08 October 2011

Jerry pigpig feeling

Posted by blackroze at Saturday, October 08, 2011



ကျမကိုမော်လမြိုင်ဆိုတဲ့ နယ်မြို့လေးကဆေးရုံလေးတစ်ခုမှာမွေးတာပါ ။ မွေးတုန်းကသေးသေးလေးလို့
အမေကပြန်ပြောပြပါတယ် ။ကလေးမို့သေးတာထက် မွေးကထဲကသူများကလေးတွေနဲ့ ပေါင်ချိန်ယှဉ်ရင်
ကျမကပေါင်နဲနဲလေးပါ ။5ပေါင်နဲ့ ဘယ်နှစ်အောင်စဆိုလဲမသိပါဘူး ။အမေတောင်မေ့နေပါတယ်.....။
ကလေးဘဝကလည်းအ၇မ်းချူချာတယ်လို့ပြောတယ် ။ကျမငယ်ငယ်ကဆေးတခါသောက်ဖို့အရေး
အင်မတန်စိတ်ညစ်ရတယ်တဲ့ ။ဆေးတလုံးလောက်သောက်ဖို့ကိုရေကတခွက်နဲ့တောင်မလောက်ပါဘူး ။
ဆေးသောက်လိုက် ဝေါ့ဆိုပြီး အန်ချလိုက် ။နောက်ထပ်ဆေးတလုံးထပ်သောက် ထပ်ပြီးဝေါ့တာပါဘဲ ။
အဲဒီဆေးသောက်ရင်အန်တတ်တဲံ အကျင့်ဆိုးကြီးကအခုထက်တိုင်ပါလာပါတယ် ။ဒီအရွယ်ကြီးကောင်
ကြီးမားကြီးရောက်လို့ ဆေးသောက်လွယ်သွားပြီလို့မထင်လိုက်ပါနဲ့ ။ခုချိန်ထိအောင်ဆေးသောက်ရင်
ဝေါ့ တုန်းပါဘဲ။ကျမမှတ်မိသလောက်ကျမငယ်ငယ်ကဆေးခန်းသွားပြရင် ဆရာဝန်ကိုဆေးလုံးသေးသေး
ဘဲပေးပါလို့ ပြောနေကြပါ ။

ကျမငယ်ငယ်ကမော်လမြိုင်မှာမွေးပေမဲ့ နဲနဲကြီးလာတော့အဖေက ရန်ကုန်ကိုတာဝန်နဲ့ပြောင်းတော့ မိသားစုရန်ကုန်ကိုပြောင်းလာကြပါတယ် ။
ပြောင်းလာလာချင်းရေကျော်ဘက်မှာလားမသိဘူး နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အပေါ်ထပ်ကိုငှားနေကြပါတယ် ။နေ့လည်ဘက်ဆို မော်တော်ကားနဲ့ရေခဲမုန့်လာရောင်းတာရှိတယ် ။
အဲအချိန်တုန်းကရေခဲမုန့် ကတော့လေးအပေါ်မှာ..ဝေဖာလေးတခုပါ တင်ထားပေးတယ်..တခုကိုတစ်ကျပ်လား နှစ်ကျပ်လားမသိဘူးပေးရတယ် ။အဲဒီရေခဲမုန့်ကားလာရင်
အမြဲတမ်းစားချင်တယ်လို့ပူဆာနေကြပါ ။ နောက်တော့ကျောင်းတက်ရပါတယ် ။မူကြိုပေါ့ ။
မူကြိုမှာလည်းကျမက သူငယ်ချင်းပေါင်းတာနဲတယ် ထင်တာဘဲ....မူကြိုကအကြောင်းတွေသိပ် မမှတ်မိ
သလိုဘဲ ။သေချာပြန်တွေးရင်ဘာမှမရှိဘူး ။ ကျမမူကြိုတက်တုန်းက နေ့လည်ဘက်ဆို ခေါင်းအုံးလေးတွေ စောင်လေးတွေထုတ်ပေးပြီး အိပ်ခိုင်းပါတယ် ။အိပ်ယာကနိုးရင်မုန့်ကျွေးပါတယ်...
အဲတုန်းကကျမမှတ်မိတာက ဘီစကစ်ကိုအရုပ်ပုံစံတွေလုပ်ထားတာလေ ။ သေနတ်ပုံစံတို့ ကားပုံစံတို့ နောက်ပြီးအရုပ်ပုံစံလေးတွေ လုပ်ထားတာ အစုံရှိတယ် ။အိမ်ကအဲလိုမုန့်တွေထည့်ပေးနေကြ ။ကျမကအဲလိုဟာတွေသိပ်မကြိုက်ပါဘူး ။ကျမကြိုက်တာက ဂျယ်လီတို့ဝေဖာတို့ ချော့ကလက်တို့ အဲတာမျိုးဘဲစားချင်တာ ။စားချင်တာမပါတော့ သူများဝေဖာစားနေတာတွေ့ရင် စားချင်စိတ်နဲ့ ငေးမိတယ်ထင်ပါတယ် ။မူကြိုကအမကြီးတယောက်က တခြားကလေးမုန့် နဲ့ ကျမမုန့်နဲ့ တခါတလေ လဲပေးတတ်ပါတယ် ။ ( ကျမအခုပြန်စဉ်းစားမိတော့ ကျမသားသမီးတွေအလှည့်ကျရင် သူတို့စားချင်တဲ့မုန့်မေးပြီး ထည့်ပေးမယ်လို့ပါ ။ ကျမငယ်ငယ်ကလို သူများစားနေတာကို ငေးမိတာမျိုး မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားပါတယ် )

ကျမငယ်ငယ်ကမူကြိုကိုနှစ်ခါပြန်တက်ရပါတယ် ။ နှစ်နှစ်တိတိတက်ရတယ်လို့ပြောတာပါ ။ ပထမတနှစ်ကတော့ မူကြိုတက်တယ် ။နောက်တနှစ်ရောက်တော့ ကျောင်းမှာသူငယ်တန်းသွားအပ်တယ် ။
ကျမက December Born ပါ..ဒီဇင်ဘာမွေးတဲ့သူတွေက ကျောင်းတက်တနှစ်နောက်ကျပါတယ် ။ကျမကိုကျောင်းအပ်တော့ အသက်မပြည့်သေးဘူးဆိုပြီး ကျောင်းအုပ်ကြီးကလက်မခံပါဘူး ။အဲတာနဲ့ မူကြိုကိုနောက်တနှစ်ထပ်တက်နေရပါတယ် ။ကျမနဲ့မူကြို First year တက်ခဲ့တဲ့ သူတွေက ကျောင်းတက်ကုန်ပါပြီ ။ကျမတယောက်ဘဲမူကြိုမှာနောက် တနှစ်ထပ်နေရတာပါ ။မူကြိုsecond year ဆက်တက်တာပေါ့ ။မူကြို second year ပြီးတော့ ကျောင်းကြီးတက်ပါတယ် ။သူငယ်တန်းပေါ့ ။
တကယ်ကျောင်းသွားတက်တော့ အရမ်းကြောက်တာဘဲ ။ကျောင်းဆင်းရင် အမေလာမကြိုမှာတို့ ။ကျောင်းကဆရာမက ရိုက်မှာတို့ ။စိတ်ထဲဘာကိုတွေးပြီးကြောက်နေမှန်းကိုမသိပါဘူး ။ကျောင်းစတက်တဲ့နေ့က တချိန်လုံးငိုနေတာပါ ။အမေကစာသင်ခန်းအထိလိုက်ပို့ပေးပါတယ်....
ကျမတက်တဲ့ကျောင်းက အထက ကျောင်းပါ နှစ်ထပ်ကျောင်း ကြီးပါ ။သူငယ်တန်းအခန်းက အပေါ်ထပ်မှာရှိတာပါ ။ပြတင်းပေါက်ကလှမ်းကြည့်ရင် ကျောင်းဝင်းတံခါးကိုလှမ်းတွေ့နေရပါတယ် ။
ပထမဆုံးကျောင်းတက်တဲ့နေ့ကို ဘယ်လိုမှမေ့လို့မရပါဘူး ။ စိတ်ထဲစွဲနေအောင်ကိုမှတ်မိနေပါတယ် ။
တကယ်လို့များ ကျမ မိခင်နေရာ ကိုရောက်လာတဲ့တနေ့မှာ ကျမသားသမီးတွေကိုပထမဆုံးကျောင်းပို့တဲ့နေ့ကို ကျမတော်တော်လေးရင်ဆိုင်ရမယ်ထင်မယ်ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ပထမဆုံးကျောင်းသွားတက်တဲ့နေ့တုန်းက ကျမဘယ်လိုခံစားရသလဲဆိုတာ ကျမသေချာမှတ်မိနေတာလေ ။အဲအခါကျရင် ကျောင်းသွားတက်ရတဲ့ ကလေးလေးကလည်း ကျမငယ်ငယ်ကခံစားရသလိုဖြစ်နေမှာလေ ။စဉ်းစားမိရင် စိတ်ထဲဘယ်လိုကြီးမှန်း မသိပါဘူး ။ကျောင်းမှာကလေးလေးကိုထားခဲ့ရက်ပါ့မလားမသိပါဘူး ။ကျောင်းစတက်တုန်းကကြောက်ပြီးငိုဘဲငိုနေတာလေ ။ဆရာမကအတန်းထဲမှာသွားထိုင်လို့ပြောတယ် ။
ဘယ်နေရာထိုင်ရမလဲမသိ ။ဘယ်သူ့နားထိုင်ရမလဲမသိ ။ အခုနေခါပြန်စဉ်းစားတော့ ကိုယ့်ဘာကိုယ်သနားလိုက်တာလေ ။အခုတော့လည်း ဘဝဆိုတဲ့ကျောင်းကြီးမှာတယောက်တည်းပါဘဲ။
အချိန်ဆိုတာကြီးကလူကိုပြောင်းလဲသွားစေတာဘဲနော် ။

အရင်တုန်းကတော့ကျောင်းပိတ်မဲ့ စနေ တနင်္ဂနွေကို အရမ်းမျှော်ပါတယ်... အခုတော့ အလုပ်နား၇မဲ့
ပိတ်ရက်လေးတရက်ကို အရမ်းမျှော်မိပါတယ် ။ကျမငယ်ငယ်က 10တန်းအရမ်းရောက်ချင်ပါတယ် ။စိတ်ထဲကလေးအတွေးနဲ့ စဉ်းစားမိတာက 10တန်းတက်ပြီးရင် အဖြူအစိမ်းနဲ့ နေ့တိုင်းကျောင်းသွားနေစရာ မလိုတော့ဘူးပေါ့ ။အေးဆေးဖြစ်သွားပြီပေါ့ ။အမှန်တကယ်က အဖြူအစိမ်းနဲ့ဘဝလေးကမှ ဖြူစင်အေးချမ်းလွန်းတာပါ ။ အခုအချိန်မှာတော့ တပါတ်မှာရတဲ့ နား၇က်လေးတရက်ကိုဘဲ မျှော်နေရတာပါ ။ ကျမအလုပ်ကပြန်လာတိုင်းစဉ်းစားမိတာက ကျမဘဝရဲ့အလုပ်လုပ်ရမဲ့နေ့ရက်တွေထဲကနေ တရက်တော့ကုန်ဆုံးသွားပြီ ဆိုတာကိုပါ ။
အခုလိုစိတ်ဓါတ်ကျနေတဲ့အချိန်မျိုး ....နေမကောင်းလို့ စိတ်အားငယ်နေတဲ့အချိန်မျိုးဆိုရင် ငယ်ဘဝလေးကို အရမ်းလွမ်းမိပါတယ် ။ပြန်မရနိုင်တဲ့အတိတ်ဆိုတာ မှန်ပေမဲ့ ခဏခဏတော့အိမ်မက်ပြန်မက်မိနေပါတယ် ။

ကျမအရမ်းစိတ်အားငယ်လာရင် အလုပ်ကအပြန်ရေချိုးခန်းထဲအမြဲငိုနေကြပါ ။အမ မဒမ်ကိုးကပြောဖူးတယ်
စိတ်ညစ်တဲ့အချိန်ဆိုရင် ပန်းခြံမှာသွားငိုမိတယ် တဲ့ ။ကျမကတော့ ရေတွေဖွင့်ထားပြီးမျက်၇ည်တွေကို
ရေနဲ့အတူတူ မျောပြစ်လိုက်ပါတယ် ။ညဆိုတော့ ကျမငိုနေတာကို ဘယ်သူမှလည်းမသိကြပါဘူး ။
အဲတာကျမအတွက်အကောင်းဆုံးနည်းပါဘဲ ။

ကျမအရမ်းစိတ်ညစ်လာရင်စဉ်းစားမိတယ် ။ကျမအဝတ်အစားတွေကို ထုပ်ပိုး ၊ ၊လိုချင်တဲ့ပစ္စည်းတွေဝယ် ၊သူငယ်ချင်းတွေကိုနှုတ်ဆက် ၊လေယာဉ်ပျံကြီးစီးပြီးမြန်မာပြည်ပြန်သွားတယ် ဆိုပြီးတော့ပါ ။
ကိုယ့်ဘာကိုလည်းပြန်မေးမိပါတယ် ပြန်သွားရင်ဘယ်သူလာကြိုမှာလဲဆိုပြီးတော့ပါ ။တနေ့မှာတယောက်ယောက်ကတော့ကျမပြန်လာတာကိုလာကြိုမယ်ထင်တာဘဲ ။

blackroze
9.10.2011 AM 1:05

(ပုံလေးကို Google ကနေယူသုံးထားပါတယ် )

16 comments:

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်ညစ်ရင် အိပ်ပစ်လိုက် အတိတ်က ဖြစ်ခဲ့တာတွေကို အရမ်းမစဉ်းစားနဲ့။ စဉ်းစားမိရင် စိတ်အားငယ်မယ်ဆို ငယ်ချင်စရာတွေချည်းဘဲ။ ဘ၀ခရီးလမ်းကို ဖြတ်သန်းကြတဲ့အခါမှာ လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းကို လူတိုင်းနီးပါး ခံကြရတယ်။ ရည်မှန်းချက် မပြည့်စုံသေးဘူးဆိုရင်တော့ မပြန်ပါနဲ့ဦး။ ထွက်လာတဲ့ ရည်ရွယ်ချက်ကို ရာနှုန်းပြည့်မဟုတ်ရင်တောင် ၇၀ လောက် ရအောင်ယူပြီးမှ ပြန်ပါ။ စိတ်ကိုအားတင်းပြီး လောကဓံကို ရဲရဲ ရင်ဆိုင်ပါ။ အဆိုးပြီးရင် အကောင်းလာတတ်မြဲပါ။ ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျှက်

ညီရဲ on 9 October 2011 at 08:33 said...

အရမ်းကြီး မစဉ်းစားပါနဲ့ သူငယ်ချင်းရေ...
အဲဒီအချိန်ကျရင် သူဟာနဲ့ သူ အရာရာက နေသားကျသွားမှာပါ...
ငယ်ငယ် ကျောင်းသား ဘဝမှာ မြန်မြန်ကျောင်းပြီးချင်ပေမယ့်...
ခုချိန်မှာ ကျောင်းသားဘဝကို ပြန်ပြန်လွမ်းနေမိတာ...
ဘယ်တော့မှ လိုတရ မဖြစ်နိုင်ပါဘူးလေ...

လင်းခေတ်ဒီနို on 9 October 2011 at 08:49 said...

အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပါ . . အချိန်အနည်းငယ်လောက် အတွင်းမှာတော့ ကိုယ့်စိတ်ကိုယ် ကိုယ် ဘာမှ မလုပ်မိအောင် . . လျှော့ထားလိုက်ပါ . . . စိတ်ကို ဖြည်းဖြည်းလေး တည်ငြိမ်စွာ ထားပြီး . . ဖြေးဖြေးချင်း ဘာတွေ မလုပ်သင့်ဘူး လုပ်သင့်တာ ဘာတွေ ဆိုတာ စိတ်အေးအေးထားပြီး တွေးပါ . အသက်ရှုသံကို ဖြည်ညှင်းစွား တည်ငြိမ်အောင် ရှုပါ . . . အကောင်းဆုံး နည်းလမ်းတစ်ခုကို ပစ်ပစ် ရရှိလာပါလိမ့်မယ် . . .

ခင်မင်စွာဖြင့်
ဗညား

sosegado said...

ကျနော်လည်း မော်လမြိုင်မှာ မွေးတာပါ၊ နောက်မှာ ပြောင်းသွားရတာ။

စံပယ်ချို on 9 October 2011 at 20:00 said...

သယ်ရင်းရေ...ကိုယ်လဲ ဒီဇင်ဘာပဲ
ဒါပေမယ့်မေမေအမကြီးဒေါ်ကကျောင်အုပ်ဆရာမကြီးဆိုတော့ကိုယ်က
သူများတွေထက်၁နှစ်စောပြီးကျောင်းတက်ရတာ...၁၀တန်လဲရောက်ရော
အသက်မပြည့်လို့ ၁နှစ်အောက်သွားရောဖြစ်မလို့
အဲတာမှတ်ပုံတင်ကိုလဲ၁နှစ်ကြီးလိုက်တော့ဖြေလို့ရသွားတယ်..ဟီးဟီး
ရယ်စရာလေးတွေပြောပြတာနော်.....စိတ်မညစ်ပါနဲ့
လူတိုင်းပျော်နေတယ်လဲ မထင်နဲ့နော်...jas မှာဆိုစိတ်ညစ်စရာတွေအများကြီးပဲ...အဲတာတွေရင်တော့ပိုပြီးစိတ်ညစ်ရမယ်...ဘာကိုမှလက်ထဲဆုပ်မထားနဲ့ လွတ်ချလို့ရတာအကုန်လွတ်ချလိုက်နော်..ချစ်တဲ့ jasmine

AH on 9 October 2011 at 20:24 said...

ဒီချိန်ကျောင်းတော်ကြီး အလယ်မှာ..... စိန်ပန်းတွေလည်း ပွင့်နေပြီကွာ.... အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ..... အလွမ်းရယ်မပြေဘူး ကျောင်းသားဘ၀...

ဆွေလေးမွန် said...

အဖြူအစိမ်းဝတ်ရတဲ့ ကျောင်းသားဘ၀လေးကတော့ အေးချမ်းပျော်ရွှင်ရဆုံးဆိုတာအမှန်ပဲ သယ်ရင်းရေ..

လူတိုင်းလူတိုင်းမှာ သောကတစ်ခုစီ အပူတစ်ခုစီကတော့ ရှိကြတာပါပဲ။
ခံစားရတဲ့ ခံစားမှုအတိုင်းအတာချင်းတော့ မတူညီကြဘူးပေါ့.
ဒါပေမယ့် ငါတစ်ယောက်တည်းမှ ဒီလိုဖြစ်တယ်ဆိုပြီးတာ့ အားငယ်မနေနဲ့ သယ်ရင်း..အချိန်တစ်ခုကို ကျော်သွားရင် နေတတ်သွားပါလိမ့် မယ်။
ရင်းနှီးရတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ရှိရင် ကိုယ်ဘာတွေ ဖြစ်နေတယ် ဘာတွေခံစားနေလည်း ရင်ဖွင့်ပစ်လိုက်။ ဒါမှ မဟုတ်ရင်သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွင်နေပစ်လိုက်။ ဒါဆိုပေါ့သွားလိမ့် မယ်။

ချော(အစိမ်းရောင်လွင်ပြင်) on 10 October 2011 at 02:30 said...

ညီမလေး
အားတင်းထားပါ
အိမ်ပြန်ချိန်မှာတော့ ကြိုနေမဲ့သူတွေ သေချာပေါက် ရှိမှာပါ
အိမ်ပြန်တဲ့အချိန်က ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်
အဲဒီအချိန်ကိုစိတ်က တွေးပြီး စိတ်ညစ်တာရှိရင်လည်း ဖြေနိုင်အောင်ကြိုးစားပါ။
ကိုယ့်မှာ ကိုယ်ကချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိနေသေးတာဘဲလေ။
ဒီဇင်ဘာမွေးတာဆိုတော့ မွေးနေ့တောင် နီးနေပြီဘဲ
နေ့ရက်တိုင်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်

ကိုရင် on 10 October 2011 at 03:05 said...

http://madankoo.blogspot.com/2011/10/blog-post_09.html

ဒီမှာ လာဖတ် ညီမရေ..အဆင်ပြေပါစေ..

Anonymous said...

မ ..မွန့် ကို ပြောပြတဲ့ ပုံပြင်လေးကို မေ့ မနေနဲ့ အုံး
မွန့် တော့ မ ပြောပြတဲ့ ပုံပြင်ကို လူတော်တော်များများကိုပြောပြဖြစ်တယ်
မ ..စိတ်ကြည်လင်အေးချမ်းပါစေ..

မဒမ်ကိုး on 10 October 2011 at 09:09 said...

အရာအားလုံးကိုအချိန်ကကျော်ဖြတ်သွားလိမ့်မယ် ညီမလေးရေ ..
တောင့်ထားပါကွဲ့ အိမ်တိုင်းမှာဆားငန်သလို လူတိုင်းမှာအပူရှိကြပါတယ် .
ကိုယ်တစ်ယောက်ထဲလို့မတွေးပါနဲ့

အဲလိုသာတွေးထားပါနော်

ချစ်တဲ့
အမမဒိုးကန်

မြသွေးနီ on 10 October 2011 at 15:26 said...

အချိန်က လူကို ပြောင်းလဲစေနိုင်တယ် ပစ်ပစ်ရေ...
တချိန်မှာတော့ ခံစားမှုတွေ သက်သာရာ ရလာပါလိမ့်မယ်...
လောလောဆည်မှာတော့ အားတင်းထားပါနော...
ဘ၀ဆိုတာ ရုန်းကန်ရင်ဖြင့် အသက်ဝင် ရှင်သန်နေတဲ့ အရာမျိုးတဲ့... ။

ဟန်ကြည် said...

အင်း ဘလော့မလည်ဖြစ် စာမရေးဖြစ်နေတဲ့ အတောအတွင်း ညီမတော် ပစ်ပစ်တစ်ယောက် အတော်အခြေအနေဆိုးနေသကိုး...စိတ်ညစ်ပါသကွယ် လိပ်ဖြစ်တာ အခွံထူလို့...ဆိုတဲ့ သီချင်းလို ဖြစ်နေပါပကောလားကွယ်...လောကဆိုတာ ဒီလိုပါပဲ လောလောလောလောနဲ့ က-ရတဲ့ ဇာတ်ပွဲလိုပဲ မပြည့်စုံတာတွေ၊ မဖူလုံတာတွေ တပုံတပင်ရှိနေရိုးက ထုံးစံမဟုတ်လား...ကိုယ့်ထက်မြင့်တဲ့လူတွေကိုကြည့်ပြီး စိတ်မညစ်စမ်းပါနဲ့ ငါ့ညီမရယ်....ကိုယ့်ထက်နိမ့်တဲ့လူတွေကို သနားနေလိုက်...ဒါဆိုရင် ရွှေပြည်ကြီးကိုလည်း အထုပ်ကလေးပိုက်ပြီး ပြန်လာစရာ မလိုတော့ဘူးပေါ့...ကိုင်း...အစစ အရာရာ ရွှင်ရွှင်ပြပြနဲ့ ဘ၀င်ကျပါစေ ခင်နှမ ပစ်ပစ်ရေ...

TZH1985 on 11 October 2011 at 01:14 said...

အမေရိကန်မှာ မွေးတာလား... အဖော်စပ်မလို့ ...

blackroze on 11 October 2011 at 03:34 said...

ဟုတ်တယ်မောင်သန့် အမေရိကန်မှာမွေးတာ
နင်လည်းအမေရိကန်မှာမွေးတာဘဲလား...

မြစ်ကျိုးအင်း on 13 October 2011 at 19:20 said...

“အလုပ်ကပြန်လာတိုင်းစဉ်းစားမိတာက အလုပ်လုပ်ရမဲ့နေ့ရက်တွေထဲကနေ တရက်တော့ကုန်ဆုံးသွားပြီ ဆိုတာကိုပါ ။”

ဟုတ်တယ်။ အတူတူပဲ။

စိတ်ညစ်ရင် စာတွေဖတ်ပေါ့။ စာထဲစိတ်နှစ်ထားရင် လောက ကို မေ့သွားတော့တာပဲ။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei