28 February 2014

နိုင်ငံခြား.. !!!

Posted by blackroze at Friday, February 28, 2014 11 comments


တချို့သော လူတွေက နိုင်ငံခြားဆိုတာနဲ့  တိုက်တာကြီးတွေ ကားအကောင်းစားကြီးတွေ
လွတ်လပ်မှု့ အပြည့်နဲ့  လိုတာရ နိုင်တဲ့ နေရာလို့ ထင်ကြတယ်...

တကယ်တော့ ကိုယ့်ပြည်ကိုယ့်ရွာ မဟုတ်တဲ့ နေရာမှာ ဘဝတစ်ခု ရပ်တည်ဖို့
ကြိုးစားရတဲ့သူတွေ ဘယ်လောက်ပင်ပန်းတယ်.. ဘယ်လောက် ချိုးနှိမ်ရတယ်..
ဘယ်လောက် မျိုသိပ်ရတယ်..ဆိုတာ  တကယ်တမ်း လက်တွေ့ ရင်ဆိုင်နေရတဲ့
သူတွေဘဲသိတာပါ...

ဘဝရပ်တည်ရေး  မိသားစုအဆင်ပြေရေး  အစရှိတဲ့လိုအပ်ချက်တွေကြောင့်
နိုင်ငံခြားရောက်နေကြတဲ့သူတွေ  ဘယ်လောက်စိတ်ပင်ပန်းကြလည်း  ဆိုတာ
ရင်ဆိုင်နေရတဲ့သူ အချင်းချင်းက သိပြီးသားပါ..
အမေရိကန်ဖြစ်ဖြစ် ဂျပန်ဖြစ်ဖြစ်  ကိုးရီးယား ဖြစ်ဖြစ်  နိုင်ငံသာကွဲပြားသွားမယ်
ရရှိလာမဲ့ခံစားချက်တွေကတော့  တထပ်တည်းပါဘဲ....
အဲတာကတော့ ဘယ်အရာမဆို သည်းခံခြင်းနဲ့ မျို သိပ်ရခြင်း
နောက်တမျိုးကတော့ ဘာသာစကားကွဲပြားတဲ့  လူမျိုးတွေကြားထဲမှာ
သိမ်ငယ်ရခြင်း...

တချို့သောလူတွေက မိသားစုအသိုင်းအဝိုင်းကောင်းတယ်...နဂိုကထဲက ချမ်းးသာကြွယ်ဝတဲ့
မိဘတွေက ဆင်းသက်လာတဲ့သူတွေ အဲလိုလူတွေအတွက်က နိုင်ငံခြား ထွက်လာလည်း
နေရာဒေသ အပြောင်းအလဲတခုကြောင့်  ရောက်ရောက်ချင်း အသားမကျတာကလွဲလို့
ဖိစီးမှု့ နည်းပါတယ်....

တချို့ကျတော့ အဆက်သွယ်ကောင်း တယ်..ကိုယ်ရောက်လာတာနဲ့  ကူညီပေးမဲ့သူတွေ
ဆွေမျိုးတွေ သူငယ်ချင်းတွေ များတယ်..အဲဒီလိုလူတွေအတွက်လည်း  ရင်ဆိုင်ရတဲ့  အခက်ခဲ
နည်းပါးပါတယ်.. လိုအပ်ရင်ကူညီမဲ့သူ အသင့်ရှိတာကိုးး

မိသားစုစားဝတ်နေရေးကြောင့်ဖြစ်ဖြစ်  .. ကိုယ့်ဘဝလမ်းအတွက် ခရီးအသစ်တခု
လျှောက်ချင်လို့ဘဲ ဖြစ်ဖြစ် ရောက်လာတဲ့သူတွေ အဖို့ကတော့ နိုင်ငံခြားဆိုတာကြီးက
သိပ်ကို ခါးသီးလွန်းပါတယ်.. အပေါ်ယံသကာအုပ်ထားတဲ့ ဆေးခါးတလုံးနဲ့တူပါတယ်..
လှလှပပ ဝတ်စားပြီးလေယာဉ်ပေါ်တက်..တာ့တာ့  ပြ  ..လေယာဉ်ပျံကြီး ထွက်  နိုင်ငံခြားကို ရောက်လာ...
အဲဒီမှာ ချိုမြိန်တဲ့ အခန်းပြီးရင်  နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမဲ့ အခန်းဆက်တွေကတော့  ခါးသီး
ပါတယ်...

အရင်ဆုံးတွေ့ကြုံ ရမှာကတော့ အိမ်လွမ်းစိတ်ပါဘဲ...
မိသားစုနဲ့ အတူနေရာကနေ တယောက်ထဲ ဖြစ်သွားတဲ့ အနေအထား..
အမေတွေအမတွေ ချက်ပြုတ်တာ အဆင်သင့်စားနေရတဲ့ ဘဝကနေ ကိုယ်စားဖို့
ကိုယ့်ဘာကို ချက်ပြုတ်ရတဲ့ ဒုက္ခ ..မိသားစုက ဖူးဖူးမှုတ်ခံထား၇တဲ့သူဆို ပိုဆိုးပေါ့ရှင်..
နေ့တိုင်း ငိုရတော့တာပါဘဲ... ဖျားနာတဲ့ အချိန်ဆို မျက်ရည် နဲ့ မျက်ခွက်ပေါ့
နေမကောင်းလည်း ကိုယ့်ဘာကို ဆေးခန်းသွား ကိုယ့်ဘာကို စားဖို့ စီစဉ်ရတာဆိုတော့
တော်ရုံ တန်ရုံ အဖျားက အိမ်လွမ်းစိတ်ပါ ပေါင်းထားတော့ ပို ပြီးတာရှည်နေတော့တာပါဘဲ..

နောက်တခုကတော့  ဘယ်မှမသွားတတ်မလာတတ်တဲ့ ဒုက္ခ ..
ဘာသာစကားကျွမ်းကျင်တဲ့သူဆိုတော်သေးတယ်..
စကားသေချာမသင်ခဲ့တဲ့သူ..ဒါမှမဟုတ်  မတတ် တတတ်တွေဆို  ကိုယ်ပြောတာ သူနားမလည်း
သူပြောတာကိုယ်မသိနဲ့  စိတ်ညစ်စရာက စလာတာပါဘဲ...

တနေရာ ကနေ တနေရာ သွားဖို့  မြန်မာမှာလို မသွားတတ်ဘူးအဖော်လိုက်ပေးလို့  ခေါ်လို့ရမဲ့သူ မရှိ...ကိုယ့်အား ကိုယ့်ကိုး.. ရတဲ့ဘဝမှာ.. အားငယ်လာရတဲ့ ခံစားချက်...
ကျောင်းတက်ဖို့ရောက်လာတဲ့သူဆို ဒီခံစားချက်တွေက တော်ပါသေးတယ်..
ကျောင်းမှာ သူငယ်ချင်းရလာရင်  ..မသိတာ မသွားတတ်တာရှိရင်  ..အကူညီတောင်း
အားကိုးလို့ ရနိုင်ပေ မဲ့... အလုပ် လာလုပ်တဲ့သူအဖို့  မှာတော့...အဲလိုအကူညီမျိုး
သိပ်မျှော်လင့်လို့ မရနိုင်ပါဘူး..

အဲဒီလိုအဆင် မပြေတဲ့ ခံစားချက်တွေအ ပြင်...နောက်တခု အကြီး မားဆုံး ထိုးနှက်ချက်ကတော့
အလုပ်ထဲမှာ သည်းခံရတဲ့ မျို သိပ်ရတဲ့  အနေအထားတွေပါဘဲ ..
( အဲလိုအနေအထားတွေက မြန်မာမှာ အလုပ်လုပ်ရင်လည်း ရှိနိုင်ပါတယ်..
အလုပ်ဆိုကထဲက အခက်ခဲတွေတော့ရှိကြ မှာပါ
ဒါပေမဲ့ ကိုယ့်လူမျိုးအချင်း ချင်း  ကိုယ့်ဘာသာ စကားနဲ့ ပြောဆိုဖြေရှင်းရတဲ့
အနေအထား ထက် လူမျိုးခြား ဘာသာ ခြားကို သည်းခံရတဲ့ ခံစားချက်က ဘယ်လိုကွာတယ်ဆိုတာ
ကြံတွေ့ဖူးတဲ့ သူတိုင်း သိကြမှာပါ)

အလုပ်ရှင် ဒါမှမဟုတ် စူပါဗိုက်ဆာ ..မန်နေဂျာ  အစရှိတဲ့ အထက်လူကြီး တွေ
လုပ်ဖော်ကိုင်ဘက် အချင်းချင်းတွေ  ..လူမျိုးခြားတွေထဲမှာ...
ပြသနာက အဲမှာစလာတာပါဘဲ...သည်းခံခြင်းတရား ကို လက်ကိုင်ထားလို့  မျိုသိပ်ဖြတ်သန်းရတဲ့
နေ့ရက်တွေ က အရမ်းဆိုးဝါးလှပါတယ်..

ကိုယ်မှန်ကန်နေရဲ့ သားနဲ့  တင်စီးခံရတာမျိုး..

ကူညီသလိုလို ဘာလိုလို နဲ့ မျက်နှာဝင်ယူတာမျိုး...

အလုပ်လုပ်တဲ့သူ ချင်းအတူတူ  မျက်နှာ လိုက်ဆက်ဆံတာမျိုး..

နိုင်ငံခြားကနေ လာအလုပ်လုပ်တဲ့သူနဲ့ သူတို့ လူမျိုးချင်း ခွဲခြားဆက်ဆံတာမျိုး

ကပ်ဖား ယပ်ဖား  လုပ်တတ်တဲ့  လူကိုကျတော့ တမျိုး..ကိုယ့်အလုပ်ဘဲ
ကိုယ်လုပ်တတ်တဲ့ မဖားတတ်တဲ့သူကျတော့တမျိုး...

ပြောရရင်တော့ အများကြီးပါဘဲ..
ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့  ညာဏ လုပ်သားတွေရော
 အလုပ်ကြမ်း နဲ့ အသက်မွေး ဝမ်းကျောင်း ပြုတဲ့ ကာယ လုပ်သားတွေရော
ရင်ဆိုင်ရတဲ့ အခက်ခဲတွေအများကြီးပါ...

သူကဆရာဝန်..အင်ဂျင်နီယာ ..ကွန်ပြုတာ ပညာရှင် မို့
Air con ခန်းထဲမှာ အလုပ်လုပ်ပြီး တလ တလ ပိုက်ဆံ ရနေတာလို့ မထင်စေချင်ဘူး..
အခုနေခါ အဲလိုနေရာကောင်းကောင်းတွေ မှာအေးဆေးစွာ ပိုက်ဆံ ရှာနေတဲ့ သူတွေ
ရှိပါလိမ့်မယ်...ဒါပေမဲ့  သူတို့ဒီနေ့ ဒီလိုအခြေအနေ ရောက်လာအောင်
ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတဲ့  အတိတ်ကာလလေး  တော့ရှိမှာပါ...

