19 April 2013

မိုးညတမ်းချင်း

Posted by blackroze at Friday, April 19, 2013



ဒီနေ့ရန်ကုန်မှာ မိုးရွာတယ်တဲ့....

ကျမနေတဲ့   နေရာမှာလည်း မိုးရွာလေရဲ့ ..
ကျမအလုပ်ကပြန်တော့ ည11 နာရီပတ်ဝန်းကျင် ..မိုးဖွဲဖွဲလေးကြားထဲ ထီးဆောင်းပြီးပြန်ခဲ့ရတယ်... အိမ်ေ၇ာက်တော့  မိုးတောင် နဲနဲလေး သည်းလာသလိုလို .. နောက်ဖေး ဝရံလေးမှာ ရပ်နေရင်းနဲ့မိုးသံကိုနားစွင့်နေရင်း  ကျနေတဲ့မိုးရေစက်တွေကိုကြည့်နေမိတယ်...
နောက်တော့ ကျမရဲ့ စိတ်တွေ ရန်ကုန်ဆိုတဲ့  ကျမသိပ်တမ်းတ  သိပ်လွမ်းမောရတဲ့ ..မီးတွေအမြဲတမ်းပျက်တတ်တဲ့...  နေအရမ်းပူပြီး  ဖုန်ထူတဲ့ ...  ကုန်ဈေးနှုံးတွေကြီးတဲ့..  အင်တာနက်ကွန်နက်ရှင် လိပ်လိုနှေးတဲ့  ကျမသိပ်ချစ်ရတဲ့ မြို့လေးစီကို ပြန်ရောက်သွားတယ်.. ။

ကျမရန်ကုန်မှာနေတုန်းက  ညဘက် မိုးရွာပြီဆိုရင်  ဝရန်တာကနေ လမ်းမပေါ်ကျလာတဲ့ မိုးရေ စက်တွေကို ထိုင်ကြည့်နေကြ.. တခါတလေ မီးပျက်တာနဲ့ဆုံနေရင်   ဘုရားခန်းထဲမှာဘဲဖယောင်းတိုင် ဆီမီးလေး ပူဇော်ပြီး  ဝရန်တာမှာ ကျမတယောက်ထဲ ထိုင်နေကြ ... အဲလိုညတွေကို အရမ်းပြန်သတိရမိတယ်..။  အခုလည်း မိုးတွေ ရွာနေပါတယ်... ဝရန်တာမှာလည်း ကျမရပ်နေပါတယ်..
မီးတွေလည်း မှိတ်ထားပါတယ်... ကျမ ဝရန်တာမှာ ရပ်ပြီးမိုးရေစက်တွေကိုလည်းကြည့်နေပါတယ်..
ဒါပေမဲ့  စိတ်ထဲက  ခံစားချက်... အရင်တုန်းက    မိုးရေစက်တွေကို ကြည့်နေတုန်းက ခံစားချက်နဲ့
အခု မိုးရေစက်တွေကို  ရပ်ကြည့်နေတဲ့ခံစားချက် ...မတူတော့ပါဘူး... ကျမကို ကျမသိနေပါတယ်...
တချိန်တုန်းက ကျမ စိတ်ထဲ မိုးရေစက်တွေကို  သဘောကျတဲ့စိတ်နဲ့  ရေတပေါက်ချင်းကျနေတာကို  အေးငြိမ်းတဲ့စိတ်နဲ့  ကျမကြည့်ခဲ့တာပါ...
အခု ကျမ မိုးရေကျနေတာကို ကြည့်သာကြည့်နေရတယ်...ပြောရမယ်ဆိုရင်တော့  အဓိပ္ပါယ် မဲ့စွာနဲ့
ကြည့်နေမိတာပါ .... ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလည်း  ကျမကိုယ် ကျမမသိပါဘူး.. ။။

ကျမစိတ်ထဲမတော့  ရန်ကုန်က ကျမတို့အိမ်လေးစီကိုပြန်ရောက်သွားတယ်...
ဝရံတာလေးစီကိုပြန်ရောက်သွားတယ်...ညဘက် တိုဖူးသုပ်လို့  လိုက်အော်ရောင်းတဲ့  အသုပ်သည်လေးရဲ့ အသံကိုပြန်ကြားမိသလိုလို ... မုန့်ဖက်ထုပ်လို့ အော်လိုက်သံလည်းကြားလိုက်မိပါရဲ့ ...ကျမ ရန်ကုန်ကို
သိပ်လွမ်းတယ်... ။။

တခါတလေ  ညဘက်စာအုပ်ဆိုင် သွားရင်  မိုးရေထဲလမ်းလျှောက်ခဲ့ရတာကို လွမ်းတယ်... လမ်းမပေါ်တင်နေတဲ့ ရေအိုင်လေးထဲခြေထောက်ရှပ်တိုက်လျှောက်လိုက်တိုင်း   အေးခနဲဖြစ်သွားတဲ့  အထိအတွေ့...ခြေဖမိုးပေါ် ရေစက်လေးတွေ တဖွဲဖွဲ  စင်နေတဲ့  အရသာ... ဖိနပ်တခုလုံးစိုစိပြီး  ခြေဖဝါးတခုလုံး  အေးစက်နေတဲ့  ခံစားချက်...   အိုးးးး   ကျမ အဲတာတွေ အရမ်းသတိရမိတာဘဲ...။။

ညနေဘက်ကျူရှင် သွားတဲ့အချိန် မိုးရွာရင်  သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်  အာပူလျှာပူ ဆိုင်ထဲ
ဝင်စားခဲ့တာ...  မိုးရေ အေးအေးထဲ  ငရုတ်ကောင်းနဲ့ပူစပ်ပူလောင် ဖြစ်အောင် ချက်ထားတဲ့ ရခိုင် မုနု့်တီ
တပွဲရဲ့  အရသာက အခုနေခါ ပြန်စဉ်းစားမိလိုက်ရင်တော့  သရေတောင်ပြန်မျိုချမိပါရဲ့ ...။။

ကျမအရမ်းခင်တဲ့သူငယ်ချင်း တယောက်ရှိပါတယ်  ..သူကနယ်ကပါ ..ရန်ကုန်မှာ ....အဆောင်နေပါတယ်...ကျမသူ့အဆောင် သွားလည်တိုင်း မိုးရွာတာနဲ့ဆုံရင်  ကျမတို့ ယမ်ယမ် ချဉ်စပ်တယောက်တထုပ်ပြုတ်ပြီး  အဆောင်နားက ပုဂံလမ်းထိပ်က  ကွမ်းယာတို့ဇီးထုပ်တို့ရောင်းတဲ့
မုန့်ဆိုင်လေးကနေ အချဉ်ထုပ်တွေဝယ်ပြီး  ခေါက်ဆွဲပြုတ်နဲ့ ဇီးထုပ်  စားလို့မလိုက်ဖက်ပေမဲ့  အဲဒီနှစ်မျိုးကိုဘဲ  စားခဲ့တာပါ... ညဘက်မိုးရွာရင်  အဆောင်ခေါင်မိုးပေါ် မိုးထားတဲ့ သွပ်ပြားကိုရေကျသံ
တဗြောင်းဗြောင်းကို  နားထောင်ရင်  အိပ်ပျော်သွားတဲ့ ညတွေ... အဲဒီတုန်းကတော့ ရေသံ ဗြောင်းဗြောင်းဆိုတာကို ဘဲနားထောင်နေရင်းအိပ်ပျော်သွားတာပါ ....ကျမသူငယ်ချင်းကပြောတယ်..အဲလိုညဘက် မိုးရွာလို့ ခေါင်မိုးပေါ် မိုးရေ တဗြောင်းဗြောင်းကျရင်  နယ်က သူ့အိမ်ကို အရမ်းလွမ်းတာဘဲတဲ့...အဲဒီတုန်းကတော့ သူပြောလို့ နားထောင်ပေးလိုက်တာဘဲ ရှိတာပေါ့...သူ့ခံစားချက်ကို  နားမလည်ခဲ့ပါဘူး... အခုတော့ ကျမနားလည်သွားပါပြီ ....။။

ကျမ ကဘဲ အတိတ်ကိုဖက်တွယ်လွန်းတာလားတော့  မသိပါဘူး..ကျမစီမှာ သတိရမိတဲ့
အတိတ်ပုံရိပ်တွေ  ခံစားချက်တွေ  တော်တော်များပါတယ်...ပြန်မရတော့နိုင်ဘူးဆိုတာသိနေပေမဲ့
ပြန်သတိရခွင့်တော့  ရှိတယ်လို့ ထင်ပါတယ်...ညတွေက  လူတွေကို တခါတလေ မှာပြုစားတတ်တယ်
ထင်ပါရဲ့နော်....။။

အခုလည်း မိုးတွေရွာနေတယ်...တချိန်တုန်းက မိုးညလေးတွေကို ကျမပြန်သတိရနေမိတယ်.. ။။

ပစ်ပစ်
Am 3:05
19.4.2013

ပုံကတော့ Google  ကပါ...



8 comments:

Anonymous said...

ကိုယ်ချင်းစာပါတယ်ကွယ်
အဘလည်း ၇နှစ်ကျော်လောက်အခါရက်တွေကိုဖြတ်သန်းခဲ့ဖူးတယ်
မနေ့ ကရန်ကုန်မှာမိုးရွာတာပေါ့ ဆေးကြောမိုးလေးထင်ပါ့ မစင်နိုင်ပါဖူးကွယ်



မောင်ဘကြိုင်

မိုးညချမ်း on 19 April 2013 at 20:35 said...

“မိုးည”ဟာ သိပ်ကို လွမ်းစရာကောင်းလွန်တာကိုး မမရဲ့ ... အပြစ်မဖြစ်ပါဘူးလေ ... အခါအခွင့်သင့်ရင်တော့ အမိမြေကို ပြန်လာခဲ့နော် ... ဆုံကြမယ် ... :)

Goldfish Lay on 19 April 2013 at 21:41 said...

Nice article. I miss YGN after reading your article.

run to tuition in the rain. to the book store.. everything is left in the past already..

ညိုလေးနေ on 24 April 2013 at 08:52 said...

မချစ်လို့ ထားခဲ့ကြတာမှ မဟုတ်ဘဲ
မဖြစ်လို့ ခွဲခဲ့ကြရတာ
တစ်နေ့တော့ ပြန်နိုင်ကြမှာပါ :)

San San Htun on 30 April 2013 at 08:04 said...

တိုက်တိုက်ဆိုင်ဆိုင်..ဒီနေ့  တနေ့ လုံး မိုးရွာနေတာ..ရန်ကုန်ကို လွမ်းသွားတယ်...

နွေတေးရှင် (မင်းဧရာ) on 1 May 2013 at 16:05 said...

ကိုယ်ချင်းစာတယ် ငါ့ညီမ
အလွမ်းဘယ်သူ ရှိမတုန်း
ပြန်စုံပြန်ကြုံကြဦးမှာပါ အဲဒီလိုမိုးရွာနေတဲ့ အထဲမှာ
ရေနွေးပူပူလေးမှုတ်သောက် တဖြောက်ဖြောက်နဲ့ မိုးရေကျသံတွေကို နားထောင်
.......................................
တော်ပြီအေ အကိုတောင် လွမ်းလာပြီ။

မြတ်ပန်းနွယ် (Myat Pan Nwe) on 19 May 2013 at 15:33 said...

အတိတ်ကို ပြန်ပြောင်းအောက်မေ့ပြီး လွမ်းဆွေးတမ်းတတယ်ဆိုတာ နူးညံ့တဲ့ နှလုံးသားရှိသူတိုင်းမှာ ဖြစ်တတ်တာပါ ပစ်ပစ်ရေ။ :)

မြတ်မှာလည်း သတိရစရာအတိတ်တွေ၊ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေ၊ ပြီးတော့ များလှတဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေလို့ပေါ့။

မြသွေးနီ on 30 May 2013 at 18:47 said...

မိုးတွေ ဒီမှာလဲ ရွာနေပြီ...
မိုးရွာရင် တွေးလို့ ဆွေးလို့ ကောင်းတာ အမှန်ပါဘဲ..
စောင်ခြုံထဲကွေးပြီး ငြိမ်ငြိမ်လေးနဲ့ မိုးပေါက်တွေ အိမ်ခေါင်မိုးတိုးထိသံ နားထောင်ရတာ တကယ့်ဇိမ်ပဲနော်..။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei