလည်း သိုးမွေးမာဖလာထိုးပေးမယ်..ဒီလူကိုလည်းသိုးမွေးမာဖလာထိုးပေးမယ်ဆိုပြီး promise တွေလည်း ပေးထားတာ ဗရပွ ပါဘဲ..သင်ပြီးတော့စထိုးတာ လက်တဝါးလောက်လေးရတဲ့အချိန်မှာ...ပူတူတူးက ကျောင်းပြီးလို့ရန်ကုန်ပြန်သွားပါလေရော...အဲဒီအချိန်ကနေစပြီးတော့ jerry pigpig လည်းစိတ်မကောင်းခြင်းများစွာနဲ့ Gtalk ..Facebook ....Blog ... လောကမှာဖလန်းဖလန်း ထတော့တာပါဘဲလေ...ဘလော့မှာလည်းရေးချင်တာတွေလျှောက်ရေး..Facebook မှာ city valle ..Indiana jone..castle valle..အစရှိတဲ့ထွက်သမျှဂိမ်း မလွတ်အောင်ဆော့ပါတယ်...Gtalk မှာလည်း
ဟိုလူ့ကိုလည်း ကလောင် ကလောင် တီတောင် တီတောင်...ဒီလူ့ကိုလည်းကလောင် ကလောင်
တီတောင် တီတောင် နဲ့ လိုက်နှိပ်စက်ပါတယ်...
ပူတူတူးကတရက်တော့ သူ့အတွက်မာဖလာလေးပြီးပလားလို့မေးပါတယ် ..
ဟမ် မာဖလာ ..ဟုတ်လား... ပြီးဖို့နေနေသာသာ အရင်ကထိုးထားတဲ့ လက်တဝါးစာလေးတောင် ဘယ်ရောက်သွားမှန်းမသိဘူးလို့ ဖြေလိုက်တာ...ဒါဆိုညတိုင်းဘာတွေလုပ်နေလဲ ဆိုတဲ့မေးခွန်းနဲ့ ပူတူတူးက တရကြမ်းတိုက်စစ်ဆင်ပါတယ်...ထိုးစစ်မျိုးစုံနဲ့ စစ်မျက်နှာဖွင့်ပါတယ်...
မဟုတ်ရပါဘူး မလုပ်ရပါဘူးဆိုပြီး jerry pigpig ကလည်း ခံစစ်ပြင်ရပါတယ်..
အဲဒီအချိန်မှာဘဲ အမွန်က သိုးမွေးတဘက် ထိုးနည်းဆိုပြီး Post တင်ပါတယ်..
အဲတော့ Jerry pigpig လည်း သူငယ်ချင်းကို ပြန်မေး၇ပါတယ်..
ဟဲ့ မာဖလာကအဲလိုထိုးလည်းရလား..@@#$#&&**^^^@$** ဘာညာဘာညာပေါ့
သူငယ်ချင်းကလည်း %$##*&^%%%@#$ ဆိုတော့ ထိုးမဲ့ တန်းတွေ တိုင်တွေပြေးဝယ်ပါတယ်....
အိပ်ယာကစောစောထပြီး သူငယ်ချင်းအိမ်မှာနာရီပိုင်းသင်တန်းပြေးတက်ပါတယ်...
ွှဲမာဖလာတထည်ပြီးအောင် လက်နှစ်ဘက်ကို မော်တာတကောင်ခွဲအား တပ်ပြီးလျှင်လျှင်နဲ့မြန်မြန်
ထိုးရပါတယ်...အဲလိုမှမမြန်ရင်လည်းမရတော့ဘူးလေ...ဖုန်းဆက်တိုင်း စစ်မြေပြင်က လက်နက်ကြီးသံတွေ အုန်းခနဲ ဂျိမ်းခနဲ ..ကြားနေရတာကိုးး....
နောက်ဆုံးတော့ မသေမသပ် မလှမပ ဟိုနားကအစလေးထွက် ဒီနားကအစလေးထွက်နေတဲ့
jerry pigpig ရဲ့ ပထမဆုံး မာဖလာလေးပြီးသွားပါတယ်...။။အဲဒီမာဖလာလေးနဲ့ ချစ်ကြည်ရေး ပြန်လည်ရယူရပါတယ်...ပြန်လည်ညှိုနှိုင်း ဆွေးနွေးရေးတွေ လုပ်ရပါတယ်..။။ စည်းမျဉ်းစည်းကမ်း အသစ်တွေ ပြန်လည်ရေးဆွဲရပါတယ်...စာချုပ်အသစ်တွေ ပြန်လည်ချုပ်ဆိုရပါတယ် .။။။
ကိုကိုနဲ့ပစ်ပစ်ဖြစ်အောင် ပြန်ကြိုးစားရပါတယ်...ဟူးးးးးးးးးးးးး မောထှာ....အဲတာကြောင့်ပြောတာ
လောကီ ကိလေသာတွေကိုအရမ်း အရမ်း စိတ်ကုန်တယ်လို့ :P
ဒီပုံလေးကတော့ jerry pigpig ရဲ့ ဒုတိယမြောက် မာဖလာလေးပါဘဲ...ရှု့စားတော်မူကြပါကုန်..
အဲဒီမာဖလာလေးကjerry pigpig ရဲ့မာဖလာလေးပါ ဆင်တူလေးဆိုပါတော့..
တတိယမြောက် မာဖလာလေးကတော့ သူငယ်ချင်းကို လက်ဆောင်ပေးလိုက်ပါပြီ...အဲဒီသူငယ်ချင်းကိုလည်း လွန်ခဲ့တဲ့တနှစ်လောက်ကထဲက ထိုးပေးမယ်လို့
ကတိပေးထားတာပါ....ဒီနှစ်ဆောင်းတွင်းမှ မပေးဖြစ်ရင်လည်း ..တော်တော်အားနာဖို့ကောင်းနေပါပြီ....
( ကိုယ့်မွေးနေ့တိုင်းသူပေးသမျှ ကိတ်မုန့်တွေ ကိုယ်ကစားပြီးသွားပြီကိုးးး )
အဲလိုအသည်းအသန် မာဖလာတွေထိုးနေမှန်းသိတော့ အိမ်က
ကိုက်ဖော်ကိုက်ဖက် ညီမ က သူ့အတွက်လည်းတထည်ဆိုပြီး အော်ဒါအပ်ပါတယ်..
အောက်ကပုံလေးကတော့ ထိုးလက်စ မာဖလာလေးပါဘဲ...လှတယ်နော် ဟဲဟဲဟဲ :P
(ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ လေ ဟီးးဟီးးးဟီးးး)
အောက်ကပုံကတော့ jerry pigpig ရဲ့ စုဗူးပါဘဲ..
ကြည့်ရုံဘဲကြည့်သွားကြနော်...မယူသွားကြပါနဲ့...မခိုကတရို့လေးနဲ့ မျက်စပြစ်နေတာတွေ့လား..
အထဲမှာ ပိုက်ချံတွေ စုထားတယ်..။။ (^_^)
ကဲ..ဒီလောက်ဆိုတော်ပါပြီ ...အခုလောက်ရေးချင်တာရေးပြီး ဖလမ်းဖလမ်း ထလိုက်ရရင်ကျေနပ်ပါပြီလေ...(စုဗူးတော့ ယူမသွားကြနဲ့နော်..ပြောထားပြီးသားနော် အထဲမှာပိုက်ချံတွေစုထားတယ်) ....။။။။
(စကားချပ်) ညက်စိလုံး =မျက်စိလုံး =အီး ဝိုင် အီး EYE အိုင်း
ပစ်ပစ်
23.1.2012 PM 10:33

20 January 2012
မဝေးသေးတဲ့ကာလတခုစီသို့
ချစ်သူမဟုတ်တော့တဲ့ လူတယောက်ကို ဒီနေ့အရမ်းသတိရမိတယ်..
ပုံပြင်လေးရေ
ဘယ်ရောက်သွား...
......
အနေဝေးအိမ်မက်များ
အေးခဲမာကျောသွား..
...
မြို့အဝင်လမ်း
တောင်စဉ်တန်း
တခြားတဘက်မှာ
သတိရသေးရင်...နှုတ်ဆက်ပါ
အမှတ်ရသေးရင်...နှုတ်ဆက်ပါ
ဘဝတကွေ့မှာ
ဆုံတွေ့ခွင့်ရခဲ့မယ်ဆိုရင်
ခင်မင်ရင်းနှီးမှု့များစွာနဲ့
နှုတ်ဆက်ခွင့်ရချင်ပါတယ်..
(မဝေးသေးသောကာလ တခုစီသို့ ရည်ရွယ်ပါ၏ ...)
ကျမစာတပုဒ်ဖတ်ဖူးတယ်..
သူများကိုညာပါ ..ကိုယ့်ကိုကိုယ် ဘယ်တော့မှ မညာပါနဲ့တဲ့
ကျမဘယ်တော့မှ ကျမ ကိုယ်ကျမ မညာခဲ့ဘူး..
ကျမရင်ထဲခံစားရတဲ့အတိုင်းဘဲ အမှန်အတိုင်း ပြောဆိုခဲ့တာကြီးပါဘဲ
ကျမစိတ်ထဲ မကြိုက်တော့ဘူးလို့ထင်ရင် အဲဒီပစ္စည်းကို ကျမ လွင့်ပြစ်လိုက်မိမှာဘဲ
ကျမစိတ်ထဲကြိုက်တယ်လို့ခံစားမိရင် ကျမသိမ်းထားမိမှာဘဲ...
တခါတလေမှာလူတွေက ကျမကိုတမျိုးမြင်ကြလိမ့်မယ်ထင်တယ်...
မြင်တဲ့အတိုင်းလည်းဝေဖန်နိုင်ပါတယ်...
အမှန်တရားဆိုတာ နေရာတိုင်းမှာရှိပါတယ်...
ကျမကတော့ကျမရင်ထဲ ခံစားရတာကို ခံစားမိတဲ့အတိုင်း
ရေးချင်ရင်ရေးလိုက်တာဘဲ....ကျမအကြောင်း ကောင်းတာလည်းပါနိုင်သလို
မကောင်းတာလည်းပါနိုင်ပါတယ်...ကျမကဘလော့ကို ဒိုင်ယာရီသဘောမျိုး
ရေးတဲ့သူလိုဖြစ်နေတော့ ကျမရေးသမျှတွေအားလုံးဟာ....
ရင်ထဲကလာတဲ့ ခံစားချက်တွေပါဘဲ.................
ကျမဒီနေ့ လူတယောက်ကို သတိရမိတယ် ...
နူးနူးညံညံမရှိတဲ့လူတယောက် ...
ကျမကိုအမြဲတမ်း အပြစ်ပြော ဆရာလုပ်တတ်တဲ့ လူတယောက်
စိတ်ရင်းကောင်းသလောက် အော်ဟောက်တတ်တဲ့လူတယောက်..
သူစိတ်လိုလက်ရရှိရင် သူဖတ်ဖူးသမျှ စာအုပ်အကြောင်း
ပြန်ပြောပြတတ်တဲ့ လူတယောက်....
ကျမဘလော့ရေးတာကို အားပေးတဲ့လူတယောက်...
ကျမကိုအားတဲ့အချိန်မှာ စာရေး စာဖတ် ဖို့ တိုက်တွန်းခဲ့တဲ့ လူတယောက်...
(သူတွန်းအားပေးခဲ့လို့လည်း ခံစားမှု့သံစဉ် ဆိုတဲ့ ဘလော့လေးတခု ဖြစ်လာတာပါ)
ကျမဘလော့တခုကို မပိုင်ဆိုင်ခင် အချိန်မှာ ကျမရေးသမျှသော
စာတွေကို ဒိုင်ခံဖတ်ပေးခဲ့တဲ့ လူတယောက်....
လောကကြီးတခုလုံးမှာ သူ့အမေကလွဲရင် ကျန်တဲ့မိန်းမ မှန်သမျှ မကောင်းဘူးလို့
ကြွေးကြော်ထားတဲ့လူတယောက်...
(မိန်းမတွေမကောင်းဘူးလို့သာပြောတာ.အဲဒီလူက ရည်းစားတော့အများကြီးထားတယ် :P)
မိန်းမယူရင်တောင်မှ အမေသဘောမတူရင် ဘယ်လောက်ဘဲချစ်နေပါစေ
ရင်အကွဲခံလိုက်မယ်..အဲဒီမိန်းမကိုလက်မထပ်ဘူးဆိုတဲ့ လူတယောက်....
မန်ယူအသင်းကိုအရမ်းကြိုက်တဲ့ လူတယောက်...