အဲဒီ Air con ခန်းထဲက  ဖိစီးမှု့ တွေ  ရင်ဆိုင်ရတဲ့  စိန်ခေါ်မှု့တွေ
ပေါင်းသင်းဆက်ဆံရေးတွေ   တကယ်ကို အများ ကြီးပါ..
လကုန်လို့ရလာတဲ့  လခ ထဲမှာ  အဲဒီလို အရာတွေအများကြီးပါဝင်ပါတယ်..
ကျမထင်တာတော့ လကုန်ရင် ရတာက ကျမတို့ရဲ့ ချွေးစက်တွေ  ခံစားမှု့တွေ ပေါင်းစပ်နေတဲ့
ပိုက်ဆံလို့ ဘဲ မြင်ပါတယ်..အဲဒီ ပိုက်ဆံတွေမှာ ကာကယံရှင်တွေက လွဲပြီးအပြင်လူတွေ
မမြင်နိုင်တဲ့  အရာတွေ ကပ် နေပါတယ်..


မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု က အလိုက်တသိနဲ့ စီစစ်ချွေတာပေးတဲ့ မိသားစုမျိုးဆို
တော်ပါသေးတယ်..တချို့ကလည်း  နိုင်ငံခြားရောက်နေတယ် ဆိုရင်ဘဲ သက်သက်သာသာလေး
အလုပ်လုပ်ပြီး ပိုက်ဆံရလာတယ်လို့ အထင်မှားနေကြတဲ့  မိသားစုတွေရှိကောင်း ရှိနိုင်ပါတယ်
ကျမသူတို့တွေကို ပြောပြချင်ပါတယ်.. ကိုယ့်သားသမီး ကိုယ့်ခင်ပွန်းဇနီးမယား ကိုယ့်အဖေအမေ
ရှာနေတဲ့  ပိုက်ဆံက လက်ဖျောက်တချက် အတီးမှာ ရလာတဲ့ပိုက်ဆံ မျိုးမဟုတ်ပါဘူး..
ဒီလိုပိုက်ဆံရဖို့အတွက် သူတို့တွေ ဘယ်လိုပင်ပန်းလည်း  ဘယ်လိုသိမ်ငယ်လည်း
ဘယ်လို ခံစားမှု့ မျိုး ရှိနိုင်မလည်း  နဲနဲလောက် တွေးကြည့်ပါလို့ ......
(လူတိုင်းကိုတော့ မဆိုလိုပါဘူး.. တချို့သော တချို့သော မိသားစုတွေအတွက်ပါ
ရှာတဲ့သူက ပင်ပင်ပန်းပန်းရှာ..သုံးတဲ့သူ က မစီစစ်ဘဲ  နှစ်လုံးထီ ထိုင်ထိုးနေတတ် တဲ့ မိသားစုမျိုးကို
ရည်ညွှန်းချင်တာပါ)

တချို့သော နိုင်ငံတွေမှာ အလုပ်ကြမ်းလုပ်ရတဲ့သူတွေ ဆို အရမ်းသနားဖို့ ကောင်းပါတယ်
လုံခြုံ မှု့ မရှိ  ..ကာကွယ်မှု့ မရှိတဲ့ နေရာတခုမှာ  သိမ်ငယ်စွာနဲ့  ရပ်တည်နေရတာပါ..
သမာအာဇီဝ  ကျကျ ပိုက်ဆံရှာနေတယ်ဆိုပေမဲ့... သူများနိုင်ငံမှာ သိမ်ငယ်ရတဲ့ ဘဝ...
သိပ် ကိုဆိုးဝါးလှပါတယ်... ဘဝတိုင်းကတော့  ပန်းခင်းလမ်း မဟုတ်တာ အသေအချာ ပေါ့ရှင်..

ကျမတို့ ငယ်ငယ်ကဆို နယ်က လူငယ်လေးတွေက မြို့တက်ပြီး အလုပ် လုပ်ကြတယ်..
အခုခေတ်မှာတော့ နယ်စပ်ကတဆင့် တဘက်နိုင်ငံကို သွားကြတာများပါတယ်..
အဆင်ပြေ သွားကြတဲ့ သူတွေလည်း ရှိသလို ဘဝ ပျက်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ
အကောင်းအဆိုး ဆိုတာ အမြဲဒွန်တွဲ နေတတ်ပါတယ်..
ကောင်းတာကို ခံနိုင်ရည်ရှိရပါမယ်..သာယာပြီး ပျက်စီးသွားတာမျိုး မဖြစ်သင့်သလို
ဆိုးတာကိုလည်း ခံစားရဲရပါမယ်.. ဒူးထောက်အလျော့ပေး လိုက်တာမျိုး မဖြစ်စေချင်ပါဘူး...

ကိုယ်တကယ် နိုင်ငံခြားထွက်ပိုက်ဆံ ရှာတော့မယ်ဆိုရင်
ကိုယ့်ဘာသာကိုယ် အရင်ဦးဆုံး ပြန်မေးပါ

 ပညာနဲ့ ပိုက်ဆံရှာဖို့ သွားမှာလား..
ပညာရပ်တခုခုကို တကယ်ကျွမ်းကျွမ်းကျင်ကျင်ရှိရဲ့လား  ၊၊၊

ကာယ လုပ်အားနဲ့ ပိုက်ဆံ ရှာဖို့ သွားမှာလား..
ဘယ်လောက်ဘဲ ပင်ပန်းတဲ့ အလုပ်ဖြစ်ပစေ လုပ်နိုင်ရဲ့လား ။။

ဘယ်လောက် မျှော်မှန်းထားတာလည်း..

တလကို လခ ဒေါ်လာ တထောင်လောက် ရချင်တာမျိုးပေါ့..။။
အဲလို လခမျိုးမရခဲ့ရင်...အဲဒီလိုအလုပ် မျိုးမရခဲ့ရင် .. ဘယ်လိုအနေအထားနဲ့ ဆက်လုပ်မလည်း စဉ်းစားသွားပါ.
မျှော်လင့်ထားသလို ဖြစ်လာတယ်ဆိုတာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း နည်းပါတယ် ။။

ဘယ်အရာမဆို  ရင်နိုင်ဖို့ အသင့်ဖြစ်နေပြီလား ...
ဘယ်လို အခက်ခဲရှိနေပါစေ.. ဘယ်လိုဘဲ သိမ်ငယ်နေပါစေ .. မရ ရအောင် လုပ်မယ်
ဆိုတာမျိုး ပေါ့ .. အဲလို ခံနိုင်ရည်တွေ တကယ်ပြည့်စုံရဲ့လား..ဆိုတာပါ..။။။

လုံးဝကိုသေချာပြီဆိုမှ နိုင်ငံခြားဆိုတဲ့ ခရီးစဉ်ကို အကောင်အထည်ဖော်ပါ...

နိုင်ငံခြားသွားတော့မဲ့သူတိုင်းကိုလည်း မိဘ မောင်နှမ တွေက မှာလိုက်တတ်ပါတယ်
ကျန်းမာရေး ဂရုစိုက်ပါ
ဘုရားတရားမမေ့နဲ့
အပေါင်းအသင်းဆင်ခြင် ..
ကိုယ်ကသူများနိုင်ငံသွားရတာ ပြသနာ မတက်စေနဲ့
ပိုက်ဆံစုပါ...
ဒီလိုစကားမျိုးတွေတော့ မှာကြမှာပါ..

ကျမကနဲနဲ ဖြည့်စွက်ချင်ပါတယ်..
အရာတိုင်း သည်းမခံပါနဲ့  လို့ ပြောချင်တယ်..
သည်းခံလွန်းရင်အနိုင်ကျင့်ခံရတတ်တယ်..အနှိမ်ခံရတတ်တယ်...
သူတပါးကို ကိုယ်ကစပြီး အနိုင်မကျင့်ပါနဲ့  မျှမျှ တတ ဆက်ဆံပေးပါ
ကိုယ့်ကို လာအနိုင်ကျင့်တာမျိုးဆိုရင် လည်း သတ္တိ ရှိရှိ ရင်ဆိုင်လိုက်ပါ
နောက်တခါ လာပြီးအနိုင် မကျင့်ရဲတော့ ပါဘူး..
လူဆိုတာက  သည်းခံမှန်း သိရင် ပိုပြီး အနိုင်ယူချင်တတ်ကြလို့ပါ  ..။။

ကြုံတွေ့လာမဲ့  အခက်ခဲတွေအားလုံးကို ကျော်ဖြတ်အနိုင်ယူနိုင်ပါစေ ....  .. လို့   ...။။။

ပစ်ပစ်
Pm 10:53
28.2.2014

( မြန်မာ မိန်းကလေးတွေ နိုင်ငံခြားကို အိမ်ဖော် အလုပ်နဲ့ သွားတယ်လို့
ကြားရတော့  ရင်ထဲ စူးတချောင်းဝင်သွားသလိုပါဘဲ..ဒါပေမဲ့လည်း
သက်ပြင်းချရုံ မှ တပါး.... ..... ....)

photo credit to google ..





04 February 2014

တန်ဖိုးနဲ့ တိုင်းတာမှု့

Posted by blackroze at Tuesday, February 04, 2014 3 comments
မိန်းကလေးတွေ အသက်ကြီးလာရင် လူတွေက ပြောကြတယ်..အိုလာပြီပေါ့..
နေရာမပေးချင်ကြတော့ဘူး..အလုပ်လျှောက်တာက အစ အသက်ကန့်သတ်ထားတယ်..
အသက် 25 နှစ်အောက် ဆိုတာမျိုးပေါ့..အဲလိုတွေ တွေ့ရ တိုင်း ကျမ စိတ်ထဲ စပ်ဖျင်းဖျင်းဖြစ်မိတယ် ..
ကျမကိုယ်တိုင်က  အသက် 25 ကျော်နေတဲ့ အစိတ်အပိုင်း ဖြစ်နေတာလည်း ပါမှာပေါ့လေ...
ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ကြပါ...
လူတယောက် တန်ဘိုးကို သတ်မှတ်တဲ့နေရာ မှာအသက်အရွယ်  တစ်ခုကဘဲ  အရေး ကြီးသလား..
အရည်အချင်းဆိုတာကိုရော မထည့်တွက်ကြတော့ဘူးလား ...

အသက်18နှစ်မိန်းကလေး ကတော့ ဥပမာပေးရင်တော့ ..
အသစ်ဖွင့်ထားတဲ့ shopping mall လိုပေါ့ ..
လှပတယ်..သစ်လွင်တယ်.. ဆန်းသစ်တယ်.. လိုချင်တဲ့ ပစ္စည်းမှန်သမျှ ရနိုင်တယ်..
အရောင်အသွေး စုံစုံ လင်လင် နဲ့ တပ် မက်ချင်စရာ ကောင်းတယ်...
...
ဒါဆို အသက် 30 ကျော်လာတဲ့မိန်းမ တယောက်ကရော...
.... ....

တန်ဖိုး မရှိတော့ဘူးလား..  မသစ်လွင်တော့ဘူးလား ... တပ်မက်ချင်စရာ မကောင်းတော့ဘူးလား..
မေးစရာဖြစ်လာပါပြီ..

ကျမ အမြင်မှာတော့ မိန်းမ တယောက်ရဲ့  တန်ဖိုးဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး
သူရဲ့  ပင်ကိုယ်အရည်ချင်း စိတ်ဓါတ်နဲ့ ဘဲ ဆိုင်ပါတယ်..  ဥပမာတခုပြောရရင်
အိမ်တလုံးလိုပါဘဲ ..ဆောက်ကာစမှ တော့  သစ်လွင်လှပ မှု့  ရှိမှာပါ..
ဒါပေမဲ့အချိန် အတိုင်း အတာတခုမှာတော့  ဆောက်ကာစ လိုတော့ မလှပ နိုင်တော့ပါဘူး
ဒါက ဓမ္မတာပါဘဲ..
နုနယ်ပျို မြစ်မှု့ တွေဟာ အိုမင်းရင့်ရော်မှု့ တွေနဲ့ အဆုံးသတ်ကြတာပါဘဲ..

မိန်းကလေးတွေလည်း အဲလိုပါဘဲ  ငယ်ရွယ်စဉ်မှာတော့ နုပျိုမှု့ တွေနဲ့ လန်းဆန်းနေကြမှာပါ..
အသက်18 နှစ်မိန်းကလေးနဲ့ အသက် 30 မိန်းကလေး  ယှဉ်ကြည့်ရင် နုပျိုမှု့  မှာ 18 နှစ်က 
သာပါလိမ့်မယ်...ဒါဆိုရင် 18  နှစ်မှသာ လူရာဝင်တာလား  ..မှားပါတယ်..
အသက်30  မိန်းကလေးမှာ ရှိနေတဲ့ ရင့်ကျက်မှု့  လူ့ဘဝအတွေ့ ကြုံ  ..အတွေးအခေါ်... 
ဒါတွေဟာ 18နှစ်အရွယ် မိန်းကလေး မှာ မရှိနိုင်ပါဘူး... 
ငယ်ရွယ် နူပျိုမှု့ကို သဘောကျ နှစ်သက်ကြသလို
ရင့်ကျက်တည်ငြိမ် မှု့ ကိုလည်း အလေးထားသင့်ပါတယ်...

ငယ်ရွယ်တဲ့မိန်းကလေး မှ ထက်မြက်တာမျိုး မဟုတ်ပါဘူး.. လုပ်ရည်လုပ်ကိုင်ရှိတာမျိုး
မဟုတ်ပါဘူး..  ပင်ကိုယ်အရည်ချင်း ရှိတဲ့မိန်းကလေးတယောက်ဟာ အသက် 30 ..40  ဖြစ်နေပါစေ
သူ့ရဲ့  အရည်အချင်းတွေက  သူ့ရဲ့  အသက်အရွယ်ကြောင့် မကျဆုံး သွားနိုင်ပါဘူး....
သူဖြတ်သန်းလာတဲ့ အတွေ့ အကြုံ တွေကြောင့် သူဟာ ပိုပြီး ရင့်ကျက် တန်ဖိုးရှိလာတာပါ..
တချို့သော ဖြတ်သန်းမှု့  အတွေ့ အကြုံ ..ခံစားချက်တွေ ဟာ..ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ပြီး
ဝယ်ယူလို့ မရနိုင်ပါဘူး.. ကိုယ်တိုင်စီးမျော ဖြတ်သန်းပြီး မှ ရရှိလာတာတွေပါ ..



ဒါပေမဲ့ တချို့ သော သူတွေက အသက်အရွယ်နဲ့ တိုင်းပြီး တန်ဖိုးဖြတ်တတ်ကြတယ်..
တချို့ သောနေရာတွေမှာ အသက်အရွယ်နဲ့ တိုင်း ပြီးတန်ဖိုးဖြတ်တတ်ကြတယ်...

မိန်းမတယောက်ဟာ အသက် 30 လို့ဆိုလိုက်တာနဲ့  အသက်ကြီးနေတဲ့ အသုံးမဝင်တော့တဲ့
ဘာမှဆွဲဆောင်မှု့ မရှိတော့တဲ့ ..သူတယောက် လို သတ်မှတ်လိုက်ကြတယ်..
အဲဒါ ကို မှားယွင်းတယ်လို့ ခံစားမိပါတယ်....   




 ကျမတို့ရဲ့   ရှေးဟောင်းမြို့တော် ပုဂံ ဆိုရင် နှစ်ပေါင်းရာချီ ထောင်ချီ နေပါပြီ

ဒါပေမဲ့ ခုချိန်တိုင်အောင်  ပုဂံဆိုတာ နဲ့  စိတ်ဝင်စားစရာ ..လေ့လာစရာတွေနဲ့  
ဆွဲဆောင်နေဆဲပါဘဲ.. ပုဂံ ဆိုတာနဲ့ လူတိုင်း စိတ်လှုပ်ရှား လာစမြဲပါဘဲ.. 
တကမ္ဘာ လုံးကို ဆွဲဆောင် ထားနိုင်ဆဲပါဘဲ.. 
 ဟောင်းနွမ်းမှု့  အတိတ် သမိုင်းတွေ နဲ့ ပုဂံ ဟာ စိတ်ဝင်စားစရာ ကောင်းနေဆဲပါ.. 
ဒါကြောင့် နုပျို သစ်လွင်နေမှ စွဲဆောင် မှု့ ရှိတာမဟုတ်ပါဘူး...
ရင့်ကျက် ဟောင်းနွမ်းမှု့ တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိနေတတ်ပါတယ်...
... ....

shopping mall ထဲမှာ  အရောင်အသွေး စုံစုံလင်လင် နဲ့  သစ်လွင်တောက်ပ မှု့တွေကို
ရင်ခုန်ခံစားနိုင်သလိုပါဘဲ..
ပုဂံ ရဲ့  တန်ဖိုးမဖြတ် နိုင်တဲ့ အလှတရားတွေ  ..
နေဝင်ချိန် ညနေခင်းလေးတွေ ဟာလည်း  ခံစားချက်အမျိုးမျိုးကို တိတ်တဆိတ်ပေး
နိုင်စွမ်းရှိပါတယ်လေ...

တချို့ သော အလုပ်ကြေငြာတွေမှာ အသက်25 အောက် ရုပ်ရည် ချောမောပြေပြစ်ရမယ်..
ဆိုတာ တွေ့ တိုင်း ကျမပြုံး မိတယ်.. အလုပ် တိုင်းကတော့ ရုပ်ရည် အသင့်တင့် ရှိသူမျိုး
စကားပြောကောင်းသူ မျိုး ကိုဦးစားပေးခန့်တတ်ကြပါတယ်...ဒါကလည်း  ဆက်သွယ်ရေး
ပိုင်းဆိုင်ရာ..customer တွေနဲ့ ဆက်ဆံတဲ့နေရာ မှာ အဆင်ပြေ အောင်လို့  ပါ
လူမြင်ကွင်းရှေ့ လှလှ ပပ လေး ဆို ပိုကောင်းတာပေါ့..အဲဒီသဘောနဲ့ ရုပ်ရည်ပြေပြစ်ရမယ်
စကားပြောကောင်းရမည်ဆိုတဲ့သတ်မှတ်ချက် တခု ပေါ်လာတာပါ...
ဒါပေမဲ့ အသက် 25  နှစ်အောက် ဆိုတဲ့  သတ်မှတ် ချက်ကို ကျမ မြင်တိုင်း ပြုံးမိနေဆဲပါ...


မိန်းကလေးတယောက်ရဲ့ တန်ဖိုးကို နုပျိုမှု့  အသက်ရွယ်တစ်ခုထဲ နဲ့  မတိုင်းတာဘဲ
ပင်ကိုယ်အရည်ချင်း..အတွေ့ အကြုံ ...ထက်မြက်မှု့ တွေနဲ့  လည်း တိုင်းတာနိုင်ကြပါစေလို့
ဆန္ဒပြု လိုက်ပါရစေ....

ပစ်ပစ်
Pm  9:30
4.2.2014

20 January 2014

မိန်းကလေးနဲ့ အလှတရား

Posted by blackroze at Monday, January 20, 2014 6 comments
ကျမ ဆယ်ကျော်သက်အရွယ်တုန်းက  စာရေးဆရာမကြီး  ခင်နှင်းယု ရဲ့  ဝတ္ထု ထဲမှာ
ရေးထားတာလေး  ဖတ်ဖူးတယ်..
မိန်းကလေးတွေဟာ..  ကိုယ့်ချစ်သူကို မပိုင်ဆိုင်ရသေးခင်မှာ အရမ်းစိတ်ပူတတ်ကြတယ်တဲ့
ပိုင်ဆိုင်ခွင့်မရတော့မှာ ကိုပေါ့
ဒါပေမဲ့ အဲဒီအယူအဆ က မှားတယ်တဲ့   ...တကယ်တမ်း ပိုင်ဆိုင်ပြီးကာမှ စိတ်ပူပင်ရ
သောကများရတာတွေက  စတင်လာတာတဲ့..

အဲဒီတုန်းကတော့  ဘာရယ်မဟုတ်ဘူး...စာဖတ်လိုက်တယ်..ပြီး သွားတယ်..  ပြီးတော့လည်း
မေ့မေ့ ပျောက်ပျောက် နဲ့  နေလာလိုက်တာ...အခုဆို နှစ်ဆယ်တောင် ကျော်လာလို့
သုံးဆယ်တောင်  ဖြစ်လာပြီ...

ဘဝဆိုတာကိုလည်း တကယ်တမ်း ရင်ဆိုင်ဖြတ်သန်းနေရ ပြီ
ကိုယ်ဖြတ်သန်းခဲ့ ရတဲ့ အနေအထားတွေ  ကာလအပိုင်းအခြားတွေ
မြင်တွေ့ ခဲ့ရတာတွေ ကို ပြန်စဉ်းစားမိတဲ့
အခါမှာ  ဆရာမကြီးရဲ့  စာတွေကိုသတိရလာတယ်..အဲဒီထဲကမှာ  ကျမ အစောကရေးထားတဲ့
စာကြောင်းလေး  ခေါင်းထဲချက်ချင်းရောက်လာတယ်..
ချစ်သူ သို့ မဟုတ်  ခင်ပွန်းကို ပူပင်ရတဲ့ စိတ်ဒုက္ခ ...
အဲဒီဝေဒနာ ကတော်တော်ဆိုးတယ်...
အခုခေတ်က ပွင့်လင်းမြင်သာတဲ့ ခေတ် ဆိုတော့  ရည်စားမထားဖူးတဲ့သူတော့ ရှိမယ်မထင်ပါဘူး..
အချစ်ကိုတော့ ထိတွေ့ ဖူးကြ မှာပါ...

ကျမပြောချင်တာကတော့ မိန်းကလေး ဘက်က အတွေး တခုပေါ့လေ...
ယောက်ကျားလေး တွေက လှတာကို နှစ်သက်ကြတယ်..
ကိုယ့်ရည်းစား က ချောနေ လှနေတာကို  လိုချင်ကြတယ်..
အဲဒီနေရာမှာ တချို့သော မိန်းကလေးများက ဆုတောင်းကောင်းလို့  နဂိုရည်  လှပြီးသားလေး
တွေက က ပြသနာမရှိပေမဲ့ ..သာမန်ရုပ်ရည်မိန်းကလေးမျိုးတွေကျတော့
ကိုယ့်ရည်စားက ကိုယ့်ထက်လှတဲ့သူ ကိုချစ်သွား မှာတို့
ကိုယ့်ထက်ပိုလှသူနောက် ပါသွားမှာတို့ ကိုစိတ်ပူလာရရော..
လမ်းသွားရင်တောင် ကိုယ်ထက်ပိုလှတဲ့  ပိုစတိုင်ကျတဲ့  မိန်းကလေးတွေကို တွေ့မိရင်
စိတ်ထဲအားငယ်မိတာမျိုး တွေဖြစ်လာတတ်တယ်..
ဒီကြားထဲ ဘေးနားက ပါလာတဲ့ သကောင့်သားက မသိမသာ လှမ်းငမ်းနေတာမျိုးပါ
တွေ့လိုက်ရရင်  မိန်းကလေးခမျာ ရင်ကွဲ ရော ..
အဲလိုခံစားချက်တွေလည်း  ခံစားဖူးတဲ့ မိန်းကလေးတွေ လည်းရှိကြမှာပါ...

