11 October 2015

Tonight ... feeling ...

Posted by blackroze at Sunday, October 11, 2015 0 comments
ကျမ စာမရေးဖြစ်တာကြာပြီ ။ လနဲ့တောင်ချီ ပြီထင်ပါသည် ။
ဒီကြားထဲ ဘယ်မှလည်း သွားသွားလာလာ မရှိ..ဘာမှလည်း လှုပ်လှုပ်၇ှား ရှားမလုပ်ဖြစ် ..
အလုပ်နဲ့ အိမ်ကလွဲပြီး ဘယ်မှလည်းမရောက်ဖြစ်  ။
ပိုဆိုးတာက ကွန်ပြူ တာ ဇော်ဂျီဖောင့် လွဲနေတဲ့ ကိစ္စကလည်း တတ်သလောက်မှတ်သလောက်လုပ်လည်း
အဆင်မပြေ ။ျ တွေ ရိုက်ရင် တလွဲတွေဖြစ် ... ကျ ကိုရိုက်ရင် space bar ခြားပြီး ရိုက်မှ အဆင်ပြေသည်
က ရိုက်ပြီးတာနျဲ့ရိုက်လိုက်ရင် ကျ မဖြစ်တော့ဘဲ က အထဲကျို က ရောက်သွားပြီ ဂျာ ဆိုပြီး ဖြစ်နေတော့ သည် ။ space ခြားပြီးရိုက်တော့ ရိုက်တုန်းက အဆင်ပြေပေမဲ့ တင်လိုက်ပြီးလို့ ပြန်ဖတ်ရင် ကကြီး ဘေးနားမျှာ က ကပ်မနေဘဲ စာတလုံးစာ ခြားနေပြန်ရော ။
စိတ်ပျက်စရာ ။။။။

နောင်ရေး ရှေ့ရေး တွေးတော ထားသမျှ ကလည်း တကယ်လုပ်ခါနီးလာလေ အဆင်မပြေလေ ။
ကိုယ်ကဘဲ ညံလွန်းခဲ့တာလား  ..ကံကိုကဘဲမကောင်းလွန်းတာလား ..ဘုရားသာလျှင်သေချာသိမည်ထင်သည် ။

အဆင်မပြေမှု့များ ကြုံ လာလေ.. ဘုရားတရားကိုသာ ပိုပြီးအာရုံသွင်းဖြစ်လေ... ဘုရားအဆုံးအမ တချို့ ကို နားထောင်ဖြစ်သည် ... တရားတော်တော် များများ ကို      နားထောင်ဖြစ်သွားသည် ။
စိတ်ကိုလည်း အတတ်နိုင်ဆုံး  ထားတတ်အောင်ကြိုး စားခဲ့သည်  ။
ကံ ..ကံ  ၏ အကျိုးတရား ကြောင့်ဖြစ်ပေါ်လာသမျှ သော အ၇ာများကို ရှောင်လွဲလို့ မရနိုင်ပေမဲ့
ရင်ဆိုင်နိုင်အောင်တော့ ပြင်ဆင်ထားခဲ့နိုင်ပြီလို့ ထင်မိပါသည် ။

ဒီညအတွက်ကတော့ ရေးစရာ များ များစားစား မရှိပေမဲ့လည်း ဘလော့လေး ဖုန်ခါသည့် အနေဖြင့်
အိပ်ခါနီး  မှတ်တမ်းလေးသဘောရေးလိုက်ပါသည်  ။

အဆင်ပြေခြင်း များကိုသာ          လူသားတိုင်းပိုင်ဆိုင်နိုင်ပါစေ ... ။။။

ပစ်ပစ်
Am 1:50
11.10.2015
 

08 September 2015

ဖိနပ်လေးတရံ

Posted by blackroze at Tuesday, September 08, 2015 3 comments
ကျနော်က ဖိနပ်လေးတရံ ဆိုပါတော့ ဗျာ  ။

ဖိနပ်ဆိုတဲ့ အတိုင်း ခြေမှာ စီးကြတာ ဆိုတော့ ကျနော်က အမြဲတမ်း အနင်းခံ ပစ္စည်းတခုပါ ။
နေ့စဉ် အသုံးပြု ခံရတဲ့ပစ္စည်းတခုဆိုတော့ အမြဲတမ်း သစ်လွင်နေတာဘယ်ရှိမလည်းဗျာ ။

ကြာတော့ လည်းဟောင်းနွမ်းလာတာဘဲပေါ့  ။  ဖိနပ်ဆိုတာကလည်း ဟောင်းလာရင် လွင့်ပြစ်ဖို့ဘဲ ရှိတော့တာလေ ။အသစ်စက်စက် ဘဝမှာတော့ အသုံးတော်ခံပေါ့  ။ဟောင်းနွမ်းလာရင်တော့  အစွန့်ပြစ်
ခံရတာပေါ့ ။

ကျနော်ကိုဆိုင်ကနေ သခင်က ဝယ်လာခဲ့တုန်းက ကျနော်က သိပ်လှ သိပ်သစ်လွင်နေတဲ့ကာလပေါ့ ။ ကျနော့်သခင်စီမှာ ကျနော် အချိန်ကြာကြာနေခွင့်ရခဲ့ပါတယ် ။ သခင်ကစည်းကမ်းရှိတာလည်းပါတာပေါ့ ။


သခင်နဲ့ အတူတူ အလုပ်အတူတူ သွားခဲ့ဖူးတယ် ။ခရီးလည်းအတူတူ သွားခဲ့ဖူးတယ်..။နေရာ မျိုး စုံခြေရာ ခြင်းထပ်အောင် သွားခဲ့ဖူးတယ် ။

ဒါပေမဲ့လည်း
နွေ..မိုး... ဆောင်း...ဒီရာသီ တွေ ဖြတ်သန်းပြီးတဲ့အ ချိန်မှာတော့  ကျနော် လည်းဇရာရဲ့ သဘောတရား အရ အိုးမင်းဟောင်းနွမ်းလာတော့တာပေါ့ ။
တနေ့မှာတော့ ကျနော်ရဲ့ သခင်ဟာ ကျနော်လို အမျိုးအစားတူ ဖိနပ်လေး တရံကို ဝယ်လာခဲ့တယ် ။
သူကအသစ် ကျနော် ကအဟောင်း ဆိုပါတော့ ။ကျနော် လည်း အသစ်ဘဝကနေ ဟောင်းလာခဲ့တာဘဲလေ။။
တနေ့မှာတော့ ကျနော် ဘယ်ကို သွားရမလည်းဆိုတာ ကြို သိပြီးသားပါ ။

သခင်ဟာ ကျနော် ကို အသုံးမပြု တော့ တာကလွဲလို့ ကျနော့်ကို လှေကား အဆင့်လေးတခုမှာ
နေရာပေးထားဆဲပါ ။ဒီနေရာဟာ ကျနော် အတွက်အမြဲတမ်း ဟုတ်ဘူးဆိုတာလည်း ကျနော် အလိုလို သိနေခဲ့ပါ သည်။

ဒါပေမဲ့လည်း  နေခွင့်ပေးသလောက်လေးတော့ နေလို့ရခဲ့ပါ သည်။
မိုးတွေရွာနေတဲ့ တနေ့မှာ သခင်က ကျနော်ကို တခြားသော အသုံးမလိုတော့တဲ့အရာတွေ နဲ့ အတူ
အိတ်တခုထဲ ထည့် ထားခဲ့သည် ။ လှောင်ပိတ်နေတဲ့ အိတ်ကလေးထဲ ကျနော် စိတ်မကောင်း ဖြစ်နေမိသည်။သေချာ ပြီပေါ့ ။ကျနော်သခင့်ကို နှုတ်ဆက်ရတော့မယ်ဆိုတာ ။
ကျနော်လိုအမျိုးတူ တခြားသော ဖိနပ်လေးတွေလည်း စိတ်မကောင်းကြဘူးပေါ့ ဗျာ ။

နေ့လည်ဘက် မှာတော့အမှိုက်ကားနဲ့အတူ ပစ္စည်းအဟောင်းတွေ သိမ်းတဲ့ ကားလာတဲ့အခါမှာ ကျနော် ကို ထည့်ထားတဲ့ကျွတ်ကျွတ်အိတ်လေး ကို ယူပြီး အဲဒီကားပေါ်က လူကြီးကိုလှမ်းပေး လိုက်ပါတယ်။
အိတ်ကလေးလှမ်းပေးပြီးတော့ သခင်က ချက်ချင်း လှည့်ထွက်မသွားပါဘူး..
ကျနော့်ကို ထည့်ထားတဲ့ အိတ်ကလေးကို လှမ်းကြည့်နေပါတယ် ။
ကျနော်လည်း သိလိုက်ပါတယ်  ..ကျနော့်သခင်လည်း ကျနော့်လိုဘဲ စိတ်မကောင်းဖြစ်နေတယ်ဆိုတာ။

 " သခင်ရာ..စိတ်မကောင်း မဖြစ်ပါနဲ့ ..ကျနော်နားလည်ပါတယ် ။ ဖိနပ်တရံဖြစ်လာရင် ဘယ်လိုအဆုံးသတ်မလည်းဆိုတာ ကြိုသိပြီးသားပါ ဗျာ ။ကျနော့်အတွက် မခံစားပါနဲ့ ။
ကျနော် ဟာ ဖိနပ်လို့ ဖြစ်တည်လာကထဲက အဆုံးသတ်ဘယ်လိုလာမယ်ဆိုတာ အပေါ်
ရင်ဆိုင်ဖို့ သတ္တိမွေးထားပြီးသားပါ။ခံနိုင်ရည်ရှိပြီးသားပါ ။ကျနော်တို့ ဖိနပ်တွေနဲ့ စွန့်ပြစ် ခြင်းဆိုတာ
တိုက်ရိုက်အချိုးကျနေတဲ့ ညီမျှခြင်းတခုပါဘဲ ဗျာ ။ "

မိုးဖွဲဖွဲလေးတွေကျနေဆဲ ..အမှိုက်ကားကလည်း တီးလုံးသံလေး တညံညံနဲ့ ..
မိုးဖွဲလေးထဲရပ်ပြီး အမှိုက်ကား ထွက်လာရာ စီ ကြည့်နေတဲ့ ကျနော့်သခင် ....
ကျနော်အကျယ်ကြီးအော်ပြီး နှုတ်ဆက်လိုက်တယ် ။သခင်ကြားမှာပါနော်... ။

 " သခင်ရေ. ကျနော်သွားတော့မယ်နော်..နှုတ်ဆက်ခဲ့ပါတယ်ဗျာ ။ "

ပစ်ပစ်
Am 2:55
8.9.2015

(ကျမ စီးနေတဲ့ ဖိနပ်အမည်းလေးဟာ ဟောင်းနွမ်းလွန်းလှပါပြီ .နောက်ထပ်ဖိနပ်အသစ်လေး
ပြောင်းစီးနေပေမဲ့လည်း စီးခဲ့ဖူးတဲ့ ဖိနပ်အဟောင်းလေးကို ချက်ချင်းမလွင့်ပြစ်ရက်ပါဘူး ။
ဒါပေမဲ့လည်း အမြဲတမ်းသိမ်းထားဖို့ ဆိုတာမဖြစ်နိုင်တဲ့ အတွက် ကျမ လွင့်ပြစ်ခဲ့ရတယ်။
ကိုယ်နဲ့အတူအကြာကြီးရှိခဲ့ဖူးတဲ့ ပစ္စည်းတခု ဖြစ်တာမို့ စိတ်ထဲလည်း တမျိုး ခံစားမိပါတယ် ။
အဲတာနဲ့ဘဲ စာတပုဒ် စီဖြစ်ခဲ့ပါတယ် ။ )

18 July 2015

ဂစ်တာလေးတလက်အကြောင်း

Posted by blackroze at Saturday, July 18, 2015 3 comments

ဂစ်တာလေးတလက်အကြောင်းပြောပြပါရစေ...


ကျမ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို တောက အဘွားအိမ်မှာ အမေက သွားသွားထားနေကြပါ .။ အိမ်မှာ ညီအမနှစ်ယောက် ရန်ဖြစ်လွန်းလို့ပါ ..အရုပ်လုတယ်..မုန့်လုတယ်..ဖိနပ်လုတယ်..အကျီလုတယ်.. လုစရာပစ္စည်းအသစ်မရှိရင် အိမ်မှာမွေးထားတဲ့ကြောင်ကို လုပါတယ်.. အဲဒီအတွက်ကြောင့်ဘဲထင်ပါတယ်..မွေးထားတဲ့ ကြောင် တွေက ခဏခဏ အိမ်ကနေထွက်ပြေးပါတယ်.. နောက်ဆုံးမတော့ ကျောင်းပိတ်ရက် ရောက်ပီဆို အမေက မဲနှိုက်ပါတယ်..တောကို ပို့ဖို့ပါ ။ အစပိုင်းကတော့ ကျောင်းပိတ်ပြီ ဆိုတာနဲ့ ညီအမနှစ်ယောက်လုံး အထုပ်ပြင် နယ်ကနေ အမတယောက်လောက်ရန်ကုန်တက်လာပြီး  ကျမတို့ညီအမကို လာခေါ်ပါတယ်..အမေက အဘွားတို့ကို ကန်တော့တဲ့ ပစ္စည်း ..လက်ဆောင်တွေနဲ့ အတူ ကျမနဲ့ ညီမလေးကို တခါထဲထည့်ပေးလိုက်ပါတယ် ။ ကျောင်းဖွင့်ခါနီးရောက်ရင် အမေ က တော ကို လိုက်လာခေါ်ပါတယ်  ကျမတို့ညီအမ ကအမေနဲ့ ပြန်လိုက်လာပေါ့  ။

အစပိုင်းတနှစ်လောက်က ပြသနာ မရှိပေမဲ့ နောက်နှစ်တွေမှာတော့ တောက အဘွားက အမေရဲ့ရင်နှစ်သည်းချာ သမီးရတနာလေးတွေဖြစ်တဲ့
ကျမတို့ ညီအမ နှစ်ယောက်ကိုလည်း ပူးတွဲပြီး လက်မခံတော့ပါဘူး..။
တယောက်ချင်းစီဘဲပို့ပါလို့ အကြောင်းကြားစာပို့လာပါတယ် ။
အဲကထဲကစပြီးတော့ အမေက ကျောင်းပိတ်ရက်ရောက်ပြီဆိုတာနဲ့
မဲနှိုက်တဲ့စနစ်ကို စကျင့်သုံးပါတယ်..မဲကနှစ်လိပ်ထဲပါ အရင် နဲ့နောက် ..
အရင် ဆိုတာကို နှိုက်မိတဲ့သူက တောကို အရင်သွားရမယ်..တလ နေရမယ်..
တလပြည့်ရင် နောက်တယောက်ကို လာပို့မယ်.. အရင်ရောက်နေတဲ့တယောက်ကို ပြန်ခေါ်သွားမယ်..အဲလိုအစီအစဉ်နဲ့ပါ ။
အဲလောက်ဆို ကျမတို့ညီအမ အကြောင်း သိလောက်ပြီ ထင်ပါတယ်။
ပြောချင်တာက ကျောင်းပိတ်ရက်တိုင်း တောသွားနေရတယ်ဆိုတာပါ ။

တောဆိုတော့လည်း ဘာရှိမှာလည်း ...တောသဘာဝ လွတ်လပ်အေးဆေး
ကစားလို့ရပေမဲ့ မြို့ လိုတော့  TV တို့ ရုပ်ရှင်တို့ မရှိဘူးလေ.. တခါတလေ ပျင်းလာရင် အိမ်ကအကိုတွေတီးတဲ့ ဂစ်တာကို ယူယူ ကလိရာကနေ ကျမ ဂစ်တာ နည်းနည်းပါးပါးတီးတတ်လာတယ်..သူတို့ပြပေးထားတဲ့ လက်ကွက်လေး နှစ်ခုသုံးခုလောက်ပေါ့ ..အဲဒီတုန်းကစည်သူလွင်ရဲ့
အချစ်ရေ ကိုယ်ကြောင့် ...ဆိုတာ သိပ်ခေတ်စားပေါ့ ...
အဲလက်စ် ရဲ့ မ ..မချစ်လို့ မဖြစ်..တို့ ဘာတို့ပေါ့ ...အကိုတွေစီကနေ
မတောက်တခေါက် တတ်လာတာကနေ .ကျမစိတ်ထဲ ဂစ်တာကို
သေချာတီးတတ်ချင်လာတယ်..အကိုဆိုတာမျိုးကလည်း သူတို့ ရည်းစား
တွေကိုသာ စိတ်ရှည်ကြပေမဲ့ ညီမတွေကို ဆိုရင် အော်လား ငေါက်လားနဲ့
စိတ်ရှည်ကြတာမဟုတ်တော့ ..
ကျမလည်း လက်ကွက်လေး C  Am D  အဲဒီ သုံးခုလောက်ကနေကို မတက်တော့ပါဘူး ..။

ဂစ်တာတီးသင်တန်းတွေ ဘာတွေတက်ဖို့ဆိုတာကလည်း အလယ်တန်းကျောင်းသူ အနေအထားလောက်နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း ..အဲလိုနဲ့ ဖြတ်သန်းလာလိုက်တာ..ကျမ ဆယ်တန်းရောက်တယ်..ဆယ်တန်း အောင်တယ်.. အဲအချိံန်မှာ..ကျမငယ်ကထဲက စိတ်ထဲမှာတေးထားတဲ့ အရာတခုကို
အကောင်ထည်ဖော်ဖို့ ကြိုးစားတယ်..

အဲတာကတော့ ဂစ်တာ သင်ဖို့ သင်တန်းတွေ လိုက်စုံစမ်းတာပါဘဲ...
ကျမက ဂစ်တာသင်တန်းတက်မယ်လို့ေ့ပြာတော့အိမ်က ဆူတာပေါ့ ..ဘာရောဂါထတာလည်း တခြားသင်တန်းတက်ပါလား..ဒီဂစ်တာတဒေါင်ဒေါင်နဲ့ ဘာလုပ်မှာလည်း..နောက်ပြီး ဂစ်တာ သင်တန်းဆိုကထဲက ယောက်ကျားလေးတရုန်းရုန်းနဲ့နေမှာ..
Noooo ဆိုပြီး လုံးဝလက်မခံပါဘူး..ကျမကလည်း အရမ်းသင်ချင်တယ်..
အိမ်ကလည်း သင်တန်းတက်ဖို့ပိုက်ဆံ မပေးပါဘူး..။

အဲဒီမှာကျမ သတ္တိရှိစွာနဲ့ စွန့်စားခဲ့တယ်..ကျမ ရတဲ့ မုန့်ဖိုးနဲ့ ကျမ ဘာသာတက်မယ် ဆိုပြီး ...ကိုယ့်ဘာသာကိုယ် သင်တန်းကြေး ပေးခဲ့တယ်..
ကျမ သင်ခဲ့တဲ့နေရာက ဗိုလ်အောင်ကျောင်လမ်း    အလယ်ဘလောက် နားလေးမှာ..ဗလီ တလုံးရှိတယ်..ဗလီဘေးက အိမ် သုံးထပ်မှာ ..
ဆရာအောင်ကိုကို ..စီမှာပါ  ။သင်တန်းကြေးကတလ 700 ပါ ...။
ကျမရတဲ့မုန့်ဖိုးကတလုံးနေမှ 1500 .. သင်တန်းကြေးပေးပြီးရင် 800 ကျန်တယ်..
ဒါပေမဲ့ 800 ကို သုံးလို့ မရပါဘူး ... ဂစ်တာဆိုတာမျိုးက တီးနေမှ တတ်မှာလေ..
အဲဒီတော့ဂစ်တာဝယ်ရမယ်..ဂစ်တာက ဟော်လို ကို 3000 လောက်ပေးရတယ် ..ဂစ်တာဝယ်ဖို့ ပိုက်ဆံစုရပါတယ်.. ။

ကျမ တို့မိသားစုက အချမ်းသာကြီးမဟုတ်ပါဘူး.. လိုချင်တာကို အလိုက်တသိဝယ်ပေးမဲ့ ဆွေမျိုး သားချင်းလည်း မရှိပါဘူး.. အဲဒီတော့ ကိုယ်လျှောက်ဖို့ လမ်းကိုယ့်ဘာသာ အစအဆုံးဖောက်ခဲ့ရပါတယ်..
တလကို သင်တန်းကြေးဖယ်ပီးရင် 800 ကျန်တယ်..800 မှာ ဂစ်တာဝယ်ဖို့ တလ 500  စုထားလိုက်တယ် ကျန်တဲ့ 300 နဲ့ တလလုံးဖြတ်သန်းခဲ့ရတယ်..
နောက်ဆုံးတော့ ကျမ ဂစ်တာလေးတလက် ပိုင်ဆိုင်ခွင့်ရခဲ့တယ်.. ။
ဂစ်တာလေး ဝယ်လာခဲ့တဲ့နေ့ရဲ့ ရက်စွဲလေးကို ဂစ်တာလေးရဲ့ နောက်ကျောဘက်လေးမှာ ထောက်ချွန်လေးနဲ့ထွင်းခဲ့တယ် ။
ဂစ်တာလေးအိမ်ရောက်လာတော့ ထုံးစံအတိုင်းပေါ့ ကျမရဲ့ ချစ်လှစွာသော ညီမနဲ့ ဂစ်တာလုပွဲလည်း ဆင်နွဲလိုက်ရပါသေးတယ်..နောက်ဆုံးမှာ ..ဒါငါ့မုန့်ဖိုးနဲ့ငါဘာငါစုပြီးဝယ်တာ နင်လာမကိုင်နဲ့ နင်မုန့်ဖိုးနဲ့ နင်စုဝယ်တဲ့
ပစ္စည်းတွေလည်း ငါမကိုင်ဘူးဆိုတဲ့ သဘောတူညီချက်နဲ့ အဆင်ပြေသွားပါတယ် ။

ဂစ်တာသင်တာကတော့ ထုံးစံအတိုင်းပေါ့ လက်ထိပ်တွေ နာ အသားမာတွေတက်နဲ့ အစပိုင်းကတော့ လက်တော်တော်နာတာ...
နောက်ပိုင်းတော့လည်း နေသားကျသွားတာပေါ့ ။
ဂစ်တာနဲ့ပတ်သက်တာတော့ တော်တော်များများလည်း သိမှာပါ ။
အခုခေတ်မှာ ယောက်ကျားလေးတွေအပြင် မိန်းကလေးတော်တော် များများလည်းဂစ်တာတီးတတ်ကြမှာပါ ။ဂစ်တာ သင်တော့ ဆရာက ကျမတို့ကို ကြိုး ညှိုတာ နားထောင် ခိုင်းတယ်..ဂစ်တာကြိုး ကိုယ့်ဘာသာ
ကိုယ် ညှို့တတ်အောင်ပေါ့ ..ဂစ်တာကတီးရင်းနဲ့ ခတ်ပါများတော့ ကြိုးတွေက
လျော့လာတတ်တယ်..အဲတာကို အသံပြန်နားထောင်ပြီး ကြိုး အတင်းအလျော့
လုပ်တတ်အောင် သင်ပေးတဲ့ သဘောပါ ..

ဆရာပြောတဲ့ အသံနားထောင်ပုံ
နားထောင်နည်း ကျမ လုံးဝမတတ်ပါဘူး.. ဆရာပြောတဲ့သဘောတရားကို တခြားသူတွေက နားလည်ပြီး အသံမညီ..ညီအောင် နည်းနည်းပါးပါး ညှို့တတ်နေပြီ ။ကျမက အဲအထိကိုမတတ်သေးဘူး..။သင်တန်းမှာ ကျမ တီးမဲ့ဂစ်တာ အသံကြောင်ရင် တခြားသူက ယူညှို့ ပေးရတယ်..။
နောက်ဆုံးတော့ ဆရာက ကျမ တီးမဲ့ ဂစ်တာကို 1ကြိုး နေရာကို 0 ကြိုး
ပြောင်းထည့်ကြည့်တယ်..အဲတော့မှ ကျမနားထဲ အသံ ကြောင်နေတဲ့ နေရာကို နည်းနည်း ညှို့တတ်လာတယ်..
ဆရာကို ကျမ မေးဖူးတယ်..1ကြိုး သံနဲ့ 0ကြိုး သံကွာလို့လားဆိုတော့ဆရာကတော့ ကြိုးကတော့ မကွာပါဘူး..
သမီးနားက ကွာနေတာ ဖြစ်ပါလိမ့်မယ်တဲ့ ...အဲကထဲက ကျမ ဂစ်တာမှာ 1ကြိုး မသုံးဘူး 0 ကြိုး ဘဲ ထည့်ထားတယ်..။

ဂစ်တာ ရရခြင်းကတော့ တချိန်လုံး ဂစ်တာ တပိုက်ပိုက်နဲ့ပေါ့ ..
ညဘက်တွေဆို စာသားရော ကော့ဒ်ရော အလွတ်ရတဲ့ သီချင်းတွေ ညည်းရင်းနဲ့ ညတွေတော်တော်များများ ကိုသီချင်းတွေနဲ့ စီခြယ်ခဲ့ဖူးတယ်..
နောက်တော့ တက္ကသိုလ် တက် ဘဝဆိုတာကို လက်တွေ့ကျကျ
ရင်ဆိုင်လာတဲ့ အချိန်မှာ ကျမ နိုင်ငံခြားထွက်ဖို့ဖြစ်လာတယ်..။
ကျမ ပင်ပန်းကြီးစွာနဲ့ ပိုင်ဆိုင်ဖို့ ကြိုးစား ခဲ့တဲ့ ဂစ်တာလေးကို ကျမ ခွဲခွာဖို့
ဖြစ်လာခဲ့တယ် ။

ကျမစီက ဂစ်တာပေးခဲ့ပါလို့ တောင်းတဲ့သူတွေ ရှိပါတယ် ။ဒါပေမဲ့ ကျမ မပေးဘူလို့ဘဲ အပြတ်ငြင်းခဲ့တယ်..ဟုတ်တယ်လေ..ကျမ ဒီဂစ်တာလေးတလက်ကို ပိုင်ဆိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရလည်း
ကျမ ကိုယ်တိုင်သာ အသိဆုံးပါ ။ဘယ်သူလက်ထဲကိုမှ အလွယ်တကူ မထည့်ခဲ့ ပေးနိုင်ဘူး ။ ဒီအတွက်ကြောင့် ကျမရဲ့ ဂစ်တာလေးကို ကျမအခန်းထဲမှာဘဲ ချန်ထားခဲ့လိုက်တယ်  ။ကျမ ပြန်လာတဲ့ အခါ ကျမ ဘာသာပြန်တီးမယ်ဆိုတဲ့ ရည်ရွယ်စိတ်ကလေးနဲ့ပေါ့ ။

ဒါပေမဲ့ ကျမငွေနောက်တစိုက်မတ်မတ် လိုက်ရင်းနဲ့ သူ့ကို မေ့သွားခဲ့တယ်..
ကျမ သူ့ကို ပြန်သွားမကြည့်ဖြစ်ခဲ့ဘူး..အချိန်တွေ အကြာကြီးနေပြီးကာမှ ကျမအိမ်ပြန်သွားတဲ့ အခေါက်မှာ
သူက ကျမကိုစိတ်နာသွားခဲ့ပြီ .. ကျမရဲ့ ဂစ်တာလေးကဖုန်အလိမ်းလိမ်းနဲ့
ဟောင်းနွမ်းစုတ်ပြတ်နေလိုက်တာ..ကျမ ကိုယ်တိုင်တောင် မမှတ်မိချင်တော့ဘူး..။

သူ့ကို နံရံမှာထောင်ထားရင်းနဲ့ ကျမသေချာကြည့်မိတယ်..သူကလည်း ကျမကို ပြန်ကြည့်နေသလို ကျမခံစားနေရတယ်.. ဟုတ်တယ်လေ..ဟိုးးးးအရင်တုန်းကဆို သူက ကျမနဲ့ ညပေါင်းများစွာ သီချင်းတွေအတူဆိုညည်းခဲ့ဖူးတာဘဲ..ကျမ စိတ်ကို သူနားလည်မှာပါ ။
ကျမ ကို သူက နာနာကျည်းကျည်းအပြစ်တင်နေသလို ကျမ ခံစားမိနေတယ်..
ကျမ ရဲ့ အတ္တတွေကြောင့် သူဟာ လူသူမရှိတဲ့  အခန်းလေးထဲ နှစ်တွေ အကြာကြီးနေခဲ့ရတယ်.. မီးရောင်မရှိတဲ့ မှောင်နဲ့မည်းမည်း အခန်းလေးထဲ
သူတယောက်ထဲ
ကြောက်ကြောက်လန့်လန်နဲ့ နေခဲ့ရတယ်..သီချင်းသံတွေနဲ့ဆိုညည်းခွင့်မရတဲ့ နေရာ တခုမှာ ဖုန်အလိမ်းလိမ်း နဲ့အထီးကျန်ဆန်စွာ နှစ်တွေ အကြာကြီးနေခဲ့ရတယ် ။ကျမ သူ့ကို ကြည့်နေရင်းနဲ့ ကျမ ရဲ့ အတ္တ တွေကို
ကျမ တဖြည်းဖြည်း မြင်ယောင်လာတယ်..။

ကျမ စိတ်ထဲ ကျမ ကိုပြန်တွေ့လိုက်ရတဲ့ ဂစ်တာလေးဟာငိုကြွေးနေသလို ပါဘဲ ။
ဖုန်အလိမ်းလိမ်းနဲ့ဂစ်တာလေးထောင်ထားပြီးတမေ့တမောကြည့်နေတဲ့
ကျမ ကို ကျမနဲ့ ဘယ်ပစ္စည်းမဆို လုနေကြ ညီမ က
" နင်က စိတ်ပုတ်တာလေ..နင့်ပစ္စည်းဆို သူများကို ပေးမကိုင်ချင်ဘူး ..အခုနေခါ နင့်ဂစ်တာငါ့ ကို အလကား ပေးတာတောင် မယူဘူး..လွှင့်ပြစ်လိုက်ပါတော့ဟာ.." ဆိုပြီးနှာခေါင်းရှုံ့ ပြီးပြောပါတယ်...၊။

ကျမ က စိတ်ပုတ်တာမဟုတ်ပါဘူး..ကျမ ဒီဂစ်တာလေးကို ပိုင်ဆိုင်ခွင့်ရအောင် ဘယ်လို ကြိုးစားခဲ့ရလည်းဆိုတာ ကျမ ကိုယ်တိုင်သာအသိဆုံးပါ .
ကျမအလွယ်တကူမရခဲ့တဲ့ ပစ္စည်းတခုကို သူများလက်ထဲ အလွယ်တကူ
မထည့်ပေးချင်တဲ့ သဘောနဲ့ပါ ။ အဲတာဟာ ကျမရဲ့ အတ္တလား...အတ္တ ကြီးသွားတယ်ဆိုရင်လည်း ကျမ သူ့ကို တန်ဖိုးထားလွန်းလို့ ဖြစ်သွားတဲ့ အဖြူရောင် အတ္တ ဘဲနေမှာပါ ။ပျက်စီးစေချင်တဲ့ စိတ်နဲ့ ထားခဲ့တဲ့ အတ္တ မဟုတ်ရပါဘူး ..။ဒါပေမဲ့ ကျမရဲ့ တန်ဖိုးထားလွန်းတဲ့  အတ္တ တရားကြောင့် သူ ပျက်စီးသွားခဲ့ရတယ်..။

အခုတော့ ကျမ မထင်ထားခဲ့မိတဲ့ အတ္တ ကြောင့် ကျမရဲ့ ဂစ်တာလေးဟာသေဆုံးသွားသလိုပါဘဲ ။စိတ်ထဲကနေ ထပ်ခါထပ်ခါ တောင်းပန်မိတယ်.. ကျမ ရဲ့ အတ္တဆန်ခဲ့ မှု့ အတွက် ခွင့်လွှတ်ပေးပါလို့ ။အခုချိန် ဆို ဟောင်းနွမ်းနေတဲ့ ဂစ်တာလေးတလက်ဟာ
မှောင်မည်းတိတ်ဆိတ်နေတဲ့ အခန်းတခုထဲမှာ ငြိမ်ငြိမ်သက်သက်လေး ရှိနေပါလိမ့်မယ်..တချိန်တုန်းက သံစဉ်တွေ နဲ့တောက်ပခဲ့ဖူးတဲ့ နေ့ရက်တွေ ဘယ်ရောက် သွားလည်းလို့ စဉ်းစားနေပါလိမ့်မယ်...။။။။။။။။။



ပစ်ပစ်
18.7.2015
Am 4:06


(လူတိုင်းမှာ ကျမလို အဖြစ်အပျက်လေးတွေရှိမယ်ထင်ပါတယ် ။သက်မဲ့
ပစ္စည်းနဲ့ပတ်သက်တာဘဲဖြစ်ဖြစ် သက်ရှိ လူသားနဲ့ပတ်သတ်ပြီးတော့ဘဲဖြစ်ဖြစ် ပေါ့ ..အမှတ်ရနေမဲ့ ခံစားချက်လေးတခုလောက် တော့ ရှိနေမှာပါ )

23 June 2015

ဝေဖန်ခြင်းစကားလုံးများ

Posted by blackroze at Tuesday, June 23, 2015 1 comments
လောကတွင် ကျမဖြတ်သန်းခဲ့တဲ့အနေအထားတလျှောက်မှာ လူသုံးမျိုး ခွဲခြားခဲ့ဖူးသည် ။ အကောင်းမြင်သမား
ဘယ်အရာကိစ္စ ကို   မဆို မျှတသောစိတ်ထား အမြင်နဲ့ ကြည့်ပေးတတ်သူ ။
အဆိုးမြင်သမား
ဘယ်ကိစ္စမဆို အဆိုးမြင်ဝါဒဖြင့်သာကြည့်တတ်ပြောတတ်သူ ။
ဝေဖန်ရေးသမား
ဝေဖန်ရေးသမားထဲမှာတောင်မှ နှစ်မျိုး နှစ်စား ခွဲရမယ်ထင်တယ် ။တမျိုးကတော့ တွေ့တာ မြင်တာကို
ဝေဖန်တတ်တဲ့သူ သူမြင်တဲ့ ရှု့ ထောင့်ကနေ ဝေဖန်တတ်တာမျိုးပေါ့ ...နောက်တမျိုးကတော့
သူတို့စိတ်နဲ့ နှိုင်းပြီး လိုက်ဝေဖန်တတ်တဲ့သူ ..။

ကျမပြော ချင်တာက သူတို့စိတ်နဲ့နှိုင်းပြီး ဝေဖန်တတ်တဲ့သူများကိုပါ ။ လူချင်းမတူပါဘူး..
အသက်ရှု ချင်းလည်းကွဲပါလိမ့်မယ်..ကော်ဖီကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်းရှိပါတယ် ။
လူတယောက်နဲ့တယောက် ဖွဲ့စည်းပုံ မတူသရွေ့ ခံစားအသက်ရှင်ပုံလည်း မတူပါဘူး ။
အဓိကတော့ ကိုယ်ဟာ သူမဟုတ်တဲ့အတွက် သူ့လိုခံစားချက်မရှိနိုင်ပါဘူး ..
အဲတာကို ကိုယ်စိတ်နဲ့ လိုက်ညှို့ ပြီးဝေဖန်နေမယ်ဆိုရင် ..

 ဒီ ဆက်ဆံရေး ကဘယ်လိုလုပ်အဆင်ပြေနိုင်တော့မလည်း ။

လူဆိုတာ အတ္တစွဲ ရှိတတ်ကြတဲ့ အမျိုးပါ ၊ ပုထုဇဉ်မှန်ရင်   အတ္တ ဆိုတာနဲ့မကင်းကြပါဘူး ။
ဝေဖန်ရေးဆိုတာကတော့ မရှိမကောင်းရှိမကောင်းလို့ ပြောရင်လည်းရပါတယ် ။ အတ္တကင်းတဲ့
ဝေဖန်ခြင်းမျိုးတော့ ဖြစ်ဖို့လိုတာပေါ့နော်  ၊ငါနဲ့မတည့်လို့ကတော့ တွယ်ခံရပြီသာမှတ်ဆိုတဲ့
စိတ်ထားနဲ့ဆိုရင်တော့ ဒါ ဝေဖန်မှု့မဟုတ်တော့ဘူး..တိုက်ခိုက်မှု့ ဖြစ်သွားပီ...။

ကိုယ်လုပ်တဲ့အကြောင်းကိစ္စ တခုက အကောင်းလားအဆိုးလားဆိုတာ ကိုယ်တိုင်ထက်ဘေးလူက
ပိုသိတယ်  ပိုမြင်နိုင်တယ် ၊ဒါကြောင့် အမှားအမှန် အကောင်းအဆိုးကို ထောက်ပြ ပေးတဲ့ဝေဖန်မှု့ဆိုတာ
ရှိကိုရှိရမယ် ။လိုလည်းလိုအပ်တယ် ။ တခုဘဲ သမာသမတ်ကျတဲ့ဝေဖန်ထောက်ပြမှု့ တခုဖြစ်ဖို့ပါဘဲ။
ကိုယ့်အမြင်နဲ့ မတူတိုင်း ပုတ်ခတ်တာမျိုး ...ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါ ထောက်ပြသလိုလိုနဲ့
အသုံးမကျဘူးဆိုတဲ့အကြောင်း တလောကလုံးကကို  လိုက်ပြောတတ်တာမျိုး ငါ့မဟုတ်   ငါ့အဖွဲ့စည်း
မဟုတ်တဲ့ အတွက် မကောင်းဘူးဆိုတာကြီးဘဲ တွင်တွင်ပြောတာမျိုး...ဒီလိုလုပ်ရပ်တွေကို ဝေဖန်တာလို့
သတ်မှတ်လို့မရတော့ဘူး ... ဒါဟာအောက်ကျတဲ့ အကျင့်စရိုက် ကို ဖော်ပြတဲ့ လုပ်ရပ်...
ကျမတော့အဲလို ဘဲသတ်မှတ်တယ် ။

တချို့က ကိုယ်က မနက်စာ ဆို မုန့်ဟင်းခါးစားရတာကြိုက်တယ် ။ ကိုယ့်ဘာကိုယ်စားချင်တာစားပေါ့ ။
သူများက မနက်စာကို ကော်ဖီနဲ့ပေါင်မုန့် စားရတာကြိုက်ရင် ကြိုက်မှာပေါ့..အဲတာကို မှ ကိုယ်စားတာသူများ
မကြိုက်လို့မစားတိုင်း ကော်ဖီနဲ့ ပေါင်မုန့်မှစားတာ ဘိုစာဘဲစားတာဆိုပြီး မကောင်းမပြော သင့်ဘူးပေါ့ ။
လူတယောက်ပြောလိုက်တဲ့ စကား လုပ်လိုက်တဲ့အပြုအမူ တခုကို  ကိုယ့်အတွေးနဲ့ ထင်တာစွတ်ပြောတာမျိုး
ရမ်းသမ်းပြီး ပါးစပ်သေနတ်ပြစ်တာမျိုး ကျမတော့ အဲလိုလူတွေကို တကယ်အံသြတယ်.. သူများကိစ္စကို
ဘုမသိဘမသိ  အထင်နဲ့ ပြောနေတဲ့ လူတယောက်ကိုလေးစားဖို့ဆိုတာ တော်တော်ခက်ပါတယ် ။
တကယ်သေချာသိတယ် ။ အစကနေအဆုံး ရေရေလည်လည် သဘောပေါက်တယ် ..ဒီလိုအနေအထား
ကနေ ဝေဖန် တယ်ဆိုတာ လက်ခံပေးလို့ရတယ်...။အဲလိုဝေဖန်တယ်ဆိုတဲ့နေရာမှာတောင် ငါစွဲကင်းတဲ့
ဝေဖန်မှု့မျိုး ဖြစ်ဖို့လိုအပ်ပါသေးသည် ။ငါကတော့ ဒီလိုအနေအထားဆို လုံးဝလက်မခံဘူး..ဟုတ်ပါတယ်..
ကိုယ့်ဘဝ ကိုယ် ပိုင်ပါတယ်။ ကိုယ်ကြိုက်သလိုဆုံးဖြတ်လို့ရပါတယ် ။ဒါပေမဲ့  ငါ မဟုတ်တဲ့ တခြားတယောက်ကိုတော့ငါဆိုတဲ့  စိတ်ထဲက အတွေးနဲ့ခံစားချက်နဲ့ လိုက်တန်းညှိုလို့မရပါဘူး ။
သူဟာသူ ...ငါဟာငါ  ...ပါ ။ မတူညီပါဘူး ။

 အရင်ကဆိုရင် တော့  လဘက်ရည်ဆိုင်မှာ လဘက်ရည် သောက်ရင်း ပြောကြ ဆိုကြ ဆွေးနွေးကြ  ဝေဖန်ကြပေါ့ ။
နောက်တော့ ခေတ်တွေစနစ်တွေ ပြောင်းလာတော့ လဘက်ရည်ဆိုင်နေရာမှာ facebook ကအစားထိုးနေရာယူလာတယ်။
သတင်းတခုတက်လာရင် ဝေဖန်မဲ့ ဆရာကြီးတွေက အွန်လိုင်းကိုကြွချီ ပြီး စကားစစ်ထိုးဝေဖန်ကြပါတယ်။
အကြောင်းအရာခိုင်ခိုင်လုံလုံ အချက်အလက်နဲ့ ပြောကြဆိုကြတာ ရှိသလို ပြောချင်တာပြော ကိုယ့်ကိုသူများသိတာမဟုတ်ဘူးလေ ဆိုပြီးရင့်ရင့်သီးသီး တိုင်းထွာဆဲတာတွေပါ ပါလာပါသည် ။

လူတယောက်မှာ intelligence quotient (IQ) ရှိဖို့လိုအပ်သလို emotional quotient (EQ) ဆိုတာလည်းရှိဖို့လိုအပ်ပါသည်။စကားပြောတယ်ဆိုတဲ့ နေရာမှာတောင် ပြောသင့်တဲ့စကား..
ပြောသင့်တဲ့နေရာ ပြောသင့်တဲ့အချိန်ဆိုတာ ရွေးချယ်ရပါသေးသည် ။အချိန်အခါ ကာလံဒေသံ ဆိုတာ ရှိပါသေးသည် ။ကိုယ်တိုင်တောင် ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းချုပ်နိုင်ဘဲ
ရေးချင်တာရေး  ပြောချင်တာပြော  စိတ်ထဲထင်သလိုနဲ့ လိုက်ဝေဖန် အပြစ်ပြောတတ်တဲ့ သူမျိုးကို
ဘယ်လိုသတ်မှတ်မလည်း  ။ကြမ်းကျွံတာ နှုတ်လို့ရပေမဲ့ စကားကျွံတာက နှုတ်လို့မရတော့ပါဘူး..။
ကိုယ့်နှုတ်ကထွက်တဲ့စကားတခွန်းက ကိုယ့်ရဲ့ တန်ဖိုးကို ဖေါ်ပြတတ်ပါသည် ။ကိုယ်ရဲ့ မဆင်မခြင်
ပြောလိုက်တဲ့ စကားတခွန်းကြောင့် သူတပါး ထိခိုက်သွားတာ မကောင်းသလို..ကိုယ် တိုင်လည်း
ဒီစကားကဖေါ် ပြလိုက်တဲ့ တန်ဖိုးတခုကို ပြန်သတ်မှတ်ခံရမှာပါ ။

ဥပမာ ..ပြောရရင်
ကိုယ့်သူငယ်ချင်းထဲမှာ နွမ်းပါးတဲ့သူငယ်ချင်းတယောက်ပါတယ်ဆိုပါတော့ ..တနေ့ သူဝတ်လာတဲ့
အကျီနွမ်းလေးကို ကြည့်ပြီး  မင်းအကျီကလည်း စုတ်ပြတ်နေတာဘဲကွာလို့ ...ပြောလိုက်တဲ့ စကားတခွန်းက  အဲဒီသူငယ်ချင်းရဲ့ စိတ်ကို ဝမ်းနည်းထိခိုက်စေမှာ အသေအချာ ဘဲ..
ကိုယ်ပြောတာကို ကြားလိုက်ရတဲ့ တခြားသူတွေကရော..ဘယ်လိုပြောမလည်း ဒီကောင်တော်တော်
မောက်မာတာဘဲ...သူများ အကျီစုတ်တာတောင် လိုက်ဝေဖန်နေတယ်..သူ့ဘာသာ အဆင်မပြေလို့
အဝတ်အစားမတောက်ပြောင်တာကို နှိမ်ပြီးပြောနေတယ်..ဆိုပြီး ကိုယ့်ကို စိတ်ဓါတ်အဆင့်အတန်း မရှိသူ လို့ သတ်မှတ်တာကိုပြန် ခံရမှာပါ ။

တကယ်တော့ စကားဆိုတာ ပြောတိုင်းလည်း မကောင်းပါဘူး ။ အသိညဏ်နဲ့ ဘောင်ခတ်ပြီး
ကိုယ်ချင်းစာတရားနဲ့ စီစစ်ပြီး ပြောတာအကောင်းဆုံးပါ ။ မြတ်စွာဘုရားရဲ့တရားတော်ထဲမှာပါတဲ့
သုဂတော  ဆိုတဲ့ ဂုဏ်တော်ဟာ ကောင်းသော စကားကိုဆိုသော မြတ်စွာဘုရား
မှန်ကန်၍ အကျိုးရှိသော စကားကိုဆိုတော် မူသော မြတ်စွာဘုရားလို့ အနက်အဓိပ္ပါယ်ဖွင့်ဆိုပါတယ် ။
(ဒီထက်ပိုပြီး တော့ ပြည့်စုံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေလည်း ရှိမှာပါ ။ကျမ က ကျမ ဖတ်ဖူးတာကိုဘဲ
ထည့်ရေးထားတာပါ ၊)တရားတော်မှာတောင် စကားတလုံးရဲ့တန်ဖိုး ...စကားတခွန်းရဲ့ အရေးပါပုံကို
ရေးသားထားတာ ဖတ်ရတယ် ဆိုကထဲက စကားဆိုတာဆင်ခြင်ထိန်းသိမ်းပြောသင့်တဲ့ အရာတခုလို့
ကျမက သတ်မှတ်ပါသည် ။တယောက်ကိုတယောက်ခင်မင်လို့ စနောက်တယ်ဆိုတာ
ရင်းနှီးမှု့ အနေအထားအရ နားလည် လက်ခံပေးလို့ရပါသည် ။

ဒါပေမဲ့လည်း ပေါ့ ...တချို့ သောစကားတွေ ကတော့ အလွယ်သဘော ပြောလို့ မရကောင်းဘူးလို့
ထင်ပါသည် ။ အထူးသဖြင့်ကိုယ့်နှုတ်က ထွက်လိုက်တဲ့ စကားတခွန်းကြောင့် သူတပါးကို မထိခိုက်စေ
တာအကောင်းဆုံးပေါ့။ကိုယ့်စိတ်နဲ့ သဘောမတွေ့တိုင်း ..ပြောလိုက်ရမှ ကျေနပ်တယ်လို့
ကိုယ့်ဘာသာခံစားမိနေရင် တော့...သေချာပါပြီ..သင်ဟာ EQ မကောင်းတဲ့သူပါ ဘဲ...
EQ မကောင်းတဲ့ သူတွေဟာ အညံစား ဝေဖန်ရေးသမားတွေ ဖြစ်နေတတ်သည် ။ဆိုင် ဆိုင် မဆိုင်ဆိုင်
ပေါက်လွတ်ပဲစားပြောသလို ပြောနေတတ်တဲ့ သူတွေ ဖြစ်နေတတ်သည်  ။

ကိုယ့် emotion ကို ကိုယ့်ဘာကို မထိန်းနိုင်ဘဲ စိတ်ထဲ သဘောမတွေ့တိုင်း ... ပြောရမှ ကျေနပ်တဲ့
သူတွေရဲ့ ပါးစပ်က ထွက်လာမဲ့  စကားတခွန်းဟာ  ဘယ်လိုစကားဘဲဖြစ်နေမလည်းဆိုတာ
ခန့်မှန်းကြည့်လိုက်ရုံနဲ့တင် ရပါပြီ ။အကောင်းအဆိုးဆိုတာထက် သူတို့တွေက သူတို့ အထင် သူတို့ အတွေးနဲ့ သူတို့ဘာသာ သတ်မှတ် ဆုံးဖြတ် ပြီး ပြောလိုက်ရမှ ကျေနပ်တဲ့သူတွေလေ ။အဲလို လူတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သူတို့စိတ်နဲ့ သူတို့ဘာသာတယောက်ထဲ ပြန်ရန်ဖြစ်နေတတ်သည် ။  တကယ်တော့ လူ့ အသိုင်းအဝိုင်းဆိုတာလည်း
အပြန်အလှန် လေးစားမှု့နဲ့ ဆက်ဆံရတာ မျိုးပါ ။ကိုယ့်နှုတ်ကထွက်တဲ့ စကားတိုင်းကို
လူတိုင်း တန်ဖိုးထားတာ လိုချင်ရင် ကိုယ်တိုင်ကလည်း တန်ဖိုးရှိတဲ့စကားမျိုး ဘဲပြောဖို့ လိုတာပေါ့နော် ။
အလကားရတဲ့လေနဲ့ စကားပြောတာ ဆိုပေမဲ့ လည်း  ကိုယ်ပြောတဲ့ စကားရဲ့တန်ဖိုးဟာ..ကိုယ့်တန်ဖိုးပါဘဲ... တခုတော့ ရှိတာပေါ့နော်.. ပါးစပ်ကဘုရားဘုရား လက်ကကားယားကားယား တော့ မဖြစ်စေနဲ့ပေါ့ .....  ။။။။။။

ပစ်ပစ်
PM 11:49
20.6.2015


10 June 2015

အမှတ်ရခြင်း ..ညနေခင်းလေး

Posted by blackroze at Wednesday, June 10, 2015 3 comments
ကျမဘဝမှာ အမှတ်တရ များစွာ ရှိပါသည် ။
ကျမကိုယ်တိုင် ပြန်မစဉ်းစားဘဲ မေ့ပြစ်ထားခဲ့သော အမှတ်တရ များစွာလည်း ရှိခဲ့ဖူးသည်။
မကြာခဏ ပြန်စဉ်းစားပြီးလွမ်းမော မိနေတတ်သော အမှတ်တရ လေးတွေ လည်း ရှိပါသည် ။

ကျမ မြန်မာပြည်ကိုအလည်ပြန်တဲ့ ခဏမှာ အဲဒီအမှတ်ရခြင်းတွေကို ပြန်ရှာကြည့်ခဲ့မိသည်။



ကျမတချိန်တုန်းက သူငယ်ချင်းတွေနဲ့ သွားလာ ပျော်ရွှင်ခဲ့ဖူးတဲ့ လှည်းတန်းကိုရောက်တယ်  ။
အလုံ ကြည့်မြင်တိုင်လို့ အော်နေတဲ့ ဘတ်စ်ကားတွေ  ဆူးလေ လို့အော်နေတဲ့ ဘတ်စ်ကားတွေ ။
Taxi တွေရော ကိုယ်ပိုင်ကားတွေပြည့်ကျပ်နေတဲ့ လမ်းဘေးပလက်ဖောင်း ..။
လမ်းဘေးမှာတိုလီမုတ်စ ပစ္စည်းလေးတွေ ချ ရောင်းတဲ့ လမ်းဘေးဈေးသည်လေးတွေ... ဈေးဘေးကလမ်းထိပ်မှာ
အကင်မျိုးစုံရောင်းတဲ့ဆိုင်ကနေ လွင့်ပျံလာတဲ့ အကင်ရနံတွေ ..ဈေးအနောက်ဘက်က ကြာဇံချက်နဲ့ ရှောက်သီးသုတ် ငါးဖယ်သုတ်ရောင်းတဲ့ ဆိုင်မှာ ကြိတ်ကြိတ် တိုး နေတဲ့ ကောင်လေးကောင်မလေး စုံတွဲတွေ ....သူငယ်ချင်းအုပ်စုလိုက်တွေ.. အလုပ်ကနေပြန်လာတဲ့ မိန်းကလေးတွေ
ကျူ ရှင်တွေ သင်တန်းတွေကနေ ပြန်လာပုံရတဲ့ မိန်းကလေးတွေ
ဈေးဘေးကလမ်းတလျောက်မှာ ဟင်းရွက်တွေ မြန်မာမုန့်တွေ အထည်အလိပ်တွေ ရောင်းတဲ့ ဆိုင်တွေ ..ပုံရိပ်မျိုးစုံနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လှည်းတန်းဟာ တချိန်တုန်းက ညနေခင်းတွေအတိုင်းဘဲ..ဘာမှအပြောင်းအလဲမရှိခဲ့ပါဘူး..ကျမ ဟိုစဉ်တချိန်က စားခဲ့တဲ့ ကြာဇံချက်နဲ့ ငါးဖယ်သုတ်ဟာလည်း အရင်ကအရသာအတိုင်းပါဘဲ..အပြောင်းအလဲမရှိပါဘူး..
ဒါပေမဲ့အချိန်ဆိုတဲ့ သတ်မှတ်ချက်တခုအောက်မှာတော့ ..ပြောင်းလဲသွားခြင်းတွေက များစွာ ...။



လွန်ခဲ့သောနှစ်အနည်းလို့ ပြောရမလား... လွန်ခဲ့သော နှစ်ကာလ တချို့ ကလို့ ရေး ရမလား ..
သေချာတာကတော့ ပြန်မရနိုင်တော့ တဲ့ အတိတ်မှာ ကျန်ခဲ့တဲ့ တဲ့   ကာလတွေစီကပေါ့ ။
ဒီလှည်းတန်းဆိုတဲ့ နေရာတခုမှာ မိန်းကလေးတယောက်ဟာ အပေါင်းသင်း သူငယ်ချင်းတွေနဲ့
ပျော်ရွှင် စီးမျော ခဲ့ဖူးပါသည် ။အကျီဆိုင်တွေမှာ ချိတ်ထားတဲ့ အကျီတွေ ငေးမောရင်း ၊ဖိနပ်ဆိုင်က
ဖိနပ်လှလှ လေးတွေဝင်ကြည့်ရင်း သူငယ်ချင်းတွေနဲ့ စကားတွတ်ထိုးရင် လွယ်အိတ်လေး တဘက် 
File လေးတဘက်နဲ့ နုနယ်ပျို မြစ် ခြင်း ဆိုတဲ့ အလှတွေနဲ့ လိပ်ပြာကလေးတကောင်လိုဘဲ
လွန့် လူး ပျံသန်းခဲ့ဖူးတယ် ။ 

အဲဒီကာလ တုန်းက  မျှော်လင့်ခြင်း ဆိုတာ (ကျမတို့သူငယ်ချင်းအားလုံးရဲ့ရည်မှန်းချက်လို့ ပြောရင်လည်းရပါတယ်)
ကျောင်းပြီးတဲ့အခါ မှာ လခကောင်းကောင်းအလုပ်တခုရနိုင်ဖို့ ...ဒါမှ မဟုတ်လည်း နိုင်ငံခြား ထွက်ပြီး ပိုက်ဆံရှာနိုင်ဖို့ .. အားလုံးရဲ့ ရည်မှန်းချက်က အတူတူ ပါဘဲ ..နိုင်ငံခြားအဆက်သွယ်ရှိသူတွေကတော့
အမျိုးတွေရှိတဲ့နေရာ သွားဖို့  ..တချို့ ကျတော့ ကျောင်းဝင်ခွင့်တခုခုရအောင် ဖြေနိုင်ဖို့ ..အစရှိသဖြင့်..
မျှော် လင့်ချက်ကိုယ်စီနဲ့ ကြိုးစားခဲ့ကြတယ်  ။ အဓိက ဦးတည်ချက်ကတော့ ငွေ  ဆိုတဲ့  ပိုက်ဆံပါဘဲ ..။


နောက်တော့ ကျမတို့တွေ ဘွဲ့ကိုယ်စီ ရခဲ့တယ်  ။အချိန်ဆိုတာ ဘာမှမကြာလိုက်သလိုနဲ့ ကျမတို့တွေ ..ဘွဲ့ ရ သွားတယ် ။သင်တန်းတွေ ပြီးသွားတယ် ။ ကဲ..ကျောင်းသူဘဝဆိုတာ အချိန်တိုတိုလေး အတွင်းမှာ ပြီးဆုံးသွားပြီ  ။ မျှော်လင့်ချက်တွေ ကိုယ်စီထားခဲ့ကြသလို ..တကယ့် ဘဝ ဆိုတာထဲကို

ကျမတို့ သူငယ်ချင်းတွေအား လုံး အရှိန်ပြင်းပြင်းနဲ့ ထိုးဖောက်ဝင်ခဲ့ကြတယ် ။အဆက်အသွယ် မပြတ်ကြေးနော်.. သတိရကြေး..နင်အဆင်ပြေသွားရင် ငါတို့ ကို မမေ့နဲ့နော်..မေ့လို့ကတော့ နာပြီ
သာမှတ် ဆိုတဲ့ ချစ်ခင်မှု့ အပြည့်ပါတဲ့ ကြိမ်းဝါးသံလေးတွေ ..ဒါတွေ အားလုံးဟာ... ဘဝ ဆိုတဲ့ပင်လယ်ထဲမှာ ..လှိုင်းလုံးတွေ တလုံးပြီး တလုံးဆင့်လာတဲ့အခါ ..အရှိန်ပြင်းပြင်းနဲ့ ရိုက်လာတဲ့
လှိုင်းကြမ်း လေကြမ်းတွေနဲ့ ဆုံလိုက်ရတဲ့ အခါ  ...တစ တစနဲ့ ပျေက်ကွယ်ကုန်တယ် ။  

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဆိုတဲ့ အခါမှ တယောက်ထဲဘဲကျန်ခဲ့တော့တယ် ။
ဦးတည်ရာလမ်းကြောင်းတွေ မတူကြတဲ့အတွက် လျှောက်ရင်း လျှောက်ရင်းနဲ့ တဖြည်းဖြည်း 
ဝေးကုန်ကြတယ် ။ကျမ သူငယ်ချင်းတွေကို သိပ်သတိရမိပါသည် ။မှန် သောစကား ပါ ။
ဒါပေမဲ့ အခုနေခါ သူတို့အားတယ် လာတွေ့ ပါဆိုရင် ကျမ မအားရင် ကျမ သွားတွေ့နိုင်မှာ
မဟုတ်ပါဘူး..ကျမ အားတယ် တွေ့ ချင်ပါတယ် ဆိုပေမဲ့လည်း သူတို့ အချိန် မပေးနိုင်ရင် 
လာမှာ မဟုတ်ကြပါဘူး  ... ။ ကျမတို့ တွေရဲ့ ခင်မင်မှု့ ဆိုတာ ချစ်ခင်ခြင်းဆိုတာ တွေဟာ.. အတိတ်တနေရာ မှာ ကျန်ခဲ့ပြီ  ။တယောက်နဲ့တယောက် တောင် အဆက်သွယ် မရှိကြတော့တဲ့ ကျမတို့တွေ ....တယောက်ဖုန်းနံပါတ်တောင် တယောက် မသိတော့တဲ့ ကျမတို့တွေ ..။
(အစပိုင်းကာလတွေမှာတော့ တယောက်နဲ့တယောက် အဆက်မပြတ်အောင်
ကြိုးစားပြီနေကြပါသေးတယ်..နောက်တော့လည်း နယ်ပြန်တဲ့သူ..
အိမ်ထောင်ကျ ယောက်ခမ အိမ်ရောက်တဲ့ သူ... နိုင်ငံခြားထွက်သွားတဲ့သူ ..

အရင်က ရှိခဲ့ဖူးတဲ့ အိမ်လိပ်စာလေးအတိုင်း သွားကြည့်မိတဲ့သူကျတော့ လည်း  အိမ်ပြောင်း
သွားပီ တဲ့ ...အဲလိုနဲ့ဘဲ ကျမတို့ သူငယ်ချင်းတွေ တဖြည်းဖြည်းဝေးကုန်ကြသည် )

အရင်တုန်းက သူငယ်ချင်း ဆိုတဲ့ ခင်မင်မှု့ ချစ်ခြင်းဆိုတာတွေဟာ ကျမတို့ ရှေ့ ဆက် လျှောက်လာတဲ့ လမ်းမှာ ပါမလာတော့တာ သေချာ တယ် ...ဒါပေမဲ့ လည်း  အဲဒီ ခင်မင်မှု့ ချစ်ခြင်းတရား ဟာ  တချိန်သောကာလမှာ တကယ်ရှိခဲ့ဖူးတယ်  ။
ကျမ ဘဝ တလျှောက် အမြဲတမ်း အမှတ်ရနေမိတတ်တဲ့ ဖြူ စင်မှု့ ချစ်ခြင်းတွေ ပေါ့ ။

တခုသောညနေ ခင်းမှာ အဲဒီ အမှတ်တရတွေကို  ကျမ ပြန်သွားရှာခဲ့တယ် ။
လှည်းတန်းဈေးဘေးက လမ်းတလျှောက် ဘာမှမပြောင်းလဲဘူး..ဟိုးးးအရင်က အတိုင်းဘဲ ...
ပြောင်းလဲသွားတာက ကျမ ... အဖေါ်မပါ တယောက်ထဲ အိတ်တလုံး လွယ်ပြီး ဟိုငေးဒီငေးနဲ့
ယောင်ချာ ချာ ဖြစ်နေတဲ့ကျမ  ..အကျီဆိုင်ထဲဝင်ရမလား..ကျမဘာအကျီမှ ဝယ်ချင်စိတ်မရှိဘူး..
ဖိနပ်ဆိုင်လား...ဟင့်အင်းး.. ကျမ မလိုချင်ဘူး...ကျမ ရင် ထဲကအလိုချင်ဆုံးအရာက  သူငယ်ချင်း
တယောက်ယောက် နဲ့ များ တွေ့ လိုက်လေ မလား ဆိုတာပါဘဲ  ။သူတို့တွေလည်း ကျမလိုဘဲ 
သတိရမိတဲ့ ညနေခင်းတွေမှာ  အတိတ်ကို ပြန်တမ်းတ ဖို့ ရောက်ကောင်းရောက်လာမှာပါ ။ဒါပေမဲ့ ကျမတို့တွေ မဆုံ ဖြစ်ကြတော့ ဘူး.. ။။။။အချိန်တွေကြာသွားပြီ ...နောင်လည်း ဆုံ ချင်မှ ဆုံပါလိမ့်မယ်။
 နှစ်တွေ ဆယ်ချီပြီး ကြာပြီးကာမှ အမှတ်တထင် ဆုံသလိုလည်း ဆုံ ချင်လည်းဆုံမှာပေါ့ ။မဟုတ်ဘူးလား....။။။

ဆံပင်ရှည်ရှည် တင်ပါးလောက် နဲ့ ခပ်ပိန်ပိန်သွယ်သွယ် မိန်းကလေးတယောက်..
မျက်နှာသွယ်သွယ် ..မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မိန်းကလေးတယောက်
ရယ်လိုက်ရင် သွားတက်လေးနဲ့ မိန်းကလေးတယောက်..
ခြေ တဘက် သိပ်မသန်တဲ့ မိန်းကလေးတယောက် ..
အသားညို ညို ညက်ညက်လေးနဲ့မှဲ့ ကလေးပါတဲ့ မိန်းကလေးတယောက်...
ကချင်လွယ်အိတ် အနီလေးနဲ့ ကတ္တီပါ ပုံတော် ဖိနပ်လေးတွေ စီးတတ်တဲ့ မိန်းကလေးတယောက်...
မင်းသမီး စိုးမြတ်သူဇာလို ကိုယ်လုံးကိုယ်ပေါက် ထွားထွားနဲ့ မိန်းကလေးတယောက်... 
သူတို့တွေ ဘယ်တွေများရောက်နေကြလည်း.. ... တချိန်က ကချင်လွယ်အိတ်လေး
အမြဲလွယ်နေကြ မိန်းကလေး ကတော့ အမှတ်တရ တွေကို ပြန်လာကောက်လေရဲ့ ..
ကျန်တဲ့သူတွေ ရော  အမှတ်တရ တွေကို ပြန်လာရှာကြရဲ့လား...
တနေ့မှာတော့ သူတို့ တွေ ဆုံကောင်းပါရဲ့ နော်... ။။

လှည်းတန်းကို ငေးရင်းမောရင်း ပြန်တမ်းတ မိတာတွေ အမှတ်ရတာတွေကို တယောက်ထဲ
တိုးတိုးတိတ်တိတ် ခံစားရင်း  တက္ကသိုလ်ရိပ်သာလမ်းဘက်ကို ကျမ လှျှောက်လာမိတယ်..

တချိန်က ညဘက်ဆိုရင် ကားတွေရှင်းပြီး လူအသွားအလာ နည်းပါးလွန်းတဲ့ တက္ကသိုလ် ရိပ်သာ
လမ်းကြီးတောင်  လှည်းတန်းမီးပွိုင့် နားကနေ စလို့ ကားပိတ်နေလိုက်တာ...အသက်ရှု ကြပ် ချင်စရာ..
အရင်ကဆို  UFL မှာ ဖွင့်တဲ့ သင်တန်းကနေ ပြန်တဲ့ညဘက်  အချိန်ဆို ရှင်းနေတဲ့ လမ်းကြီးက
အခုတော့ မီးရောင် တထိန်ထိန်နဲ့ ကြပ်ပိတ်နေတဲ့ ကားတန်းကြီး...ကားပေါ်မှာတော့ စိတ်မရှည် ခြင်း
များစွာ နဲ့ မျက်နှာတွေ ...ကားမောင်းတာထက် လမ်းလျှောက်လိုက်တာကမှ မြန်ဦးမဲ့ အခြေအနေမျိုး ..။


ကျမ စိတ်ထဲ အေးအေးဆေးဆေး တယောက်ထဲ အတွေးတွေနဲ့ လမ်းလျှောက်ချင်တဲ့ စိတ်တောင်
ပျောက်သွားတယ်  ။ကားပေါ်ကလူတွေမပြောနဲ့ လမ်းပေါ်ကလူတောင် စိတ်မရှည် ချင်တာ ..
ပျောက်ဆုံးသွားတဲ့ အရာတွေ ထဲမှာ သူငယ်ချင်းတွေရဲ့ ခင်မင်မှု့ တွေပါသလို ..ဒီလမ်းမကြီးရဲ့ တိတ်
ဆိတ်ခြင်းလည်းပါတယ်  ။ကျမ ပြန်ရှာဖွေရမဲ့ အထဲမှာ ကျမရဲ့ သူငယ် ချင်းတွေပါသလို ကျမရဲ့ အမှတ်ရ
ခြင်းတွေပါသလို ..ဒီလမ်းမကြီးရဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းပါ  ပါနေ ပါရောလား ။

 အရင်ကဆို လှည်းတန်းဘက်ကနေ တက္ကသိုလ်ရိပ်သာ လမ်းဘက်ကို ကူးလိုက်တာနဲ့
ရာသီဥတုတောင် ချက်ချင်းပြောင်းသွားသလို.. ညနေဘက် 6နာရီလောက်ဆို လမ်းဒီဘက် ကူးလိုက်တာနဲ့ အေးစိမ်စိမ့်လေကလေးတွေ က ဆီးကြို နှုတ်ဆက်တယ်... သစ်ရွက် တွေရဲ့
အငွေ့အသက် လတ်ဆတ်စိမ်းမြ မှု့တွေက ပွေ့ဖက် နှုတ်ဆက်တယ်...လေတိုက်လိုက်တိုင်း 
အပင်ကြီးတွေက အကိုင်းတွေ အခက်တွေ အချင်ချင်း ထိခတ်လိုက်တဲ့ ရှဲခနဲအသံလေးက 
သံစဉ်လေးတပုဒ်လို ဖျော် ဖြေ ပြန်တယ်...။။


အခုကျတော့  လမ်းအပြည့် စီထားတဲ့ ကားတွေ ..ကားတွေက ထွက်တဲ့မီးခိုးငွေ့လေးတွေ
အင်ဂျင်စက်သံတွေ  စိတ်မရှည် ခြင်း အမှတ်အသားဖြစ်တဲ့ ကားအစီးတိုင်းအထဲက စူပုပ်ပုပ်
မျက်နှာတွေ ..ကားအမျိုးအစား အကြီးအသေးသာကွာသွားမယ်.. ကားထဲက လူတိုင်းရဲ့
မျက်နှာတွေကတော့ တပုံစံထဲဘဲ.... ပိတ်နေတဲ့ကားတန်းကြီးကိုတောင် ကြည့်ပြီး ကျမစိတ်ထဲ
မွန်းကြပ်လာသလိုဘဲ.. 
""  ဟိုအရင် အချိန်တွေ  တမ်းတမက်မော..ပြန်လိုချင်တယ် အခုလေ ...
... .... .....  ...
ဟိုအရင်က အတိတ်ရဲ့ အရိပ်တွေလည်း  စိတ်ထဲရောက်ရှိလာ
မျက်လုံးထဲကမထွက်နိုင်တော့ဘူး  စိတ်ကူးထဲကမထွက်နိုင်တော့ဘူး   ""ဆိုပြီး
ဘယ်တော့မှ မမေ့ဘူးဆိုတဲ့  သီချင်း  ကိုဟစ်ပြီးတော့သာဆိုလိုက် ချင်တော့တယ်... ။။။

အမှတ်တရ ကို ပြန်တမ်းတ မိတာတောင် မွန်းမွန်းကြပ်ကြပ် နဲ့ တမ်းတခဲ့ရတဲ့ ကျမပါလေ ...။

မနက်ဘက် တမနက်တော့ ခေမရဌ် ကို သွားစားမယ်လို့ စိတ်ကူး ခဲ့ပေမဲ့ ..အချိန်မပေးနိုင်မှု့
လမ်းမသင့်မှု့ တွေကြောင့် မရောက်ဖြစ်ခဲ့ပါဘူး.. သွားမယ်လို့ စိတ်ကူးပေမဲ့လည်း ကားပေါ်မှာတင်
လမ်းပိတ်နေတာနဲ့တင် သွားချင်တာကတနေရာ ရောက်သွားတာကတနေရာ လည်းဖြစ်ခဲ့ရတယ် ...။

ကျမပြန်လာတဲ့ တခေါက်မှာ  အထက်တန်းတုန်းက သူငယ်ချင်းတချို့တလေနဲ့ပြန်ဆုံတယ်..
အိမ်နီးခြင်း သူငယ်ချင်းတချို့တလေနဲ့ ဆုံတယ်..
ကျမရဲ့ စာပေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆုံတယ်..
ဒါပေမဲ့ ကျမ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပြန်ကို မဆုံဘူး.. ။
သူတို့လည်း တယောက်တနေရာစီ ကနေ ကျမလိုဘဲ သတိရမိကြမယ်ထင်ပါတယ်  ။
အရင်လိုတော့ အားလုံးဆုံဖို့ ဆိုတာ မဖြစ်နိုင်တော့ပေမဲ့ ..အရင်ကအမှတ်တရ တွေထဲမှာတော့
အားလုံးပါ ပါတယ် ..။ကျမရဲ့ အမှတ်ရခြင်း ညနေခင်းလေးတခုကတော့ လွမ်းဆွတ်စရာလည်း
ကောင်းခဲ့သလို ...အကင်နံတွေ မီးခိုးနံတွေနဲ့လည်း သင်းပျံခဲ့ပါတယ် ။သတိရခြင်းတွေနဲ့
ဖွဲ့စည်းထားတဲ့ ညနေခင်းလေးမှာ.. ကားပိတ်ခြင်းနဲ့လည်း စိတ်မရှည် တဲ့ သူတွေကို တွေ့ခဲ့ရတယ် ။
အဲဒီညနေခင်းလေးက တော့ အရောင်စုံအောင် ခြယ်မှုန်းထားတဲ့ ပန်းချီကားတ ချပ်လိုပါဘဲ ။
နောက်ထပ်လည်းအဲလို ညနေခင်းလေးတွေ ဆုံ ချင်ပါသေးတယ် ......။။


ပစ်ပစ်
Am 3:23
8.6.2015

05 June 2015

ရွေ့လျားပြောင်းလဲ ..ခြင်း

Posted by blackroze at Friday, June 05, 2015 2 comments
ကျမတို့ ငယ်စဉ်ကလေးဘဝတုန်းက ပုံပြင်သိပ်ကြိုက်တယ်... အိမ်က အဘိုးအဘွား ဒါမှ မဟုတ်
ကြီးတော် တွေက ပုံတိုပတ်စ ကလေးတွေ  ..သမိုင်းတွေရာဇဝင်တွေ ထဲက ဘုရင်အကြောင်းတွေ
တခါတလေ စိတ်လိုလက်ရပြောပြရင် အရမ်းသဘောကျတယ် ..
စိတ်ထဲမှာလည်း ပုံပြင်ထဲက ကြားရတာတွေကို မြင်ယောင်မိလို့ ...ပုံပြင်နားထောင်ရတာကိုက
အရသာတမျိုး လို ခံစားမိနေတာ ...
ဘာလို့လည်းဆိုတော့  ကိုယ်တိုင်ဘာမှ မဖန်တီးနိုင်သေးတဲ့အရွယ်မှာ သူများပြောပြမှသာ သိရတာကိုးးး
စာသေချာ မဖတ်တတ်သေးဘူး...အဲဒီတော့ ကာတွန်းစာအုပ်တွေ ပုံပြင်စာ အုပ်တွေကိုယ့်ဘာသာ
မဖတ်တတ်ဘူး..တယောက်ယောက်ကဖတ်ပြ မှ သာ သိရတာ.. အဲဒီတော့ ပုံပြင်ပြောပြတာတို့
ကာတွန်းစာအုပ်ဖတ်ပြတာတို့ ဆိုရင် သိပ်သဘောကျမိတယ်...။

အဘွားပြောပြရင်တော့ ဂျပန်ခေတ်က အကြောင်းတွေပေါ့ ။အဘွားငယ်ငယ်က ဂျပန်ခေတ်ကို
ကလေးဘဝနဲ့ ကောင်းကောင်းမီပါတယ်... သူတို့ငယ်ငယ်က ညဘက်ဆို ဗုံးခိုကျင်းထဲ
ဝင်အိပ်ရတယ်တဲ့ ။အဘွားရဲ့ အမေက အိမ်မှာဈေးဆိုင်ဖွင့်ရောင်းပါတယ် ။ဂျပန်တွေ
ဈေးလာဝယ်ရင် ကလေးတွေက ကြောက်လို့ အိမ်ထဲဝင်ပုန်းနေကြတယ်ဆိုတာတွေ ..
ကျမတို့မသိလိုက်တဲ့ခေတ်တခေတ်ရဲ့ အကောင်းအဆိုးတွေကိုအဘွားပြောပြ လို့ နားထောင်ခဲ့ရပါတယ် ။
လွတ်လပ်ရေးရပြီလို့ ရေဒီယိုကနေကြေငြာတဲ့အခါမှာ အဘွားတို့ တရွာလုံး ငိုခဲ့ကြတာတဲ့ ။
လူကြီးတွေက ငိုတော့ အဘွားတို့ ကလေးတွေလည်း ဘာမှန်းမသိညာမှန်းမသိလိုက်ငိုကြတာတဲ့ ။
ကျမတို့ အခုခေတ်လူငယ်တွေမသိလိုက် မမြင်လိုက်ရတဲ့ မြင်ကွင်းတွေကို အဘွားစကားတွေ
နားထောင်ပြီးကျမငယ်ငယ်က ကြားခဲ့ရဘူးသည် ။

နောက်တော့ အတန်းကျောင်းလေးစတက်ရတော့  ကာတွန်းစာအုပ်လေးတွေ ..မိုးသောက်ပန်းစာအုပ်တို့ ရွှေသွေး စာစောင်တို့ကို စာလုံးပေါင်းဖတ်တတ်လာတယ် ။
ကာတွန်းထဲမှာဆိုရင်လည်း မောင်ဒီလုံး ၊ဇီးတော်ပွင့်၊ ဘနဲ့ဖွားစွာ  ..အစရှိတဲ့ကာတွန်းစာအုပ်လေးတွေ ကို စာလုံးပေါင်း ဖတ်တယ်..
စာဖတ်တာ သွက်အောင်ဆိုပြီး အိမ်ကလူကြီးတွေက ဇာတ်ကြီးဆယ်ဘွဲ့ စာအုပ် ဝယ်ပေးတယ်..
တနေ့နည်းနည်းချင်းဖတ်တယ်..အဲလိုနဲ့ တေ ၊ဇ ၊ သု ၊နေ ၊မ ၊ဘူ ၊စန် ၊ဒါ ၊ဝိ ၊ဝေ  ..ဆိုပြီး
ဇာတ်ကြီးဆယ်ဘွဲ့ကို သိလာတယ်... (အခုခေတ်ကလေးတွေကတော့ ဇာတ်ကြီးဆယ်ဘွဲ့ ကို
သိမယ်မထင်တော့ပါဘူး ..သိတဲ့ကလေးများလည်း ရှိနိုင်ပါသေးတယ်လို့ မျှော်လင့်ပါတယ် ) ။

အဲလိုအတန်းကျောင်းလေး စတက်လို့ သုံးလေးတန်း အရွယ်ရောက်လာတဲ့ အခါမှာ ..

ပဲနွယ်ပင်ကရှည်ထွက်လာပြီး မင်းသားလေးကို တင်ပြီး လမင်း စီကိုတက်သွားတယ်ဆိုတာတို့ ...
မိကျောင်းကြီးက မင်းသားလေးကို ပါးစပ်ထဲငုံပြီးမြစ်ကို ဖြတ်ကူးသွားတယ်ဆိုတာတို့ကို ပုံပြင်ထဲက
ဇာတ်လမ်းအဖြစ်နဲ့သာ လက်ခံမိတော့တယ်  ။ပြောရရင်တော့  ကိုယ်တိုင်စာဖတ်တာ များလာတဲ့ အခါမှာ
ကလေးတယောက်ရဲ့ အသိညဏ်လေးနဲ့ လည်း သြော်..ဒါဟာပုံပြင်ဇာတ်လမ်းပါလားလို့ စဉ်းစားမိလာ
တာပါ ။စာဖတ်ခြင်းက အသိညဏ်ကို တိုးစေတယ်ဆိုပြီးပြောချင်တာပါ ။

ကျမတို့ငယ်စဉ်တုန်းက နွေရာသီကျောင်းပိတ်ရက်မှာ  ဗုဒ္ဓဘာသာသင်တန်းဆိုပြီး ဘာသာရေး
သင်တန်းလေးတွေ ဖွင့်ပြီး သင်ပေးပါတယ် ။ တက်ချင်တဲ့ကလေးတွေ စာရင်းပေး ..ပြီးရင် တပါတ်ကို
သုံးရက် နေ့လည်ဘက် ကျောင်းမှာ စာသင် သွားသလိုဘဲ စာအုပ်လေးတအုပ်ခဲတံလေးတချောင်း
ယူပြီးသွားရတာပါ ။သင်ပေးတဲ့ဆရာမက  ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားစာတွေ သင်ပေးတယ်..
နောက်ပြီး ဘုရားဇာတ်နိပါတ်တော် တွေ ပြောပြတယ် ... ငါးပါးသီလ  ရှစ်ပါးသီလ ဆောက်တည်တဲ့
ကောင်းကျိုး တွေ  သီတင်းကျွတ် မီးထွန်းပွဲ ဘာကြောင့်ဖြစ်လာတယ်ဆိုတာတွေ ..မိဘရိုသေခြင်းရဲ့
အကျိုးကျေးဇူး..မိဘ ကိုအလုပ်အကျွေးပြု တဲ့ သုဝဏသာမ သတို့သားအကြောင်း ပြောပြတယ်..
ကလေးတွေကို ဘာသာရေးနဲ့ ရင်းနှီးအောင် ..လိမ်မာယဉ်ကျေးတဲ့ သူတွေဖြစ်အောင် အထောက်အကူပေးတဲ့  နွေရာသီ သင်တန်းလေးတွေပေါ့ ။(အခုတော့အဲလိုသင်ပေးတာတွေ မရှိကြတော့ပါဘူး ...ကလေးတွေလည်းနွေရာသီမှာ ဂိမ်းဆိုင်ရောက်ကုန်ပါတယ် )

နေ့လည်ဘက် သင်တန်းအချိန်မှာ ကျောင်းသားမိဘ တချို့တွေကလည်း အာဟာရဒါန လုပ်ပါတယ်။
နေ့လည် သာကူကျို လာကျွေးတာမျိုး .. မုန့်လက်ဆောင်း  လာတိုက်တာမျိုးပါ ။နွေရာသီသင်တန်းဆိုတော့
လာတက်တဲ့ကလေးကလည်း မများလှပါဘူး ၊ လာကျွေးရတဲ့ ကျောင်းသားမိဘ
တွေအဖို့လည်း ကရိကထမများ လှပါဘူး..အိုးလေးတအိုးယူလာ ကလေးတွေကို တယောက်တပန်းကန်
ထည့်ပေးရုံပါဘဲ  ..တခါတလေ ဖီးကြမ်းငှက်ပျောသီးကျွေးပါတယ်...ကျမတို့ တွေလည်း မုန့်စားရတယ်ဆိုတော့  သင်တန်းသွားရမှာ မပျင်းကြတော့ဘူးပေါ့ .. နွေရာသီသုံးလကို အမြဲတမ်း
ဖွင့်ပါတယ်.. အဲလိုဗုဒ္ဓဘာသာသင်တန်းတက်ပြီးသွားရင် တက်တဲ့ကလေးတွေအားလုံး ငါးပါးသီလ ရှစ်ပါးသီလခံတတ်သွားသည် ။ငါးပါးသီလဆိုတာဘာလည်း ရှစ်ပါးသီလဆိုတာဘာလည်း
 သေချာသိသွားပြီ ။ဘုရားရှိခိုးမေတ္တာပို့တွေကို ဂျောင်းဂျောင်းပြေးအောင် ရွတ်တတ်သွားပြီ ။
အခုခေတ်ကလေးတွေက အဲတာတွေ မသိတော့ပါဘူး..အိုပါး  ...အိုမား ...အာပုကျိ ..ဆိုတဲ့
ကိုးရီးယား ယဉ်ကျေးမှု့ မှာစီးမျောကုန်ကြပါသည် ။


ကျမတို့ငယ်စဉ်က အခုလို ပါဝါရိန်းဂျားတွေ အရုပ်ဂိမ်းတွေ မရှိပါဘူး ။ ဂိမ်းဆိုင်တွေလည်း မရှိပါဘူး ။
 ကျောင်းပိတ်ရင် လက်လက်ထ  အောင်လမ်းမပေါ်ထွက်တော့ကြတာပါဘဲ ။

အရင်တုန်းကအခုခေတ်လို ကန်ထရိုက်တိုက်တွေ မများတာလည်းပါမှာပေါ့ ။ကလေးတသိုက်လမ်းပေါ်
ထွက်ဆော့နေလည်း ကားအန္တာရာယ် ဖြစ်မှာ  ထိခိုက်မှု့ ဖြစ်မှာစိတ်ပူစရာမလိုပါဘူး ။အချိန်တန် ဘယ်သူဘယ်ဝါ ထမင်းပြန်လာစားဦး ဆိုပြီးခေါ်လိုက်ရုံပါဘဲ ။ တနေ့ရတဲ့ မုန့်ဖိုးကိုတခါတလေ တောက်ခုံ
ငှားတောက်တယ်.. စက်ဘီးငှားစီးကြတယ်..ကိုယ်ကြိုက်တဲ့ စက္ကူ အရုပ်မလေးတွေ ဝယ်တယ် ။
စနစ်ကြီးတဲ့မိဘများကတော့ စုဘူးတလုံးပါဝယ်ထားပေးပြီးပိုက်ဆံစုတတ်အောင် သင်ပေးပါတယ်။
တနေ့တကျပ်ရရင် ငါးမူးဘူးထဲ့ထည့်စု ခိုင်းတာပေါ့ ။အခုခေတ်မှာတော့ ကလေးတွေလည်း ကြီးမြင့်
လာတဲ့ကုန်ဈေးနှုံးနဲ့ အလျင်မှီအောင် စုဖို့အသာထား ၊ပေးတဲ့မုန့်ဖိုးနဲ့
 လောက်အောင်သုံးစွဲရမယ်ထင်ပါတယ် ။

ပြောင်းလဲလာတဲ့ခေတ်မှာ ကျမငယ်ငယ်တုန်းကလို နွေရာသီမှာ သင်ပေးတဲ့ ဗုဒ္ဓဘာသာသင်တန်းမျိုး
မရှိတော့ဘူး ။ကလေးတွေစုပြီး လမ်းမမှာထွက်ကစားတာမရှိတော့ဘူး ။ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိကြတော့ဘူး ။မိုးသောက်ပန်း ..ရွှေသွေး တေဇ အစရှိတဲ့ စာအုပ်တွေကို မသိကြတော့ဘူး ။ငါးပါးသီလ ဘယ်လိုခံရလည်း ဆိုတာထက် ..ပါဝါရိမ်းဂျားထဲက ဇာတ်ကောင်က
လက်ထောင်ပြီး ဘယ်လိုအော်လည်းဆိုတာဘဲ သိတော့တယ် ။ကောင်းသောပြောင်းလဲခြင်းတွေလား
ခေတ်ရဲ့တိုးတက်မှု့တွေလား မဝေဖန်တတ်တော့ပါဘူး ။ရွေ့လျားပြောင်းလဲလာတာကတော့ အသေ
အချာပါဘဲ။

 ကျမရဲ့အကိုကမွေးတဲ့ကိုးတန်းကျောင်းသား တူတော်မောင်က ဇာတ်ကြီးဆယ်ဘွဲ့ ဘာလည်းဆိုတာ မသိပါဘူး။
" နင်အခုကိုးတန်းတောင်ရောက်နေပြီ ရှစ်တန်းတုန်းက မဟော်သဓာဇာတ်တော်ကို မသင်ရဘူးလား" ဆိုတော့ " သင်ရတယ်" တဲ့..." ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ မဟော်သဓာလို ဇာတ်လမ်းမျိုး ဆယ်ခုလေ " ဆိုတော့...
မဟော်သဓာကိုတော့ သင်ရလို့သိတယ်တဲ့ ၊ကျန်တဲ့ ကိုးယောက်ကို မသိတာတဲ့  ။

ကောင်းရောဟယ်...ဆိုပြီး ရွှေတိဂုံဘုရား စာအုပ်ရောင်းတဲ့ ဆိုင်ကနေ ဇာတ်ကြီးဆယ်ဘွဲ့
စာအုပ်ဝယ်ပေးခဲ့လိုက်ပါတယ် ။ငါတော့ ဇတ်ကြီးဆယ်ဘွဲ့ဆိုတာ ဘာလည်း မရှင်းပြ နိုင်တော့ဘူး..နင်အားတဲ့အချိန်သာဖတ်တော့လို့
မှာခဲ့လိုက်တယ် ။ဒါတောင်သူက စိတ်မဝင်စားတဲ့ပုံစံနဲ့ပါ ။ဇာတ်ကြီးဆယ်ဘွဲ့ ဆိုတာ
ဘာတွေရေးထားတာလည်း သိချင်ပုံ မရှိပါဘူး ။စာအုပ်ဖတ်ဖို့ထက် အားတာနဲ့ဖုန်းကိုင်ပြီးဂိမ်းဆော့ဖို့ကို ပိုအားသန်နေတာပါ ။ကလေးတွေရဲ့ ပြောင်းလဲလာတဲ့စရိုက်က
အကောင်းဘက်ကို ဦးတည်နေတာလား အဆိုးဘက်ကို ဦးတည်နေတာလားဆိုတာ
စဉ်းစားစရာပါ ။စာအုပ်ကိုင်ဖို့ထက် ဖုန်းကိုင်ဖို့ဂိမ်းဆော့ဖို့ကိုသာ အားသန်နေတာပါ ။

အမဝမ်းကွဲက မွေးထားတဲ့ လေးနှစ်သားတူလေးကလည်း အကောင်သာငယ်သာ ပါဝါကမငယ်ပါဘူး ။
ပါဝါဘယ်ငယ်မလည်းလေ ။ပါဝါရိမ်းဂျား ခွေမှန်သမျှ
သူ့မှာအကုန်ရှိပါတယ် ။ဘုရားစာတော့ သြကာသ ကိုသူ့အမေသင်ထားပေးလို့ရပေမဲ့ ကျန်တာကတော့ သူလည်း အခုခေတ်ကလေးတွေပုံစံအတိုင်း ဖုန်းတလုံးနဲ့ဂိမ်းဆော့ပါတယ် ။
သူ့အတွက် ဖုန်းအသေးလေးတလုံးဂိမ်းဆော့ဖို့ဝယ်ထားပေးရပါသည် ။ကျမ ပြန်စဉ်းစားမိသည်
ကျမလေးနှစ်သမီးအရွယ်တုန်းက အခုလိုဖုန်းတွေဘာတွေ ဆိုတာမပြောနဲ့ tv တောင် မဖွင့်တတ်ပါဘူး ။
tv ကြည့်ချင်ရင် လူကြီးတွေကို ဖွင့်ပေးပါလို့ ပြောရပါသည် ။အမေတို့ကလည်း ကလေးကကလေးလိုနေ
ဟိုနှိပ်ဒီနှိပ်မလုပ်နဲ့ ဓါတ်တွေ ဘာတွေလိုက်မယ်ဆိုပြီး ပြောထားတော့ ဘာမဆို အမေရေ ဖွင့်ပေးပါ ဆိုပြီး
လူကြီးလုပ်ပေးမှ ရတာပါ ။ယခင်နဲ့ယခုကတော့ ဘယ်တူနိုင်မလည်းလေ ။ကွာခြားချက်တော့ရှိမှာပေါ့ ။
ကောင်းတာများတဲ့ကွာခြားချက်လား ဆိုးတာများတဲ့ ကွာခြားချက်လားဆိုတာ ပြောဖို့ ခက်လှပါတယ် ။

အခုခေတ်ချာတိတ်လေးတွေက ကျမတို့ငယ်စဉ်ကလိုတော့ ဟိုဟာလည်း မကိုင်တတ် မဖွင့်ရဲ ...
နေရာတကာလူကြီးအားကိုးတဲ့ ပုံစံမဟုတ်ကြတော့ပါဘူး ။နည်းပညာနဲ့ပတ်သက်လာရင်
ကျမတို့ငယ်စဉ်ကကထက်ကို အများကြီး တော်ပါတယ် ။ကလေးပေမဲ့လည်း အထင်သေးလို့
မရပါဘူး ။တခုပါဘဲ  ..ကျမတို့ငယ်စဉ်ကလိုတော့  လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေကိုတော့
တလုံးတပါဒ မှ မသိတော့ပါဘဲ ။မိဘတွေကလည်း အဖေရော အမေရော စီးပွားရေး စားဝတ်နေရေး
ကို လုံးပမ်းနေရတော့ သားသမီးတွေကိုလည်း သေချာသွန်သင်ပေးရမဲ့အချိန်မ ရှိတော့ပါဘူး ။
ကလေးငြိမ်ရင်ပြီးရော သူတို့ကြိုက်တာ ဝယ်ပေးထားလိုက်တာက များသည် ။အဲဒီတော့
ကလေးတွေ အခုလို ဂိမ်းသမားအသေးစားလေးတွေ ဖြစ်ကုန်ကြတာ မိဘကို အပြစ်တင်ရမလား
တက်လာတဲ့ကုန်ဈေးနှုံးကို အပြစ်တင်ရမလား  ဖုန်းကဒ်တွေ ဈေးပေါလာတာကို အပြစ်တင်ရမလား
အရင်လိုဗုဒ္ဓဘာသာသင်တန်းလေးတွေ မသင်ပေးတော့တာကို အပြစ်တင်ရမလား ....
လား ....လား...လားး  ပေါင်းများစွာပါဘဲ ။

အဘွားတို့ခေတ်က တရွာလုံးမှာမှ ရေဒီလိုတလုံးလောက်ဘဲ ရှိတယ် ။ အမေတို့ခေတ်ရောက်တော့
အိမ်တိုင်း ရေဒီယို ရှိနေပြီ ။ကက်ဆက်ကျတော့ တလမ်းလုံးမှာ မှ တလုံးလောက်ရှိတာ ။ကျမတို့ငယ်ငယ်
ဘဝကျတော့ အိမ်တိုင်းနီးပါးလောက် ကက်ဆက်လေးတွေ ရှိတယ် ။ရုပ်မြင်သံကြားစက်လို့ ခေါ်တဲ့
တယ်လီဗေးရှင်း ကတလမ်းလုံးမှာမှ တလုံးလောက်ရှိတာ ။အခုခေတ် မှာ အိမ်တိုင်း sky net ရှိတယ်..
စလောင်းရှိတယ် ။ လူတိုင်း အင်တာနက် သုံးနိုင်တယ် ။ဖုန်းလေးတလုံး ရှိရင် တကမ္ဘာ လုံးနဲ့
ဆက်သွယ်လို့ရတယ် ။facebook အကောင့် တခုရှိရင် သတင်းအစုံဖတ်လို့ရတယ် ။ တကမ္ဘာ လုံး
နေရာအနှံကို facebook ကနေ တဆင့် ကြည့်လို့ရတယ်.. ဘယ်နေရာ ဘာဖြစ်တယ်..
ဘယ်မင်းသမီးအကြောင်း ..ဘယ်အလှမယ်ပြိုင်ပွဲကဘယ်လို ..အင်္ဂလန်ကဘောလုံးသမား
အကြောင်း..ဟောလိဝုဒ် က ကမ္ဘာကျော်မင်းသားမင်းသမီးအကြောင်း ..ကိုးရီးယားက ကေပေါ့ပ် အဖွဲ့တွေ
အကြောင်း ..သတင်းအစုံအလင်မှာ ဆိုပြီး အချိန်နဲ့တပြေးညီ သိနိုင်တယ် ။

ဒါပေမဲ့ ..အခုခေတ်ကလေးတွေက ပုံပြင်ဆိုတာကို သေချာမသိကြတော့ဘူး..လူကြီးတွေကို ရိုသေရကောင်းမှန်း တချို့တွေကမသိကြတော့ဘူး ။ဂါဝရတရား ၁၀ ပါးဆိုတာ
ဘာလည်း မသိကြတော့ဘူး ..ငါးပါးသီလအကျိုး အပြစ် ကိုသေချာမသိကြတော့ဘူး ။ခေတ်ကတော့
အဘွားခေတ်နဲ့ အမေ ခေတ် ..အမေခေတ် နဲ့ကိုယ်တွေကြီး ပြင်းတဲ့ ခေတ်..ကိုယ်ကြီးပြင်းလာတဲ့ခေတ်နဲ့
အခုလက်ရှိ တူ ..တူမ တွေကြီးပြင်းတဲ့ခေတ်.. မတူနိုင်ပါဘူး..ရွေ့လျားပြောင်းလဲလာကြတာ ဓမ္မတာ ပါဘဲ။
ရွေ့လျား လာခြင်းတွေထဲမှာ အဆိုးတွေလည်း ပါလာသလို အကောင်းတွေလည်း ပါလာပါသည် ။
ကိုယ်က စစ်ယူတတ်ဖို့ဘဲ လိုပါသည် ။ကာလတွေကတော့ ရွေ့လျားနေမှာပါ ။

ပြတင်းတံခါးကိုဖွင့်လိုက်ရင်  နေရောင် ..လေပြေလေညှင်း တွေနဲ့အတူ ဖုန်မှုန့်တွေ အမှိုက်စလေးတွေ
ပါလာတတ်ပါသည် ။ကိုယ့်အတွက်လိုအပ်မယ်ထင်တာကို စစ်ယူသိမ်းထားလိုက်ပါ ။
မလိုတဲ့အရာကိုတော့ ရှင်းထုတ်လိုက်ပါ ။အမှိုက် ရှုပ်မခံပါနဲ့ ။  အသိတရား ဗဟုသုတဆိုတာ မျိုးက ကိုယ်တိုင် ရှာယူလေ့လာရတာပါ။ရွေ့လျားပြောင်းလဲ လာခြင်းတွေ ရဲ့နောက်မှာ
ကောင်းသောအခြင်းအရာတွေကို  သာလျှင် ရွေးချယ် နိုင်ကြပါစေ ။

ပစ်ပစ်
Pm 5:41
7.5.2015

21 April 2015

လက်ထပ်ထိမ်းမြားခြင်း...နောက်ကွယ်

Posted by blackroze at Tuesday, April 21, 2015 2 comments
အိမ်ထောင်မှု့ဘုရားတည်
ဆေးမင်ရည်စုတ်ထိုး
ဤသုံးချက်မပိုင်လျှင် ပြင်ရန်ခက်လှသည် ...ဆိုတဲ့စကားပုံ လူတိုင်းကြားဖူးကြမှာပါ ။

ကျမတို့မိန်းကလေးများနဲ့ပတ်သက်တဲ့ အချက်ကတော့ အိမ်ထောင်ပြု ခြင်းဆိုတဲ့ အာဝါဟဝိဝါဟ
လုပ်ငန်းပါဘဲ ... လက်ထပ်တယ်ဆိုတဲ့နေရာ မှာသူချစ်ကိုယ်ချစ် ချစ်လို့ယူကြသည် ..မိဘက သဘောကျလို့ မိဘစိတ်တိုင်းကျ လက်ထပ်သည် ။ဘယ်လိုနည်းနဲ့ဘဲ လက်ထပ်လက်ထပ်...
ထိမ်းမြားမင်္ဂလာ ကတိပြု လွှာ ဆိုတဲ့စာချုပ်လေးထဲ သတို့သားရောသတို့သမီးရော
လက်မှတ်ထိုးလိုက်တဲ့ အချိန်ကစလို့ ....ထိမ်းမြားမင်္ဂလာစာချုပ်နောက်ကွယ်မှာ ကွာရှင်းပြတ်စဲခြင်းဆိုတဲ့
စာချုပ်နောက်တစောင် ဖြစ်မလာအောင် ယူရတဲ့တာဝန်ကပိုကြီးတယ် ...လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာက စက္ကန့်ပိုင်းလေးပါဘဲ  ။တသက်လုံးတည်တံသွားအောင်ထိန်းသိမ်းရတာက
တဘဝလုံးပါ ။။။။

အဲလိုလက်မှတ်ထိုးထိမ်းမြားလက်ထပ်တဲ့အဆင့်ထိရောက်အောင်  ချစ်သူဘဝနဲ့ဘဲ ဖြစ်ဖြစ် ..မိဘချင်း
ရင်းနှီးလို့ မိဘစိတ်တိုင်းကျ တယောက်ကို တယောက်လေ့လာကြတာဘဲဖြစ်ဖြစ် ...မိတ်ဆွေသူငယ်ချင်းတွေက မိတ်ဆက်ပေးလို့ သူငယ်ချင်းအနေအထားနဲ့ တယောက်ကိုတယောက်လေ့လာကြတာဘဲဖြစ်ဖြစ် ...အချိန်တခုတော့ ယူရပါတယ်...လက်ထပ်ဖို့ အချိန် ယူရတာက တနှစ်ကြာရင်ကြာမယ်...နှစ် နှစ် ကြာရင်ကြာမယ်...ဒါပေမဲ့ကာလအပိုင်းအခြားတခုလောက်ဘဲ
အချိန်ပေးရတာပါ..

လက်ထပ်ပီးသွားတဲ့အခါမှာတော့  နှစ်ယောက်ပေါင်းပြီးတည်ဆောက်လိုက်တဲ့ အိမ်ထောင်တခုပြိုကွဲမသွား
အောင် ထိန်းသိမ်းဖို့အတွက်ကတော့ယောက်ကျားရော မိန်းမရော နှစ်ယောက်စလုံး
တဘဝလုံးတာဝန်ယူရတာပါ ။ဘယ်နှစ်နှစ်ဆိုတဲ့ အချိန်သတ်မှတ်ချက်မရှိတော့ပါဘူး သတ်မှတ်ချက် ကာလ
မရှိတဲ့တာဝန်ယူမှု့တခုပါ ။ဒီကြားထဲသားသမီးတွေရလာတဲ့အခါမှာ ဖြစ်လာတဲ့မိသားစုတခုကို
အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်တည်ဆောက်ရတဲ့ တာဝန်လည်း မသေးလှပါဘူး..
ပြောရရင်တော့ သာယာတဲ့အိမ်ထောင်ရေးတခုဖြစ်လာဖို့ဆိုတာ  မိန်းမတယောက်ထဲမှာတာဝန်ရှိတာ မဟုတ်သလို ယောက်ကျားတယောက်ထဲမှာလည်း တာဝန်ရှိတာမဟုတ်ပါဘူး ..

နှစ်ဦးနှစ်ဘက် စလုံးမှာတာဝန်ရှိတာပါ ။

ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝ ဆိုတာ လုံးဝမတူပါဘူး .. လက်မထပ်ခင်ချစ်သူဘဝတုန်းက လက်ထပ်ပြီးရင် ဆိုပြီးမျှော်မှန်းထားခဲ့တာတွေက တကယ်တမ်းလက်ထပ်ပြီးတဲ့အခါမှာ မျှော်လင့်ထားသလို
ဖြစ်လာတယ်ဆိုတာ 100 မှာ 10 ယောက်တောင် မရှိချင်ပါဘူး.. ပြသနာတခုခု တက်လာတဲ့အခါ
" နင် မယူခင်တုန်းက မသိဘူးလား " လို့မေးရင်  .." အခုလိုဖြစ်လာမယ်လို့ ဘယ်သူကသိမှာလည်း" ဆိုပြီးပြန်ဖြေကြတဲ့သူကြီးပါဘဲ ။အဓိကတော့  ချစ်သူဘဝဆက်ဆံပုံနဲ့ အိမ်ထောင်သည် ဘဝ ဆက်ဆံပုံ
ကွာခြားသွားတာပေါ့  ... အိမ်ထောင်ရေး ဆိုကထဲက ယောက်ကျားရော မိန်းမရော နှစ်ဘက်စလုံး
ပါဝင်ပတ်သက်နေရတာပါ ..မယူခင်တုန်းကလည်း ဒီနှစ်ယောက်ပါဘဲ ယူပြီးတော့လည်း ဒီနှစ်ယောက်ပါဘဲ
လူအပြောင်းအလဲမရှိပါဘူး..ဒါပေမဲ့ မယူခင်နဲ့ယူပြီးကတော့ အနေအထား မတူကြတော့တာအမှန်ပါ ။

အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါမှာ အဆင်မပြေဖြစ်လာနိုင်စရာအနေအထားတွေက အမျိုးမျိုး
ရှိနိုင်ပါတယ် ။ စီးပွားရေး ကျန်းမာရေး  ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုး အဆင်မပြေကြတာ..
ချွေးမနဲ့ယောက္ခမ  မတည့်တာ .. တဘက်နဲ့တဘက် ပြသနာသေးသေးလေးက စလို့ အကျယ်ကျယ်ဖြစ်လာ
တတ်ကြသည် ။

အဲဒီအချက်တွေထဲမှာ မှ အဆင်မပြေတာအများဆုံးဖြစ်နိုင်တဲ့ အနေအထားတခုက စီးပွားရေး ပါဘဲ..
ငွေကြေးနဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျပါသည် ...တချို့ အိမ်ထောင်ကတော့ ငွေကြေး အရမ်းပြေလည်တယ်.. မိသားစု ကပူပင်စရာမလိုဘဲ...ငွေကြေး ပြေလည် တတ်နိုင်လွန်းတော့
အိမ်ထောင်ဦးစီးလုပ်တဲ့ယောက်ကျားက တအိမ်ထောင်စရိတ်တင်မကဘူး ..နှစ်အိမ်ထောင်
သုံးအိမ်ထောင် စရိတ်တောင် တာဝန်ယူနိုင်အခါမှာ စပွန်စာပေးထားတဲ့ညီမလေးတွေ .. ကိုကြီးနဲ့မီးဇာတ်လမ်းတွေ  ...ဦးနဲ့သမီး ဆိုတာတွေ ဘာတွေညာတွေ ဖြစ်လာတတ်သည် ။
အိမ်ထောင်တခုမှာ မိန်းမဖောက်ပြန်တယ်ဆိုတာရှားပါသည် ။ယောက်ကျားတွေစဖောက်ကြတာများတယ် ။
(ဒါပေမဲ့လည်း လင်ငုတ်တုတ်အနားရှိရက်နဲ့ ဖောက်ပြန်တဲ့ မိန်းမတွေလည်းရှိနိုင်ပါသည် ။
မျှမျှတတတွေးပေးထားတာပါ  ။)

အစောကပြောသလိုပေါ့ အိမ်ထောင်ဦးစီးက ပိုက်ဆံ အရှာကောင်းတယ်.. လူရည်လည်တယ် ..အပေါင်း
အသင်းဆန့်တယ်..အရွယ်လေးလည်း ရှိတယ်  ။အဲတာဆိုရင်တော့ အိမ်သူသက်ထားဇနီးမယား
အနေနဲ့ကသူခြေတလှမ်း လှမ်းရင် ကိုယ်လည်းခြေတလှမ်း လှမ်းနိုင် အောင် အမှီလိုက်နိုင်အောင်
ကြိုးစားပေတော့ ။ငါတို့က ချစ်သူသက်တမ်း 5နှစ်လောက်ရှိပြီးမှ ယူကြတာ..ငါ့ချစ်သူက တခြားမိန်းမဆို
ယောင်လို့တောင် လှည့်ကြည့်တာမဟုတ်ဘူးဆိုပြီး စိတ်ချလက်ချ မနေပါနဲ့ ။ချစ်သူဘဝတုန်းက
သူကြည့်ချင်မှ ကြည့်လိမ့်မယ်..အခုအိမ်ထောင်သည်ဘဝ ရောက်ပြီဆိုတော့ကြည့်ချင်ကြည့်နိုင်ပါသည် ။
ချစ်သူဘဝက သစ္စာတရားက အိမ်ထောင်သည်ဘဝကို ပါချင်မှာ ပါလာတော့မှာ ။
ကိုယ်က မျက်ခြေမပြတ်ဖို့တော့ လိုတာပေါ့ ။သတိဆိုတာ လိုတယ်ဘဲ ရှိပါသည် ပိုတယ်ရယ်လို့
မရှိပါဘူး ။

မိဘချင်း သဘောတူပေးစားလို့ ယူကြတဲ့တည်ဆောက်လိုက်တဲ့ အိမ်ထောင်ရေးဆိုရင်လည်း
လူကြီးတွေမျက်နှာပျက်အောင်တော့ လုပ်မှာမဟုတ်ဘူးလို့ တထစ်ချမတွက်ထားပါနဲ့ ။အမေတို့က သတ်သတ် အိမ်ကမိန်းမက သတ်သတ် ဆိုပြီးလူကြီးတွေ မျက်နှာအိုးမည်းအကွင်းလိုက် ခပ်တည်တည် သုတ်တတ်တဲ့လူမျိုးတွေ ရှိနိုင်တာဘဲလေ ။ကိုယ်က ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံလည်း  ကိုယ့်အိမ်ထောင်ရေး ကံတရား... ကိုယ်ထိန်းသိမ်းနိုင်မှု့ အနေအထား ဒါတွေအကုန်လုံးက ကိုယ်နဲ့ဘဲ ဆိုင်ပါသည်။
တချို့ တွေကျတော့လည်း မိန်းမဘက်က အစစပြည့်စုံ အလိုက်သိ အထိန်းအသိမ်းကောင်းပေမဲ့လည်း
ဗွေဆိုးပါတဲ့မြင်း ထိန်းမရသလိုဘဲ ...ညည်ဆိုးပါတဲ့လူကလည်း  ဘယ်လောက်ကောင်းတဲ့ မိန်းမနဲ့
ရထားပါစေ  အကျင့်ကကောင်းမလာပါဘူး ။

ကိုယ်က ရိုးသားအေးဆေးတဲ့ သူနဲ့ဆုံမလား ... ခေတ်ဆန်ဆန်နေတတ်ပေမဲ့ မိသားစုဘဝဆိုတာကို
တန်ဖိုးထားတတ်တဲ့သူနဲ့ တွေ့မလား..လည်လည်းမလည်ဘူး ရှုပ်လည်းရှုပ်ချင်တဲ့ မလည်ရှုပ်မျိုးနဲ့ဖူးစာပါမလား.. တကယ့်ကို ဖောက်ပြန်ရေးသမားအကြီးစားမျိုးနဲ့ ပတ်သက်မိမလား
ဆိုတာတော့ ကိုယ်ရဲ့ လေ့လာရွေးချယ်မှု့နဲ့ ဆိုင်သလို ကံတရားနဲ့လည်း ဆိုင်မယ်လို့ ကျမတော့ ထင်သည်။

တကယ်တော့ အိမ်ထောင်ပြုလိုက်တယ်ဆိုတာ စစ်မျက်နှာတခုကိုဖွင့်လိုက်တာနဲ့ အတူတူ
ဘဲလို့ ကျမထင်မြင်မိသည် ။တသက်လုံးတိုက်နေရမဲ့ စစ် ပေါ့ ။ တဘက်ကို မျက်ခြေမပြတ် ကြည့်ပြီး
ငြိမ်းချမ်းရေး ဆွေးနွေးရမလား  ထိုးစစ်ဆင်ရမလား ..ကျားထိုးရတော့မလား  ..စောင့်ကြည့် အနေအထားနဲ့ ထားရမလား ...သေချာတာကတော့ အသင့်အနေအထားနဲ့ နေဖို့ပါဘဲ ။ယောက်ကျားများဟာ မယုံရလွန်းလို့ပါ ။အပြောင်းအလဲမြန်တတ်လွန်းလို့ပါ ။ချစ်လို့ယူထားတာဘဲလေ..မိဘတွေရွေးချယ်ပေးထားတာဘဲ မမှားနိုင်ပါဘူးလေ...
ဆိုတာမျိုးတွေးပြီး စိတ်ချလက်ချ မျက်စိမှိတ်မယုံထားပါနဲ့ ..မိန်းမတွေက ရွေးချယ်ပြီးပြီဆိုတာနဲ့ အပြောင်းအလဲမရှိတော့ပေမဲ့ သူတို့တွေကတော့ အချိန်နဲ့ အမျှ ပြောင်းလဲသွားတတ်သည်။ အချိန်နဲ့အမျှ အသစ် အသစ်သော ဆိုတာတွေကို ရွေးချယ်ချင်တတ်ကြသည် ။
(အမျိုးသားတိုင်းကိုမဆိုလိုပါဘူး..ဖောက်ပြန်တတ်တဲ့
အပြောင်းအလဲမြန်တတ်တဲ့သူတွေကိုသာ ပြောချင်တာပါ )။

အရာရာပြည့်စုံတဲ့ အသိုင်းအဝိုင်းကျတော့ ငွေကြေးကြောင့် အိမ်ထောင်ရေးအဆင်မပြေ
တာတွေဖြစ်နိုင်သလို.. မပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာလည်း ဒီငွေကြေးဆိုတာကြောင့်ဘဲ အဆင်မပြေ
မှု့တွေ ရှိလာနိုင်ပါသည် ။ ငွေကြေးနဲ့စီးပွားရေးဆိုတာကို အခြေခံပေမဲ့လည်း အဓိကကျတဲ့အကြောင်း
အရာကတော့မတူဘူးပေါ့လေ။ချမ်းသာတဲ့အိမ်ထောင်စုမျိုး ကျတော့ ငွေပိုလျံလွန်းတော့ ကိုယ့်ကျင့်တရားကို
မတောင့်ခံနိုင်ရင်  ပျက်စီးခြင်းဖြစ်သွားတတ်သလို ..မပြည့်စုံသူကျတော့ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းဖို့
ငွေကြေးမပြည့်စုံလေတော့ အဆင်ပြေမှု့တွေရဲ့ အလည်မှာ စိတ်ညစ်ခြင်းများစွာနဲ့
 ပြသနာတက်တတ်သည် ။

ချစ်သူဘဝတုန်းကတော့ သူလည်း   လခစားကုမ္မဏီဝန်ထမ်း ၊ ကိုယ်လည်း       လခစားဝန်ထမ်း
တယောက်ရတဲ့ လခဘယ်လောက်ဆိုတာ တယောက် သိနေပြီးသား ..လက်မထပ်ရသေးခင် ..ကိုယ့်အိမ်ထောင်ဘက်က တလကို လခ တသိန်းခွဲလောက်ရတာကို အပြစ်မမြင်တတ်ကြပေမဲ့
လက်ထပ်ပြီးတဲ့ အခါမှာတော့ တလတသိန်းခွဲလောက်ဘဲ ရတဲ့ဝင်ငွေနဲ့အိမ်ထောင်တခုရဲ့ လိုအပ်ချက်မှန်သမျှကို မဖြည့်ဆည်းနိုင်တဲ့အခါမှာ နည်းလွန်းတယ်လို့ အပြစ်မြင်     ခလုတ်တိုက်လာတတ်ကြသည် ။

မိန်းမဘက်ကလည်း မယူခင်တုန်းကတော့ တသိန်းခွဲ ကို ကျေကျေနပ်နပ်
လက်ခံပေးခဲ့ပေမဲ့  လက်ထပ်ပြီးတဲ့အခါမှာတော့ ဆန်ကဝယ်ရမယ်..ဆီကကုန်နေပြီ ..ဒီကြားထဲ သာရေးနာရေးကလည်းရှိသေးတယ်..ကားခတွေကလည်း 200လောက်ဖြစ်နေပြီ ..ဖုန်းကဒ်တွေပေါပေမဲ့
တမိနစ် ဆောင်ရတဲ့ ဘီလ်က မပေါတော့ ဖုန်းငွေဖြည့်ကဒ် ကလည်း တဘက်တလမ်းကနှိပ်စက်နေပြန်တယ်..ဒီကြားထဲ ကိုယ့်ယောက်ကျားက အသုံးအစွဲ မကျစ်လစ်တဲ့သူ
ဆိုရင် သူ့လခ တဝက်လောက်က သူ့ ပြန်ပေးနေရတာမျိုး ဖြစ်လာတော့ ဘယ်လောက်ဘဲ
ချစ်လို့ယူထားတဲ့ အိမ်ထောင်ရေးဖြစ်ပါစေ..မိန်းမလုပ်တဲ့သူဘက်ကနေ အမြောက်သံ ဗုံးသံနဲ့ဆင်တူတဲ့
ကြိမ်းဝါးသံတွေ သတိပေးသံတွေ အပြစ်တင်သံတွေထွက်လာတတ်သည် ။

ချစ်သူဘဝတုန်းကတော့ လကုန်ရက် ရောက်ခါနီး .." ကို့ ဖုန်းက ဘေလ်ကုန်တော့မယ်ကွ..
ချစ်စီသိပ်တောင်မဆက်ရဲဘူး..ဖုန်းကဒ်မဝယ်ဖြစ်သေးလို့ " ဆိုရင်တောင် "ရတယ်..ချစ်ဖြည့်ပေးလိုက်မယ်.. " ဆိုပြီး အပြန်အလှန် ကူညီခဲ့ပေမဲ့ အခုလိုအိမ်ထောင်သည်ဘဝရောက်တဲ့အခါ  တလတလ အလျင်မှီအောင် ရုန်းကန်နေရတဲ့ အိမ်သုံးစရိတ်တွေရဲ့ အလည်မှာ ဖုန်းကဒ်တကဒ်စာလောက်ကိုတောင် ငြူ စူ လာမိတတ်သည် ။
အဲတာလည်း လူအပြောင်းအလဲမရှိပါဘူး..ချစ်သူဘဝတုန်းကလည်း ဒီနှစ်ယောက်ပါဘဲ
အိမ်ထောင်သည်ဘဝမှာလည်း ဒီနှစ်ယောက်ပါဘဲ ..ဒါပေမဲ့ ဆက်ဆံရေးအနေအထားတွေကတော့
ပြောင်းလဲကုန်ကြပါတယ်..ချစ်သူဘဝက အချစ်ဆိုတာတွေက အိမ်ထောင်သည်ဘဝ ရောက်တဲ့ အခါမှာ
စားဝတ်နေရေး ဆိုတဲ့ အိမ်ထောင်တာဝန်တွေရဲ့ အောက်မှာ ပျောက်ဆုံးသွားကြသည် ။
ကျမတော့အဲလိုဘဲထင်ပါသည် ။ချစ်လို့ယူခဲ့ကြသည် ။မယူခင်ကလည်း တယောက်အနေအထား
တယောက် သိပြီးသား  ..လက်ခံနိုင်လို့ ယူကြသည် ။ယူပြီးလျှင်အကောင်းဆုံးဖြစ်အောင်
လုပ်မည်ဟု လူတိုင်းက ရည်မှန်းထားကြစမြဲပါ ။တကယ်တမ်းလက်တွေ့မှာတော့ ရည်မှန်းထားသလိုဖြစ်လာတယ်ဆိုတာ သိပ်နည်းလွန်းပါတယ် ။အဲတာဟာအိမ်ထောင်ရေးပါဘဲ ။။။

သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေး သတင်းရင်ဖွင့်တာတွေ နားထောင်ပေးရတဲ့အခါတိုင်း
မိသားစုထဲက အကိုတွေ အမတွေရဲ့ အိမ်ထောင်ရေးသတင်းတွေ ကြားရတဲ့အခါတိုင်း  သူတို့တွေ
မယူခင်တုန်းက ပြောခဲ့တဲ့စကားတွေ နဲ့ ယူပြီးမှ ပြောလာကြတဲ့ စကားတွေက
တူကိုမတူတော့ တာပါ  ။အားလုံးကပြောကြတာတော့  အဲလိုမှန်းသိရင် အစကထဲက  ယူကို
မယူဘူးဆိုတာပါဘဲ .. အင်းလေ  ..အခုလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိမှတော့ ဘယ်သူက
ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ယူကြမှာလည်း ..ဒီလိုတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားကြလို့
ရဲရဲ ဝံဝံ လက်ထပ်ကြတာပေါ့  ။ လက်ထပ်ပြီးတဲ့ နောက်ပိုင်း ပြသနာတွေနဲ့ရင်ဆိုင်လာရတဲ့အခါ
အရင်ကရှိခဲ့တဲ့ ချစ်ခြင်းတွေနေရာမှာ ငြူ စူ ခြင်း အပြစ်တင်ခြင်းတွေ ကဝင်ရောက်နေရာယူလာကြသည် ။

အဲလိုအနေအထားရောက်လာတဲ့ အချိန်မှာ ..တဘက်နဲ့တဘက် နားလည်မှု့ ရှိစွာနဲ့ သေချာပြန်လည်
ညှို့နှိုင်းဖို့ကအလိုအပ်ဆုံးပါ ။မှားသွားတဲ့ သူကလည်း ကိုယ်မှားသွားတာကို ချက်ခြင်းပြင်ဖို့ လိုသလို
ဖြစ်လာတဲ့အနေအထားကို နှစ်ဘက်စလုံးက အချိန်မီ  ထိန်းသိမ်းနိုင်ဖို့လိုပါသည် ။

ပြသနာတက်လာတဲ့ အနေအထားတခုကို အချိန်မီ မညှို့နှိုင်း နိုင်ရင်တော့ လက်ထပ်ပြီးတဲ့ နောက်ပိုင်း
မှာ စာချုပ်အသစ်တစောင် ထပ်ပြီး လက်မှတ်ထိုးဖို့ ဖြစ်လာတတ်သည် ။နှစ်ဘက်စလုံးကတည်တံအောင်
မထိန်းသိမ်းနိုင်တဲ့ အခါမှာ ပြို ကွဲခြင်း ဆိုတာ အချိန်မရွေးဖြစ်လာတတ်သည်  ။

ငွေကြေးကျပ်တည်းလို့ ဖြစ်လာတဲ့ အဆင်မပြေ မှု့ကို အပြန်အလှန်စာနာနားလည် မှု့နဲ့ ပြန်ပြီး
ညှို့ နှိုင်းလို့ ရနိုင်ပေမဲ့  ..ငွေကြေး အဆင်ပြေလွန်းလို့ ဖြစ်လာတဲ့ ဖောက်ပြန်ရေး ပြသနာတွေကို
ကျတော့ ခံစားပေးရတာ ခက်ပါတယ် ။မိန်းမဆိုတာက အူတိုတတ်တဲ့ အမျိုးလေ  ..မုန့်သာဝေမျှ
ကျွေးချင်ပေမဲ့  အချစ်ကိုဝေမျှ ပေးနိုင်တဲ့ မိန်းမ ဒီကမ္ဘာ မှာ မရှိသေးပါဘူး ။

တချို့ ကျတော့ သားသမီး မျက်နှာထောက်ထားစရာရှိတာတွေ ...စားဝတ်နေရေး အတွက် ဒီယောက်ကျား ကိုဘဲ မှီခိုနေရတဲ့ အနေအထား..အဲလိုအနေအထား တွေကြောင့် မြို သိပ်ပြီး နေကြပေမဲ့
အတွင်းဘက်ဆက်ဆံရေးမှာတော့ သူစိမ်းနှစ်ယောက်လို ဖြစ်သွားတတ်သည် ။ ပြောရရင်တော့
အတွင်းဘက်မှာ လှိုက်စားနေတဲ့ အနာတခုလို ပေါ့ ။တချို့ကျတော့ သတ္တိရှိရှိနဲ့ အဲလိုလှိုက်စားနေတဲ့
အနာကို ဖောက်ထုတ်ပြစ်တတ်ကြသည် ။အနာရွတ်ထင်သွားတတ်ပေမဲ့  တဘဝလုံး တလှိုက်လှိုက်နဲ့
ခံစားနေရတဲ့ ဝေဒနာမျိုး မရှိတော့ပါဘူး ။

အဲလိုသတ္တိရှိရှိ ဆုံးဖြတ်ရဲတဲ့ မိန်းမမျိုးကလည်း ရှားပါတယ် ။ နောက်ခံ မိဘအသိုင်းအဝိုင်းကလည်း
ကောင်းမှ ..ကိုယ်တိုင်ကလည်း ယောက်ကျားတယောက်ကို မှီခိုစရာမလိုဘဲ ငွေရှာ နိုင်တဲ့ အရည်အချင်းလည်း ရှိမှ ... ကိုယ့်ကိုကိုယ် လည်း ငါတယောက်ထဲလည်း ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု့
ရှိတဲ့ မိန်းမ တွေမှ သာ အဲလိုပြတ်ပြတ်သားသား ဆုံးဖြတ်ရဲတာပါ ။ အများအားဖြင့်ကတော့
ယောက်ကျားဖောက်ပြန်နေလည်း  သူငယ်ချင်းတွေကို ရင်ဖွင့် ငိုယိုရင်းနဲ့  ဒီဖောက်ပြန်မှု့ကိုဘဲ
နေသားကျသွားတာ များပါတယ် ။ မိန်းမတွေရဲ့ဘဝက ရွေးချယ်ခွင့်ရတဲ့ အနေအထား သိပ်နည်းပါတယ် ။
တခါရွေးချယ်ပြီးတာနဲ့ နောက်ထပ်တခါဆိုတာကလည်း သိပ်မလွယ်ကူလှပါဘူး ။ ဒါကြောင့် စရွေးချယ်ကထဲက မမှားအောင် ရွေးနိုင်ဖို့ အလိုအပ်ဆုံးပါဘဲ ။ အနာဂတ်ဆိုတာက မှန်းဆကြည့်လို့
မရတဲ့ အရာဆိုတော့ ဘာဖြစ်လာမယ်ဆိုတာ ပြောရ မှန်းရ ခက်လှပါသည် ။

သေချာတာကတော့ တည်ဆောက်ပြီးတဲ့ အရာကို ဘယ်သူမှ အပြို ကွဲ မခံချင်ကြပါ ဘူး ။ သည်းမခံနိုင်ကြ
လွန်းမှသာ  ဒီလိုဆုံးဖြတ်ချက် ချကြတာပါ ။ကံတရားနဲ့ လည်းဆိုင်ပါသည် ။ လူတိုင်းကတော့
အကောင်းဆုံးကိုဘဲ လိုချင်ကြသည် ။ဒါပေမဲ့ လူတိုင်းက အကောင်းဆုံး အရာတွေကို မရတတ်ပါဘူး ။
ဖြစ်လာတဲ့ အခြေအနေတခုကို သတ္တိ ရှိရှိ ရင်ဆိုင်နိုင်တဲ့ ခွန်အားရှိဖို့ လိုပါ သည် ။

လက်ထပ်ပြီးတိုင်းလည်း အဆင်မပြေဖြစ်နေတာ မဟုတ်ပါဘူး ။သာယာချမ်းမြေ့တဲ့ အိမ်ထောင်စုတွေလည်း အများကြီးပါဘဲ ။ဒါပေမဲ့ ချစ်သူဘဝနဲ့ လက်ထပ်ပြီးတဲ့ ဘဝ မတူတာကတော့
လူတိုင်းပါဘဲ ။ ကွာခြားချက် နည်းတာနဲ့ များတာဘဲ ရှိတာပါ ။

လက်ထပ်ထိမ်းမြားခြင်းဆိုတာကို လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ အခါမှာ
ငါတကယ်ကို အိမ်ထောင်တာဝန် ယူနိုင်ပြီလားဆိုတာ နှစ်ယောက်စလုံး ကိုယ့်ဘာသာကိုယ် ပြန်မေးကြပါ ။
လုံးဝ ကိုသေချာပြီ ။အောင်မြင်တဲ့ အိမ်ထောင်တခုကို ရအောင် တည်ဆောက်ဖို့ အဆင့်သင့် ဖြစ်ပြီ။
ထိမ်းမြားမင်္ဂလာ လက်ထပ်စာချုပ် ရဲ့ နောက်မှာ ပျော်ရွှင်ခြင်း ဆိုတာဘဲ ရှိစေရမယ်လို့ နှစ်ဦးနှစ်ဘက်စလုံးက တဘဝ လုံးစာ အာမခံနိုင်ပြီ ။အရာရာသေချာပြီ ဆိုမှ ဒီစာချုပ် လေးထဲမှာ လက်မှတ်ထိုးပါ ။
လက်ထပ်ထိမ်းမြားခြင်း..နောက်ကွယ်မှာ ပျော်ရွှင်ခြင်းတွေဘဲ ရှိစေချင်ပါသည် ။


ပစ်ပစ်
Pm 7:54
21.4.2015



 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei