ကျမစီမှာ အမှတ်တရတွေအများကြီးပါဘဲလေ..
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဆရာမဂျူးရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထုလေး ပြန်သွားဖတ်မိတယ်...
အလုပ်ကပြန်လာလို့ Facebook ထဲဝင်လိုက်တဲ့အချိန် မိုးသက်နဲ့ မိစံတို့က ဝတ္ထုစာအုပ်လင့်တွေ တင်ထားတယ် .... ကျမလည်းမနက်ဖန်အလုပ် 2ရက်ဆက်တိုက် နားရမယ်...နောက်ပြီး မိုးလေဝသ ကလည်း မိုးရွာမယ်လို့ကြေငြာထားတော့ စာအုပ်ဖတ်တာ အကောင်းဆုံးဘဲဆိုပြီး စာအုပ်တွေပို့ပေးလို့ မိစံစီကနေ တောင်းလိုက်မိတယ်...
ဆရာမ ဂျူး ရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထု ကို ကျမဖတ် ဖူးတာကြာပါပြီ ..။။အဲဒီတုန်းကတော့ ဝတ္ထုထဲက ဆရာမရဲ့ ဇာတ်ကောင် ဆရာဝန်မလေး စုစုထွေးရဲ့ ခံစားချက်တွေ ကို ဖတ်ခဲ့ရတာပေါ့.. အဲတုန်းကလည်းဖတ်၇င်းနဲ့ မျက်ရည်ကျမိတယ် ထင်တယ်...
ကျမမြန်မာပြည်မှာကျောင်းသူ ဘဝထဲကဆိုတော့ နဲနဲတော့ကြာပြီလေ..အခု ကျမ ဒီဝတ္ထုလေး ကို ပြန်ဖတ်မိတယ်...ဒီတခါ ဖတ်မိတဲ့အချိန်မှာ ဝတ္ထုထဲက ဆရာဝန် မလေးရဲ့ ခံစားချက်တွေ အပြင် ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေ ကိုပါ ကျမရောထွေးခံစားမိတယ်....။။
ကျမစာအုပ်ကိုသာဖတ်နေရတယ်...စိတ်ထဲမှာ စာအုပ်ထဲက ရေးထားတဲ့ စကားလုံးတွေအပြင် ကျမစိတ်ထဲ ခံစားမိတာတွေကိုပါ ..ကျမပြန်ဖတ်နေရ သလိုဘဲ....။ အရင်တခေါက်ဖတ် ခဲ့တုန်းကတော့
ဆရာဝန်မလေး ရဲ့ ခံစားချက်တွေကို ဖတ်ပြီး ကျမငိုခဲ့ရတယ်....။။အခုတခေါက်ဖတ်ရတဲ့အခါမှာ
ကျမရဲ့ ခံစားချက်တွေ... ကျမခံစားမိနေတာတွေ .... သိပ်မကြာသေးတဲ့ အချိန်ကာလတခုစီက ကျမရဲ့အမှတ်တရတွေ ..ကျမမျှော်လင့်တကြီးမက်ခဲ့ဖူးတဲ့ အိပ်မက် တွေ ....နောက်ဆုံးမှာ တစစီရိုက်ချိုး ပြစ်တာ ခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ..အဲတာတွေကိုခံစားမိပြီး ကျမငိုခဲ့ရတယ်..
ကျမအဲဒီဝတ္ထု ကိုဖတ်ရင်းနဲ့ ငိုခဲ့ရတယ်....အခုတခေါက် ငိုရတာက ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေကြောင့် ကျမရဲ့ ကိုယ်ပိုင် အမှတ်တရတွေကြောင့် ငိုခဲ့ရတာ....။။။
ဆက်မဖတ်ပါနဲ့တော့ လို့ မိစံကပြောတယ်.....။။
ဒါပေမဲ့ ကျမစဖတ်ကထဲက ပြီးအောင်ပြန်ဖတ်မယ်လို့ ဆုံးဖြတ်ထားပြီးသား...ငိုရင်းနဲ့ဘဲ..
ပြီးအောင်ဖတ်ခဲ့တယ်...ရွေးချယ်သွားတဲ့ သူတယောက်နဲ့ ရွေးချယ်ခံလိုက်ရတဲ့ သူတယောက်...။။
ကျမနားထဲပြန်ကြားယောင်မိတယ်...တိုင်းရင်းသားသံခပ်ဝဲဝဲ နဲ့ ပစ်ပစ်လို့ ခေါ်လိုက်တဲ့
ခေါ်သံတစ်ခု...။။ ပါးချိုင့်နှစ်ဘက် ပေါ်အောင် ပြုံးလိုက်တဲ့ အပြုံးတစ်ခု....မကျေနပ်တာ တခုခု ရှိနေရင် ပြုံးနေရင်းနဲ့ ခပ်စိုက်စိုက်ကြည့်တတ် တဲ့ အကြည့်တွေ ...အရာရာကိုမြိုသိပ်နိုင်တဲ့
လူတယောက် ....လူတဘက်သားကိုအားနာလွန်းလို့ အဲလောက်အားမနာပါနဲ့လို့ တောင်
တားယူရတဲ့ လူတယောက်..(သူကသူများကိုသာ အားနာတာပါ..ကျမကိုကျတော့ နဲနဲလေးမှတောင် အားမနာဘူးလေ...ရက်ရက်စက်စက်ကိုထား ခဲ့တာ )
ကျမအဲဒီ ပုံရိပ်တွေ..အဲဒီအပြုံးတွေ...အဲဒီအကြည့်တွေ ..အဲဒီခေါ်သံတွေကို
ပြန်ကြားယောင်မိနေတုန်းဘဲ ပြန်မြင်ယောင်နေမိတုန်းဘဲ ပြန်တမ်းတမိနေတုန်းဘဲ....
အဲဒီပုံရိပ်တွေ အကြည့်တွေ အပြုံးတွေ အသံတွေက ကျမကိုအကြိမ်ကြိမ် ဖြတ်ရိုက်နေသလိုပါဘဲ
အဲလိုခံစားချက်တွေကြောင့် ကျမပုံရက်သားလဲနေပြီ...ကျမ ခံနိုင်ရည်ရှိအောင်ဘယ်လောက်ဘဲ
တည်ဆောက်တည်ဆောက် တိုက်ဆိုင်မှု့ တခုတလေနဲ့ဆုံတာတောင် ခံနိုင်ရည်မရှိချင်ဘူး...
နေ့ရက်တွေ အချိန်တွေ ကို အားတင်းပြီး ကျမရအောင်ဖြတ်သန်းနေတယ်....
ဒါပေမဲ့ ကိုယ့်ကိုကိုယ် ဘဲသိတယ် ခံနိုင်ရည်ဆိုတာ တစက်လေးမှတောင် မကျန်တော့ဘူး..
မှုံဝါးဝါး မထင်ရှားတဲ့ အိပ်မက်တွေနဲ့ နိုးထလာတဲ့ ညတွေဆိုတာ မနည်းတော့ဘူး..
အိပ်မပျော်လို့ တယောက်ထဲ အမှောင်ထဲ ငုတ်တုတ် ထိုင်ရင်းမိုးလင်းခဲ့ရတဲ့ ညတွေဆိုတာ
မနည်းတော့ဘူး... အလုပ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ နေ့တွေ
အိမ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ ညတွေ ...ချည်နဲ့နဲ့ နဲ့ ပြန်တည်ဆောက်နေရတဲ့
ကျမရဲ့အနာဂတ်တွေ ..တစစီလိုက်ကောက်နေရတဲ့ ကျမရဲ့ မျှော်လင့်ချက်လေးတွေ
အဝေးကြီးကိုလွှင့်ပြစ်တာခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ...။။။
ကျမစီမှာ ဘာမှကိုမရှိတော့ဘူး
ဘာမှကိုမကျန်တော့ဘူး...အစိတ်စိတ်အပိုင်းပိုင်း ကျိုးပြက်သွားတဲ့ နှလုံးသားတစ်ခုဘဲကျန်တော့တယ်
ကယောင်ချောက်ချား ဖြစ်နေတဲ့ အတွေးတွေဘဲကျန်တော့တယ်..
ကျမအတွက်ဒီခံစားချက်တွေကတော့ တကယ်ကို အမှတ်တရပါဘဲ...တသက်လုံးအတွက်ပါဘဲလေ..
ဒါတွေဟာ ဝဋ်ကြွေးတွေဆိုရင် ဒီဝဋ်ကြွေးတွေအကုန်လုံးကို ဒီဘဝမှာဘဲ ကုန်အောင်ဆပ်ခဲ့ပါရစေလို့
ကျမဆုတောင်းတယ်......။။
သူသာကြားနိုင်မယ်ဆိုရင်
ကျမကိုဘာလို့အဲလောက်ရက်စက်ခဲ့ရတာလည်း
ဘာလို့အဲလောက် ခံစားရအောင် လုပ်ခဲ့ရတာလည်း
ဘာလို့ငိုရအောင်လုပ်ရက်ရတာလည်း
ကျမမေးလိုက်ချင်တယ် ..... ....... .... ..... ....။။။။
ပစ်ပစ်
18.6.2012 AM 4:08

16 comments:
ဘယ်သူ ဘာလဲဆိုတာ အခြေနေ အချိန်အခါကပဲ အဆုံးအဖြတ်ပေးသွားတာပါ လူတိုင်းစီမှ အတိတ်ဆိုတာ ရှိတာပေါ့ အားတင်းပြီးတော့သာ လျှောက်လှမ်းပါ တတ်သိနားလည်မှု့ရှိတဲ့သူကိုသာ ရွေးချယ်ပါ မိမိရဲ့ ဘ၀ တစ်လျှောက်လုံး အဆင်ပြေချောမွေ့ခြင်တယ် ဆိုရင်ပေါ့။
ကျန်းမာရေးဂရုစိုက်ပါ။
မေ့ပစ်တတ်တဲ့သူကို မေ့ပစ်တတ်ဖို့ဘဲ ကြိုးစားပါ။ သတိရစရာ အမှတ်ရစရာ တစ်ခုခု ရှိနေရင် မကြည့်ဖြစ် မမြင်ဖြစ်အောင် ကြိုးစားပါ။ မဆုံနိုင်တော့ဘူးလို့ သေချာသွားရင် ဆုံခဲ့တာတွေကို ကြိုတင်ပြီး နှစ်အတော်ကြာလာတဲ့အခါ ခပ်ဝေးဝေးမှာ ဝေေ၀၀ါးဝါး ဖြစ်နေအောင် ကြိုးစားတည်ဆောက်ပါ။
မေ့ပစ်လိုက်တော့လို့ ရက်စက်စွာ မတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ အချိန်က ဝေဒနာတွေ စေတနာတွေ ကြင်နာတာတွေ နာကျင်တာတွေကို ကုစားပေးပါလိမ့်မယ်။
လောလောဆယ်မှာတော့ ဟိုတုန်းက ကြည်နူးခဲ့သမျှကို ကြေကွဲမှုတွေနဲ့ အစားထိုးပြီး လဲကျနေမယ်ဆိုတာ နားလည်ပါတယ်။ ကိုယ်ချင်းလဲ စာပါတယ်။
ငိုမနေပါနဲ့တော့။ မျက်ရည်တွေ သိမ်းလိုက်ပါတော့။ မျက်ရည်ဟာ အဖြေမဟုတ်ဘူး။ အဖြေက ကိုယ် ဘယ်လောက် ကြည်နူးနိုင်ခဲ့သလဲ ကိုယ် ဘယ်လောက် ကြေကွဲနိုင်မလဲဆိုတာကို စဉ်းစားပြီး ညီမျှခြင်းထိုးကာ အဖြေရှာရမှာ ဖြစ်တယ်။
ကမ္ဘာပေါ်မှာ လူအယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က အသဲကွဲဖူးကြတယ်။ ကြေကွဲဖူးကြတယ်။ ဒါဆို ဒီလို အသဲကွဲနေတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါလားဆိုပြီး အားယူရမယ်။ အားတင်းရမယ်။
ချစ်တတ်တဲ့ချစ်သူကို သူချစ်တာထက် ချစ်ပြရမယ်။ မုန်းတတ်တဲ့ ချစ်သူတုကို ဘ၀ထဲက စိတ်ထဲက ရာသက်ပန် မေ့ပစ်ရမယ်။ ရာသက်ပန် အပြီးထုတ်ပစ်ရမယ်။
ရင်ကိုကော့ပါ။ ခေါင်းကိုမော့ပါ။ အသက်ကို ပြင်းပြင်းရှူထုတ်ပါ။ မနက်ဖန်ကစပြီး ဘ၀သစ်ကို တည်ထောင်ပါ။ မနက်ဖန်ရောက်ရင် မနေ့က ငါဟာ ဒီနေ့ငါ မဟုတ်တော့ဘူးလို့ ယုံကြည်မှု တည်ဆောက်ပါ။ လဲကျပြီးတိုင်း ပြန်မထနိုင်တော့ဘူးဆိုရင် လောကကြီးမှာ ဒုက္ခိတတွေချည်း ဖြစ်နေလောက်ပြီ။ အာလုံး ၀က်မလေး လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပါဘဲ။

အဲ့ဒီအတွက် အကြောင်းပြချက် ရှိမယ်မထင်မိဘူး..
တစ်ခါတစ်လေကျရင် ရိုက်တဲ့လူမှာချည်းအပြစ်မရှိပါဘူး..
သိသိကြီးနဲ့ အရိုက်ခံတဲ့လူဆီမှာလည်း အပြစ်ရှိတယ်လို့ ယူဆလို့ရပါတယ်။
စီအိုင်အေက ပစ်ပစ်ပဲ.. အဲ့တာကိုတော့ နားလည်မှာပါ :)
ဘယ်လိုမှမန့်မရလို့ ရတဲ့ဘရောင်ဆာကနေ၀င်မန့်သွားတယ် မီးလေး
သိပ်ကိုနာကျင်တယ် ဖတ်ရတဲ့သူတောင် သိပ်ကိုနာကျင်တယ် .
အချိန်တစ်ခုနဲ့ကုစားပါ ကိုယ့်ကိုမချစ်တဲ့သူထွက်သွားတာ ချစ်တဲ့သူတွေတွေထပ်လာပါလိမ့်မယ်
ချစ်တဲ့ မားမား
အချိန်က အရာရာကို ကုစားသွားမှာပါ စုံထောက်ကြီးရယ်... ဘ၀ဆိုတာက ဓားသွားထက်က ပျားရည်စက်လိုပါပဲ.. အငိုနဲ့ မွေးခဲ့ကြတဲ့ ကျွန်တော်တို့ ခဏ ခဏ ၀မ်းနည်းရ၊ ပျော်ရွှင်ရ၊ ကြည့်နူးရ၊ ကြေကွဲရတာ... ဒီကြားထဲ ပျားရည်စက်ကလေးတွေကို တစ်ရှိုက်မက်မက် ခုံမင်လို့......
.တိုင်းရင်းသားသံခပ်ဝဲဝဲ နဲ့ ပစ်ပစ်လို့ ခေါ်လိုက်တဲ့
ခေါ်သံတစ်ခု...။။ ပါးချိုင့်နှစ်ဘက် ပေါ်အောင် ပြုံးလိုက်တဲ့ အပြုံးတစ်ခု....မကျေနပ်တာ တခုခု ရှိနေရင် ပြုံးနေရင်းနဲ့ ခပ်စိုက်စိုက်ကြည့်တတ် တဲ့ အကြည့်တွေ ...အရာရာကိုမြိုသိပ်နိုင်တဲ့
လူတယောက် ....လူတဘက်သားကိုအားနာလွန်းလို့ ------
ပစ်ရေ အဲတာလေ တခါပြောပြဖူးထားတာမှတ်မိနေတယ်
မေးရမှာအားနာလို့ဘယ်လိုစပြီးမေးရပါ့မလဲ အကြိမ်ကြိမ်ပါပဲ
ချစ်တဲ့ အမဂျက်
ဒီလိုခံစားမှုမျိုးကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ခံစားခဲ့ဖူးတယ် ...။ ခုချိန်မှာပြန်တွေးကြည့်တော့ ဘာမှမဟုတ်တော့ဘူး...။ အချိန်ကကုစားသွားမှာပါ...။ နှလုံးသားဟာ ကွဲအက်ဖူးမှသာလျှင် နှလုံးသားအစစ်ဖြစ်တယ်တဲ့..။
အစ်မရေ ဖတ်ပြီးတော့ ဘယ်လိုပြောရမလဲတောင်မသိဘူး.. ထပ်တူထပ်မျှကို ခံစားဖူးပါတယ်..။ ကြာလာရင် သူ့ထက်တောင် ကိုယ့်အပေါ်ကို ပိုချစ်တဲ့ ပိုဂရုစိုက်တတ်တဲ့ချစ်သူ တွေ့လာတတ်တယ်.. ကိုယ်တွေ့ပါ
ပစ်ပစ်လေးရေ..
ပျော်ပျော်ပါးပါးရေးတတ်တဲ့ပစ်ပစ်ရဲ့ စာလေးတွေဖတ်ပြီးအမြဲပြုံးနေခဲ့မိတာ။ ဒီနေ့ ရောက်လာမိတော့စိတ်မကောင်းဖြစ်မိတယ်။ တစ်ဆက်တည်းစာတွေဆက်တိုက်ဖတ်လိုက်တယ်လွတ်သွားတာတွေကို။
ငယ်ငယ်တုန်းကခံစားချက်တွေပြန်သတိရမိတယ်။ တကယ်တော့လေ..
ကိုယ့်ကိုအလေးမထားတဲ့လူတစ်ယောက်မရှိတာနဲ့ 
ကိုယ့်ဘ၀ဟာဘာမှမဖြစ်သွားပါဘူး။
ရင့်ကျက်သွားတာကအမြတ်ပါ။
နောင်တစ်ချိန်ချိန်ကျတော့မေ့သွားတာဘဲ။ လွမ်းတာကိုတော့နာတာနဲ့ ဘဲဖြေ။
ကိုယ့်ဘေးမှာကိုယ့်ကိုတစ်ကယ်ချစ်ခင်တဲ့သူတွေအများကြီးရှိနေပါသေးတယ်။
ပျော်ရွှင်ပါစေကွယ်။
အိုင်အိုရာ
ပျော်ရွှင်ပါစေ ပစ်ပစ်ရေ..
ကိုယ့်ကိုယ်ကို ငိုချင်ရက်လက်တို့ဖြစ်စေမယ့်စာမျိုးတွေ လောလောဆယ်မှာ မဖတ်သေးနဲ့ဦး ညီမလေး။း) အပေါ်က ပြောကြသလိုပေါ့။ ကိုယ် ကံကောင်းတာက သူ့ထက်သာလွန်ကောင်းမွန်တဲ့သူနဲ့ တွေ့ရမှာမို့။ သူ ကံဆိုးသွားတာက သူ့ကိုသိပ်ချစ်သူတစ်ယောက်ကို ဆုံးရှုံးလိုက်တာမို့။ ရင့်ကျက်သွားမယ့် နှလုံးသားက အမြတ်ပါ ညီမလေးရေ။
ချစ်ခင်စွာဖြင့်
မြတ်ပန်းနွယ်
မမေ့နိုင်တဲ့သူကို မေ့ဖို့မပြောရက်ပါဘူး...၊သံယာဇဉ်ဆိုတာဖြတ်ဖို့ခက်ပေမယ့်
သူ့ကိုဖြတ်နိုင်တဲ့ ဓားတစ်ချောင်းကတော့ရှိပါတယ်။အဲ့ဒါ "အချိန်" ပါပဲ တူမလေး
ရယ်....။
လွမ်းတာ လွမ်းတာပေါ့ ပစ်ပစ်ရယ်၊ ကျန်းမာရေးမကောင်းရင် ကိုယ်ပဲ ခံရမှာ၊ ဒီတော့ ကျန်းမာအောင် နေနော်။
အလွမ်းတွေထဲမှာ မျှောနေရတာ မောနေပေမယ့် ရုန်းထွက်လို့ မရသေးဘူးလို့ နားလည်ထားပါတယ်မမရေ..အားတင်းထားပါလို့...
Time is great healer. Take care.
မ.. အမှတ်တရတွေက ရင်ကိုနာကျင်စေပါတယ်..
မ ..စာလေးတွေဖတ်ပီး ထပ်တူခံစားသွားတယ်.
ချစ်တဲ့ မွန်
မ ကိုအော်လိုင်းမှာမတွေ့ ဖူးနော် ..နေကောင်းတယ်မဟုတ်လား
သတိရလို့ ပါ..
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..