အရာရာကိုမာမာကျောကျော ရင်ဆိုင်တုံပြန်တတ်တဲ့လူတယောက်....
ပညာဆိုတာကိုအရမ်းတန်ဘိုးထားလိုချင်တတ်တဲ့ လူတယောက်...
မြန်မာဆန်တာကိုအရမ်းသဘောကျတဲ့ လူတယောက်...
လုံးဝ လုံးဝကို သဝန်မတိုတတ်တဲ့ လူတယောက်...
ရီလိုက်ရင်သွားတက်လေးပါတဲ့ လူတယောက်...
အဲဒီလူကို ကျမရဲ့ဘဝ..ကျမရဲ့ အသိစိတ်...ကျမရဲ့နှလုံးသားထဲကနေ
ထုတ်ပြစ်လိုက်တာ နှစ်နဲ့ချီသွားပါပြီ.....
ဒါပေမဲ့ ကျမရဲ့ မသိစိတ်...ကျမ သတိမထားတဲ့ နှလုံးသားတထောင့်
မှာသူရှိနေသေးတယ်....
တခါတလေ...အဲလိုနေရာတွေကနေ သူထွက်လာတဲ့အခါ ကျမရင်ဘတ်တခုလုံးဗြောင်းဆန်
သွားသလိုဘဲ....
ဥပမာနဲ့ပြောရရင် လက်ဝှေ့ကြိုးဝိုင်းထဲမှ အောင်ပွဲခံနေတဲ့ သူကို လဲကျနေတဲ့သူက
ရုတ်တရက်ထပြီး အငိုက်ဖမ်း ထိုးလိုက်သလိုပါဘဲ...
ကျမဘဝမှာ ပုံရိပ်လေးတွေ အများကြီးရှိပါတယ်...အဲဒီပုံရိပ်တွေထဲက
ပုံရိပ်လေးတခုပေါ့လေ.....
ကျမဒီနေ့ အဲဒီပုံရိပ်လေးကိုအရမ်းသတိရမိတယ်
သူဘယ်ရောက်နေလည်း
သူဘာလုပ်နေမလဲ
ကျမတွေးနေမိတယ်...
ဖြူစင်တဲ့ ခံစားမှု့တွေ...နဲ့ကျမသူ့ကိုသတိရမိတယ်...
ကျမသူ့ကိုအရင်ကပြောဖူးပါတယ် တကယ်လို့များဝေးသွားခဲ့ကြမယ်ဆိုရင်
ကျမသူ့ကို အဖြူရောင်သံယောဇဉ်တွေနဲ့ သတိရမိမယ် ဆိုတဲ့အကြောင်းပါ...
ကျမဒီည သူ့ကိုသတိရမိတယ်...
ကျမထင်ပါတယ်လေ....လူတိုင်းရဲ့ ရင်ထဲမှာလည်း ....
အမှတ်မထင်ပုန်းနေတတ်တဲ့ အမှတ်တရတွေ....
မရှိတော့ဘူးလို့ထင်ထားပေမဲ့ ရှိနေသေးတဲ့ အရာတွေ...
မေ့ပျောက်လိုက်ပြီဆိုပေမဲ့ ကျန်နေတတ်သေးတဲ့ အတိတ်ကပုံရိပ်တွေ...
ရှိနေမှာပါ...ကျမလိုပေါ့လေ
ရံဖန်ရံခါ အတိတ်ကို ကျမလိုဘဲ ပြန်သတိရမိကြမယ်ထင်ပါတယ်...
တိုက်ဆိုင်မှု့တွေရှိတိုင်းလည်း အတိတ်ကပုံရိပ်တွေကို
ပြန်လည်မှန်းဆမိကြမယ်လို့လည်း ထင်ပါတယ်နော်.....း)
ဒီပိုစ့်လေးကို ကျမရဲ့ချစ်သူလာဖတ်မိလို့ကတော့ ရှော့ခ် ရှိတယ်...အားလုံးဘဲ
တိတ်တိတ်လေးနေကြနော်...ပြန်မဖွကြေး....ရှုးတိုးတိုး.....နော်
ပစ်ပစ်
20.1.2012 AM 4:14
(ပုံလေးတွေကိုတော့ google ကနေ ရှာထားတာပါ )

ပုံရိပ်လေးများ
Subscribe to:
Posts (Atom)