ကျမဆိုလိုချင်တာက   ချစ်သူဘဝမှာဘဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘဝ မှာဘဲ ဖြစ်ဖြစ်
ကိုယ့်ဘာသာကို လှအောင်နေပါ...မင်းသမီးတွေ မော်ဒယ်တွေလို လှနေမှ  လို့မဆိုလိုပါဘူး..
ကိုယ့်ကို ကိုယ်မြင်အောင်ကြည့်ပါ..ငါဘယ်နေရာက ဆွဲဆောင်မှု့  ရှိတယ်...ငါက ဘယ်လိုအမူယာ
မျိုးလေး နဲ့ ပြောရင် ကြည့်လို့ကောင်းသလည်း.. ဘယ်လိုအနေအထားလေးနဲ့ဆို ပိုလှသလည်း
ကိုယ့်အလှကို ကိုယ့်ဘာကို အရင် ရှာကြည့်ပါ...

မိန်းကလေးတယောက်က ပြီးပြည့်စုံနေတဲ့
အလှဆိုတာတော့ မရှိကြပါဘူး..လိုတဲ့နေရာ ဖြည့် ပြီး ပြင်ဆင်ကြရတာပါဘဲ...
ဒါက မိန်းကလေးတိုင်းပါဘဲ... ကိုယ် က ဘယ်လိုဆံပင် ပုံစံနဲ့ လှတယ်..ဆံပင်ကိုဘယ်လိုလေး
လုပ်ထားရင်  လူတွေက ပိုသတိထား မိတတ်ကြလည်း ..ဘယ်လိုအကျီဝတ်တဲ့နေ့ ဆိုရင်
လမ်းသွားတဲ့အချိန်  လူတွေက ကြည့်လည်း..အဲတာမျိုးလေးတွေ ကိုမြင်အောင်ကြည့်ပါ..
ကိုယ့်အလှကို လူတွေက ခံစားကြတာ..ကိုယ်ဘယ်လိုပုံစံ ဘယ်လိုစတိုင်လေး ဆိုရင်
ပိုစိတ်ဝင်စားကြလည်း.. အဲလိုအချက်လေးတွေကို မြင်တတ်အောင်ကြိုးစားပါ...

တချို့သောမိန်းကလေးတွေက မိန်းမဆန်ဆန်  အကျီမျိုး ပုံစံမျိုးနဲ့  လိုက်တယ်..
နူးနူးညံညံ  ပုံစံမျိုးပေါ့လေ...
တချို့ သော မိန်းကလေးတွေက ခပ်ထက်ထက်ပုံစံမျိုး
အဲလိုမိန်းကလေးကျတော့ မိန်းမသိပ်ဆန်လွန်းတဲ့ ပုံစံမျိုးနဲ့ မလိုက်ဖက်ဘူး..
ရှပ်အကျီ ကြီးဘဲတချိန်လုံးဝတ်နေရင်လည်း ယောက်ကရှာလို ပုံစံထွက်သွားလိမ့်မယ်..
အဲဒီတော့ကိုယ်နဲ့  လိုက်ဖတ်တဲ့  ဝတ်စားဆင်ယင်မှု့မျိုးပို  ရွေးချယ်တတ်အောင်ကြိုးစားပါ
မိန်းကလေးတယောက်ရဲ့  ဆွဲဆောင်မှု့ ဆိုတာ ရုပ်လေးတခုထဲနဲ့ မဆိုင်ပါဘူး..
အမူယာ ဝတ်စားဆင်ယင်ပုံ  အပြောအဆို နဲ့လည်း အများကြီးဆိုင်ပါတယ်..

ခါးသေးရင်ချီ ဗိုက်ချပ်ချပ်လေး မဖြစ်နေရင်တောင်မှ   မြင်လိုက်ရင် မျက်စိထဲ
တန်းခနဲ ဝင်လာတဲ့ အလှမျိုးလေးတော့ ဖန်တီးနိုင်ရမယ်...
ကိုယ်က ဗိုက်ချပ်ချပ်လေးဆိုရင်  ဘာဘဲဝတ်ဝတ် အဆင်ပြေနေပေမဲ့ ဗိုက်သားလေး အနည်းငယ်
ပူတယ်ဆိုရင်..ဗိုက်နေရာကို စည်းကျပ်နေတာမျိုးတွေ ဝတ်တာကို ဆင်ခြင်သင့်တယ်..
တန်ဖိုးကြီးတာတွေ နာမည်ကြီးတံဆိပ်တွေဝတ်မှ  အလှအပတရားပေါ်လွင်တာ မဟုတ်ပါဘူး
ကိုယ့်ရဲ့  အလှကို ကိုယ့်ဘာသာ ပေါ်လွင်အောင် လုပ်တတ်ဖို့သာ အဓိကပါ...


စကားပြောတဲ့ အခါမှာဆိုလည်း  ဘယ်လိုလေယူလေသိမ်းလေးက ဆွဲဆောင် မှု့  ရှိလည်း
ချွဲနွဲ့  ပြီး ပလီပလာပြောတတ်ရမယ်လို့  မဆိုလိုဘူးနော်...စကားကို သူတပါးနားဝင်အောင်
ပြောနိုင်တာလည်း ပညာတမျိုးဘဲ..

 မိန်းကလေးတွေက  အိမ်ထောင်မကျခင် အပျိုဘဝမှာတော့  ဘယ်သူမဆို လှပ အောင်
ပြင်ဆင်ကြတယ်... လှချင်တဲ့စိတ်ထားလေး ပိုရှိတယ်ပေါ့
အိမ်ထောင်သည်ဘဝ ရောက်သွားတဲ့ အခါမှာ ..တချို့သော မိန်းကလေး တွေက လွဲရင်
အများစုက အိမ်ထောင်တာဝန်  သားသမီးတာဝန် ..ခင်ပွန်းသည်တာဝန်တွေနဲ့
ကိုယ့်ဘာကိုယ် လှပ ဖို့ထက် ကျန်တဲ့ အရာတွေကို ဦးစားပေးသွားတတ်ကြတယ်..
ကျမ အမြင်တော့  အဲတာဟာ မှားယွင်းပါတယ်..

 အိမ်ထောင်ကျပြီးလည်း  တချိန်လုံးအလှပြင်
နေရမယ် မဆိုလိုပါဘူး...ဒါပေမဲ့ အလှတရားဆိုတာကိုလည်း ဂရုစိုက်သင့်တယ်လို့
ထင်ပါတယ်... ယောက်ကျားဆိုတာမျိုးက  ကိုယ့်အိမ်သူ သက်ထားကို သပ်ရပ်လှပ နေတာ
မျိုး  အမြဲတမ်းတွေ့  မြင်နေချင်ကြတဲ့သူမျိုးပါ.... ( ဖတ်မိသမျှသောစာအုပ်များမှ တွေ့ရှိချက်အရ )
ဒါကြောင့် အိမ်မှု့ကိစ္စတခုထဲကျေပွန် နေရုံနဲ့  မရတော့ပါဘူး..
ပြောရရင်တော့ မနက်မိုးလင်း မနက်စာအဆင်သင့်  ရုံးသွားဖို့ ထမင်းဘူးအဆင်သင့်
ကလေးတွေရေချိုးသနပ်ခါးလိမ်းပေးပြီး  ကျောင်းသွားဖို့ အဆင်သင့်  ပြင်ဆင်ထားပေးနိုင်ပေမဲ့
အိမ်ရှင် မ ကိုယ်တိုင်ကတော့   မျက်နှာပြောင် အဆီတဝင်းဝင်း  ဆံပင်ဖွာလန်နဲ့
ဘိုသီဘတ်သီ  ပုံစံဆိုရင်  အိမ်ရှင်ထီးက အနားကပ်ချင်တော့မယ်မထင်ပါဘူး..
ဒါဟာလည်း ယောက်ကျားတွေရဲ့  အတ္တ တရားတခုပါဘဲ
(ဖတ်မိသမျှသော စာအုပ်များမှ တွေ့ ရှိချက်အရ ပြောခြင်းဖြစ်ပါသည်)

အဲလိုမျိုးတွေးမိပြန်တော့  ဆရာမကြီး ခင်နှင်းယုရဲ့  စာအုပ်ထဲက အိမ်ထောင်ကျပြီးကာမှ
ပူပန်ရတဲ့ ဒုက္ခ ကပိုပါတယ်ဆိုတာ အရမ်းကို မှန်ပါတယ်...
မယူခင်တုန်းကတော့ သူလည်းရွေးချယ်ခွင့် တခုရှိသလို ကိုယ်လည်း ရွေးချယ်ခွင့် တခုရှိပါတယ်..
ယူပြီးသွားတဲ့အခါမတော့  ကိုယ့်မှာ ရွေူးချယ်ခွင့်ဆိုတာ လုံးဝမရှိတော့ပါဘူး
ဒါပေမဲ့  သူကတော့  အိမ်က မိန်းမ စိတ်ကုန်လိုက်တာကွာ ဆိုပြီး  တိတ်တိတ်ပုန်း
နောက်ထပ်ရွေးချယ်မှု့  တွေ    ရှိကောင်းရှိလာနိုင်ပါတယ်...

ဒါကလည်းလောကကြီးထဲမှာ တော်တော်များများ ဖြစ်နေတတ်တာမျိုးပါ
ဒီတော့ မိန်းကလေးတိုင်း  အလှတရားကို  ဂရုစိုက်သင့်ပါတယ်...
ဘယ်အရာမဆို သူ 50 ကိုယ် 50  ဘဲသတ်မှတ်ထားသင့်ပါတယ်..
လှပတဲ့ မိန်းမတယောက်  ထက်မြက်တဲ့ မိန်းမတယောက်  ဟာ ဘယ်နေရာမဆို ပွဲလည်တင့်ပါတယ်
မိန်းကလေးတိုင်း ပျိုတယ် အိုတယ်ဆိုတဲ့  ကန့်သတ်ချက်မထားဘဲ  အလှတရားကို  ရှာဖွေဆင်ယင်တတ်ကြပါစေလို့   ဆန္ဒပြု  ချင်ပါတယ်...


ပစ်ပစ်
Am 3:36
20.1.2014


( ကျမက ရုပ်ဆိုးတဲ့ သူဆိုတော့ မိန်းကလေးတိုင်းကို လှစေချင်တဲ့ စိတ်ကလေးနဲ့ ရေးထားတာပါ )

05 January 2014

နက်ကျော်ရဲ့ feeling

Posted by blackroze at Sunday, January 05, 2014 4 comments



ကျုပ်နာမည်က နက်ကျော်ဗျ...   အဲဒီနာမည်
ဘယ်သူကပေးလိုက်တယ်ဆိုတာတော့ ကျုပ်လည်းမသိပါဘူး...
ဒီလိုဘဲနက်ကျော်လို့   ခေါ် ကြတော့လည်း   နက်ကျော်ဘဲပေါ့...

အစပိုင်းတော့ ကျုပ်သခင်လို့  ပြောရမှာပေါ့  ..  ရှိတယ်ပေါ့ ဗျာ..
နောက်တော့လည်း  ဝန်ထမ်း ဆိုတော့  အပြောင်းအရွှေ့  တွေပါသွားတော့
ကျုပ်တကောင်ထဲ   ကျန်ခဲ့တယ်....

အခုတော့ခင်တွယ်စရာလူလည်း  သိပ်မရှိလှပါဘူးလေ...
ကျုပ်ခင်တွယ်မိတဲ့ သခင်အသစ်ကလည်း   ကျုပ်က သာသံယောဇဉ်ထားနေရတာ..
ကျုပ်ကို ခင်တွယ်လှတယ်လို့  မထင်ပါဘူး...

ခါတိုင်းညဘက်  တွေ  တံခါးလေးသွားသွားတွန်း ရင်   ဖွင့်ပြီးကျုပ်ကို ပေးဝင်တယ်ဗျ
ကျုပ်လည်းအခန်းထဲဝင် အိပ်တာပေါ့  .......
နောက်တော့  သူ့ရည်စား ဆိုတဲ့   မိန်းမ က မကြိုက်ဘူးတဲ့ဗျာ...
အခန်းထဲ ခွေးပေးဝင်စရာလား..  အဲဒီခွေးက ခုတင်ပေါ် တက်အိပ် ရင်ဘယ်လိုလုပ်မလည်း.. ..
ညစ်တီးညစ်ပတ်နဲ့   နောက်ခါပေးမဝင်နဲ့   ဆိုပြီး  အမိန့် တွေ ပေးတော့တာဘဲ ဗျာ ....

ညည သူတို့  ဖုန်းပြောနေတဲ့  အချိန် ကျုပ်က တံခါးလေး သွားသွားတွန်းရင်
တော်ရုံ ဆို လာမဖွင့် တော့ ဘူးဗျာ...စဉ်းစားကြည့်ပါဦး...
ကျုပ်ဆိုတဲ့ကောင် ကလည်း  လွယ်လွယ်နဲ့  လက်လျော့တတ်  တဲ့ ကောင်မှ  မဟုတ်တာ..
မဖွင့်မချင်း  ကို တွန်းတာပေါ့ ..နောက်တော့ လည်းကျုပ်သခင်က  စိတ်ထားနူးညံတဲ့သူ
ဆိုတော့  လာဖွင့်ပေးရှာပါတယ်..

အဲလိုတံခါးလေးလာဖွင့်တာကို သူ့ရည်းစား  ဆိုတာလေး က သိလည်းသိရော...
ဘာလို့ ခွေးကို ပေးဝင်ရတာလည်း  ဆိုပြီး ပြသနာရှာပါလေရော  ဗျာ .......
ကျုပ်သခင်လည်း  စိတ်ညစ် ရှာတယ် ထင်ပါရဲ့  .....

သူတို့  နှစ်ယောက်ဖုန်းပြောရင်းနဲ့ ဆူညံဆူညံ  ရန်ဖြစ်နေကြတာ အကြာ ကြီးဘဲ..
ကျုပ် လည်းစိတ်မကောင်းတော့ ဖြစ်မိတာပေါ့....

နောက်တနေ့   ကျုပ်သခင်က  ကျုပ်ကို   အပြင်ဘက်က  ကော်ရစ်တာ  ဒေါင့်လေးမှာ
ဂုန်နီ အိတ် အဟောင်းလေးနဲ့  ပုဆိုးအဟောင်းလေးတထည် ခင်းပေးတယ်..
သဘောကတော့  အဲနေရာမှာအိပ်ဆိုတဲ့  သဘောပေါ့လေ...

ကျုပ်လည်းတော်တော် စိတ်မကောင်းဖြစ်သွားမိတယ်  ဗျာ...တကယ်ပါဘဲ..
ကျုပ်ကိုအဲလောက်တောင်  လက်မခံနိုင်ဘူးလား....
နောက်တော့ ကျုပ်သခင်က ခပ်တည်တည်ဘဲ   အခန်းတံခါးပိတ်သွားေ၇ာ
ကျုပ်လေ  ရင်နာလိုက်တာ...တံခါးလေး သွားတွန်းတော့လည်း  လုံးဝလာမဖွင့်ဘူး...
သဘောကတော့ လုံးဝလစ်လျူ ရှု့  လိုက်တဲ့  သဘောပေါ့ ...

ကျုပ်ဆို သူ့ကို ခင်တွယ်   လိုက်ရတာဗျာ ...
သူအိပ်ရာနိုး မနက်စာသွားစားလည်း  ကျုပ် လိုက်တယ်..
သူကျွေးတဲ့  မုန့်  လိုက် စားတယ်..
သူရုံးသွားလည်း လိုက်သွားတယ်...
သူထမင်းစားသွား လည်းလိုက်သွားတာဘဲ...
ညဘက်ပြန်အိပ်တာတောင်...  သူတို့အိပ်တဲ့  အဆောင်မှာ  လိုက်အိပ်တာ  ...

အခုတော့  သူ့ရည်းစား  စကားတခွန်းနဲ့  တင် ကျုပ်ကို အခန်းထဲ  လုံးဝ ပေးမဝင်တော့ဘူးလေ...

အခုတော့  ကျုပ်သိပ်စိတ်နာသွား ပြီ....
ကျုပ်ခင်တွယ်ရတဲ့  သံယောဇဉ်တွေကို သူ့ရည်းစားရဲ့
""   ကိုနော်..  ..  နောက်ခါ အဲ ဒီနက်ကျော်ကို အခန်းထဲ  ပေးမဝင် နဲ့   ""  ဆိုတဲ့  စကား
လုံးတွေ နဲ့ တင်  ဖြတ်ပလိုက်တာဗျ...

ကျုပ်လေ  စိတ်နာလွန်းလို့  အဲအဆောင်ကို လည်း မသွားတော့ ဘူး..
ညဘက်လည်း  အဆင်ပြေသလို  တော်ရာ နေရာမှာ ဘဲ အိပ်တော့တယ်...
ထမင်းဆိုင်မှာ  တွေ့  ရင်တောင်  ကျုပ်မနှုတ်ဆက် တော့ဘူးဗျ...
လမ်းတွေ့ရင် လည်း  နှုတ်မဆက်ဘဲ  နေပလိုက်တယ်  ...
အဲတာဘဲကောင်းတယ်.. ဂျင်းစိမ်းနဲ့မိသလင်  သူကြင်မှ ကိုယ်ကြင်ဘဲ...
နက်ကျော် တို့က  ဟင်  ဆိုရင်  လုံးဝလှည့်မကြည့် ဘူး..

ဒါတောင် ဗျားးးး   သူ့ရည်းစားက  နက်ကျော်ကို ဓါတ်ပုံ ရိုက်ခဲ့ပေး  ဆိုတာနဲ့

ကျုပ်သခင်လေ  ..ကျုပ်ကို  မတွေ့  တွေ့  အောင်ပတ်ရှာပြီး ဓါတ်ပုံ  လိုက်ရိုက်တာ..
ကျုပ်လည်း အသည်းနာ လွန်းလို့  လုံးဝ ကို ဓါတ်ပုံ အရိုက်မခံဘူး ..
ပတ်ရှောင်တာပေါ့ ..
သူ့ မြင်တာနဲ့  ထွက်ပြေးတာပေါ့  ဘယ်ရမလည်း..ဟင်းဟင်းး
ကျုပ် ချောင်ကြို  ချောင်ကြား တိုးပြေးလိုက်ရင်  သူမလိုက်နိုင်တော့ဘူးလေ...

ဒါပေမဲ့လည်း  သံယောဇဉ်ဆိုတာကလည်း  ဖြတ်ရခက်သား  ဆိုတော့
ထမင်းဆိုင်မှာ  မျက်နှာချင်းဆိုင်  ဆုံတော့လည်း  ဓါတ်ပုံ အရိုက်ခံလိုက်ပါတယ်လေ..
နို့  မို့   ဆို  မမလေးက စိတ်ကောက်တော် မူရင်  ကျုပ်သခင်ဘဲ  စိတ်ညစ်ရမှာလေ...

အဲတာမို့  ပြောတာပေါ့..ခင်ဗျားတို့   လူတွေအချစ်ကို  ကျုပ်တော့နားမလည်ပါဘူး...
ကျုပ်လည်း  ထမင်းဆိုင်က ဖြူ မ ကို ချစ်တာပါဘဲ..
ဒါပေမဲ့   အခုလောက်တော့ အလိုမလိုက်ပါဘူး...
အင်းပေါ့လေ  ..ဘယ်တူမလည်း ...
နားလည်ပေးရမှာပေါ့...
ကျုပ်သခင်ကလည်း သိပါတယ်..ကျုပ်စိတ်ဆိုးသွားပြီဆိုတာကို...
ကျုပ်က  ခင်တော့ခင်တယ်... အလိုတော့ မလိုက်တတ်ဘူး..
ခပ်ပြတ်ပြတ်ဘဲ...
 နောက်ဆုံးတော့လည်း  သူတို့ ချစ်ခြင်းကို  ကျုပ်စိတ်နာနာ နဲ့  ဘဲ နားလည် ပေးလိုက်ပါတယ်ဗျာ..
ခက်တယ်  ခက်တယ်...
လူတွေအချစ်  တယ်ခက်သကိုးးးးးးးးးး P P P P 

ပစ်ပစ်
Pm  5.1.2014
Sunday


30 November 2013

ဆန့် ကျင် ဘက်အရာနှစ်ခု

Posted by blackroze at Saturday, November 30, 2013 7 comments
ကြာပါပြီ...တော်တော်လေးတော့ကြာခဲ့ပါပြီ..
အတိအကျပြန်တွက်ရင်တော့  ကျမ ဒုတိယနှစ် တက်နေတဲ့ အချိန်ဆိုပါတော့လေ...
အဲဒီအချိန်တုန်းက မှော်ဘီမှာ နေတဲ့ သူငယ်ချင်း တယောက်က နေမကောင်းဘူးဆိုလို့
သူမှာတဲ့ ဆေးနဲ့  မုန့်တွေ ယူ ပြီး သွားပို့ပေးတဲ့နေ့ပေါ့...
ကားကျပ်မှာဆိုးလို့  မနက်စောစော သွားကာမှ  ကားကလည်းတော်ရုံနဲ့ မရ
အဲဒီအချိန်မှာဘဲ  ကားတစီးက ခေါင်းခန်းရတယ်အမ  လိုက်မလား ဆိုတာနဲ့   ကျမလည်းဝမ်းသာအားရပေါ့...။။

ကားပေါ်တက်ပြီးကာမှ  နဂိုထဲက လိုက်လာတဲ့ မိန်းကလေး တယောက်က ရှိနှင့်နေပြီးသား
အသက်ကတော့ ကျမနဲ့ မတိမ်းမယိမ်းလောက်ပါဘဲ..။သူပုံစံကြည့်လိုက်ကထဲက 
ကျမစိတ်တော့ သွားပြီလို့ ..ငါတော့ဒီကားစီးမိတာ မှားပါပြီလို့...တက်ထိုင်ပြီးကာမှ ပြန်ဆင်းလိုက်ရ
ကောင်းမလား..ဆက်လိုက်သွားရ ကောင်းမလား... ဝေခွဲမရ ဖြစ်နေမိတယ်။
ကားကလည်းကျမ တက်ပြီး 2မိနစ်လောက်ဘဲ ရှိမယ်   ..ထွက်ပါတယ်..အစကတော့ အဲလိုကားမှတ်တိုင်မှာကြာကြာ မရပ်ဘဲ သွားရင် စိတ်ထဲသဘောကျပေမဲ့..ဒီနေ့တော့ ကားသမားကို
ဘာလို့ ဒီလောက်မြန်မြန်ထွက်ရတာလဲလို့ စိတ်ထဲကနေ ကြိတ်အပြစ်တင်မိတယ်..ကျမကိုယ်
ကျမလည်း ကားပေါ်က မြန်မြန်ပြန်ဆင်းလိုက်တာ မဟုတ်ဘူးလို့  အပြစ်တွေ တင်လို့ ။

ကားပေါ်ကမိန်းကလေး ကလည်း ကျမအမူအယာကို ကြည့်ပြီး  ကျမစိတ်ထဲ
ဘယ်လိုဖြစ်နေတယ်ဆိုတာ   ရိပ်မိသွားပုံ  ရပါတယ်..သူ့ဘာသာမသိသလိုဘဲနေရင်း
ငြိမ်ငြိမ်သက်သက်   ပါလာတယ်ဆိုပါတော့ ။
နောက်တော့ သူ့ပိုက်ဆံ အိတ်ကလေးကို ဖွင့်ပြီး အိတ်ထဲက ထွက်လာတဲ့  500 တန်
1000 တန် အခေါက်လေးတွေကို တရွက်ချင်းဖြန့်  ပြီး ရေတွက်နေပါတယ်  ။
ကျမလည်းသူ့ကို ကြည့်ရတာ မွန်းကြပ်သလိုလို  ရှိလာလို့  သူနဲ့  မထိအောင်
ကားတံခါး ဘက် တိုးကပ်ထိုင်ရင်း  ဘာသိဘာသာ နေလိုက် သည် ။

သူက     အနွေးထည်လို အကျီလေးတထည်ကို ပေါင်ပေါ်တင်ထားပြီး လက်တဘက်ကလည်း
သောက်လက်စ အအေးထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်လေး ကိုင်လို့  ..။ အအေးထည့်ထားတဲ့
အိတ်လေးက  အငွေ့ ပျံပြီး  ရေစက်လေးတွေ ကျနေတော့  ကားမောင်းတဲ့သူက 
"" နင့်ကျွတ်ကျွတ်အိတ်ပြစ်မှာလား..ကားပေါ်ရေ တွေစိုကုန်ပြီ "" လို့  လှမ်းပြောလိုက်သည် ။
မိန်းကလေးကတော့   "" ရတယ်ဦးလေး  ..မပြစ်ဘူး  "" ဆိုပြီး ကျွတ်ကျွတ် အိတ်လေးမှာ သီးနေတဲ့
ရေစက်လေးတွေကို ပေါင်ပေါ်တင်ထားတဲ့ အကျီလေးနဲ့  သုတ်နေတာမြင်ရပြန်တော့လည်း
စိတ်ထဲ မကောင်း သလို လို ဖြစ်မိပြန်တယ်...။

အဲလိုနဲ့ဘဲ  လမ်းတဝက်လောက်က လမ်းဆုံလိုနေရာမျိုး ဆိုပါတော့ ..အဲဒီနေရာရောက်လာတယ်
အဲဒီမှတ်တိုင်ရောက်တော့  မိန်းကလေးက ..ကျမကို.. ""  အမ ..ကျမဆင်းရမဲ့ မှတ်တိုင်ရောက်ပြီ
ခဏလောက်ဖယ်ပေးပါ အမ ""  ဆိုပြီး ကျမကို လှမ်းပြောတယ်..
ကျမပုံစံ ကိုကြည့်ပြီး ကားမောင်းတဲ့ သူကလည်း ရိပ်မိနေပုံရတယ်... အဲတာကြောင့်မို့ထင်ပါတယ်..
အဲဒီမိန်းကလေးကို   ""  နင် ငါ ဘက်ကဆင်းလိုက် ..သူ့မှာလည်းအထုပ်တွေနဲ့  ဖယ်ပေးဖို့ မလွယ်ဘူး
ငါ့ဘက်က ဆင်း ""  ဆိုပြီး  သူကအရင်ဆင်းပေးလိုက်တယ်.. ။။

အဲဒီမိန်းကလေး ကားပေါ်က ဆင်းသွားမှ ကျမလည်းစိတ်ချ လက်ချ အသက်ရှုရဲတော့တယ်..
စိတ်ထဲမှာတော့  အဲလိုဘဝမျိုးတွေမတွေ့ချင်ဘူးလို့တော့ တွေးမိသား ..။

မိန်းကလေးကားပေါ်က ဆင်းလာတာကို မြင်သွားတယ်ထင်ပါတယ်..
ကားဂိတ် ဘေးနားက အမိုးလေးအောက်မှာ ရပ်နေတဲ့  အသားမဲမဲ ပိန်ခြောက်ခြောက် အဘွားအိုတယောက်နဲ့  အသက် 3နှစ်လောက် ရှိမယ်
 ကလေးလေးတယောက် ထွက်လာပြီး မိန်းကလေးစီလျှောက်လာတယ်..
ကျမစိတ်ထဲလည်း  ဘာဆိုတာသိချင်နေတာနဲ့  သူတို့ကို  လိုက်ကြည့်မိတယ်..
စောနက ကျမရွံရှာနေတဲ့  မိန်းကလေး လက်ထဲက အအေးထုပ်လေးကို  ကလေးလေးက လှမ်းယူ
ပြီးအားရ ပါးရ ပိုက်ကလေးကိုစုပ်သောက်နေလိုက်တာ...
နောက်တော့  အဲဒီနားလေးမှာ  ရှိတဲ့ ပျံကျဈေးလေးထဲကို  မိန်းကလေးက ကလေးလေး လက်ကို
ဆွဲလို့ ..အဘွားအိုက ကိုင်းတွေပဲ့နေတဲ့ဈေး ခြင်းတောင်းအစုတ်လေး  တခုကို ဆွဲလို့  ဝင်ရောက်
ပျောက်ကွယ်သွားသည် ..။

အဲဒီမြင်ကွင်းကိုကြည့်နေရင်း ကျမရင်ထဲ တစစ်စစ်နဲ့  နာလာတယ်...ဘာမှန်းမသိတဲ့
နာကျင်ခံစားမှု့  တမျိုးကို ခံစားနေရတယ်....  သူတို့ သုံးယောက်ကတော့ လူတွေရှုပ်ထွေး
နေတဲ့ ဈေးထဲမှာ ပျောက်ကွယ်သွားပါပြီ..ဒါပေမဲ့ ကျမရင်ထဲမှာတော့ သူတို့  ပုံရိပ်တွေ
ထင်ကျန်ရစ်သွားတယ်.. 
ကားပေါ်မှာ  ကျမ အမူအယာကိုကြည့်ပြီး  ငြိမ်သက်နေတဲ့  မိန်းကလေး...
500တန် 1000 တန် အနွမ်းလေးတွေကို ထုတ်ရေ တွက်နေတဲ့  မိန်းကလေး ...
အအေးထုပ်လေးက ရေစက်တွေကို အကျီ လေးနဲ့ သုတ်နေတဲ့  မိန်းကလေး ...
ကလေးလေးလက်ကိုဆွဲထားတဲ့ မိန်းကလေး ....
အအေးထုပ်လေးကို အားရပါးရ ပိုက်ကလေးစုပ်သောက်နေတဲ့ လူမမယ်အရွယ်ကလေးလေး ...
ဈေး ခြင်းတောင်း အစုတ်လေးဆွဲထားတဲ့  အဘွားအို..... ။။။

ကျမရင်ထဲကနေပြီးတော့  အဲဒီမိန်းကလေးကို  တိတ်တဆိတ်တောင်းပန်နေမိတယ်..
ကျမ ရဲ့အမူအယာ ရိုင်းပြသွားတဲ့ အတွက်  ခွင့်လွှတ်ပေးပါလို့  နာနာကျင်ကျင်တောင်းပန်နေမိတယ်..
တကယ်တော့  သူ့ ဆီမှာ ဆန့် ကျင်ဘက်အရာ နှစ်ခုရှိနေခဲ့တာပါ... ...။။။။။

ပစ်ပစ်
Am 2:09
30.11.2013



12 November 2013

အေမီံဟောင်

Posted by blackroze at Tuesday, November 12, 2013 6 comments
အေမီဟောင်....
နာမည်လေးက  ဘိုဆန်သလိုလို  တရုတ်နာမည်လိုလိုနဲ့     ...
အဲဒီနာမည် ပိုင်ရှင်က မြန်မာ မိန်းကလေးတဦးပါပဲ
ကျမမှာညီမလေး တယောက်ရှိပါတယ်... သူ့ကို ကျမက ချစ်စနိုးနဲ့   ဂျမိန်လီမောက်လို့
ခေါ်တတ်ပါတယ်... တခါတလေ တော့လည်း နာမည်အရင်း ကိုဘဲခေါ်ပါတယ်...တခါတလေ တော့လည်း
နာမည်ပြောင်ပေါ့ ...အခုတလောသူရသွားတဲ့ နာမည်အသစ်လေးကတော့ အေမီဟောင် ဆိုတာလေးပါဘဲ
အေမီဟောင်  ဆိုတာ ဘယ်လိုဖြစ်သွားတယ် ဆိုတာ အကျယ်တဝင့်မပြောတော့ပါဘူး..
တခါတလေ မရှင်းပြဘဲနေလိုက်တာလေးက  ပိုစိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ပါ..
အမှန်ကတော့ ကျမ စာရှည်ရှည် မရိုက်ချင်တော့လို့ပါ ...

ဒီလထဲမှာ ကျမရဲ့ အေမီဟောင်လေးရဲ့  မွေးနေ့  ရှိပါတယ်..
နိုဝင်ဘာ 19 က အေမီဟောင်လေးရဲ့  မွေးနေ့ပါ...
ကျမညီမလေးက ဒီနှစ်ထဲထူးထူးဆန်းဆန်း လာပြောတယ်...သူ့မွေး နေ့အတွက် ပိုစ့် တပုဒ်ရေးပေးပါတဲ့
တခါမှ သူအဲလို မပြောဖူးပါဘူး...ကျမဘလော့ကိုဝင်ကြည့်တာကလွဲလို့  စာရေးခြင်းနဲ့ပတ်သက်လို့
သူဘာမှမပြောဖူးပါဘူး...
..ကျမစာမရေးတာတော်တော်ကြာပါပြီ..
ကျန်းမာရေးကြောင့်လည်း ပါသလို တချို့သော ကိုယ်ရေး
ကိုယ်တာ ကိစ္စလေးတွေ ကြောင့်လည်းပါတယ်ဆိုပါတော့...
ဒီနေ့  တော့အလုပ်နားရက်လည်းဖြစ် စိတ်ထဲလည်းငယ်က အကြောင်းတွေ ပြန်သတိရမိနေတာနဲ့
သူ့အတွက် အမှတ်တရ လည်းဖြစ်အောင် ငယ်ငယ်ကသူ့ အကြောင်းလေး တွေ
ရေး လိုက်ပါတယ်...

ငယ်ငယ်တုန်းက ကျမက သူ့ကို အနိုင်ကျင့်တယ်လို့  အေမီဟောင်က  အမြဲပြောတတ်ပါတယ်....
အမှန်က ကျမက သူ့ကို ဆုံးမတာပါ...အနိုင်ကျင့်တာမဟုတ်ပါဘူး..
တခါတလေ မှာ ကျမက သူ့ကို ကာကွယ်တာတွေဟာ  သူ့အတွက် ပိတ်ပင်သလိုဖြစ်သွားတာတွေလည်း ရှိကောင်းရှိခဲ့ပါလိမ့်မယ်.. တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး..

အခုဆိုရင် သူရော ကျမရော လူလတ်ပိုင်း အရွယ်ထဲရောက်နေပြီ ဆိုပါတော့.. ကလေးတွေ
မဟုတ်ကြတော့ပါဘူး.. သူရော ကျမရော  ကိုယ့်ဘဝလမ်း ကိုယ့်ဘာသာကိုယ်
လျှောက်လှမ်းနေကြပါပြီ..ဒါပေမဲ့ကျမစိတ်ထဲမှာ သူနဲ့ကျမ က ဟိုးးးးးးးးးးးးးး အရင်ကလေးဘဝ
ကလိုပါဘဲ... ရင့်ကျက်လာတဲ့ အရွယ်လို့ လည်း  မထင်မိပါဘူး..
အမေ အကျီတထည်ဝယ်လာရင် လုနေတုန်းပါဘဲ...မုန့်တခုဝယ်လာရင်လည်း သူ့ အတွက်လား
ငါ့ အတွက်လားဆိုပြီး  ရန်ုဖြစ်နေကြတုန်းပါဘဲ....အမေ ဝယ်လာတဲ့ ပစ္စည်းကိုသာ လုတာပါ
သူဝယ်လာတဲ့  ပစ္စည်းဆိုရင် ကျမလိုချင်တယ်ဆိုရင်  သူအမြဲပေးပါတယ်... သူလိုချင်တယ်ဆိုရင်လည်း
ကျမ အမြဲဝယ်ပေးနေကြပါ..( မှတ်ချက် ..ကြောင်မွေးမည့် ကိစ္စမပါဝင်ပါ )..

အေမီဟောင်က မနက်စောစော အလုပ်သွားရသူမို့ အိမ်မှာ အစော ဆုံးအိပ်ယာထရသူပါ
သူနိုးတာနဲ့ တပြိုင်နက်..ကျမအခန်းကို လာချောင်းတတ်ပါတယ်...ကျမကလည်းညနက်မှ အလုပ်ပြန်
တဲ့သူဆိုတော့ အိပ်ယာဝင်တာနောက်ကျတတ်ပါတယ်.. တခါတလေ ကျမ မအိပ်သေး..သူနိုးလာတာနဲ့
ဆုံရင် ညီအမနှစ်ယောက် အိပ်ယာထဲ စကားပြောတတ်သလို.. ကျမအိပ်ပျော်နေရင်လည်း သူက
အမြဲလာလာ ချောင်းပါတယ်..ကျမဖုန်းအား သွင်းထားတာတွေ ..မဖြုတ်ရသေးရင် သူဖြုတ်ပေးသွားတယ်
ကျမ Table light လေး မီး မပိတ်ဘဲအိပ်ပျော်သွားရင် သူပိတ်သွားပေးတယ်....
ကျမအလုပ်ပိတ်ရက်ဆို သူ့အလုပ် ကနေ ခွင့်ယူယူ ပြီး စောပြန်လာတတ်ပါတယ်...
ကျမအလုပ်ပိတ်ရက်က တလ နဲ့တလ နားရတဲ့ ရက်မတူပါဘူး..ကျမနားတဲ့ ရက်ကို သူအမြဲမှတ်ထားပြီး...
သူအမြဲ ခွင့်ယူ ပြီးပြန်လာနေကြပါ...အဲလိုမိသားစုအတွက်အချိန်ပေးတဲ့သူပါ...

အလုပ်တက်ရတဲ့ရက်တွေ ဆိုလည်း..အလုပ်ချိန် မတူတော့ စကားမပြောဖြစ်ကြပါဘူး..
သူက အလုပ် ဆင်းလို့ အိမ်ေ၇ာက်နေပြီ..အဲဒီအချိန်ဆို ကျမ က အလုပ်မှာဘဲရှိတုန်းပါ..
 Line  ကနေ အမြဲလာပြီး.. နပစ် မ  ..နပစ် မ   ...နဲ့ စကားလာလာပြောနေကြ ဆိုပါတော့.
သူသိထားတဲ့ သတင်း... အတင်း  အစုံပါဘဲ  ..ကျမကို အမြဲ ပြန်ဖောက်သည်ချနေကြပါ...
ကျမ ကျန်းမာရေးကြောင့် ကွန်ပြူတာကို အရင်လိုမသုံးဘဲဆင်ခြင်လိုက်ရတဲ့  နောက်ပိုင်းမှာ
အေမီဟောင်က ကျမရဲ့ သတင်းဌာနပါဘဲ..ဘာသိချင်သိချင် သူ့ ပြန်မေးရပါတယ်....







အေမီဟောင်က ကျမ ချစ်တဲ့ ပစ္စည်း  ကျမ အမှတ် တရ တန်ဖိုး ထားတဲ့ ပစ္စည်းတွေကို သူက
သိပ်မနာလိုဖြစ်တတ် ပါတယ်... ဆိုပါတော့  ကျမစီမှာ အရုပ်သေးသေးလေး တရုပ်ရှိတယ်..
အဲဒီအရုပ်ကိုကျမက တယုတယနဲ့ ကိုင်တယ်ဆိုရင်  သူမကျေနပ်တော့ပါဘူး..ကျမ မရှိတုန်းအရုပ်ကိုလာဖွက်ထားတာမျိုး...  ကျမစီကနေ အတင်းလာလာဆွဲ လုတတ်တာမျိုး လုပ်နေကြ
ဆိုပါတော့... ကျမက နင်လိုချင်ရင်ရော့ ဆိုပြီး ပေးလိုက်ရင်လည်း သူလိုချင်တာ မဟုတ်ပါဘူး..
ကျမအနားမှာ အဲတာလေး ရှိနေတာကို သူမလိုချင်တာပါ.. အေမီဟောင်က အဲလိုမျိုး ညီမလေးပါ..
.
သူက အငယ်ဆိုပေမဲ့ အကြီးတယောက်လို ယောက်ကျားလေးတယောက်လိုလည်း  တာဝန်ယူတတ်တဲ့သူပါ
မိသားစုအပေါ်ချစ်တဲ့စိတ်ကြီးမားသူပါ...ကျမက အကြီးဆိုပေမဲ့  တခါတလေမှာ အငယ်လိုပြန်ဖြစ်နေပြီး
သူကတော့ အငယ်ဖြစ်ပေမဲ့ အကြီးတယောက်လိုလည်း တာဝန်ယူတတ်သူပါ....
 ကျမဆေးရုံသွားပြရမဲ့ရက်တွေဆိုလည်း တကူးတက ခွင့်ယူပြီး လိုက်ပို့ပေးတတ်ပါတယ်..
ကျမကသာ နင့်ဘာနင် အလုပ်တက်..ငါ့ဘာငါ သွားမယ်..ငါလည်းသွားတတ်တယ်ဟဲ့ ..ဆိုပြီး
အတင်းအလုပ်သွားတက်ခိုင်းရပါတယ်...ကိစ္စ ရှိလို့ ကျမတယောက်ထဲ ရုံးကိစ္စတွေဘာတွေ
သွားရတဲ့ အခါဆိုလည်း  ဖုန်းတဂွမ်ဂွမ် ဆက်ပြီး  နင်ဘယ်ရောက်နေပြီလည်း..ခုဘယ်မှာလဲ....
ဆိုပြီးလှမ်းလှမ်းမေးတတ်ပါတယ်.. ကျမကစိတ်တိုလို့ နင်ဘာလို့ ခဏခဏ ဖုန်းဆက်နေရတာလည်း
ငါမြေပုံကြည့်နေရတာ အဆင်မပြေဘူး..နင့်ဖုန်းက လာနေတာဆိုပြီး  အော်လိုက်မှ ဖုန်းဆက်တာငြိမ်
ပါတော့တယ်...နင်က တခါမှလည်းမသွားဖူးဘူး အဲဒီနေရာကို ဖုန်းကနေ လမ်းကြောင်းကြည့်ပြီး
သွားတော့ နင်ပျောက်သွားမှာဆိုးလို့   ငါဖုန်းခဏခဏ ဆက်နေတာတဲ့...
အေမီဟောင်က အဲလို ညီမလေးမျိုးပါ...ကျမက ဒီအသက်ဒီအရွယ် လမ်းမှာ ပျောက်ပါ့မလားရှင်..
အိမ်ရောက်အောင်တော့ ပြန်တတ်တာပေါ့...

အေမီဟောင်က ကြောင်ချစ်တတ်တဲ့သူပါ..ငယ်ငယ်ကဆို သူ ကအိမ်မှာကြောင်မွေးနေကြပါ..
သူ့သူငယ်ချင်းတို့ သူ့ကျောင်းက ဆရာမ တို့ ..ကျူရှင်အိမ်က ကြောင်တွေကို တောင်းတောင်းလာတတ်
ပါတယ်.. ..အိမ်မှာသူယူလာတဲ့ ကြောင်တကောင်မဟုတ် တကောင်တော့  အမြဲရှိတတ်ပါတယ်..
တခါတလေ ကြောင်တွေ ပျောက်သွားရင် တအိမ်တက်ဆင်း
သူ့ ကြောင်လေးတွေ့မိလားဆိုပြီးလည်း  လိုက်လိုက်မေးရတာအမောပါပဲ.... နောက်တခုက ကျမတို့ငယ်ငယ်က
တပါတ်မုန့်ဖိုး ဘယ်လောာက်ဆိုပြီး  အိမ်ကတွက်ချက်ပြီး ပေးပါတယ်..
.စနေတနင်္ဂနွေ ဆိုမုန့်ဖိုးမပေးပါဘူး..ကျောင်းတက်ရတဲ့ ရက်ဘဲ
မုန့် ဖိုးရတာပါ ..အေမီဟောင်က သူ့မုန့်  ဘိုးကို ကြိုထုတ်တတ်ပါတယ်... : D

တပါတ်စာအတွက် မုန့်ဖိုး ပေးထားပြီ ရင် ..သူက တပါတ်မကုန်သေးဘူး..နောက်တပါတ်အတွက် ရမဲ့
မုန့်  ဖိုး ကို ကြို တောင်း တတ်တဲ့သူ.....သူကြိုထုတ်ရတဲ့ အကြောင်းရင်းက သူ့ကြောင်တွေကို
ဆေးခန်းသွားပြပေးတာပါ..ကြောင်က အစာ မစားတာတို့    အန်တာတို့  ဖြစ်ရင်
အေမီဟောင်က ကြောင်ကို ခြင်းတောင်းလေးထဲ ထည့် ခြင်းတောင်းကို ကျွတ်ကျွတ်ကြိုးနဲ့
ထိပ်ပိုင်းလေးတွေကို ချည်...ပြီးရင် အိမ်မှာ အိမ်အလုပ်ဝိုင်းလုပ်ဖို့ အတူလာနေတဲ့ အမ ကိုခေါ်ပြီး
ဆေးခန်းသွားပြတာပါ..ကျမရဲ့  အေမီဟောင်  လေးက အဲလို မျိုးပါ...
သူ့ မုန့် ဖိုးက  သူမုန့် စားတာက တဝက်  ကြောင်အတွက်က တဝက်ကုန်တာပါ..

.ကြောင်တွေကိုလည်း  ..နာမည်ပေးထားပါတယ်...သူ့ ကြောင် တွေရဲ့ နာ မည်
အကုန်လုံးကိုတော့ ကျမ မမှတ်မိတော့ပါဘူး.. နောက်ဆုံး ကြောင်လေးကတော့  မိုက်ကယ်  လို့
နာမည်ပေးထားတာလေးတော့ မှတ်မိပါတယ်..  ရွှေဝါရောင်နဲ့ အဖြူ စပ်ကြားလေးပါ..အဲကြောင်လေး
ပျောက်သွားပြီးတဲ့  နောက်ပိုင်း  ..အေမီဟောင်  လည်းကြောင်ထပ်မမွေးဖြစ်တော့ပါဘူး...
အဲကြောင်လေးက အေမီဟောင်ရဲ့  အချစ်ဆုံး အသည်းတုံးလေးပါ...
ကြောင်လေး မိုက်ကယ် ပျောက်သွားပြီးကထဲက အေမီဟောင်လည်း မစားနိုင်မအိပ်နိုင်နဲ့
တော်တော်လေး ခံစားလိုက်ရပါတယ်..အိမ်ကလည်း သူ့  ကို ကြောင်တွေမယူလာခိုင်းတော့ပါဘူး..
အဲတာနဲ့  အေမီဟောင်  နဲ့  ကြောင်နဲ့  အဆက်ပြတ်သွားတယ် ဆိုပါတော့...



ကျမက တခါမှ ဆံပင် မကောက်ဖူးပါဘူး..
ဆံပင်ကောက်ကောက်ကိုလည်း မကြိုက်ပါဘူး.. အေမီဟောင်က ဆံပင်ကောက်ကောက်လေးတွေကို သိပ်ကြိုက်ပါတယ်.. ငယ်ငယ်က ခဏခဏ ဆံပင်ကောက်ပါတယ်..
အမေနဲ့  အပြင်လိုက်သွားရင် ပြန်လာရင် သူဆံပင်ကောက်လာတတ်ပါတယ်...
အမေ့ ကိုတော့ သူဘယ်လိုပူဆာလည်းတော့ ကျမလည်းမသိပါဘူး..
 ကျမရဲ့  အေမီဟောင်  လေးက အဲလို မျိုးပါ...

 
ငယ်ငယ်က ဆံပင်ကောက်ကောက်နဲ့  ဂါဝန်အပြာလေးနဲ့  ကြောင် ထည့်ထားတဲ့ ခြင်တောင်းလေး ဆွဲပြီး
ဆေးခန်းသွားသွားပြတဲ့ အေမီဟောင်လေး ကို အခုချိန်ထိ  မျက်စိထဲမြင်ယောင်မိသေးတယ်...

ငယ်ငယ်က အေမီဟောင်ရဲ့  ပုံစံကို အနီးစပ်ဆုံးပြရရင်တော့ အောက်ကပုံထဲက ကောင်မလေး
ဆံပင်ပုံစံ အတိုင်းပါဘဲ


ငယ်ငယ်တုန်းကဆို အေမီဟောင် ကာတွန်းသိပ်ကြိုက်ပါတယ်...ကျမနဲ့ အတူ စာအုပ်ငှားဆိုင်ကို
သူလိုက်လိုက်လာပြီး  သူကြိုက်တဲ့  ကာတွန်းစာအုပ် လိုက်လိုက်ငှားပါတယ်..သူက သူငယ်တန်း
တစ်တန်းလောက်ဘဲ  ရှိသေးတော့ ကာတွန်း သေချာမဖတ်တတ်သေးဘူး..
သူယူလာတဲ့စာအုပ်ကို အမေက ဖတ်ပြရတယ်... သူကဘေးနားကနေ နားထောင်တယ်..
အမေ မအားရင် ကျမကို  "" ပစ်ပစ် ..ငါ့ ကိုကာတွန်းဖတ်ပြ  "" ဆိုပြီး  ..အမြဲ လာလာဖတ်ခိုင်းတတ်တယ်...

အေမီဟောင် ငယ်ငယ်က  ဒီလုံး..မောင်စူပါ..သမိန်ပေါသွပ်..ဇီးတော်ပွင့် ..အဲစာအုပ်တွေကို
အရမ်းကြိုက်ပါတယ်....ကျမရဲ့ ညီမလေးက ငယ်ငယ်က ကာတွန်းသိပ်ကြိုက်သူလေးပါ...

ခုချိန်မှာတော့ အသက်ရွယ်တွေကြီးလာလို့  သူ့ ဘဝနဲ့ သူ...ကိုယ့်ဘဝ နဲ့  ကိုယ်...လျှောက်လှမ်းနေကြပေမဲ့
ကျမစိတ်ထဲမှာတော့  ကျမညီမလေး က အရွယ်မရောက် သေးတဲ့ကလေးလေး လိုပါဘဲ..
အမှန်ကတော့ သူ က ကျမထက်ပိုပြီး ရင့်ကျက်တည်ငြိမ်နေတဲ့သူပါ...
ကျမမှတ်မိသလောက် သူငယ်ငယ်က အကြောင်းလေးတွေ ဆိုပါတော့...

အေမီဟောင် ....
 မွေးနေ့  တိုင်းပျော်ရွှင်ချမ်းမြေ့ပါစေ
ဘဝတလျှောက် သောကမှန်သမျှ ကင်းဝေးပါစေ..
လိုရာ ဆန္ဒ မှန်သမျှပြည့်ဝပါစေ ..(  ကြောင်မွေးခြင်းမှလွဲ​၍ )

ချစ်တဲ့..ပစ်ပစ်
12.11.2013
Pm 7:27


01 September 2013

ပစ်ပစ်ရေးတဲ့ဘလော့ဒေး

Posted by blackroze at Sunday, September 01, 2013 15 comments
ဘလော့ဒေး ..တဲ့
ကျမ ဘလော့ရေးတာ 2009  ကထဲကပါ.. အခုဆိုရင် ဘာဘဲပြောပြော သက်တမ်းလေးကတော့
4 နှစ်ရောက်လာပြီပေါ့  ..4နှစ်လို့သာ  ပြောတာပါ..
ရေးချင်တာ ရေးနေတာ..ဘာမှလည်း မယ်မယ်ရရ  မရှိလှပါဘူးလေ...
အစပိုင်းကတော့  ကိုယ့်ဘာကိုရေး  ကိုယ့်ဘာကို ဖတ်ပေါ့
နောက်တော့  ခင်မင်တဲ့ အကိုအမတွေ မောင်ငယ်ညီမငယ်  တွေက  လက်တွဲခေါ်ကြတယ်
ကျမရေးထားတာလေး  လာဖတ်ပေးကြတယ်..
အဲဒီအတွက်  အတိုင်းမသိ ဝမ်းသာမိပါတယ်..
စာတပုဒ်ရေး  လိုက်ပြီးတိုင်း  ကောမက်လေးတခုလောက်တွေ့လိုက်ရရင်ကို
ပျော်သွားတတ်ကြတာ...ဘလော့ဂါတိုင်းပါဘဲလေ..
ကျမဘလော့စ လုပ်ဖြစ်ပုံကိုတော့  အကျယ်တဝင့်  ပြောမနေတော့ပါဘူး..
စာရေးချင်လို့   ဘလော့လေးတခု စလုပ်ဖြစ်တယ်..
ကျမကိုလုပ်တတ်အောင်သူငယ်ချင်းက ကူညီပေးတယ်..
မသိတာတွေရှိတာကိုလည်း  ခင်မင်ရတဲ့  သူငယ်ချင်းတွေ  ကိုမေးမြန်းရင်းနဲ့  ဘဲ 
လျှောက်လှမ်းလာခဲ့တယ် ဆိုပါတော့...
(ကျမ ဘလော့လေး ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့  ပတ်သက်ပြီး
ကျမစာတပုဒ် ရေးဘူးပါတယ်..ဖတ်ချင်ရင် ကွကို သာရှာဖတ်လိုက်ပါတော့နော်..အဟီးး
ကျမရှာ ပြီး Link ထည့်ရမှာ ပျင်းနေလို့   ပါ   :)  )

အခုဆိုရင်  4 နှစ် ... စိတ်ထဲဘာမှမကြာသေးသလိုဘဲ  ခံစားမိတယ်..  တကယ်တော့  မှတ်တိုင်လေး
4 တိုင်တောင်  ရှိခဲ့ပြီ... ဒီနှစ်ပိုင်းတွေမှာတော့  ဘလော့ဂါ  တွေတော်တော်များများ က ဘလော့ကို
သိပ်မရေး ဖြစ်ကြတော့ဘဲ  ..facebook ထဲ  နေကြတာ များလာပါတယ်...(ကျမ အပါအဝင်ပေါ့လေ)
ကျမဆို အလုပ်က ပြန်လာတာနဲ့  ကွန်ပြူတာ ဖွင့်ရင် အရင်ဆုံးဝင်ကြည့်ဖြစ်တာက 
facebook ပါဘဲ...  ဘယ်သူက ဘာပြောထားလည်း  ဘာစတေးတပ်တင်ထားလည်း.. ဘာတွေ share
ထားလည်း  ..ဘာပုံတွေတင်ထားလည်း   အပြေးအလွှား ကြည့်မိတာပါ..

ဟိုးအရင်ကတော့  ညဘက် အလုပ်က ပြန်လာရင် ဘလော့ဝင်ကြည့်တာပေါ့လေ...
အရင်ကပြောပါတယ်..အခုမဟုတ်ဘူး..    :P
အခုကတော့  facebook စောင့်မယ်တော်  ကို ဖြစ်နေပါပြီ
ဒီရာထူးကို  စွန့်မယ်  စွန့်မယ်   နဲ့  အခုထက်ထိ  In service ဖြစ်နေတာတော့  မတတ်နိုင်ဘူးရှင်..
ဟိုတလောကတော့   facebook မှာ  ဘလော့ကို ပြန်တော့မယ်လို့  စတေးတပ်  တင်လိုက်ပါသေးတယ်..
ဒီလိုဘဲ  ဖြည်းဖြည်းချင်းကြိုးစား  ပြီးပြန်ရမှာပေါ့လေ...
 ကျမလိုဘဲ  ခင်မင်ရတဲ့   အကိုအမတွေ  မောင်လေးတွေ ညီမလေး တွေကိုလည်း
ဘလော့ထဲပြန်လာစေချင်ပါတယ်... အရင်လိုဘဲ  သိုက်သိုက်ဝန်းဝန်းလေး  နဲ့   စာတွေပြန်ရေး
ကြပါလို့လည်း  တိုက်တွန်းချင်ပါတယ်..  ..  ကျမလည်း  ဘလော့ထဲ အရင်လို  စာတွေပြန်ရေး နိုင်အောင်
ကြိုးစားမယ်...

ကမန်းကတန်း ရေးရလို့  ကျမရဲ့  ဘလော့ဒေး  အမှတ်တရ  ကတော့အဆီအငေါ် မတည့်ဘူးနော်..
အဆင်ပြေသလိုသာဖတ်သွားပါလို့....

ကဲ..ပစ်ပစ်ရေးတဲ့  ဘလော့ ဒေး ကတော့  ဒါပါဘဲ ရှင်...

ပစ်ပစ်
Am 1:37
31.8.2013



 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei