21 November 2017

ဖိနပ်စီးသောခြေထောက်များ

Posted by ခံစားမှု့ သံစဉ် at Tuesday, November 21, 2017 0 comments
ကျမ မနေ့က sogo သွားတယ်..ရထားစီးတယ်..sunday ဆိုတော့ ရထားက လူကျပ်တယ်ဆိုပါတော့ ။ကျမပေါ်ထိုင်ရင်း ကျမ လူတွေရဲ့ ခြေထောက်ကို သေချာလိုက်ကြည့်မိတယ် ။ ကြည့်တော့ဘာတွေ့လည်း ဖိနပ်တွေ့တာပေါ့ ။ အဲဒီမှာ ဖိနပ်တွေက အေ၇ာင်စုံ အသွေးစုံ..ပုံစံစုံ .. ။

သစ်လွင်နေတဲ့ ဖိနပ်စီးထားတဲ့ ခြေထောက်လည်းပါတယ် ။
အနည်းငယ် ဟောင်းနွမ်းစပြုနေတဲ့ ဖိနပ်စီးထားတဲ့ ခြေထောက်လည်းပါတယ် ။NIKE တို့ FILA တို့ ..Sketcher တို့ လည်းတွေ့သလို . Hang Ten တို့ all star တို့လည်းတွေ့တယ်..အမျိုးအမည် မသိတဲ့ ရိုးရိုး walking shoes လေးတွေလည်းတွေ့တယ် ။ခြေညှပ်ဖိနပ် ...ကြိုးသိုင်းဖိနပ် ..အစုံပါဘဲ ။
High Heel စီးထားပြီး ကတော့ ကတော့ ဖြစ်နေတာလည်းတွေ့တယ် ။
ရိုးရိုး ဖိနပ်အပါးလေးနဲ့ လှနေတဲ့ ခြေထောက်လေးတွေလည်းတွေ့တယ် ။


စိတ်ထဲတွေးမိတယ် ။ဖိနပ်ဘာကြောင့်စီးကြတာလည်း ???
ခရီးတခုကို သွားတဲ့ အခါ ခြေထောက်မနာအောင် ကာကွယ်ဖို့အတွက် စီးကြတာ ။အဲတာဆို ကျမတို့က ဒီဖိနပ်တရန်ကို ဘာတွေကြည့်ပြီး ရွေးဝယ်သင့်လည်း ။နာမည်ကြီးတံဆိပ်တွေက ခြေထောက်မနာဘူး။ပေးရတဲ့ ပိုက်ဆံနဲ့တန်တဲ့ အရည်သွေးရှိတယ် ။
နာမည်ကြီးတံဆိပ်ကို လူတိုင်းမဝယ်နိုင်ပါဘူး..ဒါဆို ရိုးရိုး တံဆိပ်တွေက ခြေထောက်နာသလား ။

NOOO ..
မနာပါဘူး...ကိုယ့်ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ဆို ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေနေတာပါဘဲ ။တကယ်တော့ ခရီးတခုသွားဖို့ အတွက် ကောင်းခြင်းမကောင်းခြင်း branded ဖြစ်ခြင်းမဖြစ်ခြင်း .. ဈေးကြီးခြင်း မကြီးခြင်းဆိုတာတွေထက် ... ကိုယ်ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ဖြစ်ဖို့က အရေးကြီးဆုံးပါဘဲ...လှပခြင်း တန်ဖိုးကြီးခြင်း ဆိုတာတွေထက်..စီးလိုက်အခါ ကိုယ့်ခြေထောက်လေးနဲ့ အဆင်ပြေ နေဖို့က အရေးကြီးဆုံးပါဘဲ ။ကိုယ်ဝယ်တဲ့ဖိနပ်ကို အဆင်ပြေပြေ နဲ့ စီးနိုင်ဖို့က အရေးကြီးဆုံးပါဘဲ .။ဖိနပ်ကလှပေမဲ့ စီးလို့ အဆင်မပြေ ဘူးဆိုရင်တော့အစထဲက မဝယ်တာအကောင်းဆုံးပါ ။
ကိုယ်လျှောက်ရမဲ့ ခရီးမှာ ကိုယ့်အတွက် ခြေထောက်မနာအောင် အကာအကွယ် ဖြစ်ချင်လို့ ဖိနပ်စီးတာလေ ။ဒီဖိနပ်စီးလို့ ခြေထောက်နာမယ်ဆိုရင် ဒီလိုဖိနပ်ကို ဆိုင်ကနေ အိမ်ကို သယ်မလာတာ အကောင်းဆုံးပါ ။ခရီးအရှည်ကြီးကို သွားနေကြတဲ့ ကျမတို့တွေ ကိုယ်နဲ့ အသင့်တော် ဆုံးဖိနပ်ကို ရွေးကြရအောင်လား ။။။။

ပစ်ပစ်
Am 2:35
21.11.2017





23 March 2017

အကြွေစေ့လေးနှစ်စေ့

Posted by blackroze at Thursday, March 23, 2017 2 comments
 
ကျမ နေတဲ့ နိုင်ငံမှာ ဘတ်စ်စကား တခါစီး 15ကျပ်ပါ .စီးရမဲ့ ခရီးကရှည်ရင်တော့ 30ပေါ့ ။အဲဒီတော့ ဘတ်စ်ကား စီးဖို့ အတွက် ကဒ်နဲ့ဘဲ စီးစီး အကြွေ 15 ကျပ် ထည့်ပြီးဘဲ စီးစီး ..အဆင်ပြေပါတယ် ။ဒါပေမဲ့ ကဒ်နဲ့က ပြသနာမရှိပေမဲ့ အကြွေ စေ့ထည့်ရင်တော့အတိအကျ ထည့်ပါ ။ပိုငွေ ပြန်မအမ်းပါဘူး.15 ကျပ်တန်ခရီးကို အကြွေမရှိလို့ 500တန်ထည့်လည်း NO ပါ ။ပြန်မအမ်းပါဘူး ။

ကျမ ရောက်စတုန်းက မလည်မဝယ်အချိန်မှာ ကားပေါ်ကို ကားခအကြွေမပါဘဲ ပါသွားခဲ့ဖူးတယ်... အမှန်က ပိုက်ဆံအိတ်ကျန်ခဲ့တာ ။အလုပ်သွားဖို့ ပြင်ရင်း ပိုက်ဆံအိတ်ကို ထုတ်လိုက်မိသလား သတိမထားမိလိုက်ဘူး..။ကားပေါ်က ဆင်းကာနီး ပိုက်ဆံ ထည့်ဖို့ အိတ်ကို နှိုက်တော့မှ ...

"" ဟာ ..သွားပြီ ...""" ဆိုပြီး ပိုက်ဆံအိတ်ပါမလာဘူးဆိုတာ သိတာပါ ။
အဲဒီတုန်းက ကျမစီးတဲ့ ကားက No.10 လိုင်းပါ ( အခုတော့ အဲဒီကားလိုင်းကို 10 မဟုတ်တော့ဘဲ 796ဆိုပြီးပြောင်းလိုက်ပါပြီ)
မှတ်တိုင်ကလည်း ရောက်တော့ မယ် ..မနက်စောကြီး (အဲတုန်းက အလုပ်ချိန်က မနက်8 နာရီ ညနေ 53း0 )လူကဇောချွေးတောင် ပြန်လာပါတယ် ။ နောက်ဆုံး ကားမောင်းတဲ့ ဒရိုင်ဘာ ကိုဘဲ ..ကျမ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်လို့ ပြောရပါတော့တယ် .. ကျမရဲ့ မပီမသတရုတ် စကားသံကိုနားထောင် ပြီး ကားမောင်းတဲ့ ဦးလေးကြီးက နင်ဘယ်ကလာတာလည်းဆိုပြီးမေးပါတယ်.. မြန်မာနိုင်ငံကလာတာ ပါ..ရောက်တာမကြာသေးပါဘူးလို့ ဖြေလိုက်တယ်... ကားဒရိုင်ဘာဦးလေးက ကျမဆင်းရမဲ့ မှတ်တိုင်လည်း ရောက် ရော ဆင်းသွားဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ် ။ကားခမပါပေမဲ့ အဲဒီမနက်က အဆင်ပြေသွားခဲ့ပါသည် ။

ဒါပေမဲ့ ကျမစိတ်ထဲ စွဲနေအောင် မှတ်သွားတာ တခုကတော့ ခရီးတခုသွားဖို့အတွက် မလိုတာတွေပါသွားတာထက် လိုတာတခု ကျန်ခဲ့လို့ မဖြစ်ဘူးဆိုတာပါဘဲ ။

အဲဒီအချိန်ကထဲက ကျမ လွယ်တဲ့ အိတ်ကလေးရဲ့ အတွင်းဘက် အိပ်ကပ်လေးမှာ အကြွေ 10တန်တစေ့နဲ့ 5ကျပ် တန်တစေ့ကို ပလတ်စတစ်အိတ်လေးနဲ့ ထည့်ပြီးသိမ်းထားလိုက်ပါတယ်..။

တကယ်လို့များ .. ပိုက်ဆံအိတ်မေ့ကျန်ခဲ့မယ်ဆိုရင် ကားခမပါလို့ပါဆိုပြီး တောင်းပန်စရာမလိုအောင်ပါ .။
နောက်တော့ အချိန်တွေကြာသွားတယ် .။
နှစ်တွေလည်းအတော်ကြာသွားတယ် ။
ကျမလွယ်တဲ့ အိတ်တွေလည်း ပြောင်းသွားသည်။
ကျမလည်း ပိုက်ဆံအကြွေအိတ်ကသပ်သပ်တအိတ် ရှိသမျှ ကဒ်တွေနဲ့ ပိုက်ဆံ အရွက်ထည့်တာက သပ်သပ်တအိတ် ထားတတ်သွားသည် ၊
ဟိုးးးလပိုင်းက အိမ်အပြောင်းအရွှေ့လုပ်တော့ ပြစ်ရမဲ့ ပစည်းတွေထုပ်ပိုးတော့ ကျမရဲ့ အိတ်အဟောင်းတွေထွက်လာသည် .မပြစ်ခင် အထဲမှာ ဘာရှိလည်းအရင်ကြည့်တော့ အဲဒီ အကြွေစေ့လေး
နှစ်စေ့ ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကလေးထွက်လာသည် ။
စိတ်ထဲရုတ်တရက် မမှတ်မိဘူး..နောက်တော့ မှ ..ပြန်သတိ၇သွားသည်။

ကျမနှစ်တွေကို ပြန်တွက်ကြည့်တော့ 8နှစ်နီးပါးတောင် ကြာခဲ့ပြီ။
တချိန်က 15 ကျပ်က ကျမစီမှာ ကျန်နေတုန်း ။
လိုအပ်ခဲ့ရင် ဆိုတဲ့ စိတ်နဲ့ တန်ဖိုးထား သိမ်းထားခဲ့မိလို့ အခုထိကျန်နေခဲ့သည် ။15 ကျပ်က တကယ်တမ်းမှာတော့ တန်ဖိုး မရှိလှပါဘူး..ဒါပေမဲ့လည်း လိုအပ်ခဲ့ရင် ဆိုပြီး ကျမထားခဲ့တဲ့ တန်ဖိုး တခုကြောင့် အခုချိန်ထိအောင် ကျမစီကျန်နေခဲ့တယ်လို့ ထင်မိပါသည် ။

ပစ်ပစ်
22.3.2017
Pm 11:50

(ကိုယ်က တန်ဖိုးထားရင် တဘက်ကလည်း အပြန်အလှန်အားဖြင့် ကိုယ့်စီမှာရှိနေတတ်တဲ့ သဘောပါဘဲ ။တချို့သော လူတွေက တန်ဖိုးမထားတတ်ဘူး .လိုအပ်ချိန်မှ ရှာမယ်ဆိုရင်တော့ ကိုယ့်အနားမှာ ဘာမှကိုရှိနေမှာ မဟုတ်ပါဘူး )

30 December 2016

အသွားနဲ့ အပြန်

Posted by blackroze at Friday, December 30, 2016 0 comments
မြန်မာတခါပြန်ဖို့အရေး သုံးလလောက်ကြို ရင်ခုန်ရတယ်..... ဟိုနေရာသွားမယ်..ဒီနေရာသွားမယ်.. ဟိုဟာ လုပ်မယ်..ဒီဟာလုပ်မယ်..Plan တွေ ကြို ချရတယ်..နေချင်တာက သုံးလလောက် ။ ခွင့်ရတာက သုံးပါတ်...အသွားတရက် အပြန်တရက် နှုတ်လိုက်ရင် ကျန်တာက 19ရက်.. အဲဒီ19 ရက်လောက်နဲ့ နေရာအစုံ မရောက်နိုင် လူအကုန်နဲ့ မတွေ့နိုင် ... ဒီတော့ မဖြစ်မနေလုပ်ရမဲ့ ကိစ္စ ကိုအရင် ဦးစားပေး စီစဉ်.. အိမ်ကိစ္စ ကိုယ့်ကိစ္စ ...ပြီးတော့ ကိုယ်သွားချင်တဲ့နေရာတွေထဲက အရမ်းအရမ်းကို သွားချင်တဲ့နေရာကို ဦးစားပေးပြီး ..ကျန်တာတွေကို ဖျက်ရတယ် ။ ခက်တာက ကျမက မြန်မာတခါပြန်ရင် လုပ်ရမဲ့ကိစ္စ တွေက ကပ်ကပ်ပြီးပါလာတာက ခက်တယ်.. ။

*** အလည်ဆိုပြီးပြန်ရင် ရောက်တာနဲ့ တန်းပြီးလည်ရ ပတ်ရ စားရသောက်ရတဲ့ ခရီးစဉ်မျိုး တခါမှကို မရှိဘူး..ဒါလေးလည်းရောက်တုန်းလုပ်ရမယ်..ဟိုဟာလေးလည်းရောက်တုန်း လုပ်ခဲ့မှ ဆိုပြီး ..ဘေးတိုက်တွဲလာတဲ့ ဇယားတွေနဲ့ အတူပြန်ပြန်လာရတာ ။
ဒါတောင် ကိုယ်လိုချင်တဲ့ ပစ္စည်းတွေ ကြို မှာထားသမျှ လက်ခံသိမ်းဆည်းပေးထားတဲ့ အချစ်ဆုံးကြီး အန်တီ အိ (Doreen Tin) တယောက်ရှိနေပေလို့သာဘဲ..လိုချင်တဲ့ ပစ္စည်း လက်ဆောင်ပေးချင်တဲ့ ပစ္စည်းတွေ ကို ကြည့်ပြီးကြို မှာထား၇တယ် ။

*** အရင်တခါကလို ယုဇနပလာဇာ မှာ သုံးသောင်းတန်အကျီ ကို ဈေးဆစ်လို့ရလားညီမလေး ဆိုပြီး အမေးကောင်းလိုက်တာ
ပတ်ထမီလေးဝတ်ထားတဲ့ ကျမကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး
သုံးသောင်းနော် ဝယ်မှာမလို့လားဆိုပြီး ပြန်မေးခံ ရတဲ့feeling ကို မခံစားနိုင်ဘူးး ။ ဒါကြောင့် ဒီတခါ တွေ့တာနဲ့ သုံးသောင်းတန် ဝယ်နိုင်တဲ့ ပုံစံ တခါထဲထွက်နေအောင် တိုနိုင်သမျှ တိုထားတဲ့ စကပ် အတို ဘောင်းဘီအတို ဂါဝန်အတို ...အတိုမှန်သမျှ ကို သယ်သွားမဲ့ luggage ထဲ ကြို ထည့်ထားရတယ်..။ ( အတိုဝတ်သွားရင်အဲလို မဆက်ဆံဘူးဆိုပြီး သူငယ်ချင်းတယောက်ကပြောထားလို့ )

*** ပြန်လာရင် သယ်လာချင်တဲ့ ပစ္စည်း ။ အလုပ်မှာ လက်ဆောင် ပေးရမဲ့ ပစ္စည်း ။ သူငယ်ချင်းတွေ မှာတဲ့ ပစ္စည်း .။ .ကိုယ့်အိမ်အတွက် ကိုယ့်အတွက် တနှစ်စာ နှစ်နှစ်စာ နီးပါး ရိက္ခာ ..ပုဇွန်ခြောက် ငပိကြော်...ငါးဖယ်ကြော် ..လဘက် ..အစရှိတာတွေ ပြန်သယ်လာဖို့လည်း စာရင်း တရွက် လုပ်ထား၇တယ်..။
အဲတာတွေကကျမ အတွက် အရမ်း important တယ်.. .ကိုယ်က အစားသမားကိုးးးး :p :p :p

*** ရောက်တာနဲ့ ဘယ်နေ့ဘာလုပ်မယ်..ဘယ်နေ့ ဘယ်ကို သွားမယ်ဆိုပြီး ..
Plan ကြို ချထားရတယ်..အဲလိုလုပ်၇င်းနဲ့ အယ်...သွားရမဲ့ ရက် ရောက်တော့မယ်..ရောက်တော့ မယ် ..ရောက်ပြီ ..ဆိုပြီး
ဝမ်းသာအားရ အထုပ်ဆွဲ လေယာဉ်ပေါ်တက် ..
လေယာဉ်ပျံက သိပ်နှေးတယ်လို့တောင် တခါတခါ ထင်မိတယ်...။


*** ရန်ကုန်လည်းရောက်တော့ ..ဟော.... ရောက်ပြီ ဆိုပြီး..သွားလိုက် လည်လိုက်..လုပ်စရာရှိတာလုပ်လိုက်နဲ့ အားကို မအားတော့ဘူး.. ။
very happy ။
မနက်ကို တောင်ကြီးကားပေါ်ကနေ ဆင်း ..ညနေ ကို ပြင်ဦးလွင်သွားမဲ့ ကားပေါ် ပြန်တက် ။ မနက်ကို မန်းတလေး ကားပေါ်ကဆင်းး ညနေကို မော်လမြိုင်သွားမဲ့ ကားပေါ်ပြန်တက် နဲ့ ..အောင်မင်္ဂလာကားဝင်းဂိတ်ကလူတွေ ကိုယ့်ကိုမှတ်မိနေသလားတောင် ထင်ရ ။

**** လည်ရင်း ပတ်ရင်းစားရင်း သောက်၇င်း ..သွားလာရင်းနဲ့ ပြန်လာမဲ့နေ့ရောက်လာပြန်ရော ။
အချိန်ကရပ်နေတာမှ မဟုတ်တာလေ ။ အဲဒီတော့ အသွားဆိုတာရှိရင် အပြန်ဆိုတာလည်းရှိတာပေါ့လေ ။ ပြန်မဲ့ရက်ကျတော့ ညောင်နာနာ ..ဖျားချင်သလို ငိုချင်သလို ရုပ်ကလေးနဲ့ အထုပ်လေး ပိုက် လေယာဉ်ပေါ်မတက်ချင် တက်ချင်နဲ့တက် .. ဒီနိုင်ငံကို ပြန်ပါလာရော ။
လေယာဉ်ကွင်းကနေ အိမ်ကိုလာတဲ့ လမ်းတလျှောက် အီလည်လည် နဲ့ ငိုချင်သလို ဖြစ်ပြီး ရောက်လာတာ ။ အိမ်လည်းရောက်ရော ..အထုပ်လေးချ ခုတင်ပေါ် တက်ခွေ နေလိုက်တာ နာရီဝက် တနာရီလောက် ။ပီးတော့မှ သိမ်းစရာ ရှိတာတွေ သိမ်း ..အိမ်ပြန်ရှင်းရတယ် ။။

**** အသွားတုန်းကတော့ ရောက်ပြီဆိုတာနဲ့ ပျော်လိုက်တာ..ဘယ်လောက်နေပူပူ ဖုန်ထူထူ မီးပျက်ပျက် ..စိတ်ထဲကကို ပျော်နေတာ ။
အပြန်ကျတော့ မီးလည်းမပျက် အရာရာ ကိုယ့်အတွက် အဆင်ပြေတဲ့ နေရာတခုကို ပြန်ေ၇ာက်လာတယ်ဆိုပေမဲ့လည်း ..မဖြစ်မနေ လို့သာနေ နေရတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ။not happy ။

****
အဲဒီတော့ မြန်မာ ကို အသွားနဲ့ အပြန် ကြားထဲမှာ ခံစားချက်နဲ့ ခံစားရတာကတော့ happy နဲ့ unhappy ပါဘဲ ။
တခြား နိုင်ငံက အကိုတွေအမတွေတော့ ပြန်တဲ့ အချိန် နဲ့ပြန်လာတဲ့ အချိန် ဘယ်လို ခံစားရလည်း မသိဘူး..ကျမကတော့ အဲလိုဘဲ ခံစားရတယ်..။
အခုလည်း ကျမအတွက် happy time ကတဖြည်းဖြည်း နီးလာပြီ ။
unhappy ကိုလည်း မလိုချင်ပေမဲ့ ယူရဦးမှာဘဲလေ ။။။

****
တယ်လီနော နံပါတ်လေးနဲ့ဖုန်းဝင်လာရင် ကိုင်ဖြစ်အောင်ကိုင်ကြဦးနော် ။



((  ဒီနေ့ 29 ဆိုတော့ သိပ်မကြာခင်မှာ 2016 ကုန်ပြီး 2017 ရောက်တော့မယ် ။ဒီပိုစ့်ဟာ 2016တနှစ်လုံး ထဲမှာ ကျမရဲ့ 
5ခုမြောက် post ပါ ။ဘယ်လောက်စာရေးတယ်ဆိုတာ ဒါက သက်သေပြနေပါတယ်။ ဘလော့မှာပါတင်ဖို့ gmail ကိုဝင်တာ pass ကို မနည်း ပြန်စဉ်းစားလိုက်ရတယ် ။သေပြီဆရာ လို့ သုံးခါတိတိ အော်သွားပါသည် ။ ))

ပစ်ပစ်
29.12.2016

02 September 2016

တဒင်္ဂပျောက်ဆုံးသွားခြင်း

Posted by blackroze at Friday, September 02, 2016 0 comments
ကျမ ဒီနေ့အလုပ်သွားတဲ့ အချိန် Bus ကားပေါ်မှာ အမျိုးသမီးတယောက်နဲ့ဆုံတယ်..ကားပေါ်တက်တက်ချင်း သူ့ကိုတွေ့တာနဲ့ စိတ်ထဲကနေ ငါ့အသိဘဲ ဆိုတဲ့စိတ်နဲ့ ပြုံး ပြနှုတ်ဆက်မိတယ်။သူကလည်း ကျမကို သိနေတဲ့ ပုံစံနဲ့ ချက်ခြင်း ပြန်ပြုံး ပြပြီးအလုပ်သွားတာလားလို့ လှမ်းမေးတယ်..ကျမကလည်း ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်..နောက်တော့ မှတ်တိုင်တခုမှာသူဆင်းသွားတယ်..။

သူဆင်းသွားတော့ ကျမ စဉ်းစားမိတယ်..သူ့ကို ငါဘယ်နေရာမှာသိတာလည်းလို့..စိတ်ထဲလုံးဝကို စဉ်းစားလို့မရဘူး..လူမှားတာလားဆိုတော့လည်း မဟုတ်ဘူး..ကျမ လူမှားတာဆိုရင် သူကျမကို သိနေစရာ အကြောင်းမရှိဘူး.။နောက်ပြီး စိတ်..ခံစားမှု့ ..ကျမရဲ့ စိတ်ထဲမှာ သူ့ကိုရင်းရင်းနှီးနှီးကို သိနေတာ...ဘယ်နေရာမှာ သိတာလည်းဆိုတာသာ စဉ်းစားလို့မရဘူးဖြစ်နေတာ..ကျမစိတ်ထဲ ကျမ ပစ္စည်းဝယ်နေကြဆိုင်တွေက ဝန်ထမ်းတယောက်ယောက်များလား...ဒါမှ မဟုတ်..ကျမ ဝယ်နေကြပေါင်မုန့် ကိတ်မုန့် ဆိုင်က အရောင်းစာရေးများလား..မကြာခဏဆိုသလို ..မျက်မှန်းတန်းမိရင်း သိနေတဲ့ပုံစံ..ဒါပေမဲ့ ဘယ်နေရာဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး..စဉ်းစားလို့မရလေ..ဟိုဆိုင်ကများလား..ဒီဆိုင်ကများလား..ဆိုပြီးတွေးလေနဲ့ လူကချွေးတွေတောင် ပြန်လာတယ်..။

အလုပ်ရောက်သွားတော့လည်း စိတ်ထဲမှာ အဲတာကိုဘဲထပ်တလဲလဲ စဉ်းစားမိတယ်..ဘယ်နေရာကသိတာလည်းဆိုတာကို..ကျမရဲ့ မှတ်ညဏ်တွေ က အရာတခုထဲကို ကွက်ပြီးပျောက်ဆုံးသလိုဖြစ်နေတယ်...watson ကများလားဆိုပြီးစဉ်းစားမိရင် အဲဒီဆိုင်က ကျမနဲ့ မျက်မှန်းတန်းတဲ့ကောင်မလေးတွေ မြင်မိတယ်..ကိတ်မုန့်ဆိုင်ဆိုလည်း အဲလိုဘဲ..မျက်မှန်လေးနဲ့ကောင်မလေးဝဝ လေးကို ချက်ချင်း မြင်ယောင်မိတယ်..ကားပေါ်မှာ တွေ့လိုက်တဲ့မိန်းကလေးကို ကျမ ဘယ်လိုမှ စဉ်းစားလို့မရဘူး..လူမှားတယ် ပြောရအောင်ကလည်း သူ့ကို ရင်းရင်းနှီးနှီးသိနေတဲ့ ခံစားမှု့.....လူမှားတာ မဟုတ်ဘူး..သူ့ကို ဘယ်ကလည်းဆိုတာ စဉ်းစားလို့မရလေ..ကျမစိတ်ထဲ ပိုမွန်းကြပ်လာလေဘဲ..တကယ်လို့များ ငါလမ်းသွားရင်းနဲ့ ဘယ်ကိုသွားနေတာလည်း ဘာလုပ်ဖို့လည်းဆိုတာရုတ်တရက် မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလည်းဆိုတဲ့ အတွေးဝင်လာတော့ငိုတောင် ငိုချင်သွားတယ်...။

ကိုယ့်ဘာကိုယ်လည်း မယုံကြည်တော့သလိုဖြစ်လာတယ်..ဒီလို မေ့သွားတတ်ပုံနဲ့ မလွယ်ဘူး..။အရေးကြီးတဲ့ နံပါတ်တွေ ဂဏန်းတွေ ကို ငါစာအုပ်မှာချရေးထားမှဖြစ်တော့မယ်ဆိုပြီးအိမ်ရောက်တာနဲ့ လွယ်လာတဲ့ အိတ်ကိုချစာအုပ်မှာ နံပါတ်တွေချေ၇း..ဝရုန်းသုန်းကားတွေကိုဖြစ်လို့ရယ် ။ကျမရဲ့ မှတ်ညဏ်တွေပျောက်ဆုံးချင်နေတာများလား..အရှိုက်ထိုးခံလိုက်ရတဲ့ သူတယောက်လို ခံစားမှု့ပေါင်းစုံနဲ့တအိအိ ပြိုဆင်းနေသလိုဘဲ....။။။။


ပစ်ပစ်
Am 3:19  (2.9.2016)

02 May 2016

နှုတ်ဆက်ထွက်ခွာခြင်း

Posted by blackroze at Monday, May 02, 2016 2 comments

သိပ်မကြာခင်ရက်ပိုင်းမှာ အခု နေတဲ့အိမ်လေးကနေ နောက်အိမ် တခုကို
ပြောင်းရပါတော့မည်။ အလုပ်ပိတ်ရက်သုံးရက် ရတုန်းလေး ရှိသမျှ ပစည်းတွေ သိမ်းဆည်းထုပ်ပိုး နဲ့ တနေကုန် မအားဘူး။ပစ္စည်း ဆိုပေမဲ့ကျမရဲ့ပစ္စည်းက အဝတ်အစားတွေအများဆုံးပါဘဲ။ ကြိုက်လို့ ဝယ်ထားတဲ့အကျီ လက်ဆောင်ပေးဖို့  ဝယ်ထားတဲ့အကျီ discount ချလို့ တန်တယ်ဆိုပြီးဝယ်ထားတဲ့အကျီ ၊online shop ကနေဝယ်ထားတဲ့အကျီ
၊ဝယ်ထားပေမဲ့မဝတ်ဖြစ်ဘဲ သိမ်းထားတဲ့အကျီ
ဝယ်နေတုန်းကသာ မသိသာဘူး
သိမ်းလည်းသိမ်းရရော မစားသာဘူး။
နောက်ဆို စိတ်ရှိတိုင်း ဘယ်တော့မှမဝယ်တော့ဘူး ။
သိမ်းရင်းနဲ့ မလို ချင်တဲ့ပစည်းလေးတွေ
တချို့ မလို လောက်ဘူးထင်တဲ့ဟာတွေအထုပ်တခု ပြန်ထုပ် ၊ပစ္စည်းအဟောင်းသိမ်းတဲ့ ကားလာရင် တခါထဲ ပြစ်လိုက်မလို့ 
ထုပ်ပိုးပြီး ဝရံတာ လေးမှာ လာထားသည်။

ဝရံတာ လေးမှာ ရပ်ရင်း အိမ်နောက်ဘက် ကမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲခံစားရင်းကြည့်နေမိသည်။မိုးတွေကလည်းတဖွဲဖွဲ နဲ့ရွာ နေ လိုက်တာ။
နောက်ဘက်က တိုက်မြင့်မြင့်ကြီး၊
ကလေး တွေအတွက် ဆော့ကစားဖို့ ကွက်လပ်ကလေး၊
ဓါတ်မီးတိုင်လေး၊
ချယ်ရီပင်လေးတပင် ၊
အရာ အားလုံးဟာ
မိုးဖွဲဖွဲ လေးအောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ
ရှိနေကြသည်။သူတို့ လည်း ဒီနေရာလေးကနေ
ထွက်ခွာသွားတော့မဲ့ ကျမကို နှုတ်ဆက်နေကြသလိုပင် ။


တခြားသူတွေအတွက်တော့ သိပ်မထူးခြားပေမဲ့ကျမအတွက်တော့ ညပန်းချီကားတချပ်ပါဘဲ .။


မီးလင်းနေတဲ့ ပြတင်းပေါက်တွေကို တခါတလေ 
လိုက်ရေတွက်မိတယ်

ဒီအိမ်လေးမှာ နေလာတာ 8 နှစ် ။
အခုတော့ ကျမ ဒီနေရာကို သိပ်မကြာခင်မှာ ကျောခိုင်းရတော့မယ်။
ရင်ထဲတခုခု ခံစားလာရတိုင်း ကျမ ဒီဝရံတာလေးမှာ လာလာ ရပ်နေဖြစ်သည်။
စိတ်ထဲသိပ်မွန်းကျပ်လာရင်
ဒီနေရာလေးကနေ အိမ်နောက်ဘက် မြင်ကွင်းလေးကိုကြည့်ရင်း အသက်ပြင်းပြင်း ရှုပြီး ရင်ထဲကအရာတွေကို တဖြည်းဖြည်းချင်းပြန်ထုတ်ရသည်။
မိုးရွာတဲ့ညမျိုးတွေဆို မိုးသံကိုနားထောင်ရင်း မိုးစက်လေးတွေတဖွဲဖွဲ မျက်နှာကို လာစင်တာ ခံရင်း ရန်ကုန်ရဲ့ မိုးညတွေကို ပြန်တမ်းတ ပြီး စိတ်ထဲ ကနေ ရန်ကုန်ကို ရောက်သွားခဲ့ပေါင်းလည်း မနည်းမနောပါဘဲ။
အခုတော့ သိပ်မလို တော့တဲ့ရက်အနည်းငယ်မှာဒီနေရာလေးကို
ကျောခိုင်းပြီး နေရာသစ်တခု ကို မျက်နှာခြင်းဆိုင်ရတော့မယ်။
အဲဒီနေရာမှာ ဒီလို ချယ်ရီပင်လေးရယ်
ဓါတ်မီးတိုင်လေးရယ်
ကွက်လပ်အလွတ်လေးရယ်
ရှိမနေတာ အသေအချာပါဘဲ။
ဒီဝရံတာလေးကို တော့ မွန်းကျပ်စရာတွေကြုံလာတိုင်း သတိရ နေဦးမယ် ထင်ပါသည် ။

ချယ်ရီတွေပွင့်နေတုန်းကပေါ့

ပစ်ပစ်
May 1 .2016
pm 3:30

14 April 2016

ရှေးရှေးတုန်းက သင်္ကြန်

Posted by blackroze at Thursday, April 14, 2016 0 comments


ဒီနေ့ သင်္ကြန်အကြတ်နေ့ .....

ကျမကမြန်မာနိုင်ငံရဲ့ အဝေးမှာ နေ နေတဲ့သူဆိုတော့   သင်္ကြန်ရဲ့ အငွေ့အသက်ကို ကိုယ်တိုင်ကိုယ်ကျ
ပါဝင် ခံစားခွင့်မရှိဘူး ။အဝေးကနေသာ ငေးမောခွင့်ရှိတာ ။ အွန်လိုင်းမှာတက်လာတဲ့ ပုံတွေလိုက်ကြည့်
သတင်းဌာနတွေက တင်တဲ့သတင်းတွေ လိုက်ဖတ်နဲ့ သင်္ကြန်ကို အလွမ်းဖြေရသည် ။

တချိန်တခါတုန်းကတော့ ကျမလည်း သင်္ကြန်ရင်ခွင်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပျော်ရွှင် ခဲ့ဖူးပါရဲ့ ။
ကျမတို့ငယ်ငယ်တုန်းကဆို  သင်္ကြန်ရောက်ပြီဆို သိပ်ပျော်တာ။မှတ်မှတ်ရရ ပြောရမယ်ဆို သက်ြန်ရောက်ပြီ
ဆိုတာနဲ့ မြန်မာ့အသံကနေ  သင်္ကြန်မိုး ရုပ်ရှင်ကားကို အမြဲလွှင့်နေကြ ။သင်္ကြန်ရောက်တိုင်းကြည့်ရတယ် ။
အခုနောက်ပိုင်းတော့ ပြသေးလား မပြတော့ဘူးလားမသိတော့ဘူး ။

 ကလေးဘဝသင်္ကြန်ကတော့
ကျောင်းလွယ်အိတ်ထဲ ရေပုံးလေး ထည့်ပြီး အိမ်ကဝယ်ပေးတဲ့ ရေပြွတ်ကလေးနဲ့ ရေလိုက်ပက်တာပေါ့ ။
သင်္ကြန်အကြိုနေ့ မတိုင်ခင်ကထဲက လွယ်အိတ်တွေေ၇ပုံးတွေ ပြင်ထားပြီးသား... အကြိုနေ့ မနက်လင်းတာနဲ့
လမ်းထွက်တော့တာဘဲ ။ ကိုယ့်နဲ့ ရွယ်တူတွေရော  ..အရွယ်မတူတာတွေရော.. တယောက်နဲ့တယောက်
အရင်ပက်...နောက်တော့ လမ်းသွားလမ်းလာတွေ လိုက်ပက်... လူနည်းနည်းစုမိပြီဆို...
ကိုယ့်ရေ ပုံးထဲ ရေ အပြည့်ဖြည့် ..ပြီးရင် ကလေးအုပ်စုလိုက် တခြားလမ်း ဘက် သွားကြတာ ။
ဟိုဘက်လမ်းက ကလေးတွေကလည်း ဒီဘက်လမ်းကကလေးအုပ်စုဝင်လာတာတွေ့တာနဲ့ သူတို့အချင်းချင်း
လူချက်ချင်းစုပြီး ကျမတို့ အုပ်စုကို ရေဝိုင်းပက်တာ..ကျမတို့လမ်းကသွားတဲ့ အုပ်စုကလည်း အပြန်အလှန်
ရေပြွတ်နဲ့ပြန်ထိုး နဲ့...ပြောရရင်တော့ ဟိုဘက် ဒီဘက် ရေတိုက်ပွဲပေါ့  ။ တခြားအချိန်ဆို ဟိုဘက်လမ်း
ဒီဘက်လမ်း ကလေးတွေအတူတူဆော့နေကြ  ။ ဒါပေမဲ့ သင်္ကြန်ဆို၇င်တော့ ဟိုဘက်လမ်းဒီဘက်လမ်း
 အဲလိုရေပက်နေကြ။

ကိုယ့်ပုံးထဲပါသွားတဲ့ ရေကုန်ပြီဆိုတာ နဲ့ အနားရှိတဲ့ အိမ်ရှေ့က ရေဘုံဘိုင်ပြေးပြီးရေဖြည့်ပေါ့ ။
သူတို့လမ်းကို သွားဖိုက်ထားရင် သူတို့ကလည်း ညနေဘက်လောက်ဆို ကလေးတွေစုပြီး
ကိုယ့်လမ်းဘက်ကို အုပ်စုလိုက်ပြန်လာဖိုက်ကြတာပေါ့ ... အမှတ်ရစရာငယ်ဘဝသင်္ကြန်ပေါ့ ။

အဲဒီခေတ်တုန်းက အခုခေတ်လိုရေရှားတဲ့ခေတ်မဟုတ်ဘူး.. အိမ်တွေကလည်း ကန်ထရိုက်တိုက်တွေ မဟုတ်
သေးဘူး ။ပျဉ်ထောင်အိမ် လုံးခြင်းလေးတွေ ...မသကာ..ဟိုဘက်ဒီဘက် အပေါ်အောက် နှစ်ခန်းစီပါတဲ့
နှစ်ထပ်တိုက်လောက်ဘဲ ရှိတာ ။အိမ်တိုင်းရဲ့ ရှေ့မှာ ရေ ဘုံဘိုင် ခေါင်းလေးတွေရှိတတ်သည် ။ ရေချိုးလည်း
အဲဒီဘုံဘိုင် နားမှာဘဲ တိုင်ကီလေးတွေ ချပြီး ပန်းရုံလေး ဘာလေး အကာအကွယ်နဲ့ ရေချိုးတဲ့နေရာ
ဖန်တီးထားတာမျိုး ။ကျမပြောတဲ့ပုံစံ ကို အခုခေတ်ကလေးတွေတော့ သိမယ်မထင်ဘူး ။ ကျမတို့လို့
30ကျော်အရွယ်တွေဆိုရင်တော့ ဘယ်လိုအိမ်ပုံစံလေးလည်းဆိုတာ သိမယ်ထင်ပါသည် ။

ရေကလည်းပေါပေါများများရ ... ကလေးတွေအတွက်လည်း ဆော့ဖို့နေရာကလည်း အဆင်ပြေတော့
ငယ်ဘဝရဲ့ သင်္ကြန်ကာလက သိပ်ပျော်ဖို့ကောင်းခဲ့သည် ။မိုးလင်းကထဲက ရေထွက်ဆော့လိုက်တာ
နေ့လည် အိမ်ပြန်ထမင်းစား  ခဏနား.. ညနေတခါ ထပ်ထွက်ဆော့ကြပြန် ။နှုတ်ခမ်းတွေ
ပြာနှမ်းပြီးချမ်းလာတာတောင် ရေက ပက်ချင်နေတုန်း.. အိမ်က လူကြီးတွေက မလာသေးဘူးလားဆိုပြီး
အော်မှ ..အိမ်ပြန် ရေချိုး။

နောက်တနေ့မနက် ဆိုတာနဲ့ တခါ ရေပုံးနဲ့ရေပြွတ်ယူ ရေထွက်ပက်ကြပြန်နဲ့ တကယ်ကို လွတ်လွတ်လပ်လပ် ပျော်ခဲ့ဖူးတဲ့ ငယ်ဘဝကို ရခဲ့ဖူးသည် ။

တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ခေတ်ကလည်း ပြောင်းလဲလာသည် ။ပျဉ်ထောင်အိမ်လေးတွေနေရာမှာ
ကန်ထရိုက်တိုက်တွေနေရာယူလာသည် ။ အိမ်ရှေ့ မှာရှိတဲ့ ရေဘုံဘိုင် ပိုက်ခေါင်းလေးတွေ ပျောက်ကုန်သည် ။
ကလေးတွေရေပက်ကြတာနည်းသွားသည် ။အဲဒီအချိန်မှာ ကျမလည်းဆယ်ကျော်သက်အရွယ်ဖြစ်နေပြီ ။
ကလေးလိုရေထွက်မပက်ဖြစ်တော့ ။ သင်္ကြန်ဆို သူငယ်ချင်းတွေစုပြီး တအိမ်အိမ်မှာ မုန့်လုပ်ကြသည် ။
အနီးအနားကအိမ်တွေ ကျောင်းကဆရာမတွေ အိမ် ... မုန့်လိုက်ဝေကြသည် ။အချင်းချင်းရေလောင်းကြသည် ။
တခါတခါ လမ်းထိပ်ဘက်မှာ အုန်းလက်မဏ္ဍပ် ဆောက်ထားရင် အဲဒီမဏ္ဍပ်သွားပြီးရေပက်ကြသည် ။

သပြေခက်လေးနဲ့ရေပက်တဲ့ခေတ်ကို မမှီခဲ့ပေမဲ့ ရေလောင်းမယ်နော်ဆိုပြီး ခွင့်တောင်းပြီးမှရေလောင်းကြတဲ့
ခေတ်ကိုတော့ မှီခဲ့ပါသည် ။သူငယ်ချင်းတွေ သုံးယောက်လောက်စုပြီး မုန့်ဂျိုင့်လေးတွေဆွဲလို့ သွားတဲ့အခါ
ကောင်လေးတယောက်ယောက်က ရေပုံးလေးနဲ့ အနားရောက်လာပြီး ရေလောင်းမယ်နော်ဆိုရင်
 အလယ်ကတယောက်ကို လောင်းမှာလား  ဘယ်ဘက်ကတယောက်ကိုလောင်းမှာလား..ညာဘက်ကတယောက်ကို
လောင်းမှာလား မသဲကွဲ ဘဲ..မြီးကောင်ပေါက်တို့ ရင်ခုန်သံညံခဲ့ဖူးသည် ။လောင်းတဲ့သူက တစိမ့်စိမ့်ဖြည်းဖြည်းချင်း
လောင်းလေ...ရေလောင်းခံရတဲ့သူက ရင်တွေ ပိုခုန်လေ.. သူ့ရင်ခုန်သံ ကိုယ့်ရင်ခုန်သံ... ကြားနေရသလိုလို ။
တချိန်တခါစီမှာ ရှိခဲ့ဖူးသည်ပေါ့ကွယ်။

တက္ကသိုလ်ကျောင်းသူအရွယ်ရောက်လာတဲ့အခါမှာတော့ ကလေးတွေ လမ်းမှာရေပက်တယ်ဆိုတာ မရှိတော့ပါဘူး ...။
လူငယ်တွေက ရေပက်ခံထွက်ရင်ထွက် ...ဒါမှမဟုတ် မဏ္ဍပ်ထိုင်... ပတ်ဝန်းကျင်အနေအထားကလည်း
 ကန်ထရိုက်တိုက်တွေများလွန်းတော့ အိမ်သုံးဖို့တောင် ညည ရေစောင့်တင်နေရတော့  ကလေးတွေရေထွက်ပက်ဖို့ ဆိုတာ မလွယ်ရေးချ မလွယ်ပါ။

သင်္ကြန်ဆိုတာကလည်း တဖြည်းဖြည်းနဲ့ ရိုးရာယဉ်ကျေးမှု့ အနေအထားတခုကနေ ကဲချင်တိုင်းကဲကြတဲ့ ပွဲတော်
တခုလိုဖြစ်လာခဲ့သည်။အေးအေးဆေးဆေး ပျော်ကြတဲ့သူတွေရှိသလို ... သင်္ကြန်အကြောင်းပြုပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်နေကြတဲ့သူတွေလည်း များလာသည် ။

ပြောင်းလဲလာတဲ့ခေတ်တခုမှာ...ပြောင်းလဲသွားကြတာတွေကတော့ တော်တော့်ကို များပါသည်။
ဘယ်လိုအပြောင်းအလဲတွေဆိုတာကတော့ ခေတ်နဲ့ အတူ ပါဝင်စီးမြောလာသူတိုင်းသိကြပါသည် ။
ကျမကတော့ သင်္ကြန်ရောက်လာတိုင်း ဟိုးးးးးငယ်ဘဝရေပြွတ်ကလေးနဲ့ရေပက်ခဲ့တဲ့သင်္ကြန် ဆယ်ကျော်သက်ဘဝက
ရင်ခုန်သံတွေနဲ့ ဆူညံဖူးတဲ့ သင်္ကြန် .... ရေလောင်းမယ်နော်လို့ ခွင့်တောင်းခံခဲ့ရဖူးတဲ့သင်္ကြန်...
သူငယ်ချင်းတွေ စုပြီးမုန့်လုပ်ခဲ့ဖူးတဲ့သင်္ကြန်... ....      ....
ရှေးရှေးတုန်းက သင်္ကြန်လေးတွေကို အမှတ်ရနေဆဲ....။


ပစ်ပစ်
14.4.2016   (သင်္ကြန်အကြတ်နေ့)
Am  3:13







(ငယ်ငယ်က သင်္ကြန်ကာလတွေကို အဝေးကြီးကနေလွမ်းနေရသူပါ ။)

10 January 2016

မြေနီကုန်း....မြေနီကုန်း

Posted by blackroze at Sunday, January 10, 2016 1 comments
အဲဒီနေ့က  ဘတ်စ်ကားတွေလူသိပ်မကြပ်ဘူး ။

မြန်မာပြည်ကို ခဏပြန်လည်တဲ့ အချိန်မှာ အင်းစိန်ဘက်ကို ကိစ္စ တခုရှိလို့ သွားခဲ့ သည် ။လိုက်ပို့ပေးဖို့ ဘယ်သူမှ မအားတာကြောင့် ကိုယ့်ဘာသာတယောက်ထဲ သွားခဲ့သည်  ။အမကတော့ အပြန်လာကြိုပေးမယ်လို့ ပြောပေမဲ့ ..အားနာတာကတကြောင်း  ကျမတယောက်ထဲ အေးအေးဆေးဆေး သွားချင်တာတကြောင်း  အဲနှစ်ကြောင်းပေါင်းပြီး  ကိုယ့်ဘာသာပြန်လာမယ် ..မလာနဲ့လို့ဘဲ မှာခဲ့လိုက်သည် ။

အသွားက တွေ့ချင်တဲ့သူနဲ့တွေ့ ပြီး ယူစရာရှိတဲ့ စာရွက် စာတမ်း ယူရုံဘဲဆိုတော့  အချိန်သိပ်မကြာလိုက်ဘူး ။
အပြန်ကျတော့ ဘတ်စ်ကားတွေချောင်နေတာတွေ့တာနဲ့  ဆူးလေ..ဆူးလေ  လို့ အော်နေတဲ့  ကားတစီးပေါ်တက်ခဲ့လိုက်သည် ။

ကားကနေ့လည်ဘက်ဆိုတော့ နေရာလွတ်တွေ အများကြီးဘဲ ..အဲတာနဲ့ နောက်ဆုံး တန်း အလည်လောက်မှာ သွားထိုင်လိုက်သည် ။ ကျမကအလည်မှာဆိုတော့ ကျမရဲ့ ဘယ်ဘက်ဘေးတယောက်ကျော် ပြတင်းပေါက် နားမှာက ကောင်မလေး တယောက် ထိုင်နေတာတွေ့တယ်  ။အဲဒီကောင်မလေးပုံစံက အသားဖြူ ဖြူ ..
ပိန်ပိန်သွယ်သွယ် ဆံပင်ရှည်ရှည် ပုံစံလေး  ..ဖေ့ဘုတ်စကားနဲ့ပြောရရင်တော့ အလန်းလေး  ပေါ့  ။ 360 မသုံးဘဲနဂို အသားလေးကိုက ဖွေးနေတာ ...ကြည့်ရတာ .ခပ်သွက်သွက်ပုံစံလေး...ဒါကကျမ ဘာသာ သူ့ကို ကြည့်ပြီး အကဲခတ်လိုက်တာပေါ့ ။

သူက အခုခေတ်ပုံစံ ပေါ့ ဖုန်းတလုံးကို တောက်လျှောက်ပွတ်နေတာ ။
သူ့ဘာသာ ပွတ်နေတာက ပြသနာ မရှိပါဘူး ..။ကားပေါ်ကို နောက်ထပ်အတွဲတတွဲ တက်လာပါတယ် ။ ကျမဘေးနားက လွတ်နေတဲ့ ခုံမှာလာဝင်ထိုင်ပါတယ် ။ အတွဲတို့ရဲ့ သတ်မှတ်ချက်ထုံးစံတွေ အတိုင်းပေါ့ ။ ပူးပူးကပ်ကပ် ထိုင်တယ်...တိုးတိုး  ..တိုးတိုး  နဲ့ပြောတယ်.. အသံမပွင့် တပွင့်နဲ့ တခိခိ ရယ်တယ်.. ပါးလေး မသိမသာ ကိုင်တယ်..မျက်စောင်းမသိမသာထိုးတယ် ..တမင်တကာ ကြည့်နေတာ မဟုတ်ပေမဲ့ ..ကြားနေတွေ့နေရတော့လည်း အလိုက်တသိနဲ့ ဘေးက ကောင်မလေးနားကို နည်းနည်း တိုးပေးလိုက်ပါသည် ။

အဲဒီမှာ ကျမနဲ့ အဲဒီ ကောင်မလေး စတွေ့တော့တာပါဘဲ ။

ကားက မြန်မာပြည်ဘတ်စ်စကားတို့ရဲ့ မောင်းပုံ မောင်းနည်း အတိုင်း ဝူးခနဲမောင်းတယ် ။  ဝုန်းခနဲ ဘရိတ်အုပ်တယ်.. ကားကလည်း လူချောင်နေတော့ ထိုင်နေတဲ့ သူတွေက
ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် နဲ့ပေါ့ ။ကျမက ဘေးနားက အတွဲကိုအားနာတော့ ဒီဘက်ကကောင်မလေးနား တိုးထိုင်ထားတာ ဆိုတော့
ကားကဘရိတ်တခါအုပ်လိုက်ရင် ကောင်မလေးက ကျမဘက်ကို အလိုက်သင့်လေး လျောကျလာပြီး ကျမ ပခုံးကို လာလာမှီပါတယ် ။မိန်းကလေးချင်းမို့ ပြသနာမရှိပေမဲ့ ..သူကမှီပြီးရင် ပြန်မထ တော့ပါဘူး ။
အမှန်ဆို ကားကဘရိတ်အုပ်လို့ ယိမ်းတယ်..ပြီးရင် ကိုယ့်ဘာသာမတ်မတ်ပြန်ထိုင်ပေါ့ .. အခုက အဲလိုမဟုတ်ဘူး.. ဘရိတ်တခါအုပ်ရင် လျောကျလာပြီး ပြန်မမတ်တော့ ဘူး..ကျမ ကိုမှီနေရော ။ ကျမ က အလိုက်တသိနဲ့ နောက်တခါဘရိတ်မအုပ်ခင် ပခုံးနဲ့ မသိမသာ ပြန်တွန်းပြီး ပြန်မတ်ပေးလိုက်ရတယ် ။ကျမက သူ့ကို အဲလိုတွန်းပြီး ပြန်မတ်ပေးလိုက်ရင် ကောင်မလေးက လှမ်းလှမ်းမေးတယ်..
" မြေနီကုန်း ရောက်ပြီလားဟင် ...တဲ့.." မရောက်သေးပါဘူးလို့ ဖြေပေးလိုက်ပါတယ် ။

ဘရိတ်တခါအုပ်...တခါမှီ... တခါမေး ..မြေနီကုန်းရောက်ပြီးလားဟင် ..ဆိုတာပါဘဲ ။ဖုန်းကို ဘဲ ပွတ်ပြီး တဟီးဟီး လုပ်နေမဲ့ အစား ကိုယ်စီးလာတဲ့ကား ဘယ်နေရာ ရောက်နေလည်းဆိုတာ သူ့ဘာသာ မကြည့်တတ်ဘူးလား..။အသက် 20 ဝန်းကျင်လောက် ရှိနေတဲ့ မိန်းကလေးတယောက်က ဖုန်းကိုဘဲ အာရုံစိုက်ပြီး ကိုယ်သွားချင်တဲ့နေရာ ရောက်..မရောက်ဆိုတာ မကြည့်နိုင်တော့ဘူးဖြစ်နေပါသည် ။

တခါ နှစ်ခါ ..သုံးခါ..လေးခါ ..ငါးခါ မကတော့ပါဘူး..ကားကလည်း  သမိုင်းလမ်းဆုံ ဘဲရောက်သေးတယ်..ဘရိတ်က 10 ခါလောက် အုပ်ပြီးနေပြီ ။..ကျမလည်း တော် တော် လေး စိတ်တိုနေပြီ ။ကောင်မလေးက ဖုန်းကိုဘဲ အာရုံစိုက်နေတာ ။
သူ့ဖုန်းကနေ viber နဲ့ facebook နှစ်ခုလုံးကို ဟိုဝင်ဒီထွက်နဲ့ သုံးနေတာ ။
ဒါက ဘတ်စ်စကား စီးနေတာလေ ။ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေသင့်တာပေါ့ ။ကျမနေရာမှာသာ ယောက်ကျားလေးတယောက်ဆိုရင် အဲဒီကောင်မလေးနဲ့ ရည်းစားတောင် ဖြစ်လို့ရနေလောက်ပြီ ။သူမှီလာရင် ရင်ခွင်ထဲ အသာလေးပွေ့ထားပြီ မြေနီကုန်း မရောက်သေးဘူးနော်.ဆိုပြီး ကားပေါ်က အချစ်ဇာတ်လမ်းတွေတောင် ဖြစ်နေလောက်ပြီ ။

နေ့လည်ကားချောင်တဲ့ အချိန်ဆိုတော့ .ကားပေါ်ကနေ ဟိုငေးဒီငေးနဲ့ ဆူးလေအထိ လိုက်စီးသွားမယ် ..ပြီးရင် လသာ ဘက်ရောက်ရင် ကျမ တရုတ်ကျောင်းတက်တုန်းက ဆရာကို သွားတွေ့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီကားပေါ် တက်လာခဲ့တာ ။အခုတော့ ကားက လှည်းတန်းတောင် မရောက်သေးဘူး.. မြေနီကုန်း ဇာတ်လမ်းကို ဝင်ပြီး ကပြနေရတာနဲ့တင်
ဒေါသတော်တော် ထွက်လာပါသည် ။

အစပိုင်းကတော့ .. " သြော် ..မြေနီကုန်းရောက်ရင် ဆင်းသွားမှာဘဲလေ..
အလွန်ဆုံးနာရီဝက်လောက်ပါဘဲ .." ဆိုပြီး သည်းခံပြီး စီးလာပေမဲ့လည်း..။

လှည်းတန်းကို ရောက်လာတဲ့ အခါ
ကားကလည်း မှတ်တိုင်ကို တခြားကားတွေ နဲ့ပြိုင်ပြီး အလုအယက် အဝင် ..
ထုံးစံအတိုင်း ဘရိတ်ကို ဝုန်းခနဲ အုပ် ...
ကောင်မလေးကလည်း ဘရိတ်အုပ်တိုင်း လုပ်နေကြ အတိုင်း ကျမဘက်ကို အလိုက်သင့်လေး လျောပြီး မှီချ ...
ကားစပယ်ရာကလည်း လှည်းတန်း ဆင်းမဲ့သူတွေ ဆိုပြီး လှမ်းအအော် ...
အဲဒီလို အကြောင်းခြင်းအရာတွေ တချိန်ထဲ တိုက်ဆိုင်သွားချိန်မှာ ..
ကျမ လည်း ဖြတ်ခနဲ ဆုံးဖြတ်ချက်ချပြီး ကားပေါ်ကဆင်းခဲ့ လိုက်ပါတော့သည်  ။။။။

(2016 အတွက် ပထမဦးဆုံး ပိုစ့်လေးပါ  ။2015 ..2လပိုင်း မြန်မာပြည်ပြန်တုန်းက
အဖြစ်လေးကို ရေးထားတာပါ )



ပစ်ပစ်
AM  00:29
10.1.2016
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei