06 September 2011

သို့ ..ချစ်သူ

Posted by blackroze at Tuesday, September 06, 2011
ဒီနေ့ဆိုသူနဲ့မတွေ့ရတာတလ ပြည့်ပြီပေါ့ ။ ပြီးခဲ့လ 5ရက်နေ့ညက သူနောက်ဆုံးအွန်လိုင်း လာသွားတာဘဲလေ ။ အဲနေ့ညကကျမလခစာရွက်ရတယ်လေ ။သူနဲ့တူတူဖောက်ကြည့်ခဲ့တာလေ ။
ကျမဒီညအလုပ်ကပြန်တော့ 7-11 မှာ ပိုက်ဆံသွားထုတ်တယ် ။ခါတိုင်းဆို မုန့်တခုခုဝယ်လာပေးနေကြပါ ။ဒီညတော့ ကျမစားမဲ့ ခေါက်ဆွဲဗူးနဲ့ ကိတ်မုန့် ဘဲဝယ်လာခဲ့တယ်... အိမ်ရောက်တော့ ခေါက်ဆွဲဗူးဖောက် ရေနွေးထည့် ခဏလောက်အုပ်ထားရင်းနဲ့ အဝတ်အစားလဲရေချိုး ခါတိုင်းလိုဘဲ ညတွေကိုတယောက်ထဲရင်ဆိုင်ဖို့ပြင်ဆင်ရတယ် ။ ဒါပေမဲ့ ခါတိုင်းညတွေနဲ့မတူပါဘူး...
ကျမဒီစာရွက်လေးကို ဘယ်လိုအင်အားနဲ့ဖောက်ရမလဲ ။ကျမကိုယ်ထဲမှာအားတွေမရှိတော့ဘူး ...။
ကျမစာရွက်လေးကိုင်ထားရင်းနဲ့ဘဲ သူ့ကိုသတိရလို့ ငိုမိတယ် ။ကျမရှေ့ကခုံပေါ်မှာ စာအိတ်လေးကဒီတိုင်းပါဘဲ ။။ သူဘယ်ရောက်နေလဲ ကျမမသိတော့ပါဘူး ...သူတာဝန်ကျတဲ့နေရာကလည်း ဟိုးတောထဲမှာ ။ခုဆိုဘာတွေလုပ်နေရလဲ ။
ဘယ်လိုနေ နေရလဲ ။ကျမဘာဆိုဘာမှမသိတော့ပါဘူး ။စုံစမ်းမေးမြန်း ဖို့ဆိုတာကလည်း သူရှိနေတဲ့
နေရာနဲ့ ကျမရှိနေတဲ့နေရာ အဝေးကြီးပါ ။ကျမဘယ်သူ့ကိုမေးရမှာလဲ ။ဘယ်သူမှလည်းကျမ မသိပါဘူး...။ တယောက်တည်းပေမဲ့လည်း ရင်ဆိုင်ရဲရမယ်နော် တဲ့ ။သူမှာသွားတာလေ ။
ကျမအရာအားလုံးကို ရင်ဆိုင်နိုင်အောင် ကြိုးစားနေပါတယ်....။သူမပြန်ခင်မှာသွားတာတွေ အားလုံး
ကျမနားထောင်ပါတယ် ။ကျမသူမကြိုက်တာတွေ တခုမှမလုပ်မိအောင် ကြိုးစားပြီးနေပါတယ် ။
သူသိပါ့မလား ။။


ခုတော့ ကျမတယောက်ထဲရယ် ။ ရာသီဥတုကလည်း ဒီရက်ပိုင်းနဲနဲအေးလာတယ် ။ခါတိုင်းဆိုညဘက်
အိပ်ရင်စောင်ခြုံစရာမလိုဘူး ။ခုရက်ပိုင်းတော့ ညဘက်အိပ်ရင် စောင်ပါးလေးတထည်လောက်တော့ ခြုံထားရတယ် ။ အရင်ကဆို အိမ်မှာဆိုရင် ဘောင်းဘီတိုတို့ ဂါဝန် တို့ ဝတ်နေရာကနေ ခုရက်ပိုင်း
အကျီလက်ရှည် ဘောင်းဘီရှည်တွေပြန်ဝတ်နေရတယ်.. အင်းးလေ 9လပိုင်းတောင်ရောက်နေပြီဘဲ
နောက်ဆို ဒီထက်ပိုချမ်းတော့မှာလေ ။အချိန်တွေ မကြာသလိုဘဲလေ ။ခဏလေးလိုဘဲ ။သူတောင်
ကျောင်းပြီးလို့ပြန်သွားပြီလေ ။ကျမစိတ်ထဲမှာတော့မနေ့တနေ့ကလိုပါဘဲလေ ။ပြောခဲ့ တဲ့စကားတွေ
ရန်ဖြစ်ခဲ့ကြတာတွေ ။ဒေါသထွက်လို့ ငိုခဲ့ရတာတွေ ။ကျမဒေါသထွက်လာရင် အနားမှာရှိတဲ့ စာရွက်တို့
ရှိနေတာတခုခု ကိုဆွဲဖြဲပြစ်တာပါ ။သူက facebook မှာဓါတ်ပုံတင်တာမကြိုက်ပါဘူး ကျမကလည်းသူ့ကို
ဒေါသထွက်စိတ်တိုလာရင် facebook မှာကျမပုံတွေ တင်ပလိုက်တာပါ ။အဲတာဆိုရင်တော့ ဘာပြောကောင်းမလဲနော် ။။ပွဲကြီးပွဲကောင်းပေါ့ နော် ။ အစပိုင်းသူတခွန်း ကိုယ်တခွန်း ပြောနေရာကနေ
နောက်ဆုံး ကျမကအရွဲ့တိုက်ပြီး သူမကြိုက်တာတွေ ကြီးဘဲလုပ်နေပြီ ဆိုရင်တော့ ။
သူ့ဘက်ကလည်း counter ပြန်လာတာ ပါ ။သူကအရမ်းစိတ်တိုလာရင် ပထမဆုံး ..မျက်နှာတွေ ရဲလာမယ် ။ ဒုတိယ ...စိတ်တိုပြီး စကားပြောတာပြတ်တောင်းပြတ်တောင်းဖြစ်လာမယ် ...။
နောက်ဆုံးကတော့ ဒေါသထွက်ပြီးခုံကိုလက်သီးနဲ့ထိုးချပလိုက်တာပါဘဲ ...အဲလိုလာလုပ်လို့ကတော့
ပစ်ပစ်တို့ကကြောက်မယ်များမှတ်နေလား....ဝေးသေး ...လုံးဝကိုမကြောက်တာ သူမှအနားမှာမရှိတာလေ..
ဘာကြောက်စရာ လိုလဲနော် ...။သူ့လက်ဘဲနာတာလေ ..။သူအနားမှာရှိရင်တော့ တမျိုးပေါ့ ။
ဘယ်လောက်ဘဲဝုန်းဒိုင်းဖြစ်နေပါစေ ။နောက်ဆုံးတော့လည်း ပြီးသွားတာပါဘဲ ...သူတအားပေါက်ကွဲ
နေပြီဆိုရင်တော့ ငိုချပလိုက်တာအကောင်းဘဲလေ...ငိုချင်ချင် မငိုချင်ချင် ဖြစ်ညှစ်ပြီးသာငိုပလိုက်
သူ့စိတ်သူပြန်ထိန်းပြီး ပြန်လာချော့ပါလိမ့်မယ် ...ကျမကတော့တခါမှကိုဖြစ်ညှစ်ပြီး ငိုစရာကိုမလိုတာ
မျက်ရည်က အော်တိုမစ်တစ် ကိုကျလာတာပါ ...။အဲလိုအခါမျိုးဆိုရင် ကျမကငို သူကခုတင်ပေါ်
မှောက်အိပ်နေလိုက်တာပါဘဲ ...ခဏပါဘဲ ..သူဘဲပြန်လာချော့တာပါ ..ပစ်ပစ်မငိုနဲ့ တိတ်တိတ် ဆိုပြီးတော့လေ ။ကလေးလည်းမဟုတ်ဘဲ အားအားရှိငိုတယ်ဆိုပြီး ။ ပြန်လာချော့ပါတယ် ...။
အဲလိုအခါကျတော့လည်း ရာသီဥတုလေးက ပြန်သာယာသွားပြန်ရော... ကိုကဘာလို့အဲလိုပြောရတာလဲ
ပစ်ပစ်ကရောဘာလို့အဲလိုလုပ်ရတာလဲဆိုပြီးတော့ ....ပြောရင်းဆိုရင်းနဲ့ဘဲပြန်တည့်သွားကြတာပါဘဲလေ။။


ခုတော့ ကျမငိုလည်း ကျမကို မငိုနဲ့ တိတ် တိတ် လို့ပြောမဲ့သူမရှိတော့ပါဘူး ....ကျမကိုစိတ်ဆိုးပြီးခုံကို
လက်သီးနဲ့ထိုးမဲ့သူလည်းမရှိတော့ဘူး.... ကျမဆံပင်စည်းဖို့ဆိုပြီးခေါင်းစည်းကြိုးလေးတွေ ဝယ်လာပေးမဲ့သူ
မရှိတော့ဘူး .... ကျမကိုပုံလေးတွေဆွဲပေးမဲ့သူမရှိတော့ဘူး ....ကျမနဲ့တူတူရုပ်ရှင်ကြည့်ပေးမဲ့သူ မရှိတော့ဘူး
ကျမကိုသီချင်းဆိုပြမဲ့သူ မရှိတော့ဘူး ...ကျမကိုစာဖတ်ပြမဲ့သူမရှိတော့ဘူး...ကျမသူ့ကိုလွမ်းနေတယ်...
သူရောကျမကိုလွမ်းနေပါ့မလား ...။။။

ဒီလ 30ရက်နေ့ကသူ့မွေးနေ့ပါ ။။ကျမမွေးနေ့ကို သူကအမြဲလုပ်ပေးနေကြပါ ။သူမွေးနေ့ကိုလည်းကျမ
ဒီနှစ်သူငယ်ချင်းတွေကို pizza လိုက်ကျွေးမယ်လို့စဉ်းစားထားပါတယ် ။။သူကတော့ ပစ်ပစ်အဆင်ပြေတာ
လိုက်ကျွေးလိုက်တဲ့ ။သူတို့လည်းကြိုက်မဲ့စားစရာပေါ့ ။အဲနေ့ကို ပစ်ပစ်ကိုရအောင်လာတွေ့မယ်လို့
သူကတိပေးသွားပါတယ်...။သူလာတွေ့ပါ့မလား ...လာဖို့ေ၇ာ အဆင်ပြေပါ့မလား ။။။ကျမသူငယ်ချင်း
တွေကတော့ 9လပိုင်း..30ရက်နေ့ကို အရမ်းစိတ်ဝင်စားနေကြပါတယ်...သူငယ်ချင်း5ယောက်ရှိတာ စားချင်တာ 5မျိုးဖြစ်နေပါတယ်..တယောက်ကိုတမျိုးစီ အဆိုတင်သွင်းထားလို့ပါ ။။တယောက်ကဒန်ပေါက်
တယောက်က ဟမ်ဘာဂါ ..တယောက်က ကုလားဆိုင်သွားချင်တယ်တဲ့..တယောက်ကတော့ Pizza ဘဲလုပ်ပါတဲ့လေ ။ကဲ..အဲနေ့ဘာလိုက်ကျွေးရမလဲ ။။မွေးနေ့ရှင်ကတော့ တောထဲရောက်နေတာလေ။။
ကျမကတော့ အဲနေ့မှာသူမွေးနေ့အထိမ်းမှတ်နဲ့ သူငယ်ချင်းတွေမုန့်လိုက်ကျွေးတယ်..သူကတော့ တောထဲ
မှာတပ်ကချက်တဲ့ ဆန်ကြမ်းနဲ့ ပဲဟင်းဘဲ စားနေရမလားမသိပါဘူးလေ..။
သူနေရတာရော အဆင်ပြေရဲ့လားမသိပါဘူးလေ....။။

ကျမအလုပ်မှာ လက်ကိုခိုက်မိလို့ သွေးခြည်ဥပြီး လက်မနားလေးမှာ အကြောတင်သလိုဖြစ်ပြီး
ယောင်နေပါတယ်..သူသာရှိနေမယ်ဆိုရင် ပစ်ပစ် လက်ကိုဘယ်လိုလုပ်ထားလေ ဘာဆေးလိမ်းထားဆိုပြီး
ပြောမှာသေချာပါတယ် ...ခုတော့ ကျမကိုယ့်ဘာကို ဘဲ ဆေးလိမ်းပတ်တီးလေးပတ်ထားရပါတယ်....
ခုတော့ တယောက်ထဲလည်းနေတတ်အောင် ပြန်ပြီးလေ့ကျင့် နေရသလိုဖြစ်နေပါတယ်လေ ။။
တခုခုဆို သူ့ကိုအရင်သတိရမိတယ်......
သူကရော ကျမကိုအဲလိုသတိရနေပါ့မလား ...။။။


ကျမကသူ့ကို ကြောင်ကြီး Tom လို့တခါခါခေါ်တတ်ပါတယ် တခြားတော့မဟုတ်ပါဘူး ။သူနဲ့ကျမကြောင်နဲ့ကြွက်လို ခဏခဏ ရန်ဖြစ်တတ်လို့ပါ ပြီးရင်လည်းဘာမှလည်းမဟုတ်ပါဘူး....
တရက်ပြည့်အောင်တောင်မခေါ်ဘဲနေနိုင်ကြတာ လည်းမဟုတ်ပါဘူး...သူကလည်း ကျမကို Jerry pigpig
လို့ နာမည်ပြန်ပေးထားပါတယ် ။။။ကျမတို့နဲ့ခင်တဲ့ အမတယောက်က ဆို အမြဲစပါတယ် ..Tom and jerry
ကိုမကြည့်တော့ဘူးတဲ့ ..နင်တို့နှစ်ယောက်ကိုဘဲကြည့်တော့မယ်ဆိုပြီးတော့ပါ ။။စစတွေ့ချင်းကတော့
သူကတခြားနာမည် ခေါ်တာပါ ။အဲတုန်းကရန်မဖြစ်ကြပါဘူး ။။တည့်တယ် ။။စိတ်ဆိုးတာလည်းအဲလောက်
မရှိသလိုဘဲ ။ နောက်တော့ နဲနဲရင်းနှီးသွားတော့ အိမ်က ညီအမတွေခေါ်သလို ပစ်ပစ်လို့သူကလိုက်ခေါ်ပါတယ် ..အဲတော့မှစရန်ဖြစ်တော့တာပါဘဲ ...။ အိမ်ကညီမနဲ့လည်းခဏခဏ
ပွစိပွစိ ဖြစ်နေကြပါ ။။ နောက်တော့ သူအဲနာမည် ခေါ်တော့ သူ့စီပါဓါတ်ကူးသွားလားမသိပါဘူး ။
သူနဲ့ပါ ခဏခဏ ပွစိပွစိ စကားများတော့တာပါဘဲ.. ဘာမှလည်းမဟုတ်တဲ့ကိစ္စလေးတွေပါ ....။။
ခုတော့လည်း အဲလိုခဏခဏရန်ဖြစ်ခဲ့ကြတာလေးကိုဘဲ ပြန်သတိရနေမိပါတယ် ..။
သူရော သတိရနေပါ့မလား ...ကျမကတော့ အခုသူ့ကိုလွမ်းပြီး စာတွေရေးလို့ သူကတော့ အိပ်ဘဲအိပ်နေပြီလား ....ခြင်တွေဘဲကိုက်နေလို့ စိတ်ညစ်နေပြီလား...တောထဲမှာသေနတ်ကြီးပိုက်ပြီးအိပ်ငိုက်နေမလားမသိပါဘူးလေ ...။


ဝေးနေတော့လည်းနေတတ်အောင်ကြိုးစားပြီးနေရတာပါဘဲလေ...သူများတွေလိုမနီးသေးဘူးလေ..
အမ မဒမ်ကိုးတို့လိုပေါ့နော်...ဒါတောင်အမက စလုံးနဲ့မလေး ဆိုတော့ နီးနီးလေးပါ...။။


သတိရခြင်းတွေကို ဟိုးးးးးးအဝေးကြီးကနေ ကိုတယောက် သိပါစေနော်....။။

ကိုရဲ့ Jerry ပစ်ပစ်


6.9.2011 AM 3:43

10 comments:

တောက်ပကြယ်စင် on 6 September 2011 at 04:15 said...

ပစ်ပစ်ရေ အဲဒီလောက်ထိ ခံစားနေရလားကွယ်။ နှစ်ကိုယ့်တစ်စိတ်ဆိုတာလေ ပစ်ပစ်ရဲ့။ သူလည်း လွမ်းနေမှာ၊ သတိရနေမှာ၊ ဆွေးနေမှာ အိပ်မက်မက်နေမှာပါ ပစ်ပစ်ရယ်။ ဘုန်းဘုန်းက နှစ်မျိုးမှာကြိုပြောထားမယ်နော်။ ဟမ်ဘာဂါရယ်၊ ပီဇာရယ်။ အိုကေတယ်မလား။ ရန်ဖြစ်စရာမရှိရင် ခေါင်းအုံးနဲ့ ရန်ဖြစ်လိုက်ပေါ့။ အဝေးကို လွင့်ပစ်လိုက်၊ ပြန်သွားကောက်လိုက် လုပ်ပေါ့။ သူ့ကို မေတ္တာပို့ပေးပေါ့ ပစ်ပစ်ရယ်။ နော်။ ကျန်းမာပျော်ရွှင်ပါစေ...

blackroze on 6 September 2011 at 04:18 said...

ဘုန်းဘုန်းကပထမဦးဆုံးလာဖတ်လို့ ဟမ်ဘာကာရော Pizza ရောအပြင်
cocacola လေးပါတိုက်မှာ..

စံပယ်ချို on 6 September 2011 at 04:35 said...

ပစ်ပစ်ရေ
ချစ်ခြင်းတွေစစ်မှန်ခဲ့ရင်တောပစ်ပစ်လွမ်းတာကို
သူသိစေပြီး သူလွမ်းနေတာလဲ ပစ်ပစ်သိမှာပါနော်....
ချစ်ခင်တဲ့ jas

ကိုကိုမောင်(ပန်းရနံ့) said...

ပီဇာလဲ မကြိုက်၊ ဟမ်ဘာဂါလဲ မကြိုက်။ ဖြစ်နိုင်ရင်တော့ ကောက်ညှင်းငါးချိတ်ပေါင်းကို ငါးရံ့ခြောက်ဖုတ်ဆီဆမ်းလေးနဲ့ ရေနွေးကြမ်းလေးနဲ့။ အဲဒါကိုဘဲ တမ်းတမိတယ်။

ပစ်ပစ်ဆိုတာ ဘာများလဲလို့။ ဟိုဘက်က ကိုကိုစစ်သားကြီးဆိုတော့ သေနတ်များ ပစ်ခိုင်းတာလားလို့။ လက်စသတ်တော့ ၀က်မလေးကိုးးးးးးးးးးးးးးးးး။
အင်းးး ၀၀တုတ်တုတ် စူပုပ်ပုပ်ကလေး ဖြစ်မှာ သေချာတယ်။

မဲ
ဝတုတ်
စူပုပ်

း((

သူများလွမ်းနေတာကို အလိုက်မသိ ခင်လို့ စသွားသည်။

ခင်မင်လျှက်
ကကမ(ပရန)

လင်းခေတ်ဒီနို on 6 September 2011 at 08:49 said...

ခံစားချက် အစစ်တွေ ထင်ပါ့ ပစ်ပစ်ရေ . . . နက်နက်ကနေ ပစ်ပစ်ပဲ ပြောင်းခေါ်ပီး . . . အယ် ရန်တော့ လာမဖြစ်နဲ့နော်း)))

ခင်မင်စွာဖြင့်
ဗညားရှိန်
lynnkhitdeno301@gmail.com

mstint on 6 September 2011 at 09:10 said...

ပစ်ပစ်ရဲ့ ချစ်ချစ် အမြန်ဆုံးဆက်သွယ်နိုင်ပါစေကွယ်။
ဆက်သွယ်မလာရင်လည်း ပစ်ပစ်အတွက် အနာဂါတ်မှာ အကောင်းဆုံးတွေဖြစ်လာဖို့ပဲလို့ ဖြေသိမ့်နိုင်ပါစေနော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မ ချစ်သူရဲ့ မွေးနေ့ မှာအဆက်သွယ်ပြန်ရပါစေ..မွန်ဆုတောင်းပေးပါတယ်
မ ခံစားချက်တွေ လာဖတ်သွားပါတယ်

မ အေးချမ်းပါစေ

Maung Myo on 6 September 2011 at 13:18 said...

လွမ်းစရာလေး ကိုယ်ကတော့ လွမ်းမယ့်သူမရှိဘူးရယ်း)

အချစ်တွေနဲ့ အလွမ်းတွေပြေပါစေဗျာ ။

ညီရဲ on 6 September 2011 at 13:33 said...

၃၀ ရက်နေ့ မွေးနေ့ နော် မှတ်ထားလိုက်မယ်။ တို့ ကတော့ ဘူဖေး တစ်ခုခု ကျွေးရင် တော်ပါပြီ...

လွမ်းနေတဲ့ သူငယ်ချင်း ပျော်အောင် စလိုက်တာပါ။ ငါ့သူငယ်ချင်းလေး ဒီလောက်လွမ်းနေတာ သူလဲ သိမှာပါလေ... မသိလဲ နောင်သူနဲ့ တွေ့ ခွင့်ကြုံခဲ့ရင် ပြောပြပေးလိုက်ပါ့မယ်။ လိပ်စာသာပေး...

ဟန်ကြည် said...

အလိုလေး...အပေါ်က မောင်မျိုးက ကြားထဲကနေ ကြော်ငြာဝင်သွားသေးသကိုး...အိမ်း...မစွံသေးတဲ့ ချာတိတ်ဆိုတော့လည်း အားကျပေမပေါ့ ပစ်ပစ်ရယ်...ချစ်ခြင်းမေတ္တာရဲ့ မှန်ကူကွက်အောက်မှာ အရာအားလုံးဟာ လှပမြဲလှပနေလေ့ရှိတာမို့...လွမ်းဆွတ်တမ်းတခြင်းကိုလည်း လှလှပပလေးခံစားလိုက်ပေါ့လေ...နှလုံးသားရဲ့ဘာသာစကားဆိုတာ နှလုံးသားချင်းနီးစပ်သူချင်း၊ ရင်းနှီးသူချင်းကြားမှာ ကြားခံမလိုဘဲ ကြားနိုင်တဲ့ ဘာသာစကားဖြစ်တာမို့ ပစ်ပစ်ရဲ့ ချစ်ချစ်လည်း ထပ်တူထပ်မျှ လွမ်းမှာသေချာပါတယ်...ဒါပေမယ့် ယောက်ျားအလွမ်းဆိုတော့လည်း ကဗျာတော့ ဆန်ချင်မှ ဆန်ပေမပေါ့လေ...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei