ကျမမှာဝရံတာလေးတခုရှိပါတယ်...
ကျမပိုင်ဆိုင်တာမဟုတ်ပေမဲ့ ကျမနေတဲ့အိမ်မှာရှိနေတဲ့ဝရံတာလေးဆိုတော့ ကျမအမြဲတမ်းထိတွေ့
နေရတဲ့ နေရာလေးပါဘဲ ...။
ကျမအလုပ်ကပြန်လာတိုင်း အိမ်တံခါးဖွင့်ပြီးဝင်လိုက်တာနဲ့ တပြိုင်နက် ပထမဆုံးလုပ်တာက
မီးခလုတ်ဖွင့်တာပါ နောက်တော့ လွယ်ထားတဲ့ အိတ်ကို ခုံပေါ်တင်တယ် ။ နောက်တော့ အိမ်နောက်ဖေးဘက် လျှောက်သွားရင်းနဲ့ခြေအိတ်ချွတ်တယ် ။ ရေချိုးခန်းထဲ ပြစ်ထည့်တယ်..
ပြီးရင်လက်ဆေးတယ်..။ ပြီးရင်နောက်ဖေးတံခါးလေး ဖွင့်ပြီး ဝရံတာလေးမှာ ခဏတော့ရပ်မိတယ်..
နေ့တိုင်းပါဘဲ အလုပ်ကနေပြန်လာတဲ့ အချိန်တိုင်း ကျမမောရင် မောလာမယ်.. သူငယ်ချင်းတွေနဲ့
စကားပြောပြီး ရယ်ရင်လည်းရယ်လာမိမယ်... တခါတလေ ဒေါသဖြစ်ပြီးပြန်လာရင် ပြန်လာမယ် .ဒါပေမဲ့ဘယ်လိုခံစားချက်နဲ့ဘဲ ပြန်လာလာ နောက်ဖေးဝရံတာလေး မှာ ရပ်လိုက်မိတိုင်း ကျမခံစားမိတာ တခုထဲပါ ....အဲတာကတော့
အရာရာဟာ..တိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုတာပါဘဲ ။။
တိတ်ဆိတ်ခြင်း အေးစက်ခြင်း ငြိမ်သက်ခြင်း တစုံတခုကိုတမ်းတမိခြင်း အရာရာအားလုံးဟာ..လှုပ်ရှားမှု့မ၇ှိဘဲ ငြိမ်သက်နေတယ်... ကျမအတွေးတွေလည်း တိတ်ဆိတ်ငြိမ်သက်နေတယ် ..ကျမအသက်ရှုနေတဲ့အသံ ကျမနှလုံးခုန်နေတဲ့အသံ
ကျမပြန်ကြားနေရသလိုဘဲ ။ ကျမရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပါဘူး ဒါပေမဲ့ ဝရံတာမှာ ရပ်နေတဲ့ ကျမရင်ထဲမှာတော့ ခံစားချက်တွေအမျိုးမျိုး ပြောင်းလဲနေတယ် ။
လွမ်းလွမ်းဆွေးဆွေးနဲ့ သတိရမိတယ် ...နင့်နင့်သည်းသည်း တမ်းတမိတယ် ..
နာနာကျည်းကျည်း နဲ့ရင်နာမိတယ် ...မျက်နှာတခုလုံးစပ်ဖျင်းဖျင်းနဲ့ ပူလောင်လာအောင်ရှက်မိတယ်
ကျမရဲ့ဝရံတာလေးကနေကြည့်ရင် အနောက်ဘက်မှာ တိုက်အမြင့်ကြီးနှစ်တိုက် ရှိတယ်... အိမ်နောက်ဘက်မှာ ကလေးကစားတဲ့ ရပ်ကွက်ကစားကွင်းလိုမျိုး ကစားကွင်း
အသေးစားလေးတခုရှိတယ် ။ ကျမရဲ့ဝရံတာလေးကနေ ကြည့်လိုက်ရင် ကောင်းကင်ကို ရှင်းရှင်းလင်းလင်းတော့မမြင်ရပါဘူး တိုက်အမြင့်ကြီးနဲ့ကွယ်နေလို့ပါ ။ကျမတချို့ညတွေမှာ
ဝရံတာလေးကနေ ကောင်းကင်ကိုမော့ကြည့်ပြီး လမင်းကိုရှာမိတယ် ။ သူဘယ်နေရာမှာများရှိနေပါလိမ့်လို့ ။သူဘယ်နေရာမှာများသာနေပါလိမ့်လို့ ...။။
တချို့ညတွေမှာ..ကျမဝရံတာလေးမှာရပ်ပြီး အရင်တချိန်ကအသံတွေကို ပြန်ကြားယောင်မိတယ်
ကျမရယ်မောခဲ့တဲ့အသံတွေ ကျမကြည်ကြည်နူးနူးနဲ့ စကားပြောနေတဲ့အသံတွေ ရယ်တာသူများ
တွေကြားမှာစိုးလို့ ပါးစပ်လက်နဲ့အုပ်ပြီး တိုးတိုးလေးကြိတ်ရယ်နေတဲ့အသံတွေ ..
စိတ်ဆိုးပြီးဒေါသနဲ့ စကားပြောနေတဲ့အသံတွေ ရှိုက်သံတဝက်နဲ့ စကားပြောနေတာတွေ
ကျမငိုနေတဲ့ အသံတွေ တယောက်နဲ့တယောက်အခြေအတင်ပြောရင်းနဲ့ ဒေါသထွက်ပြီး ကျယ်ကျယ်လောင်လောင် ပြောမိတဲ့အသံတွေ ...ဝရံတာနံရံလေးမှာ မှီထိုင်ပြီး
လက်ထဲမှာ ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး တယောက်ထဲကြိတ် ငိုနေတဲ့အသံတွေ မိုးရွာတဲ့ညတွေမှာ..မိုးသံနဲ့အတူ ကျမရဲ့ငိုသံတွေ ... မိုးရေစက်တွေနဲ့
အတူကျလာတဲ့ ကျမရဲ့ မျက်ရည်တွေ ..။။တချိန်တုန်းက အသံတွေ ..ပြီးဆုံးသွားခဲ့တဲ့ အတိတ်ကအသံတွေ ...ကျမ ရဲ့ တချိန်တုန်းကအသံတွေ ...။။
ဝရံတာလေးမှာ ရပ်မိတိုင်း ကျမအဲလိုအသံတွေကို တိတ်တိတ်လေးပြန်ရှာမိတယ် တိတ်တိတ်လေးပြန်ကြားယောင်မိတယ် ...ရင်ထဲမှာနင့်နင့်သည်းသည်းကိုခံစားမိတယ်..။။
ဒီနေ့လည်းကျမအလုပ်ကပြန်လာတယ် ..သူငယ်ချင်းနဲ့ ရန်ကုန်မှာတုန်းကရုပ်ရှင်သွားကြည့်တုန်းက
အကြောင်းတွေပြောပြီးရီလာတာ...အိမ်ပြန်ရောက်တယ်... တံခါးဖွင့်တယ်.. မီးခလုတ်ဖွင့်တယ်..
ခြေအိတ်လေးချွတ်တယ်...နောက်တော့ ဝရံတာတံခါးလေးဖွင့်ပြီး ထွက်ရပ်မိတယ် ..
ဝရံလေးစီရောက်သွားတဲ့အချိန်မှာဘဲ တပြိုင်နက် အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားတယ်
ကျမရှေ့မှာမြင်နေရတဲ့ တိုက်အမြင့်ကြီးမှာ တချို့အခန်းတွေက မီးလင်းလို့ ..
..တချို့အခန်းတွေက မှောင်မည်းလို့ ... အလင်းအမှောင်ကလည်း မညီမျှလိုက်တာလေ ။။
လှမ်းမြင်နေရတဲ့ ကစားကွင်းလေးကလည်း တိတ်ဆိတ်လို့
( အင်းလေ..ကျမအလုပ်ကပြန်လာတဲ့ အချိန်ကညသန်းကောင်ဖြစ်နေပြီဟာ..
ကစားကွင်းမှာဘယ်သူရှိတော့မှာလဲနော်....ကစားကွင်းကတိတ်ဆိတ်နေမှာဘဲလေ..
ကျမကလည်းတခါတလေ အမှန်တရားကိုသိသိကြီးနဲ့လက်မခံချင်ဘူး..ခေါင်းမာတာလေ..)
အရာအားလုံးတိတ်ဆိတ်နေလိုက်တာ ..။။ ကျမဝရံတာလေးမှာရပ်မိတာ တော်တော်ကြာတယ်...
လူကသာ ဝရံတာလေးမှာရပ်နေတာ စိတ်ကတော့ ဟိုးအဝေးကြီးကို လွင့်ထွက်သွားလိုက်တာ
ကျမကိုယ်တိုင်တောင် လိုက်ဖမ်းမမိနိုင်တဲ့ နေရာတခုကိုရောက်သွားသလိုပါဘဲ ။
ကျမအသက်ရှုနေတဲ့အသံ ကျမနှလုံးခုန်နေတဲ့အသံလေး ကျမဘာသာပြန်ကြားနေသလိုဘဲ ..။
နောက်တော့ ကျမချမ်းလာတယ်...လေတိုက်နေတဲ့အသံ သစ်ရွက်လှုပ်သံလိုလို
ကြားနေရသလိုဘဲ..လေတိုက်လို့ချမ်းစိမ့်စိမ့်ဖြစ်လာတယ် ...အဲဒီအချိန်မှာ ကျမကိုတယောက်ယောက်က လှမ်းပြောလိုက်တယ် ..။။အိမ်ထဲပြန်ဝင်သင့်ပြီတဲ့ ..။ဆက်ရပ်နေရင်ဖျားသွားလိမ့်မယ်တဲ့ ...။
ဘယ်သူလှမ်းပြောလိုက်တာလည်း ကျမမသိဘူး... ဘယ်နေရာကနေ လှမ်းပြောလိုက်တာလည်း ကျမမသိဘူး..ဒါပေမဲ့ ကျမစိတ်ထဲ တယောက်ယောက် ပြောလိုက်တယ်...
ကျမစိတ်ထဲကြားလိုက်တယ်...။။
နောက်တော့ ကျမအိမ်ထဲပြန်ဝင်လာတယ် ကျမရဲ့ဝရံတာတံခါးလေးကို
အသာလေးပြန်ပိတ်လိုက်တယ် .. ။။
ပစ်ပစ်
23.5.2012 AM 3:29
(ပုံလေးကို google ကနေယူသုံးပါတယ် )

17 comments:
ရေးထားတာလေ ရသမြှောက်တယ်
အဲ ၀ရံတာကနေ လမင်းကို ကြည့်နေပါ..
ပစ် အတွက် အဆင်သင့်ဖြစ်စေရမယ်..
ဝရံတာလေးက သူ့ဖာသာသူနေနေတဲ့ဟာ။
သူရေးဖွဲ့လိုက်မှဘဲ လွမ်းချင်လာသလိုလို။း(
မနက်ဖြန်မနက် . ၀ရန်တာလေးကိုထွက်.. လက်နှစ်ဖက်ကိုဆန့်ပြီး တိုက်နေတဲ့ လေကိုတစ်ဝကြီးရှုသွင်းလိုက်ပါအစ်မ.။ လူတစ်ယောက်အတွက် အရေးကြီးပေမယ့် မရှိမဖြစ်တော့ မဟုတ်သေးတဲ့အရာတွေ အများကြီးပဲနော် အစ်မ.။ မနက်ဖြန်တိုင်းမှာ ခြေလှမ်းတွေကိုလတ်ဆတ်နေပါစေ.။ ကိုယ့်ကမ္ဘာကို ကိုယ့်လက်ထဲမှာပဲထားပါ.။ ကိုယ့် အိပ်မက်တွေကိုလည်း ကိုယ်ထိန်းချုပ်လိုက်ပေါ့.။ အရာရာအဆင်ပြေသွားမှာပါ.။
မိန်းခလေးတစ်ယောက်ရယ် ၀ရံတာရယ် ကောင်းကင်ကြီးရယ် ကြယ်ကလေးတွေရယ် လေအဝှေ့မှာလွင့်မျောနေတဲ့ ဆံပင်တွေရယ် သူမရဲ့အလွမ်းခပ်နက်နက်တချို့ရယ်
စိတ်ကူးရင် လို့ အတော်ကောင်းမယ်ဗျ... ကျွန်တော်ကစိတ်ကူးယဉ်သမားဆိုတော့... အတော်အဆင်ပြေမယ်..း))
ခင်မင်လျက်
နေ၀သန်
တူတယ် နေ၀သန်နဲ့ကိုယ်နဲ့ ကိုယ်လဲ စိတ်ကူးအင်မတန်ယဉ်တဲ့သူ...။ ပစ်ပစ်ရေးထားတာလေးကို သေချာမြင်ယောင်ခံစားမိနေတယ်...။
ဒါကြောင့် အိမ်က စံပယ် ညည ၀ရံတာထွက်ရပ်ပြီး ကြယ်တွေငေးငေးနေတတ်တာကို။ ဘာတွေစိတ်ကူးယဉ်လဲ အိမ်ရောက်မှ မေးရအုံးမယ်။ဟိ
အင်း...လွမ်းမောတသစရာတွေ အပြည့်နဲ့ ၀ရန်တာလေးပေါ့...
ကျုပ်ဝရံဒါလေးကတော့ ကားလမ်းဖက်ကျနေလို့  အချိန်မရွေး ဆူညံနေတာပါပဲ ဆင်။ :D
တစ်ခါတစ်ခါကျတော့လည်း အဲ့လိုလေးတွေ တွေးတတ်တယ်။ အဲ့ဒါ လူပဲ။
စိတ်ဓါတ်မကျပါနဲ့ ညီမငယ်ပစ်ပစ်။
ဒါဆိုရင် ဝရန်တာလေးက သူငယ်ချင်း ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခုပေါ့...
သဂျီးမင်း ပြောသွားတဲ့အတိုင်းဘဲ)း။
မနက်ဖြန်ဆိုတဲ့ ခြေလှမ်းတိုင်းကတော့ ကျွန်တော်တို့ကို အားစမ်းနေဦးမှာပါ။
ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ည သီချင်းလေးကို ဖွင့်လိုက်လို့ကတော့ ကွက်တိ.. ကွက်တိ :)
ဒီခေါင်းစဉ်က ပစ်ပစ်လက်ရာကိုး...
မျှစ်ထွဋ်ရေးထားတာကို အရင်သွားဖတ်လိုက်မိတာကိုက မှားတာ...သူ့ဟာဖတ်ပြီး ရယ်ထားမိတော့ ပစ်ပစ်စာကိုဖတ်ပြီး လွမ်းရတာ ကိုးလို့ကန့်လန့်ကြီးဖြစ်ကုန်ရော...ပထမတစ်ပုဒ်ဖတ်ပြီး ဆက်ရယ်ရမလား ဒါကိုဖတ်ပြီး လွမ်းရမလား စဉ်းစားရင်းနဲ့ ရယ်လွမ်းလုပ်သွားတယ် ပစ်ပစ်ရေ...
စကားမစပ် ဒီမှာတော့ ပြတင်းပေါက်မဖွင့်ရဲဘူး သူခိုးပူလို့း)
ဟုတ်တယ်..အဲဒီကထွတ်ပေါ့
သူများခံစားပြီးရေးတာကို သူကကော်ပီတယ်..
သူ့ဘလော့မှာ နူးကလီးယားတလုံးချပလိုက်တယ်..
တိတ်ဆိတ်ခြင်း အေးစက်ခြင်း ငြိမ်သက်ခြင်း----အဲဒီအရာတွေဟာ
တစ်ယောက်ထဲလွမ်းနေရသူတွေအတွက် နဲနဲမကောင်းတဲ့ အရာတွေများလားလို့
စိတ်တွေကိုခြောက်ခြားစေလားလို့လေ
အလုပ်ကနေအိမ်ကိုပြန်ရောက်ရင် သီချင်းလေးနားထောင်ပါလားပစ်ပစ်ရေ
ဟာသ စာအုပ်ရှိရင်လဲ ပြုံးစရာတွေတွေဖတ်ရင်ကောင်းမယ်ထင်တယ်
အကြံပြုတာနော်ပစ်ပစ်ရေ
ပစ်ပစ်က ဝရံတာလေးက အတွေးနယ်ချဲ့ တယ်..စန်းထွန်းက ပြတင်းပေါက်ကနေ အတွေးနယ်ချဲ့ တယ်..စိတ်ထွက်ပေါက်တွေက လူသားတွေအတွက် လိုအပ်တယ်...
ပစ်ပစ်ရဲ့ဝရံတာလေးအကြောင်း...စီကုံးထားတာလေး...ဖတ်သွားတယ်နော်။
အလွမ်းလေးတွေအမြန်ဆုံးကုန်ဆုံးပါစေလို့လည်းတောင်းဆုချွေပေးခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..