10 January 2016

မြေနီကုန်း....မြေနီကုန်း

Posted by blackroze at Sunday, January 10, 2016 1 comments
အဲဒီနေ့က  ဘတ်စ်ကားတွေလူသိပ်မကြပ်ဘူး ။

မြန်မာပြည်ကို ခဏပြန်လည်တဲ့ အချိန်မှာ အင်းစိန်ဘက်ကို ကိစ္စ တခုရှိလို့ သွားခဲ့ သည် ။လိုက်ပို့ပေးဖို့ ဘယ်သူမှ မအားတာကြောင့် ကိုယ့်ဘာသာတယောက်ထဲ သွားခဲ့သည်  ။အမကတော့ အပြန်လာကြိုပေးမယ်လို့ ပြောပေမဲ့ ..အားနာတာကတကြောင်း  ကျမတယောက်ထဲ အေးအေးဆေးဆေး သွားချင်တာတကြောင်း  အဲနှစ်ကြောင်းပေါင်းပြီး  ကိုယ့်ဘာသာပြန်လာမယ် ..မလာနဲ့လို့ဘဲ မှာခဲ့လိုက်သည် ။

အသွားက တွေ့ချင်တဲ့သူနဲ့တွေ့ ပြီး ယူစရာရှိတဲ့ စာရွက် စာတမ်း ယူရုံဘဲဆိုတော့  အချိန်သိပ်မကြာလိုက်ဘူး ။
အပြန်ကျတော့ ဘတ်စ်ကားတွေချောင်နေတာတွေ့တာနဲ့  ဆူးလေ..ဆူးလေ  လို့ အော်နေတဲ့  ကားတစီးပေါ်တက်ခဲ့လိုက်သည် ။

ကားကနေ့လည်ဘက်ဆိုတော့ နေရာလွတ်တွေ အများကြီးဘဲ ..အဲတာနဲ့ နောက်ဆုံး တန်း အလည်လောက်မှာ သွားထိုင်လိုက်သည် ။ ကျမကအလည်မှာဆိုတော့ ကျမရဲ့ ဘယ်ဘက်ဘေးတယောက်ကျော် ပြတင်းပေါက် နားမှာက ကောင်မလေး တယောက် ထိုင်နေတာတွေ့တယ်  ။အဲဒီကောင်မလေးပုံစံက အသားဖြူ ဖြူ ..
ပိန်ပိန်သွယ်သွယ် ဆံပင်ရှည်ရှည် ပုံစံလေး  ..ဖေ့ဘုတ်စကားနဲ့ပြောရရင်တော့ အလန်းလေး  ပေါ့  ။ 360 မသုံးဘဲနဂို အသားလေးကိုက ဖွေးနေတာ ...ကြည့်ရတာ .ခပ်သွက်သွက်ပုံစံလေး...ဒါကကျမ ဘာသာ သူ့ကို ကြည့်ပြီး အကဲခတ်လိုက်တာပေါ့ ။

သူက အခုခေတ်ပုံစံ ပေါ့ ဖုန်းတလုံးကို တောက်လျှောက်ပွတ်နေတာ ။
သူ့ဘာသာ ပွတ်နေတာက ပြသနာ မရှိပါဘူး ..။ကားပေါ်ကို နောက်ထပ်အတွဲတတွဲ တက်လာပါတယ် ။ ကျမဘေးနားက လွတ်နေတဲ့ ခုံမှာလာဝင်ထိုင်ပါတယ် ။ အတွဲတို့ရဲ့ သတ်မှတ်ချက်ထုံးစံတွေ အတိုင်းပေါ့ ။ ပူးပူးကပ်ကပ် ထိုင်တယ်...တိုးတိုး  ..တိုးတိုး  နဲ့ပြောတယ်.. အသံမပွင့် တပွင့်နဲ့ တခိခိ ရယ်တယ်.. ပါးလေး မသိမသာ ကိုင်တယ်..မျက်စောင်းမသိမသာထိုးတယ် ..တမင်တကာ ကြည့်နေတာ မဟုတ်ပေမဲ့ ..ကြားနေတွေ့နေရတော့လည်း အလိုက်တသိနဲ့ ဘေးက ကောင်မလေးနားကို နည်းနည်း တိုးပေးလိုက်ပါသည် ။

အဲဒီမှာ ကျမနဲ့ အဲဒီ ကောင်မလေး စတွေ့တော့တာပါဘဲ ။

ကားက မြန်မာပြည်ဘတ်စ်စကားတို့ရဲ့ မောင်းပုံ မောင်းနည်း အတိုင်း ဝူးခနဲမောင်းတယ် ။  ဝုန်းခနဲ ဘရိတ်အုပ်တယ်.. ကားကလည်း လူချောင်နေတော့ ထိုင်နေတဲ့ သူတွေက
ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် နဲ့ပေါ့ ။ကျမက ဘေးနားက အတွဲကိုအားနာတော့ ဒီဘက်ကကောင်မလေးနား တိုးထိုင်ထားတာ ဆိုတော့
ကားကဘရိတ်တခါအုပ်လိုက်ရင် ကောင်မလေးက ကျမဘက်ကို အလိုက်သင့်လေး လျောကျလာပြီး ကျမ ပခုံးကို လာလာမှီပါတယ် ။မိန်းကလေးချင်းမို့ ပြသနာမရှိပေမဲ့ ..သူကမှီပြီးရင် ပြန်မထ တော့ပါဘူး ။
အမှန်ဆို ကားကဘရိတ်အုပ်လို့ ယိမ်းတယ်..ပြီးရင် ကိုယ့်ဘာသာမတ်မတ်ပြန်ထိုင်ပေါ့ .. အခုက အဲလိုမဟုတ်ဘူး.. ဘရိတ်တခါအုပ်ရင် လျောကျလာပြီး ပြန်မမတ်တော့ ဘူး..ကျမ ကိုမှီနေရော ။ ကျမ က အလိုက်တသိနဲ့ နောက်တခါဘရိတ်မအုပ်ခင် ပခုံးနဲ့ မသိမသာ ပြန်တွန်းပြီး ပြန်မတ်ပေးလိုက်ရတယ် ။ကျမက သူ့ကို အဲလိုတွန်းပြီး ပြန်မတ်ပေးလိုက်ရင် ကောင်မလေးက လှမ်းလှမ်းမေးတယ်..
" မြေနီကုန်း ရောက်ပြီလားဟင် ...တဲ့.." မရောက်သေးပါဘူးလို့ ဖြေပေးလိုက်ပါတယ် ။

ဘရိတ်တခါအုပ်...တခါမှီ... တခါမေး ..မြေနီကုန်းရောက်ပြီးလားဟင် ..ဆိုတာပါဘဲ ။ဖုန်းကို ဘဲ ပွတ်ပြီး တဟီးဟီး လုပ်နေမဲ့ အစား ကိုယ်စီးလာတဲ့ကား ဘယ်နေရာ ရောက်နေလည်းဆိုတာ သူ့ဘာသာ မကြည့်တတ်ဘူးလား..။အသက် 20 ဝန်းကျင်လောက် ရှိနေတဲ့ မိန်းကလေးတယောက်က ဖုန်းကိုဘဲ အာရုံစိုက်ပြီး ကိုယ်သွားချင်တဲ့နေရာ ရောက်..မရောက်ဆိုတာ မကြည့်နိုင်တော့ဘူးဖြစ်နေပါသည် ။

တခါ နှစ်ခါ ..သုံးခါ..လေးခါ ..ငါးခါ မကတော့ပါဘူး..ကားကလည်း  သမိုင်းလမ်းဆုံ ဘဲရောက်သေးတယ်..ဘရိတ်က 10 ခါလောက် အုပ်ပြီးနေပြီ ။..ကျမလည်း တော် တော် လေး စိတ်တိုနေပြီ ။ကောင်မလေးက ဖုန်းကိုဘဲ အာရုံစိုက်နေတာ ။
သူ့ဖုန်းကနေ viber နဲ့ facebook နှစ်ခုလုံးကို ဟိုဝင်ဒီထွက်နဲ့ သုံးနေတာ ။
ဒါက ဘတ်စ်စကား စီးနေတာလေ ။ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေသင့်တာပေါ့ ။ကျမနေရာမှာသာ ယောက်ကျားလေးတယောက်ဆိုရင် အဲဒီကောင်မလေးနဲ့ ရည်းစားတောင် ဖြစ်လို့ရနေလောက်ပြီ ။သူမှီလာရင် ရင်ခွင်ထဲ အသာလေးပွေ့ထားပြီ မြေနီကုန်း မရောက်သေးဘူးနော်.ဆိုပြီး ကားပေါ်က အချစ်ဇာတ်လမ်းတွေတောင် ဖြစ်နေလောက်ပြီ ။

နေ့လည်ကားချောင်တဲ့ အချိန်ဆိုတော့ .ကားပေါ်ကနေ ဟိုငေးဒီငေးနဲ့ ဆူးလေအထိ လိုက်စီးသွားမယ် ..ပြီးရင် လသာ ဘက်ရောက်ရင် ကျမ တရုတ်ကျောင်းတက်တုန်းက ဆရာကို သွားတွေ့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီကားပေါ် တက်လာခဲ့တာ ။အခုတော့ ကားက လှည်းတန်းတောင် မရောက်သေးဘူး.. မြေနီကုန်း ဇာတ်လမ်းကို ဝင်ပြီး ကပြနေရတာနဲ့တင်
ဒေါသတော်တော် ထွက်လာပါသည် ။

အစပိုင်းကတော့ .. " သြော် ..မြေနီကုန်းရောက်ရင် ဆင်းသွားမှာဘဲလေ..
အလွန်ဆုံးနာရီဝက်လောက်ပါဘဲ .." ဆိုပြီး သည်းခံပြီး စီးလာပေမဲ့လည်း..။

လှည်းတန်းကို ရောက်လာတဲ့ အခါ
ကားကလည်း မှတ်တိုင်ကို တခြားကားတွေ နဲ့ပြိုင်ပြီး အလုအယက် အဝင် ..
ထုံးစံအတိုင်း ဘရိတ်ကို ဝုန်းခနဲ အုပ် ...
ကောင်မလေးကလည်း ဘရိတ်အုပ်တိုင်း လုပ်နေကြ အတိုင်း ကျမဘက်ကို အလိုက်သင့်လေး လျောပြီး မှီချ ...
ကားစပယ်ရာကလည်း လှည်းတန်း ဆင်းမဲ့သူတွေ ဆိုပြီး လှမ်းအအော် ...
အဲဒီလို အကြောင်းခြင်းအရာတွေ တချိန်ထဲ တိုက်ဆိုင်သွားချိန်မှာ ..
ကျမ လည်း ဖြတ်ခနဲ ဆုံးဖြတ်ချက်ချပြီး ကားပေါ်ကဆင်းခဲ့ လိုက်ပါတော့သည်  ။။။။

(2016 အတွက် ပထမဦးဆုံး ပိုစ့်လေးပါ  ။2015 ..2လပိုင်း မြန်မာပြည်ပြန်တုန်းက
အဖြစ်လေးကို ရေးထားတာပါ )



ပစ်ပစ်
AM  00:29
10.1.2016

20 December 2015

တချိန်တုန်းက ခရစ်စမတ်

Posted by blackroze at Sunday, December 20, 2015 2 comments
December 25 ဆိုတာ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့  ခရစ်စမတ်နေ့လေးပေါ့ ။
ဘာလိုလိုနဲ့ ခရစ်စမတ်တောင် နီးလာပါပေါ့လား....။




ကျမက ခရစ်ယာန် ဘာသာဝင်မဟုတ်ပေမဲ့ ... ခရစ်စမတ်ကို သဘောကျမိပါသည်.. ။
အလုပ်ပိတ်အားလပ်ရက်လည်းဖြစ်သလို  ကျမမွေးဖွားတဲ့ လရဲ့ အထိမ်းအမှတ်ရက်လေး လည်းဖြစ်လို့ပါ ။
ငယ်ငယ်တုန်းက ခရစ်ယာန်သူငယ်ချင်းမလေးတယောက်ရှိတယ်.. ။ သူ့နာမည်က နှင်းတဲ့ ။ ကျမဘဝရဲ့ ပထမဆုံးမွေးနေ့လက်ဆောင် ဆိုတာကို သူ့စီက ရခဲ့တာပါ ။နှလုံးသားကျမ်းစာဆိုတဲ့ ကျမအကြိုက်ဆုံးသီချင်းကိုလည်း သူမစီကဘဲ ကက်ဆက်ခွေငှားပြီး နားထောင်ခဲ့ဖူးသည် ။ အဲဒီခေတ်တုန်းကတော့ tape ခွေ ခေတ်ပေါ့ ။အဲဒီသီချင်းကိုအတန်းထဲမှာ ..ဆရာမ စာကူးခိုင်းထားတဲ့အချိန်မှာ သူ တိုးတိုးလေးဆိုပြတာနားထောင်ပြီး  ကျမ နှင်းစီကနေ ကက်ဆက်ခွေငှားပြီး
နားထောင်ဖြစ်ခဲ့တာပါ ။စာသင်ခန်းထဲကအမှတ်တရတွေပေါ့ ။

ကျမ အလယ်တန်းကျောင်းသူဘဝတုန်းက အမြဲတတွဲတွဲ သူငယ်ချင်း လေးယောက်ရှိသည် ။
နှင်းနဲ့ကတော့ ကျန်တဲ့နှစ်ယောက်ထက် ပိုခင်တယ်လို့ ပြောရပါမယ် ။ပိုအတွဲများတာပေါ့ ။
ကျမမွေးရက်က ဒီဇင်ဘာ 14 .. နှင်းက 22 ..နောက်တယောက်က 24 ...နောက်တယောက်က 29 ။
အားလုံး ဒီဇင်ဘာလ Born တွေကြီးဘဲ...မွေးနေ့တွေကလည်း ဆက်တိုက်ဆုံတာပါ ။
ကျမဘဝမှာက ဒီဇင်ဘာအမှတ်တရတွေ များပါသည် ။ အခုလည်း အမှတ်တရ များတဲ့ ဒီဇင်ဘာ ရောက်လို့ လာပြန်ပြီ ။

ခရစ်စမတ်ညဆို ကျမအခုလက်ရှိနေထိုင်နေတဲ့ နိုင်ငံမှာလည်း အရမ်းစည်ပါတယ် ။ ခရစ်စမတ်နဲ့ New Year ညတွေဆို မီးရှုးမီးပန်းဖောက်တာကြီးဘဲ တန်ဖိုးမနည်းပါဘူး။ လူငယ်တွေအတွက်တော့ သိပ်ကိုပျော်ကြတဲ့ အချိန်အခါသမယပေါ့ ။ ရာသီဥတုကလည်း အေးအေးနဲ့ အလုပ်ပိတ်ရက် ကျောင်းပိတ်ရက်နဲ့ဆုံတာဆိုတော့  လည်လို့ လည်း
အဆင်ပြေ ။အပေါင်းအသင်း နဲ့ချိန်းလို့လည်း ကောင်း  ။ ကဲ...ပျော်စရာကြီးဘဲပေါ့နော် ။

ကျမမှာလည်း တချိန်တုန်းက သိပ်ပျော်စရာကောင်းတဲ့ အမှတ်တရ ခရစ်စမတ်နဲ့ new year ညတွေ
ပိုင်ဆိုင်ခဲ့ဖူးပါသည် ။ အချိန်ဆိုတာက နောက်ပြန်လှည့်လာတတ်တာ မဟုတ်လေတော့ အမှတ်တရနဲ့
ပျော်ရွှင်မှု့တချို့ကို အတိတ်မှာ ပြန်ရှာကြည့်..ပြန်တမ်းတမိတာလွဲလို့  အရာရာဟာ ကျန်ခဲ့လေတော့သည်။
ကျမ ရဲ့ခရစ်ယာန်သူငယ် ချင်းလေး  နှင်းလည်း အခုဆိုဘာတွေ လုပ်နေမယ်မသိတော့ပါဘူး ။

တချိန်တုန်းကတော့ ခရစ်စမတ်နေ့ဆို နှင်းက ကျမအိမ်ကိုမုန့် လာပို့နေကြ ။သူမုန့်လာပို့တဲ့ အချိန်ဆို
ကျမက သူ့အတွက်လက်ဆောင်ပေးဖို့ပြင်ထားတဲ့ ပါဆယ်ထုပ်လေးနဲ့ Christmas card လေးကို
ပြန်ထည့်ပေးလိုက်တတ်ပါသည် ။ သူကြိုက်တတ်တဲ့ နှုတ်ခမ်းနီ ....    album စာအုပ် ... ခေါင်းစည်းကြိုး
ကလစ် ... တခုခုပေါ့ ..တန်ဖိုးရှိလွန်းတဲ့ ပစ္စည်းမဟုတ်ပေမဲ့  အမှတ်တရ ဖြစ်ခဲ့ပါသည် ။
ကျမကလူတွေကို အပိုပစ္စည်းတွေ မပေးချင်ပါဘူး..တကယ်လိုတာမျိုးဘဲ လက်ဆောင်ပေးချင်တာပါ ။
ငယ်ကထဲကအဲဒီစိတ်ဓါတ်ရှိခဲ့တာပါ ။နှင်းကိုလည်း ခရစ်စမတ်နီးလာရင် သူ့အတွက်ဘာလိုလည်း
ဆိုတာကြိုပြီးအကဲခတ်ထားလိုက်ပါသည် ။သူမဝယ်ရသေးဘူးထင်တဲ့ ပစ္စည်းမျိုးကို ရွေးပြီး
လက်ဆောင်ပေးဖြစ်တာများပါသည်။


ကျမပေးတဲ့ ပါဆယ်ထုပ်ဖောက်ပြီးတိုင်း သူမ တအံတသြ
မေးတတ်ပါသည် ။ " ငါဒါလိုတာနင်ဘယ်လို သိတာလည်း "ဆိုပြီးတော့ပါ ။အဲဒီအခါကျရင် ကျမကလည်း ပြုံးစိစိနဲ့ " ငါက ရိုးရိုးလူမဟုတ်ဘူးလေဟာ...အာရုံရနေတာလေ.. "ဆိုပြီး သူ့ကို ပြန်စတတ်ပါသည် ။ ဒါလေးကတော့ ကျမတို့နှစ်ယောက်ကြားက အမှတ်တရ လေးတခုပါဘဲ ။
တခါမတော့နှင်းက ပြောဖူးပါသည် ။ " ခရစ်စမတ်နီးလာပြီဆိုရင် ငါလိုနေတဲ့ပစ္စည်းတောင်မဝယ်သေးဘဲ ..
နင်လက်ဆောင်ပေးလာမှာဘဲဆိုပြီး စောင့်နေတတ်တာအကျင့်လိုတောင် ဖြစ်နေပြီ ဟ " ဆိုပြီးတော့ပါ ။

အခုလို ခရစ်စမတ်အချိန်ရောက်ပြီဆို ..ဖန်စီပစ္စည်းလေးတွေရောင်းတဲ့ ဆိုင်ဘက်ရောက်ဖြစ်တိုင်း
နှင်း ကိုသတိတရ ရှိမိတတ်သည်။ သူလည်းတချိန်တုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ ကျမကို သတိရမိမယ်ထင်ပါသည်  ။အခုဆို နှင်းလည်း ခရစ်စမတ်လက်ဆောင်လေးတွေကို သူ့မိသားစုတွေ
အတွက်ဖြစ်ဖြစ် အပေါင်းအသင်း သူငယ်ချင်းတွေ အတွက်ဖြစ်ဖြစ် ပြင်ဆင်နေပါလိမ့်မည် ။
သူ့ကို လက်ဆောင်ပေးလာမဲ့ လက်ဆောင်ပါဆယ်ထုပ်လေးတွေကိုလည်း လက်ခံဖို့
 စောင့်မျှော်နေပါလိမ့်မည်။ တချိန်တုန်းက သူ လိုအပ်မယ်ထင်တဲ့ ပစ္စည်းလေးတွေကို အမြဲတမ်း
ခန့်မှန်းပြီး ခရစ်စမတ်လက်ဆောင် ပေးခဲ့ဖူးတဲ့ သူငယ်ချင်းကောင်မလေး တယောက်ကိုလည်း
နှင်းသတိရမယ် ထင်ပါသည် ။ နှစ်တွေတော့တော်တော် ကြာခဲ့ပါပြီ ..။ဒါပေမဲ့ အမှတ်တရ ဆိုတဲ့
အရာတွေက ပျောက်သွားတတ်တဲ့ အရာတွေမဟုတ်တဲ့  အတွက်ကြောင့် အခုလို ခရစ်စမတ်နီးလာတိုင်း  ငယ်ငယ်တုန်းက နှင်းဆိုတဲ့ သူငယ်ချင်းလေးကို ကျမသတိရမိတတ်ပါသည် ။



ဖန်စီပစ္စည်းနဲ့ အလှကုန်တွေ ရောင်းတဲ့ ဆိုင်ဘက်ရောက်ရင် မီးလုံးတွေနဲ့ အလှဆင်ထားတဲ့ခရစ်စမတ်
ပန်းတွေအရုပ်တွေကို ... တခုချင်းစီသေချာ လိုက်ကြည့်ရင်း  အခုနေခါဆို နှင်း လိုအပ်တာဘာများ
ဖြစ်မလည်း  တွေးမိတတ်သည် ။ တနေ့မှာတော့  နှင်းစီကို ခရစ်စမတ်အမှတ်တရ လက်ဆောင်လေးတခု
ကျမပေးဖြစ်ပါဦးမည် ။အဲဒီအခါကျရင် နှင်းကပါဆယ်ထုပ်လေးဖောက်ပြီး " ဒါငါလိုနေတာ နင်ဘယ်လိုလုပ်သိလည်းလို့" ပြန်မေးဦးမလား  မသိ  ................ ........ ..... ။။။။။


ပစ်ပစ်
Am 2:18
20.12.2015
(ပုံတွေကတော့ google ကပါ )


01 December 2015

တောင်းဆု

Posted by blackroze at Tuesday, December 01, 2015 0 comments
တဆစ်ဆစ်နဲ့ကိုက်နေတဲ့လက်တဖက်...
စိတ်ထဲကနေ ဆုတောင်းနေမိတယ်..
ဝေဒနာတွေသက်သာပါစေလေ..
မှတ်မှတ်ရရ ပါဘဲ
အဲဒီနေ့က ဒီဇင်ဘာလတရက်နေ့ ..
ငါ့အတွက်တော့ မချိုသာတဲ့ ဒီဇင်ဘာ..

blogger တယောက်အဖြစ်နဲ့ ခံစားမိရာလေးတွေ
ရေးခဲ့တာ ဘာလိုလိုနဲ့ 6နှစ်တောင်တိုင်ခဲ့ပြီဘဲ။။။

ပစ်ပစ်
am 1:49
1.12.2015

13 November 2015

လွဲလွဲလေးနဲ့ကျမ

Posted by blackroze at Friday, November 13, 2015 3 comments
လောကမှာ အချိန် -အသက်အရွယ်နုပျိုမှု့ ဆိုတာကို ငွေနဲ့ဝယ်ယူလို့မရပါဘူး ။
ဒါပေမဲ့ ကျမတို့တွေ အားလုံး ဟာ ငွေရှာဖို့အတွက် အချိန်ဆိုတာနဲ့ အသက်အရွယ် ဆိုတာကို
သတိမထားမိဘဲ ငွေ ..ငွေ.. ဆိုတဲ့ အသိတခုနဲ့ ဖြတ်ကျော်လာကြပြန်သည် ။
လူတိုင်းတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ မိဘအသိုင်းအဝိုင်း ချမ်းသာတဲ့သူအဖို့ကတော့ ငယ်စဉ်ကထဲက
အပူပင်ကင်းကင်းနဲ့ ဘဝကိုစတင်လို့ရပါလိမ့်မည် ။
လူဦးရေ ပမာဏနဲ့ အချိုးကျရင်  သုံးပုံနှစ်ပုံသော လူတွေဟာ ကျမဆိုသလိုပါဘဲ  ငွေဆိုတာကို
အချိန်နဲ့ အသက်အရွယ်ကို မေ့ထားပြီး ရှာခဲ့ကြတာပါ ။

ငွေတခုထဲနဲ့ဘဝ တခုတည်ဆောက်လို့ရလားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ဒါဆိုငွေထက်ပိုအရေးကြီးတာ
ကဘာလည်းဆိုတော့ စစ်တမ်းကောက်သလိုရေတွက်ကြည့်ပြန်ရင်လည်း ငွေနဲ့ဝယ်လို့မရ ငွေထက်အရေးပါတာတွေက
ရှိနေပြန်ရော ။ မုန့်လုံးနဲ့ဂျာအေး အပြန်အလှန် စက္ကူကပ်နေသလိုပါဘဲ ။ပထမအရွယ် ပညာရှာ..အခုခေတ်မှာတော့
ပထမ ပညာရှာတဲ့အရွယ်မှာတင် တချို့တွေကပညာရှာရင်းနဲ့အလုပ်တဘက်တွဲလုပ်လို့ ပညာနဲ့အတူ ငွေပါ ရှာနေကြရသည် ။

ငွေဆိုတာကလည်း အလွယ်တကူရှာလို့မရတဲ့ အရာဝတ္ထု တခုဖြစ်လေတော့  ပညာရှာရမဲ့အရွယ် ပညာသာသေချာရှာပါလို့
မပြောရဲကြဘူး ။ ကျမဆို ပညာရှာတဲ့အရွယ်မှာ direction တခုသေချာမထားဘဲ flow တခုအတိုင်းဘဲ စီးဆင်းခဲ့တာ ။
ဘွဲ့လေးတခုရတော့ သူများနည်းတူ ငွေ ..ငွေ  ဆိုပြီးငွေနောက်လိုက်ခဲ့တယ် ။ တကယ်တမ်း ဘဝကိုသေချာနားလည် ဆန်းစစ်
မိတဲ့အချိန်မှာတော့ ကျမဖြစ်ခဲ့တဲ့ ဆန္ဒနဲ့ ကျမ ရွေးချယ်လိုက်မိတဲ့ ဘဝက လွဲနေခဲ့ပြီ ။ဒီအချိန်ကျမှ တည့်မတ်အောင်
ပြန်လုပ်လို့လည်း မဖြစ်နိုင်တော့ပြန်ဘူး ။ကျမ ရှာဖွေနေတယ်ဆိုတဲ့ ငွေကလည်း ကျမလိုချင်သမျှ ဆန္ဒတွေအကုန်ပြည့်အောင်
ဖန်တီးပေးနိုင်သလားဆိုတော့လည်း   .... လိုအပ်နေတာတွေကတခုမဟုတ်တခု ရှိနေခဲ့တာဘဲ ။

ဒီအချိန်ကျမှ ဘာဆက်လုပ်မလည်းဆိုပြီး အစအဆုံး ပြန်လှန်ကြည့်ပြန်ရင်လည်း အသက်အရွယ်ကလည်း
နောက်ပြန် လှည့်လို့မရ ....  အချိန်တွေကလည်း တော်တော်လေးကုန်ခဲ့ပြီး  ..ငွေတွေရော အများကြီးရှိနေပြီလားဆိုတော့
ဦးနှောက်ရဲ့စာရင်းအင်းဌာနက သတင်းပို့တယ်... NOOOOOOOO  တဲ့လေ ....။

ကဲ...အဲဒီတော့ ဟိုးအစကထဲက လွဲခဲ့တဲ့ အလွဲ တခုကို အခုချိန်မှ ပြန်တည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... ။
အဲဒီတော့လည်း သက်ပြင်းလေး အသာချလို့ အခုအနေအထားလည်း ကိုယ်တိုင်ရွေးချယ်ခဲ့တာဘဲလေ..
သူများတွေလိုပါဘဲ..အေးအေးဆေးဆေး ဖြတ်သန်းလို့တော့ ရနေသားဘဲ..မဆိုးပါဘူးလေလို့
ကိုယ့်ဘာသာကို မချိပြုံးလေး ပြုံး  ...ပြန်အားပေးရတယ်..
အဲဒီတော့မှ မချိသွားဖြဲ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို သေချာသဘောပေါက်သွားသည်။

တကယ်တော့ ဘဝမှာ ငွေ ..အသက်အရွယ်..အချိန်ကာလ ...ဒီသုံးခုက မျဉ်းပြိုင်လိုဘဲ...
တခုနဲ့တခုက ပြိုင်ပြီးတာထွက်လာတာ..အဲဒီတော့ ပန်းတိုင်ကိုလည်း သုံးခုစလုံး ပြိုင်ပြီး
ရောက်လာမှာ ။ ငွေကအရင်ရောက်ပြီး အသက်အရွယ်နဲ့ အချိန်က အများကြီးနောက်ချန်ပြီး နေခဲ့မှာတော့ မဟုတ်ဘူး.။
ငွေရှာရင်းနဲ့ အသက်တွေကြီးအချိန်တွေလည်း တဖြည်းဖြည်းတိုက်စားလာမှာ... ။

လွဲလွဲလေး ဖြစ်သွားတယ်ဆိုတဲ့ ကျမလိုအနေအထားနဲ့ စာရင် သေချာတွက်ချက်ထားတဲ့ စီစဉ်မှု့တခုနဲ့
ဖြတ်သန်းလာနိုင်တာပိုကောင်းပါတယ်။လွဲတယ်ဆိုတာ ..ရည်းစားနဲ့လွဲရင်လည်း မကောင်းဘူး..။
ဖြစ်ချင်တဲ့ဆန္ဒတွေလွဲရင်လည်း မကောင်းဘူး ။ သူငယ်ချင်း နဲ့ချိန်းထားပြီးလွဲရင်တောင် မကောင်းဘူး ။
အလွဲဆိုတာဘယ်အလွဲမှ မကောင်းဘူး ။ကျမကတော့ ဆန္ဒတွေတော်တော်များများလွဲခဲ့တယ် ။
အဲဒီတော့  လူငယ်တွေ ကိုကျမလို မလွဲစေချင်ဘူး .. ... ။
ကျမကတော့ ဒီအလွဲလေးအတိုင်းကိုဘဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ ကြိုးစား နေဆဲပါ ။။။

ပစ်ပစ်
Am  1:31
13.11.2015

11 October 2015

Tonight ... feeling ...

Posted by blackroze at Sunday, October 11, 2015 0 comments
ကျမ စာမရေးဖြစ်တာကြာပြီ ။ လနဲ့တောင်ချီ ပြီထင်ပါသည် ။
ဒီကြားထဲ ဘယ်မှလည်း သွားသွားလာလာ မရှိ..ဘာမှလည်း လှုပ်လှုပ်၇ှား ရှားမလုပ်ဖြစ် ..
အလုပ်နဲ့ အိမ်ကလွဲပြီး ဘယ်မှလည်းမရောက်ဖြစ်  ။
ပိုဆိုးတာက ကွန်ပြူ တာ ဇော်ဂျီဖောင့် လွဲနေတဲ့ ကိစ္စကလည်း တတ်သလောက်မှတ်သလောက်လုပ်လည်း
အဆင်မပြေ ။ျ တွေ ရိုက်ရင် တလွဲတွေဖြစ် ... ကျ ကိုရိုက်ရင် space bar ခြားပြီး ရိုက်မှ အဆင်ပြေသည်
က ရိုက်ပြီးတာနျဲ့ရိုက်လိုက်ရင် ကျ မဖြစ်တော့ဘဲ က အထဲကျို က ရောက်သွားပြီ ဂျာ ဆိုပြီး ဖြစ်နေတော့ သည် ။ space ခြားပြီးရိုက်တော့ ရိုက်တုန်းက အဆင်ပြေပေမဲ့ တင်လိုက်ပြီးလို့ ပြန်ဖတ်ရင် ကကြီး ဘေးနားမျှာ က ကပ်မနေဘဲ စာတလုံးစာ ခြားနေပြန်ရော ။
စိတ်ပျက်စရာ ။။။။

နောင်ရေး ရှေ့ရေး တွေးတော ထားသမျှ ကလည်း တကယ်လုပ်ခါနီးလာလေ အဆင်မပြေလေ ။
ကိုယ်ကဘဲ ညံလွန်းခဲ့တာလား  ..ကံကိုကဘဲမကောင်းလွန်းတာလား ..ဘုရားသာလျှင်သေချာသိမည်ထင်သည် ။

အဆင်မပြေမှု့များ ကြုံ လာလေ.. ဘုရားတရားကိုသာ ပိုပြီးအာရုံသွင်းဖြစ်လေ... ဘုရားအဆုံးအမ တချို့ ကို နားထောင်ဖြစ်သည် ... တရားတော်တော် များများ ကို      နားထောင်ဖြစ်သွားသည် ။
စိတ်ကိုလည်း အတတ်နိုင်ဆုံး  ထားတတ်အောင်ကြိုး စားခဲ့သည်  ။
ကံ ..ကံ  ၏ အကျိုးတရား ကြောင့်ဖြစ်ပေါ်လာသမျှ သော အ၇ာများကို ရှောင်လွဲလို့ မရနိုင်ပေမဲ့
ရင်ဆိုင်နိုင်အောင်တော့ ပြင်ဆင်ထားခဲ့နိုင်ပြီလို့ ထင်မိပါသည် ။

ဒီညအတွက်ကတော့ ရေးစရာ များ များစားစား မရှိပေမဲ့လည်း ဘလော့လေး ဖုန်ခါသည့် အနေဖြင့်
အိပ်ခါနီး  မှတ်တမ်းလေးသဘောရေးလိုက်ပါသည်  ။

အဆင်ပြေခြင်း များကိုသာ          လူသားတိုင်းပိုင်ဆိုင်နိုင်ပါစေ ... ။။။

ပစ်ပစ်
Am 1:50
11.10.2015
 

08 September 2015

ဖိနပ်လေးတရံ

Posted by blackroze at Tuesday, September 08, 2015 3 comments
ကျနော်က ဖိနပ်လေးတရံ ဆိုပါတော့ ဗျာ  ။

ဖိနပ်ဆိုတဲ့ အတိုင်း ခြေမှာ စီးကြတာ ဆိုတော့ ကျနော်က အမြဲတမ်း အနင်းခံ ပစ္စည်းတခုပါ ။
နေ့စဉ် အသုံးပြု ခံရတဲ့ပစ္စည်းတခုဆိုတော့ အမြဲတမ်း သစ်လွင်နေတာဘယ်ရှိမလည်းဗျာ ။

ကြာတော့ လည်းဟောင်းနွမ်းလာတာဘဲပေါ့  ။  ဖိနပ်ဆိုတာကလည်း ဟောင်းလာရင် လွင့်ပြစ်ဖို့ဘဲ ရှိတော့တာလေ ။အသစ်စက်စက် ဘဝမှာတော့ အသုံးတော်ခံပေါ့  ။ဟောင်းနွမ်းလာရင်တော့  အစွန့်ပြစ်
ခံရတာပေါ့ ။

ကျနော်ကိုဆိုင်ကနေ သခင်က ဝယ်လာခဲ့တုန်းက ကျနော်က သိပ်လှ သိပ်သစ်လွင်နေတဲ့ကာလပေါ့ ။ ကျနော့်သခင်စီမှာ ကျနော် အချိန်ကြာကြာနေခွင့်ရခဲ့ပါတယ် ။ သခင်ကစည်းကမ်းရှိတာလည်းပါတာပေါ့ ။


သခင်နဲ့ အတူတူ အလုပ်အတူတူ သွားခဲ့ဖူးတယ် ။ခရီးလည်းအတူတူ သွားခဲ့ဖူးတယ်..။နေရာ မျိုး စုံခြေရာ ခြင်းထပ်အောင် သွားခဲ့ဖူးတယ် ။

ဒါပေမဲ့လည်း
နွေ..မိုး... ဆောင်း...ဒီရာသီ တွေ ဖြတ်သန်းပြီးတဲ့အ ချိန်မှာတော့  ကျနော် လည်းဇရာရဲ့ သဘောတရား အရ အိုးမင်းဟောင်းနွမ်းလာတော့တာပေါ့ ။
တနေ့မှာတော့ ကျနော်ရဲ့ သခင်ဟာ ကျနော်လို အမျိုးအစားတူ ဖိနပ်လေး တရံကို ဝယ်လာခဲ့တယ် ။
သူကအသစ် ကျနော် ကအဟောင်း ဆိုပါတော့ ။ကျနော် လည်း အသစ်ဘဝကနေ ဟောင်းလာခဲ့တာဘဲလေ။။
တနေ့မှာတော့ ကျနော် ဘယ်ကို သွားရမလည်းဆိုတာ ကြို သိပြီးသားပါ ။

သခင်ဟာ ကျနော် ကို အသုံးမပြု တော့ တာကလွဲလို့ ကျနော့်ကို လှေကား အဆင့်လေးတခုမှာ
နေရာပေးထားဆဲပါ ။ဒီနေရာဟာ ကျနော် အတွက်အမြဲတမ်း ဟုတ်ဘူးဆိုတာလည်း ကျနော် အလိုလို သိနေခဲ့ပါ သည်။

ဒါပေမဲ့လည်း  နေခွင့်ပေးသလောက်လေးတော့ နေလို့ရခဲ့ပါ သည်။
မိုးတွေရွာနေတဲ့ တနေ့မှာ သခင်က ကျနော်ကို တခြားသော အသုံးမလိုတော့တဲ့အရာတွေ နဲ့ အတူ
အိတ်တခုထဲ ထည့် ထားခဲ့သည် ။ လှောင်ပိတ်နေတဲ့ အိတ်ကလေးထဲ ကျနော် စိတ်မကောင်း ဖြစ်နေမိသည်။သေချာ ပြီပေါ့ ။ကျနော်သခင့်ကို နှုတ်ဆက်ရတော့မယ်ဆိုတာ ။
ကျနော်လိုအမျိုးတူ တခြားသော ဖိနပ်လေးတွေလည်း စိတ်မကောင်းကြဘူးပေါ့ ဗျာ ။

နေ့လည်ဘက် မှာတော့အမှိုက်ကားနဲ့အတူ ပစ္စည်းအဟောင်းတွေ သိမ်းတဲ့ ကားလာတဲ့အခါမှာ ကျနော် ကို ထည့်ထားတဲ့ကျွတ်ကျွတ်အိတ်လေး ကို ယူပြီး အဲဒီကားပေါ်က လူကြီးကိုလှမ်းပေး လိုက်ပါတယ်။
အိတ်ကလေးလှမ်းပေးပြီးတော့ သခင်က ချက်ချင်း လှည့်ထွက်မသွားပါဘူး..
ကျနော့်ကို ထည့်ထားတဲ့ အိတ်ကလေးကို လှမ်းကြည့်နေပါတယ် ။
ကျနော်လည်း သိလိုက်ပါတယ်  ..ကျနော့်သခင်လည်း ကျနော့်လိုဘဲ စိတ်မကောင်းဖြစ်နေတယ်ဆိုတာ။

 " သခင်ရာ..စိတ်မကောင်း မဖြစ်ပါနဲ့ ..ကျနော်နားလည်ပါတယ် ။ ဖိနပ်တရံဖြစ်လာရင် ဘယ်လိုအဆုံးသတ်မလည်းဆိုတာ ကြိုသိပြီးသားပါ ဗျာ ။ကျနော့်အတွက် မခံစားပါနဲ့ ။
ကျနော် ဟာ ဖိနပ်လို့ ဖြစ်တည်လာကထဲက အဆုံးသတ်ဘယ်လိုလာမယ်ဆိုတာ အပေါ်
ရင်ဆိုင်ဖို့ သတ္တိမွေးထားပြီးသားပါ။ခံနိုင်ရည်ရှိပြီးသားပါ ။ကျနော်တို့ ဖိနပ်တွေနဲ့ စွန့်ပြစ် ခြင်းဆိုတာ
တိုက်ရိုက်အချိုးကျနေတဲ့ ညီမျှခြင်းတခုပါဘဲ ဗျာ ။ "

မိုးဖွဲဖွဲလေးတွေကျနေဆဲ ..အမှိုက်ကားကလည်း တီးလုံးသံလေး တညံညံနဲ့ ..
မိုးဖွဲလေးထဲရပ်ပြီး အမှိုက်ကား ထွက်လာရာ စီ ကြည့်နေတဲ့ ကျနော့်သခင် ....
ကျနော်အကျယ်ကြီးအော်ပြီး နှုတ်ဆက်လိုက်တယ် ။သခင်ကြားမှာပါနော်... ။

 " သခင်ရေ. ကျနော်သွားတော့မယ်နော်..နှုတ်ဆက်ခဲ့ပါတယ်ဗျာ ။ "

ပစ်ပစ်
Am 2:55
8.9.2015

(ကျမ စီးနေတဲ့ ဖိနပ်အမည်းလေးဟာ ဟောင်းနွမ်းလွန်းလှပါပြီ .နောက်ထပ်ဖိနပ်အသစ်လေး
ပြောင်းစီးနေပေမဲ့လည်း စီးခဲ့ဖူးတဲ့ ဖိနပ်အဟောင်းလေးကို ချက်ချင်းမလွင့်ပြစ်ရက်ပါဘူး ။
ဒါပေမဲ့လည်း အမြဲတမ်းသိမ်းထားဖို့ ဆိုတာမဖြစ်နိုင်တဲ့ အတွက် ကျမ လွင့်ပြစ်ခဲ့ရတယ်။
ကိုယ်နဲ့အတူအကြာကြီးရှိခဲ့ဖူးတဲ့ ပစ္စည်းတခု ဖြစ်တာမို့ စိတ်ထဲလည်း တမျိုး ခံစားမိပါတယ် ။
အဲတာနဲ့ဘဲ စာတပုဒ် စီဖြစ်ခဲ့ပါတယ် ။ )

18 July 2015

ဂစ်တာလေးတလက်အကြောင်း

Posted by blackroze at Saturday, July 18, 2015 3 comments

ဂစ်တာလေးတလက်အကြောင်းပြောပြပါရစေ...


ကျမ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို တောက အဘွားအိမ်မှာ အမေက သွားသွားထားနေကြပါ .။ အိမ်မှာ ညီအမနှစ်ယောက် ရန်ဖြစ်လွန်းလို့ပါ ..အရုပ်လုတယ်..မုန့်လုတယ်..ဖိနပ်လုတယ်..အကျီလုတယ်.. လုစရာပစ္စည်းအသစ်မရှိရင် အိမ်မှာမွေးထားတဲ့ကြောင်ကို လုပါတယ်.. အဲဒီအတွက်ကြောင့်ဘဲထင်ပါတယ်..မွေးထားတဲ့ ကြောင် တွေက ခဏခဏ အိမ်ကနေထွက်ပြေးပါတယ်.. နောက်ဆုံးမတော့ ကျောင်းပိတ်ရက် ရောက်ပီဆို အမေက မဲနှိုက်ပါတယ်..တောကို ပို့ဖို့ပါ ။ အစပိုင်းကတော့ ကျောင်းပိတ်ပြီ ဆိုတာနဲ့ ညီအမနှစ်ယောက်လုံး အထုပ်ပြင် နယ်ကနေ အမတယောက်လောက်ရန်ကုန်တက်လာပြီး  ကျမတို့ညီအမကို လာခေါ်ပါတယ်..အမေက အဘွားတို့ကို ကန်တော့တဲ့ ပစ္စည်း ..လက်ဆောင်တွေနဲ့ အတူ ကျမနဲ့ ညီမလေးကို တခါထဲထည့်ပေးလိုက်ပါတယ် ။ ကျောင်းဖွင့်ခါနီးရောက်ရင် အမေ က တော ကို လိုက်လာခေါ်ပါတယ်  ကျမတို့ညီအမ ကအမေနဲ့ ပြန်လိုက်လာပေါ့  ။

အစပိုင်းတနှစ်လောက်က ပြသနာ မရှိပေမဲ့ နောက်နှစ်တွေမှာတော့ တောက အဘွားက အမေရဲ့ရင်နှစ်သည်းချာ သမီးရတနာလေးတွေဖြစ်တဲ့
ကျမတို့ ညီအမ နှစ်ယောက်ကိုလည်း ပူးတွဲပြီး လက်မခံတော့ပါဘူး..။
တယောက်ချင်းစီဘဲပို့ပါလို့ အကြောင်းကြားစာပို့လာပါတယ် ။
အဲကထဲကစပြီးတော့ အမေက ကျောင်းပိတ်ရက်ရောက်ပြီဆိုတာနဲ့
မဲနှိုက်တဲ့စနစ်ကို စကျင့်သုံးပါတယ်..မဲကနှစ်လိပ်ထဲပါ အရင် နဲ့နောက် ..
အရင် ဆိုတာကို နှိုက်မိတဲ့သူက တောကို အရင်သွားရမယ်..တလ နေရမယ်..
တလပြည့်ရင် နောက်တယောက်ကို လာပို့မယ်.. အရင်ရောက်နေတဲ့တယောက်ကို ပြန်ခေါ်သွားမယ်..အဲလိုအစီအစဉ်နဲ့ပါ ။
အဲလောက်ဆို ကျမတို့ညီအမ အကြောင်း သိလောက်ပြီ ထင်ပါတယ်။
ပြောချင်တာက ကျောင်းပိတ်ရက်တိုင်း တောသွားနေရတယ်ဆိုတာပါ ။

တောဆိုတော့လည်း ဘာရှိမှာလည်း ...တောသဘာဝ လွတ်လပ်အေးဆေး
ကစားလို့ရပေမဲ့ မြို့ လိုတော့  TV တို့ ရုပ်ရှင်တို့ မရှိဘူးလေ.. တခါတလေ ပျင်းလာရင် အိမ်ကအကိုတွေတီးတဲ့ ဂစ်တာကို ယူယူ ကလိရာကနေ ကျမ ဂစ်တာ နည်းနည်းပါးပါးတီးတတ်လာတယ်..သူတို့ပြပေးထားတဲ့ လက်ကွက်လေး နှစ်ခုသုံးခုလောက်ပေါ့ ..အဲဒီတုန်းကစည်သူလွင်ရဲ့
အချစ်ရေ ကိုယ်ကြောင့် ...ဆိုတာ သိပ်ခေတ်စားပေါ့ ...
အဲလက်စ် ရဲ့ မ ..မချစ်လို့ မဖြစ်..တို့ ဘာတို့ပေါ့ ...အကိုတွေစီကနေ
မတောက်တခေါက် တတ်လာတာကနေ .ကျမစိတ်ထဲ ဂစ်တာကို
သေချာတီးတတ်ချင်လာတယ်..အကိုဆိုတာမျိုးကလည်း သူတို့ ရည်းစား
တွေကိုသာ စိတ်ရှည်ကြပေမဲ့ ညီမတွေကို ဆိုရင် အော်လား ငေါက်လားနဲ့
စိတ်ရှည်ကြတာမဟုတ်တော့ ..
ကျမလည်း လက်ကွက်လေး C  Am D  အဲဒီ သုံးခုလောက်ကနေကို မတက်တော့ပါဘူး ..။

ဂစ်တာတီးသင်တန်းတွေ ဘာတွေတက်ဖို့ဆိုတာကလည်း အလယ်တန်းကျောင်းသူ အနေအထားလောက်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း ..အဲလိုနဲ့ ဖြတ်သန်းလာလိုက်တာ..ကျမ ဆယ်တန်းရောက်တယ်..ဆယ်တန်း အောင်တယ်.. အဲအချိံန်မှာ..ကျမငယ်ကထဲက စိတ်ထဲမှာတေးထားတဲ့ အရာတခုကို
အကောင်ထည်ဖော်ဖို့ ကြိုးစားတယ်..

အဲတာကတော့ ဂစ်တာ သင်ဖို့ သင်တန်းတွေ လိုက်စုံစမ်းတာပါဘဲ...
ကျမက ဂစ်တာသင်တန်းတက်မယ်လို့ေ့ပြာတော့အိမ်က ဆူတာပေါ့ ..ဘာရောဂါထတာလည်း တခြားသင်တန်းတက်ပါလား..ဒီဂစ်တာတဒေါင်ဒေါင်နဲ့ ဘာလုပ်မှာလည်း..နောက်ပြီး ဂစ်တာ သင်တန်းဆိုကထဲက ယောက်ကျားလေးတရုန်းရုန်းနဲ့နေမှာ..
Noooo ဆိုပြီး လုံးဝလက်မခံပါဘူး..ကျမကလည်း အရမ်းသင်ချင်တယ်..
အိမ်ကလည်း သင်တန်းတက်ဖို့ပိုက်ဆံ မပေးပါဘူး..။

အဲဒီမှာကျမ သတ္တိရှိစွာနဲ့ စွန့်စားခဲ့တယ်..ကျမ ရတဲ့ မုန့်ဖိုးနဲ့ ကျမ ဘာသာတက်မယ် ဆိုပြီး ...ကိုယ့်ဘာသာကိုယ် သင်တန်းကြေး ပေးခဲ့တယ်..
ကျမ သင်ခဲ့တဲ့နေရာက ဗိုလ်အောင်ကျောင်လမ်း    အလယ်ဘလောက် နားလေးမှာ..ဗလီ တလုံးရှိတယ်..ဗလီဘေးက အိမ် သုံးထပ်မှာ ..
ဆရာအောင်ကိုကို ..စီမှာပါ  ။သင်တန်းကြေးကတလ 700 ပါ ...။
ကျမရတဲ့မုန့်ဖိုးကတလုံးနေမှ 1500 .. သင်တန်းကြေးပေးပြီးရင် 800 ကျန်တယ်..
ဒါပေမဲ့ 800 ကို သုံးလို့ မရပါဘူး ... ဂစ်တာဆိုတာမျိုးက တီးနေမှ တတ်မှာလေ..
အဲဒီတော့ဂစ်တာဝယ်ရမယ်..ဂစ်တာက ဟော်လို ကို 3000 လောက်ပေးရတယ် ..ဂစ်တာဝယ်ဖို့ ပိုက်ဆံစုရပါတယ်.. ။

ကျမ တို့မိသားစုက အချမ်းသာကြီးမဟုတ်ပါဘူး.. လိုချင်တာကို အလိုက်တသိဝယ်ပေးမဲ့ ဆွေမျိုး သားချင်းလည်း မရှိပါဘူး.. အဲဒီတော့ ကိုယ်လျှောက်ဖို့ လမ်းကိုယ့်ဘာသာ အစအဆုံးဖောက်ခဲ့ရပါတယ်..
တလကို သင်တန်းကြေးဖယ်ပီးရင် 800 ကျန်တယ်..800 မှာ ဂစ်တာဝယ်ဖို့ တလ 500  စုထားလိုက်တယ် ကျန်တဲ့ 300 နဲ့ တလလုံးဖြတ်သန်းခဲ့ရတယ်..
နောက်ဆုံးတော့ ကျမ ဂစ်တာလေးတလက် ပိုင်ဆိုင်ခွင့်ရခဲ့တယ်.. ။
ဂစ်တာလေး ဝယ်လာခဲ့တဲ့နေ့ရဲ့ ရက်စွဲလေးကို ဂစ်တာလေးရဲ့ နောက်ကျောဘက်လေးမှာ ထောက်ချွန်လေးနဲ့ထွင်းခဲ့တယ် ။
ဂစ်တာလေးအိမ်ရောက်လာတော့ ထုံးစံအတိုင်းပေါ့ ကျမရဲ့ ချစ်လှစွာသော ညီမနဲ့ ဂစ်တာလုပွဲလည်း ဆင်နွဲလိုက်ရပါသေးတယ်..နောက်ဆုံးမှာ ..ဒါငါ့မုန့်ဖိုးနဲ့ငါဘာငါစုပြီးဝယ်တာ နင်လာမကိုင်နဲ့ နင်မုန့်ဖိုးနဲ့ နင်စုဝယ်တဲ့
ပစ္စည်းတွေလည်း ငါမကိုင်ဘူးဆိုတဲ့ သဘောတူညီချက်နဲ့ အဆင်ပြေသွားပါတယ် ။

ဂစ်တာသင်တာကတော့ ထုံးစံအတိုင်းပေါ့ လက်ထိပ်တွေ နာ အသားမာတွေတက်နဲ့ အစပိုင်းကတော့ လက်တော်တော်နာတာ...
နောက်ပိုင်းတော့လည်း နေသားကျသွားတာပေါ့ ။
ဂစ်တာနဲ့ပတ်သက်တာတော့ တော်တော်များများလည်း သိမှာပါ ။
အခုခေတ်မှာ ယောက်ကျားလေးတွေအပြင် မိန်းကလေးတော်တော် များများလည်းဂစ်တာတီးတတ်ကြမှာပါ ။ဂစ်တာ သင်တော့ ဆရာက ကျမတို့ကို ကြိုး ညှိုတာ နားထောင် ခိုင်းတယ်..ဂစ်တာကြိုး ကိုယ့်ဘာသာ
ကိုယ် ညှို့တတ်အောင်ပေါ့ ..ဂစ်တာကတီးရင်းနဲ့ ခတ်ပါများတော့ ကြိုးတွေက
လျော့လာတတ်တယ်..အဲတာကို အသံပြန်နားထောင်ပြီး ကြိုး အတင်းအလျော့
လုပ်တတ်အောင် သင်ပေးတဲ့ သဘောပါ ..

ဆရာပြောတဲ့ အသံနားထောင်ပုံ
နားထောင်နည်း ကျမ လုံးဝမတတ်ပါဘူး.. ဆရာပြောတဲ့သဘောတရားကို တခြားသူတွေက နားလည်ပြီး အသံမညီ..ညီအောင် နည်းနည်းပါးပါး ညှို့တတ်နေပြီ ။ကျမက အဲအထိကိုမတတ်သေးဘူး..။သင်တန်းမှာ ကျမ တီးမဲ့ဂစ်တာ အသံကြောင်ရင် တခြားသူက ယူညှို့ ပေးရတယ်..။
နောက်ဆုံးတော့ ဆရာက ကျမ တီးမဲ့ ဂစ်တာကို 1ကြိုး နေရာကို 0 ကြိုး
ပြောင်းထည့်ကြည့်တယ်..အဲတော့မှ ကျမနားထဲ အသံ ကြောင်နေတဲ့ နေရာကို နည်းနည်း ညှို့တတ်လာတယ်..
ဆရာကို ကျမ မေးဖူးတယ်..1ကြိုး သံနဲ့ 0ကြိုး သံကွာလို့လားဆိုတော့ဆရာကတော့ ကြိုးကတော့ မကွာပါဘူး..
သမီးနားက ကွာနေတာ ဖြစ်ပါလိမ့်မယ်တဲ့ ...အဲကထဲက ကျမ ဂစ်တာမှာ 1ကြိုး မသုံးဘူး 0 ကြိုး ဘဲ ထည့်ထားတယ်..။

ဂစ်တာ ရရခြင်းကတော့ တချိန်လုံး ဂစ်တာ တပိုက်ပိုက်နဲ့ပေါ့ ..
ညဘက်တွေဆို စာသားရော ကော့ဒ်ရော အလွတ်ရတဲ့ သီချင်းတွေ ညည်းရင်းနဲ့ ညတွေတော်တော်များများ ကိုသီချင်းတွေနဲ့ စီခြယ်ခဲ့ဖူးတယ်..
နောက်တော့ တက္ကသိုလ် တက် ဘဝဆိုတာကို လက်တွေ့ကျကျ
ရင်ဆိုင်လာတဲ့ အချိန်မှာ ကျမ နိုင်ငံခြားထွက်ဖို့ဖြစ်လာတယ်..။
ကျမ ပင်ပန်းကြီးစွာနဲ့ ပိုင်ဆိုင်ဖို့ ကြိုးစား ခဲ့တဲ့ ဂစ်တာလေးကို ကျမ ခွဲခွာဖို့
ဖြစ်လာခဲ့တယ် ။

ကျမစီက ဂစ်တာပေးခဲ့ပါလို့ တောင်းတဲ့သူတွေ ရှိပါတယ် ။ဒါပေမဲ့ ကျမ မပေးဘူလို့ဘဲ အပြတ်ငြင်းခဲ့တယ်..ဟုတ်တယ်လေ..ကျမ ဒီဂစ်တာလေးတလက်ကို ပိုင်ဆိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရလည်း
ကျမ ကိုယ်တိုင်သာ အသိဆုံးပါ ။ဘယ်သူလက်ထဲကိုမှ အလွယ်တကူ မထည့်ခဲ့ ပေးနိုင်ဘူး ။ ဒီအတွက်ကြောင့် ကျမရဲ့ ဂစ်တာလေးကို ကျမအခန်းထဲမှာဘဲ ချန်ထားခဲ့လိုက်တယ်  ။ကျမ ပြန်လာတဲ့ အခါ ကျမ ဘာသာပြန်တီးမယ်ဆိုတဲ့ ရည်ရွယ်စိတ်ကလေးနဲ့ပေါ့ ။

ဒါပေမဲ့ ကျမငွေနောက်တစိုက်မတ်မတ် လိုက်ရင်းနဲ့ သူ့ကို မေ့သွားခဲ့တယ်..
ကျမ သူ့ကို ပြန်သွားမကြည့်ဖြစ်ခဲ့ဘူး..အချိန်တွေ အကြာကြီးနေပြီးကာမှ ကျမအိမ်ပြန်သွားတဲ့ အခေါက်မှာ
သူက ကျမကိုစိတ်နာသွားခဲ့ပြီ .. ကျမရဲ့ ဂစ်တာလေးကဖုန်အလိမ်းလိမ်းနဲ့
ဟောင်းနွမ်းစုတ်ပြတ်နေလိုက်တာ..ကျမ ကိုယ်တိုင်တောင် မမှတ်မိချင်တော့ဘူး..။

သူ့ကို နံရံမှာထောင်ထားရင်းနဲ့ ကျမသေချာကြည့်မိတယ်..သူကလည်း ကျမကို ပြန်ကြည့်နေသလို ကျမခံစားနေရတယ်.. ဟုတ်တယ်လေ..ဟိုးးးးအရင်တုန်းကဆို သူက ကျမနဲ့ ညပေါင်းများစွာ သီချင်းတွေအတူဆိုညည်းခဲ့ဖူးတာဘဲ..ကျမ စိတ်ကို သူနားလည်မှာပါ ။
ကျမ ကို သူက နာနာကျည်းကျည်းအပြစ်တင်နေသလို ကျမ ခံစားမိနေတယ်..
ကျမ ရဲ့ အတ္တတွေကြောင့် သူဟာ လူသူမရှိတဲ့  အခန်းလေးထဲ နှစ်တွေ အကြာကြီးနေခဲ့ရတယ်.. မီးရောင်မရှိတဲ့ မှောင်နဲ့မည်းမည်း အခန်းလေးထဲ
သူတယောက်ထဲ
ကြောက်ကြောက်လန့်လန်နဲ့ နေခဲ့ရတယ်..သီချင်းသံတွေနဲ့ဆိုညည်းခွင့်မရတဲ့ နေရာ တခုမှာ ဖုန်အလိမ်းလိမ်း နဲ့အထီးကျန်ဆန်စွာ နှစ်တွေ အကြာကြီးနေခဲ့ရတယ် ။ကျမ သူ့ကို ကြည့်နေရင်းနဲ့ ကျမ ရဲ့ အတ္တ တွေကို
ကျမ တဖြည်းဖြည်း မြင်ယောင်လာတယ်..။

ကျမ စိတ်ထဲ ကျမ ကိုပြန်တွေ့လိုက်ရတဲ့ ဂစ်တာလေးဟာငိုကြွေးနေသလို ပါဘဲ ။
ဖုန်အလိမ်းလိမ်းနဲ့ဂစ်တာလေးထောင်ထားပြီးတမေ့တမောကြည့်နေတဲ့
ကျမ ကို ကျမနဲ့ ဘယ်ပစ္စည်းမဆို လုနေကြ ညီမ က
" နင်က စိတ်ပုတ်တာလေ..နင့်ပစ္စည်းဆို သူများကို ပေးမကိုင်ချင်ဘူး ..အခုနေခါ နင့်ဂစ်တာငါ့ ကို အလကား ပေးတာတောင် မယူဘူး..လွှင့်ပြစ်လိုက်ပါတော့ဟာ.." ဆိုပြီးနှာခေါင်းရှုံ့ ပြီးပြောပါတယ်...၊။

ကျမ က စိတ်ပုတ်တာမဟုတ်ပါဘူး..ကျမ ဒီဂစ်တာလေးကို ပိုင်ဆိုင်ခွင့်ရအောင် ဘယ်လို ကြိုးစားခဲ့ရလည်းဆိုတာ ကျမ ကိုယ်တိုင်သာအသိဆုံးပါ .
ကျမအလွယ်တကူမရခဲ့တဲ့ ပစ္စည်းတခုကို သူများလက်ထဲ အလွယ်တကူ
မထည့်ပေးချင်တဲ့ သဘောနဲ့ပါ ။ အဲတာဟာ ကျမရဲ့ အတ္တလား...အတ္တ ကြီးသွားတယ်ဆိုရင်လည်း ကျမ သူ့ကို တန်ဖိုးထားလွန်းလို့ ဖြစ်သွားတဲ့ အဖြူရောင် အတ္တ ဘဲနေမှာပါ ။ပျက်စီးစေချင်တဲ့ စိတ်နဲ့ ထားခဲ့တဲ့ အတ္တ မဟုတ်ရပါဘူး ..။ဒါပေမဲ့ ကျမရဲ့ တန်ဖိုးထားလွန်းတဲ့  အတ္တ တရားကြောင့် သူ ပျက်စီးသွားခဲ့ရတယ်..။

အခုတော့ ကျမ မထင်ထားခဲ့မိတဲ့ အတ္တ ကြောင့် ကျမရဲ့ ဂစ်တာလေးဟာသေဆုံးသွားသလိုပါဘဲ ။စိတ်ထဲကနေ ထပ်ခါထပ်ခါ တောင်းပန်မိတယ်.. ကျမ ရဲ့ အတ္တဆန်ခဲ့ မှု့ အတွက် ခွင့်လွှတ်ပေးပါလို့ ။အခုချိန် ဆို ဟောင်းနွမ်းနေတဲ့ ဂစ်တာလေးတလက်ဟာ
မှောင်မည်းတိတ်ဆိတ်နေတဲ့ အခန်းတခုထဲမှာ ငြိမ်ငြိမ်သက်သက်လေး ရှိနေပါလိမ့်မယ်..တချိန်တုန်းက သံစဉ်တွေ နဲ့တောက်ပခဲ့ဖူးတဲ့ နေ့ရက်တွေ ဘယ်ရောက် သွားလည်းလို့ စဉ်းစားနေပါလိမ့်မယ်...။။။။။။။။။



ပစ်ပစ်
18.7.2015
Am 4:06


(လူတိုင်းမှာ ကျမလို အဖြစ်အပျက်လေးတွေရှိမယ်ထင်ပါတယ် ။သက်မဲ့
ပစ္စည်းနဲ့ပတ်သက်တာဘဲဖြစ်ဖြစ် သက်ရှိ လူသားနဲ့ပတ်သတ်ပြီးတော့ဘဲဖြစ်ဖြစ် ပေါ့ ..အမှတ်ရနေမဲ့ ခံစားချက်လေးတခုလောက် တော့ ရှိနေမှာပါ )

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei