နွေကလည်းပူလိုက်တာ ......
ကားပေါ်ကဆင်းလိုက်လိုက်ချင်း ဝေ့ခနဲ တိုက်လာတဲ့ လေပူတွေထဲမှာ
နွေရဲ့အငွေ့ အသက်တွေပါနေတယ်..
နွေရဲ့ ရနံတွေ ပါနေတယ်... ဖုန်နံလိုလို သစ်ရွက်ခြောက်နံလိုလို နဲ့ မရှုရှိုက်ရတာ ကြာပြီဖြစ်တဲ့
အနံ တမျိုးလေးပါနေတယ်...။။
ကားလမ်းမဘေးကနေ ခြံဘက်ကိုဆင်ခြေလျော ဖဲ့ဆင်းသွားတဲ့ မြေလမ်းကလေး...
လမ်းကလေးအဆုံးမတော့ ဟောင်းနွမ်းစပြုနေပြီ ဖြစ်တဲ့ သံပန်းတံခါးလေး တချပ်.......။။။
ကျမ ဖြည်းဖြည်း ချင်း လမ်းကလေးအတိုင်း ဆင်းသွားလိုက်သည် ...
ခြံတံခါးရှေ့မှာ ရပ်ပြီး ခြံထဲလှမ်းကြည့်မိတယ်... ဘာမှကိုမပြောင်းလဲ သေးပါလား...
ခြံထဲက သက်မဲ့အရာဝတ္ထုတွေအားလုံးကတော့ ဟောင်းနွမ်းသွားတာကလွဲလို့ ဟိုးအရင်ကလိုဘဲ
ရှိနေဆဲ ...။။
ခြံအလည်တည့်တည့်မှာ ရှည်လမျော ပုံစံလေး ဆောက်ထားတဲ့ တထပ်အိမ်ကလေး....
အိမ်ခေါင်းရင်းက မန်ကျည်း ပင်ကြီင်္း ... အိမ်ရှေ့ ဘယ်ဘက်ခြံထောင့်မှာ ထင်းရုံလေး..အခုတော့ ထင်းရုံ
မဟုတ်တော့ဘူးပေါ့ ... အိမ်ထဲကမလိုတဲ့ ပစ္စည်းတွေ ပလက်ကုလားထိုင်အဟောင်းတွေလာချ
ထားတဲ့ နေရာလေးဖြစ်လို့နေတယ်... အိမ်ရှေ့ ညာဘက်ခြံထောင့်မှာတော့ သုံးတဲ့သူမရှိတော့လို့
သံချေးအထပ်ထပ် တက်နေတဲ့ တုံကင်လေးး....ခြံထောင့်က နတ်စင်လေးးး
သြော်..အရာရာဟာ လွန်ခဲ့နှစ်ကာလတွေဆီကလိုဘဲ တည်ရှိနေတုန်း... ဒီသက်မဲ့အရာတွေကသာ
စကားပြောတတ်မယ်ဆိုရင် ကျမကိုသူတို့ ဘယ်လိုများခရီးဦးကြို ပြုကြမလည်းနော်
မလာတာကြာပြီနော် လို့ ပြောမလား... ဘယ်ရောက်ပြီးဘာတွေလုပ်နေလည်းလို့များမေးမလား
အိမ်ထဲဝင်လေ လို့ဘဲပြောမလား... ...။။။
ခြံတံခါးကို လက်လျှိုပြီး အသာဖွင့်လိုက်တယ်.... ဟိုးအရင်ကဆို ကျမတို့ညီအမ ဒီအိမ်ကိုလာမယ်ဆိုရင်
ကားပေါ်ကဆင်းလာကထဲက "" ကြီးကြီးရေ.."' ဆိုပြီး တကြော်ကြော်အော်ပြီး ဝင်လာနေကြ...
အခုတော့ ကျမတယောက်ထဲ တံခါးလေး အသာဖွင့်လို့ တိတ်တိတ်ဆိတ်ဆိတ် ဘဲဝင်သွားမိတယ်...
ခြံအဝလေးကနေ အိမ်ဘက်ချက်ချင်းမလျှောက်သေးဘဲ ကျမရပ်ပြီးကြည့်နေမိတယ်...
တအိမ်လုံးလည်းတိတ်ဆိတ်လို့...လူရိပ်လူယောင်တောင်မတွေ့ရဘူး... ရင်ထဲပြည့်လျှံတက်လာတဲ့
သတိရခြင်းဆိုတာတွေကို မျိုသိပ်လို့  အိမ်ဘက်လျှောက်သွားမိတယ်.. အိမ်ရှေ့ အုတ်လှေကားထစ်လေးမှာဖိနပ်ချွတ်လိုက်တဲ့ အချိန်မှာ..အိမ်ထဲကနေ ဘယ်သူလည်းဆိုပြီးမေးသံနဲ့
အတူ...ထွက်လာတဲ့ ကျမရဲ့ ကြီးကြီး.... ..ကျမ မလာဖြစ်တဲ့ ဒီနှစ်တွေအတွင်းမှာ ကြီးကြီးတော်တော် အိုစာသွားတယ်... ကျမကိုမြင်တော့ ...
"" ဟယ်.. ပစ်ပစ် ...သမီးဘယ်တုန်းကပြန်လာတာလည်း..ဖုန်းလေးဘာလေးကြိုဆက်တာမဟုတ်ဘူး..
သမီး မေမေ ရောနေကောင်းလား...ပစ်ပစ်ပိန်သွားတယ်နော်......""
" ပစ် ပစ် ခဏပြန်လာလည်တာ. ကြီးကြီး..ပိန်တာကတော့ သူ့ဘာသူပိန်တာ...မေမေလည်းနေကောင်းပါတယ်.. ကြီးရော နေကောင်းတယ်ဟုတ်...အဘွားရော မတွေ့ပါလား... ""
ဖြေလည်းဖြေရင်း မေးလည်းမေးရင်းကျမဆွဲလာတဲ့ပစ္စည်းတွေကိုလည်း စားပွဲပေါ်လှမ်းတင်လိုက်သည် ...
ဘယ်သူလာတာလည်းဆိုတဲ့ အသံနဲ့အတူ အခန်းထဲကနေ ထွက်လာတဲ့ အဘွား.....
ကြီးကြီးက .."" အမေ ... ပစ်ပစ်လာတာလေ... အလည်ပြန်လာတာတဲ့... "
ကျမအဘွားရှေ့မှာ ငုတ်တုတ်လေးထိုင်လိုက်တော့... အဘွားက သူ့လက် ပိန်ခြောက်ခြောက်လေးတွေနဲ့
ကျမမျက်နှာကို လှမ်းစမ်းရှာတယ်...အဘွားလက်ပိန်ခြောက်ခြောက်လေးတွေနဲ့ ကျမမျက်နှာထိလိုက်တဲ့
အချိန်မှာ ကျမ ငိုချင်လာတဲ့စိတ်ကိုမနည်းထိန်းချုပ်ထားရတယ်...
ဆေးလိပ်သောက်လို့ မီးပေါက်လေးတွေ ဖြစ်နေတဲ့ အဘွားဝတ်ထားတဲ့ ယောဂီလုံချည်လေးက
အပေါက်သေးသေးလေးတွေကိုပဲ သဲသဲ မဲမဲ စိုက်ကြည့်နေမိလိုက်သည်....။။
ကျမငိုချင်နေမှန်းသိလို့ ကြီးကြီးက
"' သမီး...အလုပ်အဆင်ပြေတယ်မှတ်လား...ကြီးတို့ သမီးတို့ကို
သတိရတယ်...မပြန်လာတာကြာလို့ တခါလောက်အလည်လေးပြန်လာရင် ကောင်းမယ်လို့ ပြောနေ
မိသေးတယ်... အိမ်ကတော့သမီးမြင်တဲ့အတိုင်းဘဲ ခြောက်ကပ်သွားလိုက်တာ...ဟိုတလောက အိမ်ကိုဆွမ်းခံကြွနေကြ ဘုန်းဘုန်းတောင် မေးနေသေးတယ်... ကလေးတွေတယောက်မှ လာမလည်
ကြတော့ဘူးလားတဲ့... သမီး အချိန်ရရင် ဘုန်းဘုန်းကျောင်းကို ခဏသွားလိုက်ဦး "" ဆိုပြီး
ဟို အကြောင်းလေး ပြောလိုက် ဒီအကြောင်းလေးပြောလိုက်နဲ့ စကားလမ်းကြောင်းလေးလွှဲပေးရှာတယ်..။။
"" အိမ်မှာလည်း ခြောက်ကပ်နေတာဘဲ...အရင်ကဆိုကလေးတွေတရုံးရုံးနဲ့
အခုတော့ ကြီးတို့လည်း အသက်ကြီးပြီ လေ... အဘွားတောင် ဒီနှစ်ထဲကျန်းမာရေး သိပ်မကောင်းတော့ဘူး .... ကြီးကတော့ သမီးတို့ မောင်နှမတွေအားလုံးကို တခေါက်လောက်တော့
အကုန်လုံးဆုံစေချင်သေးတယ် သမီး..အဘွားရှိနေတုန်းပေါ့ သမီးရယ် "" တဲ့
ကျမဘာပြန်ဖြေရမလည်း ..ဟုတ်ကဲ့ပါလို့ ကတိပေးလိုက်ရမလား...ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရမလား... တနိုင်ငံထဲမှာ အတူတူ
အလုပ်လုပ်နေကြတဲ့ ကျမတို့ညီအမ နှစ်ယောက်တောင် တချိန်တည်း အတူတူ ပြန်လာဖို့ အဆင်မပြေနိုင်သေးတာ..တယောက်တနေရာစီ ဖြစ်နေကြတဲ့ကျမတို့မိသားစုက မောင်နှမတွေအားလုံး ဘယ်လိုများ အရင်လိုတစုတဝေးတည်းဆုံမယ်ဆိုတာ ဖြစ်နိုင်ပါတော့မလားလေ....
အရင်ကလိုတစုတဝေးထဲဆုံဖို့ဆိုတာ နောင်ဘယ်နှစ် နှစ်ကြာမှလည်း...
ဒီတသက်ရော ဖြစ်နိုင်ပါ့မလား...ကျမ သေချာမသိဘူး...။။
ကြီးကြီး မေးတဲ့မေးခွန်းတွေဖြေလိုက်..တချို့မေးခွန်းတွေကိုတော့ မသိချင်ယောင်ဆောင်လိုက်နဲ့
စကားပြောနေတုန်း ..ကလေးလေး တယောက်နောက်ဖေးဘက်ကနေ အိမ်ထဲဝင်လာတာတွေ့တယ်...
ကြီးကြီးက .. "" ပစ်ပစ် သူ့ကိုကြည့်စမ်းတဲ့ ဘယ်သူနဲ့တူသလည်းတဲ့ ""
ကျမစိတ်ထဲ ကျမအကိုလတ် နဲ့တော်တော်လေးဆင်တယ်..လို့ထင်တာနဲ့ ကိုကျော့်သားလား လို့
မေးတော့ ..ဟုတ်တယ်တဲ့...ကျမကြီးကြီးတို့ကိုလာနှုတ်ဆက်တုန်းကတော့ ဒီကောင်လေးက လသား
သာသာလောက်ဘဲရှိဦးမယ်ထင်တယ်...ခုတော့ သူငယ်တန်းစာမေးပွဲတောင် ဖြေထားတယ်တဲ့လေ..
ကျမတူလေးက ကျမကိုမြင်တော့ ရှက်အမ်းအမ်းနဲ့ကြည့်နေတယ်...
ကြီးကြီးကပဲ... "" ဖိုးသား...ဒါ သားအန်တီလေး ပစ်ပစ် ..သားကိုဓါတ်ပုံတွေပြဖူးတယ်လေ.. သားသိတယ်ဟုတ်... အခုအန်တီလေးက ခဏပြန်လာလည်တာ ...သားငယ်ငယ်လေးတုန်းကထဲက
အန်တီလေးက အဝေးကြီးမှာ အလုပ်သွားလုပ်နေတာ... '' ဆိုတော့ ကောင်လေးက ကျမကို အိုးတိုးအန်းတန်းနဲ့ လှမ်းရယ်ပြတယ်...ရယ်လိုက်မှ သူ့အဖေ နဲ့ပိုတူသွားတယ်..တပုံစံထဲဘဲ
ကျမ ..အစ်ကို လတ်ကို သတိရလိုက်တာလေ...ကျမအကိုလတ်အကြောင်းမေးတော့ တလတခါလောက်တော့အိမ်ကိုဖုန်းဆက်တယ်တဲ့ ..
ကလေးအတွက် ပိုက်ဆံတော့ ပို့ပေးပါတယ်တဲ့... ။။
အကိုလတ်အကြောင်းသိတော့ ...အကိုလတ်ရဲ့ သားကိုမြင်တော့
အိမ်ထောင်ရေးကံမကောင်းရှာတဲ့အကိုလတ်ကို သနားမိပါရဲ့..သူလည်းတယောက်တည်း အဝေးမှာ..
ဘယ်လိုများရုန်းကန်နေမလည်း ကျမလည်းမသိဘူး...အခုဆိုကျမတို့မောင်နှမတွေ မျက်နှာချင်းဆိုင်မတွေ့ဖြစ်ကြတာ နှစ်နဲ့တောင်ချီပြီးကြာပေါ့လေ ..။
အရင်ကဆို ကျမတို့ဝမ်းကွဲမောင်နှမတွေ အားလုံးကျောင်းပိတ်ရက်ဆို ဒီအိမ်မှာလာဆုံနေကြ...
အဘွားကမွေးထားတဲ့ သားသမီးတွေထဲမှာ ကြီးကြီးတယောက်ဘဲအပျိုကြီးလုပ်ပြီး..အဘွားနဲ့အတူတူနေတာ...
ကျန်တဲ့ သားသမီးတွေအားလုံးက ( ကျမအမေအပါအဝင်ပေါ့ )တယောက်တနေရာတယောက်တမြို့စီ..
ကျောင်းပိတ်တဲ့အချိန်ဆိုရင်တော့ အကုန်လုံးသော မြေးတွေက အဘွားအိမ်မှာလာစုနေကြ..
အားလုံးနှစ်တိုင်းဆုံနေကြ...ကျောင်းပိတ်ကထဲက ကျောင်းပြန်မဖွင့်မချင်းဆိုပါတော့..
ကျောင်းဖွင့်ခါနီးကြမှပဲ...အသီးသီးကိုယ့်အိမ် ကိုယ်အိမ်ပြန်ကြတာလေ...
ကျမတို့တွေကျောင်းပိတ်ရက် အဘွားအိမ်လာနေကြပြီဆိုရင်
ကျောင်းဆရာမဖြစ်တဲ့ ကြီးကြီး က ကလေးတွေအကုန်လုံးကို ဘယ်အတန်းတက်ရမလည်း..
တက်ရမဲ့အတန်းစာတွေ ကြိုသင်ပေးလေ့ရှိတယ်...
ကြီးကြီးတို့နဲ့ အတူတူနေတဲ့မြေးဆိုလို့ ငယ်ငယ်ကထဲက အဖေရောအမေရော ဆုံးသွားလို့
ကြီးကြီးကဘဲတာဝန် ယူပြီးခေါ်ထားတဲ့ ကျမအကိုလတ်တယောက်ဘဲရှိတယ်....
ကျမတို့တွေကျောင်းဖွင့်လို့ အိမ်ကပြန်လာခေါ်လို့ ပြန်ကြပြီဆိုရင် အကိုလတ်ခမျာ သနားစရာ..
ပြန်သွားတဲ့ သူတွေကို ကားနားအထိလိုက်လိုက်ပို့ရင်း လက်ကလေးတပြပြနဲ့ကျန်ခဲ့ရှာတာ.....
ငယ်ငယ်တုန်းကတော့ပျော်စရာကြီး..မောင်နှမ အုပ်တောင့်တော့ ကျမတို့ ကို
ဘယ်သူမှ လာအနိုင်မကျင့်ရဲကြဘူး...ကျမတို့ အုပ်စုနဲ့တင် ဘာကစားနည်းဘဲ ကစားကစား အဆင်ပြေတယ်.. တခြားကလေးတွေနဲ့ ရောကစားစရာကိုမလိုတာလေ... အခုတော့ အဲဒီအုပ်စုကြီးလည်း
တစစီကွဲလို့ တနေရာစီ ပြန့်ကျဲကုန်တယ်ဆိုပါတော့ ....။။
ကြီးကြီးနဲ့ထိုင်စကားပြောနေရင်းနဲ့ ..ကြီးကြီးက ရုတ်တရက်မေးတယ်..
"" ပစ်ပစ်ညအိပ်မယ်မှတ်လား.. တညအိပ်ပြီးမှ
မနက်ကျမှ ပြန်လေ... ကြီးကြီး အခန်းထဲ အိပ်ယာပြင်လိုက်မယ် ""တဲ့..
မျှော်လင့်တကြီးနဲ့ကြည့်နေတဲ့ ကြီးကြီးရဲ့ မျက်ဝန်းတွေကို မသိချင်ယောင်ဆောင်ရင်းး
"" ပစ် မအိပ်တော့ဘူးကြီးကြီး..လုပ်စရာတွေရှိသေးတယ်ကြီး ကြီး ဝယ်စရာတွေလည်းအများကြီးပဲ..
လက်ဆောင်ပေးဖို့တွေရော... ပစ်ပစ် လိုချင်တာတွေရော..ဘာမှလည်းသေချာမဝယ်ရသေးဘူး....
နောက်ပြီးမနက်ဖန်မှ ပြန်ရင် ရုံးကိစ္စအတွက်လည်း ပစ်လုပ်စရာတွေမမှီမှာစိုးလို့ ''''
စိတ်မကောင်းခြင်းများစွာနဲ့ပဲ ကြီးကြီးရဲ့မျက်ဝန်းတွေကို မသိကျိုးကျွံ ပြုလိုက်ရတယ်...
ရင်ထဲမှာတော့ အသံတိတ် စကားလုံးတွေနဲ့ တောင်းပန်နေမိတယ်... ။။
"" အင်းးပေါ့လေ..မအားဘူးလုပ်စရာတွေရှိတယ်ဆိုတော့လည်း ပြန်ပေါ့ ...နောက်တခေါက်လာတော့
ညအိပ်လေ နော်... "" တောင်းပန်သလိုလို ကြေကွဲသလိုလို ပြောလိုက်တဲ့ ကြီးကြီးရဲ့ စကားလုံးတွေကို
ကျမနားထောင်ဖို့ တကယ်ကို အင်အားမရှိခဲ့ပါဘူး...
အရင်တုန်းကတော့ ကျောင်းဖွင့်ခါနီး အိမ်က ပြန်လာခေါ်ရင် မလိုက်ချင် လိုက်ချင် ငိုမဲ့မဲ့ နဲ့ပြန်လိုက်သွား
နေကြကနေ...အခုတော့ ကြီးကြီး ကိုယ်တိုင်က တညလောက်နေပါလားလို့ခေါ်တာကို
ကျမငြင်းနေရတဲ့အဖြစ်...ဘာလို့များဒီလောက်ပြောင်းလဲစရာတွေ ဖြစ်သွားတာပါလိမ့်...ကျမကိုအလုပ်က
ပေးလိုက်တဲ့ခွင့်ရက် 10 ရက်ဆိုတာ အသွားတရက်အပြန်တရက်ဖယ်လိုက်ရင် ကျမကိုယ်ပိုင်သုံးစွဲခွင့်
ရှိတာက 8ရက်ထဲရယ်ပါ...ကျမတယောက်ထဲ အတွေးတွေနဲ့ ချာလပတ်လည်ရန်ဖြစ်နေမိတယ်...။။
နေ့လည် ထမင်းစားတော့လည်း ကြီးကြီးကအရင်က ကျမတို့ကလေးတွေ တအုပ်ကြီး ထမင်းတဝိုင်း
ထဲကျွေးရင် ဆူညံလွန်းလို့ အော်ရ ဟောက်ရတဲ့အကြောင်း သတိတရနဲ့ပြန်ပြောရှာသေးတယ်..
အခုတော့ထမင်းဝိုင်းမှာ ကျမရယ်..ကြီးကြီးရယ်..အဘွားရယ်.. ကျမတူကလေး ဖိုးသားရယ်...
တိတ်ဆိတ်လို့....အဘွား ကအသက်ကြီးလာတော့ သူ့ဘာသာ စားရင် လက်တွေတုန်ပြီးပါးစပ်ထဲ
ရောက်တဝက် ဖိတ်တဝက် ဖြစ်လွန်းလို့ ...ကြီးကြီးကပဲ သူလည်းစားရင်း အဘွား ကိုလည်းခွံရင်းနဲ့
စားရရှာတယ်...
ကျမတို့ငယ်ငယ်လေးတုန်းက ညဘက်ဆို အဘွားက အသုပ် တခုခု သုပ်ပြီး ကလေးတွေအားလုံးကို
တယောက်တလုတ် ခွံပေးခဲ့တာပြန်သတိရမိတယ်..အခုလို အဘွား အိုမင်းလာတဲ့ အချိန်မှာ ကျမတို့တွေထဲက တယောက်ယောက် အနားမှာနေပြီး အဘွားငယ်ငယ်က ခွံပေးခဲ့သလို မျိုး
အဘွားကိုပြန်ခွံပေးသင့်တယ်လို့တွေးမိပေမဲ့လည်း .....အတွေးက အတွေး အဖြစ်နဲ့တင် ရပ်သွားတယ်..။။
ကျမကပဲ..ကြီးကြီး ကို.. "" ကြီးကြီး..အဘွားကိုပစ်ပစ် ခွံပေးလိုက်မယ်.. ဆိုပြီး ကြီးကြီးဆီကဇွန်းကိုယူပြီး
အဘွားကိုလှမ်းခွံပေးတော့ ..အဘွားက .."" သာဓု..သာဓု...သာဓု ... "" တဲ့လေ.....
အသက် ကိုခပ်ပြင်းပြင်းရှုလို့ ပင့်သက်တချက်ကို လူကြီးတွေမသိအောင်ချရင်း...မျက်ရည်ကိုမသိမသာထိန်းရင်း ..ကျမတို့ထမင်းဝိုင်းလေးက ခြောက်ကပ်ကပ်နဲ့ ပြီးဆုံးသွားတယ် ဆိုပါတော့ ....။။
ထမင်းစားပြီးတော့..အဘွားနဲ့ကြီးကြီး ကိုကျမကန်တော့တယ်။။။
အဘွားက ဆုတွေတသီတတန်းကြီးပေးရင်းနဲ့ မျက်ရည်ကျတော့ ...
ကြီးကြီးက အဘွားကို... "" အမေ ..မငိုနဲ့လေတဲ့ ..ကလေးက တခါတလေ ပြန်လာလည်တာကို
အမေငိုတော့ ဘယ်စိတ်ကောင်းမလည်းတဲ့လေ.... "" တကယ်တော့ ကြီးကြီးကိုယ်တိုင်လည်း မျက်လုံးတွေနီရဲလို့.....။။
ကျမ ဒီတခါတော့ ကျလာတဲ့မျက်ရည်ကို မထိန်းတော့ပဲ အဘွားနဲ့ကြီးကြီးကို ဦးချကန်တော့ရင်းး
ရှိုက်ကြီးတငင် ငိုမိတယ်...ကြီးကြီးကတော့ ကျမကိုဆွဲထူရင်း မျက်ရည်တွေသုတ်ပေးရှာတယ်...။။
ကျမပြန်ခါနီးတော့ ကြီးကြီးက ဓါတ်ပုံအယ်လ်ဘမ်လေးတခု အခန်းထဲက ယူထုတ်လာပြီး
အထဲက ဓါတ်ပုံကလေးတပုံ ထုတ်ပြတယ်...
"" ကြီးကြီး ဟိုတလောက အိမ်ရှင်းရင်းနဲ့ တွေ့တာ... အဘွား အလှုလုပ်တဲ့နှစ်မှာလေ ..သမီးတို့မောင်နှမတွေ အားလုံးကိုစုပြီးဓါတ်ပုံရိုက်ထားတာ... အားလုံးပါတယ်...သမီးကြည့်ကြည့် ..""
ဆိုပြီး လှမ်းပေးတယ်...ဟုတ်ပါရဲ့...ဓါတ်ပုံထဲမှာ ကျမတို့မောင်နှမတွေအားလုံး တစုတဝေးကြီး
အိုက်တင်အမျိုးထုတ်လို့ ရိုက်ထားတာ... ကျမညီမဆို သူကအငယ်ဆုံးမို့ အရပ်ပုနေလို့
သူ့ကိုမမြင်မှာစိုးပြီး ခြေဖျားထောက်ထားတယ်ဆိုတာတောင် သိသာပါရဲ့ ...။။ခြေဖျားထောက်ပြီး
ခေါင်းကို အတင်းမော့ထားရှာတာ....ကျမ အမအကြီးဆုံးက အဲတုန်းကခေတ်စားတဲ့ ဆံပင်တခြမ်းစောင်းကေနဲ့ ပဲများနေတာ.... အကိုလတ်ကတော့ ကျောင်းစိမ်းဘောင်းဘီလေးနဲ့..
မော်လမြိုင်က လာတဲ့ အကိုနှစ်ယောက်ကတော့ တယောက်ပခုံးတယောက်ဖက်လို့...
အမလတ်ကတော့ ခါးလေးထောက်လို့ ...အကိုကြီးဆုံးကတော့ ယောပုဆိုးနဲ့အကျအနဝတ်စားထားတာ.. ကျမကတော့ မှုန်ကုပ်ကုပ် ပုံစံလေးနဲ့..
အမငယ်ကတော့ သူကအရမ်းပိန်လွန်းတော့ သူပိန်တာလူသိမှာစိုးလို့ ဓါတ်ပုံရိုက်တိုင်း သူများနဲ့ကွယ်လေ့ရှိတယ်..အခုပုံထဲမှာလည်း ကျမ အကိုလတ်ဘေးနားမှာ ခပ်ကွယ်ကွယ်ရပ်နေတာ..။။
ဒီပုံလေးထဲမှာ ကျမတို့ တွေအားလုံးအကုန်တစုတဝေးထဲပါလားနော်....။။
ကျမ ကြီးကြီးစီကနေ အဲဒီဓါတ်ပုံလေးတောင်းမိတယ်...
"" ကြီးကြီး..ပစ် ဒီပုံလေးယူသွားမယ်နော်... နောက်မှ ပုံထပ်ကူးပြီး
တခြားသူတွေစီလည်းပို့ပေးချင်လို့ ''''
ကြီးကြီး က ..ယူသွားတဲ့ ..တခြားမောင်နှမတွေစီလည်း သေချာ ပို့ပေးလိုက်နော်တဲ့..
ဒီပုံလေးထဲမှာ သမီးတို့မောင်နှမတွေ အားလုံးပါတယ်တဲ့...အမှတ်တရ ပုံလေးတဲ့...
သေချာသိမ်းထားပါတဲ့.... စိတ်ချပါကြီးကြီး...ဒီပုံလေးကို သေချာသိမ်းထားပါ့မယ်လို့...
တခြားသူတွေစီကိုလည်း သေချာရောက်အောင်ပို့ပေးပါမယ်လို့ ကျမ ချက်ချင်းပဲ ကတိပေးလိုက်မိတယ်.. ။။
ကျမပြန်တော့မယ်ဆိုတော့ ကြီးကြီးက ကားစီးဖို့ ဂိတ်အထိမသွားနဲ့တော့တဲ့..နေ့လည်ဘက်ဆို
ကားချောင်တယ်တဲ့...အိမ်ရှေ့ကနေဘဲစောင့်စီးလို့ရတယ်တဲ့.... ..
ဘတ်စ်ကားလာတော့ ကျမတူလေးက ကားနားအထိ လိုက်လာပြီး
"" အန်တီလေး နောက်ခါလည်း လာလည်နော် "" တဲ့ လက်ပြနှုတ်ဆက်ရင်း မှာတယ်...။။
ကားထွက်လာတော့ အိမ်ရှေ့ ကားလမ်းမဘေးနားလေးမှာ လက်ကလေးပြ ရင်း ကျန်ခဲ့တဲ့
ကျမတူလေး ...
ခြံဝသံပန်းတံခါးနားလေးကနေ ရပ်ကြည့်နေတဲ့ ကျမရဲ့ကြီးကြီး ...
အိမ်ရှေ့ ပြတင်းပေါက် နားလေးကနေရပ်နေကြည့်တဲ့ကျမရဲ့အဘွား...
ဓါတ်ပုံလေးတပုံ ကိုင်ပြီး ကားပေါ်ပါလာတဲ့ ကျမ....
ကျမကိုင်ထားတဲ့ ဓါတ်ပုံလေးထဲမှာတော့ ကျမတို့ မောင်နှမတွေအားလုံး
တစုတဝေးတည်းရှိနေလေရဲ့ .......
ဓါတ်ပုံကလေးကိုကြည့်နေရင်းနဲ့ ကျမ မျက်ဝန်းတခုလုံးဝေဝေဝါးဝါး ဖြစ်လာတယ်...
နောက်တော့ မျက်ရည်ဆိုတဲ့ အရာတွေက တဖြည်းဖြည်းအိုင်ထွန်းပြီး မျက်လုံးအိမ်ကတဆင့်
ပါးပြင်ပေါ်..ပါးပြင်ပေါ်ကတဆင့် ..ဓါတ်ပုံကိုင်ထားတဲ့ကျမ လက်ပေါ်ကို တစက်ချင်း လိမ့်ဆင်းသွားတယ် .......။။။။
ပစ်ပစ်
Pm 6:40
2.12.2012

8 comments:
စိတ်မကောင်းဖြစ်လိုက်ရတာနော်..
မိုးနတ်လေ..ဖတ်ပြီး အားကြီးစိတ်မကောင်းဖြစ်မိတယ်..
မိုးနတ်တို့က မောင်နှမတွေ အဲလောက်အုပ်စုမတောင့်ပေမဲ့
ရှိတဲ့လူ ၃ယောက်က သိပ်ချစ်ကြတော့..ခု..မမပစ်ပစ်ရေး
ထားတဲ့ပို့စ်လေးကို ဖတ်ပြီး ငိုချင်နေမိတယ်...
ဘ၀မှာ ရေကြည်ရာမြက်နုရာရှာဖွေရင်း အဆင်ပြေရာမှာ
တော်သလိုနေရရင်း ...ဒီလိုပဲရှင်သန်နေထိုင်ကြရတာလေ...
မောင်နှမတွေ အများကြီးနော်...အားကျလိုက်တာ...
ဝမ်းကွဲတွေကလဲ အရင်းတွေလိုချစ်ကြတယ်ထင်တယ်နော်...
အိမ်ကမောင်နှမတွေကိုတောင် လွမ်းသွားတယ်မမရေ... ဒီလိုပါပဲ.. နိးတကျက်ကျက် ဝေးတသက်သက်ဆိုသလိုပဲ... ဒီထက်များ အသက်တွေ ကြိးလာရင် ဒီထက် ပိုလွမ်းနေကြရမယ် ထင်ပါတယ်မမရယ်..:(
အေးဗျာ.....
စာဖတ်နေရင်း ညီအကို မောင်နှမတွေကို လွမ်းလိုက်တာဗျာ
အခြေအနေ နဲ့ အချိန်အခါအရ ကျွန်တော်တို့ ခွဲနေကြရတယ်မို့လား
တချိန်တုန်းက ဆိုတဲ့အတွေးတွေနဲ့သာ နေသာသလိုလို ဖြေသာသလိုလိုပေါ့။
( မင်းဧရာ )
အဲလိုခံစားမှုမျိုးကို ကောင်းကောင်းသိတာပေါ့....ဟိုးးငယ်ကတည်းက အမေနဲ့မောင်နှမတွေကိုအကြာကြီးခွဲနေခဲ့ဖူးတာ...ခုမှ မိသားစုပြန်ဆုံပြီးတစုတစည်းဖြစ်တာ ခြောက်နှစ် ခုနှနှစ်ရှိဦးမယ်
ဖတ်ရင်း စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ဘဲ။
ဒါပေမဲ့ ဆွေမျိုးအချင်းချင်း အဝေးကနေ ချစ်တာက ပိုပြီး အနာအဆာ ကင်းတယ်လို့ မြင်မိပါတယ်။ နီးလွန်းရင် မထင်မှတ်တဲ့ အကုသိုလ်တွေ ၀င်လာတတ်ရော။
ဝက်မလေးကမှ မိသားစုတွေ ရှင်ကွဲမို့လို့ တော်သေးတယ်။ သူကြီးမင်းဆို မိဘနှစ်ပါးနှင့်တစ်ခြား ဆွေမျိုးအချို့ ဘယ်ဘ၀တွေမှာ ဘယ်လိုအခြေအနေတွေနဲ့ ပြန်လည်မွေးဖွားနေကြမလဲ မသိတော့။
တွေ့တုန်း ချစ်ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေ။ မငိုနဲ့ သိလား။း(
ခံစားခဲ့ဘူးပါသည်၊ ကိုယ်ချင်းစာစွာဖြင့်
တကွဲတပြားစီဖြစ်နေတဲ့ ကိုယ့်မောင်နှမတွေကို သတိရမိတယ်
ဒါပေမဲ့ အိမ်ပြန်လိုက်ရင် ပြန်ဆုံရတာမို့ တော်ပါသေးရဲ့လို့ တွေးမိတယ်။
စိတ်မကောင်းပေမဲ့ နောက်ဆုံးတော့လည်း အားလုံးဟာ တစ်ယောက်တစ်လမ်းစီ သွားကြရမှာကြီးပါလား ပစ်ပစ်ရယ်...
စ၊ လယ်၊ ဆုံး.. ခံစားမှုတွေ ပေးသွားတဲ့ စာစုလေးပါပဲ ညီမရေ...၊
ခြံဝိုင်းကလေးနဲ့အိမ်၊ ပြီးတော့ ကြီးကြီး၊ အဖွား၊ တူကလေး.. ဟိုးတုန်းက အဖြစ်အပျက်တွေနဲ့ မောင်နှမတွေ ... အားလုံးကို သရုပ်ဖော် ရေးသွားတာ ညက်ညော ပီပြင်လှတယ်၊ မောင်နှမတွေ အများကြီးရှိတဲ့ သူတစ်ယောက် အနေနဲ့ ဖတ်နေရင်း ရင်ဘတ်တစ်ခုလုံး တင်းကျပ်နေခဲ့တာ စာစုလေး ဆုံးသွားတဲ့ အထိပါပဲ...။ လက်မနှစ်ချောင်းစလုံး ထောင်သွားခဲ့ပါတယ် ညီမပစ်ပစ်ရေ..။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..