12 August 2011

အလွမ်းတွေကိုသိပါစေ..

Posted by blackroze at Friday, August 12, 2011
လူတယောက်ကိုလွမ်းဖို့ ချစ်ဖူးကြပါသလား...ဘယ်သူမှတော့ လွမ်းဖို့ရည်ရွယ်ပြီးစမချစ်ခဲ့ကြပါဘူး။
ချစ်ရင်းနဲ့သာလွမ်းတတ်သွားကြတာပါ ။ ညတိုင်းမြင်နေကြကနေ တညလောက်မမြင်ရရင် လွမ်းတယ် ။
အမြဲတမ်းဖုန်းပြောနေကြကနေ ဖုန်းတရက်လောက် မဆက်လာရင် လွမ်းတယ်။ကော်ဖီတူတူသောက်နေကြကနေ တယောက်တည်း ကော်ဖီသောက်ရရင် လွမ်းတယ် ။
ထမင်းတူတူစားနေကြကနေ တယောက်ထဲထမင်းစားရရင်လည်း လွမ်းတာဘဲလေ ။ဘယ်အရာမဆို
နှစ်ယောက်တူတူ ရှိနေရာကနေ တယောက်ထဲလုပ်ရတာမျိုးတို့ တယောက်ထဲသွားရတာမျိုးတို့ဆိုရင်
အလွမ်းက သိသိသာသာကြီးကို ရင်ထဲဖြစ်တည်လာတော့ပါဘဲ ။

ညပေါင်းများစွာ မှာ တယောက်နဲ့တယောက် မျှဝေခံစားဖော်တွေအဖြစ်နေလာခဲ့ပြီးမှ အခုလိုကျမတယောက်တည်းဖြစ်နေတဲ့ အချိန်မှာ ကျမအရမ်းလွမ်းမိပါတယ် ။အရင်ကအချိန်တွေ ပြန်မရနိုင်တော့ဘူးဆိုတာ အသေအချာသိနေပေမဲ့လည်း ရင်ထဲမှာမဝံမရဲမျှော်လင့်နေမိပြန်တယ်...။ အလုပ်မှာအဆင်မပြေတာ ကြုံလာတဲ့အခါ ကျမခံစားပေါက်ကွဲတာကို နားထောင်ပေးနေကြ သူ့ကိုလွမ်းတယ် ။ကျမအပြင်သွားစရာကိစ္စတွေပေါ်လာတိုင်း အမြဲတမ်းဘဲ ပြန်လာရင် မုန့်ဝယ်ခဲ့လို့မှာနေကြ သူ့ကိုလွမ်းတယ် ။လကုန်လို့ လခစာရင်းစာရွက်လေးရလာတိုင်း အမြဲတမ်းသူနဲ့တူတူ ဖောက်ကြည့်နေကြမို့လို့ လခစာရင်းစာရွက်လေးကို တယောက်ထဲ
ဖောက်ကြည့်ရတဲ့အခါတိုင်း သူ့ကိုလွမ်းတယ် ။ကျမအလုပ်ကသူငယ်ချင်းတွေနဲ့သွားစရာ တခုခုရှိလာတိုင်း
သူ့ကိုလွမ်းတယ် ။သူကကျမအိမ်ပြန်လာရင် အမြဲမေးနေကြလေ .ဘာတွေစားခဲ့လည်း ။ဘယ်ဆိုင်
သွားစားတာလည်း ။ စားကောင်းလား ။ တနေရာရာသွားပြီးတိုင်း ပြန်လာရင် သူ့ကိုပြန်ပြောပြနေကြ
ဆိုတော့ အခုကျမဘယ်သွားသွား ဘာလုပ်လုပ် မေးမဲ့သူမရှိတော့ စိတ်ထဲတမျိုးကြီးပါဘဲလေ။
ကျမအဝတ်အစားဝယ်လာတိုင်း သူ့ကိုပြနေကြဆိုတော့ အခုကျမပစ္စည်းတခုခုဝယ်မိတဲ့ အခါတိုင်း
သူ့ကိုလွမ်းတယ် ။ဝယ်လာတဲ့ ပစ္စည်းတွေသိမ်းရင်းနဲ့ ရင်ထဲမှာအလွမ်းဆိုတာတွေရှိနေပြန်တယ်လေ။
ကျမအလုပ်ကပြန်လာပြီး ကွန်ပြူတာဖွင့်လိုက်တိုင်း " ပစ်ပစ် ပြန်လာပြီလားလို့ " မေးနေကြ သူ့ကို
လွမ်းတယ် ။ကျမနေ့လည် အလုပ်သွားခါနီးတိုင်း " ပစ်ပစ် ထမင်းမြန်မြန်စား ..Blog ကစာတွေလိုက်ဖတ်မနေနဲ့တော့ တော်ကြာအလုပ်နောက်ကျမယ် " လို့ သတိပေးတတ်တဲ့သူ့ကိုလွမ်းတယ်။

ကျမ အလုပ်မှာထမင်းစားပြီးတဲ့ အချိန်တိုင်း ကျမပို့လာမဲ့message ကို မျှော်နေတတ်တဲ့ သူ့ကိုလွမ်းတယ်။
အခုဆိုရင် ကျမmessage ပို့လည်း သူ့စီမရောက်တော့ဘူးဆိုတာ သိနေပေမဲ့ ကျမသူ့ကိုလွမ်းတဲ့အကြောင်းတွေ ရေးပြီး Message တွေပို့မိတယ်။သူ့စီေ၇ာက်မှာမဟုတ်ဘူးဆိုတာ
သိနေပေမဲ့ ကျမmessage တွေပို့နေမိတုန်းဘဲ။ ကျမအလုပ်ကပြန်လာပြီး ညဘက်တွေ facebook မှာ cityvalle ဆော့ရင်းနဲ့သူ့ကိုလွမ်းတယ် ။သူရှိနေသားနဲ့ အဲလိုဂိမ်းတွေဝင်ဝင်ဆော့တာသူကမကြိုက်ပါဘူး ကျမကလည်းဆော့လိုက်ရမှ ဆိုတော့ ခဏခဏ ရန်ဖြစ်နေကြပါ။ ခုတော့ကျမတယောက်တည်း ဂိမ်းဆော့ရင်းနဲ့ ရန်ဖြစ်နေကြ သူ့ကိုလွမ်းတယ် ။ ကျမညဘက်အိပ်ယာဝင်ခါနီးတိုင်း သွားတိုက်ဖို့
ဆေးသောက်ဖို့ အမြဲမှာနေကြ သူ့ကိုလွမ်းးတယ်..။ သွားတိုက်နေရင်းနဲ့ မျက်၇ည်ကျမိတဲ့ညတွေတောင်
ရှိခဲ့ပါတယ် ။ဆေးသောက်ဖို့ ရေငှဲ့ရင်းနဲ့ ထိုင်ငိုမိတဲ့ ညတွေရှိတယ် ။ကျမအိပ်ခါနီးတိုင်း သူကမက်ဆေ့ခ်ျ
ပို့နေကြပါ ။ကျမညအိပ်ယာဝင်တိုင်း ရောက်လာမှာမဟုတ်တော့တဲ့ သူ့message လေးတွေကို လွမ်းတယ်..။ကျမမနက်စောစောသွားစရာရှိတိုင်း ဖုန်းဆက်ပြီးနိုးပေးနေကြ သူ့ကိုလွမ်းတယ် ။

ကျမအဝတ်အစားတထည်ဝယ်ပြီးတိုင်း လှမလှ ကျမနဲ့လိုက်မလိုက် အမြဲဝေဖန်ပေးနေကြ သူ့ကို
လွမ်းတယ် ။ကျမဆံပင်ညှပ်ဆိုင် သွားမယ်လို့ ပြောတိုင်း "ဆံပင်တွေအများကြီး ညှပ်မပြစ်နဲ့နော်" လို့
မှာတတ်တဲ့ သူ့ကိုလွမ်းတယ် ။သူနဲ့ကျမ နှစ်ယောက်တူတူဂိမ်းဆော့တဲ့အခါတိုင်း ကျမကရှုံးမဲ မဲတတ်တဲ့
သူမို့ ကျမရှုံးတော့မဲ့အခြေအနေ ဆိုရင် ကျမမခံချင်အောင်လိုက်လိုက်စတတ်တဲ့သူ့ကိုလွမ်းတယ် ။
သူကျောင်းသွားပြီးသူ့သီးဆစ် ကိုကြည့်ပေးမဲ့ဆရာနဲ့သွားတွေ့ရတဲ့ရက်တွေတိုင်း ကျောင်းကပြန်လာရင်
ကျမကြိုက်တတ်တဲ့ မုန့်တွေဝယ်လာပေးတဲ့ သူ့ကိုလွမ်းတယ် ။ညဘက်ဘုရားစာတူတူ ဆိုခဲ့ဘူးတဲ့
အချိန်တွေကိုလွမ်းတယ်။ကျမစိတ်ကူးပေါက်ရာဆွဲထားတဲ့ ပုံတွေကိုကွန်ပြူတာထဲမှာ အမြတ်တနိုး
သိမ်းထားပေးတတ်တဲ့ သူ့ကိုလွမ်းတယ် ။ကျမကလေးဘဝတုန်းကပုံလေးတွေကြည့်ပြီး ပုံတူဆွဲပေးတတ်တဲ့
သူ့ကိုလွမ်းတယ် ။ဒေါသဖြစ်စရာပြသနာတခုခုတက်တိုင်း ဟန်မဆောင်ဘဲ ပေါက်ကွဲတတ်တဲ့သူ့ကိုလွမ်းတယ် ။ကျမဘယ်လောက်ဘဲသူ့အပေါ်အနိုင်ယူနေပါစေ ...အမြဲတမ်းခွင့်လွှတ်ပြီးအလျှော့ပေးတဲ့ သူ့ကိုလွမ်းတယ်..။ကျမသူ့အနားမှာမရှိပေမဲ့ ကျမမွေးနေ့ကို
အမှတ်တရ ဖြစ်အောင် လုပ်ပေးတဲ့ သူ့ကိုလွမ်းတယ် ..။ကျမစိတ်ဆိုးတဲ့အခါ အရုပ်မလေးတရုပ်
ဝယ်လာပြီး ပြန်ချော့တတ်တဲ့ သူ့ကိုလွမ်းတယ်...။
ရှမ်းခေါက်ဆွဲ အရမ်းကြိုက်တဲ့သူ့ကို လွမ်းတယ် ။သူပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးနှစ်ဘက်ကိုလွမ်းတယ်..။အသံဝဲဝဲ စကားသံလေးကိုလွမ်းတယ် ။

ကျမက ကဗျာတွေဝါသနာပါပေမဲ့ သူကတော့ ကဗျာဆိုရင်နဲနဲမှမခံစားတတ်တဲ့သူပါ ။
ကျမကအိမ်မက် တွေကိုမလိုချင်သူပါ ။သူကတော့ အိမ်မက် ဆိုတာက စိတ်စွဲလန်းမှု့ကြောင့်ဖြစ်တာဆိုပြီး အိမ်မက်ကိုခံစားတတ်ပါတယ် ..။ကျမကချယ်ဆီးကြိုက်ပေမဲ့ သူကမန်ယူပရိတ်သတ်ပါ ။
ဒါပေမဲ့ ကျမတို့နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ပါတယ်။တယောက်ကိုတယောက် အရမ်းချစ်ပါတယ်..။

အခုသူဘာလုပ်နေမလဲကျမအရမ်းသိချင်ပါတယ်...။ ကျမကိုဆိုပြဖူးတဲ့သီချင်းတွေကို တယောက်တည်း
တိုးတိုးလေးများညည်းနေမလား ..။cry on my shoulder ဖြစ် ဖြစ်.. My love ဖြစ်ဖြစ်ပေါ့..
တောထဲမှာများကင်းစောင့်နေရမလား ..။ဒါမှမဟုတ် ကျမကိုလွမ်းနေမလား??
ကျမစီများစာရေးနေမလား။။ သက်တောင့်သက်သာရှိမဲ့ အိပ်ယာလေးတခုထဲမှာအိပ်နေပြီလား။
အတွေးပေါင်းများစွာနဲ့ ကျမသူ့ကိုလွမ်းနေပါတယ်..။

သူတာဝန်ကျတဲ့နေရာကလည်း တောထဲမှာဆိုတော့ ကျမတို့နှစ်ယောက် တွေ့ဖို့နေနေသာသာ
ဖုန်းတောင်ဆက်လို့မရပါဘူး ။ဘယ်အချိန်ဘယ်ကာလမှ တွေ့ခွင့်ရမလဲကျမ မသိပါဘူး ။
သူဘာတွေလုပ်နေရလဲ ဆိုတာကျမမသိတော့ပါဘူး ..။
သူကမပြန်ခင်မှာသွားပါတယ်...တခြားအချိန်တွေသူ့ကိုသတိမရရင်နေပါ..အိပ်ခါနီးအချိန်လေးတော့
သူ့အကြောင်းစဉ်းစားပြီး သူ့ကိုသတိရပေးပါတဲ့ ။။ ကျမအခုအချိန်တိုင်း သူ့ကိုသတိရနေပါတယ် ။။
နေ့တိုင်းသူ့ကိုသတိရနေပါတယ်။ ညတိုင်းသူ့ကိုသတိရနေပါတယ် ။အရမ်းသတိရနေပါတယ် ။အများကြီးသတိရနေပါတယ် ။ အကြီးကြီးကိုသတိရနေတာပါ ။

ကျမ သူ့ကိုဘယ်တုန်းကမှမညာခဲ့ပါဘူး.. ကျမအခု သူ့ကိုလွမ်းနေ သတိရနေ ငိုနေမိတာတွေ
အားလုံးဟာ ရင်ဘတ်ထဲကလာတဲ့ စစ်မှန်တဲ့အရာတွေပါ ။မုသားနဲ့ဟန်ဆောင်မှု့တွေလုံးဝမပါ ပါဘူး ။
အားလုံးဟာ.....ဖြူစင်သန့်ရှင်းတဲ့ သံယောဇဉ်တွေကဖြစ်လာတဲ့ခံစားမှု့တွေပါ ..။
ဒီစစ်မှန်တဲ့ စကားကြောင့် သူနဲ့ကျမဘယ်လောက်ဘဲ ဝေးကွာနေပါစေ ကျမသူ့ကိုသတိရနေတယ်ဆိုတာ သူအလိုအလျှောက်ခံစားသိနိုင်ပါစေသား...။


blackroze

AM 1:57 (12.8.2011)


( ကျမက ခံစားချက်တွေကိုဘဲရေးတတ်တဲ့သူမို့ ကျမရင်ထဲကခံစားချက်တွေကို
ချရေးထားတာပါ ....အပျင်းပြေသဘောမျိုးဖတ်သွားလို့ရပါတယ် ကျမစိတ်မဆိုးပါဘူး)


10 comments:

သူကြီးမင်း (တုံးဖလား) on 12 August 2011 at 04:52 said...

ကိုယ်ချင်းစာမိပါတယ်။ သူလဲ သတိရနေ လွမ်းနေမှာပါ။ သတိရတယ် လွမ်းတယ်ဆိုတာကလဲ ချစ်သူတွေကြားမှာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတိရနေဦး လွမ်းနေကြဦးမှာ အသေအချာပါဘဲ။ လောကကြီး မပြိုကွဲ မပျက်စီးသွားသရွေ့ပေါ့။

အဆင်ပြေပျော်ရွှင်နိုင်ပါစေ။

ခင်မင်လျက်

Cameron on 12 August 2011 at 14:29 said...

နင့်နင့်သည်းသည်းလွမ်းဖူးသူမို့.. ညီမရဲ့ အလွမ်းကို ခံစားနားလည်မိပါတယ်..။ ဖတ်ရင်းနဲ့တောင် လွမ်းပြီးငိုချင်သွားတယ်..။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့လွမ်းချင်းကိုတော့ အပျင်းပြေသဘောမျိုးနဲ့ မဖတ်ချင်ပါဘူး...။ စကားလုံးတစ်လုံးချင်းစီမှာရှိတဲ့ အလွမ်းတိုင်းကို ခံစားပြီးဖတ်ရှုသွားပါတယ်...။ ပျော်ရွှင်ပါစေ...။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) on 12 August 2011 at 19:17 said...

ကဲကဲ ဒီလောက်လွမ်းနေတဲ့အလွမ်းတွေ မြန်မြန်ငြိမ်းပြီး မြန်မြန်နီးပါစေ

ခင်တဲ့
မချော

စိတ်၏ဖြေရာ on 13 August 2011 at 05:24 said...

ညီမလေးနဲ့ထပ်တူထပ်မျှလွမ်းသွားပါတယ်။
အလွမ်းတွေဝေးပါစေကွယ်။

အဖြူရောင်နတ်သမီး on 13 August 2011 at 06:34 said...

အလွမ်းဓာတ်ခံရှိပြီးသားမို့ အလွမ်းဇာတ်လမ်းလေးကို လွမ်းလွမ်းဆွေးဆွေးနဲ့ ဖတ်သွားပါတယ် ရို့စ်ရေ...
ရင်ထဲက ဆန္ဒတွေ အမြန်ဆုံး လက်တွေဖြစ်လာပါစေကွယ်...

Anonymous said...

မ..မွန်လည်းဒီနေ့ ထိ အလွမ်းသံသရာထဲမှာ..လွမ်းနေဆဲပါ ..
မ ..ပျော်ပါစေ..

Anonymous said...

ကျွန်တော့်အတွက်တော့
အလွမ်းဆိုတာ အရက်နာလိုပါပဲဗျာာာာ


မောင်ဘကြိုင်
ရူးရူးမူးမူးတိတ်တိတ်ကြိတ်လွမ်းတတ်သူ
နေပြည်တော်မှလာသည်

တောက်ပကြယ်စင် on 16 August 2011 at 19:32 said...

အော်...တစ်လွမ်းတည်း လွမ်းနေမိတာပေါ့။ လွမ်းလည်းလွမ်း၊ စားမရ အိပ်မပျော်တော့ မလုပ်နဲ့နော်။ သူ့ကို လွမ်းရင် ပုံမှန်အိပ်၊ ပုံမှန်စားနော်။ ပုံမှန်အိပ်၊ ပုံမှန်စားမှ ကျန်းမာမှာလေ။ ကျန်းမာပျော်ရွှင်ပါစေ...

Anonymous said...

ကိုယ်ချင်းစာပါတယ်..အမြန်ဆုံးနီးပြီး အလွမ်းတွေနဲ့ ဝေးရပါစေ

Anonymous said...

မ ပြန်ဖတ်သွားတယ် ..ထပ်တူတပ်မျှ လွမ်းမိသွားတယ်
သူ ပြန်လာရင်ကကောင်းမယ်

ချစ်ခင်မှုများနဲ့ မွန်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei