30 June 2010

မအုန်း

Posted by blackroze at Wednesday, June 30, 2010
ကမ္ဘာဖလားပွဲစကန်ကတည်းကကျမမအုန်းအကြောင်းရေးမယ်လို့စိတ်ကူးထားတာပါ...
ကျမလေးငါးတန်းလောက်တုန်းကကျမတို့အိမ်မှာ.....မအုန်းဆိုတဲ့အမကြီးတယောက်ရှိပါတယ်....
သူကအဲဒီအချိန်
တုန်းကအသက်26...27...လောက်ရှိနေပါပြီ...ကျမတို့ကတော့မအုန်းလို့ဘဲခေါ်ကြပါတယ်..
မအုန်းကရုပ်မချောပေမဲ့
စိတ်သဘောအရမ်းဖြူပါတယ်...စကားပြောပွင့်လင်းပါတယ်...ကျမညဘက်စာကျက်တိုင်းကျမအတွက်
ကော်ဖီတခွက်ဖျော်ပေးနေကြပါ...ကျမလဲအဲဒီကထဲကညဘက်တွေကော်ဖီသောက်တတ်တာ
အကျင့်ဖြစ်ခဲ့ပါတယ်..ခုဆို...ကျမညဘက်
အလုပ်ကပြန်လာလို့ကော်ဖီဖျော်တိုင်းတခါတရံမှာ...မအုန်းကိုသတိရသွားမိတတ်ပါတယ်..
မအုန်းတယောက်ဘယ်နေရာများရောက်နေမလဲ..ဘာတွေများလုပ်နေမလဲ..
အိမ်ထောင်တွေဘာတွေကျပြီးသားသမီးဘယ်နှစ်ယောက်များရနေပြီလဲ..
ဆိုပြီးတော့ပါ...ခုဆိုမအုန်းတယောက်အသက်40ကျော်လောက်ရောပေါ့..

အိမ်မှာသူနဲ့ကျမနဲ့ကအတည့်ဆုံးပါဘဲ...သူကတော့အားလုံးနဲ့တည့်ပါတယ်..ကျမကကျန်တဲ့သူတွေနဲ့
မတည့်တာပါ...အဲတော့မအုန်းကကျမရဲ့အမအရင်းတယောက်လိုဖြစ်လာပါတယ်...
ကျမရဲ့ရင်ဖွင့်ရာလည်းဖြစ်ခဲ့ပါတယ်..တကယ်လည်းကျမသူ့ကိုခင်တွယ်ခဲ့တာပါ...
.ညဘက်တွေမအိပ်ခင်..သူနဲ့ကျမဟိုဘက်ခြင်ထောင်
ဒီဘက်ခြင်ထောင်စကားလှမ်းပြောနေကြပါ...သူကစကားပြောရင်ကျမတို့ကိုမင်းနဲ့ငါနဲ့ပြောတတ်ပါတယ်..
ဘောလုံးပွဲလည်းဝါသနာပါပါတယ်....မှတ်မှတ်ရရပေါ့....အဲတုန်းက1994..ကမ္ဘာဖလားပွဲနဲ့ဆုံနေတာပေါ့.....
ဘောလုံးပွဲတွေလာတော့....တူတူအားပေးကြတာပေါ့...အီတလီအသင်းကိုအားပေးတော့လဲတူတူပါဘဲ.....
မအုန်းကအီတလီအသင်းက...
ဘာတီ(နံပါတ်4လား...14လား...ကျမသေချာမမှတ်မိတော့ပါဘူး)ကိုအရမ်းကြိုက်ပါတယ်...
အီတလီအသင်းကလဲအဲဒီအချိန်တုန်းကအုပ်စုကနေဖိုင်နယ်ထိတက်သွားတော့....ကြည့်လိုက်ရတဲ့
ပွဲတွေကအများကြီးပါဘဲ...ကျမကအဲတုန်းကဘက်ဂီယိုကြိုက်တာပေါ့...မအုန်းကဘာတီကိုကြိုက်တာပါ....

ဘောလုံးပွဲတွေကများသောအားဖြင့်ညပိုင်းတွေလာတတ်တာများတယ်လေ.....ညပိုင်းတွေဆိုရင်လည်းသူဘဲ
ကျမကိုဘောလုံးပွဲကြည့်ဖို့ခေါ်နိုးတတ်တာပါ...မအုန်းရေ...မအုန်းဘဲစောင့်နေနော်...ဘောပွဲလာမှသမီးကို
လာခေါ်နိုးဆိုပြီး...မလာမချင်းသူဘဲစောင့်နေတတ်ပါတယ်......ကျမအတွက်သိုးမွေးအနွေးထည်တွေ...
လူကြီးတွေအတွက်ဘုရားရှိခိုးရင်သုံးဖို့တဘက်တွေမအုန်းဘဲထိုးပေးတာပါ..ညဘက်တွေသူအဲဒါတွေ
လုပ်၇င်းနဲ့ဘောပွဲမလာမချင်းဇွဲကောင်းကောင်းနဲ့စောင့်နေတာပါ...ဘောလုံးပွဲလာတာနဲ့ကျမကိုလာနိုး....
နှစ်ယောက်သားတိုးတိုးကြိတ်ကြိတ်နဲ့အားပေးကြတာပါ..အီတလီဂိုးသွင်းလိုက်ရင်နှစ်ယောက်သား....
အသံမမြည်အောင်လက်ခုပ်တွေတီးနဲ့...အဲတုန်းကအရမ်းကိုပျော်ခဲ့ကြတာလေ.....နောက်ဆုံးဖိုင်နယ်မှာ
ဘရာဇီးနဲ့အီတလီတွေ့တော့......မိနစ်90...သရေ.....အချိန်ပိုမိနစ်30....သရေ...နောက်ဆုံးပင်နယ်တီ
အထိရောက်လာပါလေရော...အီတလီပင်နယ်တီကန်တော့..ကျမရောသူရောမကြည့်ရဲပါဘူး...ဘက်ဂီယို
ကန်လိုက်တဲ့ပင်နယ်တီလဲလွဲသွားရော.....နှစ်ယောက်သား...ဟာ...ခနဲထအော်လိုက်တာ...
အိမ်ကအဘွားတို့လူကြီးတွေတောင်နိုးသွားပါရော....အဲဒီညကအီတလီရှုံးသွားပါတယ်.....
ကျမရောသူရော...စိတ်မကောင်းဖြစ်လို့
ငိုလိုက်ရတာလေ.....မင်း..ဘက်ဂီယိုကန်လိုက်တဲ့ဘောလုံးသာဝင်သွားရင်အီတလီနိုင်မှာကွ...
ခုတော့သူကန်တာမဝင်လို့ရှုံးရတာဆိုပြီးကျမကိုပွစိပွစိလုပ်ပါလေရော......နောက်နေ့တွေဘောလုံးပွဲ
သာပြီးသွားတယ်...ကျမနဲ့သူကတော့ဘောလုံးပွဲအကြောင်းပြောရတာမပြီးသေးပါဘူး...
.နောက်ဆုံးအိမ်ကလူကြီးတွေကဘောလုံးပွဲအကြောင်းထပ်မငြင်းကြနဲ့တော့ဆိုမှ
နှစ်ယောက်သားငြိမ်သွားကြတာပါ...
ဒါပေမဲ့နှစ်ယောက်စလုံးက
အဲဒီကထဲကနောက်တခါကမ္ဘာဖလားဆိုရင်အီတလီဘဲအားပေးမယ်ဆိုပြီး.
.အီတလီပရိတ်သတ်အဖြစ်ခံယူလိုက်ကြပါပြီ ။

မအုန်းကျမတို့အိမ်မှာတနှစ်ကျော်ကျော်လောက်ထင်ပါတယ်နေသွားတယ်...နောက်တော့သူ့အိမ်မှာ
သူ့အဒေါ်တယောက်ပြည်ကနေလာတယ်တဲ့..သူ့ကိုလဲပြန်လာခဲ့ဖို့လာခေါ်တယ်..ဈေးရောင်းမယ်
ဆိုပြီးတော့ပါ......မအုန်းလဲအိမ်ကလူကြီးတွေကိုသူပြန်တော့မယ်ဆိုတဲ့အကြောင်းပြောပါတယ်....
လူကြီးတွေကတော့အခုအလုပ်ထက်စာရင်ဈေးရောင်းတာကပိုကောင်းတယ်...လိမ်လိမ်မာမာနေ...
ဆိုပြီးပြန်ခိုင်းလိုက်ပါတယ်

မအုန်းပြန်တော့မယ်ဆိုတော့ကျမတကယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်....
မအုန်းရာ..မပြန်ပါနဲ့လားဆိုတော့သူကကျမကို...မင်းငယ်သေးတယ်...ဘဝအကြောင်းသေချာမသိသေးဘူး...
လူဆိုတာဒီလိုဘဲတွေ့လိုက်
ဆုံလိုက်...ကြုံလိုက်..ကွဲလိုက်..နဲ့သံသရာလည်နေတာ...ငါမင်းကိုသတိရနေမှာပါတဲ့...
မအုန်းကမပြန်ခင်မှာကျမကို
သိုးမွေးထိုးတာသင်ပေးသွားပါတယ်....မင်းဒါကိုတတ်အောင်သင်...ဒါကငါပေးတဲ့လက်ဆောင်ဘဲတဲ့....
သူပြန်သွားပြီးတဲ့နောက်ပိုင်းအိမ်ကထိုးခိုင်းချင်တာမှန်သမျှ..ကျမကိုဘဲ..မအုန်းတပည့်ဆိုပြီး..
တာဝန်ပေးတော့ပါဘဲခုတော့လည်း...အလုပ်တဘက်နဲ့အချိန်မပေးနိုင်တော့လို့..
သိုးမွေးအကျီတွေလဲမထိုးဖြစ်တော့ပါဘူး...
မအုန်းကျမကိုထိုးပေးခဲ့တဲ့ခေါင်းစည်းကြိုးတွေ....စွယ်တာတွေ.....ကျမသိမ်းထားဆဲပါ
အမှတ်တရအနေနဲ့ပေါ့လေ...မအုန်းမပြန်ခင်ညက..မအုန်းကို..ကျမဓါတ်ပုံလေး..အမှတ်တရဆိုပြီး...
ဓါတ်ပုံနောက်မှာ...""မအုန်း..သမီးကိုအမြဲသတိရနေနော်..""ဆိုပြီးစာလေးလဲရေးပေးလိုက်ပါတယ်...

နောက်တနေ့..ကျမကျောင်းကပြန်လာတော့မအုန်းမရှိတော့ပါဘူး...ပြန်သွားပါပြီ..
ခါတိုင်းဆိုကျမကျောင်းကပြန်လာတာနဲ့
မအုန်းက..ပြန်လာပြီလား..ဒီနေ့ကျောင်းကအကြောင်းတွေပြောပြပါဦး..ဆိုပြီး..ကျမထမင်းဗူးဆေးနေရင်..
သူကလဲဘေးနားမှာဆန်ဆေးရင်းဘဲဖြစ်ဖြစ်...ဟင်းတွေနွေးရင်းနဲ့ဘဲဖြစ်ဖြစ်..ကျမနဲ့စကားတွေပြောနေကြပါ...
အဲဒီနေ့ကကျမထမင်းဗူးဆေးရင်းနဲ့မအုန်းကိုသတိရလို့ငိုခဲ့ရပါတယ်....ညဘက်ကျမစာကျက်တော့မှ...
ကျမစားပွဲမှာ..ဘောပင်တွေခဲတံတွေထည့်တဲ့ခွက်နဲ့စာတစောင်ဖိထားတာသွားတွေ့ပါတယ်...
မအုန်းကျမကိုရေးခဲ့တဲ့စာပါ...စာထဲမှာတော့ထွေထွေထူးထူးမရေးထားပါဘူး..
သူကျမကိုသတိရနေမဲ့အကြောင်း..ကျမကိုစာကြိုးစားဖို့..လူကြီးတွေကို
အရွဲ့မတိုက်ဖို့...နောက်ပြီးသူ့လိပ်စာလေးလဲရေးပေးခဲ့ပါတယ်..(ရွှေပြည်သာမှာပါ)..စာထဲမှာနောက်ဆုံးမှာ
ရေးထားတာလေးက...""ငါကဘဝသမား..ရုန်းကန်လှုပ်ရှားနေရတဲ့သူဆိုတော့..
မင်းကိုအချိန်ပြည့်သတိမရရင်တောင်မှ
ကမ္ဘာဖလားပွဲလာတဲ့အချိန်တော့..မင်းကိုသတိရနေမှာအသေအချာဘဲတဲ့""...

အခုကမ္ဘာဖလားပွဲလာနေတယ်..မအုန်းကျမကိုသတိရနေပါ့မလား...သူသတိရမရဆိုတာကျမမသိတော့ပါဘူး....
ဒါပေမဲ့ကျမတော့...သူ့ကိုသတိရနေမိပါတယ်..သူပြောခဲ့သလိုကျမလဲအခုဆိုရင်သူများနိုင်ငံမှာ
ရုန်းကန်လှုပ်ရှားနေရတာပါ သူကိုအချိန်ပြည့်သတိရမနေတော့ပါဘူး...
ဒါပေမဲ့တိုက်ဆိုင်မှု့တွေရှိတိုင်း..သတိရမိတတ်ပါတယ်...
အခုလိုမျိုးကမ္ဘာဖလားကန်တဲ့အချိန်တိုင်းတော့..ရင်ထဲမှာပြင်းပြင်းရှရှကိုသတိရမိတာပါ...
အခုဆို16နှစ်တောင်ကြာခဲ့ပါပြီ ။တခြားအချိန်တွေမှာမေ့နေတတ်ပေမဲ့...
ကမ္ဘာဖလားဆိုတာနဲ့သူ့ကိုချက်ချင်းဘဲသတိရသွားမိတာပါဘဲ
ဘောလုံးပွဲတွေပြီးသွားတော့လည်း..98တုန်းကပေါ့..စိတ်ထဲကနေ..မအုန်းရေ...ဒီနှစ်တော့..
အီတလီကသွားပြန်ပြီကွာ..
2002တုန်းကလဲ..မအုန်းရေ..ဒီနှစ်လဲမရသေးဘူးဟ...ဆိုပြီးစိတ်ထဲကနေတိုင်တည်ပြီးပြောမိပါတယ်...
2006မှာတော့...ကျမနဲ့မအုန်းအားပေးတဲ့အီတလီကဖလားရခဲ့ပါတယ်..
အဲဒီတုန်းကကျမတခါငိုခဲ့မိပါတယ်....
အီတလီဖလားရသွားတာရော..ကျမတစိုက်မတ်မတ်အားပေးခဲ့တဲ့အသင်းအောင်မြင်မှု့ရတဲ့အချိန်မှာ..
ကျမကြည့်ခွင့်မရခဲ့တာကိုပါ...မြန်မာဆိုင်ကနေဝယ်လာတဲ့အားကစားဂျာနယ်မှာ..
အီတလီဖလားရသွားတဲ့အကြောင်း
ရေးထားတာလေးကို..အခန်းထဲမှာဖတ်ပြီး..စိတ်ထဲကနေမအုန်းကိုပြောမိပါတယ်..
မအုန်းရေ..ဒီနှစ်တော့ကျမတို့
အီတလီရွှေဘောလုံးကြီးရပြီဟ...ဆိုပြီးတော့ပါ...

တကယ်လို့များအခွင့်ရှိခဲ့ရင်လေ..ကျမမအုန်းနဲ့တူတူအီတလီကန်တဲ့ပွဲလေးကြည့်ချင်ပါသေးတယ်..
မဖြစ်နိုင်ဘူးဆိုတာသိနေပေမဲ့တွေးမိတာလေးပါ..အခုတော့အီတလီအသင်းမှာ...
ကျမရဲ့ဘက်ဂီယိုရော...မအုန်းရဲ့ဘာတီရော..မရှိတော့ပါဘူး..ဒါပေမဲ့ကျမတို့ရဲ့ခံစားမှု့တွေ..
အဖြစ်အပျက်တွေကပုံရိပ်တွေအနေနဲ့ထင်ကျန်ခဲ့ပါတယ်..အခုကမ္ဘာဖလားပွဲတွေကန်နေပါတယ်...
ကျမမအုန်းကိုသတိရနေမိပါတယ်...ကျမနဲ့မအုန်းရဲ့အီတလီကတော့..အုပ်စုကနေထွက်သွားပါပြီ..
ကျမစိတ်ထဲကနေမအုန်းကိုတိုင်တည်ပြီးပြောမိပါတယ်..
မအုန်းရေ...ဒီနှစ်တော့ကျမတို့ရဲ့အီတလီအုပ်စုနေထွက်သွားရတယ်..ဆိုပြီးတော့ပါ.....
မအုန်းရေ..ကျမ2014..ကျရင်လည်းသတိရမိဦးမှာပါ....
ကံကြမ္မာကခွင့်ပေးမယ်ဆိုရင်တခါလောက်တော့မအုန်းနဲ့
ပြန်တွေ့ချင်ပါသေးတယ်...ကျမသတိရနေပါတယ်မအုန်းရေ.....။။။။။။။


(မအုန်းပေးခဲ့ဖူးတဲ့လိပ်စာအတိုင်း..ကျမ10တန်းနှစ်မှာ..အမတယောက်နဲ့တူတူသွားရှာဖူးတယ်
ဒါပေမဲ့မအုန်းတို့မရှိတော့ဘူး...ကျမရှာမတွေ့ခဲ့ပါဘူး..ရေစက်ကဒီလောက်ဘဲပါတယ်ထင်ပါရဲ့လေ..)

{30.6.2010 ..WED .. AM 2:20}

17 comments:

မြစ်ကျိုးအင်း on 30 June 2010 at 03:29 said...

တိုးတိုးဖော် တိုင်ပင်ဖက် ဆိုတာ ဒီလိုမျိုးကို ခေါ်တာလေ
ဒါကြောင့် သတိတရ ဖြစ်နေတာပေါ့။ ဒီနှစ်တော့ အီတလီ စောစောထွက်သွားလို့ ကြာကြာသတိရနေပါ့မလား မသိဘူးနော်။

(ဒါနဲ့ ၂၀၀၆ တုန်းက ထိုင်ဝမ်လိုင်းတွေက ကမ္ဘာ့ဖလား လွှင့်တယ် မဟုတ်လား။ ကြည့်လိုက်ရသေးတယ်။)

blackroze said...

2006မှာဘောလုံးပွဲတွေထိုင်ဝမ်လိုင်းကလွှင့်မယ်ထင်တယ်..
ညီမအလုပ်ချိန်နဲ့အဆင်မပြေလို့မကြည့်ရတာပါ..

ချော on 30 June 2010 at 04:38 said...

ဘောပွဲပြီးလို့ ရောက်လာတယ် ညီမရေ...
စပိန်နိုင်သွားလို့ ပျော်နေတယ်..
အစ်မက စပိန်ကို
၁၉၉၈ ကတည်းက အားပေးလာတာ..း)
ညီမလိုတော့ အတူတူ ကြည့်ဖို့အဖော်မရှိပါဘူး..
ခုလဲတစ်ယောက်တည်း အော်ဟစ်နေတာပါဘဲ..
ကိုယ်တစ်ယောက်တည်း အရူးကျနေတာဘဲ...
ဘာဘဲဖြစ်ဖြစ် ဘောလုံးပွဲက ပေးတဲ့ ရင်ခုန်ရခြင်းကိုတော့
ဘယ်အရာကမှ မမှီတာသေချာတယ်.. အင်းအဖော်လေးနဲ့ ကြည့်ရရင်တော့ ပိုအရသာရှိမှာပါလေ..


မချော

နေ၀သန် on 30 June 2010 at 11:09 said...

အဖော်ကောင်းဆိုတာ ဘ၀မှာ တစ်သက်တာ အမှတ်ရစရာတွေ ဖြစ်နေတတ်ပါတယ်။း)))


ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း on 30 June 2010 at 11:55 said...

ညီမနှင်းဆီရေ..
ဘ၀ကြီးမှာတွေ့ဆုံကြုံကွဲတဲ့လေ..။ တိုင်ပင်ဖေါ်တိုင်ပင်ဖက်တယောက်
နဲ့ဝေးသွားတော့လည်းခံစားရကြတာပဲနော်..။ ရေစက်ရှိရင်ပြန်တွေ့ကြမှာ
ပါကွယ်..။
ခင်တဲ့
သဒ္ဓါ

ခိုင်နုငယ် on 30 June 2010 at 15:13 said...

ဟုတ်ပနှော်..တွေ့ကြုံဆုံကွဲဖြစ်မြဲသံသရာဆိုတာ
ဒီလိုလေးတွေကြုံတွေ့လာရတာကိုပြောတာဖြစ်မယ်။
မရိုစ်ရေ..ကံကြုံရင်တော့ပြန်ဆုံကြအုံးမှာပါ..
ချောင်းကန်၊မြောင်ကန်ပေါ့လေ။
ဘောလုံးပွဲစဉ်တွေကိုမကြည့်တော့ဘောလုံးအကြောင်း
ဘာတစ်ခုမှမသိ(ကြည့်တော့ကြည့်ချင်သားပြောတာတွေ
အားကျမိလို့)

မေဇင် on 30 June 2010 at 16:04 said...

ဖတ်လို့တော်တော်လေး ကောင်းတယ်။ ရင်ထဲမှာ စိတ်မကောင်းလဲ ဖြစ်မိတယ်။ အဲ့လိုပဲ တွေ့ ကြုံ ဆုံ ကွဲ ။

မြတ်မွန် on 30 June 2010 at 16:54 said...

မအုံးကို တော်တော်ချစ်ပုံရတယ်နော်..။
အီတလီရှူံးသွားတာ ဝမ်းနည်းစရာပါပဲ။
လူတွေ အရူးအမူး ဖြစ်နေတဲ့ ဘောလုံးပွဲကို ကြည့်ရင်း ခုတော့ ဘောလုံးစွဲနေပြီ ဘလက်ရေ..။

linn on 30 June 2010 at 17:04 said...

အီတလီ နဲ့ မအုံး ဆိုပြီး
ဗေဒင်တွက်ကြည့်အုံးလေ ...
မအုံး နဲ့ ပြန်တွေ့နိုင် မတွေ့နိုင်ကို
အီတလီ အတွက် တွက်တုန်းကလိုမျိုးလေ ... :)

ပန်းနုနှင်းဆီ on 1 July 2010 at 01:37 said...

တို့နဲ့တူတယ်.. ဘောလုံးပွဲဆို အသေကြိုက်တာ..
ခုတော့ ဘရာဇီးကို အားပေးရမယ်..
ဘ၀တစ်ကွေ့မှာ အမှတ်ရစရာ ကောင်းတဲ့သူတွေကို သတိရနေတတ်ကြတယ်နော်
အမှတ်ရို့မကောင်းတဲ့သူကိုကျ မေ့လိုက်တာအကောင်းဆုံး..

သူကြီးမင်း (တုံးဖလား) on 1 July 2010 at 07:14 said...

မအုန်းလဲ သူ့ကလေးတွေနှင့်အတူ ကမ္ဘာ့ဖလားပွဲကို အားပေးနေလောက်ရောပေါ့။ မငိုနဲ့တော့နော်။
Birht is subject to death.
Association is subject to dissociation.

အဲဒီလိုလေးဘဲ မှတ်လိုက်ပေါ့။

ဖတ်ရင်းနှင့် မအုန်းကို သတိရလာပြီ။းဝ)

ညအလင်္ကာ on 2 July 2010 at 00:43 said...

မအုန်းရေ
ဘယ်ဆီကို မင်းရောက်နေလဲ
ဘာတွေကို မင်းလုပ်နေလဲ
အခုလို ဘောလုံးရာသီမှာ ငါသတိရသလို
မင်းသတိရနေမလား မအုန်းရေ


ခံစားချက်များစွာဖြင့် လာရောက်ဖတ်ရှုပါတယ်
ကံမကုန်ရင် ပြန်ဆုံနိုင်ကြပါစေလို့
အွန်လိုင်းပေါ်ကနေ ဆုတောင်းပေးလိုက်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

Cameron on 2 July 2010 at 18:07 said...

ဒီလိုပါပဲညီမလေးရယ်...လူဆိုတာ တွေ့ကြုံဆုံကွဲပဲ....။
ဒီနှစ်ကမ္ဘာ့ဖလားကတော့ မထင်မှတ်တဲ့ အသင်းတွေပဲ အိမ်ပြန်သွားကြရတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

sosegado on 3 July 2010 at 21:55 said...

၂၀၁၄ မှာ မအုန်းနဲ့ပြန်တွေ့နိုင်ပါစေ၊ အီတလီလဲ နိုင်ပါစေ၊

စိတ်၏ဖြေရာ on 5 July 2010 at 01:40 said...

တွေ့ဆုံကြုံကွဲလောကဓမ္မတာပါညီမရေ။
အစ်မတောင်ဘောလုံးဝါသနာမပါပေမဲ့ကြည့်ရင်းကြည့်ရင်းစွဲနေပြီ။
တဘက်နိုင်ငံကိုသွားမကြည့်နိုင်ပေမဲ့တနေ့တနေ့တီဗီရှေ့ထိုင်ပြီး
အားပေးရတာအမောပါဘဲ။ဘလော့တောင်မရေးနိုင်တာကြာပေါ့။

သော်ဇင်စိုး on 6 July 2010 at 13:42 said...

အရှုံးသမားတွေချည်းပါပဲလားဗျာ.. ကျနော့်အင်္ဂလန်ကိုလည်း ရန်သူတော် ဂျာမနီကြီး ရက်ရက်စက်စက်တောင် ကန်ထုပ်ပစ်လိုက်တာဗျ.. ဒီနှစ်ဂျာမနီသာ ဖလားရသွားလို့ကတော့ ကျနော်မှာ အာဖရိကထိ သွားစရာ ပိုက်ဆံရှိလို့ကတော့ လေယာဉ်ကွင်းမှာ ဂျာမနီ အသင်းသားတွေကို အကြမ်းဖက် ဗုံးသွားခွဲမိမလားမသိဘူး.. :D

မအုံးကြည့်နေမှာပါဗျာ.. အမကိုလည်းသတိရနေမှာပါ.. လေးနှစ်မှတစ်ခါကန်တဲ့ ကမ္ဘာ့ဖလားဆိုတာက တိုက်ဆိုင်မှုဆိုတာထက်ပိုပါတယ်..
ပြန်ဆုံနိုင်ကြပါစေဗျာ.....

ပူးတေ on 8 July 2010 at 17:22 said...

မရို့စ်နဲ့ အတူ ညီမလဲ မအုန်းကို လွမ်းသွားတယ်... သံယောဇဉ်ဆိုတာ မမြင်ရလို့လားမသိဘူး.. ဖြတ်ရအတော်ခက်တယ်နော်....
း)
မအုန်းလဲ တနေရာရာမှာ မရို့စ်ကိုလွမ်းရင်း ကမ္ဘာ့ဖလားပွဲတွေကြည့်နေမယ်ထင်တယ်နော်...

မအုန်းရော မရို့စ်ရော ပျော်ရွှင်ပါစေနော်..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei