16 October 2010

ထားရစ်ခဲ့သူပျော်ပါစေ..

Posted by blackroze at Saturday, October 16, 2010
အေးစက်တဲ့ည..
ပျော်အောင်အိပ်လည်း...
ကြောင်တောင်မျက်လုံး....
မှိတ်မရခဲ့...
ဒီခြုံစောင်ထဲ...
ခွေကာကွေးနေ
ဖမ်းဆုပ်မရတဲ့...
စိတ်အလျဉ်က
လွင့်လွင့်ပြေးလေ..
တွေတွေဝေဝေ
မှိုင်မှိုင်ဆွေးလို့......
လွန့်လွန့်လူးလိမ့်
အိပ်ပျက်ရ၏......။။

ပြတင်းမှလှမ်းကြည့်
လမင်းဆီသို့...
မျှော်ရည်မှန်းရာ
အရိပ်ထင်လို့...
ဒီပုံရိပ်လေး
ချစ်သူလေလား..
လိုရာဆွဲတွေး..
စိတ်အစဉ်က...
အလွမ်းနဲ့လုံးပန်း
နှလုံးနွမ်းရ၏....

ညနေအိုဆည်းဆာ
တိမ်ရိပ်သာလို့
လေပြည်လေလား
အသာတိုးဝှေ့
သစ်ရွက်ခြောက်ကြွေ
လေအဝေ့မှာ...
ရှတိုက်လွင့်မျော..
တေးသံဆင့်ချို..
ချစ်သူဆိုငြား
စကားလေလား...
ထင်ယောင်ထင်မှား
တွေးမိတခဏပျော်လိုက်မိ၏

အချစ်နှင့်ပျိုးသည့်
သည်ဇာတ်လမ်း
ချစ်စိတ်ပြေရာ..
လမ်းခုလတ်မှာ
အလွမ်းဇာတ်ပြောင်းလို့
ခံစားခက်ခက်
သည်းကြွေပျက်မိ..
မျက်ရည်စို့လာ..
အငိုလွယ်ပြီး
အရှိုက်ခက်၏...။။

ဝင်သက်ထွက်သက်
ပင့်သက်တိုင်းမှာ..
နွမ်းလျရှိုက်ဖို
စိတ်ညှိုးရော်လို့
ကိုယ်ချစ်သည့်စိတ်
ကိုယ်ပြန်တွေးမိ...
တကိုယ်တည်းရှက်အားပိုရသည်....။။

ပြန်မဆုံဝေးပြီမို့
တမြင်မြင်..
မြင်ယောင်မှန်းမိပါလို့
တွေးမိရင်ဖြင့်
ရင်ထဲကမချိသာ
သြော်...............
ချန်ထားခဲ့သူ.
နောက်ဆံမတင်းလေအာင်
ဘုရားထံပါး .....ဆန္ဒရှိသလို
ဆုတောင်းလိုက်မည်
ထားရစ်ခဲ့သူပျော်ပါစေ..........။။

(16.10.2010 AM 3:19 )

16 comments:

KoSoe on 16 October 2010 at 03:33 said...

ဟင်းးးး
အားတဲ့အခါ ကဗျာလေး လာခိုးပါအုံးမည်
အဲ လာဖတ်ပါအုံးမည်

Anonymous said...

ထားရစ်တယ်လို့ မတွေးပါနဲ့...ကွယ်။

“အကြင်နာမပြရဲသူမို့
မယှဉ်သာ ဟိုအဝေးကို
ကိုယ်လေ..
ထွက်ပြေးမိတာပါ”

Anonymous said...

အင်းးးတကယ့် ခံစားချက်တွေနဲ့ ရေးထားတာထင်ရဲ့ ..။
ကဗျာလေးကလည်း အသက်ဝင်လိုက်တာ ..။

ခင်တဲ့
ယွန်း

ချော(အစိမ်းရောင်လွင်ပြင်) on 16 October 2010 at 15:19 said...

ဘယ်သူကများ ငါ့ညီမကို ထားသွားရတာပါလိမ့်
အားမငယ်ပါနဲ့ အကြောင်းကြောင်းကြောင့် ဖြစ်မှာပါ
မဆုံသရွေ့မျှော်လင့်ခွင့်ရှိတယ်တဲ့။
အချိန်ကို စောင့်ကြည့်ပါဦးနော်
ပျော်ရွှင်ပါစေ ညီမလေးရေ။

မေပယ်လ် on 16 October 2010 at 20:38 said...

သြော်...............
ချန်ထားခဲ့သူ.
နောက်ဆံမတင်းလေအာင်
ဘုရားထံပါး .....ဆန္ဒရှိသလို
ဆုတောင်းလိုက်မည်
ထားရစ်ခဲ့သူပျော်ပါစေ..........။။
အဲဒီအပိုဒ်လေးက လက်တလောအဖြစ်နဲ့ တူနေသလိုပဲ..
ခံစားသွားပါကြောင်း

ညိမ်းနိုင် on 17 October 2010 at 01:47 said...

“ကိုယ်ချစ်သည့်စိတ်
ကိုယ်ပြန်တွေးမိ...
တကိုယ်တည်းရှက်အားပိုရသည်....”
အင်းးးး ဟုတ်တယ်ဗျာ...။

Anonymous said...

ချစ်ခြင်းရသအပြည့်နဲ့  ရင်းတွင်းကဗျာလေးကို
ဖတ်ရင်း...“ကိုယ်ချစ်သည့်စိတ်
ကိုယ်ပြန်တွေးမိ...
တကိုယ်တည်းရှက်အားပိုရသည်....” ဆိုတာလေးမှာ
လေးစားမိတာလေးလဲ ပိုရဲ့။
တန်ပြန်ရောက်ရှိလာမှာပါ။ :)
ခင်မင်လျှက်...ခင်မာလာအောင်...:)

blackcoffee on 17 October 2010 at 11:00 said...

ကောင်းလိုက်တဲ့ ကဗျာလေး... ဒီလိုပါပဲ သူငယ်ချင်းရေ ချစ်ရတော့လဲ သူဘာလုပ်လုပ် အပြစ်မမြင်တော့ဘူးပေါ့။ ငါ့သူငယ်ချင်းလေး သနားပါတယ်... ငိုနဲ့ တိတ်.. တိတ်... ရယ်ရအောင် ငါတို့ အိမ်ကို အလည်လာခဲ့ ဟာသ တစ်ပုဒ်တင်ထားတယ်။

မြစ်ကျိုးအင်း on 17 October 2010 at 15:52 said...

ထားရစ်ခဲ့သူ တဲ့ စကားလုံးက ၄ လုံးထဲပဲ
ဒါပေမယ့် ဘဝ တခုလုံးစာ ပါနေတယ်။

ထားရစ်ခဲ့သူတွေက မပျော်တိုင်း ထားရစ်ခံရသူကို သတိရတတ်တယ်။
အဲဒါကိုက တန်ဖိုးပဲ မဟုတ်လား။
အတူတကွ ချစ်နေစဉ်မှာ ကိုယ့်တန်ဖိုးတွေ ပြထားနိင်ခဲ့ရင်
ဒါဟာ သူ့အတွက်တော့ တသက်စာ နှောင်ကြိုးပါပဲ။

သူကြီးမင်း (တုံးဖလား) on 17 October 2010 at 23:00 said...

ထားရစ်ခဲ့သူ ပျော်ပါစေတဲ့လား ညီမရယ်..
သဘောထားကြီးလိုက်တာ။ ကဗျာဖတ်ပြီး ခံစားချက်တွေကို နားလည်ပါတယ်။ အဆင်ပြေပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဆွေလေးမွန် said...

ကိုယ်ကိုယ်တိုင် အလို အလွမ်းကဗျာတွေရေးတတ်ပေမယ့်..
ဖတ်ရတိုင်းတော့ စိတ်ထဲမှာ မချိဘူး..သယ်ရင်းရယ်..
ဒါပေမယ့် ..တစ်ခါတစ်လေတော့လည်း လွမ်းနေရတာကိုပဲ အချစ်လို့
သတ်မှတ်ရမလို ဖြစ်နေတယ်။

အုပ်ကြီး on 18 October 2010 at 14:13 said...

ထားရစ်ခဲ့သူသာ ..လွမ်းတတ်ဦးမယ်ဆို
သူ ပျော်ပါဦးမလားဗျာ

အဖြူရောင်နတ်သမီး on 19 October 2010 at 07:43 said...

သူပြန်လာပါစေ........လို့ ဆုတောင်းပေးမိပါတယ်

မြတ်မွန် on 19 October 2010 at 11:05 said...

ဘလက်တို့ကနော် ဝမ်းနည်းအောင် သိပ်လုပ်တက်တာပဲ။

ဖိုးကြယ် on 19 October 2010 at 21:46 said...

ဝါးးးးးးးးးး ကာရန်လေးတွေနဲ့ တကယ်ကောင်းတဲ့ ကဗျာလေးပဲ.....
ထားရစ်ခဲ့တာတောင် ခွင့်လွှတ်တတ်တဲ့စိတ်ထားလေးကို ချီးကျူးမိပါတယ်။ link လေးပါယူသွားပါတယ်။

ခင်တဲ့( ဖိုးကြယ် )

နေသွေး(ဘရာဗို) on 9 November 2010 at 23:01 said...

ထားရစ်သွားသူကိုတောင် ပျော်ပါစေတဲ့
း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei