19 August 2011

ခွဲခွာခြင်းအရိပ်လေးတွေ

Posted by blackroze at Friday, August 19, 2011

အကွာအဝေးတစ်ခု ဗဟိုပြုလို့
တရွေ့ရွေ့ ထွက်ခွာသွားကြတယ်
ကျန်ခဲ့တာတွေက ဘာတွေလည်း
ခြေရာတွေလား အမှတ်တရတွေလား
ပုံရိပ်တွေလား နှုတ်ဆက်ခြင်းတွေလား
အားလုံးဟာ ဝေဝေဝါးဝါး
မထင်မရှားနဲ့
ပျောက်ကွယ်လည်းမသွားကြပြန်ဘူး..
အရာအားလုံးဟာ
အရိပ်တွေအဖြစ်နဲ့ကျန်နေခဲ့ကြသလိုဘဲ

နောက်ဆုံးတော့ကျန်ခဲ့တာ
ခွဲခွာခြင်းဆိုတဲ့ ရင်ထဲက
လစ်ဟာသွားတဲ့နေရာလေးတစ်ခု
ဒီနေရာလေးကိုငုံကြည့်လိုက်မိတယ်..

ကျန်ခဲ့တာဒီနေရာလေးဘဲလား..
မဟုတ်ပါဘူး ..
မမြင်ရတော့တဲ့ အပြုံးလေးတွေ
ပြန်လည်ကြားယောင်ခွင့်မရှိတော့တဲ့
စကားသံတွေ...ပြန်လည် ဖမ်းဆုပ်လို့
မရနိုင်တော့တဲ့ အချိန်တွေ..

တလွင့်လွင့်မျောပါသွားတဲ့
ခံစားချက်လေးတွေ
အိမ်မက်မက်နေသလိုလို
ခပ်ပါးပါးမှန်လေးတချပ်ကို
ဖောက်ထွင်းကြည့်နေရသလို
အရိပ်တွေ ပုံရိပ်တွေ
မသဲကွဲလိုက်တာလေ ....

လောကကြီးထဲကနေ
ထာဝရထွက်ခွာသွားတဲ့
အဖေရဲ့စကားသံလေးတွေ
ပြန်ကြားယောင်မိတယ်

ပြန်လည်မတွေ့တော့တဲ့
သူငယ်ချင်းတွေရဲ့ စကားသံတွေ
ခုချိန်ထိအောင်ပြန်မတွေ့တော့တဲ့
ငယ်သူငယ်ချင်းတယောက်ရဲ့
" နင်ဘယ်နေရာမှာဘဲရောက်နေနေ
ငါဘယ်နေရာဘဲရောက်နေနေ
နင်နဲ့ငါ အမြဲတမ်းသူငယ်ချင်း "
လို့ပြောခဲ့တဲ့ စကားသံလေး ....

တသက်တာအတွက်
ကျောခိုင်းခဲ့ဖူးတဲ့
သူတွေရဲ့နှုတ်ဆက်သံလေးတွေ
တချိန်ပြန်တွေ့ရင်
အပြုံးနဲ့နှုတ်ဆက်ပါရစေ
ဆိုတဲ့ စကားသံတွေ ....

အော်..ခုချိန်ထိအောင်
အရာရာဟာ ခပ်ပါးပါးလေးတည်ရှိနေဆဲပါလား...။

ပြန်ခါနီးနှုတ်ဆက်သွားတဲ့
ချစ်သူရဲ့
ကိုအမြဲတမ်းသတိရနေမယ်နော်
ဆိုတဲ့ စကားသံလေး ......
တကယ်တော့အနာဂတ်ဟာလည်း
မှုံဝါးဝါးလေးပါဘဲလေ .....။

မသေချာခြင်း မရေရာခြင်းတွေသာ
ပြည့်နှက်နေတဲ့ ဘဝထဲ
ဘာတွေ့ရဦးမလဲ
ဘာဆက်ဖြစ်ဦးမလဲ ဆိုပြီး
ရှေ့တလှမ်းတိုးပြီး....
လှမ်းကြည့်လိုက်မိပြန်တယ် .....။




blackroze


(19.8.2011 - AM 3: 12)

(ပုံလေးကို www.google.com မှ ယူပါသည် )

12 comments:

တောက်ပကြယ်စင် on 19 August 2011 at 03:42 said...

Blackroze ရေ မင်္ဂလာပါ။ ခံစားချက်အပြည့်နဲ့ ရေးဖွဲ့ထားတဲ့ကဗျာလေး သို့မဟုတ် ကဗျာကောင်းလေး လာဖတ်သွားတယ်။ သူနဲ့ ခွဲခွါပြီးတဲ့နောက်ပိုင်း သူ့ပုံရိပ်တွေက ကျန်ရှိနေမှာပေါ့။ သူ့အပြုံးတွေ၊ သူ့ရယ်သံလေးတွေ၊ သူ့စကားသံလေးတွေ စသည်စသည်ပေါ့ကွာ။ ကျန်းမာပျော်ရွှင်ပါစေနော့...

ကိုကိုမောင်(ပန်းရနံ့) said...

အနာဂါတ်က မှုန်ဝါးမနေပါဘူး မိမဲလေး။ အနာဂါတ်က ရှင်းရှင်းလေးပါ။ လူတွေရဲ့စိတ်မျက်စိထဲမှာသာ မှုန်ဝါးနေတာပါ။ မှုန်ဝါးနေရင် ပါဝါတိုးပြီး တပ် မိမဲလေး။ တော်ကြာ မှုန်ဝါးရာကနေ တဖြေးဖြေး ပျောက်ကွယ်သွားမှာ စိုးရတယ်။

ချစ်သူနှစ်ဦးအတွက် ပျော်ရွှင်ဖွယ်အနာဂါတ်လေး ဖြစ်ပါစေ။

ခင်မင်လျက်

ဆွေလေးမွန် said...

ကဗျာလေးဖတ်ပြီး ကဗျာရေးသူရင်ထဲက မျှော်လင့်ချင်းတစ်ချို့နဲ့
တမ်းတမှု လွမ်းဆွတ်မှု တွေနဲ့ ၀ိုးတ၀ါး အနာဂတ်ရဲ့ အတွေးစလေး
တွေမြင်လိုက်ရတယ်။
ဘာပဲပြောပြော ဘ၀ဆိုတာ မျှော်လင့်ချက်တစ်စုံတစ်ရာရှိမှ မနက်ဖြန်တွေ
အတွက် အားအင်တွေရှိလာတာ မဟုတ်လား..Blackroze ရေ

စံပယ်ချို on 19 August 2011 at 16:59 said...

အရမ်းကြီးလဲ မခံစားနေပါနဲ့နော်.....
ကိုယ်ချင်းလဲစာပါတယ်
ခွဲခွာခြင်းတို့ လွမ်းရခြင်းတို့ကိုမလိုချင်ဘူး။။။
သတိရင်တော့ 014- 6461951...

မဒမ်ကိုး on 19 August 2011 at 17:40 said...

ခပ်ဝါးဝါးအနာဂတ်လို့မတွေးနဲ့လေ
သေချာရေရာတဲ့အနာဂါတ်လို့တွေး
လက်တွေ့ကျအောင်သာဖန်တီးပစ်လိုက်
လိုအပ်ရင်ပြော အထုပ်ကူသယ်ဖို့အဆင်သင့်
ဟုတ်ပြီလား ..း)
ပျော်ရွှင်ပါစေ ရိုစ့်လေးရေ

Blackroze. said...

အခုလို အားပေးတဲ့သူရှိတော့လည်း
ကြိုးစားရတာပေါ့ အမ မဒိုးကန်ရေ
စိတ်ချ အမ..ပြောမယ်...
လက်တွေ့ကျအောင်ကိုဖန်တီးတော့မယ်...
နောက်မှသာ..နင့်အထုပ်တွေကလည်းများလိုက်တာလို့
မပြောနဲ့နော်...း)
အမရဲ့အားပေးစကားလေးကြားရတာ..
အားကိုရှိသွားပြီ...

mstint on 20 August 2011 at 09:39 said...

ရင်တွင်းခံစားချက် ကဗျာလေးအားပေးသွားပါတယ်ကွယ်။
လင်းလက်တောက်ပ ရောင်ခြည်များနှင့်အတူ ချောမွေ့တဲ့ အနာဂါတ်လျှောက်လှမ်းလေးကို ပျော်ရွှင်စွာဖြင့် လျှောက်လှမ်းနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) on 20 August 2011 at 12:20 said...

ကဗျာလေးထဲမှာ ခံစားချက်တွေ အပြည့်အဝ ပျော်ဝင်နေမှန်း သတိထားလိုက်မိမယ်
ကာယကံရှင်လည်း ဖတ်ပြီး သတိရနေလောက်ပါတယ်.
အမြန်ဆုံးပြန်ဆုံတွေ့နိုင်ပါစေလို့..

...အလင်းစက်များ on 20 August 2011 at 14:13 said...

ဒါမျိုးရေးတတ်သူတွေကိုတော့ အင်မတန် ချီးကျူးတယ်ဗျာ..... ကျနော်ရေးလိုက်ရင် ပေါက်တတ်ကရနဲ့  အဆုံးသတ်သွားတာ ပြင်မရဘူး.. :)

အရာရာဟာ ပါးပါးလေး ဆိုတာလေး ခံစားသွားတယ်.... ဟဲဟဲ ကိုယ့် အတွေးနဲ့ ကိုယ်ပါ :D :D

blackcoffee on 23 August 2011 at 01:41 said...

တွေ့ ဆုံ ပြီးနောက် ခွဲခွါရလေ့ ရှိတာ သဘာဝပါသူငယ်ချင်း...
အကြောင်းအရာလေးတွေကို ပြန်မြင်ယောင်ရင်း ကြည်နူးမိရတာလဲ သဘာဝပါသူငယ်ချင်း...
ရှေ့ကိုသွားနေရင်း အနောက်ကို လှည့်လှည့်ကြည့်မိတာကလဲ လူသဘာဝပါပဲလေ...

ဟုတ်တယ် မတွေ့ တာကြာပြီ သူငယ်ချင်း...
အစစ အရာရာ အဆင်ပြေပါစေ သူငယ်ချင်း...

မြစ်ကျိုးအင်း on 25 August 2011 at 21:05 said...

ခွဲခွာခြင်း အရိပ်လေးတွေက အချိန်ကြာလာတော့လည်း တဖြေးဖြေး မှေးမှိန်သွားတတ်ပါတယ်။ နာကျင်ဖွယ်ရာ အရိပ်တွေကိုတော့ မြန်မြန် မှေးမှိန်သွားစေချင်ပေမယ့် သာယာကြည်နူးစရာလေးတွေတော့ ခဏခဏ ပြန်လှည့်ကြည့်ချင်မိတယ်။

Anonymous said...

ကဗျာလေးဖတ်ပီး ငိုသွားတယ် ..
မွန်တို့ အဖြစ်ပျက်တွေနဲ့ တူလွန်းလို့ 
တကယ်ကိုမှုန်ဝါးသွားပါပီ..
ဒါပေမဲ့ လေ မွန်အတွက်က မနေ့ တစ်နေ့ ကလိုပဲ
အိပ်မက်တွေထဲ မနိုးချင်သေးတာ...

မ စိတ်အေးချမ်းပါစေ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei