16 May 2014

နီနီမ

Posted by blackroze at Friday, May 16, 2014 4 comments


နီနီမ ဆိုတာ ကျမသူငယ်ချင်းတယောက်ဆိုပါတော့... ကျမ ၇တန်း နဲ့ ၈ တန်းနှစ် မှာမှ စပြီးသတိထားမိခဲ့တဲ့သူငယ်ချင်းတယောက်ပါ...အရင်ကထဲက ကျမနဲ့ တကျောင်းထဲပေမဲ့
သူ့အကြောင်းလည်း သိပ်မသိသလို ..အခင်မင် လည်းမရှိပါဘူး..။။

 နီနီမ ပုံစံက ပုံမှန်ကျောင်းသူတယောက်နဲ့ မတူပါဘူး..
ပြောရမယ်ဆိုရင် ညာဏ်ရည် မပြည့်တဲ့ သူပုံစံဆိုပါတော့ ..သူစာရေးရင် ရေးရင်းနဲ့ ခေါင်းကပါ
တဖြည်းဖြည်းနဲ့ စောင်းလိုက်သွားတတ်တာမျိုး ..တခုခုကိုကြည့်နေရင်လည်း သဲသဲမဲမဲ စူးစိုက်
မျက်မှောင်ကုတ်ပြီးကြည့်နေတာမျိုး ..အဲလိုပုံစံဆိုပါတော့...တခါတလေ ကျူ  ရှင်လာရင် လည်း ဖိနပ်က အနီတဘက် အပြာတဘက်လို မျိုး မှားစီးလာသေးတာပါ ... သူမှားစီးလာမှန်းလည်း သူသိပါတယ်..
နီနီမ က လပတ်စာမေးပွဲ ဆို ကျတတ်ပါတယ်..ဒါပေမဲ့ အတန်းတင်စာမေးပွဲတော့ အောင်ပါတယ်..
ဆရာမတွေရဲ့  ဂရုဏာ ကြောင့်လည်း ပါမှာပါ.. ညာဏ်ရည်နိမ့်ပါးတဲ့ကလေးကို သက်ညှာ  ဖေးမ
ပေးတဲ့သဘောနေမှာပါ....။။။

အဲဒီအရွယ်တုန်းကတော့ ငယ်သေးတော့ ညဏ်ရည်မမှီတဲ့ ကလေးပုံစံတို့   ..
 မွေးရာပါ ချို့ယွင်းချက် ရှိတာမျိုး တို့ကို သိပ်နားမလည်ပါဘူး.. အခန်းထဲက သူငယ်ချင်းတွေ အားလုံးက တညီတညွတ်တည်း  နီနီမ ဦးနှောက်သိပ်မကောင်းဘူးလို့  သတ်မှတ်ကြပါတယ်...
အဲတော့လည်း နီနီမ ကို သိပ်ပြီး  အခေါ်အပြော မလုပ်ကြပါဘူး..
နီနီမ က အဲလိုပုံစံဆိုတော့ သူ့အနားလည်း ဘယ်သူမှ
မထိုင်ချင်ကြပါဘူး.. စာရေးရင်လည်း နီနီမ က ဆရာမခေါ်တာကို ဘယ်တော့မှ မှီအောင် လိုက်မရေး
နိုင်ပါဘူး..သူမမှီမှန်း သိပေမဲ့ ဘယ်သူကမှလည်း အရေးတယူမရှိကြပါဘူး..။။

နီနီမ စာအုပ်မှာဆို အမြဲကွက်လပ်တွေကြီးပါဘဲ...သူမမှီတဲ့ စာပိုဒ်ကို ကွက်လပ်နေရာချန်ထား
လိုက်တာပေါ့..သူမှီတဲ့နေရာ ဆက်လိုက်ရေးပေါ့.. အဲဒီကွက်လပ်တွေကိုလည်း ဘယ်သူကပြန်ဖြည့်
ရေးပေးမှန်းလည်း ကျမတို့သတိမထား မိကြပါဘူး.. နီနီမ က စာအုပ်တော့ အမြဲငှားတတ်ပါတယ်..
ဆရာမ က သူမမှီမှန်းသိတော့ အိမ်ရောက်ရင် စာပြန်ကူးလို့ရအောင် အခန်းထဲက တယောက်ယောက်
ဆီက စာအုပ်ယူပေးလိုက်တတ်ပါတယ်.နီနီမ ကစာကူးပြီးရင်နောက်နေ့ စာအုပ်ပြန်ပေးပေါ့...
အဲလိုနဲ့ဘဲဖြတ်သန်းလာကြတာ..မှတ်မှတ်ရပြောရရင်  နီနီမ star ဖြစ်သွားတာက ရတန်းနှစ်မှာပေါ့ ..
၇ တန်း စာမေးပွဲ ဖြေခါနီးမှာ ..နီနီမ တယောက်ဖျားပါတယ်...တိုက်ဖွိုက်လား   ငှက်ဖျားလား
  သေချာတော့ မမှတ်မိတော့ပါဘူး..
ဆေးရုံတွေ ဘာတွေတောင် တက်ရတယ်ထင်ပါတယ်...
အတန်းပိုင်ဆရာမနဲ့ တခြား ဆရာမ တချို့ က သတင်းသွားမေးကြပါတယ်...။။

ဇာတ်လမ်းက အဲဒီမှာစတော့တာပါဘဲ....နီနီမ ကိုသတင်းသွားမေးတဲ့ ဆရာမတွေက ပြန်လာကြ
တော့ တအံတသြတွေ ဖြစ်လို့ ....အကြောင်းရင်းကတော့ နီနီမ ကသာ အခုလို ပုံစံမမှန်တာ...
သူ့မိသားစု ကျတော့ မောင်နှမတွေ အကုန်က ပညာတတ်တွေ ..မိဘတွေ ကလည်း မင်္ဂလာဈေး မှာ
ဆိုင်ဖွင့်တဲ့ ဆိုင်ပိုင်ရှင် သူဌေးတွေ... နီနီမ က မောင်နှမ 5 ယောက်ရှိပြီး...
အမအကြီးဆုံးက နိုင်ငံခြားမှာ ဆရာဝန်... အမလတ်ကလည်း နိုင်ငံခြား ကိုလိုက်သွားတာ မကြာ
သေးဘူး.. နီနီမရဲ့ နံပါတ်သုံး အကိုက ဆေးကျောင်းတက်နေတာ...နံပါတ်လေးနို့ညှာ အကိုက
မြို့ထဲက စိန်ပေါလ်ကျောင်းမှာ 9 တန်းတက်နေတာ...ဆိုပြီး သတင်းစုံသိလာလို့ပါဘဲ ...။။

နီနီမ က အခုလိုပုံစံဖြစ်နေတော့ သူ့မိဘတွေက
မြို့ထဲကျောင်းမှာထားရင် အဆင်မပြေလောက်ဘူးဆိုတာ သိလို့အိမ်နဲ့ နီးတဲ့  ရပ်ကွက်ကျောင်းမှာဘဲထားတာတဲ့... နီနီမ ရဲ့ နံပါတ်နှစ်အမ နိုင်ငံခြား မသွားခင်ကတော့
နီနီမ ကိစ္စတွေအကုန်ကို အဲဒီအမကဘဲ အကုန် လိုက်လုပ်ပေးတာတဲ့... စာတွေကူးပေးတာက အစ
အဝတ်အစားဆင်ပေးတာရော..ကျောင်းလိုက်ပို့တာရော..အဲဒီအမက နီနီမ ကို အရမ်းချစ်တာတဲ့..
ကျမတို့ ကတော့နီနီမ ကို ဂရုမထားမိတဲ့သူဆိုတော့ ဘယ်သူနဲ့ကျောင်းလာမှန်းလည်း မသိပါဘူး
သတိလည်း မထားမိပါဘူး.. သူ့ဘာသာနေ ကိုယ့်ဘာသာနေ ပါဘဲ...
အခု သူနေမကောင်းဖြစ်မှဘဲ သူ့အိမ်သတင်းသွားမေးကြရင်း အကြောင်းစုံသိတော့တာပါ...
ကြည့်ရတာ နီနီမ ကိုချစ်တဲ့ အမ နိုင်ငံခြားထွက်သွားတော့ နီနီမ ခမျာ လည်း ဖိနပ် အနီတဘက်
အပြာတဘက်တွေ ဖြစ်ကုန်တယ်ထင်ပါရဲ့ .....။။

ဒါပေမဲ့ နီနီမ ဖျားလိုက်တာ ကံကောင်းပါတယ်..ဘာလို့လည်းဆိုတော့ ဆရာမတွေ သတင်းမေးလို့
အခုလိုမျိုး အကြောင်းစုံသိလိုက်ရတော့ အားလုံးက နီနီမ ရဲ့ အိမ်ကို စိတ်ဝင်စားသွားကြပါတယ်..
အစက သူ့အိမ်ဘယ်နားမှန်းတောင် မသိကြပါဘူး.. အခုဆို တဆင့်စကားတွေကြားပြီး  နီနီမဖျားနေတာကို
သတင်းသွားမေးလိုက်ကြတာ တခန်းလုံးလိုလိုပါဘဲ  ...။။

ဒီကြားထဲ နီနီမ ပိုပြီး ကံကောင်းသွားစေတဲ့ အကြောင်းရင်းကတော့  အခန်းထဲက သူငယ်ချင်းတွေ
လူနာသတင်း မေးကြရင်းနဲ့ နီနီမ ရဲ့ ဆေးကျောင်းတက်နေတယ်ဆိုတဲ့  အကိုနဲ့  စိန်ပေါလ်ကျောင်းမှာ
9 တန်းတက်နေတယ်ဆိုတဲ့  အကို  ကို တွေ့ ခဲ့ကြလို့ပါဘဲ...အားလုံးက ပြောကြတယ်...
သူတို့ နှစ်ယောက်သိပ်ချောတယ်ဆိုဘဲ.... ဆေးကျောင်းတက်နေတဲ့ အကိုက ပိုသဘောကောင်းတဲ့
ပုံစံရှိတယ်လို့ ပြောကြတယ်.. အမှန်ကတော့ သူ့ညီမ သူငယ်ချင်းတွေ လူနာလာမေးတယ်ဆိုတော့
ဖော်ဖော်ရွေရွေ ဆက်ဆံတာနေမှာပါ..ဒါပေမဲ့ ၇တန်းဆိုတဲ့ အရွယ်ကလည်း  သစ်ရွက်လှုပ်တာတောင်
ရယ်ချင်တဲ့ အရွယ်ဆိုတော့ အားလုံးက ရင်တွေဝုန်းဒိုင်း ခုန်သွားကြတယ်ဆိုရမှာပေါ့....။။


နီနီမ လည်းကျောင်း ပြန်တက်ရော နီနီမ ဘေးနားထိုင်ချင်တဲ့သူတွေကြီးပါဘဲ..အကြောင်းပြချက်ကတော့
နီနီမ က နာလန်ထစ ဆိုတော့ သနားလို့ စာတွေဘာတွေ မမှီ မှာဆိုးလို့ ဝိုင်းရေးပေးလို့ရအောင်ပေါ့ ..
စာမေးပွဲကလည်း နီးနေပြီဆိုတော့ စာတွေမစုံမှာ ဆိုးလို့ပေါ့...ဒါပေမဲ့ ခက်တာက တခန်းလုံးက မိန်းကလေး တွေက နီနီမ အနားထိုင်ချင်နေတာဆိုတော့ အတန်းပိုင် ဆရာမတောင် စိတ်ညစ်သွားရတဲ့အထိပါဘဲ .. သချာင်္ II သင်တဲ့ ဆရာမလေးဆိုရင် နီနီမ ကို သချာင်္II ကို
အိမ်ကိုတောင် တပါတ်နှစ်ရက် ခေါ်သင်ပေးပါတယ်... နီနီမ တို့ ကံကောင်းချင်တော့လည်း  နတ်ရေကန်
ထဲ ပြစ်ချ ခံလိုက်ရသလိုပါဘဲ... ခေါ်မဲ့ပြောမဲ့သူတွေ ဝိုင်းဝိုင်းလည် ထွက်သွားပါတယ်...။။

နီနီမ ဖျားတုန်းကတော့ လူနာသတင်းမေးပေါ့... နီနီမ နေကောင်းလာတော့  စာအတူကျက်ဖို့
သွားတာတို့..ကျူ  ရှင်အသွားဝင်ခေါ် တာတို့ ကျူ ရှင် ပြန် မိုးချူ ပ် မှောင်လို့ အိမ်အထိ အဖေါ်လိုက်ပြန်
ပေးတာတို့ လုပ်ကြပါတယ်...  နီနီမ အိမ်ကလည်း အခုလို နီနီမ ကို ဝိုင်းကူညီပြီးဂရုစိုက်ပေးတော့
သူတို့လည်း စိတ်ပူရသက်သာတော့  လာသမျှ သူငယ်ချင်းကို ဖော်ဖော်ရွှေရွှေ ဧည့်ခံပါတယ်..
ထမင်းစားချိန် ထမင်းစားပြီးမှ ပြန်ခိုင်းတယ်...ညနေဆို မုန့် ဝယ်ကျွေးတယ်...
အဲလိုနဲ့ဘဲ နီနီမ အိမ်လည်း အကိုနှစ်ယောက်ကြောင့် ဝင်လာမစဲ တဖွဲဖွဲ ဆိုသလို
အခန်းထဲက သူငယ်ချင်းတွေ နဲ့ ပြည့်နေတော့တာပါဘဲ...အဲလိုနဲ့ဘဲ ..ဖြတ်သန်းလာလိုက်တာ
၇တန်းစာမေးပွဲ လည်းပြီးသွားပါတယ်... ၈တန်းတက်တော့လည်း နီနီမ အနားသူငယ်ချင်း မပြတ်ပါဘူး..
တခုတော့ ကောင်းသွားပါတယ်...သူငယ်ချင်းတွေနဲ့ အတူနေရတော့ နီနီမ ပုံစံက တယောက်ထဲ
ကြောင်တောင်တောင် ပုံစံတော့ ဖြစ်မနေ တော့ ဘူးပေါ့ ..သူငယ်ချင်းတယောက် မဟုတ် တယောက်
ရှိနေ တော့ သူလည်း အဖော်ရသွားတာပေါ့....

ကျမတို့ 9တန်း တက် တော့လည်း ဒီလိုပုံစံပါဘဲ..နောက်တော့ 10 တန်း ရောက်တော့ ...
နီနီမ တို့အိမ်ပြောင်းသွားကြပါတယ်...အဲဒီအချိန်တုန်းက လုံးချင်း အိမ်ယာတွေစပြီးခေတ်စား
လာတဲ့ အချိန်ထင်ပါတယ်..နီနီမ တို့လည်း လုံးချင်းအိမ်ယာဝင်းတခုကို ပြောင်းသွားတာပါ..။။

ကျမ ၁၀ တန်းအောင်ပြီးတဲ့နောက်ပိုင်း မှာ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ အကုန်ကွဲ ကုန်ပါတယ်... နီနီမ အောင်လား ကျလားလည်း
မသိတော့ ပါဘူး...ကျမက နီနီမ နဲ့ 9တန်းနှစ်မှာ အခန်းမတူတော့ပါဘူး..အဲဒီတော့လည်း
သူ့အကြောင်း သိပ်အဆက်စပ်မရှိတော့ပါဘူး.. အိမ်ပြောင်းသွားတော့ ပိုပြီးတောင် အဆက်ပြတ်သွားပါတယ်...သူ့အကိုတွေ နဲ့ သူငယ်ချင်းတွေထဲက ဘယ်သူ နဲ့ကြိုက်သွားတယ်  ဆိုတဲ့ သတင်းလည်း မကြားမိပါဘူး... ။။

အခုဆို နီနီမ တယောက် ဘာလုပ်နေမှန်းလည်း မသိတော့ပါဘူး..
ဘွဲ့တွေ ဘာတွေရပြီလား.. 10တန်းရော အောင်ရဲ့ လား..သေချာမသိတော့ပါဘူး..
အခုလို ကျောင်းတွေ ဖွင့်တဲ့ မိုးရာသီ ရောက်ရင် အဖြူအစိမ်း ဝတ်ပြီးကျောင်းတက်ခဲ့ရတဲ့
ကျောင်းသူ ဘဝကို အရမ်းပြန်သတိရမိတတ်ပါတယ်...ငယ်ကသူငယ်ချင်းတွေကို သတိရမိတတ်ပါတယ်..
အထက်တန်းကျောင်းတက်တုန်းက သူငယ်ချင်းလေးတွေကို မျက်စိထဲမြင်ယောင်မိတတ်ပါတယ်..
ပြန်မရနိုင်တော့တဲ့  ဘဝအစိတ်အပိုင်းတခုဆိုပါတော့... အဖြူအစိမ်းလေးဝတ်ထားပြီး
လွယ်အိတ်လေးကိုယ်စီနဲ့ ပုံစံတွေ မြင်လိုက်ရတိုင်း..
အပူအပင်ကင်းတဲ့....ငယ်ဘဝလေးပြန်သတိ ရမိနေတုန်းဘဲ....။။။။

ပစ်ပစ်
Pm 4:51
16.5.2014


( ကျမ ကျောင်းသူဘဝတုန်းက တွေ့ခဲ့သိခဲ့တဲ့ သူငယ်ချင်းတယောက်ကို အမှတ်ရစိတ်နဲ့
ရေးထားတာပါ..သူ့နာမည်တော့ ပြောင်းထားပါတယ်...)



06 May 2014

ခပ်ရိုးရိုးအချစ်ဇာတ်လမ်းတပုဒ်

Posted by blackroze at Tuesday, May 06, 2014 6 comments
ကျမတို့နှစ်ယောက်ရဲ့ အချစ်ကဘာမှတော့သိပ်မထူးဆန်းပါဘူး..ခပ်ရိုးရိုး အချစ်ဇာတ်လမ်းတပုဒ်ပါဘဲ....။။

ကျမတို့မြို့လေးမှာ သူ့ ရဲ့သူငယ်ချင်းတယောက်ရှိပါတယ်...တိတိကျကျ ပြောရရင်တော့ ကျမနေတဲ့ မြို့လေးမှာ  သူ့ရဲ့သူငယ်ချင်းကတာဝန်ကျတယ်ဆိုပါတော့ ...သူ့သူငယ်ချင်းစီသူလာလည်တယ် ..ကျမနဲ့ အမှတ်မထင်တွေ့ဆုံပြီး ကျမနဲ့ သူ ချစ်သူတွေ
ဖြစ်ခဲ့ကြတယ်...။။

ကျမက သူ့ကို မောင်လို့ ခေါ်ပြီး ကျမကိုသူက နာမည်အဖျားလေးစွတ်ပြီး  ညို လို့ခေါ်ပါတယ်...
သာမန်ဝန်ထမ်း အသိုင်းအဝိုင်းက မောင်နဲ့ဆီစက်ပိုင်ရှင်ဆိုပြီး  မြို့မျက်နှာဖုံးစာရင်းဝင်တဲ့ မိသားစုအသိုင်းအဝိုင်း က ကျမ.... ဒီ အချစ်ဇာတ်လမ်း စစချင်းမှာ  ကျမရဲ့ သူငယ်ချင်း တချို့ က ဗီလိန်လုပ်ပြီး ဝိုင်းတားခဲ့ကြပါသေးတယ်...
ခေါင်းမာတတ်တဲ့ ကျမ ကတော့ အရာအားလုံးကို ကျော်ဖြတ်လို့ မောင့်လက်ကို ရဲရဲ တွဲခဲ့တယ်... ။။
ကျမ တွဲခဲ့တဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့လည်း ကျမ ဆုံးဖြတ်ခဲ့တယ်... ။။

ကျမနဲ့ မောင် နဲ့ တွေ့ခွင့်ရတဲ့ ရက်တွေက ချစ်သူသက်တမ်းမှာ နည်းလွန်းပါတယ်.. မောင်က ဝန်ထမ်း
ဆိုတော့ သူတာဝန်ကျတဲ့ မြို့ ကနေ ကျမစီတကူးတက လာတွေ့ရတာပါ .. မောင် ကျမကို လာတွေ့
တဲ့ ရက်တွေဆို  ကျမအတွက် သိပ်ကို လှပတဲ့ရက်ကလေးတွေပါဘဲ.. မောင်က ညဘက် ကားစီးလာ..
ကျမနေတဲ့မြို့ ကို မနက် စောစောရောက်တယ်..ကားဂိတ်ကနေ မောင်က သူ့ ငယ်ချင်းစီ သွား ခဏလောက်နား ပြီးရင် သူငယ်ချင်းဆိုင်ကယ်ခဏငှားပြီ ကျမကိုလာတွေ့ပါတယ်..။။

ကျမတို့အိမ်လမ်းထိပ်က စာအုပ်ဆိုင် မှာမောင်ကစောင့်နေတတ်တာပါ.. စာအုပ်ဆိုင်က အမ နဲ့လည်း
ကျမနဲ့က အရမ်းခင်တော့  မောင်ရောက်လာရင် အမတို့ လင်မယား ကနေ ကျမကိုယ်စားဧည့်ခံပေးထား
တာပါ.. ကျမက ကျမရဲ့အမအကြီးဆုံးဖွင့်ထားတဲ့ ကွန်ပြူတာသင်တန်းကျောင်းမှာ အချိန် ပိုင်းဆရာမ လုပ်ပါတယ်...။။

မောင်လာမယ်လို့ ဖုန်းဆက်ထားတဲ့နေ့ မျိုးဆို ကျမက သင်တန်းးကို ခါတိုင်းအချိန်ထက် စောပြီး
သွားပါတယ်... အိမ်ကထွက်တာနဲ့ လမ်းထိပ်က စာအုပ်ဆိုင်လေးမှာ စောင့်နေတဲ့  မောင်နဲ့ အတူ
နေ့လည် စာတခုခု သွားစား ပြီးရင် မောင်က ကျမကို သင်တန်းရှိရာ လိုက်ပို့ပေးတယ်...
ကျမစာသင်နေတဲ့ အချိန် ဆိုရင် မောင်က သင်တန်းရှေ့ က လက်ဘက်ရည် ဆိုင်မှာ စာအုပ်တအုပ်
ဖတ်ရင်း ကျမသင်တန်း ပြီးချိန်အထိ စောင့်တယ်...ကျမ စာသင်ပြီးချိန် မောင်က အိမ်ပြန်လိုက်ပို့ပေးတယ်..
ပြီးရင် သူ့သူငယ်ချင်းစီပြန် ရေချိုးခဏနားပြီး  ညဘက်ကားနဲ့ သူတာဝန်ကျတဲ့  မြို့ကို ပြန်ပါတယ်...။။

တခါတလေ ညအိပ်ခွင့်လေးရတဲ့နေ့မျိုးဆိုရင် ညနေဘက် ကျမကို အိမ်ပြန်လိုက်ပို့ပြီးရင်  မောင်က
သူ့သူငယ်ချင်းစီ ပြန် ရေချိုး  ပြီးရင် ကျမကိုတခါပြန်လာခေါ် ပြီး  မြို့ အဝင်နားလေးက  ဆုတောင်းပြည့်
ဘုရား သွားဖူးကြတယ်.. ဘုရားဝင်းထိပ်က အကြော်တဲလေးမှာ ထိုင်စားရင်း မောင်က သူ့တာဝန်တွေ
အကြောင်း  ..ကျမကလည်းကျမသင်တန်းက တပည့်တွေအကြောင်း .. အပြန်အလှန်ပြောပြနေကြ...
တခါတရံ မှာလည်း ကျမနဲ့ မောင်တို့ ဘဝရှေ့ ခရီးအကြောင်း ပြောလို့ ကြည်နူးလို့ပေါ့....။။

တခါတလေ မောင်က သူ့မိသားစု အကြောင်းပြောပြတတ်တယ်... သူ့ခံစားချက်လေးတွေ ပြောပြတတ်တယ်...

" ညို ..မောင်တို့က ဘဝသမားတွေနော်... ဆင်းရဲတယ်... အဖေနဲ့အမေ က မောင့်ဘဝ မှာ ပညာတခုပြည့်စုံ ဖို့တောင် မနည်းကြိုးစားပေးခဲ့တာ... ညို့ လို့ အရာရာပြည့်စုံတဲ့ အနေအထားမျိုး ကနေ
မောင်ကြီး ပြင်းခဲ့ရတာမဟုတ်ဘူး..မောင့်အောက်မှာ ညီလေးနဲ့ ညီမလေး လည်း ၇ှိသေးတယ်.. ..
တခါတခါတော့လည်း ညိုရယ်  ..အဲတာတွေ တွေးမိရင်  မောင်ရင်လေးတယ်  ..သိလား  "

အဲလို အခါမျိုးဆို ကျမက မောင့်ကို အားပေးနေကြ...
" မောင်ရယ်..ငွေဆိုတာ လိုအပ်တယ်မှန်ပေမဲ့  ..အရာတိုင်းကိုလည်းဖန်တီးလို့ မရနိုင်ပါဘူး...
ငွေထက်အရေးကြီးတာလေးတွေ လည်းရှိပါတယ်... မောင်က ဘာကိုတွေးပြီး စိတ်ပူနေရတာလည်း
မောင့်အနားမှာ ညို အမြဲတမ်း ၇ှိနေမယ်လေ... "

အဲလိုအချိန်တွေဆို မောင်က ကျမ လက်ကို တင်းတင်း ဆုပ်ကိုင်လို့  ကျမက မောင့်ပခုံးလေးကိုမှီလို့..။။

မောင့်ကိုယ်ထဲက ခွန်အားတွေသတ္တိတွေက မောင့်ရဲ့ လက်ဖဝါးတွေကနေ တဆင့် ကျမ ကိုယ်ထဲ
စီးဝင်လာတယ်လို့ ကျမ ခံစားမိတယ်... ..
ကျမရင်ထဲက အချစ်နဲ့မေတ္တာတရားက ကျမရဲ့ လက်ဖဝါး ကတဆင် မောင့်ရင်ထဲကို စီးဝင်သွားပါစေ
လို့လည်း ကျမဆုတောင်းမိတယ်...

ညနေစောင်းလို့ နေဝင်ပြီဆို မောင်က ကျမကို အိမ်ပြန်လိုက်ပို့ပေးတယ်...
ဘုရားကနေ အပြန်လမ်း ဆိုင်ကယ်မောင်းနေတဲ့  မောင့်ကျောပြင်ကို ကျမပါးလေးနဲ့ ကပ်လို့ ..
မောင့်စီကရတဲ့ကိုယ်သင်းရနံ့လေး   ...အဲလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ကို ပြီးပြည့်စုံတဲ့
ညနေချမ်းနေဝင်ချိန်လေးတွေပါဘဲ...

ဒါပေမဲ့ ဒီလိုညနေခင်းလေးတွေဟာ ကျမအတွက် သိပ်ရှားပါးလွန်းတယ်..မောင်က တခါတရံမှသာ
ညအိပ်ခွင့်လေး ရတတ်လို့ပါ... ကျမတို့ချစ်သူသက်တမ်း 2 နှစ်ဆိုတဲ့ အချိန်အတွင်းမှာ
ဒီလိုညနေခင်းလေးတွေ ဘယ်နှစ်ခုဆိုတာ လက်ချိုး ရေလို့ရပါတယ်...

ကျမက မောင့်ပြန်ခါနီးတိုင်း   မောင့်ကိုမေးနေကြ...
" မောင်က ညို့ကို ခဏခဏ လည်းလာတွေ့တာမဟုတ်ဘူး.. ညိုက.. မောင့်ကိုဘဲ အချိန်တိုင်း လွမ်းနေရတာ
အခုလည်း မောင်ပြန်သွားတာနဲ့ ညိုက လွမ်းရတော့ မှာ...ညို ဘယ်လိုနေရ  မလည်း
မောင်ပြောပြ ခဲ့ " လို့ မေးရင်
" ညို ... မောင့်ကိုလွမ်းရင် လွမ်းတဲ့ အကြောင်းတွေ စာရေးထားလေ..ကဗျာလေး ဖြစ်ဖြစ် စာတိုလေး
တစောင်လောက်ဖြစ်ဖြစ်ပေါ့  ..မောင်လာတော့ ပေးဖတ်လေ..အဲတာဆို ညို ဘယ်လောက် လွမ်းလည်း
မောင်သိရမှာပေါ့ .. " လို့ ပြန်ပြောနေကြ... .ကျမ မောင်နဲ့ မတွေ့ရတဲ့ ရက်တွေမှာ မောင့်ကို အရမ်း
လွမ်းပါတယ်.. ဒါပေမဲ့  မောင်မှာ သလိုတော့ စာတွေ ကဗျာတွေ ချမရေး ထား ဖြစ်ဘူး..
သတိရလာရင် ဖုန်းလေးဆက် မက်ဆေ့လေး ပို့လိုက်တာမျိုး လုပ်တာကလွဲပြီး
မောင်မှာ သလိုတော့  စာတွေကဗျာတွေ မဖန်တီး ဖြစ်ခဲ့ ဘူး...မောင်ကလည်း ကျမစီလာမတွေ့
နိုင်ပေမဲ့ ကျမ အိပ်ခါနီး တိုင်း ဖုန်းဆက်စကားပြောနေကြ ဆိုတော့  ကဗျာရေးဖို့စာရေးဖို့ ထက်
ဖုန်းဆက်ဖို့လောက်သာ ကျမကအာရုံ များနေတာ လည်းပါတာပေါ့...

ကျမက ကံကြမ္မာကို လျော့တွက်မိတာလား...ဒါမှမဟုတ် ကံကြမ္မာကဘဲ ကျမကိုမျက်နှာသာ မပေးတာလား
ဝေခွဲမရခဲ့ပါဘူး...ကျမနဲ့ မောင် ဘာပြသာနာမှ ကြီးကြီးမားမား မရှိဘဲ မောင် က ကျမကို
အဆက်သွယ် ဖြတ်သွားခဲ့ပါတယ်... ကျမ တကယ်ကိုနားမလည်နိုင်ခဲ့ပါဘူး...
အချစ်ဆိုတာကိုလည်း ကျမမယုံကြည်နိုင်တော့ဘူး... တယောက်ကိုတယောက်ချစ်ရင်
ဘယ်အရာမဆို ရင်ဆိုင်ရဲရမယ်လို့   ကျမ လက်ခံထားခဲ့တာပါ ... ကျမကရင်ဆိုင်ရဲပေမဲ့လည်း
တဘက်က ရင်မဆိုင်ရဲရင် ဘာမှဆက်လုပ်လို့မှ မရတာလေ...
ကျမရဲ့ ခံစားချက်တွေကို ကျမဘာသာသိမ်းဆည်းလို့  သံယောဇဉ်ကြိုးတချောင်းကို ဖြတ်ဖို့
ကြိုးစား ခဲ့ရတယ်... ..  ။။

မောင်က ကျမကို ဘာကြောင့်ထားခဲ့တာလည်း ..
ကျမ ကိုမချစ်တော့လို့လား
ကျမထက်ပိုချစ်ရမဲ့သူ တွေ့သွားလို့လား..
ကျမရဲ့ အမေနဲ့ အကို ကြီးက မောင့်ကို သွားတွေ့ ပြီး ...ကျမနဲ့ပတ်သက်ပြီး စကားပြောပါရစေ
ဆိုပြီး ပြောခဲ့တဲ့ စကားတွေကြောင့်လား...ဘာကြောင့်ဆိုတာ တော့ 
မောင် ကိုယ်တိုင်သာ  အသိဆုံးဖြစ်ပါလိမ့်မယ်..

ကျမ အရာအားလုံးကို နားလည်ပေးလိုက်ပါတယ်... ကျမ နဲ့ ပတ်သက်ပြီးမောင့်ကို သွားတွေ့ခဲ့တဲ့
ကျမရဲ့ မိသားစု ကိုရော...
သတ္တိနည်းတဲ့ ကျမရဲ့ ချစ်သူကိုရော..
ကျမရဲ့ ကံကြမ္မာကိုရော...
ကျမ နားလည်ပေးလိုက်တယ်... ကျမရင်ထဲ ပေါက်ကွဲနေတဲ့  ခံစားချက်တွေ အားလုံးကို
မျက်ရည်အဖြစ်ကလွဲရင်  စကားတခွန်းအဖြစ်တောင် မထုတ်ပြခဲ့တဲ့ ကျမကို အိမ်က မိသားစုဝင်တွေရော
ကျမရဲ့ သူငယ်ချင်းတွေ ရော တအံတသြ ဖြစ်လို့ရယ်လေ။။

ကျမ စားရမဲ့ အချိန် မှာ  စားတယ်..
သင်တန်းမှာစာသင်ပေးရမဲ့ အချိန်မှာ စာသင်ပေးတယ်..
ကျမနေ့စဉ် လုပ်နေကြ အရာတွေ အားလုံးကို ပုံမှန်အတိုင်း ကျမ ဆက်လုပ်သွားခဲ့တယ်...
အဲဒီတော့လည်း  ကျမ ပုံမှန်လိုဘဲ နေ  နေတာဆိုတော့...အေးအေးဆေးဆေး ပါလို့ဘဲ
အားလုံးက ထင်ခဲ့ကြတယ်.. ။။

တကယ်တော့ ကျမရင်ထဲက ခံစားချက်တွေ ခံစားတတ်တဲ့ နှလုံးသား တခုလုံး သေသွားတယ်
ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး...
ကျမဟာ ရှင်ရက် နဲ့ သေသွားတယ်ဆိုတာ  ဘယ်သူမှ မသိလိုက်ကြပါဘူး..။။

ဒီလိုနဲ့ဘဲ ကျမရဲ့ အချစ်ဇာတ်လမ်းလေးကလည်း  ချစ်သူတွေ အဆင်မပြေကြလို့ ကွဲသွားတယ်
ဆိုသလိုပေါ့  ... ခပ်ရိုးရိုး ဇာတ်လမ်းတပုဒ်လိုဘဲ ပြီးဆုံးသွားခဲ့ပါတယ်...။။

ကျမ ညအိပ်ယာဝင်တိုင်း မောင့်ကို လွမ်းလို့ သတိရတဲ့အကြောင်းရေးထားတဲ့  စာတို အပိုင်းအစလေးတွေ
ဘူးလေးတဘူးထဲ သိမ်းထားမိတယ်.. ကျမရေးထားတာတွေကို ဖတ်မဲ့သူ မရှိတော့တဲ့ အချိန်ကျခါမှ
သတိရတဲ့အကြောင်းတွေ စာရွက်ထဲချရေးမိတဲ့ အဖြစ်ရယ်ပါ...
ဖတ်မဲ့သူ မရှိတော့ဘူးဆိုတာ သိနေပေမဲ့  ကျမ အိပ်မပျော်တဲ့ ညတိုင်း
 "  မောင့်ကို ညို အရမ်းလွမ်းတာဘဲ သိလားမောင် "
ဆိုတဲ့ စာကြောင်းလေးတွေ ချရေး နေမိဆဲ...

 မြို့အဝင်နားက ဆုတောင်းပြည့်ဘုရားစီ သွားဖြစ်တဲ့ ညနေခင်းတွေဆို ...
လေပြေ ထဲကနေ မောင့်ရဲ့ ကိုယ်သင်းနံ့ လေးများ ရလိုရငြား ပင့်သက်ရှိုက်မိဆဲ ...

အကြော်ဆိုင်လေးမှာ တယောက်ထဲထိုင်ဖြစ်တိုင်း  အကြော်ရောင်းတဲ့ အဒေါ်ကြီးရဲ့
ကရုဏာ သက်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတိုင်း  နှုတ်ခမ်းကိုတင်းတင်းကိုက်လို့
မငိုဘူးလို့ စိတ်ထဲတင်းထားပေမဲ့  မျက်ရည်တွေ ကျမိတတ်ဆဲ..

ညဘက်အိပ်ယာဝင်ချိန်တွေဆို မောင်များ ဖုန်းဆက်လာလေ မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းလေးကို ခေါင်းအုံးဘေးနား ထားနေမိဆဲ ....

" ညို " ဆိုပြီး ခပ်ရှရှ  ခေါ်တတ်တဲ့  မောင့်အသံလေးကို နားထဲ ပြန်ကြားယောင်နေမိဆဲ ...

အဲဒီလိုနဲ့ဘဲ  နာရီတွေ ရက်တွေက ပြက္ခဒိန်စာရွက်တွေကို ခြွေချ သွားတော့တယ်... ။။။။။။


ပစ်ပစ်
Am 3:02
6.5.2014


04 May 2014

အထင်ကြီးစိတ်

Posted by blackroze at Sunday, May 04, 2014 0 comments
လူတယောက်စီမှာ ကောင်းတာလည်းရှိတတ်သလို  ဆိုးတာလည်းရှိတတ်ပါတယ်...
ဘယ်နေရာ မဆို အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်ပါတယ်..
ကောင်းတယ်လို့မြင်ရင် ခံစားမိရင်  ကောင်းတဲ့အချက်လေးတွေကို အတုခိုးပါ.. လေ့လာပါ..သင်ယူပါ..
ဆိုးတယ်လို့ မြင်ရင် ခံစားမိရင် ကိုယ့်အလှည့်ကျရင်  အဲလိုအပြူ  အမူ မျိုး မပြု လုပ်မိအောင်
ဆင်ခြင်ပါ...။။

ကျမတို့အလုပ်က ခေါင်းဆောင်မက အသက် 50 ပတ်ဝန်းကျင်လောက် ရှိတဲ့ တရုတ်မ အပျို ကြီးတယောက်ပါ ...
သူ့ အသက်က 50 ပတ်ဝန်းကျင် ဆိုပေမဲ့ ရုပ်ကလေးက နုတော့ 40 ကျော် ပတ်ချာလည် လို့ ဘဲ
ထင်ရတယ်... မိတ်ကပ်အကောင်းစား သုံးနိုင်တာတို့  တကိုယ်တည်းသမားဆိုတော့ အပူပင်
နည်းတာလည်း ပါမှာပေါ့လေ...
ကိုးရီးယား နဲနဲ စပ်တယ်လို့လည်း ပြောသံကြားဖူးတယ်.. အလုပ်သမား 30ကျော်လောက်ကို
စီမံခန့်ခွဲ ဖို့ leader နေရာ ပေးထားတယ်ဆိုတော့လည်း  ထက်မြက်တဲ့ အရည်အချင်းလည်း ရှိမယ်
ထင်ပါတယ်... ။။

တခုဆိုးတာက  .. ကိုယ့်ကိုကိုယ့် အင်မတန် အထင်ကြီးတဲ့ စိတ်သိပ်များတယ်.. သူကoperator leader ဆိုတော့ ကျမတို့  operator တွေ အားလုံးကို သူကပဲ  စီမံခန့်ခွဲ ပေးရတာပါ... ကျမတို့ မရှင်းတတ်တဲ့
ပြသနာမျိုး  မသေချာတဲ့ စာရင်းမျိုး ဆို ရင် သူ့ကို ဘဲ မေးရတာပါ ...
သူစိတ်ကြည်သာတဲ့ နေ့ဆို  ပြသနာမရှိပေမဲ့  သူ့ စိတ်ထဲ ပြသဒါး ဖြစ်နေတဲ့နေ့ ဆို
ပြောဆိုဆက်ဆံရ သိပ်ခက်ပါတယ်..အဓိကတော့  သူ့ရဲ့ စိတ်ကြောင့်ပါဘဲ.. လူဆိုတာ ကိုယ့်ကိုကိုယ်
သိပ်အထင်ကြီးလို့ မရပါဘူး..အရာတိုင်းကို ကိုယ်တယောက်ထဲစွမ်းဆောင်နိုင်တယ်ဆိုတာ
မရှိနိုင်ပါဘူး.. ကိုယ်တယောက်ထဲ လုပ်လို့ ရနိုင်တဲ့ကိစ္စ မျိုး  ကို တယောက်ထဲ အနေအထား နဲ့
ဖြေရှင်းလို့ ရနိုင်ပေမဲ့ အများ နဲ့ဆိုင်တဲ့ ကိစ္စမျိုး ကို တယောက်ထဲရဲ့ စိတ်နဲ့ ကိုယ်ဖြစ်ချင်တဲ့
အနေအထား အတင်းလုပ်ယူလို့ မရပါဘူး...။။

သူ့ရဲ့ စိတ်တိုင်းကျ ဖြစ်အောင် ဘယ်သူများ အမြဲ လိုက်နေ ပေးနိုင်မှာလည်း...
leader ဆိုတာလည်း leader တာဝန်ရှိပါတယ်..ထိပ်ဆုံးက အရာရှိ နဲ့ အောက်ခြေက ဝန်ထမ်း တွေအားလုံး  အမြဲတစေ ထိတွေ့ ဆက်ဆံနေဖို့ အဆင်မပြေ တဲ့အတွက်
ကြားခံလူအဖြစ် တချို့ သော ကိစ တွေကို ဖြေရှင်းပေးလို့ရအောင်  leader တယောက်
ထားပေးတဲ့သဘောပါ.. ဒါပေမဲ့ ကိုယ့်ဘာကိုယ် အထင်ကြီးစိတ် သိပ်များတဲ့ ခေါင်းဆောင် တယောက်
နဲ့ ဘယ်ဝန်ထမ်းကမှ မဆက်ဆံ ချင်ကြပါဘူး..။။

သူ့စိတ် မကြည် တဲ့  နေ့ဆို တခုခု မရှင်းလို့ သွားမေးရင်  ဖြေချင်သလို မဖြေချင်သလို ပုံစံ ...
သူဖြေရှင်းပေးရတဲ့ ကိစ္စ မျိုးရှိလာရင် လည်း ဒါလေးတောင် မလုပ်တတ်ဘူးလား ဆိုတဲ့ အကြည့်မျိုး
ကြည့်တတ်တာမျိုး  ( ဟုတ်တယ်လေ..မသိလို့ မေးပါတယ် ဆို မှ မလုပ်တတ်လို့မေးတာပေါ့ ..သိမှ
တော့ ကိုယ့် ဘာကိုယ်ဘဲ လုပ်တော့မှာပေါ့  ..မဟုတ်ဘူးလား.. )သူ့ကို ခေါင်းဆောင် နေရာပေးထားတယ်
ဆိုတာ  သူ့လက်အောက်က ဝန်ထမ်းတွေ မလုပ်နိုင်တဲ့ ကိစ္စ မျိုး ရှိလာခဲ့ရင် ဖြေရှင်း ပေးလို့
ရအောင် .. ကျမတို့ တွေထက် ပိုများတဲ့လခ ပေးပြီး ခေါင်းဆောင် ဆိုတဲ့ နေရာတခု ပေးထားတာပါ...

ဒီလခ ဒီနေရာ ကို ယူထားရင် ဒီ လို အခွင့် အရေး တွေနဲ့ ထိုက်တန်တဲ့ တာဝန် လည်းယူပေးရမှာပါ...
ဒီလို နေရာ မျိုး မှာ နေပြီး တာဝန် ဆို တာကို မသိချင်ယောင်ဆောင် တတ်တာမျိုး .. ကိုယ်မှား သွားတဲ့
ကိစ္စ မျိုး တွေ ရှိလာရင် အောက်က လူအပေါ် မသိမသာပုံချ လိုက်တာမျိုး..တခါတရံမှာ ကျမတို့က
သေချာမသိလို့ သွားမေးထားတဲ့ကိစ္စ တခု ဆိုပါတော့...သူပြောလိုက်တဲ့အတိုင်း လုပ်ပေး လိုက်တာဘဲ
ဒါပေမဲ့ အဲဒီ ကိစ္စက ပြသနာတက်လာရင်  သူနဲ့ မဆိုင်သလို မျိုး အောက်က ဝန်ထမ်းက ကိုယ့်သဘော
နဲ့ကိုယ်   လုပ်လိုက်လို့  ပြသနာဖြစ်လာတဲ့ ပုံစံမျိုး လုပ်တာပါ...တကယ်တမ်းတော့  အောက်က
ဝန်ထမ်းက   မသိလို့ သူ့သွားမေးတယ်.. သူပြောတဲ့ ပုံစံအတိုင်း   လုပ်ပေး လိုက်တာဘဲ...
အဲဒီအနေအထား မှာ ဘယ်သူတာဝန် အရှိ ဆုံးလည်း...  အဆင်ပြေသွားတဲ့ အခြေအနေတခုဆို
သူအုပ်ချု ပ်တာ ကောင်းလို့  သူစီမံတာကောင်းလို့   ဆိုတဲ့ ပုံစံနဲ့  မျက်နှာ ဝင်ယူတတ်တယ်....
ပြသနာတက်ရင်တော့  နင်တို့ တွေ အသုံးမကျလို့  ဆိုတဲ့ ပုံစံနဲ့ ခေါင်းရှောင်တတ်တဲ့ . လူစားမျိုး
က ခေါင်းဆောင် တယောက် မဖြစ်ထိုက်တာတော့ အမှန်ဘဲ...။။။

သူ့ကိုယ်သူတော့  သွေးနားထင်ရောက်ပြီး မော့မော့  မော့မော့  နဲ့ပေါ ...ဒါပေမဲ့ဘေးက လူတွေက
ဘယ်လိုဘဲ ကြည့်ကြည့် သူဘာလည်း  ဘယ်လိုစိတ်ဓါတ်လည်း ဆိုတာ သိနေတော့
အထင်မကြီးကြတာ အမှန်ဘဲ... မလွဲသာလို့ သာ ဆက်ဆံ ပြောဆိုနေရ ပေမဲ့
ကျမတို့လို  သူ့လက်အောက်က  ဝန်ထမ်းတွေ အဖို့   တော်တော် စိတ်ညစ်ရတာပါ...
သူခွင့်ယူချင်တဲ့ နေ့ ဆို ရတယ်..သူများခွင့်ယူချင်တဲ့  နေ့ဆို ရချင်မှ ရတယ်... အဲလို အနေအထား
လေးတွေ လည်း ရှိတယ်ဆိုပါတော့ ....

သူ့ မှာလည်း တော်တဲ့ ကောင်းတဲ့ အချက်လေးတွေ ရှိ ပါလိမ့်မယ်.. အဲလိုလေးတွေရှိလို့ လည်း
Leader နေရာ ကို သူ့ ကို ပေးထားတာပေါ့...ဒါပေမဲ့  ကျမ အမြင်မှာတော့  သူက  သူ့ မှာ ရှိတဲ့
အရည်အချင်း ဆိုတာထက် သူ့ကိုယ်သူအထင်ကြီးတဲ့ စိတ်က  ပိုများနေတယ် ထင်ပါတယ်...
လူဟာ ကိုယ့်ကို ကိုယ်ယုံကြည် မှု့ ရှိတာ ကောင်းပါတယ်.. ဒါပေမဲ့  ယုံကြည်မှု့ လွန်းကဲ လာရင်တော့
ကိုယ့်ဘာကို အထင်ကြီး စိတ်တွေဝင်ပြီး  ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သိပ်အဆင်မပြေတော့ပါဘူး..။။

ကျမ သူ့ကို သေချာအမြဲတမ်း လိုက်ကြည့်တယ်...သူဘယ်နေရာမှာတော်လည်း  ..
ဘယ်နေရာမှာ ထက်မြက်လည်း  ..အဲလိုနေရာတွေလည်း ရှိပါတယ်.. စကားပြောတဲ့နေရာ
အမူအယာသိပ်ကောင်းတယ်..  သူ အမြင်ကတ် တဲ့သူနဲ့ ဖြစ်နေပါစေ  အပြူံးမပျက်ကို စကားပြော
နိုင်တဲ့ အရည်အချင်းကိုတော့ တကယ်ကို လေးစားပါတယ်... ဘယ်လောက်ဘဲ အရေးကြီးတဲ့ကိစ္စ
တခုဖြစ်နေပါစေ ... သွေးအေးအေးနဲ့ လုပ်သွားတတ်တဲ့  ပုံစံမျိုး ...ဘယ်တော့မဆို သူ့ကို ကြည့်လိုက်ရင်  ခပ်အေးအေး ပုံစံနဲ့ ဘဲ  ပြောဆို ဆက်ဆံသွားတာ...
အဲတာတခုကို တော့ သိပ်သဘောကျပါတယ်... သွေးအေးအေးနဲ့ ပြသနာဖြေရှင်းတယ်ဆိုတာ မျိုး ပေါ့...(တခုတော့ရှိမှာပေါ့လေ...ဘာပြသနာမဆို သူက ဖြေရှင်းတယ်သာ ပြောတယ်..သူ့လက်အောက်က ဝန်ထမ်း တယောက်ယောက် အပေါ် ကို ပုံချလိုက်တာဆိုတော့  ခပ်အေးအေး ဖြစ်နေတာလည်း ပါမှာပေါ့လေ  )...။။

ကျမ သာဆို လုပ်ပေးလိုက်တဲ့စာရင်း မှားနေပြီ ဆိုပြီး စာရွက် ပြန်ထွက်လာမျိုး  ... office line ထဲက
တယောက်ယောက်က office စာရင်းနဲ့ ကျမ စာရင်း မကိုက်ဘူးဆိုပြီး လာပြောပြီဆို  ..
မောက်စ် ကိုင်ထားတဲ့  လက်တောင် တုန်တယ်.. ဘယ်နား မှား သွားပြီလည်းဆိုပြီး  တခုခုချင်း
ပြန်ရှာတဲ့ အချိန် ... ခြေတုန်လက်တုန် နဲ့ ဟိုနေရာ မှားclickလိုက် ဒီနေရာ မှား  click လိုက်နဲ့
ကိုယ်ဖြစ်နေတာ ကိုယ်သာအသိဆုံးပါ... တခါတလေ ကျမ မှားတာ မဟုတ်ဘဲ အထဲ က လူ
စာရင်း မှားတာလည်း ရှိတတ်ပါတယ်..  ဘယ်သူကမှားတယ်ဆိုတာသေချာမသိသေးခင်
ငါများ မှားသွားလား ဆိုတဲ့အတွေးဝင်လာတာနဲ့ ခြေတုန် လက်တုန် အယောင်ယောင်
အမှားမှား ဖြစ်တတ်တဲ့ ကျမ က... အေးစက်စက် မျက်လုံးတွေနဲ့  ခပ်ပြုံး ပြုံး နှုတ်ခမ်းတွေနဲ့
ဘယ်ကိစ္စ မဆို ခပ်အေးအေး ပုံစံလေးနဲ့  ရင်ဆိုင် ပြသွားတဲ့  leader မမကြီး ရဲ့ သွေးအေးမှု့ကိုတော့
အင်မတန် သဘောကျပါတယ်... ။။

သူ့စီကနေ ခေါင်းဆောင်ဖြစ်ပေမဲ့ ခေါင်းရှောင်တတ်တဲ့  စိတ်ဓါတ်ကို မကြိုက်ဘူး..
သူ့စီကနေ  အရာအားလုံးကို ခပ်ပြုံးပြုံး လေး ရင်ဆိုင်သွားတဲ့ စိတ်ဓါတ်ကို ကြိုက်တယ်..

သူ့စီကနေ ကိုယ့်လက်အောက်က ဝန်ထမ်းတွေကို  မတူသလို မတန်သလို အမူအယာတွေ
အကြည့်တွေကို မကြိုက်ဘူး..
သူ့စီကနေ  ဘယ်လောက်ဘဲ အမြင်ကတ်နေပါစေ ..အပြုံး မပျက် စကားပြောနိုင်တဲ့ ပုံစံ
အမူအယာကို ကြိုက်တယ်..

သူ့စီကနေ  သူ့အတွက်ဆိုရင်တော့ သူလိုချင်တဲ့အချိန်  သူလိုချင်တဲ့ ရက် ခွင့်ယူတတ်ပေမဲ့
တခြားတယောက် ရဲ့ ခွင့်ရက်ဆိုရင် တော့ တော်ရုံ မပေးချင်တဲ့  အတ္တ ကြီးမှု့ တကိုယ်ကောင်းဆန်မှု့ကို
မကြိုက်ဘူး..
သူ့စီကနေ အထက်လူကြီးတွေနဲ့ ပြောဆိုတဲ့ အခါ အခြေအနေ ကို လိမ်လိမ်မာမာပါးပါးနပ်နပ် နဲ့ ကိုင်တွယ်ပြောဆိုနိုင်တဲ့ အထာ နပ်မှု့ ကိုတော့  ကြိုက်တယ်..

သူ့ရဲ့ မျက်နှာထားချီ နေတဲ့ မာနမျက်နှာထားကို မကြိုက်ဘူး..
သူရဲ့  မိန်းမတယောက်ရဲ့ အလှတရား ပြင်ဆင် ထိန်းသိမ်းနိုင်မှု့ ပညာကိုတော့ ကြိုက်တယ်..

ကျမ သူ့စီကနေ လေ့လာသင်ယူနေတုန်းပါဘဲ..... ။။။ ။။။  ။။။

ပစ်ပစ်
Am 1:15
4.5.2014


 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei