ရာသီဥတု ကလည်းအရမ်းပူအိုက်တယ်.. မြန်မာမှာတော့ မိုးတအုံးအုံးနဲ့နေမှာပေါ့
ကျမနေတဲ့နေရာ မှာတော့ ပူလိုက်တာ ကျွပ်နေတာပါဘဲ...မီးမပျက်တဲ့ တိုင်းပြည်မို့
တော်ပါသေးတယ်လို့ ပြောရမှာပေါ့လေ...ဒါပေမဲ့ ပူတာ ကပူတာပါဘဲလေ...
မြန်မာပြည်မှာ မိုးတွေ ရွာတဲ့ အချိန်ဆိုရင် ကျမ မြန်မာကို အရမ်းလွမ်းမိပါတယ်..
မြန်မာပြည်က မိုးရာသီမှာ စားရတဲ့ကနစိုးသီးလည်းစားချင်မိပါရဲ့.... သရက်သီးလည်းစားချင်တယ်...
မိုးရွာထဲလည်း မိုးရေထွက်ချိုးချင်မိတယ်...ငယ်ဘဝလေးလွမ်းမိပါရဲ့ ....
ကျမ မှတ်မိပါသေးတယ်..ကျမတို့ငယ်ငယ်က ဆိုရင် အိမ်မှာထမင်းစားရင် လူကြီးတွေက ဝိုင်းနဲ့
ခင်းစားကြပါတယ်...ကျမတို့ကလေး တွေကိုတော့ "" အမေ ဗိုက်ဆာတယ် "" ဆိုရင် ထမင်းနဲ့ဟင်းကို
ပန်းကန်ပြားလေးထဲ ပုံထည့်ပေးလိုက်တာပါဘဲ..အဲဒီပန်းကန်လေးကိုင်ပြီးတနေရာရာ ထိုင်စားလိုက်တာပါဘဲ..တခါတလေ သူငယ်ချင်းတွေ အိမ်မှာ အတူတူ သွားစားတာမျိုးလည်းရှိတတ်ပါတယ်...များသောအားဖြင့်က အိမ်မှာ ဟင်းချက်၇င်
အရည်သောက်တခွက်က အမြဲပါတတ်ပါတယ်...အဲတာကြောင့်လား မသိပါဘူး..ကျမ ထမင်းစားရင်
အရည်သောက် မပါရင် မစားတတ်ပါဘူး... ဟင်းဆိုရင်လည်း ဆီပြန်ဟင်းထက် အရည်ဟင်းကို ပိုကြိုက်ပါတယ်...
ကျမ အမေက ဟင်းချက်ကောင်းပါတယ်... နောက်ပြီး မုန့်တွေဘာတွေလည်း လုပ်တတ်ပါတယ်...ကျမငယ်ငယ်ကဆို အမေ ချက်တဲ့ ဟင်းတွေထဲမှာ ငါးကျည်းကျပ်တိုက်ကို ငရုတ်သီးဘလပ်နဲ့ ကြော်ထားပြီး ပတက်စာ ဟင်းချို ချက်တာကို အရမ်းကြိုက်ပါတယ်...အဲဒီဟင်းချက်တဲ့
နေ့ဆိုရင် ထမင်းအများကြီးထပ်ထည့်ပေးပါဆိုပြီး ထည့်ခိုင်းတတ်ပါတယ်...အမေက အဲတာမို့ အမြဲပြောတယ်..ငါ့သမီးကြီးက ပိန်တာလည်း မပြောနဲ့ အဆီအနှစ် ကိုမကြိုက်ဘူး..ချည်ရည်ကျဲဟင်းဘဲကြိုက်တော့ ကြည့်ရတာ စားတာအသားမဖြစ်ဘူးထင်ပါရဲ့တဲ့...
ဆိုင်မဆိုင်တော့ မသိပါဘူး..
.နောက်ပြီးကျမအရမ်းကြိုက်တဲ့ ဟင်းနောက်တမျိုးက ကြက်သွေးဟင်းပါ
ကြက်သွေးကို သေချာပြုတ်ပြီး..မဆလာ နဲ့ မွှေးနေအောင် ချက်ထားတဲ့ ဟင်းပါ..အဲတာက ချည်ရည် မဟုတ်ပေမဲ့ ကျမ အဲဟင်းကိုတော့ အရမ်းကြိုက်ပါတယ်...အမေချက်ကျွေးနေတာမို့လို့လား မသိပါဘူး
ကျမအခုချိန်ထိ ဟင်းကောင်းကောင်းမချက်တတ်ပါဘူး...ကျမအကျွမ်းကျင်ဆုံး ချက်တတ်တာကတော့
ခေါက်ဆွဲပြုတ်တာပါဘဲ... ဘယ်နိုင်ငံက ခေါက်ဆွဲ ခြောက်ထုပ်ဖြစ်နေပါစေ..
ကျမစားကောင်းအောင် သေချာ ပြုတ်တတ်ပါတယ်....
အခုဆို ကျမငယ်ငယ်က အမေချက်ကျွေးဖူးတဲ့..ငါးကျည်းကျပ်တိုက်ကြော်လည်း
မစားရတာကြာလှပါပြီလေ...ငါးဖယ်ကြော်တို့ ငါးခူကြော်တို့ နဲ့ ထမင်းပူပူလေး ကိုဆီဆမ်းပြီး
နယ်စားချင်လိုက်တာအရမ်းပါဘဲ..ကျမနေတဲ့ နိုင်ငံမှာ အဲတာတွေ မရပါဘူး..မြန်မာထမင်းဆိုင်တွေမှာတော့.. မြန်မာဟင်းတွေ ရှိပါတယ်..ဒါပေမဲ့ ကျမစားချင်တဲ့ပုံစံမျိုး မဟုတ်ဘူး ...
တခါတလေ အိမ်မက်တွေ မက်လို့ ငယ်ငယ်က နေခဲ့အိမ်မှာ ငယ်ငယ်တုန်းကလိုဘဲ ထမင်းပန်းကန်လေးထဲ ထမင်းနဲ့ဟင်း ပုံထည့်ပြီးဖီးဖိုချောင်လေးထဲ ထိုင်စားနေတယ်ဆိုပြီးတော့ပါ....
အဲလိုအိမ်မက်တွေ မက်လိုက်မိတဲ့နေ့ဆိုရင် ကျမတော်ရုံ ပြန်အိပ်လို့မရတော့ပါဘူး...
ကျမစိတ်ထဲ ငယ်ငယ်က အိမ်လေးစီကို ပြန်သွားမိတယ်...ကျမငယ်ငယ်တုန်းက အိမ်က လူကြီးတွေက
ကလေးတွေကို ကြွေရည်သုတ် ပန်းကန်လေး တွေနဲ့ ထမင်းကျွေးတာပါ..အခုခေတ်လို ဖိုင်ဘာပန်းကန်တွေလည်း မရှိသေးပါဘူး..ကြွေပန်းကန် ဆိုတာက အိမ်မှာ အလှု တွေဘာတွေ လုပ်မှ
ထုတ်သုံးတာပါ...ကျမငယ်ငယ်က ထမင်းစားတဲ့ ပန်းကန်လေးက ပန်းပွင့်အနီလေးတွေနဲ့ပါ...အနားမှာ
ကြွေကွာပြီး မည်းမည်းလေး တွေဖြစ်နေတာ ကိုမှတ်မိနေပါသေးတယ်..
အဲဒီကြွေရည်သုတ်အနားလေးတွေပဲ့နေတဲ့ ထမင်း ပန်းကန်လေးထဲ အမေ ချက်တဲ့ ငါးကျည်းကျပ်တိုက်ကြော်လေးနဲ့ ဟင်းချိုတွေရွှဲနေအောင် ဆမ်းပြီး မီးဖိုချောင်လေးထဲ
ထိုင်ပြီး အားရပါးရ လက်နဲ့ နယ်စားမိနေတယ်လို့ အိမ်မက် မက်မိတယ်..ကျမ တခါလောက် အဲလိုအချိန်လေးတွေ ပြန်လိုချင်မိတယ်...
မနက်ဘက်ဆို အမေ ထုတ်ပေးတဲ့ ပိုက်ဆံ တကျပ်နဲ့ ကျမတို့ ညီအမ နှစ်ယောက် ကြာဇံသုတ်သွားစားကြပါတယ် .... ကြာဇံသုတ်တပန်းကန် ငါးမူးပါ...နှစ်ယောက်ဆိုတော့ တကျပ်ပေါ့
မနက်ဘက်အတွက် မုန့် ဖိုးတကျပ်ရပါတယ်...အခုနေခါ ဝယ်စားတဲ့ကြာဇံသုတ်တပွဲက ငယ်ငယ်က
မနက်ဘက် ညီအမ နှစ်ယောက် အတူသွားစားခဲ့တဲ့ ကြာဇံသုတ်တပွဲနဲ့ အရသာချင်းတူနိုင်မယ် မထင်ပါဘူး..
ကျမညီမက စားတာနှေးပါတယ်..ကျမက စားတာမြန်ပါတယ်..ကျမစားပြီးသွားပေမဲ့ သူစားပြီးတဲ့ အထိ
စောင့်ပေးရပါတယ်..ပြီးမှ နှစ်ယောက်သား အတူတူအိမ်ပြန်လာကြတာပါ..
အခုတော့ အဲတာလေးတွေက ပြန်အမှတ်ရစရာလေးတွေဖြစ်သွားပြီပေါ့....။။
အဲလိုအမှတ်ရစရာလေးတွေကလည်းအများသား... စိတ်ပင်ပန်းတာတွေ များလာတိုင်းကလေးဘဝ ကိုဘဲ
ပြန်သွားနေမိတော့တယ်... ။။ ။။။။ ။။။။။။။
ပစ်ပစ်
12.8.2013
Am 3:28

10 comments:
ပစ်ပစ်တစ်ယောက် ပူပူအိုက်အိုက်နဲ့ ငယ်ဘ၀ကိုဇာတ်ကြောင်းလှန်ပြီး အမေ့လက်ရာကိုအောက်မေ့နေပါသည်။
တော်တော်စားကောင်းမှာဘဲနော်။
ငါးကျည်းကျပ်တိုက်စားချင်တယ်။ ဘယ်လိုပုံစံလဲမသိဘူး။
လေးစားစွာဖြင့်
လရိပ်အိမ်
ဝက်မလေး အတိတ်အကြောင်းတွေတွေးပြီး မျက်ရည်တွေလဲ ကျမနေနဲ့ဦး။ တကထဲ သူလုပ်လိုက်မှ လွမ်းစရာတွေချည်းဘဲ။ ဖတ်ရင်းနဲ့ ဘာကို လွမ်းရမှန်းမသိဘဲ တစ်ခုခုကို လွမ်းနေမိသလိုတောင် ခံစားလိုက်ရတယ်။
အင်း ပစ်ပစ်ရဲ့ပို့စ်ဖတ်ရင်း ဦးဟန်ကြည်တောင် ကလေးဘ၀ကို ပြန်ရောက်သွားသလိုပဲ...ကြွေရည်သုတ်ဇလုံလေးတွေကိုလည်း လွမ်းမိပါရဲ့...ဘ၀ဆိုတာက နောက်ပြန်လှည့်လို့မရတဲ့ တစ်လမ်းမောင်းဖြစ်နေတော့လည်း ရောက်တဲ့အသက်မှာ ပျော်အောင်နေကြရတော့တာကလား...
ကျနော်တို့လည်း ငယ်ငယ်က ကြွေရည်သုတ် သံပန်းကန်လေးတွေနဲ့ ထမင်းစားခဲ့ရတာပါပဲ..၊ ညီမအမေရဲ့ လက်ရာ ငါးကျည်းကျပ်တိုက်နဲ့ ပဒပ်စာ ဟင်းချိုအကြောင်း ဖတ်ရတာနဲ့တင် သွားရည်ကျချင်စရာ...၊ အတော့်ကို အရသာရှိမှာ သေချာတယ်၊း)
ညီမပစ်ပစ်ရဲ့ ငယ်ဘဝတွေကို ဗိုက်ဆာဆာနဲ့ ရောယောင်ပြီး လွမ်းသွားတယ်။း))
ဟုတ်ပဗျာ ... ကနစိုးသီး စားချင်လိုက်တာ ... ။
ပစ်ပစ်ရဲ့ ငယ်ဘ၀လေးဖတ်ပြီးကိုယ့်ငယ်ဘ၀လေးကိုပါ လွမ်းမိတယ်
ငယ်ငယ်ပိုစ့်လေးတွေဖတ်ရတာ
ရိုးသွားတယ်မရှိဘူးအေ ။
့
ငယ်ကတော့ လူကြီးဖြစ်ချင်လိုက်တာ ပြောမနေနဲ့တော့
ကြီးလာတော့ လူကြီးဖြစ်နေရတာ သိပ့်ပင်ပန်းတယ်
အဲတော့ ငယ်ဘ၀ညကိုပဲ ပြန်ပြန်သွားချင်မတော့တယ်အေ ။
မင်းဧရာ
ပစ်ရယ်... ပစ်ရဲ့ ငယ်ဘ၀ပိုစ့်လေးကိုမြင်တော့ အိမ်ကိုတောင်လွမ်းသွားပြီး ။ ပတက်စာဟင်းကိုဆုမြတ်လည်းသိပ်ကြိုက်တာ
ကျမညီမက စားတာနှေးပါတယ်..ကျမက စားတာမြန်ပါတယ်..ဆိုတာနဲ့ပတ်သတ်ပြီး မြတ် ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုကို သတိရမိတယ်။ မြတ်နဲ့ညီမဝမ်းကွဲလေးက ၂၄ရက်ပဲ ကွာတယ်။ အဘွားတွေအိမ် အလည်သွားကြပြီဆို ပူတင်းပေါင်မုန့် ကျွေးပြီဆိုရင် သူက စားတာနှေးလို့ တစ်ခုပဲ ကုန်သေးတဲ့အချိန် မြတ်က အစားကြီးတော့ နှစ်ခုတောင် ကုန်နေခဲ့ပြီတဲ့။ ဒီလိုနဲ့ တူးတူး ဆိုတဲ့ ငယ်နာမည်လေးကို မြတ်ရခဲ့ပါလေရော ပစ်ပစ်ရေ။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..