04 April 2015

ပိုင်ရှင်မဲ့သွားတဲ့ အရုပ်ကလေး

Posted by blackroze at Saturday, April 04, 2015 0 comments
ကျမ ဆေးရုံ တက်စဉ်ကာလမှာ အရုပ်လေးတရုပ် ပိုင်ရှင် မဲ့သွားတာ  ကြုံ ဆုံ ခဲ့ရပါသည် ။

ကျမ နေမကောင်းဖြစ်ပြီး ဆေးရုံ တက်ရမယ်ဆိုပြီး လူနာခန်း စောင့်နေစဉ်မှာ  အရေး ပေါ်ဌာနရဲ့ ခုတင်အမှတ် A03 မှာ တည နေခဲ့ရပါသည် ။ ညဦးပိုင်းကတော့ ကိုယ့်ဝေဒနာနဲ့ကိုယ်ဆိုတော့
ဘေးခုတင်က ဘယ်သူဆိုတာ သတိလည်းမထားမိခဲ့ဘူး  ။မနက်လေးနာရီ လောက်ထင်ပါရဲ့
ကျမချောင်းတွေတအားဆိုးလာပါတယ် ။အဲဒီအချိန်မှာ ဘေးကုတင်က အသက် 60ကျော်လောက်ရှိမဲ့
လူကြီးတယောက်ကကျမအဒေါ်ကို  လှမ်းမေးပါတယ်။ သူကဘာဖြစ်တာလည်း
" တုပ်ကွေး လား... ရိုးရိုးဖျားတာလား ..ချောင်းဆိုးနေတယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းကိုmask နဲ့ အုပ်ထားနော်"ဆိုပြီး ပြောပါတယ် ။ ဘာရောဂါနဲ့ ဆေးရုံရောက်လာလည်းဆိုတာတော့ မသိပါဘူး ။
အိမ်ကမိသားစု လူနာစောင့်တွေလည်း မတွေ့ပါဘူး ။သူတယောက်ထဲပါဘဲ ။

ကျမလည်းစကားဆက်မပြောချင်လို့  ဟုတ်ကဲ့ .. နှာခေါင်းနဲ့ ပါးစပ် အုပ်တဲ့ ဟာလေး ဝယ်ပြီးအုပ်ထားလိုက်မယ် လို့ပြန်ပြောလိုက်သည် ။ သူကတော့ သူ့ဘာသာသူ တယောက်ထဲ
အိပ်နေလိုက် ခဏလောက်နေရင် သူ့ကိုဆေးသွင်းထားတဲ့ပိုက်ချိတ်ထားတဲ့ တိုင်ကို သူ့ဘာသာ
ကိုင်ပြီး ထထွက်သွားလိုက်နဲ့ .. လာစောင့်ပေးတဲ့မိသားစုဝင်တွေလည်း မရှိပါဘူး ။ ခုတင်ခေါင်းရင်းမှာ လိမော်သီး တထုပ်ချိတ်ထားပြီး  လိမ်မော်သီးစားလိုက် အိပ်လိုက်နဲ့ တယောက်ထဲဘဲနေ နေတာပါ ။

သူ့ကြည့်ရတာလက်မှု့ ပညာတော့တတ်ပုံရတယ် ။ သူ့စီမှာ ခဲရောင်လို ခပ်ပျော့ပျော့ အလုံးတလုံး
တွေ့တယ် ။ဘာအလုံးလည်းတော့ မသိဘူး ။ ကျမတို့ငယ်ငယ်တုန်းက ဂျုံ အလုံးတွေနဲ့ အရုပ်လေးတွေ
လုပ်သလိုပေါ့ ။အဲလိုမျိုး လုပ်လို့ရတဲ့ ဟာလေးပေါ့ ။အဲဒီလူကြီးကတော့ သူ့ဘာသာသူ
တယောက်ထဲ လှဲနေရင်း အဲဒီ အလုံးလေးကို ပြားလိုက် ဖိလိုက်နဲ့ အရုပ်လေး တွေလုပ်နေတာ ။
ရှေးခေတ်သိုင်းကားတွေထဲက သိုင်းသမားတွေကိုင်တဲ့ ဓါးပုံစံကို အမျိုးမျိုး လုပ်ကြည့်နေတာ ။
သူလုပ်တဲ့ဓါးလေးတွေက လက်ရာလည်း မြောက်ပါတယ် ။ ဓါး အတို ဓါးအရှည် နောက်ပြီး လှံ
သေနတ် အဲလိုအရုပ်လေး တခုလုပ်လိုက် ပြီးရင် ပြန်လုံးလိုက် နောက်အရုပ်လေးတခုပြန်လုပ်လိုက်နဲ့
သူတယောက်ထဲဘဲ ...။

မနက်လင်းတော့လည်း လာကြည့်တဲ့သူလည်းမတွေ့ ပါဘူး။ သူတယောက်ထဲဘဲ  လှဲလိုက်
ထလိုက်နဲ့  နေနေတာ ။နောက်တော့ကျမလည်း သူ့ကို သတိမထားမိတာ့ဘူး ။ ကိုယ့်ဝေဒနာနဲ့
ကိုယ် ဆိုတော့ ဘယ်သူကိုမှ သတိမထားမိဘူး ။ကျမအဒေါ်က တော့ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်ပေါ့ ။
အရေးပေါ်ခန်းကနေ ဆေးရုံတက်ရမဲ့ လူနာ အခန်းတွေကို မနက် 8နာရီမှာ စပြောင်းပေးပါတယ် ။
တယောက်ပြီးတယောက် နံပါတ်စဉ်အလိုက်နဲ့ ကိုယ်တက်ရမဲ့ အခန်းကို ပြောင်းပေးတာပေါ့ ။

ကျမအပေါ်ထပ်လူနာအခန်းမပြောင်းခင် အချိန်လေးမှာဘဲ ။နပ်စ်မတွေရော ဆရာဝန်တွေရော
ဝရုန်းသုန်းကားနဲ့ ဖြစ်ကုန်ပါတယ်..လူနာတယောက် ဝက်ရူး ပြန်သလိုတက်ပြီး လဲကျသွားလို့ပါ
ကျမကတော့ခုတင်ပေါ် လှဲနေတဲ့သူဆိုတော့ အသံတွေဘဲကြားနေရတာပေါ့ ။အဒေါ်လုပ်တဲ့သူကတော့
ဘာလည်းဆိုပြီး ထသွားကြည့်ပါသည် ။

ပြန်လာတော့ " ဘေးခုတင်က လူကြီး ဖြစ်တာသမီးရဲ့ ..ပါးစပ်ထဲကလည်း အမြှုပ်တွေ ထွက်လို့ဟဲ့ ။
ဘယ်လိုဖြစ်တာလည်း မသိဘူး.. သနားပါတယ် ။သူ့အရုပ်လေးတောင် ဒီတိုင်းကျကျန်ခဲ့တယ် " ဆိုပြီး
လာပြောပြပါတယ်  ။

အဲဒီအချိန်မှာဘဲ ကျမလည်း နေရမဲ့ လူနာအခန်း နံပါတ်ရပြီမို့ ဆေးရုံဝန်ထမ်းတဦးက ကျမ ခုတင်ကို
အပေါ်ထပ်ကို ပြောင်းပေးဖို့ ဓါတ်လှေကားစီကို တွန်းသွားပါသည် ။စောနက ဘေးကုတင်က လူကြီး
လဲကျသွားတဲ့ နေရာလောက်ကို ရောက်တော့ ကျမ အနားပတ်ဝန်းကျင်ကိုကြည့်မိတယ်  ။
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အရုပ်ဓါးသေးသေးလေးတချောင်း.....  ။။အမည်းရောင် ဓါးလေးတချောင်းက
ပိုင်ရှင်မဲ့စွာနဲ့ဆေးရုံကြမ်းပြင်ပေါ်မှာ .... .... ....  ။

အဲဒီဓါးလေးကို မြင်တော့ ရင်ထဲမွန်းကျပ်လွန်းလို့ မျက်စိမှိတ်ပြီးအသက်ပြင်းပြင်းရှိုက်မိတယ် ။
မနက်စောစော ပေါင်မုန့်တို့ကိတ်မုန့်တို့ စားရမဲ့အချိန်မှာ ရှိတဲ့လိမ်မော်သီးဘဲ အခွံခွာစားနေတဲ့ အသက်60ကျော် အဘိုးကြီးတယောက်ကို မြင်ယောင်လာမိသည် ။
အဆုတ်ရောင်နေလို့လား..ဒါမှမဟုတ် ခံစားချက်ကြောင့်လားမသိပါဘူး...
ရင်ဘတ်ထဲအောင့်ခနဲဖြစ်သွားတဲ့ ခံစားချက်..စူးခနဲအောင့်သွားတဲ့ နာကျင်မှု့နဲ့ အတူ မျက်ရည်လည်လာမိသည်။

စိုစွတ်လာတဲ့ မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်မိတော့  တဖြည်းဖြည်းနဲ့ဝေး....ဝေး ကျန်ခဲ့တဲ့
ကြမ်းပြင်ပေါ်က အရုပ်ဓါးလေးကို ခပ်ရေးရေးလေးတွေ့နေရတယ် ။

နေရာအနှံအပြားက ဆေးရုံတွေမှာ အခုလိုဘဲ ပိုင်ရှင်မဲ့သွားတဲ့ အရုပ်လေးတွေ ဘယ်လောက်တောင်
ရှိနေမလည်းမသိနိုင်ပါဘူး ။အသက်ကြီးလာတဲ့အချိန်မှာ မိသားစုမရှိတဲ့ တကိုယ်ရည် တကာယ
သမားဖြစ်လို့ ပြု စု စောင့်ရှောက်မဲ့ သူ မရှိနိုင်တာလည်း ဖြစ်နိုင်သလို ။
မိသားစုရှိရဲ့သားနဲ့  တာဝန် မယူကြလို့ တကိုယ်တည်း နေနေရတဲ့ သူလည်း ဖြစ်နိုင်ပါတယ်  ။
ဆေးရုံကြီးကလည်း ကောင်းပါရဲ့...
ဆေးတွေကလည်း ကောင်းပါရဲ့...
ခေတ်မှီကိရိယာ တွေနဲ့ တခုခုဆို နာရီပိုင်းနဲ့တင် စစ်ဆေးလို့လည်းရပါရဲ့ ...
ဒါပေမဲ့ မေတ္တာတရားဆိုတဲ့ နွေးထွေးမှု့က ခပ်ရှားရှား ....  နိုင်ငံခြားဆိုတာ အဲလိုမျိုး များလား .... ။။။။။။



ပစ်ပစ်
Pm 5:55
4.4.2015





02 April 2015

သုံးသောင်းတန် ဖီလင်

Posted by blackroze at Thursday, April 02, 2015 3 comments
shopping ဆိုတဲ့ ဈေးဝယ်ထွက်ခြင်းကို မိန်းကလေးအများစုကနှစ်သက်သဘောကျကြပါသည် ။
shopping center တခုခုမှာတဆိုင်ပြီး တဆိုင် လှည့်ပတ်ကြည့်ရှု့ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ပစ္စည်း
အကျီ အစရှိတာတွေကို ဝယ်ယူတဲ့အခါ မဖြစ်မနေ ပတ်သက်ဆက်ဆံရတဲ့သူတွေကတော့
အရောင်းစာရေးဝန်ထမ်းတွေပါဘဲ ..။

တချို့က ဆက်ဆံရေးကောင်း တယ်...အမ ဘာလိုချင်လည်း ဘာရှာတာလည်း ဆိုပြီးလိုချင်တဲ့
ပစ္စည်း အရောင်အသွေး ကိုဝိုင်းဝန်းရှာပေး လိုက်မလိုက် ဝိုင်းကြည့်ပေးတဲ့ အပြုံး ချို ချို လေးနဲ့အရောင်းဝန်
ထမ်းလေးတွေ ရှိသလို ...

လိုချင်တာလေးများရွေးတာ နဲနဲ များသွားရင် စိတ်မရှည်ချင်သလို ပုံစံနဲ့ စူပုပ်ပုပ် ဖြစ်လာတတ်တဲ့
အရောင်းဝန်ထမ်းတွေလည်း ရှိတတ်ပါတယ် ။

နောက်တမျိုးကတော့ အဆိုးဆုံးပါ  ..ကိုယ်ကြည့်လိုက်မိတဲ့အကျီက ဈေးလေးများ  နဲနဲ များတဲ့အကျီ
ဆိုရင်ဝယ်နိုင်လို့လာမေးနေတာလား  ဆိုတဲ့ ပုံစံနဲ့ ကြည့်တတ်တဲ့ အရောင်းဝန်ထမ်းမျိုးပေါ့ ။

ကျမ အိမ်ခဏပြန်တဲ့ အခိုက်အတန့်မှာ မရောက်တာ 7နှစ်ရှိပီ ဖြစ်တဲ့ ယုဇနပလာဇာကို ရောက်ခဲ့တယ် ။
သူငယ်ချင်းတွေက ပြောတယ်..ပလာဇာမှာကိုးရီးယားမိတ်အကျီတထည်ကို 5သောင်း 6သောင်း
လောက်တောင်ပေးရတာ တဲ့...အဲလောက်တောင်ဈေးကြီးလားဟယ်ဆိုတော့ အဲထက်ဈေးကြီးတာတွေ
တောင်ရှိတယ်တဲ့  ...လေ   ။တခါတလေ မူရင်းဈေးအရင်းကဘယ်လောက်ရှိတယ်ဆိုတာတော့ မသိဘူး..အကျီတထည်ကို 2သောင်းလို့ပြောတာကို တသောင်းခွဲရမလားဆစ်လိုက်တာ ချက်ခြင်းဘဲ
ယူသွားဆိုပြီး ထည့်ပေးလိုက်လို့ ရင်ခံခံနဲ့ ဝယ်လာရတာမျိုး လည်းရှိတယ်တဲ့ ...။ဒါဆိုဈေးနှုံး ကပ်ထားတဲ့
ဆိုင်မှာဝယ်မှ ဖြစ်မှာပေါ့လို့ငါကဈေးဆစ်ရတာအားနာလို့ဆိုပြီးပြောတော့ ..နင့်ဘာသာ အခြေအနေကြည့်ဝယ်ပေါ့ တဲ့  ။

ကျမလည်း အကျီ လေ့လာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကြိုက်တာတွေ့ခဲ့ရင် လည်းဝယ်မယ်ဆိုတဲ့
လုပ်ငန်းစဉ်တခုချမှတ်ပြီး..ပလာဇာကို ချီတက်ခဲ့တယ်.. ။အကျီလေးတွေက အဆင်စုံအသွေးစုံနဲ့
တော်တော်လှပါတယ် ။ ဒုတိယထပ် လှေကားနားကဆိုင်မှာချိတ်ထားတဲ့ အမျိုးသမီးဝတ်
အကျီလေးတွေတော်တော် လှလို့ သေချာဝင်ကြည့်ဖြစ်တယ်ဆိုပါတော့ ...

အပေါ်ဘက်တန်းမှာချိတ်ထားတဲ့ အဖြူ လေးတွေထဲကတထည်ကတော်တော်လေးလှပါတယ်..
စိတ်ထဲလည်းသဘောကျတာနဲ့ သေချာလေးကြည့်မိတယ် ။အပေါ်ဘက်မှာချိတ်ထားတာဆိုတော့
ကျမ လှမ်းယူကြည့်လို့ အဆင်မပြေပါဘူး..အဲတာနဲ့ ကောင်မလေးတယောက်ကို အမကိုခဏလောက်
အောက်ချပြပါလားလို့ပြောပြီး သူအကျီလေး ကိုတုတ်တံချိတ်လေးနဲ့ယူချပေးတော့ အသားလေးလည်း
ကိုင်ကြည့်..ချုပ်ရိုးလေး ဘာလေးလည်း လှန်ကြည့်ပေါ့ ...။အကျီမှာ price ကပ်ထားလားကြည့်တော့
မကပ်ထားဘူး ။အဲတာနဲ့ ဈေးကဘယ်လောက်လည်းလို့ ပြန်မေးရတယ် ။အဲဒီအချိန်ထိ ကျမသူ့ မျက်နှာကို
မကြည့်မိသေးဘူး ။ကိုယ့်အာရုံနဲ့ကိုယ် စိတ်က အကျီစီကိုဘဲ ရောက်နေတာ..29000 လို့ ခပ် ဆတ်ဆတ်
လို့ပြန်ဖြေသံကြားပေမဲ့လည်း သတိမထားမိသေးဘူး ။ကျမစိတ်ထဲ နှစ်သောင်းကိုးထောင်ဆိုတော့
သုံးသောင်းဘဲထားလိုက်ပါတော့..သုံးသောင်းဆို ကျမနေတဲ့ နိုင်ငံကငွေ တန်ဖိုးနဲ့တွက်ရင် ဘယ်လောက်
ရှိမလည်း စိတ်ထဲအပြေးအလွား  တွက်မိတယ် ။အင်းးးး ဒီအကျီအသားပုံစံနဲ့ သုံးသောင်းဆိုတာတော့
နဲနဲတော့ များတယ်..နောက်ပြီး သူငယ်ချင်း ပြောလိုက်တဲ့...2သောင်းတန်ကို 1သောင်းခွဲဆစ်တာ
တောင် များသွားတယ်ထင်တယ်ဆိုတဲ့ စကား... အဲတာနဲ့ ကျမအဲဒီအရောင်းဝန်ထမ်းကောင်မလေးကို
ဈေးဆစ်လို့ရလား ညီမလို့ မေးလိုက်မိသည် ။ " ဝယ်မှာမို့လို့လား နှစ်သောင်းကိုးထောင်နော် "
ဆိုပြီး ပြန်ပြောလိုက်တဲ့ စကားသံက နားထဲဗုံးတလုံးပေါက်လိုက်သလို အုန်းခနဲဝင်လာတယ် ။

စိတ်ထဲဖျင်းခနဲဖြစ်သွားတဲ့ခံစားချက်တခုနဲ့  သူ့ဘက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည် ။ကျမကို
ခပ်တင်းတင်းစိတ်မရှည်သလိုမျက်နှာနဲ့ ကြည့်နေတဲ့  မိန်းကလေးတယောက်..... .... ကျမ သူ့မျက်နှာကို
စေ့စေ့ကြည့်ပြီး "နင်  ဈေးရောင်းနေတာ မဟုတ်ဘူးလား ..ဝယ်သူတယောက်အနေနဲ့ အကျီကို ယူကြည့်တာ...ဈေးဆစ်လို့ရလား ဆိုပြီး မေးတာ မေးလို့မရဘူးလား " ဆိုပြီးပြန်မေးလိုက်တယ် ။ကျမ ကို အဲလိုတုံပြန်မယ်လို့ သူမထင်ထားဘူးထင်တယ်...ရုတ်တရက်ကျမစီကနေ ဒေါသအသံနဲ့  စကားသံထွက်လာတော့ သူလည်းတချက်ကြောင်သွားပီး ဘာပြန်ဖြေရမလည်းမသိဘူးဖြစ်သွားတယ် ။သူ့စိတ်ထင် သူအဲလိုပြောလိုက်ရင် ကျမကခပ်ကုတ်ကုတ်လေးနဲ့ အဲဒီအကျီကို ချထားပြီး ထွက်ရင်လည်းထွက်သွားမယ်။ ဒါမှမဟုတ်လည်း  တခုခုပေါ့ ...သူ့ကို အဲလိုပြန်မေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဖြစ်မယ်..

ဘာပြန်ပြောရမလည်းမသိဘူးဖြစ်နေတဲ့ မိန်းကလေးကို ကျမသေချာစိုက်ကြည့်ပြီး ပြောခဲ့တယ်...
" ညီမ..အရောင်းစာရေးတယောက်ဆိုတာ  ဈေးလာဝယ်တဲ့သူတွေကို အဆင်ပြေအောင် ကူညီပေးဖို့
တာဝန်ယူရတဲ့သူ .. ဝယ်နိုင်လား မဝယ်နိုင်လားဆိုပြီး မေးရတဲ့သူမျိုး မဟုတ်ဘူး..အဲတာကိုတော့သဘောပေါက်ထား သင့်တယ်.. " ကျမသူ့ကို အဲလောက်ဘဲပြောပြီး
အကျီကို အနားကတန်းလေးတခုမှာ တင်ပြီးဆိုင်ထဲကထွက်ခဲ့လိုက်တယ်....။

အမှန်ဆို အဲဒီအကျီကို သူပြောတဲ့အတိုင်း ဈေးမဆစ်ဘဲကျမဝယ်နိုင်ပါတယ်။
ဒီအကျီလောက်တော့ဝယ်နိုင်တယ် ဆိုင်ပိုင်ရှင်ဘယ်မှာလည်းဘာညာ ဆိုပြီး အကျယ်အကျယ်လည်း
မဖြစ်ချင်တာအမှန်ပါ ။နောက်ပြီး ဒါက သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တခုလည်းဖြစ်နိုင်ပါသည် ။
သူတပါးထိခိုက် စိတ်အနှောင့်အယှက်မဖြစ်စေချင်တာလည်းပါ ပါသည် ။နောက်တခုက သူလည်း အရောင်းစာရေးတယောက်အနေနဲ့ ဝယ်သူနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
ကြုံ ခဲ့ဖူးလို့စိတ်မရှည်တာနေမှာပါ  ..ဆိုပြီး နားလည်ပေးလိုက်တာလည်းပါပါ သည်။

ဒါပေမဲ့လည်းပေါ့လေ ...  အရောင်းဝန်ထမ်းတယောက်ဆိုတာ ဆိုင်ပိုင်ရှင်ရဲ့ လစာကိုယူပြီး
ဝယ်သူတွေအတွက်ဝန်ဆောင် မှု့ပေးရတဲ့သူတွေပါ ။ဆိုင်တဆိုင်ဖွင့်ကထဲက လူဆင်းရဲ လူချမ်းသာ
လူအလတ်တန်းစား  အလွှာပေါင်းစုံက လာနိုင်တာဘဲလေ ..   ဆိုင်ထဲက အကျီက တသောင်းတန်ဘဲဖြစ်
ဖြစ်  တသိန်းတန်ဘဲဖြစ်ဖြစ် ..ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ အပြင်က လူက မသိနိုင်ပါဘူး..
ကိုယ်အလိုရှိတဲ့ဈေးလေးနဲ့ ရနိုင်တာမျိုး ရှိမလားဆိုပြီး လာဝယ်ကြတဲ့ လူတန်းစားတွေ ရှိနိုင်သလို
ဘယ်ဈေးဖြစ်ဖြစ် ဝယ်နိုင်တဲ့ တသောင်းတန် အုပ်လိုက် အိတ်ထဲထည့်ပြီး ဈေးပတ်နိုင်တဲ့
လူချမ်းသာတွေလည်းရှိနိုင်ပါတယ် ။ 

ကိုယ့်ဆိုင်ထဲကို ဘယ်သူဘဲဝင်လာဝင်လာ အရောင်းဝန်ထမ်းတယောက်အနေနဲ့ အဓိက အကျဆုံးတာဝန်က  ဈေးရောင်းပေးဖို့ပါဘဲ ..လူတန်းစားအလွှာမခွဲခြားဘဲ ..တန်းတူဆက်ဆံပြီး
ဝန်ဆောင် မှု့ပေးဖို့ပါဘဲ ။အရောင်းစာရေးတယောက်ဆိုတာ ကိုယ်ရောင်းမဲ့ ပစ္စည်းကို ဝယ်သူ
သဘောကျအောင် ပြောပေးနိုင်ရမယ်...ကိုယ်ရောင်းနေတဲ့ ပစ္စည်းတခုရဲ့ အရည်အသွေး ..
ကိုရှင်းပြနိုင်မယ်..ပစ္စည်းရဲ့တန်ဖိုးကို ဝယ်သူစိတ်ကျေနပ်တဲ့ စကားလုံးမျိုးနဲ့ ဒီအကျီနဲ့ဒီတန်ဖိုးက ထိုက်တန်တယ်ဆိုတဲ့ အကြောင်း သဘောပေါက်အောင် ပြောပေးနိုင်ရမယ်..။ဝယ်တဲ့သူက
ပစ္စည်းရဲ့တန်ရာတန်ကြေးတခုကို ပေးပြီးဝယ်ရတာပါ ..အလကား ယူရတာမဟုတ်ပါဘူး..
တန်ဖိုးနည်းတဲ့ပစ္စည်းဖြစ်စေ ..တန်ဖိုးကြီးတာဖြစ်စေ ငွေကြေးနဲ့ တန်ဖိုးဖြတ်ပြီးဝယ်ရတာပါ ။
အဲဒီအတွက်ရောင်းတဲ့သူ ဘက်ကလည်း ထိုက်တန်တဲ့ဝန်ဆောင်မှု့တခုပေးသင့်ပါသည် ။

ဈေးလာဝယ်သူကို ဝယ်နိုင်လို့လား ဆိုတဲ့ပုံစံနဲ့ မေးလိုက်တာမျိုး ဟာ အင်မတန်မှကို ရိုင်းပြလွန်းပါတယ်။
အဲလိုဝယ်နိုင်မှ ဆိုင်ထဲဝင်ရမယ်လို့ သတ်မှတ်ထားရင် ဆိုင် အပြင်မှာတခါထဲ ဆိုင်းဘုတ်ထောင်ထား
သင့်ပါတယ်...သောင်းဂဏန်းတန်အကျီများသာရောင်းပါသဖြင့်  လူချမ်းသာများသာဆိုင်ထဲဝင်ပါရန်
ဆိုပြီးတော့ရေးထားသင့်သည် ။

ကျမစိတ်တိုခဲ့တဲ့အကြောင်း သူငယ်ချင်းတွေကို ပြန်ပြောပြတော့သူတို့ဝိုင်းစကြပါသည် ။ " နင်က မြန်မာ
လာတော့ မြန်မာလုံချည် ဝတ်ချင်တယ်ဆိုပြီး  ပုံစံက ရိုးရိုးကြီးဖြစ်နေတော့
ဒါမျိုးတွေဝယ်မှာလည်းမဟုတ်ဘဲ ဈေးမေးပြီး ပြန်ထွက်မှာ ဆိုပြီး အဲလိုဆက် ဆံ လိုက်တာနေမှာ..
မှတ်ထား..နောက်ခါဆို ဘောင်းဘီတို ဝတ်ကြိုးတချောင်းအကျီဝတ်အလန်းဇယားဖြစ်အောင်ဝတ် ပြီးဈေးပတ်ရတယ်ဟဲ့...အဲတာဆို
ဒီလိုစတိုင်မျိုးက ပိုက်ဆံသုံးနိုင်တဲ့ စတိုင်ဆိုပြီး နင့်ကို တထည်ပြီးတထည်ရောင်းပေးမှာ  ..ငါပြောသလို
ဝတ်ပြီးပြန်သွားကြည့်  " တဲ့ ..မှတ်သားလောက်ပါပေတယ်နော်... ။။။။

လူတယောက်ကို ဝတ်စားဆင်ယင်မှု့ကြည့်ပြီး အထင်နဲ့ဆုံးဖြတ်ကြတဲ့ခေတ်ဖြစ်နေပါရောလား...။
အဲတာမို့လည်းလူတွေ အညာခံနေကြရတာ နေမှာလို့ တွေးမိသည် ။ ပလာဇာတင်လား ဆိုတော့
မဟုတ်ပါဘူး..ပြင်ဦးလွင် သွားတဲ့အချိန်မှာလည်း  ဆွယ်တာရောင်းတဲ့ ဆိုင်က ကလေးမလေးလည်း
အလားတူပါဘဲ ...။ အဲဒီတုန်းကလည်း သုံးသောင်းတန် ဆွယ်တာပါဘဲ ...ကျမကအမေ့အတွက်
ဝယ်မလို့ ဖုန်းဆက်ပြီး အရောင်လှမ်းမေးတာပါ ။အမေက ဖုန်းမကိုင်ပါဘူး.. အဲတာနဲ့  " ညီမလေး ..အမအိမ်ကို ဘာအရောင်ယူမလည်းဖုန်းဆက်မေးပြီးမှ ယူမယ်နော်"  လို့ပြောလိုက်တာကို
ဘေးကကလေးမတယောက်ကို မျက်စလေးပြစ်ပြီး တွေ့တယ်မလား  မဝယ်နိုင်ဘူးဆိုတဲ့
ပုံစံလေး လှမ်းလုပ်ပြ ပါတယ် ။ကျမကလည်းမြင်ဖြစ်အောင် မြင်လိုက်ပါတယ်  ။ဒါပေမဲ့အဲဒီသုံးသောင်းတန်
ကိုတော့ အမေ ဖုန်းပြန်ဆက်လာလို့ သူလိုချင်တဲ့ အရောင် ရွေးဝယ်ပေးခဲ့ပါတယ် ။

ကျမ မလည်း မြန်မာတခါပြန်တာ သုံးသောင်းတန်ခံစားချက်တွေ တော်တော်ရခဲ့ပါတယ်  ။ပလာဇာနဲ့
ဆွယ်တာဆိုင်က ပေးလိုက်တဲ့  သုံးသောင်းတန် ဖီလင်ဆိုပါတော့  ။တွေးမိလိုက်တိုင်း
တစိမ့်စိမ့်နဲ့ တငြိမ့်ငြိမ့် လေးပါဘဲ .. နောက်တခါပြန်ရင်တော့ ဘောင်းဘီတိုဘောင်းဘီရှည် အစရှိသော အလန်းဇယားလုပ်လို့ရသော အကျီများသာ များများသယ်သွားမည်ဟု
ကျမအသေအချာဆုံးဖြတ်ထားပါသည် ။
သုံးသောင်းတန်ဖီလင်ကို  နောက်ထပ်မခံစားနိုင်တော့လို့ပါ ရှင် ....။။။။

ပစ်ပစ်
Am 2:07
2.4.2015







24 March 2015

ကျမနဲ့ဆေးရုံအရေးပေါ်ဌာန

Posted by blackroze at Tuesday, March 24, 2015 6 comments
မကြာသေးခင်အချိန်က ကျမ ခရီးတခုထွက်ဖြစ်ပါတယ် ။ခရီးထွက်ရာကနေ ပြန်လာတဲ့ ကျမ
ခရီးပန်းတဲ့ဒဏ်ကြောင့်ရော   ..ရာသီဥတု အပြောင်းအလဲကြောင့်ရော ထင်ပါရဲ့  ဖျားပါတော့သည် ။
အိပ်ယာကနိုးနိုးခြင်း  ခေါင်းတောင် မထူနိုင်အောင် ကိုက်နေပြီး တကိုယ်လုံးလည်း မလှုပ်နိုင်အောင်
ဖြစ်နေတော့ စိတ်ထဲ တုတ်ကွေးဖြစ်ပြီလို့ဘဲထင်လိုက်တာပါ ။ဖြစ်ချင်တော့အိမ်မှာလည်း ကျမတယောက်ထဲ ။အဲတာနဲ့ ဆေးတလုံးလောက်သောက်ကြည့်ပြီး သက်သာမလားလို့ ခဏနေကြည့်
ပါသေးတယ် ။ဆေးသောက်လိုက်တဲ့ခဏတော့ချွေးတွေ ထွက်လာပေမဲ့  လူက အေးစက်စက်လို ခံစားလာရတယ် ။အထူးသဖြင့် မျက်စိထဲတဖြည်းဖြည်းထဲ ပြာလာတာပါ ။ကျမသိလိုက်ပြီ ။ဆေးခန်း
သွားပြမှ ဖြစ်တော့မယ်ဆိုတာ အိပ်ယာကတောင်မထနိုင်ဘူးဖြစ်နေတဲ့ သူကတယောက်ထဲဆေးခန်းသွားဖို့ ဆိုတာ ဘယ်လိုမှ ကိုမဖြစ်နိုင်တာ ။အဲတာနဲ့ အဒေါ်အိမ်ကို ဖုန်းဆက်ပြီး  ကျမဖျားနေတယ်  ဆေးခန်းပြမှ
ဖြစ်မယ် အိမ်ကိုလာခဲ့ပါ ကျမ တယောက်ထဲမသွားနိုင်ဘူးဆိုတဲ့ အကြောင်း ပြောရပါတယ် ။နောက်တော့
အလုပ်ကို ဖုန်းဆက်ရပါတယ်။ကျမ နေမကောင်းဘူးဆိုတဲ့ အကြောင်း ဆေးခန်းသွားရမလို့ ဒီနေ့အလုပ်မလာနိုင်ဘူး ဆိုတဲ့ အကြောင်းပြောပြရပါသည် ။

ကျမအဒေါ်အိမ်ကိုရောက်လာတော့ ကျမစားဖို့  စားစရာစီစဉ်ပေးတယ် ။ဒါပေမဲ့ ကျမမစားနိုင်ဘူး ။
ဆေးခန်းတွေက လည်း  မနက်ကနေ နေ့လည်12အထိ ဖွင့်တယ် ။နေ့လည် 12ကနေ 3အထိ နားတယ် ။
နေ့လည် 3နာရီမှ ပြန်ဖွင့်တယ် ။အဲတာဆေးခန်းတိုင်းပါဘဲ ။ကျမ ဆေးခန်းသွားဖို့ နာရီကြည့်တော့
နေ့လည် 1နာရီမရှိတရှိ ဆေးခန်းတွေ ခဏနားတဲ့ အချိန်ပါ ။အဲတာနဲ့ဆေးခန်းဖွင့်မဲ့အချိန်ထိစောင့်ရပါတယ် ။နေ့လည် 3နာရီထိုးတော့ ကျမကို အဒေါ်က ဆေးခန်းလိုက်ပို့ပေးပါတယ် ။ဆေးခန်းရောက်တော့ သွေးပေါင်တအားကျနေတယ်တဲ့ ။
အပေါ်သွေး 80 အောက်သွေ6း0 ။
ဆရာဝန်ကတော့  သွေးပေါင်တအားကျနေတော့  အားဆေးပုလင်း ချိတ် ခိုင်းတယ် ။တခြားဘာရောဂါ ရှိလည်းမေးတော့ သွေးအားနည်းတာတော့ ရှိတယ်လို့ဖြေလိုက်ပါတယ် ။အဲတာနဲ့
ပုလင်းတလုံးချိတ်ပါတယ်  ။ညနေ5နာရီလောက်မှ ဆေးက ကုန်ပါတယ်  ။အဒေါ်က
" နင် ဒီပုံစံနဲ့ ငါ့အိမ်ဘဲလိုက်ခဲ့တော့ နင့်အိမ်မှာ နင်တယောက်ထဲ  ဖြစ်မှာ မဟုတ်ဘူး " ဆိုပြီး
ကျမကို သူ့ အိမ်ကိုခေါ်သွားပါတယ် ။

အိမ်ရောက်တော့ အိမ်ပေါ်တောင် မတက်နိုင်လို့ ကျမမောင်လေးက လာဆင်းပွေ့ခေါ်ရတဲ့ အထိကို
မူးနေတာပါ ။ကျမစိတ်ထဲ အိပ်ယာထဲဘဲ ခွေနေချင်တာ ။ ည6နာရီထိုးတော့ ကျမ အဒေါ်နောက်တယောက်ဖြစ်တဲ့ အဒေါ်အပျို ကြီးက အလုပ်ကနေအိမ်ပြန်လာပါတယ်...အဒေါ်
အပျို ကြီးကကျမကို ကြည့်ပြီးတော့ နင်ဒီပုံစံနဲ့ မရဘူးနော်..ဆေးရုံ သွားမလား မေးပါတယ်..ဆေးရုံကဆေးနဲ့ အပြင်ဆေးခန်းက ဆေး ကမတူဘူး ။ဆေးရုံကပေးတဲ့ဆေး ပိုကောင်းတယ် ..ဆေးရုံ အရေးပေါ်သွားပြမလားမေးပါတယ်။။

ကျမလည်း ပြောရရင် ဆေးရုံကိုကြောက်တာလည်းပါသလို... ဆေးသောက်ရင် သက်သာနိုင်တာကို
ဆေးရုံမှာ နေနေရမှာကို ကြောက်တာလည်း ပါတာပေါ့ .။မသွားဘူးဆိုပြီး ငြင်းထားတာ .
ဆေးခန်းကပေးလိုက်တဲ့ဆေး မသောက်ခင် အစာတခုခုစားလိုက်ဆိုပြီး ကျမအဒေါ် ကဆန်ပြု တ်
 ပြု တ်ပေးတယ် ။ အသီးစားချင်တယ်ဆိုတော့ အသီးခွဲပေးတယ်...ကျမစိတ်ထဲ အသီးဘဲစားချင်နေတာ
အသီးယူစားပြီးဆေး သောက်တယ်..စိတ်ထဲ မူးနေတာနဲ့ အိပ်ယာထဲဘဲ ခွေနေမိတာ ။

စားပီးဘယ်လောက်မှမကြာဘူး ။ရင်ထဲပျို့ တက်လာတဲ့ခံစားချက်နဲ့ အတူ စားထားသမျှ အကုန်အန်ထွက်
တော့တာပါဘဲ ။နောက်ဆုံးတော့ ကျမအဒေါ်ရဲ့ ဆုံးဖြတ်ချက် အတိုင်း 慈濟醫院 ( Tzu Chi General Hospital) ရဲ့ အရေးပေါ်ဌာနကို ည 9နာရီမှာ ရောက်ခဲ့ပါတော့သည် ။

ဆေးရုံရောက်တော့ ဘာဖြစ်တာလည်း ဘယ်လိုစဖြစ်တာလည်း မတည့်တဲ့ဆေးဘာဆေးရှိလည်း
တရစပ်မေးပါတယ်.. လူကိုလည်း ဖောက်လိုက်တဲ့ သွေး ... နိုင်ငံခြားခရီးပြန်လာတာ နှစ်ရက်ဘဲ
ရှိသေးတယ်ဆိုတော့ ..ဆရာဝန်တွေက ခေတ်စားနေတဲ့ နောက်ဆုံးပေါ် တုတ်ကွေး ရောဂါဖြစ်နေမှာကို
သံသယရှိနေကြတာပါ ။ လာကြည့်တဲ့ ဆရာဝန်က ကျမကို မေးတယ်..ဘာရောဂါလည်းတဲ့  ကျမလည်း သူ့ကိုပြန်မေးတယ်..ကျမရဲ့ အခုအခြေအနေက ဘာဖြစ်နေတာလည်းလို့ ..
ကျမ ခေါင်းတောင်မထူနိုင်လောက်အောင် မူးတယ်..တကိုယ်လုံးကိုက်နေတယ် ..အန်ချင်တယ် ..
အဖျားရှိနေတယ်.. အဲတာဘာဖြစ်နေတာလည်း တုတ်ကွေးဖြစ်တာလား  တခြားရောဂါ လားလို့မေးတော့
ဆေးစစ်ထားတဲ့ အဖြေတွေရမှ ဘာဆိုတာပြောနိုင်မယ်တဲ့ ..ကျမလည်းသူ့ကိုပြန်ပြောတယ်...
ဆရာဝန်တွေတောင် ဆေးစစ်ထားတဲ့ အဖြေရမှ သိနိုင်မယ်ဆိုရင် ကျမက ဆရာဝန်မဟုတ်ဘူး ။
အခုဘာဖြစ်နေလည်း ကျမဘယ်လိုပြောနိုင်မှာလည်းလို့ ။ကျမခံစားနေရတာတွေကိုဘဲပြောပြတတ်မှာပေါ့
ဘာရောဂါဆိုတာတော့ ကျမဘယ်လိုသိမလည်းလို့  ။

ဝေဒနာ ခံစားနေရပါတယ်ဆိုမှ ဘာဖြစ်နေလည်း လို့လာမေးတဲ့သူကိုဘယ်လိုတုံ့ပြန်ရမလည်း ။
ဆရာဝန်တယောက်အနေနဲ့ လူနာအခြေအနေကို သုံးသပ်နိုင်ရမှာပေါ့ ။သူက ဘာဖြစ်တာလည်း
လို့ မေးနေတာဘယ်လိုဖြေရမလည်း  ဘာဖြစ်မှန်းသိရအောင် ကျမကဆရာဝန်မှ မဟုတ်တာလေ။
အဲဒီဆရာဝန်ကို အထင်သေးစော်ကားလိုစိတ်နဲ့ ဒီလိုရေးတာမဟုတ်ပါဘူး...
ကျမကလူနာတယောက်အနေနဲ့ ဝေဒနာခံစားနေရချိန် ခံစားချက်ကိုရေးလိုက်တာပါ ။

ဆေးရုံ ရောက်ပြီး တနာရီနီးပါးလောက်မှာ ကျမကို စစ်ထားသမျှ ဆေးစစ်ချက်အဖြေ တွေ
ချက်ခြင်းထွက်လာပါတယ် ။ ကျမကို စစ်ထားသမျှ စာရွက်တွေကို ကိုင်ပြီးနောက်ထပ်ဆရာဝန်တယောက်
ထပ်ရောက်လာပါတယ်  ။ဒီတခါလာတဲ့ ဆရာဝန်ကတော့ ခပ်ထက်ထက် ပုံစံ ။ ကိုင်လာတဲ့ စာရွက်တွေကို
ဘာရောဂါစစ်ထားတယ်..အိုကေတယ်..ဘာအတွက်စစ်ထားတယ်..အိုကေတယ်ဆိုပြီး
တရွက်ပြီးတရွက် ဖတ်ပြပြီး...ကျမကိုချောင်းဆိုးလားလို့ မေးတယ်...ကျမ အဲဒီအချိန်တုန်းက ချောင်း
သိပ်မဆိုးပါဘူး  ကိုယ်ပူခေါင်းမူးနေတာ တကိုယ်လုံးကိုက်နေတာဘဲ ခံစားနေရတာ ..ချောင်းမဆိုး
ဘူးလို့ပြန်ဖြေတော့ ..ဆရာဝန်က "နင်အဆုတ်ရောင်နေတယ်..ဓါတ်မှန် ထဲမှာ ညာဘက် အဆုတ်အောက်ပိုင်းမှာ
  အဖြူ ရောင်အကွက်လိုက်တောင် ဖြစ်နေတယ် ။အင်္ဂလိပ်လိုဆိုရင် နမိုးနီးယား လို့ ခေါ်တယ်။
နောက်ပြီး  နင့်သွေးထဲမှာ သွေးဖြူ ဥသိပ်များနေတယ်... သွေးဖြူ ဥအရေအတွက်က25000 တောင်ကျော်နေတယ်......သွေးပေါင် အရမ်းကျနေတယ် ။
အပေါ်သွေး 70 အောက်သွေး55 ဘဲရှိတယ် ။အဲဒီအတွက်ဆေးရုံ တက်ရမယ် ဆေးရုံတက်ဖို့စာရွက်စာတန်းတွေ ဖြည့်ပါ " ဆိုပြီး ကျမကိုပြောလည်းပြော
ဘေးကနပ်စ်မကိုလည်းဆေးပြောင်းမယ်ဆိုပြီး ပြောပြီး ထွက်သွားပါတယ်။

အရေးပေါ်ဌာနက ဆရာဝန်ဆိုတာ အခုဆရာဝန်လို ဖြစ်နေရမယ် ။တခုခုဆို တိတိကျကျ ပြောနိုင်
ဆုံးဖြတ်နိုင်ရမယ် ။သူတို့ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ရမှာ ။လူနာကိုဘာဖြစ်နေတာလည်းလို့
ပြန်မေးတဲ့ဆရာဝန်ကကျမအမြင်ပေါ့လေ... အရေးပေါ်ဌာနနဲ့ မအပ်စပ်လှပါဘူး ။ကျမလို ရိုးရိုးဖျားနာလို့ရောက်လာတဲ့သူက ကိစ္စမရှိလှပေမဲ့ တကယ်ကို  အသက်လုရမဲ့ ရောဂါအခြေအနေနဲ့ရောက်လာတဲ့သူအတွက်က
တခုခုဆို ဘာလုပ်ပေးရမယ်ဆိုပြီး ချက်ခြင်းဆုံးဖြတ်ပေးတဲ့ ဆရာဝန်သာ အကောင်းဆုံးပါ ။

နောက်တော့ နပ်စ်မက သွင်းထားတဲ့ဆေးပိုက်တွေချက်ခြင်းဖြုတ်ပြီး နောက်ထပ်ဆေးအသစ်
သွင်းပါတယ် ။အဝါရောင်ပုလင်းအပုလေးတွေ သုံးပုလင်း ယူလာပြီး တပုလင်း ပြီး တပုလင်း
ချိတ်ထားတဲ့ ဆေးပိုက်ထဲကို ထည့်သွားပါတယ် ။နောက်ပြီး လက်မှာတပ်ထားတဲ့ အပ်ကနေလည်း
ထိုးဆေးပုလင်းတွေ ဖောက်ပြီး လေးမျိုးလောက်ရှိမယ် ..ထိုးပေးသွားပါတယ်။

ဆေးတွေအကုန်ပြောင်းသွင်းပြီးသွားတဲ့ အချိန်မှာ ကျမကိုလည်း အရေးပေါ်ဌာနရဲ့ တခြားခုတင် နေရာကို ပြောင်းပေးပါတယ် ။A03 ဆိုတဲ့ ခုတင်နေရာပါ ။
ကဲ....ကျမရဲ့ ဆေးရုံ တက်ရတဲ့ ခရီးကာလ လေးစပါပြီ ။နိုင်ငံခြားရောက်ပြီး 7နှစ်အတွင်း
ပထမဆုံးအတွေ့ အကြုံ သစ်တခုပါဘဲ ။အထိတ်တလန့်နဲ့ ဆေးရုံ ခုတင်ပေါ်လဲလျောင်းနေခဲ့ရတဲ့ည  ...
ဆေးထိုးပိုက်တန်းလန်းနဲ့ သူများနိုင်ငံ သူများ ဘာသာစကား တွေရဲ့ အလည်မှာ ဝေဒနာသည် အဖြစ်
ဖြတ်သန်းခဲ့ရတဲ့ ည..ဆေးရုံ အရေးပေါ်ဌာနဆိုတဲ့ အတိုင်း ဝေဒနာပေါင်းစုံနဲ့ ရောက်လာတဲ့လူနာ
တွေရဲ့  ညည်းညူ သံတွေ ကြားထဲမှာ အားငယ်ခြင်းများစွာနဲ့  တိတ်တဆိတ် မျက်ရည်ကျခဲ့ရတဲ့ ည ...
ကျမအတွက်ဘဝရဲ့ အမှတ်တရ အဖြစ်တခုပါဘဲ  ။

ပစ်ပစ်
Am  3:00
20.3.2015

17 March 2015

အနက်နဲ့အဖြူ

Posted by blackroze at Tuesday, March 17, 2015 0 comments


အနက်ရောင် နဲ့ အဖြူ ရောင်
လူအတော်များများ ဟာအရောင်တွေထဲမှာ အနက်နဲ့ အဖြူ ရောင်ကို သဘောကျနှစ်သက်ကြတာ များပါတယ် ။ကျမဆိုရင်လည်းအကျီဝယ်ဖြစ်တဲ့အခါများမှာအနက်သို့ မဟုတ်
အဖြူ ရောင်ကို ရွေးချယ်ဖြစ်တာများတယ် ။ ပြောရရင်တော့ ပွဲတက် ဝတ်စုံ အရောင် တွေမှာ လည်း အနက်နဲ့ အဖြူ ဟာဦးစားပေးအဆင့်မှာ ရှိပါတယ် ။ အနောက်တိုင်း မင်္ဂလာအခမ်းအနားမှာ အနက်ရောင်နဲ့ အဖြူ ရောင်ကို ဝတ်ဆင်ကြတာ များတယ် ။

နောက်တခုကတော့ ဒီအရောင်နှစ်ခုဟာ ဘယ်အရောင်နဲ့ မဆိုတွဲ ဖက် ဝတ်လို့ အဆင်ပြေတာလည်း ပါတာပေါ့လေ ။အနက်က မှောင်မည်းခြင်း  သိပ်သည်းခြင်း  ထုထည်ကြီးမားခြင်း ကိုဖော်ဆောင်တယ်လို့ ခံစားမိသည်။ အနက်ရောင်ကိုဝတ်ဆင်လိုက်တဲ့အခါ လူအများက  သွယ်လျသွားတယ်လို့ ခံစားမိတတ်ကြသည်။ ဒါ့အပြင် အနက်ရောင်က အစွန်းအထင်းခံတယ် ။အပေအတေခံတယ် လို့လည်း သတ်မှတ်ကြပြန်သည် ။ဒီအတွက်ကြောင့်လည်း အနက်ကို ရွေးချယ်ဝတ်ဆင်တတ်ကြသည် ။

ကျမစိတ်ထဲမှာ တော့ အနက်နဲ့ပတ်သက်ပြီး ခံစားမိတဲ့ တခုက အနက်က ခိုင်ခံခြင်းဆိုတာကိုပါ ။အနက်ကို ခိုင်ခံခြင်းလို့ ခံစားမိတာကတော့ ကျမရဲ့ ခံစားချက်တခုပေါ့ ။ဘယ်သူကမှတော့ အနက်ရောင်က ခိုင်ခံခြင်း အသွင်ကိုဆောင်တယ်လို့တော့ မပြောထားပါဘူး ။ညဘက်မှောင်မည်းနေတဲ့ လောကတခွင်ကို တိတ်ဆိတ်စွာ ထိုင်ကြည့်ဖူးကြလား ။
ကျမကတော့ မှောင်မည်းနေတဲ့ နေရာတခုကို ကြည့်ပြီး အဲဒီအမှောင်ထဲမှာဘာတွေ ရှိနေနိုင်လည်း..
ဘာတွေဖြစ်နေနိုင်မလည်း..ဆိုတာ မှန်းဆ ကြည့်ရတာလည်း  အရသာ တမျိုး လို့ ထင်မိသည် ။
ဘာကိုမှမမြင်နိုင် မည်းမည်းမှောင်နေတဲ့ အနေအထားက ထိတ်လန့်စရာတော့ ကောင်းပါတယ် ။
မကောင်းမှု့တွေလည်း အလွယ် တကူ ဖြစ်ပွားနိုင်ပါတယ် ။ဒါကြောင့် လူတွေဟာ အနက်ရောင်ကို နှစ်သက်တတ်ကြပေမဲ့  အနက်နဲ့တထပ်ထဲ ထပ်တူကျတဲ့ အမှောင်ဆိုတဲ့အရာကိုတော့မကြိုက်ကြပါဘူး ။


 တချို့သော မကောင်းမှု့တွေကို အမှောင်ဆိုတဲ့ အရာနဲ့လည်း တင်စားကြတတ်သည် ။အရောင်နဲ့ ပတ်သက်လာရင်သာ အနက်ရောင်ဆိုတာကို အကျီ ကာလာ အဖြစ်ကြိုက်ကြပေမဲ့  ....လောကရဲ့ အနေအထား..ဆုံးဖြတ်ချက်တွေ... သတ်မှတ်ချက်တွေအရ ... မကောင်းတဲ့ အရာ.... မကောင်းတဲ့ ကိစ္စ ...မကောင်းမှု့ တော်တော်များများ ကိုအမှောင် လို့ သတ်မှတ်ကြတဲ့အတွက် အမှောင်ဆိုတာကို မကြိုက်ကြပါဘူး ။အနက်နဲ့ အမှောင်က မည်းတာခြင်းတူပေမဲ့ အနက်ကိုတော့ လက်ခံကြတယ် ။ အမှောင်ဆိုတာကို လက်မခံချင်ကြဘူး။ အသားအရောင်နဲ့ပတ်သတ်လာရင်လည်း အနက်ရောင်ကိုသာ အကျီအရောင်အဖြစ်ဝတ်ရင်ဝတ်မယ် ။ အသားမည်းတာကို မကြိုက်ကြဘူး ။အသားမမည်းအောင် နည်းမျိုး စုံနဲ့ လုပ်ကြတယ် ။

အဖြူ ရောင်နဲ့ ပတ်သက်တာကျတော့ လူတိုင်းက အကြွင်းမဲ့ ကြိုက်တာများပါတယ် ။အဖြူ ရောင်ကို သန့်ရှင်းတယ် ..စင်ကြယ်တယ်...လို့လည်း  လက်ခံကြသည် ။အဖြူ ရောင်နဲ့ ပတ်သက်လာရင် အရောင် လေးက စွတ်စွတ်ဖြူ နေတာဘဲ လှလိုက်တာဆိုတာမျိုး ။ လူရဲ့ အသားရောင်နဲ့ ပတ်သတ်ပြီးတော့လည်း အသားလေးက ဖြူ နှစ် နေတာဘဲ ဖြူ ဝင်းနေတာဘဲ လှလိုက်တာဆိုတာမျိုး ။အသားဖြူ တာကို လူတိုင်းကလိုချင်ကြသည်  ။အဖြူ ရောင်ကို လက်ခံကြသည်  ။သတို့သမီး ဂါဝန်ဆိုရင်လည်း အဖြူ ရောင် အများဆုံးဝတ်ကြပါတယ်  ။ ဖြူ စင်ဝင်းပနေတဲ့ အကျီ အရောင်ရဲ့အရှိန်က လူကို ပါ ဟပ်ပြီး လှသွားစေတာမျိုး ပေါ့ ။

နောက်တခုက အဖြူ ရောင်ကို အလင်းလို့လည်းတင်စားတတ်ကြပြန်တယ်  ။တရားတဲ့ကိစ္စ မှန်ကန်တဲ့ကိစ္စ
ဖြောင့်မတ်မှန်ကန်တဲ့ အရာ  ဒါတွေအားလုံးကို အဖြူ ရောင်နဲ့ တင်စားတတ်ကြပြန်သည် ။
သိုင်းဝတ္တု စာအုပ်တွေထဲမှာတောင် မကောင်းတဲ့ သိုင်းသမားတွေကို အနက်ရောင် သိုင်းသမားလို့
သတ်မှတ်ပြီး မှန်ကန်တဲ့ ကောင်းတဲ့ သိုင်းသမားတွေကိုတော့ အဖြူ ရောင် သိုင်းသမားလို့
သတ်မှတ်ကြသည် ။ဒါက သတ်မှတ်ချက်အရ ရေးထားတာကိုပြောပြတာပါ ။ အဖြူ နဲ့ အနက် ခွဲခြားမှု့ကို
ပြောချင်တာပါ ။အဖြူ ဆိုရင် ကောင်းတဲ့အနေအထားကို သတ်မှတ်ကြပြီး အနက်ကို မကောင်းအနေအထား
သတ်မှတ်ကြတတ်သည်။

ဒါပေမဲ့ အဖြူ ဆိုတဲ့ အရောင်မှာလည်း အားနည်းချက်တော့ ရှိပါသည် ။ သူက ဖြူ နေတဲ့အတွက်  နဲနဲလေးမှ
အစွန်းအထင်းမခံတာမျိုး ပါ။အကျီလျှော်ရင်းနဲ့ ဖြစ်စေ ..လှန်းထားရင်းနဲ့ ဖြစ်စေ... အရောင်တခုခုနဲ့ ထိသွားရင်အဖြူ က စွန်းသွားတတ်ပါသည် ။ အရောင်က အဖြူ ဖြစ်တဲ့အတွက် အစွန်းသေးသေးလေး
ဖြစ်နေပါစေဦး  ထင်းထင်းကြီးပေါ်လွင်နေတတ်သည် ။

အဲလိုပါဘဲ ကိုယ်က ကိုယ့် ဘဝကို ဖြူ တဲ့ အရောင်လို့ သတ်မှတ်ထားခဲ့ရင်..
ကိုယ်က ကိုယ့်ဘာသာကိုယ် အဖြူ ရောင်ပါလို့ သတ်မှတ်ထားခဲ့ရင်  ...
လူတွေကို ကျနော်  ..ကျမက အဖြူ ရောင်ပါ မှန်ကန်တဲ့သူပါ မဟုတ်တာ လုပ်ဖူးတဲ့သူ မဟုတ်ပါဘူးလို့ ကြွေးကြော်ထားခဲ့ဖူးရင်  ...
တခြားအရောင်တွေနဲ့ မထိကပ်မိအောင်  တခြားအရောင်တွေရဲ့ စွန်းထင်းမှု့ မခံရလေအောင် ဂရုစိုက်ပါ ။အဖြူ မှာ အစွန်းသေးသေးလေးက အစ ထင်းနေအောင် ပေါ်တတ်လို့ပါ ။

တချို့ သော လူတွေက ကိုယ့်ဘာသာတော့ အဖြူ ထည်လေးပါလို့ သတ်မှတ်ကြပြီး
 မဟုတ်တဲ့ ဇာတ်လမ်းး မျိုး ကိုတော့ ခိုးလုပ်တတ်ကြသည် ။လူရှေ့သူရှေ့ မှာတော့ အဖြူ ပေါ့ ။ကွယ်ရာ ဇာတ်လမ်းမှာတော့ မှောင်ထဲကမင်းသမီး...မင်းသားတွေ ဖြစ်လို့။ကျမသူတို့ကိုမေးခွန်းတခုတော့
 မေးချင်ပါသည်။အဖြူ လို့အမည်ခံထားပီး ဒီလို လူသိမခံရဲတဲ့ ကိစ္စတွေကို လုပ်တဲ့အတွက် ကိုယ့် လိပ်ပြာ ကိုယ်လုံရဲ့လား ဆိုတာပါ ။လူဆိုတာ သူများကို ညာလို့ရပေမဲ့ ကိုယ့်ဘာသာကိုယ်တော့ ဘယ်တော့မှ ညာလို့ မရပါဘူး ။ကိုယ်လုပ်ခဲ့တာ  ဘာလည်း... ကိုယ့်လုပ်ရပ်က ဘာလည်း ဆိုတာ ကိုယ်တိုင်သိနေလို့ပါဘဲ ။  အဲဒီအသိတခုက ကိုယ်မသေမချင်း ကိုယ်စီမှာရှိနေမှာမို့လို့ပါ ။

တချို့ကတော့ မဟုတ်တာလည်း လုပ်သည် ။အဖြူ ရောင်ပါလို့လည်း မကြွေးကြော်ဘူး ။ ကိုယ့်ဇာတ်ကိုယ်က  နေသူများဆိုပါတော့ ။တချို့ သော သူတွေကတော့ အဖြူ ပါလို့ ကြွေးကြော်တယ်...ဒါပေမဲ့ အမှောင်
ဇာတ်လမ်းလေးတွေလည်း တိတ်တိတ်ပုန်းခင်းထားတတ်ကြသည် ။

တကယ်ဖြူ ချင်ရင် ကိုယ်ဖန်တီးရတဲ့ ဘဝမှာ ဖြူ အောင်နေလို့ရပါတယ် ။
အဖြူ အနက် ဆိုတာ တကယ်တော့ သတ်မှတ်ချက်တခုပါဘဲ  ။လုပ်ရပ်တခုကို အကဲဖြတ်ပြီး သတ်မှတ်တဲ့
အရောင် ကို ရိုးသားစွာ ရွေးချယ်ပါ ။  ရိုးသားစွာ တည်ဆောက်ပါ ။လှည့်ဖြားခြင်းတွေနဲ့ လူတွေရဲ့ သတ်မှတ်ချက်ကို မလိုချင်နဲ့ ။လူတိုင်းကတော့ အဖြူ ထည်ဆိုတဲ့ သတ်မှတ်ချက်ကို နှစ်သက်ကြသည် ။
ဒါပေမဲ့ ကိုယ်က တကယ်ကို အပြစ်ကင်းတဲ့ အဖြူ လား  လှည့်စားဖုံးကွယ်မှု့ လွှမ်းခြုံ ထားတဲ့ အဖြူ လားဆိုတာတော့ ကိုယ်တိုင်သာလျှင် အသိဆုံးပါ ။

ကိုယ့်ဘာသာကိုယ် အဖြူ ပါလို့ သတ်မှတ်လို့ ရပါသည် ။ဒါပေမဲ့ အစွန်းအထင်း  မခံရအောင်တော့ ကိုယ့်ဘာသာကိုယ်ဂရုစိုက်သင့်ပါသည် ။အဖြူ ဆိုတဲ့ အရောင်ဟာ  အစက်လေး
သေးသေးလေး စွန်းသွားပြီဆိုတာနဲ့ သိသိသာသာ  တန်ဖိုးကျသွားတတ်လို့ပါ ။အကျီ အဖြူ ရောင်လေး
တထည်ဟာ သောင်းဂဏန်း တန်နေပါစေဦးတော့ ...အဲဒီအကျီဟာ  အစွန်းတခုခု ပေသွားပြီ ဆိုရင်
ဘယ်သူက သောင်းဂဏန်းပေးပြီးဝယ်မှာလည်း  ..နောက်ထပ်အစွန်းအထင်းလွတ်ကင်းတဲ့ တကယ်ဖြူ တဲ့ တထည်ကိုဘဲ ရွေးချယ်တော့မှာ မဟုတ်ဘူးလား.. ။။။
စစ်မှန်တဲ့ဖြူ စင်ခြင်းနဲ့ ဘဝကို အရောင်ခြယ်နိုင်ကြပါစေ ။

ပစ်ပစ်
Pm 5:48
17.3.2015


photo credit ---google


02 January 2015

အစွဲ

Posted by blackroze at Friday, January 02, 2015 1 comments
လူတကိုယ်အစွဲတမျိုးစီရှိတတ်ကြသည် ။ ကိုးကွယ်ယုံကြည်မှု့ ဓလေ့ အားဖြင့်သော်လည်းကောင်း
နေထိုင်စားသောက်မှု့ ပုံစံပေါ်မှာသော်လည်းကောင်း ကိုယ်ပိုင်ဆိုင်သောပစ္စည်းဥစ္စာ များပေါ်မှာလည်းကောင်း  အစွဲလေးတွေရှိတတ်ကြသည် ။

မနက်တိုင်းကော်ဖီလေးသောက်လိုက်ရမှ အာသာပြေသလိုလိုရှိတာ ဆိုတာမျိုး..
မနက်ဘက်ကို မြန်မာမုန့်လေးဘဲစားချင်တာ..ဘယ်ဆိုင်က အသုတ်လေးကိုဘဲစားနေကြဆိုတာမျိုး..
ဒါက ကိုယ်စားသောက်နေကြ အရာလေးတွေနဲ့ ပတ်သက်ပြီး အစွဲထားမိတာမျိုးပေါ့ ။

တချို့တွေကျတော့ ကိုယ်သုံးစွဲနေကြပစ္စည်းတခုကိုအစွဲထားတတ်ကြသည် ။
ဆပ်ပြာဆို ဘာတံဆိပ်လေးသုံးမှ  ....နှုတ်ခမ်းနီဆို ဘာအမျိုးအစားသုံးရမှ(Loreal ..Revlon ..တခုခုပေါ့ ) နာရီကိုလည်း ဘယ်အမျိုးစား မှ ပတ်ချင်တာတို့ ကားဆိုလည်း ဘယ်ကားဆိုအကြိုက်ဆုံးဘဲဆိုတာတို့..
အဲလိုအစွဲတွေအများကြီးရှိတတ်သည် ။

တချို့တွေကျတော့ ကိုယ့်စည်းစိမ်ဥစ္စာ သားသမီး ခင်ပွန်းသည် ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို
အစွဲကြီးတတ်ကြသည် ။အစွဲတကာ့အစွဲတွေထဲမှာ ဒီအစွဲက ကြောက်စရာ အကောင်းဆုံးဘဲ  ..။
စွဲလန်းခြင်းတခုရှိနေတယ်ဆိုကထဲက  ကိုယ့်အတွက် ထိခိုက်မှု့အနည်းအများဆိုတာကတော့ ရှိနေတာပါဘဲ  ။မနက်တိုင်းကော်ဖီ သောက်ရမှ ဆိုတဲ့သူက ကော်ဖီမသောက်ရတဲ့ မနက်တွေဆို
တခုခု လိုနေသလိုလိုကသိကအောက်ဖြစ်နေမှာဘဲလေ ။အဲတာက  ကိုယ်စားသောက်နေတဲ့ အရာတခု
အပေါ် စွဲလန်းနေမိတာလေ ။ ခပ်သေးသေးစွဲလန်းမှု့ပေါ့ ။ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု့နဲ့ ပတ်သက်လာတဲ့
စွဲလန်းမှု့ကြတော့  သိပ်ကြောက်ဖို့ ကောင်းသွားပြီ ။ကိုယ်သေရင် ဒီပစ္စည်းတွေက ယူသွားလို့ မရတဲ့
အရာတွေ ..ကိုယ့်ရဲ့ သားသမီး ဇနီးခင်ပွန်း သည် တွေကိုလည်းခေါ်သွားလို့မရတဲ့ အခြေအနေမှာ
စွဲလန်းနေရင်  အဆုံးသတ်ခရီးက သိပ်ကြောက်ဖို့ကောင်းသွားပြီ ။

လူဆိုတာကလည်း အမြဲထာဝရ ရှင်သန်နေတာမှ မဟုတ်တာ ။တချိန်မှာ ခန္ဓာချု ပ်ငြိမ်းခြင်းဆိုတဲ့
နောက်ဆုံးဘူတာကရောက်စမြဲမို့  ဒီစွဲလန်းနေတဲ့ အစွဲတွေကို မဖျောက်နိုင်ဘူးဆိုရင်  ဒါမှမဟုတ်
ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းနိုင်ဘူးဆိုရင် အစွဲက သေသည်အထိ ပါသွားမှာ အသေအချာပါ။

သေဆုံးပြီးတဲ့နောက်ပိုင်း စွဲလန်းနေတဲ့ အရာတွေနားမှာ တလည်လည်နဲ့ဆို မကျွတ်မလွတ်တဲ့
 ဘဝတခုကို ချက်ခြင်းဆိုသလို ကူးပြောင်းသွားတော့တာပါဘဲ ။

ကိုယ့်စိတ်ထဲစွဲနေတဲ့ အစွဲကို  ဘယ်သူမှ ချွတ်လို့မရဘူး..ကိုယ့်ဘာသာ စိတ်ထားတတ်အောင်
ကြိုးစားမှ ..ပြောရရင်တော့ ကိုယ့်အစွဲ ကို ကိုယ်ဘဲ ချွတ်လို့ရတယ်... သူများက
"" အရာတခုကိုစွဲလန်းနေတယ်ဆိုတာမကောင်းဘူး... တခုခုဆို စွဲနေတဲ့စိတ်ကြောင့် မကောင်းတဲ့ဘဝ
တခုကို ရောက်သွားတတ်တယ်ဆိုပြီး "" ဘယ်လောက်ဘဲပြောပြ ပြောပြ ကိုယ်တိုင်က အဲဒီအစွဲကို
တသသ နဲ့ ဆက်လက်စွဲနေရင်လည်း ပြောသမျှ အလကားဘဲ ။

ကိုယ်တိုင်က ... "" ငါဒီလိုစွဲလန်းမှု့ကို ထားနေရင်  ငါကိုယ်တိုင် အသက်ရှိနေတဲ့ အချိန်မှာက
ကိစ္စမရှိဘူး..ကိုယ်တိုင် လှုပ်ရှားလို့ရတယ်..ငါစိတ်ကြိုက်ဖန်တီးလို့ရတယ်  ..ငါ့မျက်စိအောက်မှာ
ထားလို့ရတယ် ..ဒါပေမဲ့ ငါမရှိတော့တဲ့ တနေ့ ဒါတွေအားလုံးကို ထားခဲ့ရမှာ  ..အဲဒီအချိန်မှာ
ငါ ရဲ့ စိတ်ကို ဘယ်လိုထားမှ ငါအတွက် အကူးအပြောင်းကောင်းမှာလည်းဆိုတာလည်း
 စဉ်းစားသင့်တယ် ။""

လူဆိုတာသေမျိုး ကြီးပါဘဲ ..တနေ့ အားလုံးဒီခရီးဆုံးကို ရောက်ကြမှာပါ ။တချို့က သက်တမ်းစေ့နေရတယ် ။တချို့က သက်တမ်းတိုတိုလေးဘဲနေရတယ်  ။ဒါပဲကွာတာပါ ။သွားရမှာတော့
လူတိုင်းသွားရမှာပါဘဲ ။ကိုယ်သွားမဲ့ ခရီးကို ကိုယ့်ဘာသာ ပြင်ဆင်သင့်တယ်နော် ။

အသက်ရှင်သန်နေတဲ့ အချိန်က တန်ဖိုး အရှိဆုံးဘဲ ။ဘာဖြစ်ချင်လည်း  ကိုယ်တိုင် လုပ်လို့ရတယ် ။
ဘယ်သွားချင်လည်း ကိုယ်တိုင်သွားလို့ရတယ်  ။ဘာပြောချင်လည်း ကိုယ်တိုင် ပြောလို့ရတယ် ။
ကိုယ်တိုင်ဆောင်ရွက်လို့ရတဲ့ အနေအထားက အကောင်းဆုံးဘဲ ။အရှင်းဆုံးပြောရရင် ကိုယ်မအားလို့
တခြားတယောက်ကို လုပ်ခိုင်းရတဲ့ ကိစ္စတခုက ကိုယ်တိုင်လုပ်တာလောက် စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။
အကောင်းဆုံးက ကိုယ်တနေ့မှာ သွားကိုသွားရမဲ့ ခရီးအတွက် လိုအပ်တာတွေကို တဖြည်းဖြည်း
ချင်း ပြင်ဆင် စုဆောင်းသင့်တယ်။သယ်သွားလို့မရနိုင်တဲ့ အရာတွေကို စွဲလန်းနေတာထက်
သယ်သွားလို့ရတဲ့ အရာတွေကို သာ နိုင်သလောက်ယူသွားရမှာပါ ။

အစွဲဆိုတာနဲ့ပတ်သက်ပြီး တရားတော်တွေ တိုင်းမှာ  ပါ ပါတယ် ။မစွဲကောင်းတဲ့ အရာတွေကို
စွဲလန်းနေမိလို့ ဘဝကူးမကောင်းခဲ့တာ တွေနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဟောကြားထားတာတွေ
အများကြီးရှိပါတယ် ။လူဆိုတာက ရှင်သန်နေချိန်မှာ လူ့လောကထဲ အသက်ရှင်နေထိုင်တတ်ဖို့
လိုသလို  သေတဲ့အခါမှာလည်း သေတတ်ဖို့လိုပါတယ် ။သေစဉ်အချိန်အခါမှာ ပိုင်ဆိုင်တာတွေ စွဲနေလို့
မိသားစုကိုစွဲနေလို့  ဒီနေရာတခုမှာဘဲ တလည်လည် နဲ့ဖြစ်နေရတဲ့ဘဝဆိုးကိုတော့ ဘယ်သူမှ
လိုချင်မယ်မထင်ပါဘူး ။ဒါပေမဲ့ မသေခင် ဒါတွေကို စိတ်မချ ဖြစ်နေ..  ငါ့ပစ္စည်း  ငါ့ ဥစ္စာ..
ငါပိုင်တာတွေ ဆိုပြီး ဖြစ်နေခဲ့ရင်တော့ အကူးအပြောင်းက  လှမှာမဟုတ်တော့ပါဘူး ။

ကျန်ခဲ့တဲ့ မိသားစုက သိတတ်တဲ့ မိသားစုဆိုတော်သေးပါရဲ့  ။ အမေ  အဖေ ဒါမှမဟုတ်လည်း
ခင်ပွန်း ဇနီး  ပေါ့ ..  သေဆုံးသွားတဲ့သူက ပစ္စည်းအစွဲကြီးမှန်းသိလို
မကျွတ်မလွတ် ဖြစ်နေမှာဆိုးလို့ အမျှအတန်းဝေ  အလှုအတန်း များများ လုပ်ပေး
အခါအခွင့်သင့်သလို  လှုဒါန်းပေးတတ်  အမျှ ဝေတတ်တဲ့ သူတွေဆို     တော်သေးတယ် ။
အဲလိုမဟုတ်ဘဲ ...  သေသွားတာနဲ့ ကျန်ခဲ့ပစ္စည်းတွေ ကို နင်တပုံ ငါတပုံ ခွဲခြမ်း ပြီးတာနဲ့
သေသွားတဲ့ သူကို သတိတောင် မရတတ်တော့တဲ့သူတွေဆို သွားပြီ ။.
သေတဲ့ သူကတော့ သူ့ပစ္စည်းတွေကို စွဲလန်းနေ ။ ကျန်တဲ့သူကလည်း ပစ္စည်းတွေသာ
ခွဲခြမ်းယူလိုက်ကြတာဘဲ ရှိသည် ။အလှုအတန်းဒါနလေး ဆက်ပေးဖို့ သတိမရကြတဲ့သူတွေဆိုရင်
သေတဲ့သူက ဘယ်လိုဘဝမျိုး ဖြစ်နေမလည်း စဉ်းစားကြည့်ရုံနဲ့ ကြက်သီးထစရာပါ ။

ကိုယ်တိုင် လုပ်နိုင်တဲ့အချိန်မှာ ယူသွားလို့ရတဲ့ ကုသိုလ်ကောင်းမှု့ကို  ကိုယ်တိုင်လုပ်ခဲ့တာ အကောင်းဆုံးပါ ။ " ဖိနပ်နဲ့ရေဘူးမပါရင် နွေခါမှ သိလိမ့်မယ်..ဒါနနဲ့ သီလမပါရင် သေခါမှ သိလိမ့်မယ်.."
ဆိုတဲ့ စကားလေးတောင် ရှိပါတယ်  ။ဒါန  ..သီလ ဘာဝနာ ဆိုတာ လူတကိုယ်မှာ ရှိကောင်းတဲ့
အရာတွေပါ ။ ကိုယ်လှုဒါန်းခဲ့တဲ့ ..ကိုယ်ဆောက်တည်ခဲ့တဲ့ ဒါန သီလ ဘာဝနာ ဒါတွေကို စွဲနေခြင်းကသာလျှင် ကောင်းသော ကူးပြောင်းခြင်းတခုကိုရောက်ရှိမှာပါ ။

ငါ ပိုင်တာ..ငါ့ ဟာ..ငါ့ ပစ္စည်းဆိုတာတွေကို စွဲနေခဲ့ရင်တော့ ဘယ်နေရာဆိုတာ တွေးကြည့်ရုံနဲ့တင်
ကြောက်ဖို့ကောင်းလှပါသည် ။တကယ်တမ်းစေ့စေ့တွေးကြည့်ရင်  ကျမတို့တွေ ပိုင်ဆိုင်ပါတယ်
ဆိုတဲ့ ခန္ဓာကိုယ်ကြီးတောင် တချိန်မှာ မီးရှို့ပြာဖြစ် မြေကြီးထဲရောက်ရသေးတာဘဲ...။
ပျက်စီးမှာကြောက်လွန်းလို့ တသသနဲ့ နှစ်ပေါင်းများစွာ ပိုးမွေးသလိုမွေး စားချင်တာတွေ စားစေ
ဆိုပြီး ကျွေးထား ...ရောဂါဖြစ်မှာဆိုးလို့  ဆေးသေချာကုပေးနဲ့ နှစ်ပေါင်းများစွာတိုင်အောင်
ပြုစု စောင့်ရှောက်လာတဲ့  ( ကိုယ်ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အရာတွေတောင် မဟုတ်ဘူးနော်..)
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတောင်  တနေ့မှာ မြေကြီးအောက်ပို့လိုက်ရတာဘဲ ..အဲဒီတော့တခြား
အရာတွေဆိုတာ စွဲလန်းနေဖို့ မလိုလှပါဘူး ။

စိတ်ထားတတ်ဖို့ အလိုအပ်ဆုံးပါ ။စိတ်ကိုပြုပြင် ထိန်းသိမ်းဖို့ဆိုတာလည်း service center
ပို့သလို  ပို့လို့ရတာမှ မဟုတ်တာ ။ကိုယ်တိုင်ထိန်းသိမ်း ပြု ပြင်မှ သာလျှင် ကောင်းမည်  ဆိုသလိုပေါ့ ။
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင် ဖို့ အရေးကြီးဆုံးပါဘဲ ။အသီးမှာတောင်မှ စားလို့ရတဲ့ အသီးး
စားလို့မရတဲ့ အသီးဆိုပြီး ခွဲခြားထားတာရှိပါသည် ။စွဲလန်းခြင်းဆိုတာနဲ့ပတ်သက်လာရင်လည်း
စိတ်ထဲ စွဲကောင်းတဲ့ အစွဲ ...စိတ်ထဲမစွဲကောင်းတဲ့ အစွဲဆိုပြီး ကိုယ်တိုင်ခွဲခြားတတ်ဖို့လိုပါသည် ။
ဒါပေမဲ့လည်း စိတ်ဆိုတာကလည်း ကိုင်တွယ်စမ်းသပ်လို့ မရတဲ့အရာဆိုတော့ ထိန်းချု ပ်ဖို့ဆိုတာလည်း
တော်တော် ခက်လှသည် ။ အပြောလွယ်ပေမဲ့အလုပ်ကြတော့ ဘယ်အရာမဆိုခက်တာကြီးပါဘဲ ။
ကျမကိုယ်တိုင်လည်း အစွဲကင်းအောင် ကြိုးစားနေဆဲ ..  ... ။။။။။။

ပစ်ပစ်
Am 3:57
1.1.2015

(2015 အတွက် ပထမဦးဆုံး အက်ဆေးလေးပါ ..အမှန်ဆို မတင်ချင်သေးဘူး..နဲနဲထပ်ရေးချင်သေးတာ
ဒါပေမဲ့ 2014 အဆုံးနဲ့ 2015 အစကို အမှတ်တရ ဖြစ်အောင် တည တပုဒ်စီ တင်လိုက်တာ )




31 December 2014

ဘာလိုလို

Posted by blackroze at Wednesday, December 31, 2014 3 comments
ကျမကလည်း တယောက်ထဲ ...သူကလည်းတယောက်ထဲပါဘဲ ....
သူနဲ့ကျမ ပေါင်းလိုက်တော့ ဘာလိုလို ဖြစ်သွားတယ် ...

သူကလည်း ကျမတယောက်ထဲ ဆိုပြီး ကျမအနားကိုတိုးလာဖို့ မကြိုးစားသလို ကျမကလည်း သူလည်းတယောက် ထဲ ဘဲလေ ဆိုပြီး သူ့အနားကို တိုးသွားဖို့ မကြိုးစားမိခဲ့ဘူး ...။

ကျမက စာရင်းအင်းဌာနက ဝန်ထမ်းတယောက် ..သူကတော့  အင်ဂျင်နီယာဌာန က အင်ဂျင်နီယာ
တယောက် ပေါ့ ။တယောက်နဲ့တယောက် အလုပ်အနေအထား အရ သိပ်ပြီးဆက်စပ်မှု့ မရှိပေမဲ့
တယောက်နဲ့တယောက်သိခဲ့ကြတယ် ။သူကစကားပြောရင် တလုံးချင်းခပ်အေးအေးပြောတတ်သူ
ကျမက စိတ်လောတတ်သူမို့ စကားပြောမြန်သူ ..တခါတလေ သူကပြောတာ မပြီးသေးဘူး..
ကျမက သူဘာပြောနေတာလည်းဆိုတာ တွက်ဆပြီး ပြန်ဖြေပီးနေပြီ ။ဒါလည်းကျမတို့နှစ်ယောက်
ကြားထဲက အမှတ်တရ  အဖြစ်လေးတွေဆိုပါတော့  ။

မျက်မှန်ကိုင်းတွေအောက်က သူ့မျက်ဝန်းတွေကို ကြည့်ပြီး သူ့စိတ်ထဲ ဘာရှိလည်းဆိုတာ ကျမ
သိနေသလိုလိုပါဘဲ ။သူ့မျက်ဝန်းတွေထဲမှာ ရှိတဲ့ နူးညံခြင်း  နှစ်သက်ခြင်း အစရှိတဲ့ အရာတွေကို
အခြေခံ ဖွဲ့စည်းထားတဲ့ ချစ်ခြင်းတခုက ကျမအတွက် ဆိုတာ ကျမ သိနေပေမဲ့   အဲဒီအချစ်တွေကို
လက်လှမ်းလို့ မကြိုဆိုခဲ့ဖြစ်ဘူး ။ အမှန်ဆို နွေးထွေးစွာကြိုဆို  ခဲ့မယ်ဆိုရင် သူနဲ့ကျမ တယောက်ထဲ
စီကနေ နှစ်ယောက်တဘဝ ဆိုတာကို တည်ဆောက် ပြီးသား ဖြစ်နေပါလိမ့်မယ် ။ဒါပေမဲ့ ကျမ စိတ်ထဲ
သူ့ရဲ့ ချစ်ခြင်းတွေကို  ကမ်းလင့်လို့ မမျှော်ခဲ့မိဘူး ။ ဝေခွဲမရခြင်းပေါင်းများစွာနဲ့ အဲဒီအချစ်တွေကို
နည်းနည်းဝေးဝေး ကနေဘဲ ကြည့်နေခဲ့မိသည်။

သူ့အချစ်တွေကိုဒီတိုင်းဘဲကြည့် နေမိတယ်ဆိုတာက
ကျမစီမှာတခြားတွယ်တာစရာရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး  ။ ကျမဘဝမှာလည်း တခြားအပြင်လူ ဆိုတာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး ။သူလည်း ကျမရင်ထဲမှာ သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားတဲ့ မြတ်နိုးးခြင်း အားကိုးခြင်း လေးစားခြင်း စတဲ့အရာတွေကို ပေါင်းစပ်
ဖွဲ့စည်းထားတဲ့ ချစ်ခြင်းတစုံတရာကို   မြင်မယ်ထင်ပါရဲ့ ။မြင်ပေမဲ့လည်း နဂိုရပ်နေတဲ့နေရာကနေ
ရှေ့တိုးလာဖို့ မကြိုးစားခဲ့ဘူး ။အကြည့်ချင်းစကားပြော..တခါတလေ  တယောက်ကိုတယောက် စိတ်ပူမိသလိုလို ဘာလိုလို အပြောလေးတွေ အမှတ်မထင် ပြောမိသွားတာကလွဲလို့  သူလည်း
တနေရာ  ကျမလည်းတနေရာမှာ ရပ်နေကြဆဲ  ။ အဲလိုနဲ့ဘဲ
ကျမနဲ့သူ အဖြစ်က ဇော်ဝင်းထွဋ်သီချင်းလိုဘဲ  ဘာလိုလို နဲ့ချာလည်လည် ဖြစ်နေတော့တာပါဘဲ ။

အလုပ်တခုထဲ တူတူ လုပ်ကြသူတွေဆိုတော့  အလုပ်ထဲနေ့တိုင်းလိုလို ဆုံမိကြတတ်ပါတယ် ။
ဆုံတိုင်းလည်း တယောက်ကို တယောက်အသိအမှတ် ပြု တဲ့ အပြုံး လေးအပြန်အလှန် ပြုံးကြတာ
လွဲလို့ ဘာသိဘာသာ...အကြည့်ချင်းစကားပြောလိုက်တာက လွဲပြီး စကားလုံး တွေ ထွက်မလာတဲ့
အခြေအနေပေါ့ ။တခါတလေ ကျမကော်ဖီသောက်နေတဲ့အခါနဲ့ဆုံတာမျိုးကြရင်  ကော်ဖီ ရှိသေးလားဆိုပြီး
ကျမဖျော်ထားတဲ့ခွက်ထဲကကော်ဖီတဝက်ကို သောက်ပါရစေလို့ ပြောတတ်တယ် ။။
အဲလိုအခါမျိုးဆို  ကျမအတွက် အဲဒီကော်ဖီ တဝက်ကခါတိုင်းထက်  ပိုချိုမြနေသလိုလို  သောက်ပြီးကာမှ ရင်တုန်လာသလိုလို... ကော်ဖီခွက်ကိုင်ထားတဲ့ သူ့လက်ချောင်းရှည်ရှည်လေးတွေကလည်းတုန်ခါနေသလိုလို ...  ဘာသာပြန်ဖို့ ခက်တဲ့ ခံစားချက်တွေနဲ့ နေ့တနေ့ကိုဖြတ်သန်းမိပြန်သည်  ။

အလုပ်ထဲကသူငယ်ချင်းတွေအားလုံးက ဘယ်လိုလည်းဆိုတဲ့ မျက်လုံးတွေ ...အခြေအနေဘယ်လိုလည်း
ဆိုပြီးတိုးတိုးတိတ်တိတ်လာမေးသံတွေ  ဒါတွေအားလုံးကို ကျမ ပြန်ဖြေဖို့ အဖြေ မရှိခဲ့ဘူး ။
ဟုတ်တယ်လေ  ..သူကျမကို ချစ်တယ်လို့မှ မပြောထားတာ...ကျမနဲ့သူ..ချစ်သူတွေမှ
မဟုတ်တာလေ ။အဲဒီတော့ ဒီမေးခွန်းတွေကို ကျမ ဖြေဖို့မှ မလိုတာနော် ။မေးလာသမျှကို
ပြုံးပြီး မိတ်ဆွေတွေပါ..ဆိုတဲ့ အဖြေကလွဲပြီးကျန်တာ မပြောဖြစ်ခဲ့ပါဘူး ။ သူ့ ရင်ထဲကိုတော့
မြင်နေသလိုလို ခံစားမိပေမဲ့  အဲဒီအချစ်တွေ ထွက်လာအောင် ကျမ မဆွဲထုတ်မိဘူး ။

သူငယ်ချင်းတွေက ပြောကြတယ် ။" သူ့နင့်ကိုကြွေနေတာ သေချာတယ် ။အသိသာကြီးပါဟာ ။
နင်လည်းခံစားကြည့်လို့တော့ရတယ်မှတ်လား ..နဲနဲလောက် အစလေးဆွဲကြည့်လိုက်ပါလား ။
သူကလည်းအေးစက်စက်  ..နင်ကလည်း သိပ်ဟန်ဆောင်တတ်တော့ ခက်နေတာ " တဲ့
အစပိုင်းတွေမှာတုန်းကတော့ သူကကျမကို ရုပ်ရှင် သွားကြည့်မလား.. ဘယ်နေ့အားလည်း
ဘယ်ဘုရားကျောင်းက ဆုတောင်းပြည့်တယ်  .. ကျမကော်ဖီ ကြိုက်မှန်းသိတော့ ဘယ်ကော်ဖီဆိုင်က
အရမ်းကောင်းတယ် ..ဆိုပြီး အကြောင်းပြချက်လေးတွေနဲ့ အပြင်ထွက်မလားလို့ ခေါ်ဖူးတယ်...
အဲဒီတုန်းက ကျမက ဘာလို့မှန်း မသိဘူး..
သူပြောသမျှ ကို NO ..ဆိုပြီး ငြင်းခဲ့မိတာကြီးဘဲ ။အဲဒီအချိန်  ကျမ သူ့ကို ငြင်းခဲ့စဉ် တုန်းက မျက်မှန်ဖန်သားတွေကို ဖောက်ထွင်းပြီး
ကြည့်နေတဲ့ သူ့အကြည့်တွေထဲမှာ နာကျင်ခြင်းတွေပါဝင်နေတယ်ဆိုတာ သိပေမဲ့ မသနားမိခဲ့ဘူး ။
အားနာသလိုလို တော့ ဖြစ်မိသား ။

ကျမကို သူအဲလိုနာနာကျင်ကျင် ခံစားချက်တွေပါတဲ့အကြည့်နဲ့ ကြည့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ကျမရဲ့ စိတ်ထဲမှာ အဲဒီနာကျင်ခြင်းတွေပျော်ဝင်နေတဲ့ အကြည့်တစုံကို သတိရမိတတ်လာသည် ။ နှုတ်ခမ်းကိုခပ်တွန့်တွန့် ကွေးပြီး ပြုံးတတ်တဲ့ အပြုံးတခုကို မြင်ယောင်မိတတ်လာသည်..သူရဲ့ ရင်ခုန်သံကို အသာလေးကပ်ပြီး နားထောင်ကြည့်ချင်စိတ် ပေါ်လာသည်.တခါတလေ သူ့ရဲ့ လက်ချောင်း ရှည်ရှည်လေးကို သတိရမိတတ်လာသည်  ။အဲဒီ လက်ချောင်းရှည်ရှည်လေးတွေကိုဆုပ် ကိုင်ပြီး နေရာအနှံလျှာက်သွားဖို့ စိတ်ကူးတွေယဉ်မိတတ်သည် ....လူတွေမသိအောင် စိတ်ကူးမိတယ်ဆိုပေမဲ့လည်း  ကိုယ့်စိတ်ကူးလေးကို  ကိုယ့်ဘာသာပြန်တွေးမိတော့ ရှက်အားပိုမိပါရဲ့....။

ကျမကို ကျမ အထိတ်တလန့်နဲ့ သတိထားမိလိုက်ချိန်မှာ အဲဒီအကြည့် အဲဒီအပြုံးနဲ့ အဲဒီလူက ကျမရင်ထဲ
ရောက်နေပြီ ။ဘာလို့အခုလိုပြောင်းလဲသွားတယ်ဆိုတာ မစဉ်းစားတတ်ဘူး ။ သူကလည်း ကျမက
သူဘာပြောပြော     သိပ်ပြီးအရေးတယူ ပုံစံမျိုး မရှိ ဖြစ်ပြီးကထဲက ရပ်နေလိုက်တော့တာ အခုထိပါဘဲ ။
သူနဲ့ကျမကြား တခုခု ခြားထားသလို ဖြစ်သွားခဲ့တာပါ ။သူကလည်း ဆက်ပြီးရှေ့ဆက် မတိုးလာတော့သလို  ကျမကလည် သူရှေ့ဆက်လာလို့ရအောင် လမ်း မဖွင့်ပေးမိဘူး ။
 သူ့ကိုစိတ်ဝင်စားနေပြီဆိုတာ  ကျမကိုယ်ကျမ  သိခဲ့ပေမဲ့လည်း  ကျမ ပိတ်ထားခဲ့မိတဲ့
တံခါးတွေကို ကျမ ပြန်မဆွဲဖွင့်ဖြစ်ဘူး...သူကလည်း တံခါး ကို ဖွင့်ပါဆိုပြီး ဆက်မခေါက်တော့ဘူး ။
ရင်ထဲမှာတော့ အပြန်အလှန် ငြိတွယ်နေတဲ့ စိတ်တွေ ရှိနေတယ်ဆိုတာ တယောက်ကိုတယောက်
သိနေပေမဲ့  နှစ်ယောက်စလုံးက အဲဒီအခြေအနေကနေ ရှေ့ဆက်လာဖို့ မကြိုးစားကြဘူး ။


သူလည်း တခြားမိန်းကလေးတွေနဲ့ပတ်သတ်တာမျိုးမရှိသလို ...ကျမ လည်းတခြားယောက်ကျားလေး
နဲ့ ပတ်သက်နေတယ်ဆိုတာ မရှိခဲ့ပါဘူး ... ကိုယ့်ဘာသာနားလည်မှု့ကိုယ်စီနဲ့ နေနေ ကြတဲ့
အနေအထားပေါ့ ... ဒါပေမဲ့လည်း ကျမတို့နှစ်ယောက်က ချစ်သူတွေလည်း မဖြစ်ကြဘဲ
ဘာလိုလို အနေအထားနဲ့ ဆိုတော့ ခက်သားလားရှင်  ........

သူကလည်းရှေ့ဆက်တိုးလာမဲ့ ခြေလှမ်းမပြင်သလို ...ကျမကလည်း မသိမသာလေး လှမ်းခေါ်မဲ့
ပုံစံမျိုး မပြမိဘူး...စိတ်ထဲကတော့  သူဘာဆက်လုပ်မလည်းဆိုပြီးသေချာကြည့်နေမိပေမဲ့
မိန်းကလေးပီပီ  မသိချင်ယောင်ဆောင်တာမျိုးလည်း တခါတရံမှာလုပ်မိသွားတတ်တော့  ဘာလိုလို
ဖြစ်ပြီးရင်းကို ဖြစ်နေတော့တာပါဘဲလေ ။

အဲလိုနဲ့ဘဲ  ရက်...လ...နှစ် တိုင်လာတော့တယ်...နောက်ထပ်လည်း ဘယ်လောက် အချိန်ထိ ဘာလိုလို
ဖြစ်နေကြဦးမလည်း   ..ဆိုတာလည်း  မပြောတတ်ပါဘူး ။အခုချိန်ထိတော့ တခါးတချပ်ရဲ့
ဒီဘက်မှာ ကျမ ..ဟိုဘက်မှာ သူ ..အလယ်က တံခါးကို ဘယ်အချိန်ဆွဲဖွင့် ဖြစ်မလည်း
မသိသေးးရွေ့တော့ ကျမနဲ့သူက  ဘာလိုလို    ပေါ့ ရှင်.. ..... ။။။။

(2014 ကို နောက်ဆုံးနှုတ်ဆက်တဲ့ post လေးဆိုပါတော့ ပြန်လာတော့မှာမဟုတ်တဲ့
2014 ရဲ့ ဒီဇင်ဘာ 31 ရက်နေ့မှာ ရေးခဲ့တဲ့ စာတပုဒ်ပေါ့...
နှစ်သစ်မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေရှင်.. )

ပစ်ပစ်
AM 2:55
31.12.2014


19 December 2014

မိတ်ဆွေဟူသည်

Posted by blackroze at Friday, December 19, 2014 3 comments
ဒီနေ့အရမ်းအေးတယ်...ဒီဇင်ဘာလထဲရောက်ပြီဆိုတော့ အေးတာက ပြောနေဖို့တောင် မလိုတော့ပါဘူး။
အလုပ်ကအပြန် ချမ်းချမ်းအေးအေးနဲ့ ခေါက်ဆွဲပူပူလေး လုပ်စားချင်စိတ်ပေါက်လာတယ်။
ဒါနဲ့ဘဲ အလုပ်ကအပြန် လမ်းမှာရှိတဲ့ Market အသေးလေး တခုကနေ ပဲပြားဘူးနဲ့တချို့ ပစ္စည်းလေးတွေ
ဝင်ဝယ်ပြီး ပြန်လာခဲ့သည် ။

အိမ်ရောက်တော့ တိတ်ဆိတ်ခြင်းက ကျမကိုကြိုဆိုနေတယ် ။အခန်းတံခါးဖွင့် အိပ်ယာထဲခဏလှဲလိုက်မှဘဲ
နွေးသွားတော့သည် ။နောက်တော့ ဝယ်လာတဲ့ ပစ္စည်းတွေနဲ့ ခေါက်ဆွဲ ချက်ဖို့ပြင်ရသည် ။ ခေါက်ဆွဲထုပ်ဖောက်ထည့် ဝယ်လာတဲ့ပဲပြားထည့် ကြက်ဥထည့်  မုန်ညင်းရွက်ထည့် အရသာတွေထည့်ပြီးတော့ ကျမလက်ရာစစ်စစ် ခေါက်ဆွဲပြုတ်တပန်းကန်က စားကောင်းမဲ့ပုံစံလေးနဲ့ထွက်လာသည် ။

ရာသီဥတု ကအရမ်းအေးနေတော့  ကျမစိတ်ထဲ တခုခုကိုတောင့်တလာမိသည် ...ငရုတ်သီး..
ငရုတ်သီးစပ်စပ်လေးနဲ့ ခေါက်ဆွဲပူပူလေးဆိုရင် ဘယ်လောက်များ လိုက်ဖက်လိုက်မလည်းပေါ့ ။
အဲတာနဲ့ဘဲ  ယိုးဒယားဆိုင်ကနေ ငရုတ်သီးထောင်းပီးသား  တဘူးဝယ်ထားတာထဲက ငရုတ်သီးပါ နဲနဲ ယူထည့်ပေါ့ ..အရသာကမမြည်းရသေးတော့ ဘယ်လိုဆိုတာမသိပေမဲ့ အမြင်ပုံစံကိုအရသာခံလိုက်တာကတော့
စားကောင်းမဲ့ ပုံစံထွက်လု ထွက်ခင် ဖြစ်နေပါပြီ ..ကိုယ့်လက်ရာကို ကိုယ့်ဘာကို သဘောတွေကျလို့ ...
စားဖို့ ပန်းကန်တွေဘာတွေ အကျအန ပြင်ပြီးတော့... စားပွဲမှာတင်ထားတဲ့  ရှမ်းခေါက်ဆွဲ ရောင်းတဲ့
ဆိုင်ကနေ ဝယ်ထားတဲ့  ငရုတ်သီးကြော်ပုလင်းကို ထပ်ပြီးသွားတွေ့တယ်။
မထူးပါဘူး...ဒါလေးပါနဲနဲ ထည့်လိုက်မယ်..ငရုတ်သီးကို ဆီနဲ့ လှိမ့်ထားတာဆိုတော့ မွှေးတာပေါ့လေ
ဆိုပြီး  ..အဲတာလေးပါနဲနဲ ထပ်ထည့် ... ထည့်လည်းပြီးရော ..စားလိုက်မဟဲ့ဆိုပြီး ..ဇွန်းနဲ့မွှေ
ရှလူးဆိုပြီး တဇွန်းခပ်သောက်လိုက်တာ...ဘုရားရေ....ကြယ်တွေ လတွေ အပြင် အာကာသတောင်
ပွင့်သွားသလို ကို ဖြစ်သွားတော့တာဘဲ...စပ်လိုက်တဲ့  ဖြစ်ခြင်း  စပ်တဲ့အပြင် ငရုတ်သီးကိုဆီနဲ့ကြော်ထား
တာပါထည့်ထားတော့ ငရုတ်သီးနံပါ မွှန်လိုက်တာ ..။

ကျမကြိုးစားပမ်းစားချက်ထားတဲ့ ခေါက်ဆွဲက စားကောင်းတဲ့ ပုံစံထွက်လုထွက်ခင်ဖြစ်နေရာကနေ  ချက်ခြင်းဆိုသလိုကို ပူလောင်စပ်ပြဲ နေတဲ့ အရသာကို ပြောင်းလဲသွားပြီဖြစ်တဲ့ ခေါက်ဆွဲ ပုံစံကို ပြောင်းလဲလို့သွားပါပြီ  ။ ခေါက်ဆွဲတဇွန်းစားလိုက်မိလို့ စပ်သွားတဲ့ပါးစပ်ကိုဟပြီး လေပြင်းပြင်း
ရှု လို့ ခေါက်ဆွဲပြုတ် ပန်းကန်ရှေ့ချပြီး ထိုင်နေတဲ့ ကျမ .....  ။

ကဲ...ဒီခေါက်ဆွဲကို ကျမဘာဆက်လုပ်ရမလည်းလေ ။ချက်ချင်းကြီးလည်း မသွန်ရက်ပြန်ဘူး..အခုတင်
ချက်ပြီးထားတာဆိုတော့ နှမြောနေမိတယ် ...မသွန်ပြစ်ချင်ရင်လည်း စားလိုက်ပါလားဆိုတော့
ကျမ ဒီအရသာကို ဘယ်လိုမှ ခံစားလို့မရပါဘူး .... ဒါကြောင့် ဘယ်လိုမှ စားဝင်မယ်လည်း မထင်ပါဘူး..။
ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို နဲ့ ဒီတိုင်းထိုင်နေရင်း  တခုသွားစဉ်းစားမိသည် ...

ကျမဘဝမှာ အခုခေါက်ဆွဲပြုတ်ဖြစ်သွားသလို ဖြစ်ရပ်မျိုးတွေ ဘယ်နှစ်ခုများရှိခဲ့ဘူးလည်းဆိုတာကိုပါ ...
ကျမရဲ့ မိတ်ဆွေတွေထဲကနေ  အခုလိုဘဲ အစပ်အဟပ်မတည့်လို့ မိတ်ဆွေ ဘဝကနေ စိမ်းစိမ်းပြတ်ပြတ်
ဖြစ်သွားတဲ့ လူတွေ ဘယ်နှစ်ယောက် ရှိမလည်း ပြန်စဉ်းစားမိလာတယ် ။ကျမကိုယ်တိုင် တမင်တကာပျက်စီးအောင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ခဲ့ပေမဲ့ ..ကောင်းမလားဆိုပြီး ကျမပြောလိုက်တဲ့ စကားတခွန်း.. လုပ်ရပ်တခုကြောင့် ပျက်စီးသွားတဲ့ ဖြစ်ရပ်တွေရော ..ဘယ်လောက်များရှိနေခဲ့မလည်းဆိုပြီး ပြန်တွေးမိလာသည် .

တကယ်တော့ ကျမကိုယ်တိုင် ဖန်တီးလိုက်တဲ့အရာတွေပါဘဲ....တမင်တကာ ပျက်စီးစေတဲ့ စိတ်နဲ့ လုပ်တာလည်းမဟုတ်ခဲ့ပေမဲ့  အခုလိုဘဲ အကြောင်းအရာလေးတွေ နဲနဲချင်းစီတိုက်ဆိုင်...  ကောင်းမလိုလို ပုံစံထွက်နေရာကနေ လက်ခံလို့မရနိုင်တဲ့ ပုံစံတခု       ဖြစ်ပြောင်းသွားတာ မျိုး တွေရော  ဘယ်နှစ်ခုရှိနေမလည်း   သေချာစဉ်းစားမိလာတယ် ... သတိထားမိတာလေးတွေ ..သတိမထားမိဘဲပြောင်းလဲသွားတာလေးတွေ  အများကြီး ရှိနေခဲ့မယ်ထင်တယ်  ။

တကယ်တော့ဆက်ဆံရေး ခရီးတခုကို ရေရှည် သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ရင် အပိုအလိုသိပ်မရှိတဲ့ အနေအထားနဲ့ရှေ့ဆက်တာ အကောင်းဆုံးပါ ။သိပ်ပေးလွန်းရင်လည်း မကောင်းသလို ပေးတာသိပ်နည်းလွန်းရင်လည်း
မကောင်းဘူး... စကားပုံတောင် ရှိပါတယ် ... ဂါထာပေး တေးဖြစ်  ဆိုတာပါ ...။
တန်ဖိုးရှိတာကို လူတိုင်းကို ပေးမိတော့ အလကားအရာလိုဖြစ်သွားတယ်ဆိုတဲ့ သဘောပေါ့ ...။

Human society မှာ မိတ်ဆွေ သူငယ်ချင်းဆိုတာ လူတိုင်းမှာ ရှိပါတယ်...။လိုလည်းလိုအပ်ပါတယ်  ။သို့သော်လည်း  တကယ့်မိတ်ဆွေကောင်း
သူငယ်ချင်းကောင်းဆိုတာတော့ ရှားမယ်ထင်ပါတယ် ။ မိတ်ဆွေ သူငယ်ချင်း  တိုင်းလည်း ကိုယ့်အတွက်
စစ်မှန်တဲ့ ခင်မင်မှု့ နဲ့စိတ်ရော လူပါ ပေါင်းသင်းဆက်ဆံချင်မှ ဆက်ဆံမှာပါ ။ပြောရရင်တော့
အပေါ်ယံလောက် ပေါင်းသင်းတာမျိုးပေါ့  ... တခါတလေ မှာ သူငယ်ချင်းဆိုပေမဲ့လည်း ပြောရင်းဆိုရင်း
အခန့်မသင့်တဲ့ အခါ တယောက်နဲ့ တယောက် ထင်မြင်ယူဆချက်  မတူတော့တဲ့အခါမှာ ဆန့်ကျင်ဘက်
တွေ ဖြစ်မှန်း မသိဖြစ်သွားတတ်ကြတယ်  ။ဖြစ်စေချင်တဲ့ စိတ်နဲ့ အတိုက်အခံ ပြောမိဆိုမိတာ မဟုတ်ပေမဲ့
( ကျမ ရဲ့ ခေါက်ဆွဲပြုတ်လိုပေါ့ ...) မရည်ရွယ် ထားပေမဲ့  ကောင်းမလားလို့ ထည့်လိုက်တဲ့ အရာလေးတွေက မကောင်းတဲ့အနေအထားတခုကို ပြောင်းလဲသွားစေတာမျိုးပေါ့။
မထင်မှတ်ထားတဲ့ စကားလေးတခွန်းကလည်း လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတခုကို အချိန်မရွေး
ပြောင်းလဲသွားနိုင်ပါသည် ။
 
အဓိက ကတော့ သူနဲ့ကိုယ်က တယောက်ထဲမဟုတ်ဘူး...သူကသူ  ..ကိုယ်က ကိုယ်...
ခံစားချက်မတူနိုင်သလို  အမြင်တွေလည်း တူမယ် မထင်ပါဘူး...။ဒီအတွက် ကိုယ့်အယူအဆ နဲ့
သူ့ကို လိုက်ညှို့မယ်  ..သူ့အယူအဆကိုလည်း ကိုယ်နဲ့ မကိုက်တိုင်း လိုက်ဝေဖန်မယ် ဆိုရင်တော့
အစကထဲက ဒီခင်မင်မှု့ တခုကို ဘယ်အချိန်အဆုံးသတ်မလည်းဆိုတာာကိုပါ ကြိုတင်စဉ်းစားထားတာ
အကောင်းဆုံးပါဘဲ  ။ သူငယ်ချင်းတိုင်းကတော့ ငယ်ကထဲကနေ သေဆုံးတဲ့အထိ ခင်မင်သွားကြတယ်ဆိုတာ နည်းနည်းရှားပါ လိမ့်မယ် ။အထက်တန်းတုန်းက သူငယ်ချင်း ..တက္ကသိုလ်တက်တုန်းက သူငယ်ချင်း ...လုပ်ငန်းခွင်ရောက်တော့ အလုပ်က သူငယ်ချင်း... နောက်ပြီး အခု လို အင်တာနက်ခေတ်မှာတော့ အွန်လိုင်းကမိတ်ဆွေ facebook မိတ်ဆွေဆိုပြီး ...အမျိုးအစား အမျိုးမျိုးနဲ့ ပတ်သတ်မှု့တွေရှိပါလိမ့်မည်။အနေအထားပေါင်းစုံကနေ ပတ်သတ်လာတဲ့ ဘယ်သူမဆို
သူဟာ ကိုယ်မဟုတ်ဘူးလေ  ဆိုတဲ့ အတွေးတခုနဲ့ဆက်ဆံမယ်ဆိုရင်တော့  ပြသနာနည်းမယ်ထင်ပါရဲ့လေ...။ ကာလရှည် ခင်မင်မှု့တခုကို
တည်ဆောက်နိုင်လိမ့်မယ်လို့ တွက်ဆမိပါရဲ့  ....  ။

မိတ်ဆွေ တယောက်ရလိုက်ပြီဆိုရင် ရိုးသားစွာဆက်ဆံပါ ။ပွင့်လင်းစွာ ဆက်ဆံပါ ။မျှော်လင့် ချက်နဲ့
ပေါင်းတယ်ဆိုတဲ့အနေအထား မျိုး ကို လက်မခံပါနဲ့ ။ကိုယ်ကလည်း အသားလိုလို့ အရိုးတောင်းတာ
မျိုး မလုပ်သင့်သလို အဲဒီလိုအနေအထားတွေနဲ့ ချဉ်းကပ်လာတဲ့ သူတွေကိုလည်း     မိတ်ဆွေအစစ်လို့
မသတ်မှတ်လိုက်ပါနဲ့..အဲလိုလူတွေက အခန့်မသင့်ရင် နောက်ကျောကိုဒါးနဲ့ထိုးတတ်တယ် ။အခုလို
အပေးအယူမျှော်လင့်ချက်တွေနဲ့ ဝင်လုံးပြီးအတင်းကာရော လိုက်ခင်တဲ့သူ မျိုး က
တချိန်မှာ သူတို့အတွက် မလိုအပ်တော့ဘူး..အသုံးမတည့်တော့ဘူးလို့ ထင်လာတဲ့ တနေ့မှာ
ကိုယ့်ကို  ချနင်းလိုက်ဖို့လည်း ဝန်မလေးတဲ့သူတွေ ဆိုပါတော့ ။မိတ်ဆွေစစ်စစ်  မဟုတ်ပါဘူး...။
လိုအပ်ချက်ကြောင့် လာပတ်သက်တဲ့ သူမျိုးပါ ။

ရိုးသားမှု့ဆိုတာ နေရာတိုင်းမှာ မရှိတတ်ပါဘူး.. လူတိုင်းကို ရိုးသားတယ်လို့လည်း သတ်မှတ်လို့ မရပါဘူး..။ ဖောက်ပြန်တဲ့သူဟာ ကျနော်  ကျမ ကတော့ ဖောက်ပြန်ဖူးတယ်..လို့ ဘယ်သူမှ လူသိအောင်
မကြေငြာကြပါဘူး..။ကျနော်  ကျမ  သည်အရမ်းရိုးသားပါတယ်လို့ဘဲ ...ကြေငြာတတ်ကြပါသည် ။
နောက်ကွယ်ကဖြစ်ရပ်တွေကို လူတိုင်းက သိနိုင်တာမှ မဟုတ်တာ ။ဒီတော့
ဖောက်ပြန်ခြင်းတရားဆိုတာကလည်း တိတ်တဆိတ်ဖုံးကွယ်ထားလို့ ရတဲ့အရာတခု
ပါဘဲ ။(တချို့သော လူများကိုသာဆိုလိုခြင်းဖြစ်ပါသည် ..လူတိုင်းကို မရည်ရွယ် ပါ) 
ထိုကြောင့်   လူဆိုသော သူများသည် ဘယ်သူ့ ကိုမဆို ချင့်ချိန်ပြီးယုံကြည် ဖို့လိုအပ်ပါတယ် ။
အခုလို အင်တာနက်ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲတဲ့ခေတ်မှာ လူမှု့ရေး အရှုပ်အထွေးဆိုတာ  အင်မတန်
များပါတယ်။ပြင်ပလောကမှာလည်း ရှုပ်တဲ့သူဟာ ရှုပ်တဲ့ကိစ္စတွေနဲ့ဘဲ လုံးထွေးရစ်ပတ်နေတတ်တာဘဲ..။

များများယုံလေ  များများ အညာခံလေ  မဖြစ်ဖို့ကတော့ ကိုယ်တိုင်သာလျှင် တာဝန်အရှိဆုံးပါ ။
လူတယောက်က ကိုယ့်ကို လိမ်လိုက်တယ်ဆိုပါတော့  သူလိမ်လို့ရအောင် ကိုယ်က ရိုးအနေလို့
ဆိုပြီး သတ်မှတ်လို့ရနေပါပြီ  ။ ရိုးသားခြင်းက ရှိသင့်တဲ့ အရာတခု...ရိုးအ ခြင်းကတော့ မရှိသင့်တဲ့အရာတခု...ကျမကတော့ဒီလိုဘဲခံယူထားသည် ။ဒါကြောင့် ရိုးသားပါ ..မနုံအ ပါစေနဲ့ ...။
ထက်မြက်အောင်နေပါ  ..သို့သော် သူတပါးကို လူလည်မကျပါနဲ့ ။


လူဆိုတာ မှားတတ်ပါတယ် ။လူတိုင်းလည်း အမှားနဲ့ မကင်းကြပါဘူး ။အမှားကျူးလွန်ဖူး တဲ့သူကို ကြောက်ဖို့မလိုပါဘူး ။သူကတော့ ဘယ်လိုပြသနာ ဖြစ်ဖူးတယ်  ..ဆက်ပြီးမိတ်ဆွေအနေနဲ့ မပတ်သက်ချင်တော့ဘူး ဆိုတာမျိုးကို ကျမလက်မခံပါဘူး။ လူတယောက်က အမှားတခု လုပ်လိုက်မိတယ်...ဒါပေမဲ့ သူ လုပ်ခဲ့တဲ့ အရာကို သူဝန်ခံရဲတယ်..။ဒီလိုမိတ်ဆွေကို အနားမှာ မိတ်ဆွေသူငယ်ချင်းကောင်းပီသစွာနဲ့ဖေးမ ပေးလို့ရပါတယ်...ဒါပေမဲ့သူ မဟုတ်တာလုပ် ခဲ့ရဲ့သားနဲ့ သူ မမှားပါဘူးလို့အတင်းငြင်းတဲ့ သူမျိုး ကိုတော့ မိတ်ဆွေအနေနဲ့ ဆက်မပတ်သက်ပါနဲ့တော့  ။သူက အမှားတွေကို ဆက်တိုက်ကျူးလွန်တော့မဲ့သူပါ ။ကိုယ့်အပြစ်ကိုယ်ဝန်မခံတဲ့ သူကနောက်ထပ်လည်း ဘယ်အရာကို မဆို ပေါ့ပေါ့တန်တန် လုပ်လိုက်ဖို့ ဝန်မလေးပါ ဘူး...ဒါကြောင့် ဒီလိုလူမျိုး ကိုတော့ ရှောင်သင့်ပါသည်။

ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်သိမ်းရတာဓမ္မတာ ပါ ...အချိုပင်စိုက်ထားရင် အချိုသီး  သီးမယ်ပေါ့ ။
အချဉ်ပင်စိုက်မိရင် အချဉ်သီးဘဲ သီးမှာပါ ။ကိုယ်က ကိုယ့်မှာ ရှိတဲ့မိတ်ဆွေ အပေါင်းအသင်းတွေကို
တန်ဖိုးတခုထားဆက်ဆံမယ်ဆိုရင် ဆတူညီမျှ တဲ့ တန်ဖိုးတခုနဲ့ သူတို့ကလည်း ပြန်တုံပြန်လာမှာပါ ။
ကိုယ်က စစ်မှန်တဲ့ ခင်မင်မှု့တခု ကိုပေးနေလျှက်နဲ့ ကိုယ့်အပေါ်    ထပ်တူညီတဲ့     ဆက်ဆံရေး
တခုဖြစ်မလာဘူးဆိုရင်တော့ ဒီလိုမိတ်ဆွေမျိုး ကို ကိုယ့်ရဲ့ အပေါင်းအသင်းစာရင်းထဲကနေ
ထုတ်လိုက်ပါတော့ ။လူတိုင်းမှာ သူငယ်ချင်းမိတ်ဆွေ အများကြီး ရှိမှာပါ ။အဲဒီအထဲမှာ တကယ်ကို
စစ်မှန်စွာ ခင်တဲ့သူ ကိုယ်အရေး အကြောင်းဆိုတာနဲ့ ဖေးမ ပေးတတ်တဲ့သူကတော့ရှားပါလိမ့်မယ် ။
လူတိုင်းပဲ မှန်ကန်တဲ့ ခင်မင်မှု့ တခုကို ရှာတွေ့နိုင်ကြပါစေ ။ ရှာတွေ့ခဲ့ရင်လည်း တန်ဖိုးထားတတ်ပါစေ ။
ကျမကတော့ စစ်မှန်တဲ့ ခင်မင်မှု့ တိုင်းကိုတန်ဖိုးထားပါတယ်...ဒါပေမဲ့လည်း တခါတလေမှာတော့
စကားတခွန်း ...လုပ်ရပ်လေးတခုကြောင့်  ကျောခိုင်းလိုက်တဲ့ ဖြစ်ရပ်လေးတွေ ရှိတာပေါ့
ခေါက်ဆွဲပြုတ် ဖြစ်သွားသလို မျိုး ငရုတ်သီးစပ်သွားတာပေါ့  ရှင် ။


ပစ်ပစ်
Am 2:19
19.12.2014



 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei